Thursday, 23 May 2019

#ဆရာဦးအောင်သင်း ( အပိုင်း - ၆) #အောင်မြိုင်သင်း

#ဆရာဦးအောင်သင်း


( အပိုင်း - ၆)


#အောင်မြိုင်သင်း


ဒီ​တစ်​ပတ်​တော့ အဖေ​နဲ့ ပတ်သက်​ခဲ့​ဘူး​တဲ့​စာရေး​ဆရာ​တစ်​ချို့​အကြောင်း​လေး​တွေ​ပြော​ချင်​ပါ​တယ်​ခင်​ဗျ

သူ​နဲ့​ပတ်သက် ခဲ့​ဘူး​တဲ့ စာရေး​ဆရာ​တွေ​က​များ​လွန်း​လှ​ပါ​တယ် . ကျွန်တော်​ကိုယ်တိုင်​သိ​တဲ့​သူ​တွေ ရှိ​သ​လို အမည်​မ​သိ​ဘဲ မျက်​မှန်း​တန်း​မိ​နေ​တဲ့​စာရေး​ဆရာ​မျိုး​တွေ​လဲ အများ​ကြီး ရှိ​ပါ​တယ် . အိမ်​ကို​လာ​လည်​ကြ​ရင်​လဲ အဖေ​နဲ့​ဘဲအ​ဓိ​က စကားပြော​ဖို့​လာ​ကြ​တာ​မို့ . .သိပ်​ရင်းနှီး​တဲ့​အထိ မ​ဆက်ဆံ​ခဲ့​ဘူး​ပါ. . 


နောက်​တစ်​ခု​က တစ်​ချို့ စာရေး​ဆရာ​တွေ​နဲ့ အဖေ့​ရဲ့ ဆက်ဆံ​မှူ့​က ပုံ​မှန်​ဖြစ်​နေ​ပြီး​ထူးခြား​လောက်​တဲ့ ဖြစ်​ရပ်​မျိုး​မ​ရှိ​ရင်​အဖေ​က​လဲ ပြန်​မ​ပြော​ပြ​ပါ. ... . ကျွန်တော်​က​လဲ​အဖေ​ပြန်ပြော​သ​လောက်​သာ​သိ​ခဲ့​ရ​တာ​မို့ အဖေ့ ရဲ့​နောက်​က​စီး​မျော​လိုက်​ပြီး တစ်​ဦး​ခြင်း​စီ​အတွက် အဖေ့ ခံစား​ချက် ဝေဖန်​ချက်​တို့​ကို မ​သိ​နို​င်​တော့​ပါ . . 

အဖေ​အနေ​နဲ့ မှတ်​မှတ်​ရ​ရ ပြော​ပြ​ခဲ့​တာ​မျှ​လောက်​သာ ပြန်လည် ဖောက်သည်​ချ​ရုံ တတ်​နို​င်​ပါ​တယ် ခင်ဗျား


အခု​ပြော​မယ့်​ဖြစ်​ရပ်​ကလေး​ကတော့ အဖေ့​ရဲ့ ဟောပြော​မှူ့​စွမ်း​ရည် ကြောင့် ဖြစ်လာ​တဲ့ အမှတ်တရ​အကြောင်း​လေး​ပါ

အဖေ့​ဟောပြော​ပွဲ​ဂွ​င်​တွေ​ထဲ​မှာ လူ​ငယ်​နှင့် ဓမ္မ​စာပေ​ဆို​တဲ့​စကားပြော​ဂွ​င်​လေး​တစ်​ခု​ရှိ​ပါ​တယ် . . နေရာ​တစ်​နေရာ​ထဲ က ဆက်တိုက်​ဟောပြော​ပွဲ ဖိတ်​ရင် ​၃ နှစ်မြော​က်​လောက်​မှ ပြော​တဲ့​ဂွ​င်​မျိုး​ပါ. . 

၈​၈ ခု​နှစ်​နောက်​ပိုင်း​မှာ. . တစ်​ပိုင်း​တစ်​စ​ထုတ်​နူ​တ် ပြီး​ပြော​တာ​မျိုးရှိ​ခဲ့​ပေ​မယ့် . ဂွ​င်​ပြည့်​ပြော​တာ​မျိုး​မ​တွေ့​ဘူး​တော့​ပါ


. ကျွန်တော်​မှတ်မိ​သ​လောက် ဓမ္မ စာပေ အကြောင်း ကို​ပြော​ရင် ကာ​လာ​မ​သုတ် . Light of asia .ရှင်​သာ​ရိ​ပု​တ္တာ​ရာ ရှင်​အာနန္ဒာ.​နဲ့ မဟာ​ဒုတ်​အကြောင်း​တွေ​ကို ပြော​လေ့ ရှိ​ပါ​တယ်. . အဖေ​ပြော​တာ​ကို သေချာ​နားထောင်​ကြည့် ရင် တ​က​ယ့် တရားဟော​ဆရာ​တစ်​ယောက်​က​ပြော​နေ​တာ​ကို နားထောင်​နေ​ရသ​လို​မျိုး​ခံစား​ရ​ပါ​တယ်. . .သူ့​ရဲ့ သံ​နေ​သံ​ထား​နဲ့ ရွတ်​ဆို​ပြောဟော​မွူ့​အောက်​မှာ နားထောင်​နေ​တဲ့​သူ​အားလုံး​ကြည်နူး​ချမ်းမြေ့​သွား​ပြီး ဘုရားရှင် နဲ့ ရဟန်း​တွေ​ရဲ့ မြင်​ကွင်း​တွေ​ကို မျက်​စေ့​ထဲ မြင်​လာ​လောက်​သည်​အထိ​ပြော ဟော​နို​င်​သူ​ပါ နားထောင်​နေ​သူ​အားလုံး​လဲ တိတ်ဆိတ်​စွာ စည်း​မျော​သွား​တာ​မျိုး အကြိမ်ကြိမ်​တွေ့​ဘူး​ပါ​တယ် . 

အခု​ဖြစ်​ရပ်​ကလေး​ကတော့​သားအဖ​ခြင်း သူ​ပြန်​ကြွား​ခဲ့​တဲ့ သူ့​ရဲ့ မှတ်​ကျောက်​တင်​ခံ​တဲ့ စကားပြော​စွမ်း​ရည်​လေး တစ်​ခု​အကြောင်းပါ ခင်ဗျား


အဖေ့​ထက်​အသက်​ရော စာဝါ ပါ ကြီး​တဲ့ မုံရွာ​ဦး​လေးခန့်​ဆို​တာ​ရှိ​ပါ​တယ်. . အင်မတန် ပညာ​မာန်​ကြီး​ပြီး​ခက်ထန်​ဟန်​ရှိ​ပါ​တယ်. . ဓမ္မ​က​ထိ​က ဦး​လှ​သိန်း​ရဲ့​ညီ​အရင်း​ပါ. စာပေ​လောက​မှာ နာမည်ကြီး​လွန်း​သူမ​ဟုတ်​သော်​လဲ ဓမ္မ စာပေ​သမား​ချင်း အသိ​အမှတ်ပြု​ရ​တဲ့ သူ​မျိုး​ပါ. .ကျွန်တော်​တို့​ဘေး​ကပ်​ရက်​လမ်း . ဝေဠုဝန်​လမ်းကျ​ယ်​မှာ​နေ​ပါ​တယ်. .. .


သူ့​သားသမီး​တွေ​နဲ့​ကျွန်တော်​တို့ မောင်​နှမ​တွေ​က​လဲ​ရင်းနှီး​တဲ့ သူငယ်ချင်း​တွေ​ပါ. . သို့​သော် အဖေ​နဲ့ သူ့​ကြား ဆက်ဆံ​မှူ့​ကတော့ မ​ရှိ​သ​လောက်​ပါ​ဘဲ ခင်ဗျား.


ဖြစ်​ချင်​တော့ . . ပျဉ်းမ​နား​ဘက်​က ပွဲ တစ်​ပွဲ ကို အတူ သွား​ဖို့ ဖိတ်​ခံ​ရ​တယ်.​လို့​ဆို​ပါ​တယ်. . ရထား​ပေါ်​ရောက် ကတည်းက ဦး​လေးခန့်​က တစ်ဖက်​ကို​ဘဲ လှည့် ပြီး နေ​ပါ​သ​တဲ့. . သူ့​အမျိုးသမီး​လဲ​ပါ ပါ​တယ်. . အဖေ​ပြော​တာ​က

ငါ​လဲ စဉ်းစား​လိုက်​တယ်​ကွာ. . ဒီ​လို​ပုံ​နဲ့ ခရီး​အတူ သွား​ဖို့ မ​ဖြစ်​သင့်​ဘူး.. သူ​နဲ့​ငါ​ကျင်လည်​တဲ့ စာပေ​နယ်​လဲ​တူ​တာ​မဟုတ်​ဘူး . ငါ​က အ​ငယ်​ဘဲ စ​နူ​တ်​ဆက်​ပြီး . . စကားပြော​ဖို့ ဆုံးဖြတ်​လိုက်​တယ်​လို့​ဆို​ပါ​တယ်သူ​က ပညာ​မာန် သိပ်​ကြီး​ပြီး​အင်မတန်​အကဲ​ဆတ်​တယ်​လို့ ငါ ကြား​ဘူး​တယ် .


သူ​က ငါ့​ရဲ့ နာမည်ကြီး​ခြင်း​အပေါ်​မှာ . သိ​ဟန်​မ​တူ​သ​လို သိပ်​တန်ဖိုး​ထား​ဟန် အသိ​အမှတ်ပြု​ဟန်​မ​တူ​ဘူး လို့ ငါ​အကဲခတ်​မိ​တယ်. . ဒါ​နဲ့. ရထား​ပေါ်​မှာ ငါ​နဲ့ အီ​ကြာ​ကွေး​ဘဲ စကား​အတူ ပြော​နေ​ကြ ရင်း (နောက်​စာရေး​ဆရာ တစ်​ယောက်​ပါ​ပါ​တယ် အမည် မ​မှတ်မိ​လို့​ပါ) . . .အလည်​လမ်း​ခြား​ပြီး ဘေး​တိုက်​ထိုင်​နေ​ကြ​တယ်​လို့​ဆို​ပါ​တယ်. . နောက်​လမ်း​တစ်ဝက်​လောက်​မှာ ငါ​လဲ​နေရာ​ရွှေ့​ပြီး သူ​ရှေ့ က​မျက်နှာချင်းဆိုင်​ထိုင်​တဲ့​ခုံ​မှာ သွားထိုင်​ပြီး​နူ​တ်​ဆက်​လိုက်​တယ်​လို့​ဆို​ပါ​တယ်. . သူ​က​ဘာ​လဲ ဆို​တဲ့​ပုံ​နဲ့​ငါ့ကို​လှည့်​ကြည့်​တော့​မှ. . ဆရာ ခန့် ကျွန်တော်​က​အောင်​သင်း​ပါ. . ဆရာ​ခန့်​ရဲ့ အကို တရား​ခွေ​တွေ​ကို​ကြိုက်​လွန်း​လို့ အကြိမ်ကြိမ်​ကို နားထောင်​ရင်း​နဲ့ ကြီး​ပျင်း​လာ​ရ​တာ​ပါ အ​ဟော​အပြော​နဲ့​ပတ်သက်​ရင် ကျွန်တော့​ရဲ့ တန်ဖိုး​အ​ထား​ရ​ဆုံး အထင်​အကြီး​ရ​ဆုံး​သူ​ပါ ဆို​ပြီး ငါ​အေးအေး​ဆေး​ဆေး ဘဲ ပြော​ပြ လိုက်​ပါ​တယ်. . 


သူ​က လှည့်​ကြည့်​ပြီး အင်း ဟုတ်​မှာ​ပေါ့ ဆို​တာ​မျိုး​ပေါ့​ကွာ. . ငါ့ကို သိပ်​စကားမ​ပြော​သေး​ဘူး​ဟေ့. . ဒါ​နဲ့ ငါ​လဲ. .သူ့​ကို. . ဦး​လှ​သိန်း​အကြောင်း​တွေ ကို စ​ပြီး​ဝေဖန်​ချက်​ပေး စကားပြော​တဲ့ ပညာ တရားဟော​တဲ့​ပညာ မှာ​ဦး​လှ​သိန်း​ကို မှီ​တဲ့ သူမ​ရှိ​ဘူး ဘာ​ညာ . ဆက်​ပြော​တော့ သူ​လဲ ငါ့​ဘက်​လှည့်​လာ​ပြီး ဟို​စကား​ထောက်​ဒီ​စကား​ထောက်​ဖြစ်လာ​တာ​ပေါ့​ကွာ. . ငါ​လဲ လက်​ထဲ​က rum ပု​လင်​လေး ထုတ်​ပြီး သောက်​ပါ​ဆို​ပြီး ပြော​တော့ သိပ်​မ​သောက်​သေး​ဘူး​ကွ. နည်း​နည်း အင်တင်တင်​ရယ်. . နောက်မှ ငါ​ထည့်​ပေး​တဲ့ ခွက်​ကလေး​ကို​ယူ​သောက်​တာ . .


အဲ့​ဒါ​နဲ့ ငါ​လဲ စကားပြော​ရင်း. . တစ်​ချက်​ကျ​တော့ . . ဦး​လှ​သိန်း​ထဲ က​ငါ​သိပ် စွဲ​ခဲ့​တဲ့ မဟာ​ဒုတ်​တရား​ကို ဦး​လှ​သိန်း​ရဲ့ သံ​နေ​သံ​ထား​နဲ့. . ဆွမ်း​ကပ်​ဖို့ ရဟန်း​တစ်ပါး​မှ မ​ရ​လို့ နောက်ဆုံး ဘုရားရှင်​ရဲ့ ကျောင်းတိုက်​ရှေ့​မှာ . .မဟာ​ဒုတ် ငိုချင်း​ချ​တဲ့ အခန်း​ကို ရွတ် ပြ​မိ​တော့​တာ​ကိုး​ကွ. . 


ကို​လေးခန့်​က ငြိမ်​နေ​တော့ ငါ​လဲ လွမ်း​အူပေါက်​ပြီး အရသာ​ရှိ ရှိ ဆက်​ပြော​တော့​တာ​ကိုး . . ခဏ​နေ​တော့. . သူ​က နောက်​ကို​မှီ​ထား​ရင်း​က ငို​မဲ့​မဲ့ ကြီး​ဖြစ်လာ​ပါ​လေ​ရော​ဟေ့ . ငါ​လဲ ဘာ​ဖြစ်​မှန်း​မ​သိ​တော့ ပြော​နေ​တာ​ကို ရပ်​လိုက်​တော့​မှ. . သူ​က. . တ​ရွူံ့​ရွူံ့ ​ငို​ပြီး. . 


လေးခန့် . . လေးခန့် . . မင်း အစ်ကို​ရဲ့ အမွေ ကို မင်း​ဘာ​မှ မ​ရ​လိုက်​ပါ့ လား. . ဘာ​မှ မ​ဆိုင်​တဲ့ အောင်​သင်း​ဆို​တဲ့ ကောင်​က အတိ​အကျ ရ​လို့ ဆို​ပြ​နေ​ပြီ​ကွ ဆို​ပြီး ချုံး​ပွဲ​ချ ငို​ရင်း. . . တော်​ပါ​ပေ့ ကို​အောင်​သင်း​ရယ် တော်​ပါ​ပေ့​ဗျာ. . ခင်ဗျား​ရဲ့ ပညာ​ကို​ရှစ်​ခိုး​ပါ​ရ​စေ​ဆို​ပြီး . . ငါ့ကို လက်အုပ်ချီ​ပါ​လေ​ရော(နည်း​နည်း​လဲ​ထွေ​နေ​တာ​ကိုး). . 


သောက်​ကျိုး​ကို နည်း​ရော​ဟေ့. . ငါ​လဲ အဲ့​ဒီ့​တော့​မှ လန့်​ဖြန့် ပြီး . . အောင်မယ်​လေး​ဗျာ. . ဆရာ​ခန့်​ရယ် မ​လုပ်​ပါ​နဲ့​ဆို​ပြီး ချက်​ခြင်း ခုံ​အောက် ကို​ဆင်း​ပြီး သူ့ လက် ကို အမြန်​ဆုပ်​ပေး​ထား​ရ​တယ်​ဟေ့. . . . သူ​ကတော့ တကယ် ဝမ်း​ပ​မ်း​တန​ည်း​ငို​နေ​တာ​ကိုး သူ့​မိန်​မက လဲ အတင်း​သူ့​ကို ထိန်း​ပြီး ထား​ရ​တယ်. . . အဲ့​ဒါ​နဲ့ .. ငါ​လဲ အိပ်​ထဲ​က ပုလင်း​ပြား​လေး​ကို ထုတ်ပေး လိုက်​ရော. .သူ​က . ဒီ​အတိုင်း​ကို မော့​ချ​တော့​တာ​ဟေ့. . . ဆက်တိုက်​မော့ နေ​တော့ မှ ငါ​လဲ သတိ​ပြန်​ဝင်​လာ​ပြီး. . ဆရာ​ခန့် တော်​တော့ တော်​တော့ ဆို ပြီး အတင်း​တား​ရ​တော့​တာ​ကိုး. . အဲ့​ဒါ​နဲ့ သူ​လဲ ကြောင်​ပြီး​သောက်​နေ​တာ ချက်​ခြင်း​ရပ်​ပြီး ဘာ​ဖြစ်​လို့​လဲ တဲ့. . အဲ့​တော့​မှ ငါ​က. . . . ထပ်​ဝယ်​စရာ​နေရာ​မ​ရှိ တော့​ဘူး​ဗျ. . .. ဒါ​လေး​ဘဲ​ရှိ​တာ​ဆို​ပြီး ပုလင်း​ကို အမြန်​ပြန် သိမ်း​လိုက်​ရ​တယ်​လူ​လေး​ရေ. . 


အဲ့​ဒီ့​တော့​မှ သူ​လဲ ရယ်​ပြီး ဆောရီး​ကို​အောင်​သင်း​ရေ လို့ ပြန်ပြော​တော့​တယ်​ကွ လို့ အဖေ​ရယ်မော​ရင်း​ကျွန်တော့​ကို ပြန်ပြော​ပြ​ပါ​တယ်​ခင်ဗျား.. 


အဲ့​ဒီ့​နောက်​ပိုင်း​မှာ​တော့ အရင်း​နှီး​ဆုံးမ​ဟုတ်​သော်​လဲ. မုံရွာ​ဦး​လေးခန့်​နဲ့​အဖေ​ဟာ. တစ်​ဦး​နဲ့​တစ်​ဦး​တန်ဖိုး​ထား ဆက်ဆံ​သွား​တဲ့ မိတ်ဆွေ မျိုး​ဖြစ်​သွား​တာ​တွေ့​ရ​ပါ​တယ်​ခင်ဗျား. .


နောက်ထပ် အဖေ​နဲ့ ထူးဆန်း​တဲ့ ရေစက် ပါလာ​သူ​ကတော့ ဆရာ မင်း​သိ​င်္ခ ပါ​ဘဲ. .စာပေ​လောက​ထဲ​မှာ သိ​လာ​ကြ​ပေ​မယ့် သာမန်​ခင်​တာ​မျိုး​မဟုတ်​ဘဲ တစ်​ဦး​ကို​တစ်​ဦး​အ​တော် တန်ဖိုး​ထား​ကြ​တာ​တွေ့​ရ​ပါ​တယ်. . အ​မြဲ​တွဲ​နေ​သူ​နှစ်​ဦး​မဟုတ်​သော်လည်း တွေ့​ကြ​တဲ့ အချိန်​တိုင်း ငယ်ပေါင်း​တွေ​လို​စကားပြော​ဆက်ဆံ​နေ​ကြ​တာ​မျိုး​ပါ.

အဖေ့​ကြည့်​ရ​တာ ဆရာ မင်း​သိ​င်္ခ လုပ်​တဲ့ လုပ်​ရပ်​တွေ​ကို တစ်​ခါ တစ်​ရံ​မှာ . သိပ်​သဘောကျ​ပြီး တ​ဟား​ဟား ရယ်​နေ​တာ​မျိုး​မြင်​ဘူး​လို့​ပါ. . စာပေ​ထက် လူ​ကို ပို​ခင်​ဟန်​တူ​ပါ​တယ်. .ကို​အောင်​ထွန်း​လို့​ဘဲ​ခေါ်​လေ့​ရှိ​ပြီး သိပ်​ခင်​တဲ့​မိတ်ဆွေ သိပ်​ရင်းနှီး​တဲ့ သူငယ်ချင်း​တစ်​ယောက် ကို​ဆက်ဆံ​သ​လို​မျိုး ဆက်ဆံ​တာ​ပါ. 

အမေ​ကတော့ ဗေဒင်​တွေ​ဘာ​တွေ​ယုံ​တော့ ဆရာ​ခ ကို အရမ်း​ခင် ပါ​တယ် ဒါ​ပေ​မယ့် အိမ်​ကို​လာ​ရင်​တော့ အရမ်း​ကြောက်​ပါ​တယ်​ခင်ဗျား . .


ဆရာ​ခ လာ​ရင် ဘယ်​တော့​မှ လက်ချည်း​ဘဲ မ​လာ​ပါ.. .အ​ဖ့​အတွက် အ​မြဲ​တမ်း​လက်ဆောင်​ပါလာ​လေ့​ရှိ​ပါ​တယ် .

တ​ခါ​တ​ရံ ဆရာ​ခ ရဲ့ အိမ်​ကို လာ​တဲ့ မြင်​ကွင်း​ကို​ပြန်​မြင်​ယောင်​ရင် အရမ်း​သဘောကျ ရယ်​ချင်​မိ​ပါ​တယ်. . ချစ်စရာ​ကောင်း​လွန်း​လို့​ပါ

ပါ​ဂျာ​ရိုး​ကား သို့မဟုတ် တန်ဖိုး​ကြီး​ကား​တစ်​စင်း. . နဲ့ နောက်ထပ် ကား​တစ်​စင်း ပါလာ​လေ့​ရှိ​ပါ​တယ်. . ကား​ရပ်​ပြီး​တာ​နဲ့ . တပည့် တွေ​အကုန်​ဆင်း​လာ​ပြီ့း​တစ်​ယောက်​က ဆရာ​ခ ရဲ့ တံခါး​ကို ဖွင့်​ပေး​တော့ မှ ဆရာ​ခ က ဆင်း​လာ ပါ​တယ် . 


ဝတ်​စုံ​ဆင်​တူ အဖြူ အညို​တွေ​နဲ့​ပါ. . အားလုံး​ဆရာ​ခ​ရဲ့​နောက်​မှာ ဝိုင်း​ပြီး ရံ လိုက်​ချိန်​မှာ သိုင်း​ကား​ထဲ​က ပုံစံ​မျိုး နဲ့ ဆရာ​ခ က လက် တစ်ဖက် မြောက်​လိုက်​ပြီး ရှေ့​ကို တိုက် ဆို​တာ​မျိုး ပြ​လိုက်​ပါ​တယ် . . အဲ့​ဒီ့​တော့ မှ တပည့် တစ်​ယောက် နှစ်​ယောက်​က အဖေ ကြိုက်​တတ် တဲ့ ပယင်း​ရောင် အရည်​လေး​တွေ​ကို . . တစ်​ပုလင်း နှစ်​ပုလင်း​မဟုတ်​ဘဲ . ပါ​ကင်​လိုက် (၂​၄ ပုလင်း လောက် )အိမ်​ထဲ ထမ်း​ပြီး​ဦးဆောင်​ဝင် သွား​တော့​မှ သူ​က​နောက်​က ပြုံး​ပြုံး​ကြီး လိုက်​လာ​တာ​ပါ​ခင်ဗျား. . 


အမေ က အဲ့​ဒီ့ အချိန်​ဆို လန့်​ဖြန့် ပြီး. ..ကို​အောင်​ထွန်း ရှ​င့် ဟာ​တွေ ပြန်ယူ သွား . ဒုက္ခ​ပါ​ဘဲ​တော် . ဒီ​လောက်​အများ​ကြီး သေ​ကုန်​တော့​မှာ​ဘဲ ဆို​ပြီး လှမ်း ရန်တွေ့ ရင် . . ဆရာ​ခ ရော အဖေ ပါ တ​ဟား​ဟား ရယ်​နေ​တတ် ကြ​တာ​မျိုး​ပါ. . အဖေ​က တော့ ဆရာ​ခ လာ​ရင် အရမ်း​ပျော်​နေ​ပုံ​ပါ​ဘဲ (ပျော်​မှာ​ပေါ့ ခင်ဗျာ လက်ဆောင် က သူ့​အတွက် သီး​သန့်​ကိုး). . 


ဆရာ​ခ ရဲ့ ထူးဆန်း​တဲ့​စိတ်ထား​ပါ သူ​ကိုယ်တိုင်​ဘုရား​တရား ကျင့်ကြံ​နေ​သော်​လဲ လက်ဆောင်​ပေး​ရင် သူ​ရဲ့ မိတ်ဆွေ ကြိုက်​တတ်​တဲ့ အရာ​ကို ပေး​ဖို့ ဘဲ ခေါင်း​ထဲ​စ​ဉ်း​စာ့း​ထား​ပုံ​ရ​ပါ​တယ်. . 

အဖေ့ ကို​လဲ မ​ကြာ​ခဏ​သူ့​ရဲ့ မ​ရမ်း​တလင်း​ခြံ​ကို​ဖိတ် တတ်​ပါ​တယ်. . အဖေ​အား​လို့ သွား​ရင်​လဲ လို​လေ​သေး​မ​ရှိ ပြုစု​တယ် လို့​ဆို​ပါ​တယ်​ခင်ဗျား. . 


အမေ​အပါအဝင်​တခြား သားချင်း​တွေ ဗေဒင်​သွား​မေး​ကြ​ရင်​လဲ​ဆရာ​အောင်​သင်း​ရဲ့ အမျိုး​ပါ​ဆို​တာ​နဲ့ ချက်​ခြင်း VIP ဖြစ်​သွား ပြီး အလှည့်​ကျော်​ပေး​ခြင်း လို​လေ​သေး​မ​ရှိ​အောင် ဧည့်ခံ​ခြင်း​မျိုး​တွေ နဲ့ ကြုံ တွေ့​ကြ​ရ ပါ​တယ်. 


. ဒီ​အကြောင်း​တွေ ကို အဖေ့​ကို​ပြန်ပြော​ပြ ရင် အဖေ က ပြုံး​ပြုံး ကြီး လုပ်​ပြီး. . ငါ့​နာမည် က အစိုးရ ရုံး မှာ သုံး​မ​ရ​ပေ​မယ့် . ကို​အောင်​ထွန်း​ဆီ​မှာ တော့ VIP တောင်​ဖြစ်​နေ​ပါ​ပေါ့​လား လို့ ရယ်​ရင်း သူ့​မိတ်ဆွေ အတွက်​အင်မတန်​ကျေနပ်​တဲ့ မျက်နှာ​မျိုး​ဖြစ်​သွား တာ တွေ့​ရ​ပါ​တယ်​ခင်ဗျား. . အဖေ​မ​ရမ်း​တလင်း​ခြံ​ကို သွား​လည်​ရင်​တော့ သူ့​ရဲ့ ဟောပြော​မူ့​တွေ​ကို ရပ်​ပစ်လိုက်​ပြီး တပည့်​တွေ​ကို​ဘဲ ဆက်​ဟော​စေ​တယ်​လို့​ဆို​ပါ​တယ်. . သူ​ကတော့ အဖေ​နဲ့ ဘဲ တောက်​လျှောက်​ဆက် စကားပြော​နေ​တော့​တယ်​လို့​ဆို​ပါ​တယ်​ခင်ဗျား

တစ်​ရက်​မှာ​သူ​က အဖေ့​ရဲ့ လက်ဖဝါး​ကို လှမ်း​ဆွဲ​ပြီး ကို​အောင်​သင်း​ခင်ဗျား​လက်​ပြ​စမ်း​ပါ​ဗျာ ဆို​ပြီး ယူ​ကြည့်ပါ​သ​တဲ့. .(အဖေ​က ဗေဒင်​လက္ခဏာ ကြည့်​လေ့​မ​ရှိ​ပါ ပညာ​ရပ်​တစ်​ခု​အဖြစ်​လေးစား​သော်လည်း ယုံကြည်​မှူ့​အစွန်း​မ​ရောက်​ပါ) အဖေ က ဘာ​ဖြစ်​လို့​တုန်း​ဆို​တော့ ကျုပ်​သိ​ချင်​လို​ဗျ လို့​ပြော​တယ်​လို့ ဆို​ပါ​တယ်. .အဖေ့​လက်​ကို ကြည့်​ပြီး​လက်ဖဝါး​ပေါ်​က အမှတ်​ကလေး​တစ်​ခု​ကို​ပြ ပါ​သ​တဲ့. .

တွေ့​လား ကျုပ် ထင်​တဲ့ အတိုင်း​ဘဲ ကို​အောင်​သင်း​ရဲ့ ဆို​ပြီး ပြော​ပါ​သ​တဲ့ 


အဖေ က ဘာ​တုန်း​ဗျ ဆို​တော့ နေ​အုံး ကျုပ်​မ​ပြော​ဘူး ကိုယ့်​ဖာ​သာ ဖတ်​ကြည့်​တော့ ဆို​ပြီး အင်​ဂ​လိပ်​လို​ရေးထား​တဲ့ လက္ခဏာ ကျမ်း တစ်​ခု​ရဲ့​စာ​မျက်နှာ​ကို လှန်​လိုက်​ပါ​တယ်​တဲ့ ပြီး​မှ အဖေ​ရဲ့ လက်​မှာ ပါ​တဲ့ သင်္ကေတ လေး​တစ်​ခု​နဲ့​ဆင်​တူ​တာ​ကို​ပြ​ပြီး ဖတ်​ကြည့်​စေ​ပါ​တယ် တဲ့ စာ​မှာ​ရေးထား​တာ​က အကြီးအကဲ​တွေ ရဲ့ စောင့်ရှောက် ​မှူ့ မျိုး ခံ ရ​တယ်​လို့ ပါ ပါ​သ​တဲ့ . . ဒါ​နဲ့ အဖေ​က ကို​အောင်​ထွန်း​ရာ . . ကျုပ်ကို ဘယ်​အကြီးအကဲ​မှ မ​စောင့်ရှောက်​လို့ ကျုပ် ပြုတ်​လာ​တာ​ပေါ့​ဗျ . .ဒုက္ခ ရောက်​လိုက်​တာ​ဆို​တာ​ဗျာ လို့ ပြော​တော့. . 


ဆရာ​ခ က အဖေ့ ကို စိတ်ပျက်​လက်ပျက်​နဲ့ ကြည့်​ပြီး. . ခင်ဗျား​တော်တော်​တုံး​တဲ့​လူ​ဘဲ ဗျာ. . အကြီးအကဲ​ဆို တာ. . ခင်ဗျား သိ​နေ​တဲ့ လူအကြီးအကဲ​ပြော​တာ​မဟုတ်​ဘူး​ဗျ. . အထက်​ပုဂ္ဂိုလ် တွေ​ကို ပြော​တာ​ဗျ. . အထက် ပုဂ္ဂိုလ် အစောင့်​အ​ရှောက် တွေ​ကို​ပြော​တာ ဆို​ပြီး. . ရယ်​ရင်း​ပြော​ပါ​သ​တဲ့ ​ဗျား . . အဲ့​တော့​မှ အဖေ လဲ . . ဟုတ်​လား. . သိ​ပါ​ဘူး​ဗျာ ခင်ဗျား​တို့ ဗေဒင်​စကားလုံး​တွေ လို့​ပြော​ပြီး ရယ်​နေ​လိုက် ရ​တော့​တယ်​လို့ ဆို​ပါ​တယ်​ခင်ဗျား. . . 


ကျွန်တော်​မှတ်မိ​သ​လောက် ဆရာ​ခ နောက်ဆုံး​အချိန်​မ​တိုင်​ခင်​ထိ အဖေ​နဲ့ အဆက်​အသွယ် မ​ပြတ်​ခဲ့ ဘူး​လို့​သိ​ရ​ပါ​တယ်. .ဆရာ​ဇင်​ယော်​နီ​က​လဲ အဖေ့​ရဲ့ သား​တပည့်​လို​နေ​တာ​ကိုး... ဆရာ​ခ​ဆုံး​ချိန်​မှာ. . အဖေ့​ရဲ့ ကျန်းမာ​ရေး​အခြေအနေ​က​လဲ သိပ်​မ​ကောင်း​ချိန်​ဖြစ်​နေ​တော့ ကိုယ်တိုင်​လိုက်ပို့​နို​င်​ခဲ့​ဟန်​မ​တူ​ပါ. . သူ့​စိတ်​ထဲ​မှာ ဘယ်​လို​ခံစား​ရသ​လဲဆို​တာ​မ​မေး​လိုက်​နို​င်​ပေ​မယ့် မိတ်ဆွေ​ရင်း​တစ်​ယောက်​ဆုံး​ရှူံး ​မှူ့ အတွက် သူ စိတ်​ထိခိုက် ခဲ့​မှာ​ကတော့​သိပ်​သေချာ​ပါ​တယ်​ခင်ဗျား. .


ဘဝ​မှာ​ချစ်စရာ​ကောင်း​လှ​တဲ့​မိတ်ဆွေ​တွေ ရဲ့​လမ်း​ခွဲ​မှူ့​မျိုး တွေ​ဟာ​သံသရာ ကြီး​တစ်​ခု​လုံး​နဲ့ ယှဉ်​လိုက်​ရင်​တော့ ယာယီ​လမ်း​ခွဲ ခြင်း​လောက်​ဘဲ​ဖြစ်​မှာ​ပါ လို့ ကျွန်တော်​စိတ်ဖြေ​တွေး. တွေး​ဘူး​ပါ​တယ်. .


အခု. ဆို​ရင်​ကို သူ​တို့ အချင်းချင်း ပြန်​တွေ့ ပြီး​တစ်​ဦး​နဲ့​တစ်​ဦး ဝမ်းသာ​အားရ နုတ်​ဆက်​ကြ လည်ပင်း​ဖက်​နေ​ကြ​ပြီ​လား​လဲ မ​သိ တော့​ပါ​ဘူး​ဗျာ .


**********


အဖေ့အကြောင်းကိုရေးနေတာဆိုပေမယ့် . . အဖေနဲ့ သိခဲ့သမျှ နာမည်ကြီးတွေအကြောင်းချည်းဘဲ ရေးနေသလိုဖြစ်နေပါတယ်. . တကယ်တန်းကနာမည် မကြီးသော်လဲ အဖေ့ အပေါ် မှာ. . အနီးကပ်စောင့်ရှောက် ခဲ့တာမျိုး. . အဖေနဲ့ အနီးကပ်နေပေးသွားခဲ့တဲ့သူတွေအကြောင်းကိုလဲ ရေးပြသင့်တယ်လို့ထင်ပါတယ်ခင်ဗျား. .


 တပည့် တပန်း အင်မတန်များတဲ့ အထဲက ထူးထူး ခြားခြားနဲ့ ကျွန်တော်မှတ်မိနေခဲ့တဲ့ အဖေ့တပည့် တချို့ အကြောင်းကိုလဲ ပြောပြ ပါရစေ. . 


၁၉၈၃ နှစ်ကုန် လောက်မှာ. . အဖေ့ ကို မိုးညိုက စာပေဟောပြောပွဲ ဖိတ် ထား ပါတယ်.   . . လာပြီးဖိတ် တုန်းက အဖေ နဲ့ တိုက်ရိုက်တွေ့ခဲ့တော့ အဖေ ဘယ်လို ပွဲ လက်ခံထားတယ် မသိပေမယ့် . . ဆရာမြနဲ့ ရှူမ်းပြည် ကို ၂ ပတ်လောက် ဘဲ ကြာမယ့် ခရီးက. . ၁လခွဲ လောက်ကြာ လာတဲ့ အခါမှာ တော့ လက်ခံ ထားတဲ့ ပွဲ တွေ အတွက် ကျွန်တော်တို့ မိသားစုက ဒိုင်ခံ ဖြေရှင်းရပါတော့တယ်. . . တစ်ချို့ပွဲတွေက . အခြား လူစားထိုးပြီး. . ပွဲ ကိုဖြစ်အောင် လုပ်လိုက် ကြပေမယ့် . . မိုးညိုပွဲ ကတော့ . . ဦးအောင်သင်း ပါ ကို ပါရမယ် ဆိုပြီး ပွဲ ကို ၂ ပတ်ခြား ရက်ရွှေ့ ပြီး မိုးညိုမှာကြေငြာပြီး စောင့်ပါတယ်. . (အိမ်က ပြက္ခဒိန်  မှာ ပွဲတွေကိုရေးထားတော့ တအိမ်လုံး လွယ်လင့်တကူတွေ့နိုင်ပြီးအဖေမရှိလဲ စီစဉ်လို့ရပါတယ်.)


ဖြစ်ချင်တော့ နောက်နှစ်ပတ်အကြာ မိုးညို ကလူ  အဖေ့ ကို ပြန်လာပင့်တဲ့ အချိန်ထိ. . အဖေတို့ပြန်မရောက်ချိန်မှာ တော့ . . အဲ့ဒီ့လူ က ဒေါသကြီးပါတော့တယ်ခင်ဗျား. . . . အမေရယ် ကျွန်တော်တို့မောင်နှမတွေရယ် စုံချိန်မှာ ဖြစ်တာပါ. . .. လူက ခပ်သွယ်သွယ် . . ညိုညို . .ကြည့်ကောင်းတဲ့ ဥပဓိ ရှိပါတယ် . အတန်အသင့် နွမ်းပါး ဟန်တူပေမယ့် . ရိုးသားတဲ့ မျက်နှာ မျိုးပါ. .


သူ ဒေါသထွက်ပြီး တောသားလေသံနဲ့ အားရပါးရပြောချ လိုက်တဲ့စကားကတော့. .


ရက် ဆိုတာ တစ်တုံး လို ဟိုရွှေ့ ဒီရွှေ . ရွှေ့ လို့ ရ သာ မူတ်ဘူးဗျ. . (သ နဲ့ တ ကလဲ လွဲနေပါသေးတယ်)


ကျွန်တော်တို့ မောင်နှမတွေ သူ့ စကားပြောသံ ကိုကြားပြီး.တာနဲ့ . တခွီးခွီးနဲ့ ကြိတ်ရယ်ပါတော့တယ်.  ... သူလည်းနည်းနည်း ကြောင်သွားပြီး ဘာတုန်းဗျ . . လှောင်တာ လားဆိုတဲ့ ပုံနဲ့ ကျွန်တော် တို့ ကို ဘုကြည့် ပြန်ကြည့် တဲ့ အချိန်မှာ. . အမေ က ရယ်ပြီး မဟုတ်ပါဘူးမောင်သိန်းမြင့် ရယ်. . ဆရာတို့ကို အဆက်အသွယ်ကို မရသေးလို့ ပါ. .ဆရာမဘဲ ကြားထဲကတောင်းပန်ပါတယ်. . .မောင်သိန်းမြင့်တို့ ပွဲ ကို ဆရာပြန်ရောက်မှသာစီစဉ် ပါတော့ ဆိုပြီး ပြေရာပြေကြောင်းပြောပြီး ထမင်း ပါ စားသွားခိုင်းတော့လဲ ဘာမှ ဟန်မဆောင်ဘဲ ဝင်တွယ်ပါတော့တယ်ခင်ဗျား. . 


သူကတော့ . .နောင်တစ်ချိန်မှာ အဖေ့ရဲ့ တပည့်ရင်းဖြစ်သွား ပြီး တစ်သက်လုံး. . ကျွန်တော်တို့ မိသားစုဝင်ကဲ့သို့ နေထိုင်သွားတဲ့ ကိုကို သိန်းမြင့် ပါဘဲ ခင်ဗျား. . 


နာမည် ကြီးလိုက် သည် အထိ အသက်ရှည် မသွားပေမယ့် . . အရည်အချင်း သိပ်ကြီးတဲ့ သူမှန်း အဖေ နဲ့ အနီးကပ်နေသူတိုင်း သိကြပါတယ်. .   


အဖေ ပြန်ရောက်လာချိန်မှာ တော့ သူနဲ့ အေးအေးဆေးဆေး စကားပြောပြီး မိုးညိုပွဲ ကို  အတော်လှ အောင် လုပ်ပေးခဲ့တယ်ဆိုပါတယ်. . 


မိုးညိုပွဲ ပြီးတဲ့နောက်တော့ ကျွန်တော်တို့အိမ်က သူ့ရဲ့ စားအိမ်သောက်အိမ် ဖြစ် သွားပါတော့ တယ် . . အိမ်မှာ လဲ တပတ်ဆယ်ရက်နေချင်နေပါတော့ တယ်. . 


သူက ဦးသန့် အရေးအခင်းနဲ့ . . Rit ကကျောင်းထွက် လာခဲ့ရသူပါ. . . သူလည်း အဖေနဲ့ မတွေ့ခင်မှာ အရမ်း နီခဲ့ ပေမယ့် . . အဖေနဲ့တွေ့ ပြီးနောက်ပိုင်းမှာတော့ ဘုရား ပြန်ရှစ်ခိုးတဲ့ အဆင့် ထိ ရောက်သွားပါတော့တယ်. . 


သူက အင်းဂလိပ်စာသိသာလောက်အောင် ကောင်းပါတယ် . . တစ်ယောက်ထဲ dictionary နဲ့  အင်ဂလိပ် စာ ကိုလေ့လာခဲ့သူလို့ဆိုပါတယ်. .   ကမ္ဘာ ကျော်ဝတ္ထု အတော်များများ ကို ဖတ် ထား ပြီး အဖေ နဲ့ ရင်ဘောင်တန်းဆွေးနွေး နိုင်တဲ့ အဆင့်မျိုးပါ. .  သူ့ရဲ့ အကြီးဆုံး အားနည်းချက်ကတော့ . . အင်ဂလိပ် ဘာသာစကားနဲ့ စာပေကို နှံ့စပ် ကျွမ်းကျင်သော်လည်း . . အသံထွက် အတော် ဆိုးဆိုးရွားရွား မှားနေ ခြင်းပါဘဲ. . သိသာလောက် အောင်ကို မှားတာပါခင်ဗျား. . 


Ever အဲဗား ကို သူ က အီးဗား လို့ အသံထွက် ပြီး .everything  အဲဗရီးသင်း ဆို သူက အီးဗရီးသင်းလို့. အသံထွက်ပစ်လိုက်တာမျိုးပါ. . 


အဖေက သူ့ကို အတော်ချစ်ပြီး သူကအဖေနဲ့ အမြဲတွဲရက်ရှိတာများပါတယ်.  အဖေ ဆီကို လာတဲ့ သူမှန်သမျှလဲ သူ့ကို တန်ဖိုးထား လေးစားကြတာတွေ့ရပါတယ် . နောက်ပိုင်း မှာတော့ ဆရာမြ ဆရာသော်တို့ နဲ့ ပါရင်းနှီးသွား ပြီး တစ်သက်တာလုံး အဖေ့ရဲ့ တပည့် မိတ်ဆွေအဖြစ် အမှားအယွင်းမရှိ နေထိုင် သွားခဲ့သူပါ. . . 


သူနဲ့ပတ်သက်တဲ့ ဖြစ်ရပ်တွေက များပေမယ့် အထင်က ရ ဖြစ်ကျန်ခဲ့တာ လေးတွေ ပြောပြပါရစေ. .    


၁၉၈၄ လောက်မှာ အန်တီ  Anna မြန်မာပြည်ကို တစ်ခေါက်လာလည်ပါတယ်. . သူက အင်္ဂလန် ကပေမယ့် သူ့ကို လေးစားတဲ့ သူ့မိတ်ဆွေ ဘြစတေးလျ . သံအမတ်နဲ့ သံအမတ် ကတော်တို့ က သူ့အတွက် နေ့လည်စာ ပါတီ ပွဲတစ်ပွဲ လုပ်ပေးပါတယ်. .


 အန်တီanna ဖိတ်လို့ ကျွန်တော်တို့ တစ်မိသားစုလုံး. . ဘြစတေးလျ သံအမတ် ရဲ့ ရွှေတောင်ကြားလမ်းထဲက အိမ် မှာ နေ့လည်စာ ဘူဖေးလ် သွားစားဘူး တာပါ. . ကိုသိန်းမြင့် ကိုလဲ အဖေက ခေါ် ခွင့် တောင်းတော့ အန်တီ Anna မီးစိမ်းပြလို့ . ကိုသိန်းမြင့် ပါ ကျွန်တော်တို့မိသားစုနဲ့ အတူ ပါ လာပါတယ်. .


 အဝတ်အစားကောင်းကောင်းမရှိလို့ အဖေက သူ့ လက်ဆောင်ရထားတဲ့ အထဲ က ပုဆိုးအသစ် လည်ကတုံး အသစ် ထုတ်ပေး ပါတယ်. . ကိုကို သိန်းမြင့် က သိပ် ဟန်ဆောင်သူ မဟုတ်ပါ. . ကော်တွေ တောင့် နေတဲ့ ပုဆိုးက သူ လမ်းမလျောက်ရသေးခင် ဂါဝန်လို ရှေ့ ကို ရောက်နေပါ တယ် သူ့ကိုကြည့် ပြီး ကြိတ်ရယ်နေကြတာ လဲ သိပုံမရပါ. . ဘာကိုမှဂရုမစိုက် ဟန်မဆောင်တတ်တဲ့ သူမျိုးပါ. . ဆရာမြလဲပါပါတယ်. .


မှတ်မှတ်ရရ ရယ်ရတာ တစ်ခု ကတော့ . အန်တီ anna နဲ့ မိတ်ဆက်ပေး လိုက်ချိန်မှာ. . သူက အန်တီ anna ကို ဘိုလို မှူတ်ပါတော့ တယ် ..၁၀ မိနစ်လောက်ထိ  အန်တီ anna က ခေါင်းတစ်ငြိမ့်ငြိမ့် နားထောင် ပေး ပြီး. . ရုတ်တရက်. . . 


ခိုးသိန်းမြင့်  ချွန်မ ဂို ကျေ့ ဇု ပြု့ ပီး ဗယ်မာလို ပြော့ဘာ. .ချွန်မ ခို သိန်းမြင့် ဘာ့ ပြော့လည် နားမလည်လို့ဘာ . . လို့ ပြောလိုက်တော့ မှ ဘဲ. . ကိုကို သိန်းမြင့် ဘိုလို မူတ်တာ ရပ် ပြီး မြန်မာ လို ပြန်ပြော ရပါတော့တယ်


အကုန်လုံး ဝိုင်းရယ် ကြ ပေမယ့်. ကျွန်တော့ဆရာ ကိုသိန်းမြင့် က တော့ ခပ်တည်တည် ဘဲ မြန်မာ လို ဆက်ပွားပါတော့ တယ်ခင်ဗျား. .  အဲ့ဒါ ကတော့ သူနဲ့ပတ်သက်တဲ့ အမှတ်တရ ရယ်စရာ တစ်ခု ပါ. . 


နောက်တစ်ခုကတော့ တောသားကျွန်တော် အဖေပြောဘူးတဲ့ ဘူဖေး ကို မျက်ဝါးထင်ထင်တွေ့ဘူးလိုက်တာပါဘဲ ခင်ဗျား. . 


ထမင်းကျော် ခေါက်ဆွဲ ကျော် ကြာဇံကျော် နဲ့ . ဟင်းတွေအပြင်. . အနောက်တိုင်း အစားအစာ အသားတုံးတွေ.. သောက်စရာ ဖျော်ရည် မျိုးစုံတွေကို ချပေးထား ပါတယ်. . .အရက်.  ဝိုင်. နဲ့. ဘီယာ. အတော်များများပါပြီး..ကျွန်တော့စိတ် အဝင်စားဆုံးက. အဲ့ဒီ့ ဘေး နား က ချိစ် အတုံး အကြီးကြီးတွေပါ.  ၁၀လက်မလောက်ကြီးတဲ့. ပန်းသီး ကို စိပ်ထားသလိုမျိုးပါ. .. အပြင် အခွံ အနီ နဲ့. . လချမ်း ပုံ ချိစ် အတုံး ကြီးတွေပါ. . အဲ့ဒါနဲ့ . . ကျွန်တော်လဲ


အဖေ့ နား ကပ်ပြီး အဖေ အဲ့ဒါဘာလဲ ဆိုတော့ ချိစ် ဆိုတာ အဲ့တာ ကွ လို့ ပြောပါတယ် .   . . ကျွန်တော်သိပ်စိတ်ဝင်စားသွားပါတယ်. .  


ဝတ္ထုတွေထဲမှာ မင်းသားက ချိစ်တုန်းလေးဝါးလိုက် ဘီယာလေးသောက်လိုက် ပန်းသီးစိတ်ကလေးစားလိုက် တမြုံ့မြုံ့ အရသာ ခံတယ် ဆိုတာဖတ်ဘူးတာကိုး ဗျ. 


အဲ့ဒါနဲ့ ကျွန်တော်လဲ ချိစ် လချမ်းလိုက် အစိတ်ကြီး တစ်စိတ်ယူ ပြီးပန်းသီးစားသလို ကိုက်ပြီးစားပါတော့တယ်ခင်ဗျား အပြင်ဘက်က အခွံတွကိုပါစား ပစ်တာပါ(အဲ့ဒီ့ည အိမ်ပြန်ရောက်တော့မှ အဖေ ပြောလို့ အခွံတွေက ဖယောင်းတွေမှန်းသိရပါတယ် ဖယောင်းနည်းနည်းစာရုံနဲ့မသေပါလို့ သုတေသနတစ်ခုတော့ ပြလို့ရ သွားတာပေါ့ခင်ဗျာ ) . 


ငံကြွက်ကြွက် နဲ့ ချိစ် ဟာ အတုံးလိုက်စားတော့ ပါစပ်ထဲ မှာပြည့်ပြီး စီးကပ်နေပါတယ်. . နီးရာဖျော်ရည် တစ်ဘူးနဲ့ အတင်းမျောချ လဲ. . ဘာအရသာကြီးမှန်းမသိတဲ့ ခံစားမှူ့ ဟာ တော်တော်ဆိုးပါတယ်. .  ဒါပေမယ့် ကျွန်တော့ရဲ့စားနေတဲ့ အရှိန်ကိုတော့ မလျှော့ လိုက်ပါ ခင်ဗျ. . . ချိစ်ဆိုတာ ကိုစိတ်တိုင်းကျ စားဘူးသွားတာကို ဂုဏ်ယူချင်တာကိုးဗျ. .  နောက်တစ်ဆင့်တက်စားတာကတော့ပန်းသီးပါ. . မြန်မာပြည်ဈေးကွက် မှာပန်းသီးလုံးဝ မရှိသေးပါ သိပ်ချမ်းသာတဲ့မိသားစုတွေကတော့ သံဈေး နဲ့ သိမ်ကြီးဈေးမှာ တခါတရံ ဝယ်လို့ ရနိုင်ပြီး . တခြားနေရာတွေမှာ လုံးဝမရှိပါခင်ဗျား  


၉၀ ခုနှစ်နောက်ပိုင်းလောက်ကျမှ မြန်မာပြည်ဈေးကွက်မှာ ပန်းသီးပေါ်လာတာတွေ့ရပါတယ် ပန်းသီးတစ်လုံး ကို အမြန်စားပြီး ဒုတိယမြောက် ချိစ် အတုံးကို ထပ်တွယ်ဖို့ကျိုးစား ပါတယ် ချိစ် အတုံး တစ်ဝက်လောက်စားပြီးချိန်မှာတော့ လုံးဝ ဆက်မစားနိုင်တော့ဘဲ.   လူမမြင်အောင် အမှိုက်ပုံး  ထဲ ကိုလွင့ှ် ပစ်လိုက်ရပါတော့တယ် ခင်ဗျား. .


 ချိစ် စားနည်း သိလာတဲ့ အရွယ်မှာတော့  ကျွန်တော်စားခဲ့တဲ့ အမျိုးအစားဟာ တော်တော်ဈေးကြီး လို့ဝယ်မစားဖြစ်တော့ပါခင်ဗျား.. . 


Super market တွေထဲရောက်တိုင်းပုံသဏ္ဍန်မျိုးစုံ နဲ့ လုပ်ထားတဲ့ ချိစ်တွေကို သွားငေးလေ့ရှိပါတယ်. . ငေးမိတိုင်းလဲ ငယ်ငယ် က ဖြစ်ခဲ့တဲ့ပုံ တွေကို ပြန်မြင်လာပြီး. . ရယ်ချင်စိတ်ပေါ်လာပါတယ်ခင်ဗျား.  .. . ကျွန်တော့ရဲ့ ရယ်စရာအတွေကြုံလေးပါ. .


 ကိုသိန်းမြင့် အကြောင်း ဆက်ပါရစေ... 


ကိုသိန်းမြင့် နဲ့ အဖေစကားပြောရင်များသောအားဖြင့် အဖေက နားထောင်ပေးလေ့ရှိပြီး. . ကိုသိန်းမြင့်ကဘဲ အဓိက ပြောနေလေ့ရှိတာတွေ့ရပါတယ်. .သူ့စိတ်ထဲမှာ မရှင်းနိုင်တဲ့ပြသနာမျိုးတွေကို အဖေ့ကို မေးတဲ့သဘောမျိုးဖြစ်ဟန်တူပြီး အဖေက နားထောင်ပြန်ရှင်းပြတာမျိုး ဖြစ်ဟန်တူပါတယ်. .


ဒီနေရာမှာ စကားပြောကောင်းခြင်း. . စကားပြောလို့ကောင်းခြင်းတွေဟာ အနေနီးရင်ကူးစက်သွားတတ်တာကိုတွေ့ရပါတယ် . ကိုသိန်းမြင့်ဟာ အစပိုင်းက သူပြောချင်တာတွေ သူယုံကြည်တာတွေ ကို စွတ်ပြောတတ်တဲ့ အကျင့်ကနေအဖေနဲ့ တွေ့ ပြီး . . တစ်နှစ်လောက်အကြာမှာ. . စကားကို ထိန်းသိမ်းတတ်လာတာတွေ့ရပါတယ် . . တစ်ဖက်လူရဲ့စကားကိုသေချာအာရုံစိုက်ပြီး နားထောင်တတ်လာတာ မျိုးကိုဆိုလိုတာပါ. . 


စကားပြောကောင်းချင်တတ်တဲ့ မိတ်ဆွေများ သတိပြုစေလိုပါတယ်. . များသောအားဖြင့် လူအများစုဟာ မိမိ ရဲ့ အတ္တပေါ်မှာ အခြေခံပြီးကိုယ်ကဘဲ စကားပြောချင်တတ်လေ့ရှိပါတယ်.ပြောနိုင်လိုက်တယ်လို့ယူဆကြပါတယ် . ကျကျနန နားထောင်ပေး ဖို့မေ့လျော့နေလေ့ ရှိကြပါတယ်. . 


စကားပြောကောင်းတဲ့ သူ တော်တော်များများဟာ. . တဖက်လူက ကိုယ့်ကို တိုင်တည်. . တိုင်ပင်. . ဖြစ်ရပ်ရှင်ပြနေတဲ့ အချိန်မှာ. . ကျကျ နန နားထောင်ပေးတတ်တဲ့ အကျင့် ရှိတာကိုတွေ့ရပါတယ်.. ကျွန်တော် ကစကားပြောကောင်းခြင်းရဲ့သဘောကို ငယ်စဉ်ကတည်းကသတိပြုမိခဲ့တော့ . ကိုသိန်းမြင့်ရဲ့ စကားပြောပုံပြောင်းလဲလာခြင်းကို တန်းသတိပြုမိပါတယ်ခင်ဗျား. . 


ကျွန်တော်တို့ကိုလဲ စာသင်ပေးနေတော့ ဖေဖေ့ ပုံစံမျိုး စကားပြောဟန် ပြောင်းလာလို့ ပြုံးမိကြပါသေးတယ်. . လက်နောက်ပစ်လိုက်တဲ့ ဟန် ခါးတစ်ဖက်ထောက်တဲ့ပုံစံ . စဉ်းစားဟန်ပြုတဲ့ မျက်နှာ အားလုံး အဖေနဲ့ ဆင်တူလာတာတွေ့ရပါတယ်. ပထမဆုံး စပြောင်းလာတာ က ကိုယ်ဟန်အမူအယာပါ. . နောက်ကတွဲလိုက်လာတာကတော့. . စကားလုံးအသုံးအနူံး. အသံအနိမ့်အမြင့် .နဲ့ လေ ရှူ အဖြတ်အတောက်ပါ ဒါတွေ အားလုံးဟာ ရုတ်တရက်တန်းမတွဲမိသေးသော်လဲ . . စကားပြောကောင်းတဲ့ သူနဲ့တွဲလာတာနဲ့ အမျှ ဆင်တူ လာတဲ့သဘောမျိုးဖြစ်လာတာတွေ့ရပါတယ်... . .


 လူအတော်များများက စကားပြောကောင်းချင်တတ်ကြသလို. .   စကားပြောကောင်းတဲ့သူတွေကို လဲ တန်ဖိုးထားတတ်ကြတာတွေ့ရပါတယ်


ကျွန်တော် နားလည်တဲ့ စကားပြောကောင်းခြင်းလေးတွေအကြောင်းကို နည်းနည်းပြောပြပါရစေ. . 


စကားပြောကောင်းခြင်းဆိုတာဟာ. . မိမိပေးလိုသော . မက်ဆေ့ရှ် ကို . .နားထောင်သူတစ်ဖက်သား  အား. .  ရှင်းလင်းစွာ နားလည်သဘောပေါက်အောင် အသိ ပေးလိုက်နိုင်ခြင်းပါဘဲ. လို့ ကျွန်တော်ယူဆပါတယ်. . 


စကားပြောကောင်းခြင်း ဟန်ပန်မျိုးစုံရှိသော်လဲ


ကျွန်တော်သတိထားမိသလောက်


လူတွေရဲ့စကားပြောဟန် အကောင်းဆုံး အချိန် . ၂ ချိန်ရှိ တာတွေ့ရ ပါတယ်


 ဟာသလေးရောယှက်ပြီးပြောချိန်နဲ့


 ဒေါသနည်းနည်းလေးရှိနေတဲ့ အချိန်တွေမှာ လူတော်တော်များများသာမန်ထက် ပိုပြီး စကားပြောကောင်းကြ တယ်ခင်ဗျ (ဒေါသကြီးချိန်မဟုတ်ခြင်းကိုတော့ သတိချပ်စေလိုပါတယ်/တချို့ကလဲ ဒေါသသံ နည်းနည်းလေး ပါအောင် တမင်ဖန်တီးယူပြီးပြောတတ်ကြတာတွေ့ရပါသဗျ) 


လူတော်တော်များများဒေါသ အနည်းငယ်စွက်နေချိန်မှာ. . စိတ်ဝင်စားစရာကောင်းတဲ့ မျက်နှာထားနဲ့ ဟန်ပန် ကို ဖြစ်ပေါ် လာစေတယ်လို့ ယူဆမိပါတယ်. ...သာမန် အချိန်တွေထက် ပို ပြီး စိတ်ဝင်စားစရာ ကောင်းလှတာကိုလဲသတိထားမိပါတယ် . 


ကရုဏာ ဒေါသော နဲ့ ပြောနေချိန်. . စိတ်မရှည်ခြင်း ကြောင့်သော်လည်ကောင်း .  အမှန်တရား တစ်ခု အတွက်ကြောင်လည်းကောင်း. .့ ပြောချလိုက်တဲ့ စကားလုံးတိုင်း ဟာ. . အတန်အသင့် ပြတ်သားနေတတ်ပါတယ် .  မျက်နှာပေးနဲ့ စကားလုံး တထပ်ထဲ ကျ သွားတာကြောင်လဲ့ ဖြစ်နိုင်ပါတယ် . . .   . ဒီ့ထက်အသေးစိတ်ရင် အများကြီး ကျန်ပါသေးတယ် ခင်ဗျား


ပထမပြောတဲ့ . . ဟာသလေးစွက်ပြီး ရယ်ရယ်မောမော ပြောတတ် ဖို့ကတော့ နည်းနည်း ခက်တယ်ဗျ.     . ပြောမယ်သူ့ခေါင်း ထဲ မှာ . .ပြောမယ့် အကြောင်းအရာကိုရှင်းလင်းပြတ်သားစွာ နားလည်ပြီးသားဖြစ်ရပါ့မယ် . စကား လုံးတွေရဲ့ အတိုင်းအဆကို နားလည်. .နေရပါတယ် . . .  သူဟာ . .စကားတစ်ခွန်း ကို နှစ်ဖက် အမြဲတမ်း တွက်ပြီးသားပါ. . . .  ပြောတဲ့စကားလုံးကြောင့်. . နားထောင်နေတဲ့ သူ ဘယ်လို ခံစားသွားရနိုင်တယ်ဆိုတဲ့. . ခံစားမှူ့ ကို ပါ သူကကြိုသိနေရပါတယ် . စကားလုံးတွေရဲ့ တန်ဖိုး. . အလင်္ကာ အဖွဲ့အနွဲ့တွေရဲ့ တန်ဖိုးတွေကို လဲ ရှင်းလင်းစွာ သိပြီးသားပါ


ကိုယ်ပြောမယ့်စကားက . . ချစ်စေချင်တာလား. . အမြင်ကပ်စေချင်တာလား. . လှောင် ချင်တာလားဆိုတဲ့ ရည်ရွယ်ချက်ပေါ်မူတည်ပြီး. . စကားလုံး အသုံး နူန်းပြောင်းလဲ ရပါတယ်. ..  အဖေ ပြောနေကြစကားလေးတွေ ကိုဘဲ ဥပမာပေးပြီးပြောပါရစေ. .


 အလင်္ကာ ဆိုတာဟာ. . လူတွေရဲ့ ရှိပြီး သား စိတ်နှလုံး အစွဲ အခံတွေ ပေါ်မှာ မူတည် ပြီး လူ့ရဲ့ ဟာဒယ နှလုံးကိုဆွဲ ကိုင်လှုပ် လိုက်ခြင်း ပါဘဲ တဲ့. .    . . 


အဖေပြောပြတဲ့ ဥပမာလေးတွေ အတိုင်းရှင်းပြ ပါ့မယ်.   . 


မင်းမျက်နှာလေးက ဝိုင်းဝိုင်းစက်စက် ကလေး နဲ့ လှ လိုက်တာ. . . ဖိုးလမင်းကြီးကျနေတာဘဲ ဆိုတော့ နားထောင်ရတဲ့ သူက ကျေနပ်တယ်. . . မင်းမျက်နှာလေးက ဝိုင်းဝိုင်းစက်စက် ကလေးနဲ့ လှ လိုက်တာ. . . နံပြားလေးကျ နေတာ ဘဲ ဆိုတော့ နားထောင်တဲ့ သူက. . စိတ်ဆိုး မှာပေါ့တဲ့. . ဝိုင်းတာခြင်းမတူဘူးလားဆိုတော့ တူသားဘဲ. . ဒါပေမယ် ဖိုးလမင်းအပေါ် မှာ ထားတဲ့ သဘောထားနဲ့ နံပြား အပေါ်မှာ ထားတဲ့ သဘောထား အလေးချိန်က တူမှ မတူ ဘဲကိုးတဲ့    .. . 


နောက်ထပ် ဥပမာလေးတစ်ခုကတော့စကားလုံးအသုံး အနုံး ပါ.  သူ့ရဲ့ဥပမာလေးတွေ အတိုင်းဘဲ ပြော ပြပါ့ မယ်. . 


နူတ်ဆက်တယ် ဆိုပါစို့ ကွာ. . 


ဟေ့ ကလေး. .  မင်းတို့ ဖေဖေ နေကောင်းလားဆိုတာ နဲ့. . ဟေ့ကလေး မင့် အမေ့ လင် ကြီးနေကောင်းလားဆိုတာဟာ . အဓိပ္ပါယ် ခြင်းအတူတူ ပေမယ့် . . ခံစားရပုံခြင်းတော်တော် ကွာပါသတဲ့ဗျား. . .


နောက်ဆုံးကတော့မိမိ သုံးလိုက်တဲ့ စကားလုံး တစ်လုံး ရဲ့ တန်ဖိုး ပြောင်းလဲ မှူ့ တွေ မှာ ချစ်ခြင်း မုန်းခြင်းတွေ ဖြစ်သွားစေနိုင်တဲ့ ဥပမာလေး ပါ. . . 


ဥပမာ. . . မျက်နှာလေး က. .မျက်နှာ ကြီး က . . မျက် ခွက်က. . အခွက်ကိုက. . သောက်ခွက် က. . . ဒီအသုံးအနူံးတွေ အားလုံး ဟာ. . မျက်နှာတစ်ခုထဲကို ရည်ညွန်းထား တာ ဖြစ်သော်ငြားလဲ. .အသုံးအနူံးကြောင့် တန်ဖိုး ကွာ သွားစေနိုင်ပါသတဲ့ ခင်ဗျား. . . .


စကားပြောကောင်းတဲ့သူတွေဟာ ကျွန်တော်အခုပြောတဲ့ အချက်အလက်တွေ အပေါ်မှာ ကျွမ်းကျင်စွာ အသုံးချ ပြီးပြောဆိုကြတာကို သတိထားကြည့်ရင်မြင်နိုင်ပါတယ်ခင်ဗျား . ကျွန်တော်ပြောသလို လုံးဝတထပ်ထဲ မကျ ရင်တောင်မှ ဒီအချက်အလက်တွေကို သတိထားမိလာရင် စကားပြောကောင်းတဲ့ သူတစ်ယောက်အဖြစ်ကျင့် ကြံ လို့ ရနိုင်ကြောင်းအကြံပေးလိုပါတယ်. 


သိုသော် တကယ် စကားပြောကောင်းသူအတွက်.. အရေးကြီးဆုံးအချက်ကတော့  ပုံမှန် ရှိသော ဦးဏှောက်တစ်ခု နဲ့.  ဗဟုသုတ ပညာရပ်ပါဘဲခင်ဗျား. .မိမိ ကျင်လည်မယ့် အသိုင်းအဝိုင်းလူတွေရဲ့. စိတ်အခြေခံ အဆင့်အတန်းကိုတော့ မပြောခင်မှာ အဖြေမှန်သုံးသပ်တတ် ဖို့ လိုသလို. .  ဦးနှောဏ်မပါဘဲ စွတ်ပြောနေပြန် ရင်လဲ စကားပြော ကောင်းခြင်းကနေ စကားများ ခြင်းဆို တဲ့ အဆင့် ကို လျော ကျ သွားတတ် ကြောင်း သတိပေး လိုက်ပါရစေခင်ဗျား...  


 ကျွန်တော်အခုရေးနေတာက ဦးအောင်သင်းအကြောင်းကနေ ချော်ထွက်သွားလို့ စိတ်မခုစေလိုပါ. . ရေးပြီးမှ နှမျောလာလို့ တင်လိုက်ရကြောင်းပါခင်ဗျား.စကားပြောကောင်းချင်တဲ့ မိတ်ဆွေတွေအတွက် . အတန်အသင့်အကျိုးရှိမယ်လို့ထင်ပါတယ်. .ကျမ်းပြုနေခြင်းမဟုတ်တဲ့ အတွက်ဒီ့ထက်အသေးစိတ်ပြီး ရှင်းမပြလိုတော့ပါ. . ခုယေဘူယျ လောက်ဘဲ ရှင်းပြ ပြီး ကျွန်တော့ရဲ့စကားများခြင်းကို ရပ်ပြီး ကိုကို သိန်းမြင့် အကြောင်းကိုဆက် ပါရစေ.(နောင်တစ်ချိန် ကျရင်ဒီစကားပြော ကောင်းခြင်းအကြောင်းတွေကို ဖြတ်ပစ်လိုက်ပါ့မယ်)


ကျွန်တော်တို့မောင်နှမတွေအားလုံးအတွက် ကိုကို သိန်းမြင့်ဟာ အိမ်ကိုစတင်ဝင်ထွက်ချိန်ကစပြီး တစ်သက်လုံး အစ်ကို အရင်းတစ်ယောက်လို နေသွားခဲ့ပါတယ် . 


ကျွန်တော့ရဲ့ တိုးတိုးတိုင်ပင်ဖက် အကို တစ်ယောက်အနေနဲ့ရော .. အင်္ဂလိပ် ကဗျာ အတိုအစလေးတွေ. . တဂိုးရဲ့ . ကဗျာ အစိတ်အပိုင်းလေးတွေကို သင်ပေးခဲ့ဘူးတဲ့ ဆရာတစ်ယောက်အနေနဲ့ပါ ရပ်တည်သွားခဲ့တာပါ. . ဆယ်တန်း တဖုံးဖုံး ကျနေတဲ့ ကျွန်တော့ရဲ့ အင်္ဂလိပ် စာနဲ့ သင်္ချာ ဆရာလဲ ဖြစ်ခဲ့ပါသေးတယ်ခင်ဗျား 


၁၉၉၄ လောက် ထိ ကိုကိုသိန်းမြင့်ဟာ. . စာအုပ်အဟောင်းလောကထဲမှာ နစ်မြုပ် ပြီး စာပေဝါသနာရှင် အဖြစ်ရပ်တည် ခဲ့ပါတယ်. .


 အဲ့ဒီ့နောက်မှာတော့ အဖေ့ကိုတိုင်ပင်ပြီး သူ့ဒေသ က ကလေးတွေရဲ့ ပညာရေးကို တစ်ခုခု တိုးတတ်အောင်လုပ်မှဖြစ်မယ်. သူ့မှာတာဝန်ရှိတယ်.ဆိုပြီး အဖေ့ကိုတိုင်ပင်တယ်  လို့ဆိုပါတယ် ခင်ဗျား. 


၉၄ခုနှစ်လောက် မှာ မိုးညိုကိုပြန်ပြီး  ၉တန်း၁၀တန်း တွေကို ဘော်ဒါ ဖွင့်ပြီးကျောင်းထောင်လိုက် ပါတယ်. . ပိုက်ဆံကို လုံးဝ ဂရုမစိုက်တဲ့သူမျိုး ၊ စေတနာသိပ်ကြီးလွန်းတဲ့သူမျိုး မို့. . နှစ်ပိုင်းအတွင်းမှာဘဲ မိုးညိုရဲ့ ဆယ်တန်း အောင်ချက် သိသာလောက်အောင် ပြောင်း သွားတယ်လို့ သူကိုယ်တိုင်ပြော ပါတယ်. .  . သူဟာကြွားတတ်သူတစ်ယောက်မဟုတ်တဲ့အတွက် သူပြောတဲ့ စကားဟာ ဖြစ်နိုင်တယ်ဆိုတာ ကျွန်တော်လုံးဝ ယုံပါတယ် ခင်ဗျား. 


မိုးညိုမှာ ပြန်ပြီး နေသော်လဲ ကျွန်တော် တို့မိသားစုနဲ့ လုံးဝ အဆက်အသွယ်မပြတ်ခဲ့ပါ. . ၂၀၀၇ လောက်မှာ. .သူ့ရဲ့ အစာဟောင်းစွန့်တဲ့နေရာက နေ ကင်ဆာ ဖြစ်ပြီး ဘယ်လိုမှ ပြန်မကောင်းတော့ဘဲ ဆုံးပါးခဲ့ပါတယ်ခင်ဗျား. . .နိုင်ငံခြားမှာနေရင်း ကိုကို သိန်းမြင့် ဆုံးပြီဆိုတဲ့ သီတင်းကြားချိန်မှာ ရင်ထဲ မှာ တကယ့်အကိုအရင်းတစ်ယောက်ဆုံးသလို ခံစားခဲ့ရပါတယ် .အရည်အချင်းသိပ် ကြီးတဲ့ လူတစ်ယောက် အမြင့်ဆုံး ကို မတတ် ရသေးခင် ကြွေလွင့်သွားတာ အင်မတန်နှမျောစရာကောင်းလှ ပါတယ်ခင်ဗျား. . 


အဖေ့အနေနဲ့ ဘယ်လိုခံစားခဲ့ရသလဲဆိုတာကျွန်တော်သေချာ မသိခဲ့ပါ. . သူရဲ့ သားတပည့် လိုနေသွားခဲ့တဲ့ သူကိုယ်တိုင် ပျိုးထောင်ပေးခဲ့တဲ့ အပင်လေး အရွယ်မတိုင်ခင်သေဆုံးသွားရခြင်းအတွက် သူစိတ်မကောင်းဖြစ်ခဲ့မှာ သိပ်သေချာပါတယ်. . 


 ကိုကိုသိန်းမြင့်နဲ့ ကျွန်တော် ညပေါင်းများစွာစကားပြောခဲ့ဘူးပါတယ်. . ကျွန်တော့်ရဲ့ လူပျိုပေါက် စိတ်ဓာတ် အတက်အကျ ပြင်းထန်ချိန် အတော်များများမှာ သူ့ အားပေး စကားတွေ နဲ့ စိတ်ဖြေနိုင်ခဲ့ ဘူးပါတယ်. . 


အဖေပြောနေကြစကားလေး တစ်ခုရှိပါတယ် 


ယောက်ကျားကောင်းဆိုတာ . . ဆုမတောင်းရဘူး ဆု ပန်ရတယ်ကွ ဆိုပြီး ကလေးတွေကို အမြဲတမ်း သတိထားအားပေး တဲ့ စကားလေးပါ. . 


အဖေ့ရဲ့ ဒီသတိပေးစကားလေးကို ဖတ်လိုက်ရတိုင်း ကျွန်တော့ နားထဲမှာ ဘယ်တော့မှ မထွက်တဲ့ ကိုကို သိန်းမြင့် ရဲ့စကားလေး ကိုပါ တွဲပြီး အမြဲပြန် ကြားယောင်လေ့ရှိပါတယ်. . 


ညီလေး. . ကိုကိုကလေ. . ဘုရားရှင်ဆီမှာ ဆုတောင်းရင် ချမ်းသာပါစေ . . တိုက်ကြီးကားကြီးနဲ့နေရပါစေလို့ ဘယ်တော့ မှ ဆုမတောင်းဘူးကွ သိလား. .  ကိုကို အမြဲတမ်း ဆုတောင်းရင်. . 


အရှင်ဘုရား. . ဘုရားတပည့်တော် ကို ချမ်းသာခြင်းကိုဖြစ်စေ. . ဆင်းရဲခြင်းကို ဖြစ်စေ. လောကဓံကို.  ကြံ့ကြံ့ ခံနိုင်တဲ့ သတ္တိ  ကိုသာပေးသနားတော်မူပါလို့ ဘဲ ဆုတောင်းတယ်ကွ. သိလား. . . .သတ္တိကုန်သွား ပြီး အညံ့ခံ လိုက်ရတဲ့ ယောက်ကျား ဖြစ်ရမှာ ကိုကို သိပ်ကြောက်တာဘဲ . ညီလေးရာ. . .တဲ့


*********


ဒီတစ်ပတ်တော့အဖေ နဲ့ ဆရာမင်းလူတို့အကြောင်းလေးကိုရေးပြပါ့မယ်. . သူတို့၂ယောက်က စာပေလောကထဲမှာ တစ်ဦးကိုတစ်ဦး မိတ်ဆွေအဖြစ်ပေါင်းသင်းဆက်ဆံခြင်းမျိုး သိသာလောက်အောင်လုံးဝ မရှိခဲ့ပါ. ဆက်ဆံမှူ့ မရှိခဲ့သူနှစ်ယောက်ရဲ့အကြောင်းကိုတို့ထိဖို့လဲ ကျွန်တော်.အတော် စဉ်းစားပြီးမှရေးမယ်လို့ဆုံးဖြတ်ချက်ချ လိုက် ရတာပါ ခင်ဗျား. 


၁၉၈၀ နဲ့ ၈၄ခုနှစ်တွေ ကြား လောက်မှာ ကျွန်တော်တို့မိသားစု တစ်စုလုံး ဆရာမင်းလူရဲ့ စာအုပ်တွေနဲ့ စတင်ထိတွေ့လာပါတယ်. .  မောင်နှမအားလုံး က ချွင်းချက်မရှိ ဆရာမင်းလူရဲ့ ရိုးသားလွန်းစွာဖန်တီးထားတဲ့ စာတွေကို သိပ်တန်ဖိုးထားပြီး အဖေ့ကိုပြောပြတဲ့ အချိန်မှာ. .အဖေက. .  အင်း . . ဟုတ်လား ဆိုပြီး  .. . အင်တင်တင် လုပ်နေတော့ ဘာဖြစ်မှန်း မသိပေမယ့် . . အဖေ့ကို တိုက်တိုက် တွန်းတွန်း ဘာမှ ဆက်မပြောဖြစ်ခဲ့ကြပါ . ဝတ္ထု  ရှည်တွေကို သိပ် စိတ်မဝင်စားလို့ ဘဲ ဖြစ်ဟန်တူပါရဲ့ လို့ ထင်လိုက်မိပါတယ်. .    


၁၉၈၄ ခုနှစ် ဆရာဦးဖေသိန်း(ကာတွန်း) ရဲ့ မာလကာခြံ ဟောပြောပွဲ မှာ. . ဆရာမင်းလူပါတယ်ဆိုတော့. . ကျွန်တော်အရမ်းပျော်သွား ပြီး. . အဖေ ကျွန်တော် လိုက်ခဲ့ မယ် . . မိတ်ဆက်ပေးပါဆိုတော့ အဖေက . . ငါ နဲ့လဲ မသိသေးဘူးကွ လို့ ဆိုပါတယ်. . ရတယ်အဖေရာ ကျွန်တော့ဖာသာ ကျွန်တော် မိတ်ဆက်မယ် ဆို ပြီး အတင်းလိုက် သွားပါတယ်.. 


ကျွန်တော့ အကျင့် နဲ့. ထူးခြားမှူ့ကတော့ သိပ်ကြိုက်တဲ့ စာရေးဆရာရဲ့ စာတွေ ကို အကြိမ်ကြိမ် ဖတ် တတ် တဲ့ အကျင့် ရှိ ပြီး . . ဘယ် တော့ မှ ပြန်မမေ့ တော့ ဘဲ အလွတ် ရသွား တာမျိုးပါ. .သိပ်ကြိုက်တဲ့ စာသားတွေကို .အပိုဒ်လိုက် . သည် ၏ မလွဲ ပြန်ရွတ်ပြနိုင်တာမျိုးပါ. . . အခုချိန်ထိ လဲ ဆရာမင်းလူ ရေးခဲ့သမျှ ဝတ္ထု  တော်တော်များများရဲ့ ဇာတ်ကောင် မင်းသား. မင်းသမီး နာမည်တွေ ဇာတ်လမ်းတွေကို  အကုန် အလွတ်ရနေတုန်းပါ. . 


အဲ့တာကြောင့် ကိုယ့်ဟာကိုယ် မိတ်ဆက်မယ်လို့ ပြောတာပါ. . . 


စာရေးဆရာ တစ်ယောက်ဟာ သူ့ဝတ္ထု ထဲ က လူတွေအကြောင်းကို တခြားသူ ကတန်ဖိုးထားလို့ အလွတ်ရနေရင် ကြည်နူးတတ်ကြတာ ကို ကျွန်တော်က သိထားတော့ လွယ်လင့် တကူ ချဉ်းကပ်လို့ရမယ်ဆိုတာ ကိုယ့်ကိုယ်ကို ယုံကြည်မိတာကြောငိ့ လဲ ပါ ပါတယ် . . . .


 သူ့ရဲ့ နာမည်ကြီး စာအုပ်တွေ ဖြစ်တဲ့ . . ပန်းကျောင်း . . ချစ်သောပန်းကလေး . အမုန်းအလိုမရှိ.   သံယောဇဉ် အဖွဲ့ နဲ့ ထွက်ခဲ့သမျှတွေကို ကိုယ်က အလွတ်ရနေတာကိုး. . . (အောင်ကိုကိုမောင် . ဝင်းလွင်ကျော်. . လတ်သခင်. . ဆက်ဆက် . . ဟန်လင်း. . . မာလာကျော်. ခင်မောင်လတ် . အခု အလွတ်ရေးနေရင်း တောင် မှတ်မိနေတုန်းပါ. . ). . 


လွယ်လင့်တကူ ဘဲ မိတ်ဆက်ပြီး အရမ်းခင်သွားလိမ့်မယ်လို့ မျှော်လင့်မိပါတယ်. .  ကိုယ်သိပ်လေးစားတဲ့ သူကိုး . 


ဟိုရောက်တော့.ဧည့်ခံနေတဲ့ ဆရာဦးဖေသိန်း ရဲ့ အိမ်ထဲမှာ. ကျွန်တော်က . . ဆရာမင်းလူ ဘေးနားကပ်သွားပြီး ရင်းရင်းနှီးနှီးဘဲ .  .အစ်ကို ကျွန်တော်က . . ဆရာအောင်သင်းသား အောင်မြိုင်သင်းပါ အကို့ ပရိသတ် အစစ် တစ်ယောက်ပါ အစ်ကို. .  ဆို ပြီး မိတ်ဆက် လိုက်ပါတယ်. .  ကိုမင်းလူက ပြန်ပြုံးပြပြီး. . အော်ဟုတ်လားဆို ပြီး စကားကို မဆက်ချင်ဟန်နဲ့ အဆုံးသတ်ပစ်လိုက်ပါတယ်. . သူ့ရဲ့ ရိုးသားတဲ့ မျက်နှာ မှာ အားတုံ့ အားနာ ဖြစ်ခြင်းမျိုး စကားဆက်ဖို့ ဝန်လေးဟန်မျိုးတွေ့လိုက်တော့ ကျွန်တော်လဲ နည်းနည်းတော့ ဟန့်သွားပါတယ်. . ဒါနဲ့ ကျွန်တော်က သူ့ စာအုပ်တွေဆိုမလွတ်တန်း ဖတ်တဲ့ အကြောင်း အကုန်အလွတ်ရတဲ့ အကြောင်းကို ဆက်ပြောပြတော့ သူက. . အင်း ဟုတ်မှာပေါ့ဆိုတာမျိုးပြောပြီး ပြန်ပြုံးပြပါတယ်. .. .အဲ့ဒီ့မှာကျွန်တော် လဲတစ်ခုခု ဖြစ်နေပြီဆိုတာကိုတန်းသိလိုက်တော့. . ဆက်စကားပြောဖို့ မကျိုးစား တော့ဘဲ  . ဆရာမင်းလူနဲ့ ရင်းနှီးဖို့ ကို လက်လျှော့ လိုက်ရပါတော့တယ် ခင်ဗျား. . . 


နောက်၁၅ မိနစ်လောက်အကြာမှာ..ဟောပြောပွဲစတော့ ဆရာမင်းလူက ပထမဆုံး စဟောပြောပါတယ်. . 


ကိုယ်သိပ်တန်ဖိုးထားတဲ့သူက . ဥပက္ခာ ပြုခံလိုက်ရသလိုဖြစ်ပြီး. ရင်ထဲမှာ ဝမ်းနည်းသလိုလို . .ခံစား စိတ်ရှိနေတော့. . ဆရာမင်းလူ ဘာပြောနေမှန်းကို သေချာ မမှတ်မိတော့ပါ. . . . ကြည့်တော့ကြည့်နေဖြစ်ပါတယ်. နားထဲမရောက်ပါ. . ရိုးသားဟန်ရှိတဲ့ သူ့ရဲ့ ဟောပြောဟန်ကိုတော့ ကောင်းကောင်းမှတ်မိ ပါတယ်. . . . .စကားပြော အရမ်းမကောင်း လှပေမယ့် . . လိပ်ပတ် လည်အောင် တော့ပြောနိုင်သူမျိုးပါ. . . အထူးသဖြင့် စာရေးဖို့ အတွက် မွေးဖွားလာသူမျိုးလို့ ကျွန်တော်ယူဆမိပါတယ်. . 


ဒီဖြစ်ရပ်ကို အဖေ့ကို လဲ ရှက်လို့ပြန်မပြောပြ ဖြစ်ပါ. . အဖေက ဘယ်လိုတုန်းကွ လို့ မေးတော့ အဆင်ပြေ ပါတယ် အဖေ ဆို ပြီး ရယ်ရယ်မောမော ဘဲ ပြန်ဖြေ ခဲ့ပါတယ်. . . 


အဖေနဲ့ ဒီအကြောင်းကို ထပ်မပြောဖြစ်တော့ပါ. . နောက်ပိုင်း အဖေ့ စာပေ တိုက်ပွဲ တွေ ပြင်းထန် လာချိန်မှ သတိထား မိတော့. . .. ဆရာ မင်းလူက . အဖေ နဲ့ စာပေ တိုက်ပွဲ တွေ သိပ် ပြင်းထန်နေတဲ့  (ရန်ဘက် လို့ဘဲ ဆိုပါတော့ဗျာ) စာပေအုပ်စုတွေနဲ့  ကာတွန်းဆရာတွေ ရဲ့ သူငယ်ချင်းအရင်း ဖြစ်နေခဲ့မှန်းသိရ တာကိုးဗျ . . . 


ကျွန်တော်ဒီအကြောင်းကို အဖေ ဆုံးသွားသည်ထိ အဖေ့ ကို ပြန်မပြောပြ ဖြစ်ပါ. . အဖေလဲ မမေးပါ. . 


၁၉၈၆ခုနှစ်သင်္ကန်ကျွန်း ဟောပြောပွဲ တစ်ခုမှာ . . အခမ်းအနားမှူး တစ်ယောက် နဲ့ အဖေ ပြသနာ ဖြစ် တော့ အခမ်းအနားမှူးကို ဆွဲ ပြီး အတင်းခေါ်ထုတ် သွားတဲ့သူဟာ  ဆရာမင်းလူ ဖြစ်မှန်းနောင်တစ်ချိန်မှ သိရပါတယ်ခင်ဗျား. .  . အဲ့ဒါကြောင့် ဆရာဦးဖေသိန်းရဲ့ ပွဲ မှာ အဖေနဲ့ ပြသနာဖြစ်နေဆဲ ကျွန်တော်မသိတဲ့ ကာတွန်းဆရာတွေဘေးမှာ အများကြီး ရှိနေလို့ သိပ် အားနာတတ် လွန်းတဲ့ ဆရာ မင်းလူ အားတုန့် အားနာ ဖြစ်နေဟန် တူတယ်လို့ ကျွန်တော်နောင်တစ်ချိန်မှာ ယူဆလိုက်မိပါတယ်


အဲ့ဒီ့နောက်ပိုင်း ကျွန်တော် ဆရာမင်းလူ ရဲ့ စာအုပ်တွေကို ဘဲ တန်ဖိုးထား ပြီး အရူးလို ဖတ်ပါတော့တယ်ခင်ဗျား. လူုချင်းအင်မတန် စကားပြောကြည့်ချင်သော်လဲ.လုံးဝရင်းနှီ ဖို့ထပ် မကျိုးစားဖြစ်ခဲ့တော့ ပါ. .   ဆရာမင်လူရေးခဲ့သမျှ စာအုပ် တစ်အုပ်မှ မလွတ်သလို. . ကျွန်တော်နဲ့ ယှဉ် ပြီး ဆရာမင်းလူ ရဲ့ စာအုပ်တွေ အကြောင်းကို ယှဉ်ပြောနိုင်သူလဲ လဲ ယနေ့ထက်ထိ မတွေ့ခဲ့ဘူးပါ ခင်ဗျား . ကြွားခြင်းမဟုတ်ပါ စာအုပ် မကြည့်ဘဲ အပိုဒ်လိုက်ခုချိန်ထိ ရွတ်ပြနိုင်ပါတယ် . .(အပြန်အလှန် ရင်ဘောင်တန်း ပြီးဆွေးနွေးနိုင်ခဲ့သူ ပိပိ  ဆိုတဲ့ ညီတစ်ယောက်က လွဲလို့ပါ). . . 


၁၉၉၀ နောက်ပိုင်းတွေမှာ စာပေတိုက်ပွဲတွေ မရှိသလောက်ဖြစ်သွားပြီး အဖေ့ရဲ့ စာတွေဟာလဲ လူငယ်တွေ အတွက်ဘဲ အဓိက ရေးသားခဲ့ပြီး. . စာပေ နဲ့ပတ်သက်တာ မရေးသလောက်ဖြစ်သွား ပါတော့တယ်ခင်ဗျား


အဖေရဲ့ ထူးခြားချက်က လူချင်းမခင်သော်လဲ စာပေနဲ့ ပတ်သက် ရင် ဘက်လိုက်မှူ့ သိပ်ကင်းပါတယ်. . ဆရာမင်းလူရဲ့ အက်ဆေးလေးတွေကို သူအတော်သဘောကျတာ ကျွန်တော်သိပါတယ်. . တခါတလေ ကျွန်တော်က ဆရာမင်းလူ ရဲ့ တွေးပုံတွေ အကြောင်းကို အဖေနဲ့ စကားပြောရင်းပြန်ပြောပြ ရင် သူက ပြုံးပြီး နားထောင်နေလေ့ ရှိပါတယ်. . . ပြီးရင် . . မင်းလူ. . ဒီကောင်သိပ်တော်တဲ့ကောင်. . ဒီကောင်တွေ ညီအကို အားလုံးထဲ မှာ အဖြူစင် ဆုံး ဘဲ. . စာပေပေါ်မှာ ထားတဲ့ သဘော ထား သိပ်ရိုးသားတယ်ဆိုပြီး အမြဲ ချီးမွမ်းလေ့ ရှိပါတယ်. . 


၂၀၀၀ ခုနှစ်နောက်ပိုင်းတွေမှာ  ဆရာမင်းလူ နဲ့ အဖေ တစ်ချို့ပွဲတွေမှာ ဆုံတယ်လို့ဆို ပါတယ်.  ဆုံတိုင်းအဖေက ဆရာ မင်းလူ ကို သူသိပ်တန်ဖိုးထားတဲ့ အက်ဆေးလေးတွေရေးဖို့ အမြဲတိုက်တွန်းခဲ့တယ်လို့ ဆို ပါ တယ်. . ဆရာမင်းလူ က ရယ်ပြီး. . . ဝတ္ထု ရေးရတာကလွယ်တယ်ဆရာရဲ့. . အက်ဆေး က တခါတလေကျ မှ ရိပ် ကနဲ့ ပေါ်လာတတ်တာမျိုးဆို တော့ မိအောင်ဖမ်းပြီး ရေးရတာ ပို ခက်တယ် ဆရာရဲ့ ဆြိုပီး အဖေနဲ့ စကားတွေ တော်တော်ကြာကြာ ပြော ဖြစ်ကြတယ်လို့ ဆိုပါတယ်. . 


ကျွန်တော်ကိုယ်တိုင် မရှိလို သူတို့နှစ်ယောက်ပြောတဲ့ စာပေစကားဝိုင်းကို့ မမြင်လိုက်ဘူးသော်လဲ. . . ဆရာမင်းလူ ဟာ အဖေ့ ရဲ့စာပေ အယူအဆတွေကို သိပ်တန်ဖိုးထားမှန်း ၊ သူ့စာတွေထဲ မှာ quote ပြန်လုပ်မှဘဲသိရပါတော့တယ်.. . 


စာပေအုပ်စု အစွဲ ကင်းပြီး သိပ်ရိုးသားသူ ဖြစ်ကြောင်း ကို သူ့ရဲ့ အက်ဆေးချစ်သူ မှာမှ စ မြင်ရပါတော့တယ်ခင်ဗျား .


အက်ဆေး ဆိုတာ ကို မြန်မာလို စာစီစာကုံး လို့ ပြန်တာ ဟာ အားနည်းမှူ ရှိတယ် မပြည့် စုံဘူးလို့ သူလဲ လက်ခံကြောင်း 


တချို့က . . စာပန်းကုံး ၊ . အစမ်းစာ. . လို့ခေါ် ကြောင်း တစ်ချို့ က စာတမ်း လို့ ခေါ် သည် မှာ လဲ မပြည့်စုံ ကြောင်း စသဖြင့် ရှင်း ပြ ရင်း . . ဆရာအောင်သင်း ကတော့ ရသစာတမ်းငယ် လို့ သုံးစွဲ ဘာသာပြန်ကြောင်း . . တချို့ က အက်ဆေး ဆို တာ ရသ ပါစရာ မလို ဘူး လို့ မည်သို့ပင်ဆိုစေ ရသ ပါတဲ့ အက်ဆေးဟာ . ရသမပါတဲ့ အက်ဆေးထက်ပိုပြီး ဖတ် ရတာ အရသာရှိကြောင်းနဲ့ ဆရာအောင်သင်းပြောခဲ့တဲ့ စကားလုံး ကို ပို သဘောတူတဲ့ သဘော မျိုးလေးရေးထားတာ ပါ. . .. . ကျွန်တော်လဲ ဖတ်မိတော့ ဝမ်းသာသွား ပြီး . .အဖေ့ဆီကို ချက်ခြင်းဖုန်းခေါ်ပါတယ်. . .


 အဖေ . . မင်းလူ က အဖေ့ရဲ့ . ရသစာတမ်းငယ်ဆိုတဲ့ စကားလုံးကို သဘောတူတယ်ဆိုတာ သူ့ရဲ့ အက်ဆေးချစ်သူထဲ မှာ ပါလာတယ်အဖေ ရဲ့ ဆိုတော့. . . အဖေ က ဟုတ်လား. . ဆိုပြီး ကြည်နူးနေတဲ့ အသံ မျိုးနဲ့. . ကျွန်တော် ပြောတာတွေ ကို ဆက်နားထောင်နေပါတယ် ခင်ဗျား. . .ဖုန်းနဲ့ပြောရတာမို့ အဖေ့ မျက်နှာ ကို မမြင်ရသော်လည်း အဖေ ကြည်နူးသွားတဲ့ အသံမျိုး ကို လှမ်းပြီး ခန့်မှန်း လို့ ရပါတယ် 


နောက်တစ်ခု ကတော့ ဆရာမင်းလူ ရေး တဲ့ အချစ်နဲ့ ဘော်လုံး ဆို တဲ့အက်ဆေးလေးထဲမှာ  ဆရာအောင်သင်းကဘောလုံးပွဲကြေငြာနေသူဟာ .   စကားပြောဝတ္ထု  တမျိုး ကိုရေးနေတာဘဲ . . ပြောတဲ့သူကောင်းရင်ကောင်းသလို မျက်လုံးထဲ မြင်လာစေ နိုင်တယ် ဆိုပြီး ဆရာအောင်သင်း ပြောခဲ့တယ် လို့ ထပ်ပြီး ပါလာပါတယ်ခင် ဗျား. .. . 


ကျွန်တော်လဲ အဖေ ရေးထားတဲ့ စာတွေ ထဲမှာ အဲ့ဒီ့ စာမျိုးကို မတွေ့ ဘူးတော့ နည်းနည်း အံဘြ သွားပါတယ်. . ဒီစကားလုံး ဟာ အဖေ့ ရဲ့ ရသ စာပေဂွင်ထဲ က စကားလုံး ပါ


အဖေ့ ရဲ့ ရသ ဂွင်ဟာ . ၈၈ နောက်ပိုင်းမှာ လုံးဝ မပြောတော့တာ ကျွန်တော် ကောင်းကောင်းသိပါတယ်. . ဒါဖြင့် ရင် ဒီစကားဟာ ဆရာမင်းလူ တန်ဖိုး ထားလွန်းလို့ မှတ် ထား တာ ဘဲ ဖြစ်ရမယ်ဆိုပြီး. . . ရင်ထဲ မှာ အရမ်းကြည်နူးသွားပါတယ်ခင်ဗျား. .. . အဖေ့ ကိုလဲ ဖုန်းခေါ် ပြီး ၂၀၀၈ ခုနှစ်လောက်မှာ ပြောပြဖြစ်ပါတယ်. . အဖေ နဲ့ ကျွန်တော် စကားပြောဖြစ်တိုင်းလဲ. . ကျွန်တော်က မင်းလူ ခရေဇီ ဖြစ်နေတော့ ဒီအကြောင်းလေးတွေ ကို ရောက် . ရောက် သွားတတ် ပါတယ် ခင်ဗျား. . 


နောက်ဆုံးတစ်ခုကတော့ ဆရာမင်းလူရဲ့ ဒေဝတာ မြို့တော်ထဲ မှာ  လူမှားပြီးခေါ်တဲ့ အခန်းလေးမှာအဖေ့ကို နောက်ထားတာလေးပါဘဲ. . 


ကျွန်တော်ဘာကြောင့် ဒီလောက်စကားတွေရှည် နေမိတာလဲဆိုတာ  .   ရှင်းပြ ပါ့မယ်. . ကျွန်တော့ နဲ့ အဖေရဲ့ တူတဲ့ အကျင့်တစ်ခု က . ကျွန်တော့တို့. သိပ်ခင်တဲ့  မိတ်ဆွေတွေ ကို သူတို့အချင်းချင်းပါ ထပ်ပြီး ရင်းနှီးသွားစေ ချင်တဲ့စိတ်မျိုးရှိကြတာပါ . .  သူတို့ရင်းရင်းနှီးနှီးပေါင်းနေတာ တွေ့ ရင် ကြည်နူးပြီးသဘောကျနေတာမျိုးပါ  . . 


အဖေနဲ့ ဆရာမင်းလူဟာ. . . အကြောင်းအမျိုးမျိုးကြောင့် တစ်ဦးနဲ့ တစ်ဦးအနေ နီးခွင့် မသာခဲ့ ကြသော်လဲ. . တစ်ဦးကိုတစ်ဦး သိပ်တန်ဖိုးထားခဲ့ ကြသူတွေ ဆိုတာ . . ကျွန်တော်သိပါတယ်ခင်ဗျား. . . 


ဘဝ ကို ရိုးရှင်းစွာ ဖြတ်သန်းသွားကြသူနှစ်ယောက်မို့ နှစ်ယောက်လုံးကို တန်ဖိုးထားမိပါတယ်. . . 


ကျွန်တော့ တစ်သက်မှာသိပ် မြင်ချင်တဲ့ မြင်ကွင်း လေး ကတော့ အဖေနဲ့ ဆရာမင်းလူ ရင်းရင်းနှီးနှီးနဲ့ စကားပြောနေတာမျိုးလေးကို ကြည့်ရင်းဘေးကနေ နားထောင်ချင်မိတာပါ


ဒီဖြစ်ရပ်မျိုးကို ကိုယ်တိုင် မမြင်လိုက်ရ မကြားလိုက်ရလို့ ဒီစာကို ရသေ့စိတ်ဖြေ ပြီး ရေးဖြစ်သွားတယ်လို့ဘဲ မှတ်ယူကြပါတော့ ခင်ဗျား.


၂၀၁၃ ဆရာမင်းလူ မဆုံးခင်မှာ ညီမငယ်ယုယ ရဲ့ ပေ့ခ်ျမှာ ဆရာမင်းလူရဲ့ သီတင်းတွေကို အမြဲစောင့် ကြည့် မေတ္တာ ပို့နေရပါတယ်.   တထိတ်ထိတ် နဲ့ စောင့်ကြည့်ရင် .. ဆုံးသွားပြီဆိုတဲ့ သီတင်းကြားချိန်မှာ ရင်ထဲမှာ နှမျော ထိခိုက်လိုက်ခြင်းဟာ ပြောမပြနိုင်အောင်ပါဘဲ. . နောင်ကို ဆရာမင်းလူရဲ့ အသက်အရွယ်လိုက်ပြောင်းလဲလာတဲ့ စာ အသစ်တွေ မမြင်ရတော့ ဘူးဆိုတဲ့ အသိဟာ အတော်ခံစားရပါတယ်ခင်ဗျား.


 ကိုယ်နဲ့ သွေးမတော်သားမစပ်ခဲ့သော်လဲ. . သူ့စာနဲ့ စကားလုံးတွေ၊ အယူအဆ တွေ ကိုသွေးထဲ ထိရောက်အောင်စီးမျော နှစ်သက်ခဲ့ ရသူမို့. . အတော်စိတ်ထိခိုက်ရပါတယ်. . ကျွန်တော့ကိုမသိသော သူတွေ ကြားထဲ မှာ ဆရာမင်းလူကို လဲ ဝင်မလွမ်းဖြစ်တော့ ပါ. . မလွမ်းပြ ချင်ပါ . . တိတ်ဆိတ်စွာ ဘဲ နေလိုက်ပါတော့ တယ်. . ကျွန်တော်က တိတ်ဆိတ် စွာ နေသော် လဲ အသံထွက်လာသူကတော့ အဖေ ကိုယ်တိုင်ဖြစ်နေတာကို အံဘြစွာတွေ့လိုက်ရ ပါတယ်ခင်ဗျား. .


 ဆရာမင်းလူဆုံးတဲ့နေ့မှာ


အဖေ့ ရဲ့ စတေးတပ်ကလေးတစ်ခု ရုတ်တရက် တက်လာလို့ ဖတ် ကြည့် လိုက်တော့. . (သူ့ စာလေး အတိုင်းဘဲ ရေးပြပါရစေ)


ဆရာမင်းလူအတွက် ဆရာအောင်သင်းရဲ့ မှတ်ချက်


ဒီကောင်သိပ်စာရေးကောင်းတဲ့ကောင်၊ သူရေးတဲ့စာတွေလဲ ပေါ့ပေါ့ပါးပါးရှိသလို သူကိုယ်တိုင်လဲ ဘဝကိုပေါ့ပေါ့ပါးပါး ဘဲ နေခဲ့တယ်. . လူချင်းလည်းသိပ်ပေါင်းလို့ ကောင်းတဲ့ကောင်၊ စိတ်ရင်းသဘောထားလဲ သိပ်ကောင်းတယ်၊ သူ့စာတွေကသရော်တာတွေပါတယ်၊ သရော်တယ်ဆိုတာလဲ လူလူချင်း မကျေနပ်လို့ ဖြစ်ကတတ် ဆန်း သရော်တာ မဟုတ်ဘူး၊ လောကကြီးရဲ့ အဖြစ်အပျက်တွေကို သရော်တာ ဓမ္မ ဓိဌါန် ကျတယ်. .


ရယ်စရာမောစရာတွေနဲ့ ရေးတတ်တယ်၊သူ့စာထဲမှာ ကြွားလုံးတွေမပါဘူး၊မာန်မာနတွေမပါဘူး၊ ဒီကောင်သိပ်တော်တဲ့ကောင်၊ အသက်ငယ်ငယ်လေးဘဲ ရှိသေးတယ် ၊ သူထွက်သွားတာ ငါနှမျောတယ်.


အောင်သင်း(၁၅.၈.၂၀၁၃)


ပါတဲ့ ခင်ဗျား. . 


ကျွန်တော့ရင်ထဲမှာ အံဘြ ရင်း ကြည်နူးမိပါတယ်. . . ဆရာမင်းလူရဲ့ ရင်ထဲမှာ ဦးအောင်သင်းရှိခဲ့သလို. . ဆရာအောင်သင်းရဲ့ ရင်ထဲ မှာ လဲ ဆရာမင်းလူ ဟာ နေရာရှိနေခဲ့တာ သိပ်သေချာသွားလို့ပါဘဲ. .ဘဝတစ်သက်တာလုံး သူတို့ နှစ်ဦး ကူးလူးဆက်ဆံတာ မျိုး၊ အိမ်ဝင်အိမ်ထွက် ရင်းနှီးစွာ ဆက်ဆံမှူ့ မျိုးလုံးဝ မရှိခဲ့ဘူးပါ . . သို့သော် . . သူတို့ရင်ထဲမှာ ရှိနေခဲ့ကြသော တစ်ဦးကိုတစ်ဦး တန်ဖိုးထားရင်းနှီးနေခဲ့ကြခြင်းကိုလဲ ဘယ်သူကမှ မရိပ်မိခဲ့ကြလို့ ပါဘဲခင်ဗျား. . 


ဆရာမင်းလူဆုံးပြီး တစ်နှစ် နှစ်လ အကြာမှာ အဖေဆုံးပါတယ်. . .

အကယ်၍များ ဆရာမင်းလူ ဖန်တီးခဲ့တဲ့ ဒေဝတာမြို့တော် ဟာ တကယ်ရှိခဲ့ရင် . . ဆရာမင်းလူက အဖေ့ ထက် အသက် တစ်နှစ်ကျော် ကြီးနေမှာပါ. . . .


 မည်သို့ပင်ဆိုစေ


ရိုးသားဖြူစင်လွန်းလှသော ၊. လောကကိုအကောင်းဖက်အပြုဖက်ကိုသာ စဉ်းစားကြသော သူတို့ နှစ်ယောက်ကို မိတ်ဆွေသိပ်ဖြစ်စေချင်လွန်းခဲ့တာကလဲ ကျွန်တော့ရဲ့ သစ္စာ စကား အမှန် ပါ. . သူတို့နှစ်ယောက်ထဲ လေးစားစွာဆွေးနွေးနေတဲ့ အပြုသဘောဆောင်သော  စကားဝိုင်း များကိုအရမ်း မြင်ဘူးချင် ခဲ့သည်မှာလဲကျွန်ုပ်၏  သစ္စာ စကားအမှန်ပါ. . 


ဤမှန်သောသစ္စာ စကားတို့ကြောင့် အဖေနဲ့ဆရာမင်းလူတို့သည် ရောက်ရှိရာ ဘုံဘဝ မှာ.. အမုန်း အဃာတ တို့ဖြင့် ဖွဲ့စည်းထားသော လူ့အသိုင်းဝိုင်းများမှ လွတ်မြောက်ကြပါစေသတည်း. . မေတ္တာ တို့ဖြင့် ထုံမွှမ်းအပ်သော  အရပ်ဒေသတို့ တွင်သာ ရင်းနှီးကျွမ်းဝင်စွာ ရှင်သန်နိုင်ကြပါစေ သတည်းလို့ သာ မေတ္တာ ပို့ ဆုတောင်းလိုက်ရပါတော့တယ် ခင်ဗျား. . . 


ဆက်ပါအုန်းမည်


ဆရာမြိုင်


September 02, 2015


 [မှတ်မိ​မှတ်​ရာ စုစည်းမှု့များ ဘလော့ဂ်မှကူးယူပါသည်။ဘလော့ဂ်ဂါအားကျေးဇူးတင်ပါသည်။]


No comments:

Post a Comment