#ဂေါက်အိုကြီး
#ဘာသာပြန်သူ - #မောင်ထွန်းသူ
တကယ်လို့ ခင်ဗျားမှာ မိန်းမတွေကို ပရောပရီ လုပ်ချင်တဲ့ အလေ့အထ၊ တစ်နည်းအားဖြင့် ငမ်းချင်တတ်တဲ့ အလေ့အထ ရှိနေတယ် ဆိုရင်ပေါ့လေ။ အခက်အခဲဆုံး အချိန်ကာလကိုတော့ သတိထားဖို့ လိုလိမ့်မယ်လို့ ကျုပ်ပြောချင်တယ်။ ကျုပ်ရဲ့ အတွေ့အကြုံအရ အခက်ခဲဆုံး အချိန်ကာလဟာ တခြားအချိန်တော့ မဟုတ်ဘူး။ မိန်းမတွေ ခင်ဗျားကို အဖေတစ်ယောက်အရွယ်လို့ မြင်လာတဲ့အချိန်ပဲ။ အဆိုးဆုံးကတော့ ခင်ဗျားကို 'အဘိုး' တစ်ယောက်လို မြင်လာတဲ့အချိန်ပဲဗျ။ ဒါပေမဲ့ ခက်နေတာက အသက် လေးဆယ်ကျော် ငါးဆယ်အတွင်း အရွယ် ယောက်ျားတိုင်းမှာ ခေါင်းနှစ်ခေါင်း ရှိနေတတ်တဲ့ ကိစ္စပဲ။ တစ်ခေါင်းက အပြင်ခေါင်း။ နောက်တစ်ခေါင်းက အတွင်းခေါင်း။
သူ့ရဲ့ အပြင်ခေါင်းအရကတော့ မျက်နှာဟာ ပါးရေနားရေတွေ တွန့်နေပြီ။ ဆံပင်တွေလည်း ဖြူနေပြီ၊ သွားတွေလည်း ကျိုးနေပြီ။ မျက်စိတွေကလည်း မွဲနေပြီ၊ ဒါပေမဲ့ သူ့အတွင်းခေါင်းကတော့ အဲဒါတွေကို လုံးဝ လက်မခံဘူး။ သူ့အနေ့အထားဟာ လူငယ်လူရွယ် ဘဝတုန်းက အတိုင်းပဲရှိနေသေးတယ်။ ဆံပင်တွေက နက်နက်၊ မျက်နှာက ချောချော။ သွားတွေက ဖွေးဖွေး။ မျက်လုံးတွေက ကြည်လင်ဝင်းလက်နေကြတုန်းပဲ။ အဲ … ခက်နေတာက အဲဒီ အတွင်းခေါင်းပဲ။ မိန်းမတွေကို ငမ်းချင်နေတာလည်း အဲဒီအတွင်းခေါင်းပဲ။
အဲဒီ အတွင်းခေါင်းက သူ့ကို မိန်းမတွေ အားလုံးက လူငယ်တစ်ယောက်လို့ မြင်နေကြတုန်းပဲလို့ စိတ်ကူးယဉ်နေတယ်။ ဒါပေမဲ့ မိန်းမတွေက သူ့ရဲ့ အပြင်ခေါင်းကိုသာ မြင်နေကြတာဗျ။ တကယ်လို့ မိန်းမတစ်ယောက်ကို ခင်ဗျားသွားငမ်းရင်။ 'ဒီဘဲကြီးက ဘာလဲ … ဟ၊ သူ့ရုပ်ကဖြင့် စာခြောက်ရုပ်ကြီး ဖြစ်နေပြီ။ သူ့အသက်က ငါ့အဘိုးအရွယ်လောက် ရှိနေပြီဆိုတာ သူ့ကိုယ်သူမသိဘူးလား' လို့ ပြောမှာ သေချာတယ်။
အဲ … ဒီနှစ်မှာ ကျုပ်အနှစ်သုံးဆယ်နီးပါးလောက် အလုပ်လုပ်လာခဲ့တဲ့ ဆံသဆိုင်ကို ဆိုင်ရှင်က ပြင်ဆင်တိုးချဲ့ခဲ့တယ်။ မှန်တွေနဲ့ လက်ဆေးကြွေခွက်ကြီးတွေကို အသစ်ပြန်လဲတယ်။ နံရံတွေနဲ့ ဗီရိုတွေကိုတည်း ဆေးပြန်သုတ်တယ်။ နောက်ပြီးတော့ လက်နဲ့ လက်သည်းအလှပြင်ပေးဖို့ အမျိုးသမီးတစ်ယောက် တိုးပြီးခန့်ထားရင် ကောင်းမယ်လို့ပြောပြီး မိန်းမတစ်ယောက် အသစ်ခန့်ထားတယ်။ သူခန့်လိုက်တဲ့ မိန်းမကတော့ 'အိုင်အိုလီ' တဲ့။
ကျုပ်တို့ဆံသဆိုင်မှာ ဆိုင်ရှင်ပြင် ဆံညှပ် အလုပ်သမား သုံးယောက် ရှိပါတယ်။ တစ်ယောက်က နှစ်ဆယ့်ငါးနှစ်အရွယ် 'အေမာ' လို့ခေါ်တဲ့ လူရွယ်ပါ။ သူက အသားမည်းမည်းနဲ့ ဘယ်ကိစ္စမျိုးမှာမဆို အလေးအနက်ပြုတတ်တဲ့အကျင့်ရှိတယ်။ တစ်ချိန်က ရဲသားလုပ်ခဲ့ဖူးတဲ့ လူပဲ။ နောက်တစ်ယောက်ကတော့ ကျုပ်ထက် အသက်ငါးနှစ်လောက် ကြီးတဲ့ 'ဂီယက်စ်ဆက်ဗီ' ပါ။ သူက အရပ်ပုပု၊ ဝဝ ထိပ်ပြောင်ပြောင် လူတစ်ယောက်ပေါ့။ အဲ …. နောက်တစ်ယောက်ကတော့ ကျုပ်ပဲ။
ယောက်ျားတွေချည်း အလုပ်-လုပ်နေတဲ့နေရာ တစ်နေရာမှာ မိန်းမတစ်ယောက် ရောက်လာရင် ဖြစ်တတ်တဲ့ သဘာဝအတိုင်းပဲ။ ကျုပ်တို့ သုံးယောက်စလုံး အိုင်အိုလီဆီကိုပဲ မျက်စိကစားနေကြတာ ကျုပ် သတိထားမိလာတယ်။ တကယ်တော့လည်း အိုင်အိုလီဟာ မိန်းမချော်တစ်ယောက်ပါ။ တောင့်တင်းလှပပြီး ဆံပင်က နက်မှောင်မှောင်နဲ့ မဂ္ဂဇင်းမျက်နှာဖုံးမယ်တစ်ယောက် ဖြစ်နိုင်တဲ့ ရုပ်ရည်မျိုးပါ။
အိုင်အိုလီချောကြောင်း လှကြောင်း ပြောမိတော့ ကျုပ်အကြောင်းပြောပြဖို့ သတိရလာတယ်။ ကျုပ်အနေနဲ့ ကြွားတာတော့ မဟုတ်ပါဘူး။ ကျုပ်လည်းပဲ လူချောတစ်ယောက်လို့ ပြောနိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ ကျုပ်ရဲ့ ကိုယ်လုံးကိုယ်ထည်က ပိန်ပါးပါး၊ အရပ်က အမြင့်မနိမ့်။ အသွေးအရောင် ဖြူရော်ရော်နဲ့ တည်ငြိမ်အေးဆေးတဲ့ မျက်နှာပိုင်ရှင်ပါ။ မိန်းမတွေက ပြောကြတယ်။ ကျုပ်မျက်နှာဟာ စိတ်ဝင်စားစရာကောင်းတယ်တဲ့။
ကျုပ်ပိုင်ဆိုင်သမျှ အရာအားလုံးထဲမှာ အထူးခြားဆုံးကတော့ မျက်လုံးတွေပဲ။ အထူးသဖြင့် မျက်လုံးထောင့်ကပ်ပြီး စောင်းကြည့်လိုက်တဲ့အခါမှာ ပိုပြီး ဆွဲဆောင်မှုရှိတယ်။ ကျုပ်မျက်လုံးတွေက နူးညံ့ သိမ်မွေ့ရုံမကဘူး။ ခံစားမှုအပြည့်ရှိတဲ့ မျက်လုံးတွေပါ။ ကျုပ်မှာရှိနေတဲ့ အလှဆုံးအရာကတော့ ဆံပင်ပဲဗျ။ ဆံပင်က နီညိုရောင်။ သန့်စင်ချောမွေ့ပြီး လှိုင်းထနေတယ်။
ကျုပ်ရဲ့ နောက်တစ်ခု ထူးခြားချက်ကတော့ တခြားမဟုတ်ပါဘူး။ အဝတ်အစားကို အမြဲတမ်း စမတ်ကျကျ ဝတ်တတ်တဲ့ အကျင့်ပဲ။ ကျုပ်ဆိုင်အပြင်ထွက်ရင် အဝတ်အစားကို ကျကျနန ရွေးဝတ်တတ်တယ်။ ဆိုင်ထဲမှာဆိုရင်လည်း ဆံသသမားမို့ အဖြူရောင်ဝတ်ရပေမယ့် ဝတ်စားထားပုံက သန့်ပြန့်ပြီး စမတ်ကျလွန်းတော့ ခွဲစိတ်ပါရဂူတစ်ယောက်လို့တောင် ထင်လောက်ပါတယ်။ အဲဒီတော့ဗျာ။ ဒီလို ကြန့်အင်လက္ခဏာတွေနဲ့ ပြည့်စုံနေတဲ့ ကျုပ်လို လူတစ်ယောက်အဖို့ မိန်းမတွေ 'ကျ' တာ အဆန်းမဟုတ်ပါဘူး။
ကျုပ်ဘက်က အခုလို အသာစီးရမှုကလေးတစ်ခုက ရှိနေတော့ ကျုပ်ဟာ မိန်းမတွေနဲ့ ဆက်ဆံရာမှာ ရဲရဲတင်းတင်းပဲ။ ဆိုကြပါစို့ … ရဲ့။ ကျုပ်သဘောကျတဲ့ မိန်းမတစ်ယောက်တွေ့ပြီ …။ အဲဒီအခါမှာ ကျုပ်ဟာ သူ့ကို မျက်စိနဲ့ မပြတ်ကြည့်ပြီး စကားပြောတပဲ၊ အဲသလို စိတ်ဝင်တစားနဲ့အကြာကြီး … အကြာကြီး ကြည့်ပေးပြီးတဲ့နောက်မှာတော့ သူ့ကို ချဉ်းကပ်တာပဲ၊ အများအားဖြင့်တော့ ကျုပ် ချဉ်းကပ်ချိန်မှာ သစ်သီးက မှည့်နေပြီ … ဗျာ။ သိလား ကျုပ်အနေနဲ့ လက်နဲ့အသာကိုင်ပြီး ခူးလိုက်ရုံပဲ။
အိုင်းအိုလီနဲ့ ပတ်သက်လို့ ဆိုင်ထဲမှာ ကျုပ်အကြောက်ဆုံးလူကတော့ အေမာတိုပဲ။ ဒီအကောင်က လူချော လူလှလည်း မဟုတ်ဘူး။ စိတ်ဝင်စားစရာလည်း မရှိဘူး။ ဒါပေမဲ့ အသက်က ငယ်တယ် … ဗျ။ ဟို … ဂီယတ်စ်ဆက်ဗီဆိုတဲ့ ဘဲကြီးကိုတော့ ကျုပ်စာရင်းထဲ မထည့်ပါဘူး သူက ကျုပ်ထက် အသက်လည်းကြီးတယ်၊ ပြီးတော့ အရုပ်ဆိုးလိုက်တာကလည်း အလွန်ပဲ။
အိုင်အိုလီကတော့ ဆိုင်အတွင်းဘက် ထောင့်တစ်ထောင့်မှာ ချပေးထားတဲ့ သူ့ စားပွဲကလေးမှာ တစ်ချိန်လုံး ထိုင်နေလေ့ရှိပါတယ်။ အလှပြင်တဲ့သူ ရောက်မလာတဲ့အချိန်ဆိုရင် ဆိုင်ထဲမှာ ရှိနေတဲ့သတင်းစာ နှစ်စောင်သုံးစောင်ကို ဖင်ပြန် ခေါင်းပြန်ဖတ်လိုက် သူ့လက်သည်းတွေကို ပွတ်လိုက် တိုက်လိုက်နဲ့ အချိန်ဖြုန်းနေတာပဲ။
ယောက်ျားတစ်ယောက်မှာ ပါလာလေ့ရှိတဲ့ မွေးရာပါစိတ်ကြောင့် ကျုပ်မျက်လုံးတွေကတော့ အိုင်အိုလီကိုပဲ ကြည့်နေမိပါတယ်။
ဆံပင်ညှပ်မယ့်လူတစ်ယောက် ဝင်လာပြီး ကုလားထိုင်မှာ ဝင်ထိုင်လိုက်ရင် ကျုပ်က အဝတ်တစ်ထည်ကိုယူ။ ဟန်ပါပါ ဖြန့်ပြီး ဆံပင်ညှပ်မယ့်လူရဲ့ ကိုယ်ပေါ် လွှမ်းခြုံပေးလိုက်ရင်းက အိုင်အိုလီဆီကို မျက်စိတစ်ချက် ကစားလိုက်တယ်။ ဒါမှမဟုတ်လည်း … ကုလားထိုင်ပေါ်က ခေါင်းလျှော်ခံနေတဲ့လူရဲ့ ဆပ်ပြာမြှုပ်တွေ ဖုံးအုပ်နေတဲ့ ခေါင်းကို လက်နှစ်ဖက်နဲ့ ပွတ်လိုက် နှိပ်လိုက်၊ လက်သည်းတွေနဲ့ ကုပ်လိုက် လုပ်နေရင်းက အိုင်အိုလီဆီကို မကြာမကြာ မျက်စိကစားတယ်။ ဒါမှမဟုတ်လည်း ကုလားထိုင်ပေါ်က ဖောက်သည်ရဲ့ ဆံပင်တွေကို ကပ်ကျေးနဲ့ တစ်ချပ်ချပ်ညှပ်ပြီး အိုင်အိုလီကို မကြာခဏ လှမ်းကြည့်တယ်။
တကယ်လို့ အိုင်အိုလီ သူ့စကားပွဲက ထပြီး ဗီရိုဆီသွား၊ ပစ္စည်းတစ်ခုခုထုတ်၊ သူ့စားပွဲဘက်ပြန်လာစတဲ့ လှုပ်ရှားမှုတွေ ရှိနေရင်လည်း ကျုပ်မျက်လုံးတွေက သူ့ကို မျက်ခြည်အပြတ်မခံဘူး။ မှန်ထဲမှာပေါ်နေတဲ့ သူ့လှုပ်ရှားမှုဟူသမျှကို လိုက်ကြည့်နေတာပဲ။ ကျုပ်အမှန်အတိုင်း ဝန်ခံရမယ်ဆိုရင်တော့ အိုင်အိုလီဟာ သိပ်ပြီး ဖျတ်လတ်သွက်လက်တဲ့ မိန်းမတစ်ယောက်တော့ မဟုတ်ဘူးဗျ။ ရှက်သလို ရွံ့သလိုလုပ်တတ်တဲ့ အစားထဲကလည်းမဟုတ်ဘူး။ သူ့ပုံပန်းက စိတ်လှုပ်ရှားမှုမရှိသလိုပဲ။ ခပ်တည်တည် ခပ်ငြိမ်ငြိမ်နဲ့ ခပ်ထူထူ ခပ်အအပုံမျိုးပဲ။ အိပ်ချင်မူးတူးဖြစ်နေတဲ့ ကြောင်မတစ်ကောင်နဲ့ သိပ်တူတယ်။
ဘာဖြစ်ဖြစ်ပေါ့ … လေ။ အချိန်ကြာလာတော့လည်း အိုင်အိုလီဟာ ကျုပ် ကြည့်ကြည့်နေတာကို ရိပ်မိလာတယ်။ အဲဒီနောက်တော့ ကျုပ် ကြည့်ကြည့်နေတာကို လက်ခံလာတယ်။ နောက်ဆုံးမှာတော့ လက်ခံရုံတင်မကတော့ဘူး သူကပါ ကျုပ်ကို ပြန်ပြန်ကြည့်လာတယ်။ သူ ကြည့်ပုံရှုပုံကို ကျုပ် အကဲခတ်လိုက်တော့လည်း သူ့ဘက်က ပျော်စေပျက်စေ ကလက်စေဆိုတဲ့ သဘောမျိုး ရှိပုံမရဘူးလို့ ယူဆနိုင်လောက်တာလေးတွေ တွေ့ရတယ်။
အဲဒီတော့ ကျုပ်အနေနဲ့ အများပြောလေ့ပြောထရှိတဲ့ စကားအတိုင်းပဲ။ ငါ ခူးချင်နေတဲ့ သစ်သီးတော့ မှည့်နေပြီလို့ တွေးမိတယ်။ ဒါနဲ့ပဲ စနေတစ်ရက်မှာ ကျုပ်က သူ့ကို မနက်ဖြန် တနင်္ဂနွေနေ့ နေ့ခင်းမှာ သြစတီးယားဘက်သွားပြီး ရေကူးဖို့ ဖိတ်တယ်၊ သူကလည်း ချက်ချင်းပဲ လက်ခံတယ်။ ဒါပေမဲ့ သူက တစ်ခုတော့ ပြောတယ်။ သူ့ရေကူးဝတ်စုံကိုတော့ မဝေဖန်ပါနဲ့ … တဲ့။ အခု သူက တစ်နေ့တခြားဝလာတော့ အရင်က ဝယ်ထားတဲ့ ရေကူးဝတ်စုံဟာ သူနဲ့ သိပ်ကျပ်နေပြီ … တဲ့။ 'တစ်ချိန်လုံး ဆိုင်ထဲမှာ ထိုင်နေရတာကများတော့ ကျွန်မခန္ဓာကိုယ်က စည်ပိုင်းတစ်လုံးလို ဖြစ်နေပြီ' လို့ သူက ပြောတယ်။ ပြောတော့လည်း ရှက်သလို ရွံ့သလို မူယာမာယာတွေလုပ်ပြီး ပြောတာတော့ မဟုတ်ဘူးဗျ။ ရိုးသားဖြောင့်မတ်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ အပြောမျိုးပါ။ ကျုပ်ကတော့ ဒီအပြောကြောင့် သူ့ကို ပိုပြီး သဘောကျသွားတာ အမှန်ပဲ။
ဒီလိုနဲ့ပဲ ကျုပ်တို့ဟာ နောက်တစ်နေ့ နေ့ခင်းမျာ ဆန်ပအာလို ဘူတာမှာ လူချင်းဆုံကြဖို့ စီစဉ်လိုက်ကြတယ်။ ကျုပ်ကတော့ အိမ်ကမထွက်ခင် တစ်ကိုယ်လုံးကို ဟာကွက်မရှိအောင် ပြင်ဆင်မွမ်းမံမိတာပဲ။ ရေမိုးချိုး၊ မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးတွေ ပြောင်စင်နေအောင် ရိတ်၊ မျက်နှာကို အလှဆီလိမ်း၊ ဆံပင်ကို ကျကျနနဖြီး။ ဆံပင်ဖြီးတာမှ ပေါ့ပေါ့တန်တန်ဖြီးတာ မဟုတ်ဘူး။ ခေါင်းထဲမှာ ဘောက်တွေ ဘာတွေ ကပ်မနေအောင် အသေအချာကြည့်ပြီး ပြောင်စင်နေအောင် ဖြီးတာဗျ။ ပြီးတော့မှ ခေါင်းကို ရေမွှေးဖြန်း၊ လက်ကိုင်ပဝါကို ရေမွေးဆွတ်။ တစ်ကိုယ်လုံး စိတ်တိုင်းကျ ပြင်ဆင်အပြီးမှာတော့ ကောင်းပေ့ဆိုတဲ့ ရှပ်အင်္ကျီ၊ အရောင်ဖျော့ဖျော့ ဂျက်ကတ်အင်္ကျီနဲ့ အဖြူရောင်ဘောင်းဘီကို ဝတ်လိုက်ပါတယ်။
အိုင်အိုလီဟာ သိပ်ကို အချိန်မှန်ပါတယ်။ နှစ်နာရီထိုးတာနဲ့ တစ်ပြိုင်နက် ခရီးသည်တေါကြားက တိုးဝှေ့ဖြတ်သန်းပြီး ကျုပ်ဘက်ကို လာနေတဲ့ အိုင်အိုလီကို မြင့်နေရပါတယ်။ သူ့တစ်ကိုယ်လုံး အဖြူရောင်တွေ ဝတ်ထားတယ်။ အဝေးကကြည့်တော့ အရပ်က ပုပြီး ဝတုတ်တုတ်ဖြစ်နေသလိုပဲ။ ဒါပေမဲ့ နုပျိုငယ်ရွယ်ပြီး ဆွဲဆောင်မှုကတော့ အပြည့်ပါ။
'များလိုက်တဲ့ လူတွေ' လို့ သူက ကျုပ်ကို နှုတ်ဆက်ရင်းနဲ့ ပြောတယ်။
'တစ်လမ်းလုံး ကျွန်မတို့ မတ်တပ်ရပ် လိုက်ရတော့မှာပဲ'
မိန်းမတစ်ယောက်နဲ့ တွဲသွားနေရတဲ့ ယောက်ျားတစ်ယောက်မှာ သူရဲကောင်းစိတ် ဝင်နေတတ်တာဟာ ထုံးစံပဲဗျ။ အခုလည်း ကျုပ်မှာ သူရဲကောင်းစိတ်က ဝင်နေတော့ ဘာမှမပူနဲ့၊ သူ့အတွက် ထိုင်ခုံတစ်ခုံရဖို့ ကျုပ်တာဝန်ထားလို့ ပြောလိုက်တယ်။ အဲဒီတုန်းမှာပဲ မီးရထားဟာ ဘူတာထဲ ဝင်လာတယ်။ ပလက်ဖောင်းပေါ်မှာ ရပ်နေတဲ့ လူတွေဟာ အုန်းအုန်းကျွက်ကျွက်နဲ့ ရထားပေါ်ကို အပြေးအလွှား အလုအယက်တက်ကြတယ်။ တစ်ယောက်ကိုတစ်ယောက် ခေါ်ကြ အော်ကြနဲ့ ဆူညံနေတာပဲ။
ကျုပ်လည်း လူတွေကြားက အတင်းတိုးပြီး ရထားရှေ့ကို ရောက်အောင်သွားတယ်။ ရောက်လည်းရောက်ရော ရထားတံခါးကို အမိအရ လှမ်းဆွဲပြီး တိုးတက်ဖို့ အားထုတ်တယ်။ ကျုပ်ရဲ့ အားထုတ်မှုကြောင့် ရထားတွဲထဲကို ဝင်မိောတ့မလို ဖြစ်နေပြီ။ အဲဒီတုန်းမှာပဲ အသားမည်းကြုတ်ကြုတ်နဲ့ အသက် ခပ်ငယ်ငယ်ကောင်တစ်ကောင်က ကျုပ်ကို တွန်းဖယ်ပြီး ကျုပ်ကို ကျော်တက်ဖို့ လုပ်လာတယ်။ ဘာရမလဲဗျာ၊ ကျုပ်ကလည်း ပြန်တွန်းတာပေါ့။ ကျုပ်ပြန်တွန်းလိုက်တဲ့အရှိန်ကြောင့် သူ နောက်လန်သွားပြီး ကျုပ်က သူ့ရှေ့ကို ရောက်သွားတယ်။
အံမယ် …. ဒီကောင် တော်တော်အကျင့်ယုတ်တဲ့ကောင် … ဗျ။ သိလား။ ကျုပ်အင်္ကျီလက်ကို လှမ်းဆွဲပြီး ကျုပ်ကို ဖယ်ချဖို့ အားထုတ်တယ်။ ကျုပ်ကလည်း မတော်တဆလိုလို ဘာလိုလို လုပ်ပြီး သူ့ဗိုက်ကို တံတောင်နဲ့ နောက်ပြန် ဆောင့်တွတ်လိုက်တယ်။ ပြီးတော့ အရှိန်ယူပြီး ရထားတွဲထဲကို ဝင်လိုက်တယ်။ ဒါပေမဲ့ … ဗျာ၊ သိတဲ့အတိုင်းပဲ၊ အဲဒီကောင်ယုတ်မာနဲ့ လုယက်နေရတဲ့အတွက် အချိန်က အတော်ကုန်သွားတာပဲ။ ကျုပ်တွဲထဲလည်းရောက်ရော ထိုင်ခုံတစ်ခုံကလွဲပြီး ကျန်တဲ့ခုံတွေမှာ လူတွေပြည့်နေပြီ။
အဲဒီ လွတ်နေတဲ့ ခုံဆီကို ကျုပ်ပြေးသွားတယ်။ ဟိုအကောင်ကလည်း အဲဒီခုံဆီကို ပြေးတယ်။ ကျုပ်က လက်ထဲက ရေကူးဝတ်စုံကို ခုံပေါ်လှမ်းတင်ပြီး နေရာဦးလိုက်တယ်။ တစ်ချိန်တည်းမှာပဲ သူကလည်း သူ့ ဂျက်ကက်အင်္ကျီကို ခုံပေါ် လှမ်းတင်လိုက်တယ်။ အဲဒီနောက်တော့ ကျုပ်တို့နှစ်ယောက် မျက်နှာချင်းဆိုင်မိကြတယ်။
'ငါ ဒီခုံကို အရင်ဦးတာကွ' လို့ ကျုပ်ကပြောတော့'ခင်ဗျားအရင်ဦးတာလို့ ဘယ်အကောင်ကပြောလဲ' လို့ သူက မေးတယ်။
'ငါပြောတယ်ကွာ' လို့ ကျုပ်က ပြန်ပြောပြီး ထိုင်ခုံပေါ်က သူ့ ဂျက်ကက်အင်္ကျီနဲ့ သူ့မျက်နှာကို ပစ်ပေါက်လိုက်တယ်။ အဲဒီတုန်းမှာပဲ အိုင်အိုလီရောက်လာပြီး ထိုင်ခုံပေါ် စွေ့ခနဲ ဝင်ထိုင်လိုက်တယ်။
“ကျေးဇူးကမ္ဘာပဲ ကွီဂီရယ်” လို့ ကျုပ်ကို လှမ်းပြောလိုက်သေးတယ်။ ဟိုအကောင်ကတော့ သူ့ဂျက်ကက်အင်္ကျီကိုကိုင်ပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေတယ်။ အဲဒီနောက်တော့ အိုင်အိုလီကို မောင်းချလို့ မဖြစ်နိုင်တော့တဲ့ အခြေအနေကို မြင်လို့ ထင်ပါရဲ့။ ကျုပ်တို့အနားက ထွက်သွားတယ်။ ဒါပေမဲ့ သူ့ ပါးစပ်က
“သိပ်မိုက်ရိုင်းတဲ့ ဂေါက်အိုကြီး” လို့ အော်သွားတယ်။
ရထားကတော့ ထွက်ပြီ။ သံလမ်းပေါ်အတိုင်း တငြိမ့်ငြိမ့် ပြေးသွားနေတယ်။ ကျုပ်ကတော့ အိုင်အိုလီနားမှာ ရပ်လို့။ ဒါပေမဲ့ စောစောက ရှိခဲ့တဲ့ စိတ်အားထက်သန်မှုတွေကတော့ မရှိသလောက်ဖြစ်သွားပြီ။ ရထားပေါ်က ခုန်ဆင်းပြီး အိမ်ပြန်ချင်တဲ့စိတ်က ဖိစီးထားသလို ဖြစ်နေတယ်။ ဟိုကောင် ပြောသွားတဲ့ စကားလုံးတွေက တော်တော် ရင့်သီးတာပဲ “သိပ်မိုက်ရိုင်းတဲ့ ဂေါက်အိုကြီး” တဲ့။ လောလောဆယ်တော့ ကျုပ် အဲဒီစကားရဲ့ ဖမ်းစားမှုကို ခံနေရတယ်။
အမှန်တော့ ဒီစကားဟာ ကျုပ် လုံးဝမမျှော်လင့်တဲ့ စကားပါ။ ဒီကောင်ပြောသွားတဲ့ စကားလုံးတွေရဲ့ နောက်မှာ ခံစားမှုနှစ်မျိုး ဝင်လာနိုင်တာကို ကျုပ်တွေ့နေရတယ်။ သေသေချာချာ စဉ်းစားလိုက်ရင် “သိပ်မိုက်ရိုင်းတဲ့” ဆိုတဲ့ စကားလုံးတွေထဲမှာ “စော်ကားမှု” ဟာ အပြည့်အဝ ပါနေတယ်။ ဒါပေမဲ့ ကျုပ်အတွက် အန္တရာယ်ကတော့ မရှိပါဘူး။ ကျုပ်စိတ်ထဲမှာလည်း ဘယ်လိုမှ မနေပါဘူး။ အဲ … “ဂေါက်အိုကြီး” ဆိုတဲ့ စကားလုံးတွေထဲမှာတော့ “ဂေါက်” ဆိုတာက ကျုပ်ကို “အရူး” လို့ ပြောတာ။ အဲဒီအလုံးကလည်း သိပ်ပြီး ထိခိုက်စရာမတွေ့ပါဘူး။ အဲ … “အိုကြီး” ဆိုတဲ့ စကားလုံးကျတော့ ကျုပ်ရင်ထဲမှာ တစ်မျိုးဖြစ်နေတယ်။ အဲဒီစကားလုံးဟာ ကျုပ်ကို “လူအိုကြီး” လို့ ပြောတာပဲ။ ကျုပ်ကို အိုနေပြီလို့ ထောက်ပြတဲ့ စကားလုံးဖြစ်နေတာ အမှန်ပဲ။ သူ့အနေနဲ့ကတော့ အဲဒီစကားလုံး သုံးလိုက်တာဟာ ကျုပ်ကို စော်ကားချင်တဲ့ စေတနာပါပုံ မရပါဘူး။ ဒါပေမဲ့ဗျာ ကျုပ်မှာတော့ တော်တော့်ကို ထိခိုက်သွားခဲ့ရပါတယ်။
ဆိုကြပါစို့ရဲ့၊ ကျုပ်ဟာ အသက် ငါးဆယ်အရွယ် မဟုတ်ဘဲ၊ ဆယ့်ခြောက်နှစ်သား ဆိုပါတော့။ ဒီကောင် ဘယ်လိုပြောမလဲ၊ “သိပ်မိုက်ရိုင်းတဲ့ကောင်ပဲ” လို့ ပြောမှာ သေချာပါတယ်။ အခုဟာကတော့ ကျုပ်က “အိုနေပြီ” ဆိုတော့ “ဂေါက်အိုကြီး” ဆိုတဲ့ စကားကို ထည့်သုံးတာပေါ့ဗျာ။
အမှန်အတိုင်းပြောရရင်တော့လည်း သူ့အတွက်ရော အိုင်အိုလီအပါအဝင် လူတိုင်းအတွက်ပါ ကျုပ်ဟာ အဘိုးကြီးတစ်ယောက် ဖြစ်နေပါပြီ၊ တကယ်တမ်း စဉ်းစားကြမယ်ဆိုရင် ကျုပ်ရဲ့ အသက်အရွယ်ကို ထောက်ထားပြီး အိုင်အိုလီဟာလည်း ထိုင်ခုံမှာ မထိုင်သင့်ပါဘူး။ ဟိုလူငယ်အနေနဲ့လည်း နေရာကို ဘယ်လောက်ပဲ ရချင်, ရချင် ကျုပ်အသက်အရွယ်ကို ထောက်ထားပြီး နောက်ဆုံးကျရင်တော့ ကျုပ်အတွက် ဖယ်ပေးချင် ဖယ်ပေးသွားမှာပါ။
ကျုပ် အဲသလို တွေးနေတုန်းမှာပဲ ကျုပ်အတွေးကို ထောက်ခံတဲ့လူ ပေါ်လာတယ်။ အိုင်အိုလီနဲ့ မျက်နှာချင်းဆိုင် ထိုင်နေတဲ့လူပါ။ သူက ကျုပ်တို့အဖြစ်ကို မြင်လိုက်ရတဲ့လူဆိုတော့
“တော်တော်ရိုင်းတဲ့ သူငယ်ပါလား၊ ခင်ဗျားရဲ့ အသက်အရွယ်ကို ထောက်ထားပြီး ထိုင်ခုံကို လုမနေသင့်ဘူးဗျာ” လို့ လှမ်းပြောတယ်။
ကျုပ်တစ်ကိုယ်လုံး ချမ်းစိမ့်စိမ့်ဖြစ်လာတယ်။ စိတ်လည်း သိပ်ရှုပ်လာတယ်။ ကျုပ်မျက်နှာကို ကျုပ်လက်နဲ့ မကြာမကြာ စမ်းကြည့်မိတယ်။ ကြည့်စရာ မှန်ကမရှိတော့ ကျုပ်မျက်နှာ ဘယ်လောက် အိုကျနေပြီလဲဆိုတာ လက်နဲ့ ပြန်စမ်းကြည့်နေတဲ့ သဘောပါပဲ။ အိုင်အိုလီကတော့ ဘာကိုမှ သိဟန်မတူပါဘူး။ ခရီးတစ်ဝက်လောက် အရောက်မှာ သူက
“ရှင် အခုလို အကြာကြီး ရပ်နေရတာကြည့်ပြီး စိတ်မကောင်းပါဘူး” လို့ ပြောတယ်။
သူ့စကားကြားတော့ ကျုပ်မှာ အမြင်တစ်မျိုး ဝင်သွားတယ်။ ကိုယ့်စိတ်ကိုယ် မထိန်းနိုင်တော့ဘူး။
“ငါ လူအိုတစ်ယောက်ဖြစ်နေပေမယ့် နာရီဝက်ကြာကြာ မရပ်နိုင်လောက်အောင် မအိုသေးပါဘူး” လို့ ပြန်ပြောလိုက်မိတယ်။
ကျုပ်စိတ်ထဲမှာတော့ ကျုပ်က အဲသလိုပြောလိုက်ရင် အိုင်အိုလီက
“ဘယ်လို ပြောလိုက်တာလဲ ကွီဂီ၊ ရှင်လားအိုတာ၊ ရှင့်ကိုယ်ရှင် အိုလှပြီထင်နေသလား” လို့ ပြန်ပြောလိမ့်မယ်လို့ မျှော်လင့်ထားမိတယ်။
ဒါပေမဲ့ဗျာ ….
ထူလိုက် အ,လိုက်တဲ့ကောင်မ၊ ဘာတစ်ခွန်းမှ ပြန်ပြောဖော်မရဘူး။ ဒါကြောင့်မို့လည်း “ငါ လူအိုတစ်ယောက် ဖြစ်ပြီ” လို့ ပြောခဲ့တဲ့ ကျုပ်ရဲ့စကားဟာ မှန်တယ်လို့ ယူဆလိုက်ပါတယ်။
သြစတီးယား ကမ်းခြေရောက်တော့ အိုင်အိုလီဟာ အဝတ်တွေကို ချွတ်လိုက်ပါတယ်။ သူ့ကိုယ်ပေါ်မှာ ရေကူးဝတ်စုံပဲ ကျန်ပါတော့တယ်။ ငယ်ရွယ်နုပျိုမှုကို သူ့တစ်ကိုယ်လုံးမှာ ပြတ်ပြတ်ထင်ထင် မြင်နေရပါတယ်။ ကျုပ်အဝတ်လဲတဲ့ တဲထဲကို ဝင်ခဲ့ပါတယ်။ ကျုပ် ပထမဆုံးလုပ်တဲ့ အလုပ်ကတော့ နံရံမှာ ချိတ်ထားတဲ့ မှန်ကွဲတစ်ပိုင်းတစ်စရှေ့မှာရပ်ပြီး ကိုယ့်မျက်နှာကို ကိုယ်ပြန်ကြည့်တဲ့အလုပ်ပါပဲ။
ဟုတ်ပါတယ်။ ကျုပ် အိုစာကျနေတာ အမှန်ပါပဲ။ ကျုပ်ကိုယ်ကျုပ် အိုမင်းရင့်ရော်နေပြီဆိုတာ ဘာပြုလို့ မသိရတာလဲဗျာ။ တကယ်တော့ ကျုပ် အိုနေတာ ကြာလှပြီပဲ။ မျက်လုံးတွေက မှေးမှိန်နေပြီ။ မျက်လုံးပတ်ပတ်လည်မှာလည်း အရေးကြောင်းတွေနဲ့ ပြည့်နေတယ်။ ဆံပင်ဖြူတွေကလည်း ကျိုးတိုးကျဲတဲ၊ ပါးတွေကလည်းတွဲ၊ သွားတွေကလည်းဝါ၊ ကျုပ် ဝတ်ထားတဲ့ ရှပ်အင်္ကျီက လူငယ်လူရွယ်တွေသာ အဝတ်များတဲ့ ပုံဆိုတော့ ကျုပ်နဲ့ လုံးဝမလိုက်ဘူး။ ဝတ်လာမိတာ မှားလေခြင်း ရှက်စရာကောင်းလိုက်တာ။ လည်ပင်း အရေပြားတွေဆိုရင် ရှုံ့တွပြီး တွဲကျေနေကြပြီ။
ကျုပ်အဝတ်တွေကို ချွတ်လိုက်တယ်။ ရေကူးဘောင်းဘီထဲက စူထွက်ပြီး ပိန်လိုက်ဖောင်းလိုက် ဖြစ်နေတဲ့ ဗိုက်ကို ငုံ့ကြည့်မိတယ်။ တကယ့်ကို စိတ်ပျက်စရာပါလား … ဗျာ။ “ဂေါက်အိုကြီး” လို့ ကျုပ်ပါးစပ်က ဒေါသတကြီး ရေရွတ်လိုက်မိတယ်။ ကျုပ်အဖြစ် ကျုပ် ပြန်ကြည့်ပြီး အ့လည်း အံ့သြတယ်။ စိတ်လည်း မကောင်းဘူး။ ဒေါသလည်း ဖြစ်တယ်။
အဖြစ်ကတော့ အတော့်ကို ခွကျတာပဲ။ လွန်ခဲ့တဲ့ တစ်နာရီလောက်တုန်းကတော့ ကျုပ်ဟာ ကျုပ်ကိုယ်ကျုပ် အိုင်အိုလီနဲ့ ရဲ့ရဲ့ဝံ့ဝံ့ စွန့်စွန့်စားစား ချစ်တမ်းကစားနိုင်လောက်အောင် ငယ်ရွယ်နုပျိုနေဆဲလို့ ယုံကြည်ထားခဲ့တယ်။ ဟော … အခုတော့ ကျုပ်ဟာ ကျုပ်ကိုယ်ကျုပ် အိုင်အိုလီရဲ့ အဖေအရွယ်လောက် ရှိနေပြီလို့ ထင်နေတယ်။ “ဂေါက်အိုကြီး” ဆိုတဲ့ စကားလုံး သုံးလုံးကိုပဲ ကျေးဇူးတင်ရတော့မလို ဖြစ်နေပါပေါ့လား … ဗျာ။ အခုကျတော့လည်း နေ့စဉ်နဲ့အမျှ ဆိုင်ထဲမှာ အိုင်အိုလီကို အမြဲကြည့်ပြီး ငမ်းမိခဲ့တဲ့ ကိစ္စနဲ့ အခုလို အပြင်ကို ခေါ်ထုတ်လာမိခဲ့တဲ့အတွက် ကိစ္စတွေအတွက် ရှက်စိတ်ဝင်နေမိပြီ။ အိုင်အိုလီကတော့ ကျုပ်ကို ဘယ်လိုထင်မလဲ။ သူ့မျက်စိထဲမှာ ကျုပ်ဟာ ဘယ်လိုပုံမျိုးဖြစ်နေမှာလဲ။
ကျုပ်အပေါ် သူ ဘယ်လို ထင်တယ်ဆိုတာ နောက်ပိုင်းမှာ ကျုပ်သိလာရပါတယ်။ ကျုပ်တို့နှစ်ယောက်ဟာ အသက်ကယ်ကြိုးကို ဆွဲပြီး လှိုင်းစီးကြတယ်။ ပင်လယ်ပြင်ပေါ်မှာ လှိုင်းလေ ခပ်ကြမ်းကြမ်းဖြစ်နေချိန်ဆိုတော့ လှိုင်းလုံးကြီးတွေက တစ်လုံးပြီးတစ်လုံး ကျုပ်တို့အပေါ် ပိ,ပိလာနေတယ်။ လှိုင်းတစ်လုံးအောက် ရောက်သွားပြီတဲ့အခါတိုင်း ကျုပ်ဟာ အသက်မရှုနိုင်ဘဲ ဖြစ်ဖြစ်သွားတယ်။ အဲဒီအခါမှာ ကျုပ်ဟာ ကျုပ်ကိုယ်ကျုပ် “အခုလို အသက်မရူနိုင်ဖြစ်ဖြစ်ပြီး ကျန်ခဲ့တာဟာ အိုနေလို့ပဲ” လို့ စိတ်ထဲက ကြိတ်ပြီး ပြောမိတယ်။
ဒါပေမဲ့ အိုင်အိုလီကတော့ အရမ်းကို ပျော်နေတာပဲ။
“ကျွန်မရှင့်ကို အခုလို ပျော်တတ်မှန်းအစက မသိဘူး” လို့ အော်ပြောတယ်။ ကျုပ်ကလည်း
“မင်းက ငါ့ကို ဘယ်လိုလူစားလို့ ထင်နေသလဲ” လို့ ပြန်မေးတယ်။ “ကျွန်မက ရှင့်အသက်အရွယ် ယောက်ျားတွေဟာ ပင်လယ်ပြင်မှာ အခုလိုထွက်ပြီး လှိုင်းစီးတာ မကြိုက်ကြဘူးလို့ ထင်မိထားတာ” လို့ သူက ပြန်ဖြေတယ်။ ပြီးတော့ သူက ဆက်ပြောတယ်။ “အများအားဖြင့် လူငယ်ယောက်ျားတွေသာ အခုလို ဟာမျိုးကို -”
သူ့စကားမဆုံးခင် အလွန်ကြီးမားတဲ့ လှိုင်းလုံးကြီးတစ်လုံးဟာ ပြေးလာပြီး ကျုပ်တို့ကို ဖုံးအုပ်သွားတယ်။ ကျုပ်ဟာ အိုင်အိုလီအပေါ်ကို လဲကျသွားတယ်။ ကျုပ်က အိုင်အိုလီလက်မောင်းကို လှမ်းဆုပ်ပြီး ကိုယ့်ကိုယ်ကို ထိန်းထားလိုက်ရတယ်။ လုံးလုံးကျစ်ကျစ်နဲ့ သန်မာတောင့်တင်းပြီး အင်မတန် ကိုင်လို့ကောင်းတဲ့ လက်မောင်းပါလားဗျာ။ အသက်က ငယ်သေးတာကိုး။ တယ်ပြီး နွေးနွေးထွေးထွေး ရှိတာပါကလား။
ကျုပ်ပါးစပ်ထဲမှာ ဆားငံရေတွေ အပြည့်ဖြစ်နေတဲ့ ကြားကပဲ ကျုပ်က သူ့ကို အော်ပြောတယ်။ “ငါက မင်းအဖေအရွယ်လောက် ရှိနေပြီကွာ” လို့။ အိုင်အိုလီက ရယ်တယ်။ “အဖေအရွယ် မဟုတ်ပါဘူး” လို့ ပြန်အော်ပြောတယ်။ “ကျွန်မရဲ့ ဦးလေးအရွယ်လို့ ပြောပါ” တဲ့။
မင်း … ရေချိုးလို့ ပြီးသွားတဲ့အခါမှာတော့ ကျုပ်ဟာ စိတ်ကလည်း ဆင်းရဲ၊ ရှက်ကလည်း ရှက်ဆိုတော့ စကားမပြောနိုင်တော့ဘူး။ ကျုပ်ပါးစပ်ထဲမှာ အာစေးထည့်ထားတာ ခံရသလို ဖြစ်နေတယ်။ အိုင်အိုလီကတော့ ကျုပ်ရှေ့က လျှောက်သွားနေရင်းက သူ့ပေါင်နှစ်ဖက်နဲ့ ဗိုက်သားမှာ ကပ်နေတဲ့ ရေကူးဝတ်စုံ ဘောင်းဘီကို ပြန်ပြီး ဆွဲဆန့်ပေးနေတယ်။ ရေစိုနေပြီဆိုတော့လည်း ဝတ်စုံအနေအထားက မြင်ရတွေ့ရတာ မဖွယ်ရာသလို ဖြစ်နေတယ် မဟုတ်လား။
ကျုပ်ရှေ့က သွားနေတဲ့ အိုင်အိုလီဟာ သဲသောင်ပြင်ပေါ် ခြေပစ်လက်ပစ် လှဲချလိုက်ပြီး သဲထဲမှာ နှစ်ပတ်သုံးပတ် လှိမ့်လိုက်တယ်။ သဲတွေက သူ့ကိုယ်မှာ ကပ်မနေကြဘူးဗျ။ ပြန်ပြီး ကွာကျလာကတယ်။ ကျုပ်ကတော့ သူ့ဘေးမှာ ထိုင်နေတယ်။ ဒါပေမဲ့ လေငန်း အဖြတ်ခံရပြီး စကားမပြောနိုင်တဲ့ လူတစ်ယောက်လိုပဲ မလှုပ်နိုင် မရှားနိုင် ဘာစကားမှ မပြောနိုင် ဖြစ်နေတယ်။
အိုင်အိုလီဟာ ကြံ့တစ်ကောင်ထက် ပိုပြီး အရေထူတဲ့ လက္ခဏာမျိုး ရှိပုံရပေမယ့် ကြာလာတော့လည်း ကျုပ် အခြေပျက်နေတာကို ရိပ်မိသွားတယ်။ ကျုပ်ကို ဖျတ်ခနဲ လှည့်ကြည့်ပြီး နေမကောင်းဘူးလားလို့ မေးတယ်။
“နေကောင်းပါတယ်။ ငါမင့်အကြောင်း စဉ်းစားနေလို့ပါ” လို့ ကျုပ်က ပြန်ပြောတယ်။ “ဆိုင်မှာ ရှိနေတဲ့ တို့သုံးယောက်ထဲက မင်းဘယ်သူ့ကို သဘောအကျဆုံးလဲ၊ အေမာတိုလား၊ ဂီယတ်စ်ဆက်ဗီလား၊ ငါလား”
အိုင်အိုလီဟာ အချိန်အတော်ကြာကြာတွေးပြီး စဉ်းစားနေတယ်။ ပြီးတော့မှ “အင်… ကျွန်မကတော့ သုံးယောက်ထဲမှာ ရှင့်ကို သဘောအကျဆုံးပဲ” လို့ ဖြေတယ်။ ဒါပေမဲ့ ကျုပ်က မကျေနပ်ဘူး။ “အသက်အငယ်ဆုံးက အေမာတို မဟုတ်လား” လို့ ပြောတော့ သူက “ဟုတ်တယ်လေ၊ သူကတော့ အငယ်ဆုံးပဲ” လို့ ပြောတယ်။
“ငါထင်တာတော့ သူက မင့်ကို ကြိုက်နေပုံပဲ” လို့ ကျုပ်က ထပ်ပြောတော့ သူက “ဟုတ်လား” တဲ့။ “ကျွန်မကတော့ သတိမထားမိပေါင်” လို့ ဖြေတယ်။ သူ့ကြည့်ရတာ မေ့တတ်လျော့တတ်သလိုပဲ ပြီးတော့ တစ်စုံတစ်ခုအတွက် သောကရောက်နေသလိုလိုပဲ။ နောက်ဆုံးမှာတော့ သူက “ကွီဂီ …. ကျွန်မတော့ ဒုက္ခပဲ၊ ကျွန်မ ရေကူးဝတ်စုံ ဘောင်းဘီအောက်စ ချုပ်ရိုး ပြဲသွားပြီ။ ကျွန်မကို မျက်နှာသုတ်ပဝါပေးစမ်းပါ။ အခုချက်ချင်း အဝတ်လဲပစ်မှ ဖြစ်တော့မယ်” လို့ ပြောတယ်။
အမှန်အတိုင်းပြောရမယ်ဆိုရင်တော့ အဲဒီ ဘောင်းဘီပြဲ ဘေးဒုက္ခ ပေါ်လာတာကို ကျုပ် သိပ်သဘောကျသွားမိတယ်။ ချက်ချင်းပဲ လက်ထဲက မျက်နှာသုတ်ပဝါကို လှမ်းပေးလိုက်တယ်။ အိုင်အိုလီဟာ သူ့တင်ပါးနှစ်ဖက်ကို မျက်နှာသုတ်ပဝါနဲ့ ပတ်လိုက်ပြီး အဝတ်လဲတဲ့ တဲဘက်ကို ပြေးသွားတယ်။ နောက်နာရီဝက်လောက် ကြာတော့ ကျုပ်တို့ ရထားပေါ်က လူမရှိတဲ့တွဲထဲ ရောက်သွားကြပြီ။ ဖြစ်ပြီးခဲ့သမျှကို ပြန်ပြီး စဉ်းစားနေမိတဲ့ ကျုပ်ကတော့ ကျုပ်ဘက်က အားလုံးပြီးဆုံးသွားပြီလို့ သဘောထားလိုက်မိတယ်။ ဟုတ်တယ် … လေ၊ ကျုပ်ဟာ သက်ကြီးရွယ်အို တစ်ယောက် ဖြစ်နေပြီ မဟုတ်လား … ဗျာ။
အဲဒီနေ့ကစပြီး ကျုပ်ဟာ ဆိုင်ထဲမှာ နေသမျှ ကာလပတ်လုံး အိုင်အိုလီကို မျက်စိမကစားတော့ဘူး။ တခြားမိန်းမတွေကိုလည်း မကြည့်တော့ဘူး။ အိုင်အိုလီဟာ ကျုပ်ဘက်က ဖြစ်သွားတဲ့ အပြောင်းအလဲကို ကြည့်ပြီး အံ့ဩနေပုံတော့ရတယ်။ သူ့အနေနဲ့ သူ့အထင် မှန်မမှန် စမ်းသပ်တဲ့အနေနဲ့ ကျုပ်ကို တစ်ခါတလေ မကျေမနပ်မျက်နှာထားနဲ့ ကြည့် … ကြည့်နေတတ်တယ်။ ဒါလည်းပဲ ကျုပ်အထင်ဖြစ်ချင်ဖြစ်မှာပါဗျာ။
ဒီလိုနဲ့ပဲ တစ်လအချိန် ကုန်သွားခဲ့တယ်။ တစ်လအတွင်းမှာ ကျုပ် သူ့ကို လေးငါးကြိမ်လောက်ပဲ စကားပြောမိတယ်။ ဒါလည်းပဲ မေးတစ်ခွန်း၊ ခေါ်တစ်ခွန်း သဘောလောက်ပဲ ရှိပါတယ်။ ဒီအတောအတွင်းမှာ အိုင်အိုလီဟာ ဂီယတ်စ်ဆက်ဗီနဲ့ တော်တော်လေး တရင်းတနှီး တွဲနေပုံရှိတယ်။ ဂီယတ်စ်ဆက်ဗီကတော့ အိုင်အိုလီကို ဆက်ဆံရာမှာ ဖအေတစ်ယောက်လို ဆက်ဆံတဲ့သဘော ရှိပါတယ်။ အိုင်အိုလီအပေါ်မှာ မရိုးမသားစိတ်နဲ့ ငမ်းချင်တဲ့ပုံတော့ မဟုတ်ဘူးလို့ ထင်ပါတယ်။ ကျုပ်စိတ်ထဲမှာတော့ ကျုပ်ကိုယ်ကျုပ် ပိုပြီး အိုမင်းသွားသလို ခံစားနေရပါတယ်။ ကျုပ်အနေနဲပ ထုံးစံအတိုင်းပဲ ဆံပင်ညှပ်ပေးလိုက်၊ မုတ်ဆိတ် ရိတ်ပေးလိုက်၊ ဖောက်သည်တွေပေးတဲ့ ဘောက်ဆူး လက်ခံလိုက်နဲ့ ခပ်အေးအေးပဲ နေလိုက်တယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ကျုပ်ပါးစပ်က တစ်ခွန်းမှ လေသံမထွက်ခဲ့ဘူး။
ဒါပေမဲ့ … ဗျို့၊ တစ်ရက်ဆိုင်ပိတ်ချိန်မျာ ကျုပ်က ဆိုင်နောက်မှာ စတိုခန်းထဲဝင်ပြီး အဝတ်လဲနေတုန်းပေါ့၊ သဘောကောင်းတဲ့ဆိုင်ရှင်က “ကဲ … ကဲ … ငါ့လူတို့၊ ဒီနေ့ညခင်းမှာ သွားစရာ လုပ်စရာ ဘာမှမရှိကြဘူး ဆိုရင် တို့အားလုံး ညစာ စားကြရအောင်၊ ငါမင်းတို့ကို ညစာစားဖို့ ဖိတ်ပါတယ်။ တခြားကြောင့်တော့ မဟုတ်ဘူးဟေ့။ အိုင်အိုလီနဲ့ ဂီယတ်စ်ဆက်ဗီတို့ လက်ထပ်ဖို့ စေ့စပ်ပြီးသွားပြီကွ” လို့ ပြောတယ်။ ကျုပ်ဆိုင်ထဲကို လှမ်းကြည့်တယ်။ သူ့စားပွဲမှာ ထိုင်နေတဲ့ အိုင်အိုလီက ပြုံးနေတယ်။ သူနဲ့ မျက်နှာချင်းဆိုင်မှာ ရပ်ပြီး သင်ဓုန်းဓားကို သုတ်နေတဲ့ ဂီဝတ်စ်ဆက်ဗီကလည်း ပြုံးလို့ပါပဲ။ ချက်ချင်းပဲ ဆိုပါတော့ဗျာ။ ကျုပ်ရင်ထဲမှာ ရှိတဲ့ အလုံးကြီးဟာ လျှောခနဲ ကျသွားသလို ခံစားလိုက်ရတယ်။ ဟုတ်တာပေါ့။ ဂီယတ်စ်ဆက်ဗီက ကျုပ်ထက် အသက်ကြီးတာပဲ၊ ပြီးတော့ ရုပ်ကလည်း ဆိုးသလားမမေးနဲ့။ ဒါနဲပတောင်မှာ အိုင်အိုလီက အေမာတိုထက် ဂီယတ်စ်ဆက်ဗီကို ပိုပြီး သဘောကျသွားတယ် မဟုတ်လား ဒါဆိုရင် …။
ကျုပ် ဂီယတ်စ်ဆက်ဗီဆီ ပြေးသွားပြီး လက်နှစ်ဖက်နဲ့ သိမ်းဖက်လိုက်တယ်။
“ဝမ်းသာပါတယ် ဂီယတ်စ်ဆက်ဗီ၊ သိပ်ကို ဝမ်းသာပါတယ်” လို့ အားပါးတရ ပြောလိုက်ပါတယ်။ အဲဒီနောက် အိုင်အိုလီကို ဖက်ပြီး သူ့ပါးနှစ်ဖက်ကို မွှေးမွှေးပေးလိုက်ပါတယ်။ ဝမ်းသာကြောင်းလည်း နှစ်ကြိမ်သုံးကြိမ်လောက် ပြောလိုက်မိပါတယ်။ အမှန်တော့ ဆိုင်ထဲ ရှိသမျှ လူတွေထဲမှာ အဲဒီအချိန်က အပျော်ဆုံးလူဟာ ကျုပ်ပါပဲဗျာ။
နောက်နေ့ဟာ တနင်္ဂနွေနေ့ဗျ။ သိလား၊ အားရက်ဆိုတော့ ကျုပ်အပြင်ထွက်ပြီး လမ်းလျှောက်တယ်။ လမ်းလျှောက်သွားနေတဲ့ ကျုပ်ဟာ အရင်ကလိုပဲ မိန်းမတွေကို မြင်ရင် ကြည့် …. ကြည့်နေတာ သတိထားမိတယ်။ တစ်နည်းအားဖြင့် ပြောရရင်တော့ အတိတ်ကာလတုန်းကလိုပဲ ငမ်းတဲ့သဘောပေါ့။ အဲ … ကြည့်တဲ့အခါမှာလည်း တစ်ဦးချင်းစီကို စေ့စေ့စပ်စပ် ကြည့်တာပါ။ ရှေ့ကလည်း ကြည့်တယ်၊ နောက်ကလည်းကြည့်တယ်။ အဲ … နှစ်နေရာစလုံးကို ကြည့်တယ်။
-----------------
မောင်ထွန်းသူ
(Alberto Moravia ၏ Silly Old Fool ကို ဆီလျော်အောင်ဘာသာပြန်ဆိုသည်။)
[ မြန်မာဝတ္ထုတိုများပေ့ဂ်ျမှကူးယူပါသည်။ပေ့ဂ်ျအားကျေးဇူးတင်ပါသည်။]
No comments:
Post a Comment