#ငွေစိန်လှေလှော်ရင်းတက်ကျိုးခြင်း
( ဇာတ်သိမ်း)
#သိန်းဖေမြင့်
(၃)
ချိန်းထားသည့် အတိုင်း တနင်းလာနေ့ ညနေ လေးနာရီ လောက်တွင် ကျွန်တော့် အလုပ်ခန်းသို့ ထွန်းခင် ရောက်လာလေသည်။
သူသည် အင်္ကျီလက်ရှည်နှင့် ကာကီ ဘောင်းဘီရှည်တို့ကို ဝတ်ထားပြီး ဟောင်းနွမ်း၍ ခြေသန်း နေရာမှာ ပေါက်မတတ် ရှိနေသော ရှူးဖိနပ်ကို စီးထား၏။ ကျွန်တော့်ရှေ့မှာ ထိုင်ပြီး ကျွန်တော်က ဘာပြောမလဲဟု စောင့်စားရင်း ပါးစပ် ဟောင်းလောင်းသားနှင့် ငေးနေရာ ရွှေသွားကြီးများ ဝင်းနေသည်ကို တွေ့ရပေ၏။ ကျွန်တော်က ဖော်ရွေရင်းနှီးစွာ ပြုံးပြီး
"ဘယ်တုန်းက ဒီရွှေသွား တပ်တာလဲကွ"
သူက ဟဲဟဲနှင့် ရှက်သလိုလို ရွှင်သလိုလို ရယ်လိုက်၏။ သည်စကားမျိုးဖြင့် ဆွေးနွေးပွဲ စလိမ့်မည်ဟုလည်း သူ ထင်ဟန် မတူပေ။
"ကြာပါပြီ ဆရာ၊ သူငယ်ချင်း တယောက်က အကုန်ခံပြီး စိုက်ပေးတာ ဟဲဟဲ။ ဖြစ်ပုံက ရယ်စရာကြီး။ မြင့်မိုပွဲမှာ ကျွန်တော်နဲ့ သူငယ်ချင်းတယောက် လျှောက်နောက်ကြရင်း ဖြစ်တာ။ ည အိမ်နောက်ဖေးက ထမီခိုးပြီး အိမ်ရှေ့ အလံထူတာ။ အိမ်တွေမှာ တပ်ထားတဲ့ လူနာမည်၊ ကုမ္ပဏီနာမည် ဆိုင်းဘုတ်တွေ ဖြုတ်ပြီး အိမ်သာတွေမှာ ချိတ်တာ။ အစုံ နောက်ကြတာပါဘဲ။ ကျွန်တော် စာရေး ဝါသနာပါတယ်။ တိုက် ထုံးသုတ်တဲ့ စုတ်ကြီးနဲ့ လိုက်ရေးတယ်။ ကျွန်တော့် သူငယ်ချင်းက ထုံးပုံးကို ကိုင်လိုက်တယ်။ မြူနီစပယ်ကျောင်းမှာ 'အရက်ဖြူ ရောင်းရန်ရှိသည်' ဆိုတဲ့စာကို ရေးတယ်။ အိမ်ရှေ့ တွေမှာ 'ယောက်ျားသွားရန်'၊ 'မိန်းမသွားရန်' စသဖြင့် ရေးတယ်။ ကျွန်တော်နဲ့ အင်မတန်ခင်တဲ့ သူငယ်ချင်း တယောက် အိမ်မှာတော့ 'အပျိုကြီးများ ရောင်းရန်ရှိသည်' လို့ ရေးခဲ့တယ်။ သူ့အမတွေက အပျိုကြီးတွေကိုး။ လျှောက်ရေးနေတုန်း မှောင်ကွယ်ကနေပြီး လူတယောက်က အုတ်ခဲနဲ့ပစ်တာ ကျွန်တော့် ရှေ့သွားတွေ ပြုတ်ကုန်တာပါဘဲ။ နာလိုက်တာ သွေးတွေ ထွက်လိုက်တာလဲ ပြောစရာ မရှိဘူး။ မနက်ကျတော့မှ အပျိုကြီးတွေရဲ့မောင် ကျွန်တော့် သူငယ်ချင်းက ကျွန်တော်မှန်း မသိလို့ အုတ်ခဲနဲ့ ပစ်ထဲ့မိတဲ့အကြောင်း ပေါ်တော့တာပဲ။ သူ့ခမျာ ပစ်မိလေခြင်း ဆိုပြီး ယူကျုံးမရ ဖြစ်သွားပါတယ်။ ပြီးတော့ သွားဘက်ဆရာဝန်ဆီ ခေါ်သွားပြီး ကုပေးတယ်။ ရွှေသွားလဲ တပ်ပေးတယ်။ ဒါကြောင့် ရွှေသွားနဲ့ ပြောင်ပြောင်လက်လက် ဖြစ်ရတာပေါ့ ဆရာ"
သူက သူ့အဖြစ်အပျက်ကို စမြုံ့ပြန်ရင်း အတော် ပီတိဖြစ်နေဟန် တူသည်။
"တခု မေးစမ်းပါရစေအုံး။ မင်းမိန်းမက ငါ့ဆီလာပြီး အမှုအပ်တုန်းက ခါးပိုက်နှိုက်ဂိုဏ်း တဂိုဏ်းက မင်းအပေါ်မှာ ရန်ငြိုး ထားနေတယ်လို့ ပြောတယ်။ ဒါဟာ မင့်းအမှုရဲ့ အကြောင်းရင်း ဖြစ်နေတယ်။ ဘယ်လိုများဖြစ်လို့ သူတို့က ရန်ငြိုး ထားတာလဲ"
"ကျွန်တော် ကိုယ်တိုင်ကလဲ ကောင်းရောင်း ကောင်းဝယ် လုပ်ကိုင်စားချင်တယ်။ ခိုးတာ ဝှက်တာ လစ်တာ လိမ်တာ ခါးပိုက်နှိုက်တာတွေကို မကြိုက်ဖူး။ ပြီးတော့လဲ လူတဘက်သား ဒုက္ခရောက်နေရင်လဲ ကြည့်မနေတတ်ဖူး။ ဒီတော့ ခါးပိုက်နှိုက်နေတာ မြင်ရင်ဖြစ်ဖြစ်၊ နှိုက်တော့မယ့်ဟန် ပြင်နေတာဖြစ်ဖြစ် မြင်ရင် မလုပ်ဖြစ်အောင် မအောင်မြင်အောင် ကျွန်တော်က ဝင်လုပ်လေ့ ရှိတယ်။ ပြီးတော့ ခါးပိုက်နှိုက်တွေကို ဖမ်းတဲ့ဆီးတဲ့ အခါမှာလဲ အရပ်သူ အရပ်သားကိုဘဲ ဖြစ်ဖြစ် ကူညီအားပေးတယ်။ ဒီတော့ ခါးပိုက်နှိုက် ဂိုဏ်းတွေက ကျွန်တော့်ကို သူတို့ အလုပ်မှာ ဆူးညှောင့်ခလုတ်လို သဘောထား ကြတာပေါ့။ ခက်တာက ဒီကောင်တွေနဲ့ ကျွန်တော်တို့ လမ်းပေါ်က ဈေးသည်တွေကလဲ မကင်းရာ မကင်းကြောင်းလို ဖြစ်နေကြတယ်။ သူတို့က ဒီနားတဝိုက်မှာ ကျက်စားနေကြတာ မမြင်ချင်လို့လဲ မနေရ၊ မသိချင်လို့လဲ မနေရ။ မဆက်ဆံချင်လို့လဲ မနေရ။ တချို့ကတော့ အန္တရာယ်ကင်းအောင် ဆိုပြီး သူတို့နှိုက်နေတာ မြင်လဲ မျက်နှာလွှဲ နေလိုက်ကြတယ်။ ပုလိပ်က မေးလဲ မသိဘူးဘဲ ဖြေလိုက်ကြတယ်။ ကျွန်တော်ကတော့ အဲဒီလို မနေတတ်ဖူး။ နောက်တခုကတော့ ငွေစိန့်ကိစ္စ ဆရာရဲ့"
သူသည် ခရားရေလွှတ် ထွက်နေသော စကားစဉ်ကို ရုတ်တရက် ရပ်ထားလိုက်သည်။ ပြောရမှာ နောက်ဆံငင် နေ၍လော။ နားထောင်သူ ပို၍ စိတ်ဝင်စား လာအောင် ဆွဲထားခြင်းလော။
"အင်း ငွေစိန့်ကိစ္စကလဲ ပါသေးသကိုး။ ဆိုစမ်းပါအုံး ဘယ်လိုလဲ"
"ငွေစိန်က ၂၃ လမ်းထိပ်မှာ ငှက်ပျောသီးတို့ သင်းဘောသီးတို့ ရောင်းလေ့ရှိတဲ့ ဒေါ်မြရဲ့ သမီးအကြီးဆုံးဗျ။ ဒေါ်မြက မုတ်ဆိုးမလား၊ တခုလပ်လား မသိဘူး။ ကျွန်တော်တော့ ခုထိ ငွေစိန့်အဖေ ဘယ်သူဘယ်ဝါ ဆိုတာ မမေးမိဘူး။ ရှိဘဲ ရှိလေသလား။ သေဘဲ သေပြီလေလား။ ကောင်မကလေးက ချောချော၊ ဆင်းလဲဆင်းရဲ။ သူ့အောက်မှာ ခလေး သုံးယောက် ရှိသေးတယ်။ ဒီတော့ ပိုးကြပန်းကြ တော်တော်များသပေါ့ ဆရာရယ်။ ဒါပေမယ့် တည်တည်ကြည်ကြည် ပိုးတာထက် ဖျက်ဆီးဘို့ ပိုးကြတာက များတယ်။ အော်ဒါလိုက်အောင် ဆွယ်တာလဲ ရှိတာဘဲ။ မယားငယ်လုပ်ဖို့ နှူးတာလဲ ရှိတာဘဲ။ ဒီအထဲမှာ ကြောက်စရာ အကောင်းဆုံးက ကျွန်တော်ကို ရန်ငြိုးထားနေတဲ့ ခါးပိုက်နှိုက်ဂိုဏ်းထဲက ဘတုတ် ဆိုတဲ့ ကောင်ပဲ ။ ဘတုတ်က ရိုးရိုးခါးပိုက်နှိုက် မဟုတ်ဖူးး ။ ဖာခေါင်းတွေနဲ့လဲ စီးပွားရေး ဆက်ထားတဲ့ အကောင်။ သူကတော့ ငွေစိန်ကို ဖာအိမ်ရောက်အောင် ပို့မယ့် အကောင်ဘဲ။ ကျွန်တော်ကတော့ တကယ့်မေတ္တာနဲ့ အတည်ပိုးနေတယ်။ ကောင်မကလေးကလဲ ဒါကို သိပါတယ်။ ဒါကြောင့် ကျွန်တော့်ဘက် ပါလာတာပေါ့ ။ ဒါကို သိတော့ ဘတုတ်က ကျွန်တော့်ကို ခြိမ်းးလား ချောက်လား လုပ်သေးတယ်။ သို့ပေမယ့် ကျွန်တော်က ကြောက်တဲ့လူမှ မဟုတ်ဘဲ။ သူတို့လို လူမိုက် လုပ်မနေပေမယ့် သူတို့ထက် မိုက်ရဲတဲ့လူ ဆိုတာ သူတို့ သိကြတယ်။ ဒီတော့ ကောင်မကလေးကို အတင်း သုတ်ကြမယ်လို့ စီမံတယ်။ သူတို့ ကြားထဲက ငွေစိန်က အတင်းရုန်းထွက်ပြီး ကျွန်တော့်ဆီ လာခဲ့တယ်။ သူတို့ဟာ ဒါကို အခဲမကြေကြဘူး။ အကြမ်းနည်းနဲ့ မတတ်နိုင်တော့ ကျွန်တော့်ကို ကလိမ်ဥာဏ်နဲ့ ဆင်ပြီး ဂျောက်တွန်း နေကြတာပါဘဲ"
"အင်း ဟုတ်လောက်ကဲ့။ သူတို့ကို ဒီလောက်ကြာအောင် အံတုနိုင်တာ မင်းကို ချီးကျူးစရာဘဲ"
ဤလို လိပ်ပတ်လည်စွာ သိရတော့မှ ကျွန်တော်သည် ထွန်းခင်၏ အပြစ်ကင်းစင်မှုကို စိတ်ချလက်ချ နားလည်ပေတော့သည်။ ကျွန်တော့်ဆီသို့ လာ၍ မတတ်နိုင် တတ်နိုင်သော နည်းဖြင့် ရှေ့နေငှားသော ငွေစိန်ကိုလည်း အတော်အတန် နားလည်နိုင်ပေတော့သည်။
"မင်းကို အာမခံနဲ့ လွှတ်ထားအောင် ဘယ်သူ လုပ်ပေးသလဲ။ ဘယ်သူက အာမခံသလဲ"
"ဒါကတော့ ငွေစိန့် ကျေးဇူးဘဲ ဆရာရေ့။ ရုံးက အာမခံ ပေးအောင် သူဘဲ စီမံတယ်။ အာမခံတာကတော့ ကျူလယာဆိုင်က ကိုအီဘရာဟင်ဘဲဗျ။ ငွေစိန်က ပေါင်းးတတ် သင်းတတ်တယ်။ သိနေကြတာ ကြာလဲ ကြာပြီ။ ဒီလို အကျဉ်းအကျပ် ကျရင် ကျွန်တော်ကတော့ ဘာမှ မတတ်နိုင်ဘူး။ မလုပ်တတ်ဖူး။ မကြံတတ်ဖူး။ ငွေစိန်ကတော့ ကြံတတ် စည်တတ်တယ်"
သူသည် ငွေစိန့်အတွက် ရိုးရိုးသားသား ဂုဏ်ယူကြောင်း မျက်နှာမှာ ပေါ်နေသည်။
ကိုအီဘရာဟင်က အာမခံပေးသည်။ ကိုအီဘရာဟင်က ဘာကျေးဇူးကို မျှော်ကိုး၍ အာမခံ ပေးလေသနည်း။ ငွေစိန်သည် ထွန်းခင် အာမခံနှင့် လွတ်အောင် ကိုယ်နှင့် ရင်းနှီးမှု မပြုပေဘူးလား။ သည်အတွက် ကိုထွန်းခင်အား မေးရန် ဝန်လေးနေသည်။ သူ မသိဘဲ လုပ်သည် ဆိုလျှင်လည်း မကောင်း။ သူ့အား အသိပေး၍ လုပ်သည် ဆိုလျှင်လည်း မကောင်းပါချေ။
"မင်းအတွက် ရှေ့နေကော ဘယ်သူ လိုက်ပေးသလဲ"
"ရှေ့နေရယ်လို့ မငှားတော့ပါဘူး ဆရာရယ်"
"အင်း၊ မင်း အချုပ်ခံနေရတော့ ဆိုင်မဖွင့်နိုင်ဘူးပေါ့ နော်"
"ဟုတ်ကဲ့ မဖွင့်နိုင်ပါဘူး။ ငွေစိန်ကလဲ ကျွန်တော်လွတ်အောင် လိုက်လုပ် နေရတာနဲ့ ဆိုင်မဖွင့်နိုင်ဘူး။ အချုပ်ခံရတဲ့ ကျွန်တော် ကိုယ်တိုင်က ခံစားရတာထက် ငွေစိန်က ကျွန်တော့်အတွက် ပိုပြီး စိတ်သောက ရောက်နေတယ် ဆရာကြီးရဲ့။ ကျွန်တော် မလွတ်မချင်း နားကို နေဟန် မတူဘူး။ ကြံဖန်လုပ်ကိုင် နေတာဘဲ"
"ဆိုင်ပိတ်လိုက်ရင် တနေ့ဝင်ငွေ ဘယ်လောက် ထိခိုက်သွားသလဲ"
"ငါးကျပ် ခြောက်ကျပ် ထိခိုက်သွားတာပေါ့ ဆရာ။ အခါကြီး ရက်ကြီး နီးရင် တနေ့ တဆယ်လောက် ထိခိုက်တယ်"
"မင်းတို့ ဆိုင်ကလေးတွေ ဆိုရင် တဦးအရင်းငွေ ဘယ်လောက် လိုသလဲ"
"၁၅၀ိ သို့မဟုတ် ၂၀၀ိ လောက် လိုတယ်"
"မင်းတို့ ငွေချေးရသေးလား"
"အားလုံးလိုလို ချေးကြရတာပဲ ဆရာ။ နေ့ပြန်တိုး ချေးရတယ်။ တရာ ၁၅ ကျပ်တိုး၊၂၀ တိုး စသဖြင့် ချေးကြရတာဘဲ။ တနေ့ နှစ်ကျပ် ဆပ်သူဆပ်။ ငါးကျပ် ဆပ်သူဆပ်ဘဲ။ ချေးသူက အတိုးကို နှုတ်ယူထား လိုက်တယ်လေ"
"အတိုးက များလှချေကလားကွ။ အစိုးရ သတ်မှတ်ထားတဲ့ အတိုးနဲ့ ကွာလှချေကလားကွ"
"အစိုးရက သတ်မှတ်ချင်တာ သူတို့ဖာသာ သတ်မှတ် နေတာဘဲ။ ကျွန်တော်တို့ကတော့ ဒီအတိုင်းဘဲ ပေးနေရတယ်။ ဒီလိုပေါ့ ဆရာ။ ဘယ်တတ်နိုင်မှာလဲ"
ထွန်းခင်သည် အဘိဓမ္မာထုတ်၍ တရားချလိုက် ပြန်လေပြီ။
"မင်းကကော ဘယ်သူ့ဆီက ယူသလဲ"
"ကျွန်တော်တို့နဲ့ သိတဲ့ ယစ်မျိုးဘက် ပီ စီ တယောက်ဆီက ၁၅ ကျပ်တိုးနဲ့ ယူပြီး တနေ့ ၂ ကျပ် ဆပ်ရတယ်။ ဒီဌာနကတော့ အောက်ဆိုက်ရတော့ ငွေချေးနိုင်သူ ရှိတာပေါ့ ဆရာ"
"မင်းတို့ အလုပ်က တယ်မနိပ်ပါဘူးကွာ"
"ဘယ်နိပ်လိမ့်မှာတုန်း ဆရာကြီးးရဲ့ ။ မနက် ၇ နာရီက စပြီး ည ၆ နာရီထိ တနေ့လုံး ရောင်းရတာ။ မတော်တဆ စားသောက်နေတုန်း ဈေးဝယ်လာမှာ စိုးလို့ ထမင်းစားလဲ သေပြေးရှင်ပြေး စားရတယ်။ နောက်ဖေး နောက်ဖီ သွားတာတောင် ကန်တော့ပါရဲ့၊ ကုန်အောင် အားရအောင် မသွားရဲဘူး"
ကျွန်တော်က သူ၏ ကွက်ကွက်ပွင်းကွင်း ဖော်ပြမှုကြောင့် တဟားဟား ရယ်လိုက်ပြီး
"မင်းတို့ ဒီ့ပြင်အလုပ် မလုပ်ဖူးဘူးလား"
"ဟာ ဘာပြောကောင်းမလဲ ဆရာ။ အလုပ်မှ မျိုးစုံနေတာဘဲ။ မုန့်ဟင်းခါးလဲ ရောင်းဘူးတယ်။ သတင်းစာလဲ ရောင်းဘူးတယ်။ နောက်ဆုံး ဆရာ၊ ဘယ်အလုပ်မှ မဟန်လို့ တရုတ်အိမ် တအိမ်မှာ မုန့်တောင် ကြိတ်ဖူးတယ်။ တလ ခြောက်ဆယ် ရတယ်။ ထမင်းကျွေးပြီး၊ တနေ့ ဆေးလိပ်ဖိုး တမတ် ပေးတယ်။ ပင်ပန်းလိုက်တာ မပြောပါနဲ့တော့ ဆရာရယ်။ နေထွက်က နေဝင်ထိ လုပ်ရတာ။ တကိုယ်လုံး အင်ပြင်ကြီးတွေလို ထလာတဲ့ အထိပါပဲ။ ဒီလို ပင်ပန်းတော့ မယားက စားမမျိုနိုင်တော့ဘူး။ ငွေစိန် ဆိုတာလဲ အဆင်သင့်သလို လုပ်တာပါဘဲ။ ကြံပန်းခိုင်ရောင်း။ ဖရဲသီးစိတ်ရောင်း။ နောက် သူများအိမ် အစေခံတောင် လုပ်ရှာပါတယ်။ ဘယ်အလုပ်မှ မဟန်ကျဘူး။ စီးပွားဖြစ်ဖို့ နေနေသာသာ လင်မယား ဝဝလင်လင် မစားလောက်ဖူး။ လုံလုံထယ်ထယ် မဝတ်နိုင်ဘူး။ ဒါနဲ့ မဂိုလမ်းနဲ့ သိမ်ကြီးဈေးကြား ဖရေဇာလမ်းပေါ်မှာ တဝဲလယ်လယ် ဖြစ်နေတာဘဲ"
တော်တော် အချိန်ညောင်း သွားလေပြီ။ ကျွန်တော်မှာ အိမ်ပြန်ချိန် ရောက်ပြီ။ သူလည်း ဆိုင်သိမ်းရန် ပြန်ရလေဦးမည်။
"မင်း ဒါတွေ ပြောပြလို့ ကျေးဇူးတင်ပါတယ်ကွာ။ မင့်း အမှုမှာ ငါ ရှေ့နေ လိုက်ပေးပါ့မယ်။ လွတ်လဲ လွတ်ပါစေ့မယ်။ အဖိုးအခလဲ တပြားမှ မယူပါဘူး။ ကဲ သွားပေတော့။ ဒီအတိုင်း ရိုးရိုးသားသား အလုပ် လုပ်သွားပါကွာ။ ပင်ပန်းတာတော့ ဘယ်တတ်နိုင်မှာလဲ"
"ဒီလိုပေါ့ ဆရာ၊ ဘယ်တတ်နိုင်မှာလဲ။ အသက်နဲ့ကိုယ် အိုးစားမကွဲချင်ရင် အလုပ် လုပ်နေရမှာပေါ"
"အေး အေး၊ သွားပေတော့၊ သွားတော့။ ခလေး မရှိလို့ တော်သေးတာပေါ့ကွာ။ မင့်းအမှု ရက်ချိန်းနီးတော့ ငါ့ဆီတခေါက် လာခဲ့အုံးနော်"
"ဟုတ်ကဲ့ ဆရာ"
သူ၏ စကားမှာ သွက်လှသည်။ သူ၏ အမူအရာမှာလည်း အားရှိပါးရှိ နိုင်လှသည်။
သူ ထွက်သွားလေပြီ။
ကျွန်တော်သည် အမှုမှန်လျှင် အဖေ့ အမှုတောင် အလကား မလိုက်ဖူးဟု ဆုံးဖြတ်ထားသော ရှေ့နေမျိုး ဖြစ်သော်လည်း ထိုစည်းကမ်းကို ခြွင်းချက်ကလေး သွင်းရပေပြီ။ အခုလို အမှုမျိုးကိုမှ အလကား လိုက်မပေးလျှင် လူစိတ် မရှိ၍သာ ဖြစ်မည်ဟု ထင်လာလေသည်။
(၄)
တနေ့သော ညနေတွင် ကျွန်တော်၏ ရုံးခန်းသို့ ငွေစိန် မမျှော်လင့်ဘဲ ပေါက်လာလေသည်။ (မျှော်ခြင်းဘမျှော်လျှင် ထွန်းခင်ကိုသာ မျှော်ရပေမည်။) ငွေစိန်၏ အမူအရာမှာ ရေးကြီးသုတ်ပျာ နိုင်၏။ မျက်နှာမှာ ပူပင်ခြင်းဖြင့် ညှိုးနွမ်းနေသည်။ အဝတ်အစားမှာ ရိုးသားလှပေသည်။
ကျွန်တော်မှာ အလုပ်ပြီး သတင်းစာ ဖတ်နေချိန် ဖြစ်သဖြင့် အခန်းပြင်မှာ စောင့်မနေဘဲ အတွင်းသို့ ချက်ချင်း ခေါ်လိုက်သည်။
"ဘာဖြစ်တာလဲဟေ့ ငွေစိန်"
ကုလားထိုင်မှာမှ မထိုင်သေးမီ သူမက
"ကိုထွန်းခင်ကို ဖမ်းသွားပြန်ပြီ၊ ဝတ်လုံတော်ရမင်းရဲ့"
သာမန်အားဖြင့် ဖမ်းတယ်ဆီးတယ် ဆိုသော သတင်းမျိုးကို မဆိုထားဘိ၊ သေစားသေစေ ဟူသော ကြိုးမိန့် သတင်းမျိုး ကြားလျှင်ပင် အံ့ဩ ချောက်ချားခြင်း မဖြစ်သော ကျွန်တော်သည် အံ့ဩ ချောက်ချား သွားကာ
"ဟင်၊ ငါက သူ့ကို မျှော်နေတာ၊ ဘာဖြစ်လို့ ဖမ်းသွားပြန်သလဲ"
"ကိုအီဘရာဟင်က သူ့အာမခံကို ရုပ်သိမ်းလိုက်တယ်။ ဒါလဲ ဘတုတ် ခြေထိုးလို့ပါ ဝတ်လုံတော်ရမင်းရယ်"
"အင်း ဖြစ်နိုင်တာဘဲ။ နို့ အီဘရာဟင်က ဘာဖြစ်လို့ ဒီလူ ခြေထိုးတာ ခံရတာလဲ။ သူက ခိုင်မာရင် ပြီးတာဘဲ"
သူမ၏ မျက်နှာမှာ နှလုံးနာ ရွံရှာသော အရိပ်အငွေ့များ ပေါ်လာသည်။ "ဘတုတ်တို့က ခြိမ်းလား ချောက်လား လုပ်တယ်။ ကိုအီဘရာဟင်ကလဲ တမျိုးပါ ဝတ်လုံတော်ရမင်းရယ်"
အီဘရာဟင်ကား ဘယ်လိုတမျိုးလဲ။ အခွင့်ကောင်းကို အစွမ်းကုန် ညှစ်ယူမည်မှာ မုချဖြစ်သည်ဟု ကျွန်တော် တွက်မိသည်။ သူမအား မေးရမှာတော့ အားနာသည်။ သို့သော် မမေး မပြီးချေ။
"အီဘရာဟင်က နင့်ကို သိပ်ညှင်းသလား ခဏခဏ အကြပ်ကိုင်သလား"
သူမသည် ခေါင်းငုံ့နေပြီး
"ဟုတ်ကဲ့"
"အေး ဒါဖြင့်လဲ နေပစေ။ သူ အာမခံ ရုပ်သိမ်းတာ ထပ်ပြော မနေနဲ့တော့။ နောက်ထပ်လဲ အာမခံမယ့်လူ မရှာနဲ့တော့။ အမှု မြန်မြန်စစ်အောင် ငါလုပ်မယ်။ ပြီးတော့ မြန်မြန် လွတ်မှာပေါ့"
"မြန်မြန်ဆိုတောင် ကြာအုံးမှာပါ၊ ဝတ်လုံတော်ရမင်းရယ်"
"အေး နဲနဲတော့ ကြာမှာပေါ့ကွယ့်"
"အကျဉ်းထောင်ထဲမှာ သူ သိပ် ဒုက္ခရောက်နေမှာဘဲ။ ကျမလဲ အပြင်မှာ သိပ်ဒုက္ခ ရောက်မှာဘဲ"
"ဒါတော့ ဒါပေါ့လေ။ သို့ပေမယ့် တတ်နိုင်သလောက် သက်သာအောင် လုပ်နေကြရမှာပေါ့။ ဒုက္ခဆိုတာ ခုခံရင် မဆိုးလှဘူး။ ဒုက္ခကို ခုခံရင်း အရည်အခြင်း တိုးတက်နိုင်တယ်။ သူ့ဆိုင်ကိုလဲ သူ ထောင်ထဲ ရောက်တာနဲ့ ပိတ်မထားနဲ့။ ဆက်ဖွင့်မြဲ ဖွင့်ထား"
ငွေစိန်သည် အတန်ကြာ ငေးမောနေပြီးမှ သက်ပြင်းကြီး ချလိုက်သည်။
"ခက်တာပါဘဲ ဝတ်လုံတော်ရမင်းရယ်။ ကျမဖြင့် အဲဒီ အနားတဝိုက်က ထွက်ပြေးချင်ပြီ။ ဆိုင်ဖွင့်နေရင် တနည်းနည်းနဲ့တော့ နှောင့်ရှက် နေကြအုန်းမှာဘဲ။ ဖိနပ်ထဲ့တဲ့ ဗန်းကိုတောင် ညအပ်ထားတဲ့ နေရာက ခိုးယူပြီး မီးရှို့ပစ်မယ့် ကောင်တွေ၊ ကျမတော့ သူတို့အပါးက ဝေးရာသာ ပြေးချင်တာပါဘဲ"
"စဉ်းစားကြည့်စမ်း၊ ဝေးရာပြေးပြီး ဘာ သွားလုပ်မလဲ။ အလုပ်မရှိရင် နင် ဘာနဲ့စားနေမလဲ။ နင့်ယောက်ျားကို ဘယ်လို အကူအညီ ပေးနိုင်တော့မလဲ။ ဆိုင်ကိုသာ ဖွင့်မြဲ ဖွင့်နေ။ သူတို့ရန်ကို ရဲရဲဝံ့ဝံ့သာ ခုခံကာကွယ်ရမယ်"
"ခက်ပါတယ် ဝတ်လုံတော်ရမင်းရယ်။ သူတို့က သူတို့အလိုကို လိုက်အောင် နည်းအမျိုးမျိုးနဲ့"
ရှေ့ဆက် မပြောနိုင်တော့ဘဲ အသံနစ်မြုပ် သွားလေသည်။ ဝိုင်းစက် ကြည်လင်သော မျက်လုံးများတွင် မျက်ရည်များ စို့လာလေသည်။
"အေး အေး၊ ငါ သိပါတယ်ဟာ။ ဒါပေမယ့် ခုနင်က ငါပြောတာလို တွေ့မယ့်ဒုက္ခကို ငုံ့မခံဘဲ၊ ခုခံတွန်းလှန်ရင်းနဲ့ အရည်အခြင်း တိုးတက် လာလိမ့်မယ်။ ဒီတော့ ဆိုင်ဖွင့်ဘို့က လွဲလို့ ဘာမှ လုပ်စရာမရှိဘူး"
သူမသည် မျက်နှာကို ငိုက်ဆိုက်ချထားပြီး
"သူ ထောင်ထဲ ရောက်နေတုန်း ဝတ်လုံတော်ရမင်း အိမ်မှာ အစေခံ လုပ်နေပါရစေရှင်"
"ဟာ ဘယ်ဖြစ်မလဲ၊ ဒါကတော့ မဖြစ်နိုင်ဆုံး အလုပ်ဘဲ"
ကျွန်တော်၏ တိုတောင်းသော စကားများ နောက်ကွယ်တွင် ခိုင်လုံသော အကြောင်းများ ရှိသည်။ ကျွန်တော်ကား စည်းကမ်းတွေနှင့် နေသော်လည်း သာမန် လူသားသာတည်း။ သာမန် လူသား ဖြစ်သဖြင့် ရှေ့နေတယောက် အနေနှင့် အလကားမလိုက် ဟူသော စည်းကမ်းကိုပင် ချိုးဖောက် လိုက်ရပြီ မဟုတ်ပါလော။ ကျွန်တော်ကား လူလွတ်။ သူမကား ယာယီ မိန်းမလွတ်။ စ ထားသော သူမ စကားကလည်း ရှိထားပြီးသား၊ ကျေးဇူးခံ ကျေးဇူးစားလည်း ဖြစ်နေပြန်။ ဘယ်နည်းနှင့်မျှ အိမ်မှာ အတူနေ၍ မဖြစ်နိုင်ပေ။
သူမမှာ မျက်ရည်ပေါက်ကလေးများ ကျနေသည်။ ဒီအခါတော့ ချုံးချ၍ကား မငိုပါ။
"သူငယ်မ စဉ်းစားကြည့်အုံး။ ထွန်းခင်ဟာ ဒီဆိုင်ကလေး တည်ခင်းနိုင်အောင် ဘယ့်လောက် ကြိုးစားရသလဲ။ အခက်အခဲ အမျိုးမျိုးနဲ့ ဘယ့်လောက် ရင်ဆိုင်ရသလဲ။ မင်းကော ဘယ်လောက် ကူညီရသလဲ။ ဒါကလေးကို အပျက်ခံလို့ ဘယ်မှာ လင်ကိုချစ်ရာ ရောက်မလဲ။ ပြီးတော့ လူဆိုတာ အခြေပျက်စရာ အကြောင်းပေါ်ပေမဲ့ အခြေမပျက်အောင် နေနိုင်ဘို့ အားကြီး အရေးကြီးတယ်။ အခြေမပျက် နေသွားရင် လူရိုသေတယ်။ ပျက်နေတဲ့ အခြေကို ပြန်ပြီး ပြုပြင်ဖို့ လွယ်သွားတယ်။ စိတ်ကူး မလွဲနဲ့၊ ဆိုင်ကို ဖွင့်မြဲ ဖွင့်နေ။ ဟိုကောင်တွေ ရန်ကို ခံတိုက်။ ငါကလဲ မကြာခဏ မင်းတို့ဆိုင်နား လာပြီး ကိုယ်ရောင်ပြ ပြပေးမယ်။ ဒီလိုပြပေးရင် သူတို့ကို ဟန့်တားပေးရာ ရောက်သလောက် ရောက်နိုင်ပါတယ်၊ နားလည်လား"
"ဟုတ်ကဲ့"
သူမသည် မျက်ရည်များကို လက်ကိုင်ပုဝါဖြင့် ရှင်းလင်း ပစ်လိုက်ပြီးနောက် အဓိဋ္ဌာန် အပြည့်ပါသော အသံဖြင့်
"ဟုတ်ကဲ့ လုပ်ပါ့မယ်"
"အေး ပြန်တော့၊ အမှုမြန်မြန် ပြီးဘို့ကတော့ ငါ့တာဝန်ထား"
သူမသည် ထွက်ခွာရန် ဟန်ပြင်ရင်း
"ဟုတ်ကဲ့"
ယင်းသို့ ကတိပေးထား အစီအစဉ်များကြောင့် ကျွန်တော့်မှာ ထွန်းခင်၏ အမှု မြန်မြန်ပြီးရန်လည်း ကြိုးစားရသည်။ ငွေစိန်၏ ဗန်းထိုးဆိုင်ကလေး ရှေ့မှာလည်း မကြာခဏ ကိုယ်ရောင် ပြရလေသည်။
အမှုမြန်မြန် စစ်ပါရန် ဆိုင်ရာ တရားသူကြီးအားလည်း အကျိုးသင့် အကြောင်းသင့် လျှောက်ထားရသည်။ စာရေးကြီးများအားလည်း ချော့ရ၊ လှုံ့ဆော်ရသည်။ စီ ပီ အို အားလည်း တောင်းပန်ရလေသည်။ ကျွန်တော့် စိတ်ထင် အားလုံးကလည်း ကျွန်တော့် စေတနာကို သိပြီး အမှု အမြန်ပြီးအောင် ကူညီကြပါသည်။
သို့သော် လက်ရှိ အခြေအနေတွင် အမှုအမြန်ပြီးရန်သည် အခက်ဆုံး အလုပ်တခု ဖြစ်နေပေသည်။ ရုံးတိုင်းလိုလို အမှုတွေ ထူနေသည်။ ရုံးမင်းများမှာ ပြီးပြီးပြတ်ပြတ် စီရင်ချမှတ်ရခြင်းထက် တန်းလန်းထားခြင်း ရွှေ့ရခြင်းက များနေသည်။ တပြည်လုံး နေရာတကာမှာ ပုလင်းလည်ပင်းမှာ တစ်ဆို့နေသလို တစ်ဆို့ နေခြင်းတွေ များနေရာ တရားရုံးများမှာ အဆိုးဆုံး ဖြစ်နေသည်။ ဥပဒေ ပြင်ဆင်ချက်များမှာလည်း စက်ရုံကြီးက ထုတ်လုပ်နေသလို ထွက်နေသဖြင့် တရားသူကြီးရော ရှေ့နေရှေ့ရပ်များပါ မျက်စိလည်စရာ ဖြစ်နေပေသည်။
အမှုမမြန်ခြင်းအတွက် အချို့က တရားသူကြီးများကို အပြစ်ဆိုကြသည်။ ကျွန်တော်ကား သူတို့အား အပြစ်ဆိုရန် ကြီးမားသော အကြောင်းများ မတွေ့ပါ။ တရားကုလားထိုင်မှာ ထိုင်ချိန်နည်းသဖြင့် အလုပ်နည်းသည်ဟု မဆိုသာပါ။ အတွင်းခန်းထဲမှာ အလုပ်တွေ ပုံနေသည်။ အိမ်မှာယူပြီး လုပ်ရသေးသည်။ ကိုယ်တိုင် လက်နှိပ်စက် ရိုက်ပြီး စီရင်ချက် ရေးရသည်။ သည်အထဲ အစိုးရမင်းများက ခိုင်းသော အပြင်ဗာယီယ အလုပ်များကလည်း ပေါများလှသေး၏။ တရားဥပဒေနှင့် အသက်မွေး ကြရသော ပညာရှင် အချင်းချင်းမို့ ကိုယ်ချင်းစာနိုင်ခြင်း ဖြစ်သည်ဟု ယူဆလိုက ယူဆနိုင်ကြပါသည်။
သို့ဖြင့် အမှုမှာ ထွန်းခင် ထပ်မံ အချုပ်ခံရသည်က စ၍ ရေတွက်သော် ခြောက်လခန့်သာ ကြာ၍ သက်သာသေး၏ဟု ထင်ရပေ၏။
ထို ခြောက်လအတွင်း ငွေစိန်နှင့် မကြာခဏ တွေ့ရပေ၏။ အမှုချိန်းရက်များကို ကျွန်တော့် ဒိုင်ယာရီမှာ မှတ်သား ထားသော်လည်း ငွေစိန်ကမူ အလုပ်ခန်းသို့ လာ၍ သတိပေးလေ့ ရှိ၏။ ကျွန်တော် အလုပ်များ နေသည်နှင့် ကြုံလျှင် အပြင်က ကိုယ်ရောင်ပြ၍ ပြန်သွားလေသည်။ အမှုချိန်းရက်များတွင်ကား ရုံးသို့ ရောက်လာ၏။ သူ့လက်ထဲမှာ သူ့ယောက်ျား စားစရာများနှင့် ထောင်ထဲမှာ လိုသော အခြား ပစ္စည်းများကို ယူလာလေ့ ရှိ၏။ ထောင်သို့လည်း တနင်္ဂနွေတပတ် တကြိမ်ထက် မနည်း ရောက်သည်ဟု သိရပေသည်။
ကျွန်တော်ကလည်း ငွေစိန့်ဆိုင်သို့ တပတ် တခါလောက် ရောက်ကာ ကိုယ်ရောင် ပြလေသည်။ ကျွန်တော် အရှိန်အဝါကြောင့်ဟု ထင်ရသည်။ ယခုထိ ငွေစိန်အား ဘတုတ်တို့ လူစုက နှောင့်ရှက်သည်ဟု မကြားရပေ။
ငွေစိန်သည် ကျွန်တော့်ထံသို့လည်း လက်ဆောင်ကလေး ယူလာတတ်သည်။ အထူးချုပ်ထားသော ပိန်းတန်းဖိနပ်၊ ချယ်ရီသား လက်ကိုင်တုတ် စသည်တို့ ဖြစ်သည်။ ကျွန်တော်က ခါးခါးသည်းသည်း ငြင်းလိုက်သောအခါ ငွေစိန်မှာ မျက်နှာ မသာမယာ ဖြစ်ရရှာသည်။ အမှုပြီးလျှင် ချယ်ရီသားတုတ်ကို လက်ခံမည်ဟု ပြောထားရသည်။
ငွေစိန်ကို တွေ့ရတိုင်း သူ့ အသွင်အပြင်နှင့် အမူအရာများကို သေချာစွာ အကဲခပ် ကြည့်ရသည်။ ဒုက္ခတွေကို ခုခံ တိုက်ခိုက်ရင်း ဖြတ်လမ်းသို့ လိုက်သွားလေပြီလား။ ကျွန်တော့် အလုပ်ခန်းမှာ၎င်း၊ တရားရုံးမှာ၎င်း၊ တွေ့ရသော အခါများ၌ အသွင်အပြင် အဝတ်အစားတွင်လည်း တိမ်းပါးသည်ကို မတွေ့ရ။ အမူအရာတွင်လည်း ချွတ်ချော်သည်ကို မတွေ့ရ။ ရိုးရိုးသားသား လုပ်ကိုင် စားသောက်သော ငွေစိန်ပင်။ သူ့ဆိုင်တွင် တွေ့သော အခါများ၌ကား အနည်းငယ် မသင်္ကာစရာများကို တွေ့ရတတ်သည်။ ယမန်နေ့ညက အလွန်အကျွံ လိမ်းကျံ ခြယ်သထားခြင်းများ၏ အစွန်းအစများ တွေ့ရတတ်သည်။ မှိုင်တွေရီဝေသော မျက်နှာကို မြင်ရလျှင်လည်း ညက အိပ်ရေးများ ပျက်ထားလို့လားဟု စိုးရိမ်မိသည်။ သို့သော် တနေ့လုံး ငုတ်တုတ်ထိုင်၍ ဈေးရောင်း နေရသူအဖို့ အဘယ်မှာ ကြည်လင်ဖျတ်လတ် နိုင်အံ့နည်း။ တခါတရံ ဆိုင်မဖွင့်ဘဲ ထားသည်နှင့် ကြုံရတတ်သည်။ နောက် တွေ့၍ မေးကြည့်လိုက်သော အခါမှာမူ သူပေးသော ဆင်ခြေများ ဖူလုံကြောင်း တွေ့ရသည်။
တနေ့ သူ့ဆိုင်မှာတွေ့တော့ ငွေစိန်သည် ခါတိုင်းထက် ရွှင်ပျဖျတ်လတ် နေသည်ကို တွေ့ရလေသည်။ ကျွန်တော့်အား မြင်သည်ဆိုလျှင်ပင် အောင်မြင်မှုဖြင့် တက်ကြွသော အမူအရာ မျက်နှာတို့ဖြင့်
"ဆရာကြီး။ ကျမ လုပ်လိုက်တာ ဘတုတ်တို့လူစု ဝပ်ကျသွားပြီ"
"အင်း၊ ကောင်းတာပေါ့။ ဘယ်လိုများ လုပ်လိုက်သလဲ"
"ရှုပ်ပါတယ် ဆရာကြီးရယ်၊ နားမထောင်ချင်ပါနဲ့"
"ဟဲ့၊ နင်တို့ အရှုပ်လောကကြီးထဲ နင်တို့လင်မယား သံယောဇဉ်ကြောင့် ငါ ခြေတဖက် ဝင်နေပြီဘဲ၊ ငါ သိချင်တာပေါ့"
"ဟာ၊ မသိချင်ပါနဲ့ ဆရာကြီးရယ်။ ဆရာကြီး စိတ်အေးအေးသာ နေပါ။ ကျမကို စောင့်ရှောက်တဲ့ သဘောနဲ့ ခုလို လာလာပြီး ကိုယ်ရောင်ပြတဲ့ ဒုက္ခလဲ ငြိမ်းပြီ။ ဆရာကြီး ဒုက္ခမခံ ပါနဲ့တော့"
"ငါကတော့ ဒုက္ခလို့ မအောက်မေ့ဘူး ။ လောက ဗဟုသုတလို့ဘဲ အောက်မေ့တယ်။ ဟိုကောင်တွေ ဝပ်သွားအောင် ဘယ်လို လုပ်လိုက်တယ် ဆိုတာတော့ သိချင်တယ်"
ထိုအတွင်း ဈေးဝယ်တယောက် ဝင်လာလေသည်။ ထို့ကြောင့် စကား ဆက်မပြောသာပြီ။ ကျွန်တော်က ထွက်သွားတော့မည့် ဟန်ပြင်ဆဲ ငွေစိန်သည် ဈေးဝယ်သူအား ဖိနပ်များ ရွေးနေစေပြီး ကျွန်တော့်ဘက်သို့ လှည့်၍
"ဆရာကြီး စိတ်အေးအေးသာ နေပါ။ ကျမက သူတို့ထက် မညံ့ပါဘူး။ သူတို့ကို နိုင်တဲ့ လူတွေနဲ့ ပစ်ပေါင်းပြီး နှိမ်လိုက်တာပေါ့"
'မှတ်ကရော့'။ ကျွန်တော်သည် စိတ်ထဲမှာ ဤသို့ ရေရွတ်မိလေသည်။ ငွေစိန် ပစ်ပေါင်းသည့် နည်းများသည် အရင်းမကြီးလေသော နည်းများ ဖြစ်ပါစေတော့ဟု ဆုတောင်းရင်း အိမ်သို့ ပြန်ခဲ့သည်။
သည်လိုနှင့် အမှုစီရင်ချက် ချသောနေ့သို့ ရောက်ခဲ့လေ၏။
တရားခံ၊ တရားလို၊ ရှေ့နေ၊ ရှေ့ရပ်နှင့် အသိုင်းအဝိုင်းများ အားလုံး စုံညီစွာ တရားရုံးတော်သို့ ရောက်လာကြ၏။ ငွေစိန်တယောက် ပေါ်မလာ။ ကျွန်တော်ကတော့ အတော်ပင် စိုးရိမ်သည်။ ဤမျှ ချစ်မြတ်နိုးအပ်သော သူ့လင်ကို လက်ထိပ် ဖြုတ်ချိန်တွင် ဝမ်းသာအားရ ဆီးကြိုရန် ငွေစိန်သည် မည်သည့် အခက်အခဲမဆို ချေဖျက်ရန် ကြိုးစားမည်မှာ မုချပင်။ မချေဖျက်နိုင်သော အခက်အခဲ ရှိ၍သာ မလာရောက်ခြင်း ဖြစ်လိမ့်မည်။ ထွန်းခင်ကတော့ ငွေစိန် အလုပ်ရှုပ်နေလို့ မလာတာ ဖြစ်ပါလိမ့်မည်ဟု သူ့ကိုယ်သူ နှစ်သိမ့်လေသည်။ ငွေစိန် အလုပ်ရှုပ်သမျှသည် ထွန်းခင် အတွက်သာ ဖြစ်သည်ဟု သူက ယုံကြည်ပြီး ဖြစ်သည်။
ကျွန်တော် ကြိုတင်၍ သူတို့လင်မယားအား ပြောထားသည့် စကားအတိုင်း ထွန်းခင်မှာ ကွင်းလုံးကျွတ် လွတ်လေသည်။ သို့သော် သူ့ခမျာ ကိုအီဘရာဟင် အာမခံ မပေးမီက တလ၊ ကိုအီဘရာဟင် အာမခံ ရုပ်ပြီးနောက် ခြောက်လ အချုပ်ခံခဲ့ရရှာသေးသည်။
"ကဲ၊ မင့်းမိန်းမဆီ လိုက်သွားပေတော့။ နောက်ပြီးတော့ ငါ့ဆီကို အကျိုးအကြောင်း လာပြောအုံး"
"ဟုတ်ကဲ့ ဆရာ။ ကျွန်တော် ဘယ်အချိန် ဘယ်ကို လာခဲ့ရမလဲ ဆရာ"
"အင်း၊ မင်းတို့ လင်မယားကတော့ ငါ့အမှုသည် ရိုးရိုး မဟုတ်တော့ဘူး။ ဒီတော့ မင်းတို့ လာချင်တဲ့ အချိန်မှာ လာချင်တဲ့နေရာ လာခဲ့ပေတော့။ အိမ်ကိုလဲ လာနိုင်တယ်"
"ဟုတ်ကဲ့ ဆရာကြီး"
သူ အသော့ ထွက်ခွာသွားပုံကို နောက်ကကြည့်ပြီး
ခရီးကနဲ ထိုးပျံထွက်သွားသော ငှက်ကလေးလို မျက်စိထဲမှာ မြင်နေလေသည်။
(၅)
နောက်တနေ့ နံနက်တွင်ကား ကျွန်တော် နံနက်ခင်း လမ်းလျှောက်ရာမှ အပြန်တွင် ထွန်းခင်သည် ကျွန်တော့်အိမ်သို့ ရောက်နေနှင့်သည်ကို တွေ့ရလေ၏။
ထွန်းခင်က ထ၍ ဆီးကြိုသည်။ ထွန်းခင် တယောက်ထဲဘဲ ဖြစ်သည်။ များစွာစိတ်ပျက်သည့် လက္ခဏာကိုလည်း ဆောင်နေ၏။ စားပွဲပေါ်တွင် ငွေစိန် တခါတုန်းက လက်ဆောင် အဖြစ်ဖြင့် ယူလာသော ချယ်ရီသား လက်ကိုင်တုတ်ကို တင်ထားသည်။ ငွေစိန်သာ လိုက်လာခဲ့နိုင်လျှင် သူတို့ လင်မယားသည် လက်ကိုင်တုတ်ကို ကန်တော့ပွဲအဖြစ် ထား၍ ကျွန်တော့်အား ကန်တော့ကြ ပေလိမ့်မည်။ ကျွန်တော်သည် ကျွန်တော့် လက်က ကြိမ်တုတ်ကောက်ကို ချယ်ရီတုတ် ဘေးမှာ ယှဉ်၍ ချထားလိုက်သည်။ ကုလားထိုင် ဆွဲထိုင်ရင်း
"ထိုင်ကွာ ထွန်းခင်၊ အေးအေးသက်သာ ပြောကြတာပေါ့"
ထွန်းခင်မှာ လက်ကြိုး ခြေကြိုး ပြတ်နေသော အရုပ်ကြီးလို ထိုင်နေသည်။
ကျွန်တော်သည် နံနက်ခင်း ဆောင်းသော အဝတ်ပျော့ ဦးထုပ်ဝိုင်းကလေးကို စားပွဲပေါ် ပစ်တင်လိုက်၏။ နောက် ရွက်ထည်ဖိနပ်နှင့် ခြေအိတ်များကို ချွတ်ပစ်လိုက်သည်။ ပြီးတော့မှ
"ကဲ ဘယ်လို ဖြစ်သတဲ့လဲ။ ပြောစမ်းပါအုံး"
"ဟောဒီ စာကလေး ဖတ်ကြည့်ပါတော့ ဆရာကြီးရယ်"
သူ့အသံကား ကွဲအက်နေသည်။ အတွင်းက အသဲနှလုံး ကွဲအက်ခြင်း၏ ပဲ့တင်သံပင် ဖြစ်အံ့ထင်သည်။
ဗလာစာအုပ်ထဲမှ ဆွဲဆုတ်ထားသော စက္ကူတွင် လွတ်ရာမှာ ရေးထားသော စာဖြစ်လေသည်။
အကို့ထံ စာရေးခဲ့ပါသည်။
ကျမတော့ ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုး ဆိုတာလို ဖြစ်ရပါပြီ။ ကျမကတော့ အကိုနဲ့ မထိုက်တန်တော့တဲ့ ဘဝထဲ ရောက်သွားပါပြီ။
အကို ရင်းနှီးစားဘို့ ငွေ ၂၀၀ိ ထားခဲ့တယ်။ ဆရာကြီး ပြောထားလို့ အကို လွတ်မယ်ဆိုတာ စိတ်ချတယ်။ ဆရာကြီးဆီ သွားပြီး အဲဒီ လက်ကိုင်တုတ်ကို ကန်တော့လိုက်ပါ။
ဖိနပ်တချို့နှင့် ဗန်းလဲ အမေတို့ဆီမှာ အပ်ထားတယ်။
ကျမတော့ ခုလိုဖြစ်ရတာ အမေ့ကိုတောင် မရှက်ပါဘူး။ အကိုနဲ့ ဆရာကြီးကို အရှက်ဆုံးဘဲ။
ငွေစိန်
ကျွန်တော်သည် စာကို ဖတ်ပြီး သက်ပြင်းကြီး ချလိုက်မိ၏။ ထွန်းခင်ကား ငေးမှိုင်၍သာ နေလေသည်။
"စိတ်လဲမရှိနဲ့ ထွန်းခင် ငါ တခု မေးချင်တယ်။ ငါက ငွေစိန်အကြောင်း အမှန်အတိုင်း သိချင်လို့ မေးတာ။ သူ့ကို အထင်သေးလို့ မဟုတ်ဘူး"
"မေးသာမေးပါ ဆရာ"
"ငွေစိန်ဟာ ဖောက်ပြား လော်လည်တတ်တဲ့ ဥာဉ်မျိုး ရှိသလား"
"မရှိပါဘူး ဆရာ။ အပျိုဘဝတုန်းကလဲ ဒါမျိုး မရှိဘူး။ ကျွန်တော်နဲ့ ညားတော့လဲ လုံးဝမရှိဘူး"
"ရာဂစိတ် လွန်ကဲတယ်လို့ကော ဆိုနိုင်သလား"
"လုံးလုံး မဆိုနိုင်ဘူး ဆရာကြီးရဲ့။ ကျွန်တော် အသိဆုံးပါ"
"အေး ငါလဲ ဒီလိုဘဲ ထင်တာပဲ။ နေပါအုံး မင့်းအမှုမှာ ရှေ့နေလိုက်ငှားတာ၊ အာမခံရအောင် လုပ်တာ၊ အစစ အရာရာ အဆင်ပြေအောင် လုပ်တာ ဘယ်နည်းနဲ့ ငွေစိန်လုပ်တယ် လို့ကော မင်း သိသလား"
ထွန်းခင်သည် ကျွန်တော့် အမေးကြောင့် ခပ်တွေတွေ ဖြစ်သွားလေသည်။ အတန်ကြာတော့မှ
"မသိဘူး သိတယ်လို့ ဖြေရမလို ဖြစ်နေလို့ ဆရာကြီးရဲ့။ ငွေစိန်ဟာလေ တခုခု လုပ်မယ်ဆိုရင် ဘယ်နည်းနဲ့ဖြစ်ဖြစ် ဖြစ်အောင် လုပ်တတ်တယ်။ ကျွန်တော်က မေးပါသေးရဲ့။ 'ငွေစိန် မင်း ဘယ်နည်းနဲ့ ပြီးအောင် လုပ်လာခဲ့သလဲ' လို့ မေးတော့ ဒီတော့ ငွေစိန်က 'အကိုရယ်၊ ဘယ်နည်းနဲ့ ပြီးပြီး ပြီးတာသာ လိုရင်း မဟုတ်လား။ မေးမနေပါနဲ့' လို့ ပြောတယ်။ ကျွန်တော့် စိတ်ထဲမယ် မဟုတ်တယုတ် နည်းတွေနဲ့ သူ လုပ်ခဲ့လေသလားလို့ စိုးရိမ်မိပါသေးရဲ့။ သို့ပေမယ့် ဒီ့ထက်ပိုပြီး မမေးရဲဘူး။ မေးလဲ မမေးရက်ဘူး။ စိုးရိမ်တဲ့အတိုင်း ဟုတ်နေရင်လဲ အခက်။ မဟုတ်ရင်လဲ ဂွ။ ဒီတော့ ဒီလိုဘဲ နေလိုက်ရတော့တာဘဲ။ လက်တွေ့ အခြေအနေနဲ့ ကြည့်လိုက်ပြန်တော့လဲ ကျွန်တော်တို့ လင်မယားမှာ ကိစ္စအောင်မြင် ပြီးစီးတာက ပဓာန ဖြစ်နေတယ်။ ဘယ်နည်း ဘယ်လမ်း ဆိုတာက အရေးမကြီးတော့ဘူး"
"အေး၊ အေး။ ငါ နားလည်ပါတယ်ကွာ။ တကယ်လို့ ခုနေ မင်း သူ့ကို ပြန်တွေ့ရင် သူ့အဖြစ်ဆိုးတွေကို လုံးလုံးခွင့်လွှတ် နိုင်ပါ့မလား"
စိတ်ပျက်လက်ပျက် မှိုင်တွေကျနေသော ထွန်းခင်သည် အသက်ဝင်၍ တက်ကြွလာပြီး
"ဘယ့်နှယ် ပြောလိုက်ပါလိမ့် ဆရာရယ်၊ ခွင့်မလွှတ်နိုင်ဘဲ ရှိပါ့မလား။ သူဟာ ဘယ်ဘဲ ရောက်နေနေ၊ သူ့အချစ်ဟာ ကျွန်တော့်ဆီမှာပဲ ရှိနေမှာဘဲ။ ဒါကို ကျွန်တော် လုံးဝ ယုံကြည်စိတ်ချတယ် ဆရာကြီးရဲ့။ ခက်နေတာက သူ့ကိုတွေ့ဘို့ လမ်းစ ပိတ်နေသလို ဖြစ်နေတယ်။ သိရင် ခုချက်ချင်း သွားခေါ်မှာဘဲ"
ကျွန်တော်လည်း ငွေစိန်အား ရှာဖွေပြီး ထွန်းခင်လက်သို့ အပ်လိုသည်။ ငွေစိန်လို အဖိုးတန်သော မိန်းကလေး တယောက်သည် ထွန်းခင်လို ရိုးသားသော သူနှင့်သာ ထိုက်တန်သည်။ ငွေစိန်သည် မစင်ပုပ်ထဲမှာ မနစ်မွန်းထိုက်။
"ဟေ့ ထွန်းခင် သူ့စာထဲမှာ ဒီလို ဆိုထားတယ်ကွ။ 'ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုး' တဲ့။ သူ ငါ့ကို ပြောဘူးတာက ဘတုတ်တို့ကို ဝပ်သွားအောင် သူလုပ်လိုက် သတဲ့။ လုပ်လိုက်တာကလဲ ဘတုတ်ကို နိုင်တဲ့လူတွေနဲ့ ကပ်ပေါင်းပြီး လုပ်လိုက်တယ် ဆိုဘဲ။ ဒီကောင်တွေကို ဘယ်နည်းနဲ့ ကပ်ရမယ် ဆိုတာ တွေးကြည့်ပေတော့။ ဒီလူမျိုးတွေ ကလဲ လူအားသာမက၊ ငွေအားလဲ ကောင်းလိမ့်မယ်။ မျက်နှာကြီးတွေနဲ့လဲ အဆက်အသွယ် ပိုကောင်းလိမ့်မယ်။ အဲဒီတော့ ငွေစိန် ရှိမယ့်နေရာဟာ ဘတုတ်တို့ဂိုဏ်းကို ကတုံးပေါ် ထိပ်ကွက်နိုင်တဲ့ ဂိုဏ်းတွေဘဲ ဖြစ်မယ်ကွ"
"ဟာ ဆရာကြီး ကျွန်တော်သိပြီ။ စောစောကတော့ ထူပူနေပြီး မစဉ်းစားတတ်ဖူး။ ကျွန်တော် တွေ့အောင်ရှာပြီး ကယ်ယူမယ်"
"အေး တွေ့အောင်ရှာပြီး ကယ်ယူပါကွာ။ ငွေစိန်ဟာ ဒီအဖြစ် မရောက်အောင် ရုန်းကန်ရင်း မင်းအတွက် ကြိုးစားရင်း၊ လှေလှော်ရင်း တက်ကျိုး သွားတာပါကွာ"
"ပြန်တွေ့ရင်လဲ ကျွန်တော် သိမ်ကြီးဈေးနား တဝိုက်မှာ မနေတော့ဘူး ဆရာ။ ထောင်ထဲမှာ အချုပ်ခံနေရတဲ့ သူဌေး တယောက်နဲ့ ခင်ခဲ့တယ်။ သူက ကျွန်တော်တို့ နှစ်ယောက်စလုံး အတွက် အလုပ်ပေးမယ်တဲ့။ အဲဒီအလုပ်ကိုဘဲ သွားလုပ်တော့မယ်။ လမ်းပေါ်ဈေးသေည် ဘဝက ဝေးရာ ရှောင်တော့မယ် ဆရာကြီး"
"အေး အေး၊ ဝေးရာ ရှောင်နေဘို့ဘဲ ကောင်းတော့တာပါဘဲ။ ဒါပေမယ့် ဒါကို နောက်မှ စဉ်းစားကြတာပေါ့ကွာ။ ခု အရေးကြီးတာက ငွေစိန်ကို တွေ့အောင်ရှာပြီး ဖြစ်အောင် ကယ်တင်ဘို့ပဲ။ မုန်တိုင်းကြားမှာ လှေလှော်ရင်း တက်ကျိုးနေတယ်။ ဘယ်လောက် လှိုင်းလေထန်ထန်၊ ဘယ်လောက် အန္တရာယ်များများ ငွေစိန့်ဆီ မင်း အရောက်သွားပြီး ကယ်လိုက်ပါကွာ"
"စိတ်ချပါ ဆရာကြီးရယ် ကျွန်တော့်အသက် စွန့်ရစွန့်ရပေါ့။ ဒီတခါ ကျွန်တော့် အလှည့်ပဲ"
"ကဲ သွားပေတော့၊ ငါလဲ ရေချိုးအုံးမယ်"
ပြောပြောဆိုဆို ကျွန်တော်သည် ထိုင်ရာမှ ထလိုက်သည်။ အစေခံ တယောက်ကို ခေါ်ပြီး ခုံဖိနပ် တောင်းလိုက်သည်။ သူသည်လည်း ထိုင်ရာမှထပြီး ချယ်ရီသား လက်ကိုင်တုတ်ကို ယူကာ ကျွန်တော့်ရှေ့မှာ ချ၍ ဝပ်ချလိုက်သည်။ ငွေစိန်သာ ပါလျှင် နှစ်ယောက်ပြိုင်တူ ဝပ်ချ၍ ကျွန်တော့်အား ကျေးဇူးတင်ကြောင်း ပြကြပေလိမ့်မည်။
ကျွန်တော် ရင်ဆို့လာ၏။ ကြည်နူးခြင်း ပီတိအဟုန်ဖြင့် ရင်ဆို့ခြင်းသာ ဖြစ်ပေသည်။ ငွေ ၂၀၀ိ ရှေ့နေခ ရခြင်းထက် ကြည်နူးဘွယ် ကောင်းသည် မဟုတ်ပါလား။ ဤသို့သော ကြည်နူးခြင်း ပီတိအဟုန်ကို ရှေးယခင်က တခါမျှ မခံစားရဘူးသေးချေ။
ထွက်ခွာသွားသော ထွန်းခင်အား လှမ်းပြောလိုက်သည်။
"အကျိုးအကြောင်း ငါ့ဆီ လာပြောအုံးနော်"
"ဟုတ်ကဲ့ ဆရာ"
သို့သော် ယနေ့တိုင် ထွန်းခင်အား ပြန်မတွေ့ရသေးပါ။
လှိုင်းလေ ပြင်းထန်သော သူတို့ဘဝဝယ် လှေလှော်ရင်း တက်ကျိုးနေသော ငွေစိန်အား ကယ်တင်ရန် ကြိုးစားရင်း ထွန်းခင်၏ တက်သည်ပင်လျှင် ကျိုးများ သွားပြန်လေပြီလော မပြောတတ်သေးပါတကား။
--------------
သိန်းဖေမြင့်
(၁၉၅၅)
(သိန်းဖေမြင့်၏ ဝတ္ထုတိုပေါင်းချုပ် (၁၉၆၆?))
[ မြန်မာဝတ္ထုတိုများပေ့ဂ်ျမှကူးယူပါသည်။ပေ့ဂ်ျအားကျေးဇူးတင်ပါသည်။]
No comments:
Post a Comment