Thursday, 16 May 2019

#ထိုနေ့ကမီးမလာပါ ( ဇာတ်သိမ်း )

#ထိုနေ့ကမီးမလာပါ


( ဇာတ်သိမ်း )


#မိုးမိုး ( အင်းလျား) 


“ပီအက်စ် သားရေအိတ်က သုံးရာ၊ ပင်ကရို မိတ်ကပ်က သုံးရာခုနစ်ဆယ့်ငါး၊ မီကိုလိုင်နာက လေးဆယ့်ငါးကျပ်၊ ဆေးရေးပါတိတ်က သုံးရာ့ငါးဆယ်၊ အိရှန်က လေးဆယ့်သုံး၊ ရယ်ဗလွန်နှုတ်ခမ်းနီက ငါးဆယ့်ငါးကျပ်၊ ကီမိုနိုက သုံးရာ၊ ရွှေဈေးက လေးထောင့်သုံးရာ” 

“ဆရာမက တယ်သိပါကလား၊ ဘယ်တုန်းက ဝယ်တာတွေလဲ” 

“အခု လက်ရှိပေါက်ဈေးတွေလေ၊ ဘယ်တုန်းကမှ မဝယ်ဖူးဘူး၊ သူများဝယ်တဲ့နောက် လိုက်သွားရလို့၊ ဒီတစ်ခါ ဗိုလ်ချုပ်ဈေးရောက်ရင်တော့ ခပ်တည်တည်ပဲ လိုချင်တာကို တန်းပြီး ဈေးဆစ်နိုင်ပြီ၊ ကိုင်း ဘယ်သူ ဗိုလ်ချုပ်ဈေး သွားချင်သလဲပြော၊ ဘာပစ္စည်းလိုချင်သလဲ၊ ရှိတဲ့ဆိုင်ကို တန်းခနဲရောက်အောင် လိုက်ပို့မယ်” 

“တယ်ဟုတ်ပါလား၊ ဒီတစ်ခါ ဗိုလ်ချုပ်ဈေးသွားရင် ဆရာမ ဒေါ်မြရီကို ဆရာတင်ရမယ်” 

“တင်စမ်း၊ တင်စမ်း” 


ဆရာမတွေ နားနေချိန်မို့ မြရီက အသောဖောက်နေသည်ကို ကျန် ဆရာမတွေက သဘောကျနေကြသည်။ 


“ဟုတ်တယ်၊ ဈေးမသိတဲ့ သူတွေဆို ဈေးသည်တွေက ပိုကို ပြောတယ်၊ မဝယ်နိုင်မှန်း သိလို့လား မသိဘူး၊ တစ်ချီတည်းနဲ့ လန်ပြေးအောင် ပြောပစ်တာပဲ” 


ဆရာမ တစ်ယောက်က မကျေမချမ်း ပြောသည်။ 


“ဟုတ်တယ်၊ ကျောင်းယူနီဖောင်းနဲ့ဆို ပိုဆိုးသေးတယ်၊ လခစားမို့ အထင်မကြီးဘူး ထင်ပါရဲ့၊ ပညာဂုဏ်ကို လေးစားမှုမရှိဘူး၊ ငွေသာ အဓိက ဖြစ်နေတော့တာပဲ” 

“သူ့နေရာနဲ့ သူပဲ ဆရာမရယ်” 


မြရီက ဖြေသိမ့်လိုက်ရသော်လည်း သူကိုယ်တိုင် ခံခဲ့ရတာတွေကို သတိရ၏။ စိမ်းနှင့် သူသည် ပညာ အရည်ချင်းချင်း အတူတူပင်။ လက်ရှိ အခြေအနေအရဆိုလျှင် မြရီသည် ဝါသနာအရရော၊ စေတနာအရပါ သင်ခဲ့သည့်ပညာကို လက်တွေ့ အသုံးချနေရသူ။ ရှေ့ဆက်၍လည်း ပညာတိုးအောင် ကြိုးစားနေရသူ၊ ပြီးတော့ ပညာဖြန့်ဝေရသူ။ စိမ်းကတော့ ကျောင်းကပညာတွေ ကျောင်းမှာ ကျန်ခဲ့ပြီ။ သူ့အတွက် ဘာမျှ အသုံးမဝင်တော့။ သူ့အတွက် အမြတ်ရသည်က အပေါင်းအသင်း နယ်ကျယ်ခြင်းသာ ဖြစ်၏။ စိမ်းတို့ လက်တွေ့ အသုံးချရမည့် ပညာမှာ အမူအရာ ကောင်းကောင်း၊ နှုတ်ချိုချိုသာသာဖြင့် သူတစ်ပါးထက် ကွက်ကျော်မြင်တတ်ဖို့ပင်။ 


“ဆရာမ ဒေါ်မြရီ ဘယ်တော့ ဈေးသွားမလို့လဲ၊ ကျွန်မလဲ စာစစ်ခငွေလေး ထုတ်ရရင် ဈေးသွားမလားလို့” 


ကျောင်းမှာ မြရီနှင့် ရင်းနှီးရသော ဆရာမ ဒေါ်ခင်ခင်က မေးသည်။ ဒေါ်ခင်ခင်သည် မြရီတို့ထက် အသက်ငယ်သည်။ အိမ်ထောင်ကျစ ကလေး မရှိသေး။ ဆရာမတွေ အထဲမှာတော့ အဝတ်နိုင် အစားနိုင်ဆုံး။ ဆရာမလောကမှာ အရာရှိကတော် ဆရာမတချို့သာ ပြောင်ပြောင်လက်လက် ရှိပြီး မာဇဒါဂျစ်နှင့် ကျောင်းတက်နိုင်ကြ၏။ မြရီတို့ကျောင်းကပဲ ဆင်းရဲသားရပ်ကွက်ကို အခြေပြုနေရ၍လား မသိ။ ဆရာမတွေ အားလုံး ခပ်ရိုးရိုးသာ ဖြစ်သည်။ ဖော့ရှန်တွေ သည်မျှ ခေတ်စားနေသည့် အချိန် တက်ထရွန်အဖြူနှင့် ကျောင်းတက်သည့် ဆရာမလည်း ရှိသည်။ 


“သွားစရာရှိတယ် ခင်ရေ၊ အထင်တော့ မကြီးနဲ့နော်၊ သူငယ်ချင်းက သူ့ကိစ္စတွေ လုပ်ပေးဖို့ တာဝန်ပေးသွားလို့” 

“ဒီလိုဆို ပိုကောင်းတာပေါ့ မမမြရယ်၊ မမ သွားမယ့်နေ့ ခေါ်နော်၊ ဒီတစ်ခါတော့ ရက်ရက်ရောရော ဝယ်ပစ်လိုက်မယ်” 

“ဝယ်ပါ ဝယ်ပါ၊ ကလေး မရှိသေးတဲ့သူကတော့ ပြောအားရှိတာပေါ့၊ တို့တော့ ပိုက်ဆံရရင် လက်ပူအောင် မကိုင်ရဘူး၊ ကလေးတွေအတွက် ဝယ်ရ၊ အိမ်အတွက် ဝယ်ရ၊ အကြီးကောင်က ၁၀ တန်း ဆိုတော့ ကျူရှင်ခကလဲ တနင့်တပိုး” 


ရယ်စရာကောင်းသား။ ဆရာမ သားသမီးကို ကျူရှင်ထားရသည်ဆိုတော့ မိခင်နို့ကို ညှစ်ထုတ်ပြီး နို့ဘူးတိုက်ရသည့် ဘဝမျိုးပဲ ဖြစ်နေလေသည်။ သို့သော် တစ်နေ့တာလုံး ကျောင်းမှာ ပင်ပင်ပန်းပန်း စာသင်ပြခဲ့ရ ပြီးသည့်နောက် အိမ်ရောက်တော့ စာသင်ရသည့် အလုပ်ကို ထပ်မလုပ်ချင်တော့။ သားသမီးကို ပိုပြီး တတ်စေချင်၊ အောင်မြင်စေချင်သည်မို့ စိတ်ချလက်ချ အပ်နှံနိုင်မည့် ကျူရှင်ဆရာကောင်းကို အားကိုးရလေသည်။ မိမိသားသမီးကို ကျောင်းဆရာဖြစ်ရမည်ဟု အာသီသ မထားတော့ဘဲ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ ဖြစ်စေချင်သည်မှာလည်း မှန်ကန်မှု ရှိမရှိ မသိ။ ကောင်းစားစေချင်တာပဲ သိသည်။ 


မြရီမှာတော့ ယနေ့အထိ ဘာဖြစ်ရမည်ဟူသော ရည်ရွယ်ချက် မရှိသေး။ မရှိသေးတာလား၊ မရှိတော့တာလား မပြောတတ်နိုင်။ မောင်က သူ့အလုပ်နှင့်သူ လခနှင့်ဆိုတော့ သည့်ထက်ပိုပြီး ဘာကို မျှော်လင့်ရမည်လဲ။ ရုံးကထွက်ပြီး ကုန်သည်ပွဲစား လုပ်စားမှ ချမ်းသာမည်ဆိုတောင်မှ အရိုးစွဲနေသည့် စိတ်အမူအကျင့်များနှင့် အံဝင်ခွင်ကျမည် မဟုတ်။ ပညာနှင့် လုပ်စားမည်ဟူသော တစ်ချိန်က ထားရှိခဲ့သည့် အသိကို ဘာကြောင့် ပြောင်းလဲရမည်နည်း။ 


စိမ်းသည် မြရီကို စာလှမ်းရေး၏။ သူ နောက်လထဲမှာလည်း လာနိုင်သေးမည် မဟုတ်ကြောင်း၊ သူ့ကိစ္စလေးတွေကို ဆောင်ရွက်ထားဖို့ အကြောင်း၊ ပြီးတော့ နောက်ထပ် စာရင်းလုပ်ပြီး ပစ္စည်းတချို့ ဝယ်ခိုင်း၏။ ငွေကို သူ့အစ်မဝမ်းကွဲဆီမှာ လိုသလောက်ယူဖို့နှင့် လိပ်စာလည်း ထည့်ရေးပေး၏။ 


“စိမ်းကတော့ မြကို အလုပ်ပေးပြန်ပြီ မောင်ရေ” 


မြရီမှာ ကျောင်းနေဖက်သူငယ်ချင်း များစွာရှိသော်လည်း အဝင်အထွက် သိပ်မရှိတော့။ ကိုယ့်အလုပ်နှင့်ကိုယ် ရုန်းကန်နေရသည်မို့ သာရေး နာရေးလောက်သော သွားနိုင်လာနိုင်ကြသည်။ ယခု စိမ်းကသာ သူ့အလိုအလျောက် အတင်းဝင်ထွက် ဆက်ဆံလာတော့ စိမ်းနှင့် အရင်းနှီးဆုံး ဖြစ်လာရလေသည်။ မြရီတို့မှာ စိမ်းဆီက ရကောင်းစေ မအောက်မေ့သော်လည်း ရက်ရောသော စိမ်း၏ ပေးကမ်းမှုများကိုလည်း မငြင်းသာအောင် ဖြစ်နေကြရလေပြီ။ ကျေးဇူးတရားကြောင့်ချည်းကား မဟုတ်။ စိမ်းက အားကိုးလာတော့ မြရီမှာလည်း မနေသာ။ မောင်ကလည်း စိမ်း၏ ပွင့်လင်းသော အပြောများကြောင့် ခင်မင်၍ လာ၏။ 


“လုပ်ပေးလိုက်ပါ မြရေ၊ မြလဲ စိမ်းနဲ့ပေါင်းမှ ခေတ်မီတော့မှာပဲ၊ နေရာတကာ ဆရာမမျက်စိနဲ့ချည်း တစ်လောကလုံးကို ကြည့်နေတတ်တာ၊ ခုတော့ မြ အတွေ့အကြုံ ရတာပေါ့” 

“စိမ်းက ငွေရေးကြေးရေးနဲ့ ခိုင်းထားတော့ မြ ကျောင်းက ဆရာမ ခင်ခင်ကို အဖော်ခေါ်သွားရမယ်၊ စနေ တစ်ရက်တော့ ကုန်ဦးမှာပဲ” 

“လုပ်ပေးလိုက်ပါ မြရယ်၊ သတိတော့ထားနော်၊ သူ့ပိုက်ဆံတွေ ခါးပိုက်နှိုက်ခံရရင် မောင်တို့မှာ လျော်စရာမရှိဘူး” 


သည်တစ်ခါတော့ မြရီသည် လူတတ်ကြီးလုပ်ကာ ဦးဆောင်၍ ဗိုလ်ချုပ်ဈေးကို လာခဲ့သည်။ အိတ်ထဲမှာလည်း ငွေတစ်ထောင်ခန့် ပါသည်။ ကိုယ်ပိုင်ငွေက သုံးရာလောက်၊ စိမ်းရဲ့ငွေက ရှစ်ရာလောက်။ ခင်ခင်ကလည်း မြရီထက် စာလျှင်တော့ ခေတ်မီပေသား။ စနေနေ့လယ်၏ မိန်းမလှများအကြား မော်မကြွားနိုင်သည့်တိုင် အသင့်အတင့်တော့ ဝင်ဆန့်ပြီ။ 


လမ်းပြရဲက ကားတွေကို တားပေးလိုက်သည်နှင့် လူတွေက ဘုရားပွဲလှည့်လည်သည့် အလား မျဉ်းကျားကို ဝေါခနဲ ဖြတ်ကူးကြလေ၏။ လဆန်းရက်မို့ ဗိုလ်ချုပ်ဈေးကြီးသည် ပို၍ စည်ကားနေ၏။ ဆယ်ကျော်သက် အရွယ်တွေက ပုံသဏ္ဌာန် ဆန်းဆန်းပြားပြားတွေဖြင့် ရှုမငြီးအောင် အလှဆင်ကြသလို မြရီတို့လို လေးဆယ်ပိုင်းတွေကလည်း ခေတ်နှင့်အညီ ဝတ်စားဆင်ယင်ကာ ဝင့်ဝင့်စားစား သွားလာနေ၏။ ဗိုလ်ချုပ်ဈေး၏ အဝင်ဝသည် အရောင်စုံ၊ ရနံ့စုံဖြင့် ထုံမွှမ်း၍နေသည်။ 


“ကိုယ်က ဘယ်လောက်ပဲ ဝတ်စားလာလာ ဒီနေရာရောက်ရင် မှိန်သွားသလိုပဲနော် မမမြ” 


ခင်ခင်က အမှန်တရားကို ဆိုလိုက်တော့ မြရီက ရယ်ရင်း “အေးဟဲ့” ဟု ထောက်ခံမိလေသည်။ အလယ်ပေါက် မိန်းလမ်းမကြီး ပေါ်မှာ ယောက်ျားလေးတွေရော၊ မိန်းကလေးတွေရော၊ ယောက်ျားလေး မိန်းမလေး နှစ်ယောက်တွဲတွေရော လူးလာခတ်ကာ သွားလာလှည့်လည် နေကြသည်။ ဘော်လီဆိုင်ရှေ့ရောက်တော့ အလကားဝေနေသလား ထင်ရလောက်အောင်ပင် အလုအယက် ဝယ်နေကြသည်ကို တွေ့ရပြန်၏။ 


“ခင်ခင်လဲ ဘော်လီတစ်ထည် ဝယ်ဦးမယ် မမမြ” 

“ဘာဘော်လီလဲ ခင်ခင်၊ နှင်းဆီမှာ ဝယ်ပါလား” 


မြရီက ညွှန်နိုင်ပြီပေါ့။ 


“ခင်ခင်တော့ ချစ်သက်ဝေမှာ ဝယ်နေကျပဲ၊ နှင်းဆီက နာမည်ကြီးတယ်နော်၊ ဘယ်နားမှာလဲ မမမြ” 

“စီရုံမှာလေ၊ ခင်ခင် ပါတိတ်ဝမ်းဆက်လဲ ဝယ်မယ်ဆို၊ စိမ်းကလဲ အရင်ဝယ်တဲ့ဆိုင်က မြ ကောင်းမယ်ထင်တာ တစ်ထည်လောက် ထပ်ဝယ်ပါလို့ မှာထားတယ်၊ သွားကြည့်မလား” 

“သွားလေ မမ” 


ခင်ခင်က မြရီနောက် လိုက်ထဲ့သည်။ မြရီက ခပ်တည်တည်ဖြင့် ပါတိတ်လုံချည်တွေ ရောင်စုံဖြန့်ခင်းထားသော ဆိုင်သို့ တန်းတန်းမတ်မတ် ဝင်ခဲ့သည်။ မိန်းမတွေ စုပြုံနေသည့်ကြားက “ဟိုးအပေါ်ဆုံး ညာဘက်က အပြာရောင်ဆေးရေးလေး ပြစမ်းပါ” ဟု ခပ်အေးအေး ပြောလိုက်တော့ ဈေးသည်က ကျန်လူတွေကို ခဏထားပြီး ချက်ချင်း နေရာမှထ၍ ဆွဲချပြလေသည်။ 


“ဘယ်လောက်လဲ အဒေါ်” 


စိတ်ထဲက ဒီအရောင်ဆိုရင် စိမ်းနဲ့လိုက်မှာပဲဟု တွေးရင်း မေးလိုက်သည်။ 


“လေးရာပါပဲကွယ်” 


မြရီ တစ်စက်ကလေးမှ မျက်နှာမပျက်။ ဈေးလည်း သိပြီးသားပဲ။ ပြီးတော့ တကယ်ဝယ်မှာပဲ၊ ဘာအားငယ်စရာ ရှိလဲ။ 


“သုံးရာ့ငါးဆယ် ထားနော် အဒေါ်” 


ဘေးကလူတွေပါ ရှုံ့သွားလေသည်။ ဈေးသည်က မြရီကို လက်လွတ်သွားမည်စိုး၍ လက်ပင် ဆွဲထားလိုက်သေးသည်။ 


“ပိုပြောရမယ့်သူတွေ မဟုတ်ပါဘူး တူမရယ်၊ ဒီမှာ သုံးရာ့ရှစ်ဆယ် နောက်ဆုံးဈေးပဲ၊ မများစေရဘူး၊ စိတ်ချလက်ချ ယူသွားပါ၊ ဒီအရောင်ပဲနော်၊ တခြားအရောင် ကြည့်ဦးမလား” 


ခင်ခင်ကလည်း သူ ကြိုက်သည့် အရောင်ကို ရွေးနေသည်။ သို့သော် သုံးရာကျော်တန်တော့ မဟုတ်။ တစ်ရာကျော်တန် အတန်းထဲက ဖြစ်၏။ ခင်ခင်က မြရီလောက်လည်း မအသည်မို့ သူ ဝယ်နိုင်သည့်အဆင်ကို သူ တစ်ခါတည်း ရွေးသည်။ သို့သော် မြရီဝယ်သည့် အရှိန်ဖြင့် ဈေးသည်က ခင်ခင်ကြည့်သည့် လုံချည်တန်းကိုလည်း တစ်ထည်ချင်း ဆွဲချပြလိုက်သေးသည်။ 


“ဒီအရောင်ပဲ ယူမယ် ဒေါ်ဒေါ်ရယ်၊ အရင်တစ်ခါလဲ သုံးရာ့ငါးဆယ်နဲ့ ယူတာ၊ ထားလိုက်ပါ” 

“ကိုယ့်ဖောက်သည်တွေပဲ တူမကြီးရယ်၊ အရင်ယူတာ ဒါမျိုး မဟုတ်ပါဘူး၊ ဒီအဆင်က ခုမှရောက်တာ၊ ဝယ်နေကျတွေပဲ သိမှာပါကွယ်၊ သုံးရာ့ရှစ်ဆယ်က မလျှော့နိုင်လို့ပါ” 

“ခြောက်တော့ ထားပါ အဒေါ်ရယ်” 

“တူမကလဲ တစ်ဆယ်နှစ်ဆယ် မြင်မနေပါနဲ့၊ ကိုင်း သုံးရာ့ခုနစ်ဆယ်နဲ့ယူ၊ အဒေါ် ရှုံးပါတယ်ကွယ်၊ တကယ်ပါ”   

  

ဈေးသည်သည် လုံချည်ကို သွက်လက်စွာခေါက်ပြီး ပလတ်စတစ်အိတ်လေးထဲ အလျင်အမြန် ထည့်ကာ မြရီလက်ထဲ ထိုးပေးတော့သည်။ 


“မမမြရေ၊ ဒီအဆင်လေး မကောင်းဘူးလား” 

“ကောင်းသားပဲ ခင်ခင်၊ ဘယ်လောက်တဲ့လဲ” 

“တစ်ရာ့သုံးဆယ်တဲ့၊ လျှော့ဦးမှာပေါ့နော်” 

“တလက်စတည်းမို့ တစ်ရာ့နှစ်ဆယ်နဲ့ ပေးလိုက်မယ်၊ ဆစ်မနေနဲ့တော့” 


နှစ်ယောက်သား ပါတိတ်လုံချည်နှစ်ထည် ပိုက်ကာ ထွက်ခဲ့ကြသည်။ နှင်းဆီဘော်လီဆိုင်မှာ ခင်ခင်က ဘော်လီတစ်ထည် ဝယ်သည်။ မြရီကိုယ်တိုင်ကတော့ ဇာမပါသည့် ဘော်လီလေးတစ်ထည် ဝယ်သည်။ ပြီးတော့ စိမ်းအတွက် ပါတိတ်နှင့် လိုက်ဖက်သည့် အိရှန်စကို ရှာရသည်။ ရန်ကုန် မဆင်းနိုင်သည့်စပ်ကြား မအောင့်နိုင် မအည်းနိုင် အဝတ်အစား လှမ်းမှာသော စိမ်းကိုလည်း ဩချ၏။ သူ ရန်ကုန်လာရင် အသစ်ဝတ်နိုင်အောင် တစ်ခါတည်းအပ်ပြီး ရွေးထားပါတဲ့။ ဪ စိမ်း၊ ငွေတွေကို ထားစရာ မရှိတော့ဘူး ထင်ရဲ့။ 


အိရှန်ရောင်စုံရောင်းသော ဆိုင်ထဲမှာ မီးမလာ၍ မှောင်မည်းနေသည်။ ခင်ခင်က သူ့လုံချည်နှင့် လိုက်ဖက်မည့် အရောင်လေးရှာသည်။ မြရီက စိမ်းအတွက် တစ်ထည်၊ သူ့အတွက် ကျောင်းစိမ်းနှင့် တွဲဝတ်ဖို့ အဖြူတစ်စ ဝယ်ရသည်။ မှောင်ထဲမှာဆိုတော့ အဖြူလား အဝါလား မကွဲပြား။ မနည်း ကြည့်ယူရသည်။ 


စီရုံမှထွက်ပြီး အေရုံ(?)ဘက်သို့ ကူးလာခဲ့သည်။ သည်နေရာမှာ စိမ်း ပြထားသည့် အလှကုန်ပစ္စည်း အများဆုံး၊ အကောင်းဆုံး ရောင်းသောဆိုင် သုံးဆိုင်ရှိသည်။ ဈေးလည်းမှန် ပစ္စည်းလည်း စိတ်ချရသည်တဲ့။ 


မြရီက စိမ်းမှာသည့် နီဗီယာကရင် ဝယ်သည်။ ခင်ခင်က (?)နင်မိတ်ကပ် ဝယ်သည်။ ပင်ခရိုလို ဈေးမကြီးသော်လည်း ပင်ခရိုလိုပဲ လိမ်းလို့ကောင်းသည်တဲ့။ တစ်ဆယ်ကျော်သာ ပေးရသည်မို့ အဖိုးနည်းပြီး သုံးပျော်သည်ဟု ခင်ခင်က ပြောပြသဖြင့် ပြန်လည် မှတ်သားရလေသည်။ မြရီတို့အဖို့ တန်ဖိုးနည်းဖို့သည် အရေးကြီးလှ၏။ 


မြရီအတွက် စိမ်းဝယ်ပေးခဲ့သည့် လက်ကိုင်အိတ်ကို ခင်ခင်က သဘောကျသဖြင့် ခင်ခင့်အတွက် တစ်အိတ် ထပ်ဝယ်ပေးရသည်။ မြရီက သူကိုင်ထားသည့် အိတ်ကို ကိုင်ပြီး 


“ဟိုတစ်လောကမှ ကျွန်မ ဝယ်သွားတာ” ဟု ပြောနိုင်၍ နောက်ထပ် ငါးကျပ်ဆစ်၍ ရလေသည်။ 


နောက်ထပ် တိုတိုထွာထွာလေး ဝယ်ပြီးသည့်နောက် စိမ်းအတွက် အင်္ကျီရွေးရသည်။ နောက်ထပ်လည်း အပ်ရသည်။ စိမ်းက ချုပ်ခကို တစ်ခါတည်း ပေးချေသွားသည်။ ခင်ခင်ကတော့ သည်ဆိုင်က ဈေးကြီးလွန်းသည် ဆိုပြီး မအပ်ပေ။ သူတို့ ရပ်ကွက်ထဲမှာပဲ တစ်ထည် ၁၀ နှင့် အပ်တော့မည် ဆို၏။ မြရီလည်း သူ့အတွက် အင်္ကျီကို အပ်ဖို့ စိတ်မကူးတော့။ 


“ဆာတယ် မမမြရေ၊ တစ်ခုခု စားရအောင်” 

“အေး စားတာပေါ့၊ ရွှေဆိုင် ဝင်ရဦးမယ် ခင်ခင်ရဲ့၊ စိမ်းက ဆွဲကြိုးလဲ ရွေးခိုင်းထားတယ်” 

“အပြန်မှ ဝင်ရွေးတာပေါ့ မမမြရယ်၊ ခုတော့ ဆာလှပြီ” 

“ခင်ခင် ဘာစားမလဲ” 

“ဆီချက်ခေါက်ဆွဲ စားမလားလို့” 

“အေး ကောင်းသားပဲ၊ ဆေးဆိုင်မှာ မောင်မှာတဲ့ နနွင်းခါးလဲ ဝယ်လိုက်ဦးမယ်” 


မြောက်ဘက်တန်း အပေါ်မှဆင်းပြီး စားသောက်ဆိုင်တန်းကို မဝင်ခင် ဆေးဆိုင်ကို ဝင်ရ၏။ ခြေချင်းလိမ်နေသော ကျောက်ပွဲစားတွေကို ကွေ့ရှောင်သွားရ ပြန်သည်။ ခင်ထားရီကိုများ တွေ့လေမလားဟု ကြည့်မိသေးသည်။ ယခင်တစ်ခေါက်က စိမ်းနှင့် ခင်ထားရီတို့ တစ်ယောက်နှင့် တစ်ယောက် အသာစီးလေးတွေနှင့် ဈေးကစားကာ အရောင်းအဝယ် လုပ်ကြသည်ကို မြင်ယောင်ရင်း ပြုံးမိသေးသည်။ 


“ဘာပြုံးတာလဲ မမမြရဲ့၊ လူတွေကလဲ ရှုပ်လိုက်တာနော်” 

“ရှုပ်တာတော့ မပြောနဲ့၊ ဟောဒီ ဈေးထဲမှာ တစ်ထိုင်တည်းနဲ့ ငွေတစ်ထောင်ကျော် ရအောင် ရှာလို့ရတယ် သိလား၊ ကိုယ်တို့တွေ တစ်လလုံး အာပေါက်အောင် စာသင်တာ သေချာမပြည့်ဘူး၊ ဒီကြားထဲ အလုပ်ကလေး တည်မြဲအောင် သင်တန်းဆိုလဲ တက်ရ၊ စာဆိုလဲ ကျက်ရ” 

“ဒါပေမယ့် ကိုယ်မှ သူတို့လို လုပ်မစားတတ်တာ မမမြရယ်” 

“လူဆိုတာ ကိုယ့်လမ်းနဲ့ကိုယ် သွားနေကြတာပဲလေ၊ တစ်ခါတစ်ခါတော့လဲ တန်ဖိုးထားစရာဟာ လူလား ပညာလား ဆိုတာ တွေးကြည့်မိတယ်” 

“ခင်ခင်ကတော့ မတွေးဘူး မမမြရယ်” 


မြရီသည် မောင့်အတွက် ဆေးဝယ်သည်။ ပြီးတော့ စိမ်းမှာသည့် ပစ္စည်းတွေ စုံ မစုံ စာရင်းစာရွက် ထုတ်ကြည့်သည်။ ဝယ်စရာ သိပ်မရှိတော့။ ရွှေဆွဲကြိုး ရွေးပေးရမည်။ ရွေးပြီးသား အင်္ကျီတွေကို သူ့အစ်မဝမ်းကွဲအိမ် ပို့ပေးရမည်။ လူကြုံနှင့် မန္တလေးကို ပို့ပေးလိမ့်မည်တဲ့။ ပြီးတော့ ခေါင်းစည်းပဝါတစ်ထည် ညာဘက်အေရုံမှာ ရှိသည်တဲ့။ အပြန်မှပဲ လှည့်ဝယ်ရတော့မည်။ 


ဆေးဆိုင်မှထွက်ပြီး ကျောက်သမားတွေကို ရှောင်ကွင်းကာ စားသောက်တန်းဘက်သို့ ထွက်ခဲ့ကြ၏။ ခင်ခင်က မြရီ လက်တစ်ဖက်ကို ခပ်တင်းတင်းဆွဲကာ လိုက်လာသည်။ ခင်ခင်က ငယ်လည်းငယ် လှလည်းလှသေးတော့ လူတွေက ငေးကကြည့်ကြသည်။ 


“ဒီနေရာကို လျှောက်ရတာ ကြောက်လိုက်တာ မမမြရယ်၊ လူတွေကလဲ ဘာလုပ်နေကြမှန်း မသိဘူး” 

“ကျောက်ပွဲစားတွေလေ” 

“အတင့်ရဲလိုက်တာနော်” 


မြရီတို့နှစ်ယောက်သည် လူနည်းနည်းရှင်းသော ဆီချက်ဆိုင်မှာ ဝင်ထိုင်ကြလေသည်။ 


“ခင်ခင်တော့ တပည့်တွေ တစ်ရာ နှစ်ရာ စာသင်ရတာ မမောဘူး၊ ဒီဈေးထဲ လျှောက်ရတာ လူတွေများလို့လား မသိဘူး၊ ခေါင်းနောက်ပြီး မောနေတယ်” 

“အဲဒီလူတွေလဲ ကိုယ်တို့လို စာသင်ရရင် မောနေမှာပဲ ခင်ခင်ရဲ့၊ မောင်က ပြောတယ်၊ မြက နေရာတကာ ဆရာမမျက်စိ ဆရာမအတွေးချည်း တွေးတတ်တယ်၊ လူ့လောကအကြောင်း မသိဘူးတဲ့၊ ဟား ဟား” 

“ဟော မမြရီရေ၊ ဟိုလူကြီး လိုက်လာပြန်ပြီ” 


ခင်ခင်က အလန့်တကြား ပြောလိုက်၍ မြရီပါ ထိတ်ခနဲ ဖြစ်သွားသည်။ ခင်ခင်ပြရာသို့ ကြည့်လိုက်တော့ နေကာမျက်မှန်နှင့် လူတစ်ယောက် တွေ့ရ၏။ သည်လူကို စောစောကတည်းက ပွဲစားတွေ ရပ်နေသော နေရာမှာ တွေ့ခဲ့သည်။ 


“သူ့ဘာသာသူ လာတာ ဖြစ်ပါလိမ့်မယ် ခင်ခင်ရယ်” 

“မဟုတ်ဘူး မမမြရဲ့၊ စောစောကတည်းက မမမြ ဆေးဝယ်နေတုန်း အဲဒီလူကြီးက မမမြကိုပဲ ကြည့်နေတာ” 

“ကြံကြီးစည်ရာဟယ်၊ ကြည့်ချင်းကြည့် ခင်ခင့်ကို ကြည့်မှာပေါ့” 

“မဟုတ်ပါဘူး မမမြရဲ့၊ မမမြကို ကြည့်တာပါ၊ ဟော ဝင်လာနေပြီ” 


သည်တော့မှ ထိုလူကို မြရီ သေသေချာချာ ကြည့်မိသည်။ မြရီ ရင်းရင်းနှီးနှီးသိသည့် လူတစ်ယောက်ပါပဲ။ အို သိပြီ သိပြီ။ အနားရောက်မှ ပို၍ သေချာသွားသည်။ သူက မြရီတို့ စားပွဲမှာ ရပ်ပြီး နေကာမျက်မှန်ကို ချွတ်လိုက်တော့မှ နဂိုရုပ် ပေါ်လာသည်။ သို့သော် ယခင်တုန်းက ရုပ်နှင့်တော့ လားလားမျှ မဆိုင်တော့။ 


“ဆရာမကြီး ဈေးလာတာလား၊ ကျွန်တော့်ကို မမှတ်မိဖူး ထင်တယ်” 


သူက ရင်းနှီးစွာဖြင့်ပင် မြရီတို့ဘေးက ကုလားထိုင်မှာ ဝင်ထိုင်သည်။ နေကာမျက်မှန်ကို စားပွဲပေါ်တင်ပြီး လိမ္မော်ရည် တစ်ပုလင်း လှမ်းမှာသည်။ 


“အနားရောက်မှ မှတ်မိတော့တယ် ကိုသန်းစောရယ်၊ စောစောက ဆေးဆိုင်ရှေ့မှာ တွေ့သား၊ လုံးဝ မမှတ်မိဘူးလေ၊ မမှတ်မိဆို အရင်ရုပ်နဲ့ တခြားစီကိုး” 


အသွင်အပြင် အမူအရာကပါ အပြောင်းလဲကြီး ပြောင်းလဲနေသည်ကိုတော့ မပြောမိ။ ယခင်က ကိုသန်းစောသည် ပိန်ပိန်ပါးပါး၊ လုံချည်က နွမ်းနွမ်း၊ တိုက်ပုံအင်္ကျီ အမြဲဝတ်သည်။ ယခုတော့ ပြောင်ပြောင်လက်လက်၊ သားသားနားနား ရှိလှသည်။ အသားတွေဖြူပြီး ဝလည်း ဝနေသည်။ 


“အင်း မြကတော့ အရင်ရုပ် အရင်အတိုင်းပဲ။ စကားပြောတာလဲ အရင်အတိုင်းပဲ၊ ကိုကျော်နိုင် တစ်ယောက်ကော နေကောင်းလား၊ ကလေး ဘယ်နှစ်ယောက် ရနေပြီလဲ” 

“မောင် နေကောင်းပါတယ်၊ ကလေး သုံးယောက်လေ၊ ကိုသန်းစောရယ် တိုက်ဆိုင်လိုက်တာ၊ အရင်တစ်လောက စိမ်း လာတယ်လေ၊ ဒီဈေးထဲတောင် ရောက်သေးတယ်၊ ခုလဲ သူမှာတဲ့ပစ္စည်းတွေ လာဝယ်ပေးရတာ” 


ဆီချက်ခေါက်ဆွဲ ရောက်လာသဖြင့် ခင်ခင်က ဆာဆာနှင့် စားနှင့်သည်။ မြရီက မစားနိုင်သေး။ 


“ခင်ခင်ရေ၊ ဒါ ကိုယ်တို့နဲ့ ကျောင်းနေဘက် သူငယ်ချင်း ကိုသန်းစောတဲ့၊ ဒါက ဆရာမ ဒေါ်ခင်ခင်၊ ခင်ခင် ကိုယ်တို့ မတွေ့တာ ကြာလို့ စကား ပြောဦးမယ်”

“ပြောပါ မမမြ” 


ကိုသန်းစောသည်လည်း မြရီကို တွေ့ရ၍ ဝမ်းသာနေပုံရသည်။ စိမ်းအကြောင်း ပြောတော့ မျက်နှာထား ပြောင်းသွားသည်။ ကိုသန်းစောကို စိမ်းနှင့် ပတ်သက်၍ မြရီတို့ သိခဲ့ရတာပဲ။ 


“စိမ်းနဲ့ မြက ဘာဆိုင်လို့လဲဗျာ၊ သူ့အပေါင်းအသင်းတွေထဲမှာ မြ မပါပါဘူး” 


ကိုသန်းစောက မှန်ရာကို ပြောသဖြင့် မြရီက ရယ်မိသည်။ 


“ခုတော့ မြ မြနဲ့ တစ်မြတည်း မြနေလို့ ကိုသန်းစောရေ၊ သူ့မှာ မြလို ယုံကြည်စိတ်ချရတဲ့ အပေါင်းအသင်း မရှိဘူးတဲ့၊ လူဆိုတာ တန်းတူဆက်ဆံရင် အပြိုင်အဆိုင် များတယ်၊ ကိုယ့်ထက် နိမ့်ကျသူကို ဆင်းပေါင်းတော့ အန္တရာယ်ကင်းတာပေါ့ ကိုသန်းစောရယ်” 

“အင်း စိမ်းကတော့ ဘယ်နေရာမဆို တွက်တတ်ချက်တတ် ပါပေတယ်ဗျာ” 


ကိုသန်းစော၏ စကားမှာ အဓိပ္ပါယ် အပြည့်အဝပါ၏။ မြရီက ပြုံးမိပြန်သည်။ 


“ဒါပေမယ့် ခုချိန်မှာတော့ စိမ်းနဲ့ ကိုသန်းစောဟာ တန်းတူရည်တူပါပဲ” 

“ဟား ဟား မြက ဘာကိုကြည့်ပြီး ပြောတာလဲ၊ စိမ်းရဲ့ယောက်ျားက မန္တလေးမှာ လူချမ်းသာ စာရင်းဝင်ပါဗျာ၊ ဒါပေမယ့် မိန်းမ နည်းနည်းပွေတာ တစ်ခုပဲ၊ ဒါကလဲ ထားလိုက်ပါတော့လေ၊ စိမ်းက ဒါလောက်ကို မှုတယ် မထင်ပါဘူး၊ ကိုမောင်မောင်ဦးကလဲ ဘာတွေပဲ ဖြစ်နေနေ အချိန်တန်ရင်တော့ စိမ်းမှ စိမ်း၊ အိမ်ပြန်ရောက်တာချည်းပါ၊ လိုက်ဘက် ညီပါတယ်ဗျာ၊ ကျွန်တော်ကတော့ ပိုက်ဆံရှာတတ်တာက လွဲပြီး လမ်းပေါ်မှာ ပျံကျပါပဲ” 


မြရီသည် စိမ်းနှင့် ကိုသန်းစော အကြောင်းကို ပြန်တွေးမိသည်။ 


ကိုသန်းစောသည် မြရီတို့လိုပင် အညာသား။ ခပ်အေးအေး စာကြမ်းပိုး။ လူပုံကလည်း ရိုးသည်။ သည်ကြားထဲ ကဗျာဆရာ ယောင်ယောင်၊ နိုင်ငံရေးသမား ယောင်ယောင်လည်း ဖြစ်နေသေးသည်။ ဘယ်လိုက ဘယ်လိုနေပြီး သူတို့နှစ်ယောက် ဆုံမိကြသလဲတော့ မသိ။ ကိုသန်းစောသည် စိမ်း၏ အလှအောက်မှာ ယစ်မူးကာ အရူးအမူး တိုင်းကျော်ပြည်ကျော် ဖြစ်ခဲ့လေသည်။ ရတနာဆောင်၏ ဆင်ဝင်အောက်မှာ ကိုသန်းစောကို မမြင်ချင်မှ အဆုံး။ သူတို့အကြောင်းကို မသိချင်မှ အဆုံး။ သို့သော် သူ့ဘာသာ တစ်ဖက်သတ် လူသိနေခြင်းသာ ဖြစ်ပြီး စိမ်းကတော့ သူ့ကို ဖုတ်လေသည့်ငါးပိ ရှိသည်ဟူ၍မှ မထင်ခဲ့ပေ။ 


စိမ်းသည် အစကတည်းက သူလျှောက်မည့်လမ်းကို သူရွေးပြီးသား ဖြစ်၏။ သူကိုယ်တိုင်ကလည်း ထိုလမ်းကိုသာ ကြိုက်နှစ်သက်ခဲ့သည်။ တချို့သော မိန်းမလှလေးများလို စိတ်ကူးယဉ် အချစ်ဇာတ်လမ်းကို မဖန်တိးခဲ့။ ကိုသန်းစောကို ချစ်သည်ဟူ၍လည်း မပြော။ ချစ်သည့် အရိပ်အယောင်လည်း မပြခဲ့။    


ဇွဲရှိလျှင် အောင်မြင်ရမည်ဟု မှတ်ထင်ခဲ့သော ကိုသန်းစောသည်လည်း တစ်ဖက်သတ် အသည်းကွဲခြင်းသာ အဖတ်တင်သည်။ 


ကိုသန်းစောလို လူပုံနွဲ့နွဲ့ ကဗျာဆရာပေါက်စကို စိတ်ကူးယဉ်ချစ်နှင့် ချစ်ချင်သည့် မိန်းကလေးတွေ ရှိခဲ့၏။ စိမ်း၏ မာနတရားအောက်မှာ ပြားပြားဝပ်နေရခြင်းကို ကရုဏာဒေါသ ဖြစ်သူက ဖြစ်၏။ မချင့်မရဲနှင့် သနားသူက သနားသည်။ သို့သော် သူက စိမ်းမှ စိမ်း။ 


မြရီ ကိုယ်တိုင်ပင် မောင်နှင့် ပတ်သက်ပြီး ကိုသန်းစောနှင့် ခင်မင်ရင်းနှီးခဲ့ရ ပြီးသည့်နောက် ကိုသန်းစောဘက်မှ နာကာ စိမ်းတစ်ယောက်တည်းမှ မိန်းမ မဟုတ်ပါဘူးဟု ပြောမိခဲ့လေသည်။ 


ယခု တွေ့ရသော ကိုသန်းစောသည် ကဗျာဆရာရုပ်လည်း မဟုတ်တော့။ နိုင်ငံရေးသမားနှင့်လည်း လားလားမှ မတူပေ။ ကုန်သည်ပွဲစားလား၊ တခြားနေရာမှာ တွေ့လျှင် သူဌေးသားလား ထင်ရလောက်အောင် ကိုယ်ရောင်ကိုယ်ဝါ တောက်ပ၍နေလေပြီ။ ဪ စိမ်းကို မခံချင်စိတ်နှင့်များ ဘဝကို ပုံစံပြောင်းလိုက် လေသလား။ သို့သော် ယခုတိုင် သူက စိမ်းကို မယှဉ်နိုင်ပါဟု ဆိုသည်။ သို့သော် မြရီတို့ မောင်တို့နှင့်လည်း မတူတာတော့ အမှန်ပင်တည်း။ 


“ကိုသန်းစောကော အိမ်ထောင်ကျပြီလား” 

“ကျပါပြီဗျာ၊ ကိုယ်တိုင်မစွံတော့ အမေ့ပြန်အပ်ရတယ် ဆိုသလိုပဲ၊ အမေက ပေးစားတဲ့ မိန်းမနဲ့ အဆင်ပြေနေပါပြီ၊ ကလေးက နှစ်ယောက်” 

“ကောင်းပါတယ်ရှင်၊ စိမ်းလဲ ကလေးနှစ်ယောက်ပဲ၊ သူကတော့ သူ့ဘဝသူ ကျေနပ်နေတာပဲရှင့်၊ ပိုက်ဆံကလဲ သုံးလိုက်တာ၊ ငွေတွင်းရှိသလား ထင်ရတယ်၊ ကိုသန်းစောကော အဆင်ပြေတယ် မဟုတ်လား” 


ကိုသန်းစောသည် တစ်ချက်တော့ ငိုင်နေသေး၏။ ပြီးတော့ သူ့အခြေအနေကို လွယ်လွယ်ပင် ရှင်းပြသည်။ 


“ငါ ဖြစ်ချင်တာ ကျောင်းဆရာမ၊ ငါ ဖြစ်နေတာ သီချင်းသည်ဘဝ ဆိုသလိုပဲပေါ့ဗျာ၊ ကျွန်တော့်မိန်းမက ဈေးသစ်မှာ အထည်ရောင်းတယ်၊ ကျွန်တော် အစက ဒီပတ်မင့်မှာ ကျူတာ ဝင်လုပ်သေးတယ်၊ နောက်တော့ ယောက္ခတွေက ထွက်ခိုင်းတာနဲ့ ထွက်လိုက်တယ်၊ မိန်းမကို ဈေးကူ သိမ်းပေးရတာပေါ့လေ၊ နောက်တော့ ကိုယ်တိုင် စီးပွါးရေးလေး ဘာလေး အကွက်မြင်ပြီး လမ်းပေါ်က ပွဲစားဘဝ ရောက်သွားတာပဲဗျာ၊ ဟား ဟား ရယ်ရသား၊ ခုတော့ ကျွန်တော်ကိုယ်တိုင်က ငွေကို သည်းခြေကြိုက်နေပြီဗျ” 


မြရီစိတ်ထဲမှာ တိုက်ပုံအင်္ကျီလေး ပခုံးပေါ်တင်ပြီး ရတနာဆောင်ရှေ့က ထွက်ခွါသွားရလေ့ရှိသော ကိုသန်းစောကို မြင်ယောင်လာသည်။ 


“ကိုသန်းစောက ဘာတွေ အရောင်းအဝယ် လုပ်တာလဲ၊ မြ မသိလို့ပါ၊ စိမ်းတို့လဲ ချမ်းသာမှန်းတော့ သိတယ်၊ သူတို့ ဘာလုပ်စားမှန်း သိကို မသိဘူး၊ အဲ စိမ်း လုပ်တတ်တာလေးတွေတော့ နည်းနည်းပါးပါး သိပါရဲ့၊ ခင်ထားရီလဲ ဒီဈေးမှာ အမြဲထိုင်တယ်တဲ့” 

“ဪ မြကတော့ ကျောင်းဆရာမကြီးကိုး၊ အေးပါတယ်ဗျာ၊ ကျွန်တော်လဲ ခင်ထားရီတို့လိုပဲ အဆင်ပြေတဲ့အခါပြေ၊ မပြေတဲ့အခါ မပြေပေါ့၊ အရောင်းအဝယ်ကတော့ ဘာမဆို လုပ်တာပဲ၊ မြတို့ နားလည်အောင် တိတိကျကျ မပြောတတ်ဘူး”

“စကားပြောလို့တော့ ကောင်းပါတယ် ကိုသန်းစောရယ်၊ အိမ်ကိုလဲ လာလည်ပါဦး၊ မောင်နဲ့လဲ တွေ့ရအောင်” 


ကိုသန်းစောက မြရီတို့အတွက် ဆီချက်ခေါက်ဆွဲဖိုးကိုပါ ရှင်းပေးသည်။ မြရီတို့ နေရာမှထမည် ကြံစဉ် ဆိုင်ထဲသို့ လူတစ်ယောက် ဝင်လာပြန်သည်။ သူက ကိုသန်းစောကို လာရှာဟန် တူသည်။ 


“ဟေ့လူ ရှာလိုက်ရတာဗျာ၊ ဒီမှာ ခင်ဗျား မျက်မှန်ကော” 


ကိုသန်းစောက စားပွဲပေါ်မှ နေကာမျက်မှန်ကို ကောက်ကိုင်လိုက်သည်။ 


“ဘာများ အရေးတကြီး ဖြစ်လာတာလဲ” 

“ကျွန်တော့်အသိ တစ်ယောက်ဗျာ၊ ရေဘင်လယ်သာ လိုချင်လို့ ရှာနေတာ၊ ကျွန်တော်က ခင်ဗျားဆီမှာရှိတာ သတိရလို့” 

“ဟာ ဒါ ကျွန်တော် တပ်ဖို့ ဝယ်ထားတာပါ” 


မြရီက ကိုသန်းစောကို နှုတ်ဆက်ရန် ခေတ္တစောင့်နေကြသည်။ 


ထိုလူက ကိုသန်းစောဆီက မျက်မှန်ကိုပဲ ဆွဲယူနေသည်။ 


“ခင်ဗျား ပြန်ဝယ်ရင် ရတာပဲဗျ၊ ကျွန်တော်က ရအောင် ရှာပေးမယ် ပြောခဲ့လို့၊ လောလောဆယ် ရောင်းလိုက်စမ်းပါ၊ ကျွန်တော် တစ်ငါးနဲ့ ပြောထားတယ်” 

“ဒီလိုဆိုလဲ ယူသွားကွာ” 


ထိုလူသည် ကိုသန်းစောဆီက မျက်မှန်ကိုယူပြီး ခပ်သုတ်သုတ် ထွက်သွားလေသည်။ 


“ကျွန်တော်တို့ အရောင်းအဝယ်ဆိုတာ အဲဒီလိုပဲ မြရဲ့ ဟဲဟဲ” 


မြရီသည် သူတို့အလုပ်ကိုလည်း ရိပ်စားမိစ ပြု၏။ ဗိုလ်ချုပ်ဈေးကြီးကိုမှီပြီး ငွေတွေ ဖန်တီးနေကြပါကလားဟု နားလည်လာ၏။ စိမ်းလို အဝေးရောက် ဧည့်သည်တစ်ယောက် အတွက်တောင် အလုပ်ဖြစ်သေးသည် မဟုတ်လား။ 


“ကိုသန်းစောရဲ့ မျက်မှန်က ဘယ်လောက်မြတ်လို့လဲ၊ မြက မသိလို့မေးတာ၊ ရိုင်းတယ် မထင်နဲ့နော်” 

“ကျွန်တော် ထောင့်သုံးရာနဲ့ ဝယ်ထားတာလေ၊ ခု ထောင့်ငါးရာ ရတော့ အလကားနေရင်း နှစ်ရာ မြတ်နေပြီပေါ့” 

“အို မြက တစ်ငါးဆိုတော့ တစ်ရာ့ငါးဆယ် မှတ်လို့” 


ခင်ခင်ကပါ မနေနိုင်၍ ရယ်လေ၏။ 


“မသိတာပဲ ကောင်းပါတယ် မြရယ်၊ မြကို တွေ့ရတာ ဝမ်းသာပါတယ်၊ စိတ်လဲ အေးချမ်းပါတယ်၊ ကျွန်တော်တို့ကတော့ ငွေရှာနေတာပဲ၊ ဒါမှ ငွေပြန်ရမှာကိုး၊ ဟောဒီ ကျွန်တော်ဝတ်ထားတဲ့ ဒန်းလော့ပ်စပို့ရှပ်က ငါးရာတန်တယ် မြရဲ့၊ ကဲ စရိတ်က မကြီးလား” 

“အရိုရို၊ ဒါနဲ့ မေးလက်စ မေးပါရစေဦး၊ အဲဒီ ဂျင်းဂျာကင်ကကော ဘယ်လောက်တန်သလဲ၊ မောင့်ကို ဝယ်ပေးသင့် ဝယ်ပေးရအောင် ဟဲဟဲ” 


မြရီက အသောဖောက်လိုက်သည်ကို ကိုသန်းစောက သဘောကျနေသည်။ ခင်ခင်က “မမမြကတော့လေ” ဟု ပြောကာ ရယ်နေသည်။ 


“ဒါက ခုနစ်ရာ မြရဲ့၊ ဟောဒီနာရီက ရိုးလက်စ် ငါးထောင်တန်တယ်လေ၊ ကိုင်း ဆရာမကြီး ကျွန်တော့် တစ်ကိုယ်လုံး ပေါင်းရင် တစ်သောင်းလောက် တန်မယ်၊ ဒါပေမယ့် ကျွန်တော့် ခေါင်းထဲမှာ ဘာမှ မရှိဘူး၊ ငွေရှာဖို့ပဲ ရှိတယ်၊ ကဗျာဆရာပေါက်စ သန်းစော မဟုတ်တော့ဘူး၊ ပွဲစားသန်းစော ဖြစ်နေပြီဗျ၊ ကဲ သွားတော့ ဆရာမကြီးရေ၊ ကြာရင် စိတ်ပျက်သွားမယ်”


“သွားပါတော့မယ်ရှင်၊ မောင့်ကိုလဲ ပြောပြလိုက်ပါ့မယ်” 


မြရီတို့နှစ်ယောက်သည် စားသောက်ဆိုင်တန်းကို ကျောခိုင်းကာ ထွက်ခဲ့ကြသည်။ ခင်ခင်က ဗန်းလေးနှင့်ချရောင်းသော ဈေးသည်ဆီမှ ဘီးလေးတစ်ချောင်းကို နှစ်ကျပ်နှင့် ဈေးဆစ်၍ ဝယ်သည်။ 


မြရီက စိမ်းမှာသော ပစ္စည်းများကို အဆုံးသတ်အဖြစ် အေရုံမှာ ခေါင်းစည်းပဝါတစ်ထည် ဝယ်ပြီး ရွှေဆိုင်မှာ ဆွဲကြိုးတစ်ကုံး ဝင်ရွေးရပေဦးမည်။ 


------------------

မိုးမိုး (အင်းလျား) 

ရုပ်ရှင်အောင်လံ၊ ဒီဇင်ဘာ၊ ၁၉၈၃။ 


Credit to Su Hkita


[ မြန်မာဝတ္ထုတိုများပေ့ဂ်ျမှ ကူးယူပါသည်။ပေ့ဂ်ျအားကျေးဇူးတင်ပါသည်။]



No comments:

Post a Comment