Friday, 31 May 2019

#ဤသို့ပင်မျှော်လင့်မိပါသည် ( ဇာတ်သိမ်း)

#ဤသို့ပင်မျှော်လင့်မိပါသည်


( ဇာတ်သိမ်း)


#မစန္ဒာ 


စိန်ဗေဒါ၏ အော်သံကြားတော့ ဒေါ်မြရင်သည် ဟင်းအိုးမွှေနေသော ဇွန်းခွက်ကြီးကို ‘ဂလွမ်’ ခနဲ ပစ်ချလိုက်သည်။ ဟင်းစကျွေးစများ အတန်ငယ် ပေရေနေသော လက်နှစ်ဖက်ကို တင်ပါးနှင့် ပွတ်သပ်လိုက်ရင်း ကပျာကသီ ပြေးထွက်ရန် ပြင်သည်။ လမ်းသွက်သွက် လျှောက်လျှင် နာလေ့ရှိသော ဒူးကိုလည်း သတိမရတော့။ မီးဖိုခန်းအပြင် ရောက်တော့ အိပဲ့အိပဲ့နှင့် ပြန်ပြီး ပြေးဝင်လာကာ ဆန်ခါထဲမှ သံပုရာသီး တစ်လုံးကို ယူသည်။ အမေက သံပုရာသီးနံ့ကို ကြိုက်တတ်သောကြောင့် ဖြစ်သည်။


“အဘွား … အဘွား … သတိရရဲ့လား”


ကောလိပ်စိန်နှင့် စိန်ဗေဒါတို့က သူတို့အဘွားကို ထူရမလို ပွေ့ရမလိုနှင့် ပက်လက်ကုလားထိုင်ဘေးတွင် ကုန်းကုန်းကွကွ ရပ်ရင်း အော်နေကြသည်။


“အမေ အမေ မူးသလားဟင်”


ဒေါ်မြရင်ကလည်း စိုးရိမ်တကြီး ဝင်အော်သည်။ ဘေးဘက်သို့ စောင်းကာ လည်ကျနေသော အဘွား၏ခေါင်းကို လက်တစ်ဖက်နှင့် ထိန်းကာ တည့်လိုက်သည်။ သံပုရာသီးလေးကို ကုလားထိုင် လက်ရန်းပေါ်တွင် ကျန်လက်တစ်ဖက်နှင့် လှိမ့်လိုက်ပြီးမှ အဘွား၏ နှာဝတွင် တေ့လိုက်သည်။ ဒီတော့မှ စိန်ဗေဒါကလည်း စက္ကူခေါက်နှင့် အဘွားကို ယပ်ခတ်သည်။ ကောလိပ်စိန်ကလည်း


“ဟဲ့ … အမာစိန် အခန်းထဲက အုန်းဆီပုလင်း ယူခဲ့စမ်း” ဟု ပါးစပ်က အော်ရင်း ကိုယ်တိုင် ပြေးယူသည်။ အဘွား၏ ဆံဖြူဖြူ ကျဲကျဲလေးများကို ဖြဲပြီး ငယ်ထိပ်တွင် အုန်းဆီ ရွှဲရွှဲ လောင်းချလိုက်သည်။


“ဖေဖေကြီးရေ … ဘွားဘွားကြီး မူးလို့တဲ့၊ လာပါဦး”


အမာစိန်က အိမ်ရှေ့ထွက်ကာ အော်လေတော့ မျက်စောင်းထိုးအိမ်တွင် ‘စစ်တုရင်’ သွားထိုးနေသော ဦးဘကျော်လည်း ကတိုက်ကရိုက် ပြန်ရောက်လာသည်။


“ဟ သံပုရာသီး ရှူနေရုံနဲ့ ပြီးမလား၊ စိန်ဗေဒါ သွား ဆရာဝန် သွားခေါ်စမ်း”


စိန်ဗေဒါက သူ့အဖေ၏ စကားကို ကြားသော် လက်ထဲမှ သတင်းစာခေါက်ကို ကြမ်းပေါ်သို့ ဖတ်ခနဲ ပစ်ချလိုက်သည်။ ပြေလျော့နေသော ပုဆိုးကို ပြင်ဝတ်ရင်း ဒေါ်မြရင်အား လှမ်းကြည့်သည်။ ဆရာဝန် ခေါ်လျှင် ခြေကြွခ ပေးရမည်။ သူ့အမေ လက်ထဲတွင် ပိုက်ဆံ မရှိတော့ကြောင်း သူ သိသည်။


စိန်ဗေဒါက သတိရသော်လည်း ဒေါ်မြရင်ကမူ သူ၏ ဘတ်ဂျက် အခြေအနေကို သူ သတိမရပေ။ လကုန်ရက် တဖြည်းဖြည်း နီးလာသလို ငွေလက်ကျန်က နည်းနည်း လာတတ်သည်။ မနက်က ဈေးဝယ်ပြီးတော့ လက်ကျန်ငွေ ငါးကျပ်နှင့် အကြွေအချို့သာ ရှိတော့သည်။ စိန်ဗေဒါက ခေါက်ဆွဲဖိုးလေး တောင်းတော့ ထိုငါးကျပ်ကို ထုတ်ပေးခဲ့ရပြီ ဖြစ်လေသည်။ “အင်း လကုန်ဖို့ကလည်း နှစ်ရက်၊ ငွေ လက်ကျန်က ရှစ်ဆယ့်ငါးပြား၊ ပါးစပ်က ရှစ်ပေါက်” ဟု တွက်ကာ ပွက်ပွက်ဆူနေသော ထမင်းအိုးကို ကြည့်ပြီး ငိုင်နေမိသေးသည်။

သို့သော် ကြောင်အိမ်ထဲတွင် ငါးဖောင်ရိုးခြောက် နည်းနည်းနှင့် အာလူးတစ်ပိဿာခန့် ရှိနေသေးတော့ သိပ်တော့မပူ။ ဆီကလည်း ၁၅ ကျပ်သားခန့် ရှိသေးသည်။ ကုလားပဲလည်း ရှိသည်။ ဘဲဥ သုံးလုံး ရှိသည်။ လကုန်သည်အထိတော့ အာလူးနှင့် ပဲကို ရေလဲနှင့် စားသွားနိုင်သည်။ သို့သော် အရေးဟဲ့ အကြောင်းဟဲ့ ဆိုလျှင် ငွေ ၈၅ ပြားနှင့် ဘာမှ မလုပ်တတ်။ သူ့ယောက်ျား ဦးဘကျော်ကလည်း ဘာမှ သိတတ်သူ မဟုတ်။ လကုန်ရက်မို့ ဧည့်သည်လာလျှင် “လက်ဖက်ရည် ဝယ်ချေပါကွ” ဟု ခိုင်းတတ်လား ခိုင်းတတ်ရဲ့။ လမ်းပေါ်မှ မုန့်ဖက်ထုပ်သည်ကို လှမ်းခေါ်ပြီး “မမြရေ … ပိုက်ဆံ ယူခဲ့ပါဟ” ဟု အော်တတ်လား အော်တတ်ရဲ့မို့ ငွေလက်ကျန် နည်းလျှင် ဒေါ်မြရင်ခမျာ ရင်ခုန်ရမြဲ ဖြစ်သည်။ သို့သော် ယခုတော့ သူ့အိတ်ထဲမှ အကြွေကို သူ သတိမရ။


“ဟဲ့ … စိန်ဗေဒါ ဘာကြည့်နေတာလဲ၊ သွားလေ၊ မြန်မြန်သွား” ဟု အော်လေသည်။

“ဒေါက်တာ လှဝေ ခေါ်လိုက်ရမလား အဖေ”

“အေး အေး ဘယ်သူဖြစ်ဖြစ်”


စိန်ဗေဒါလည်း အိမ်ပေါ်မှ ခပ်သုတ်သုတ် ဆင်းသွားသည်။ လမ်းထိပ်ကျူရှင်မှ ပြန်လာသော ရွှေနှင်းဆီ၊ ရွှေလိပ်ပြာတို့နှင့် လှေကားအတက်အဆင်းတွင် ဆုံမိတော့ “သွား သွား မြန်မြန်သွားကြ ဟိုမှာ အဘွား မူးလဲလို့” ဟု မျက်ကလဲဆန်ပျာနှင့် အော်သွားသည်။ ရွှေနှင်းဆီတို့လည်း ထိတ်ထိတ်ပျာပျာနှင့် ပြေးတက်လာကာ “အဘွားရေ … အဘွား” ဟု အော်ကြလေသည်။


ရွှေနှင်းဆီတို့ အအော် ကောင်းသလားတော့ မသိ။ အဘွားက ‘အင်း’ ခနဲ ညည်းလာသည်။ နှုတ်ခမ်းရှုံ့ရှုံ့လေးကို စုကာ ‘ကျွတ် ကျွတ် ကျွတ်’ ဟု စုပ်သပ်သည်။


“ဟော … ဟော သတိရပြီ သတိရပြီ”


ဒေါ်မြင်ရင်က ဝမ်းသာအားရ ဖြစ်သွားသည်။ သူ့လက်ထဲမှ သံပုရာသီးကို အဘွား၏ နှာခေါင်းဝနှင့် ပိုမိုနီးကပ်စွာ တေ့ပေးသည်။ အဘွားက ခေါင်းကို မသိမသာ ယမ်းကာ သဲ့သဲ့လေး ပြောသည်။


“နံတယ်”

“ဘာလဲ အမေ”

“နံတယ် နံတယ်”

“အမေ အမေ ဘာပြောတာလဲ”

“နံတယ်ဟဲ့၊ ငါးပိစော် နံတယ်ဟဲ့ ဗိုင်းနာမရဲ့”


အဘွားက အသံသဲ့သဲ့လေးနှင့် ဆဲသည်။ သံပုရာသီး ကိုင်ထားသော ဒေါ်မြရင်၏ လက်ကို မလှုပ်တလှုပ်နှင့် တွန်းထုတ်သည်။ ဒေါ်မြရင်လည်း မျက်လုံးပြူးသွားပြီး သူ့လက်ကိုသူ ဆတ်ခနဲ ရုပ်ကာ နမ်းကြည့်မိသည်။


“ဟောတော့်”

“နံနေလို့လား အမေ” ကောလိပ်စိန်က မေးသည်။

“ခုနတုန်းက ဒီလက်နဲ့ ငါးပိအိုး နှိုက်ထားတာ”


ငါးပိနံ့ တထောင်းထောင်း ထနေသော သူ့လက်ကိုသူ စိတ်ပျက်စွာ ကြည့်မိသည်။ ငါးပိနံ့ကို နည်းနည်းမျှ မကြိုက်သော မိခင်ကို မူးပါသည် ဆိုမှ ငါးပိမှိုင်းတိုက်မိ၍ ငိုချင်စိတ် ပေါက်သွားသည်။


“မမြကတော့ လုပ်ပြီကွယ်”

“မေ့သွားတာကိုးတော်”

“သတိထားမှပေါ့ကွာ”

“အင်း … တော် မူးရင်တော့ စိတ်ချ၊ ငါးပိစော် မနံစေရဘူး”


ဒေါ်မြရင်က စိတ်တိုတိုနှင့် ခင်ပွန်းသည်အား အပေါက်ဆိုးနှင့် မှုတ်လေသည်။ ခုနတုန်းက ထိတ်ထိတ်ပျာပျာ ဖြစ်ခဲ့သော ကောလိပ်စိန်တို့ သားအမိတစ်တွေလည်း ခုမှ ပြုံးနိုင်ကြသည်။ အဘွားက မျက်စိ ဖွင့်ကြည့်တော့ အမာစိန်က “ဟော ဘွားဘွားကြီး နေကောင်းပြီ” ဟု ဝမ်းသာအားရ အော်လေသည်။


“ဗိုင်းနာမ၊ ရှပ်တေးမ၊ ငါပိပုပ်မ”


အဘွားက ဒေါ်မြရင်အား မျက်စောင်းခဲသည်။ နေရာမှ ထနိုင်အား ရှိလျှင် ခေါင်းကို လှမ်းခေါက်မည်မှာ သေချာသည်။ အခါတိုင်း သူ့အမေ ဆူလျှင် ဆဲလျှင် ဒေါ်မြရင်က ရယ်မောသည်းခံ နေတတ်သော်လည်း နားထောင်ကောင်းသည်ဟု မထင်တတ်ပေ။ ခုတစ်ခါ ထူးထူးခြားခြား သာယာနေသည်။ ဒီထက်အားရှိလျှင် ဒီထက်ကျယ်ကျယ် ဆဲနိုင်လျှင် ပိုကောင်းမည်။ အမေ့အသံ ကျယ်လာခြင်း၊ မာလာခြင်းများသည် အမေ နေကောင်းကြောင်း ပြရုပ်များ ဖြစ်သည်။


“နံပါတယ် ဆိုမှ နှာခေါင်းဝ လာတေ့ပြီး ရှူခိုင်းတယ်၊ ဆတ်ဆလူးမ၊ ဗိုင်းနာမ”


အဘွားက ဆဲပြန်သည်။ သားအမိ၊ မြေးအဘိုးတစ်တွေသည် အဘွားဘေးတွင် ဝိုင်းရင်း ဒေါပွနေသော အဘွားကို ကြည့်၍ ကောင်းကောင်းနှင့် ကြည့်နေကြသည်။ ဆဲသံကိုလည်း နားထောင်၍ ကောင်းကောင်းနှင့် တပြုံးပြုံး နားထောင်နေကြသည်။


“ဟောဗျာ အဘွား နေကောင်းသွားပြီလား”


အိမ်ပေါ်သို့ လှမ်းတက်လာသော စိန်ဗေဒါက ပြောသည်။ သူ့နောက်တွင် ဆရာဝန် ပါသည်။ ဆရာဝန်ကို မြင်လိုက်တော့ ဒေါ်မြရင် မျက်လုံးပြူးသွားသည်။ ခုမှပင် သူ၏ ဘတ်ဂျက်အခြေအနေကို သူ သတိရတော့သည်။ ဘော်လီအင်္ကျီအိတ်ကို ယောင်ယမ်းပြီး စမ်းမိတော့ ဆယ်ပြားစေ့ ခြောက်စေ့နှင့် ငါးပြားစေ့ ငါးစေ့က တချွင်ချွင်ချွမ်ချွမ် မြည်လာကြသည်။


“ဘာဖြစ်လို့လဲ အဘွား မူးသလား၊ မောသလား၊ ဗိုက်နာသလား၊ ခေါင်းကိုက်သလား ဖြစ်တာ အကုန် ပြော၊ အကုန် ပျောက်အောင် ကုပေးမယ်”

“ဘာမှ မဖြစ်ဘူး”


ခပ်ရွှင်ရွှင် နှုတ်ဆက်သော ဆရာဝန်ကို အဘွားက မျက်မှောင်ကုတ်ကြည့်ရင်း ဘုတောလေသည်။ ဆရာဝန်က တစ်ရပ်ကွက်လုံး သုံးသော ဆရာဝန်၊ သဘောကောင်းသူ၊ ပျော်တတ်သူမို့ အဘွားကို ဗွေမယူဘဲ တဟားဟားရယ်သည်။


“ဒုက္ခပဲ ဆီကြွေး၊ ဆန်ကြွေး မှတ်သလို ဆရာဝန်ကြွေးလည်း လကုန်မှ ယူပါလို့ မှတ်ခိုင်းလို့ ရရင် ကောင်းမယ်”


ဒေါ်မြရင်ကတော့ ဆရာဝန်ကို အားနာဖို့ သတိမရ။ ဆရာဝန်နှင့်အတူ လိုက်ရယ်ရန်လည်း သတိမရ။ ခပ်ငူငူ ခပ်ငိုင်ငိုင် ဖြစ်နေသည်။ “အဖေကြီး ဆီမှာများ ရှိဦးမလား” ဟူသော အတွေးနှင့် ဦးဘကျော်၏ ရှပ်အင်္ကျီအိတ်ထဲ လှမ်းကြည့်သည်။ ငါးကျပ်တန်လေး တစ်ရွက် တွေ့သည်။ ဆရာဝန်ခြေကြွခသည် ငါးကျပ်မကပေ။ စိန်ဗေဒါတွင်လည်း ကျပ်တန် သုံးလေးရွက်အပြင် ရှိမည် မဟုတ်။ ခုနကပင် “အမေ အဘွားက ခေါက်ဆွဲပြုတ်တဲ့၊ ကျွန်တော့်မှာ သုံးကျပ်တည်း ရှိတော့တယ်၊ ပေးပါဦး” ဟု ပြောသွားခဲ့သည်။ ကောလိပ်စိန်ကတော့ သိပ်ပြီး အားမကိုးလောက်။ သူက သူ့သမီး သုံးယောက် ကျောင်းလခနှင့်၊ မုန့်ဖိုးနှင့် စာအုပ်ဖိုးနှင့် လုံးလည်ချာလည် လိုက်နေသူ ဖြစ်သည်။ လကုန်ခါနီးကျရလျှင် သူ့သမီးတွေ စုဘူးထဲက ငွေအကြွေများကို ဇာဂနာနှင့် ပြန်ပြီး နှိုက်ထုတ်တတ်သောသူ ဖြစ်သည်။ “လခထုတ်တော့ အမေ ပြန်ထည့်ပေးမယ်နော် သမီး” ဟူသော ချွေးသိပ်သံကို လတိုင်း ကြားရတတ်သည်။


“သွေးပေါင်ချိန်က နည်းနည်း များတယ်၊ ကိစ္စမရှိပါဘူး၊ နှလုံးလည်း ကောင်းပါတယ်၊ အဘွားက လူကြီးမို့ အထိုင်အထမှာ နည်းနည်းမူးတာပါ၊ ကျွန်တော် အားဆေးလေး ထိုးပေးခဲ့မယ်လေ”


ဆရာဝန်က ပြောသည်။ ဆေးထိုးမည် ဆိုတော့ ရေနွေး လိုမှာပေါ့ ဟူသောအတွေးနှင့် နောက်ဖေးဘက်သို့ ထွက်ခဲ့သည်။ ကောလိပ်စိန်ကိုတော့ အသာအနားကပ်ပြီး လက်ကုတ်၍ ခေါ်ခဲ့လေသည်။


“သမီးမှာ ပိုက်ဆံ ရှိသေးလား”

“နည်းတော့ နည်းနေပြီ အမေရေ့”


ကောလိပ်စိန်က သူ့ပိုက်ဆံအိတ်ကို ပြေးယူကာ ဖွင့်ကြည့်သည်။ ကျပ်တန် လေးရွက်၊ မတ်စေ့ တစ်စေ့၊ ဆယ်ပြားစေ့ နှစ်စေ့၊ ငါးပြားစေ့ သုံးစေ့။

“ဆရာဝန် ခြေကြွခ ပေးစရာ မရှိဘူးဟဲ့”

“ဟောတော်”


ကောလိပ်စိန် မျက်လုံးပြူးသွားသည်။ ဆရာဝန် အိမ်ပင့်ပြီး ဆေးကုခိုင်းကာ ငွေ မပေးဘဲ ပြန်လွှတ်၍တော့ မသင့်တော်လှ။ 


“အမေ့မှာ မရှိတော့ဘူးလား”


ဒေါ်မြရင် ခေါင်းယမ်းပြသည်။ “ရှစ်ဆယ့်ငါးပြား” ဟု တိုးတိုးပြောသည်။ လဆန်းလျှင် ဦးဘကျော် ပင်စင်လခ သုံးရာ၊ ကောလိပ်စိန်တို့ လင်မယားဆီမှ ငါးရာ၊ စိန်ဗေဒါဆီမှ တစ်ရာ့ငါးဆယ်၊ စုစုပေါင်း ကိုးရာ့ငါးဆယ် သူ့လက်ထဲ ရောက်လာသော်လည်း တော်ကြာ ဆီဖိုး၊ တော်ကြာ ဆန်ဖိုး၊ တော်ကြာ ရေနံဆီဖိုး၊ မီးသွေးဖိုး၊ တော်ကြာ ဆပ်ပြာဖိုး၊ တော်ကြာ လျှပ်စစ်မီတာဖိုးနှင့် လျှောခနဲ လျှောခနဲ ပြန်၍ ထွက်သွားကြသည်။ သူ့မှာ တစ်ရက် ကုန်သွားလျှင် ‘အသက်တစ်ရက် ကြီးလာပြီ၊ သေမင်းနဲ့ တစ်ရက် နီးလာပြီ’ ဟု တရားမကျနိုင်၊ ဝမ်းမနည်းနိုင်ဘဲ ‘တစ်ရက် ကုန်သွားပြန်ပြီ’ ‘လကုန်ဖို့ တစ်ရက် နီးလာပြီဟဲ့’ ဟု ဝမ်းသာနေရသည်။


“အဖေ့ဆီမှာရော”

“သူ့အိတ်ထဲမှာတော့ ငါးကျပ်ပဲ တွေ့ခဲ့တယ်”


ဦးဘကျော်က တစ်လတစ်လ သူ့အသုံးကို ငွေအစိတ်တည်းသာ ယူသူ ဖြစ်သည်။ ထိုငွေအစိတ်ထဲမှ ဆေးလိပ်ဖိုး၊ ကွမ်းယာဖိုး သုံးသည်။ သူ့မြေး သုံးယောက်ကို ရသာသကြားလုံး ဝယ်ကျွေးသည်။ တစ်ခါတစ်ရံတော့ ဈေးထိပ်က လက်ဖက်ရည်ဆိုင်မှာ ပဲပလာတာ စားတတ်သည်။ ဒါ့အပြင် အသုံးမရှိ။ တစ်ခါတစ်ရံ အသုံးနည်း၍ တစ်ဆယ်၊ ဆယ့်ငါးကျပ် ကျန်နေပါကလည်း ဒေါ်မြရင်က “ဈေးဖိုး မလောက်ဘူး၊ ပေးပါဦး အဖေကြီးရယ်” ဟု ခပ်ချိုချို ပြောကာ နှိုက်ယူတတ်သည်။


“သမီးတွေ စုဘူးထဲက နှိုက်လိုက်မယ်လေ”

“အကြွေတွေ သမီးရယ်”

သားအမိ နှစ်ဦးသား တစ်ဦးကိုတစ်ဦး ကြည့်ကာ သက်ပြင်းချမိကြသည်။


“ကိုသက်ဆီမှာတော့ ဆယ့်ငါးကျပ် ကျန်သေးတယ်၊ ဒါပေမဲ့ သူက မိုးချုပ်မှာ”


ကောလိပ်စိန်၏ ယောက်ျား အေးမောင်သက်က ကုန်းလမ်းသယ်ယူပို့ဆောင်ရေးတွင် လုပ်သည်။ တစ်နေ့နေ့ တစ်ချိန်ချိန် အလုပ်မှ အနားယူလျှင် ရှေ့နေ ဖြစ်ရန် ကြိုးပမ်းနေသူမို့ ညနေပိုင်းတွင် ဥပဒေသင်တန်း တက်သည်။


“ဖေဖေကြီးက အပ်ပြုတ်ဖို့ ရေနွေးဇလုံရယ်၊ လက်ဆေးဖို့ ဇလုံရယ်၊ ဆပ်ပြာရယ်၊ လက်သုတ်ပုဝါရယ် ယူခဲ့ပါတဲ့”


ရွှေလိပ်ပြာက အိမ်ရှေ့မှ စကားကို သယ်ယူရင်း သူတို့အနား ရောက်လာသည်။ သူတို့က ဂရုမစိုက်နိုင်သေးဘဲ တစ်ဦးကိုတစ်ဦး မျက်လုံးပြူးကြည့်ရင်း အဖြေရှာနေကြသည်။


“နေဦး နေဦး၊ သတိရပြီ၊ အေးအေးလွင်ဆီ ပြေးလိုက်မယ်”


ကောလိပ်စိန်က သုတ်ခနဲ ထွက်သွားသည်။ အေးအေးလွင်သည် ခြေရင်းတစ်အိမ်ကျော်မှ သင်္ဘောသားကတော် ဖြစ်သည်။ သူ့ယောက်ျား ပို့ပေးသော အင်္ကျီလှလှများ၊ ဒေါက်မြင့်ဖိနပ်များကို ကောလိပ်စိန်အား ပြသပြီး “ဝယ်မလား” ဟု ရောင်းချလေ့ရှိသည်။ ကောလိပ်စိန်က သူကိုယ်တိုင် မဝယ်နိုင်၊ မဝတ်နိုင်သော်လည်း သူ အလုပ်လုပ်သော ရုံးသို့ ယူသွားပြီး တစ်ဆင့် ပြသရောင်းချ ပေးလေ့ရှိသည်။ သူ့အရေးတွင် ကိုယ်က ကူညီခဲ့သူမို့ ကိုယ့်မှာ အရေးကြုံသော အချိန်လည်း သူက ကူညီလိမ့်မည် ထင်သည်။


“မေမေကြီး ရေနွေး”

“အေး အေး”


ရွှေလိပ်ပြာက ရှစ်နှစ် ရှိပြီမို့ ချက်ချက်ချာချာ လုပ်တတ်ကိုင်တတ်နေပြီ ဖြစ်သည်။ ယခုလည်း လင်ဗန်းထဲတွင် ရေဇလုံ နှစ်လုံးကို အသင့်ချထားသည်။ ဇလုံထဲတွင် ဆရာဝန် လက်ဆေးရန် ရေအေးကို အသင့် ထည့်ထားသည်။ ကြောင်အိမ် အံဆွဲကို ဖွင့်ပြီး သူတို့ထမင်းဘူး ထုပ်သော လက်သုတ်ပဝါလေးကို ထုတ်ကာ ခါပြီး ပြန်ခေါက်သည်။


ဒေါ်မြရင်က ကြောင်အိမ်ပေါ်က ဓာတ်ဘူးကို လှမ်းယူပြီး ရေနွေးလက်ကျန်လေးကို ဇလုံထဲသို့ သွန်ချလိုက်သည်။ ဓာတ်ဘူးက သိပ်မလုံတော့၊ ကောင်းကောင်း မပူချင်တော့ပေ။ သို့သော်လည်း မတတ်နိုင်။ ခုအချိန်မှ မီးသွေးမီးဖိုကြီးကို မွှေးရလျှင် နောက်ထပ် တစ်နာရီလောက်နေမှ ရေနွေးရမည် ဖြစ်လေသည်။


“မေမေကြီး ဆပ်ပြာ”

“အေး ခက်တာပဲ”


အိမ်တွင် ကိုယ်တိုက်ရန် ဆပ်ပြာ ကုန်နေသည်မှာ အတော်ကြာနေပြီ ဖြစ်သည်။ လကလည်း ကုန်ခါနီးမို့ ပိုက်ဆံကုန် မခံတော့ဘဲ အဝတ်လျှော်သော ရွှေဝါဆပ်ပြာကိုသာ ခပ်လွယ်လွယ် တိုက်လိုက်ကြသည်။ ဆရာဝန် လက်ဆေးရန်ကိုတော့ ဗင်နိုလီးယားတို့၊ လပ်(စ်)တို့ မတတ်နိုင်လျှင်တောင် မွှေးဆပ်ပြာလောက်တော့ ပေးနိုင်သင့်သည်။ သို့သော် မတတ်နိုင်။ ဆရာဝန်ကို ရွှေဝါဆပ်ပြာနှင့် လက်မဆေးရဟု မည်သူမျှ ဥပဒေ ထုတ်ထားသည် မဟုတ်။


“ရွှေဝါလည်း ကြေး(ဂျီး) စင်တာပါပဲတော်”

နေ့ခင်းက အဝတ်လျှော်ပြီး စည်ပိုင်းဘေးတွင် သည်အတိုင်း ချထားမိသဖြင့် ရေနူးကာ အိနေသော ရွှေဝါဆပ်ပြာတုံးကို လက်ဖက်ရည် အောက်ခံပန်းကန်ပြားထဲ ထည့်သည်။


“ကဲ ရော့ … ငါ့မြေးက ဆပ်ပြာနဲ့ လက်သုတ်ပဝါ ယူခဲ့၊ မေမေကြီးက ရေဇလုံတွေ ယူခဲ့မယ်”


ပစ္စည်းပစ္စယတွေ သယ်ခဲ့ပြီး အိမ်ရှေ့စားပွဲပေါ်တွင် ချသည်။ အဆင်သင့်လျှင် ကောင်းနေပြီး နာချင်လျှင် ချက်ချင်းနာတတ်သော ညာဘက်ဒူးက တဆစ်ဆစ်နှင့် နာလာသည်ကို သတိထားမိသည်။ သို့သော် ဂရုမစိုက်သေး။ “ပိုက်ဆံမရခဲ့ရင်တော့ ဒုက္ခပဲ” ဟူသော အတွေးက ခေါင်းထဲတွင် ဆူဝေနေသည်။ “ငါ ဘာမှ မဖြစ်ဘူး၊ ဘာလို့ ဆေးထိုးရမှာလဲ” ဟု အသံကလေး တုန်တုန်နှင့် အော်နေသော အဘွားအား လည်းကောင်း၊ “မနာစေရပါဘူး အဘွားရဲ့၊ အပ်ထက်ထက်ကလေးနဲ့ စပါယ်ရှယ် ထိုးပေးမှာပါ” ဟု ပြောသော ဆရာဝန်အား လည်းကောင်း၊ “အဘွားက စပါယ်ရှယ် ဆိုရင် အကြိုက်ပါပဲဗျာ၊ စပါယ်ရှယ် ဆေးထိုးပြီးရင် စပါယ်ရှယ် ခေါက်ဆွဲ စားမှာလေ” ဟု နောက်နောက်ပြောင်ပြောင် ပြောသော စိန်ဗေဒါအား လည်းကောင်း စိတ်မဝင်စားနိုင်။ သူ့မျက်စိက အိမ်ပေါက်ဝသို့သာ ရောက်နေသည်။


“ဟော”

လမ်းပေါ်တွင် ခပ်သုတ်သုတ် လျှောက်လာသော ကောလိပ်စိန်ကို မြင်တော့ ရင်ထဲတွင် ဒိတ်ခနဲ ဖြစ်သွားသည်။ စိုးရိမ်တကြီး အကဲခတ်မိသည်။ ကောလိပ်စိန်က အိမ်အဝင်ဝ အုတ်လှေကား သုံးထစ်ကို လှမ်းတက်လာရင်း မသိမသာ ခေါင်းညိတ်ပြသည်။


“ဟင်း ဘုရားကယ်ပေလို့”

ဒေါ်မြရင်၏ ရင်ထဲက အလုံးကြီ လျှောကျသွားသည်။ သက်ပြင်းကို ဟင်းခနဲချရင်း အိမ်အလယ်တိုင်ကို မှီကာ ကြမ်းပေါ်သို့ လေးလေးပင်ပင် ထိုင်ချလိုက်သည်။ အထိုင်ရ၊ အကွေးရ၊ အဆန့်ရ ခက်လှသော ညာဘက်ဒူးက တအားနာလာသောကြောင့် တကျွတ်ကျွတ် စုတ်သပ်မိသည်။


“အင်း ဒီဒူးကလည်း သက်သာရင် ခဏပဲ၊ တော်ကြာ ပြန်နာပြန်ရော၊ သေမှပဲ ပျောက်တော့မယ် ထင်ပါရဲ့” ဟု တွေးရင်း သူ့အနား ကပ်လာသော ကောလိပ်စိန်အား “အမေ့ဒူးကတော့ နာပြန်ပြီ သမီးရေ” ဟု လှမ်းအော်ပြောလိုက်မိသည်။


“အဘွားက နေကောင်းပါတယ် ဆရာဝန်လေးရယ်၊ အဘွားသမီး ဒူးနာတာကိုသာ ပျောက်အောင် ကုပေးစမ်းပါ”


အဘွားက နားစွန်နားဖျား ကြားလိုက်ဟန် တူသည်။ ဆေးထိုးရန် ပြန်နေသော ဆရာဝန်အား လှမ်းပြောတော့ ဒေါ်မြရင် ပြုံးရယ်မိသည်။ မိခင်ဖြစ်သူ၏ အရေခွံ ပျော့ပျော့ရှုံ့ရှုံ့လေးများ၊ လက်ချောင်းပိန်ပိန်လေးများ၊ အကြောပြိုင်းပြိုင်းလေးများကို သနားချစ်ခင်မိစွာ ငေးကြည့်နေမိရင်း “အင်း … ငါလည်း မကြာခင် အမေ့လို အိုရတော့မှာပဲ” ဟု တွေးနေမိလေသည်။


********


“အမေ ဒူး နာရင်တော့ မနက်ကျရင် ငါ ဈေးသွားရမယ် ထင်တယ်”

ကောလိပ်စိန်က ပိုက်ဆံအိတ်ထဲမှ လက်ကျန်ငွေကို တွက်ရင်း စဉ်းစားသည်။


“အေးအေးလွင်ဆီက ချေးလာတာက ငါးဆယ်၊ ဆရာဝန်ကို အစိတ် ပေးလိုက်ရတော့ အစိတ် ကျန်တယ်၊ ငါ့ဆီမှာ ရှိတာက လေးကျပ် ဆိုတော့ နှစ်ဆယ့်ကိုးကျပ်၊ နိပ်ဟ”


ကောလိပ်စိန်က အသုံးနည်းနည်းကြမ်းသည်။ သူ့လက်ထဲတွင် ရှိလျှင် ရှိသလို သုံးပစ်တတ်သည်။ ယခုလည်း ငါးဆယ် ချေးလာ၍ အစိတ်ကျန်လျှင် ထိုကျန်ငွေကို ဖယ်ထားဖို့ မစဉ်းစား။ အကုန်လုံး သုံးပစ်ပြီး လခထုတ်မှ ငါးဆယ်လုံး ကြွေးဆပ်ရန် ရည်ရွယ်သူ ဖြစ်သည်။ သူသာလျှင် မဟုတ်။ သူ့ယောက်ျား အေးမောင်သက်ကလည်း သူ့လိုပင် ဖြစ်သည်။ လက်ထဲမှာမို့ ငွေစကလေး ရွှင်နေလျှင် ဘယ်တော့မှ စုရန် စဉ်းစားသူ မဟုတ်။ ကြက်ကြော်တစ်ကောင် ဆယ့်ခြောက်ကျပ် ဆိုလျှင်လည်း ဝယ်ချင်သည်။ ဒူးရင်းသီးတစ်လုံး နှစ်ဆယ် ဆိုလျှင်လည်း ဝယ်ချင်သည်။ မင်းဂွတ်သီးတစ်တွဲ ခြောက်ကျပ် ဆိုလျှင်လည်း ဝယ်ချင်သည်။ သူတို့ စားသည်တော့ မဟုတ်။ အဖေ၊ အမေ၊ အဘိုး၊ အဘွား၊ သားသမီးများအတွက် ဖြစ်သည်။ အဖေ၊ အမေတို့ ဈေးမေးလျှင်တော့ ဒူးရင်းသီးတစ်လုံး ခြောက်ကျပ် ဖြစ်ကာ၊ မင်းဂွတ်သီး တစ်တွဲလည်း တစ်ကျပ်ခွဲ ဖြစ်ရလေသည်။ ဈေးမှန်သိလျှင် မျိုမကျမည် စိုးသောကြောင့် ဖြစ်သည်။ မတန်တဆ ဝယ်သည်ဟု အဆူခံရမည်ကို စိုးသောကြောင့် ဖြစ်သည်။


“ဘယ်လောက်ရှိလဲ”

“နှစ်ဆယ့်ကိုးကျပ်”

“ဒါဆိုရင် အတော်ပဲ၊ မနက်စောစော ဈေးပြေးပြီး အဖေနဲ့ အမေအတွက် မုန့်ဟင်းခါး ဝယ်ချေပါလား မိန်းမရာ”


အေးမောင်သက်က ခုတင်ပေါ်တွင် မှောက်လျက် အနင်းခံနေသည်။ သမီးကြီး ရွှေနှင်းဆီက သူ့ကို အထက်အောက် စုတ်ဆန် နင်းပေးရင်း လက်ထဲတွင် အလီစာအုပ် ကိုင်ကာ အလီကျက်နေလေသည်။


“ဟင့်အင်း၊ အဖေ့ဖို့ပဲ ပဲပလာတာ ဝယ်မယ်၊ အဖေက မုန့်ဟင်းခါး သိပ်မကြိုက်ပါဘူး၊ အဘွားရယ် အဖေရယ်က ပဲပလာတာ စားပေါ့၊ အမေ့အတွက် မုန့်ဟင်းခါး”

“အမေ သမီးတို့ဖို့ကော”

“သမီးတို့ဖို့လား၊ အဲ … ကောက်ညှင်းပေါင်း ဝယ်ခဲ့မယ်နော်”


ကောလိပ်စိန်က ပိုက်ဆံအိတ်ကို ငဲ့ကြည့်သည်။

သမီးတို့သာ မဟုတ်။ အေးမောင်သက်ရော၊ သူရော၊ စိန်ဗေဒါရော ကောက်ညှင်းပေါင်းအဖွဲ့ထဲတွင် ပါမည် ဖြစ်သည်။ ပဲပလာတာတို့၊ မုန့်ဟင်းခါးတို့ကို ယခုလို လကုန်ရက်တွင် လူတိုင်းစေ့တော့ မစားနိုင်။ မကျွေးနိုင်သေး။


“အုန်းသီးများများ ထည့်ခိုင်းနော် မေမေ”

“အေး အေး”


ရွှေနှင်းဆီနှင့် ရွှေလိပ်ပြာသည် အသက်ကလေး အတန်ရလာပြီ ဖြစ်၍ လိမ္မာသည်။ အစားအသောက် မြိုးမြိုးမြက်မြက်ကလေးများကို လူကြီးများအား ဦးစားပေးရမည်ကို အလိုလို နားလည်သည်။ အမာစိန်ကသာ အထွေးဆုံးမို့ နွဲ့ဆိုးဆိုးပြီး လူကြီးပိုင်း တက်နိုင်ချင်သော်လည်း ရွှေနှင်းဆီနှင့် ရွှေလိပ်ပြာတို့က အစားအသောက်နှင့် ပတ်သက်လာလျှင် အမြဲတမ်း နောက်ဆုတ်သည်။ ထို့ကြောင့်လည်း စိန်ဗေဒါက သူ့တူမလေး နှစ်ယောက်ကို အချစ်ပိုခြင်း ဖြစ်သည်။ တစ်ခါတစ်ရံ ရုံးကိစ္စနှင့် ပတ်သက်သော ဘေးပန်း ဝင်ငွေလေးများ ရလျှင် တူမ နှစ်ဦးကို ကျိတ်ခေါ်သွားပြီး ဆီချက်ခေါက်ဆွဲ ကျွေးလေ့ရှိသည်။


“ဒီအိမ်မှာ လူတန်းစား သုံးရပ် ရှိတယ်၊ လူကြီးရယ်၊ လူလတ်ရယ်၊ လူငယ်ရယ်၊ လူကြီးတွေကျ ငါတို့ကို ဒီအသက်၊ ဒီအရွယ်ရောက်အောင် ပြုစုပျိုးထောင်ပေးခဲ့ပြီ၊ ကျေးဇူးကြွေးတွေ ပေးခဲ့ပြီ၊ ဟော အခုတော့ ငါတို့ ကြွေးဆပ်ရမယ့် အလှည့်၊ နောက်ပြီး ငါတို့ သားသမီးတွေ အကြွေးသစ် တည်ပေးရမယ့် အရွယ်၊ လောကကြီးဟာ ဒီလိုပဲပေါ့လေ၊ အမေတို့ အဖေတို့ကို အဘိုးတို့ အဘွားတို့က ဆုံးမခဲ့၊ သွန်သင်ခဲ့၊ ပြုစုပျိုးထောင်ခဲ့၊ တစ်ခါ အမေတို့ အဖေတို့က ငါတို့ကို တစ်ခါ ကျွေးမွေးစောင့်ရှောက်၊ ဟော ငါတို့က ငါတို့ သားသမီးတွေကို လူလားမြောက်အောင် ကြိုးပမ်း၊ လူသားမျိုးဆက် ဆိုတာ ဒီလိုနဲ့ ရှည်သွားရတာပဲ”


ကောလိပ်စိန်က တစ်မျှော်တစ်ခေါ်ကြီး စဉ်းစားမိသည်။ ပိုက်ဆံအိတ်ကို ပိတ်ကာ မှန်တင်ခုံ အံဆွဲထဲ ထည့်လိုက်ရင်း မှန်ထဲတွင် ထင်နေသော သူ့အရိပ်ကို သူ ကြည့်မိသည်။ သူက အမေနှင့် မတူဘဲ အဘွားနှင့် သွားတူသောကြောင့် အသားညိုပြီး ကိုယ်လုံးသွယ်သည်။ မျက်နှာပေါက်ကမူ အဘွားလောက် မလှပေ။ အဘွားငယ်ငယ်က တော်တော်လှသည်ဟု အမေက မကြာခဏ ပြောပြတတ်သည်။ “အင်း တော်တော်လှတဲ့ အဘွားတောင် ဒီအရွယ် ရောက်တော့ ဒီလို ဖြစ်နေရင် အဘွာလောက် မလှတဲ့ ငါ ဆိုရင်တော့ အဲဒီအရွယ် ရောက်ရင် ဘယ်လောက် ကြည့်ရဆိုးနေမလဲ မသိဘူး” ဟု ကိုယ့်ကိုယ်ကိုယ် တွေးမိရင်း ရယ်ချင်သလိုလိုရှိသည်။ သေခြင်းတရားကသာ စောစီးစွာ မနှိပ်စက်ခဲ့လျှင် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် သူလည်း အဘွားလို ဖြစ်လာဦးမည်ကို သိသော်လည်း ထို အကြောင်းအရာများသည် သူ့ဘဝတွင် တကယ် ဖြစ်လာလိမ့်မည် မဟုတ်ဟု ထင်နေတတ်သည်။ ရုံးသွားလိုက်၊ အိမ်ပြန်လိုက်၊ လခထုတ်ရက် တွက်လိုက်၊ ရုံးတွင် သကြား၊ နို့ဆီ၊ ဒူးယား၊ ဖယောင်းတိုင် ရမည့်နေ့ကို မျှော်လိုက်နှင့် အိုခြင်းကို လည်းကောင်း၊ နာခြင်းကို လည်းကောင်း၊ သေခြင်းကို လည်းကောင်း မေ့မေ့လျော့လျော့ ဖြစ်နေတတ်လေသည်။ 


“ကောလိပ်စိန်”

“ရှင် အဖေ”

အဖေက သူတို့အခန်းဝတွင် လာရပ်သည်။ အမာစိန်က အဖေ့ပုဆိုးစကို တန်းလန်းဆွဲ၍ လိုက်လာသည်။


“နင့် အမေ ဒူးနာနေတယ်တဲ့”

“ဟုတ်ကဲ့ အဖေ၊ အခုပဲ ဆေးသွေးမလို့ပါ”

“အေး အေး၊ လိမ်းပေးလိုက်ဦး“


အတန်ငယ်မှိန်သော လေးဆယ်အား မီးလုံးရောင်ဝယ် အဖေ့ခေါင်းမှ ဆံပင်များသည် ဖြူဖွေးနေသည်။ အဖေက ဆံပင်သာမက မျက်ခုံးမွေးလည်း ဖြူသည်။ နှာခေါင်းထဲမှ အမွေးလည်း ဖြူသည်။ မုတ်ဆိတ်မွေး ငုတ်တိုများလည်း ဖြူလေသည်။


“ဖေဖေကြီး ပုံပြောပြမယ်ဆို”

“အေးပါကွယ်”

“ခု ပြောလေ”

“ကဲ … လာ လာ”


အဖေက အမာစိန်အား လက်ဆွဲကာ ပြန်ထွက်သွားသည်။ အိမ်ရှေ့က လှုပ်ကုလားထိုင်ကြီးပေါ်တွင် ထိုင်ရင်း မြေးငယ်အား ပေါင်ပေါ်တင်ကာ အဖေ့ခမျာ ပုံပြောရဦးမည် ဖြစ်သည်။


“အဖေရော … အမေရော အတော် အသက်ကြီးလာပြီ သိလား၊ ကိုသက် ဒီအိမ်မှာ တို့တစ်တွေ မရှိလို့ မဖြစ်ဘူး”


ကောလိပ်စိန်က လှမ်းပြောတော့ အေးမောင်သက်က ပြုံးလေသည်။ သို့သော် ကောလိပ်စိန်က သတိမထားမိ၊ သူ့စကားကို သူ ဆက်သည်။


“ဟိုကောင် စိန်ဗေဒါက သင်္ဘောလိုက်ဖို့ ကြိုးစားနေတာ သင်္ဘောမလိုက်ဖြစ်လည်း မိန်းမ ယူရင် မိန်းမနောက် လိုက်သွားမှာ ကိုသက်ရဲ့၊ အဖေတို့ အမေတို့ကို တို့တစ်တွေပဲ ပြုစုရမှာ၊ တို့ မရှိလို့ မဖြစ်ဘူး”

ဒီတစ်ခါတော့ အေးမောင်သက်က ပွင့်ပွင့်လင်းလင်း ရယ်လေသည်။ ‘ရူးမှ ရူးရန်ကော’ ဟူသော အကြည့်နှင့် ကောလိပ်စိန်အား ကြည့်သည်။


“မိန်းမရယ် ခက်မှခက်ပလေ၊ ဒီအိမ်မှာ တို့ မရှိရင် မဖြစ်တာ မဟုတ်ဘူး၊ အဖေတို့ အမေတို့ မရှိရင်သာ မဖြစ်တာ၊ ကဲ … တော်လောက်ပြီ သမီး၊ ဆင်းတော့ ဆင်းတော့ … ဘုန်းကြီးပါစေ၊ သက်ရှည်ပါစေဗျာ”

နင်းနေသော သမီးအား အဆင်းခိုင်းပြီး အေးမောင်သက် ထထိုင်သည်။


“ခင်ဗျားက အမေ့လို အစောကြီး ထပြီး ဈေးသွားနိုင်လို့လား၊ ဟင်းတွေကို အမေ့လို အရသာရှိအောင် ချက်တတ်လို့လား၊ နောက်ပြီး နေ့ခင်းတိုင်ကျရင် ခင်ဗျား သမီး ‘ဆိုးတေမလေး’ ကို အဖေ့လို ထိန်းနိုင်လို့လား”


ကောလိပ်စိန်၏ မျက်နှာသည် ဖျင်းခနဲ ပူသွားသည်။ သူက နံနက်စောစော ထပြီး ဈေးသွားနိုင်သည် ဆိုဦး၊ အမေ့လို အကုန်နည်းနည်းနှင့် စားကောင်းအောင် စီမံတတ်မည်တော့ မဟုတ်ပေ။ အရသာ မရှိသည်က ထားဦး၊ သူ့ဟာသူ ဈေးသွား၊ သူ့ဟာသူသာ ချက်လို့ကတော့ ရုံးအမီ ကျက်ဖို့ လုံးဝမလွယ်ပေ။


“အဲဒါနဲ့ မထွေးလေးက သူ့သားလေးကို ‘ငန်းတော်ရေ မြွေမင်းသား၊ အိပ်ပါတော့လား’ ဆိုတော့ ငှက်ကြီးဝန်ပိုကြီးက မကြိုက်ဘူးတဲ့၊ ‘တစ်ပေါက် နှစ်ပေါက်၊ ငါ ပေါက်လိုက်ရ’ လို့ ပြောသတဲ့၊ ဒီတော့ ‘ငှက်ကြီးဆို ဝန်ပိုရဲ့သား၊ အိပ်ပါတော့လား’ ဆိုတော့မှ ‘ဟား ဟား ဟား ’ ရယ်သတဲ့ ငါ့မြေးရဲ့”


အဖေ၏ ပုံပြောသံကို ကြားရသည်။ အမေ၏ ဘုရားရှိခိုးသံကို ကြားရသည်။ ရွှေနှင်းဆီ၏ အလီကျက်သံနှင့် ရွှေလိပ်ပြာ၏ ပထဝီသင်ခန်းစာ ကျက်သံကိုလည်း ခပ်တိုးတိုး ကြားရလေသည်။ စိန်ဗေဒါကလည်း အံဆွဲထဲမှ သူ့စက်ကလေးကို ထုတ်ပြီး တတီတီ နှိပ်နေပြန်လေသည်။


“ခင်ဗျားက ကိုယ့်ကိုယ်ကိုယ် အကြွေးတွေ ဆပ်နေတယ် အောက်မေ့နေ၊ ကျေးဇူးကြွေးတွေ ဆပ်နေတယ် ထင်နေ၊ တကယ့်တကယ်ကတော့ အဖေတို့ အမေတို့ကသာ သားသမီး မကဘူး၊ မြေးတွေ၊ မြစ်တွေအထိ ဆက်ပြီး ကျေးဇူးကြွေးတွေ ပေးနေတာပါ မိန်းမရဲ့၊ ဆယ့်ခြောက် ခုနစ်လီ တစ်ရာ တစ်ဆယ့်နှစ်လေ သမီး၊ အဲဒီအလီ ရရင် အိပ်တော့၊ ကိုးနာရီ ထိုးခါနီးပြီ အိမ်စာတွေရော ပြီးပြီလား”


အေးမောင်သက်က အလီဆိုရင်း ထစ်နေသော သူ့သမီးဘက် လှည့်သွား၍ ကောလိပ်စိန် စိတ်သက်သာရာ ရသွားသည်။ သူနှင့် အေးမောင်သက်သည် အသက်ချင်းက မတိမ်းမယိမ်း ဖြစ်သော်လည်း အေးမောင်သက်က သူ့ထက် အများကြီး ပို၍ လူကြီးဆန်လေသည်။ စကားကိုလည်း အကျိုးအကြောင်း အချက်အလက်နှင့် ပြောတတ်သည်။ အေးမောင်သက်နှင့် ယှဉ်ပြောလို့ကတော့ သူ နိုင်ဖူးသည် ဟူ၍ တစ်ခါမျှ မရှိပေ။


“ဩော် … အမေ မအိပ်ခင်၊ ဆေးလိမ်းပေးဦးမှပါ”


တိုလီမုတ်စတွေ ထည့်သော ထန်းခေါက်ဖာ သေးသေးလေးကို မွှေနှောက်ပြီး ဇာတိပ္ဖိုလ်သီးနှင့် တောင်တန်ကတိုးကို ခပ်ကျဲကျဲလေး ရောပြီး နနွင်း နည်းနည်း ထည့်ကာ လိမ်းပေးထားလျှင် တရှိန်ရှိန် ပူလာကာ ဒူးအနာ သက်သာသည်ဟု အမေက ပြောလေသည်။


“အင်း … အမေတို့၊ အဖေတို့လည်း ငါတို့ကို ထိန်းပြီးတော့ မြေးတွေကို ဆက်ထိန်းရပြန်ရော၊ ရိပ်သာသွား တရားအားထုတ်ချင်တယ် ဆိုတာလည်း ပါးစပ်ကသာ ပြောနေတာ တကယ် မသွားဖြစ်၊ ဒီတစ်ခါတော့ အတင်းတိုက်တွန်းပြီး သွားခိုင်းဦးမယ်”


ဇာတိပ္ဖိုလ်သီး ညိုညိုလေးကို လက်ညှိုးနှင့် လက်မကြားတွင် ညှပ်ကိုင်ရင်း ကျောက်ပျဉ်ပေါ်တွင် တဂျစ်ဂျစ် သွေးသည်။ သင်းပျံ့သော ရနံ့နှင့်အတူ အနှစ်ညိုညိုများ ထွက်လာတော့ လက်ညှိုးနှင့် အသာသပ်ယူကာ ခွက်ထဲ ထည့်သည်။


“နက်ဖြန်ကျရင် မုန့်ဟင်းခါးချိုင့် မမေ့အောင် ယူသွားမှပဲ”


“အမေက အဘွားဆို သိပ်ချစ်တာ၊ အဘွား ခေါက်ဆွဲပြုတ် ဆိုလည်း ‘ရော့ … စိန်ဗေဒါ၊ သွားဝယ်’ ပဲ၊ ကြာဇံကြော်ဆိုလည်း ‘မြန်မြန်သွားဟဲ့ စိန်ဗေဒါ’ ပဲ၊ သူ့ကိုယ်သူကျတော့ မုန့်ဟင်းခါး တစ်ခွက်တောင် ငါးမတ်၊ တစ်ကျပ်တောင် နှမြောပြီး ဘယ်တော့မှ စားတာ မဟုတ်ဘူး၊ အင်း … ငါရော ဘာထူးလို့လဲ၊ အမေတို့၊ အဖေတို့အတွက် ဝယ်ရရင်သာ မနှမြောတာ၊ ငါ့ဟာငါဆိုရင် လက်ဖက်ရည် တစ်ခွက်တောင် ဝယ်သောက်ဖြစ်တာ မဟုတ်ပါဘူး”


ကောလိပ်စိန်က သူ့ကိုယ်သူ အမှတ်ပေးသည်။ ကိုယ့်ဟာကိုယ် စိတ်ထဲမှ တွေးသည် ဖြစ်၍ အေးမောင်သက် မကြား၊ ထို့ကြောင့် အရယ်တော့ မခံရပေ။


အမေ့ ဘုရားရှိခိုးသံ ရပ်သွားတော့ ကောလိပ်စိန်သည် ဆေးခွက်ကို ကိုင်ကာ ထွက်လာခဲ့သည်။ မီးဖိုထဲ သွားပြီး နနွင်းအနည်းငယ် ရောကာ လက်ခလယ်နှင့် မွှေသည်။ ဇာတိပ္ဖိုလ်သီးနံ့၊ တောင်တန်ကတိုးနံ့၊ နနွင်းနံ့တို့သည် ရောပြီး ဝေ့ပျံလာသည်။


“အမာစိန် အိပ်ပြီ ကိုသက်ရေ လာခေါ်တော့”


အမာစိန်သည် အဖေ့ရင်ခွင်ထဲတွင် နှစ်ခြိုက်စွာ အိပ်ပျော်နေပြီ ဖြစ်သည်။ အဖေကလည်း လှုပ်ကုလားထိုင်ကို ရှေ့နောက်ယိမ်းထိုး လှုပ်ရင်း သူ့မြေးကို ပွေ့ကာ သူပါ ရောပြီး ငိုက်နေသည်။ အေးမောင်သက်က သမီးကို လာပွေ့ခေါ်တော့မှ အဖေလည်း နိုးလေသည်။


“အဖေကြီး မအိပ်ခင် ငှက်ပျောသီးလေးများ စားဦးမလား”

“တော်ပါပြီကွာ၊ မမြပဲ စားလိုက်ပါတော့၊ ပုတီးလေး စိပ်လိုက်ဦးမယ်”

အဖေက ပုတီးလေး ကိုင်ကာ အိပ်ရာဝင်သွားလေသည်။ ဆရာဝန်က ဘာဆေး ထိုးသွားသလဲတော့ မသိ၊ အဘွားကလည်း နှစ်ခြိုက်စွာ အိပ်ပျော်နေသည်။


“မနက်ကျရင် ဈေးသွားရမလား အမေ”

“မလိုပါဘူး သမီးရယ်၊ အိမ်မှာ အာလူးနဲ့ ငါးခြောက် ရှိပါတယ်”

“ခဏတော့ သွားလိုက်မယ်လေနော်၊ ဘာလေးများ ပေါပေါများများ ရမလဲ မသိဘူး”


ကောလိပ်စိန်က အမေ့ဒူးအား ဆေးလိမ်းပေးသည်။ လက်ငါးချောင်းနှင့် အောက်ဘက်သို့ ဆွဲချပြီး အသားထဲ စိမ့်ဝင်အောင် နာနာပွတ်ပေးလေသည်။


“ဂျပန်ပြည်မှာ မိအို၊ ဖအို ရှိတဲ့သူတွေဆိုရင် သိပ် မျက်နှာငယ်တယ်တဲ့၊ အဘိုးကြီးတွေရဲ့ တာဝန်ကို ယူရမှာ ကြောက်လို့ ဘယ်သူကမှလည်း လက်မထပ်ချင်ဘူးတဲ့၊ အမေ တစ်နေ့က စာအုပ်တစ်အုပ်ထဲမှာ ဖတ်လိုက်ရတယ်”

“ဟုတ်လား အမေ”

“ဒါကြောင့် အဖေကြီးကိုတောင် ရယ်စရာ ပြောရသေးတယ်၊ ကောလိပ်စိန်တစ်ယောက် မြန်မာပြည်မှာမို့ ယောက်ျားရတာလို့”


အမေက တသိမ့်သိမ့် ရယ်သည်။ ဆေးနံ့နှင့် အတူတူရောပြီး ပျံ့လာသော အမေ့ချွေးနံ့ကို ကောလိပ်စိန်က နှစ်ခြိုက်စွာ ရှူရှိုက်မိသည်။


“အနောက်နိုင်ငံမှာရော အမေရယ်၊ သားသမီးနဲ့ မိဘ အိမ်ထောင်ကျရင် အတူနေတယ်လို့ မရှိကြပါဘူး၊ အဘိုးကြီး အဘွားကြီးတွေက ကိုယ့်ဟာကိုယ် ဈေးသွား၊ ကိုယ့်ထမင်း ကိုယ် ချက်စား၊ သူတို့ နေမကောင်းတော့ သားသမီးတွေက ပန်းစည်းလေးတွေ၊ ကတ်ပြားလေးတွေ ပို့ကြတယ်၊ အမေ ထဘီ မချလိုက်နဲ့ဦးလေ၊ ဆေးခြောက်အောင် ထားပါဦး”


ဆေးမြန်မြန် ခြောက်ရန်အတွက် အမေ့ဒူးကို ကောလိပ်စိန်က ယပ်တောင်တစ်ချောင်းနှင့် ယပ်ခတ်ပေးသည်။ 

မိုးဖွဲကလေး ရွာနေသည်မို့ သွပ်မိုးပေါ်သို့ မိုးစက်မိုးမှုန်များ ကျသံက တဖြောက်ဖြောက်နှင့် မြည်နေသည်။ အိမ်ရှေ့ မြောင်းထဲမှလား၊ လမ်းဘေး ရေဘုံပိုင် အနီးမှလားတော့ မသိ၊ ဖားတစ်ကောင် ‘အုံအွမ်၊ အုံအွမ်’ နှင့် မပျင်းမရိ အော်နေလေသည်။


“ဒီလိုဆို အမေလည်း ကံကောင်းလို့ မြန်မာပြည်မှာ လူဖြစ်တာပေါ့နော်”


အမေက ပြောတော့ စိန်ဗေဒါက ရယ်လေသည်။ “ဒါပေမဲ့ ကံဆိုးချင်တော့ မြေးထိန်းနေရတာပေါ့ဗျာ” ဟု ဝင်ပြောသည်။ ကောလိပ်စိန်နှင့် အမေလည်း တစ်ဦးကိုတစ်ဦး ကြည့်ကာ ပြုံးရယ်မိကြလေသည်။


“အမေကတော့ အဘိုးကြီး၊ အဘွားကြီး အထီးကျန် နေရတာနဲ့စာရင် မြေးထိန်းနေရတာ ကြိုက်ပါတယ် သားရယ်၊ ကိုယ် နေထိုင်မကောင်း ဖြစ်တဲ့အခါလည်း ပန်းစည်းလေး တစ်စည်း ရတာထက် ဟောဒီလို ကိုယ်တိုင် ဆေးသွေးပြီး လိမ်းပေးတာကို လိုချင်ပါတယ်”


အမေ့စကား ကြားလိုက်တော့ ကောလိပ်စိန်၏ ရင်ထဲတွင် နွေးခနဲ ဖြစ်သွားသည်။ အမေ့ကို ဖက်ပြီး နမ်းလိုက်ချင်သော်လည်း တစ်ခါမျှ မနမ်းဖူး၍ မနမ်းရဲ။ ခွက်ထဲမှ ဆေးလက်ကျန်များကိုသာ ဒူးပေါ်သို့ ထပ်လောင်းချကာ ထပ်၍ ပွတ်ပေးနေမိသည်။


“သာဓု … သာဓု … သာဓု မိဘကို ပြုစုရတာ တကယ့်ကို အကျိုးကျေးဇူး ကြီးပါတယ်၊ သားတို့ သမီးတို့ ဘုန်းကြီးပါစေ၊ အသက်ရှည်ကြပါစေ၊ ကိုယ်ကျန်းမာပြီး စိတ်ချမ်းသာပါစေ၊ သွားလေရာ ခလုတ်မထိ ဆူးမငြိဘဲ ကိုယ်စိတ်လိုရာ ပြည့်ဝကြပါစေ”


အမေက ဆုတွေ တသီကြီး ပေးသည်။ “ပေးတဲ့ဆုနဲ့ တစ်လုံးတစ်ဝတည်း ပြည့်ပါရစေ” ဟု ထပ်ဆင့် ဆုတောင်းရင်း ကောလိပ်စိန်သည် အမေ့အား နေရာမှတွဲထူကာ အခန်းထဲသို့ လိုက်ပို့သည်။ နာနေသော ဒူးအား ဖိမနင်းရဲ၍ ဆကာ ဆကာနှင့် နင်းရင်း အမေက ခြင်ထောင်ထဲ ဝင်သွားသည်။ “အိပ်ခါနီး အဘွားကို သွားကြည့်လိုက်ဦးနော် သမီး၊ အနားမှာလည်း ရေတစ်ခွက် ခပ်ထားပေး” ဟု မှာသည်။


“အမေက မြေးထိန်းရတာ ကြိုက်သတဲ့၊ ဒီကောင်က တာဝန်မကျေဘူး ဖြစ်နေတယ်၊ အမေ့အတွက် မြေးတွေ ထုတ်လုပ်ပေးဦးမှ”


စိန်ဗေဒါက နောက်နောက်ပြောင်ပြောင် ပြောနေပြန်သည်။ ကောလိပ်စိန်က ဘာမှ ပြန်မပြောမိ။ အိမ်တံခါးတွေ အသေအချာ ပိတ်ထားရဲ့လားဟု လိုက်စစ်ဆေးရင်း “သားသမီးနဲ့ မိဘ ဆက်ဆံပုံချင်းကိုက သူတို့နဲ့ ငါတို့ မတူဘူး၊ သူတို့ဆီမှာ သုံး၊ လေးနှစ်ရွယ် ကလေးလေးတွေကိုလည်း အခန်းသတ်သတ် သိပ်လို့၊ ထိန်းတော့ နာနီက ထိန်းတာ၊ အမေ အဖေက အိပ်ခါနီးရင် ပါးလေး နမ်းပြီး ‘ဂွတ်နိုက်’ ဆိုရင် ပြီးရော၊ ကျန်းမာရေးအတွက် ကောင်းတယ်တဲ့၊ ဟုတ်ရင်လည်း ဟုတ်မှာပေါ့လေ၊ ဒါပေမဲ့ ငါတော့ မကြိုက်ပါဘူး၊ ငါတို့ဆီမှာက ကလေးတွေဟာ အဖေနဲ့ အမေ ကြားမှာ အိပ်တာ၊ ဟိုရင်ခွင်ထဲ တိုးဝင်ပြီး ကပ်ချွဲလိုက်၊ ဒီရင်ခွင်ထဲ တိုးဝင်ပြီး ပူဆာလိုက်၊ တစ်ခါတလေလည်း အမေ၊ အဖေကို ခွပြီး သေးပန်းလိုက်၊ ကန်လိုက် ကျောက်လိုက်၊ အမေကလည်း စောင် ကန်ပစ်တိုင်း ပြန်ခြုံပေးလိုက်၊ နေကောင်းရဲ့လားလို့ နဖူးထစမ်းလိုက်နဲ့ မေတ္တာကလေး ယှက်နွှယ်ပုံချင်းက သူတို့နဲ့ ဘယ်လိုလုပ် တူနိုင်မှာလဲကွယ်၊ မိဘချင်းလည်း မတူဘူး၊ ဒီတော့ သားသမီးချင်းလည်း ဘယ်တူနိုင်မှာလဲ၊ ငါတော့ ကိုယ့်ကိုယ်ကိုယ် မြန်မာဖြစ်ရတာ ကျေနပ်လိုက်တာ” ဟု စဉ်းစားနေမိလေသည်။


မိုးက တဖြည်းဖြည်း သည်းလာသည်။ ဟောင်းနွမ်းနေသော သွပ်မိုးက ရေ တပေါက်ပေါက် ယိုလာလေသည်။ ကောလိပ်စိန်လည်း ဇလုံတွေ၊ ပုံးတွေ ယူကာ မိုးရေယိုသော နေရာများတွင် လိုက်ခံရပြန်လေသည်။


“မိန်းမလှလေးနဲ့ ညား၊ သင်္ဘောသားလည်း ဖြစ်ရပါလို၏။ လင်ဆာနံ ပူဇေမိ၊ လင်ဆာနံ ပူဇေမိ”


စိန်ဗေဒါက သူ့စက်ကလေးကို ပြန်သိမ်းလိုက်ပြီး သီချင်းတိုးတိုး ညည်းရင်း ခြင်ထောင် ထောင်နေလေသည်။ သူ့ခမျာ ဘုရားစင်အောက်တွင် ဖျာခင်း အိပ်ရသူမို့ နေမြင့်အောင် မအိပ်ရပေ။ ဧည့်သည် ပြန်သည်ထိ မအိပ်ဘဲ စောင့်နေရတတ်သည်။


“စိန်ဗေဒါ နင် အိပ်ခါနီး မီးပိတ်ဖို့ မမေ့နဲ့နော်၊ မနေ့ညက မီးကြီး အလင်းထွန်းပြီး အိပ်သွားတယ်”


ကောလိပ်စိန် အခန်းထဲ ရောက်တော့ အားလုံး အိပ်နေကြပေပြီး။ ရွှေနှင်းဆီနှင့် ရွှေလိပ်ပြာတို့သည် အသက် ခုနစ်နှစ်နှင့် ရှစ်နှစ် အသီးသီး ရှိပြီ ဖြစ်သော်လည်း အခွင့်သာလျှင် မိဘရင်ခွင်ထဲ တိုးဝင်မြဲ ဖြစ်သည်။ တစ်ခါတစ်ရံကျလျှင်တော့ အမာစိန်က အဖေကိုရော အမေကိုပါ မောင်ပိုင်စီးထားတတ်သည်။ သည်နေ့တော့ အမာစိန် စောစောအိပ်သွား၍ သူတို့ ကံကောင်းသွားသည်။ အဖေ၏ ဘယ်ဘက်တွင် တစ်ယောက်၊ ညာဘက်တွင် တစ်ယောက် ကပ်ပြီး အိပ်နေကြလေသည်။ ကွေးကွေးလေး အိပ်နေသော အမာစိန်ကို ဘေးအစွန်သို့ ပို့ထားကြသည်။


“အင်း … ငါတို့ခုတင်လည်း ကွပ်ပျစ်ရိုက်ပြီး ဘေးဘက်က ထပ်ဆက်ထားပေလို့ပဲ၊ အခန်းကျယ်ရင်တော့ အကြီးမ နှစ်ယောက်ကို သက်သက် သိပ်ဖို့ ကောင်းပြီ၊ ဒါမှမဟုတ်လည်း ကိုသက်ကို တစ်ယောက်အိပ် ခုတင်လေးနဲ့ သက်သက် သိပ်ပြီး ငါနဲ့ သမီးတွေက ဒီခုတင်ကြီးပေါ်မှာ အိပ်မှ ထင်ပါရဲ့”


အတွန့်များများနှင့် ချုပ်ထားသော ခြင်ထောင်ကြီးကို ချကာ ဘေးဘက်သို့ ဖြန့်ကားပြီး မွေ့ရာနှင့် လိုက်ဖိသည်။ ခြင်ထောင်ထဲ ရောက်နေသော ခြင်များကို တဖျပ်ဖျပ် လိုက်ခတ်သည်။ နှစ်ထည် ဆက်ပြီး ချုပ်ထားသော မုဒုံစောင်ကြီးကို သားအဖ သုံးယောက်အား ဖြန့်ခြုံပေးလိုက်သည်။ ထို့နောက် ခေါင်းရင်းမှ မီးခလုတ်ကို ဖျောက်ခနဲ လှမ်းပိတ်ကာ အမာစိန်လေး ဘေးတွင် အသာလှဲချလိုက်သည်။ အိပ်ချင်လှပြီ။


“မေ … မေ”


အမာစိန် ဆတ်ခနဲ နိုးသွားပြီး သူ့ရင်ခွင်ထဲသို့ တိုးဝင်လာသည်။ ကောလိပ်စိန်သည် သမီးကို ဆီးဖက်ရင်း တင်ပါးလေးကို အသာပုတ်ပေးသည်။ “အင်း … နောက်နှစ်ပေါင်း နှစ်ဆယ်၊ အစိတ်လောက် ဆိုရင် အမေက အဘွားနေရာ ရောက်ပြီ ငါက အမေ့နေရာ ရောက်နေပြီ၊ အမေက အဘွားကို ပြုစုသလို ငါက အမေ့ကို ပြုစုရတော့မယ်၊ အမေ့လိုပဲ ဈေးသွားရင်း၊ ထမင်းဟင်း ချက်ရင်း မြေးတွေကို ထိန်းရကျောင်းရဦးတော့မယ်” ဟု တွေးနေမိသည်။


ဘဝ ဟူသည်မှာ ဆွဲကာ ဆန့်လိုက်တော့ နှစ်ပေါင်းများစွာ ရှည်လေသည်။ သို့သော် ချုံ့ပြီး စဉ်းစားလိုက်ပြန်တော့လည်း တိုတိုလေးပင်။ သားသမီး ဘဝကနေပြီး အဖေအမေ ဖြစ်၊ အဖေအမေ ဘဝကနေပြီး အဘိုးအဘွား ဖြစ်။ ကံကောင်းလျှင်တော့ မြေးမကဘဲ မြစ် ရသည်အထိ အသက်ရှင်ခွင့် ကြုံနိုင်သည်။ လူ့ဘဝ အကျဉ်းချုပ်ကတော့ ဒါပဲ ဖြစ်သည်။ သူက ပါရမီရင့်သန်သူ မဟုတ်၍ လူ့လောကတွင် နေရသမျှ အချိန်ပိုင်းတွင် မည်သူတွေ တရားရ၊ အမြတ်ထွက်ပြီး မည်သူတွေ အရှုံးထွက်သွားကြောင်းကို မစဉ်းစားမိပေ။ နေရသမျှသော အချိန်ပိုင်းကလေးတွင် လုပ်သင့် လုပ်ထိုက်သည်များကို လုပ်မိပြီး မလုပ်သင့် မလုပ်ထိုက်သည်များကို မလုပ်မိရန်သာ အများဆုံး စဉ်းစားသူ ဖြစ်သည်။ သူများတကာထက် ထူးချွန်ထက်မြက်ရန် ပင်ပန်းကြီးစွာ ကြိုးစားရင်း ‘ငါဟာ သာမန် မိန်းမ မဟုတ်ဘူး’ ဟူ၍ တွေးတော ကျေနပ်နေလိုသူလည်း မဟုတ်။ သားသမီး ဘဝတွင် သားသမီးပီပီ၊ မိဘဘဝတွင်လည်း မိဘပီပီ၊ အဘိုးအဘွားဘဝ ရောက်တော့လည်း အဘိုးအဘွားပီပီသာ နေလိုသည်။ သူ့အချိန်ပိုင်းနှင့်သူ လုပ်သင့်လုပ်ထိုက်သည်များကို လုပ်သွားမည်။ သာမန်ထဲက သာမန်ဘဝတွင် သူ အသက်ထက်ဆုံး အေးဆေးချမ်းမြေ့စွာ နေသွားလိုသည်။


“မေမေ ပုံပြောပြပါလား”


သမီးက ပုံပြောခိုင်းသည်။ သူက ပုံမပြောနိုင်သေးဘဲ သမီးကို တင်းတင်းဖက်ကာ တိုးတိုး မေးမိသည်။


“မေမေ အဘွားကြီး ဖြစ်လာလို့ ဘွားဘွားကြီးလို နေမကောင်း ဖြစ်ရင်၊ မေမေကြီးလို ဒူးနာရင်၊ ဖျားပြီး အိပ်ရာထဲက မထနိုင်ရင် သမီးလေးက မေမေ့ကို ပြုစုမှာလား ဟင်”


သမီးက ကြည်လင်တောက်ပသော မျက်လုံးများနှင့် သူ့ကို မော်ကြည့်သည်။ ထို့နောက် ခေါင်းကလေး တဆတ်ဆတ် ညိတ်ပြလေသည်။


ကောလိပ်စိန်က သမီး၏နဖူးကလေးကို ညင်သာစွာ နမ်းလိုက်သည်။ ထို့နောက် သူတို့ ငယ်ငယ်တုန်းက အမေ ခဏခဏ ပြောပြဖူးသော ‘သုဝဏ္ဏသာမ’ အကြောင်းကို သမီးအား ပြောပြလေသည်။


---------------


မစန္ဒာ 


 (စာပေလုပ်သား မဂ္ဂဇင်း၊ ဒီဇင်ဘာ၊ ၁၉၈၃။) 


Sunday, 8 May 2016


[ အလင်းရောင် ဘလော့ဂ်မှကူးယူပါသည်။ဘလော့ဂ်ဂါအားကျေးဇူးတင်ပါသည်။]



No comments:

Post a Comment