Tuesday, 7 May 2019

#ငွေပေးမှရ #ဘာသာပြန်သူ - #မောင်ထင်

#ငွေပေးမှရ 


#ဘာသာပြန်သူ - #မောင်ထင်


မီးလင်းဖို မီးသည် တောက်နေ၏။ စားပွဲပေါ်တွင် လူနှစ်ယောက်စာ လဘက်ရည် အသင့်ပြင်ပြီး ရှိသည်။ ဆဲလျူဝါ မြို့စားကြီးသည် ဦးထုပ်၊ လက်အိတ်နှင့် သားမွေး ကုတ်အင်္ကျီ တို့ကို ကုလားထိုင် ပေါ်သို့ ပစ်တင်လိုက်သည်။ မြို့စားကြီး ကတော်ကား ပွဲ၌ ခြုံသော ကိုယ်ရုံကို ခွာချ၍ မိမိကိုယ်ကို မိမိ မှန်ထဲတွင် ချစ်စနိုး ကြည့်ရင်း ရတနာ လက်စွပ် ဝတ်ထားသော လက်ချောင်းကလေး များဖြင့် ကော့သော ဆံနုကလေးများကို သ၍ နေသည်။ ယောက်ျား ဖြစ်သူသည် ပြောစရာ ရှိသည့် စကားကို ပြောရန် ဟန်ပြင်ကာ မိမိ၏ ဇနီးအား မိနစ် အတန်ကြာမျှ ကြည့်သည်။ သို့သော် နောက်ဆုံးတွင် မရဲတရဲနှင့် ပြောလိုက်၏။


"ဒီညတော့ မင်း နန့်လွန်းသကွယ်"


ထိုအခါ မြို့စားကတော်သည် သူ့ ခင်ပွန်းသည်အား အနိုင်ယူသော ပမာမခန့် မျက်နှာထားဖြင့် စိမ်းစိမ်းကြည့်သည်။


ပြီးလျှင် "ဩော်၊ ဟုတ်ကလား" ဟု ပြန်ပြောသည်။ ထိုနောက် စားပွဲတွင် ထိုင်၍ လဘက်ရည် ငှဲ့သည်။ မြို့စားကြီးလည်း မြို့စားကတော်နှင့် မျက်နှာချင်းဆိုင် ထိုင်သည်။


"မင်း လုပ်ပုံကကွယ်၊ ငါ့မှာ ရယ်စရာ သက်သက် ဖြစ်တာဘဲ"


မြို့စားကတော်သည် မျက်တောင်ကို ချီ၍ "အခု ရှင် ကျွန်မကို ရန်လုပ်နေတာလား။ ကျွန်မ လုပ်ပုံကိုင်ပုံတွေကို အပြစ် ဆိုသပေါ့လေ" ဟု ပြောသည်။


"မဟုတ်ပါဘူး။ မက်ရှာဗျူရယ်က မင်းကို ကြာခိုတာဟာ နည်းနည်းမှ မတော်ပါဘူးကွယ်။ ငါ့မှာ ပြောခွင့်ရှိတယ် ဆိုယင်၊ ဒါမျိုးကို ငါ သည်းညည်း မခံနိုင်ဘူးဟေ့"


"ဘာဖြစ်လို့လဲ အချစ်ရယ်၊ ရှင် ဘယ်လို ဖြစ်လာတာလဲ။ ရှင်ဟာ မနှစ် ကတဲက စပြီး၊ စိတ်ပြောင်း လာပြန်ပလား။ မနှစ်ကဆိုယင်၊ ကျွန်မကို ဘယ်သူက နောက်ပိုး၊ ပိုးပိုး မပိုးပိုး၊ ရှင် ဂရုမစိုက်ဖူး မဟုတ်လား။ ရှင် အမြှောင်ထားပြီး ဒီအမြှောင်မကို အရူးအမူး ဖြစ်နေတုန်းက၊ အခုည ရှင် ကျွန်မကို ပြောသလို ကျွန်မကလဲ ရှင့်ကို ပြောခဲ့ဘူးတယ်။ ကျွန်မ ပြောရတာက အကြောင်း လုံလောက်လို့ ပြောတာရှင့်။ ရှင်ဟာ မာဒမ်ဒီဆယ်ဗီနဲ့ ဖြစ်နေတယ်။ ဒီလို ဖြစ်နေတာဟာ ကျွန်မကို စိတ်ဆင်းရဲအောင် လုပ်တာဘဲ။ ကျွန်မကို လူရယ်စရာ ဖြစ်အောင် လုပ်ထာဘဲ။ အဲသလို ပြောခဲ့တုန်းက၊ ရှင် ကျွန်မကို ဘာပြန် ပြောခဲ့သလဲ။ လွတ်လွတ်လပ်လပ် နေချင်သလို နေပါလားတဲ့။ အသိတရား ပြည့်ဝတဲ့ လူတန်းစားတွေမှာ အိမ်ထောင်ရေး ဆိုတာ အစုစပ်လုပ်ငန်း တခုဘဲ။ လူမှု ဆက်ဆံရေးမှာ ကတိပဋိညာဉ် ထားကြတဲ့ သဘောဘဲ။ ဒါပေမယ့် ဒီပဋိညာဉ်မျိုးဟာ ကိုယ်ကျင့်တရားကို မူတည်ပြီး ချမှတ်တဲ့ ပဋိညာဉ်မျိုး မဟုတ်ဖူး၊ အဲသလို ရှင်ပြောခဲ့တယ်။ ရှင့်မယားငယ်ဟာ ကျွန်မထက် မက်စရာကောင်းတယ်။ ကျွန်မထက် မိန်းမ ပီသတယ်လို့ ရှင်ဘဲ ဆိုတယ်။ မိန်းမ ပီသ သတဲ့။ အဲဒါ ရှင်ပြောတဲ့ စကားတော့။ ရှင် အဲဒီလို ပြောတုန်းက ကျွန်မရဲ့ စိတ်ကို မထိခိုက်ရလေအောင် ရေရေမွန်မွန် ပြောတဲ့အတွက် ကျေးဇူး တင်ပါသတဲ့ရှင်။ အဟုတ်ပါ။ ဒါပေမယ့် ရှင် ဘာဆိုလိုတယ် ဆိုတာ ကျွန်မ နားလည်ပါတယ်။ ဒီနောက် ရှင်နဲ့ ကျွန်မဟာ ကင်းကွာခဲ့ကြတာဘဲ မဟုတ်လား။ တအိမ်ထဲမှာ အတူတူ နေပေမယ့်၊ တယောက်နဲ့ တယောက် မပေါင်းနိုင်ကြတော့ဘူး။ ကျွန်မတို့မှာ ကလေး တယောက်တော့ ရှိပါရဲ့။ ဒါပေမယ့် ဒီကလေးဟာ တခြား လူတွေရှေ့မှာ လင်ရယ် မယားရယ်လို့ ဟန်လုပ်ဖို့ အတွက်ပါဘဲ။ ပြီးတော့လဲ ကျွန်မ မျောက်မထားရင် ရှင်က နဲနဲကလေးမှ ကန့်ကွက်လိမ့်မယ် မဟုတ်ဖူးဆို။ အဲ၊ လူတော့ မသိပါစေနဲ့လို့ ရှင် ပြောခဲ့တယ်။ မိန်းမဆိုတာ အဲဒီလို မျောက်မထားတဲ့ ကိစ္စမှာ အင်မတန် လည်တယ်လို့ ရှင်ကဘဲ ကျွန်မကို တရားဟောပြခဲ့ သေးတယ်။ ဒီကိစ္စမျိုးကျယင် မိန်းမတွေဟာ တတ်လဲ တတ်နိုင်ပါပေရဲ့၊ ဘာရဲ့ညာရဲ့ နဲ့လဲ ရှင် ပြောခဲ့တာဘဲ။ ကျွန်မ နားလည်ပါတယ် အချစ်ရယ်။ ရှင်ဟာ မာဒမ်ဒီဆယ်ဗီကို အင်မတန် ချစ်တယ်။ ရှင်ရဲ့ တရားဝင် မယား၊ ကာယကံမြောက် မယားကတော့ ရှင့် အိမ်ထောင်သုခမှာ ကန့်လန့် ကန့်လန့် ဖြစ်နေတယ်။ အဲဒီလို ပြောပြီိးတဲ့နောက်၊ ရှင်နဲ့ ကျွန်မဟာ လူရှေ့ သူရှေ့မှာ စုံတွဲ တွဲခဲ့ကြသော်လဲ ကျွန်မတို့ အိမ်တွင်းမှာတော့ တယောက်နဲ့ တယောက် တစိမ်းပြင်ပြင်ဘဲ မဟုတ်လား။ ဟော၊ အခုတော့ ဟိုတလ နှစ်လလောက်က စပြီး ရှင်ဟာ ကျုပ်အပေါ် သဝန်ကြောင်လာတယ်။ ဘယ်လို ဖြစ်ထာလဲ ကျုပ် နားမလည်ပေါင်တော်"


"ခင်ရယ်၊ ငါ သဝန်ကြောင်တာ မဟုတ်ပါဘူး။ ခင်ဟာ ငယ်ပါသေးတယ်။ စိတ်လိုက်မာန်ပါ လုပ်ယင် လူတကာ အပြော ခံရမှာ စိုးရိမ်မိတယ်"


"ရယ်စရာဘဲ။ တော် လုပ်ပုံတွေဟာ မှတ်ကျောက်တင် မခံပါဘူးတော့်။ ကိုယ် ကိုယ်တိုင် မစောင့်နိုင်တဲ့ သီလကို သူများ စောင့်ထိန်းဘို့ မတိုက်တွန်းပါနဲ့တော်"


"တောင်းပန် ပါရစေကွယ်။ ဒါ ရယ်စရာ မဟုတ်ဖူး။ မရယ်ပါနဲ့ ခင်ရယ်။ ငါက မင့်ကို သူငယ်ချင်း မိတ်ဆွေလို ပြောနေတာပါ။ မင်းပြောတဲ့ စကားတွေကတော့ သက်သက် ကားပြီး ပြောတာဘဲ"


"အလို၊ ကျုပ် မကားရပေါင်တော်။ မာဒမ်ဒီဆယ်ဗီကို အရူးအမူး စွဲနေပြီလို့ ရှင်ဖွင့်ပြောတော့၊ ရှင်ဟာ ကျုပ်ကို ရှင့် နမူနာ ယူဘို့ နည်းပေးလမ်းပြ လုပ်ခဲ့တာဘဲ။ အဲဒီလို ကျုပ်စိတ်ထဲမှာ မှတ်ထားတယ်။ ဒါပေမယ့် ရှင့်နမူနာကို ကျုပ် မယူပေါင်"


"ဒီမယ်၊ ငါ တခုပြောမယ်"


"ကျုပ်စကား ဆုံးအောင် ပြောပါရစေအုံး။ ကျုပ် အခုထိ ရှင့်လို အမြှောင် ထားမကြည့်ရသေးဘူးရှင့်။ တယောက်ယောက်နဲ့ လင်ငယ် နေရမလားလို့တော့ အောက်မေ့မိပါရဲ့။ ဒါပေမယ့် စိတ်တိုင်းကျ မတွေ့သေးဘူးရှင့်။ ကျုပ် လင်ငယ်နေယင် ရှင့်ထက် သာရမယ်။ ဒါဟာ ရှင့်ဂုဏ်ကို လေးစားတဲ့ သဘောပါ။ အဲ၊ ရှင်ကတော့ ဒီလို လေးစားတဲ့ တန်ဘိုးကို သိမှာ မဟုတ်ပါဘူး"


"ဒီလို နောက်တီးနောက်တောက် မပြောသင့်ဘူးကွယ်"


"ကျွန်မက မနောက်တတ်ဖူးရှင့်။ အတည်သာ ပြောတတ်တယ်။ ဟိုတနှစ်တုန်းက ရှင် ကျွန်မကို ပြောတဲ့ စကားတွေ တခွန်းမှ မမေ့သေးဘူး။ ရှင် ဘာချည်းပြောပြော၊ ကျွန်မ ကြိုက်တာတွေ့ယင် လင်ငယ်နေမယ်။ ကျွန်မ လင်ငယ်နေပလား ဆိုယင် ရှင် မရိပ်မိအောင် နေမယ်။ အများတကာလိုဘဲ၊ ရှင်လဲ ဘာမှ သိမဲ့လူ မဟုတ်ပါဘူး"


"မင်း ဘယ့်နှယ် ဒီလို ပြောတာလဲ"


"ဘယ့်နှယ် ဒီလို ပြောရမှာလဲ အချစ်ကယ်။ မာဒမ်ဒီဂဲက ရှင်တို့ အကြောင်းကို ဘာမှ မရိပ်မိဘဲ မက်ရှားဒီဆယ်ဗီကို လှောင်တော့ ရှင်ကတောင် ပထမ ရယ်လိုက်သေးတယ်"


"ဆိုပါတော့လေ၊ ဒါပေမယ့် အခု မင်းပြောနေတဲ့ စကားတွေဟာ မင့် ဂုဏ်သရေနဲ့ မလိုက်ပါဘူး"


"အော် ဟုတ်လား။ မက်ရှားဒီဆယ်ဗီနဲ့ ပတ်သက်တုန်းကတော့ ရှင်က ရယ်စရာလို့ထင်တယ်။ ရှင့် အလှည့်ကျတော့ ရယ်စရာ မဟုတ်ဖူး။ တော်တို့ ယောက်ျားတွေဟာ တော်တော် ထူးဆန်း တာဘဲနော်။ ကျွန်မ ဒါမျိုး ပြောရတာ ပြောချင်လွန်းလို့ ပြောရတာ မဟုတ်ပါဘူး။ အဆင်သင့် ဖြစ်ပြီ ထင်လို့ ကျွန်မ ပြောနေရတာရှင့်"


"ဘာ အဆင်သင့် ဖြစ်တာလဲ"


"မိန်းမ လှည့်စားတာ ခံဘို့ အဆင်သင့် ဖြစ်ပလားလို့ရှင့်။ ယောက်ျားဆိုတာ ဒါမျိုးတွေ ကြားရလို့ ဒေါသ ထွက်နေယင် မိန်းမ လှည့်သမျှ ခံဘို့ အဆင်သင့် မရှိသေးဘူးလို့ ဆိုရမယ်။ နောက် နှစ်လကြာလို့ မိန်းမ လှည့်သမျှ ခံရတဲ့ ယောက်ျားအကြောင်း ကျွန်မက ရှင့်ကို ပြောပြယင် ရှင် ရယ်မှာဘဲ။ အထူးသဖြင့် ရှင်ကိုယ်တိုင် မိန်းမ လှည့်တာ ခံရယင် ရှင် သာပြီး ရယ်ရမယ်"


"မင်း ဒီည ငါ့အပေါ် တယ် စော်ကားပါကလား။ မင်း အရင်တုန်းက ဒီလို မဟုတ်ပါဘူး"


"ကျုပ် အရင်လို မဟုတ်တော့ဘူး ရှင့်။ ပြောင်းသွားပြီ။ ပြောင်းတယ်ဆိုတာ အဆိုးဘက်ကို ပြောင်းလာတာကို ပြောတာရှင့်။ အဲဒါ တော့်ကြောင့်"


"ဒီမှာ ခင်ရယ်၊ အတည် ပြောစမ်းပါရစေ။ ဒီနေ့ညတုန်းကလို မက်ရှာဗျူရယ်က မင်းကို နောက်ပိုး ပိုးတာမျိုး မခံပါနဲ့"


"ကျွန်မ သိပါတယ်၊ ရှင် သဝန်ကြောင်လာပြီ"


"မဟုတ်ပါဘူး၊ ငါ့ကို အရူးလုပ်တာ မခံနိုင်ဘူးကွဲ့။ ဒီညလို ထပ်ပြီး ဟိုအကောင်က စားမလို ဝါးမလိုနဲ့ မင်းကို ကြည့်စမ်း၊ ကြည့်ယင်တော့ အဆော်ဘဲဟေ့"


"ရှင် ကျွန်မကို ချစ်ချင်လာပြီ ထင်တယ်"


"ကိုယ့် မိန်းမ ကိုယ် မချစ်ရဘူးလား။ ဟေ့ ချစ်ထာထက် ဟိုဘက်တောင် လွန်သွားအုံးမယ်"


"ကျေးဇူး တင်ပါသတဲ့ ရှင်။ ဒါပေမယ့် ဝမ်းနည်းစရာဘဲ။ ကျွန်မကတော့ ရှင့်အပေါ် စိတ်ကုန်ပြီ"


မြို့စားကြီးသည် ထိုင်ရာမှ ထ၍ လဘက်ရည် စားပွဲကို ပတ်ချာလှည့်ကာ သူ့ဇနီး နောက်သို့ ရောက်လေသော် ဇနီး၏ ဂုတ်ကို ရုတ်တရက် နမ်းလိုက်၏။ မြို့စားကတော်သည် ငေါက်ကနဲ ထ၍ မီးပွင့်သော မျက်လုံးများဖြင့် ကြည့်ကာ "ရှင် ကျုပ်ကို စော်ကားဝံ့တယ် ပေါ့လေ၊ ရှင်နဲ့ ကျုပ်နဲ့ ဘာမှ မဆိုင်ဘူး။ ကျုပ်တို့ဟာ တဦးနဲ့ တဦး တစိမ်းတွေတော့" ဟု ပြောလေ၏။


"စိတ်မဆိုးပါနဲ့ ခင်ရယ်၊ ခင် ဒီည သိပ်လှတာဘဲ။ ငါတော့ စိတ်မထိန်း နိုင်တော့ဘူး"


"ဒီလိုဆိုယင်၊ ကျွန်မ ယခုတလော အလှတွေ တိုးနေတယ် ထင်ပါရဲ့"


"ခင် တကယ့်ကို လှလာတယ်ကွယ်။ ခင့် လက်မောင်းကလေးတွေ၊ ပုခုံးကလေးတွေဟာ လှတယ်၊ ခင့် အသားကလေးတွေ ကလဲ"


"ကျွန်မ အသားကလေးတွေ ကလဲ မက်ရှာဗျူရယ်ကို ညှို့နိုင်မှာပေါ့နော်"


"မင်း တယ်ယုတ်မာပါကလား။ ဒါပေမယ့် ခင်ရယ်၊ မင်းလို ညှို့ဓာတ်ရှိတဲ့ မိန်းမမျိုး ငါတခါမှ မတွေ့ဘူးသေးပါဘူး"


"ရှင် အခုတလော ငတ်နေတယ် ထင်ပါရဲ့"


"ဟေ့ မင်း ဘာပြောလိုက်တာလဲကွဲ့"


"ကျွန်မ ပြောတာက ဒီလိုပါရှင့်၊ ရှင် အခုတလော ငတ်နေတယ် ထင်ပါရဲ့"


"ဘာ ဘယ့်နှယ်၊ မင်း ဘာကို ဆိုလိုတာလဲ"


"ကျွန်မ ပြောတာကို ကျွန်မ ဆိုလိုတာပေါ့ရှင့်၊ ရှင် ဥပုသ် စောင့်နေတာ ကြာပြီ ထင်တယ်။ ဒါကြောင့်မို့ ဆာနေတယ်။ ဆာနေတဲ့ လူဟာ တခြား အခါမှာ မစားဘူး ဆိုတဲ့ အစာကိုလဲ စားမှာဘဲ။ ကျွန်မဟာ ရှင်မကြိုက်တဲ့ ဟင်းခွက်ပါ။ အခုလို ညမျိုးမှာတော့ မကြိုက်တဲ့ ဟင်းလဲ ရှင် မြိုတော့မှာပေါ့လေ"


"မာဂရီ၊ မင်း ဒီစကားမျိုးကို ဘယ်သူကများ သင်ပေးထားသလဲကွယ်"


"ရှင်ဘဲ သင်ပေးတာဘဲ၊ ကျွန်မ သိသမျှတော့ ရှင့်မှာ မယားငယ် လေးယောက် ရှိတယ်။ ဇာတ်မင်းသမီးက တယောက်၊ လူဂုဏ်တန်က တယောက်၊ မိန်းမရွှင်က တယောက် စသဖြင့် ပေါ့လေ။ ဒီတော့ ရှင် အခု ကျွန်မအပေါ် ချက်ချင်း စိတ်လည်လာပြီ ဆိုတော့ ဥပုသ်ဆောင်က ထွက်လာပလားလို့သာ ကျွန်မမှာ တွေးစရာ ကျန်တော့သရှင့်"


"ရိုင်းတယ်လို့ဘဲ ပြောပြော၊ ကြမ်းတယ်လို့ဘဲ ဆိုဆို၊ ငါတော့ မင်းကို နောက်တချီ ချစ်လာပြန်ပြီ။ အရူးအမူး ချစ်သကွ"


"ဟုတ်ပါပြီ ဟုတ်ပါပြီ။ ဒါဖြင့် ရှင် ကျွန်မကို ဟိုဒင်း"


"အေးလေ"


"ဒီညလား"


"အို မာဂရီရယ်"


"ဟော၊ ဟော၊ ရှင့်ကို တလွဲ ထင်မိပြန်ပြီ ထင်ပါရဲ့။ ဒီမှာရှင့်၊ ကိုယ့်လူ ဖြေးဖြေးသက်သာ ပြောကြတာပေါ့ရှင်။ ကျွန်မတို့ နှစ်ယောက်ဟာ တစိမ်းတွေပါ နော်၊ မဟုတ်ဖူးလား။ ကျွန်မဟာ ရှင့်မိန်းမတော့ ဟုတ်ပါရဲ့။ နို့ပေမယ့် ကျွန်မဟာ လွတ်လပ်တယ်နော်။ ချစ်ခြင်း ချစ်ယင် ကျွန်မ ရှင်ကလွဲပြီး ဒိပြင်လူကို ချစ်ချင်တယ်ရှင့်၊ အဲ၊ ရှင့်ကိုတော့ ဦးစားပေးရ မှာပေါ့လေ။ ဒါပေမယ့် သူများကိုယ်ဘိုး လျော်ကြေး ယူသလို ကျွန်မလဲ ယူချင်တယ်"


"ဟ၊ မင်းပြောတာ ငါ နားမလည်ပါဘူး၊ ဘာပြောချင်တာလဲ"


"ကျုပ် ရှင်းရှင်း ပြောပါရစေ၊ ကျုပ်ဟာ ရှင့် မယားငယ်တွေလောက် ချောရဲ့လား"


"ဆယ်ပြန်ချောတယ်"


"အလှဆုံး ဆိုတာတွေထက် လှရဲ့လား"


"ဆယ်ပြန်မက လှတယ်ကွာ"


"အဲဒီ အလှဆုံး ဆိုတာဟာ သုံးလအတွက် ဆိုယင် ဘယ်လောက် ကျသလဲ"


"ဟေ့၊ မင်း ဘာဆိုလို ချင်တာလဲကွ"


"ကျုပ် ဆိုချင်တာက ဒီလိုရှင့်။ ရှင့်ကောင်မတွေ အတွက် သုံးလစာ ရှင်ဘယ်လောက် သုံးသလဲ။ ဆိုပါတော့ လက်ဝတ်လက်စားဘိုး၊ မော်တော်ကားဘိုး၊ ထမင်းဘိုး အားလုံး ဘယ်လောက် ကုန်သလဲ"


"ငါ ဘယ့်နှယ်လုပ် သိနိုင်မလဲဟ"


"ရှင် သိရမှာပေါ့။ ဥပမာ တလကို ဖရန့်ဒင်္ဂါး ငါးထောင်လောက် မကုန်ဘူးလား။ ဟင်"


"အင်း။ ဆိုပါတော့"


"ကိုင်း။ ဒီလိုဆိုယင် အချစ်ရယ် ကျွန်မကို ငါးထောင်ဘဲ ပေးပါတော့။ ဒီညက စပြီး တလလုံး ကျွန်မကို ရှင်ပိုင်တယ်"


"မာဂရီ၊ မင်း ရူးနေသလားကွ"


"မရူးပါဘူးရှင်။ ဒါပေမယ့် ရှင့်သဘောပေါ့။ ကျွန်မ အိပ်တော့မယ်"


မြို့စားကြီး ကတော်သည် သူ့ အိပ်ခန်းထဲသို့ ဝင်သွားသည်။ အိပ်ခန်း၌ ရေမွှေးနံ့ သင်းပျံ့နေ၏။ မြို့စားကြီးကား အခန်းဝသို့ ရောက်လာလေသည်။


့"တယ် မွှေးပါကလားဟေ့"


"မွှေးတယ်လား။ ကျွန်မကတော့ စပိန်ရေမွှေးကို အမြဲတမ်း သုံးသရှင့်။ တခြားဟာကို ဘယ်တော့မှ မသုံးဘူး"


"ဟုတ်ကလား။ ငါအရင်က သတိမထားမိဘူးဟေ့။ တယ် သင်းတာဘဲ"


"သင်းချင်လဲ သင်းမှာပေါ့။ ဒါပေမယ့် ကျုပ် အိပ်ချင်ပြီ။ တော် အပြင်ထွက်တော့"


"မာဂရီရယ်"


"ကဲပါ၊ ထွက်စမ်းပါ"


မြို့စားကြီးလည်း အခန်းထဲသို့ ဝင်၍ ကုလားထိုင် တခုပေါ် ထိုင်လိုက်သည်။


"ရှင် မထွက်ဖူးလား။ ကိုင်း ဒါဖြင့်"


မြို့စားကြီး ကတော်သည် ဤသို့ပြောရင်း ဖြူဖွေးသော လက်နှင့် လည်တိုင်ရိုး ပေါ်အောင် အင်္ကျီကို ချွတ်လိုက်သည်။ ထိုနောက် ဆံပင်ကို ဖြည်ရန် လက်နှစ်ဖက်ကို ခေါင်းပေါ်သို့ မြှောက်တင်လေ၏။


မြို့စားကြီးလည်း ရှေ့သို့ တလှမ်း တိုးလာသည်။


"တော် ကျုပ်အနား မကပ်နဲ့နော်။ ကျုပ် စိတ်ဆိုး မိလိမ့်မယ်။ နားလည်လား"


မြို့စားကြီးသည် မြို့စားကတော်ကို လက်နှစ်ဖက်နှင့် သိမ်းကျုံး၍ ပွေ့ပြီးလျှင် နမ်းမည်ပြု၏။ မြို့စားကတော်က မှန်တင်ခုံပေါ်ရှိ ရေမွှေး ထည့်ထားသော ဖန်ခွက်ကို ကပျာကယာ ယူ၍ မြို့စားကြီး၏ မျက်နှာကို ပေါက်၏။


မြို့စားကြီးသည် လွန်စွာ ဒေါသဖြစ်သည်။ နောက်သို့ တလှမ်းနှစ်လှမ်း ဆုတ်၍ ညည်းတွားသည်။


"တော်တော် မိုက်တဲ့ ဟာမဘဲ"


"မိုက်ချင်လဲ မိုက်မှာဘဲ။ ဒါပေမယ့် ကျုပ်ပြောတဲ့ စည်းကမ်းအတိုင်း ငွေငါးထောင်ဘဲရှင့်"


"ကြံကြီးစည်ရာကွာ"


"ဘယ်နှယ်ကြောင့် ပြောပါအုံးတော်"


"ကိုယ့်မယားကို ကိုယ်ပိုက်ဆံ ပေးရတယ်လို့ ဘယ်မှာများ ကြားဘူးသလဲ"


"ရှင် တော်တော် ရိုင်းနော်"


"ရိုင်းတယ်လို့ ဆိုချင်ဆို နို့ပေမယ့် ကိုယ့်မယားကိုယ် ပိုက်ဆံပေးရတယ်လို့ ဘယ်မှာမှ မကြားဘူးပေါင်ဗျာ။ ငါ အခု ထပ်ပြောလိုက် အုံးမယ်ကွ၊ ကြား မကြားဘူးပေါင်ဗျာ။ ရူးဘဲ ရူးလွန်းတယ်"


"အပျော်မယားကို ပိုက်ဆံ ပေးရတာထက် ပိုဆိုးသလားရှင်။ အိမ်မှာ ကိုယ့်သားမယား ရှိလျက်သားနဲ့ ဒီလို ပိုက်ဆံပေး ပေါင်းရတာတွေကမှ ရူးတာရှင့်"


"ဒါလဲ ဟုတ်ချင် ဟုတ်မှာပေါ့၊ နို့ပေမယ့် ငါ့မှာ လူရယ်စရာ သက်သက် ဖြစ်တော့မှာဘဲ"


မြို့စားကြီး ကတော်သည် ကုတင်ပေါ်တွင် ထိုင်၍ ခြေအိတ်ကို ချွတ်ရာ၊ နီမြန်းသော ခြေထောက်များ ဖွေးကနဲ ပေါ်လာသည်။


"မင်း စိတ်ကူးကလဲ အဆန်းဘဲ မာဂရီ ရယ်"


"ဘာ စိတ်ကူးလဲ"


"ငါ့ကို ငွေငါးထောင် တောင်းတာလေ"


"ဘာဆန်းလို့လဲ ရှင်နဲ့ ကျုပ်နဲ့ တစိမ်းဘဲ။ ရှင် ကျုပ်ကို ချစ်ချင်လာတယ်ဆို။ ကောင်းပါရဲ့တော်။ အခုလို ချစ်သော်လဲ ကျုပ်ကို လက်မထပ် နိုင်တော့ဘူးရှင့်။ ကျုပ်တို့က လက်ထပ်ပြီးသားကိုးတော့။ ဒီတော့ ရှင် ကျုပ်ကို ဝယ်ဘို့ဘဲ ရှိတယ်။ ရှင် တခြား မိန်းမတွေကိုတော့ ဝယ်ယူတယ် မဟုတ်လား။ ရှင့်ငွေကို သုံးဖြုန်းပစ်မယ့် ဒီပြင် ကောင်မတွေကို ငွေပေးမယ့်အစား ကျုပ်ကို ငွေပေးရတာက ပိုမကောင်းဘူးလား။ ကိုင်းလေ ကိုယ့်မယားကိုယ် ပိုက်ဆံပေး ဝယ်တယ်ဆိုတဲ့ စိတ်ကူးကလေးဟာ မဆန်းလား ဆန်းတယ်လို့ ရှင် ဝန်ခံရမှာပေါ့။ ရှင့်လို အသိဉာဏ်နဲ့ လူမျိုးဟာ ဒီစိတ်ကူးမျိုးကို သဘောခွေ့ သွားမှာပါဘဲ။ ပြီးတော့လဲ တော်တို့ ယောက်ျား ဆိုတာဟာ ပိုက်ဆံများများ ကုန်တဲ့ ဟာမျိုးကိုမှ အဖိုးတန်တယ်လို့ ထင်တယ် မဟုတ်လား။ ပြီးတော့လဲ ပိုက်ဆံပေးပြီးမှ လင်ရယ် မယားရယ်လို့ ချစ်ရတာကို တိတ်တိတ်ပုန်း ချစ်ရတာနဲ့ စာကြည့်ယင် အရသာ တမျိုးပေါ့တော်။ မဟုတ်ဖူးလား"


မြို့စားကြီး ကတော်သည် ခေါင်းလောင်းနှိပ်ရန် ထလိုက်သည်။


"ကိုင်း။ ကိုယ်တော်မြတ် မကြွဘူးလား ကြွမလား။ အခု အိမ်ဖော်မိန်းမကို ခေါ်လိုက်မယ်"


မြို့စားကြီးသည် စိတ်ရှုပ်၍ မကြေမချမ်းနှင့် ငိုင်နေသည်။ ထိုနောက် ရုတ်ခြည်းပင် ငွေစက္ကူများကို ဘောင်းဘီအိတ်ထဲမှ နှိုက်၍ မြို့စားကတော်အား ပစ်ပေးသည်။


"ဟောဒီမှာ မယ်မင်းကြီးမ ငွေခြောက်ထောင်။ ဒါပေမယ့် တခုတော့ မှတ်ထားစမ်း"


မြို့စားကြီး ကတော်သည် ငွေစက္ကူတို့ကို ကောက်ရေရင်း "ဘာပြောတယ်" ဟု မေးသည်။


"မင်း နောက်ကို ဒီလို မလုပ်ရဘူး"


မြို့စားကြီး ကတော်သည် ခွက်ထိုးခွက်လန် ရယ်သည်။ ထိုနောက် ဤသို့ ဆိုသည်။


"တလ ငါးထောင် ပေးယင်ပေး မပေးယင် ရှင့်ကို ဇာတ်မင်းသမီးတွေဆီ ရောက်အောင်ကို ကျုပ် မောင်းထုတ်မယ်။ ပြီးတော့ ရှင် ကျုပ်ကို သဘောကျလာပလား ဆိုယင် ကျုပ် နောက်ထပ် တိုးတိုး တောင်းအုံးမယ်တော့"


(A Crisis by Guy de Maupassant)


------------

မောင်ထင်

(မိုပါဆွန်း ဝတ္ထုတိုများ)


[ မြန်မာဝတ္ထုတိုများပေ့ဂ်ျမှကူးယူပါသည်။ပေ့ဂ်ျအားကျေးဇူးတင်ပါသည်။]


No comments:

Post a Comment