Thursday, 23 May 2019

ဆရာဦးအောင်သင်း ( အပိုင်း - ၇)

#ဆရာဦးအောင်သင်း


( အပိုင်း - ၇)


#အောင်မြိုင်သင်း


အဖေမြေတောင်မြောက်ပေးခဲ့သောစာရေးဆရာ များစွာရှိပါတယ်. . နူတ်၏စောင့်မခြင်း လမ်းညွှန်ခြင်းမျိုး ၊ အမှာစာရေးပေးခြင်း . ဝေဖန်ချက်ပေး ခြင်း မျိုး က အစ သူတို့ ရဲ့ စာ ကို ကိုယ်တိုင်တည်းဖြတ်ပေးခဲ့တာမျိုးတွေကိုပါ ထည့်တွက်ရင်. . စာရေးဆရာပေါင်းမြောက်များစွာ ရှိ ခဲ့တယ်ဆိုတာဘဲ ကျွန်တော်ပြောနိုင်ပါတော့တယ်. အကုန်လုံးကို အတိအကျ မသိနိုင်တော့ပါ.


 တချို့က သိသာစွာ တန်ဖိုးထား ကျေးဇူးတင်ကြသော်လဲ . . အချို့ ကတော့အမှတ်တမဲ့ နေထိုင်သွားကြတာမျိုးတွေကိုလဲတွေ့ရ ပါတယ်. . .အများစုကတော့ အဖေ့ ရဲ့ နောက်ဆုံးအချိန်ထိ တပည့်ရင်းတွေ လိုနေသွား ခဲ့ ကြ သူတွေ ပါဘဲခင်ဗျား...  


အဖေ့ရဲ့ စာပေ ဘြဇာ နဲ့ အပြုအမူလေးတွေကို သိသာစေသော ကျွန်တော် မှတ်မိ လိုက်တဲ့ စာရေးဆရာ တစ်ချို့ အကြောင်းလေးတွေ ပြောပြ ပါရစေ. . 


၁၉၈၄ ခုနှစ် လောက် ကျွန်တော် အကြိုက်ဆုံး ဝတ္ထု  တို ကဏ္ဍ ရွေးချယ်နေစဉ် မှာ . .အကြိုက်ဆုံး ဝတ္ထု  မဟုတ်သော်လဲ အခြား ဖတ် သင့်သော . ဝတ္ထု  တိုလေးတွေ ကို သူခံစားရ တဲ့ အတိုင်း အင်မတန် ရေးဖွဲ့ ပုံကောင်းပါတယ် ဖတ် ကြည့် သင့် ပါတယ် ဆို ပြီး short notes ကလေးတွေနဲ့ သူ့စာရဲ့အောက်ဆုံးမှာ လမ်းညွန် ပေး သွားလေ့ ရှိ ပါ တယ် . . . 


၁၉၉၉ လောက် မှာ ဆရာ အဏ္ဏဝါစိုးမိုး ရဲ့ ပထမ ဆုံး ဝတ္ထုတိုပေါင်းချုပ်ကလေး ထွက် လာပါတယ်. . အဲ့ဒီ့ သူကိုယ်တိုင်ရေး ထားတဲ့  အမှာစာမှာ ပါလာတာလေးက . . .ဆရာအောင်သင်းကတော့ သူ့တပည့် ကျွန်တော့ အကြောင်း မသိတော့ ကျွန်တော်ရေးတဲ့ ဝတ္ထု  တိုလေးတွေ ကို ကောင်းတယ် လို့ အကြိုက်ဆုံးဝတ္ထုတို ကဏ္ဍ ထဲထည့်ပြီးညွန်းဘူးပါတယ်. . ဆရာကတော့ ဘာမှ မသိဘဲ ချီးကျူးသွား ဟန်တူပေမယ့် ကျွန်တော့ အဖို့ မှာတော့ ပြောခံလိုက် ရချိန်မှာ. . 


သီလတောင် မပေးတတ် တဲ့ ဘုန်းကြီး တရားဟော စင် ပေါ် ရောက်နေသလို ခံ စား လိုက်ရ ပါတယ် လို့  ဝမ်းသာလွန်းတဲ့ စကားပြောဟန်လေးနဲ့ အသော လေးရေးထား တာ တွေ့ ရပါ တယ် ခင်ဗျား. .  


ကျွန်တော် မှတ်တာ မ မှား ရင် .   ဆရာ အဏ္ဏဝါ စိုးမိုးရဲ့ . . သိုက်နန်းသို့ အပြန် ဝတ္ထု တိုလေး ကို အဖေ ချီး ကျူး ခဲ့ ဘူးတာ လို့ထင်ပါတယ် . ..ဟာသလေးတွေ နဲ့ ရော ထား ပြီးသူ့ အမေ နဲ့ တွေ့ ချိန်မှာ ကြွားမယ်လို့ အားခဲ သမျှ အမေ့ ကိုမြင်တော့ ဆို့ သွား တဲ့ အကြောင်းလေးကိုရေးထား တာ ပါ . . အင်မတန် ချစ်စရာ ကြေကွဲစရာကောင်းတဲ့ဝတ္ထု တိုလေးပါ . 


အဲ့ဒီ့ ဝတ္ထု ကလေး ကို အဖေ ချီးကျူး ခဲ့ ဘူးခြင်းကို သူ့စိတ်ထဲ မှာ ၁၅ နှစ်လောက်ကြာသည်ထိ သတိတရ ကြည်နူးနေဟန် လေးတွေ့ရလို့ ဒီစာထဲမှာ ထည့်ရေးလိုက်ရတာပါ. . 


အဖေ တင်ပေးခဲ့တဲ့ နောက်တစ်ယောက် ကတော့ရဲဘော်သုံးကျိပ် ဗိုလ်လင်္ကျာ ရဲ့ သမီး ဒေါက်တာ ခင်လင်္ကျာ ပါ. 


သူ့ရဲ့မွနေအောင် ရေးထားတဲ့ ကမ္ဘာပတ်အတွေ့ အကြုံတွေနဲ့. ပညာရပ်တွေ ကို အဖေ ကိုယ်တိုင်အတော် အချိန်ပေး တည်းဖြတ် ပြီး စာအုပ်ထုတ် ဖြစ်သည်ထိ ပံ့ ပိုးပေးခဲ့တာကျွန်တော် သိပါတယ်. 


  အဖေ တစ်သက်တာ စာပေဆု ရတဲ့ နှစ်(၂၀၁၂) မှာ ဘဲ ဆရာမ ဒေါက်တာခင်လင်္ကျာ လဲ . စာပေ ဗိမာန်  စာမူ ဆု ရ သွား သည် အထိ အောင်မြင်သွား ခဲ့ တာ ကျွန်တော် မြင်ခဲ့ရပါတယ်ခင်ဗျား


အခြားစာရေးဆရာပေါင်းများစွာ ကို အဖေ မြေတောင် မြောက် ပေး ခဲ့ ခြင်း မျိုး များ စွာ ရှိ သော် လဲ ကျွန်တော် ကိုယ်တိုင်တိကျစွာ မသိ ခြင်းမျိုး ကြောင့် အရမ်း စွတ်မရေးချင် ပါ . တစ်ဖက် စာရေး ဆရာရဲ့ အဖေ့ အပေါ် သဘောထား ကို သေချာစွာ မသိနိုင် ရင် လဲ ရေးဖို့ မသင့်တော်ဘူး မဟုတ်လားခင်ဗျ. 


၁၉၉၂ လောက်မှာ အဖေ့ ရဲ့ တပည့် မခင်မျိုးဆွေ ဆိုတာ အိမ်ကိုရောက်လာပါတယ်. .သူက အထက်မင်းလှကပါ . .  လာရတဲ့ အကြောင်းအရင်းကတော့. . သူတို့ မှာ . ညီအမ ချည်း ဘဲ ၈ ယောက် ဆက်တိုက် မွေးခဲ့ ပြီး ၉ ယောက်မြောက်ကျ မှ ယောက်ကျား လေး တစ်ယောက် မွေးပါသတဲ့. သူတို့ အားလုံး က မောင်လေး ကို တုန်နေအောင် ချစ်ကြသော်လဲမောင် လုပ်တဲ့ သူက အင်မတန် ခေါင်းမာ ပြီး လုပ်ချင်ရာ စွတ်လုပ်တတ်ကြောင်း. . ပြန်မပြောနားမထောင် ဆို တဲ့ မောင် ဖြစ်နေပါသတဲ့  . အဲ့ဒီ မောင်လေး နဲ့ အကြီး ဆုံး အမ က အသက်အစိတ် ကွာပါသတဲ့ .


ကျောင်းပြီးလို့ သူတို့ မောင် ကို မြို့မှာ အလုပ်လုပ် ဖို့ ဝိုင်း စီစဉ်ပေးသော်လဲ လက်မခံ ဘဲ. . မကွေးတိုင်းနဲ့ ရခိုင်ရိုးမတောင်ခြေ လှည်းလမ်း ဆုံး သွား တဲ့ သက်ကယ်မြောင် ဆိုတဲ့ ရွာလေး မှာ. . တောကျောင်းဆရာဘဲ သွား လုပ်နေပါသတဲ့ .အဲ့ဒီ့တောကျောင်းဆရာဘဝမှာ ဘဲ ပျော် နေပြီး ပြန်မလာတော့ ဘဲနေပါသတဲ့ ခင်ဗျား. 


လူ ပြန်လာဖို့အကြိမ်ကြိမ်ဆင့် ခေါ်သော်လဲ လူ မလာဘဲ . . ဝတ္ထု  လို စာအရှည် ကြီး တစ်ခုသာ ရေးပေးလိုက်ပါသတဲ့ . .  အဲ့ဒီ့စာ က ရယ် ရလို့ ဆရာ့ ဆီ လာ ပြတာ ဆရာရဲ့ ဆိုပြီး လက်ရေးမူ နဲ့ သူ့မောင်ရေးတဲ့ စာကို လာပြ ပါတယ် ဒီကောင်စာရေးဆရာဖြစ်ချင်နေတာလား မသိပါဘူး ဆရာရယ်. . . ရယ်တော့ရယ်ရတယ်ဆရာရဲ့  .ဆရာ အဆင်ပြေရင်လဲ ကြည့်သာ လုပ်ပေးပါတော့ ဆရာရယ်. . . .ဆို ပြီး အဖေ့ ကို အဲ့ဒီစာ ထိုးအပ်သွားပါသတဲ့ ခင်ဗျား. . 


အဖေက အဲ့ဒီ့စာဖွင့်ဖတ်ကြည့် တဲ့ အခါ မှာ. . ရွာက တောကျောင်းဆရာ နှစ်ယောက်က ဦးစီး ပြီး ပြဇာတ်လုပ် ထား တဲ့ အကြောင်းအရာလေး ဖြစ်ပြီး အတော် ရယ်ရပါသတဲ့  


အဖေ လဲ ဖြူစင်စွာ ရယ်ရ တဲ့ အကြောင်းလေး ဖြစ်နေတော့ . . တချို့ စာတွေ ကို အတန် အသင့် ပြန်ပြင်ရေး . . အဆုံးသတ် လိုတာလေး နည်းနည်း ထည့်ရေး လိုက်ပြီး . . ရွှေဝတ်မှူံ(စားဖျော်) မဂ္ဂဇင်း  ကို ပို့ပေးလိုက်ပါသတဲ့. . .မဂ္ဂဇင်း  က လဲ ဆရာ အောင်သင်းကိုယ်တိုင် လာပို့ တဲ့ စာမူဖြစ်လို့ ချက်ချင်းထည့် ပေးလိုက်ပါသတဲ့ ခင်ဗျား... . .


ဝတ္ထု  ပါလာချိန်မှာ နယ်ကို ဖုန်းဆက် ပြီး . . ဟဲ့. . ခင်မျိုးဆွေ. .  နင့်မောင်ရဲ့ဝတ္ထု ပါလာပြီ. .  လို့ လှမ်းအကြောင်းကြား ပြီး ဖုန်းချ လိုက်ပါသတဲ့ . . မခင်မျိုးဆွေ က လဲ သူ့မောင် ဆီကို  မောင်လေး နင့်ဝတ္ထု ပါ လာပြီ လို့ ဆရာပြောတယ် ဆို ပြီး ရွာကို လှမ်းအကြောင်း ကြား ပါသတဲ့ . . မောင် လုပ်တဲ့ ကောင် က လဲ .   သူ့သူငယ် ချင်းတွေကို ကြွား ပြီး လာ. . ငါတို့ အောင်ပွဲ ခံကြ မယ် ဆိုပြီး အနီး ဆုံး မြိုက စားသောက် ဆိုင် မှာ . . ညစာ စားသောက်ပြီး အောင်ပွဲ ခံကြ ပါသတဲ့. .  


သူငယ်ချင်း လုပ်တဲ့ သူတွေက. .  


ဝမ်းသာပြီး. . ဟုတ်လား ဘယ် မဂ္ဂဇင်း တုန်း လို့ ဝိုင်းမေးကြ တော့ မသိဘူးကွ လို့ ဖြေပါသတဲ့ . . ဝတ္ထု နာမည် ကရော ဆိုတော့ လဲ. .  အေး အဲ့ဒါလဲ မသိဘူးကွ လို့ ထပ်ဖြေပါသတဲ့. .  ကလောင် နာမည် ကရော ဆိုတော့ လဲ.    ဟာ . . အဲ့ဒါလဲ ငါ မသိဘူး ကွ လို့ ဆက် ဖြေတော့ . .   သူငယ်ချင်းတွေ အားလုံး က ဝိုင်းကလော် ကြပါ သတဲ့ သူကလဲ. . . . သူငယ်ချင်းတွေ အားလုံး ကို . . ပြန်ပြီး. . . စားမှာ သာစားကြစမ်းပါကွာ.  . .ဆရာအောင်သင်း က ပါတယ် ပြော ရင် ပါတာသေချာတယ် ကွာ .  . . သူမညာလောက်ပါ ဘူးလို့ ပြော ပြီး နောက်တစ်ပတ်လောက်နေ မှ သူ့စာပါတဲ့ ရွှေဝတ် မှုံ မဂ္ဂဇင်း ကို  ရှာတွေ့ ပါသတဲ့ ခင်ဗျား. . 


အဖေ့ ကို ကလောင် နာမည် ဘယ်လို ပေးလိုက်တာ လဲ လို့ကျွန်တော်ကမေးကြည့် တော့. . 


အေးကွ.   ခင်မျိး ဆွေ ပြော သွား တာ က ဒီကောင် စနေသားလို့ ပြော တာ ကို ဘဲ ငါမှတ်မိတယ်ကွ . . (အိမ်နာမည် ဘိုတောက်ပါ) နာမည်အရင်း တွေဘာတွေ လဲ မမှတ်မိတော့ ဘူး. .


ဒါနဲ့ ငါလဲ စဉ်းစားပြီး. .စနေသား ဆို တော့ ထူး ကွာ. . ခင်မျိုးဆွေ လာ ပေး တာ မို့. . . ဆွေ .ကွာ. . . .အောင်သင်းက ပြန်ပြင် ပြီး . . ထည့်ပေး လိုက် တာ မို့ . . အောင် ကွာ . ဆို ပြီး . ဒီကောင့်နာမည်ကို ထူးဆွေအောင် ဆိုပြီး ငါလဲ ထည့်လွတ်လိုက်တာဘဲဟေ့ လို့ အဖေ ပြန်ပြောပြပါတယ်ခင်ဗျား. . 


သူ့ ရဲ့ ပထမ ဆုံး မဂ္ဂဇင်းထဲ မှာ အဖေ ဘဲ နာမည် ပေး ပြီး ထည့် ပေးလိုက်တဲ့ ဟာသ ဝတ္ထု နာမည် လေး ကတော့ မကရ ရင်ဖြင့် မနေ နိုင်ပေါင်ဗျာ ဆို တဲ့ဟာသ ဝတ္ထု  ကလေး ဘဲ ဖြစ်ပါတယ် . . .


ဝတ္ထု ပါပြီး မကြာ ခင်မှာ ဘဲ . . သားကြီး( ဒွေး) က ဒီဝတ္ထု  ကို ဖတ် ပြီး အရမ်းကြိုက်လို့. ဝယ် ပြီး ရုပ်ရှင် ရိုက်ချင်တယ် လို့ ကျွန်တော့ကိုပြောပါတယ်. .  ကျွန်တော် ရယ် ဖိုးရန်အောင်ရယ်( သားကြီးညီ) နှစ်ယောက်ပေါင်းပြီး သားကြီးကို အဖေနဲ့ မိတ်ဆက်ပေး အရောင်းအဝယ် လက်မှတ် ထိုးခိုင်းပြီး အဖေ ဘဲရောင်း ပေး လိုက်ရ တာပါခင်ဗျား. . .


လူရွှင်တော် .ကိုအရိုင်း တို့ အုပ်စုတွေပါ. .ပါဝင် အားဖြည့် ပြီး နောင်တစ်ချိန် ရုပ်ရှင် ထွက်လာတော့ လဲ အဲ့ဒီ့ခေတ်အနေနဲ့ အတော်လေး အောင်မြင် သွားခဲ့  တာတွေ့ ရပါတယ် . 


တစ်ချို့ သိပ် ငယ်တဲ့ ကလေး တွေ မသိမှာ စိုး လို့ ထပ်ကြော်ငြာပေး ပါရစေ အခု  နှစ်ပိုင်း လေး အတွင်းမှာ . နေတိုး နဲ့ စိုင်းစိုင်း သရုပ်ဆောင်ထားတဲ့ . . မင်္ဂလာပါ ဆို တဲ့  ရုပ်ရှင် ဇာတ်လမ်းလေးကလဲ . .ဆရာ ထူးဆွေအောင် ရဲ့ ဗျောစည်တီး၍လှူလိုက်သည် နဲ့ မြင့်မိုရ် တောင်ထိပ်မှ သဲပွင့်လေးများဆိုတဲ့ ဝတ္ထု  နှစ်အုပ် ကို ရောမွေ ပြီးဇာတ်အိမ်ဖွဲ့ထား တာ ပါ ဘဲ ခင်ဗျား. . . 


အဖေ့ကို လာကန်တော့ရင်း အဖေနဲ့ တွေ့တော့ လဲ သူ့ရဲ့ မူရင်း အရိုးခံ အတိုင်း ဆက်ဆံ ပါတယ် အဖေ့ ကို လဲ တော်တော် ချစ်ပြီး . . တချိန်လုံး အဖေ့ ကို စနေတာမျိုးပါ  . အဖေက လဲ သူတင်ပေးလိုက်တဲ့ ကလေး ဖြစ်နေတာ အပြင် အရိုးခံ အတိုင်း ဆက်ဆံတော့ ထူးဆွေအောင် ကို သတင်းတမေးမေး နဲ့ အတော် ချစ်တာ တွေ့ ရပါတယ်. . 


နောက်ပိုင်း သူ့ အမ တွေ က ဗီတို အာဏာ သုံး ပြီး နိုင်ငံခြား ကို အတင်း ထွက် ခိုင်းတော့ မှဘဲ အူကြောင်ကြောင် တောသား. . နိုင်ငံ ခြား ကို ရောက်လာပြီး ကျွန်တော် နဲ့ ပါ ညီအကို လို ရင်းနှီးသွား တာပါဘဲ ခင်ဗျား. .ကျွန်တော်နဲ့ ရွယ်တူပါ အဲ့ဒါကြောင့် သူ့အကြောင်းတွေ ကျွန်တော် တော်တော် များများ သိနေတာပါ


၂၀၁၂ . . ၁ လပိုင်း စလုံး မှာ အဖေ့ တစ်ကိုယ်တော် ဟောပြောပွဲ လုပ်ပါတယ်. ဟောပြောနေချိန်မှာ.အဖေ အရမ်းပင်ပမ်းဟန်ဖြစ်ပြီး စင်ပေါ်မှာ အိပ်ငိုက်ငိုက် သွားတာကြောင့် ဟောပြောပွဲ ပျက်မလို ဖြစ် သွားပါသေးတယ်. . အောက်က တပည့်တပမ်းတွေ ပရိသတ်တွေ ရဲ့ နားလည်ပေးမှူ့ ကြောင့် ကံကောင်းလို့ ပွဲ ပျက်မသွားတာ ပါ .အဲ့ဒီ့လိုဖြစ်သွား စေတဲ့ တရားခံကတော့ တော့ တခြားလူ မဟုတ်ပါဘူး.    ဆရာထူးဆွေအောင် ခေါ် ဘိုတောက် ဆိုတဲ့အကောင် ပါဘဲခင်ဗျား . . 


အဖေ့ ဟောပြောပွဲနေ့ တည့်တည့်မှာ သူကဂျူတီကျနေတော့ တော့ ဟောပြောပွဲ မတိုင်ခင်ည မှာ တစ်ည လုံး အဖေ နဲ့ အတူနေ အိပ်ပြီး မနက်လေးနာရီလောက်ထိ စကားပြောပါတော့တယ်. အဖေက လဲ သူ့သားတစ်ကောင် ကို ပြန်တွေ့ရ တော့ စကားတွေ ပြောချင်. မနက်လေးနာရီလောက် ထိ နှစ်ယောက်သား တတွတ်တွတ် နဲ့ ပြော ရင်း နှစ်ယောက်သား ဖက် အိပ်သွား ကြ တာ ပါခင်ဗျား. . 


မနက်မိုးလင်း လို့ ဘိုတောက် က အလုပ် ဆက် သွားနိုင်ပေမဲ့ ၈၅နှစ်အဖိုးကြီး ကတော့ အတော် ရွဲ့စောင်း ကျန်ခဲ့ ပါတော့ တယ် အဲ့ဒါကြောင့် မနက် ဆယ်နာရီ စင်ပေါ် ကို ရောက်တဲ့ အချိန်မှာအဖေ ပင်ပမ်းပြီး  အိပ်ငိုက်သလိုဖြစ်နေတာပါခင်ဗျား နောက်မှ ကျွန်တော် လဲ ဘိုတောက် ကို ပစ်ပစ်နှစ်နှစ် တုပ် တော့ လဲ တဟီးဟီးနဲ့ ရယ်ရင်း ပြီးသွားတာပါဘဲ ခင်ဗျား. . 


စာကိုစိတ်ပါတဲ့ အခါ စွတ်ရေးနေတတ် ပြီး မရေးချင်တဲ့ အခါ လုံးဝ နှစ်နဲ့ချီ ရပ်ပစ်လိုက်တဲ့ သူမျိုးပါ . အဲ့ဒါကြောင့် အောင်မြင်မှူ့ အမြင့်ဆုံး ကို လုံးဝရောက်မလာခဲ့တာပါ .


သို့သော်သူရေးတဲ့ စာတွေ ဟာ အင်မတန်သန့်ရှင်းသော ဟာသ လေးတွေနဲ့ ချစ်စရာကောင်းလွန်းလှပါတယ် . . အဆိပ်အတောက်ကင်းသောစာပေ ဆိုတာ ဒီစာပေမျိုးဆိုတာ ကို  ကျွန်တော်လုံးဝ အာမခံနိုင်ပါတယ် ခင်ဗျား


 နိုင်ငံခြားရောက်လာတော့ လဲ နောက်တစ်မျိုးမရိုးရအောင် ဟာသ ဝတ္ထု တိုလေးတွေကို မျိုးစုံ ထပ်ရေးပါသေးတယ်


သူရေးတဲ့ ရယ်စရာ ဝတ္ထု  တိုလေးတွေက များ ပေမယ့် အခုချိနိထိ ကျွန်တော့ စိတ်ထဲမှာ ပြန်တွေးတိုင်းရယ်မိ ပြီး  စွဲ နေတဲ့ ဟာသလေး တွေ ရှိပါတယ်


သူ စ လုံးလေယာဉ် ကွင်းကို ရောက်လာတော့. .    Immigration တန်းစီ တဲ့နေရာ မှာ.   မြန်မာပြည် မှာ လို အတင်း တွန်းတိုက် ပြီး ရှေ့ကို ပြေးတန်း စီပါသတဲ့ . .စလုံး လဝက အရာ ရှိက. .  သူအဲ့ဒီ့ လို လုပ်နေတာ တွေ့ တော့


ကြူ.  . . ကြူ. . . (Queue) . . တန်းစီပါ တန်း စီပါ လို့ လှမ်းအော် ပါသတဲ့. . . 


တောသားက အရာရှိကို မော့ ကြည့် လိုက် ချိန် မှာ. . . အရာရှိက. . သူ့ ကို ကြည့် ပြီး. . . Do you understand queue? (တန်းစီပါဆိုတာ ကို နားမလည်ဘူးလား) လို့. ဒေါသသံနဲ့မေး ပါသတဲ့.


အဲ့ဒီ့မှာတင်..    ဒါဟာသူ့ ရဲ့ ပင် ကိုယ် မာန နဲ့ လူမျိုး ကို အထင်သေးစော်ကား ထိပါးတာဘဲ. . ငါလို တကောင်းအဘိရာဇ္ဇ သား ကို ဒီလို လာပြောရသလား ဆို ပြီး စ လုံး လဝက အရာရှိ ကို  ချက်ခြင်း တုန့် ပြန် ပြီး ပြောချ လိုက်ပါသတဲ့ . . ပြောတဲ့ စကားက တော့. . 


Ofcouse I know Q .  . Q is between P and R. ပါတဲ့ ခင်ဗျား( Q ကိုမသိဘဲ နေပါ့ မလားဗျ Q ဆိုတာ  P နဲ့ R ကြားမှာ ပေါ့ဗျ) 


ကဲ. . . မှတ်သာ ထားကြပေရော့ဗျို့.


 .နောက်ထပ်ရယ်စရာတစ်ခုကတော့ . .သူက အလုပ်ရုံ ကို ရောက်ရောက်ခြင်း အပြင် site တွေကို မသွားရသေးဘဲ . စက်ရုံရဲ့ အောက် မှာ တင် စည်ပိုင်းပြတ်တွေကို high pressure gun နဲ့ ရေဆေး နေပါသတဲ့( ကား တွေ ဘာတွေ ဆေး တဲ့ ရေ ပိုက်ခေါင်းတစ်မျိုးပါ အင်မတန် အား ပြင်းပါတယ်)


ဆေးနေတုန်း ရုံးပေါ် က စာရေးမ က အောက် ကို ဆင်းလားပြီး ဒီကောင့် ကို လူသစ် မှန်း သိတော့ လှမ်း နူတ်ဆက်ပါ သတဲ့. . စာရေး မက Hi ဆိုတော့ သူကလဲ Hello လို့ ပြန်ပြောပါသတဲ့ . . စာရေးမက ဆက် ပြီး . What are you doing လို့ (ဘာလုပ်နေလဲ) ဆိုပါသတဲ့ သူက I am washing စည်ပိုင်း(စည်ပိုင်းတွေဆေးနေတာပါ) လို့ ဖြေ လိုက် ပါသတဲ့  တဆက်ထဲ သူ က ဆက် ပြီး high pressure gun ကြီး ကိုင် ပြီး .  May i help you(ကူညီရမလားခင်ဗျာ) ဆို ပြီး  ပြော လိုက် ချိန် မှာတော့ . . စာရေးမ က မျက်နှာ ကြီး နီရဲ ပြီး .  အဲ့ဒီ့ မြန်မာကောင် မိုက်ရိုင်း တယ် ဆို ပြီး သူဌေး ကို သွား တိုင် လိုက် လို့ ပြသနာ အတော် ရှင်းလိုက်ရပါသတဲ့ ခင်ဗျား. .(စီပိုင်းဆိုတာ တရုတ် လို အမျိး သမီး ရဲ့ တန်စာကို ခေါ်တာပါ ) ဟိုစာရေးမ ဘယ်လောက်ကြောက်သွားမလဲ မှန်းသာကြည့်ပေတော့ဗျို့. . 


အင်မတန် ပျော်စရာကောင်းတဲ့ အတွေးမျိုးနဲ့ ရေး နိုင်သူ ပါ . . ဒီလောက်ဆိုရင် ထူးဆွေအောင် အကြောင်း သိလောက် ပြီ လို့ ယူဆပါတယ် ခင်ဗျား


အခြား သန့်သန့် ရှင်းရှင်းရယ်စရာတွေ လဲ အများကြီး ပါ. . .ကျွန်တော် ကတော့ စ လုံး ရဲ့ ထုံးစံ. .ဘာလုပ်လုပ် တန်းစီလိုက် တိုင်း သူ့ဟာသလေးတွေကို သတိရနေသလို high pressure gun တွေ တွေ့ တိုင်းလဲ ဒီကောင့် ကို သတိရနေတော့တာ ပါဘဲ ခင်ဗျား 


အခုတော့ သူလဲ ပြည်တော် ဝင်ပြီး အထက်မင်းလှ မှာ သူဌေး လုပ်နေပြီလို့ကြားပါတယ် . ကျွန်တော့် လို နိုင်ငံရပ်ခြားက ကူလီကို  အဆက်အသွယ် လုပ်ချင်ဟန်မတူတော့ပါ . (@#¿£|£**)


**********


အဖေရယ်ကျွန်တော်ရယ် ညပေါင်းများစွာ စကားပြောခဲ့ဘူးပါတယ်. .. . တခါတရံ မနက် မိုးလင်းခါနီးထိ နှစ်ယောက်သားပြောရင်း တခွိခွိ ကြိတ်ရယ်နေကြတာမျိုး ရှိသလို . တခါတလေလဲ တန်ဖိုးကြီး အယူအဆ အကြောင်းတွေ ကို မမောနိုင်မပမ်းနိုင်ပြောခဲ့ဘူးကြပါတယ်. . 


တခါတလေတော့ အဖေ့ကို သိပ်ချစ်တဲ့ ကျွန်တော့ သူငယ်ချင်းတွေနဲ့ပါ ဆုံပေးပြီးတဝါးဝါး ပွဲကျနေတာမျိုးပါ. . အဖေက မှတ်ဉာဏ်အားကောင်းလွန်းတော့ ဘယ်သူမှ မကြားဘူးတဲ့ ပေါက်ပေါက်ရှာရှာ ပုံတိုပတ်စတွေ ကဗျာတို စာတိုတွေကို လက်တမ်း ရွတ်ပြ. . ကျွန်တော်နဲ့ သူငယ်ချင်း အားလုံးလဲ . တဟားဟား နဲ့ ရယ်ကြ  . .တကယ်ပျော်စရာကောင်းတာပါခင်ဗျား . . အဖေလဲအဲ့ဒီ့အချိန်မျိုးဆိုပျော်ဟန်တူပါတယ်


နောက်ပိုင်းသူ့ရဲ့အသက်ကြီးပိုင်း ရောက်လာတော့ သူ့မှာ ဘဝအတွေ့ကြုံသစ်ရယ်လို့ သီးသန့်ထပ်မရှိတော့ဘဲ. . . သူဖြတ်သန်းခဲ့တဲ့ အတိတ် က အကြောင်းတွေ ကို ဘဲ ထပ်ပြန်တလဲလဲ ပြောနေတတ် ပါတယ်.  ကျွန်တော်ကလဲ သူဘယ်နှစ်ခါပြောပြော ပြန်နားထောင်းပေးတယ်ခင်ဗျ. နားထောင်လို့ကိုမဝဘူးကိုး. . .ဘယ်တော့ မှ. . . အဖေ ကျွန်တော်သိပြီးသားလေ. လို့ စကား ဖြတ် မပစ်ဘူး. .


 အဖေကလဲ ကျွန်တော်နဲ့ စကားပြောရတာ ကိုပျော်ဟန်တူပါတယ် ကျွန်တော်ကြားဘူးပြီးသားကိုလဲ အဖေ ပြောချင်ပုံပေါ်ရင် အခု မှ အသစ်ကြားဘူးသလိုမျိုး နားထောင်ပေး ပြန်မေး လုပ်တာကိုးဗျ . . 


ဘဝအတွေ့အကြုံသစ်ရယ်လို့ သိပ်မရှိတော့တဲ့ အသက် ရှစ်ဆယ်လောက် အဖိုးကြီးဆီမှာ ဘယ်က ဇာတ်လမ်း အသစ်တွေ ရှိတော့မှာတုန်း. အတိတ်ကအကြောင်းတွေကို ဘဲ ပြောဆိုမှူ့ပိုများနေတာပေါ့.. .


 အဲ့ဒီ့လိုပြောဆိုနေခြင်းတွေဟာ သူ့အတွက်အရသာရှိသလို . . လူ့သက်တမ်းထက်ဝက်ကျော် လူလားမြောက်ပြီးသားကျွန်တော့အတွက်လဲ ငါ့မှာအဖေ ရှိသေးတယ်. . ဆိုတဲ့ စိတ်လုံခြုံမှူ့ဟာအတော် အရသာရှိတာကိုးဗျ . . . ငါအတော်ကံကောင်းပါ့လား . . ငါ့အသက်လေးဆယ်ကျော်ထိ အဖေ ရှိတယ်. . ပြီးတော့ ပေါက်ကရတွေပြောပြီးစိတ်ဂရောက်ဂရက် ဖြစ်နေတဲ့ အဖေ မျိုးမှ မဟုတ်တာကိုးဗျ. . 


 အဲ တခါတလေတော့လဲ အင်မတန်တန်ဖိုးကြီးတဲ့စကားတွေအဖေ့ဆီက ကြားရတယ်ဗျ  သူတစ်ယောက်ထဲ စဉ်းစားထားတဲ့ အယူအဆတွေကို ပြန်ပြောပြတာမျိုးတွေပေါ့ . အဲ့ဒီ့အခါကျရင်တော့ အထူးအဆန်းတွေ ကြားရတော့တာကိုး. .  . 


ဥပမာ. . သူနဲ့ကျွန်တော် တရက်စကားပြောနေတုန်း. အဖေက ရုတ်တရက် စကားဖြတ်ပြီး. . လူလေး. .  စဉ်းစားတယ် ဆိုတာ ဘာလဲကွ ဆို ပြီး ကျွန်တော့ကိုဖြတ် မေးချ လိုက်တာကိုး. . 


ကျွန်တော် လဲ ရုတ်တရက်ဆိုတော့ တော်တော် ဦးနှောဏ်စားသွားတယ်. .


ဟာ.. အဖေကလဲ စဉ်းစားတယ် ဆို တာ. . ကိုယ်လုပ်မယ့်အစီအစဉ်တွေ ကိုတွက်တာပေါ့ဗျ. .


 အင်း ဒါမှမဟုတ်လဲ. . ချိန်ဆတာ. . အင်းဒါမှမဟုတ် . ခေါင်းထဲမှာ. . ရှိတဲ့ အချက်အလက်တွေ စုစည်းပြီး အဖြေထုတ်တာ. . . စသဖြင့် ကျွန်တော်တွေးမိသမျှ အူလည်ချီးပေါက်တွေ လျှောက်ဖြေတော့တာဘဲ .


အဖေက တော်တော်ကြာသည် အထိ ကျွန်တော့ ကို ဘာ မှ မပြောသေးဘဲအချိန်နည်းနည်းကြာမှ . 


ငါနားလည် လိုက်တဲ့


 စဉ်းစားတယ်. . .  . .ဆိုတာက . .


ကိုယ့် စိတ်ထဲ မှာ တစ်ယောက်ထဲ ကိုယ့်ဖာသာကိုယ် စကားပြောနေတာကွ တဲ့...


 ဟား. . . ကျွန်တော်. တော်တော်လန့်သွားတယ်. .အရမ်း တိကျ ပြီးထပ်ငြင်းစရာမလိုတဲ့စကားလုံးဖြစ်နေတဲ့အပြင် ဘယ်တုန်းကမှ ဒီလို မတွေးမိ ခဲ့ ဘဲကိုး..


 အဲ့ဒီ့လို အတွေးစကားတွေပြောချလိုက်တော့မှဘဲ . အဖေနဲ့စကားပြောနေတာဆိုတဲ့ အသိကနေ . . ဟား. . ငါ ဆရာအောင်သင်းနဲ့ စကားပြောခွင့်ရနေတာပါ့လားဆိုတဲ့ အသိမျိုးပြန်ရောက်လာတာကိုးဗျ. . နို့မို့ဆို ဘယ်သိပါ့မတုန်း ကိုယ့်အဖေဘဲဆိုပြီး မေ့ မေ့ နေတာ ကိုး.. .  သိပ်ကြောက်စရာကောင်းတဲ့ အတွေးအခေါ်ရှိတဲ့. ဆရာအောင်သင်းပါခင်ဗျား. . . (မြန်မာနိုင်ငံက လူငယ်တစ်ယောက်ရဲ့ စိတ်အခံနဲ့ပြောလိုက်တာပါ)


 အဖေနဲ့ကျွန်တော် နှစ်ပေါင်းများစွာ စကားပြောခဲ့တဲ့ အထဲက ထူးထူးဆန်းဆန်းသမိုင်းလေးတွေနဲ့ ဟိုရောက်ဒီရောက် အကြောင်းလေးတွေများစွာရှိပါတယ်. . အဲ့ဒီ့အထဲက စိတ်ဝင်စားစရာအကြောင်းတစ်ချို့ ကို ပြောပြပါ့မယ် ..


အဖေက ဗိုလ်ချုပ်အောင်ဆန်း ကို မှီ လိုက်ပါသတဲ့. . ဗိုလ်ချုပ်အောင်ဆန်း တောင်တွင်ုးကြီးကို စည်းရုံးရေး လာချိန်မှာ . သူလဲ နိုင်ငံရေး လောကထဲ မှာ ထမင်ဆုပ် ဟင်းဆုပ် ပုံစံ စတင်စီးမျောချိန်ဖြစ်ပါသတဲ့. . .ဘဘဦးအောင်သန်းရဲ့ လက်ကိုင်တုတ်ကလေးအဖြစ် ဘယ်သွားသွား ပါနေပါသတဲ့. . ဗိုလ်ချုပ် ရောက်လာတဲ့ အချိန်မှာ . . တောင်တွင်းတမြို့လုံး အိမ်မှာ လူ ကျန်သေးရဲ့ လား ထင်ရလောက်အောင် ဗိုလ်ချုပ်ကို လာကြည့်ရင်း ကြိုဆိုကြပါသတဲ့. .အဖေ ကတော့


လူကြီးတွေ အစည်းအဝေး လုပ်တဲ့ တဲ ကြီး ရဲ့ အဝ မှာ ဝင်လိုက်ထွက်လိုက်နဲ့ အပေါက်စောင့် လုပ်ပေးနေရပါသတဲ့.   . . အဖေပြောခဲ့တဲ့ အတိုင်းလေးဘဲ ရေးပြပါရစေ


ငါမှတ်မိလို့ပြောရအုန်းမယ်. .  ဗိုလ်ချုပ်တို့ အစည်းအဝေးလုပ်တဲ့ နေရာက ခုခေတ်စကားနဲ့ပြောရင် ရပ်ကွက်ရုံး ဘဲဆိုပါတော့ကွာ . . ဝါးထရံ ကာထားတဲ့ တဲ့ကြီးကွ အောက်ခြေ က မြေကြီးပေါ့ကွာ ထရံက ငါတို့ အညာ ထုံးစံအတိုင်းမြေကြီးနဲ့ တစ်ပေလောက်လွတ်ထားတာမျိုး ပေါ့ကွာ . . 


ဗိုလိချူပ်က စားပွဲ ထိပ်မှာ ထိုင်ရင်း စကားပြော နေတုန်း . . ခုံ အောက် ကိုငုံ့ ကြည်လိုက် စကားပြောလိုက်နဲ့ ဂဏှာမငြိမ် ဖြစ်နေတာ ငါသတိထားမိတယ် . ဘာဖြစ်မှန်းငါလဲမသိဘူးကိုး. နောက် မှ ငါ လှမ်းမြင်လိုက်တာ ဗိုလ်ချုပ် ထိုင်နေတဲ့နောက်က လွတ်နေတဲ့ ထရံအောက်ကနေ . . ကလေးလက်ကလေးတွေ က ဝင် ဝင် လာပြီး ဗိုလ်ချုပ် ခြေထောက် ကို ကိုင် ကိုင် ကြည့် ကြတာ ကိုးကွ. . . ဗိုလ်ချုပ်က စကားပြော လိုက် အောက်က သူ့ ကို လှမ်းကိုင်လိုက်တဲ့ အထိအတွေ့ ကြောင့် စကားပြောရပ်သွားလိုက်ဖြစ်နေတာကိုး. ကလေးလက်ကလေးတွေကိုတွေ့နေတော့ သူလဲ ဘာလုပ်ရမှန်းမသိဖြစ်နေပုံရတယ်... နောက်ကျ သူလဲ စကားပြောရတာ အာရုံ မရတော့. . ခြေထောက် ကို အောက် မချဝံ့တော့ ဘဲ. . ခုံပေါ် မှာ ဆောင့်ကြောင့် ထိုင်ပြီး အစည်းအဝေးပြီးအောင် ဆက်လုပ်သွားရတော့တာဘဲဟေ့. .  . 


ရယ်ရတာတစ်ခု ပြောပြ ရအုန်းမယ် . . အစည်းအဝေး ပြီး လို့ဗိုလ်ချုပ်က အပေါ့ သွားချင်လို့ ထွက်လာတော့. . . သူ့ဘေး မှာ လူ တွေကအုပ်စုလိုက်ကြီး အိမ်သာထိ လိုက်တော့တာကိုး ကွ  .  . . သူလဲ အိမ်သာထဲ ဝင်ရော . . အားလုံး က အဝ မှာ အကုန်စောင့် နေကြ ပြီး ဗိုလ်ချုပ် ပြန် ထွက်လာတော့ . . အားလုံးပြန်လိုက်လာပြန်ရော. ..  သူလဲ အတော်စိတ်ညစ်သွား ပုံရတယ်. . 


 ရုံး ခန်းထဲလဲ ပြန်ရောက်ရော. . . ငါ့လခွီးထဲ မှ ဘဲ မင်းတို့တောင်တွင်းကြီးက လဲ သေးတောင်ဘယ်အပေါက်က ထွက်သွား မှန်း မသိတော့ ပါဘူးကွာ. .  ဆို ပြီး ဆဲပါလေရောဟေ့.   .   . . အဖေ ရယ်ရင်းနဲ့ ကျွန်တော့ကိုပြန်ပြောပြ ဘူးပါတယ် ခင်ဗျား. 


နောက်ထပ်တစ်ခုကတော့ ဘဘ ဦးအောင်သန်းနဲ့ လိုက်ခဲ့ ရင်း ရန်ကုန်က ဗိုလ်ချုပ် အိမ် မှာ.. လူကြီးတွေ စကားပြောနေလို့ . နှပ်ချေးတွဲ လောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ပေါက်စ ကလေးကို နေ့လည် ဘက် ၃ ခါလောက်ထိန်းပေးဘူးပါသတဲ့ ခင်ဗျား. . . . အဖေကျွန်တော့ကို အဲ့ဒီ့အကြောင်းပြောပြတော့ ကျွန်တော်က. ... ဟာ


အဖေကလဲ အဲ့ဒါ ကို စာလေး ဘာလေးထဲ ထည့်ရေးတာမဟုတ်ဘူးဆိုတော့ . . . ရေးစရာလားကွ. .  လူတိုင်းက တစု ထဲ စု နေကြ ချိန်ကျမှ. .  ငါက ထည့်ရေးလိုက် ရင်. 


ဦးအောင်သင်းကတော့အတင်း ဆွေ မျိုးလိုက်စပ်နေပြန်ပြီ ပြောခံ ရမှ ရှက်စရာကြီး ကွ. . ငါ့ ဟာ ငါဘဲ အေးအေး ဆေးဆေး အောင်သင်းလုပ်နေပါရစေ ကွာ လို့ ပြောဘူးပါတယ်ခင်ဗျား . . . . 


ကျွန်တော်က . . .


 အာ. . အဖေကလဲဘာဖြစ်တုန်း အခု ဆို ရင် လူတွေက ဒေါ်အောင်ဆန်းစုကြည် ရဲ့ အသားလေး တွေ ကို တို့ကြည့်ချင် ကိုင်ကြည့်ချင် ဖြစ်နေကြတာမဟုတ်လား..အဖေရဲ့. . .  သူတို့က မှ တို့ရုံထိရုံလေး လုပ်ခွင့်ရတာ


အဖေ ဆို ဘယ်လောက်ပိုင်တုန်း . . ဒေါ်စုကို ပွေ့တောင်ပွေ့ ခဲ့ဘူးတာ ဘဲ ရေးပေါ့ဗျ အဖေရဆိုတော့. . . ငါ့လခွီးဆိုပြီး ကျွန်တော့ကို ဆဲပါတော့တယ်ခင်ဗျား. .. . 


ပြီးမှ တဆက်ထဲ သူဆက်ပြောတာက. . .အေးကွမင်းပြောမှ ငါသတိထားမိတာလေးပြောရအုန်းမယ်. .  . ငါတို့ မြန်မာလူမျိုးတွေက လူတစ်ယောက်ကို ချစ်ကြပြီ. ယုံကြည်ပြီ ဆိုရင် တရားလွန် ဖြစ်သွားကြတာကိုတွေ့ရတယ်. ကိုယ်သိပ်ချစ်တဲ့ ခေါင်ဆောင်ရဲ့ အသားလေးတွေကို တို့ထိ ကြည့်ချင် ကိုင်ကြည့်ချင်လောက်သည်အထိ အသဲယားနေကြတာမျိုးကွ. . 


ကိုယ်သိပ်တန်ဖိုးထားတဲ့ခေါင်းဆောင်က ခွေးလိုကိုက် ပြဆိုရင်တောင်ကိုက်ပြ မယ့် လူမျိုးကွ. ကောင်းလဲကောင်းတယ် ကောင်းလဲမကောင်းဘူးကွ. သိပ်တော်တဲ့. ခေါင်းဆောင် ဖြစ်သွားပြီဆိုရင်လဲ တိုင်းပြည်က ရိပ်ကနဲ့ ထိုးတက်သွားသလောက်. . ခေါင်းဆောင်က ညံ့ နေရင်လဲ အပြစ်မပြော ရက်ကြတော့ဘူး ခွင့်လွတ်ကြတယ်.မသိချင်ယောင်ဆောင်ပေးနေကြရောကွ. . ချစ်တာကိုး . အင်မတန် အန္တာရယ်ကြီးတယ်.. ချစ်လွန်းတော့ ဦးနှောဏ် မသုံးဘဲ ကို ချစ်ကြတော့တာကွ. .  လူမျိုးစရိုက်ကြီးဖြစ်နေတော့လဲ ပြောရခက်သားလား. . လို့ပြောပါတယ်. . 


ဒါဆို အခု ဒေါ်စု ကျတော့ရောလို့ ကျွန်တော်က မေးတော့. . ဒီကောင်မလေးတော်တာတော့ သေချာတယ်. .  . ခေါင်းဆောင်ကောင်းဖြစ်မယ့် အရည်အချင်းလဲ ရှိတယ် . . ဒါပေမယ့် ငါစိုးရိမ်တာက . . သူ့ဘေးမှာ ရံနေတဲ့ သူတွေ ရဲ့ အကြောင်းကိုအဖြေမှန် မသိမှာစိုးရိမ်မိတယ် (ဒီအဖြေ က ၁၉၉၀ နားကအဖြေပါ). . 


နောက်အရေးကြီးဆုံးအချက်ကတော့. . . ငါတို့ မြန်မာ အတော်များများ က လူတစ်ယောက်အောင်မြင်လာပြီ စွမ်းဆောင်ရည် သိပ်ကြီးလာပြီ . ကိုယ်လိုက်လို့မမှီ နိုင်တော့တာသေချာပြီ ဆိုရင်အင်မတန် မနာလိုစိတ် ကြီးတယ်ကွ. . ဒီကောင်မလေးကိုဘေးဥပါဒ် ဖြစ်မှာ စိုးရိမ်မိတာပါဘဲကွာ. . တဲ့ 


အဖေ နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နှစ်ကြိမ်ဘဲ ဆုံခဲ့ဘူးပါတယ်. . . ပထမတစ်ကြိမ်က. . ဗြိတစ်သျှသံရုံး ဒင်နာမှာပါ. . အဖေက ဒေါ် စုကို သွားနူတ်ဆက်တယ်လို့ ဆိုပါတယ် .


 ဟဲ့ကောင်မလေး .ညည်းငါ့ကိုသိလားဆိုတော့. . ဒေါ်စု က အော်မသိဘဲနေပါ့မလား ဆရာရယ် သူ့မိတ်ဆွေ တစ်ယောက်က မြန်မာစာဆရာ ရှာ ခိုင်းလို့ ဆရာ့ ကို ဆက်သွယ်ပေးမလို့ လုပ်တာ. . သူ့မိတ်ဆွေက လဲ နောက်ထပ်မဆက်သွယ် တော့ ဘာဆက် လုပ်ရမှန်းမသိတော့ဘဲဆရာ့ကို မဆက်သွယ်ဖြစ်တော့တာ ဆရာရဲ့ ဆို ပြီး အဖေနဲ့ ရင်းရင်းနှီးနှီး စကားပြောခဲ့ဘူးပါသတဲ့.   . . 


နောက်တစ်ကြိမ်ကတော့ .  ဒေါ်စုရဲ့ ခြံထဲမှာ . အစဉ်အလာရှိခဲ့တဲ့ ဝါရင့်နိုင်ငံရေးသမားကြီးတွေကို ကန်တော့ပွဲ လုပ်ပါသတဲ့ . .   အဖေက . . ဟာ ငါ ကနိုင်ငံရေးသမားမှ မဟုတ်တာ . ဆို ပြီး အတင်းငြင်းပြီး မလိုက်ဘို့ ကျိုးစားပါသတဲ့.   ... စကားတွေ ဘာတွေ လဲ မပြောပေးနိုင်ဘူးဆို ပြီး အတင်းငြင်းပါသတဲ့ နောက်ဆုံး မျက်နှာ နာရမယ့်သူတွေ ဝိုင်း ညပ်ပြီး ခေါ်တော့ . .


 အဖေ ရယ် ဆရာ မြ ရယ် နှစ်ယောက်သား ... အူကြောင်ကြောင်နဲ့ ကန်တော့ခံစင်ပေါ်ထိပါသွားပါသတဲ့. . .


ရှေ့ဘက်မှာ ဝါရင့် နိုင်ငံရေးသမားကြီးတွေ ကတန်းစီပြီး ငါနဲ့ ကိုမြသန်းက အနောက်ဖက် နားမှာ ဘဲ ကပ် ပြီး စကားတင်းဆိုနေကြပါသတဲ့.


အဲ့ဒီ့ အချိန်မှာ. . အင်မတန်စကားပြောကောင်းပါတယ်ဆို ပြီး တချိန်ကသိပ် နာမည် ကြီးတဲ့ နိုင်ငံရေးသမား ကြီး ကစကားပြောပါသတဲ့. . . ငါလဲ စကားပြောကောင်းတယ်ဆိုပြီးငယ်ငယ်ကတည်းကကြားဘူးပြီး နာမည်ကြီးလွန်းတော့ သတိထား ပြီး နားထောင်ကြည့်တာကွ.   .  ဒီလောက်လဲ မဟုတ်ပါဘူးကွာ. . ခေတ်ကိုမျက်ခြေပြတ်ပြီးစကားပြောနေမှန်းသိပ် သိသာတယ်. . စကားကိုလေးလေး ကြီးလျှောက် ပြီးပြောနေ . . သူ့ဟာသူကိုယ် စကားပြောရင်းလည်နေတာကိုးကွ. . . 


အောက်က ကန်တော့ မယ် ကလေးတွေ က လဲ ရွစိရွစိ. . . စကားတွေ ပြောကြ အတော်စိတ်ပျက်ဖို့ကောင်းတာကလား. . . . နောက်ကျ ငါဘယ်လိုဘဲ ငြင်းငြင်း သူတို့က ငါ့ကို အတင်းစကားပြောခိုင်းတော့. ...  မထူးဘူးကွာ ဆိုပြီး . . ငါလဲပြောမယ် ဆုံးဖြတ်လိုက်တယ် . .. . 


ငါ့စိတ်ထဲမှာ . . . . ဒီနိုင်ငံရေးသမားကြီးတွေ ဘာတွေ ကို ဘယ်လို မှ . လေးစားကြည့်လို့မရတော့. . ငါလဲ မထူးဘူးဆိုပြီးစွတ်တွယ်တော့တာဘဲ. . . .


 မောင်ရင်တို့ . . မင်းတို့ အခု လို ဖြစ်နေတာ . . မင်းတို့ ဒီအခြေနေတွေ ဖြစ်နေတာ. . . ငါ အပါ အဝင် အခု စင်ပေါ် မှာ ကန်တော့ခံနေ တဲ့ လူကြီး တွေ အသုံး မကျ လို့ ကွ ဆိုပြီး ၂ ခါ လောက်ဆင့် တွယ်ပစ်လိုက်ရောဟေ့ ( သူပြန်ပြောပြတဲ့ဖြစ်စဉ် ကိုသာပြောပြ နိုင်ပါသည်.စကားလုံး တိကျမည်မဟုတ်ပါ . ပွဲ ကို မပါခဲ့သလို အခွေ လဲ ယနေ့ထက်ထိ မကြည့် ဘူးပါ). .


 တစ်ချို့လဲ အတော် စိတ်ဆိုးဟန်တူတယ် . . ငါသိတယ် . . ဒါပေမယ် သူ့တို့ ပုံစံတွေကို မကြိုက်တာကွ.ငါတို့က ဝါရင့် နိုင်ငံရေးသမားကြီးတွေ ဆိုတဲ့ ပုံနဲ့ . ဟိတ်ကြီးဟန်ကြီးတွေ လုပ်လို့ကောင်း နေကြတုန်း . . ကလေးတွေက ခွေးဖြစ်နေပြီ. . 


ကြည့်ပြီး အူပေါက်လာလို့ စွတ်တွယ်ထည့်လိုက်တာ.. . တစ်ချို့ . . ငါ့ကိုမသိတဲ့ သူတွေက ဒီကောင်က ဘယ်ကကောင်တုန်းဆိုတဲ့ ပုံနဲ့ ပြန်မေး ပြီး အတော်စိတ်ဆိုး ကြဟန်တူတယ်


. . ငါလဲ စိတ်ကြိုက် တွယ်ပြီးရော. . ထိုင်ခုံ ကို ပြန်လာတော့. . . ကိုမြသန်း က . . ပြုံးပြုံး ပြုံးပြုံး နဲ့ . . ကောင်း လိုက်တာဗျာ. . . အရသာ ရှိ ထှာ ဗျာ အဲ့ဒါမျိုးပြောပစ်ရမှာဗျ ဆို ပြီး ငါ့ ကို အတင်းဆက်မြောက်ပေးတော့. . . 


ငါက . . 


အောင်မယ် ကိုမြသန်း. .  ခင်ဗျား ကျုပ်ကျ စွတ်မြောက်ပေးနေ. . ခင်ဗျား ကျတော့ဘာမှမပြောဘဲ နဲ့ ဆိုတော့ . . . တဟီးဟီး ရယ်ပြီး. . . ကျုပ် က အဲ့လိုပြောချင်တာဗျ . မပြောတတ် လို့ ဆိုပြီး တခစ်ခစ်နဲ့ ကြိတ် ရယ်နေတာကိုး. . သူတကယ်ပျော်နေတာကွ. သိပ်ချစ်ဖို့ကောင်းတဲ့ ကိုမြသန်း သိလား .  တဲ့. .. . 


ပွဲပီးတော့ မှ ဒေါ်စုက ငါ့ကိုလာပြီးကျေးဇူးတင်စကားပြောတာကိုးကွ. . သူကလဲ ပညာရေးနဲ့ သွားမှရ မှာ ဆိုတဲ့ သဘောလေး ပြောတာတွေ့လိုက် တော့. . . . ငါသိလိုက်တယ်. . ဒီကောင်မလေး ငါ့ အခွေတွေ ငါ့စာတွေကိုမဖတ်ဖူးသေးမှန်း၊ နားမထောင်ဖူးသေးမှန်းငါ တန်းသိ လိုက်တယ် လို့ သူပြန်ပြောပြပါတယ်ခင်ဗျား. ..  


ဒါကတော့ အဖေ နဲ့ ဒေါ်အောင်ဆန်းစုကြည်  နဲ့ တိုက်ရိုက်ထိတွေ့ ခဲ့ချိန် နှစ်ကြိမ်ပါဘဲ . . ၂၀၁၄ဘြဂုတ်လ လောက် မှာ... စာနယ်ဇင်း သမားတွေ နဲ့ ဒေါ် စုနဲ့ တွေ့ ဆုံပွဲ မှာ ဒေါ်စုက အဖေ့ ကို ဖိတ်ပါတယ်. .  . အဖေက သွားချင်သေးသော်လဲ သူ့ကျန်းမာရေးက အဆင်မပြေတော့ပါ. . ကျွန်တော်ဘဲ မသွားဘို့ဆုံးဖြတ်ပေးလိုက်ရတာပါ ခင်ဗျား. အောက်တိုဘာ အဖေ ဆုံး ချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည် ဆီက နေ အဖေ့အတွက် မိသားစုနှင့်အတူ ထပ်တူဝမ်းနည်းပါ၏ ဆိုတဲ့ ပန်းခြင်းလေးတစ်ခု ရောက်လာတာတွေ့ရပါတယ်. . 


. . ပန်းခြင်းတွေက .အရမ်း များလွန်း နေပြန်. ရှေ့က အသုဘက မပြီးသေးဖြစ်နေပြန်တော့ .ပန်းခြင်းတွေကို . ပစ်ကပ် ကားတစ်စီးရဲ့. နောက်မှာ အကုန်စုပြုံထည့်ထားလိုက် ရပါတယ်. . 


 အမှတ်တမဲ့ ဒေါ်စု ပန်းခြင်းနဲ့ ကပ်ရက်ပန်းခြင်းကလေးကို ကြည့် လိုက်တော့. . . သူရ ဦးရွှေမန်း နဲ့ အပတ်စဉ်(၁၁)မှ ဗိုလ်လောင်းများဆိုပြီး ပို့ထားတဲ့ ပန်းခြင်းကလေးဖြစ်နေတာတွေ့ရပါတယ်ခင်ဗျား . . အဲ့ဒါကြောင့် ကျွန်တော်လဲ ဓာတ်ပုံရိုက်ပြီး . သူဟာအားလုံးနဲ့ ဆိုင်တဲ့ သီးသန့်ခေါင်းစဉ်ရှိခဲ့သူဆိုပြီး သူဆိုပြီး ဖေ့စ်ဘွတ်မှာ ဓာတ်ပုံလေး တင်လိုက်ပါသေးတယ်. . 


ပြီးမှ ကျွန်တော်ဆက်စဉ်းစားမိတာက . .လူအတော်များများရဲ့ ယုံကြည်ခြင်း၊လေးစားခြင်းနဲ့ ချစ်ခြင်းကို ရခဲ့တဲ့   အဖေသာ ကျန်းကျန်းမာမာ နဲ့ . . အသက်ဆက်ရှင်နေအုန်းမယ်ဆိုရင် မြန်မာ နိုင်ငံရဲ့ အရေး အကြီးဆုံး အဖွဲ့ နှစ်ဖွဲ့ ကြား ဝင်ပြီးငြိမ်းချမ်းရေးအတွက် nagotiator  လုပ်ပေးနိုင်မယ့်သူများ ဖြစ်လေ မလား. .. 


. မြန်မာပြည် တိုးတက် အောင် တွန်းပို့ ကြမယ့် လက်တွေ ကို စုစည်းပေးနိုင်သူများ ဖြစ်လေမလား လို့ ကျွန်တော် မယုံရဲရဲနဲ့ တကယ်တွေး မိလိုက်ပါသေးတယ် ခင်ဗျား. . 


ဟုတ်ကဲ့. . . ကျွန်တော်စိတ်ကူးယဉ်တာ လွန်သွားလို့တောင်းပန်ပါတယ်. . .


***********


စကားပြောခြင်း အနုပညာနဲ့ပတ်သက်ပြီးနည်းနည်းလောက်ထပ်လေရှည်ပါရစေအုန်း. ဒီရက်ပိုင်းအမြင်မတော်တာလေးတွေတွေ့နေရလို့ပါ. 


အင်္ဂလိပ်စကားပုံလေးတစ်ခုရှိတယ် ဗျ.  ၃လက္မ ရှည်သောလျှာသည် ၆ပေရှည်သောသူကို သေစေနိုင်၏ ဆိုတာ လေးပါ. .


 အတော်မှန်တဲ့စကားပုံဗျ ဒီရက်ပိုင်းမှာ. အပြောမတတ်လို့ ရွာပတ်သွားတာတွေ မြင်နေရတာ အတော်ဆိုးသကိုး..  .


တချို့သောသူတွေက စကားပြောခြင်းရဲ့ အခြေခံ ဖြစ်တဲ့ စည်း ဘောင်ကနေ လွတ်ထွက်နေတာကိုတွေ့ရပါတယ်


 စကားပြောတဲ့အခါမှာ အခြေခံ အချက် ကလေးတွေထဲက ကျွန်တော်သတိပြုမိတာလေးတွေပြောပြပါရစေအုန်း. .


 စကားလုံးအသုံးအနူံး ၊ စကားပြောချင်တဲ့သူရဲ့ ပစ်မှတ်၊ သူရဲ့ စေတနာအတိမ်အနက်၊ သူ့ရဲ့စကားပြောဟန်၊ နောက်ခံကိုယ်စားပြုစကားပြောတဲ့ဘက်.   ဆိုပြီးအခြေခံ အချက် ၅ ချက်လောက်ရှိတယ်ဗျ. . .


 အဲ့ဒီ့အချက်အားလုံးထဲမှာ . ပြောသူရဲ့စေတနာအတိမ်အနက်နဲ့ စကားပြောတဲ့သူရပ်တည်တဲ့ဘက်က နည်းနည်းတော့ အရေးကြီးတယ်လို့ထင်မိပါတယ်. . စကားပြောတဲ့သူရဲ့စေတနာအတိမ်အနက် က တော့ လုပ်ရပ်နဲ့တွဲကြည့်ရင်လွယ်လင့်တကူ မြင်နိုင်ပါတယ်. .


 အဲ. . ရပ်တည်တဲ့ဘက်ကတော့ စကားလုံးတွေက ကိုယ်စားပြု ပြရတာဆိုတော့ စကားပြောတတ်ဖို့ ပိုအရေးကြီးတယ်လို့ ထင်သဗျ


စကားပြောတဲ့သူ မှာ ဘက် လိုတာကိုး.  ဘယ်နေရာကရပ်တည်မှာလဲ.. ..ဘယ်ဘက်ကရပ်တည်မှာလဲ . သူ့ဘက်ကလား ကိုယ့်ဘက်ကလား. . . အလယ် ကလား.. . ဆိုတာဟာအရေးကြီးတယ်ဗျ . . .. နားထောင်နေတဲ့သူတွေက . ပြောတဲ့သူကို ကြည့်ပြီး အဖြေထုတ်ကြတော့မှာကိုး


ကိုယ်ရပ်တဲ့ဘက်က အများ ချစ်ခင်နှစ်သက်နေတဲ့ဘက်ဆိုရင်ပြောတဲ့စကားက အရေးသိပ်မကြီးလှပေမယ့် ကိုယ်ရပ်တဲ့ဘက် က မြို့မေတ္တာ ခံယူနေရတဲ့ ဘက် ဖြစ်နေတယ် ဆိုရင်တော့ အကောင်းဆုံးအကြံပေးချင်တာက . . အလယ်က ရပ်ပြီးစကားပြော ဖို့ကျိုးစားတာဟာ ပိုပြီးနားထောင်လို့ အဆင်ပြေတယ်ဆိုတာလေး အကြံပေးပါရစေ  . . 


ကျုပ်တို့က စကားနဲ့မပြောဘူးအလုပ်နဲ့သက်သေပြမယ် လို့ ဘယ်လောက်ဘဲ လုပ်ပြနေပါစေ. . စကားပြောမတတ်ရင်ဂွမ်းသွားရောဗျ. . သတိထားသင့်တဲ့အချက်တွေပေါ့ဗျာ . . ၃ လက်မ ရှည်တဲ့ လျှာ ကြောင့် ဒုက္ခ ရောက်သွားတဲ့သူတွေ ကိုကြည့်ပြီး သနားလာလို့ဒီအကြောင်းကို ထည့်ရေးလိုက်တာပါ. . (နောင်မလိုအပ်ရင် ဖြုတ်ပါ့မယ်)


ဦးအောင်သင်းက ဘယ်တော့မှ ဒီအမှားမျိုးမမှားဘူးဗျ. . သူက အခြေအနေ အချိန်အခါ စကားလုံးအသုံးအနူံး ကို ကျွမ်းကျင်စွာ အသုံးချ ပြီး စကားပြောဆိုတာတွေ့ရပါတယ်... ဘက်ကိုလဲ လှပစွာယူတတ်တယ်. . . . အဲ နောက်ဆုံးအရေးအကြီးဆုံးအချက်ကတော့. .  မေတ္တာ တရားပေါ်မှာ အခြေခံထားတဲ့ စေတနာ ဗျ. ..သူ့ရဲ့ မေတ္တာတရားနဲ့ ကလေးတွေကို ဖြစ်စေချင်ခြင်းဟာ သူ့ဘဝ ရဲ့ အမြင့် ဆုံး ပစ်မှတ်ဘဲ. . သူ့စာဖတ်တဲ့သူတိုင်းမြင်နိုင်သလို သူ့ ဟောပြောပွဲမှာပြောတဲ့ဟန်တွေမှာလဲ သူ့ရဲ့ စေတနာနဲ့ ချစ်ခြင်းကိုမြင်နိုင်တယ်ဗျ. 


 ယုတ်စွအဆုံး သူပြောခဲ့တဲ့ အကြောင်းအချက်ဟာ မှားစေသည်ထား အုန်း. . သူ့ရဲ့စေတနာ ဟာ ဖြူစင်နေမှန်းသိတဲ့အတွက်ကြောင့် ဘယ်တော့မှ ဘေးဥပါဒ် မရှိခဲ့ဘူးဗျ.. အဆဲမခံခဲ့ရဘူး . နားထောင်နေတဲ့သူရဲ့ရင်ထဲမှာ နွေးထွေးမှူ့ဘဲ ဖြစ်သွားစေတယ်ဗျ


နှစ်ပေါင်းများစွာ အစိုးရ ကို တွယ်ခဲ့တဲ့ သူဟာ ဦးအောင်သင်းဘဲ. မြန်မာပြည်တွင်းရဲ့စင်ပေါ်ကနေအစိုးရကိုတွယ်တာ  သူအစောဆုံးဘဲ. . . ဒါပေမယ့် ဘာမှ မဖြစ်ခဲ့ဘူး


 မဖြစ်ခဲ့ရခြင်းအကြောင်းရင်းတွေကိုပြန်ဆန်းစစ်ရင် သူ့တပည့်တွေက ဦးအောင်သင်းမို့ ဘေးမဲ့ပေးထားတာဖြစ်မှာပါဆိုတဲ့စကားမျိုးထောက်ပြလို့ရကောင်းရနိုင်ပေမယ့်. . အားလုံးတော့မဟုတ်ဘူးဗျ. . တကယ်တန်းနင်လားငါလား တွယ်မယ်ဆို ဦးအောင်သင်းကိုလဲ ဂွိကနဲ့နေအောင် ဆွဲစိပစ်နိုင်တဲ့သူတွေချည်းဘဲ. ဆွဲစိရဲတဲ့သူတွေချည်းဘဲ. . တာဝန်ပေးလာရင် သူတို့ဘဝက ခိုင်းတဲ့အတိုင်လုပ်ကြတာ ဆရာသောဘာသော ရှိတာမဟုတ်ဘူးဗျ. .


ကောင်းပြီ ဒါဆို ဦးအောင်သင်းကို ဘာဖြစ်လို့ လွတ်မြောက်ခွင့်ပေးထားတာလဲဆိုရင် စေတနာ သိပ်ကြီးတဲ့သူမှန်းသိလို့ဗျ.   . . သူ့ရင်ထဲက  တိုင်းပြည်ကိုကောင်းစေလိုတဲ့စေတနာကမြင်နေရတာကိုး . . ပြီးတော့ထောက်ပြတဲ့အချက်အလက်က သိပ် ခိုင်နေ ပြီး ပါးနပ်စွာ စကားပြောခြင်းနဲ သတိပေးခဲ့တာကြောင့်သာ တော်ရုံဘေးဥပါဒ် မဖြစ်ခဲ့တာလို့ဘဲ ကျွန်တော်မြင်ပါတယ်. . 


သူ့ရဲ့စကားပြောဂွင် ဥပမာလေးတစ်ခုကို ထုတ်နူတ်ပြပါရစေ


၉၄ ခုနှစ် မန္တလေး  ဟောပြောပွဲမှာ သူပြောခဲ့တဲ့စကားလေးကို သတိထားကြည့်ရင်တွေ့နိုင်ပါတယ် အပြောမတတ်ရင်လဲ အင်မတန် အန္တာရယ် ကြီးပါတယ်. .. (စစ်အုပ်ချုပ်ရေး အရမ်းပြင်းထန်နေချိန်ပါ) 


ကလေးတွေ မောင်တို့ မယ်တို့ မင်းတို့ပညာကိုသာသင်စမ်းပါ. . ခေတ်မတည်ငြိမ်တဲ့ အခါမှာ လူမိုက်က ရှေ့ရောက်တတ်ပါတယ် ပညာသမားကနောက်ရောက်တတ်ပါတယ်ဆိုတော့. . . .(အောက်က လူတွေက စွတ်ပြီးလက်ခုပ်တီးကြပါတယ်.) . 


အဖေ ဆက်ပြောတာကို သတိထားကြည့်ပါ. . 


အာ. . . ခင်ဗျားတိုစွတ်လက်ခုပ်တီးမနေနဲ့. . ခင်ဗျားတို့လက်ခုပ်တီးတော့ အောင်သင်းက အစိုးရ ကို ထိသလိုလိုရိသလိုလို ဘာလိုလို ထင်နေလိမ့် မယ် ခေတ် မတည် ငြိမ်ဘူးဆိုတာ ကျုပ်ပြောတာမဟုတ်ဘူး . . အစိုးရကိုယ်တိုင်ကပြောထားတာ. . ဆိုတော့ (အောက်က ပရိသတ် ခဏငြိမ်သွားပါတယ်)


ခင်ဗျားတို့စဉ်းစားကြည့်ပေါ့ဗျ. သတင်းစာထဲ မှာ. . . ရေးထားတာ. . . 


ရပ်ရွာအေးချမ်းသာယာရေးနဲ့ တည်ငြိမ်ရေးကို အစိုရက အစွမ်းကုန်ကျိုးစားနေပါသည် ပြည်သူအများ က ဝိုင်းဝန်းကူညီကြပါ . . ဆို တော့ . . . တိုင်းပြည်က မတည်ငြိမ်သေးလို့ ပြည်သူကို ဝိုင်းဝန်းကူညီကြပါဆိုပြီး အကူ ညီတောင်းတာ မဟုတ်ဘူးလား.... တည်ငြိမ်နေရင် ဘယ်အကူညီတောင်းမှာတုန်းဗျ. . ဟုတ်ဘူးလား. ... ကျုပ်ပြောတာ မဟုတ်ဘူး သူတို့ပြောလို့ပြောပြတာ . . ဆိုပြီး စကားကို လှပစွာ ထွက်သွားတာပါ  ... အောက်က လဲရယ်သံတွေ လက်ခုပ်သံတွေတဝေါဝေါဖြစ်ကျန်ခဲ့တာကိုးဗျ.    . .


အင်မတန်လှပတဲ့စကားပြောကွက်ပါ. .


နင်းကန်ပြီးအစိုးရကိုဆဲနေတာမျိုးမဟုတ်ခြင်းနဲ့ နိုင်ငံရေးကို ကင်းရှင်းအောင်နေလိုက်ခြင်းက သူ့ရဲ့သက်တမ်းပြည့် ၈၈နှစ်ထိနေသွားရတယ်လို့ဘဲ ကျွန်တော်ယူဆပါတယ်... 


ဒီအကြောင်းတွေနဲ့ပတ်သက်ပြီးအဖေနဲ့ ကျွန်တော် အကြိမ်ကြိမ်စကားပြောဘူးပါတယ်. အဖေ. . . အဖေ့ကို ဒုက္ခမဖြစ်စေတာက စကားပြောကောင်းခြင်း တစ်ခုထဲကြောင့်တော့ မဟုတ်ဘူးထင်တယ်နော. . အဖေ့တပည့်တွေရဲ့ တန်ဖိုးထားခြင်း . .စောင့်ရှောက်နေခြင်းလဲ နည်းနည်းတော့ပါမယ်ထင်တယ်နော ဆိုတော့. . .   အဖေလဲ နည်းနည်းစဉ်းစားပြီး . . အေးကွ မင်းပြောမှ ငါသတိရတာလေး တစ်ခုပြောပြရအုန်းမယ်ဆိုပြီး. . သူသတိရတာလေးတစ်ခု ကျွန်တော့ကိုပြောပြပါတယ်ခင်ဗျား


အညာဘက်ကပွဲတစ်ပွဲမှာ. . အဖေဟောပြောပြီး မြို့ခံလူတွေနဲ့ ရင်းရင်းနှီးနှီးစကားပြောနေတုန်းမှာ. .( သူပြောတဲ့အတိုင်းဘဲပြောပါ့မယ်)


ငါ့ကွာ. . အကောင်တစ်ကောင်ကလာတဲ့ပြီး. . . စာအုပ်တစ်အုပ်ကိုင်လို့ကွ. . ပြီးမှ ရုပ်တည်နဲ့. . 


ဆရာအောင်သင်း ကျုပ်က ဒီနယ်မြေက ထောက်လှမ်းရေးတပ်ကြပ်ကြီး ဘယ်သူ ဘယ်ဝါပေါ့ကွာ. . .. .အခုဆရာအောင်သင်းပြောတဲ့စကားတွေက အစိုးရကို ထိပါးထားတာတွေ အများကြီးပါတဲ့ အတွက် အထက်ကို အစီရင်ခံရပါမယ် ဆရာအောင်သင်းပြင်ဆင်ထားပါ. . ဘာညာဆိုပြီးကြောင်တောင်တောင် လာလုပ်တာကိုးကွ.   ...  ဒီကောင့်ကြည့်ရတာလဲ ရူးကြောင်မူးကြောင်ပုံရယ်. . . မြို့မှာ အဲ့ဒီ့လိုပုံနဲ့လုပ်စားနေကြကောင်မျိုးထင်ပါရဲ့ကွာ... ဒီကောင်တွေနာမည်ပျက်တာအဲ့လိုကောင်တွေ့ကြောင့်ကွ. . .   အားလုံးရှေ့မှာ  . ငါ့ကိုလာပြောတော့ ငါ လဲ ခပ်မာမာဘဲ ပို့လိုက်ပါမောင်ရင်. . .  ရင်ဆိုင်ဘို့အသင့်ပါဘဲ ဆိုပြီး ငါလဲ ပြန်ပြောပစ်လိုက်တာကိုးကွ. .


 မြို့ခံ ပွဲလုပ်တဲ့ကောင်တွေက လဲ . သူ့ကိုသိနေကြပြီးသားဆိုတော့ . . ဟာ မလုပ်ပါနဲ့ ကို. . . ရယ် ကျွန်တော်တို့ဖိတ်ထားတာပါ ဘာညာ ဝင်ပြီးတောင်းပန်တာကိုးကွ.. . ဒီကောင်က အဲ့ဒီ့တော့မှ. .  ပိုသဲသလိုဘာလို ပုံစံတွေ လုပ်ပြနေတော့ ငါလဲ ဖြစ်ချင်ရာ ဖြစ်စမ်းကွာ ဆိုပြီးနေနေ တုန်း . . ဗြုန်းဆို ယူနီဖောင်းနဲ့ ဗိုလ်မှူးတစ်ယောက်ရောက်လာပြီး အဲ့ ကောင် နရင်းကို ဖြောင်းဆို ရိုက်ထည်လို့က်တာကိုးကွ. . . ပြီးတော့မှ ပိတ်ဆဲ ပစ်ပြီး ခွေးမသား. . အဲ့တာ ငါ့ဆရာကွ ဆို ပြီး. . ထပ် လုပ်မလို့ လုပ်တော့ မှ. . ခုနကကောင်ကွာ ကြောက်လိုက်ပုံများ လက်အုပ်ကလေးချီတည့်ပြီး မသိလို့ပါဗိုလ်မှူးရယ် . ဘာရယ် အကြောက်လွန်ပြီး စွတ်တောင်းပန်နေတော့တာကိုးကွ. . ဟိုဗိုလ်မှူးက ထပ်လုပ် မလို့ လုပ်ပြီးမှ . . သွားအခုချက်ခြင်းဆရာ့ကိုတောင်းပန် မင်းလို ကောင်ကများ ငါ့ဆရာကို


 ရာရာစစ ဆို ပြီး. . မိုးမွှန်နေအောင်ဆဲတော့တာကိုး ကွ. . 


အဲဒီ့တော့မှ ခုနကကောင်လဲ လက်အုပ်ကလေးချီတည့်ပြီး ငါ့ ကို  ငါ့လာတောင်းပန်ပါလေရော ဟေ့ . . သူ့နောက်က ဗိုလ်မှူးက လဲ . တောင်းပန်ပါတယ်ဆရာဆိုပြီး. အတန်းရှင်းဆွဲရင်း ငါကို လှမ်းအလေး ပြု တော့ ငါ လဲ တပ်က ထုံးစံ အတိုင်း. . ပြန် အလေး ပြု လိုက်ပါတယ် ဒီကောင်လဲ မြို့ခံတွေရှိတော့ မျက် နှာ ပူလို့ထင်ပါတယ် ထိုင်တောင်မထိုင်ဘဲ. . အလေး ပြု ပြီးချက်ခြင်း ထွက်သွား တာ... ငါ. . ဒီကောင့် မျက်နှာတော့ ရင်းနှီးတယ်. . နာမည် ဘယ်သူ ဘယ် အပတ်စဉ် ဆိုတာ လုံး ဝ မသိတော့ ဘူး လို့ ပြောပြ ပါတယ်ခင်ဗျား. . ပြီးမှ


အေးကွ မင်းပြောမှ ငါသတိရလို့ ဆက်ပြောရ အုန်းမယ် . . ခင်ညွန့်နဲ့ ငါနဲ့ ကရွှေဘိုဆောင်ဒင်နာမှာ ဆုံသေးတယ်ကွ လို့ ပြောတော့ ကျွန်တော် တော်တော်အံဘြ သွားပါတယ်. . ဟာ အဖေ က ဦးခင်ညွန့် နဲ့ ပါသိတာလား ဆိုတော့ သိတာပေါ့ကွာ ငယ်ငယ်ကတည်းက အဆောင်မှာ မျက်မှန်းတန်း ခဲ့ ပြီးသားကောင်ပါ. . .   ဒီကောင်လဲ ငါ့ကိုသိတာသေချာပါတယ်. 


ဒင်နာလုပ်တဲ့အချိန်မှာတော့ ဒီကောင်က ဘုန်းမီးနေလ အင်မတန်ကြီးနေတဲ့ အချိန်ကိုးကွ. .လာတာတောင် နောက်က ကိုယ်ရံတော်တွေ အများကြီးနဲ့ပေါ့ကွာ. . လူတွေက လဲ ဒီကောင့်ကို ဖားဖားရားရား အတင်းသွားနူတ်ဆက်နေကြတာပေါ့.   . . 


အဖေကရော သွားနူတ်ဆက်သေးလား ဆိုတော့. . . နူတ်ဆက်စရာလားကွ. .   သူလဲ ခင်ညွန့် ငါလဲအောင်သင်းဘဲ. ..  . ခပ်တည်တည် ဘဲ ပေါ့ကွ. . နူတ်မဆက်ပါဘူး. . . အဲ . . ခဏနေတော့မှ. . . ခင်ညွန့်ဘေးက ယူနီဖောင်းနဲ့ ဗိုလ်မှူးကြီးတစ်ကောင်က ငါ့နား လာပြီး ဆရာလို့ခေါ် လို့ကြည့်လိုက်တော့ လှမောင်ဖြစ်နေတာကိုးကွ( နာမည်မှားနိုင်ပါတယ်. . ဦးခင်ညွန့်မပြုတ်ခင် ထိုင်းသံအမတ်အဖြစ် ပြောင်းလဲခန့်ထားခံရသူပါ. . အခုတော့သူလဲပြုတ်လောက်ပြီထင်ပါတယ). . . ငါ လဲ .   ဟာ. . . ဟဲ့အကောင်လှမောင်. .  မင်းဘယ်မှာတုန်းဆိုတော့ ဦးခင်ညွန့်ရဲ့ ကိုယ်ရေး အရာရှိအဖြစ်နဲ့ ကပ်လျက်ပါနေတယ်လို့ ဆိုပါသတဲ့. ပြီးတော့ ဒီကောင်က. .   ဆရာ. .  စကားပြောချိန်တော့မရတော့ဘူးဆရာဆိုပြီး. . . သူ့အိပ်ကပ်ထဲကိုနှိုက်လိုက်တော့ ထောင်တန်လေး ၃ ရွက်လောက် ထွက်လာတာ တွေ့တယ် . . သူလဲ ဘေးကိုလှမ်းကြည့်ပြီး သူ့တပည့် တစ်ယောက်ဆီက ထောင်တန်လေးတွေလှမ်းယူလိုက်ပြီး တစ်သောင်းထင်ပါရဲ့. .  ငါ့ တိုက်ပုံထဲ အတင်းထိုးထည့် သွားတာဘဲဟေ့    .   ပြီးမှ မတ်တပ်ရပ်ရက် လက်အုပ်ချီပြီး . . သွားမယ်ဆရာ နောက်မှ တွေ့ မယ် ဆို ပြီး. .ခင်ညွန့်ဘေး သွားပြန်မတ်တပ်ရပ်နေရောဟေ့. . 


ကျွန်တော်က . . ဟာ အဖေက တယ်ဟုတ်ပါ့လား. . ဒါဖြင့် ဦးခင်ညွန့်ကရော အဲ့တာကိုသိတဲ့ပုံပေါ်လားဆိုတော့ . .


 သိမှာပါကွာဒီကောင်တွေ ထောက်လှမ်းရေးကကောင်တွေဘဲလို့ ပြောပါတယ်. . ကျွန်တော်ကဆက်ပြီး အဖေ . .ဗိုလ်ချုပ် ခင်ညွန့်ကျတော့ရော ဘယ်လိုမြင်လဲ လို့မေးတော့. .   (အဖေပြောခဲ့တဲ့စကားအတိုင်းဘဲရေးပြပါ့မယ်. . ဗဟုသုတနဲ့ ဦးအောင်သင်းရဲ့ စကားကိုသာပြောပါ့မယ်. .  .နစ်နာစေလိုခြင်းလုံးဝမပါပါ)


ဟာ. . . ဒီကောင် အင်မတန် မိန်းမရှာဆန်တဲ့ကောင်ကွ လို့ရုတ်တရက်ဖြေလိုက်တော့. . . ကျွန်တော်လဲ. . တဟားဟား ရယ်ပြီး ဟာ အဖေကလဲ ဘလိုင်းကြီးဆိုတော့. . .


အဖေလဲရယ်ရင်းတကယ်ပြောတာကွ. . 


 အသက်က ခုနှစ်ဆယ်နားကပ်နေပြီ. . ဘိုကေလေးတသသ နဲ့. . မျက်နှာမှာ မိတ်ကပ်တွေတောင်လူးထားသေး. အဲ့ဒါကြောင့်မိန်မ. ရှာလိုကောင်လို့ပြောတာကွလို့ရယ်ရင်းဆက်ပြောပါတယ်ခင်ဗျား. . . . 


ကျွန်တော်လဲ ရယ်ရင်း. .  ဟာ. . အဖေကလဲ မလူးလောက်ပါဘူးအဖေရယ်ဆိုပြီး ဆို ပြီး အဖေ နဲ့ ရယ်ရင်းမောရင်း ပြောခဲ့ဘူးပါတယ်ခင်ဗျား...


 အဖေ ဘယ်ပုံကိုကြည့်ပြီးပြောခဲ့လဲတော့မသိပါ. . . သူ့စိတ်ထဲမှာ    ဦးခင်ညွန့်ကိုမိတ်ကပ် အဖွေးသား နဲ့ ပုံကို မြင်ဘူးလိုက်လို့ အပိုင်ပြောနေသလိုပါဘဲ ခင်ဗျား. . 


ဆက်ပြီးသူပြောတာက  တော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်. . မင်းစဉ်းစားကြည့်ကွ . . ဒီကောင်က ထောက်လှမ်းရေးကတက်လာတဲ့ကောင်.   . . စစ်တိုက်ပြီးတက်လာတဲ့ကောင်မဟုတ်ဘူး. . . ထောက်လှမ်းရေးတို့ အင်ဖော်မာတို့ အချိုးက အားလုံးအတူတူ ဘဲကွ.    သူများအားနည်းချက်တွေ . . မကောင်းသတင်းတွေ မရ ရအောင်ရှာ . .  ပြီးရင် ပြန်ပြီးဒုက္ခ ပေး . . အတော်ဆိုးတဲ့အသက်မွေးဝမ်းကြောင်းတွေကွ.   . .အင်မတန်မိန်းမဆန်တယ်လို့ငါတော့ထင်မိတာဘဲကွာ ယောက်ကျားဘဲကွာ. . ဒဏ်ရာ ရရင်တောင် ရင်ဘတ်မှာဘဲ ဖြစ်သင့်တယ်. . . နောက်ကနေချောင်းခုတ်ရတာမျိုးငါတော့ အင်မတန် မိန်းမရှာဆန်တယ်ထင်မိတာဘဲလို့ပြောပါတယ်ခင်ဗျား. .  


ကျွန်တော်က . . ဟာအဖေကလဲ ဒီလိုတော့လဲအပြတ်ပြောလို့ဘယ်ရမလဲ နိုင်ငံအတွက်တကယ်အရေးကြီးတဲ့မော့ဆက်တို့ ဘာတို့ လို အဖွဲအစည်းမျိုးကျတော့  ဒီလို ဘယ်ပြောလို့ရမလဲဆိုတော့ . . သူလဲ ခဏ ငြိမ်သွားပြီး အေး အဲ့ဒါမျိုးကတော့ တစ်မျိုးပေါ့ကွာ . .သိတော့ပါဘူးဆိုပြီးစကားပြတ်သွားပါတယ်ခင်ဗျား. .


 (ဒီအကြောင်းရာကို ကျွန်တော်ကိုယ်တိုင်အဖေပြောတာကိုသိပ်လက်မခံချင်ပါ. . အဖေကတော့ သူ့ဘဝပျက်တဲ့အထဲ မှာ . အင်ဖော်မာနဲ့ ထောက်လှမ်းရေး ရဲ့ဒဏ်ကိုခံခဲ့ဘူးတော့ . အဲ့ဒီ့အသံမျိုးကြားရင်ကို အလားဂျစ်ဖြစ်နေတယ်လို့ထင်မိပါတယ်ခင်ဗျား)


ကျွန်တော်မှတ်မိသလောက်သူ့တပည့်တွေထဲက စစ်တိုက်သိပ်ကောင်းတဲ့ သူတွေအကြောင်းကို သူတော်တော်ဂုဏ်ယူပြီးပြောတာမျိုးကိုတော့မကြာခဏ ကြားဘူးတယ်ခင်ဗျ. . ကျေနပ်ဟန်လဲတူတယ်. . 


သို့သော် အဆုံးသတ်သူ့ရဲ့ဝေဖန်ချက်ကတော့လဲ သတိပြုစရာကောင်းလှပါတယ်. . 


ဒီကောင်တွေသိပ်တော်တဲ့ကောင်တွေကွ  စစ်တိုက်သိပ်ကောင်းကြတယ်. . . ဒါပေမယ့်ရှေ့တန်းမှာ အပြင်ရန်ကိုတွန်းလှန် တိုက်ခိုက်တာတော်သလောက် နောင်တန်းပြန်ရောက်လာရင် သူတို့ ရဲ့ အတွင်း တဏှာစစ် ကိုတော့ နိုင်အောင် မတိုက်နိုင်ဘူးကွ.. .  အဲ့ဒီ့မှာဒီကောင်တွေ ဒုက္ခ ရောက်ပြီး ကမောက်ကမ ဖြစ်ကုန်ကြတော့တာဘဲဟေ့. အတော်သနားစရာကောင်းတယ် လို့   အဖေ သံဝေဂ ရစွာ ပြောဘူးပါတယ်ခင်ဗျား. .  .


 နောက်ထပ်သူပြောပြတဲ့ ဇာတ်လမ်းအထူးအဆန်းလေးတစ်ခုကတော့. . . မှူးကြီးရဲ့ ကိုယ်ရေးအရာရှိကလဲ သူ့ရဲ့တပည့်တစ်ဦးဖြစ်ခဲ့ပါသေးသတဲ့. ဘယ်သူဘယ်ဝါ ဆိုတာတော့ ကျွန်တော်မသိခဲ့ပါ


. အဖေပြောပြတာကသူ့တပည့်က မှူးကြီးကိုခွင့်တောင်းပြီး. .  ဆရာအောင်သင်းရဲ့အခွေ ကို ကားပေါ်မှာ လေး . ငါးခါလောက်ဖွင့်ပြခဲ့ ပါသတဲ့. .  မှူးကြီးကလဲ ဖွင့်ခွင့်ပေး နားထောင်ပြီး. . တဟားဟားနဲ့ ရယ်နေပါသတဲ့. .   


ကျွန်တော်က ဆက်ပြီး . . 


ဟုတ်လားအဖေ တယ်ထူးဆန်းပါ့လား. . သူက နားထောင်ပြီးတော့ဘာပြောသတဲ့လဲ ဆိုတော့ ရယ်ရတယ်ကွ ဆိုပြီး သဘောကျ နေတယ်ပြောတာဘဲ လို့ အဖေပြန်ပြောပြပါတယ် .. . 


ပြီးတော့ရောလို့ကျွန်တော်က . . . ဆက်ပြီးအဖေ့ကို မေးတော့ . . ရယ်သွားတယ်လေကွာ. .. ဒါဘဲပေါ့ လို့အဖေပြောပါတယ်ခင်ဗျား . .


 ကျွန်တော်လဲ အီလည်လည် ဖြစ်ပြီး. . အာ. . . . အဖေကလဲ သူရော အဖေ့အခွေနားထောင်ပြီး ဉာဏ်အလင်းတွေ ဘာတွေ ပွင့်မသွားဘူးလားလို့မေးတာဆိုတော့. 


ဒီမယ် . . ဟဲ့ကောင်. . ဘေးဥပါဒ်မပေးဘဲ. ရယ်သွားတာဘဲ ကျေးဇူးတင်လိုက်. . ဟုတ်ပြီလားလို့ အဖေ ဆက်ပြောတော့မှဘဲ . . ကျွန်တော်လဲ သဘောကျ ပြီး တဟားဟား ရယ်နေဖြစ်ပါတော့တယ်ခင်ဗျား. . . . 


**********


အဖေနဲ့ အတူ စကားပြောတဲ့ အချိန်တွေက များလွန်းတော့ တခါတလေ ဘယ် အရာကို ဦးတည် ပြီး ရေးပြ ရမှန်းမသိလောက်အောင် ဖြစ်ဖြစ်သွားပါတယ်..


ဟိုနည်းနည်း ဒီနည်းနည်း ဖြစ်နေပြန်တော့ ပြန်ရှင်းပြရတာ အင်မတန် ခက်ပါတယ်. .  .


 တချို့စကားတွေကျပြန်တော့ လဲ သားအဖ နှစ်ယောက်ထဲ အတွင်းစကားပြောခဲ့တာမျိုး ဖြစ်နေပြန်တော့. .  အဖေ့ကို ချစ်သူအများ ကြားမှာ ပိုမို နားလည်ပြီးချစ်ခြင်းမေတ္တာ အကဲပိုသွားစေနိုင်ပေမယ့်.   မုန်းသူအနည်းငယ် နဲ့ မနာလိုသူ မနှစ်မျို့သူ အတော်အသင့် ရှိနေတဲ့ တချို့သူ တွေ ကြားမှာ. .  ဦးအောင်သင်း ဆိုတဲ့သူ အုတ်ဂူထဲက ပြန်မထွက်နိုင်တော့တာသေချာပြီဆိုမှ ပေါက်တတ်ကရတွေ ရေးနေရင်  မခက်ပေဘူးလားခင်ဗျာ. .


တကယ်တော့ ဦးအောင်သင်းဟာ သာမန်ပုတုဇဉ် တစ်ယောက်သာဖြစ်ပါတယ်. . ချစ်ခြင်းမုန်းခြင်း ငိုခြင်းရယ်ခြင်း အားလုံးရှိနေတဲ့ လူတစ်ယောက်မျှသာဖြစ်ပါတယ်.  . .


 သူ့ဘဝကို အောင်မြင်သူ တစ်ယောက်အဖြစ် မှတ်တိုင်စိုက်နိုင်ခဲ့တဲ့ ထူးခြားတဲ့ အချက်တွေကို ပြန်ဆန်းစစ် မယ် ဆိုရင်တော့.  ဘာမှမဟုတ်ဘူးလို့ထင်ရတဲ့သာမန်ထူးခြားချက်ကလေးတွေကိုမြင်နိုင်ပါတယ်


. .ကျိုးကြောင်းဆင်ခြင်ဉာဏ်ကြီးလွန်းတဲ့ဦးဏှောက်တစ်ခုကိုပိုင်ဆိုင်ပါတယ် . 


အပြုသဘော. နဲ့ အကောင်းဘက်ကိုသာ မြင်ပေးလေ့ရှိပြီး. .. စာနာ နားလည် ခံစားတတ်တဲ့  နှလုံးသားတစ်ခု လဲရှိပါတယ်


ရိုသားစွာ ရှာဖွေပြီးဖြူစင်သန့်ရှင်းသောအစာ ကိုသာ သူ့လျှာပေါ်တင်ပါတယ်. 


သူ့ရဲ့ပိုင်ဆိုင်မှူ့ အားလုံးဟာ လိပ်ပြာလုံခဲ့ပါတယ်.


မြန်မာပြည်ကိုတကယ်ချစ်ခဲ့သူဖြစ်ပြီး အိပ်ပျော်နေသောလူငယ်တွေ၊ အနာဂတ်ပျောက်နေတဲ့ လူငယ်တွေကို...  . မေတ္တာ တရားကြီးမားစွာနဲ့. ဆုံးမ လမ်းညွှန် ပေးဖို့ကျိုးစားအားထုတ်ခဲ့သူပါ . .   


သူ့တစ်သက်လုံးမှာ အမှန်တရားတစ်ခု၊ သူ့ယုံကြည့်မှူ့တစ်ခုကို ရပိုင်ခွင့်တစ်စုံတစ်ခုအတွက် မှားပါတယ်ဆိုပြီး ခေါင်းငြိမ့်ပေးခဲ့ခြင်မျိုး ပဲလှော်နဲ့လဲစားခြင်းမျိုး လုံးဝမလုပ်ခဲ့ဘူးပါ . .ကျွန်တော်ကောင်းကောင်းသိပါတယ်. 


သူပြောနေကျစကားတစ်ခုရှိပါတယ်. . ကိုယ်မရသင့်တာကို ဘယ်တော့မှ မယူမိစေနဲ့ ကိုယ်မရသင့်တာတွေကိုယူမိရင် ကိုယ်မလိုချင်တာတွေကိုပါ  တွဲ ရတတ်ပါသတဲ့. .


 သူ့တစ်သက်လုံးမှာ  မရသင့်တာတွေကိုလုံးဝမယူခဲ့တဲ့အပြင် ရသင့်တာတွေကိုပါ. .တခါတလေ လုံးဝမယူခဲ့ခြင်းကြောင့် အခွင့်အရေးသမားတော်တော်များများရဲ့ ဂွင် ကြီးဖြစ်နေတာကို ကျွန်တော်သတိထားမိပါတယ်.. 


တပည့်တွေရဲ့ အချီကြီးအလိမ်ခံခဲ့ရခြင်းအကြိမ်ကြိမ်ပါဘဲ. . နာမည်တွေ မထည့် ချင်လို့ပါ သက်ရှိထင်ရှားတွေပါ. . .  [ကျွန်တော်ကတော့ ရသင့်တာကိုတော့ရအောင် ယူထားလိုက်ပါလို့တောင်စာကြောင်းလေးထပ်ထည့်ချင်ပါတယ်. . ဘာကြောင့်လဲဆိုတော့ ရသင့်တာကိုမယူတဲ့ အကြိမ်များလာတာနဲ့အမျှ တဖက်လူတွေကသူရဲ့ excuse(နားလည်ပေလိုက်မှူ့ အားနာမှူ့) ကို. သူတို့ရဲ့ chance(အခွင့်အရေး) လို့ ထင်လာသည်အထိ ဖြစ်သွားစေတတ်လို့ပါဘဲ ].


ကျွန်တော်က အရွယ်ရောက်လာချိန်မှာ သူ့ကို ဘေးဖယ်ပစ်လိုက်ပြီး . သမိုင်းထဲကဖျောက်ခံလိုက်ရတာမျိုး ၊ သူ့ကို မုန့်ဝေတဲ့အလှည့်ကျ မသိချင်ယောင်ဆောင်တာမျိုးလုပ်တဲ့သူတွေကိုတွေ့တော့ဒေါသထွက်မိသလိုမျိုးဖြစ်ပါသေးတယ်. . သူကတော့ထားလိုက်ပါကွာနဲ့ ပြီးသွားတာပါဘဲ. . ဘာမှ ခေါင်းထဲမှာ ထည့်ထားပုံမရတော့ပါ. ... ကျွန်တော့မှာသာသိသိကြီးနဲ့ နင်ပြီးကျန်နေခဲ့တာပါ . . သူကတော့အေးဆေးပါဘဲ. လူငယ်တွေအတွက်ဆိုတာတစ်ခုဘဲသူ့ ခေါင်းထဲမှာရှိတော့ပုံရပါတယ်.  


အဲ့ဒါကြောင့်တစ်ချို့အကြောင်းအရာတွေကို ရေးသင့်မရေးသင့်.  ချပြသင့် မပြသင့် ချိန်ဆနေရလို့ပါ.  ထိခိုက်နစ်နာမှူ့တွေရှိနိုင်တယ်လို့လဲထင်လို့ပါ. . . 


သူအသက်ရှိစဉ်အခါကလဲ အရမ်းစွတ်မြောက်မပေးရဲခဲ့ဘူးဗျ


 ရိုးသားတဲ့သူတွေရဲ့ဒေါသကအင်မတန်ကြောက်စရာကောင်းတာကိုး. .  


ကျွန်တော်ကိုယ်တိုင်မြင်ခဲ့ဘူးလို့ပါ... . . .မှတ်မိတာလေးတစ်ခုပြောပါရစေ. . 


 ၁၉၈၅ ခုနှစ်က ပွဲလေးတစ်ပွဲ ကို သတိရလာလို့ ပါ.... .   အဖေ အလုပ်ပြုတ်ပြီး ၈ နှစ်မြောက်မှာ.   တာမွေလေးရပ်ကွက်က အဖေ့ ကို ဖိတ်ပါတယ်. .   တာမွေလေးရပ်ကွက်ဆိုတာက. . ပထမပိုင်းတွေမှာ. . ကျွန်တော် ရေးခဲ့ဘူးတဲ့. . အိမ်မှာ နေ့စဉ်စာလာသင်နေတဲ့ အဖေ့ရဲ့ တပည့်ရင်း တွေထဲ က ကျွန်တော်အခင်တွယ်ဆုံး. . ဦးလေး ကို. . . ရဲ့ ရပ်ကွက်ပါ. . 


အဖေအလုပ်ပြုတ်ပြီးနောက်တစ်ရက်က စ ပြီး အိမ်ကို လုံးဝ မလာတော့တဲ့ အဖေ့ တပည့် တွေထဲကအဖေ့ အချစ်ဆုံးတပည့်တစ် ယောက်ပါ. . 


၁၉၈၅ မှာ ဦးအောင်သင်း က လျှမ်းလျှမ်းထဖြစ်နေ မှန်းသိလို့ ပြန်ချဉ်းကပ် လာ တယ်လို့ဘဲကျွန်တော်ယူဆပါတယ်. .  ကျွန်တော်ရိပ်မိသလိုအဖေလဲသိလောက်ပါတယ်. .  . ဒီ ပွဲ ကို အဖေ ဘာကြောင့်လက်ခံလိုက်သလဲ ဆိုတာ ကျွန်တော် မရှိ လို့ မသိလိုက်ပေမယ့် ကျွန်တော့ရဲ့ နုငယ်နေစဉ်မှာကျန် နေခဲ့တဲ့ အညိုးက ဖျောက်လို့မရဘူးဗျ . . 


ငါ့အဖေရဲ့ အားအနည်းဆုံး အချိန် . . ဘဝ အနိမ့်ပါးဆုံး အချိန်. .  မျက်ရည် ပိုးပိုးပေါက်ပေါက်ကျချိန်မှာ ပစ်သွားရက် ကြလေခြင်းဆို တဲ့ အညိုး အစိုင်အခဲ က ကျွန်တော့ ရင်ထဲမှာ ရှိနေပြီး .


ဘယ်လိုမှ ဖျောက်လို့မရဘူး ဖြစ်နေတာကိုးဗျ . ..အဲ့တာနဲ့ကျွန်တော်လဲ အဲ့ဒီ့ပွဲကိုလိုက်သွားရင်း. .   လမ်းမှာ အဖေ့ ကို စပြီးကျပ်ပါတော့တယ် . 


အဖေ လုပ်ပစ်လိုက်ပါ .  . ဒီလိုတပည့်တွေကို တွယ်ထည့် လိုက်စမ်းပါ. . အောင်သင်း ဘယ်လိုလူလဲ ဆိုတာ သိသွားအောင် စသဖြင့် ကျွန်တော် ကမြောက်ပေးပါတော့တယ်.


 အဖေ ကတော့ ထားလိုက်စမ်းပါကွာ. . ပြီးတာတွေ ပြီးပါစေတော့. . အသာနေပါ ဆိုပြီးပြောတော့ ကျွန်တော့ ရင်ထဲမှာ. . မကျေနပ်ခြင်းနဲ့ရောပြီး  အောင့်သက်သက်ဖြစ်နေတဲ့ မျက်နှာကိုတော့ အဖေသိလောက်ပါတယ်. .  . .


သူတို့ကျွေးတာ ဧည့်ခံ တာတွေလဲ ကျွန်တော် လုံးဝ မစားဘဲ ပရိသတ်ထဲမှာ ဘဲနေပါတယ်. .   ကောင်စီရုံးလိုဟာမျိုးထဲ မှာ အဖေ နဲ့ အခြားစာရေးဆရာတွေကို ကို  ဧည့်ခံ့ပါတယ်. .  . .   အဖေက ကျွန်တော်ပျောက်လို့ လိုက်ရှာတဲ့ ပုံပေါ်လို့ ကျွန်တော် အဖေ့ ကို သွားပြီးမျက်နှာပြ ပါတယ်. . . ကျွန်တော့် မျက်နှာ. . မအီမလည် ဖြစ်နေတာ ကိုတော့..  သူသိဟန်တူပါတယ်. . .


စားစရာ လာစားခိုင်းတော့ သွားမစားဘဲ ပွဲဈေးတန်းထဲ က ခေါက်ဆွဲသုပ် စားပြီးဟောပြောပွဲကို ဘဲ စောင့် ကြည့်နေလိုက်ပါတယ်.


တစ်သက်တာ မှတ်မှတ်ရရပါဘဲ


ကျွန်တော့ရဲ့ မြောက်ပေးခြင်းနဲ့ ရွ ချက်ပြင်းထန်သွားခြင်းတွေ လက်လွန်သွားပြီး


ကံကောင်းလို့ပွဲမပျက်တာပါခင်ဗျား.


အလှည့်ရောက်လို့ အဖေ စင်ပေါ်တက် သွားပြီး. . ပထမပိုင်း စကားချီးနည်းနည်းလေးပြောလိုက်ပါသေးတယ် ခဏကြာတော့ .   .အဖေက ကျွန်တော့ ဘဝတစ်လျှောက်လုံးမှာ တပည့်ပေါင်းများစွာတွေ့ခဲ့ဘူးပါတယ်. . 


ဆရာ အဖြစ်နဲ့ဘဲ အသက်မွေးတယ်. ... အောင်သင်းကို ကြိုက်တဲ့အချိန်ဆန်းစစ်ကြည့် လိုက်ပါ ဆံဖျားကခြေဖျားထိ   ဆရာစိတ်အပြည့်ပါ. . . မြုတစ်မှူံမတင်ဘူး.


 တပည့်တွေကို ချစ်လွန်းလို့ တတ်စေချင် ဖြစ်စေချင်လွန်းလို့. ဘဝတစ်လျှောက်လုံးပေးဆပ်ခဲ့တာဗျ. .(ငိုသံအနည်းငယ်ပါလာ)


ဒါပေမယ် တပည့်တွေရဲ့ လူလည်ကျမှူ့ နဲ့ ဆရာ လုပ်တဲ့ သူကိုပြန် ပေးလိုက်တဲ့သင်ခန်းစာတွေက များလွန်တော့   . တပည့်တွေကိုကြည့်ရင်းကြောက်ကြောက်လာတယ်


အရင်လို မယုံရဲတော့ဘူးဗျ.. 


့ဒီကောင်တွေက ဒီအချိန်ဆို ဒီအိမ်ကို တံခါးခေါက်မယ် .. . ဒီအခါဆိုရင် ဒီဆရာဆီသွားကန်တော့မယ် . ဒီစခန်းကိုသွားဖို့ ဒီအတန်းကို တက်မယ် . . . . . အောင်မယ်လေးဗျာ . . လည်လိုက်ကျတဲ့ကောင်တွေ . . အောင်သင်း လေးခမျာတော့မသိရှာပါဘူး . .တကယ်မသိတာပါဗျာ. . ကိုယ့်လို ရိုးရိုးသားသားဘဲ ထင်မိတာပေါ့ဗျ .ငါ့တပည့်လေးတွေပေါ့. .. .  ဘယ်ဟုတ်လိမ့်မတုန်း. . အောင်သင်းတို့လည်တယ်ဆိုတာလောက်တော့ တပည့်တွေရဲ့ အိပ်နေသလောက်ရှိသေးတယ်ဗျ . အခုကျတော့ တပည့်တွေရဲ့ လည်မှူ့ ကို အောင်သင်းက  ကြောက်တဲ့ အဆင့်ရောက်နေပြီဗျ. . ကြောက်တဲ့အဆင့်ရောက်နေပြီ. . .( ဒေါသ ကြီးစွာပြောရင်း ဆို့ သွားလို့. . စင်ပေါ် မှာ တစ်မိနစ်လောက်ငြိမ်သွားပါတယ်)


 ကျွန်တော်လဲ အဲ့ဒီ့တော့မှ မှားမှန်းသိတော့တယ်ဗျို့ . . သူကတော့ တက်နေတဲ့အရှိန် တော်တော်နဲ့ ပြန်မကျဘူးဖြစ်နေရော.. . ပြီးတော့ နောက် ၅ မိနစ်လောက်ဆက် တွယ်သေးတာဗျ. .  ... 


အောက်ကပရိသတ်ကလဲ. . ဆရာအောင်သင်း ဘာကိုပြောပြီးဒေါသကြီးနေမှန်းမသိတော့ ကြောင်တောင်တောင်နဲ့ကြည့်နေကြတာကိုး. . 


ခဏနေတော့မှသူလဲ. သတိပြန်ထိန်းပြီး ပွဲဂွင်ဘက်ကိုပြန်စပြီး ရယ်စရာတွေ လုပ်ပေမယ့် အသက်မပါတော့ဘူးဗျ. . . စကားပြောဂွင်ကို . . ပြီးအောင်နင်းပြောပြီး ပွဲသိမ်းလိုက်ရပါတော့တယ်. . . 


ပွဲပြီးတော့ ကောင်စီရုံးထဲမှာ သူ့တပည့်ဦးလေး ကို. . . . က လာပြီးလက်အုပ်ကလေးချီပြီး ငိုရင်း ကျွန်တော်မှားပါတယ်ဆရာ. .  ကျွန်တော်မှားပါတယ်ဆရာဆိုပြီး ကန်တော့ရင်း. တတွတ်တွတ် တောင်းပန်နေတာတွေ့ရပါတယ် . . 


အဖေကတော့  မျက်ရည်တွေနဲ့ အံကြိတ်ပြီး မျက်နှာတဖက်ကိုလှည့်နေပါတယ်. .. . . 


ကျွန်တော်လဲ ဘေးကနေလှမ်းကြည့်ရင်း သနားစိတ်မရှိဘဲ. .  မှတ်ဟ. . . အဲ့ဒါငါ့အဖေ သိပြီလားဆိုတာမျိုးစိတ်ထဲမှာ ဖြစ်မိ ပေမယ့် နည်းနည်း ထိတ်သလိုလိုဖြစ်ပြီးထင်သလောက်မပျော်မိတာတွေ့ရပါတယ်. .   . .


 အပြန်လမ်းမှာတော့အဖေနဲ့ ကျွန်တော်စကားတောင်ကောင်းကောင်းမပြောဖြစ်တော့ပါ. . . ကျွန်တော်သွားစကားပြောတော့လဲ အဖေက အေးတိအေးစက် ဘဲ စကားပြန်ပြောတော့ . . ကျွန်တော်လဲ တိတ်တိတ် ဆိတ်ဆိတ်ဘဲ နေလိုက်ပါတော့တယ်. . 


အဲ့ဒီ့နောက်ပိုင်းတော့ ဦးလေးကို. . . . . လဲ ရံဖန်ရံခါ အိမ်ကို ပြန်ဝင်ထွက်တာမျိုး ရှိခဲ့ပါတယ် . . အဖေ့ ရဲ့ နောက်ဆုံး အချိန်တွေနဲ့ နောက်ဆုံးခရီးကိုလဲလာတာ လိုက်ပို့တာတွေ့ရပါတယ်. . . . 


 ကျွန်တော်ကတော့. .အဖေ့ရဲ့ ကျန်တဲ့သက်တန်းအနှစ်သုံးဆယ်လောက်အတွင်း ဦးလေး ကို. . . . ကို . လုံးဝနူတ်မဆက်၊စကားမပြောဖြစ်ခဲ့တော့ပါ.  . . အိမ်ကိုလာရင်လဲ မမြင်ချင်ယောင်ဘဲ ဆောင်နေလိုက်ပါတယ်ခင်ဗျား. . ဟန်ဆောင်ပြီး နူတ်ဆက်ပေးရခြင်းကို စိတ်ပျက်တတ်တဲ့ ကျွန်တော့ အကျင့်ဆိုးကြောင့်ပါ. . . 


အဲ့ဒီ့ဖြစ်ရပ်မျိုးကို မြင်ဘူးထားတော့. . ခုနက လို အဖေ့ကိုဘေးဖယ်ထားပြီး မသိကျိုးကျွံ ပြုနေတဲ့ ကိစ္စ မျိုးကို သိနေပေမယ့် . . အရမ်းကြီးမြောက်မပေးရဲတော့ဘူးဗျ. ...အသက်ကြီးပိုင်းမှ ထပြီး ကြမ်းနေရင် သူ့အတွက် မလိုအပ်တော့တဲ့ အမုန်းတရားတွေကို. .  မဖြစ်သင့်တော့တဲ့အသက်ကျ မှ လက်ယပ်ခေါ်သလို ဖြစ်နေမှာစိုးရတာကိုး. . အဲ့ဒါကြောင့် တချို့ကိစ္စတွေကို ကျွန်တော်တို့ပါရော ပြီး မသိချင်ယောင်ဆောင်ပေးလိုက်ရတယ်လို့ပြောတာပါ. . . 


တခါတလေ အဖေ့ အကြောင်းတွေကိုပြန်စဉ်းစားမိရင် အားကျရင်းနဲ့ သံဝေဂလဲ တကယ် ရမိပါတယ်. . . 


လူ့အသိုင်းအဝိုင်းတစ်ခုကနှင်ထုတ်ခံလိုက်ရတဲ့သူဟာ. ... နောင်တစ်ချိန်မှာ. . လူ့အသိုင်းဝိုင်းအားလုံးက ဝမ်းသာအားရဖိတ်ခံနေရတဲ့သူလဲ ဖြစ်သွားပြန်တာကိုးဗျ. . 


 အဖေ့ဘဝအနိမ့်အမြင့်တွေကြားမှာဦးအောင်သင်းဘယ်လိုလူဆိုတာတောင် ကောင်းကောင်းမသိ ဘဲ. ချဉ်းကပ်လာတဲ့.. တချို့သောသူ တွေနဲ့. .ခပ်ကြောင်ကြောင် ဖြစ်ရပ်ကလေးတွေလဲရှိသေးသဗျ. . 


၂၀၀၈ခုနှစ်လာက်မှာကျွန်တော်နဲ့ အဖေစကားပြောနေတုန်းဧည့်သည် သားအမိ နှစ်ယောက် ရောက်လာပါတယ်. အမေက အသက်လေးဆယ်ကျော်လောက်နဲ့သမီးက ၁၈ လောက် ရှိပြီး. မုန့်ပုံးလေးတစ်ခုနဲ့ပါ. . 


အဖေနဲ့သိပ်ရင်းနှီးဟန်မရှိဘဲ . သာမန် သိခဲ့သလိုပုံမျိုးပါ. မျက်နှာကို ပြင်ဆင်ထားပြီး. အတန်အသင့် လည်တဲ့ပွဲစား မျက်နှာမျိုး ရှိပါတယ် . 


အဖေကလဲ သူ့ကိုသာမန်လေးစားလို့လာကန်တော့တယ်ထင်တော့ အေးအေးဆေးဆေး စကားပြန်ပြောပါသေးတယ်. .  လာရတဲ့အကြောင်းရင်းကို သေချာမေးတော့မှ လက်ရှိဆက်သွယ်ရေးဝန်ကြီးက   အဖေနဲ့ရင်းနှီးတယ်လို့ကြားလို့ အဖေဆီကို လာအကူညီတောင်းတာပါ ဆိုတော့မှ. . အဖေက ဘာကိုတုန်းလို့မေးလိုက်တော့..သူတို့လဲလက်ကိုင်ဖုန်း လျှောက်ထားပါသတဲ့. .  လုံးဝ မရလို့. . ဆရာ့အမျိုးပါဆိုတဲ့စာမျိုး လာရေးခိုင်းတာပါ တဲ့ (အဲ့ဒီ့အချိန်မှာ လက်ကိုင်ဖုန်း တစ်လုံးရဲ့တန်ကြေးက သိန်း၄၀ လောက်ရှိပါတယ်) .


 အဖေလဲ  အတော်စိတ်ဆိုးပြီး စိတ်ပျက်သွားပုံရပါတယ်......


ဖြစ်ပုံက အဖေ့ရဲ့ဆောင်းပါးလေးတစ်ပုဒ်ထဲမှာ..ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ် သိန်းဇော်ကိုအင်မတန်ကျေးဇူးတင်တဲ့အကြောင်းလေးရေးခဲ့ဘူးပါတယ်. .. . အကြောင်းရင်းက


အဖေ ကသူတပည့်တပန်းတွေဆီမှာ အခွင့်အရေး . .ပါမစ် ဘယ်သောအခါမှ မယူမတောင်းခဲ့ဘူး ပေမယ့် . . သူ့အသက် ၈၀ကျော်လောက်မှာ. . တယ်လီဖုန်းဟာ တကယ်လိုအပ်နေကြောင်းနဲ့.. .  ညရေးညတာ မှာတောင် သမီးဆီ ဖုန်းဆက်စရာမရှိကြောင်းရေးပြီး.   . အပြင်ဈေးနဲ့ ဝယ်ဖို့ဆိုတာ အိမ်မက်တောင်မမက်ဝံ့ကြောင်း


ငါဟာ . ဒီနေ့ထက်ထိ ငါ့တပည့်တစ်ယောက်ဆီက မှ အကူညီမတောင်းခဲ့ဘူးကြောင်း . အခု တောင်းတဲ့ အကူညီက လဲ ငါ့ ဘဝ မှာ ပထမ ဆုံးနဲ့နောက်ဆုံးဖြစ်ပါရစေ လို့ငါ့ကိုယ် ငါဆုတောင်းကြောင်း . . စသဖြင့် ရေးလိုက်တဲ့စာပါ. .  


အဲ့ဒီ့စာ ရေးလိုက်ပြီး ၃ရက်မြောက်လောက်မှာ. . ဗိုလ်ချုပ်သိန်းဇော်ရဲ့ ကိုယ်ရေးအရာ ရှိက . . အိမ်အထိ ဖုန်းလာပေးသွားပါတယ်. . နောက်တစ်နေ့မှ လျှောက်လွှာ တင်လိုက်ရတာပါ. . ဒီအကြောင်းကို အဖေက ကြည်နူးပြီး ဆောင်းပါးလေးရေးလိုက်ပါတယ် . . . ဒါကို ခုနက အမျိုးသမီးက ဖတ် ပြီး အဖေ့ ဆီကို ရောက်လာပြီး . .စာလေးတစ်စောင်လောက်များ ဦးအောင်သင်းဆီက လွယ်လွယ်လေးရမှာပါဆိုတဲ့  ပုံစံမျိုးနဲ့အပိုင်လာ ရေးခိုင်းတာပါ. . . . 


အဖေတော်တော် စိတ်ဆိုးပြီးစိတ်အနှောက်အယှက်ဖြစ်သွားပုံရပါတယ်. ... 


ချက်ချင်းဘဲ အဲ့ဒီ့အမျိုးသမီးကို. .ဟဲ့. ဒီမယ်. . . ကျွန်တော့ကိုလက်ညိုးထိုးပြပြီး. .  . ဒီကောင် ငါ့သားအရင်း. . ဒီကောင့်အတွက်တောင် ငါ့တစ်သက်မှာ တစ်ခါမှ အကူညီတောင်းမပေးခဲ့ဖူးဘူး ဟ. . သဘောပေါက်လား..ဆိုပြီး ထတုပ်ပါ. တော့တယ်. အဖေနဲ့ မဆိုင်တဲ့ ကိစ္စ မျိုးကို လာအကူညီတောင်းတာတွေ့ရတော့ အဖေလဲအတော် စိတ်ညစ်သွားပုံရပါတယ်. 


အဲ့ဒီ့မိန်းမ က လဲ . . မရလဲနေပေါ့ဆိုတဲ့မျက်နှာမျိုးနဲ့ အိမ်ပေါ်က ဆင်း သွားပါတယ်ခင်ဗျား. . 


အဖေလဲ တော်တော် စိတ်ဆိုး ပြီး . .


 ငါ့လခွီးထဲ မှဘဲ.   ငါ့ကိုတောင် ပါမစ်လျှောက်စားနေတဲ့ကောင်လို့ ထင်နေကြလားမသိဘူးဆို ပြီး ဒေါသတကြီး ဆက်ပြောနေတော့ . . 


ကျွန်တော်လဲ ရယ်ရင်း . 


အင်း. . .  ကြာရင် အဖေလဲ အဏ္ဏဝါ စိုးမိုး လိုကဗျာရွတ်တော့မယ်ထင်တယ် လို့ပြောလိုက်တော့ .   . .သူနည်းနည်း ကြောင်သွားပြီး ဘာလဲကွ ဆိုတော့မှ ကျွန်တော်လဲ. . . ဆရာစိုးရဲ့ဝတ္ထု တိုလေးကို ဖတ်ပြ လိုက်ရပါတယ် . . အဲတော့့မှ သူလဲ တဟားဟားနဲ့ရယ်ပါတော့တယ်ခင်ဗျား. .  


ဆရာစိုးက ဘဝအတော်ကြမ်းခဲ့ ဟန်တူပါတယ်. .  သူ့ဆွေမျိုးစုတွေရဲ့ အနှိမ်ခံ ဘဝမျိုးက နေ နောက်ဆုံး သဘောင်္သားဖြစ်ပြီး ဘဝ ပြန်တည်ငြိမ်လာချိန်မှာ. . သူ့ရဲ့ဆွေမျိုးတစ်သိုက်က . . နိုင်ငံခြားအထိ စာတိုစာရှည်ရေးပြီး  အကူညီ တောင်းကြပါတော့တယ်. . . အဲ့ဒီ့မှာတင်သူ့ကို အိမ်ပေါ်က မောင်းမချရုံတမယ် နှိမ်ခဲ့တဲ့ သူ့ဆွေမျိုးတွေအကြောင်းကို ပြစ်ပြစ်နှစ်နှစ် တုပ်ထားတဲ့ဝတ္ထု တိုလေးပါ. . သူတော်တော် စိတ်အချဉ်


ပေါက်ပြီးရေးခဲ့တဲ့စာလို့ထင်ပါတယ်. . .သူရေးတဲ့အတိုင်း မှတ်မိသလောက်ကလေးပြန်ပြောပြပါ့မယ်. .


အော်.     . လူတွေလူတွေ အတော်ကြောက်စရာကောင်းပါ့လား  . . လူတစ်ယောက် ဒုက္ခ ကြီးစွာရောက်ပြီးဘဝထဲက တိတ်တဆိတ် ပျောက်ပျက်သွားရင် မသိကျိုးကျွံပြု လိုက်ကြ ကိုယ်နဲ့မဆိုင်သလိုနေလိုက်ကြ. . . 


အဲ့ဒီ့လူကထူထူထောင်ထောင် ပြန်ဖြစ်လာရင်တော့. ... ပြဇာတ်မျက်နှာမျိုးတွေနဲ့ အနားကပ်ကြ . . အတင်းဖားရားကြ. . အတော်ဟုတ်ကြတယ်တဲ့. . .ဆိုပြီး. . သူ့ဆွေမျိုးစုကြီးကရေးလိုက်တဲ့စာတွေကို တစ်စောင်ခြင်း ဖတ်ပြီး  တုပ်ပါတော့တယ်... ပြီးမှ. . . အင်း. . . . 


တစ်ဆွေလုံးတစ်မျိုးလုံးပတ်ဆဲပြီးပြီမို့ စိတ်တော့ ဆိုးကြတော့မှာဘဲတဲ့. . ဂရုမစိုက်ချင်တော့ဘူးတဲ့. 


 ကျွန်တော်က ဆရာဇော်ဂျီလိုလဲ ကဗျာ မရေးတတ်. . မစပ်တတ်ပေမယ့်. . . နူတ်ခမ်းပဲ့ကြီးနဲ့ ကဗျာ တစ်ပုဒ်လောက်တော့ ဟစ်ပြလိုက်ချင်သေးတာတဲ့ . .ဆရာဇော်ဂျီရဲ့ ကဗျာကို မှီးပြီး သူရေးထားတာကတော့ . (အတိအကျ မမှတ်မိတော့ပါ နောက်မှ ပြန်ထည့်ပါ့မယ်)


လူမြုပ်နှံ ဂူသုသန် ထဲက


 ကျွဲထွက်လို့လာ. 


ကျွဲအုပ်ကတရာနှစ်ရာ. . ရပ်နေတာက ငါတစ်ယောက်ထဲ. . . 


အဝှေ့ အကန်ခံလို့ 


သေရွာပြန်အံကိုခဲ


 ပန်းလန်လျက်ပြဲ . . ပါတဲ့ခင်ဗျား.   


အဲ့ဒီ့တော့မှဘဲ အဖေလဲ တဟားဟား ရယ်ရင်း . ငါကဒီကောင့်လောက်တော့မဆိုးသေးပါဘူးကွာလို့ပြောပြီး . . အဏ္ဏဝါ  ကြီးတော်တော် ချစ်ဖို့ကောင်းတဲ့ကောင်လို့ ဆိုပါသဗျား... 


ဆက်ပါအုန်းမည်


ဆရာမြိုင်


September 02, 2015


[ မှတ်မိမှတ်ရာစုစည်းမှုများဘလော့ဂ်မှကူးယူပါသည်။ဘလော့ဂ်ဂါအားကျေးဇူးတင်ပါသည်။]


No comments:

Post a Comment