#တိုက်ရေယာဉ် ( ၁၀၃)
( အပိုင်း - ၁)
#မောင်သော်က
ရေတပ် အရာရှိငယ်တဦး၏ ဘဝတွင် တိုက်ရေယာဉ်တစင်းကို အုပ်ချုပ်ခွင့်အာဏာ၊ ဦးစီးမှူး (ဝါ) စစ်ရေယာဉ်မှူးအဖြစ် ခန့်အပ်ခံရခြင်း ဟူသည်မှာ အလွန်ဝမ်းသာ ဂုဏ်ယူဖွယ်ရာသော အချက် တချက်ဖြစ်တော့သည်။ သူ့ဘဝတွင် အထွတ်မြတ်ဆုံးသော ကာလတရပ် ဖြစ်သည်။
၁၉၅၆ ခု၊ စက်တင်ဘာလတွင် ကျွန်တော့်အား တိုက်ရေယာဉ် ၁၀၃ ၏ ဦးစီးမှူးအဖြစ် ခန့်လိုက်သောအခါ ဝမ်းသာဂုဏ်ယူ၍ မဆုံးတော့ပါ။
ကျွန်တော်တို့ ဗိုလ်သင်တန်း အတူတက်လာကြသည့် ဗိုလ်လောင်း တစုတွင် ကျွန်တော်သည် ပထမဆုံး အနေနှင့် စစ်ရေယာဉ်မှူး ခန့်အပ်ခြင်း ခံရသူ ဖြစ်၏။ ( နောင်ခေတ်နှင့် အညီ စစ်ရေယာဉ်မှူး ဟူ၍သာ သုံးစွဲပါမည်။ ) ကျွန်တော့်အသက်မှာ ၂၉ နှစ်မျှသာ ရှိသေးသည်။
တိုက်ရေယာဉ် ၁၀၃ မှာ ရေတပ်တွင် ယင်းနှင့် မျိုးတူ ( ညီအစ်မ သင်္ဘော )( sister ship ) ၁၀ စီးမျှ ရှိသည့်အနက် တစီးသော သင်္ဘောဖြစ်သည်။ သင်္ဘော ၁၀ စီးစလုံးမှာ အမေရိကန်ရေတပ်မှ ကမ်းခြေစောင့် ကင်းလှည့် သင်္ဘောငယ်များ ဖြစ်ကြသည်။ ဒုတိယ ကမ္ဘာစစ်အတွင်းက အမေရိကန် ကမ်းခြေကို ကာကွယ် ကင်းစောင့်ရန် ကမ်းခြေစောင့် တပ်ဖွဲ့အတွက် ဆောက်လုပ်ခဲ့သော ရေယာဉ်များ ဖြစ်သည်။ အဆီထုတ်ထားသည့် ထင်းရှုးသား များဖြင့် သင်္ဘောကိုယ်ထည်ကို တည်ဆောက်ထားလျက် အလျားပေ ၈၃ ပေ၊ အနံဗြက် ၁၄ ပေမျှ ရှိကာ ရေစူး ၆ ပေမျှ ရှိသည်။ လက်နက်ကြီးများ အနေနှင့် ၄၀ မီလီမီတာ လေယာဉ်ပစ် စက်အမြောက်ကြီး နှစ်လက်ပါရှိပါသည်။ ဦးပိုင်းတွင် တလက်နှင့် ပဲ့ပိုင်းတွင် တလက် ဖြစ်ပါသည်။ ဘိုဖာ စက်အမြောက်ဟု ခေါ်ဆိုသည်။
ဒုတိယကမ္ဘာစစ် ပြီးသည့်နောက်တွင် သင်္ဘော အများအပြားမှာ ပိုလျှံနေသော စစ်ကျန်ပစ္စည်းများ ဖြစ်သည့်အလျောက် အမေရိကန် ရေတပ်စခန်းတခုတွင် စုပြုံကြိုးချည်ထားခဲ့သည်။ ယင်းသင်္ဘောများအနက်မှ ၁၀ စီးကို မြန်မာရေတပ်သို့ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။ ၁၉၅၀ ပြည့်နှစ်တွင် မြန်မာ့ရေတပ်သည် အမေရိကန်ရေတပ်မှ ကမ်းခြေစောင့် ကင်းရေယာဉ် ၁၀ စီးမျှ လွှဲအပ်ပေးသည်ကို စင်ကာပူတွင် လက်ခံရယူခဲ့၏။ ထို ၁၀ စီးအနက်မှ တစီးသော သင်္ဘောသည် တိုက်ရေယာဉ် ၁၀၃ ဟူ၍ ဖြစ်လာခဲ့သည်။
အမေရိကန် ရေတပ်မှ လွှဲပြောင်းပေးစဉ်က သင်္ဘောများ၏ ပင်လယ် ထွက်ရန် အဆင့်မီ သက်တမ်း ကာလာမှာ သုံးနှစ်မျှသာ ကျန်ရှိနိုင်တော့သည်ဟု သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။ သင်္ဘော၏ အပိုပစ္စည်းများကို သုံးနှစ်စာမျှ အပိုဆောင်းပေးခဲ့ပါသည်။
တိုက်ရေယာဉ် ၁၀၃ သည် ကျွန်တော်၏ အုပ်ချုပ်မှု အောက်တွင် ရှိစဉ် နစ်မြုပ် သွားခဲ့သောအခါ စစ်ရေယာဉ်သည် ရေတပ်၌ခြောက်နှစ်တာ တာဝန်ထမ်းဆောင်သွားခဲ့ပြီးဖြစ်တော့သည်။
တိုက်ရေယာဉ် ၁၀၃ နှင့် ကျွန်တော်သည် ထိုစဉ်ကတည်းက ရေစက် ဆုံခဲ့ကြသည်။ ၁၉၅၀ ပြည့်နှစ်တွင် ကျွန်တော်သည် တပ်ကြပ်အဆင့်တွင်သာ ရှိသေးသည် ထိုစဉ်က တိုက်ရေယာဉ် ၁၀၃ ကို အမေရိကန် ရေတပ်မှ လွှဲပြောင်း လက်ခံယူခဲ့သည် စစ်ရေယာဉ်မှူးမှာ ဗိုလ်ကြီး မောင်မောင်ခင် ဖြစ်လျက် ဒုစစ်ရေယာဉ်မှူးမှာ ဗိုလ်ကံညွန့်ဖြစ်၏။ ကျွန်တော်က ကြိုးမဲ့ ကြေးနန်းဆက်သွယ်ရေးမှ တပ်ကြပ်တဦး ဖြစ်သည်။ ပထမ အသုတ်ဖြစ်သော တိုက်ရေယာဉ် လေးစီးကို စစ်ရေယာဉ် “မေယု” ( ဗိုလ်ချူပ်အောင်ဆန်း ကိုယ်တိုင် အင်္ဂလိပ်ရေတပ် မှ လွဲပြောင်း လက်ခံခဲသော မြန်မာ့ တပ်မတော် ( ရေ ) ၏ ပထမဦးဆုံး စစ်ရေယာဉ် ) ဦးဆောင်လျက် စင်ကာပူမှ ရန်ကုန်သို့ တောက်လျှောက် ခုတ်မောင်းယူဆောင်လာခဲ့ကြသည်။ လမ်းခရီးတွင် လှိုင်းလေပြင်းထန်သောကြောင့် အပိုအလျှံ ဒီဇယ်များကို တင်ဆောင်လာသည့် ဒီဇယ်ပီပါများ လွင့်စဉ်ကာ ရေထဲကျသွားခဲ့သည်။ ဒီဇယ်ပီပါတလုံးက စစ်ရေယာဉ်မှူး ဖြစ်သူ၏ လက်သန်းကို ကြေမွ သွားသည်အထိ ကြိတ်ပြီးမှ လိမ့်ဆင်း သွားသည်။
တိုက်ရေယာဥ ၁၀၃သည် သူ၏ ပထမဆုံးဖြစ်သည့် စစ်ရေယာဉ်မှုး သွေးစွန်းစေခဲ့ပြီ ဖြစ်သည်။ သူသည် ကျွန်တော့်အားလည်း ချန်လှပ်မထားခဲ့ပါ။ နောင်တနေ့တွင် စစ်ရေယာဉ်မှူးဖြစ်လာမည့် သူကိုပါ သတိပေးသည့်အလား ကျွန်တော့်လက်ဝဲလက်၏ လက်ခလယ်ထိပ်ကို အံဖုံး တံခါးတခုဖြင့် ညပ်စေကာ သွေးစိမ်းရှင်ရှင် ထွက်စေခဲ့သည်။ ယခုတိုင် ကျွန်တော်၏ လက်ဝဲ လက်ချောင်းသည် လက်ယာ လက်ချောင်းနှင့် ပုံပန်း သဏ္ဌာန်အားဖြင့် မတူညီဘဲ သေရွာပါဒဏ်ရာကို ပေးခဲ့ပါသည်။ ပထမဆုံး စစ်ရေယာဉ်မှူး လက်သန်းကို ကြေမွစေကာ နောက်ဆုံးဖြစ်မည့် စစ်ရေယာဉ်မှူး၏ လက်ခလယ်ကို ထိပ်တွင်ကွဲအက်စေခြင်း သတိပေးခဲ့သည်ဟု နောင်တွင်မှ ကျွန်တော် ပြန်ပြောင်း သတိရ မှတ်မိပါတော့သည်။
တိုက်ရေယာဉ် ၁၀၃ ၏ အုပ်ချုပ်မှု အာဏာကို ဗိုလ်ကြီးဝင်းသိမ်းမောင် ထံမှ ကျွန်တော် ဗိုလ်ကြီးဘသော်က လွဲပြောင်းလက်ခံ ယူခဲ့သည်။ ဒု စစ်ရေယာဉ်မှူးမှာ ဗိုလ်ကြီး စောဦးဖြစ်သည်။ ဗိုလ်ကြီးစောဦး နှင့် ကျွန်တော်တို့မှာ ရေတပ် တွင်းသို့ တပြိုင်တည်းလိုလို ဝင်ခဲ့ကြသည့် ရဲဘော်များ ဖြစ်ကြသည်။ ကျွန်တော်တို့သည် သာမန်ရဲဘော်များအဖြစ် ရေတပ်သို့ ဝင်ခဲ့ကြခြင်း ဖြစ်သည်။ ကျွန်တော်က လွတ်လပ်ရေး မရမီကာလတွင် ဝင်ခဲ့လျက် ဗိုလ်ကြီးစောဦးက လွတ်လပ်ရေးရပြီးခါစတွင် ဝင်ခဲ့ကြသည်။ သို့သော် အရာရှိ ဖြစ်ကြရာ၌ သူက ကျွန်တော့်ထက် နောက်ကျ၍ ဗိုလ်သင်တန်း တက်ခွင့်ရသူဖြစ်ခြင်းကြောင့် ယခုသူက ကျွန်တော်၏ လက်အောက်အရာရှိအဖြစ် ထမ်းဆောင်နေရခြင်းဖြစ်သည်။
တာဝန်ချိန်မှ လွဲလျှင် ကျွန်တော်တို့သည် ရင်းရင်းနှီးနှီးပင် ခေါ်ပြောကြလျက် သူနှင့်ကျွန်တော်တို့ တချိန်က စစ်ရေယာဉ် “အင်းလျား” တွင် အတူတကွ ရဲဘော်ဘဝနှင့် အမှုထမ်းခဲ့ကြသလိုသာ ခေါ်ပြော နှုတ်ဆက်လေ့ရှိသည်။
ကျွန်တော်သည် ထိုစဉ်က အထက် မြန်မာပြည် ရေတပ်စခန်းဖြစ်သည့် မန္တလေး၊ မုံရွာ စသည်တို့တွင် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် အပြန်တွင် တိုက်ရေယာဉ် ၁၀၃ ၏ အုပ်ချုပ်မှုအာဏာကို ရခဲ့ခြင်းဖြစ်သည်။ တိုက်ရေယာဉ် ၁၀၃ မှာ သန်လျက်စွန်းရှိ ရတနာပုံ ရေတပ်စခန်းတွင် ရေလယ်ဘောတခု၌ ချည်နှောင်ထားကာ ပင်လယ်ပြင် ခရီးထွက်ရန် ပြင်နေဆဲ ဖြစ်သည်။ အုပ်ချုပ်မှု အမိန့် ထွက်သည့်နေ့တွင် သင်္ဘောကို လွဲပြောင်း ယူရန်အတွက် ရေလယ်တွင် ချည်နှောင်ထားသော တိုက်ရေယာဉ် ၁၀၃ ပေါ်သို့ သမ္ဗန်တစင်းထက်မှကျွန်တော်လှမ်းတက်လိုက်သည်တွင် သင်္ဘောလှေကားထိပ်တွင် ဗိုလ်စောဦးက စစ်ဝတ်စုံအဖြူကို သပ်ရပ်စွာဝတ်လျက် စစ်ရေယာဉ်မှူးအသစ်ကို စောင့်ကြိုလင့်သည်။ သင်္ဘောကုန်းပတ်ထက်သို့ ကျွန်တော် ခြေချသည်တွင် ကင်းစောင့်တာဝန်ကျ ရဲဘော်က “ရွီ” ( အလေးပြု ခရာသံ ) ဟူသော ခရာငယ် သံ ကိုမှုတ်လိုက်သည်နှင့် ဗိုလ်စောဦးက သတိအနေအထားရပ်ကာ အလေးပြု ကြိုဆိုသည်။
ဤအချိန်သည် ရေတပ်အရာရှိငယ် တဦး၏ အပျော်ရွှင်ဆုံးသော အထွတ်အထိပ် အချိန်ဖြစ်သည်။ ခရာ မှုတ်၍ ကြိုဆိုခြင်း ခံရသော ဂုဏ်ဟူသည်မှာ သင်္ဘောတစီး၏ စစ်ရေယာဉ်မှူးနှင့် ရေတပ်ဦးစီးချုပ်တို့သာလျှင် ဂုဏ်ပြုခြင်း ခံရသည်။ ခရမှုန်သံ ကြားသည်တွင် သင်္ဘောပေါ်ရှိ အရာရှိ၊ အကြပ်တပ်သားများသည် ငြိမ်သက်စွာ သတိ အနေအထားဖြင့် နေကြရသည်။ “ဆက်လုပ်” အဓိပ္ပာယ်ရသော ခရာသံကို နောက်ထပ်မှုတ်မှ မိမိတာဝန်ဝတ္တရားများကို ဆက်လုပ်ကြရသည်။ စစ်ရေယာဉ်မှူး တဦးသင်္ဘောပေါ်သို့တက်တိုင်း ဆင်းသွားတိုင်း ဤသို့ အရိုအသေပြုရခြင်းမှာ ရေတပ်၏ ဓလေ့ထုံးစံ တရပ် ဖြစ်တော့သည်။
ကျွန်တော်က အလေးပြုခြင်းကို ခံယူရင်း “ဆက်လုပ်” ခရာ မှုတ်သည်တွင် “နေကောင်းရဲလား ဗိုလ်စောဦး” ဟုမေးကာ သူ့အား လက်ဆွဲနှုတ်ဆက်လိုက်သည်။
“နေကောင်းပါတယ် စီအို (CO)” ဟု သူက ပြန်ပြောရင်း လက်ဆွဲ နှုတ်ဆက်သည်။
သူသည် သွားတက်လေးများ ပေါ်အောင် ပြုံးရယ်နေသည်။ သူက အလုပ်တာဝန် အနေအထားအရ ကျွန်တော့အား စီ-အို ဟုခေါ်လိုက်သည်ကို ကျွန်တော် သတိပြုမိ၏။ စီ-အို ဟူသော အသုံးအနှုန်းမှာ အင်္ဂလိပ် အခေါ် (Commanding Officer) ကို အတိုကောက်အားဖြင့် ခေါ်ဝေါ်သုံးစွဲခြင်းဖြစ်သည်။ သူ့အား ကျွန်တော်က တာဝန်အရခေါ်ဝေါ်ပါမှု (1st Lieutenant (ဖတ်စ်လု) ဟူ၍ ခေါ်ရသည်။ အဓိပ္ပာယ်မှာ ဒုတိယအရာ (ဝါ) ဒု စစ်ရေယာဉ်မှူး ဟူ၍ဖြစ်သည်။
သို့သော် ကျွန်တော်က ရင်းရင်းနှီးနှီးပင် “ဗိုလ်စောဦး” ဟု ခေါ်ပြောလိုက်သည်။
“ကွန်ဂရက် ကျူလေးရှင်း” ကျွန်တော့်အား လက်ဆွဲနှုတ်ဆက်ကာ ချီးကျူးကြိုဆိုသူမှာ လက်ရှိ စစ်ရေယာဉ်မှူး ဗိုလ်ကြီး ဝင်းသိမ်းမောင် ဖြစ်၏။ ဗိုလ်ကြီး ဝင်းသိမ်းမောင်မှာ ပိန်ပိန် သွယ်သွယ် ဖြူဖြူနှင့် လူချော တဦးဖြစ်သည်။
သူသည် အင်္ဂလန်ပြည် ဒတ်(တ)မတ်(သ) ရေတပ်ဗိုလ်သင်တန်း ကျောင်းဆင်းလာခဲ့သူ တဦးဖြစ်သည်။ သူက ကျွန်တော့်အား တိုက်ရေယာဉ် ၁၀၃ ၏ စစ်ရေယာဉ်မှူးတာဝန် ဝတ္တရားများကို လွှဲပြောင်းပေးရမည် ဖြစ်သည်။ စာရွက်စာတမ်းဖိုင်များလည်း စားပွဲပေါ်တွင် အသင့်ရှိနေ၏။ စားပွဲဘေးတွင် ရပ်နေသူ အရာရှိငယ် တဦးမှာ ဒုဗိုလ် သန်းညွန့် ဖြစ်သည်။ သူသည် သင်္ဘောတွင် တွဲဖက် အရာရှိ ဖြစ်သည်။ ကျွန်တော်တို့သင်္ဘောမှာ ပင်လယ်ပြင်တွင် ရက်ရှည်နေရမည်ဖြစ်ခြင်းကြောင့် တွဲဖက်အရာရှိတဦး အပို ပေးထားခြင်း ဖြစ်သည်။ သာမန်အားဖြင့်မှု စစ်ရေယာဉ်မှူးနှင့် ဒု စစ်ရေယာဉ်မှူး နှစ်ဦးသာလျှင် အရာရှိဟူ၍ ရှိပေသည်။
အလုပ် လွဲပြောင်းခြင်း၊ လက်ခံရယူခြင်း တို့ကိစ္စမှာ ကြာမြင့်သည် မဟုတ်ပါ။ သင်္ဘောက သေးငယ်သည်ကြောင့် ပစ္စည်းအလွှဲအပြောင်းမှာ မများလှပါ။ ထို့ပြင် ဗိုလ်ကြီး စောဦးနှင့် ဗိုလ်သန်းညွန့်တို့ပါ ဆက်နေကြမည် ဖြစ်ခြင်းကြောင့် အရေးကြီးသည့် တပ်ဆောင် ငွေနှင့် ခဲယမ်းမီးကျောက်စာရင်းတို့ကိုသာ ကျွန်တော်က ဂရုတစိုက် စစ်ဆေးကာ လက်မှတ်ထိုးယူသည်။
“ဒီစာရင်းတွေက သေချာပါတယ်နော် ... ဝင်း”
“သေချာပါတယ် မောင်ရင်ရာ၊ လက်မှတ်ထိုးမှာသာ ထိုးပါ၊ အရေးကြီးတာက အခု လက်မှတ်ထိုးပြီး ညနေ မတ်(စ) မှာ ဘီယာ တိုက်ဖို့ပဲ၊ ထိုးသာထိုး၊ ထောင် မကျစေရပါဘူး၊ ဟဲဟဲ”
ထုံးစံဖြစ်သည်။ ထုံးစံမှာ စီအိုအသစ်က အရာရှိများကို အရာရှိရိပ်သာတွင် ဘီယာ အဝတိုက်မှ လွှဲပြောင်းခြင်း ကိစ္စ ပြီးမြောက်သည် ဟူ၏။
“ရပါတယ်ဗျာ၊ မနက်ကတည်းက ရိပ်သာမှာ ပီလ်စနာအာကွဲလ် ဘီယာ တဒါဇင် ဖရီဇာထဲမှာ အသင့် ထည့်ထားဖို့ မှာထားခဲ့ပြီးသားပါ၊ ဗိုလ်စောဦးလဲ လိုက်မယ် မဟုတ်လား”
ကျွန်တော်က ဗိုလ်စောဦးဘက်သို့ လှည့်မေးလိုက်သည်။
“ကျွန်တော် မဖြစ်ဘူး စီအို၊ ဗိုက်က ဂက်(စ်) ထရစ်အာလ်ဆာ ( အစာအိမ်ရောဂါ ) ပြန်ထနေတယ်၊ ဆရာဝန်က ဆေးရုံတက်ဖို့တောင် ပြောတာ”
သူနှင့် ကျွန်တော် မတွေ့ကြသည်မှာ ကြာပြီ။ ယခုမှ သတိပြုမိသည်မျာ သူသည် ဝမ်းဗိုက်ကို လက်တဖက်ဖြင့် မသိမသာနှိပ်ထားလျက် မျက်နှာမှာလည်း နွမ်းလျလျ ဖြစ်နေသည်။
“ဒီလိုဆို ဆေးရုံ တက်လိုက်ပေါ့ဗျာ၊ စောစောကုလိုက်ရင် ကောင်းမယ်”
“နေပါစေ စီအို၊ ရပါသေးတယ်၊ ဒီတခေါက် မြိတ်က ပြန်မှပဲ ဆေးရုံတက်တန် တက်ရတာပေါ့၊ ခုတော့ ဗိုက်နာရင် ဆိုဒါဘိုင်ကပ်လောက်နဲ့ ပြီးပါသေးတယ်”
သူသည် အစာအိမ်ရောဂါ ရှိနေပါလျက် ကျွန်တော်နှင့်အတူ မြိတ်ကျွန်းစုသို့ ခရီးတခေါက် ထွက်လိုသေးသည့်အတွက် သင်္ဘောပေါ်တွင် ပေကပ်နေခြင်း ဖြစ်သည်။
“ဗိုလ်သန်းညွန့် ကောလိုက်မယ် မဟုတ်လား”
ဗိုလ်သန်းညွန့်က ဘာမျှ ပြန်မပြောဘဲ ပြုံးရုံသာ ပြုံးနေသည်။
“ဟေ့ မောင်ရင်၊ ဗိုလ်သန်းညွန့်ကို မခေါ်နဲ့ကွ၊ သူက မောင်ရင်တို့ ကိုယ်တို့လို မဟုတ်ဘူး၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ပုတီးစိပ်နတဲ့သူ”
ဗိုလ်ကြီး ဝင်းသိမ်းမောင်က ဝင်ပြောလိုက်သည်။
ထိုညနေတွင် အရာရှိရိပ်သာ၌ လွှဲပြောင်းပေးသာ စစ်ရေယာဉ်မှူးနှင့် အခြား အပေါင်းအသင်း အရာရှိများကို လက်ခံရယူသူ စစ်ရေယာဉ်မှူးက ယမကာဖြင့် အဘိယာစကပြုရာတွင် ဘီယာ တဒါဇင်သာမက ဂျမေကာရမ် နှစ်လုံးပါ စာရင်းပါသွားသေးသည်။ အများတကာထက် သောက်နိုင်သူမှာ ဗိုလ်ကြီး ကံညွန့်ပင် ဖြစ်သည်။ သူ မကျေနပ်သေးသမျှတာဝန်လွှဲပြောင်း လက်ခံရယူခြင်းပွဲမှာ မပြီးသေးပါ။ သူမူး၍လဲရန် ဆိုသည်မှာလည်း ကျွဲရိုင်း တကောင်ကို လှဲချရန် ကြိုးစားသညက လွယ်ကူလိမ့်ဦးမည် ဖြစ်သည်။
#ပင်လယ်ခရီးအတွက်ပြင်ဆင်ခြင်း။
တိုက်ရေယာဉ် ၁၀၃ ကို ဗိုလ်ကြီး ဝင်းသိမ်းမောင်ထံမှ လွှဲပြောင်း လက်ခံယူပြီးနောက် ကျွန်တော်၏ တာဝန်မှာ ရေယာဉ်ကို ပင်လယ်ခရီးထွက်ရန်အတွက် အသင့်ဖြစ်အောင် ပြင်ဆင်ရမည် ဖြစ်သည်။ ရေတပ်သင်္ဘောကျင်းတွင် ရေယာဉ်အောက်ပိုင်းကို လွန်းတင်ပြင်ဆင်ရန်အတွက် ရက်ချိန်းလည်း ရထားပြီး ဖြစ်သည့်အလျောက် ရေအဆင်သင့်သော နေ့တနေ့တွင် ကျွန်တော်တို့ သင်္ဘောသည် ပုဇွန်တောင် ချောင်းအတွင်းရှိ ရေတပ် သင်္ဘောကျင်း၌ လွန်းတင် ခဲ့ကြသည်။ စက်မကြီးများမှာ အထူး ပြင်ဆင်ရန် မရှိ။ စက်များသည် ရေယာဉ်အောက်ပိုင်း ကိုယ်ထည် ကိုသာလျင် ကြေးပြားရိုက်ခြင်း၊ ဆေးသုတ်ခြင်း စသည့် မွမ်းမံမှုများ ပြုလုပ်ကြရသည်။ ထိုသို့ လွန်းတင်စဉ်တွင် တွဲဖက် အရာရှိဖြစ်သူ ဗိုလ်သန်းညွန့်သည် အခြား အလုပ်တာဝန် တရပ်ဖြင့် ပြောင်းရွေ့သွားရသည်။
သူ့နေရာတွင် (Midshipman) ဗိုလ်လေးသန်းလွင် ရောက်လာသည်။ ဗိုလ်လေးသန်းလွင် သည်လည်း အင်္ဂလန်ပြည် ရေတပ် ဗိုလ်သင်တန်းကျောင်းမှ ကျောင်းဆင်းလာခါစ အရာရှိငယ် တဦးဖြစ်သည်။ အသက်အရွယ်မှာ နှစ်ဆယ်ကျော်ရုံ မျှသာလျင် ရှိသေးလျက် လူနေ ကိုယ်ဟန်မှာ သန်သန်မာမာနှင့် တောင့်တင်းသော ဂင်တိုလေးတဦး ဖြစ်သည်။ ကံကြမ္မာသည် ဒုဗိုလ်သန်းညွန့်အား လွှဲဖယ်ထုတ်ယူခဲ့ခြင်းကို ထိုစဉ်က မည်သူမျှ မခန့်မှန်းနိုင်ခဲ့ကြ။ လောကတွင် မသေဘဲလျက် ငရဲသို့ အရှင်လတ်လတ် ရောက်ရှိစေရန်အတွက် ကံကြမ္မာက ဗိုလ်လေး သန်းလွင်အား ရွေးချယ်လိုက်ပြီး ဖြစ်တော့သည်။
ရေတပ်သင်္ဘောကျင်းတွင် ရှိနေစဉ် ကာလအတွင်း၌ ကျွန်တော်နှင့် ဗိုလ်စောဦးတို့သည် တခါတရံ အတူတကွလို အပြင်ထွက်၍ ရုပ်ရှင်ကြည့်ကြသည်။ ဗိုလ်စောဦးသည် ရုပ်ရှင်သွားတိုင်း ဆိုဒါဘိုင်ကပ် အမှုန့်ကို အထုပ်ငယ်ကလေးဖြင့် အိတ်တွင်းဝယ် ဆောင်ယူခဲ့လေ့ ရှိသည်။ တခါတရံ မမျှော်လင့်ဘဲ ဗိုက်အောင်ဗိုက်နာ ဖြစ်လာခဲ့လျှင် ရုပ်ရှင်ရုံပြင်ပ၌ ရောင်းချသည့် ရေခဲရေ တခွက်ခြင့် ဆိုဒါမှုန့်ကို သောက်လေ့ ရှိသည်။ သူ့ ဝမ်းဗိုက်ကို သူလုံးလုံး စိတ်မချနိုင်သော အခြေအနေတွင် ရှိသည်။ သူသည် မြိတ်ကျွန်းစု ခရီးသို့ တခေါက် လိုက်လိုသေးသဖြင့် ဆေးရုံတက်ရန်ကို လုံးဝစိတ်မကူးခဲ့ချေ။ သူနှင့်ကျွန်တော် ရင်းနှီးကြသည် မှန်သော်လည်း သူ၏ ကိုယ်ရေးကိုယ်တာ ကိစ္စများကို အတွင်းကျကျ မသိရချေ။ သူသည် ပျော်ပျော်ရွင်ရွင် နေတတ်သော်လည်း ပင်ကိုအားဖြင့် စကားများသူ တဦးမဟုတ်ချေ။ အားလျှင် စာကိုသာ ဖတ်၍ နေလေ့ရှိသည်။
သူ ဖတ်သော စာအုပ်များမှာလည်း နိုင်ငံရေး စာအုပ်များသာလျှင် အဖတ်များသည်ကို ကျွန်တော် သတိပြုမိသည်။ သူသည် မြန်မာပြည် အလယ်ပိုင်း ဒေသဖြစ်သည့် သရက်မြို့ဇာတိ ဖြစ်သည်။ သူသည် ရောဂါကို အကြောင်းပြုကာ အရက်မသောက်ဘဲ နေရုံသာမက ပုတီးပါစိပ်လျက် ရှိနေသည်ကိုတွေ့ရသည်။
၁၉၅၀ ပြည့်နှစ် တဝိုက် အသက်အရွယ် နှစ်ဆယ်ကျော်တွင် အရက်မသောက်သော ရေတပ်ဗိုလ်တဦး ဟူသည်မှာ လူကြောင်တဦးပင် ဖြစ်ရမည်ဟု ရေတပ်အရာရှိ အသိုင်းအဝိုင်းက သတ်မှတ်ထားကြသည်။ ထို့ပြင် လုံးဝ အရက်မသောက်ရုံသာမက ပုတီးပါ စိပ်သေးသည်ဆိုလျှင် “ကြောင်” နေပြီဟူသည်မှာ သေချာသော လက္ခဏာတရပ်ပင် ဖြစ်သည်။
ပင်လယ်ပြင်သို့ ထွက်ရန်အတွက် ရေယာဉ်ကို အသင့်ဖြစ်စေရန် ပြင်ဆင်ရသည့် တာဝန်ဟူသည်မှာ အရာရှိနှင့် ရဲဘော်အားလုံး မအားမလပ်အောင် ရှိနေတတ်သည်။ လောင်စာဆီ၊ ချောဆီ၊ စက်ဆီ မှအစ စားနပ်ရိက္ခာ လက်နက်ခဲယမ်းမီးကျောက်နှင့် လိုအပ်မည် ထင်ရသော အပိုပစ္စည်းမှန်သမျှကို သက်ဆိုင်ရာ ဌာနများမှ တောင်းခံထုတ်ယူရသည်။ တိုက်ရေယာဉ် ၁၀၃ သည် မြိတ်တွင် ရှိနေသော တိုက်ရေယာဉ် ၁၁၀ ကို တာဝန်လဲလှယ်ရန် သွားရမည် ဖြစ်သည်။ တိုက်ရေယာဉ် ၁၁၀ သည် မြိတ်ကျွန်းစုတွင် တာဝန်ထမ်းဆောင် နေသည်မှာ ကြာပြီဖြစ်သည်မို့ ရန်ကုန်ပြန်နိုင်စေရန်အတွက် သူ၏ တာဝန်များကို တိုက်ရေယာဉ် ၁၀၃ က ဆက်လက် ယူရမည်ဖြစ်သည်။
တိုက်ရေယာဉ် ၁၁၀ ၏ စစ်ရေယာဉ်မှူးမှာ ဗိုလ်ကြီး စောဂွမ်စိန် ဖြစ်သည်။ ၁၉၅၆ ခု နိုဝင်ဘာလ၏ ပထမအပတ်တွင် ကျွန်တော့် သင်္ဘောသည် အဆင်သင့်ဖြစ်မှု အဆင့် “က” ဟု သတင်းပို့လိုက် နိုင်ခဲ့တော့သည်။ အဆင့် “က” ဟူသည်မှာ ၂၄ နာရီအတွင်း ပင်လယ်ပြင်သို့ထွက်ရန်အသင့်ရှိနေပြီ ဖြစ်ကြောင်း အစီရင်ခံခြင်းပင် ဖြစ်သည်။
ကျွန်တော်သည် နေ့စဉ်ပင် ဧရာဝတီ ရေတပ်စခန်းသို့ ဝင်ရောက်ကာ သင်္ဘောထွက်အမိန့်ကို စောင့်ဆိုင်းနေမိသည်။ စစ်ဆင်ရေးမှူးမှာ ဗိုလ်ကြီး စိန်ထွန်း ဖြစ်သည်။ တနေ့သော နံနက်တွင် ဗိုလ်ကြီး စိန်ထွန်းက
“ဟေ့ ကိုဘသော်၊ ခင်ဗျား အပိုဆု ပေါက်တယ်” ဟု ဆီးကြိုပြောသည်။
“ဘာများလဲ ဗိုလ်ကြီး စိန်ထွန်း”
“သည်လိုဗျာ၊ ခင်ဗျားရဲ့ သင်္ဘောက အသင့်ဖြစ်နေပြီ မဟုတ်လား၊ သင်္ဘောက ပင်လယ်ထွက်ဖို့ အမိန့် (Sailing Order ) ကလဲ ခုထိ စစ်ရုံးက မလာသေးဘူး၊ အဲဒီတော့ ခင်ဗျား သင်္ဘောအားနေတုန်း အသုံးချဖို့ အကြောင်းတခုက ပေါ်လာတယ်”
“စစ်ဆင်ရေး ကိစ္စလား ဗိုလ်ကြီး”
“မဟုတ်ဘူးဗျ၊ စစ်ဆင်ရေး သင်္ဘော တစီး စက်ပျက်နေလို့တဲ့၊ သွားပြီး ဆွဲယူခဲ့ဖို့ပဲ”
“ဘယ်သွား ဆွဲရမှာလဲ ဗိုလ်ကြီး”
“ဝါးခယ်မကို”
“ဗျာ”
ကျွန်တော့် သင်္ဘောသည် ပင်လယ်ထွက်ရန်အတွက် အသင့်ပြင်ထားပြီး ဖြစ်သည်။ အသင့်ပြင်သည် ဆိုရာ၌ မြစ်ဝကျွန်းပေါ် စစ်ဆင်ရေးတွင် ပါဝင်ရသည့် စစ်ရေယာဉ်များတွင် တပ်ဆင် အသုံးပြုလေ့ ရှိသည့် သံမဏိပြား ကျည်ကာများကို ဖြုတ်ချထားပြီး ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်က ပင်လယ်ထွက်ရမည့်အစား ဝါးခယ်မဟု ကြားရသည့်အတွက် အံ့အားသင့်သွားမိသည်။
“ဖြစ်ပါ့မလား ဗိုလ်ကြီး စိန်ထွန်း”
“ဖြစ်ပါတယ်ဗျ၊ ဒီကောင်တွေ ကျုံပဒုတ်ချောင်း တလျှောက် တကောင်မှ မရှိတော့ဘဲဗျ၊ ရပါတယ်၊ ကျွန်တော် စစ်ရုံးမှာလဲ ခွင့်တောင်းပြီးပြီ၊ သုံး လေး ရက်ပဲ ကြာမယ်”
“ဘယ်သူ့ သင်္ဘော သွားဆွဲခဲ့ရမှာလဲ”
“ဘယ်သူ ရှိရမလဲ၊ ခင်ဗျား သူငယ်ချင်း ဗိုလ်ကြီး ကံညွန့်ပေါ့၊ သူ့ တိုက်ရေယာဉ် ၁၄၇၈ က စက်ပျက်နေလို့ ဝါးခယ်မမှာ ကပ်ထားရတယ်၊ အဲဒါကို သွား ဆွဲခေါ်ခဲ့ရမှာပဲ”
ဗိုလ်ကြီး ကံညွန့်ကို လူအနေဖြင့် ကျွန်တော် တွဲခဲ့ဖူးပါသည်။ ယခုသော် ကျွန်တော်၏ ပထမဆုံးတာဝန်မှာ လူတွင်သာ မဟုတ်။ သူ၏ သင်္ဘောကိုပါ တွဲယူရမည့် တွဲသင်္ဘော တာဝန် ဖြစ်ပါသည်။
“ကျွန်တော် ဘယ်တော့ ထွက်ရမလဲ ဗိုလ်ကြီး”
“မနက်ဖြန် ထွက်ဗျာ၊ ဆေးလင်း အော်ဒါ (Sailing Order ) ကို ဒီနေ့ပဲ ကျွန်တော် ထုတ်လိုက်မယ်၊ ဗိုလ်ကံတို့ကိုလဲ ခင်ဗျား သင်္ဘော လာတွဲမယ့်အကြောင်း က/န ( ကြေးနန်း ) ပို့လိုက်မယ်၊ အဲ ... တခုတော့ မှာလိုက်မယ်၊ ခင်ဗျား နဲ့ ဗိုလ်ကံ သင်္ဘောချင်းတွဲပြီး ကျုံပဒုတ်ချောင်းထဲမှာ ကမ်းပေါ်လဲ ထိုးတက်မသွားကြနဲ့ဦးနော်”
ကျွန်တော်က သူ့ ဆိုလိုရင်း အဓိပ္ပာယ်ကို သိ၍
“စိတ်ချပါ ဗိုလ်ကြီး၊ ဘာမှမဖြစ်စေရပါဘူး” ဟု ပြောက အလေးပြု ထွက်လာခဲ့သည်။
တပ်မတော် ( ရေတပ် ) မှ အရာရှိ တော်တော်များများသည် ဗိုလ်ကံနှင့် တွဲလာပြီဆိုလျှင် တခုခုတော့ ဖြစ်တော့မည်ကို အမြဲစိုးရိမ်၍ ကြောက်လေ့ရှိကြသည်။ ကြောက်မည်ဆိုလည်း ကြောက်စရာပါပေ။ ဗိုလ်ကံကို လူတွဲရသည်ထက် သင်္ဘောကိုပါ တွဲရသည်က ပိုခက်သေးတော့သည်။ သူ၏ အမျိုးမျိုး ဂျစ်တိုက်ခြင်းကို ခံရပြီးမှ ခဲခဲယဉ်းယဉ်းနှင့် ရန်ကုန်သို့ တွဲယူခဲ့ရသည်။ ကျွန်တော်၏ ပထမဆုံးသောတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီ ဖြစ်သည်။
ဆောင်းဦးအစ ဟေမန္တ၏ ငွေနှင်းမှုန်များသည် ထူထဲစွာ ကျနေသည်။ တိုက်ရေယာဉ် ၁၀၃ သည် ပင်လယ်ပြင် ထွက်ရန် အမိန့်ကို စောင့်နေသည်။ နိုဝင်ဘာလကုန်ခါနီးတွင် ကျွန်တော်တို့ မျှော်လင့်နေကြသည့် အမိန့်ကို ရရှိခဲ့တော့သည်။ သင်္ဘောထွက်ရမည့် နေ့မှာ နိုဝင်ဘာလာ ၂၈ ရက်နေ့ဖြစ်သည်။ သွားရမည့် ခရီးမှာ မြိတ်မြို့သို့ သွား၍ တိုက်ရေယာဉ် ၁၁၀ ထံမှ တာဝန် လွှဲပြောင်း ယူရမည် ဖြစ်သည်။ ဆောင်ရွက်ရမည့် တာဝန်မှာ တခြား နိုင်ငံများမှ ဝင်ရောက်၍ တရားမဝင် မြန်မာ့ရေပြင်၌ ငါးဖမ်းနေသည့် ငါးခိုးသင်္ဘောများကို ရှာဖွေ ဖမ်းဆီးရန်နှင့် သောင်းကျန်းသူများကို နှိမ်နင်းရန် ဖြစ်သည်။
သင်္ဘောထွက်ခွာခွင့် အမိန့်နှင့်အတူ ညွန်ကြားချက်တခုပါ ပူးတွဲပါလာသည်။ ၄င်းမှာ တိုက်ရေယာဉ် ၁၁၀ က ဖမ်းဆီးထားရှိပြီး ဖြစ်သည့် ငါးခိုး “တန်ကေး” များကို ရန်ကုန်သို့ ယူဆောင်ရန်အတွက် သင်္ဘောသား ၉ ဦးကို မြိတ်မြို့သို့ ခေါ်ဆောင်သွားရန် ဖြစ်၏။ ကျွန်တော့် သင်္ဘော၏ အင်အားမှာ အရာရှိ ၃ ဦး၊ အခြားအဆင့် ၁၅ ဦး၊ ပေါင်း ၁၈ ယောက် ဖြစ်သည်။ ယခု သင်္ဘောကြုံစီးမည့် ခရီးသည် သင်္ဘောသား ၉ ဦးနဲ့ဆိုသော် လူ စုစုပေါင်း ၂၇ ဦး ဖြစ်လာတော့သည်။
နိုဝင်ဘာလ ၂၅ ရက်နေ့တွင် အမိန့်ရရှိခဲ့သည်။ ခရီးကြုံလိုက်မည့် သင်္ဘောသား ၉ ဦးသည် နိုဝင်ဘာ ၂၆ ၇က်နေ့တွင် သင်္ဘောပေါ် ရောက်ရှိလာကြကာ သတင်းပို့သည်။ နိုဝင်ဘာ ၂၇ ရက်နေ့သည် အမျိုးသား အောင်ပွဲနေ့ ဖြစ်ခြင်းကြောင့် ရုံးပိတ်ရက် ဖြစ်သည်။ နိုဝင်ဘာ ၂၈ ရက်နေ့သည် သင်္ဘောထွက်ရမည့်နေ့ ဖြစ်၏။
ပင်လယ်သွား ရေယာဉ် တစီးပေါ်တွင် အရေးကြုံခဲ့လျှင် အသုံးပြုရန်အတွက် အသက်ကယ် ပစ္စည်းများ ပါရှိရသည်။ အသက်ကယ်ပစ္စည်း ဟူသည်မှာ အသက်ကယ်အင်္ကျီ၊ ခါးပတ်ဘောကွင်း၊ ဖောင် တို့အစ အသက်ကယ်လှေ အထိ ပါဝင်ရသည်။ ထို အသက်ကယ် ပစ္စည်းများသည် လူအားလုံးအတွက် အလုံအလောက် ပါရှိစေရမည် ဟူသည်မှာ ချမှတ်ထားသော “မူ” ဖြစ်၏။ သို့သော် မည်သည့်သင်္ဘောမျှချမှတ်ထားသည့်မှုအတိုင်း အတိအကျ လိုက်နာခြင်း မရှိကြပါ။ သို့သော် လိုက်နာသည် မလိုက်နာသည်မှာ ပဓာနမဟုတ်။ မူသည် မူသာဖြစ်သည်။ မလိုက်နာ၍ အကြောင်းတစုံတရာသာ ဖြစ်ခဲ့သော် “မူ” က စကား ပြောလိမ့်မည်သာ ဖြစ်သည်။ သင်္ဘော မထွက်မီ ရက်သည် ရုံးပိတ်၇က် ဖြစ်နေခြင်းသည်လည်း မူနှင့်မဆိုင်။ သင်္ဘောထွက်သည့် တနံနက်ခင်းလုံးတွင်လည်း အရာရှိများ ကိုယ့်လုပ်ငန်းတာဝန် ကိုယ်စီနှင့် အလုပ်ရှုပ်နေကြပါသည် ဟူသော ဖြေရှင်းချက်သည်လည်း လုံလောက်သော ဖြေရှင်းချက်မဟုတ်။ တရားဥပဒေ ဆို သည်မှာ တိကျ၏။
လူသားသည် မတိကျ။ အားနည်းချက်၊ ချွက်ယွင်းချက်များ ကိုယ်စီ ရှိကြသည်။ သို့သော် တရားဥပဒေက လူသား၏ အားနည်းချက်၊ သတိလစ်ဟင်းချက်ကို ခွင့်လွှတ်လိမ့်မည် မဟုတ်ပါပေ။ ဤသည်များမှာ နောင်တွင် တိုက်ရေယာဉ် ၁၀၃ နစ်မြုပ်မှုနှင့် စပ်လျဉ်း၍ စစ်တရားခုံကို ရင်ဆိုင်ရသည်တွင်မှ ကျွန်တော် ရရှိလာသော အသိတရားများသာ ဖြစ်ပါသည်။ အပိုလူ ၉ ဦးအတွက် အသက်ကယ်ပစ္စည်းအပိုမယူဘဲ ပင်လယ်ပြင်သို့ ထွက်ခဲ့သည် ဆိုသည့် အချက်မှာမှု ငြင်းမရသော အမှန်တရား ဖြစ်ပါသည်။
-----------------
မောင်သော်က
( အပိုင်း - ၂ ဆက်ရန်)
(PS:Ko Kyaw Thura Facebook မှ ကူးယူဖော်ပြပါသည်။)
August 24, 2018
[ ရှဥ့်ညိုလေး ဘလော့ဂ်မှကူးယူပါသည်။ဘလော့ဂ်ဂါအားကျေးဇူးတင်ပါသည်။]
No comments:
Post a Comment