#ဓနုဖြူတွင်
#ချစ်ဦးညို
“ဦးသွင်း ပဲ့ဆုတ်၊ ချိတ်ကုတ် မမြဲ၊ ရေထဲ ကူးသန်း၊ မြုပ်မွန်းစုတ်ဖွား၊ ကြိုးများငင်နွှဲ၊ ခုန်ဆွဲ တောင်ကိုင်း၊ ကမ်းယုံခိုင်း၍ ...”
မယ်ဘွဲ့ရတုတပုဒ် ရေးစပ်ချင်လာသဖြင့်၊ ကညစ်ဗူးကို ဖွင့်လိုက်စဉ်မှာပင်၊ မောင်းသံများ အဆက်မပြတ် ပေါ်လာသည်။
သံရှိန် သံနင်း စဉ်ဆက်မကွာ တရစပ် ပေါ်ထွက်လာသော တဒူဒူ မောင်းသံများကြောင့် ကညစ်ဗူးကို ဖွင့်အံ့ဆဲဆဲ၊ ကျွန်ုပ်၏ လက်မှာ တုံ့သွားရသည်။ ကျွန်ုပ်မှာ စစ်မက်ရေးရာ၌ ညံ့ဖျင်းသူ ဖြစ်သောကြောင့် မောင်းသံများ၏ အနက်အဓိပ္ပါယ်ကို မသိ။ ထို့ကြောင့် ကညစ်ဗူးကို အထဲသို့ ပြန်ထည့်ကာ လှေပေါင်းမိုး အပြင်ဘက်သို့ ထွက်လိုက်သည်။ ပေါင်းမိုးအဝမှာပင် ပဲ့နင်းမှူးကြီး ကိုရင် ငပိုက်နှင့် မျက်နှာချင်း ဆိုင်မိတော့သည်။ ကိုရင် ငပိုက်က ပေါင်းမိုးအစွန်းကို လက်တဘက်နှင့် ကိုင်ကာ ခေါင်းကို ပေါင်မိုးအောက်သို့ ငုံ့ငိုက်၍ ကျွန်ုပ်ကို လှမ်းကြည့်နေသည်။
“ဗျို့ ... ကိုရင်ဩ၊ စာစပ် မနေနဲ့ဗျို့။ အပြင်ထွက်ခဲ့တော့”
“မောင်းသံတွေ ဝေလှချည်လား ကိုရင်ပိုက်၊ တိုက်ပွဲ ဖြစ်တော့မှာလား”
“ဟာ ... လုပ်လိုက်ပြီ၊ မောင်းသံကြားတိုင်း စစ်တိုက်တော့မယ်ချည်း ထင်နေတာကိုး၊ ဒါ စစ်မောင်း မဟုတ်ဘူးဗျ၊ ကမ်းကပ်ဖို့ အချက်ပေးတဲ့ မောင်း”
“ကမ်းကပ်ဖို့ ဟုတ်လား၊ ဘယ်ဒေသ ရောက်နေပြီလဲ”
“ကဲပါလေ ၊ ထွက်သာ ထွက်ခဲ့စမ်းပါ”
“လာပါပြီဗျ”
ပြောပြောဆိုဆိုပင် သူကလည်း လှမ်းအဆွဲ၊ ကျွန်ုပ်ကလည်း ကမ်းအပေး၊ သူ့လက်ကို အားပြု ဆုပ်ကိုင်ကာ ပေါင်းမိုး အပြင်သို့ ထွက်ခဲ့သည်။
ပထမဆုံး သိသိမှတ်မှတ် ဖြစ်လိုက်သည်ကား လန်းဆတ် အေးမြသော လေ၊ မြင်ကွင်းကို ဂရုမထားနိုင်သေးပဲ အဆုတ်အိမ်နှင့် ဝမ်းဗိုက်တခုလုံး ပြည့်ဖောင်းသွားအောင် အားပါးတရ ရှူရှိုက်လိုက်မိသည်။ အားပါးတရ ပြန်မှုတ်လိုက်သော ထွက်သက်နှင့်အတူ မူးနောက်နောက် ရီဝေဝေ ဝေဒနာများ လျော့ပါး ကင်းစင် သွားလေသည်။
ဝန်းကျင်ကို မျက်စိတပြန် ဖြန့်ကြည့်လိုက်သည်။
မြစ်ရေပြင်၊ ညိုမှောင်ရီ ကောင်းကင်။
“ဘယ်မှာလဲဗျ၊ ကမ်းကပ်တော့မယ့် မောင်းသံ ဆိုပြီး ကမ်းလဲ မတွေ့ရပါလား”
“လုပ်လိုက်ပြီ ကိုရင်ဩတို့ကတော့၊ ခင်ဗျားက မြစ်ဘက်ကို သွားကြည့် နေတာကိုး။ ကြည့်ရမှာက ဒီဘက်ဗျ၊ ကမ်းက ဒီဘက်မှာ”
“ဟင် ... ဟုတ်လား”
ရယ်မိကြတော့သည်။ အခြား တဘက်သို့ ကိုယ်ကို လှည့်လိုက်ရသည်။ ကမ်းသည် ဘွားကနဲ ပေါ်လာလေသည်။ အကြည့်မှားသည့် အတွက် အရှက်ပြေ ရယ်ယင်း ...
“ရေကြောင်း သွားရတာ တယ် မျက်စိမှောက် သကိုးဗျ၊ တခါတလေ ကိုယ့်ဝဲဘက်နဲ့ ယာဘက်ကိုတောင် မှားမှားနေတယ်၊ အခုလဲ ကျုပ်စိတ်ထဲက ကမ်းတော့ ဒီဘက်မှာ ရှိမှာပဲ ဆိုပြီး ကြည့်လိုက်တာကိုး၊ အင်း ... ကမ်းက ကိုယ့်ကျောဘက် ရောက်နေတယ်၊ သိပ်မလွဲပါဘူး”
ကိုရင်ပိုက်က ရယ်၍သာ နေသည်။ ကွမ်းသွေး အညှိတက်နေသော သူ့သွား နီကြန်ကြန်ကြီးများနှင့် သူနှုတ်ခမ်းမွေး ကားကားကြီးမှာ လိုက်ဖက်ဘိခြင်း။
ဒူကနဲ မောင်းသံတချက် ထွက်ပေါ်လာသည်။ ရုတ်တရက် လန့်သွားသည်။ အသံက နီးနီးကပ်ကပ် ပေါ်လာသောကြောင့်။
“အား ... ကိုယ့်လှေပေါ်က မောင်းသံကိုတောင် ပြန်လန့်တော့တာကိုး၊ အာဂသတ္တိ၊ တပ်မှူးလုပ်ဖို့ တယ်ကောင်း”
“ရုတ်တရက်မို့ပါဗျာ ... တကယ်တော့ ကျုပ်ဟာ ...”
စာဆိုတော် တယောက်၊ နှလုံးရည်သမား တယောက် ဖြစ်ပေမယ့် သွေးဒါလောက် မနည်းပါဘူးဗျ၊ တောင်ငူရာဇာ သတိုးမင်းခေါင်နဲ့အတူ၊ ဟံသာဝတီမင်းကို ကယ်ဖို့ စစ်သည်သူရဲ စုဆောင်းတဲ့ တပ်ထဲမှာ ပါဝင်ခဲ့ဖူးသူပါ- ဟု ဆက်ပြောရန် ရှိသော်လည်း၊ ကျွန်ုပ် ဆက်မပြောသာတော့ပေ။ ကျွန်ုပ်တို့ လှေ၏ နောက်မှာ အစဉ်တစိုက် ပါလာသော လှေတပ်ဖွဲ့များဆီမှ အချက်ပေး မောင်းသံများ ဆင့်ကဲ ဆင့်ကဲ ပေါ်လာသောကြောင့် ဖြစ်သည်။ ယခုလို အချိန်တွင် ဘယ်သူမှလည်း စကားလက်ဆုံ ကျနေကြရန်ကို စိတ်ဝင်စားကြမည် မဟုတ်။ ကျွန်ုပ် ကိုယ်တိုင်ပင်လျှင် ကိုရင်ပိုက်နှင့် ဆက်စကားပြောချင်စိတ် မရှိတော့။
ပျပျရေးရေး မြင်နေရသော ကမ်းစပ်မြင်ကွင်း အာရုံသည် ကျွန်ုပ်တို့ကို ညှို့ငင်ဖမ်းယူ လိုက်ပေပြီ။
အဝေးဆီမှ ကမ်းခြေ၏ အနားသတ် မျဉ်းသည် ကျွန်ုပ်တို့ဆီသို့ တိုးချဉ်း လာနေသည်။ ခဲပုတ်ရောင်ဖျော့ ကောင်းကင်၊ ညိုညစ်ညစ် မြေသားရောင် ကုန်းပြင်၊ လက်ဆော့တတ်သော အကလေးငယ် တယောက်၏ ပန်းချီ စုတ်ချက်များနှယ် တွန့်ရရွန့် မညီမညာ ရေပြင်လှိုင်း။
တခဲနက် စည်ဝေနေသော ကမ်းကပ် မောင်းသံများ ကုန်ဆုံး ငြိမ်သက်သွားသည်။ မင်းတရားကြီး၏ လှေတပ်တော်ကြီး တခုလုံး တအိအိ တတွားတွား ကမ်းဆီသို့ ညွှတ်တိမ်းနေပြီ။
တပ်တော်ကြီး တခုလုံး တညီတညွတ်တည်း စိတ်ဝင်တစား ဖြစ်နေကြပုံကား သိသာလှပေသည်။ ရပ်နားလိုက်သော လှေတက်နှင့် ရေပြင်တို့ ပွတ်တိုက်သံမှတပါး ပြကတေ့သော တိတ်ဆိတ်ခြင်း။
တိတ်ဆိတ်ခြင်း အထုကို မဖျက်ဆီးရဲသောကြောင့် ကျွန်ုပ် လေသံမျှဖြင့် မေးလိုက်မိသည်။
“ဘယ်ဒေသလဲ ကိုရင်ပိုက်”
သူကလည်း တိုးတိုးတိမ်တိမ် ပြန်ဖြေသည်။
“ဓနုဖြူ ...”
မောင်းသံတချက် ပေါ်လာပြန်သည်။ ပဲ့တင်သံရှိန် အပြင်းဆုံး၊ သံလုံးသံထည် အကြီးဆုံး မောင်းသံ။
“ဟော ... ဒါ မင်းတရာကြီးရဲ့လှေတော်ဆီက မောင်း မဟုတ်လားဗျ”
သည်လောက်တော့ သိပါသေးသည် ဟူသော သဘောဖြင့် ကျွန်ုပ်က သိမေး မေးလိုက်သည်။ ကိုရင်ပိုက်က ကွမ်းသွေး အညှိတက် သွားကြီးများကို လှစ်ပြကာ-
“ဟုတ်ပါတယ် ဟုတ်ပါတယ်၊ မင်းတရားကြီး လှေတော်က မောင်းပါပဲ။ အဓိပ္ပါယ်ကတော့ ကောဗျ ... ကဲ ...”
“အဓိပ္ပါယ်က ... အဲ ...”
ကျွန်ုပ် မသိ၊ အင်း ... အဲ ဖြစ်နေစဉ်မှာပင် -
“ဓနုဖြူမှာ စခန်းချမယ်တဲ့ဗျ၊ စခန်းချမယ်တဲ့”
“ဟာ ... ဟုတ်လား၊ ဝမ်းသာလိုက်တာဗျာ”
“ကိုရင့်ထက် ပိုပြီး လှေတော်သားတွေက ဝမ်းသာတော့ မပေါ့၊ ဟော ... ကြားလားဗျို့”
စောစောက တခဲနက် တိတ်ဆိတ် နေခဲ့ခြင်းသည် ရုတ်ခြည်းပင် ဆန့်ကျင်ပြောင်းပြန် ဖြစ်သွားလေသည်။ လှေတော် တပ်သားတို့၏ ဝမ်းသာအားရ ကြွေးကြော် အော်ဟစ်သံများ ပေါ်လာသည်။
“ခမျာများ ပန်းကြ ရှာပြီလေ၊ စခန်းချမယ် ဆိုတော့ ဝမ်းသာ ကြာတာပေါ့”
ကိုရင်ပိုက်က ပြောပြောဆိုဆိုပင် ပေါင်းမိုးဘေး လှေနံကို ဖြတ်နင်းကာ ပဲ့ပိုင်းသို့ ထွက်သွား၏။ ကျွန်ုပ်လည်း လှေဦးဆီသို့ ထွက်လာခဲ့သည်။ ဦးပိုင်း အမြင့်ဆီမှ ကြည့်လျှင် တပ်တော်ကြီး တခုလုံးကို ကောင်းစွာ တွေ့ရမည်။ ကမ်းကပ် လှေတော်သားများ ဘယ်လောက် ပျော်ရွှင် တက်ကြွစွာ လှုပ်ရှား နေကြမည်နည်း။
ဓနုဖြူ ... တဲ့။
ဤဓနုဖြူ ကမ်းကို ပွေ့ပိုက်ထားသော ဧရာဝတီမှာ ကျွန်ုပ် တွေ့ဖူသော အခြား ကမ်းဝင် မြစ်ပြင်များထက် ပို၍ ကျဉ်းမြောင်းသည်ဟု ထင်ပေသည်။ ထို့ကြောင့် မင်းတရားကြီး၏ လှေတပ်ကြီးမှာ ရှိရင်းစွဲထက် ပို၍ များပြားသည်ဟု ထင်ရကာ၊ မြစ်တပြင်လုံး ဖွေးဖွေးလှုပ်လှုပ် ရှိကြချေသည်။ ဤမျှသော လှေတပ်ကြီးဆီမှ ပေါ်ထွက်လာသည့် ထိုမျှသော အုတ်အုတ်သဲသဲ ဟစ်ကြွေးသံများ ကလည်း ဧရာဝတီ၏ မျက်နှာပြင် ပေါ်တွင် မစဲတမ်း ခုန်ပေါက် နေလေတော့သည်။
ပဲ့နင်းများ၏ တိုင်သံ။ တက်မတို့၏ ညာသံ။
ရှေ့လှေများဆီမှ ယိုးသံ။ နောက်လှေများဆီမှ ယီးသံ။ ယိုးယီးသံများက ခေါင်းချင်း အမြီးချင်း ဆက်နေတော့သည်။
ပျော်တတ်သော ရဲမက်တို့၏ အသံဝါကြီးနှင့် အော်လိုက်သည့် တေးသံများကလည်း၊ တချက်တချက် ဝင်လာတတ်သေးသည်။ တက်ချသံ၊ တက်နုတ်သံ။ လှေဝမ်းနှင့် ရေလှိုင်း ပုတ်ခတ် နှုတ်ဆက်သံ။
ပျော်စရာ မြင်ကွင်းနှင့် အသံတို့သည် ကျွန်ုပ်ရင်ထဲသို့ အထုကြီးစွာဖြင့် တွန်းထိုး ဝင်ရောက် လာသည်။ ကညစ်ဗူးနှင့် ပေထုပ်ကို ချက်ချင်း သတိရလိုက်သည်။ ပေါင်းမိုးထဲ ပြန်ဆင်းပြီး ယူရ ကောင်းမည်လား။ စာလေး တပိုဒ်လောက် စပ်လိုက်ချင် စမ်းသည်။ သို့သော် ဓနုဖြူကမ်းသို့ ကပ်နေသည့် ကျန်လှေတပ်ကြီး၏ လှုပ်ရှားမှုများကို မျက်တောင် တခတ်မျှ အလွတ်မပေးချင်။
အင်းလေ၊ ဒီမှာ စခန်းချမှာပဲ။ ညကျမှ အေးအေးဆေးဆေး၊ မယ်ဘွဲ့ပိုဒ်စုံ ရတုတွေ ရေးတော့မယ်။ ရေးစပ်လို့တော့ သိပ်ကောင်းမှာပဲ။ နှလုံးအိမ်ထဲမှာ စာလုံးတွေ၊ စကားတွေ ဖျပ်ဖျပ် ကွန့်မြူး နေကြပြီလေ။ အင်း ... စစ်ထွက်ယောက်ျား တယောက်ရဲ့ နေပြည်တော် အလွမ်း၊ အိမ်အလွမ်း၊ ကြင်သူအလွမ်း၊ ပြီးတော့ ... သစ္စာတိုင်၊ သစ္စာထား ...။ အညွတ်နူး အပျောင်းအိဆုံး စာလုံးတွေနဲ့ ရေးဖွဲ့လိုက်မှာပ။ အလောင်းမင်တရားကြီး ကိုယ်တော်တိုင်က ချီးမြှောက် သနားတော် မူထားတဲ့ စာဆိုပေပဲ။ စိန္တကျော်သူ ... တဲ့လားလေ။
လှေ ... အိကနဲ ငြိမ့်သွားသည်။
ဓနုဖြူသို့ ဆိုက်ပြီ။ ဤနေ့ကား ကဆုန်လဆန်း နှစ်ရက်နေ့။
“လေကလည်း ငြိမ်ချက်သား ကောင်းလှချည်လား”
ဘယ်အချိန်က ဦးပိုင်းသို့ ပြန်ရောက်လာမှန်း မသိသော ကိုရင်ပိုက်။
“ဟုတ်တယ်ဗျ။ လေများ ငြိမ်လိုက်ပုံ၊ အသက် ရှူစရာများ ရှိသေးရဲ့လား မသိ”
ကိုရင်ပိုက် နောက်ဆီမှ အသံတသံ ပေါ်လာပြန်သည်။ သူကား ကျွန်ုပ်နှင့် တနယ်တည်း၊ တရွာတည်းသား အလုံမောင်းထောင် ရွာသား ငသံဒုတ် ဖြစ်သည်။ ငသံဒုတ်ကား လောကတွင် အမည်နှင့် လူပုံ မလိုက်ဖက်ဆုံး ပုဂ္ဂိုလ်ကို ပြပါဆိုလျှင် ထိပ်ဆုံးမှ ထား၍ လက်ညိုးထိုးပြ ရမည့်သူပင်။ လူပုံ ပုပုညှက်ညှက်၊ ခြေတံလက်တံ သေးသေးကွေးကွေး။ အသံကလည်း ပြာအက်အက်။ အသားအရေကလည်း နဂိုကမှ မည်းမှောင်မှောင် ရှိရသည့်အထဲ၊ မြစ်ရေ၊ နေပူနှင့် လေပြင်းတိုက်စား ထားသောကြောင့် ပြားနှမ်းနှမ်း ဖြစ်နေသေးသည်။
“ဟုတ်သမှုတ်လား၊ စိန္တကျော်သူရဲ့၊ ခင်ဗျား အသက်ရှူ ကြည့်စမ်း၊ ရှူလို့ မရတော့ဘူး၊ လေ မရှိဘူး”
တရွာတည်းသား ဖြစ်သောကြောင့်၊ ငသံဒုတ်က ကျွန်ုပ်ကို အမည်ရင်း မခေါ်ပဲ၊ ဘွဲ့မည်ဖြင့် နောက်ပြောင်ကျီစယ် ခေါ်လေ့ရှိသည်။
“လေမရှူ ရယင်တော့၊ ကျုပ် အသားလေးတွေ မည်းကုန်တော့မှာပဲဗျာ - အဟဲ”
သည်အကောင် အရွှန်းအပြက် ကလည်း အင်မတန် ပြောသည်။ လူပုံပန်း မည်းသဲသေးကွေးကာ စကားရွှန်းပြက် ပြောတတ်သော်လည်း၊ ငသံဒုတ်ကား ပါရမီရှင် လှေတော်သားဟု ဆိုရမည်။ သူကား ပဲ့နင်းမှူး ကိုရင်ပိုက်၏ လက်ထောက်ပင်။ လှေကြောင်း ရေကြောင်း အရေးကြုံလာသော အခါများတွင် သူ၏ ကြုံလှီသော ခြေတံ လက်တံများထဲမှ မယုံစရာ ကောင်းလောက်အောင် သန်စွမ်းမှုများ ထွက်လာ တတ်သည်ကို ကျွန်ုပ် အသိပင် ဖြစ်သည်။
“ဪ... ဓနုဖြူ ... ဓနုဖြူ ... ရောက်ခဲ့ပြန်ပေါ့ ...။ အင်း ... အယင်က တခါမှ မရောက်ဖူးတော့လဲ ဘာကို လွမ်းရမှန်း မသိ”
“တိတ်တိတ် နေစမ်းကွာ”
ကိုရင်ပိုက်က လှမ်း၍ မာန်မဲသည်။ ကိုရင်ပိုက်အသံ မာကျော နေသောကြောင့် ကျွန်ုပ်ပါ ရော၍ တွန့်သွားသည်။ သည်လူ စိတ်တိုတတ်ပါဘူး၊ အခါတိုင်း ငသံဒုတ် နောက်ပြောင်လျှင် ရယ်မောလေ့ ရှိပါတယ်။ ဘာဖြစ်နေသလဲ။
ကိုရင်ပိုက်ကို လှမ်းကြည့်လိုက်မိသည်။
မြစ်ပြင်ဘက်ဆီသို့ သူ လှမ်းကြည့်နေသည်။ သူ့မျက်လုံးများ တူရူရာကား အနောက်တောင်ဘက် မိုးကောင်းကင်။ မိုးကောင်းကင်ထက်မှာ သတ္တဝါ တကောင်ကောင်ကို ဒြပ်ထုထင်ရှား တွေ့နေသလို သူ စူးစူးဝါးဝါး ကြည့်နေသည်။ ကျွန်ုပ် လိုက်ကြည့်သည်။ ဘာမျှမရှိ။ တိမ်မျှင် တိမ်စမျှပင် မတွေ့ရ။
“ဘာများလဲ ကိုရင်ပိုက်၊ ကောင်းကင်ထဲမှာ သိကြားမင်းများ တွေ့လိုက်ရလို့လား။ ကျုပ် တွေ့ရသလောက်တော့ ခဲပုပ်ရောင် ထနေတဲ့ ကောင်းကင်ပါပဲ၊ အဲဒီမှာက"
ကျွန်ုပ် လက်မောင်းကို သန်မာသော လက်ချောင်း သေးသေးများက ဖျစ်ညှစ် လိုက်သဖြင့် စကားရပ် သွားရသည်။ တင်းကျပ်စွာ ဆုပ်ကိုင်လာသော သူကား ငသံဒုတ်။ ငသံဒုတ် မျက်နှာတွင် အရွှန်းအပြက်များ မရှိတော့။ တောက်ပြောင်လာသော မျက်လုံးအိမ်လေး များဖြင့်လည်း ကောင်းကင်ဆီသို့ မျက်တောင်မခတ် ကြည့်နေသည်။
သူတို့ နှစ်ယောက်စလုံး၏ နှုတ်မှ တပြိုင်တည်း စကားတခွန်း ထွက်ကျလာသည်။
“မုန်တိုင်း”
အေးစက် တိုးတိမ်သော လေသံ ဖြစ်သောကြောင့် ကျွန်ုပ် လန့်သွားသည်။ မုန်တိုင်း။ ဘယ်မှာလဲ မုန်တိုင်း။ ဒီလောက် ငြိမ်သက် နေတာကိုများ။
“သေချာတယ် ပဲ့နင်း”
“အေး ... သေချာတယ်”
ကျွန်ုပ်ကို ကြားမှာ ထားလျက် ကျွန်ုပ်ကို မေ့ပျောက်ကာ သူတို့ချင်းသာ မမှိတ်မသုန် ကြည့်၍ ပြောနေကြ ပြန်သည်။
ထိုအခိုက်မှာပင် ညင်သာသော လေပြည်တချက် မြူးလာသည်။ လေပြည်ထဲတွင်၊ ရေစက် ရေမှုန်များ ပါလာသလား မသိ။ အေးစက်ခြင်းသည် မွေးညင်းပေါက်များ ထဲသို့ စစ်ကနဲ ထိုးဝင်သွားသည်။
“”
“လာနေပြီ - ပဲနင်း”
“အေး ... လာနေပြီ”
ဒုတ် ဒုတ် အသံများ မပီမသ ပေါ်လာသည်။ ကျွန်ုပ်တို့ လှေနှင့် ဝဲယာရှိ လှေချင်း၊ ထိုလှေနှင့် ထိစပ်နေသော လှေချင်း ...၊ အဆင့်ဆင့် ထိစပ်နေသော လှေချင်း လှေနံများ လှုပ်ရှား ရိုက်ခတ်သွားသံ။ မဆိုစလောက် လှေယိမ်းခါ သွားသည်။
“ငသံဒုတ်၊ လှေတော်သားတွေ နေရာမှာ ရှိနေကြပါစေ။ ထိုးဝါးတွေ အသင့်ပြင်ထား။ ခတ်တက်တွေ အသင့်ပြင်ထား။ သံချိတ်နဲ့ ကြိုးတွေကို ထုတ်ခိုင်း။ ပဲ့ကို ထပ်ပြီး ခိုင်ခိုင်ချည်။ အားလုံးကို နှိုးဆော်၊ ဟိုဘက် ဒီဘက် နီးစပ်ရာ လှေပဲ့နင်းတွေဆီလဲ အကြောင်းကြား”
“ကောင်းပါပြီ ပဲ့နင်း"
“တယောက်မှ ရေထဲ မဆင်းစေနဲ့၊ လှေနှစ်စင်း အကြား မရောက်စေနဲ့”
“ဟုတ်ကဲ့ ... ပဲ့နင်း”
မျောက်တကောင်လို ငသံဒုတ် လွှားကနဲ ခုန်ကာ ပေါင်းမိုးအစပ်၊ လှေနံဘက်သို့ လျှောက်သွားသည်။ ကျွန်ုပ်ကား ဘာလုပ်ရမှန်း မသိ။ ဘာမျှ နားမလည်။ ဤမျှ ချက်ချင်း ရေးကြီးသုတ်ပျာ ဖြစ်သွား ကြရအောင် ဘာများ ထူးခြားသနည်း။
“ကိုရင်ဩ ဘာလုပ် နေတာလဲ။ ဝမ်းထဲ ဆင်း၊ ပေါင်းမိုးထဲ ဝင်ပါတော့လား။ မုန်တိုင်း ကျတော့မယ်။ ပြင်းပြင်းထန်ထန် ကျတော့မယ်”
စကားအဆုံးတွင် ကိုရင်ပိုက်ကို မတွေ့ရတော့။ သူလည်း ပဲ့စင်ဘက်သို့ ထွက်သွားပြီ။ ကျွန်ုပ် တယောက်တည်း ဦးပိုင်းတွင် ကျန်ရစ်ခဲ့သည်။ သူတို့ပြောသော မုန်တိုင်းကို တွေ့လိုတွေ့ငြား စောင့်ကြည့်မိသည်။ ဘာမျှ မတွေ့ရပါလား။ တိမ်စင်နေတဲ့ ကောင်းကင်ကိုသာ တခွင်တပြင် ရှင်းလင်းစွာ တွေ့ရသည်။ ခဲပုပ်ရောင် ထနေသော ကောင်းကင်။ သည်လူတွေ ရူးနေကြပြီလား။ သည်လောက် ပကတိ ငြိမ်သက်နေသော အဇဋာထဲမှာ ဘယ်ကမုန်တိုင်း ...
အလို ... ခဲပုပ်ရောင်က မည်းညစ်သွား ပါပကော။
“ထိုးဝါး ... ဟေ့”
“ထိုးဝါး"
“ခတ်တက် ... ဟေ့”
“ခတ်တက်”
"သံချိတ်နဲ့ ကြိုးဟေ့”
“သံချိတ်နဲ့ ကြိုး”
“အားလုံး ... အသင့်ညီ"
“ညီ”
ပဲ့နင်းများနှင့် လှေတော်သားတို့၏ အမိန့်ပေးသံ၊ နာခံ စကားပြန်သံတို့ အတိုင်အဖောက် ညီညွတ်စွာ တခဲနက် ပေါ်ထွက်လာသည်။ မျက်စိတဆုံး အစီအရီ ခင်းဖြန့် ထားသလို ရှိနေသော လှေများအားလုံး လှုပ်လှုပ်ရွရွ ဖြစ်နေကြသည်။
အရာအထောင်သော ထိုးဝါးတံများသည် တညီတည်း မြောက်သွားကာ၊ တညီတည်းပင် အလျားလိုက် ပြန်ကျ သွားကြသည်။ ရေထဲသို့ ထိုးစိုက်ခြင်း မရှိသေး။ လှေနံများဆီမှ ခတ်တက်များ သည်လည်း ဖြာကနဲ တက်သွားကာ ဖြာကနဲ ပြန်ကျလာပြီး၊ ရေပြင်သို့ တစွတ်စွတ် တိုးဝင် သွားကြသည်။ လှော်ခတ်ခြင်းကား မရှိသေး။
တပ်တော်၏ ဦးပိုင်းဆီမှ ရွှေရောင် လက်နေသော မင်းတရားကြီး၏ လှေတော် ရှိရာသို့ လှမ်းကြည့်မိသည်။
ဘုရား ... ဘုရား ...။
လှေတပ်တော်၏ အထက်ဆီတွင် အမြင့်မားဆုံး ထိုးထွက်နေသည့် မင်းတရား အလံတော် တိုင်ဖျားသည် သိသိသာသာကြီး ခါယမ်း နေပါလား၊ အလှမ်းဝေးသော မြင်ကွင်းထဲတွင် ယိမ်းထိုးနေသော အလံတော်တိုင် ထိပ်ဖျားကို အထင်အရှား တွေ့နေရသည်။ ကြည့်နေယင်းမှာပင် ကြက်သွေးရောင် အလံများသည် ဖျပ်ဖျပ်လှုပ်ခါကာ လေဆန်နေသည့် အလား စွင့်စွင့်လွင့် နေတော့သည်။
ကျွန်ုပ်၏ ခြေထောက်အောက်မှ ဦးပိုင်းကုန်းပတ် လှုပ်လာသည်။
လဲပြိုမသွားရန် ဖဝါးဖြင့် ဖိကုတ် ထားလိုက်ရသည်။ သို့သော် ခန္ဓာကိုယ်မူ၊ အနိမ့်အမြင့် စောင်းငဲ့ လာပေပြီ။
မုန်တိုင်းသည် ဤမျှ ဖြုတ်ခြည်း မြန်ဆန်တတ်သလား။
ကောင်းကင်ဆီသို့ မော့်ကြည့်မိပြန်သည်။
စောစောက ကောင်းကင် မရှိတော့။
အဆုပ်လိုက် အဆုပ်လိုက် တိမ်ထုကြီးတွေ ဘယ်လိုလုပ် ရောက်လာကြ သနည်း။
တိမ်ထုကြီးများကို အံ့ဩရန် အချိန် မရသေးမီမှာပင်၊ ကောင်းကင်ဆီမှ ပေါက်ကွဲသံကြီး တခု ပေါ်လာသည်။ အသံအားဖြင့်ပင် ကျွန်ုပ် တကိုယ်လုံး လွင့်စဉ်ကြေမွ သွားပြီဟု ထင်လိုက်သည်။ နားနှစ်ဘက်ဆီသို့ လက်က အလိုလို ရောက်သွားသော်လည်း၊ ထစ်ချုန်း မြည်ဟည်းသံကြီးသည် လက်ဖမိုးကို ဖောက်ထွင်းကာ၊ နားပေါက်မှတဆင့် သွေးကြောများထဲ အထိ ဒုတ်ဒုတ်ထိ ဝင်သွားသည်။ လက်ဖမိုး နှစ်ဘက်စလုံး ပြဲသွားပြီလားဟု ကယောင်ကတမ်း ပြန်ခွါကာ လက်ကို ပြန်ကြည့်မိသည်။
လက်နှစ်ဘက်စလုံး ရွှဲစိုသွားသည်။
ထစ်ချုန်းသံကြီးက မိုးပေါက်ကြီးများကို ကောင်းကင်ဆီမှ နေ၍ ဖောက်ခွဲပစ်ချ လိုက်ပေပြီ။
တဝေါဝေါ အော်မြည်သံကြီး ကလည်း အဝေးမြေပြင်ဆီမှ တရှူးထိုး လှိမ့်ဝင်လာပေပြီ။
“ကိုရင်ဩ ... အထဲကိုဝင် ... အထဲကိုဝင်” ဟု ကျွန်ုပ် သဲ့သဲ့ ကြားလိုက်မိ သလိုလို။ လှေဝမ်းကို တစုံတခုက အောက်မှ ခါလိုက်သောကြောင့် ကျွန်ုပ် ကုန်းပတ်ပေါ်တွင် ကစဥ့်ကလျား လဲကျသွားသည်။
* * *
“အကြောက်” ၏ အလိုအလျောက် လှုပ်ရှားမှုပင် ဖြစ်မည်။
ဆွဲမိဆွဲရာ လှမ်းဆွဲ လိုက်သည်တွင်၊ ဦးပိုင်း၌ ရစ်ပတ်ထားသော အုန်းဆံကြိုးမှ သံချိတ်ကို ဆွဲမိလျက်သား။ ရေထဲသို့ လွင့်ကျ မသွားသေး ဟူသော အားတက်မှုကား သေးငယ်လှချေ၏။ အကယ်၍များ လွင့်ကျ သွားပါက၊ လှေနံချင်း လှေဝမ်းချင်း တဗြုန်းဗြုန်း တဗိုင်းဗိုင်း ရိုက်နေကြသော လှေနှစ်စင်း အကြားတွင် ကျွန်ုပ် တကိုယ်လုံး ကြိတ်ဆုံထဲမှ ပဲစေ့လို ကြေမွသွားချေမည် ဟူသော တွေးတော ကြောက်ရွံ့မှုက ပို၍ ကြီးမားနေသည်။
လဲကျ နေရာမှပင် ဦးခေါင်း ထောင်၍ ကြည့်မိသေးသည်။
ကျွန်ုပ်၏ ရူးမိုက်သော စိတ်တမျိုးလား မပြောတတ်။
ဤမုန်တိုင်းကြီး အောက်တွင် လှေတပ်တော်ကြီး ဘယ်လိုများ ဖြစ်နေသနည်း ဟူသော သိလိုခြင်း ဆန္ဒ။
ကမ်းတွင် အစီအရီ ဦးဆိုက်ထားသော လှေများးကား ပြောင်းဆန် နေပေပြီ။ အပြည့်အညပ် နံဘေးချင်း ယှဉ်စပ်နေသော လှေများကြားသို့ လှိုင်းတံပိုးများက ရိုင်းစိုင်း ရက်စက်စွာ ပရမ်းပတာ တိုးဝင် တွန်းထိုးနေသည်။ မြင့်တက်သွားသော လှေ။ ထို့နောက် နိမ့်ကျသွားသော လှေ။ အထက် အောက် အသွားအပြန် ဝမ်းချင်း၊ နံချင်း ရိုက်လိုက်ကြသည့် အသံမှာလည်း အဆက်ပြတ်သည် မရှိတော့။
“စိန္တကျော်သူ ... စိန္တကျော်သူ ...”
အော်သံ ဖြစ်သော်လည်း သဲ့သဲ့သာ ကြားရသည်။ လည်ပြန် လှည့်ကြည့် လိုက်သည်။ ပေါင်မိုး အစပ်မှ ငသံဒုတ်၏ အသံပင်။ မိုးလေမုန်တိုင်း၏ ညစ်ပုပ်သော အမှောင်ထဲတွင် သူ့ရုပ်ကို မမြင်ရ၊ အသံသာ ဖမ်းဓိသည်။
“ငါ ဒီမှာဟေ့”
“အထဲကို ဝင်ပါလား၊ ဘာလုပ် နေတာလဲ”
“သံချိတ်ကို ဖမ်းဆွဲထားရတယ်။ လက်လွှတ်ယင် ရေထဲ ကျသွားမယ်"
“ခင်ဗျား အဲဒီမှာပဲနေ ...”
ကျွန်ုပ်လည်း သံကုန် အော်နေရသည်။ မုန်တိုင်းသံနှင့် မိုးသံများ အကြားတွင် သူလည်း ကျွန်ုပ် အော်သံကို သဲ့သဲ့သာ ကြားရမည်ပင်။
ကျွန်ုပ်မှာ တကယ်လည်း လက်လွှတ်၍ မရ။ လှေသည် ကပြောင်းကပြန် ဖြစ်နေပြီ။ သံချိတ်ကို ကိုင်ဆုပ်ထားသော လက်နှစ်ဘက် သည်သာလျှင် ကျွန်ုပ်အသက်၏ တည်မီရာ ဖြစ်တော့သည်။ တကိုယ်လုံးသည် လှေလူးသည့် အရှိန်အတိုင်း ဖရိုဖရဲ လွင့်စဉ်ကာ ကုန်းပတ်ပေါ်တွင် လိမ့်နေသည်။
ငါ ... ရူးသွပ်နေပြီလား ... ဟု ဒုတိယအကြိမ် တွေးဓိသည်။
ဟုတ်တယ်။ အယင်က မရူးသွပ်ခဲ့ယင်တောင်မှ၊ အခု မျက်စိတမှိတ် အတွင်းမှာ ရူးသွပ်သွားပြီ ထင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ငါ့မှာ ကြောက်စိတ် မရှိတော့ဘူး။ မိုးမုန်တိုင်း၊ လေမုန်တိုင်း အောက်က ဒီလှေတပ်တော်ကြီးရဲ့ ကံကြမ္မာဟာ ငါ့ကံကြမ္မာထက် ပိုပြီး ကြီးမားတယ်။ ပြီးတော့ ကြည့်ပါဦး။ အံ့ဩစရာ ကောင်းလိုက်တာ။ လေပြင်းတွေ ... မိုးသီး မိုးပေါက်တွေ ...။ ကစဥ့်ကလျား ဖြစ်နေတဲ့ လှေတွေ ...။ ဟုတ်တယ်။ ဟုတ်တယ် ... အတိုင်းမသိ အံ့ဩ နေရခြင်းကြောင့် အကြောက်တရား ဆိုတာ ဘယ်ရောက်သွားမှန်း မသိတော့ဘူး ...။
“စိန္တကျော်သူ ... မြဲမြဲကိုင်ထား ... ကျုပ် လာနေပြီ ..."
အသံသဲ့သဲ့ ကြားရပြန်သည်။ ပြန်အော်ရန် ပါးစပ် ဟလိုက်သည်တွင် တဘက်လှေကို ရိုက်ကာ ဝုန်းကနဲ လွင့်စဉ်လာသော လှိုင်းပိုးက ကျွန်ုပ်မျက်နှာကို ပြင်းပြင်းထန်ထန် ပုတ်ခတ်သွားသည်။ ချွန်မြသော အပ်သွားများဖြင့် မျက်နှာနေရာ အနှံ့အပြား အစိုက်ခံရသလို ဖြစ်သွားသည်။
“လက်တဘက် လွှတ်လို့ ရမလား၊ ရယင် ဒီကို ကမ်း ...”
ငသံဒုတ်၏ အသံကို နီးကပ် သဲကွဲစွာ ကြားလိုက်ရသည်။
လှေက တချက် ဆောင့်ခါ သွားသဖြင့် တကိုယ်လုံး ပက်လက် ဖြစ်သွားသည်။ သံချိတ်ကို ဆွဲကိုင်ထားသည့် လက်ကို လိမ်လိုက်သလို ဖြစ်သွားကာ၊ အသည်းခိုက်အောင် နာကျင်သွားလေသည်။ နာကျင်မှုကို ခံစား လိုက်ရသောကြောင့်၊ ကြောက်စိတ်သည် ဘွားကနဲ ပေါ်လာတော့သည်။
“ငသံဒုတ် ... ငသံဒုတ် ... ငါ့ကို ကယ်ပါဦး”
ကြောက်တယ် ... ငါ ကြောက်တယ် ...။ သေရမှာကို ငါကြောက်နေပြီ။ အို ... ဘုရား ... ဘုရား။ အခုမှပဲ ငါ တကယ် ရူးတော့မှာ။ ကြောက်လွန်းလို့ ရူးတော့မှာ။ လက်တွေလည်း ကိုက်ခဲနေပြီ။ မိုးရေနဲ့ မြစ်ရေတွေကြောင့် ထုံကျင်နေပြီ။ သံချိတ်ကို ငါ ဆွဲမိထားသေး သလား ...။ မသိတော့ဘူး။ ငါ ... ရေထဲ ကျတော့မယ်။ လှိုင်းလုံးကြီးတွေက ငါ့ကို မြစ်အလယ်ထိ ဆွဲခေါ် သွားတော့မယ်။ ဒါမှမဟုတ် လှေတွေကြားထဲ ညှပ်သွားယင် အရိုးအသား စိစိကြေမွ ...။
မျက်နှာပေါ်သို့ အရှိန်ပြင်းစွာ ထိမှန်လာသော မိုးပေါက်များကြောင့် မျက်လုံး မဖွင့်နိုင်။ ပက်လက်လန် လဲကျနေသော အနေအထားကိုလည်း မပြင်နိုင်။ မျက်ခွံအစုံကို တင်းတင်းကျပ်ကျပ် ပိတ်ကာ မျက်လုံးအိမ်ထဲ ဝင်နေသော မိုးရေများကို ညှစ်ထုတ် လိုက်ရသည်။ မျက်လုံးတွေ ကျိန်းစက်နာကျင် နေလိုက်သည်ကား ပြောစရာ မရှိ။ သည်အထဲကပင် မျက်တောင်ကို ပုတ်ခတ် ပုတ်ခတ်လုပ်ကာ မရအရ ဖွင့်ကြည့်မိတော့သည်။ အရပ် ကိုးမျက်နှာ စလုံး ပိန်းပိတ်သား ပြည့်နှက်နေသော တိမ်လိပ် တိမ်သားများမှာ မျက်စိနှင့် မဆန့်။ မမြင်စဖူး ထူးကဲ ချောက်ချားဖွယ် မြင်ကွင်းကြီးသည်၊ ကျွန်ုပ်၏ နှလုံးအတွင်းသို့ ပြေးဝင်နစ်မြှုပ် လာသည်ဟု ထင်ရသည်။ သို့တည်းမဟုတ်၊ မိုးပေါက်ကြီးများကပင် ကျွန်ုပ်၏ နှလုံးကို စွတ်စိုလန်းဆတ် လာစေပြီလား မသိ။
စာလုံး အစအနများ အလိုလို ဝင်လာသည်။
“... တောင်မြောက်အုံ့မှိုင်း၊ ရှေ့အတိုင်းလျှင်၊ မှီခိုင်းကမ်းရပ်၊ တင်းကျမ်းစပ်မျှ၊ မလပ်ဆိပ်ခင်း၊ လေပြင်းလှိုင်းရိုက် ...”
“စိန္တကျော်သူ ... စိန္တကျော်သူ ... ခင်ဗျား ဘယ်မှာလဲ”
ငသံဒုတ်၏ အော်သံကို နီးကပ်စွာ ကြားလိုက်ရသည်။
“ငါ ဒီမှာပဲပော့”
“မြဲမြဲကိုင်ထား။ ကျုပ် လာနေပြီ”
လှိုင်းတချက် ပုတ်လိုက်သည်။ လှေဦးသည် တိမ်တိုက်ကို တက်ဆောင့်တော့မည့် အလား မြောက်တက်သွားကာ၊ ကျွန်ုပ် တကိုယ်လုံးလည်း လေထဲတွင် မြောက်ပါသွားသည်။
ဘုရား ... ဘုရား၊ ဒီတခါတော့ သွားပြီ။
ဘာကိုမျှ မကြည့်ရဲတော့သောကြောင့် မျက်စိမှိတ် လိုက်သည်။
ဤတဒင်္ဂကို ဘယ်တော့မျှ မေ့နိုင်တော့မည် မဟုတ်။ သေခြင်း၏ လက်များးကို ဖမ်းဆုပ်ကိုင် လိုက်ရသည့် အခိုက်အတန့်။
ဤ အခိုက်အတန့်မှာပင် ဘဝ တသက်တွင် ဘယ်တုန်းကမျှ မပေါ်ခဲ့ဖူးသော အကြီးမားဆုံး ဆန္ဒတခု ပေါ်လာသည်။ အသက်ရှင် နေသေးလိုသည့် ဆန္ဒ၊ ငါ ... ငါ မသေချင်သေးဘူး။ ငါ အသက်ရှင် နေချင်သေးတယ်။ မသေပါရစေနဲ့ဦး။ ဒီအဖြစ်ကို ငါ စာစပ်ဦးမယ်၊ ငါ စာဆိုချင်သေးတယ်။ စာတပုဒ် ရေးစပ်ပြီးမှ ငါ သေပါရစေ။ ငါဟာ စာဆိုပဲ။ စာဆိုဖို့အတွက် ငါ အသက်ရှင်ချင် သေးတယ်။
“ဟုတ်ပြီ ... ဗျို့၊ အားတင်းပြီး မြဲမြဲကိုင်ထား”
ငသံဒုတ်၏ အော်သံကို၊ အနီးကပ်ဆုံး ကြားရပြန်သည်။
ကျွန်ုပ် မသေသေး၊ သံချိတ်ကို ဆုပ်ကိုင်ထားသော မိမိလက်များး၏ ကျေးဇူးကြောင့်ပင် ဖြစ်တော့သည်။ တကိုယ်လုံး မြောက်ပါသွား သော်လည်း မြစ်ထဲသို့ လှေများ အကြားသို့ ကျွန်ုပ် လွင့်ကျ မသွားသေး။
ကျွန်ုပ်၏ လက်တဘက်ပေါ်သို့ တင်းကျပ်သော လက်ချောင်းများး ကျရောက် ဆုပ်ညှစ်လာသည်။ ငသံဒုတ် ကျွန်ုပ်ကို ဆွဲယူမိချေပြီ။
“လက်တဘက် လွှတ်လိုက်ဗျို့။ ကျန်တဲ့ တဘက်က ကိုင်ထားဦး။ လှေက ခါယမ်းနေတယ်၊ ကျုပ် ပြောသလိုလုပ်”
ကျွန်ုပ်၏ ဝဲလက်သည် ငသံဒုတ်၏ မြဲမြံသော လက်များထဲသို့ ရောက်သွားသည်။ တဖြည်းဖြည်း ဆွဲယူနေသည်ကိုလည်း တွေ့ရသည်။
“ကျုပ်က လွှတ်ဆိုမှ လွှတ်နော်၊ တော်ကြာ ... နှစ်ယောက်စလုံး ကျသွားမယ်”
ကျွန်ုပ် ဘာမျှ ပြန်မပြောနိုင်။ ကိုယ့်ကိုယ်ကို မသေနိုင်တော့ ဟူသော ယုံကြည်မှုဖြင့် ကြောက်စိတ်များ ကင်းကွာ သွားသည်တော့ အမှန်ပင်။
“လှိုင်းလုံးကြီးတခု လာနေတယ်ဗျို့၊ မကြာခင် ကျုပ်တို့လှေကို ရိုက်တော့မယ်။ အဲဒါနဲ့ တချိန်တည်း ခင်ဗျားတို့ လက်ကို လွှတ်လိုက်၊ ပြီးတော့ အစွမ်းကုန် အားသုံးပြီး ကိုယ်ကို လှိမ့်ချလိုက်။ ကျုပ်ပြောတာ နားလည်တယ်နော်”
"အေး ... နားလည်တယ်”
“အသင့်ပြင်ထား၊ လှိုင်းလုံးကြီး ရောက်လာပြီ”
သူ့စကား အဆုံးမှာပင် လှေသည် သွက်သွက်ခါ သွားသည်။ ပြင်းထန်သော အသံကြီးကိုလည်း နား၁ွဲတွင် ကပ်၍ ကြားလိုက်ရသည်။
“လက်လွှတ် ... လှိမ့်ချလိုက်”
မျက်စိအစုံ မှိတ်၍ သံချိတ်ဆီမှ ယာလက်ကို လွှတ်လိုက်သည်။ ငသံဒုတ်ဘက်သို့ လှိမ့်ချလိုက်သည်။ လှိုင်းပုတ် အရှိန် ကြောင့်လား၊ ကျွန်ုပ်က လှိမ့်ချလိုက်သော ကြောင့်လား၊ ငသံဒုတ်က တဘက်မှနေ၍ ဆောင့်ဆွဲလိုက်သော ကြောင့်လား မသိ။ တကိုယ်လုံး ချာလပတ် လည်သွားကာ ငသံဒုတ်နှင့် ကျွန်ုပ်တို့ နှစ်ယောက်သား ဗရုန်းသုန်းကား ပူးကပ် ဖက်တွယ်ကာ လိမ့်သွားလေသည်။
ဝုန်းကနဲ ကျသွားသည်။ နှစ်ယောက်စလုံး မြစ်ထဲ ကျပြီဟု ထင်လိုက်ရသည်။ ရေထဲသို့ ဗွမ်းကနဲ ကျသွားသည့် အရှိန်။
“ကိုင်း ... ရောက်ပြီ”
မျက်စိ ပြန်ဖွင့်ကြည့် လိုက်သည်။ ရေထဲသို့ ကျသွားသည် ကတော့ အမှန်။ သို့သော် မြစ်ရေ မဟုတ်၊ လှေဝမ်းထဲမှ ရေများ ဖြစ်သည်။ ပေါင်းမိုးအောက်သို့ ရောက်ခဲ့ပြီ။ ရုတ်တရက် မထနိုင်သေး။ နာကျင် ကိုက်ခဲနေသော လက်များက ဘာကိုမျှ ဆုပ်တွယ် မထားနိုင်သေး။ မိမိ လက်ချောင်းများကို ပြန်၍ ဖြန့်ကြည့်လိုက်သည်။ ကျွန်ုပ်၏ လက်ချောင်းများ၊ ကညစ်ကိုင် လက်များကို မမှတ်မိ။ သွေးဆုတ် ဖြူဖွေးနေကာ ရေစိမ်ပဲကြီးလို တွန့်ရှုံ့ နေကြချေသည်။
“ခင်ဗျား မသေတော့ပါဘူး ... စိန္တကျော်သူရဲ့"
ငသံဒုတ်က လှေဝမ်းထဲမှ ထယင်း ပြောသည်။ နဂိုကမှ မည်းနက်လှသော သူ့ အသားအရေကား ယခုမူ လူသားတယောက် ဟုပင် ထင်စရာ မရှိချေ။ ပြာနှမ်းနှမ်း ညိုညစ်ညစ်။ သူက ကျွန်ုပ်ကို သွားများ ဖြည်းပြပြီး သူ့ခါးမှ အုန်းဆံကြိုးများကို ဖြုတ်နေသည်။ အုန်းဆံကြိုးများက သူ့ခါးမှာ အထပ်ထပ်။
“ကြိုးတွေက ဘာလုပ်တာလဲ”
“ဘာလုပ်ရမှာလဲ၊ ငသံဒုတ်ကို ဒီလိုမှ ချည်မပေးလိုက်ယင် ကိုရင်တို့ နှစ်ယောက်စလုံး မြစ်ထဲကျ၊ မိကျောင်းစာ၊ လိပ်စာ ဖြစ်သွားမှာပေါ့”
ဝင်ပြောလိုက်သူကား ကိုရင်ပိုက် ဖြစ်သည်။ စောစောက သူ့ကို သတိမထားမိ။ သူ့လက်ထဲတွင် ငသံဒုတ် ခါးမှ အုန်းဆံကြိုး အစကို ကိုင်ထားသည်။ ယခုမှပင် သဘောပေါက်တော့သည်။ ကိုရင်ပိုက်က ကြိုးစတဘက်မှ ကိုင်ထား၊ ငသံဒုတ်က ကြိုးကို ခါးမှ ချည်လျက်။ လှေဦးသို့ ရောက်နေသော ကျွန်ုပ်ထံ ခက်ခက်ခဲခဲ သွားလာကာ ကျွန်ုပ်လက်ကို အမိအရ ဆွဲ၍ ကယ်ကြရခြင်း ဖြစ်သည်။
“ကိုရင်တို့ နှစ်ယောက်စလုံးရဲ့ ကျေးဇူး ကြီးပါပေတယ်ဗျာ၊ ကျုပ် - ဘယ်တော့မှ မမေ့ပါဘူး”
ငသံဒုတ်က အုန်းဆံကြိုးခွေကို လှေတပ်သား တယောက်ထံ ပစ်ပေးယင်း ...
“ကျေးဇူး ဆပ်ချင်ယင်တော့ နေပြည်တော် ပြန်ရောက်မှ ဆပ်ပေတော့၊ မဟာနန္ဒာ ကန်တော်ဘွဲ့လို ပိုဒ်စုံရတုလေး တပုဒ်လောက် ကျုပ်ကို ရေးပေး ... ချစ်၍ ခေါ်သည်၊ လိုက်တော်မူခဲ့၊ မပျောင်းနွဲ့နှင့် ... ဆိုတာမျိုးလေ ...၊ အဟီး ... ကျုပ်ရည်းစားကို ပေးရအောင်”
အသက်ဘေးမှ လွတ်မြောက်စမှာပင် ငသံဒုတ် ရွှန်းပြက် နိုင်သေးသည်။
“ဟင်း ... မင်းလူလား။ ကံကောင်းလို့ အသက်ရှင် နေသေးတယ် မှတ် ...။ အရေးထဲများ သူက လှေဦးမှာ ချန်နေရစ်ခဲ့ သေးတယ်။ မိုးသက်မုန်တိုင်းများ ဘာအောက်မေ့ နေသလဲ မသိဘူး။ မုန်တိုင်းကိုပဲ စာစပ်ဦး မလို့လား မသိ”
ကိုရင်ပိုက်က မကျေမချမ်း ပြောသည်။ သူ့စကား မှန်နေသဖြင့် ကျွန်ုပ် ဝမ်းထဲက ပြုံးမိနေသည်။ ထိုအခိုက်မှာပင်၊ လှေသည် တချက် မြောက်တက်သွားကာ အရှိန်ပြင်းစွာ ပြန်ကျသဖြင့် ကျွန်ုပ်တို့အားလုံး ဗရုန်းသုန်းကား လဲပြိုကျသွား ကြပြန်သည်။ လှေအောက် အကျမှာပင် ပေါင်းမိုးထဲသို့ ရေများ ဝေါကနဲ ဝင်လာသည်။ မုန်တိုင်းကား ပြင်းထန် ဆိုးရွားနေဆဲ။ အရပ် လေးမျက်နှာမှ တဒီးဒီး အသံများ မြည်ဟည်းနေဆဲ။ ကိုရင်ပိုက် ကျွန်ုပ်ရှေ့မှ ထွက်ခွာသွားသည်။
“ကိုင်း ... စိန္တာကျော်သူ၊ ကျေးဇူးပြု၍ ဒီမှာပဲ နေပါ။ မုန်တိုင်းထဲမှာ ခင်ဗျားအတွက် ကာရန် မရှိဘူးဗျ၊ သေခြင်းပဲ ရှိတယ် နားလည်လား”
ငသံဒုတ်ကလည်း ကျွန်ုပ်ကို မျက်လုံး ပြူးပြကာ ပဲ့စင်ဘက်သို့ ထွက်သွားလေသည်။ နေရာတွင် မလှုပ်မယှက် ရပ်နေမိ သော်လည်း တဝုန်းဝုန်း မိုးပေါက်သံ၊ တဟီးဟီး လေမုန်တိုင်းသံများ ကြားမှ လှေတော်သားတို့၏ အော်ဟစ်သံ၊ အမိန့်ပေးသံများကိုကား ကြားနေရလေသည်။
“မက် ...ဟေ့ ... မက် - မက်”
“ပဲ့တက် မစားစေတော့ဘူးဗျို့”
“လှော်တက်သမား တွေ ... မက် ... မက်”
လှေဝမ်းအတွင်း ပေါင်မိုးတခုလုံး ပြောင်းဆန်သွားပြီ ဖြစ်လာသောကြောင့် ကျွန်ုပ်၏ ကညစ်ဗူးနှင့် ပုရပိုက်ထုပ်၊ ပေထုပ်များမှာလည်း သုံးမရတော့ချေ။ ပေါင်းမိုး နံရံကို အားပြု ကိုင်ဆုပ်ယင်း ကျွန်ုပ်လည်း ပေါင်းမိုးနံရံ ဟိုဘက် သည်ဘက် ကြားတွင် ဖရိုဖရဲ လွင့်နေသည်။ နောက်ဆုံးတွင်ကား နံရံမှ သစ်သားတန်းနှင့် ခါးကိုကပ်ကာ အုန်းဆံကြိုး တချောင်းဖြင့် ချည်ထားလိုက်တော့မှ ဆောက်နည်ရာ ရသွားသည်။ ကျွန်ုပ်ကိုယ် ကျွန်ုပ် ကြိုးဖြင့် ကပ်ချည် ထားလိုက်သည့် နေရာမှာလည်း ပေါင်းမိုးအစပ် နေရာ ဖြစ်သောကြောင့် အပြင်မှ မြင်ကွင်းကို ထင်ထင်ရှားရှာ တွေ့နိုင်ခွင့် ရသွားလေသည်။
“တောင်မြောက်အုံ့မှိုင်း၊ ရှေ့အတိုင်းလျှင်၊ မှီခိုင်းကမ်းရပ်၊ တင်းကျမ်းစပ်မျှ၊ မလပ်ဆိပ်ခင်း၊ လေပြင်းလှိုင်းရိုက် ..."
“ဝဲကြီးတွေ လာပြီ - ဟေ့၊ ဝဲကြီးတွေ"
“ကလိုင်တွေ ပေါ်လာပြီ။ လှော်တက်သမားတွေ မက်ထား ... မက်ထား”
ရဲမက်တို့၏ အော်သံများ ပေါ်လာပြန်သည်။
ပို၍ ဆိုးရွားသော အခြေသို့ ရောက်ရပြန်ပေပြီ။ လေပြင်းမုန်တိုင်းကြောင့် ဝဲကတော့ကြီးများ၊ ကလိုင်ကြီးများ မြစ်ထဲတွင် ဖြစ်ပေါ်လာသည်ကို ကျွန်ုပ် ကောင်းစွာ မြင်လိုက်ရသည်။ အိမ်တလုံးစာမျှ ရှိမည့် ဝဲကြီးများသည် သွေးဆာနေကြသည့် ရေဘီလူးကြီးများ၏ ခံတွင်းပေါက်များပင် ဖြစ်ချေမည်။ လှေတပ်ကြီး တခုလုံးကို စုပ်ယူ ဝါးမျိုတော့မည့် ဟန်ဖြင့် မွတ်မွတ်ပါအောင် လည်ပတ် နေကြသည်။ မိုးကလည်း ပို၍ သည်းထန်လာသည်။ လေကလည်း အရပ်လေးမျက်နှာမှ စုံပြုံ တိုးဝှေ့နေပြီ ထင်ရသည်။
မျက်စိအဆုံး မြင်နေရသော လှေတပ်တော်ကြီးမှ လှေများကား ဦးစိုက်ကျွမ်းပြန်။ အချို့လှေများ ပဲ့ပိုင်းမှ မြောက်ကြွသွားလိုက်ပုံမှာ ပဲ့တခုလုံးကိုပင် အတိုင်းသား မြင်ရသည် အထိ။ လှေတော်သားတို့၏ ပဲ့တက်များလည်း ရေနှင့် မထိမိတော့။
( ဇာတ်သိမ်းပိုင်းဆက်ရန်) 👇👇👇
No comments:
Post a Comment