#ဆရာဦးအောင်သင်း
( အပိုင်း - ၈)
#အောင်မြိုင်သင်း
ဒီလပိုင်းမှာအဖေ့အကြောင်းလေးတွေကို ဆက်တိုက် ကျိုးစားပြီးရေးဖြစ်နေပါတယ်. .
အဖေ့ကို ချစ်ခင်ကြသူ များကလဲ. မိမိတို့ ရဲ့ သားချင်းလို အဖေ လို. . အဘိုး တစ်ယောက်လို ခံစား ပြီး. .လွမ်းဆွတ်စွာ အားပေးနေ ကြတာကိုးဗျ. . ဒီအားပေးမှူ့တွေဟာ. ကျွန်တော့အတွက် အတော်လေး ခရီးပေါက် အရာထင်ခဲ့ပါတယ် ခင်ဗျား. .ကျေးဇူးလဲတင်ပါတယ် . . တန်ဖိုးလဲထားပါတယ်. .
ကိုယ့်ဖာသာ ကိုယ် ဆို ကျွန်တော်က လဲ ပျင်းတယ် ခင်ဗျ. . နောက်ကသာ ကျွန်တော့ သူငယ်ချင်းတွေ. . ညီ ညီမ တွေ အကို အမ တွေ ဝိုင်းမီးမထိုး ရင် ကျွန်တော် ဒီလောက်ထိ အားထုတ်စာရေးဖြစ်မှာ မဟုတ်တာ သိပ်သေချာပါတယ်. .
စာလဲ တစ်ခါမှမရေးဘူး. . စာရေးဘို့လဲ စိတ်ကူးမရှိခဲ့ပါဘဲလျက်. အဖေ့ကို လွမ်းလွန်းလို့ စွတ်တွယ်ထည့် လိုက်တာ အပိုင်း၂၉ တောင်ရောက်လာပြီး ဖားတစ်ပိုင်းငါးတစ်ပိုင်း စာရေးဆရာတောင် ဖြစ်နေပါပြီခင်ဗျား. . .
တခါတလေ ကိုယ့်ရေးထားတဲ့စာ. . ကိုယ်ဖာသာ ပြန်ဖတ် ကြည့်. .တန်ဖိုးထားပြီးရေးထားတဲ့ သူငယ်ချင်းတွေရဲ့ ကွန်မင့်လေးတွေ ပြန်ဖတ်ကြည့် တဲ့အခါမှာ. . ရိုးရိုးသားသားဝန်ခံ ရရင် .အင်မတန်အရသာရှိ ပြီး . အင်မတန် ကြည်နူး ရပါတယ်... .
ကိုယ့်ရဲ့ ခွန်အားစိုက်ထုတ်ထားတဲ့ . နှလုံးသား မှတ်တမ်းလေးကို . အသိအမှတ်ပြု ခံ ရ တော့ အရမ်းဝမ်းသာ တုန်လှူပ် မိပါတယ်ခင်ဗျား... ဒါကတော့ ကျွန်တော့ မိတ်ဆွေတွေကို ပြောချင်တဲ့ကျေးဇူးစကားလေးပါ. ... ကျွန်တော့မိတ်ဆွေများ. အားလုံးလဲ. ကျွန်တော်ရေးခဲ့တဲ့.. . ဦးအောင်သင်းဆိုတဲ့ လူတစ်ယောက်အကြောင်းကနေ . . ဘဝအတွေ့အကြုံလေးဖြစ်စေ . . အတွေးအကြံအယူအဆလေးဖြစ်စေ. .တစ်စုံတစ်ခု ရသွားတယ်ဆိုရင် ကျွန်တော်အားထုတ်ရကျိုးနပ်ပါတယ် ခင်ဗျား. . ကျေးဇူးတင်ပါတယ်. . .
.အခုဒီအပိုင်းလေးမှာ . ပထမစဉ်းစားထားတာ အဖေ့ အကြောင်းကိုဘဲ ရေးမလို့ဗျ. .စာတွေလဲ အတော်စီပြီးနေပြီ. .
. ဒါပေမယ့် စိတ်ထဲမှာ ရှိပါလျက် ပျင်းလို့ မရေးခဲ့ဘဲ ချန်ထား ခဲ့တဲ့ ဆရာမောင်သော်ကရဲ့ စကားပြောဂွင်လေး တစ်ခုက ကျွန်တော့ ကို အမြဲ စိတ်အနှောက်အယှက်ပေးနေတယ် ခင်ဗျ. . . ဆရာ သော် အကြောင်း ကို လေ့လာဖို့အတွက်. .ဗွီဒီယိုဆိုတာဝေးလို့ . တိတ်ခွေ recording. တောင်မရှိခဲ့ တဲ့ခေတ်ဆိုတော့ . . ကြုံခဲ့ဘူးသောကျွန်တော် ၊ သူ့စကားတွေ နားထောင်ပြီးအလွတ်ရခဲ့သောကျွန်တော်. . ကမှပြန်ရေးမပြ ရင် နောက်လူတွေ . . ကလေးတွေ ဘယ်သူမှ သိတော့မှာ မဟုတ်ဘူးဗျ... . .ပျောက်ပျက်သွားတော့မှာ. . .
စာအုပ်ထဲ ပါတဲ့ အကြောင်းအရာ မဟုတ်ဘဲစင်ပေါ်မှာ ဘဲ ပြောခဲ့တဲ့ အကြောင်းအရာ ဖြစ်နေတော့ ပိုဆိုးပါတယ်. . သိသူတစ်ချို့တစ်ဝက် ရှိနိုင်သော်လဲ. . မောင်သော်က အကြောင်း မှတ်တမ်းရေးနေတဲ့သူ မဟုတ်ပြန်ရင် .. သူတို့လဲ ရေးဖြစ်မှာ မဟုတ်ဘူးခင်ဗျ. . . . အဲ့တော့မှ ဒီ အကြောင်းအရာလေးကို ရေးမယ်လို့ရွေးချယ်လိုက်ရတာဖြစ်ပါတယ်. . . . တကယ်တန်း ကတော့ . . ကျွန်တော့ ရဲ့ အပိုင်း ၁၆ လောက်မှာ ရှိရမယ့် အကြောင်းပါ. ...နောင်တစ်ချိန်စာအုပ်လုပ်ဖြစ်ခဲ့ရင်တော့ ပြန်ပြီးအစဉ်လိုက်ထားပါ့မယ်. . .
ကျွန်တော်နဲ့ အနီးကပ်နေခဲ့တဲ့ မိတ်ဆွေသူငယ်ချင်းတွေဆိုရင်တော့ ဒီ အကြောင်းအရာကို ကျွန်တော်က တခါတလေဆရာသော့်ကို လွမ်းရင်းပြောပြတော့ ကြားဘူးနိုင်ပါတယ်. . အပြင်လူတွေတော့သိဖို့မလွယ်ပါ. . သိပြီးသားလူတွေပါလာခဲ့ရင်လဲ. . . စာထပ်သွားခြင်း. . . . ရွှေဖလားကို ငွေနားကွပ် သလို ဖြစ်သွားခြင်းအတွက်တောင်းပန်လိုက်ပါရစေ. . . .
စကားပြောခြင်းကို . စာအဖြစ်ရေးရတော့ အားနည်းချက်တွေကတော့ ပါမှာ သေချာပါတယ် . သို့သော် . . မှတ်တမ်း အတွက်ရေးခြင်းဖြစ်နေတော့စိတ် လုံပါတယ်. သီးခံ၍သာ ဖတ်ကြ ကုန်လော လို့ .ဘဲ ပြောလိုက်ပါရစေခင်ဗျား . . . . .
ဆရာသော် က စင် ပေါ်ရောက်လာလို့ အစိုး ရ ကို ဆက်တိုက်တွယ်ပြီး ရင် . .စကားပြောဂွင် တစ်ဝက်လောက်မှာ ဒီအကြောင်းအရာလေးကို ထည့်လေ့ရှိသဗျ. . . ကဲ . . . . ခါး တောင့်တောင့်. . . ခေါင်း စောင်းစောင်း နဲ့သူ့ပုံစံကို မြင်ယောင်ပြီး. . . သူပြောတာလေးနားထောင်ကြည့်လိုက်ရအောင်. .
တရံရောအခါ က. . . တပ်က အရာရှိတော်တော်များများ. . အမှူ့တွဲ တစ်ခု အရင်းပြုပြီး . ပြုတ် ကြပါလေရော ဗျို့.
အဲ့ဒီ့အထဲ မှာ ဗိုလ်ကြီးတစ်ယောက်လဲ ပါလာသဗျ . . ဗိုလ်များ. . ပြုတ်ပြီဆို အပြင် မှာ ဘာမှ လုပ်စားတတ်တာမှ မဟုတ်ဘဲဗျ . . ဟုတ်ဘူးလား . .( ခေါင်းကြီးစောင်းပြီးကပ်ပြော). .တနေ့တနေ့ အိမ်မှာချည်းဘဲ ထိုင်နေတော့တာကိုး. . .
အိမ်က မိန်းမလုပ်တဲ့သူကလဲ . . အရင်ကတော့ အရာရှိကတော်ဆိုတဲ့ ပုံနဲ့မြောက်ကြွမြောက်ကြွလုပ် နေခဲ့ရတုန်းက. . ကိုကို ရဲ့ မောင်မောင်ရဲ့ နဲ့. . ပြုတ်ပြီလဲ ဆိုရော. . . တော့်. . ကိုဟဝှါ(တွေ့လားတွေ့လား ယောက်ကျားများနိမ့်ပါးပြီဆိုအိမ်ကကောင်မ ခေါ်ပုံကိုက. . ရယ်ရင်းပြော....) . .... ရှင်. . . အလုပ်ကလေးဘာလေး ရှာအုန်းလေ ဆိုတော့. . ယောက်ကျားက. . . အေးပါကွ. . ငါလဲရှာနေပါတယ်ကွ. ပြော. .
မိန်းမက
ရှင်ရှာနေတယ်သာ ပြောတာ တစ်နေ့ တစ်နေ့ အိမ်ထဲ မှာ ဘဲ ထိုင်နေတော့ ဘယ်က အလုပ်ကရ မှာတုန်းဆိုပြန် ပြော. . . ဗိုလ်ပြုတ်ကလဲ .. . ငါက . . ဘာလုပ်ရမှာတုန်း ကူလီထမ်းရမှာလားဆိုပြီးအော်. . မိန်းမကလဲ. . အိုး. . . ထမ်းသင့်ထမ်းရမှာ ဘဲပြောတာကိုး...
ဗိုလ်ပြုတ်လဲစိတ်ဆိုးပြီး. . ဒီမှာဟေ့ ငါ က ပြန်တမ်းဝင်အရာရှိကွ နားလည်လား. . ဆိုတော့. မိန်မက. . ရှင့်ဟာရှင် ပြန်တမ်းဝင်အရာရှိ ချင်ရှိ မရှိ ချင်နေ ကျုပ်ဂရုမစိုက်ဘူး. ကျုပ်မှာ ပိုက်ဆံမရှိတော့တာဘဲသိတယ်.. . တနေ့တနေ့ ထိုင်စားနေတာ. ကျုပ်မှာ . နားကပ်ရော ဆွဲ ကြိုးရော. . မရှိတော့ဘူး. .ရှင်သိရဲ့လား . ရှင် အလုပ်ရှာရင် ရှာ မရှာ ရင် ကျုပ်နဲ့ အတွေ့ ဘဲ ဆို ပြီး ပြန်အော်. . .
အဲ့တော့မှ ဗိုလ်ပြုတ်လဲ . . တနေ့တနေ့ နားညည်းတဲ့ဒဏ်မခံချင်တော့
နောက်နေ့က စပြီး မနက်ဆို မိန်မဆီက နှစ်ကျပ်တောင်း. . လက်ဖက်ရည်တစ်ခွက်သောက်. .
ပိုတဲ့ပိုက်ဆံနဲ့ ဆေးပေါ့လိပ်တွေဝယ် တိရိစ္ဆာန် ရုံဘေး နား သွားထိုင် ညနေကျ ပြန်လာ လုပ်နေပါလေရော. . .
ဒီလိုနဲ့ ဆယ်ရက်လောက်ကြာတော့ . . သူစိတ်ညစ်ညစ်နဲ့ ဆေးပေါ့လိပ် ဖွာနေတုန်း လူတစ်ယောက်က အနားကပ်လာပြီး . . ဆေးလိပ်မီးတောင်းရင်း .. .
ဟိုလူက. မိတ်ဆွေဒီနားမှာထိုင်နေတာ . တစ်ပတ်လောက်ကြာပြီနော်ဆိုပြီး .တာကိုး
ဗိုလ်ပြုတ်ကလဲ နဂိုကတည်းက ဒေါသထွက်နေတော့. . . ဘာလဲ မထိုင်ရဘူးလား. .ခင်ဗျားပိုင်တဲ့နေရာမို့လား ဒါအများပိုင်တဲ့နေရာ. . . ခင်ဗျား မီးညှိပြီးရင် သွားစရာရှိတာသွားစမ်းဗျာ..အာရုံနောက်တယ် ဆို ပြီးစိတ် ညစ်ညစ် နဲ့ ဘုတောပါလေရော . .
ဟိုလူက. . .အဲ့တော့မှ
ဟာ . . မဟုတ်ပါဘူး. . ထိုင်ရပါတယ် ထိုင်ရပါတယ်. . . ခင်ဗျား အလုပ်မရှိဘူးလားလို့မေးကြည့်တာ . . ဆိုတော့ . . ဗိုလ်ပြုတ် က . . မရှိလို့ထိုင်နေတာပေါ့ဗျ. . ရှိရင် အလုပ်သွားလုပ်နေမှာ ပေါ့ . . သွားစမ်းဗျာ ဆို ပြီးထပ် ပြောတော့ မှ. .
ဟိုလူက.. . ရုတ်တရက် . အနားနားကပ်လာ ပြီး ခင်ဗျား အလုပ်လုပ်မလားလို့မေးတာကိုး .
ဗိုလ်ပြုတ်လဲ အဲ့ဒီတော့မှ . အံ့အားသင့်ပြီး. ဘာလဲ ခင်ဗျား က အလုပ်ပေးနိုင်လို့ လား ဆိုတော့ ဟိုလူက ပေးနိုင်တယ်ပြောရော. .
ဘာအလုပ်လဲမေးတော့ . ဟိုလူက မပြောတော့ဘဲ. . အလုပ်က ပြောပြလို့မရဘူး . . ခင်ဗျားက လုပ်မယ်ဆိုမှ ပြောပြလို့ ရမှာ ဆိုတာကိုး. .
ဗိုလ်ပြုတ်က . အာ. ခင်ဗျားဟာက. ဘာအလုပ်မှန်းမသိဘဲ လုပ်စရာလား ဓားပြ တိုက်ခိုင်းနေတော့ ဘယ်လို့လုပ်မတုန်းပြန်မေးတော့မှ. . .
ဟိုလူက. . . အာ . . . ဓားပြ တိုက်ခိုင်းပါ့မလားဗျ. အလုပ်က အစိုးရအလုပ်ဘဲ. . နေ့စား. . တစ်ရက်ကို ၁၅ကျပ်ပေးမယ် ထမင်းကျွေးမယ် ပိတ်ရက်မရှိဘူး. ... ဆက်ပြောတော့တာကိုး. . အဲ့တော့မှ
ဗိုလ်ဟောင်းက စ စဉ်းစားတယ်. . .
အင်း. . . တစ်ရက်၁၅ကျပ် . . ပိတ်ရက်မရှိ . တလ ရက်၃၀ ဆိုတော့ . ၄၅၀. . . အာမယ်. . . ဖိုးဖစ်တီးစကေး. .. အရာရှိလစာ အကိုက်ဟ. . ကွက်တိဘဲ. ဆိုပြီး. . . . လုပ်မယ် ဗျာ. . . ဘာအလုပ်တုန်းဆိုတော့. . .
ဟိုလူက. . ခင်ဗျားသေချာတယ်နော် လို့ ထပ်မေးတော့ . . အာသေချာပါတယ်ဆို ပြီးဘုတောတော့မှဘဲ. .
ဟိုလူကစပြောတော့တာကိုး. . .
ဒီလိုဗျ. . ကျွန်တော်တို့ တိရိစ္ဆာန် ရုံမှာ. . လူစကားတော်တော်နားလည်နေတဲ့ ဂေါ်ရီလာလူဝံကြီးတစ်ကောင်ရှိတယ်. . . အင်မတန်လဲ လိမ္မာတယ် သူ့ကြောင့် တိရိစ္ဆာန် ရုံဝင်ငွေတော်တော်ကောင်းတာဗျ. . . . အဲ. . . လွန်ခဲ့တဲ့လေးလလောက်က ဒီကောင်ကြီး တော်တော်နေမကောင်းလို့ ကျွန်တော်တို့လဲ အတော်ကျိုးစားပြီးကုတာ လုံးဝမရတော့ဘဲ လွန်ခဲ့တဲ့ ၂ လ လောက်ကသေသွားပြီဗျ. . ဒီအကြောင်းကို ပြည်သူကိုမကြေငြာရဲဘူးဗျို့. . တိရိစ္ဆာန် ရုံဝင်ငွေကျသွားမှာစိုး လို့ ဆိုတော့. ..
ဗိုလ်ပြုတ်က . . အင်း . . ဆက်ပြောပါ ဆိုပြီး
. စကားလဲထောက်ပေးလိုက်ရော. .
ဟိုလူက. .
သေသွားပေမယ့် . ကျွန်တော်တို့. . ဒီကောင်ကြီးအရေခွံကို အကောင်းအတိုင်းရအောင်ဆုပ်ယူထားလိုက်တယ်. . . ခင်ဗျားရဲ့ ဂိုက်ဆိုက်က. . အဲ့အကောင်ကြီးနဲ့ ကွက်တိလောက်ဘဲ ဆိုတော့မှ. . .ဗိုလ်ပြုတ်က လန့်တော့တာကိုး. .
အာ. . အဲဒီ့တော့. .
အဲ့ဒီ့တော့ ခင်ဗျားက. . . . အဲ့ဒီ့ လူဝံရေကြီးဝတ်ပြီး မနက်၇ နာရီကနေ ညနေ ၆နာရီထိ လှောင်အိမ်ထဲမှာ ထိုင်နေရုံဘဲ. . ထမင်းစားချိန်ကျ ရင် . . လှောင်အိမ်နောက်ဖက်က အကွယ် မှာ ထမင်းလာပို့ မယ် . ခင်ဗျားက စား. . ပြီးရင် ရှေ့ပြန်ထွက်ထိုင်နေရုံဘဲ. . လို့ပြောတော့တာကိုးဗျ .
ဗိုလ်ပြုတ်က လန့်ပြီး. . . အာ. . . အပြင်လူတွေသိကုန်ရင်ရှက်စရာကြီးဗျ. . ဆိုတော့ ဟိုလူက. . . အာမယ်လေးဗျာ. . . ခင်ဗျားက ရှက်တာလောက်ဘဲ ကျုပ်တို့က ပိုကြောက်တာပေါ့ဗျ. . . . ဒါ အစိုးရရဲ့ တော့ပ် စီးကရက် ထိပ်တန်းလှို့ဝှက်ဗျ.. . . အပြင်လူသိလို့မရဘူး ခင်ဗျားနားလည်လားဆိုတော့ မှ.
ဗိုလ်ပြုတ်လဲ နည်းနည်း စိတ်ချသွားပြီး. ..
အင်းဗျာ ဒါဆိုလဲ မနက်ဖန်ကျ စမ်းကြည့်မယ် ဆိုပြီးမရဲတရဲ ကတိပေးတော့တာကိ
နောက်နေ့မနက်ကျ တော့ အိပ်ယာက ၅နာရီခွဲလောက် ထ. . တိရိစ္ဆာန် ရုံ လဲ ရောက်ရော. .. အဲ့ဒီ့ အရေခွံ ကြီး ဝတ်ပြီး. . မှန်ကိုကြည့် လိုက်တာ . . အာမယ်လေးဗျာ လန့်ထှာ ဆို ပြီး . . အော်ယူရသကိုး. . . .ဖြစ်ချင်တော့ အရေခွံကြီးက ကံအားလျော်စွာ . ကွတ်တိ ကျပြီး. တကယ့် တကယ့်လူဝံ ကြီးလိုဖြစ်နေတာကိုးဗျ. . . အဲ့တော့မှ သူလဲ စိတ်ချပြီး လှောင်အိမ်ထဲဝင် ထိုင်နေရော. . . ကလေးတွေ လာတော့လဲ. . သူ့မှာ ကြောက်ပြီးမလှူပ်ဝံ့ဘူးကိုးဗျ. . . . အဲ. . ထမင်းစားချိန်ရောက်မှ ဘဲ . . နောက်က အကွယ်လေးမှာ ထမင်း ဝင်စား. . . ပြီးတော့ပြန်ထွက်ထိုင်. . ညနေကျတော့. .. ဟိုလူက လာပြီး . ၁၅ ကျပ် ချက်ချင်းထုတ်ပေးတာကိုး. . . ပိုက်ဆံယူ အိမ်ပြန်လာ. ... ၅ကျပ်ကို ဖွက်ထား. . ကျန်တဲ့တဆယ် ကို မိန်းမကိုပေးလိုက်တော့ . .မိန်းမ လဲ မျက်လုံး တွေဘာတွေ အရောင်တောက်လာပြီး. . . ဟယ် . . ကိုကို အလုပ်ရပြီလားတွေ ဘာတွေ အတင်းမေးတော့ တာကလား(တွေ့လားတွေ့လား. . ကောင်မ အသံကိုက ချက်ခြင်းပြောင်းသွားတာ. . ရယ်ရင်းပြော)
ဗိုလ်ပြုတ်ကလဲ . အလုပ် ရပြီလဲ ဆိုရော .
မိန်းမ က ဆက်မေး ဘာအလုပ်လဲ ဆိုတော့ သူလဲ ဘာဖြေရမှန်း မသိ. . .
အေး. . အစိုးရ အလုပ်ဘဲ. . လောလောဆယ်တော့ နေ့စား ဘဲ ပြောလိုက်ရော . .
မိန်းမ က အဲ့တော့ မှ. . . အင်း.
.. . ဒါဆိုလဲ အလုပ်ကျိုးစားနော်.. ပါမင်နစ်လေးဘာလေးဖြစ်အောင်ကျိုးစား. . ဘာညာ ဆိုတော့တာကိုး. . (မျောက်ဘဲ ပါမင်းနစ်ဖြစ်ရအုန်းမယ်. . ရယ်ရင်းပြော). .
ဒီလိုနဲ့ တပတ်လောက်ရှိတော့ သူလဲ လှောင်အိမ်ကိုနည်းနည်း ရင်းနှီးလာပြီး မကြောက်တော့ဘူးကိုး . .
ကလေးတွေက. . ဟေးလားမျောက်ကြီး ရှောက်သီးစားမလားဆို . . ခေါင်းခါခါ လက်ခါခါ လုပ်ပြ ကလေးတွေက သဘောကျ တော့. ... သူလဲ ပျော်တော့ တာကိုး . .
ဒီလိုနဲ့တစ်လလောက်ကြာချိန်ရောက်လာတော့. . လှောင်အိမ်ကိုပါ ရင်းနှီး ပြီး. . ကလေးတွေက . မျောက်ကြီး ဂျွမ်းထိုးပြပါဆို. . . ချက်ခြင်းဂျွမ်းထိုးပြ လိုက်တာကိုး. . . တပ်ကကောင်ဆိုတော့ ဂျွမ်းတွေဘာတွေ ကလဲ ကောင်းကောင်းထိုးတတ်တာကလား. . . .
တာယာကွင်းခိုပြ. . . ဘေးက သံတိုင်တွေကိုပြေး ခုန်တက် ပြ. . . အင်မတန် ကျွမ်းကျင်လာ တာကိုး. .
ပြည်သူတွေကြားမှာ လဲ. တိရိစ္ဆာန်ရုံက. . ဒီ. . လူဝံ ကြီးက လူစကားတတ်နေပြီ ဆိုပြီး. . . သတင်းတွေထပ်ပြန့် ဝင်ငွေတွေ ထပ် တိုးလာ... ၆ လ ပြည့်တော့ ဘောနပ်စ် တွေ ဘာတွေ တောင်ရတော့ အစစ အဆင်ပြေလာတော့တာကိုး
အဲ . . .တစ်ရက်ကျ မှ. . ကလေးတွေက. မြောက်ပေး . .သူ လဲ ပျော်ပြီး တာယာကွင်းခိုပြရင်း. ဘေးက သံတိုင်ကို လှမ်း. . .ခုန်ကူးလိုက်တာ. . . သံတိုင်က ဆွေးနေတော့ ကျိုးပြီး တဖက် က လှောင်အိမ်ကြီးထဲ အရှိန်လွန်ပြီး ပြုတ်ကျ သွားပါလေရော. .
လူတွေ အားလုံး လဲ. . မြင်နေရတော့. . .ဝိုင်းအော်ကြတာပေါ့. . .
လူဝံကြီး . . ကျားလှောင်အိမ်ထဲ ကျ သွားပြီ . . လူဝံကြီး ကျားလှောင် အိမ်ထဲ ကျ သွား ပြီ ဆိုတော့ မှ. . .သူလဲ ဆူ ညံနေ တဲ့ . . အော်သံတွေကြားရတော့မှဘဲ ကျားလှောင်အိမ်ထဲပြုတ်ကျမှန်းသိတော့တာကိုး
. . ချက်ခြင်း လူးလဲ ထမလို့ လုပ်လိုက်ချိန်မှာ . . မလှမ်းမကမ်းက . . ဝါးရုံ ပင်ရိပ် မှာ . . အိပ်နေတဲ့. . ကျားက ဆတ်. .ကနဲ့. ထလာတာကိုးဗျ. အဲ့တော့မှ. . . သူ့ခေါင်းထဲ မှာ. . ချက်ချင်း . .အသိတစ်ခု ဝင်လာတာကိုး. . . သူမလွတ်နိုင်တော့ဘူး ဆိုတာကို တန်းသိပြီး. ... အင်း... .....
ကျားဆိုတာ. . အသေ သား မစားဘူး. . ငါသေချင်ယောင်ဆောင်နေမှ ဆို ပြီး ချက်ခြင်းပြန်လှဲ ချ. . သေချင်ယောင်ဆောင် ရတော့တာကိုး. .
ဘေးက လူတွေ ရော ဝန်ထမ်းတွေရော . . အကုန် ဝရုန်းသုန်းကားဖြစ်နေပေမယ့် . သူ့မှာတော့ . ရင်တဒိတ်ဒိတ် တုန်ပြီး . . လှဲ ချနေ ရင်း. . ကျားထ လာတဲ့အသံ သူ့ဘက်ကို ဖြေးဖြေး ချင်း လျှောက်လာတဲ့အသံက ကြားနေရတော့. . တစ်ကိုယ်လုံး ချွေးတွေ ရွှဲ ရင်က တဒိတ်ဒိတ် နဲ့ နင်းကန် ခုန်တော့တာကိုး. . .
ကျား က သူ့ အောက်ပိုင်း ကစနမ်းတော့ . နူတ်ခမ်းမွှေး . တွေနဲ့ ထိုး မိ. . . လိပ်ပြာပါလွင့် မတတ် ဖြစ်ပါလေရောဗျား . ကျားက တဖြေးဖြေး နဲ့ အပေါ် ကို. . အနံ့ခံရင်းတတ် လာ . ကျားရဲ့ အသက်ရှူ သံ ကြားနေ ရပြီး မျက်နှာ နား ထိကပ်လာ ချိန်. . သူ့ စိတ် ဒုံး ဒုံး ချ လိုက်ချိန်မှာ . . ကျားက မျက်နှာနား ကပ် ပြီး. . .
သိပ်ကြောက်နေသလားရဲဘော်
ရဲဘော်က ဘယ်တပ် ကလဲ. . . . တဲ့. .
( တပ်ကထွက်လာသူများ. . အရပ်ဘက်မှာ အရေ ခြုံနေကြတယ် ဆိုတဲ့ ခေတ်ကြီးကို လှောင်လိုက်တဲ့ အကြောင်းဖြစ်နေတော့ . ဒီစာ ကို ဘယ် စာစောင် ဘယ်မဂ္ဂဇင်းကမှ မထည့်ဝံ့ခဲ့ကြပါ. .. အသံသွင်း record လဲ မရှိခဲ့ပါခင်ဗျား. . . အကယ်၍အားနည်းချက်များရှိပါက. . စာပါးမဝသေးသော...စကားပြောကို သရုပ်ပေါ်အောင် မရေးနိုင်သေးသော ကျွန်ုပ် ၏ အားနည်းချက်ဟုသာ မှတ်ယူကြပါကုန်. . ..ပြီး မှ edit လုပ်ပါမည်. . . စာတစ်ပိုဒ် ရေးရင်းပျောက်သွားလို့ အတော်ရွာပတ်သွားပါသည်. . . . ). . . .
**********
အဖေ့အကြောင်းကိုရေးရတာကျွန်တော့မှာ အင်မတန်တာဝန်ကြီးပါတယ်. မြန်မာပြည်က လူငယ်ပေါင်းများစွာ ကို လမ်းညွန်ပြသပေးခဲ့တဲ့ မီးရှူးတန်ဆောင်လိုပုဂ္ဂိုလ် မျိုးဖြစ်နေတော့ ပိုဆိုးပါတယ်ခင်ဗျား.
ကျွန်တော့ရဲ့အဖေအကြောင်းဆိုပြီးရေးနေရတာတစ်ခါတစ်လေ စိတ်က မလုံသလိုလို ခံစားရပါတယ်. . . . ငါ့တစ်ယောက်ထဲရဲ့အဖေမဟုတ်တဲ့သူ ကို ကျန်တဲ့သူ့သားသမီးတွေရဲ့ရှေ့မှာ . . ကျွန်တော်ကသူ့ သားလေ. . .ကျွန်တော်က ဦးအောင်သင်း သားပါ ခင်ဗျ ဆိုပြီးအတင်း မာန်တက်ပြနေသလိုမျိုးများဖြစ်သွားရင် ကျွန်တော့်လောက်မိုက်မဲတဲ့သူ ရှိမှာမဟုတ်ဘူးခင်ဗျ
အဖေ့ကို သိပ်ချစ်ကြတဲ့ ကျန်တဲ့ ကလေးတွေ ကျွန်တော့ရဲ့ ညီညီမ အကိုအမတွေ ကို စော်ကားမိသလိုများ ဖြစ်သွားလေမလား ဆိုတဲ့ အတွေးမျိုးကလဲ ကျွန်တော့ စိတ်ကို အင်မတန် ဖိစီးပါသဗျ. . အင်မတန်သတိထားပြီးရေးနေရပါတယ်. . .
ကျွန်တော်ရေးလိုက်တဲ့ အကြောင်းအရာတစ်ခု . .စကားလုံးတစ်ခုကြောင့် မြန်မာလူငယ်တွေ အတွက် သူစွမ်းဆောင်ခဲ့ခြင်းကို ထိခိုက်ပျက်စီးသွားမှာလဲ အင်မတန်စိုးရိမ်မိပါတယ်. .
သူ့ တက်အားသ၍ စွမ်းဆောင်ခဲ့တဲ့ စာရေးဆရာကျောင်ဆရာ ဘဝ နဲ့. .
ကျွန်တော်အခုရေးပြမယ့် သူ့ရဲ့ နေထိုင်သွားခဲ့တဲ့ လူ ဘဝ အကြောင်းနှစ်ခုကို ခွဲခြားမြင်ကြစေလိုပါတယ်ခင်ဗျား
သာမန် လူတစ်ယောက်သာ ဖြစ်ခဲ့တဲ့ ဒီအဖိုးကြီးရဲ့ဘဝနေထိုင်မှူ့ကို ကျွန်တော်က သူများထက်ပို သိထား လို့ ပြောဆိုခွင့်ရှိသူအဖြစ်ပြန်လည်တင်ပြတဲ့အခါ
မဟုတ်တာကို အဟုတ်လုပ်ပြီး ရေးခွင့်မရှိသလို. . ဟုတ်နေတာ ကို လဲ အတင်းမဟုတ်ပါဘူးလို့ အတင်းလူလည်ကျပြီးရေးခွင့်မရှိပါခင်ဗျား. ဖြစ်ရပ်အမှန်တွေကိုဘဲရေးပြမှဖြစ်ပါ့မယ်.
ဦးအောင်သင်းကသောက်တတ်နေပါရက်နဲ့ မသောက်တတ်ပါဘူး. သူရာမေရိယ ကံလုံပါတယ်ဆိုပြီး. . ဘုရားဒကာပုံစံမျိုးနဲ့ရေးမိရင် ကျွန်တော် ရဲ့ ရေးသားမှူ့ဟာ အတု ကြီးဘဲ ဖြစ်သွားမှာပါ. အဲ. . . သူဘယ်လိုသောက်သလဲ ဆိုတာကိုတော့ကျွန်တော်ရိုးသားစွာရှင်းပြရပါလိမ့်မယ်.
ဟုတ်တိုင်းမှန်ရာကို ရေးခဲ့မိတဲ့ အတွက်ကြောင့်. . ဘာသာရေးပေတံနဲ့တိုင်းပြီး ဦးအောင်သင်းဆိုတာက ဒီလို ကြီးလားဆိုတာမျိုးဖြစ်သွားခဲ့ရင်တော့ ကျွန်တော်စိတ်မကောင်းရုံက လွဲပီး ဘာမှ မတတ်နိုင်ပါခင်ဗျ. .
ကျွန်တော်ရေးပြ နေတာက လူတစ်ယောက်အကြောင်းပါခင်ဗျာ . ရဟန္တာ.သူတော်စင်တစ်ပါးမဟုတ်ပါ. . . ချစ်သောသူတွေရဲ့ မျက်လုံးနဲ့ကြည့်ရင်တော့လဲ အားလုံးဟာ ကြည်နူးစရာလေးဖြစ်နေမှာပါ. .အဲအဆင်မပြေတဲ့မျက်လုံးမျိုးနဲ့ကြည့်မိရင်တော့လဲ အောင်သင်းလုပ်ခဲ့သမျှ အပြစ်ရှာလို့ရနေနိုင်ပါတယ်
ဦးအောင်သင်း အရမ်းတော်ခဲ့တဲ့အချက်ရှိသလို. . အော်. . . ဒါလေးကတော့ ဦးအောင်သင်း နည်းနည်းလေးလျှော်သွားတာဖြစ်မှာပါဆိုတဲ့ခွင့်လွှတ်နားလည်စိတ်ကလေးနဲ့ ကြည့်မိကြရင်တော့ ... အင်မတန်ချစ်စရာကောင်းတဲ့လူပီသတဲ့ ဦးအောင်သင်းဖြစ်သွားမှာပါခင်ဗျား. . ကျေးဇူးတင်ပါတယ်
ဒီနေ့ကတော့ အသက်ရှည်ကျန်းမာစွာနေထိုင်နည်းအကြောင်းလေးပြောပြပါ့မယ်.. . ကျွန်တော့လိုကောင်ကဒီလိုစကားကြီးစကားကျယ်ပြောတော့ ကျမ်းပြုထားလို့လား၊ဆရာဝန်လားလို့ ကန့်လန့်တဲ့အတွေးတွေ မဝင်စေလိုပါ. .ဘဝဖြတ်လာတဲ့သက်တမ်းအတွင်း မြင်မိသမျှ တွေ့မိသမျှကို ဆန်းစစ်ကြည့်ပြီး . . မိတ်ဆွေများကို ပြန်လည်ဖြန့်ဝေပေးခြင်းမျှသာဖြစ်ပါတယ်.. . ကျွန်တော့်ရဲ့ကိုယ်ပိုင် အတွေးများသာဖြစ်ကြောင်းဝန်ခံပါ တယ်...
ယခုလို. . အင်တာနက်မီဒီယာခေတ်ကိုရောက်လာချိန်မှာ ကျန်းမာရေး သတိပေးချက်. အသိပေးနိုးဆော်ချက်တွေ ဗဟုသုတတွေဟာ. . ကိုယ်က မသိချင်ပါဘူးဆိုတာတောင် ကိုယ့်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရောက်လာနေပြီခင်ဗျ. . .
နုနယ်သေးသူများ. . အိုမင်းရင့်ရော်ခြင်းနဲ့ သေခြင်းတရားကို မေ့လျော့နေသူတစ်ချို့က လွဲလို့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ပေ့ခ်ျတွေကို လူတိုင်းစိတ်ဝင်တစားဖတ်ကြည့် ပြီးshare နေကြတာကိုတွေ့ရပါတယ် .စိတ်ဝင်စားစရာကောင်းသလို အကျိုးလဲရှိလှပါတယ် . . .
ဒီကရတဲ့ဗဟုသုတတွေကနေကျွန်တော်တို့မိသားစုရဲ့ကျန်းမာရေးအခြေ အနေလေးကိုပြန်လည်ဆန်းစစ်မိသမျှလေးဝေမျှလိုက်ခြင်းပါ..ဆောင်ရန်ရှောင်ရန်လေးပေါ့ခင်ဗျာ. .
ကျွန်တော်တို့မိသားစု ကိုပြန်ကြည့်ရင်အကြမ်းဖျင်းအားဖြင့် အဖေရောအမေ ပါ အသက်ရှည်ကြတာကိုတွေ့ရမှာပါ. . အမေ က (၈၀) အဖေက (၈၈) ဆိုတော့ သာမန် ဘဝဖြတ်သန်းသွားသူတွေထဲမှာ . အသက် ရှည်တယ်လို့ဘဲ ပြောရပါ့မယ်. . သိပ်မဆိုးလှဘူးပေါ့ခင်ဗျာ. .
ကျွန်တော်တို့ခေတ်မှာ အဲ့ဒီလောက်အသက်ရှည်ပါ့မလားလို့ တွေးမိလာပါတယ် ဓာတုဆေးဝါးတွေနဲ့ ဖန်တီးထားတဲ့ စားသောက်ကုန်တွေ. . ဘယ်က မှန်းမသိတဲ့ ဆီအမျိုးအစားတွေ . ပိုမိုထူးကဲအရသာ ဖြစ်အောင်ဖန်တီးထားတဲ့ အမျိုးစုံလွန်းသောစားစရာတွေ ဟာ. . ထူးဆန်းလှခြင်း စိတ်ဝင်းစားစရာကောင်းခြင်းတွေနဲ့အတူ. ကျွန်တော်တို့ရဲ့ ခန္ဒာ ကိုယ်ကို တဖြေးဖြေး ဖဲ့ဝါး ဖို့ကျိုးစားလာကြတယ်လို့ယူဆမိပါတယ်..
လူသားရဲ့ခန္ဒာ ကိုယ်တွေဟာ စီးပွားရေးအတွက် အစမ်းသပ်ခံ ကြွက်တွေ ပူးတွေ လို ဖြစ်လာပြီး . သိပ္ပံ ရဲ့တိုးတက်ခြင်းနဲ့အတူ လူအများစုဟာ သဘာဝတွေနဲ့ တဖြေးဖြေး ဝေးလာစေတယ်လို့ ထင်မြင်လာပါတယ်
ကျွန်တော်တို့ကိုယ်တိုင်ရော ဒီအစားအစာတွေနဲ့ ကင်းနိုင်လို့လား. လို့မေးရင်တော့ မကင်းနိုင်ကြောင်းဝန်ခံပါတယ်. . သို့သော် သဘာဝကို မမှီဝဲလိုက်ဘူးတဲ့ နောင်လာနောက်သားလူငယ်တွေ ကလေးတွေ သတိ ရှိဖို့ကိုတော့ အသိပေးသင့်တယ်လို့ ယူဆပါတယ် ခင်ဗျား. .
အစားကောင်းအသောက်ကောင်းတွေ့ရင်တရားလွန်စားချင်တတ်သော. . အစားအထူးအဆန်းတွေ့ရင် မြည်းစမ်းချင်တတ်လွန်းသော ကျွန်တော့ကို အဖေသတိပေးဘူးတဲ့စကားလေးကိုဘဲ ပြန်ပြောပြပါရစေ.
လူလေး . မင်းရဲ့လျှာကို သိပ်အလိုမလိုက်နဲ့ကွ. မင်းရဲ့လျှာက မင်း ခန္ဓာ ကိုယ်ရဲ့ ဝင်ပေါက်ကွ ပေါက်ကရ အစာတွေသိပ်မသွင်းနဲ့ . မင်းဒုက္ခ ရောက်လိမ့်မယ်တဲ့. .
အင်္ဂလိပ်စကားပုံလေးရှိတယ်. . လူတွေဟာကိုယ့်သေတွင်းကို ဇွန်း ခရင်းနဲ့တူးနေကြတာကွ. .တဲ့. . . မင်းအစားအသောက်ဆင်ခြင်ပါ လို့ပြောခဲ့တဲ့သတိပေးစကားလေးပါခင်ဗျား. .
အရမ်းမှန်တဲ့စကားဆိုတာ. . အသက် ၄၀ ကျော်ရောက်ချိန်မှာ မှ ကျွန်တော်ကောင်းကောင်းလက်ခံလာပါတယ်. .
အဖေ ဟာ အစားအသောက်ကို စားရင် အင်မတန် စနစ်တကျ မျှတစွာစားပါတယ်.. အသီးအရွက်သားငါး. . အားလုံးကိုညက်နေအောင်ဝါးပြီးမှ သူ့ ခန္ဓာ ကိုယ်ထဲကိုထည့်တာတွေ့ရပါတယ်.
အဖေ့အကြောင်းကိုမပြောခင် အမေ့ရဲ့ဟင်းချက်ကောင်းခြင်းလေးကို အရင်ပြောပြ ပါရစေ. . အမေကသိပ်ဟင်းချက်ကောင်းတယ်ခင်ဗျ. . . . ချမ်းသာသောမိသားစုရဲ့ ဟင်းပွဲမျိုးမဟုတ်ပေမယ့် . အင်မတန် ဖွယ်ဖွယ်ရာရာ ချက်တတ်တာကိုတွေ့ရပါတယ်. .
မိသားစု စားအိုးကြီးခြင်း .အတန်အသင့်နွမ်းပါးခဲ့ခြင်း . ဝင်ငွေ ထွက်ငွေမျှအောင်စီစဉ်ချက်ခြင်းတွေဟာ.နောင်တစ်ချိန်ပြန်စဉ်းစားမိတော့ မိသားစု ကျန်းမာရေးအတွက်အတော်အထောက်အကူပြုတာကိုတွေ့ရပါတယ်အိမ်မှာ အသားငါးကို မြနိမာ့ရိုးရာ ဆီပြန် ချက်တာ အင်မတန်နည်းပါတယ်.. . ကျွန်တော်ကိုယ်တို့ကိုယ်တိုင်လဲ မကြိုက်ကြတာပါပါတယ်. .
အသားငါးကို. .ခရမ်းချဉ်သီးလေး အနည်းငယ်စွက်ပြီး ဆီကျန်ရေကျန်ချက် ငြုတ်သီးစိမ်းလေး အနည်းငယ်နဲ့ နံနံပင်လေး နည်းနည်းအုပ်လိုက်တာမျိုးဘဲ များပါတယ်. . တောချက်ဘဲဆိုပါတော့ဗျာ
.အသားချည်းဘဲဆိုရင်တော့ ပဲငံပြာရည် အနည်းငယ်ထဲ့ပြီး ပြုတ်ကျော်လုပ်ထားတာမျိုး. အသားပါလေကာနဲ့ အသီးအရွက် အာလူးရောလိုက်တာမျိုး ပါ. .
. ပြီးရင် အရည်သောက်အဖြစ် ချဉ်ရည်ဟင်း ပဲဟင်း ဟင်းချို စသဖြင့် တစ်ခု အမြဲပါ ပါတယ်. . . .
အတို့အမြုတ် လိုဟာမျိုးကို ငပိရည် ငြုတ်သီးအညာထောင်း၊ ဇီးဖြူသီးထောင်း၊ ငပိထောင်း.၊ ဂျူးမြစ်ထောင်း တစ်ခုခုကတော့ တပတ်မှာ ၃ ရက်လောက်ပါ ပါတယ် . . နေ့တိုင်းကတော့ အနည်းဆုံး ဟင်းနှစ်ခွက် ပါဘဲ. .
တောင်တွင်းကြီးဘက်က လာတာဆိုတော့ ခရမ်းချဉ်သီးကို အနှစ်အတွက် ဟင်းချက်တိုင်းလိုလို ပါတာတွေ့ရပါတယ်.
သို့သော် . . ခရမ်းချဉ်သီးငပိချက်ဖြစ်စေ ဟင်းဖြစ်စေချက်တဲ့အခါမှာတချို့အိမ်တွေ ချက်သလို. ငပိချက်ကို လုံးဝခြောက်ကပ်ဆီပြန်သွားသည်အထိ ချက်တာမျိုး မတွေ့ဘူးပါ. . မူရင်း ခရမ်းချဉ်သီးရဲ့ အနီရောင်နဲ့ အရသာကျန်နေဆဲလောက်မှာဘဲ ငြုတ်သီးစိမ်းသင့်ရုံ ထောင်းထည့်၊ နံနံပင်အုပ်ပြီး ရပ်လိုက်တာမျိုး တွေ့ရပါတယ်. .
အဖေဟာ အပြင်စာကို တတ်နိုင်သလောက်မစားပါ. . ညစာစားပွဲတွေ ဘာတွေက ပြန်လာရင်လဲ . အဖြစ်လောက်ဘဲ စားခဲ့ပြီး အိမ်ကျမှ ဘဲ ထမင်းစားတာကိုတွေ့ရပါတယ်. . အိမ်မှာ ထမင်းမစားတဲ့နေ့မရှိသလောက်ပါဘဲခင်ဗျား...
ကျွန်တော်တို့အိမ်ရဲ့ ပုံမှန်စားတဲ့ဆန်ကတော့ . အရမ်းကောင်းလွန်းတဲ့ အစေးအညှော် ကြီးတဲ့ ဆန်မျိုးကိုမစားဘဲ သင့်တင့်တဲ့ စေးထန်းမှူ့ ရှိရုံလောက်သာစားတာမျိုးပါ
ဆီကိုတော့ နှမ်းဆီကိုအဓိကထားပြီးသုံးတာတွေ့ရပါတယ်
အိမ်မှာကနှမ်းဆီ လုံးဝမပြတ်ပါ ... တောင်တွင်းကြီးက လူကြုံလာတိုင်းပြန်လာတိုင်း နှမ်းဆီ ကို ဘဲ မှာပါတယ် သိုလှောင်ပါတယ်. . (နောင်တစ်ချိန်ကျမှ နှမ်းဆီဟာ လူ့အတွက် ဘေးထွက်ဆိုးကျိုးအင်မတန်နည်းမှန်းသိရပါတယ်)
အောက်ဖက်က လူတွေ အဖို့ နှမ်းဆီကအနည်းငယ် သက်ပြီး အမြုတ် ထ တယ်လို့ ယူဆပေမယ့်ကျွန်တော်တို့မိသားစုက တော့ နှမ်းဆီ ကိုဘဲ သုံးတတ်တာ အကျင့်ပါနေခဲ့ပါတယ် . . အိမ်မှာ နှမ်းဆီ တစ်ပုံး နှစ်ပုံး အမြဲ အဆင်သင့်ရှိပါတယ်. .
အဖေ့ရဲ့ အကျင့်စရိုက်ကလေးနဲ့ နေ့စဉ်စားသောက်ပုံလေးကိုပြောပြပါရစေ. .
မနက်ဆို အဖေက ၈ နာရီလောက်မှထလေ့ရှိပါတယ်(အသက်ကြီးပိုင်းမှာ တော့ စောပါတယ်ခင်ဗျ) . ပြီးရင် အမေ ပြင်ပေးထားတဲ့ . ဘိန်းမုန့် . အကျော် .အသုတ် မုန့်ဟင်းခါး တစ်ခုခု ကို လက်ဖက်ရည် ကော်ဖီ သို့ ရေနွေးကြမ်းနဲ့စားပါတယ် . နေ့ခင်း ၁၁၃၀ နဲ့ ၁၂၃၀ ကြားလောက်မှာ. .နေ့လည်စာ စားပြီး. .စာရေး စာဖတ်ရင်း ခဏမှိန်းတတ်ပါတယ်. .. နေ့လည်စောင်း ၃ နာရီလောက်မှာတော့ လမ်းက ဖြတ်လာတဲ့. မုန့်ဗိုင်းတောင့်. .မုန့်စိမ်းပေါင်း . ထန်းသီးမုန့် . ကန်ဇွန်းဥပြုတ် စသဖြင့် တစ်ခုခု ကို အဆာ ပြေ နည်းနည်းလေး ဝယ်စား ပြီးရေနွေးကြမ်းနဲ့ သောက်လေ့ရှိပါတယ်. . .
အဲ ညနေဘက် အညောင်းအညာပြေ လမ်းလျှောက်တတ်ပြီး ညစာ ထမင်းမစားခင်မှာတော့ အဖေကြိုက်တဲ့ ပါစက အရည် ကို ထမင်းမစားခင် တစ်နာရီလောက်အချိန်ယူပြီးသောက်လေ့ရှိပါတယ်. .
သူ့ရဲ့သောက်နည်းလေးကို ကြည့်ပြီး. ပါစက သိပ်ကြိုက်တဲ့ မိတ်ဆွေများသတိပြု ဆင်ချင်နိုင်အောင်လို့ ရေးပြပါ့မယ်
ဖန်ခွက်ထဲကို လက် နှစ်လုံး(၂ပက် လောက်) လောက်ထည့်လိုက်ပါတယ်. . ပြီးရင် ဖန်ခွက် တစ်ခွက်လုံး ရေ ပြည့်အောင် ဖြည့် ပြီး .. .စကားပြောလိုက် နည်းနည်းလေး စုတ်သောက်လိုက်နဲ့ .ခွက်တစ်ခွက်ကို . တစ်နာရီကျော်လောက် ကြာအောင်သောက်ပါတယ်.. ဆေးပေါ့လိပ်ဖင်လေးကို . . အရက် နည်းနည်းလေး ဆွတ် ပြီးမှ စဖွာလေ့ရှိပါတယ် . စကားပြောမိတ်ဆွေရှိနေရင်စကားပြောပြီးမရှိရင်လဲ... စာအုပ်ကလေးဖတ်လိုက်. စာရေးလိုက် .နည်း နည်းလေးစုတ်သောက်လိုက် . . ဆေးပေါ့လိပ်ကလေး ၃ ၄ ဖွာ . ဖွာ လိုက်နဲ့ဇိမ်ယူ နေလေ့ရှိပါတယ်. .
ကုန်ခါနီး လက်တစ်လုံးလောက်မှာ ထမင်းခူးခိုင်းလေ့ရှိပြီး... ခူး ပြီးတာနဲ့ ... အရည်ကို လက်စသတ်ပြီး ထမင်းစ စားပါတယ်. .ထမင်းစားချိန်မှာ ထမင်းကို တစ်လုပ်ခြင်းညက်နေအောင်ဝါးတာကိုတွေ့ရပါ့မယ်. . .
စားပြီးတာနဲ့ လက်ဆေး ပါစပ်ဆေးပြီးသွားတိုက်ပါတယ်. . သွားကိုစိတ်ရှည်စွာ . ၁၀မိနစ်လောက်တိုက်ပါတယ်. . ပြီးရင်တော့ ဘာကျွေးကျွေး မစားတော့ပါ. ... ဆေးပေါ့လိပ် ခဏတစ်ဖြုတ်ဖွာပြီး. . . အိပ်ယာ ဝင် သွားတာပါဘဲ ခင်ဗျား. .
ဒီလှူပ်ရှားမှူ့အတိုင်း သူ့ရဲ့အသက် ၈၄ လောက်အထိနေပါတယ်. .
ကျွန်တော်ကိုယ်တိုင်သတိထားမိတဲ့ မိသားစု လေး နှစ်ခု အကြောင်းပြောပြပါ့မယ်. .
ကျွန်တော်က ဆော့ရင်း စာအတူကျက်ရင်း အလည်သွားရင်းနဲ့ ကျွန်တော့ သူငယ်ချင်းနှစ်ယောက်အိမ်မှာ မကြာခဏ ထမင်းစားခဲ ဘူးပါတယ်. . မိသားစု တစ်စု ရဲ့ ဖခင်က ရေတပ်က ဗိုလ်မှူးဖြစ်ပြီး နောက်မိသားစု တစ်စုရဲ့ အိမ်က တော့ ကာစတန်က အရာရှိ ပါ . .ငွေကြေး အတန်အသင့်ချောင်လည်ကြပြီး . . သူတို့ရဲ့အိမ်မှာ ထမင်းစ စားဘူးကာစမှာ. အပြောင်းအလဲကြောင့် အင်မတန် အရသာရှိပါ့ကလားလို့ တွေးခဲ့ဘူးပါတယ်. . .
တကယ်ပြောတာပါခင်ဗျား... နှစ်အိမ်လုံးက ပေါ်ဆန်းမွှေး အကောင်းစားဆန်နဲ့ ကြက်သားဆီပြန် ဝက်သားဆီပြန်ဟင်းတွေကိုဘဲနေ့တိုင်း စားပါတယ်. . လျှာအရသာအပြောင်းအလဲကြားမှာ ကျွန်တော်ကိုယ်တိုင် ချမ်းသာတဲ့မိသားစု တွေကျ ဒီလိုစားကြတာကိုးဆိုတဲ့အတွေးမျိုးထိဝင်ခဲ့ဘူးပါတယ်.
တစ်အိမ်မှာ နှစ်ကြိမ်လောက်စီ အနည်းဆုံး စားခဲ့ဘူးပါတယ်. . .
ပြောချင်တဲ့စကားက အခု မှ လာမှာ ပါ. ....
သူတို့ ရဲ့ ဘဝရပ်တန့် ချိန် က သိပ်စောပါတယ်ခင်ဗျား. . .
နှစ်မိသားစုလုံးရဲ့ မိခင်ဖခင်တွေဟာ ၅၅ နဲ့ ၆၁ ကြားမှာဘဲ ကွယ်လွန်သွားကြတာတွေ့ရပါတယ်.
အခုလိုကျန်းမားရေး ဗဟုသုတ တွေ ဖွံဖြိုးတဲ့အချိန်မဟုတ်လို့ ကံကုန်ရင် လူတွေ သေကြမယ်ဘဲ ထင်မိပါတယ်. . . မဟုတ်ပါဘူးခင်ဗျား. .
နေ့စဉ်စားနေတဲ့ထမင်းလုတ်ဟာ.အဲ့ဒီ့ . ဆွေမျိုးစုကြီး မိသားစုကြီး ရဲ့ သက်တမ်းနဲ့ ကျန်းမာရေး အကောင်းအဆိုးဘဲလို့ ကျွန်တော်ကတော့ ကောက်ချက်ဆွဲလိုက်ချင်ပါတယ်ခင်ဗျား.
နေ့စဉ်စားနေတဲ့ ထမင်းလုတ်ဟာ သင်နဲ့သင့်မိသားစုအတွက် အသက်ရှည်ခြင်း အနာရောဂါ ကင်းခြင်းအတွက် အင်မတန် အရေးပါကြောင်း သတိပေးလိုက်ပါရစေ ခင်ဗျား. . .
အဖေ့ရဲ့စားသောက်နေထိုင်မှူ့ပုံကလေးကို ဆက်လိုက်ပါရစေ
အသက်ကြီးပိုင်းသူ့ရဲ့အစားအသောက်ကလေးတွေကလဲ စိတ်ဝင်စားဖို့ကောင်းတယ်ခင်ဗျ. ဆန်၊ အသီးအနှံ၊ ပဲ၊မုန်လာဥနီဥဖြူတွေကို ရောပြုတ်တာမျိုး၊၊ တစ်ခါတစ်လေ ထန်းညှက်ခဲလေးတစ်ခဲထည့်ပြုတ်တာမျိုးလေးတွေ စားတယ်ခင်ဗျ.၊ ခရမ်းချဉ်သီးချက်ကလေး ကို ပေါင်မုန့်နဲ့တို့စားချင်ရင်လဲစားနေတာပါဘဲ. အိမ်ကို တစ်ခါတစ်ရံ ဆေးသွင်းပေးဖို့ လာတဲ့ ဆရာဝန်တောင်သူစားတာတွေကိုကြည့်ပြီး မျက်လုံးပြူးသွားရတာမျိုးပါ.
ကျန်းမာရေးအတွက်အင်မတန်ကောင်းပါသတဲ့ ခင်ဗျား.
အဲနောက်တစ်မျိုးကတော့ . အစာ. .စား ချင်စိတ်မရှိရင် . ကြက်ဥတစ်လုံး ပျားရည်နှစ်ဇွန်း. . . နဲ့ဝီစကီ တစ်ပက်လောက် ကို ခလောက်ပြီးသောက်လိုက်တာပါဘဲ သူ့အတွက်အင်မတန် အကျိုး ရှိပုံရပါတယ်. .
လူအတော်များများအတွက် အရက်ဟာဘေးထွက်ဆိုးကျိုးအင်မတန် များတာတော့သိပ်သေချာပါတယ် .
သို့သော် သူ့အတွက်တော့ အရက်က ဆေးပြန်ဖြစ်သွားတယ်လို့ယူဆမိပါတယ်ခင်ဗျား. . နှစ်သက်သလိုသာ ဗဟုသုတယူကြပါကုန်. . . .
၂၀၁၁ ခုနှစ်လောက်မှာ...အိမ်ရှေ့မှာ ခပ်ငယ်ငယ် ကလေးမလေး ၃ ယောက်လောက်ရောက်လာပြီး ဆရာကြီးကို အင်တာဗျုးချင်လို့ပါဆိုတော့. . ကလေးတွေကို အိမ်ပေါ်တက်ခိုင်းပြီး ဘာအတွက်အင်တာဗျုးချင်တာလဲဆိုတော့. . ကျန်းမာရေးမဂ္ဂဇင်း တစ်ခုအတွက်လို့ဆိုပါတယ်. .
ဆရာကြီးဘာကြောင့်အသက်ရှည်ကျန်းမာပါသလဲလို့လာအင်တာဗျုးခိုင်းလိုက်လို့ပါလို့ သူတို့ရဲ့အုပ်ချုပ်သူက လွှတ်လိုက်တာလို့ဆိုပါတယ်. .
. . အဖေလဲ တဟားဟား ရယ်ရင်း. . ကလေးတို့ ဘဘ ကိုအင်တာမဗျုးနဲ့ မှားကုန်လိမ့်မယ်ဆိုပြီး ရယ်ရင်းဆိုပါသတဲ့. . .အဖေပြောတဲ့အတိုင်းဘဲပြောပါရစေ. . .
ငါ့ကွာရယ်လိုက်ရတာ. . . ဒီကလေးတွေကြည့်လိုက်တော့လဲ ကြောင်စီစီလေးတွေကွ.ဗျူးခိုင်းတဲ့ကောင်ကလဲ ငါ့အကြောင်းသေချာသိပုံမရဘူး. . အသက်ရှည်ရင်သွားဗျူး ကြစမ်းဆိုပြီး လွှတ်လိုက်တာထင်ပါရဲ့ကွာ တဲ့. .
ဘာကိုဗျုးရမှန်းလဲကောင်းကောင်းသိကြပုံမရဘူး. နင်ပြောငါပြောဆိုပြီး ပြုံးစိစိ ကလေးတွေကိုးကွ. .
ဒါနဲ့ ငါလဲ. . . ကလေးတို့ ဘဘ ကို အင်တာဗျုးရင် မှားကုန်လိမ့်မယ် ဆို ပြီး သမီးတို့ ဒီဖန်ခွက်ကလေးထဲ က ဟာတွေကဘာတွေထင်လို့လဲ . ရေနွေးကြမ်းတွေမဟုတ်ဘူးကလေးတို့ရဲ့ ဆိုတော့ သူတို့လဲ ပြုံး ဖြီးဖြီးလေးတွေ ဖြစ်ကုန်ကြရော. .
ဒါနဲ့ ငါလဲ စကားဆက်ပြီး. .
ဟိုတစ်လောက စာစောင်တစ်ခုထဲမှာ. . အင်တာဗျုးတစ်ခုတွေ့တော့ ငါ့မှာ ရယ်ရသေးတယ်ဆိုပြီးကလေးတွေကိုပြောပြ လိုက်ပါသတဲ့. .
အဲ့ဒီ့အင်တာဗျုး ခံရတဲ့ကောင်က . . ဘဘ အခုလိုကျန်းမာနေတာက . အားကစားနေတိုင်းလုပ်တယ် . . လမ်းလျှောက်တယ် . . အရက်ဆေးလိပ် လုံးဝ မသောက်ဘူး. . ဒါကြောင့် ဘဘ ကျန်းမာတာပေါ့ကွယ်ဘာညာ ဆို ပြီးကြွားပြော ပြောနေတာကိုး ကွ. . . ဒါနဲ့ ငါလဲ ဒီကောင့်အသက်ကြည့်လိုက်တော့ . . ၇၃ တဲ့. . . အောင်မာ. .. လူကြည့်တော့ ၇၃ ဘဲ ရှိသေးတယ် ပြောပုံကို က နရင်းအုပ်ချင်စရာ. . . ငါ့အသက် ၈၄ လောက်ရောက်ရင် ဒီကောင်ဘယ်လိုပုံ ရှိမလဲ ကြည့် ချင်လိုက်တာ ဆိုပြီး. . . ကလေးတွေကို ပြန်ပြောပြ ပြီး အဲ့ဒီ့ ကလေးမလေးတွေ နဲ့ တဟားဟား ပွဲ ကျနေပါသတဲ့ခင်ဗျား. . အတော်ဆိုးတဲ့ အဖိုးကြီးပါ ခင်ဗျား. .
ဒါပေမယ့် အဆုံးသတ်မှာတော့ သူserious တစ်ခုပြောပါတယ်. .
အေး ဘဘ တစ်ခုတော့ပြောလိုက်မယ် ကျန်းမာရေးနဲ့ဆိုင်လားမဆိုင်လား မသိဘူး. . ဘဘ အကျင့်လေးတွေကို ပြောပြ မယ်စာထဲလဲထည့်ရေးစရာမလိုဘူး . ဗဟုသုတပေါ့ကွယ်. ဆိုပြီး ကလေးတွေကို သူ့ရဲ့ထူးခြားမှူ့လေး ၂ ချက်ကို ပြောပြ ပါတယ်. .
ငါဟာ ထမင်းကို ညက်နေအောင်မဝါးဘဲ ဘယ်တော့မှ မြိုမချဘူး. .ငါ့ အစာအိမ်ကိုသနားလို့ကွ. . ကသောင်းကနင်းနဲ့ အစာခြေနေရမှာစိုးလို့ကွ လို့ဆိုပါသတဲ့. ...နောက်တစ်ချက်ကတော့ . . ငါ့တစ်သက်မှာ. . . အာမယ်လေး စားလိုက်တာ ဗိုက်ကို အင့်သွားတာဘဲ လို့ ဘယ်တုန်းကမှ မှ မ ညည်းခဲ့ဖူးဘူး. . ဘာဖြစ်လို့လဲ ဆိုတော့ ဗိုက်ပြည့်ခါနီး နောက်ဆုံး ထမင်းတစ်လုပ်ကို ပုဂံ ရဲ့ထောင့် မှာ ဘဲ သပ်သပ် ကလေးချန်ထားခဲ့လိုက်တာကြောင့်ဘဲ(ဟုတ်ပါတယ်ခင်ဗျား ဘာကြောင့်မှန်းမသိဘဲ. ငယ်စဉ်ကတည်းကတွေ့ဘူးတဲ့ အဖေ့ရဲ့ အကျင့်လေးပါ).
. ငယ်ငယ်က တော့ ကိုယ်ထမင်းတစ်လုပ်ထဲက ခွဲပီး အညာထုံးစံအတိုင်း မြေကိုးသလိုလို ခေါစာ ချသလိုလို ဘာလိုလို ပေါ့ကွာ. . နောက်တော့လဲ အကျင့်ပါပြီး ပုံမှန် ထမင်းဝတော့မယ့် တစ်လုပ်ကို ပုဂံထောင့် ကပ်ထားခဲ့လိုက်တာပါဘဲ. . အဲ ဆိုင်လားမဆိုင်လားတော့မသိဘူး. .
အဲ့ဒီ့အတွက် ငါ ပြန် ရခဲ့တာက ငါ့တစ်သက်လုံးမှာ ဗိုက်အောင့် ဗိုက်နာ. . လေထိုးလေအောင့် တစ်ခါမှ မဖြစ်ဖူးဘူးကွ . . လို့ဆိုပါသဗျား.
.ကျွန်တော်မှတ်မိသလောက် အဖေ ဗိုက်အောင့်တယ်ဆိုတာမျိုး တစ်ခါမှ မမြင်ခဲ့ဘူးပါ. .
ရေးရင်းနဲ့ရယ်စရာလေးတစ်ခု သွားသတိရလာပါတယ်. . . အဖေ ဟောပြောပွဲတွေ ဘာတွေသွားရင် အဖေ့ရဲ့ လက်စွဲတော် ကလေးတွေ ၅ ယောက် ၆ယောက်လောက်ရှိပါတယ် . . . အကုန်လုံးက အဖေ့ကို ပြုစုဖို့အတွက် ကျွမ်းကျင်နေကြပါပြီ . . သူတို့ လက်ထဲ မှာ ဘရန်းကြက်ပေါင်းရည်ပုလင်းလေးတွေ ကိုလဲ မြင်နိုင်ပါတယ်. . . လူ အမြင်မသင့်တော်လို့ . .ဘရန်းကြက်ပေါင်းရည် တစ်ဝက်နဲ့ ဝီစကီ. ပက်ဝက်လောက်ရောထားတာမျိုးလေးတွေပါ. . .
ုဖြစ်ချင်တော့ အဖေ့ တစ်သက်တာ အမျိုးသားစာပေဆု ရတဲ့နေ့မှာ. . စားပွဲတစ်ဝိုင်းထဲ ကပ်ရက် ထိုင်နေသူ ကတော့ ဆရာကြီး သိပ္ပံမှူးတင် ပါခင်ဗျား . . အရက်သေစာဆေးလိပ် အားလုံးကို တစ်သက်တာဆန့်ကျင်ပြီး ရှောင်ခဲ့သူပါ. ..
အချိန်တော်ကြာသည်ထိ ဧည့်ခံခြင်းက. မပြီးတော့ အဖေလဲ အာခေါင်ခြောက်လာပုံရပြီး . . ဟိုကောင်တွေ ကြက်ပေါင်းလေးပါလားဆိုပြီး လှည့်တောင်းလိုက်ချိန်မှာ . . နောက်က အဖေ့ လက်စွဲတော် အောင်လင်းသစ်ကလဲ ပုလင်းလေးထုတ်ပေး တော့ အဖေက ဟန်မပျက်မော့သောက်လိုက်ပါတယ်. . .
ဒါကို မြင်လိုက်တဲ့ ဆရာကြီး မှူးတင်က . . မင်းတို့က . ကိုအောင်သင်းတစ်ယောက်ထဲကို တိုက်တာလားကွ. . ငါလဲ ဒါမျိုးတော့ အင်မတန်ကြိုက်ပါတယ်ကွ. . ပုလင်းလေးဘာလေးအပိုရှိရင်ပေးစမ်ပါအုန်း ဆိုတော့ ကျွန်တော်ရော အောင်လင်းသစ် ပါ. . အတော်. ပြာသွားပါတော့တယ် . .
မကြားချင်ယောင်ဆောင်နေပေမယ့် . . ဆရာကြီးမှူးတင်ကနောက်တစ်ခေါက်ထပ်ပြောတော့. . အောင်လင်းသစ်က အကို ပေးလိုက်ရင်ကောင်းမလားလို့ ကျွန်တော့ကိုမေးပြီး နှစ်ယောက်သားကြိတ်ရယ်နေကြရပါတယ်ခင် ဗျား. .
ပေးများပေးလိုက်မိရင် ကိုအောင်သင်းနောက်လိုက်နှစ်ကောင်က ငါ့ကိုနှိပ်စက်သွားတာကွ ဆိုပြီး သမိုင်း တွင်သွားမှာလားလဲမသိပါဘူးခင်ဗျာ. .
အခု အချိန်ကျ မှဘဲ မပေးလိုက်မိတာမှားလေခြင်းလို့ နောင်တရပြီး တကယ်ပေးချင်သလိုစိတ်ဖြစ် လာပါတော့တယ်. . တခြားမထင်ပါနဲ့.
ဆရာကြီးမှူးတင်အတွက် အတွေ့အကြုံသစ်ကလေး ရဘူးသွားစေလိုတဲ့စေတနာပါခင်ဗျ . . . .
**********
ပြီးခဲ့တဲ့ အပတ် က စပြီးအလုပ်ရှူပ်နေတာလုံးဝစာရေးချိန်မရဘူးခင်ဗျ. Night shift ကလဲမိလိုက်ပါသေးတယ်. . . ရေးချိန်ရတော့လဲ. . ပင်ပမ်းနေတာနဲ့. . ..ရေးဘို့. . ကီ သွင်းလို့ကိုမရဘူးဖြစ်နေပါတယ်. .
ချပ်ဘောက်စ်ကနေ. . လာပြီးအားပေးတဲ့သူငယ်ချင်းများ . . အဖေ့အကြောင်းဘာကိုရေးရေး အားပေးရင်း. အချွန်လေးနဲ့ တွန်းထိုးပေးတဲ့မိတ်ဆွေများ. . အားလုံးကိုလဲ အထူးကျေးဇူးတင်ပါတယ်ခင်ဗျား. .
ဒီနေ့တော့ အဖေနဲ့ပါတ်သက်ပြီး . ခေါင်းထဲရောက်လာတဲ့ပေါ့ပေါ့ပါးပါး အကြောင်းအရာလေးတစ်ခုကိုဘဲ ချက်ခြင်းစာစီပြီး ရေးလိုက်ပါတယ်. . စိတ်ကျေနပ်မှူ့မရခဲ့ရင် လဲကျွန်တော့အားနားလည်ခွင့်လွှတ်တော်မူကြပါကုန်. .
ဟိုတစ်နေ့က . .မတွေ့တာကြာပြီဖြစ်တဲ့ ကျွန်တော်တို့လမ်းထဲ က စလုံးရောက် အိမ်နီးခြင်းညီငယ်တစ်ယောက်နဲ့ အမှတ်မထင်တွေ့ကြပါတယ်. . ရှေးဟောင်းနှောင်းဖြစ်တွေပြောရင်း. . သူ့ဇနီးအလာကိုစောင့်စေပြီး ကျွန်တော့ကိုလဲ မိတ်ဆက်ပေးချင်ကြောင်းပြောပါတယ်
သူ့ဇနီးရောက်လာပြီး မိတ်ဆက်ပေးတော့မှ အဲ့ဒီ့ညီမက .. ကျွန်တော် နဲ့ ဖေ့စ်ဘွတ် ဖရန့်ဖြစ်နေတာကြာပြီမှန်း အဲ့ဒီ့ညကျမှဘဲ သိရပါတော့တယ်. . .
အဲ့ဒီ့ညီမ က စကားပြောနေရင်း ကျွန်တော့ကို ထူးထူးဆန်းဆန်း ဝေဖန်စကားဆိုပါတယ် . . . အကိုကအခုတလော နိုင်ငံရေးတွေဘာတွေလဲမရေးတော့ဘူးနော် တဲ့. . . ကျွန်တော် လဲ. ကြောင်သွားပြီး . . ရယ်ရင်းနဲ့ ဘာဖြစ်လို့တုန်းဆိုတော့. . .ဟိုတုန်းကဆို အကိုနိုင်ငံရေးနဲ့ပတ်သက်လို့ရေးရင်. . အမြဲစောင့်ဖတ်နေကျ share နေကျတဲ့. . . ဟား. ... ပြသနာဘဲ. . ကျွန်တော်က နိုင်ငံရေးလဲမသိပေါင်ဗျာ. . . ဆဲချင်ရင်စွတ်ဆဲနေတာပါ ဟ ဆို ပြီးရယ်ရယ်မောမော ဆက်ပြောတော့
သူ က ကျွန်တော့ ကို နိုင်ငံရေးပညာရှင်ပုံစံနဲ့ဆက်စကားပြောနေ ပြီး. . အကိုရေးတာတွေ ရည်ရည် လည်လည်မိုက်တယ် မှန်တယ်. . . ဘာညာဘာညာ ပေါ့ဗျာ. . အပေါ်လုံးတွေ ကြားတော့ ကျွန်တော်လဲ နားထဲ မှာ တယ် ချိုတာကိုး ဗျ. .အင်မတန်အရသာ ရှိတာကလား .
သူပြောတာနားထောင်နေရင်း အဖေ့ရဲ့ဟောပြောပွဲလေးတစ်ခုကိုရုတ်တရက် သွားသတိ ရတော့မှဘဲ. . . အာမယ်လေး ကံကောင်းလို့ပါ့လား ဟ ဆိုပြီး ကိုယ့် ဖာသာ ကိုယ် မနည်း ဘရိတ် အုပ်လိုက်ရတယ်ဗျို့. .
အဖေ့မှာထူးဆန်းတဲ့အကျင့်တစ်ခုရှိပါတယ်. . .အချင်းချင်း စကားပြောတဲ့အခါ ဖြစ်စေ. . . ပုံမှန်ဟောပြောပွဲ ဂွင်ကိုဟောနေတဲ့အခါဖြစ်စေ. . ဥပမာ . . ပေးပြီးစကားပြောလေ့ရှိပါတယ်. . . အံဘြစရာကောင်းတာက. . ဥပမာ . ပေးရင် ဆယ်ကြိမ်မှာ ရှစ်ကြိမ်လောက်တူ ပြီး ကျန်တဲ့နှစ်ကြိမ်က ဘယ်က ဘယ်လိုဖောက်လာမှန်းမသိတဲ့ သူ့ခေါင်းထဲက ပေါ်လာတာကိုရုတ်တရက် ပြောချလိုက်တာမျိုးပါ. .(အဖေ့ဟောပြောပွဲတွေကို အကြိမ်ကြိမ်နားထောင်ဘူးတဲ့ ဆရာမြ အဖေဟောပြောရင် ပြန်လာနားထောင်တယ်ဆိုတာကလဲ အဲ့ဒီလို ဖြစ်ရပ်မျိုးမကြာခဏကြုံဘူးလို့ဖြစ်ဟန်တူပါတယ်)
နားထောင်နေကျ လူအတွက် အသစ်ကလေးတွေကို . .လွတ်သွားမှာစိုးကြတာမျိုးပါ. . ကျွန်တော်ကိုယ်တိုင်လဲဒီဖြစ်ရပ်မျိုးမကြာခဏ ကြုံဘူးပါတယ်ခင်ဗျား. .
ဇာတ်လမ်းဇာတ်ကွက်တွေ ပုံတိုပတ်စတွေဟာ. . ဘယ်လိုလုပ်ဒီလောက်များများသူ မှတ်မိနေသလဲ. . ကျွန်တော်လုံးဝမသိပါခင်ဗျား . တခါတရံ လုံးဝအသစ်တွေပါ. . ခန့်မှန်းလို့မရပါ.
အခုပြောပြမယ့်ပွဲလေးကတော့ စင်္ကာပူမှာ ဖြစ်ခဲ့ပြီးကျွန်တော်ကိုယ်တိုင်တောင်မကြားဘူးတဲ့အကြောင်းလေးပါ. . .မြန်မာပြည်ရဲ့ ရီကောဒင်း ဗွီဒီယို တွေမှာလဲမတွေ့ခဲ့ဘူးပါ. .တခြားပွဲတွေမှာ ပြောခဲ့ဘူးပြီး .. ကြားဖူးပြီးသားသူတွေရှိရင်တော့ကြိုပြီး တောင်းပန်ပါတယ်. . ကျွန်တော့အတွက်တော့ လုံးဝအသစ်ပါ. . အဖေ့မှတ်တမ်းလေးမှာ ပါစေချင်လို့ပါ ခင်ဗျား. .
. . အဖေ့တစ်ကိုယ်တော် ဟောပြောပွဲကို သဇင် success မဂ္ဂဇင်း က ဦးစီးပြီး ၂၀၁၂ ထဲမှာဖိတ်ပါတယ် ဟောပြောပွဲအပြီး. . အဖေလဲမြန်မာပြည်မပြန်ချင်သေးတာနဲ့ ကျွန်တော့ အိမ်မှာ၂ပတ်လောက် ဆက်နေဖြစ်ပါတယ်. . ဒီကြား ထဲမှာဖြစ်ခဲ့တဲ့ဟောပြောပွဲလေးပါ...
စင်္ကာပူ မှာ ဓာတ်တော်တိုက်လို့ခေါ် တဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းရှိပါတယ်. . ကျောင်းထိုင်ဆရာတော်က ကျွန်တော်နဲ့ ရင်းနှီးပြီး အဖေ့အပေါ်မှာလဲ လေးစားပြီးသားပါ. . ဆရာတော်က သူ့ကျောင်းမှာ ကလေးတွေအတွက် ဆရာကြီး အချိန်ရရင်ဟောပြော ပေးစေလိုကြောင်း ကျွန်တော့ကိုအကြောင်းကြားမေတ္တာရပ်ခံလာ ပါတယ်. .
ကျွန်တော်လဲ အဖေ့ကိုတိုင်ပင်ပြီး. . အဖေမီးစိမ်းပြတာနဲ့ ဒီပွဲကိုလက်ခံလိုက်ပါတယ်. .ရုံးဖွင့်တဲ့ ကြားရက်ကြီးပါ. . ည ၇နာရီကနေ ၉နာရီထိဆိုပြီးကြေငြာလိုက်ပါတယ်. .
ဓာတ်တော်တိုက်ကျောင်းဆိုလို့ မြန်မာပြည်ကလို ကျောင်းအကျယ်ကြီးလို့မထင်စေလိုပါ. . သာမန်လူနေ ရပ်ကွက်ထဲမှာရှိတဲ့ သုံးထပ် တိုက်အဆောက်အဦးတစ်ခုပါ. . အပေါ်ဆုံးထပ် ဘုရားခန်းကပေ၂၀ ပတ်လည်လောက်ရှိပြီး. . အဲ့ဒီ့အခန်းကနေကင်မရာနဲ့ ရိုက်ပြီး အောက်ထပ်တွေကိုပါ မော်နီတာ တီဗွီဆင်ပေးထားပါတယ် . ၃ထပ်လုံး မြင် ရအောင် ပေါ့ခင်ဗျာ . . အဖေက အပေါ်ဆုံးထပ်က ရိုးရိုး ဆိုဖာနဲ့ ထိုင်ပြီးပြောရတာပါ... ရှေ့ဆုံးက ကြမ်းပေါ်မှာနားထောင်နေတဲ့သူတွေနဲ့ အဖေက ၃ပေလောက်ဘဲကွာပါတယ်. . ပွဲအနေနဲ့ပြောရင်တော့. . လာတဲ့သူတွေနဲ့ဟောပြောတဲ့သူ အတော်နွေးထွေးတဲ့ပွဲလို့ပြောလို့ရပါတယ်. . . ကြားရက်အလုပ်ချိန်အပြီး ရောက်အောင်ပြေးလာကြကတည်းက အဖေ့အပေါ်မှာတော်ရုံလေးစားမှူ့မျိုးမဟုတ်လို့ပေါ့ခင်ဗျာ. . . .
အပေါ်ဆုံးထပ်မှာတင် လူ ၇၀ လောက်ကြပ်ညပ်ပြီး နားလည်မှူ့တွေနဲ့ဦးစားပေးထိုင်နေကြတာတွေ့ရပါတယ်.
အဖေကလဲ အတော်သက်တောင့်သက်သာနဲ့ ပြောပြီး နားထောင်ရတဲ့သူတွေအတွက်အတော် အရသာရှိတဲ့ပွဲမျိုးပါ. သူ့ကိုတကယ်ချစ်တဲ့ကလေးတွေချည်းဘဲစုထားသလို ဖြစ်နေတာကိုးဗျ. .
ပွဲစကတည်းက အဖေဘာပြောပြော . ရယ်မောကြ လက်ခုပ်တီးကြနဲ့အတော် ပျော်စရာကောင်းပါတယ်. . ဆရာတော်ကလဲ အဖေနဲ့ယှဉ်ရက် ခုံတစ်လုံးနဲ့ထိုင်ပီး တဟားဟားနဲ့ရယ်ရင်း အတော် ဝမ်းသာပြီးပျော် နေပုံရပါတယ် . .
ကျွန်တော်ကတော့ ကြားဘူးပြီးသားစကားတော်တော်များများမို့ပရိသတ်ကို ဘဲ အမှတ်တမဲ့ကြည့်ရင်း ရယ်နေလိုက်တာမျိုးပါ. .
အဖေ့ပုံကလဲ ဟောပြောနေတာနဲ့သိပ်မတူတော့ဘဲ . သူ့တပည့်တပမ်းတွေနဲ့ တရင်းတနှီးစကားပြောနေသလိုမျိုးဖြစ်လာတာတွေ့ရပါတယ်. .
အစိုးရနဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း တွယ်လိုက် ပြောလိုက်နဲ့ ရိုးရိုးဆွေးနွေးတဲ့ပွဲမျိုးဖြစ်လာတယ်တောင်ထင်မိပါတယ်. . သူပြောတာမရှင်းရင် နားထောင်နေတဲ့ကလေးတွေက လှမ်းမေးလိုက်တာမျိုးလဲ ရှိသေးတာကိုး . .
တစ်ချက်ကျတော့ အဖေက ဒီအစိုးရကတော့ကွာ ဘယ်လိုသင်သင် တတ်တော့မယ့်ပုံမပေါ်ဘူး ဒီလိုသင်ပေးလို့လဲမရ ဟိုလိုသင်ပေးလို့လဲ မရဆိုပြီး. . သူ့ပုံစံ နဲ့ ရင်းနှီးနှီးဆွေးနွေးနေသလိုမျိုး စိတ်ပျက်စွာ ပြောရင်းရယ်လိုက်တော့ အောက်ကနားထောင်နေတဲ့သူတွေလဲ အဖေ့အမူအယာကြည့်ပြီး. . တဟားဟား ဝိုင်ရယ်ရင်း လက်ခုပ်တွေစွတ်တီးကြပါတော့တယ်. . . .
အဲ့တော့မှ အဖေလဲ. . နည်းနည်းသတိဝင်လာပြီး . ဟဲ့ကောင်တွေ စွတ်မြောက်ပေးမနေနဲ့. မင်းတို့ လက်ခုပ် တီးတာလဲတီးကြပေါ့ကွာ တော်ကြာ ဟိုပုံပြင်ထဲကလိုလဲ ဖြစ်နေပါအုန်းမယ်ဆိုတော့. .
ကျွန်တော်လဲ ကြားဘူးပြီးသား ခါတိုင်းပြောနေကြ ပုံပြင်လို့ဘဲ ထင်ပြီးနားထောင်နေတုန်း တစ်ခါမှ မကြားဘူးတဲ့ပုံပြင်အသစ်တစ်ခုပြောပါတော့တယ်ခင်ဗျား. .
တစ်ခါက လင်မယားနှစ်ယောက်ရှိပါသတဲ့. . ယောက်ကျားလုပ်တဲ့သူက တစ်ချိန်လုံးဖိုထိုးနေပြီး. . မိန်းမကဘဲ အိမ်ရဲ့ ဝေယျာဝစ္စ အားလုံးကို လုပ်ရပါသတဲ့. . မိန်းမက ထမင်းစားဖို့ခေါ်ရင်. .
ကိုဟဝှါရေ ထမင်းစားရအောင်တော်ရေ့. . ဆိုပြီးခေါ်လိုက်တိုင်း . .
ယောက်ကျားက ဖိုရုံထဲကနေ အေး. . အေး. . လာပြီလာပြီ. . ဆို ပြီး ဖိုရုံထဲက တော်တော်နဲ့မထွက်ပါဘူးတဲ့. .
နောက်တစ်ကြိမ်မိန်းမက . . ကိုဟဝှါရေ ထမင်းတွေအေးကုန်လိမ့်မယ်တော့ ပြောရင်လဲ. . . အေး. အေး . လာပြီ လာပြီ ဆိုပြီးအပြင် ထွက်မလာ. .
လေးငါးခြောက်ကြိမ်လောက် ဒီလိုဘဲ အမြဲဖြစ်နေပြီး. ...
နောက်ဆုံး မိန်မ က. သီးမခံနိုင်တော့ဘဲ. ကိုဟဝှါရေ. ဆိုပြီး ခုနှစ်သံချီအော်တော့မှဘဲ. . ထိုးနေတဲ့ ဓာတ်လုံးကို ရေ အမြန်ချ . . ပြီးရင် ပါးစောင်ထဲမှာ ငုံ. . အိမ်ပေါ်ကို ကမန်းကတန်းတက်လာပြီးထမင်းလာစားပါသတဲ့. . ဓာတ်လုံးကိုလဲမထုတ်ဘဲ ထမင်းကို ပါးစောင်းတဖက်ခြမ်းကဘဲ စားပါသတဲ့. .
ဒီလိုနဲ့နေ့တိုင်းဖြစ်နေပြီး တစ်ရက်ကျတော့. မိန်မကကိုဟဝှါရေ ထမင်း စားမယ်ပြောလိုက် . . ဟိုလူကလဲ. . . အေး. . အေး လာပြီလာပြီ ပြောလိုက်ဖြစ်နေပါလေရော. ... နောက်ဆုံးမိန်းမက လှမ်းပြီးခုနှစ်သံချီအော်လိုက်တော့မှဘဲ ဟိုလူက ဓာတ်လုံးကို ကမန်းကတန်းငုံပြီး အိမ်ပေါ်ကို ရောက်လာပါသတဲ့. .
ဒါပေမယ့် မိန်မ က ကိုဟဝှါရေ့. . ထမင်းစားရအောင် ခေါ်နေတာ မကြားဘူးလားဆိုပြီးဆက်အော်ခေါ်နေတော့. . . ယောက်ကျားက မိန်းမရှေ့တည့်တည့် ကရပ်ပြီး . .ဟဲ့ . .ငါဒီမှာလေ. . . နင်မမြင်ဘူးလားဆိုပြီးပြောတော့
. . မိန်းမက ဘယ်မှာတုန်း. . . လို့ထပ်ပြော. . ယောက်ကျား က ဟဲ့. . ငါနင့်ရှေ့တည့်တည့် မှာ လေဆိုပြီး ရင်ဘတ်ပုတ်ပြပေမယ့် . . မိန်းမက. . ဘယ်မှာတုန်းမတွေ့ရဘူးတော့ ဆိုပြီး ထပ်လဲ ပြောလိုက်ရော .
ဖိုထိုးနေတဲ့ယောက်ကျားက. . .
ဟင် ငါ့ဓာတ်လုံး အောင်ပြီကွ ဆိုပြီး. . ပြုတင်းပေါက်ကနေအပြင်ကိုဝုန်းဆိုခုန်ထွက်ပစ်လိုက်တာ. . .
အောက်မြေ ကြီးပေါ်ကို ခွေးကျကျ ပြီးပုံပုံလေးလဲနေပါသတဲ့. . .
အဲ့ဒီ့ တော့မှဘဲ. . ပြူတင်းပေါက်ကနေ မိန်းမ မျက်နှာ ပေါ်လာပြီး . .
သေချင်းဆိုး မြင်သားဘဲ. . သောက်မြစ်ကပ်လို့ မမြင်ဘူးလို့ပြောတာတဲ့. . .
အေး. . . မင်းတို့လဲ လက်ခုပ် တီးကြတာလဲ တီးပေါ့ကွာ . .
နောက်ဆုံး အောင်သင်းဆိုတဲ့ကောင် မြေကြီးပေါ်မှာ ပုံပုံလေးကျနေတော့ မှဘဲ. . မြင်သားဘဲ သောက်မြစ်ကပ်လို့ မပြောတာဆိုပြီးလဲဖြစ်နေကြပါအုန်းမယ်ကွာ လို့ပြောလိုက်တော့မှဘဲ အောက်ကနားထောင်နေတဲ့ကလေးတွေ.သဘောပေါက်ပြီး . ပက်ထုတ်မရအောင် တဟားဟား နဲ့ ရယ် နေကြပါတော့တယ်ခင်ဗျား. . . အဲ့လိုအဖိုးကြီးပါဆိုမှ. . .
အဲ့တာကြောင့် ဟိုညီမလေးပြောနေတုန်း
ဒီ ပုံပြင်လေးသတိရသွားတာပါ. . ခုနက ပြောတုန်းက . .ပထမပိုင်း
ဟား. . ငါ့. နိုင်ငံရေးအမြင်တွေ အရမ်း ကောင်းနေပါ့လား.. . အမိုက်စားဖြစ်နေပါပေါ့လား... ဒီလောက်တောင်ပရိသတ်ကြီးက မျှော် နေကြသကိုးဆိုပြီး. . . ဝင်လာတဲ့ လွတ်တွတ်တွတ် အတွေးတွေကို. .
ခွေးကျကျ နေတဲ့ပုံ ကလေး မျက်လုံးထဲမြင်ယောင် လိုက်မိတော့မှဘဲ .ကိုယ့်ဖာသာကိုယ် . အမြန်ဘရိတ်အုပ်လိုက်ရကြောင်းပါခင်ဗျား. . . .
**********
ခုရက်ပိုင်းစိတ်ရှုပ်စရာတွေကလဲများသားလား. .. ဖေ့စ်ဘွတ်ကို မတက်ရရင်မနေနိုင်တဲ့ ကိုယ်လဲ . တက်လာတဲ့သတင်းတွေကြည့်လိုက်အာရုံနောက်သွားလိုက် ဖြစ်နေမိတာကိုး . .ရေးဘို့ လုံးဝ ဈာန် သွင်းလို မရ ဘူးဖြစ်နေပါတယ်ခင်ဗျား ခဏလောက်ရပ်ထားချင်စိတ်ဖြစ်မိပါတယ်..တကယ်ပြောတာပါ. . .
. ဦးအောင်သင်းအကြောင်းကို စိတ်ဝင်တစားစောင့်ဖတ်နေတဲ့ ညီ . .ညီမလေး တွေကသာ အချွန်လေးနဲ့ မ မရင် ကျွန်တော်ကလဲ ကျွန်တော့ကို အဖေ ဆဲသလို . အီးရော အီးရော လုပ်နေမိမှာပါ. . သူတို့ တွန်းအားမရှိရင် ကျွန်တော်လဲ ရေးဖြစ်အုန်းမယ်မထင်. .သူတို့ကိုကျေးဇူးအထူးတင်ရပါတယ်. . . .
သူ့အကြောင်းရေးပြရရင်တော့ ရေးစရာအကြောင်းအရာတွေကလဲများသားကလားဗျ. .
အခုချိန်ထိ ကျွန်တော်ရေးပြနေတာအားလုံးဟာလဲ. သူ့ရဲ့ ကန့်လန့်ကာနောက်က လူသားဘဝ အတွင်း .ဖြစ်ပျက်ခဲ့ခြင်းဇာတ်လမ်းအများစုသာ ဖြစ်နေတာကိုသတိထားမိနိုင်ပါတယ် . .
သူဖန်တီးထားခဲ့တဲ့စာပေ အယူအဆတွေ. . အတွေးအခေါ်တွေ အကြောင်းကို ဘာမှ မတို့ထိရသေးပါဘူး. .
ဒီကြားထဲ သူ့ရဲ့ကျောင်းဆရာဘဝ ၊ စာဟော ဆရာ ဘဝ တွေ မှာ ထိတွေ့ခဲ့တဲ့ မိတ်ဆွေတွေ သူငယ်ချင်းတွေ တပည့်တွေ အားလုံးကို သာတစ်ယောက်ချင်း စီ လိုက်ပြီးအင်တာဗျုးပြီးရေးရင် ရေးလို့ ကုန်မှာ မဟုတ်တော့ပါခင်ဗျား . သို့သော် .. ခုရေးမယ့်အကြောင်းအရာလေးတွေကတော့. ဦးအောင်သင်းအကြောင်း. ကို သု့ မိတ်ဆွေတွေတပည့်တွေက ပြန်ပြောပြတာမျိုးလေးတွေပါ သူ့သားပြောတဲ့ ဦးအောင်သင်းထက်ထူးဆန်းတာလေးတွေကိုလဲဖတ် ကြည့်ရင်းနဲ့သိနိုင်ပါတယ်ခင်ဗျား. .
. တစ်စိမ်းတွေ ပြောတဲ့ ဦးအောင်သင်း အကြောင်းလို့ဘဲ ဆိုပါတော့ဗျာ. .
. . .
အဖေ့မှာထူးခြားတဲ့ ပါရမီလား. . ရွတ်တွတ်တွတ် စိတ်အခြေခံလား. . . အဖြောင့်စဉ်းစားလိုက်တာလား ဘာခေါင်းစဉ်တပ်ရမှန်းမသိတဲ့ ပါရမီတစ်ခုရှိတာတော့သိပ် သေချာ တယ်ခင်ဗျ
.အမေးရှိက အဖြေရှိသည် ဆိုပေမယ့် . . တစ်ချို့အဖြေ တွေကမြန်လွန်းတော့ မေးသူတစ်ချို့လဲ. . ဘာပြန်ပြောရ မှန်းမသိအောင် အီလည်လည် ဖြစ်သွားတာမျိုး မကြာခဏကြားဘူးပါတယ်
. .
သူ့တပည့်
ကလေးတွေ ဒါမှမဟုတ် . . မိတ်ဆွေတွေ ကမေးခွန်းမေး လိုက်ရင် ချက်ချင်း . . တုန့်ပြန်ပြီး ဖြေနိုင်ပြောနိုင်တဲ့ ပါရမီ လို့ဘဲဆိုပါစို့ဗျာ. . . သူပြောတာ မှန်ပါတယ်လို့ မဆိုနိုင်ပေမယ့်. . အတော်. . စဉ်းစားစရာကောင်းလှတာတွေကိုတွေ့ နိုင်ပါတယ် . .
တစ်ချို့မေးခွန်းတွေက... ဖြေရတာ အတော်ကျပ်တာ မျိုးပါ. . .သို့သော်မေးတဲ့သူရဲ့ လေသံပေါ်မှာ မူတည်ပြီးသူကတော့ ချက်ချင်းတုန့်ပြန် လိုက်တာပါဘဲ .
သူ့ကို . ဂွတိုက်ပြီးမေးရင်. . ချက်ချင်း ဘုကျကျ ပြန်ဖြေပစ်တာမျိုးကို ဆိုလိုတာပါ. .. အင်မတန် မြန်ပါတယ်. . .
(ဆရာမောင်သာရ တောင် ထိဘူးပါတယ်)
.ကဲ. . ပထမ ဆုံး ဆရာမင်းဒင် ရေးတဲ့ အဖေ့ အကြောင်းလေး ကို စလေ့လာကြည့် ရအောင်
ဆရာ မင်းဒင်ရေးတဲ့. . မင်းဒင်ရဲ့ သက်ခိုင်စာအုပ်မှာ အဖေ့အကြောင်းလေးတစွန်းတစ်စပါလာပါတယ်. . ဒီအကြောင်းအရာလေးက ဦးအောင်သင်းရဲ့စရိုက်အမှန်ကိုပေါ်စေလို့ ပြန်ပြောပြပါရစေ. .
၁၉၈၇ ခုနှစ်ပတ်လည်လောက်မှာ ဆရာမင်းဒင်က အထပ်သားစက်ရုံမှာ. . တာဝန်ခံရင်း စာပေဟောပြောပွဲကို ဦးစီးပြီးလုပ်ပါသတဲ့. ...ညဘက်စားကြသောက်ကြရင်း ပြန်ပို့ ခါနီး မှာ အဖေကလဲ အထက်ပုဂ္ဂိုလ် တွေနဲ့ အဆက်အသွယ်မိနေပြီး အတန်အသင်ထွေနေချိန်ဖြစ်ပါသတဲ့. .
ဆရာမင်းဒင်စဉ်းစားလိုက်တာက ဒီလောက် အဟောအပြောကောင်းပြီး အကဲဆတ်လှ တဲ့ ဦးအောင်သင်းက ဘာမို့လို့လဲ ဆိုစဉ်းစားမိရင်း ပညာစမ်း ဆွေးနွေးကြည့် လိုက်အုန်းမယ်ဆိုပြီး အဖေ့ ကို အကဲစမ်းဖို့ကျိုးစားပါသတဲ့
အဲ့ဒီ့ နှစ်ပိုင်းလေးမှာ ဘဲ အစိုးရက ဦးစီးပြီး မြန်မာ့သမိုင်းပြန်လည်ရှာဖွေ ပြုစုရေး ကော်မရှင်ဆိုပြီး ပညာရှင်တွေနဲ့ သုတေသန အဖွဲ့ ဖွဲ့ပါသတဲ့. . ကိုမင်းဒင်က ဒီကိစ္စ ကို သိပ်အစာမကြေ ဖြစ်နေပြီး. . . သမိုင်းကိုဒီလိုဖွဲ့ စုံစမ်းတော့ရော ဘယ်လောက်မှန်မှာမို့လဲ နောက်ဆုံး သမိုင်းဆို တာ . . လူတွေ စဉ်းစားသလောက်ဘဲ. .ကိုယ်ထင်တာတွေကို စွတ်တင်ရေးကြတဲ့သဘောရှိတယ်. . ကိုယ်စိတ်ထဲထင်တာတွေကို ပြောပြပြီး သမိုင်းဖြစ်လာတတ်တဲ့ သဘောရှိတယ်လို့ သူက ယူဆထားတော့ အဲ့ဒီ့ကိစ္စ ကိုခေါင်းစဉ်တင်ပြီး ဦးအောင်သင်းနဲ့ ငြင်းခုန်လိုက်အုန်းမယ်ဆိုပြီး အဖေ့ ဘေးနားကိုကပ်မိတ်ဆက်ပြီးစကားစဆိုပါသတဲ့. ..သူပြောတာက. .
ဆရာသင်း. . .ကျွန်တော်က သမိုင်းကို အယုံအကြည်မရှိဘူး ဆရာရဲ့ ဆိုပြီး . စကား . စတင်လိုက်ပါသတဲ့. ...
အဲ့ဒီ့မှာ နည်းနည်းထွေနေတဲ့. . .ဦးအောင်သင်းက . ချက်ခြင်းဘဲ. ...
ဟုတ်လား . . ဒါဆို မောင်သက်ခိုင်က သီပေါမင်းပါတော်မှူတာကို မယုံဘူးပေါ့လို့ ချက်ခြင်း ပြန်ဖြေရင်း . . မေးလိုက်ပါသတဲ့ခင်ဗျား. .
ကိုမင်းဒင်လဲ ရုတ်တရက်ဘာဆက်ပြောရမှန်းမသိဘဲ. . ကြောင်အမ်းပြီး အီလည်လည် ဖြစ်သွားပါသတဲ့ခင်ဗျား. . . (သူဆိုလိုချင်တာက ... ပုဂံခေတ်လောက်ကို သမိုင်းအဖွဲ့က ပြန်လည် သုတေသန လုပ်တာက ဘယ်လောက်မှန်မှာမို့လဲ လို့ ဆိုလိုချင်ဟန်တူသော်လဲ . အဲ့ဒီ့အဆင့်ထိတောင်မရောက်လိုက်ဘဲ. ဦးအောင်သင်းပြန်ဖြေအပြီး ဘာဆက်ပြောရမှန်း မသိတော့ဘဲ. . အောင့်သက်သက် ဖြစ်ပြီးကျန်ခဲ့ပါသတဲ့ခင်ဗျား).
အဲ့ဒါ ဟာသိသာလှတဲ့ ဦးအောင်သင်းရဲ့ အဖြေနဲ့ စရိုက်အမှန်ပါဘဲခင်ဗျား. . . ကျေးဇူးပါ ကိုမင်းဒင်ရေ. . . .
နောက်ထပ် သူများတွေပြောတဲ့ ဦးအောင်သင်း အကြောင်းကတော့. .
ကျွန်တော်အခုရေးနေတဲ့ အဖေ့အကြောင်း လေးတွေရဲ့ အောက်မှာ လာပြီး ပေးသွားတဲ့ ကွန်မင့်လေး နှစ်ခုပါခင်ဗျား . ...
.ပထမတော့ စာအုပ်ထုတ်မှ သူ့အကြောင်းလေးတွေကို သိသာထင်ရှားစေတဲ့ ဒီလိုတန်ဖိုးကြီး ကွန်မင့်လေးတွေကို ထည့်ပေးလိုက်မလို့ပါ. . သို့ပေမယ့် ကွန်မင့်တွေကို သုံးမယ်မသုံးဘူး အခုချိန်ထိ စဉ်းစားလို့ ကို မရသေးလို့ ပါခင်ဗျ .. . မသုံးဖြစ်ခဲ့ရင် ဒီကွန်မင့်လေး၂ ခုက အင်မတန် နှမျောစရာကောင်းပါတယ်..
အကယ်၍ ဖေ့ဘွတ် ပုံစံဘဲ သုံးပြီးစာအုပ် ထုတ်ဖြစ်ပြန်ရင်လဲ. . ဟို. .အန်ကယ်ကြီး ကိုကျည်ဆံ လို အားလုံးဝိုင်းပြီး ရယ်စရာဖြစ်နေမှာလဲ ကြောက်ရသေးသဗျ. ... သူ့တုန်းက ကိုယ်ကလဲ သဘောကျပြီး တဟားဟား ရယ်ခဲ့မိပေတာကိုးဗျ. . .ကိုယ့်အလှည့်ကျ ဝဋ်လိုက်ခံရမှာ ကြောက်လို့ဗျို့. . .. အဲ့တာ့ကြောင့် အခု အဖေ့ရဲ့အကြောင်းလေးမှာဘဲ သေချာအောင်ထည့်ရေးလိုက်ပါရစေ
ပထမ ကွန်မင့်လေး တစ်ခုကတော့ ကျွန်တော်ရေးတဲ့
အဖေ့ရဲ့ အပိုင်း (၁၀) လောက်မှာ ကျွန်တော်က အဖေ့ရဲ့ ထူးဆန်းတဲ့ စရိုက်အကြောင်းလေးတွေပြောရင်း အဖေ့ရဲ့ ဦးနှောက် တုန့်ပြန်နူန်း က အရမ်းမြန်တယ်. . ချက်ခြင်းတုန့်ပြန်ပြီး ပြောတာမျိုးမှာ သိသာလောက်အောင် မြန်လွန်းတယ်လို့ ပြောလိုက်မိပါတယ်. .
အဲဒါနဲ့ပတ်သက်ပြီးညီတစ်ယောက်က သူလဲ အဲ့ဒါကို လက်ခံကြောင်း နဲ့ သူကိုယ်တိုင် ဖြတ်ကနဲ့တွေ့လိုက်ဘူးတဲ့ ဦးအောင်သင်းအကြောင်းလေးကို ဝင်ပြီး ကွန်မင့်ပေးသွားတာလေးပါ . .
ကိုရဲသူအောင် လို့ဆိုပါတယ်. . . သူရေးထားခဲ့တဲ့ ကွန်မင့် ပုံစံလေးအတိုင်းဘဲရေးပြပါ့မယ်. .
Ye Thu Aung .. . .
ဟုတ်တယ်ဗျ. . ဆရာက အဲ့ဒီ့လို ပိုးကနဲ့ ပက်ကနဲ့ ပြန်ပြောတဲ့နေရာမှာတောထိပ်ဘဲဗျို့. . အင်မတန်ဉာဏ်သွားတယ်ဗျ. .
ပုသိမ်မှာ စာကြည့်တိုက်ဖွင့်ပွဲနဲ့ ဟောပြောပွဲစ လုပ်တဲ့နှစ်ကပေါ့. . ဟောပြောပွဲကို ဘုန်းကြီးကျောင်းမှာ လုပ်တာဆိုတော့ . . ဟောပြောပွဲ အပြီး ဆရာတော်ကြီးနဲ့ စကားစမည်ပြောကြတယ်ဗျ. . . ကျွန်တော်လဲ အနားမှာရှိနေလို့သိလိုက်ရတာပါ. .
ဆရာကပြောတယ်. .အရှင်ဘုရားတဲ့. စာကြည့်တိုက်လဲဖွင့်ပြီးပြီ. . . ဒီပုသိမ်မှာ ရှိတဲ့ ကလေးတွေရဲ့ စာဖတ်ရှိန် မြှင့်တင်ပေးဖို့ကတော့. . အရှင်ဘုရားတာဝန်ဘဲနော်ဆိုတော့. . .
ဆရာတော်ကြီးက. . ဒကာကြီး. . .ကျုပ်က English စာမတတ်ဘူးဗျ တဲ့. . အဲ့ဒီ့မှာ ဆရာက ဘာပြန်ပြောတယ်ထင်လဲ. . .
အရှင်ဘုရား. . ဗုဒ္ဓ ကရော English စာတတ်လို့လားတဲ့. ...
မှတ်ကရောဘဲ. . ဆရာ အောင်သင်းကို အဲ့ဒါတွေကြိုက်တာ. .ပါတဲ့ ခင်ဗျား. .
နောက်ကွန်မင့်တစ်ခု ကတော့ . . ကျွန်တော်က အဖေ့ရဲ့ အကြောင်းကိုရေးပြနေရင်း .
အဖေဟာ. . သူ့ကို သူတပည့်တွေ ကလေးတွေ မေးရင် ဘယ်လောက်အသက်ငယ်ငယ်. .ဘယ်လောက် အတန်းငယ်ငယ်. . သေချာနားထောင်ပြီးမှ လေးလေးစားစား ပြန်ဖြေ ပေးလေ့ ရှိပါတယ်. .. လို့ ပြောလိုက်တဲ့ ကွန်မင့်ရဲ့အောက်မှာ. .
သူ့ကို တန်ဖိုးထားတဲ့သူတစ်ယောက် က သူ့ ကလေးဘဝတုန်းက ကြုံခဲ့ဘူးတဲ့ ဦးအောင်းသင်းအကြောင်းကို ကွန်မင့်ရှည်ကြီးတစ်ခု ပေး သွားပါတယ် ခင်ဗျား. . ...တန်ဖိုးထားလွန်းလို့ အပင်ပမ်းခံရေးသွားတဲ့ ကွန်မင့်ရှည် ကြီးကို ကျွန်တော်ကလဲတန်ဖိုးထားလွန်းလို့ သူ့အတိုင်းဘဲ ပြန်ရေးပြပါရစေ. . . ရေးတဲ့သူအမည်က ကိုနေသွေးပါ. .
Nay Thwayy
ကိုအောင်မြိုင်သင်းရေ
ဆရာကြီးက ကလေးတွေရဲ့ မေးခွန်းတွေကို လေးလေးစားစား အာရုံစိုက်နားထောင်ပြီးမှ စိတ်ကျေနပ်လောက်စရာအဖြေပေးလေ့ရှိတယ်ဆိုလို့. . ကျွန်တော့ကိုယ်တွေ့လေးပြောပြပါရစေ. .
ကျွန်တော်၆တန်း၁၉၇၆ ခုနှစ်ကပါ. . ကျွန်တော်တို့အညာမြို့ငယ်လေးကို ဆရာဦးအောင်သင်းရောက်လာခဲ့ပါတယ် ဘာကိစ္စ နဲ့လာတယ်ဆိုတာကိုတော့ ကျွန်တော်တို့က ကလေးတွေ ဆိုတော့ မသိဘူးပေါ့ဗျာ
အဲ့ဒီ့နေ့လည်ကကျွန်တော်တို့၆တန်းကျောင်းသား( ယောက်ကျားလေးတွေချည်းဘဲ လို့ထင်တယ်) ၂၀ကျော်လောက် မြို့နယ်ကောင်စီရုံးကို သွားရတယ်၊ အဲ့ဒီ မှာ ဆရာကြီးဦးအောင်သင်းက ခရီးသွားဟန်လွှဲ ရသလောက်အချိန်လေးမှာ ကျောင်းသားကလေးတွေနဲ့တွေ့ပြီး . .ဟောပြောပွဲ အသေးစားလေးလုပ်တဲ့သဘောနေမှာပေါ့ဗျာ.
နည်းနည်းပါးပါး ဟောပြောအပြီးမှာ. . မေးခွန်းတွေ မေးခိုင်းတော့တာပါဘဲ. . အခုမှသဘောပေါက်တယ်ဗျာ၊ ကလေးတွေကို တိုးတက်စေချင်တာ၊ စိတ်ဝင်စားတာအလေးထားတာ၊ မေးခွန်းမေးတတ် ဖို့လေ့ကျင့်ပေးတာကိုးဗျ.
မေးခွန်းတွေကို စာရွက်ထဲ မှာရေးပြီးမေးရတယ်၊ . .ကြိုက်တာမေး. . အားလုံးကျေနပ်လောက်အောင်လေးလေးစားစား ပြန်ဖြေပေးတယ် . ဆရာမြိုင်ရေ. .
သူငယ်ချင်းတစ်ယောက်ရဲ့မေးခွန်းနဲ့ အဖြေကိုအခုထိ နှစ်ပေါင်း ၄၀ နီးပါးကြာပေမယ့်မမေ့ဘူးဗျာ. . သူ့မေးခွန်းက. .
ကျော်ဟိန်းက ရုပ်ရှင်ရိုက်ရင် မင်းသမီးတွေနဲ့ ဖက်ရတာ အရသာ ရှိပါသလား ဆရာကြီးခင်ဗျားတဲ့. (၆ တန်းအရွယ် ကလေးသာသာ ရဲ့ အတွေး အမေး စိတ်ဝင်စားမှူ့ပေါ့).
ဆရာကြီးကဖြေတယ် ကျော်ဟိန်းနဲ့ သူ(ဆရာကြီး) ရင်းနှီးပါတယ်တဲ့. . ကျော်ဟိန်းကညည်းရှာသတဲ့..
ရိုက်ကွင်းမှာ မင်းသမီးနဲ့ မင်းသား၂ယောက်လုံး အဝေးကနေ မျက်နှာချင်းဆိုင် ပြေးပြေး လာပြီး ဖက်ရတဲ့ ဇာတ်ပေါင်းခန်း ရီဟာဇယ်ကို ဒါရိုက်တာ မကြိုက်မချင်း လုပ်ရတော့ သူ့ခမျာ(ကျော်ဟိန်း) ရင်ဘတ်တွေအောင့်လွန်းလို့ ကြောက်တောင်ကြောက်လာတယ် လို့ ပြောတောင်ယူရတယ် လို့ ဖြေသွားပါတယ်. . (အဲ့ဒီ့အချိန်တုန်းက ဘရာစီယာတွေ က ထိပ်ချွန်ချွန် မာခေါက်ခေါက်ကြီးတွေကိုး). .
ကျွန်တော်တို့မှာ သဘောကျလိုက်တာလေ. .၊ တဝါးဝါး တဟားဟားနဲ့ ပေါ့. .
ဘယ်လောက်လှ ဘယ်လောက်ကျေနပ်စရာကောင်း. . ဘယ်လောက် ဖြတ် ထိုးဉာဏ်ကောင်းတဲ့ အဖြေ လဲဗျာ. . .
ပြောချင်တာကတော့. . ဆရာ ဦးအောင်သင်းဟာ၊ကလေးတွေကို စိတ်ဝင်စား. . စေတနာထား . . မျိုးဆက်သစ်တွေ တိုးတက်ရစ်စေ ချင်တာ. . . ဟိုး. . .တုန်းကတည်းက ဖြစ်ခဲ့တဲ့ အကြောင်းပါဘဲ. . ကျွန်တော့ ကိုယ်တွေ့လေးကို မျှဝေရင်းပေါ့. .
ကိုအောင်မြိုင်သင်းလဲ. . . ဆရာကြီးဦးအောင်သင်းရဲ့ သားဖြစ်ရတာ ကို က ဂုဏ်ယူစရာ ကောင်းလှ ပါပြီဗျာ . . တဲ့
ခုလို ကျွန်တော်လုံးဝမသိခဲ့တဲ့ ချစ်စရာကောင်းလွန်းတဲ့ အဖေ့ရဲ့ အဖြေတွေ ကို ပြန်မျှဝေ ပေးတဲ့ ကိုနေသွေး နဲ့ ကိုရဲသူအောင်ကိုလဲ အထူးကျေးဇူး တင်ပါ တယ်ခင်ဗျား. . .
ဆက်ပါအုန်းမည်
ဆရာမြိုင်
September 22, 2015
[မှတ်မိမှတ်ရာ စုစည်းမှု့များ ဘလော့ဂ်မှကူးယူပါသည်။ဘလော့ဂ်ဂါအားကျေးဇူးတင်ပါသည်။]
No comments:
Post a Comment