Tuesday, 28 May 2019

#မေတ္တာပန်းပွင့် #ဒဂုန်တာရာ

#မေတ္တာပန်းပွင့်


#ဒဂုန်တာရာ


အိုးဝေမဂ္ဂဇင်းအတွက် ရွှေလင်း ယုန်ထံဆောင်းပါးယူရန် ဆူးလေဘုရားလမ်း ဒဂုန်ဓာတ်ပုံကူး တိုက်အနီး အပေါ်ထပ် "ဂျာနယ်ကျော်" တိုက်သို့ တက်ခဲ့လေသည်။

အ၀င်ဝစားပွဲတွင် မိန်းမတစ်ယောက် စာရေးလျက် ရှိသည်။ စာရင်းအင်းစာအုပ်၊ မင်ခွက်၊ ကလောင် တံများ၊ စားပွဲပေါ်တွင် ဆင်ယင်ထားသည်။ ထိုမိန်းမမှာ အသားညိုညို၊ ပိန်ပိန်ပါးပါး၊ သွယ်လျလျ၊ ရေညှိရောင် အနု အင်္ကျီ လားမသိ၊ ၀တ်ထားသည်။


မျက်နှာထားမှာ ပြုံးကြော့ခြင်း မရှိ။ တည်တည်တင်းတင်းပင် သိက္ခာကို ဆင်ယင်ထားသည်။ အလုပ်၌ ၀င်စားနေဟန် ရှိသည်။ စာရေးမကလေးများလားဟု သာမန်ပင် အောက်မေ့လိုက်သည်။

ရွှေလင်းယုန်ထံမှ စီးပွားရေးဆောင်းပါးတစ်ပုဒ် ရခဲ့သည်။ သတင်းစာရိုက်သည့် စက္ကူဝါကျင်ကျင် ပေါ်တွင် မင်နီဖြင့် ရေးထားသည်။ ကျွန်တော်သည် ဂျာနယ်ကျော်မှ အပြန်ကပ်လျက်ရှိ ဒဂုန် မဂ္ဂဇင်းတိုက်သို့ ၀င်လိုက်သည်။ ကိုလှဘူး၊ ရွှေညာမောင်တို့နှင့်အတူ ထောင့်ရှိသဟာယလက်ဖက် ရည်ပန်းကန်တိုက်မိ ဖိတ်ကျ၍ ရွှေလင်းယုန်၏ ဆောင်းပါးမှာ လက်ဖက်ရည်များ ပေစိုကုန်ပြီး မင်နီ များမှာ ၀ါးမှုန်သွားလေ၏။ ဖတ်၍ မရတော့ချေ။ ကျွန်တော့်မှာ အားနာသည်နှင့် နောက်ထပ် ရွှေလင်းယုန်ထံသို့ မရောက်တော့ပေ ...။


ဂျပန်ခေတ် ရွှေတောင်ကြား ဗိုလ်လက်ျာ အိမ်တွင် ဖြစ်၏။ တစ်ညနေ ဦးချစ်မောင်နှင့်ဇနီး လာလည်ကြ သည်။ ကျွန်တော်မှာ စန္ဒရားတီးလျက် ရှိ၏။ ထိုအခိုက် ဦးချစ်မောင်မှာ မူးသည် ဆိုကာ အန်လေသည်။ သူ၏ ဇနီးမှာ ဘေးမှ ပြုစုလျက်ရှိရာမှ ၀ိုင်းအုံနေသော လူများထဲမှ ကျွန်တော့်အား "ရေတစ်ခွက်ပေးစမ်းပါ" ဟု ခိုင်း၏။ ကျွန်တော့်မှာ လက်တို ကလေး ၀တ်ထား ရာ ခိုင်းရန်သင့်သော လူငယ်လေးဟု မှတ်လေသလား မပြော တတ်ပေ။ ခိုင်းသည် ဟူ၍ အောင့်သက်သက်နှင့် ရေတစ်ခွက် ခပ်ပေးလိုက်သည်။


တစ်ညနေ ရန်ကုန်ဂေဇက်တွင် တာရာမဂ္ဂဇင်းအဖုံး လာရိုက်ရင်း သူမကို တွေ့ပြန်သည်။ ပန်းရောင် ဆင်ယင် ထားသည်။ ဂျာနယ်ကျော်အဖုံး အပ်နေခြင်း ဖြစ်၏။ အလုပ် ပင်ပင်ပန်းပန်းလုပ်ရသဖြင့် နွမ်းနယ် နေဟန် ရှိသည်။ ထိုအခါက ဂျာနယ်ကျော်မမလေးအမည်ဖြင့် "သူလိုလူ" ထွက်နေပေ ပြီ။


"သူလိုလူ" ပထမတွဲ ဝေဖန်စာတွင် "လူဂုဏ်တန် အထက်တန်းစားမှ ဖြစ်သည်ဟူသော အသိနှင့် ပင် သိသိ သာသာ ရေးထားလေသည်။ မတင်တင်သည် အင်္ဂလိပ်စာတတ်၊ ခေတ်ဆန်သူတစ်ဦး ဖြစ်သည်။ အ၀တ် အထည်ကို ဗီရိုအပြည့်ထား၍ သန့်သန့်ရှင်းရှင်း ကြော့ကြော့လွင်လွင် အဖုံဖုံ အနည်းနည်း ပြောင်းလဲ ဆင်ယင် ၀တ်တတ်သည်။ တစ်လလျှင် ၁၇၅ကျပ် အသက်အာမခံ ပေးသွင်း သည်။ မတင်တင်ကား လူဂုဏ်တန် အထက်တန်းစား ခေတ်ဆန်သူ။ ဦးချစ်မောင်ကား ... " စသည် ဖြင့် တာရာ၌ ရေးခဲ့ဖူးသည်။


ယခု ဝေဖန်စာထဲမှာ "ခေတ်ဆန်သူ"နှင့် တွေ့ရပေပြီ။ စာပေအကြောင်း အနည်းငယ်ပြောကြပြီး စကား ပြောရင်း လမ်း၄၀ ဂျာနယ်ကျော်သို့ အတူသွားကြသည်။ သူမသည် ညသန်းခေါင်သန်းလွဲ အထိ၊ နောက်ဆုံး ဖောင်ပိတ် သည့်အထိ စောင့်ကြည့်စစ်ဆေးပြီးမှ အိမ်သို့ ပြန်တတ်သည်။


ဂျာနယ်ကျော် ပိတ်လိုက်ပြီးနောက် ထပ်မံထုတ်ရန် စီစဉ်နေစဉ် ပုံနှိပ်တိုက်ခန်းတွင် လာတွေ့သည်။ ဗိုလ်လက်ျာ က ကျွန်တော့်အား အယ်ဒီတာအဖြစ်ထားရန် အကြံပေးသည်ဆို၍ ဗိုလ်လက်ျာနှင့် တွေ့ ပြီးနောက် မမလေးနှင့် တွေ့ခြင်း ဖြစ်သည်။ ထိုအခါက ကျွန်တော်က တာရာ ထုတ်လျက်ရှိ၍ မလုပ်နိုင်ပေ။


ထိုစဉ်က မမလေးသည် အမျိုးသမီးကလောင်ရှင်အဖွဲ့မှ ထုတ်ဝေသော ကလောင်ရှင်ဂျာနယ်ကို စီစဉ်နေ၏။ ယခင် မြင်ရသကဲ့သို့ ပိန်ပိန်လျလျမဟုတ်တော့။ ပြည့်တင်းကာ နုပျိုရွှင်လန်းလာ သည်ဟုမှတ်ရသည်။

ဖျတ်ခနဲ ဖျတ်ခနဲ တွေ့တိုင်း ရုပ်ပုံလွှာမှာ ပြောင်းလဲနေပေသည်။ အရောင်များမှာ အမှိုင်းမှ အနုသို့ ကူးပြောင်း နေသည်။ ပန်းပွင့်များ အဆုတ်မှအနွယ်သို့ တွန့်ယှက်နေသည်။


(၂)


လူချင်း ခင်မင်သိကျွမ်းသည်ကား စာရေးဆရာအသင်းတွင် အမှုဆောင်အဖွဲ့ထဲ၌  အတူလုပ်ကိုင် စဉ်က ဖြစ်၏။

မမလေး မှာ ကုန်သည်လမ်း၌ "တင်လှိုင်ကုမ္ပဏီ" ဖွင့်ကာဘောက်ထော်၌နေသည်။ ဗန်းမော်တင်အောင် နှင့် ပက်သက်သောမိတ်ဆွေများအား ထမင်းကျွေးရာ၌ ပထမတစ်ခေါက် ကျွန်တော် မေ့နေ၍ မသွားဖြစ်၊ နောက်တစ်ခေါက်မှ သွားဖြစ်၏။ 

ကျွန်တော် တို့သည် ဆုံကြလျှင်  စာပေအကြောင်း ငြင်းကြခုံကြ၏။ မောင်ကြည်လင်နှင့် မြသန်းတို့မှာ မီးရထား မမီသဖြင့် နောက်ကျ၍ ရောက်လာ၏။


မမလေးမှာ ကျွန်တော်၏ အရေးအသားများကို ဝေဖန်လျက်ရှိသည်။ ထိုအခါက ကျွန်တော် တို့မှာ"စာပေသစ်နန်းတော်" ကို တည်ဆောက်လျက်ရှိသည်။ 

"စံပယ်ဦး" ဟု အစချီကာရေးသော တာရာခေါင်းကြီးများနှင့် ပတ်သက်၍ မမလေးက ရှင်ရေးတာက တင်စား တာတွေ သိပ်များနေတယ်။ ဆန်းပါတယ်၊ သစ်ပါတယ်။ ဒါပေမယ့် ပြွတ်သိပ်ပြီး လူက အဓိပ္ပယ်ကို ဒက်ခနဲ မကောက် နိုင်ဘူး ဖြစ်နေတယ်။ ကျွန်မက စာဖတ်သူ တစ်ယောက်အနေနဲ့ စာဖတ်သူဘက်ကနေပြီး ပြောနေ တာ။ ကျွန်မအထင်တော့ လွန်ကဲနေပြီလို့ပဲ ပြောချင်တယ်ရှင့်" 

ထို "စပယ်ဦး" ကို သူက ကျွန်တော်၏ အဖြတ်အတောက် အသုံးအနှုန်းမျိုး မဟုတ်ဘဲ ရိုးရိုးပင် စီစဉ်ကာ ထပ်ရေးထား သောစာ ပြမည်ဟုပြော၏။ နောက်ထိုစာမှာပျောက်သွား၍ မကြည့်ဖြစ်တော့။


တာရာခေါင်းကြီးပိုင်းများကို ခေါင်ြးံကီးပိုင်းနှင့် မတူအောင်ရေးစမ်းကြည့်ခြင်းဖြစ်သည်။ ခေါင်းကြီး ဖတ် လိုက် သကဲ့သို့ ရေးခြင်းဖြစ်၏။ န၀ဒေး၊ နတ်ရှင်နောင်တို့၏ ရတုကိုးကား ကောက်နှုတ် ချက်များပင် ပါ၏။ 


"ကျွန်မ ပြောချင်တာကတော့ အရေးအသားပါပဲ။ အတွေးအခေါ်ကို ပြောစရာမရှိပါဘူး။ လူတွေ နားမလည် ဘဲ ဖြစ်နေမှာကိုသတိပေးတာပါ" 


ထိုသို့ စာပေဆွေးနွေး ဝေဖန်ရင်းက စာရေးဆရာ အသင်းရေးရာများရောက်သွားသည်။ မမလေးသည် ဥက္ကဋ္ဌဖြစ်စဉ်က စာပုံနှိပ်တိုက်ဥပဒေကို အသင်းနေဖြင့် ကန့်ကွက်သင့်ကြောင်း ပြောလျက်ရှိလေသည်။ နောက်တွင် ကန့်ကွက်ရန် အမှုဆောင်အဖွဲ့တွင် အဆိုသွင်းခဲ့ပေသည်။ 


ကျွန်တော်စာရေးဆရာအသင်း ဥက္ကဋ္ဌဖြစ်သောအခါ အမှုဆောင်ထဲ၌ မမလေးလည်း ပါဝင်သည်။ ထိုအခါ အသင်း ၌ စိတ်ထက်သန်ခြင်းနှင့်ဇွဲကို တွေ့လာရတော့သည်။

နတ်ရှင်နောင်ပြဇာတ်အတွက် တစ်နေ့လုံးကားတစ်စင်းနှင့် မြို့ထဲလှည့်ကာ တစ်ရာတန်း အထူးလက်မှတ် ငွေ ၅၀၀ ကျပ်ဖိုးရောင်းပေးသည်။ ပြဇာတ်ပြသည့် ရက်များတွင် တစ်နေ့လုံး လက်မှတ်ရောင်းသည့် အခန်း တွင် ထိုင်သည်။ လက်မှတ်ကုန်သွား၍ အပြင်က ဆူကြဆဲကြသည်။ ရဲပင် အကူအညီခေါ်ထားရသည်။ ညဘက် ပွဲသိမ်း ၁ နာရီလောက်မှ ငွေများကိုပိုက်ကာ ဘောက်ထော်ပြန်ရလေ၏။ 


ကျွန်တော်တို့ နှစ်များတွင်သာ မဟုတ်။ ၁၉၄၇ ခုံတော်မောင်ကျဘန်းကသည့် နှစ်ကလည်း ထို့အတူပင်၊ လက်မှတ် တာဝန် ယူ၍ ငွေတစ်သောင်းကျော် အမြတ်ကျန်ရစ်ခဲ့သည်။

နတ်ရှင်နောင် ပြဇာတ်အတွက် အ၀တ်အစားများ ၀ယ်ရာတွင်လည်း လိုက်ပါဝယ်ခြမ်းပေးလိုက် သေးသည်။ ထိုအတွင်း တစ်ဆိုင်ထွက် တစ်ဆိုင်ဝင်ဝယ်ရင်း ငွေရှစ်ရာကျပျောက်သွားရာ အသင်းကို စိုက်လျော် ပေးလိုက် ရသေးသည်။


မြို့မမောင်က 'အသင်းအပင်းလုပ်တာတော့ သိပ်အံ့သြဖို့ကောင်းတာပဲ၊ ဇွဲနပဲ သိပ်ကြီးတယ် ' ဟု အံ့သြ နေလေ သည်။ 

ကျွန်တော် အံ့သြသည်ကာ အသင်းမှ ခရီးစရိတ်တစ်ပြားမှမယူဘဲ မိမိအိတ်ထဲက အကုန်စိုက်ထုက်ကာ ပြဇာတ် မပြီးမချင်း မအိပ်မနေ လုပ်ခြင်းပင်ဖြစ်၏။ ရုံကုလားထိုင် နေရာများချကာ စာရင်းယူစဉ်ကဆိုလျှင် တစ်ညလုံး ကာဋ္ဌေးရုံထဲတွင် အချိန်ကုန်လေသည်။ 

ထိုနှစ်က နတ်ရှင်နောင်ပြဇာတ်မှာ အမြတ်ငွေတစ်သောင်းရခဲ့လေသည်။


(၃)


ကျွန်တော် မမလေး၏ စာပေစဖတ်ရသည်ကား"သူမ" ၀တ္ထုဖြစ်၏။ ဂျပန်ခေတ်က လယ်ယာ စိုက်ပျိုးရေး ၀န်ကြီး သခင်သန်းထွန်း၏ လူပျိုဘ၀ကို ကြည့်ကာ စိတ်ကူးပေါ်လာတာပဲဟု အောက်မေ့လိုက်သည်။ လူပျို ၀န်ကြီး မှာ အိမ်ထောင်ထိန်းသိမ်းမှုမရှိသဖြင့် ထိန်းသိမ်းစောင့် ရှောက်ရန် မိန်းမပျိုတစ်ဦးကို လခနှင့် ငှားထား ရာမှ ၀န်ကြီးက ထိုသူမကို စွဲလမ်းနေသော ဇာတ်လမ်းဖြစ်၏။ 

ထို့နောက် "အဖြူ" ကို ဖတ်ရ၏။ အဖြူမှာ တော်လှန်းရေးဗိုလ်ချုပ်၏ ကြေကွဲဖွယ် အဖြစ်အပျက်ကို ရေးထားသည်။ "သူလိုမိန်းမ" ၀တ္ထုမှာ အချစ်ဝတ္ထုသက်သက်ဖြစ်၏။ 


ရွှေလင်းယုန်၏ လေယူလေသိမ်းကိုပင် ယူသည်ဟု ထင်ထားသည်။ ၀တ္ထုစပုံများမှာ ရွှေလင်းယုန် နှင့် တူလှသည်။ အဖြစ်အပျက်၏ အပြုအမူတစ်ခုခုနှင့် စတတ်၏။ စစ်ပြီးစ ဂျာနယ်ကျော်တွင် မမလေး၏ ၀တ္ထုတို  များကို မကြာခဏဆိုသလို ဖတ်ရလေ၏။ 


"သည်မိုး" ၀တ္ထုမှာ အ၀တ်အစား ချို့တဲ့ရှာသော ဆင်းရဲသူမလေး ဂုံနီအ၀တ်ကို သွားခိုးရင်း ဂိုဒေါင် အစောင့် ၏ မတရားကျင့်ခြင်းကို ခံရကာ နောက်ဆုံး၌ တစ်ထည်မျှသာရှိသော သူ၏အ၀တ် အစားကို ချွတ်ထားခဲ့ပြီး (သူ့ သူငယ်ချင်း ၀တ်ပါစေတော့ဟု) ရေထဲ ခုန်ဆင်းသေသော အလွမ်းဝတ္ထုကလေးဖြစ်သည်။ ဆင်းရဲ ချို့တဲ့ခြင်း ၏ သရုပ်ကို ကြေကွဲဖွယ်ရာ ဖော်ထား၏။


"သူလိုလူ" တွင်ကား တစ်ဟုန်ထိုး ကျော်ကြားလာပေသည်။ ခင်ပွန်းသည် သတင်းစာဆရာ၏ အတ္ထုပ္ပတ္တိကို ဇနီးဖြစ်သူက ရေးသည့်အတွက် စာပေနှင့် မေတ္တာ ပေါင်းစပ်လိုက်ခြင်းဖြစ်၍ ထူးဆန်းသော ၀တ္ထုကို တွေ့မြင်ကြ ရလေ၏။ မမလေးမှာ သူ၏ ခင်ပွန်းသည်ကို ခင်လည်းခင်၊ ကြည်လည်း ကြည်ညိုသည်။


မမလေးသည် လဆန်း ၂ ရက်နေ့တိုင်း သုသာန်သို့သွားကာ ပန်းများ သွားတင်လျက်ရှိ၏။ ပျက်ကွက် သည် ဟူ၍ မကြားဖူး။ သူ့လိုလူပါတကားဟု မြတ်နိုး၏။

"သူလိုလူ" ၀တ္ထု၌ သတင်းစာလောကနှင့် နိုင်ငံရေးလောက ပုံပြင်များမှ နောက်ခံကားများဖြစ်ကြ သည်။


ဦးချစ်မောင် ကွယ်လွန်သောအခါမှ မမလေး အရောင်သည်ပေါ်ထွက်လာလေသည်။ စာများလည်း ရေးလာသည်။ ခင်ပွန်းသည်ရှိစဉ်ကမှု အိမ်၏ ဝေယျာဝစ္စတို့၌သာ အချိန်ကုန်ခဲ့ရဟန်တူ၏။ ချစ်လင် အယ်ဒီတာ ၏ စာမူ များကိုဖတ်ကာ'ထင်မြင်ချက် ပေးနေရ၏။ ရေချိုးရန် တိုက်တွန်းနေရ၏။ ချစ်လင် ထမင်းစား ကောင်းမကောင်း ပူပန်နေရ၏။ သူလိုလူ၏ဘေး၌ ရေပူရေချမ်းကမ်းလှမ်းကာ နေခဲ့ရ၏။

ဦးချစ်မောင် ကွယ်လွန်သောအခါ သူ့တွင် ပုံနှိပ်စက်၊ ဂျာနယ်လုပ်ငန်း၊ လူမမယ် ကလေးများနှင့် ကျန်ရစ် ခဲ့ လေသည်။ ထိုအခါ ဂျာနယ်ကျော် အပတ်စဉ် ဂျာနယ်သာမက ''ပြည်သူ့ဟစ်တိုင်''မှာ ချစ် လင် ဦးချစ်မောင် ရည်မှန်း ထားသော အလုပ်ဖြစ်၍ မဖြစ်ဖြစ်အောင် ထုတ်ရန် ပိုင်းဖြတ်ထားသည်။


ထိုအခါ၌ မမလေးသည် ဖဆပလ ဆိုရှယ်လစ်များအား ဝေဖန်သော သတင်းစာထုတ်သဖြင့် တိုက်ပွဲများစွာနှင့် ရင်ဆိုင်ရလေ၏။ မိန်းမသားအနေနှင့် ယင်းတိုက်ပွဲများမှာ ကြီးမားပြင်းထန်လှ ချ၏။


(၄)


ညဘက် နောက်ဆုံးဖောင်ကို ကြည့်ရှုခဲ့ရပြီးနောက် မောမောနှင့် အိပ်ကာ မှေးမှေးပျော်ခိုက် 'ဆရာကတော် ထပါဦး' ဟုနေအိမ် ပန်းဆိုးတန်း အပေါ်ထပ်သို့ လာနှိုးလေသည်။ လာနှိုးသူမှာ ဂျာနယ်ကျော် စာပုံနှိပ်စက်မှ ဖြစ်လေ သည်။

'ဘာဖြစ်ပြန်ပြီလဲ' ဟု တထိတ်ထိတ်နှင့် မေးရသည်။ ညဘက် ပုံနှိပ်စက်၌ တစ်ခုခု အခက်အခဲတွေ့လျှင် လာနှိုး တတ်၍ ထိတ်ရပြန်၏။


'စာဖောင်ကြီး အောက်ပြိုကျသွားလို့'

'ဟယ်'

ကမန်းကတန်း လမ်း ၄၀ ပုံနှိပ်တိုက်သို့ မမလေးသည် ပြေးသွားရလေသည်။ စာဖောင်ကြီးထဲမှ စာလုံးများ ဖရိုဖရဲ နှင့် နောက်ဆုံးဖောင် မရိုက်နိုင်လျှင် မနက်ဖြန် သတင်းစာ မထွက်နိုင်ခဲ့သော်…

'ကော်ပီ တွေရှိလား' 

'ရှိပါတယ်' 

မမလေးသည် နဖူးပေါ်ကျလာသော ဆံပင်ကို သပ်တင်လိုက်ကာ 'ကဲစာစီသမား သွားရှာမယ်'


သန်းခေါင်ကျော် ည၏ လေတဟူးဟူးဝယ် ဂျစ်ကားကလေးသည် တစ်လမ်းဝင် တစ်လမ်းထွက် အသော့ မောင်း လာလေသည်။ သတင်းစာတိုက် တံခါးများကို ခေါက်ကာ ဟိုတိုက်က တစ်ယောက်၊ ဆက်၍ စီရ၏။ သို့သော် ဖောင်စ၍ တင်ကာရိုက်ဆံ၌ လင်းအရုဏ်ရောင်နီသည် မှန်တံခါး၌ ရေးရေးပေါ်နေလေံပြီ။

မမလေး သည် စက်ဘေး၌ စောင့်ရပ်ကာ ကျလာသမျှစာရွက်များကို ကိုယ်တိုင်သယ်၍ ခေါက်၏။ ပြီးချင်ဇော၊ မနက်ဖက်အမီထွက်ချင်ဇောနှင့် မီးရထားအမီ ပို့ရမည့် အထုပ်များကို တံဆိပ်ကပ်နေ လေ၏။ 

ညတို့သည် ထမင်းလုံးတစ္ဆေခြောက်သော အိပ်မက်များနှင့် နိုးတစ်ဝက်ရှိနေစဉ် 'ဆရာကတော် ထပါဦး' ဟု နှိုးသံကြားရ၏။


မိုးတစ်စိမ့်စိမ့် ရွာနေသဖြင့် သက္ကလပ်ကွတ်ရှည်ကြီးရုံကာ ၀တ်ပြီးသား ထွက်လာပြီးလာဖြစ်ပြန်ပြီ လဲ ဟေ့' 

'မီးပျက် သွားတယ် ဆရာကတော်'

'ဘယ်က ပျက်တာလဲ၊ တို့တိုက်ခလုတ်ကလား'

'မဟုတ်ဘူး ဆရာကတော်၊ ဓာတ်တိုင်က ထင်တယ်' 

လမ်း ၄၀ သို့ ရောက်သောအခါ တစ်တိုက်လုံးမှောင်နေ၏။


'ကဲ … အာရ်အီးတီ လိုက်မှပဲ' 

မိုးရေစက်များကြားထဲမှ အာရ်အီးတီသို့ ဂျစ်ကားနှင့် သုတ်ချေတင်ရ၏။ တံခါး တစ်ဝက်ဟ ထားသည်။ 

'ကျွန်တော်တို့ အလုပ်သိမ်းပြီ၊ ညအလုပ်သမားတွေတောင် ပြန်ကုန်ပြီ' 

'တစ်ယောက်ဖြစ်ဖြစ် ရအောင် ရှာပေးပါရှင်၊ ကျွန်မတို့သတင်းစာတိုက်ကပါ။ ဒီည မီးမရရင် မနက်ဖြန် သတင်းစာ ထွက်နိုင်မှာ မဟုတ်ပါဘူး'' 

ငြိမ်သက်နေကြ၏။


'တစ်ဆိတ် တစ်ယောက်ဖြစ်ဖြစ်ရအောင် ရှာပေးပါလားရှင်'

မိန်းမသားဖြစ်၍ အားနာလာကာ 'ကဲ… မင်းလိုက်သွားစမ်း၊ လှေကားနဲ့ ကားတော့မရှိဘူး'' 

'ကျွန်မ တို့ လှေကားရှာပေးပါ့မယ်ရှင်' 

'လှေကား ရှိမှဖြစ်မှာဗျ' 

'လိုက်သာ လိုက်ခဲ့ပါ'

၃၉ လမ်း တိုက်တစ်တိုက်၌ ခေါင်မိုးမိုးသဖြင့် ဘေးမှလှေကားကြီးကို ကွက်ခနဲ မြင်မိ၍ ပြောခြင်းဖြစ် သည်။ ညမှောင်ကြီး ထဲ တိုက်ဘေးတွင် လက်နှိပ်ဓာတ်မီးနှင့် စမ်းတ၀ါးဝါးသွားကာ ၀ါးလှေကားကြီး ကို သယ်မ လာကြ၏။ မမလေးသည် လက်ပတ်နာရီကို ကြည့်လိုက်၏။ ၂နာရီကျော်ပေပြီ။


'ဟာ … ၀ါးလုံးက ချော်တယ်ဗျ။ ကျွန်တော်မတက်ဝံ့ဘူး' အခက်အခဲတစ်ခု ထပ်တွေ့ရပြန်လေပြီ။

'ဒါဖြင့် ဘယ်နှယ့်လုပ်မလဲရှင်'

ငြိမ်သက်သွားကြပြန်၏။

'အလုံ ရုံးကြီးမှာတော့ လှေကားမော်တော်ကားရှိမလားမပြောတတ်ဘူး'


'ကဲ ... လာသွားမယ်' 

ဂျစ်ကားသည် အလုံသို့ ၀ူးခနဲ ပြေးသွားလေပြီ။ မိုးရွာထားသဖြင့် လမ်းတို့မှာ ချောပြောင်နေ၏။ 

'ဟော ... ဟော ... ဟိုမှာ' 

လမ်းတစ်လမ်းမှ လှေကားမော်တော်ကားတစ်စင်း ထွက်လာသည်ကိုမြင်၍ ထိုကားနောက်သို့ လိုက်ကြ သည်။ ရှေ့ကလည်း အပြင်းမောင်းသွားသည်။ နောက်ကစက်ကုန်ဖွင့်ကာလိုက်၏။ ရုပ်ရှင်ထဲက လူဆိုးကား နှင့် ပုလိပ်ကားလိုက်သည့်ပမာ။ လမ်းတစ်ကွေ့တွင် ကျွီခနဲမြည်ကာ လှေကား၊ မော်တော်ကားရှေ့မှ ထိုး၍ ရပ်လိုက်၏။ ဒရိုင်ဘာမှာ ကြောင်နေ၏။


'အခု လိုက်ခဲ့ပါရှင်၊ အရေးကြီးနေလို့ပါ'

ထိုည လွန်မြောက်၍ လင်းအရုဏ်တွင် စက်ဘေး၌ ထိုင်ကာစက္ကူခေါက်နေသော မမလေးကို တွေ့ရ ပြန်လေ၏။


မတ်လ ၁၅ ရက်။


ဗန္ဓုလပန်းခြံဆီမှာ လူစီတန်းကြီး ချီတက်လာသံကြားရ၏။ မမလေးသည် ၀ရန်တာမှ မျှော်ကြည့်ကာ 'သြော် ... သတင်းထောက်တွေလာရင် သိရမှာပဲ' ဟု သာမန်တွေးကာ အိမ်ထဲပြန် ၀င်လိုက်၏။ 

ထိုလူအုပ်ကြီး သည် ဆိုရှယ်လစ် တောင်သူလယ်သမားအစည်းအရုံး 'လူထုအစည်းအဝေး' မှ ချီတက် လာကြခြင်း ဖြစ်၏။ ဒါလဟိုဇီလမ်း (မဟာဗန္ဓုလလမ်း)မှ ချီတက်လာကြသည်။

လူတစ်အုပ် သည် အိုးဝေသတင်းစာတိုက်ဘက်သို့သွား၏။ တစ်အုပ်ကား လမ်း ၄၀သို့ ကွေ့လိုက် သည်။

တောင်သူ လယ်သမား အစည်းအရုံးဥက္ကဋ္ဌသခင်တင်၏ မီးခွက်မှုတ်သော သတင်းကို ရေးရပါမည် လောဟု ဒေါသအမျက်ချောင်းချောင်းထွက်သော သခင် ---သည် ဘလောဇာအနက်ဝတ်ကာ လွယ်အိတ်တွင် ခြောက်လုံးပြူး ထည့်လျက် အရှေ့ဆုံးမှ တက်လာသည်။ 


အရက်တိုက်ထားသဖြင့် မူးနေသော သူများသည် ရဲတင်း၊ တူ၊ ပုဆိန်တို့်ကို ကိုင်ဆောင်လျက် ပုံနှိပ်စက်များကို ရိုက်ချိုးကြကုန်၏။ အလယ်ထပ် အချို့တက်ကာ စာခုံများကို ခုတ်ထစ်၍ စာခွက်များကို မှောက်ချပြီး ပုဆိန်နှင့်ခဲစာလုံးများကို ထုကြ၏။ အမှိုက်ဂေါ်နှင့်တူသော ဂယ်လီနှင့် ခဲများကို ကော်ခတ်ကာ အောက်သို့ တဝေါဝေါသွန်ချလိုက်ကြ၏။ အလုပ်သမားများကား ပြေးကုန်ကြလေပြီ။ တချို့လည်း ပြေးချိန်မရသဖြင့် တောက်တဲ့များပမာ ထုတ်ဆင့်တို့်၌ တွယ်ကပ်နေကြရ၏။ အပေါ်ဆုံးထပ်၌နေသော အယ်ဒီတာချုပ် ဦးစောဦးမှာ ရေတိုင်ကီပေါ်၌ ပုန်းနေရလေ၏။


၂နာရီခန့် ကြာသောအခါ ဂျာနယ်ကျော်မမလေးသည် ခဲစာလုံးတို့၏ ငွေရောင်ဖြင့် ဖွေးနေသော လမ်း၌ ခဲစာလုံးများကို နင်းလျှောက်ကာ တိုက်ပေါ်သို့ တက်ရလေ၏။ မြောင်းထဲ၌ပင် ခဲများသည် ပုံနေ၏။ 

တိုက်အောက် လှေကားရင်း၌ နယ်ကိုယ်စားလှယ် အကြွေးစာရင်းစာအုပ်မှာ လောင်ပုံထဲတွင် မီးလောင်ကျွမ်းလျက် ပြာအဖြစ်သာ ငွေ့ငွေ့ ကျန်ရစ်သည်။ 


စက်ကြီးလေးလုံးအနက်စက်နှစ်လုံးမှာ အခွံသာကျန်တော့၏။ 

ဗမာ့ခေတ်၊ ဒီးဒုတ်၊ ပြည်သူ့အာဏာ စသည်တို့တွင် ငှားရိုက်ထားသော စာဖောင်များကို ညသန်းခေါင်ကျော် လင်းအားကြီး၌ လိုက်ကောက်ကာ ''ပြည်သူ့ဟစ်တိုင်'' ကို ဆက်ထုတ်နေရ လေ၏။

စက်တစ်လုံးကို ပြင်ကာ ပုံနှိပ်စက်ဆင်၏။ သံတံခါးတပ်ကာ၊ သံကြိုးဖြင့် ပတ်၍ သော့ခလောက် ခတ်ကာ သတင်းစာရိုက်ရသည်။ အစိုးရက ရိုက်ပြီးသား စာရွက်များ သိမ်းသွားပြန်သည်။ 

သို့သော် ညဘက် ဆက်ရိုက်ကာ မနက်မိုးလင်းတွင် သူငယ်လေးတစ်ယောက်လွှတ်၍ ဖာတစ်လုံးထဲ၌ သတင်းစာလိပ်များ ထည့်လျက် မီးရထားဖြင့် လိုက်ပါသွားကာ ဘူတာတို့တွင် ပစ်၍ ပစ်၍ ချပေးခဲ့ရသည်။ 


အအိပ်ပျက် အစားပျက်နှင့် လုပ်လာရာ လူမှာ ဖျော့ဖျော့လာသည်။ တစ်ညနေ လှေကားမှ ဆင်းမည်အလုပ် မူးကာ မိုက်ကနဲ ဖြစ်သွားပြီး အောက်သို့ ဒလိမ့်ခေါက်ကွေးကျသွားသည်။ ၂ ရက်ခန့် မေ့နေလေ၏။ 


'အဲဒီတုန်းကများရှင် လူကို အရိုးပေါ် အရေတင်ပြီး လျလျလေးရှိတော့တယ်။ ပင်ပန်းလိုက်တာများ မပြောပါနဲ့တော့။ အဲဒါဘာမှ အဟုတ်ဘူး။ မဖြစ်ဖြစ်အောင် ထုတ်မယ်ဆိုပြီးထားတဲ့စိတ်။ မေ့လဲသွားတော့မှပဲ သတင်းစာကိုရပ်ပစ်ပြီး ဂျာနယ်ပဲ ထုတ်ရတယ်' ဟု မုန်တိုင်းထဲမှာ ရုန်းကန်ခဲ့သော ဂျာနယ်ကျော်၏ ပုံပြင်များကို စပ်မိရင်း ပြောပြတတ်သည်။ ကျွန်တော်ကမူ ဇွဲကို အံ့သြနေ၏။


(၅)


စာပေပြဿနာများ၌ သူသည် စိတ်ဝင်စားသည်။ စာပေသစ်အယူအဆများကို မပစ်ဘဲ စာဖတ်သူ ကို မမေ့ထား အပ်ကြောင်း သတိပေးလေ့ရှိ၏။


'ကျွန်မ စာရေးတာမှာ ထိန်းထိန်းရေးတယ်၊ ဟိုဘက်သည်ဘက်ချိန်ထိုးပြီး မျှမျှတတဖြစ်အောင် ဇာတ်ကောင် တွေကို ကိုင်တယ်။ ကျွန်မ စာတစ်ပုဒ်ကိုဝေဖန်ရင် စာဖတ်တဲ့လူ ဘက်ကနေပြီး ကြည့်တာပဲ' 


သူသည် ဇာတ်လမ်းဇာတ်အိမ်ကို ချိန်ဆ စဉ်းစားတွေးတောပြီးမှ ရေးချလေသည်။ ကျွန်တော့်မှာမူ ကြိုတင် ရေးထား ၍ မရ။ စိတ်နှင့် မှန်းကြည့်၍လည်း ဇာတ်အိမ်ကို မမြင်။ အစအနလောက်သာရ၏။

ထိုအစအန ကို ကောက်၍ စိတ်ကူးခေါ်ရာသို့ လိုက်ပါတတ်၏။ အစက်တစ်စက်လောက်သာ ၀ိုးတစ်ဝါး လက်ခနဲ မြင်ရ၏။ ဆေးစက်ကျရာသို့သာ စုတ်တံကို တို့ကာရေးချင်၏။ နိဂုံးကို ဘယ်တော့မှ မတွေးတတ်။ ကျွန်တော် ၀တ္ထုရေးလျှင် အဘယ်ပုံ အဆုံးသတ်မည်ကို ဘယ်တော့မှ မသိ။ 


''နတ်ရေးငယ်ရွေှ့စာ''၊ ''မုန်း၍ မဟူ'' စသော ၀တ္ထုများရေးစဉ်က ဇာတ်ကောင်များ၏ အပြုအမူ၊ စိတ်မှာ ဖြစ်ပေါ်ပုံ စသည်များကို ပင်ပန်းစွာ ချင့်ချိန်ကြံစည်နေသည်ကို မြင်ဖူးသည်။


'ကျွန်မ ၀တ္ထုရေးရင် စာနာပြီး ရေးတယ်၊ မေတ္တာစိတ်ထားပြီး ရေးတယ်။ လူတွေမှာ ခံစားရပုံတွေကို ကိုယ်ချင်း စာနာစိတ်ထဲကို ၀င်ကြည့်ပြီးရေးတာပဲ' 


ထို့ကြောင့်ပင် သူ၏ ၀တ္ထုများမှုာ လူ၏ နှလုံးကို ရိုက်ခတ်အောင် လာထိသောအချက်များ ပါနေသည်ဟု ထင်သည်။ သူသည် နှလုံးသားနှင့်ရေး၏။ ဖတ်ရသူ နှလုံးသားကို သွား၍တိုးတွေ့၏။ 

''မုဆိုးမ'' ဆိုလျှင် ဇော်ဂျီကတော်တော်ကြိုက်၏။ ကျွန်တော်ကမူ သိပ်မကြိုက်။ 


'ရှင့်မှာ နှလုံးသားမရှိဘူး' ဟု သူကဆို၏။ 


''ကမ္ဘာမြေ၀ယ်''၀တ္ထု (၁၉၅၂) တွင် သူသည် တောရွာကျေးလက်ကို နောက်ကားခံပြီ မြေယာပြုပြင် ပြောင်းလဲရေး ကို ခေတ်အခြေအနေနှင့်ဟပ်လျက် ဝေဖန်ဖော်ပြထားသည်။ လယ်လုပ်သူ လယ်ပိုင်ရေးကို ရည်စူး ထား၏။ 


မျက်မြင်ကြုံတွေ့ ရချက်ရေးရာ၌ နှစ်သက်ဖွယ်ရာရှိ၏။ အတ္ထုပ္ပတ္တိဆန်သော စာများတွင် အသက်ပါ ၏။ ''ဒိုးနက်'' တွင် ဂျပန်မကလေးများ၏ ချစ်ခင်တတ်သော လူ့မေတ္တာစိတ်ကို တွေ့ရ၏။ စစ်ပြီးခေတ် ငြိမ်းချမ်းရေး လိုလားသော ဂျပန်လူထုလှုပ်ရှားမှုနှင့် စစ်ဒဏ်၊ စစ်တန်ပြန်ချက်ကို ''ငြိမ်းချမ်းရေးအလံ'' ခရီး သွားခြင်း ဆောင်းပါး၌ ဖော်ပြ၏။ ''မြက်ကလေးတစ်ပင်'' မှာ လွတ်လပ်ရေးကဗျာတစ်ပုဒ်နှင့်တူ၏။ ရောင်းစားခြင်း ခံရသော အစေခံကလေးမကလေး၏ လွတ်လပ်ရေးရ၍ ပျော်မြူးပီတိဖြစ်ခြင်းကို ဖွဲ့သီ ထားပေ၏။


''မုန်း၍မဟူ'' ၀တ္ထုတွင် ချစ်မေတ္တာ၏ အသွားနှစ်ဖက်ကိုပြထား၏။ တစ်ယောက်က ချစ်လွန်းသဖြင့် တယုယု တယယ လုပ်ရာ အချစ်ခံရသူမှာ မလွတ်လပ်တော့ဘဲ အရုပ်ပမာဖြစ်ကာ စိတ်မချမ်းသာဖြစ်ရလေ၏။ သူသည် ဝေဒနာစိတ်၌ ကျင်းမြောင်းကျပ်တည်းစွာ ခံစားရချက်တို့ကို လူ့စိတ်နှလုံးနှင့်စာနာ၍ ရေးသား ထားသည်။ 

သူသည် အစွဲအလမ်း ထားတတ်သူဖြစ်၏။ ငယ်စဉ်က အိပ်မက်တစ်ခုကို စွဲလမ်းလျက်ရှိ၏။ ထိုအိပ်မက်ကို မှီး၍ ဇာတ်လမ်းဆင်ကာ ၀တ္ထုတစ်ပုဒ်ရေးလိုက်၏။ ဦးချစ်မောင်၏ဂူသို့ လဆန်း ၂ ရက်နေ့တိုင်းသွားကာ ကန်တော့၊ ပန်းတင်ခြင်းသည်လည်း စွဲလမ်းခြင်း၏ လက္ခဏာတစ်ရပ်ဖြစ်၏။ 


သူ၏ လုပ်ရပ်များမှာ ဤအစွဲအလမ်းစိတ်က စေ့ဆော်ဖန်တီးတတ်ပေ၏။ အစွဲအလမ်းနောက်သို့ လိုက် တတ်၏။ အစွဲအလမ်းယုံကြည်ချက်က လွှမ်းနေတတ်၏။ 

သူသည်စွဲလမ်းမှုတစ်ရပ်ကြောင့် အားမာန်ခွန်တိုက်လုပ်၏။ ဦးချစ်မောင်၏ ဂျာနယ်ကျော်လုပ်ငန်း ကို မပျက်ရအောင်ဟူသော အစွဲအလမ်းဖြင့် မေ့လဲကျသည်အထိလုပ်၏။

အတိတ်နိမိတ်တို့၌ ထင်မြင်စူးစမ်းတတ်၏။ ကျွန်တော်ကားဤကိစ္စများကို နားလည်းမလည်၊ အယုံအကြည် လည်းမရှိလှ။ အပြင်ပ အမြင်အထင် တွေ့ရှိချက်တို့ကိုသာ အခြေပြုလိုသည်။ 

အမျိုးသား ဆေးပညာ လေ့လာလိုက်စားရာ၌ ၀ါသနာကြီးလှ၏။ သစ်ပင်ရုက္ခများကို စိုက်ကာ၊ သတ်ကာ ရုက္ခဗေဒ မှ လေ့လာပညာရှာခဲ့၏။ 


သူ၏ အလုပ်ခန်းတွင် လူနာများနှင့် မပြတ်မလပ်တွေ့ ရတတ်၏။ ကျွန်တော်သည် အစက မြန်မာ ဆေးများ အကြောင်း သိလည်းမသိ၊ အယုံအကြည်လည်း မရှိ။ နောက် သူဆေးပညာရှာမှီးပုံ တွေ့ရသောအခါ အမျိုးသားဆေးပညာ၌ ဓာတုဗေဒသိပ္ပံ သဘောများ ပါနေသည်ကို တွေ့ရ၏။ ရုပ်နှင့်နာမ်တို့၏ ဆက်ဆံရေးများလည်းပါနေ၍ 'ရုပ်နဲ့နာမ် ဘယ်ဟာအဓိကထားပြီး ဆေးကုသလဲ' ဟုမေးရာ 'ရုပ်က အဓိကပေါ့' ဟုဖြေသဖြင့် နှစ်သက်လက်ခံနိုင်သော အချက်များကို တွေ့ရသည်။ သို့သော် ကျွန်တော် လက်ခံ၍မရသော အချက်များလည်းတွေ့၍ အငြင်းပွားရာ သူက 'ကဲ... ဒါဖြင့် ရှင်နဲ့ မတည့်တာ စားဝံ့မလား' ဟု မေးလိုက်၏။


ကျွန်တော့်မှာ လက်တွေ့ဖြစ်၍ ပြုံးရယ်၍သာ နေရလေ၏။ 

မမလေး၏။ ဘ၀မာတိကာများကား ဒို့ဗမာသခင်မ၊ ဆောင်းပါးရှင် ရဝေလှိုင်၊ အယ်ဒီတာကတော်၊ မုဆိုးမ၊ ဂျာနယ်ကျော် ထုတ်ဝေသူ၊ ဆေးဆရာမ၊ အမျိုးသမီးစာရေးဆရာ စသည်ဖြင့် အခန်းခန်း ရှိ၏။ 

လူ့ အဖြစ်ကား တစ်ဖက်သား၏ စိတ်၌ နာကျင်သွားမည်ကို သူစိုးရိမ်တတ်သော မေတ္တာစိတ်ဓာတ်ဖြင့် ၀တ္ထု ဇာတ်ကောင် တို့၏ စိတ်ထား၊ အပြုအမူတို့ကို ခြယ်ရေး၏။ 

ကျွန်တော် သည် မေတ္တာပန်းပွင့် အဖြစ် မြင်နေမိလေ၏။


-------------


ဒဂုန်တာရာ


(ဒဂုန်တာရာ၏ ရုပ်ပုံလွှာ၊ ပထမအကြိမ်၊ ဂျာနယ်ကျော်မမလေး စာပေ၊ ၁၉၅၅)

.

Friday, August 6, 2010


[ ရွှေဇင်ဦးဘလော့ဂ်မှကူးယူပါသည်။ဘလော့ဂ်ဂါအားကျေးဇူးတင်ပါသည်။]


No comments:

Post a Comment