#ငွေစိန်လှေလှော်ရင်းတက်ကျိုးခြင်း
#သိန်းဖေမြင့်
(၁)
တခုသော ဧပြီလ တလ၏ စနေနေ့ တနေ့တွင် ကျွန်တော်သည် အနောက်ပိုင်း ၂ ရာဘက် တရားသူကြီး ရုံးတွင် အမှုတမှု၌ ရှေ့နေ လိုက်ပြီးနောက် ဘားလမ်းရှိ ကျွန်တော်၏ အလုပ်ခန်းသို့ ပြန်လာခဲ့ လေသည်။
အချိန်မှာ တနာရီခန့်မျှ ဖြစ်၍ နေပြင်းထန်စွာ ပူလျက် ရှိ၏။ လမ်း၏ ကတ္တရာစေး မျက်နှာပြင် ပေါ်တွင် အပူ အခိုးငွေ့ သန်းနေသည်ကိုပင် မြင်ရလေသည်။ ရန်ကုန်မြစ်မှ ဝေ့ဝိုက် တိုက်ခိုက်လာသော လေပြေကလေးသည်ပင် အေးမြအောင် မစွမ်းနိုင်ချေ။
ကျွန်တော့် အလုပ်ခန်းမှာ တိုက်၏ တတိယထပ်မှာ ရှိသဖြင့် ဟောဟဲလိုက်အောင် တက်ယူရလေသည်။ ခေါင်းပေါင်းစ တလူလူ၊ လက်ထဲက ဝတ်လုံနက် တရမ်းရမ်း၊ ဘန်ကောက်လုံချည် တရွှမ်းရွှမ်းနှင့် ခံ့ညားသော အသွင်ကို ဆောင်မည် ဖြစ်သော်လည်း ဝတ်ဆင်ရသော ကျွန်တော့်မှာ မသက်သာလှပါချေ။ ခေါင်းပေါင်းသည် အိုက်ရုံမက နားထင် ကိုက်စေသည်။
ရှေ့နေလိုက်ရာ၌ အကြောကြီးတွေ ထောင်လာအောင် စကားပြောရလေလေ၊ ခေါင်းပေါင်းဒဏ်ကို ခံစားရလေ ဖြစ်ပေသည်။ ဝတ်လုံနက်ကို ပိုက်ပြီး အမှုတွဲများကို ကိုင်ရသော လက်၊ ဘန်ကောက် ပုဆိုးစကို ဆွဲကိုင်ရသော လက်တို့မှာလည်း ညောင်းလှချေပြီ။ မတပ်မဖြစ် တပ်ထားရသော စတစ် ကော်လာမှာလည်း လည်အစ် ဂုတ်အိုက်အောင် အထူးတလည် စီမံထားသည်နှင့် တူသည်။ အကယ်၍ တရားဥပဒေ ဆိုင်ရာ စနစ်သစ် တခုခု ပေါ်အံ့။ ထိုစနစ်သစ်တွင် ဖော်ပြပါ ဝတ်လုံတော်ရ ရှေ့နေ အဆောင်အယောင်တို့ကို ပယ်ထားငြားအံ့။ ကျွန်တော်သည် အခြား အချက်အလက်တို့ကို ဂရုမမူတော့ဘဲ ဤတချက်ထဲနှင့်ပင် ထိုစနစ်သစ်ကို ထောက်ခံမိ ပေလိမ့်မည်။
ကျွန်တော်သည် အလုပ်ခန်းတွင်းသို့ ဝင်မိသည်နှင့် တပြိုင်နက် လက်ထဲမှ အမှုတွဲဖိုင်ကို စားပွဲပေါ် ပစ်တင်လိုက်သည်။ ဝတ်လုံ အင်္ကျီနက်ကြီးကို ချိတ်မှာ ချိတ်လိုက်သည်။ ခေါင်းပေါင်းကို ချွတ်၍ ဂျက်ဗူးထဲ ထည့်လိုက်သည်။ ကိုယ်ရောစိတ်ပါ လွတ်လပ်ပေါ့ပါး သွားလေတော့သည်။
ပန်ကာ ဖွင့်ပြီးမှ ကုလားထိုင် ထိုင်လေသည်။ သတင်းစာ ကောက်ဖတ်မည် လုပ်ရင်း ခြေကပါ အိုက်လာသည် ထင်သဖြင့် ရှူးဖိနပ်နှင့် ခြေအိတ်များကို ချွတ်ပစ်ရ ပြန်လေသည်။ သည်တော့မှ အလုပ်ခန်းတွင် အသင့်ထားသော ပိန်းတန်း ဖိနပ်မှာ သံကြိုး ပြတ်ခါနီး တဲတဲသာ ကျန်သဖြင့် အသစ်ဝယ်ရန် ရှိသည်ကို သတိရလေ တော့သည်။
ဒိုင်ယာရီတွင် တနင်းလာနေ့ အမှုရုံးချိန်းများကို ကြည့်သည်။ ပြီးတော့ ဆိုင်ရာ အမှုတွဲများကို စားပွဲအံဆွဲမှ ထုတ်ယူ၍ အသော့ လှန်ကြည့်ပြီး အိမ်မှ ဘယ်ဥပဒေ စာအုပ်များ ဖတ်ရမည်ကို မှတ်သား ထားလိုက်သည်။ ထို့နောက် မကြေသေးသော အမှုတွဲကို စေ့စေ့စပ်စပ် ဖတ်၏။ ကျွန်တော်သည် အမှုကို စေ့စေ့စပ်စပ် လေ့လာ၍ ပြင်ဆင်မှု ဖူလုံအောင် လုပ်သော ဝတ်လုံတော်ရ ရှေ့နေတယောက် ဖြစ်ပေသည်။
သို့ဖြင့် သုံးနာရီ ထိုးသွားလေ၏။ ရှေ့နေစာရေးတို့၏ လက်နှိပ်စက် ရိုက်သံတွေလည်း စဲလေပြီ။ အမှုဧည့်သည်တို့၏ ဖိနပ်သံများလည်း ဆိတ်လေပြီ။ ကျွန်တော်နှင့် အခန်းစပ်တူ ခွဲယူထားသော ရှေ့နေများလည်း တယောက်မကျန် ပြန်ကြလေပြီ။ တဖက်ခန်းမှ ကုမ္ပဏီ အလုပ်တိုက်ပင် ပိတ်သွားလေပြီ။
ကျွန်တော်သည် ရှူးဖိနပ်ကို ပြန်စီး၏။ အပြန်တွင် ပိန်းတန်း ဖိနပ်တရံ ဝယ်ရမည်ကိုလည်း သတိရပြန်၏။
ကျွန်တော်သည် နေရန် တိုက်အိမ်ပိုင်သူ ဖြစ်သော်လည်း စီးရန် မော်တော်ကားပိုင်သူ မဟုတ်ပေ။ စားပွဲအံဆွဲ၊ ဘီရိုနှင့် အခန်းများကို သော့ခတ်ပြီးနောက် အောက်သို့ ဆင်းလာ၍ ဘားလမ်းအတိုင်း ဖရေဇာလမ်းသို့ လျှောက်လာခဲ့ လေသည်။ နေမှာ ပူ၍ ကောင်းတုန်းပင် ဖြစ်သည်။ သို့သော် မြစ်ဖက်မှ လေသည် တဟူးဟူး တိုက်ခတ် နေသဖြင့် အပူရှိန် တော်တော် လျော့နေသည်ဟု ထင်မိ၏။
စနေနေ့ ခုလိုအချိန်တွင် ပုလိပ်ရုံးကြီး၊ ဟိုက်ကုတ် မြူနီစပယ် ရုံးကြီးနှင့် ဘားလမ်း တဝိုက်တွင် လူပါးသည်။ အသွားအလာ အရှုပ်အထွေး နည်းသည်။ ထို့ကြောင့် ကျွန်တော်မှာ စိမ်ပြေနပြေ လျှောက်နေနိုင်ပေသည်။
ဖရေဇာလမ်းသို့ ရောက်သောအခါ ဘယ်ဘက်ချိုး၍ သိမ်ကြီးဈေးဆီသို့ ဦးတည်၍ လျှောက်ခဲ့လေသည်။ ဟိုဘက်မှာ လူပါးပြီး အသွားအလာ နည်းသလောက် ဒီဘက်ကျတော့ လူများ၍ အသွားအလာ ရှုပ်လေသည်။ ကျွန်တော် လိုချင်သော ဖိနပ်အတွက် သားနား၍ တော်တော် ကြီးမားသော ဖိနပ်ဆိုင်များတွင် ကြည့်သည်။ ပုံကြိုက်၏။ အမျိုးမကြိုက်။ ခုံကြိုက်၏။ သဲကြိုးမကြိုက်။ အကြိုက် မတွေ့သဖြင့် ဈေးပင် မဆစ်ဘဲ ထွက်ခဲ့သည်။ သည်လိုနှင့် ဆူးလေ ဘုရားလမ်း၊ နောက် စစ်ကဲ မောင်ထော်လေးလမ်း စသည်တို့ကို ဖြတ်ကျော်ခဲ့ လေသည်။ နောက်တွင်ကား အကြိုက်တွေ့သော်လည်း ဈေးမတည့် ဖြစ်ရပြန်၏။ သို့ဖြင့် မဂိုလမ်း ရောက်ခါနီး ဆိုင်ကြီးကြီး တခုတွင် ရှာပြန်သောအခါ ကြိုက်သော ပုံ၊ ကြိုက်သော ခုံ၊ ကြိုက်သော သဲကြိုး၊ ကြိုက်သော အမျိုးနှင့် ဖိနပ်ကို တွေ့လေသည်။ သို့သော် ဈေးရောင်းသူသည် ကျွန်တော့်အား အဖက်မတန်သလို ကြည့်ပြီး မောက်မာသော လေသံဖြင့် ပြောဆိုလေရာ ငါ့လို ဝတ်လုံတော်ရ ရှေ့နေတယောက်ကို ဤရှု၊ ဤလေမျိုးဖြင့် ဆက်ဆံရသလောဟု စိတ်ထဲက ကြိတ်ဒေါဖောင်းပြီး မဝယ်ဖြစ်ဘဲ ထွက်လာခဲ့လေသည်။
မဂိုလမ်း လွန်သောအခါမှာမူကား ဖိနပ်ဆိုင်ကြီးများ မတွေ့ရတော့ပေ။ ထင်းရူးပြားများကို ဗန်းလုပ်လျက် ဖိနပ်အရံ နှစ်ဆယ် သို့မဟုတ် သုံးဆယ်မျှကို ခင်းပြ ရောင်းချ နေကြသော လမ်းပေါ် ဈေးသည်ကလေးများကိုသာ တွေ့ရလေတော့သည်။ သူတို့သည် ထင်းရူးသေတ္တာ ခပ်ငယ်ငယ်ကို ထောင်၍ ထိုင်သူ ထိုင်၊ ခွေးခြေခုံလေးများတွင် ထိုင်သူ ထိုင်၊ တိုက်ပျက်မှ အုတ်ခဲများကို ပုံ၍ ထိုင်သူထိုင်ကာ ရောင်းချနေကြ၏။ နေပူရောင် တိုက်ရိုက် ထိုးနေသဖြင့် ယောက်ျားများမှာ ဦးထုပ်ဆောင်းပြီး ရောင်း၍ မိန်းမများမှာ ထီးမိုး၍ ရောင်းနေကြ လေသည်။ သူတို့ဆိုင်များမှ ဖိနပ်များမှာ နာမည်ကြီးတံဆိပ် ခပ်နှိပ်ထားခြင်း မရှိချေ။ သူတို့ဆိုင်များသို့ ကျွန်တော့်လို ဝတ်လုံတော်ရ ရှေ့နေ မဆိုထားဘိ ရုံးစာရေးပင် ဝင်ကြဟန် မတူ။ မြို့နေ အလုပ်သမား ဆင်းရဲသားများနှင့် ရန်ကုန်သို့ တခါတခေါက် ရောက်လာသော အသွင်အပြင် ခြားနားသည့် တောနေ ဆင်းရဲသားများသာ ရွေးချယ်ဈေးဆစ် နေသည်ကို တွေ့မြင်ရပေ၏။ ကျွန်တော်သည် အစဦး၌ သူတို့ဆိုင် ဝင်ရန် နှောင့်နှေး နေမိသည်။ နောက်မှ မောက်မာသော ဆိုင်ကြီးရှင် အပေါ်တွင် မကြေသော အခဲကို ချေပသော သဘောဖြင့် အဝယ်အခြမ်း မရှိသော ဆိုင်ကလေးရှင် တဦးထံ ချဉ်းကပ်လေတော့သည်။
ထိုသူကား အသက် ၃၀ ကျော်လောက် ရှိပေလိမ့်မည်။ အရပ်အမောင်း ကောင်း၏။ ရင်ဘတ် ကျယ်၏။ လက်မောင်းနှင့် ခြေသလုံးတို့တွင် ကြွက်သားများကို မြင်နိုင်၏။ မျက်နှာမှာ ခပ်ပြားပြားဖြစ်ပြီး နှုတ်ခမ်း ထော်၏။ မေး ကား၏။ သူ့ ခေါင်းပေါ် တင်ရုံ တင်ထားသော ဖော့ဦးထုပ်မှာကား ပုံပျက်နေရုံမက ညစ်ပတ်ပေကျံ နေလေသည်။ သူသည် အရှေ့ဘက်ဆီသို့ မကြာခဏ လှမ်းကြည့်၏။ သူ့အကြည့်ကား မျှော်လင့် တောင့်တသော အကြည့် မဟုတ်ဘဲ စိုးရိမ် ကြောင့်ကြသော အကြည့် ဖြစ်သည်ဟု ကျွန်တော် ခန့်မှန်းလိုက် လေသည်။ အကယ်၍သာ မျှော်လင့် တောင့်တသော အကြည့် ဖြစ်ပါမူ အရှေ့ဘက်မှ သူ့ဆီ ချဉ်းကပ်လာသော ဈေးဝယ်လာသူ ကျွန်တော့်အား ပြုံးရွှင်စွာ ခရီးဦး ကြိုဆို ပေလိမ့်မည်။ ကြွရောက် ရှုစားပါ၊ ဝယ်လှည့်ပါဟု ဈေးခေါ်ဖိတ်ကြား ပေလိမ့်မည်။ ခုတော့ ဤသို့ မဟုတ်ပေ။ ကျွန်တော်က သူ့ဗန်းထဲမှ ဖိနပ်တရံ ကောက်ကိုင် လိုက်တော့မှ ပျာပျာသလဲ ဖြစ်လာပြီး
"ဘယ်လိုအမျိုး လိုချင်ပါလို့လဲ ခင်ဗျာ"
"မင်းဖိနပ်တွေက အမျိုးအစား ညံ့တယ်ကွ"
"အမျိုးအစားတော့ မညံ့ပါဘူး ခင်ဗျာ။ နာမည် မရသေးတဲ့ တံဆိပ်တွေမို့လို့ပါ။ အမျိုးအစားကတော့ နာမည် အကြီးဆုံးတွေနဲ့ ပြိုင်နိုင်ပါတယ်။ ကြည့်ပါလား ခင်ဗျာ"
သူသည် ပြောပြောဆိုဆို ဖိနပ်တရံကို ကောက်ယူပြီး ကော့်ပြ ကွေးပြ ရိုက်ခတ်ပြလေသည်။ ကျွန်တော်သည် သူ၏ ချက်ကျသော စကားနှင့် သွက်လက် ချက်ချာသော အမူအရာများကို နှစ်သက်မိပေ၏။
"မင်းဆိုင်က ဘာဖြစ်လို့ နာမည်ရပြီးသား တံဆိပ်နဲ့ ဖိနပ်တွေကို မထားသလဲကွ"
သူသည် အရှေ့ဘက်သို့ စိုးရိမ်စွာ လှမ်းကြည့်ပြီး ကျွန်တော့် စကားကို မကြားသလို နေလိုက်လေသည်။ ဘတ်စကားသံတွေ မှာလည်း ဆူညံပြီး အသံတကာကို လွှမ်းမိုးနေ၏။ အတန်ကြာမှ အရှေ့ဘက်ဆီသို့ စိုးရိမ်စွာ မျှော်ကြည့်နေသော မျက်လုံးများကို ကျွန်တော့်ဆီသို့ လွှဲယူလိုက်ပြန်ပြီး
"ဘာတဲ့ဆရာ"
"မင့်းဆိုင်က ဘာဖြစ်လို့ နာမည် ရပြီးသား တံဆိပ်နဲ့ ဖိနပ်တွေကို မထားတာလဲလို့ မေးနေတယ်"
"ဆရာကြီးရဲ့၊ ကိစ္စက စီးပွားရေး သဘောတရား တခု ဖြစ်နေလို့ အကျယ်ရှင်းပြဘို့ လိုပါတယ်။ ဆရာကြီးမှာ အချိန်ရမယ် မထင်ပါဘူး။ ဒီတော့ လိုရင်း အစီရင်ခံပါမယ်။ တံဆိပ်ဟာ အမည်သညာသာ ဖြစ်ပါတယ်။ နှင်းဆီပန်းဟာ ဘယ်နာမည်နဲ့ ခေါ်ခေါ် မွှေးမှာ လှမှာတော့ အမှန်ပဲ ဆိုတာလို ကျွန်တော် ရောင်းချနေတဲ့ ဖိနပ်တွေဟာ ဘယ်တံဆိပ် တပ်တပ် အကောင်းချည်း ဖြစ်ပါတယ်"
ကျွန်တော်က ပြုံးမိလေသည်။ ဒီလို လမ်းပေါ်က အနုပ်စုတ် ဂုတ်စုတ် ဈေးသည်ကလေးထံမှ ဤမျှ တောက်ပြောင် ဝင်းလက်သော စကားမျိုး ကြားရလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်မိခဲ့ချေ။
"မင်းပြောတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် ဒို့ ဈေးဝယ်တွေဘက်က ကြည့်ရင် တံဆိပ်က အရေးကြီး နေပြန်တယ်။ ဒို့မှာ အမျိုးအစား ကောင်း မကောင်း အလွယ်တကူ သိနိုင်စွမ်း မရှိကြဘူး။ ဒါ့ကြောင့် နာမည်ရပြီးသား၊ လူကြိုက်များပြီးသား
တံဆိပ်ကို ရွေးကြရတာဘဲ"
သူသည် အရှေ့ဘက်ဆီသို့ စိုးရိမ် ကြောင့်ကြစွာနှင့် ကြည့်နေရာမှာပင် လေသံ ခပ်ပြတ်ပြတ်ဖြင့်
"နာမည်ကြီး တံဆိပ် လိုချင်ရင် ဆိုင်ကြီးတွေဆီ သွားပေတော့၊ ကျွန်တော့်ဆီမှာ မရနိုင်ဘူး။ အဲဒီဟာ လိုချင်ရင် ၄ ကျပ်နဲ့ ယူသွား"
ထိုဖိနပ်မှာ ကျွန်တော်ကြိုက်သော ပုံ၊ ခုံ၊ သဲကြိုးတို့နှင့် ဖြစ်ပေရာ၊ တောင်းဆိုသော ၄ိ ပေးရန် ဝန်မလေးပါချေ။ ထို့ပြင် အခြားဆိုင်မှ တန်းတူ အမျိုးအစားများနှင့် ယှဉ်သော် ဈေးချိုသည်ဟုပင် တွက်မိပါသည်။ ထို့ကြောင့် ဝယ်တော့မည် လုပ်နေဆဲ၊ ဈေးတန်း တတန်းလုံး ရုတ်ရုတ်သဲသဲ ဖြစ်လာသည်ကို တွေ့ရလေ၏။ ရုတ်ရုတ်သဲသဲ ဖြစ်လာခြင်းသည် မဂိုလမ်းဘက်မှ စလာဟန်ရှိပြီး လျင်မြန်စွာ သိမ်ကြီးဈေးဘက်သို့ ကူးစက်သွားလေသည်။
"လာနေပြီပော့"
"လာပြီပော့"
"သိမ်းကြ သိမ်းကြ"
"ပြေးကြ ပြေးကြ"
အချက်ပေးကြ၊ လှမ်းပြောကြခြင်းဖြင့် ခဏချင်းပင် သိမ်းငှက်ကြီး ထိုးဆင်းစဉ် ကြက်ကလေးများ ပြေးလွှားပုန်းကွယ် ကြသကဲ့သို့ ဗျတ်ရွက် ဗန်းထိုး ဈေးသည်အပေါင်းသည် ဆိုင်များကို ရုတ်သိမ်းကြလေသည်။ ရုတ်သိမ်းပြီး ဆိုင်ကလေးများကို တိုက်ကြိုတိုက်ကြား ဆိုင်ကြီး ကနားကြီး နောက်ကွယ်များတွင် ပြေးဝှက်ကြလေသည်။
ထိုအခါမှ ကျွန်တော်သည် ဖိနပ်ကို ပိုလို့ နှစ်သက်ပြီး
"ကဲ မင်းတောင်းတဲ့ ဈေးနဲ့ ငါယူမယ်ဟေ့"
"ယူ ယူ"
သူသည် ပြောပြောဆိုဆို ခင်းထားသော ဖိနပ်ဗန်းကို သိမ်းရန် ဟန်ပြင်လေသည်။ ကျွန်တော်က ငါးကျပ်တန် တချပ် ထုတ်ပေးနေစဉ် သူသည် အမ်းရန် အနုတ် မရှိသဖြင့် အခက်အခဲ တွေ့နေလေသည်။ ထိုခဏ၌ မိန်းမ တယောက်သည် အပြေး ရောက်လာပြီး
"ကိုထွန်းခင် ဘာလုပ် နေတာလဲ၊ ဆိုင်ကို သိမ်းလေ။ စောစောကလဲ သတိပေးထားရက်သားနဲ့"
ထိုမိန်းမသည် ဖိနပ်တွေကို ပွေ့ယူကာ ကိုထွန်းခင် ထိုင်နေသော ထင်ရူးးသေတ္တာထဲသို့ ထည့်လေ၏။ ပါးစပ်မှလည်း
"စောက် ပုလိပ်တွေကလဲ စနေနေ့လည်း ကောင်းကောင်း မရောင်းရဘူး၊ ခါတိုင်း စနေနေ့ဆို မလာပေါင်တော်။ ခုတော့ လွန်ဘဲ လွန်လွန်းတယ်"
ကိုထွန်းခင်သည် ကျွန်တော့်အား အားနာသော မျက်နှာဖြင့်။
"ဆရာကြီး ခဏနေအုံးနော်။ ကျွန်တော် တကျပ် ပြန်အမ်းပါ့မယ်"
သည်တော့မှ ထိုမိန်းမသည် ကျွန်တော့်အား မော့်ကြည့်လိုက်သည်။ ကျွန်တော်သည် သူမအား အကျွမ်းတဝင်ပင် မြင်ဘူးသည် ထင်၏။ သို့သော် ရုတ်တရက်အားဖြင့် ဘယ်တုန်းက ဘာကိစ္စနှင့် ပတ်သက်၍ မြင်ဘူး တွေ့ဘူးသည်ကို သတိမရ ဖြစ်နေလေသည်။ ထိုအခိုက် မြူနီစပယ် လော်ရီကားကြီးသည် သူတို့ရှေ့မှာ ထိုးရပ်လိုက်၏။ လော်ရီကားပေါ်မှ ပုလိပ်များလည်း စက်မရပ်မီပင် ခုန်ဆင်း လာကြလေသည်။ ထွန်းခင်တို့ကား ဆိုင်ကို အပြီးသိမ်းရန် အချိန်မရ လိုက်တော့ပြီ။ ပုလိပ်တို့က ဈေးဗန်း၊ ဖိနပ် ထည့်ထားသော ထင်းရူးသေတ္တာနှင့် ဗန်းတင်သည့်ခုံ အလုံးစုံကို ဖမ်းယူ သိမ်းဆည်းကာ လော်ရီကားပေါ်သို့ တင်လေသည်။ ထွန်းခင်နှင့် ထိုမိန်းမကား ဤကိစ္စတွင် အရေထူကြပြီး ဖြစ်ဟန်ရှိသည်။ အေးအေးဆေးဆေးပင် ကြံစည်တိုင်ပင် နေကြလေသည်။ သူတို့ ပြောဆိုနေသော စကား အစုံအလင်ကို မကြားရသော်လည်း နောက်ဆုံး၌ ထွန်းခင်က
"ငွေစိန်၊ ကောင်းမယ် ထင်သလို ကြည့်လုပ်လိုက်ပေါ့ကွာ" ဟူသော စကားကိုကား ပြတ်သားစွာ ကြားရလေသည်။
သူတို့ ပြောဆို တိုင်ပင်ပြီးနောက် ထွန်းခင်က ကျွန်တော့်အား အားနာစွာ လှည့်ကြည့်သည်။ ငွေစိန်က ထွန်းခင်နှင့် အတူရောကာ ကျွန်တော့်အား တောင်းပန်သည့် သဘောနှင့် ပြုံးကြည့်လိုက်လေသည်။ သို့သော် အပြုံးမှာ လျှပ်စီး လက်သလိုသာ ရှိလေသည်။ ကျွန်တော့်အား သတိရသွားလေဟန် ရှိ၏။ ငြိမ်ကျသွားသော မျက်နှာကို ငုံ့ပြီး လက်မကို ကိုက်လျက် နေလေသည်။ ထွန်းခင်က ကျွန်တော်ထံ လာရင်း မငွေစိန်အား
"ကဲ သွား။ ပြီးအောင် လုပ်လိုက်အုံး"
ငွေစိန်သည် ပုလိပ်များထံသို့ မျက်နှာချိုသွေး၍ ချဉ်းကပ် သွားလေ၏။ သူမသည် အသက်အစိတ်ထက် မကျော်သေးသော အရွယ်မှာ ရှိသည်။ ကိုယ်လုံးကိုယ်ပေါက် ဖွံ့ထွားလှပပြီး မျက်နှာမှာ အဆင်ပြေသည်။ အဝတ်အဆင်ကား တောက်ပြောင် ဆန်းပြားခြင်း မရှိသော်လည်း ခေတ်မီသည်။ သူမကို မြင်ဖူးသလိုလို ရှိသည်ဟု ထင်မိကတည်းက ကောင်းစွာ သတိရရန် ကြိုးစားခဲ့သည်။ မြူနီစပယ် ပုလိပ်များထံသို့ 'ပြီးအောင် လုပ်ရန်' ချဉ်းကပ်သွားသော အခါမှ သူမကို ဘယ်တုန်းက ဘယ်ကိစ္စနှင့် ပတ်သက်၍ တွေ့ဘူးကြောင်း ကောင်းစွာ သတိရလေတော့သည်။ ကျွန်တော်တို့ တွေ့ဘူးကြသည့် ကိစ္စများကို ပြန်လည် တွေးတောယင်း ငေးမောနေမိရာ အနားသို့ ထွန်းခင် လာသည်ကိုပင် အမှတ်မထားမိတော့ချေ။ ငွေတကျပ် ပြန်ရရန် အတွက်လည်း သတိမရတော့ချေ။
(၂)
ကျွန်တော်သည် အမှုသည်အား အိမ်မှာ လက်ခံ စကားပြောသူ မဟုတ်ချေ။ သူငယ်ချင်း မိတ်ဆွေပင် ဖြစ်လင့်ကစား ရုံးအမှုနှင့် ပတ်သက်လာလျှင် ကျွန်တော့် အလုပ်ခန်းမှာသာ လက်ခံစကားပြောလေ့ ရှိပေသည်။
ရုံးအားသော တနေ့သ၌ ကျွန်တော့် နေအိမ် စာဖတ်ခန်းတွင် အင်္ဂလန်မှ ပူပူနွေးနွေး ဆိုက်ရောက်လာသော ဥပဒေဂျာနယ် တစောင် ဖတ်နေခိုက် အစေခံ ကောင်လေးက အိမ်ရှေ့မှာ မိန်းမဧည့်သည် တယောက် ရောက်နေသည် ဆိုသဖြင့် ထွက်လာခဲ့ရာ ထွန်းခင်က ငွေစိန်ဟု ခေါ်လိုက်သော အဆိုပါ မိန်းမကို တွေ့မြင်ရလေသတည်း။
ငွေစိန်သည် ဆံပင်ကို တပတ်ရှို နောက်တွဲ ထုံးထား၏။ မျက်နှာချေကို ထူစွာလိမ်း၍ ပေါင်ဒါဖြင့် မှုန်းထားသော်လည်း ပူပင်သောကကိုကား ဖုံးမထားနိုင်။ မျက်ခုန်းမွေး မဆွဲ၊ နှုတ်ခမ်းနီ ဆိုးမထားသဖြင့် အလှပြင်သည်ဟု မဆိုနိုင်။ ကြည့်ပျော် ရှုပျော်သာ ပြင်ထားသည်ဟု ဆိုရပေမည်။ ငွေစိန်၏ အဝတ်အစားမှာလည်း ညစ်ပတ်သည် မဟုတ်သော်ငြား ဟောင်းရိ နေပြီကိုကား တွေ့နိုင်၏။ အထူးသဖြင့် အင်္ကျီလက်ပြတ်မှာ အသစ်ချုပ်ထားခြင်း မဟုတ်ဘဲ၊ လက်ရှည်အဟောင်းကို ဖြတ်ထားခြင်းသာ ဖြစ်ကြောင်းနှင့် ဘယ်ဘက်လက် အနားသပ် အပေါ်၌ အစုတ်ကလေး ရှိကြောင်းကို ကျွန်တော် သတိထား လိုက်မိပေသည်။
ကျွန်တော်သည် ငွေစိန်အား ကုလားထိုင် မပေး။ ကျွန် တော် ကိုယ်တိုင်လဲ မထိုင်ဘဲ
"ဘာကိစ္စလဲ" ဟု ခပ်မာမာ မေးလိုက်သည်။
ရို့ရို့ကလေး ရပ်နေသော ငွေစိန်သည် လက်ထဲက ဖဲထီးကလေးကို နံရံမှာ ထောင်ထားလိုက်ရင်း
"ဝတ်လုံတော်ရမင်းဆီ အမှုတခု အပ်ချင်လို့ပါရှင်"
"အင်း အမှုကိစ္စဆိုရင် မနက်ဖြန်ခါ ညနေ ၄ နာရီမှာ အလုပ်တိုက်ကို လာခဲ့၊ ကဲ သွားတော့"
ငွေစိန်က ရပ်မြဲ ရပ်နေသည်။
"သွားတော့လေ"
"ကျမယောက်ျား"
"အေး၊ ဘယ်သူ ဘာဖြစ်နေနေ အမှုကိစ္စဆိုရင် အလုပ်ခန်းမှာ စကားပြောမယ်။ အလုပ်ခန်းနေရာ သိတယ် မဟုတ်လား"
'မသိဘူးရှင့်၊ ကျမတို့က ဒီအရပ်ထဲမှာ နေလို့"
"အေး၊ ဘယ်မှာနေနေ၊ အလုပ်ခန်းကို လာမှ အမှုကိစ္စ စကားပြောနိုင်မယ်"
ထိုသို့ ပြောပြီးနောက် ကျွန်တော် အလုပ်ခန်းသို့ သူမ သွားလာတတ်အောင် လိပ်စာနှင့်တကွ အထားအသိုပါ ဖော်ပြညွှန်ကြား ပေးလိုက်လေသည်။
ငွေစိန်သည် ထီးကလေးကို ဆွဲယူပြီး ထွက်သွားလေ၏။ ဖဲထီးမှာ ကိုင်းတံတချောင်း ကျိုးနေသည်ကိုလည်း ကျွန်တော် မြင်လိုက်မိလေသည်။
နောက်တနေ့ ညနေ ၄ နာရီသာသာတွင် ကျွန်တော့် အလုပ်ခန်းသို့ ငွေစိန်သည် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာလေသည်။ သူမ၏ အမှုအရာမှာ မနေ့ကနှင့်စာသော် တော်တော် ပြောင်းနေ၏။ ဆံပင်ကို ဖွာချထားသည်။ မျက်ခုန်းမွေး ဆွဲပြီး နှုတ်ခမ်းနီ ဆိုးထားသည်။ အပွင့်ထိုး နိုင်လွန်လက်ပြတ် အင်္ကျီသစ်ကို စတိုင်ကျကျ ဝတ်ထားသည်။ တိုဘရယ်ကိုး လုံချည်မှာ အဖိုးတန်ထဲက မဟုတ်သော်လည်း အဆင်လှသည်။ ခုံမြင့်ဖိနပ်ကိုလည်း စီးထား၏။
ကုလားထိုင်ကို ညွှန်ပြရင်း ကျွန်တော်က ညင်သာစွာဖြင့်
"ထိုင်ပော့ သူငယ်မ၊ ထိုင်ကွယ်"
ကျွန်တော်ကား အလုပ်ခန်း ရောက်၍ အမှုသည်နှင့် ဆက်ဆံရသောအခါ ရောင်းသူနှင့် ဝယ်သူသဘော ညက်ညောအောင် ဆက်ဆံတတ်လေသည်။ ကျွန်တော်၏ ညက်ညောသော ဆက်ဆံမှုကြောင့် သူမသည် အားတက်သွားဟန် တူသည်။ သူမ ထိုင်ပြီးသည်နှင့် တပြိုင်နက်
"ကဲ၊ သူငယ်မ အမှုက ဘယ်လိုလဲ။ မင့်း ယောက်ျား ဘာဖြစ်သလဲ"
"ကျမ ယောက်ျားမှာ မဟုတ်ဘဲနဲ့ ခိုးရာပါပစ္စည်း လက်ခံမှုနဲ့ အချုပ်ခံထားရပါတယ် ဝတ်လုံတော်ရမင်းရဲ့"
သူမ၏ ယောက်ျားမှာ ဈေးသည်ကလေး ဖြစ်သည်ဟု ဆိုသည်။ သိမ်ကြီးဈေး တဝိုက်တွင် ကျက်စားနေသော ခါးပိုက်နှိုက်ဂိုဏ်း တဂိုဏ်းသည် အခါများစွာ သူမ၏ ယောက်ျားက သူတို့၏ အစာကို ဟန့်သည်ဟု ယူဆပြီး အငြိုးထား လေသည်။ တခါသော် ငွေနှင့်ရွှေ ပါသော မိန်းမ လက်ကိုင်အိတ် တလုံးကို ဆွဲလုလာပြီး ရှမ်းလွယ်အိတ်မှာ ထည့်၍ သူမ၏ ယောက်ျားထံသို့ ယူလာလေသည်။ ထိုရှမ်းလွယ်အိတ်ကို ခဏလေးပါ ဆို၍ အပ်ထားခဲ့ပြီးနောက် ထိုခါးပိုက်နှိုက် အလစ်သမားသည် အဖမ်းခံရသည်။ ခိုးထုတ် ခိုးထည်ကို သိမ်းထားမိသော သူ့ယောက်ျားလည်း အဖမ်းခံရလေသည်။
ကျွန်တော်သည် အမှုသွား အမှုလာကို အကျယ် မဆွေးနွေးဘဲ ဤမျှ သိရုံဖြင့်ပင် အမှုဈေးဖြတ်နိုင်ပြီ ဖြစ်၍ သူမအား မေးလိုက်သည်။
"ဒို့ရှေ့နေ ဆိုတာ မှန်တာ မှားတာ အပထားပြီး အမှုငှါးသူဘက်က အနိုင်ရအောင်၊ သို့မဟုတ် သက်သာအောင် ကြိုးစားဆောင်ရွက် ရတာဘဲကွယ့်"
"အားကိုးပါတယ် ဝတ်လုံတော်ရမင်းရယ်"
"အေး၊ အားကိုးတာက အရေးမကြီးဘူး။ တောင်းတဲ့ဈေး ပေးနိုင် မပေးနိုင်က အရေးကြီးတယ်။ သိတဲ့အတိုင်း၊ ဒို့က ဝတ်လုံတော်ရရှေ့နေ ဆိုတော့ ဈေးကြီးတယ်"
"သိပါတယ် ဝတ်လုံတော်ရမင်းရဲ့။ ဝတ်လုံတော်ရမင်း လိုက်ရင်တော့ ကျမယောက်ျား အာမခံလဲ ရမယ်၊ လွတ်လဲ လွတ်မယ်ဆိုတာ သိလို့ လာတာပါ"
"မင့်း ယောက်ျား တနေ့ဝင်ငွေ ဘယ်လောက် ရှိသလဲ"
"ငါးကျပ်၊ ခြောက်ကျပ် ရှိပါတယ်"
"မင်းကကောာ အလုပ် လုပ်သေးသလား ကလေးတွေနဲ့လား"
"ကျမ ကလေး မရှိပါဘူး"
"အင်း၊ ကလေး ရှိမယ်တော့ မထင်ပါဘူး။ အလုပ်ကော"
"အလုပ်က ရှိတဲ့အခါ လုပ်တာဘဲ။ ခုတော့ ဘာအလုပ်မှ မလုပ်နိုင်ပါဘူး ဝတ်လုံတော်ရမင်းရယ်။ သူ့ကို ကူညီရောင်းချ ပေးတာနဲ့ ထမင်းချက်ရတာနဲ့ ပြီးတာပါဘဲ"
"အင်း၊ ဒီလိုဆိုရင် တောင်းတဲ့ဈေး ပေးနိုင်မယ် မထင်ဘူး။ ကဲ တတိယတန်း၊ ဒုတိယတန်း ရှေ့နေတွေဆီ သွားပေတော့"
"ဘယ်လောက်များမို့လို့ပါလဲ ဝတ်လုံတော်ရမင်းရယ်"
ကျွန်တော်သည် မေးကိုမော့်၍ လည်ပင်းကို လက်နှင့် ကုတ်ခြစ်ရင်း ရှေ့နေခကို တွက်လိုက်သည်။ သူမသည် မျက်စိသူငယ်နှင့် ကျွန်တော့်အား စိုက်ကြည့်နေသည်။ သူမ၏ မျက်စိများမှာ ဝိုင်းစက် လှပ၍ အေးမြကြ၏။
"အင်း၊ အမှု အပ်ချိန်မှာ ငွေတရာ ပေးရမယ်။ နောက် အမှု ပြီးခါနီးမှာ တရာ ထပ်ပေးရမယ်"
သူမသည် ကျွန်တော့်အား မျက်စိသူငယ်နှင့် ငေးကြည့် နေရာမှ ဘေးပတ်လည်ကို လူသူလေးပါး အကဲခပ်သည့် သဘောဖြင့် လှည့်ကြည့် နေလေသည်။ အနားတွင် မည်သူမျှ မရှိပေ။ နောက် မျက်စိ ပေကလပ် ပေကလပ် လုပ်ပြီး နှုတ်ခမ်းကို ကိုက်နေသည်။
ကျွန်တော်က စားပွဲကို ဒူးနှင့်တွန်းပြီး ကုလားထိုင်ကို နောက်ယိမ်းသွားအောင် ထိုင်လိုက်ပြီး
"ဘယ့်နှယ်လဲ သူငယ်မ။ ပေးနိုင်ပါ့မလား" သူမသည် သက်ပြင်းကြီး ချလိုက်ပြီး
"ငွေတော့ မပေးနိုင်ပါဘူးရှင်။ အဟမ်း ကျမဆီက ဝတ်လုံတော်ရမင်း လိုချင်တာ စိတ်ရှိလက်ရှိ ယူပါ"
ကျွန်တော်ကား ရင်ထဲမှာ ဒိတ်ခနဲနေအောင် အံ့အားသင့် သွားလေသည်။ ဒီလို ရှေ့နေခမျိုးကို လုံးဝ မမျှော်လင့်ခဲ့ပေ။ စားပွဲကို တွန်းထားသော ဒူးများကို ချလိုက်ရာ ကြွနေသော ကုလားထိုင် ရှေ့ခြေနှစ်ချောင်းသည် ကြမ်းပြင်ပေါ်သို့ ဒိန်းခနဲ ကျသွားလေသည်။
"ဟေ့၊ နင် ငါ့ကို ဘယ်လို ရှေ့နေမျိုး မှတ်လို့လဲ။ သွား သွား ငါ့ဆီ ဘယ်တော့မှ မလာနဲ့။ သွား ခုထွက်သွား" ဟု အော်ကြီး ဟစ်ကြီး ငေါက်လိုက်သည်။ ထိုတွင် ငွေစိန်သည် စားပွဲပေါ်မှာ မျက်နှာမှောက်ပြီး သည်းထန်စွာ ရှိုက်၍ ရှိုက်၍ ငိုချလိုက်လေ၏။
ယင်းကဲ့သို့ ငိုလိုက်ခြင်းအတွက် ကျွန်တော်မှာ စိတ်ရှုပ် သွားလေသည်။ အကယ်တိ လမ်းပေါ်က မိန်းမရှုပ်တယောက် ဖြစ်ဘိမူ ကျွန်တော်၏ ငြင်းပယ်ချက်ကို အပြုံးမပျက်ဘဲ လက်ခံကာ ထွက်ခွါ သွားပေလိမ့်မည်။ အခြားတနေရာမှာ ကိုယ်နှင့် ရင်းနှီးပြီး ရှေ့နေကြီး တယောက်ကို ရှာပေလိမ့်မည်။ ယခုမူကား ကျွန်တော့် ငြင်းချက်ကြောင့် အရှက်ကြီးရပြီး ချုံးချကာ ငိုနေချေပြီတကား။
"ဟေ့ သူငယ်မ၊ ငိုမနေနဲ့။ ငါက ငွေသားနဲ့ ချေမှ ကျေနပ်တဲ့ ရှေ့နေ။ မင်းဆီကလဲ ငါ ဘာမှ မလိုချင်ဘူး။ ကဲ ကဲ သွားပေတော့။ ငိုမနေနဲ့"
သူမသည် သန္နိဋ္ဌာန်ဖြင့် အငိုတိတ် ပစ်လိုက်သည်။ အငိုတိတ်သော် အရှိုက်ပင် မကျန်ရစ် မျက်ရည်ကို သုတ်ပြီး ကျွန်တော့်အား တချက် မော့်ကြည့်လိုက်သည်။ သူမ၏ မျက်နှာကား တင်းမာနေ၏။ ရှက်ကြောက်မှုလည်း အရိပ်မထင်။ ရိုသေ ကိုင်းရှိုင်းမှုလည်း မမြင်ရ။
ထိုအခါ ကျွန်တော် တမျိုးလှည့်တွေး လိုက်ပြန်သည်။ လမ်းပေါ်က အရှုပ်မကလေးမို့ ငါသနားသွားအောင် မူယာဆောင်၍ ငိုပြခြင်းများ ဖြစ်နေလေသလော။ ခါးပိုက်နှိုက် အလစ်သမားတွေနှင့် အမှုပတ်တဲ့ လင်တော်မောင်ကကော သူပြောသလို လူရိုးလူကောင်း ဖြစ်နိုင်ပါ့မလား။ အို ဒီအရှုပ်ကြားတွေမှာ ညပ်ပါမသွားအောင် ရုန်းထွက်လေမှ တော်တော့မည်။ သို့သော်၊ ကျွန်တော်က တစုံတရာ ထပ်မပြောရသေးမီပင် သူမက
"ကျမလင် လွတ်ဖို့ သည့်ပြင်နည်း မရှိလို့ ကြံမိကြံရာ ကြံရတာပါ ဝတ်လုံတော်ရမင်းရယ်။ ငွေတော့ဖြင့် ဘယ်နည်းနဲ့မှ ရှာနိုင်ဘို့ မမြင်ပါဘူး။ ဒါပါပဲ။ ကျမ သွားပါတော့မယ်"
"အေး အေး သွားပေရော့။ ငါကတော့ ငွေဆို ငွေနဲ့မှပဲ။ ဒို့က ဒီအလုပ်နှင့် အသက်မွေး ဝမ်းကျောင်း ရတာဆိုတော့ အလကားလဲ လိုက်မပေးနိုင်ဘူးကွယ့်။ ဒါကို မင်း နားတော့ လည်စေချင်တယ်"
ငွေစိန်သည် ထိုင်ရာမှထရင်း မာနရောင် လက်နေသော မျက်လုံးများကို ကျွန်တော့် မျက်နှာ တည့်တည့်တွင် စူးစိုက်ထားရင်း အံကြိတ်၍
"နားလည်ပါတယ်ရှင်။ ကျမကိုလဲ နားလည်စေချင်တယ်" ဟု ပြောပြောဆိုဆို ခုံမြင့်ဖိနပ် တဒေါက်ဒေါက်စီး၍ ထွက်သွားလေသည်။
သူ၏ မျက်လုံးများမှ လွှတ်လိုက်သော မာနရောင်များသည် ကျွန်တော့် အသဲနှလုံးထဲသို့ပင် ထိုးဖောက် ထွန်းလင်း သွားလေသည်။ နောက်ဆုံး သူမ ပြောဆိုသွားသော "ကျမကိုလဲ နားလည်စေချင်ပါတယ်" ဟူသော စကားသည် ကျွန်တော့် နားတွင်းမှာ အကြိမ်ကြိမ် ပဲ့တင်ခတ် နေလေတော့သည်။
အကယ်စင်စစ် ကျွန်တော်သည် လူပျိုကြီးပင် ဖြစ်သော်လည်း မိန်းမဟူသမျှ ရှောင်ရှားနေသူ မဟုတ်ပါ။ အလွန်အကျွံ မဟုတ်စေကာမူ ရောဂါနှင့် အခြား ဘေးအန္တရာယ် လွတ်ကင်းပြီး ရှုပ်ရှုပ်ထွေးထွေး မရှိလျှင်၊ အားလည်း အားမည်ဆိုလျှင် အပျော်အပါး လိုက်တတ်ပေသည်။ သို့သော် ဝတ်လုံတော်ရရှေ့နေ ဟူသော အလုပ်နှင့် ဂုဏ်ပုဒ်များကို ထိခိုက်စေသော အပျော်အပါး လိုက်စားမှုကိုကား အထူးထား၍ ရှောင်ရှားပေသည်။ ကာယကံရှင်က သဘောတူ ကြည်ဖြူသည် ဖြစ်စေ၊ သဘောမတူ မကြည်ဖြူသည် ဖြစ်စေ ရှေ့နေခ အဖြစ်ဖြင့် ကာမကို ခံယူသည်ဆိုလျှင် ရှေ့နေဟူသော အလုပ်နှင့် ဂုဏ်ပုဒ်ကို မစင်ထဲ ဆွဲနှစ်သည်ထက် ဆိုးပေလိမ့်ဦးမည်။
သည်ဟာကို ငွေစိန်အား နားလည်စေလိုသဖြင့် ငွေသားမှတပါး ဘာမျှ လက်မခံနိုင်ဟု ပြောခဲ့ရခြင်း ဖြစ်သည်။ ငွေစိန်က နားလည်ပါသည်ဟု ပြောသွား၏။ သူမအားလည်း နားလည် စေချင်ပါသည်ဟု ချက်ပိုင်ပိုင် ခွပ်သွားသေး၏။ သူမကိုတော့ ကျွန်တော် ကောင်းစွာ နားမလည်ပါ။
ကျွန်တော် နားမလည်နိုင်သော ငွေစိန်။
လင်ကို ကယ်တင်ရန် ကြံမိကြံရာ ကြံသော ငွေစိန်လော။
မူရာမာယာများသော လမ်းပေါ်က မိန်းမရှုပ် ငွေစိန်လော။
ထိုငွေစိန်ကို ပြန်တွေ့ရန် မမျှော်လင့်ခဲ့။ တွေ့မည့် တွေ့တော့ အမှုသစ်တခု ဖြစ်ပွားနေဆဲတွင် တွေ့နေရပြန်လေသည်။
ငွေစိန်သည် မြူနီစပယ် လော်ရီကားကြီး ပေါ်သို့ တက်သွားလေသည်။ ထိုခဏ၌ မြူနီစပယ် မြို့တော်ဝန်နှင့် မင်းကြီးတို့၏ ကားများသည် ဖြတ်မောင်း သွားလေသည်။
ထွန်းခင်က ဖြစ်သမျှကို ကြောင်ကြည့်လျက်၊ စိတ်တွင်းမှာကား အတိတ် ဆောင်နေသော ကျွန်တော်အား
"ဆရာကြီးရဲ့၊ အဲဒီ လူကြီးတွေက ဖမ်းရမယ်ဆိုလို့ ဒီနေ့ စနေနေ့ အထူးဖမ်းတာ။ ခါတိုင်းဆိုရင် စနေနေ့ ညနေနဲ့ တနင်္ဂနွေနေ့မှာ အဖမ်းအဆီး မရှိဘူး။ ဖမ်းနိုင်မှ လမ်း ပေါ်မှာ နေပြီး လမ်းပေါ်မှာ အလုပ်လုပ် နေရတဲ့ ကျွန်တော်တို့တတွေ ရှင်းမယ်လို့ ထင်ကြတာကိုး။ စင်စစ်မှာတော့ ကျွန်တော်တို့က ဒီလို အလုပ်မျိုးကို မလုပ်ချင်ပါဘူး။ ဒီ့ပြင် အလုပ်သာ ရှာပေးရင် လမ်းပေါ်က ကျွန်တော်တို့တတွေ ရှင်းကုန်မှာပါဘဲ"
"ခုနင်က ဖိနပ်ဗန်းကို ဖမ်းသွားပြီး လော်ရီကားပေါ် တက်လိုက် သွားတာက ဘသူလဲ"
"ကျွန်တော့် မိန်းမပါ ခင်ဗျာ။ ကျွန်တော်က ရုံးတို့ ဂတ်တို့ ထောင်တို့ စာရေးစာချီ ရှေ့နေရှေ့ရပ်တွေနှင့် မဆက်ဆံချင်ဘူး ခင်ဗျ။ သို့ပေမယ့် ဖြစ်လိုက်မှဖြင့်လဲ ရုံးကိစ္စ ဂတ်ကိစ္စချည်းဘဲဗျ။ ကျွန်တော့် မိန်းမ ရှိပေလို့သာပေါ့ဗျာ။ သူက ဒီလူတွေနှင့် ဆက်ဆံတတ်တယ်။ ကြံတတ် ဖန်တတ်တယ်။ ဪ ဒါထက် ဆရာကြီးကို ငွေတကျပ် ပြန်မအမ်းရသေးဘူး။ ကဲ ဆရာကြီးရယ်၊ ဟိုနားက ဒိန်ချဉ်အေးဆိုင်မှာ သွားသောက်ရအောင်။ အင်မတန် ကိုယ်တွင်း အေးပါတယ်။ ကျွန်တော်ကဘဲ တိုက်ပါရစေ။ အနုတ်လဲ ရအောင် ဆရာကြီးရဲ့"
ယခု အချိန်တွင် ကျွန်တော်သည် သူတို့အကြောင်းတွင် များစွာ စိတ်ဝင်စား နေလေပြီ။ ဒိန်ချဉ်အေးကိုလည်း ကြိုက်တတ်သည် ဖြစ်ရကား
"ကောင်းသားဘဲ ဒါပေမယ့် ကိုယ်က အတိုက် ဖြစ်ရမယ်"
"ဟာ ဘယ်ဟုတ်မှာလဲ ဆရာကြီး။ ကျွန်တော့်ဆီ လာပြီး ဈေးဝယ်တဲ့ ကျွန်တော့် ဧည့်သည်ဘဲဟာဗျာ"
ဒိန်ချဉ်အေးဆိုင်တွင် ထိုင်မိကြသောအခါ ကျွန်တော်က
"အဖမ်းမခံရအောင် ပိုက်ဆံကလေး ဘာကလေး ဆို့မထားဘူးလား"
"ဘယ်နေမှာလဲ ဆရာ၊ ဆို့ရတာပေါ့။ ဆို့ပေတဲ့ သူတို့မှာလဲ မနေသာတော့ ဖမ်းရတာပေါ့။ သို့ပေမယ့် ဆို့ထားတော့ အကြိမ်ကြိမ် ဖမ်းမယ့်အစား တကြိမ် နှစ်ကြိမ်သာ ဖမ်းတာပေါ့"
"ဘယ်လို ပေးရသလဲ"
သူသည် ဒိန်ချဉ်အေးဆိုင် ကုလားကို လက်ညှိုးနှစ်ချောင်း ထောင်ပြလိုက်ပြီးနောက်
"ကျွန်တော်တော့ တလကို နှစ်ကျပ် ပေးရတယ်။ တချို့ ဆိုင်တွေတော့ သုံးကျပ် ပေးရတယ်။ မြူနီစပယ် ပုလိပ်ကို တိုက်ရိုက် ပေးရတာလဲ ရှိတယ်။ သူတို့ ကိုယ်စားလှယ်တွေဆီက တဆင့် ပေးရတာလဲ ရှိတယ်"
"အော်၊ သူတို့ကလဲ ကိုယ်စားလှယ်တွေနဲ့ကိုး"
"ဒီလို ဆရာကြီးရဲ့၊ မြူနီစပယ်က ဟောဒီ ဖရေဇာတလျှောက် မဂိုလမ်းကနေပြီး သိမ်ကြီးဈေးအထိ ပုလိပ် ၃ ယောက် ချထားတယ်။ သူတို့အပေါ်က အိပ် စီ တယောက်ရှိတယ်။ အပိုင်စား နယ်သတ် ပေးထားတဲ့ သဘောပေါ့ ဆရာကြီးရယ်။ ဘုမသိ ဘမသိ အပေးအကမ်း မရှိဘဲ ဗန်းလာခင်းတဲ့ ဈေးသည်သစ်တွေကို တလ နှစ်ခါ သုံးခါ ဖမ်းလိုက်တယ်။ ပေးထားတဲ့ ဆိုင်တွေကိုတော့ သုံးလနေမှ တခါလောက် ဖမ်းတာပေါ့ ဆရာရယ်။ ဒီတော့ ခဏခဏ အဖမ်းခံရတဲ့ ဈေးသည်သစ်မှာ စိတ်ညစ် လာတာပေါ့"
ကျွန်တော်က မှိန်းသောက်နေသော ဒိန်ချဉ်အေး ဖန်ခွက်ကို ချထားလိုက်ပြီး
"အင်း၊ စိတ်ညစ်ရပုံ ပြောပြစမ်းပါအုံး"
"အဖမ်းခံရတဲ့ နေ့ဟာ ဂြိုဟ်ဆိုး မွှေတာပါဘဲ။ ခုအချိန်က ဖမ်းသွားရော ဆရာ။ ချက်ချင်း ဒဏ်တပ် ချက်ချင်း ပြန်လွှတ်ရင် ကိစ္စမရှိဘူး။ နောက်တနေ့ နှစ်နာရီနဲ့ လေးနာရီ ကြားမှာမှ ရုံးချိန်းတယ်။ ကျွန်တော်တို့ သွားရတဲ့ ရုံးနာမည်ကို ဆရာ သိလား"
သူ့အမေးကို မဖြေတတ်သော ကျွန်တော်သည် အနေရ အထိုင်ရ ကျပ်နေသည်။ ကျွန်တော်သည် ရုံးတကာရှေ့တွင် ရပ်ရသော ရှေ့နေ ဖြစ်သည်ကို သူမသိ၍သာ တော်ပေတော့၏။
"ကျွန်တော်တို့ သွားရတဲ့ ရုံးက မြူနီစပယ်ရုံးကြီး အောက်ထပ်မှာ ရှိတဲ့ နဝမရာဘက် တရာသူကြီးရုံး ဆရာရဲ့။ ဖမ်းတာနဲ့၊ ရုံးချိန်းတာနဲ့၊ စီရင်ချက် ချတာနဲ့ ဆိုရင် အဖျင်းဆုံး တရက် နှစ်ရက်တော့ ဈေးရောင်း ပျက်သွားတာဘဲ။ ကျွန်တော်တို့ ဈေးသည်တွေမှာ ဒီနေ့ရမှ ဒီနေ့စားရသူတွေ ဆိုတော့ တလ နှစ်ကြိမ်၊ သုံးကြိမ် ဂြိုဟ်ဆိုး အမွှေခံရတယ်ဆိုရင် စိတ်မညစ်ဘဲ နေပါ့မလား။ ဒီတော့ အဖမ်းမခံရတဲ့ နည်းကလေး ရှာရတာပေါ့။ ဘေးမှာရှိတဲ့ နေသားကျပြီး ဈေးသည်များကလဲ မင်း ဒီလိုဆိုရင် မဖြစ်ဘူး။ သူတို့ကို ဆို့ရတယ်လို့ သင်ကြားကြတာပေါ့။ ဘယ်မှာ ပေးရမလဲ ဆိုရင် ဈေးသည်ထဲမှာပဲ ပုလိပ်ထားတဲ့ ကိုယ်စားလှယ် ရှိတယ်။ ဒီတော့ အလွယ်တကူ ဆက်လို့ ရတာပေါ့။ တရားသူကြီး လပ်ထိုးချင် စာရေးကြီးကို ကပ်ရသလိုပေါ့"
"အင်း၊ မင်းတို့ ကိစ္စတွေက စိတ်ဝင်စားစရာ အကောင်းသားဘဲ။ ကဲ ဆက်စမ်းပါအုံး"
"သူတို့ အချင်းချင်း အဝေမတဲ့တဲ့ အခါမှာ ဈေးသည်တွေ ဒုက္ခ ရောက်ကြသေးတယ်။ သူပိုင်ထိုက် ငါပိုင်ထိုက် အာဏာ လာပြနိုင်တာက ရှိသေးတော့ နှစ်ထပ်ကွမ်း ပေးရတာတွေ ဖြစ်လာတာပေါ့ ဆရာရယ်။ အရေးကြီးတာ ကတော့ မြူပုလိပ်နဲ့ မိတ်ဆွေ ဖြစ်ဖို့ဘဲ။ ပုလိပ်နဲ့ မိတ်ဆွေလဲ မဖြစ်ဖူး၊ ပေးလဲ မပေးဘူး ဆိုရင် မြူလော်ရီကြီး ဝူးကနဲ ထိုးဆိုက်ပြီး အတင်း ဝင်ဖမ်းတာဘဲ။ ပြေးလဲ မလွတ်ဖူး။ လိုက်ဖမ်းတာဘဲ။ ခုလို အထူးမင်းကြီးတွေ၊ မြို့တော်ဝန်တွေ ကြည့်တဲ့နေ့ကျတော့ တခါတခါ ပုလိပ်က ကျွန်တော်တို့ကို ကြိုတင် အကြောင်းကြား နိုင်တယ်။ တခါတခါတော့လဲ အကြောင်း မကြားနိုင်ဘူး"
သူသည် ဒိန်ချဉ်အေးကို မော့်ချနေသည်။ အတန်ကြာတော့ ကျွန်တော်က
"ဒီနေ့တော့ အကြောင်း မကြားထားလို့ ခံလိုက်ရတယ် ထင်တယ်"
"ကျွန်တော့် မိန်းမ သတင်းတော့ ရခဲ့သား ဆရာရဲ့။ သို့ပေမယ့် ဒီလောက် မြန်မယ် မထင်ဘူး။ ပြီးတော့လဲ ဈေးကတဖက် ရောင်းရသေးတာကိုး။ ဘယ်တတ်နိုင်မှာလဲ ဆရာရယ်။ ဒီလိုပေါ့"
နောက်ဆုံးအသံမှာ အဖြစ်အပျက် တရပ်လုံးမှ အဘိဓမ္မာ ထုတ်ပြီး တရားချလိုက်သော အသံ ဖြစ်ပေ၏။
သူသည် ကျွန်တော် ပေးထားသော ငါးကျပ်တန် စက္ကူဖြင့် ဒိန်ချဉ်အေးဘိုး ထုတ်ပေးသည်။ ထိုနောက် ကျွန်တော့်အား ငွေတကျပ် ပြန်ပေးရာ ကျွန်တော်က လက်မခံဘဲ ထိုင်ရာမှ ထလိုက်ပြီး
"ဒိန်ချဉ်ကို ငါက တိုက်တာပါလို့ ပြောနေတာဘဲ"
သူသည် ငွေစက္ကူ တကျပ်တန်ကို အတင်းပေးရင်း
"ဆရာကြီးဆီက ရတဲ့ အမြတ်ထဲက ကျွန်တော်က တိုက်နေတာပါ၊ ယူပါ"
"မယူဘူးကွာ"
"ဟော၊ ငွေစိန် ပြန်လာပြီ။ မိန်းမကတော့ အားကိုးရတယ်။ လမ်းကတဲက လွတ်အောင် ကြံလာတယ်"
သူသည် လက်ခမောင်း ခတ်တော့မလောက် ခုန်ပေါက်မြူးထူး သွားပေ၏။ ငွေစိန်သည် ဆိုက်ကား တစီးပေါ်တွင် ရှေ့ခုံမှ ဘေးစောင်းလိုက်လျက် နောက်ခုံတွင် တင်ထားသော ဖိနပ်သေတ္တာနှင့် ဗန်းကို လက်တဖက်ဖြင့် ဖေးကိုင်ရင်း ကျွန်တော်တို့ ရှေ့က ဖြတ်သွားလေသည်။ ထွန်းခင်သည် သူ့မိန်းမနောက်သို့ လိုက်ပြေးလေသည်။ ကျွန်တော်လည်း သူတို့ကိစ္စမှာ ပိုမို စိတ်ဝင်စားလာပြီး ဖြစ်သည့်အတွက် မလှမ်းမကမ်းမှ နေပြီး သူတို့ ဆိုင်နေရာအရောက် လိုက်ပါ သွားလေသည်။
သူတို့လင်မယားနှစ်ယောက် စောစောက နေရာမှာ ဆိုင်ခင်း နေသည်ကို ကျွန်တော်က ခပ်လှမ်းလှမ်းမှ ကြည့်နေသည်။ သူတို့ ဘာပြောနေကြသည် မသိ။ သို့သော် ငွေစိန်က ကျွန်တော့်ဆီ လှမ်းကြည့်လိုက်၊ ထွန်းခင်က ကျွန်တော့်ဆီ လှမ်းကြည့်လိုက် လုပ်ရင်း ပြောနေကြသည် ဖြစ်ပေရာ ကျွန်တော် အကြောင်းပါ ပါသည်ဟု ခန့်မှန်းရလေသည်။ အတန်ကြာတော့ ငွေစိန်သာ ဖိနပ်တွေ စီရစ်ပြီး ထွန်းခင်က ကျွန်တော့်ထံ လာ၍
"ကျွန်တော့် မိန်းမက ပြောပြမှ ဆရာ့အကြောင်း သိရတော့တယ်။ နောက် ဖိနပ် အလိုရှိရင် ကျွန်တော့်ဆီ လာပါ ဆရာ၊ တံဆိပ်နာမည် မထင်ရှားပေမယ့် အမျိုးအစား ကောင်းတာ ရပါစေ့မယ်၊ အဖိုးလဲ မများစေရဘူး"
သူသည် သကာလူးသည့် မျက်နှာချို သွေးကာ ကျွန်တော့်အား ဈေးဝယ်တယောက် အနေနှင့် ဖောက်သည်ဖြစ်ရန် ကြိုးစား နေပါတော့သည်။ ခုနင်ကလို သူ့အရေး ကိုယ့်အရေး တိုင်ပင်ဆွေးနွေးသည့် သဘော မတွေ့ရတော့ချေ။ ကျွန်တော်မှာလည်း သူတို့ကိစ္စတွင် စပ်စုရန် ခက်တော့မလို ဖြစ်လာပေသည်။
"မိန်းမစီးနဲ့ ကလေးစီးတွေလဲ ရှိပါတယ်။ ဝယ်သွားပါအုံးလား"
"ငါ့မှာ မိန်းမ မရှိဘူး။ ကလေးလဲ မရှိဘူး။ မင်းက ဝယ်စေချင်ရင် ငါ့အိမ်က အစေခံတွေဘို့ ဝယ်သွားမယ်။ သို့ပေမယ့် မင်းနဲ့ စကား ပြောချင်သေးတယ်"
"အမိန့်ရှိပါ ဆရာ၊ သို့ပေမယ့် ကျွန်တော် အချိန် သိပ်မရဘူး။ အချိန်ရတုန်း ဈေးတွန်း ရောင်းရအုံးမယ်"
"အေးပါလေ၊ မင်းပြောတာ ဟုတ်ပါတယ်။ လူတွေဟာ ကိုယ့်အလုပ်ကို အချိန်လု လုပ်နေကြရတာဘဲ။ ငါက မင်း အမှုအကြောင်း မေးချင်တာ။ ပြီးသွားပြီလား ဘာလား ဆိုတာပေါ့လေကွာ"
သူသည် ဈေးဝယ်အား ဈေးသည်က နှူးသော အမူအရာမျိုးကို စွန့်လိုက်ပြီး
"အမှုကတော့ တန်းလန်းပါဘဲ ဆရာ၊ ခု အာမခံနဲ့ ထွက်နေရပါတယ်"
"အေး၊ ဒါဖြင့် ငါ့အလုပ်ခန်းကို ခဏလာခဲ့ကွာ၊ တနင်းလာနေ့ ညနေ နာရီခွဲလောက်"
"ကျွန်တော့် မိန်းမ လွှတ်လိုက်ရင် မကောင်းဘူးလား ဆရာ"
"မင်း လာခဲ့ပါကွာ။ ဒါထက် ခု ဆိုင် ဖမ်းသွားရာက ဘယ်ပုံ ပြန်ယူလာတာလဲ"
"ပုလိပ်ကို ၂ ကျပ်ပေး။ အစ်ကိုကြီးရဲ့ ဘာရဲ့နဲ့ ချော့။ ဒီတော့ ပုလိပ်က လွှတ်ဖို့ ဥာဏ်ဆင်တာပေါ့၊ တနေရာမှာ လော်ရီ ရပ်ပေးပြီး 'ပော့ သူငယ်မ၊ မင့်းပစ္စည်းတွေ စုံရဲ့လား။ စစ်ကြည့်စမ်း' လို့ အချက်ပေးလိုက်တာဘဲ။ သူတို့က ဟိုလိုလို ဒီလိုလိုနဲ့ မျက်နှာလွှဲနေတာပဲ။ ဒီတော့ လော်ရီကားပေါ်က ကိုယ့်ဗန်း ကိုယ့်သေတ္တာ အမြန်ချပြီး ယူလာရတာဘဲ ဆရာ။ ကျွန်တော့် မိန်းမက ဒါတွေတော့ လျင်တယ် ဆရာရေ့။ ကျွန်တော် ဒုက္ခရောက်တိုင်း သူ ကယ်တာချည်းဘဲ"
"ကဲ ငါသွားမယ်၊ တနင်းလာနေ့ ညနေ လာခဲ့နော်"
"ဟုတ်ကဲ့ ဆရာ"
သူ့အဖြေကား ဟက်ဟက်ပက်ပက် မရှိ။ ကျွန်တော့်အား အားကိုးဟန် လက္ခဏာ မရှိပါ။ ငွေနှစ်ရာ ပေးမှ လိုက်မည့် ရှေ့နေထံ ချဉ်းကပ်ရန်လည်း လက်လှမ်းမမီဟု ဆုံးဖြတ်ပြီး ဖြစ်ဟန်တူသည်။ ကျွန်တော်က သူ့အား အလုပ်ခန်းသို့ သူ့အမှု အကြောင်းပြ၍ ခေါ်ခြင်းမှာလည်း သူ့အမှုကို ရှေ့နေ လိုက်ပေးရေး မပေးရေးထက် သူတို့ဘဝ၊ သူတို့ကိစ္စများတွင် စိတ်ဝင်စားလာပြီ ဖြစ်သဖြင့် သိလိုသမျှ မေးရန်ကသာ အရေးကြီးပေသည်။ သူ့အမှုတွင် ရှေ့နေလိုက်ရန် ကိစ္စကား အလကား လိုက်ပေးမည်လော။ သို့မဟုတ် ငွေစိန်၏ အကြံကို လက်ခံမည်လော ဟူသော အချက်များတွင် တည်နေပေသည်။
----------------
( ဇာတ်သိမ်းဆက်ရန်) 👇👇👇
[ မြန်မာဝတ္ထုတိုများပေ့ဂ်ျမှ ကူးယူပါသည်။ပေ့ဂ်ျအားကျေးဇူးတင်ပါသည်။]
No comments:
Post a Comment