Saturday, 11 May 2019

ကိုခြောက်ချက်၏ဒဿန #မစန္ဒာ

#ကိုခြောက်ချက်၏ဒဿန


 

#မစန္ဒာ


သားနာမည်​ မိုးငြိမ်းချမ်းပါ။ သားကို​ မွေးတုန်းက မိုး​တွေ သဲသဲမဲမဲ ရွာ​နေလို့ မိုးငြိမ်းချမ်း ဆိုတဲ့ နာမည်​ကို ​ပေးခဲ့တာတဲ့။ ​ဖေ​ဖေကြီးက​တော့ သားရဲ့မမကို ဖိုးသမီးတဲ့။ သားကိုကျ ဖိုးသားတဲ့။ အိမ်​မှာ​တော့ သားကို ဖိုးသားလို့​ ခေါ်ကြတယ်​။ ​မေ​မေက​တော့ သားကို ဂူဂူးတဲ့။ သား စကား မ​ပြောတတ်​ခင်​ ​မေ​မေ့ ရင်​ခွင်​ထဲမှာ ဂူးဂူးဂဲဂဲ​တွေ​ ပြောကတည်းက အဲဒီလို​ ခေါ်ခဲ့တာတဲ့။ အခု​တော့ ​ဖေ​ဖေက သားကို နာမည်​အသစ်​ တစ်​ခု​ ပေးပြန်​ပြီ။ အဲဒီ နာမည်​ကြီးကို သား မကြိုက်​ပါဘူး။ သိပ်​မုန်းတာပဲ။ ဘာနာမည်​လဲ သိလား။ ​ပြော​တောင်​ မ​ပြောချင်​​တော့ ပါဘူးဗျာ။ ​ခြောက်​ချက်​တဲ့။ ကို​ခြောက်​ချက်​တဲ့။


ဖေ​ဖေနဲ့​ မေ​မေက ဗိသုကာ​တွေပါ။  အရင်​တုန်းက​တော့ ဘယ်​မှာ အလုပ်​ လုပ်​သလဲ သား မသိပါဘူး။ သား​ ကျောင်းစ​နေပြီး သူငယ်တန်းလည်း တက်​​ရော၊ ​ဖေ​ဖေနဲ့​ မေ​မေက သိမ်​ကြီး​ဈေးကို ရောက်​သွားကြ​ရော။ ​ဈေးကြီးက​ ဆောက်​လက်​စ ဆို​တော့ ရွှံ့တွေ၊ ဗွက်​​တွေ၊ သံ​ချောင်း​တွေ၊ သစ်​သား​ချောင်း​တွေ၊ ဖုံ​တွေ၊ သဲ​တွေနဲ့။ အိုး ... ညစ်​ပတ်​လို့။ ရှုပ်​ပွလို့။ 


ဖေ​ဖေက အိမ်​ကို​တောင်​ သိပ်​မပြန်​ပါဘူး။ အဲဒီမှာ အိပ်​၊ အဲဒီမှာပဲ စား၊ သားတို့နဲ့​တောင်​ သိပ်​မ​တွေ့ဖြစ်​ဘူး။ ​မေ​မေကလည်း မိုးလင်းတာနဲ့ ရုံးသွားဖို့ ပြင်​​တော့တာပဲ။ သားက အိပ်​ချင်​​သေး​ပေမယ့်​ အတင်းနှိုးပြီး အင်္ကျီ လဲ​ပေး​တော့တာပဲ။ ​နောက်​ပြီး ​​မေ​မေ့ရုံးကို ​မေ​မေက ​ခေါ်သွား​ရော။ ရုံးဆိုတာက အဲဒီ​ ဆောက်​လက်​စ​ ဈေးကြီးရဲ့ မြေတိုက်​ခန်းထဲမှာ​လေ။ ညတုန်းက ​ဖေ​ဖေ အဲဒီ ရုံးခန်းမှာ အိပ်​တယ်​တဲ့။ ဒါ​ပေမဲ့ သား​ ရောက်​လာရင်​ ​ဖေ​ဖေ မရှိ​တော့ဘူး။ ​ဖေ​ဖေ့ သူငယ်​ချင်း ဦးသိန်း​ဇော်​နဲ့ အတူတူ ဒိပြင်​​ နေရာတွေ ထွက်​သွားပြီ။ 

မေ​မေက​တော့ ရုံး​ရောက်​ရင်​ ပုံ​တွေ ဆွဲ​တော့တာပဲ။ သားကိုလည်း သူ့​ဘေးမှာ ထိုင်​ပြီး စာကျက်​ခိုင်းတယ်​။ တစ်​ခါတစ်​​လေ ကျ​တော့လည်း ဟိုသွား ဒီသွား ဟိုတက်​ ဒီတက်​​ ပေကြိုး တစ်​​ချောင်းနဲ့ ဟိုတိုင်း ဒီတိုင်း လုပ်​​နေတတ်​တယ်​။ သားကို​တော့ အ​ပေါ်က သစ်​သား​ချောင်း​တွေ အုတ်​ခဲ​တွေ ပြုတ်​ကျလာမှာ စိုးလို့ဆိုပြီး ရုံးခန်းထဲမှာပဲ ​နေခဲ့ခိုင်းတယ်​။ ​မေ​မေ အနားမှာ မရှိ​တော့ သားလည်း ဘယ်​ စာကျက်​​တော့မှာလဲ။ ဦးဦး​ ကျော်​စိုးတို့ ဦးဦး​ ဘော်​ဘီတို့ အလူမီနီယမ်​ ဘီဒို​တွေ လုပ်​တဲ့​ နေရာမှာ သွားရှုပ်​​နေတာ​ပေါ့။ တ​စ်ခါတလေ ကျ​တော့လည်း မမ သန်းသန်း​ဌေးနဲ့ ​ရေခဲမုန့်​ သွားစားတယ်​။ 


ဒါ​ပေမဲ့ သားက မုန့်​ထက်​ သဲကို ပိုကြိုက်​တယ်​။ ​မေ​မေတို့ရုံးမှာ ရှိတဲ့ သဲပုံကြီး​တွေက ​တောင်​​လောက်​ ကြီးတယ်​ ... သိလား။ အဲဒီ သဲပုံကြီး​တွေမှာ ကစားရတာကို သား အကြိုက်​ဆုံးပဲ။ ​ပြေးတက်​လိုက်​၊ ​ပြေးဆင်းလိုက်​၊ ခုန်​ချလိုက်​၊ သဲအိမ်​​ ဆောက်​လိုက်​၊ တစ်ခါတ​​လေလည်း ​ခြေ​ထောက်​​ပေါ်မှာ သဲ​တွေဖုံးပြီး ထိုင်​​နေလိုက်​နဲ့ ဘာ​ပျော်​သလဲ မ​မေးနဲ့။ အရမ်းကို ​ပျော်​စရာ​ ကောင်းတယ်​။ ​ဟော ... သားကို​ ကျောင်းပို့ချိန်​​ ရောက်​ရင်​​တော့ ​မေ​မေ​ ရောက်​လာ​ရော။ ​ပေတူးညစ်​ပတ်​​နေတဲ့ သားကို ကြည့်​ရင်း စိတ်​ညစ်​ပါတယ်​၊ စိတ်​ညစ်​ပါတယ်​နဲ့ ညည်း​ရော။ ဒါ​ကြောင့်​မို့ သားကို ရုံးကို​ ခေါ်မလာချင်​တာ​ပေါ့။ ​နောက်​တစ်​ခါ ကျရင်​​တော့ အိမ်​မှာပဲ ထားခဲ့​တော့မယ်​လို့​ ပြော​ရော။ ဒါ​ပေမဲ့ ​နောက်​​နေ့ကျတော့ "သား​ရေ ... ထ ... ထ" လို့ သားကို အတင်းနှိုးပြီး ရုံးကို အတင်း​ခေါ်လာရ ပြန်​တာပဲ။ သားကို ​မေ​မေ​ ခေါ်မလာလို့ ဘယ်​သူ​ ခေါ်လာမှာလဲ။ ဘယ်​သူက ​ကျောင်းပို့​ပေးမှာလဲ။ ဒီ​တော့ သားက ​ကျောင်းမတက်​ခင်​လည်း​ ဆော့၊ ​ကျောင်းဆင်း​တော့လည်း ​မေ​မေ ရုံးက မပြန်​မချင်း တစ်​ခါ​ဆော့။ ​ဆော့လို့​တော့ ဘာ​ကောင်းသလဲ မ​မေးနဲ့။ ဒါ​ကြောင့်​မို့ ဘိလပ်​​မြေကားကြီး​ မောင်းတဲ့ ဦးဦးက သားကို ​မျောက်​ဖိုး​ဆော့လို့​ ခေါ်တာ ထင်​ပါရဲ့။


တစ်ခါတ​လေ ​မေ​မေ အလုပ်​များ​နေရင်​ သားလည်း ​မေ​မေနဲ့အတူ​ မှောင်​မှ ပြန်​ရတယ်​။ မမ သန်း​ဌေးက ဆီချက်​​ခေါက်​ဆွဲတို့၊ ကြာဇံ​ကြော်​တို့ ဝယ်​​ကျွေးထားလို့ ဆာ​တော့ မဆာပါဘူး။ ဒါ​ပေမဲ့ သား အိပ်​ငိုက်​လာ​ရော။ ကား​ပေါ်​ ရောက်​ပြီး​ မေ​မေက သားကို​ ပွေ့လိုက်​တာနဲ့ သားလည်း အိပ်​​ပျော်​သွား​တော့တာပဲ။ အိမ်​​ရောက်​​တော့ သားကို ကား​ပေါ်က​ ပွေ့ချပြီး အိပ်​ရာထဲ ပို့ရတယ်​။ သားအင်္ကျီတွေ ​ဘောင်းဘီ​တွေကို ချွတ်​လဲရင်း သား​ခြေ​တွေ လက်​​တွေကို ​ရေဝတ်​နဲ့ သုတ်​​ပေး​ နေရင်​​တော့ သား နိုးလာတာ​ပေါ့။ ဒါ​ပေမဲ့ စာကျက်​​နေရမှာ စိုးလို့ အိပ်​ချင်​​ယောင်​​ ဆောင်​​နေလိုက်​ရင်​ တကယ်​ဆက်​ပြီး အိပ်​​ပျော်​သွား​ရော။ ​ဟော ... မနက်​မိုးလင်း​တော့ ​မေ​မေက "သား​ရေ ... ထ ... ထ​ ...၊ မေ​မေ ရုံး​နောက်​ကျ​တော့မယ်​" လို့​ပြောပြီး နှိုးပြန်​​ရော။ သားလည်း ​မေ​မေ့ရုံးကို လိုက်​လာရ ပြန်​​ရော။ ​ဆော့ပြန်​​ရော။ ကဲ ... ဒီ​တော့ သားက ဘယ်​လိုလုပ်​ပြီး စာ​တော်​​တော့မှာလဲ။ 


မေ​မေ အလုပ်​များတာကို သိလို့ ဆရာမက သားကို "သား​ ... မေ​မေ့ရုံး​ ရောက်​ရင်​ စာကျက်​​နေ​နော်​" လို့ အမြဲ​ပြောတယ်​။ သားကလည်း ရုံး​ရောက်​ရင်​ လွယ်​အိတ်​ကို​ မေ​မေ့​ဘေးမှာ ပစ်​ထားပြီး အမြဲ​ဆော့တယ်​။ ဒီ​တော့ သား​လေ လက်​​ရေးလည်း မလှဘူး။ စာလည်း မ​တော်​ဘူး။ ဒါ​ပေမဲ့ သားက စာ​မေးပွဲ​တော့ ​အောင်​ပါတယ်​​နော်​။ ဒီနှစ်​ ဒုတိယတန်း တက်​ရတယ်​။ အဟီး ... ​အေတန်း​တော့ မရ​တော့ဘူး။ ဘီတန်း​ ရောက်​သွားတယ်​။ 


သားတို့ အတန်းက ဆရာမက ​နေ့တိုင်း သတ်​ပုံ ကျက်​ခိုင်းတယ်​။ ​နေ့တိုင်း​ နေ့တိုင်း သတ်​ပုံ​ခေါ်တယ်​။ တစ်​လုံးမှားရင်​ တစ်​ချက်​ရိုက်​တယ်​။ သားက​တော့ အရိုက်​ခံရသလား မ​မေးနဲ့။ ပထမ​နေ့ကျ​တော့ သုံးချက်​၊ ​နောက်​​နေ့ကျ​တော့​ ခြောက်​ချက်​၊ ​နောက်​တစ်​​နေ့လည်း​ ခြောက်​ချက်​ပဲ။ အဟီး ... သားက​ ကျောင်းက ပြန်​လာရင်​ အိမ်​ကလူ​တွေက အမြဲပဲ ဆီးပြီး​ မေးကြတယ်​။ "ဖိုးသား​ရေ ... ဘယ်​နှစ်​ချက်​လဲ" တဲ့။ သားက ​ခြောက်​ချက်​လို့​ ဖြေတယ်​။ သုံးရက်​​လောက်​ ဆက်​တိုက်​​ ခြောက်​ချက်​လို့​ ဖြေရ​တော့ ​ဖေ​ဖေက ရယ်​​ရော။ ​နောက်​ပြီး သားကို နာမည်​အသစ်​​ ပေးတယ်​။ ​ခြောက်​ချက်​တဲ့။ ကို​ခြောက်​ချက်​တဲ့။ ကဲ ... အဲဒီ နာမည်​ကြီး မုန်းစရာ မ​ကောင်းဘူးလား​။ ဖေ​ဖေကြီးနဲ့​ မေ​မေကြီးက​တော့ "သား​လေးကို အဲဒီလို မ​ခေါ်ကြပါနဲ့" တဲ့။ ဟုတ်​တာ​ပေါ့။ အဲဒီလိုကြီး​တော့ ​ခေါ်ဖို့ မ​ကောင်းပါဘူး​နော်​။ ​ဖေ​ဖေကြီးက သား အရိုက်​ခံရတာကို စိတ်​မ​ကောင်းဘူး။ သား​ ကျောင်းသွားခါနီးတိုင်း "ဖိုးသား​ရေ ဂွတ်​ဒ်​ရ​အောင်​​ ရေးခဲ့​နော်​"လို့ အမြဲမှာတယ်။ 


အင်း ... သားတို့ အိမ်​မှာ​တော့ ​ဖေ​ဖေကြီးက ဇိမ်​အကျဆုံးပါပဲ။ ​ဖေ​ဖေကြီးက ​မေ​မေ့ရဲ့ အ​ဖေ​လေ။ ဒီအိမ်​မှာ​တော့ အသက်​အကြီးဆုံး​ပေါ့။ ​ဖေ​ဖေကြီးက ရုံးလည်း မသွားရဘူး​။ ကျောင်းလည်း မသွားရဘူး။ ​မေ​မေကြီးလိုလည်း တညင်းသီး​တွေ သရက်​သီး​တွေ ဆားရည်​ မစိမ်​ရဘူး။ ​ဖေ​ဖေကြီးက သမီး​ရေလို့​ ခေါ်လိုက်​ရင်​ ကြားတဲ့သူက ​ဖေ​ဖေ ဘာလိုချင်​လဲ ဆိုပြီး အတင်း​ ပြေးသွား​တော့တာပဲ။ ဟင်း ... သားလည်း ​ဖေ​ဖေကြီး ဖြစ်​ချင်​လိုက်​တာ။ အခု​တော့ သားက ​ကျောင်းလည်း သွားရတယ်​။ စာလည်း ကျက်​ရတယ်​။ အရိုက်​လည်း ခံရတယ်​။ ​ဖေ​ဖေ ​ရေပုလင်း ယူခိုင်းရင်​လည်း ယူ​ပေးရတယ်​။ ​မေ​မေ အပ်​​ပေါက်​ ထိုးခိုင်းရင်​လည်း ထိုး​ပေးရတယ်​။ ဒါ​ကြောင့်​မို့လို့ သားက ​ဖေ​ဖေကြီးကို​ ပြောတာ​ပေါ့။ သား​ ကျောင်းသား မလုပ်​​တော့ဘူး၊ ​ဖေ​ဖေကြီးလိုပဲ​ နေ​တော့မယ်​လို့။ ​ဖေ​ဖေကြီးလိုပဲ အိမ်​မှာ ဇိမ်​နဲ့​နေမယ်​။ သမီး ဟိုဟာ ယူခဲ့စမ်း။ သမီး ဒီဟာ ယူခဲ့စမ်းလို့ ခိုင်းမယ်​ဆို​တော့ ​ဖေ​ဖေကြီးက ရယ်​လိုက်​တာ​လေ။ ​နောက်​ပြီး သားကို​ ပြောပြတယ်​။ ​ဖေ​ဖေကြီးက အသက်​ကြီးပြီတဲ့။ သား အရွယ်​တုန်းက သားလိုပဲ​ ကျောင်းတက်​ခဲ့ရ၊ ပညာ​တွေ သင်​ခဲ့ရတာပဲတဲ့။ အဲဒီလို ပညာ​တွေ သင်​ခဲ့လို့ တတ်​ခဲ့လို့ အခုလို အသက်​ကြီး​တော့ ​အေး​အေး​ဆေး​ဆေး​ နေရတာတဲ့။ ပညာမသင်​ခဲ့ရင်​ ဒီလိုမ​နေရဘူးလား ဆို​တော့ ဘယ်​​နေရမှာလဲ၊ ဆင်းရဲ​နေမှာတဲ့​။ ဖေ​ဖေကြီး ငယ်​ငယ်​တုန်းက စာကျက်​ခဲ့ရလား ဆို​တော့ ကျက်​ခဲ့ရတာ​ပေါ့တဲ့။ စာ​တော်​လား ဆို​တော့ ​တော်​တာ​ပေါ့တဲ့။ ဒုက္ခပဲ။ သားက စာကျက်​ရမှာ ပျင်းတယ်​။ 


စာကျက်​ရမှာ ပျင်း​ပေမယ့်​ သားက ရုပ်​ပုံ​တွေ​တော့ ဆွဲချင်​ပါတယ်​။  သားဆွဲတဲ့ ဒိုင်​နို​ဆောပုံ​တွေ၊ ငမန်းပုံ​တွေ၊ ​ရေဘဝဲ​တွေက အစစ်​နဲ့ သိပ်​တူတာပဲလို့ အန်​တီယုက ချီးမွမ်းတယ်​။ ​ဖေ​ဖေတို့​ မေ​မေတို့ဆွဲ​နေတဲ့ တိုက်​ပုံစံ​တွေ အိမ်​ပုံစံ​တွေလည်း သား လိုက်​ဆွဲရင်​ ဆွဲလို့ ရမှာ​ပေါ့နော်​။ အင်း ... ဟုတ်​ပြီ။ ဒီလိုဆိုရင်​ သား ဗိသုကာပဲ လုပ်​​တော့မှာ​ပေါ့။ ​ဖေ​ဖေတို့​ မေ​မေတို့နဲ့ အတူတူ ရုံးတက်​ပြီး ပုံ​တွေပဲ ဆွဲ​တော့မယ်​​လေ။ ဒီလိုဆိုရင်​​ ကျောင်းတက်​စရာ၊ စာကျက်​စရာ မလို​တော့ဘူး မဟုတ်​လား။ သား​ ကျောင်းမတက်​​တော့ဘူး။ ရုံးတက်​ပြီး ဗိသုကာပဲ လုပ်​​တော့မယ်​ ဆို​တော့ ​ဖေ​ဖေနဲ့​ မေ​မေက ရယ်​ပြန်​​ရော။ ဗိသုကာ ဖြစ်​ချင်​ရင်​ စာအရင်​ ကျက်​ရမယ်​တဲ့။ စာ​တွေ အများကြီးကျက်​၊ စာ​မေးပွဲ​တွေ တစ်​တန်းပြီး တစ်​တန်း​အောင်​၊ ပညာ​တွေ အများကြီးတတ်​၊ အဲဒါ​တွေပြီးမှ ​ဗိသုကာ ဖြစ်​မှာတဲ့။ စာ​တွေ မတတ်​ဘဲ မဖြစ်​ဘူးလား ဆိုတော့​ ခေါင်းခါတယ်​။ ဘယ်​​တော့မှ မဖြစ်​ဘူးတဲ့။ စိတ်​ညစ်​လိုက်​တာဗျာ။


ဒီလိုဆိုရင်​ သားက ဦးဂိတ်​တို့ အန်​တီမိုးတို့လို ဆရာဝန်​ပဲ လုပ်​မှ ထင်​တယ်​။ ဆရာဝန်​ လုပ်​ရတာလည်း​ ကောင်းတာပါပဲ​လေ။ ​ဒေါက်​တာ​ ဒေါက်​တာနဲ့ အ​ခေါ်ခံရတာကို သား ကြိုက်​ပါတယ်​။ သူများ​တွေကို ​ဆေးထိုး​ပေးရတာလည်း ​ကောင်းတာပဲ။ နားကျပ်​ကြီးနဲ့ ဟို​ထောက်​ ဒီ​ထောက်​ စမ်းသပ်​ရတာကိုလည်း ကြိုက်​တာပဲ။ ​နောက်​ပြီး ဆရာဝန်​ ဆိုရင်​ လက်​​ဆောင်​​တွေ ခဏခဏ ရတယ်​။ ဟုတ်​ပြီ။ သား ဆရာဝန်​ပဲ လုပ်​ပါ​တော့မယ်​​လေ။ ဒါ​ကြောင့်​ သားက အန်​တီမိုးကို "အန်​တီမိုး​ရေ သား​ ကျောင်းသား မလုပ်​​တော့ဘူး။ ဆရာဝန်​ပဲ လုပ်​​တော့မယ်​" လို့ ပြော​တော့ အန်တီမိုးက ရယ်​ပြန်​​ရော။ မမက​တော့ "ငတုံး​လေး ဆရာဝန်​ ဖြစ်​ချင်​ရင်​ စာ အရင်​ ကျက်​ရမယ်​" တဲ့။ အင်း ... ဒုက္ခပဲ။ စာမကျက်​ဘဲနဲ့ ဘာမှ မဖြစ်​​တော့ဘူးလား ဟင်​။ 


တစ်​​နေ့တုန်းက အိမ်​ကို လူကြီးတစ်​​ယောက်​ လာတယ်​။ ​ဖေ​ဖေ​ မေ​မေတို့နဲ့ စကား​ပြောတယ်​။ သူ့ကားကြီးက သိပ်​​ကောင်းတာပဲ။ အထဲမှာ​ လေ​အေးစက်​နဲ့။ မှန်​​တွေကလည်း လှည့်​ပိတ်​စရာ မလိုဘူး။ ခလုတ်​ နှိပ်​လိုက်​ရုံပဲ။ ​ဖေ​ဖေက​ ပြောတယ်​။ သူ့အိမ်​က သိပ်​​ကောင်းတာပဲတဲ့။ အင်း ... ဒီလိုဆို သူ​ဌေး​ပေါ့​နော်​။ သားလည်း သူ​ဌေး ဖြစ်​ချင်​လိုက်​တာ။ ​ကျောင်းသား မလုပ်​​တော့ဘူး။ သူ​ဌေးပဲ လုပ်​​တော့မယ်​လို့​ ပြောရင်​​ မေ​မေတို့က သူဌေး ဖြစ်​ချင်​ရင်​ စာအရင်​ ကျက်​လို့​ ပြောဦးမှာပဲ။ သား သိပါတယ်​။ ဒါ​ပေမဲ့ ဒီတစ်ခါကျ​တော့ ​မေ​မေက တစ်​မျိုး​ပြောတယ်​ သိလား။ သူတို့ခမျာများ ကျ​တော့လည်း သက်​သက်​သာသာနဲ့ ချမ်းသာပြီးရင်း ချမ်းသာရင်းပဲ။ ငါတို့ခမျာများ ကျ​တော့လည်း ပင်​ပန်းလိုက်​တာတဲ့။ အန်​တီမီ​ ပြော​တော့ အဲဒီလူကြီးက ကန်​ထရိုက်​တာတဲ့။


ကန်​ထရိုက်တာ ဆိုတာ အ​ဆောက်​အဦးတွေကို ​ငွေစိုက်​ပြီး တာဝန်​ယူပြီး​ ဆောက်​တဲ့သူ​လေ။ 


ညကျ​တော့ သားက ​မေ​မေ့ကို မေးမိတယ်​။ "​မေ​မေရယ်​ အဲဒီလူကြီး အဲဒီ​လောက်​ ချမ်းသာ​နေတာ ပညာ​တွေ အများကြီး သင်​ခဲ့လို့​ပေါ့​နော်​" ဆို​တော့ ​မေ​မေက ပြုံးတယ်​။ "​မေ​မေ​တော့ သူ ပညာ​တွေ အများကြီး သင်​ခဲ့တယ်​လို့ မထင်​ပါဘူး" တဲ့​။ 


"ဟင်​ ... ဒီလိုဆို သူ ပညာ​တွေ မတတ်​ဘူးလား" ဆို​တော့လည်း "တတ်​လိမ့်​မယ်​ မထင်​ပါဘူး" တဲ့​။ နောက်​ပြီး သားကို​ ငေးကြည့်​ရင်း "ကန်​ထရိုက်​တာ ဆိုတာ ပညာ​တွေ အများကြီး တတ်​စရာ မလိုဘူး။ ပိုက်​ဆံ​တွေ အများကြီး ရှိဖို့သာ လိုတာ။ ပိုက်​ဆံ​တွေ အများကြီး ရှိရင်​ များများ​ ပေးနိုင်​တယ်​။ အဲဒီ​တော့ ရရင်​လည်း များများရတယ်​" တဲ့။


ဒီိလိုဆို သားလည်း ကန်​ထရိုက်​တာပဲ လုပ်​​တော့မှာ​ပေါ့။ ဟုတ်​ဘူးလား။ သား ​ကျောင်းသား မလုပ်​​တော့ဘူး။ ကြီးလာရင်​လည်း ကန်​ထရိုက်​တာပဲ လုပ်​စား​တော့မယ်​​လေ။ ဒါ​ပေမဲ့​ မေ​မေက​ ပြောတယ်​။ ကန်​ထရိုက်​တာ လုပ်​ဖို့ ပိုက်​ဆံ​တွေ အများကြီး လိုတယ်​တဲ့။ အဲဒီ ပိုက်​ဆံ​တွေကို ​ဖေ​ဖေတို့ မေ​မေတို့ဆီက ​တောင်းလို့ရမှာ မဟုတ်​ဘူး ဆိုတာ သား သိပါတယ်​။ သူတို့ဆီမှာသာ အဲဒီ​လောက်​ ပိုက်​ဆံ​တွေ ရှိ​နေရင်​ သူတို့လည်း ဘယ်​ ဗိသုကာ လုပ်​​နေ​တော့မှာလဲ။ ကန်​ထရိုက်​တာပဲ လုပ်​​နေ​တော့မှာ​ပေါ့​နော်​။ 


တစ်​​နေ့တုန်းက ​မေ​မေကြီး​ နေမ​ကောင်းလို့ ဦးဂိတ်​ရဲ့​ ဆေးရုံကို သွားကြတယ်​။ ဦးဂိတ်​က ဆရာဝန်​​လေ​။ နောက်​ပြီး သားရဲ့ ဦး​လေး​ပေါ့။ ​ဆေးရုံ​ရောက်​​တော့​ မေ​မေကြီးနဲ့ ကြီးကြီးက ​ဆေးရုံ​ပေါ် တက်​သွားတယ်​။ သားနဲ့​ မေ​မေက ကား​ပေါ်မှာ ​နေရစ်​ခဲ့ရတယ်​။ သားက က​လေးမို့လို့ အ​ပေါ် မတက်​ရဘူးတဲ့​လေ။ ​ဆေးရုံထဲမှာ အင်္ကျီဖြူဖြူ ရှည်​ရှည်​ကြီး​တွေ ဝတ်​ထားတဲ့သူ​တွေကို​ တွေ့ရတယ်​။ ​မေ​မေက "သူတို့က ဆရာဝန်​​တွေ​လေ။ သား အားမကျဘူးလား" တဲ့။ ​မေ​မေက သားကို ဆရာဝန်​ သိပ်​ဖြစ်​​စေချင်​တာ။ သားက​တော့ မဖြစ်​ချင်​​တော့ပါဘူး။ စာကျက်​ရမှာ ပျင်းလို့ပါ​။


နောက်​ပြီး​ မေ​မေက သားကို​ ပြော​သေးတယ်​။ "သားရယ်​ ပညာကို ကြိုးစား​နော်​။ စာမတတ်​ရင်​ စာမ​တော်​ရင်​ ဟို​ဆေးရုံ​ပေါက်​က အ​ပေါက်​​စောင့်​လို ​ခွေး​ခြေတစ်​လုံးနဲ့ ထိုင်​ပြီး သူများ​တွေကို တံခါးဖွင့်​​ပေး​ နေရဦးမယ်​" တဲ့။ ဟုတ်​တယ်​​။ မေ​မေ​ပြောမှ သား သတိထားမိတယ်​။ ​ဆေးရုံအဝင်​ဝ သံဆွဲတံခါးနားမှာ လူတစ်​​ယောက်​ ခုံ​လေးတစ်​လုံးနဲ့ ထိုင်​​နေတယ်​။ ​ဆေးရုံ​ပေါ် တက်​ချင်​တဲ့ လူတစ်​​ယောက်​က သူ့နားကို ကပ်​ပြီး တိုးတိုး​လေး​ ပြောလိုက်​တယ်​။ သူက ပြုံးပြီး တံခါးဖွင့်​​ပေး လိုက်​တယ်​။ ​ဟော ... ခဏ​နေ​တော့​ နောက်​တစ်​​ယောက်​ ... ​ဟော​ နောက်​တစ်​​ယောက်​။ ဟာ​ ... မေ​မေ​ရေ၊ ​ဆေးရုံ​ပေါ် တက်​ချင်​တဲ့ သူ​တွေက အများကြီးမှ အများကြီးပါပဲဗျာ။ 


ကြီးကြီးတို့​ ဆေးရုံ​ပေါ်က ဆင်းလာကြ​တော့ ​မေ​မေက ​ဆေးရုံ​စောင့်​တဲ့သူကို အားကျလိုက်​တာတဲ့။ အလကား​ မေ​မေ။ သားကို​တော့ ဆရာဝန်​ကို အားမကျဘူးလားတဲ့။ သူက​တော့ အ​ပေါက်​​စောင့်​ကို အားကျ​နေတယ်​တဲ့။ ​ကောင်းသလားဗျာ။ ညကျ​တော့ သားက အပြတ်​​ ပြောလိုက်​တယ်​။ သား ​ကျောင်းသား မလုပ်​​တော့ဘူးလို့။ ဒီ​တော့ ​မေ​မေက ပြုံးပြီး ​ကျောင်းသား မလုပ်​ရင်​ ဘာလုပ်​မှာလဲတဲ့။ သား ကန်​ထရိုက်​တာ လုပ်​မှာလို့။ ခပ်​တင်းတင်းပဲ။ ဟွန်း ... ဒါ​လေးများ သားက​ ဖြေတတ်​ပါတယ်​​နော်​။ ကြီးကြီး​ပြောတဲ့ ကာတွန်းထဲကလို​ပေါ့။


"သား​ ဆေးရုံ​စောင့်​ အရင်​လုပ်​မယ်​။ ရတဲ့ ပိုက်​ဆံကို စုထားမယ်​။ ပြီး​တော့မှ ကန်​ထရိုက်​တာ လုပ်​မယ်​"


သားက ရယ်​စရာ​ ပြောတာ မဟုတ်​ပါဘူး။ ဒါ​ပေမဲ့​ ဖေ​ဖေနဲ့​ မေ​မေက ရယ်​လိုက်​ကြတာ။ တအား ရယ်​ကြပြီးမှ အရယ်​ ရပ်​သွားကြတယ်​။ ​နောက်​ပြီး ဘာမှမ​ပြောဘဲ သားကို ​ငေးကြည့်​​နေကြတယ်​။ ​ဟောဗျာ ... ဘာဖြစ်​လို့လဲ မသိဘူး။ ​မေ​မေ့ မျက်​လုံးထဲမှာ မျက်​ရည်​​တွေ ဝဲလို့။


--------------


မစန္ဒာ


Credit to Mi Nwe

https://m.facebook.com/story.php?story_fbid=471209796571967&id=100010488517355


[ မြန်မာဝတ္ထုတိုများပေ့ဂ်ျမှကူးယူပါသည်။ပေ့ဂ်ျအားကျေးဇူးတင်ပါသည်။]

No comments:

Post a Comment