#ကိုယ့်ဘဝကိုယ်ပဲပျော်
#သော်တာဆွေ
လွန်ခဲ့သောလက တစ်ခုသော နေ့လယ်ခင်းဝယ် ကျွန်တော်သည် မြေနီကုန်းသို့ ကိစ္စတစ်ခုနှင့် သွားရင်း ဓနိရည်ဆိုင်ရှေ့ ဖြတ်လျှောက်မိသည်၌ ထိုဆိုင်မှ သင်းပျံ့လာသည့် ကဇော်ရနံ့သည် ကျွန်တော်၏ အတိတ်ဘဝကို ရုတ်တရက် သတိရစေစဉ်မှာပင် “ဗျို့ ကိုကြင်ဆွေကြီးရဲ့ အတိတ်ကို အတိတ်မှာပဲ ထားတော့မှာလား။ ဒီများ ခဏ မဝင်တော့ဘူးလား” ဟူသော သရော်တော်တော် အသံ ကြားရ၍ လှမ်းကြည့်လိုက်တော့ ကျွန်တော်၏ မိတ်ဆွေဟောင်းကြီး နှစ်ယောက်။
အခုန လှမ်းပြောလိုက်သူက ကိုမြဟန်။ နောက်တစ်ယောက်က ကုလား အပ္ပနား။ သူတို့ ဓနိရည်ဆိုင် တံစက်မြိတ်အောက် မြေပြောင်ပြောင်တွင် မျက်နှာချင်းဆိုင် ထိုင်လျက်၊ သူတို့ ရှေ့မှာတော့ ပလတ်စတစ် ခွက်ကလေး တစ်လုံးစီနှင့်၊ အလယ်ကောင်က ဓနိရည် ပုလင်းငယ် ခေါင်းပြတ်ကလေး တစ်လုံး၊ ဓနိရည်က ဖင်ကပ်။
ယခု ဘီဘီအယ်လ် ခေတ်တွင် သောက်ခွက်သည် ရှေး တရုတ် လိုင်စင်စီများ လက်ထက်တုန်းကလို ပုလင်းဖင်ပြတ်များ မဟုတ်။ ပလတ်စတစ် ခွက်များကို သပ်သပ်ရပ်ရပ် ထုတ်၍ ပေးထားသော်လည်း ဓနိရည် ထည့်သော အာတာဝင် ဘိလပ်ရည် ပုလင်း ဖြူများ ကိုကား မညီမညာ ခေါင်းများကို ရိုက်ချိုးထား၏။ ဤပုလင်းမျိုး အကောင်းဖြစ်၍ ရောင်းစားသော် ၁၅ - ပြား၊ ပြား - ၂၀ ရသောကြောင့် အသောက်သမားတွေ လစ်လစ်သွားတတ်ကြသဖြင့် ဖျက်ဆီးထားရခြင်း ဟူလို။
ဘုံဆိုင်တို့ မည်သည် ကျက်သရေတော့ တစ်မျိုးမဟုတ် တစ်မျိုးတော့ တုံးရသည်သာ။ ဤ ကျက်သရေ တုံးသော ဌာနမျိုးမှာပင် ကျွန်တော်လည်း နှစ်ပေါင်းများစွာ ကျက်သရေ တုံးခဲ့သူ ဖြစ်ရာ ကျွန်တော်၏ အတိတ်ဘဝကို မမေ့ပါ။ အတိတ်က မိတ်ဆွေများကိုလည်း မပစ်ပယ်ပါ။ ထို့ကြောင့် ကျွန်တော် သူတို့ဆီ ဝင်ကာ သူတို့နှင့် ဖိုခနောက်ဆိုင် ထိုင်လိုက်ပြီး …
“ခုန ကိုမြဟန် ပြောလိုက်တဲ့ စကားလေးက ချွန်ပါ့ဗျာ … ကျွန်တော့် ဘဝင်ကို ခိုက်သွားတာပဲ …”
ကိုမြဟန်သည် သူတို့လက်ကျန် ပုလင်း ဖင်ကပ်ကလေးကို ခွက်ထဲငှဲ့ပြီး ကျွန်တော့်ကို ပေးရင်း …
“မသိပါဘူးဗျာ၊ ကိုကြင်ဆွေက နေပြီး နိုင်ငံကျော် ဦးသော်တာဆွေ ဖြစ်သွားတော့ ဒီဓနိရည်များ ဘာရည်တွေလဲ မေးနေဦးမလားလို့ ...”
“ကျွန်တော် ငယ်ကကြိုက်ကို ဘယ်မေ့မှာတုန်းဗျ” ဟု ပြောပြီး သူပေးသောခွက်ကို အားရပါးရ ယူမော့ပစ်လိုက်တော့မှ ဘာမျှ မပြောသေးသော အပ္ပနားက ပြုံးပြုံးကြီး ကြည့်နေရာမှ …
“ဟေး … မြဟန်၊ ကြင်ဆွေ မမိုက်သေးပါဘူးကွ”
အပ္ပနားသည် ဂေါ်ရင်ဂျီကုလား အစစ် ဖြစ်သော်လည်း ဗမာလို ပီသရုံမက သီချင်းတောင် ကျအောင် ဆိုတတ်သူ ဖြစ်၏။
သူတို့၏ ပုလင်းငယ်ကို ကျွန်တော်နောက်ဆုံး ရှင်းပြီးနောက် သူတို့၏ ဆန္ဒနှင့် ကျွန်တော်၏ တာဝန်ကို သိသည်ဖြစ်၍ …
“ဟေးလူတွေ၊ ခင်ဗျားတို့ ဖောင်ကို သောက်ကြပါလားဗျ”
ဖောင်ဆိုသည်မှာ ကွပ်ပုလင်းဖြူကြီးထဲက ဓနိရည်ကို အပေါ်က ဖော့ဆို့ ကြိုးသိုင်းနှင့် လေလုံအောင် ပိတ်ထား၍ ဖွင့်လိုက်သော် ဘီယာလို အမြှုပ်များ ဝေကာ အရသာရှိသော ဓနိရည် အကောင်းစား ဖြစ်၏။ အခုန သူတို့ သောက်နေကြသည့် ပုလင်းငယ်က ပြား ၂၀၊ ဤဖောင်ပုလင်းကြီးက ပြား ၅၀။ ထို့ကြောင့် အပ္ပနားက …
“ဟ … ကြင်ဆွေရာ … ဖောင် မတတ်နိုင်လို့ ဒါလေး သောက်နေရတာပေါ့ကွ … မင့်မလဲ … ငါ့လခွီး …”
ကျွန်တော် ကျပ်တန်တစ်ရွက် ထုတ်ပေး၍ …
“ရော့ … ကိုမြဟန် ယူချေဗျာ …”
ကိုမြဟန်ရော အပ္ပနားပါ ကျွန်တော့်ထက် ၁၀ နှစ်မျှ ကြီးကြပေသည်။ ကျွန်တော်နှင့် သူတို့ ဂျပန်ခေတ်ဦးက စတင် သိကျွမ်းကြစဉ် ကျွန်တော်က အသက် ၂၀ - လောက်၊ သူတို့က ၃၀ - မျှ။ ထို့ကြောင့် ကျွန်တော်က ကိုမြဟန်ကို ခင်ဗျား၊ ကျွန်တော် ပြောရသည်။ အပ္ပနားကိုတော့ ကုလားမို့ ကျွန်တော်က (အများနည်းတူ) မင်း၊ ငါဘဲ ပြောသည်။ အပ္ပနားကလည်း ကျွန်တော့်ကို ဒီလိုပဲ ပြောသည်။
ယခုဆို ကျွန်တော့်အသက် ၄၅ - ရှိ၍ သူတို့လည်း ၅၅ ရှိကြပေမည်။ သို့သော် သူတို့ဘဝကား ဟိုတုန်းက အတိုင်းပင်။
ကိုမြဟန်ကား ဟိုယခင် ရှေး အင်္ဂလိပ်ခေတ်ကပင် စမ်းချောင်းရပ်တွင် မြင်းလှည်းသမား ဖြစ်ခဲ့၍ ကျွန်တော် ဂျပန်ခေတ်က မြင်းလှည်းသမားဘဝ ရောက်သည်၌ ကျွန်တော့်ဆရာ ဖြစ်ခဲ့ဖူးပါသည် ဆိုလည်း မမှားပေ။ အပ္ပနားကား ဒိုဘီကုလား ဖြစ်၏။ ယင်း၌ ဒိုဘီကုလားနှင့် မြင်းလှည်းသမားတွေ ဘယ်လိုများ အကြောင်းဆက် ပေါင်းဖက်ကြပါသနည်း ဟူသော မေးခွန်း လာလိမ့်မည်။ အဖြေကတော့ လွယ်ပါ၏။ ဒိုဘီကုလားလည်း အသောက်သမား၊ မြင်းလှည်းသမားလည်း အသောက်သမား၊ အသောက်သမားချင်းသည် ဘယ်လိုပဲ ဘဝခြားခြား ပေါင်းသင်း၍ ရသည်မှာ ဓမ္မတာတည်း။ ထို့အပြင် အပ္ပနားသည် ကျွန်တော်တို့၏ မြင်းလှည်း အသင်းဝင်။
ဟဲ ... ဟဲ ... ဘယ့်နှယ် ဒိုဘီကုလားက မြင်းလှည်း အသင်းဝင် ဖြစ်ရတာတုန်း၊ အလန့်တကြား မေးစမ်းပါဦးတော့။
မအံ့ဩပါနှင့် ခင်ဗျာ။ အဲသည်ခေတ် အဲသည်အခါမှာ ခေါက်ဆွဲတရုတ်လဲ မြင်းလှည်း အသင်းဝင် ဖြစ်ရတာပဲ။ ဒန်ပေါက်ကုလား၊ လက်ဘက်ရည်ဆိုင် သမားတွေလည်း မြင်းလှည်း အသင်းဝင် ဖြစ်ရတာပဲ။
အတိုချုပ် ပြောမယ်ဗျာ၊ ကျွန်တော်တို့၏ မြင်းခေါင်းတံဆိပ် မြင်းလှည်း အသင်းကြီး တည်ရာ စမ်းချောင်းရပ်ကွက်၊ မြင်းလှည်းဂိတ်အနီး ရှမ်းလမ်းမကြီးနှင့် ဗားဂရာလမ်း ဖြတ်သန်းရာ လမ်းလေးမြွှာ ဘေးမှာရှိသည့် မုန့်ဟင်းခါးဆိုင်က အစ ကျွန်တော်တို့ မဟာမြင်းလှည်း အသင်းကြီးကို ဝင်ကြရ၏။ ဝင်ကြေး ပေးကြရ၏။ လစဉ်ကြေး ပေးကြရ၏။
မဆီမဆိုင်ဘဲ မဝင်ဘဲနေတော့ ဘာဖြစ်လဲ ဟု မေးအံ့။
အန္တရာယ် သိပ်ကြီးတယ်၊ ညအချိန်တွင် ဆိုင်မှာ အမူးသမားတွေ ရုတ်ရုတ်, ရုတ်ရုတ်လည်း ဖြစ်တတ်တယ်၊ မြင်းလှည်းအသင်း ဝင်ထားလိုက်မှ ဒီအန္တရာယ်က ကင်းတယ်။ ဒီလို ဝင်ထားပါလျက် မတော်တဆ ဖြစ်ပွားအံ့။ မြင်းလှည်းအသင်း ဥက္ကဌကြီးကို သွားတိုင်ပါ၊ ချက်ချင်းပဲ ငဖြူ, ငနီ, ငကြောင်, ငကျား ခေါ်ပြီး ဆုံးမပေးလိမ့်မယ်။ အဲဒီ ဖိုးတိတွေက သူ့တပည့် လက်သား မြင်းလှည်းသမားတွေကို ခင်ဗျား။
နားလည်လောက် ရောပေါ့နော်။ နိုင်ငံရေးသမားတွေ အသင်းဖွဲ့စားပါတဲ့ ပါလီမန် ဒီမိုကရေစီခေတ် မရောက်ခင်ကတည်းက ကျွန်တော်တို့ မြင်းလှည်းသမား အသင်းကြီးက ဒီအပေါက် ချိုးလာတာ ခေတ်နောက် မကျပါဘူးဗျာ။ အခု ရန်ကုန်မှာ မြင်းလှည်းတွေ ပိတ်ပစ်လိုက်လို့သာ မပိတ်ခင်တုန်းက ဆိုရင် ကျွန်တော် စာရေးဆရာဘဝ ရောက်တော့တောင် တစ်ခါတစ်ခါ မြင်းလှည်း တက်မောင်းလိုက်သေး၊ ပျော်တယ်ဗျ။
တစ်နှစ် ကျွန်တော် အဲဒီမြင်းလှည်း အသင်းကြီးမှာ အမှုဆောင် ဖြစ်ခဲ့သေးတယ်။ စာရေးဆရာ အသင်းနဲ့များ အပြတ်အသတ် ကွာပါ့ဗျာ။ စာရေးဆရာအသင်း ဆိုတာ အသင်းသားချင်း လည်းကောင်း၊ အမှုဆောင်ချင်း လည်းကောင်း တစ်ဦးနဲ့တစ်ဦး၊ တစ်ဖက်နဲ့တစ်ဖက် အချင်းချင်း အာရိုက်ပြီး နှက်ကြတဲ့ အမျိုးကလားဗျာ။
မြင်းလှည်းအသင်းများ ကတော့ ကိုယ့်အသင်းအတွက် ဆိုရင် အသက်ပေးပြီး ကာကွယ်ကြတယ် ခင်ဗျာ။ ဥပမာ ကိုယ့်အသင်းဝင် မောင်ဖြူဟာ အခြား မြင်းလှည်းသမားတွေနဲ့၊ သို့မဟုတ် ဆိုက်ကားသမားတွေနဲ့ သို့မဟုတ် မြင်းလှည်းခ တောင်းတိုင်းမရ၊ မတန်တဆ ပေးလို့ ဘယ်အရပ်သားတွေနဲ့ ပဋိပက္ခ ဖြစ်ခဲ့သည် ဆိုပါတော့။ တစ်ယောက်တည်းမို့ ခံခဲ့ရပေမယ့် ချက်ချင်း လူပြန်စု၊ အမှုဆောင်တွေ မြင်းလှည်းက ရှေ့မှချီတက်၊ အကျိုးအကြောင်းပြော၊ ရသင့်တာတောင်း၊ အခြေအနေ မကောင်းရင် ရိုက်ပွဲကြီး ကျင်းပပစ်ခဲ့သတည်း။ အမှုဖြစ်ခဲ့သော် လူများစု ရုန်းရင်းဆန်ခတ်မှု၊ အသင်းရံပုံငွေကလည်း ဂျပန်ခေတ်က ပုလိပ် လက်သိပ်ထိုးဖို့ အသင့်။
ကဲ … မနိပ်ဘူးလားဗျာ။ ကျုပ်တို့ အသင်းဖွဲ့စည်းပုံ၊ ဆောင်ရွက်ပုံ။
အသင်းဝင်တို့မှာ မှန်တာ - မှားတာ၊ တရားတာ - မတရားတာ အပထား၊ အကျိုးကျေးဇူး ခံစားရသည်ကတော့ အမှန်။ ထို့ကြောင့် အပ္ပနား၏ ဒိုဘီဆိုင်ကလည်း ကျုပ်တို့ မြင်းလှည်းသမား အသင်းဝင်၊ သူ အသင်းဝင် ဖြစ်လာတော့ “ကုလားပေမယ့် မစော်ကားကြနဲ့ဟေ့ … ဒို့အသင်းဝင်ကွ” ဆိုသော စကားတစ်လုံးနှင့်ပင် အပ္ပနားအဖို့ အကျိုးကျေးဇူး ကြီးလှပေပြီ။
အပ္ပနားက ကျွန်တော်တို့ကို အကျိုးကျေးဇူး ပြန်ပြုသည်များလည်း ရှိ၏။ ကျွန်တော်တို့အား ကဇော်တိုက်ခြင်း၊ ကြက်သား ချက်ကျွေးခြင်း၊ သူ့ပင်မင်းဆိုင် ရောက်လာသော အဝတ်အထည်များမှ ကိုယ်နှင့်တန်သော အင်္ကျီရှိလျှင် ခေတ္တ ငှားဝတ်ခြင်းများ ပြုရ၏။
ဟုတ်သလေ … ဤခေတ်တွင် ကျွန်တော်တို့ မြင်းလှည်းသမားတွေမှာ သန်းချေး တထွေးထွေးနှင့် ဝါစေ့ကွဲ ဖျင်ကြမ်းတွေသာ ဝတ်ရတာ။ တစ်ခါတစ်ရံ ပွဲလမ်းသဘင် ရှိတော့ အပ္ပနား ဒိုဘီဆိုင်က ပေါ်ပလင် မီးပူတိုက်တွေ ဘာတွေ ယူဝတ်ရတာပေါ့ဗျာ။ အပ္ပနားကတော့ အင်္ကျီရှင် လာရင် ကြည့်ပြော၊ မိုးရွာနေလို့တို့၊ ဝါရှင်ဆိုဒါ ကုန်နေလို့တို့။
အပ္ပနား၏ ဒိုဘီဆိုင်မှာ မြင်းခေါင်းတံဆိပ် ဆွဲချိတ်ထား၍ ကျွန်တော်က ‘အာကာဘုံပင်မင်း’ ဟု ဆိုင်းဘုတ် ချိတ်ထားစေ၏။ အပ္ပနားက အဓိပ္ပါယ်ကို မေးသဖြင့် ကျွန်တော်က ပြာနှမ်းသော ကောင်းကင်ကို လက်ညှိုးထိုးပြပြီး “မင်းဆိုင်က လျှော်လိုက်တဲ့ အဝတ်ဟာ မဲနယ်လည်း နိုင်လို့ ဒီမိုးသားတွေလို လှပတဲ့ အဓိပ္ပါယ်ပေါ့ကွ” ဟု ပြောပြတော့ သူသဘောကျ၏။
သို့သော်လည်း ရွှတ်နောက်တတ်ကြသူများ ပီပီ နောက်ပိုင်း၌ ခေါ်ကြသည်ကတော့ ‘အာပုံပင်မင်း၊ အာပုံအပ္ပနား’ ပဲ ဖြစ်သွားတော့၏။
ကျွန်တော်သည် ဓနိရည်ခွက်ကို ကိုင်ရင်း ရှေးနှစ်ပေါင်း နှစ်ဆယ်ကျော်က အထက်ဖော်ပြပါ အကြောင်းများကို ပြန်ပြောင်း စဉ်းစားမိရင်း ပြုံးမိရာ အပ္ပနားက …
“ဟေ့၊ ကြင်ဆွေ … မင်းဘာပြုံးတာလဲကွ”
“ဟေ့ - အပ္ပနား ... မင်းဒိုဘီဆိုင်မှာ ငါရေးပေးတဲ့ ဆိုင်းဘုတ် ရှိသေးရဲ့လား ...”
“မင်း အာပုံပင်းမင်း ဆိုတာကြီး မရှိတော့ပါဘူးကွာ၊ မြင်းခေါင်းလည်း မရှိတော့ဘူးကွ” ဟု ပြောပြီး မြင်းလှည်း အသင်းကြီး ပျက်စီးရသည်ကို နှမြောတ,သပုံ ပေါ်လျက် …
“ဟေ့၊ ကြင်ဆွေ … ဟိုတုန်းက ဒို့သိပ်ပျော်တယ်နော်“
ယင်းအခိုက် ကိုမြဟန်သည် ဓနိရည် ပုလင်းနှစ်လုံး ပိုက်ပြီး ပြန်ရောက်လာ၍ အပ္ပနားက ယူပြီး ငှဲ့နေစဉ် ကျွန်တော်က ကျပ်တန်တစ်ရွက် ထုတ်ပြ၍ …
“ကဲ … ကိုမြဟန် အမြည်း လုပ်အုံးဗျာ”
ယင်း၌ အပ္ပနားသည် ရုတ်တရက် တစ်ခုခုကို ပြန်သတိရဟန်ဖြင့် သူ၏ ဖြူဖွေးသော သွားများပေါ်အောင် ပြုံးလျက် …
“ဟေ့ … မြဟန်၊ ကြင်ဆွေက ကြက်အမြစ် ကြိုက်တယ်ကွ၊ ကြက်အမြစ် ကြီးကြီးနဲ့ ငါ့ဖို့တော့ ခြေထောက်ရိုးပဲ ဝယ်ခဲ့ပါကွာ။ ဂေါ်ရင်ဂျီ ပီပီ ခြေထောက်ရိုးပဲ ဝါးပါ့မယ် ... ဟား - ဟား - ဟား - ဟား” ဟု ပြောသည်၌ ကိုမြဟန်ရော ကျွန်တော်ပါ နားလည်ကာ အားရပါးရ ရယ်မောကြတော့သည်။
အတိတ်က ဖြစ်ရပ်ကား လွန်ခဲ့သော အနှစ် နှစ်ဆယ်ကျော်ကပဲပေါ့။
တစ်နေ့သော ညနေရီတမှောင်၌ ကျွန်တော်နှင့် ကျွန်တော့် မြင်းလှည်း ဒရိုင်ဘာ ကိုမြတ်သာသည် ထိုနေ့အဖို့ လုပ်ငန်းကုန်ဆုံးပြီး နေ့တွက်ကိုက်ပြီ ဖြစ်၍ အပန်းတော် ဖြေအံ့ဟု ဤဓနိရည်ဆိုင် ရှေ့မှာပင် မြင်းလှည်း ထိုးရပ်လိုက်သည်၌ ဤသို့လျှင် ဘုံဆိုင် တံစက်မြိက် အောက်မှာပင် ကိုမြဟန်နှင့် အပ္ပနားတို့ ဖြိုးနေကြပြီကိုတွေ့၍ ကျွန်တော်တို့ နှစ်ယောက်ပါ ဝင်ဝိုင်းလိုက်သည်။ တစ်ယောက်တစ်လှည့် တစ်ပုလင်းစီ ဆွဲကြလျက် အတန်ငယ် မူးလာကြသည်၌ အပ္ပနားက ခုည ဒီဆိုင်မှာတင် အပြီးမသောက်ကြပဲ သူ့အိမ်ရောက်မှ ဆက်လက် သောက်ကြရန်၊ ထိုနေ့ ညနေက လမ်းထဲက ကြက်ဖကြီးတစ်ကောင် ခွေးကိုက်၍ သူ အချောင်ရထားသဖြင့် ယခု သူ့မိန်းမက ချက်နေပြီ ဖြစ်ကြောင်း ပြောသဖြင့် ကျွန်တော်တို့သည် ပုလင်းပေါင် ပေး၍ ဓနိရည် ပုလင်းများ ဆွဲကာ အပ္ပနားအိမ်သို့ ကျွန်တော်တို့ မြင်းလှည်းနှင့်ပင် တပျော်တပါးကြီး ယွန်းခဲ့ကြသည်။
အပ္ပနားတို့အိမ် ရောက်သည်၌ သူ့မိန်းမ မငွေစိန်သည် ဟင်းလည်း ချက်ပြီးပြီ။ တော်တော်လည်း မူးနေပြီဖြစ်၍ ကုလားမူ၊ ကုလားချွဲဖြင့် တော်တော်ပဲ လေများ နေလေပြီ။
မဟူရာခဲ၊ သပိတ်ကွဲ၊ အိုးမဲက အစ်မ ခေါ်ရသော ကုလားမတို့အား ‘မငွေစိန်’ ဟု အမည် ပေးကြသည်မှာ ကျွန်တော်တို့ ဗမာတို့၏ ဓမ္မတာ။ သူ့ကိုယ်သူ ကိုလှဟု နာမည် ပေးထားသော အပ္ပနားကလည်း နှစ်သက်သည် ဖြစ်၍ ကျွန်တော်တို့ ရောက်သွားသည် ဆိုလျှင်ပဲ …
“ဟေ့ … မငွေစိန်၊ ရှောက်စကား သိပ်များမနေနဲ့။ ဒီမှာ ငါ့သူငယ်ချင်းတွေ ပါလာတယ် … ဟင်းခပ်စမ်း …”
မငွေစိန်က ဆာဒီ ကားယားနှင့် လက်တား၍ -
“ကိုယ့်ဟာကိုယ် ခပ်ပြီး မျိုဆို့တော်မူ … ကျုပ်တော့ စားလည်း ပီးပြီ။ မူးလည်းနေပြီ” ဟု စက်ရာထဲ လဲလျောင်းတော်မူ၏။
ထိုအခါ ကိုလှခေါ် အပ္ပနားက “ရှောက်ကမြင်းမ ကုလားမ - အမရာ၊ ကိန္ဒရီ၊ မဒ္ဒီ၊ သမ္ဗူလ ဆိုတာ နင့်လိုဟာမျိုး နေမှာပဲ” ဟု အမြီးအမောက် မတဲ့ ပြောချင်ရာ ပြောပြီး သူ့ဟာသူ ဟင်းအိုးထဲ သွားခပ်၏။ ပါလာသည်များမှာ အသည်း၊ အမြစ်နှင့် ခြေရိုး၊ တောင်ပံရိုးနှင့် အခြား အသားစများ ဖြစ်လေရာ အကောင်းကြိုက်သော ကျွန်တော်က အမြစ်အသည်း တစ်တွဲကို လှမ်းဆွဲလိုက်ပြီး … “ကိုယ်တော့ ဒါပဲ စားမယ်ဟေ့ … အပ္ပနားတို့က ဂေါ်ရင်ဂျီပဲ ခြေထောက်ရိုး ဝါးလကွာ …” ဟု ပြောလိုက်ပြီး ရေနံမီးရောင် မှောင်တောင်တောင် မလင်းတလင်း၌ အမြစ်တုံးကို မူးမူးနှင့် ကျွန်တော် ကိုက်လိုက်တော့ … တောက် … လား လား၊ ကြက်ချေးတွေ ပါးစပ်ထဲ ထွက်လာ၏။
ထွီ … ထွီ … ထွမ် … ထွမ်နှင့် အော့အန်ပြီး မငွေစိန်အား ခြေနှင့် ကန်နှိုးပြီး ပြောတော့ …
“ဟုတ်တယ် အစ်ကို၊ ကျွန်မ မူးနေတာနဲ့ အမြစ်ထဲက ချေး ခွဲမထုတ်လိုက်မိဘူး ထင်တယ်”
ဤနေရာ၌ အပ္ပနားတို့၊ ကိုမြဟန်တို့၊ ကိုမြတ်သာတို့ ပွဲကျကြကုန်၏။ ကိုမြတ်သာကား ၁၉၅၂ - ခုနှစ်လောက်ဆီက သူ့ကိုယ်သူ သတ်၍ သေခဲ့ပြီ။ ယခု ဤအကြောင်း ပြန်ပြောင်း သတိရကြမည့် သူများကတော့ ဒီ အပ္ပနားနဲ့ ကိုမြဟန်တို့ပဲပေါ့။ ဒါကြောင့် သူတို့ ဤအကြောင်း ပြော၍ ရယ်မောကြပြီးနောက် အပ္ပနားက လွမ်းတေးတစ်ပုဒ် ရွတ်ဆို၏။
“မငွေစိန် မရှိတော့တာ နာတယ် ကြင်ဆွေ၊ သူအားကြီး ဟင်းချက် ကောင်းတယ် ...”
(မငွေစိန်လည်း ကက်စ်ဘီခေတ်က ဆုံးခဲ့သည်။)
ကျွန်တော်က ဟိုးရှေးက အဖြစ်အပျက် ပြန်တွေး၍ အော်ကလီ ဆန်ဆန်နှင့် “အားကြီးကောင်းတယ် … ထွီး … ကြက်မြစ်ထဲက ကြက်ချေးတောင် ထုတ်ရမှန်း မသိဘဲနဲ့ ...”
“ဟ … ၊ ဒါက သူမူးနေလို့ကိုးကွ။ ကဲ … မငွေစိန် ဝက်ခေါင်း ချက်တာတော့ နိုးတူးပဲလို့ မင်းပဲ ပြောတယ် မဟုတ်လား ...”
“အင်း … ဟုတ်ပါတယ်၊ ဂေါ်ရင်ဂျီ ချက်တော့ ကောင်းပါတယ် ...”
“ဟ … ကြင်ဆွေရ၊ ဂေါ်ရင်ဂျီမ ဂေါ်ရင်ဂျီချက် မကောင်းလို့ တရုတ်ချက် ကောင်းနေရ ဦးမှာလားကွ … ထပ်သရီးတဲ့၊ ထွီ ...”
တံတွေးကို ဂေါ်ရင်ဂျီထွေး, ထွေး၍ နှုတ်ခမ်းမွေး သပ်လိုက်ပါသည်။
အပ္ပနားသည် ဗမာလို ဤမျှ ရေရေလည်လည် ပြောဆိုနိုင်သော်လည်း ဂေါ်ရင်ဂျီ ပီပီ ဂေါ်ရင်ဂျီလိုပဲ ကပ္ပလာနှင့် ဒိုဘီနှင့် ဝတ်သည်။
“ဒိုဘီကုလားဟာ ... ဒိုဘီကုလားလို ဝတ်မှ၊ ဒိုဘီလို ဆက်ဆံကြမှ ဒို့ဒိုဘီ အလုပ် ကောင်းမယ် မဟုတ်လားကွ ...”
သူ့ဆောင်ပုဒ်သည် မဆိုးပါချေ။ မငွေစိန်လည်း သေသည်အထိ ကုလားမလို ဝတ်သွားခဲ့၏။
ဟုတ်၏။ ယခုမှ သတိပြန်ရသည်။ မငွေစိန်သည် ဝက်ခေါင်းကို အရိုးအသား လွှာမနေဘဲ လက်သုံးသစ်ကွင်း၊ လေးသစ်ကွင်း အတုံးကြီးကြီးတွေ ခုတ်ကာ ဂေါ်ရင်ဂျီ မဆလာနှင့် ပျစ်ပျစ် ချက်ထားသည်ကို အသောက်သမားများအဖို့ ကိုက်၍ကောင်း၊ ဖဲ့၍ကောင်း၊ ဆွဲ၍ကောင်း၊ ဝါး၍ကောင်း၊ စား၍ကောင်း နှာသီးဖျားနှင့် နားရွက်သားကလေးများ ခဲလိုက်ရ ထုတ်ထုတ်, ထုတ်ထုတ်နှင့် ဒါပြန် … သတိရသည်နှင့် …
“ဟေ့ ... အပ္ပနား၊ မငွေစိန်ချက်တဲ့ ဝက်ခေါင်းရိုး ဟင်းမျိုး စားချင်သေးတယ်ကွာ ...”
“အား … စားချင်ရင် ရတယ်ကွ၊ ဟိုဘက်က အရက်ဆိုင်ကြီးမှာ ရှိတယ်၊ ဂေါ်ရင်ဂျီချက်ပဲ၊ မင်းစားချင် အဲဒီသွားမယ်ကွာ … ” ဟု ပြောရင်း ကျွန်တော့် တက်ထရွန် အင်္ကျီအိတ်ထဲမှ ဆယ်တန်စိမ်းစိမ်း အခေါက်ကြီးကို ကြည့်၍ … “မင့်မှာ ပိုက်ဆံတွေ အရှိသားပဲ၊ ဒို့လည်း အရက်တိုက်ပါလားကွာ … ဟင် ...”
ဂျပန်ခေတ်က ဓနိရည်နှင့် စခဲ့ကြသည် မှန်သော်လည်း ယခုအချိန်၌ အသောက် ဝါရင့်ကြ၍ အရက်သမား ဖြစ်ကုန်ကြပြီကို အထူးပြောစရာ မလိုတော့ပါ။ ယခု ကိုမြဟန်နှင့် အပ္ပနားတို့ ဓနိရည် ချနေသည်ကား တစ်ပုလင်း သုံးကျပ် နှစ်ဆယ့်ငါးပြားတည်း ဟူသော အသပြာကို မတတ်နိုင်ကြ၍ ဖြစ်၏။
ထိုအချိန်၌ ကျွန်တော့်အိတ်ထဲ ငွေသုံးလေးဆယ် ပါခဲ့သည် ဖြစ်သောကြောင့် မိတ်ဟောင်း ဆွေဟောင်းများအား သူတို့၏ လောကနိဗ္ဗာန် ပို့မည်ဟု -
“ကဲ … ကောင်းပြီ၊ ဒီဓနိရည်လေး နှစ်ပုလင်း ရှင်းလိုက်ကြ၊ အဲဒါကုန်တော့ သွားကြတာပေါ့ ...”
သူတို့လို ဓနိရည်လောက် ဟဲနေရသူများအား ချက်အရက်ဆိုင် ပို့မည်ဆိုတော့ ... ကျွန်တော်တို့ ရမ်သမားများအား ဝီစကီနှင့် ဟော်တယ်သို့ ပင့်ခေါ်သည်နှင့် မခြားပေ။
မျက်လုံး ပြူးပြူး၊ မျက်ကွင်း ကျယ်ကျယ်၊ မျက်နှာ ဝိုင်းဝိုင်းကြီးနှင့် ကိုမြဟန်၏ မျက်နှာမှာ ပို၍ တောက်ပြောင်လာပေသည်။
ဤနေရာ၌ သူ့အကြောင်းကို ဖော်ပြရပါဦးမည်။
အင်္ဂလိပ်ခေတ် ကျွန်တော် ကျောင်းသားဘဝတည်းကပင် သူ စမ်းချောင်းထဲမှာ နေ၍ မြင်းလှည်း မောင်းလာလိုက်တာ ဗိုလ်ချုပ်ကြီး အိမ်စောင့်အစိုးရ လက်ထက် မြင်းလှည်းတွေ ပိတ်ပစ်သည် အထိ၊ သူ၏ အသက်မွေး၊ အဲ … အရက်မွေးဝမ်းကျောင်း အလုပ် ဖြစ်ပေသည်။ သူသည် အရက်ကို အင်မတန် ကြိုက်လှ၏။ သူ လူ့ပြည်မှာ နေရသည်မှာ အရက်သောက်ဖို့ကလွဲ၍ ဘာရည်ရွယ်ချက်မှ မရှိ။ မိုးလင်းကတည်းက အရက်သောက်ဖို့ ရှာကြံပြီး မိုးချုပ်သည်၌ အရက်မူးပြီး အိပ်ဖို့မှာ သူ၏ တစ်ခုတည်းသော ဘဝလမ်းစဉ်ကြီး ဖြစ်တော့၏။
သူသည် ယခု အသက် ၆၀ - ချဉ်းသည်အထိ မည်သည့်အခါတုန်းကမှ အိမ်ထောင် မပြုခဲ့ချေ။ သူ့လို ရသမျှ သောက်စားနေသော အရက်သမားကိုလည်း ယူမည့်လူ မရှိ၊ သူကလည်း မည်သူ့ကိုမျှ မရည်ရွယ်။ သူ့မှာ အိုးအိမ်ရယ် ဟူ၍လည်း ဘယ်တုန်းကမျှ မရှိခဲ့။ သူမြင်းလှည်း မောင်းသော အိမ်က မြင်းဇောင်းထဲ၌ လည်းကောင်း၊ အိမ်ရှေ့ လှေကားပြင်၌ လည်းကောင်း၊ အိမ်မပြန်နိုင်လောက်အောင် ဇိမ်တွေ့နေသော နေ့များဆိုလျှင် သစ်ပင်တစ်ပင် အောက်၌ လည်းကောင်း၊ လမ်းဘေး ပလက်ဖောင်းပေါ်၌ လည်းကောင်း၊ အိပ်စက်ခြင်းကိစ္စကို ပြီးစီးလေသည်။ အဝတ် ဆို၍လည်း သူကိုယ်တိုင် ဝယ်ခဲ၏။ သူ မြင်းလှည်းမောင်းသော အိမ်က အကျအနများဖြင့် ပြီးသည်က များ၏။ သူသည် ဤစမ်းချောင်း အရပ်သို့ ဘယ်အရွယ်က ဘယ်ကဘယ်လို ရောက်လာခဲ့သည် မသိ၊ ဆွေမျိုးညာတိ ဟူ၍လည်း တစ်ယောက်မျှ မရှိ၊ တကယ့် တစ်ကောင်ကြွက် စစ်စစ် ဖြစ်၏။
ယင်းသို့လျှင် ကိုမြဟန်သည် တစ်သက်နှင့် တစ်ကိုယ် သူများထံမှာချည်း မြင်းလှည်းကျွန် အဖြစ်နှင့် ယနေ့ရသော ပိုက်ဆံ နောက်တစ်ရက် ကူးသည် မရှိဘဲ နေလာခဲ့ရာ တစ်ရံရော အခါ၌ အံ့ဩဖွယ်ရာ လူ့ကံသည် ဆန်းကြယ်လှသည့်အတိုင်း ကိုမြဟန်သည် တောင်ထိပ်ကြာပေါက်၊ အနောက်နေထွက် ဆိုသကဲ့သို့ ရုတ်တရက် မြင်းပိုင် လှည်းပိုင်နှင့် ဖြစ်သွားလေ၏။
အသို့ဟူမူ သူသည် ဂျပန်များ အရေးရှုံးနိမ့်ခါနီး အချိန်၌ ဂျပန်စစ်တပ်က မြင်းလှည်း တစ်စင်းကို မောင်းနေရာ ဂျပန်များ ရန်ကုန်မြို့က ထွက်ပြေးရသည်၌ ဂျပန်စစ်ဗိုလ်သည် ဤမြင်းလှည်းကို ကိုမြဟန်အား ရက်ရောစွာ ပေးအပ်ပစ်ခဲ့၏။ ဤမြင်းနှင့် လှည်းသည် ပထမတန်းစားထဲက ဖြစ်၏။
ထိုအခါ ကိုမြဟန်သည် သူ့မြင်းနှင့် လှည်းကို ထားဖို့ လိုလာပြီ ဖြစ်ပေရာ အိမ်ယာက မရှိသည့်အတွက် မြင်းလှည်းသမားတို့နှင့် သဟဇာတ ဖြစ်သော ပန်းပဲဖိုတစ်ခု၏ရှေ့ ကုက္ကိုပင်ကြီး အောက်၌ သူ့မြင်းလှည်းကို ထား၍ သူကတော့ ပန်းပဲဖိုထဲက ကွပ်ပျစ်တစ်ခုပေါ်မှာ အိပ်စက်လေသည်။ သူ ဤမြင်းနှင့်လှည်း [ရ]သည်မှာ နွေရာသီဖြစ်၍ မိုးကျလောက်မှ မြင်းမအတွက် သင့်လျော်ရာ တစ်နေရာရာတွင် မြင်းဇောင်း ဆောက်မည်ဟု စိတ်ကူးထား၏။
သို့သော် သူ့မြင်းမ ဂျပန်မ (သူပေးထားသည့် နာမည်) မှာ မိုးတွင်း ရောက်အောင် သက်စိုး မရှည်ရှာချေ။
အကြောင်းမှာ တစ်သက်လုံးက သူများ၏ မြင်းလှည်းကျွန် ဖြစ်လာခဲ့သော ကိုမြဟန်သည် ယခု မမျှော်လင့်ဘဲနှင့် မြင်းလှည်း (သူတို့အများသုံး) ‘အုံနာ’ ဖြစ်လာလေတော့၊ အုံနာ၏ စည်းစိမ်ကို သူခံစားချင်ဟန် တူ၏။ သူကိုယ်တိုင် မမောင်းတော့ဘဲ ဒရိုင်ဘာနှင့် လွှတ်ထားလိုက် လေတော့၏။ သူကတော့ နံနက်ထွက်စ မြင်း[လှည်း]ပေါ် ခဏလိုက်ထိုင်ပြီး ပိုက်ဆံကလေး ပုလင်းဖိုး ရသည် ဆိုလျှင်ပင် အရက်ဆိုင်မှာ ဆင်းကျန်ခဲ့တော့၏။
ကိုမြဟန်သည် အရက်လည်း အမြဲတမ်း မူးနေသည်။ သူ့ကို တစ်သက်လုံး မည်သူကမျှလည်း လေးစားကြသည် မဟုတ်သောကြောင့် သူမောင်းခိုင်းသော ဒရိုင်ဘာ ကောင်ကလေးကလည်း အခိုးသန်သန်နှင့် အများဆုံး ဘုံးရအောင် မြင်းမကို မညှာမတာ ခိုင်းရကား မိုးဦးမကျမီပင် ဂျပန်မ နာလန်မထနိုင်သော လဲခြင်းဖြင့် အမိုးဗလာ၊ အကာမဲ့သော လမ်းဘေး ကုက္ကိုပင် အောက်မှာ လဲလေ၏။
ထိုအချိန်၌ ကက်စ်ဘီခေတ် ရောက်နေပြီ။ အင်္ဂလိပ်ငွေနှင့် ထောင့်လေးငါးရာ တန်သော ထိပ်တန်းမြင်းမကြီး တစ်ကောင် သေဆုံးသော်လည်း ကိုမြဟန်သည် မည်သို့မျှ နှမြောတသဟန် မပြ၊ အရက်ကလေး တမြမြနှင့်ပင် မြင်းသားကို အပေါင်းအသင်း အရက်ပုလင်းများနှင့် စည်ပင်စွာပင် ဝိုင်းဝန်းခုတ်ဖျက်လျက် ရောင်းချလိုက်သေးသည်။ ထို့နောက် လှည်းကို တစ်ထောင် ကျော်ကျော်နှင့် ရောင်းလိုက်ပြန်ကာ တစ်လကိုးသီတင်းမျှ ဖြိုးဖြိုးဝေနေသေး၏။
ဤမှ တပြီးကား … ကိုမြဟန်သည် ပိုနေမြဲ၊ ကျားနေမြဲအတိုင်း ဒုံရင်း ပြန်ရောက်ကာ သူများအိမ်မှ မြင်းလှည်းကျွန်ပင် ပြန်ဖြစ်လာခဲ့လေရာ နောက်ဆုံး ရန်ကုန်ဧရိယာ၌ မြင်းလှည်းမောင်းခြင်းကို ပိတ်သည်အထိ။
ယခုအချိန်ကား ကိုမြဟန်သည် မြင်းလှည်းမောင်းခြင်းမှ တစ်ပါး အခြား ဘာမျှလည်း မလုပ်တတ်၊ လုပ်လည်း မလုပ်ချင်၊ သားမယား တာဝန်လည်း မရှိလေသောကြောင့် မိမိကိုယ်တည်း တစ်ယောက်၊ အသောက်ကလေး ရဖို့နှင့် ဖြစ်သလို အစာကလေး ဝဖို့သာ လိုသဖြင့် မိတ်ဆွေငယ်ပေါင်း၊ ရောင်းရင်းကြီး အပ္ပနား အိမ်မှာပင် အဝတ်ကူရိုက်၊ မီးပူတိုက်ဖြင့် သူ၏ ကျန်သည့် ဘဝတာကို ခိုအောင်းနေခြင်း ဖြစ်လေသည်။
ကိုမြဟန်သည် တစ်ခုဉာဉ်ကောင်း ရှိသည်မှာ မရှိ, ဆင်းရဲသား အသောက်သမားပင် ဖြစ်သော်လည်း ဘယ်ပစ္စည်းကိုမျှ ခြေဆော့လက်ဆော့ မလုပ်၊ မရှိလျှင် တောင်းသည်။ မြင်းလှည်းမောင်းရင်း သူသောက်လာခဲ့လျှင် ကျွန်တော် ဘယ်လောက်ဖိုးတော့ သုံးလာခဲ့တယ် ခင်ဗျာ၊ ကျွန်တော့် အခထဲက လျှော့ပေးပါဟု ပြောတတ်၏။
အပ္ပနားလည်း ယခုအချိန်မှာ သားမယားလည်း မရှိ၊ တစ်ကိုယ်တည်း ဖြစ်နေရာ ကိုမြဟန် သူနှင့် လာနေခြင်းသည် ငါးထမ်းရွက်နှစ်ခု ပေါင်းမိခြင်းတည်း။ သူတို့၏ စီးပွါးရေးမှာ နက်ဖြန်ခါအတွက် မရှိ၊ ယနေ့ရတာ ယနေ့ သောက်စားပစ်၍ နက်ဖြန်ခါအတွက် မနက်မှတစ်ဖန် အလုပ်ဆက်မည်။ ပိုက်ဆံများများ မရှိလျှင် ဓနိရည်လောက်ဖြင့် ပြီး၍ ရှိလျှင်ကား ချက်ဆိုင်ကြီးမှ ထွက်ပြီး လမ်းဘေး လဲသည်အထိ …။
ထိုနေ့ ကျွန်တော်နှင့် တွေ့ရသော အချိန်သည် ဓနိရည်ဆိုင်တွင် ဖြစ်၍ သူတို့ ဂိုင်မတောင့်မှန်း ထင်ရှားသည်။ ယခု ကျွန်တော်က ချက်ဆိုင်ကြီးမှာ ဒကာခံမည် ဆိုတော့ သူတို့သည် အလွန် ဝမ်းသာနေကြသည်။ ကျွန်တော်သည် မိမိစကားအတိုင်း ဓနိရည် နှစ်ပုလင်း ရှင်းသွားသော အခါ၌ မလှမ်းမကမ်းရှိ ချက်ဆိုင်ကြီးသို့ သူတို့နှင့် အတူ ယွန်းခဲ့တော့၏။
ရောက်လျှင် အပ္ပနားအား အကြီးတစ်လုံး ဆွဲစေလျက် ကိုမြဟန်အား ဂေါ်ရင်ဂျီ ဝက်ခေါင်း ဟင်းဖိုးကို ထုတ်ပေးရင်း “ကိုမြဟန် ကျွန်တော် ကြိုက်တာကတော့ … ” ကျွန်တော့် စကား မဆုံးသေးမီ ကိုမြဟန်က ဖြတ်၍ …
“အောင်မလေး … ကိုကြင်ဆွေ၊ ခင်ဗျား ကြိုက်တာတွေ ကျွန်တော် မမေ့သေးပါဘူးဗျ၊ ဝက်နှာသီးဖျားရယ် နှာခေါင်းရိုးရယ် မဟုတ်လား”
ကျွန်တော် ရယ်မောလိုက်ရ တော့သည်။
ဟုတ်ကဲ့ ကျွန်တော် မြင်းလှည်းသမားဘဝ အရက်ဆိုင်များ၌ ဂေါ်ရင်ဂျီချက် ဟင်းတွင် ကြက်သားကို အမြစ်နှင့် တောင်ပံရိုး၊ ဝက်ခေါင်းဟင်း ဆိုလျှင် နှာသီးဖျားနှင့် နှာခေါင်းရိုး၊ ၎င်းနှာခေါင်းရိုး အောက်ဖက်တွင် ဝက်အာခေါင်သား ပါလေရာ ဇတ်တောက် ဇတ်တောက်နှင့် ဝါး၍ ကောင်း၏။ နှာသီးဖျားက ကိုက်လိုက် ဇင်းကနဲ ဇင်းကနဲ နေ၏။ မယုံ မိတ်ဆွေ စားကြည့်ပေါ့။
မကြာမီအတွင်း ကျွန်တော်တို့သည် အမြည်း - အရက်ကို အသီးသီး နှက်ကြရင်း ရှေးဟောင်း နှောင်းဖြစ်တွေကို စကားကောင်းနေကြရာမှ အပ္ပနားက
“ဟေး … ကြင်ဆွေ၊ ငါ့ကို မြဟန်က ပြောတယ်၊ မင်း ယွတ်လှပြေကို ရောက်ခဲ့တယ်ဆို”
“အေးလေကွာ”
“အဲဒီမှာ ဓနိရည် ကောင်းလားကွ”
“ဟ သူတို့ပြည်မှာ ဓနိရည် မရှိဘူး”
“ထန်းရည်ကော”
“အဲဒါလည်း မရှိဘူး”
“ဟ ကြင်ဆွေရ၊ လူ့ပြည်မှာ ထန်းရည်နဲ့ ဓနိရည်မှ မရှိဘူး ဆိုရင်ဖြင့် နိယာမ ဒင်္ဂါး၊ အဲဒီတိုင်းပြည်မှာက ဘာလုပ်တော့မှာလဲ ထွီ”
“အပ္ပနားရ သူတို့ တိုင်းပြည်မှာက ဓနိပင်၊ ထန်းပင်၊ အုန်းပင် မရှိဘူးကွ”
“ဟ ဒါဖြင့် သူတို့လူမျိုးတွေ ဘာသောက် နေကြတုန်း၊ စိမ်ရည်နဲ့ ချက်ပဲ ဟဲကြရတော့မှာပေါ့”
“ဒို့ စိမ်ရည် ဆိုတာက ကောက်ညှင်းကို ပေါင်းပြီး ဆေးနဲ့ နှပ်တာ မဟုတ်လား”
“အေးလေကွာ”
“အဲ သူတို့ တိုင်းပြည်မှာက ကောက်ညှင်းလဲ မရှိဘူး၊ ဒို့ ထမင်းစားတဲ့ ဆန်လည်း မထွက်ဘူးကွ”
အပ္ပနား လွန်စွာ အံ့အားသင့်ကာ -
“ဟ … နိယာမ ဒင်္ဂါး၊ ဒါဖြင့် ထန်းပင်လည်း မရှိဘူးဆိုတော့ ထန်းညှက်အရက်လည်း မရှိဘူး၊ ခုလို ကောက်ညှင်းအရက်၊ ဆန်အရက်လည်း မရှိတော့ဘူးပေါ့၊ ဟေ … အငတ်တိုင်းပြည် ပါလားဟ။ ဒင်းတို့ ပြည်သားတွေ အရက် မသောက်ကြရတော့ဘူးလား၊ အဲဒီ တိုင်းပြည်မျိုးတော့ ဘယ်တော့မှ လူမဖြစ်ပါရစေနဲ့ကွ ကြင်ဆွေရာ ငါ့လခွီးတဲ့” ဆိုပြီး ကိုမြဟန်ဘက် လှည့်၍ “ဟေ့ မြဟန်၊ မင်း အဲ့ဒီတိုင်းပြည် သွားနေဆို နေမယ်လား”
ကိုမြဟန်က ခေါင်းကို တွင်တွင်ကြီး ယမ်းခါလိုက်သည်။ စင်စစ် သူတို့ နှစ်ယောက်စလုံးက ဘာမျှမတတ်၊ ဘာဗဟုသုတမျှ မရှိကြ၍ ကျွန်တော်က ရုရှပြည်၌ သောက်ရသည့် အရက်များ၊ ဝိုင်များအကြောင်း ရှင်းပြမည် ကြံနေစဉ် အရေးကောင်း ဒိန်းဒေါင်းဖျက် ဆိုသမှ တကယ် ဒိန်းဒေါင်းက ဖျက်။
ဒိန်း တတ်တတ် ဒိန်း ဒိန်း
ဒိန်း တတ်တတ် ဒိန်း ဒိန်း
အရက်ဆိုင်နှင့် မလှမ်းမကမ်းတွင် ရှိမည့် ဗားကရာ လမ်းမကြီးမှာ ဂေါ်ရင်ဂျီမသာ ချလာသည်။ ဤအသံ ကြားသည် ဆိုလျှင် အပ္ပနားသည် ကျွန်တော်တို့နှင့် စကားပြော ရပ်လိုက်ကာ နှုတ်ခမ်းမွေးများ ထောင်လာလျက်
“ဟေ့ မြဟန် ဒါ ဂေါ်ရီးယားကြီးမိန်းမ, မသာချလာတာကွ ငါ အစက ဓနိရည် နဲနဲစီ သောက်ပြီး အဲဒီမသာ သွားမလို့ကွ၊ အခု ကြင်ဆွေနဲ့ တွေ့နေတာနဲ့ ငါမေ့နေလို့ ဒို့ဝင်မကူရင် မကောင်းဘူး၊ သင်္ချိုင်းမှာ ကြက်သုံးကောင် လွှတ်မယ်လည်း ပြောတယ် …”
ဒိန်း တတ်တတ် ဒိန်း ဒိန်း
ဒိန်း တတ်တတ် ဒိန်း ဒိန်း
တီးသံကား တဖြည်းဖြည်း နီးလာသည်။ ကျွန်တော်တို့ ဝိုင်းမှာ အရက်ပုလင်းကြီး နှစ်လုံး (ကျွန်တော်က နဲနဲပါ) ကုန်၍ အပ္ပနားတို့ တော်တော် အရှိန်ရနေပေပြီ။
ဒိန်း တတ်တတ် ဒိန်း ဒိန်း၊
ပျော်ပျော်ပါးပါး အကအခုန် မသာချလာသည့် လူစုကို မြင်ရသည်နှင့် တစ်ပြိုင်နက် အပ္ပနားသည် ထိုင်ရာမှ စွေ့ခနဲ ထလိုက်ကာ “လာ မြဟန်ရေ ကြင်ဆွေ မင်းရော လိုက်ပါလားကွ၊ ဒို့နဲ့ ပျော်ရအောင်” ဆိုပြီး တစ်ခါတည်း ပြေးထွက်သွားလေရာ ကိုမြဟန်လည်း တစ်ပါတည်း လိုက်သွားလေ၏။
ခဏအတွင်း၌ကား သူတို့သည် အခြား ကုလားများနှင့် ရော၍ က,ရင်း မသာရှေ့မှ ပါသွားကြလေ၏။
မသာချရာ၌ ပျော်ပျော်ပါးပါး က,ခုန်၍ ချကြသည်မှာ ကမ္ဘာပေါ်တွင် သူတို့ လူမျိုးမှတစ်ပါး အခြားလူမျိုး ရှိပါလေသေးစ။
တကယ်တော့ ပျော်စရာ ကောင်းသော မသာမျိုးပါပေ။ ကသော သူများမှာ အရက်ကို ထွေနေအောင် သောက်ထားကြလျက်၊ သင်္ချိုင်း ရောက်သောအခါ နနွင်း ဆိုးထားသော ကြက်အရှင်များကို လွှတ်မည်။ ဒီတော့ လိုက်ပြီး ဝိုင်းရိုက်ကြကာ အိမ်ပြန်၍ ချက်ပြုတ်ကြလျက် အရက်နှင့် စားပွဲထိုင်ကြဦးမည်။
အပ္ပနားနှင့် ကိုမြဟန်တို့သည် ယခု ကျွန်တော် တိုက်ထား၍လည်း မူးနေပြီ ဖြစ်ရာ ထိုည မသာက ကြက်သားနှင့် မသာ့ရှင်၏ အရက်နှင့်ဆိုလျှင် သူတို့သည် အိမ်ပြန် ရောက်ကြတော့မည် မဟုတ်။ သစ်တစ်ပင် အောက်၌ လည်းကောင်း၊ လမ်းဘေး ပလက်ဖောင်း ပေါ်၌ လည်းကောင်း သူတို့၏ တစ်ညတာ စည်းစိမ်ကို ခံစားကြပေတော့မည်။
သူတို့၏ ဘဝတာမှာ စီးပွားရေးအတွက် လည်းကောင်း၊ အစားအသောက် အနေအထိုင်အတွက် လည်းကောင်း ဘယ်အတွက်မှ ပူပင်ကြောင့်ကြ မရှိခဲ့ရကြ။
ဒိန်း တတ်တတ် ဒိန်း ဒိန်း။
ဤအသံနှင့်အတူ သူတို့သည် သင်္ချိုင်းသို့ က,ရင်း ပါသွားကြပေပြီ။
ဪ … ကိုယ့်ဘဝကိုယ် ကျေနပ်မှုသည် ကောင်းခြင်းတစ်ရပ် ပါကလား။
-----------
သော်တာဆွေ
(သတ္တဝါတို့၏ သံသရာ)
[ မြန်မာဝတ္ထုတိုများပေ့ဂ်ျမှကူးယူပါသည်။ပေ့ဂ်ျအားကျေးဇူးတင်ပါသည်။]
No comments:
Post a Comment