#ဆရာဦးအောင်သင်း
( အပိုင်း- ၅)
#အောင်မြိုင်သင်း
၁၉၆၅ ခုနှစ်မှာ. . အဖေ DSAကို လက်ထောက်ကထိက ရာထူးနဲ့ ထရန်စဖာ ထွက်ပါတယ် .
ငါကလုံးဝမသွားချင်ဘူးဆိုပြီး . အတင်းငြင်းသေးတယ်ကွ. . နောက်ဆုံး ငါ့ဆရာက(အမည်မမေးလိုက်မိပါ) သွားလိုက်ပါကိုအောင်သင်းရယ်. . အလွန်းဆုံး၂ နှစ်ဘဲ. .ကျုပ်ရအောင်ပြန်ခေါ်ပေးပါ့မယ်ဆိုပြီးကတိပေးတော့ မှ ငါလဲ စိတ်ညစ်ညစ်နဲ့ရောက်သွားတာကိုးကွ. . .
ရောက်ခါစတာ့. .ငါကလဲ တပ်ရဲ့သဘောကို သိပ်နားမလည်သေးတဲ့ အချိန်ကိုး. . မှတ်မိလို့ ရယ်စရာလေးပြောပြရအုန်းမယ်.. ငါက စာသင်ဖို့ အတန်းထဲလဲ ဝင်လိုက်ရော. . အသံနက်ကြီးနဲ့. . . . တပ်ဖွဲ့. . သတိ. ဘာညာဘာညာဆို ပြီး အော် . . စစ်တပ်ပုံစံနဲ့ . တတန်းလုံးထ မတ်တပ်ရပ် ပြီး. .ငါ့ကို အလေးပြုတော့တာကိုးကွ. . ငါလဲ ဘာလုပ်ရမှန်းမသိ . သတိဆွဲရ မှာလား ဘာလားလဲမသိ . ငါလဲ အဲ့ဒီ့အတိုင်းသူတို့ဘက်လှည့် ပြီး. .ရှေ့နားကကောင်တွေကို ဘာလုပ်ရမှာ လဲ ဆိုတော့ အဲ့ဒီ ကောင်တွေလဲ ပြုံးစိစိနဲ့. .အေးစေ ပြောပေးရမှာ လို့ပြောတော့မှ . ငါလည်း အေးစေကွာအေးစေ ဆိုပြီး ပြောလိုက်တော့မှ တတန်းလုံး စပ်ဖြဲဖြဲ နဲ့ ထိုင်ကြတာကိုးကွ. . .
စာသင်ပြီးလို့ ငါက ပြန်ထွက်မယ်လုပ်တော့ တခါထပ် အော်ပြီး တတန်းလုံး ထမတ်တပ်ရပ်အလေးပြုတော့ ငါ လဲ ကြောင်သွားပြီး . . အခုတခါကရော ဘာလုပ်ရမှာတုန်းဆိုတော့ တန်းဖြုတ်ပါဆရာ. . လို့ပြောတော့. အေး အဲ့ဒါဆိုလဲ . .ဖြုတ်ကွာ. . ဆိုပြီး ငါလဲ လှည့် ထွက်လာတာဟေ့. . ဒီအကောင်တွေလဲ စပ်ဖြီးဖြီး နဲ့ ကျန်ခဲ့ ကြတာ ကိုးကွ. . .နောက် သုံးလေးရက်နေ တော့ လဲ အသားကျ သွားတာပါဘဲ. .
နောက်တော့ ငါလဲ အခြေခံ စစ် ပညာတွေ ဘာတွေ . သင်လိုက်သေးတယ်ကွ. . မှတ်မိ တာလေး တစ်ခုက သတိ ဆွဲ ထားတဲ့ အချိန် ငါက တစ်ကိုယ်လုံး . . လုံးဝမလှူပ်ဘဲ စိတ်ကို ပါ ရောပြီး မတရားတင်းထားလိုက်တော့ . . ၁၅ မိနစ်လောက်မှာ . ခေါက်ကနဲ့ လဲကျ ပြီး သတိ လစ်သွားတာကွ. . . . မကြာပါဘူး မိနစ်ဝက် လောက်ပါဘဲ. . ခဏ နေ လို့ သတိ ပြန်လည်လာတော့. . တပ်ကြပ်ကြီး ၂ ယောက်က ယပ်ခပ်ပေး နေကြတာကိုး. . ငါက တောင်းပန်တော့ . မလိုပါဘူးဆရာ ရယ် ဆရာက စိတ်ကိုပါ အရမ်း ချုပ် ပစ်လိုက်လို့ပါ. . တကယ်က သတိဆွဲ နေတာ အချိန် ကြာလာ ရင်. . ဖိနပ်ထဲမှာ ခိုးပြီး ခြေ မ တို့ ခြေ ဖိနောင့် တို့ အသာလေး ကြွလိုက်. . လွူပ် ရှားလိုက် ခိုး ပြီး လှူပ် ပေးရတယ် ဆရာရဲ့. နို့မို့ ဆို . . ဆရာအခု ဖြစ်သလို ဖြစ် သွားတတ် တယ် ဆရာရဲ့. . . အဲ့တော့ မှ ငါလဲ သိဘူးလေဗျာ . . ကျုပ်က လဲ ငြိမ် ဆို အကုန်လုံး ငြိမ် နေရတယ်ဘဲ ထင်တာ ကိုး. .
အဲ့ဒီ့ သတိလစ်တဲ့ သတင်း က. ဆရာတွေကြားထဲမှာ ငါ့ ကို ဝိုင်း စရတဲ့ အဆင့် ကို ရောက်ရောဟေ့.. ကို မြိုင်သန့် တို့ ဗိုလ်မှူးအုန်းကြွယ်တို့ က . . ကိုယ့်ဟာကိုယ် စာအေးအေးဆေးဆေး သင်စမ်းပါ ကိုယ့်လူ ရယ် .လူကြည့်တော့ ဖလံနဲ့ . တယ်ပြီး စပ်စုချင်သကိုး . . ဆိုပြီး ဝိုင်းပြီး စကြတော့တာ ကိုး. .
နောက်ပိုင်းကျ တော့ ငါ လဲ အဲ့ဒီ့ ကျောင်းသား တပ် ဖွဲ့တွေ နဲ့ . . ခရီးတို ခရီးရှည်. . တွေဘာတွေ လိုက်ပြီး အဆင်ပြေသွားတာပါဘဲကွာ .
နောက်ပြီး ဒီကလေးတွေက လဲ. . လူပျို ပေါက်အရွယ် လေးတွေမှာ မိဝေးဖဝေး လာနေကြရတာကိုး မိတ်ဆွေအပေါင်းသင်းရယ် ဘယ်ရှိ မှာတုန်း. . . ငါက သူတို့ ကို သူငယ်ချင်းပေါင်း. . ပေါင်းတော့ . ငါ့ကို အတော်ချစ်ကြတယ်ကွ. . အဲ့ဒါကြောင့် ဒီကောင်တွေ. . ပိတ်ရက် အပြင်ထွက် ရင် ငါ့အိမ်အထိ လိုက်လာကြ မင်းအမေ ချက်ကျွေး တာတွေ. စားကြသောက်ကြ မင်း ကို ချီကြ ပိုး ကြ လို့ မင်းနဲ့ ရင်းနှီး သွားတာဘဲ မဟုတ်လား. . . .
ဟုတ်ပါတယ်ခင်ဗျား. . ကျွန်တော့် ကို ဝိုင်းထိမ်းကြ မြောက်ပေးကြ လို့ ကျွန်တော်. . ငယ်ငယ် ကတည်း က ဂျွမ်း ကောင်းကောင်းထိုးတတ် ပါတယ်. . လှည်းဘီးဂျွမ်း. ရှေ့ဂျွမ်း. လက်တစ်ဖက်ထောက် ဂျွမ်း. . ကင်းမြီးကောက်ထောင်. နှာခေါင်းသွေးရှံ သည် အထိ နန့် ပါတယ် ခင်ဗျား. .အဖေ ကျောင်းထဲ သွားရင် မကြာခဏ လိုက်သွားလေ့ ရှိပါတယ် ဗိုလ်လောင်းတွေလုပ်တဲ့ အတိုင်း လိုက်ဆော့တာပါဘဲ. . သူတို့တွေအတွက်လဲ ၂ နှစ်သားလောက်ကျွန်တော်ဟာ. စ စရာ.ပျော်စရာ ကလေးငယ်တစ်ယောက်ဖြစ်ခဲ့ဘူးဟန်တူပါတယ်
အဲ. . . နောက်ပိုင်း ငါ အမှတ်ရဆုံးကတော့ ပြဇာတ်ဘဲကွ. . ငါက မြို့မှာ ကတည်းက ပြဇာတ်လေး ဘာလေး လုပ် . သီချင်းလေး မတောက်တခေါက်ရေးတတ် တယ်ဆိုတာ. . ကိုမြိုင်သန့် တို့ ကိုတင်အောင်သန်း(အဆိုတော် ဗိုလ်ကြီးတင်အောင်သန်း) တို့ကသိတယ်ကွ. . အဲ့ဒါနဲ့ . ကျောင်းဆင်း ပွဲ ပြဇာတ်က ငါ့ခေါင်းပေါ် ရောက်လာပါလေရော. . အဲ့ဒါနဲ့ ငါလဲ လက်ခံ ပြီး ပြဇာတ်လုပ်မယ်လဲ ဆိုရော. .
ကျောင်းအုပ်ကြီးက ငါ့ကိုတွေ့ ချင်တယ်လို့ပြောတော့တာကိုး ကွ. ( ဗိုလ်မှူးကြီး အယ်လ်ခွန်နောင်လို့ ပြောပါတယ်. လူတိုင်း ချစ်ကြ ရိုသေလေးစားကြတယ်လို့ပြောပါတယ် . အဖေလဲ သူ့အကြောင်းကို ပြန်ပြောချိန်မှာတောင် . လေးစား ဟန်တူ ပါတယ်ခင်ဗျား)
ငါနဲ့လဲ သိရုံသိပြီး တခါ မှ စကားမပြောဖူးဘူးလေကွာ. . အဲ့ဒါနဲ့ရောက်ကြောင်းသတင်းသွားပို့တော့. .
ငါ့ကို အေးဆေး ထိုင်ခိုင်းပြီး. . ဆရာဦးအောင်သင်းကဦးဆောင်ပြီး ပြဇာတ် လုပ်မယ် လို့ ကြားတယ် ဟုတ်သလား လို့မေးတာကိုး. . ငါက . . ဟုတ်ပါတယ် ပြောတော့. . သူက . အင်းလုပ်ပေါ့ဗျာ. . ဒါပေမယ့် စကားပြောတာတွေ သိပ်မထည့်နဲ့ဗျာ လို့ ပြောတယ်ကွ. . ငါလဲ ကြောင်သွား ပြီး . . ကျောင်အုပ်ကြီး ပြဇာတ်ရဲ့သဘောမှာ. . လိုအပ်တဲ့နေရာ မှာတော့ စကားမပြော လို့ မရဘူး အနည်းအကျဉ်း တော့ ပါမှရ မှာ ဗိုလ်မှူးကြီးရဲ့ ဆို တော့. သူက ခဏ ငြိမ်သွား ပြီး. .
အင်း. . လိုအပ် လို့ ထည့်ချင်လဲ ထည့် ပေါ့ဗျာ. . အများကြီးတော့ မထည့် နဲ့ ဆို ပြီး ထပ်ပြော ပြန်ရော ကွ . ဒါ နဲ့ ငါလဲ. ဟုတ် ကဲ့ပါ ဗိုလ်မှူးကြီး ဆိုပြီး ပြန်ထွက်လာ ပြီး စုံစမ်းတော့မှ. . အရင်ကျောင်းဆင်းပွဲ ပြဇာတ်တွေ မှာ. နားမလည်တဲ့ သူတွေက စွတ်လုပ်ထားကြတော့. အတော် ဆိုးတယ် လို့ ကြားတာကိုးကွ. . မလိုအပ်တဲ့စကားတွေ စွတ်ပြော. .မရယ် . ရယ် အောင် လုပ်ကြ ပြဇာတ်ကြီးကမျောနေ ပြီး နှစ်တိုင်း အဆဲ ခံ နေရတယ်ပြောပါတယ်. .
နောက်ပြီး ကျောင်းဆင်းပွဲ ဆိုရင် ကာကွယ်ရေး ဦးစီးချူပ် ဒါမှ မဟုတ် ဒု ဦးစီးချုပ် ကိုယ်တိုင် လာကျောင်းဆင်း ပေး ကြရတာကိုးကွ. . အနီးအနားမှာရှိ တဲ့ ဒေသခံ တပ်ဆွယ်တွေရဲ့. . တပ်မမှူးတို့. ရင်းမှူးတို့. အရာရှိတွေ. . မိသားစုတွေ အားလုံးကိုပါ ဖိတ်လေ့ရှိတာကိုးကွ. . .အဲ့ဒီ့တော့ . ပြဇာတ်မကောင်းလို့ ခဏခဏ အဆဲခံရတယ် ဆိုပြီးပြန်ကြားရတယ်. .. . အဲ့ဒါကြောင့် သူကငါ့ကို စွတ်ပြောနေတာ ဖြစ်မယ်ကွ. . လို့ပြောပါတယ်.
ဒါနဲ့ ငါလဲ ကျောင်းသားတွေထဲက ပြဇာတ်က ဖို့ လူ ရွေး . .အားလုံး ငါ့စိတ်တိုင်းကျဘဲကွာ. . တကယ်လဲတော်ကြတယ်ဟေ့. . .အင်မတန် ခိုင်း လို့လဲကောင်း တကယ်ကျိုးစားကြတဲ့ အ ကောင်းဆုံး ပြဇာတ်ဘဲ ကွာ. . သူတို့ကတဲ့ ပြဇာတ်ကို အရမ်းကောင်းချင်ကြတော့ သိပ်တာဝန်ကျေကြတယ်. . . နောက်ဆုံး ကားဆွဲ ၊ လိုက်ကာချ ၊ ဆက်တင်ချိန်းတွေက အစ ကွာ . .အရမ်း တိကျ ကြတယ်.ခိုင်းရင် ခိုင်းတဲ့ အတိုင်း ဘဲဟေ့. . ငါလဲ နည်းနည်း နူးညံ့တဲ့ ကောင်တွေ ကို မိန်းခလေး နေရာရွေး. . လူတိုင်းပြဇာတ် ထဲ ပါချင်ကြတာ ကိုး .စကားပြောတဲ့ ပုံတွေ သင်ပေး . ဒိုင်ယာလော့ခ် တွေ ကို ကျက်ကြ နဲ့ အတော် ကျိုးစားကြတယ် ကွ. . . လုံးဝ ငါ့စိတ်တိုင်းကျ ဘဲကွာ. .
ငါလဲကိုတင်အောင်သန်းနဲ့ ညှိ . .သူက တီးဝိုင်းဖက်မှာ ခေါင်းဆောင် ကိုး. . . ဘယ်နေရာ မှာ ဘယ်လို တီးမယ်. . ဘယ်စကားပြောနေတုန်း . စန္ဒာယား ကို . . ကိုတင်အောင်သန်းက နောက်ခံ တိုးတိုးလေး ဘယ်လိုတီး စသဖြင့်ပေါ့ ကွာ. . အကုန် ညှိပြီး . . အကြိမ်ကြိမ် တိုက်ပြီးမှ ပြဇာတ် ထွက်တော့တာကိုးကွ. .
အဲ့ဒီနေ့ က ရယ်စရာ မှတ်မိ သေးတယ်. .
ဗိုလ် ကြီးတစ်ယောက်က ဒန်ပေါက် ချက်ဖို့ တာဝန်ယူတယ်ကွ. . ဆိုးလိုက်တဲ့ဒန်ပေါက်ကွာ. . ပျော့ပြဲပြီး စားရတာ. .အတော်ဆိုးတယ်ကွ. . ကျောင်းအုပ်ကြီးက လဲ ဗိုလ်ချုပ် သောင်းတန် ကို မျက်နှာတွေပူ. . အဲ့ဒီ့ချက်တဲ့ဗိုလ်ကြီး ဆို တာ မျက်နှာ မှာ သွေး မရှိတော့ဘူး. .
ဇာတ်လမ်းကတော့ ပေါ်လစီပေါ့ကွာ လွယ်ပါတယ်. . ဒါပေမယ့် ငါ ကစကတည်းက. . စကားပြောခန်းမထည့်နဲ့ ဆိုတာ ကို အခြေခံ ပြီး ဇာတ်ကွက်ကို ချည်းဘဲ လေးခုလောက် စွတ်လုပ်ပြလိုက်တာ. .
ဇာတ်ဖွင့်ဖွင့်ခြင်း. .ဗိုလ်လောင်း ကောင်တွေ အိပ်ယာထ တန်းစီတဲ့ အခန်းမျိုး ကို ဝီစီသံ နဲ့ ပြတာ ကိုး. . အိပ်ယာ က ဝုန်းဆိုထ. . ကမန်းကတန်းတွေပေါ့ကွာ. . အဲ့ဒီမှာ . . ညကတည်းက ဖိနပ်ထဲမှာ. . ပေါင်မုန့် ခိုးထည့်ထားတဲ့ ကောင်က. . ဖိနပ် ထဲက ပေါင်မုန့် အပိုင်းလေးကို ထုတ် ပြီး ရေနဲ့ ကမန်းကတန်း မြိုချနေတာတွေ ဘာတွေ လုပ်ပြလိုက်တော့ . . အောက်က ကျောင်းသားတွေရော . ပရိသတ် အကုန်လုံး ပါ. . တဝေါဝေါ ဖြစ်သွား တာကိုးကွ. . . အဲ့ဒီ့နောက် ကျောင်းသားတွေ ကိုယ်တိုင် ဖြစ်နေတဲ့ ခံစားမူ့လေးတွေလုပ်ပြ. .
အဲ့ဒီ့ မင်းသားလုပ်တဲ့ ကျောင်းသားက သူ့ အိမ်ကိုကျောင်းပိတ်ရက် ပြန်ရောက်လာတော့. .အဖေ လုပ်တဲ့သူနဲ့ . သူ့သားနဲ့စကားပြောခန်းကို အဲ့ဒီကျမှ. . စထည့်တာကိုးကွ.
အဖေက သားကို . မင်းတို့ စစ်တက္ကသိုလ် တက် တာ ဘယ်လိုနေတုန်းဆိုတော့. . . သားလုပ်တဲ့ကောင်က ကျောင်း က ဘယ်လိုဆိုးတယ်ဆိုတဲ့ အကြောင်း မနက်အိပ်ယာထကတည်းက ဆဲ့လိုက်ဆိုလိုက်တာ . ကျွက်ကျွက်ညံနေတဲ့ အကြောင်း မကောင်းကြောင်းတွေချည်း ဆက်တိုက်ရွတ်ပြတော့ တာ ကိုး. . .
အဲ့ဒီ့ မှာ အဖေ လုပ်တဲ့သူက. . မင်းကသာ စိတ်ဆိုးနေ ငါက တော့ မင်းတို့ ကျောင်း ကြီး ကိုချီးကျူး သကွာ. . တစ်ချိန်တုန်းက လူ့ဘော်ကြော့နေခဲ့တဲ့ မင်းလိုကောင်. . ငါပစ်လိုက်ရပြီထင်ထားတာကွ. . အဲ့ဒါကြောင့် ဒီလောက်ဆိုးတဲ့ကောင်တပ်ထဲ သေချင်သေဆို စွတ်ထည့်ပစ် လိုက်တာ ကွ. . အခု မှဘဲ ငါ့သားကို ငါပြန်ရတော့တယ်. .
အဲ့ဒီ့မှာ သားလုပ်တဲ့ကောင်က ဘာပြန်ရတာတုန်းအဖေရဲ့ဆိုပြီး အခြေအတင် ပြန်ပြောတော့မှ. .
မင်းကို ငါကြည့်နေတယ်. . အိမ်က ရေဘုံဘိုင်ရေယို နေတာ အတော် ကြာ ပြီ. . ငါလဲ မပြင်ဖြစ်ဘူး မင်းရောက်ပြီး နောက်နေ့ ဂွင်းတွေ ဂွ တွေနဲ့ မင်းဟာမင်း လုပ်ပြီး. . ပြင်လိုက်တာ အခု ကောင်းသွားပြီ.. . မင်းအမေ ထိုင်နေတဲ့ ခုံလေးကနဲ့ နေတာ . . ဟော အခု မင်းပြင် လိုက်တာ ပြန်ကောင်း သွား လို့ မင်း အမေ က ကျုပ်သားပြန်လုပ်ပေးတာ ဆို ပြီး ငါ့ကို ပြန်လာကြွား နေတာကွ ဆို ပြီး. . အများကြီးပေါ့ ကွာ. . . အဲ့ဒါမျိုးတွေ လျှောက်ပြောပြ . နောက်ဆုံးမှ အဖေ လုပ်တဲ့သူက . . သားကို မင်းဟာမင်း စစ် တက္ကသိုလ် ကို ဘယ်လို ဘဲ မကြိုက်ဘူး ပြောပြော. . ငါက တော့ ငါ့သားကို ငါပြန်ရတဲ့ အတွက် မင်းတို့ စစ်တက္ကသိုလ်ကြီးကို ကျေးဇူး တင်တယ်ဗျား . ဆို ပြီး. . ဇာတ်အိမ်လုပ်တာကိုးကွ
.
အဲ့ဒီ့ မှာ. . ငါနဲ့ကိုတင်အောင်သန်း က ကြိုပီး တိုက်ထားတာ က သားအဖ နှစ်ယောက် စကားပြောတဲ့ အခန်းမှာ. . စန္ဒာယားနဲ့ နောက်က အသော့လေး တီး လိုက် အပြေ လေး တီး လိုက် နောက်ခံ တီးပေးခိုင်းထားတာ. . တကယ်စကားပြော ခန်း လဲ ရောက်ရော ခဏလေး တီး ပြီး ချက်ခြင်း ရပ် သွားတော့တာ ကိုး ကွ. .
ငါကလဲ စင်ပေါ်က ဆင်းလို့ မရ. . သွားလဲ သတိပေး လို့ မရ. . ဖြစ်ပါလေရော . . ပွဲ ပြီး တော့ . . ကိုတင်အောင်သန်း . ခင်ဗျား ဗျာ . ကျုပ်သေချာ မှာထားရဲ့ သားနဲ့ ဘာဖြစ်လို့မတီး တာ တုန်းဆိုတော့. . ကျုပ်မတီးဘဲနေပါ့မလားတဲ့. .ခင်ဗျား ဘိုးတော် ကြီးက (ကျောင်းအုပ်ကြီး) ကျုပ် နောက်တည့်တည့် က ထိုင် ပြီး စန္ဒယား တီးနေတုန်း နောက်ကနေ သူ့ ဒုတ်ကောက်နဲ့ လှမ်း ထိုး ပြီး. ... ဟိတ်ကောင်. . မင်း . စန္ဒာယား တိတ်တိတ် နေစမ်း ဟို မှာ တန်ဖိုး ရှိ တဲ့ စကားတွေပြောနေတယ် ရပ်ထား လိုက်ဆို လို့ ကျုပ်ရပ်ထားလိုက်ရတာ ဗျ လို့ ဆို ပါတယ်. . အဖေ လဲ ရယ်ပြီး ဒါဆိုရင်တော့ ဆောရီးပါဗျာ ဆိုပြီး နှစ်ယောက်သားရယ်နေကြရပါသတဲ့
ပြဇာတ် ပြီး သွား ချိန်မှာ ဗိုလ်ချုပ်သောင်းတန်က. ဒန်ပေါက်သိပ်ညံ့ တယ် ပြဇာတ်ကတော့ သိပ်ကောင်းတယ်. . ရန်ကုန်က နာမည်ကြီးပြဇာတ်တွေတောင် ဒီလောက် မကောင်းဘူး ဗျ လို့ဆို ပါတယ် . . သူကိုယ်တိုင်က ယဉ်ကျေးမူ့ နဲ့ ပတ်သက်တဲ့ ဌာနကိုပါတွဲ ကိုင်နေရတော့ ပြဇာတ်တို့ သဘင်တို့ကလူတွေ နဲ့ အတော် ဆက်ဆံခဲ့ဘူးတယ်လို့ ဆိုပါတယ်. . သဘင် ဘက်က လူတွေ သိပ်ထိမ်း ရ ခက်တယ်ဗျ ဒီလို တိကျမူ့ မျိုးကို မရဘူးဗျ လို့ပြောသွားပါတယ်တဲ့ခင်ဗျား. .
ဒန်ပေါက်ချက်တဲ့ ဗိုလ်ကြီး ကတော့ . . ပြဇာတ်လဲ ပြီးရော ငါ့ ကို အလေး လာပြု ပြီး. ... ဆရာအောင်သင်းရေ .ခင်ဗျား ကယ်လိုက်ပေလို့ဗျို့. . စောစောက ဘိုးတော်ကြီး မျက်နှာ ကြည့် ပြီး ကျုပ်တော့ သေပြီအောင့် မေ့နေတာဗျာ. ကျေးဇူးတင်လိုက်တာ. လို့ပြောသွားရတယ် ဆိုပါသဗျ. .
အဲ့ဒီ့ပွဲ ပြီး လို့ . . နောက်နှစ်ရက်လောက်မှာ အရာရှိတွေရော. ဆရာတွေပါရောပြီး. ဒင်နာ လုပ်တယ်ကွ. . ကျောင်းအုပ်ကြီး နဲ့ အရာရှိကြီးတွေက တော့ ရှေ့ ဆုံး က စားပွဲတွေ မှာ. .
ငါတို့ ဆရာတွေ နဲ့ အရာရှိငယ်တွေကတော့ နောက်ဖက်မှာ. .မတ်ခွက်တွေနဲ့ Rum လေးချလိုက် ဘိလိယက်ဘေးထိုးလိုက်လုပ်နေတုန်း . .
ကိုအောင်သင်း ဟိုမှာ ဘိုးတော်ကြီး ခင်ဗျား ကို ခေါ်နေတယ်. . ဒီအတိုင်းမလာနဲ့ ခွက်ပါယူလာခဲ့ လို့ ပြောတယ်ဆို ပြီး တဆင့် တဆင့် ပြောတာ ကိုး ကွ. . ငါလဲ ခွက်ကလေးကိုင်ပြီး အဲ့ဒီ့ တပ်မူးတွေ နဲ့ အတူ ထိုင် နေတဲ့ ကျောင်းအုပ်ကြီးရှေ့ လဲရောက်ရော.. . ဗိုလ်မှူး ကြီးက. . သူ့ ဘေး မှာ ချထားတဲ့ ဝီစကီ ပုလင်း ကို မပြီး. . ဒါက ကိုအောင်သင်းအတွက် ချီးယားစ် လုပ်တာ. . ကျုပ်ကိုယ်တိုင် နိုင်ငံခြားကမှာထားတာ ဆို ပြီး ငါ့ခွက်ထဲ ကို တစ်ပက် လောက် လောင်းထည့်ပေးတာကို ကွ ချီးယား . လုပ်ပြီး ငါလဲ နည်းနည်း လေး ငုံ ပြီး ဆက်ရပ်နေတော့ . . ကိုင်း ဆရာအောင်သင်း ရော ဘာပြောချင်သေးတုန်းလို့ ငါ့ ကို မေးတာကိုးကွ . ငါက. . တစ်ခုတော့ ပြောချင်ပါတယ်ဆရာကြီး လို့ ပြောလိုက်ရော. . . သူလဲ နည်းနည်ကြောင်သွား ပြီး. . ဘာတုန်း ဆရာရဲ့ ဆိုတော့. ငါ က. . ဝီစကီထည့်ပေးတာ သိပ်နည်းလွန်းနေပါတယ်ဆရာကြီး နည်းနည်းလောက်ထပ်ထည့် ပေး လို့ ရမလား လို့ပြောလိုက်တာကိုး. . . .. သူတို့အားလုံး . တဟားဟားရယ်ပြီး . . ဆရာကြီးက . . ရပါတယ်ဗျား ရပါတယ်ဆို ပြီး . ၃ ပက်လောက်ထပ်ထည့်ပေးတာကိုးကွ. .အဲ့တော့မှ ငါလဲ ခွက်ကလေး ကိုင် ပြီးမြောက်ကြွမြောက်ကြွ ပြန်လာ . . ကိုတင်အောင်သန်း နဲ့ . ကျန် တဲ့ ဆရာ၂ ယောက်လောက် မျှ ပြီး သောက်ခဲ့ ကြတာဘဲလူလေးရေ. . အရသာရှိ လိုက်တဲ့ ဝီစကီကွာ ဆို ပြီး ကျွန်တော့ကို ပြောပါတယ်. .
နောက်ပြီး ကျောင်းဆင်းပွဲ မှာ ငါရေး ပေးထားပြီး ကိုတင်အောင်သန်း ဆိုခဲ့တဲ့ . . နူတ်ဆက်ခဲ့ပြီ ချယ်ရီမြေရယ် ဆိုတဲ့ သီချင်းက ခုချိန်ထိ သူတို့ တန်ဖိုးထား ပြီး . . သုံးနေကြတုန်းဘဲ လို့ ဆိုသကွ (သီချင်းအမည်မှားနေတယ်လို့ ထင်ပါတယ်ခင်ဗျား. . သိတဲ့ သူတစ်ယောက်လောက် ဝင် မန့် ပေးစေချင်ပါတယ်)
နောက်ပြီး ငါရောက်တဲ့နှစ်ကစပြီး. . မြို့ထဲ မှာလုပ်တဲ့ ဒိုးပတ်ပြိုင်ပွဲတွေ ကို ဆက်တိုက် ပထမ ဆုယူပစ်တာကွ. . အဲ့ဒီ့မှာ . ရွတ်တဲ့ သံချပ် စာသားတွေက လဲ ငါဘဲ ရေးပေးတာ . . နောက်တီးနောက်တောက်တွေပေါ့ကွာ. .အပေါ်ကဒိုးပတ် တီးတဲ့ ကျောင်းသားတွေ ကလဲ ငါ့စိတ်ကြိုက် တီးခိုင်းလို့ရတယ် ရွတ်တဲ့ ကျောင်းသားတွေကလဲ ငါ့ စိတ်ကြိုက် စာသားတွေကို ခွန်နဲ့အားနဲ့ရွတ်ကြ
အောက်က ပရိသတ်က လဲ . တဟားဟားနဲ့ အားပေးကြ. . နှစ်တိုင်းပထမဆု ကြီးဘဲကွ. . တကယ့် ပျော်စရာပါကွာ. . . အဲ့ဒါနဲ့တင် ငါလဲ ဒီကောင်တွေနဲ့ပျော်ပြီး. . ၂ နှစ်ဘဲ လုပ်မယ် ပြော ရာ ကနေ ၆နှစ်ကြာသွားတာ ဘဲ လူလေးရေ လို့. . . အဖေ လွမ်းလွမ်းဆွေးဆွေး ပြန်ပြောပြ ပါတယ် ခင်ဗျား. .
သူ့စကား အားလုံး ပြီးတော့ မှ ကျွန်တော်က. .
အင်း. . အဖေ တော့ သမိုင်းတရားခံ ဖြစ်ပြီ လို့ ပြောလိုက်ပါတယ်. . သူက အံဩပြီး ဘာဖြစ်လို့တုန်း ဆိုတော့.
အဖေ့ တပည့်တွေကို အဖေက ပြဇာတ် ကောင်းကောင်း ကတတ် အောင် သင် ပေးလိုက်တော့ . . သူတို့လဲ အကျင့် ပါပြီး တစ်သက် လုံး ပြဇာတ် တွေချည်း ကနေ တာ အခု ထက် ထိကလို့ကောင်းနေတုန်း အဖေ ရဲ့ ဆိုတော့ . .
ငါလခွီး ဆိုပြီး . . တဟားဟားရယ်ရင်း ကျွန်တော့ကို ဆဲပါတော့တယ်ခင်ဗျား. .
**********
အဖေ့ရဲ့စာသင်ကြားမှူ့ကို တစ်ချို့ငယ်လွန်းတဲ့ကျောင်းသားတွေ ကျောင်းစာကိုဘဲဘဝ ထင်နေတဲ့ ကလေးတွေ ကသိပ်မကြိုက်ကြဘူးဗျ. . . .သူတို့က ကျောင်းစာကိုဘဲ သင်စေချင်ကြတာ ပိုများကြပါတယ်
သူက ကလေးတွေအတွက် ဘဝမှာတကယ်အရေးကြီးတဲ့ စိတ်ဖွံ့ ဖြိုးမှူ့၊ ခေါင်းထောင်ရဲမွူ့၊အမှန်တရားမြတ်နိုးတတ်မှူ့၊ အကျိုးအကြောင်းဆက်စပ်စဉ်းစားမှူ့တွေအပေါ်မှာ အခြေခံပြီးစာသင်တာကိုး ။ကျောင်း စာကိုသင်ရင်းနဲ့ ကလေးတွေရဲ့စိတ်ကိုပါ တခါထဲသင်သွားတာမျိုးဗျ. .
မေးခွန်းတွေမေးရဲရမယ်၊ဆရာကိုကြောက်နေစရာမလိုဘဲစိတ်နယ်ပယ်ကို လွတ်လပ်စွာ ထားစေပြီးမှစာကိုသင်တာဗျ. ၊ အနောက်နိုင်ငံတွေမှာသင်တဲ့စာသင်ပုံမျိုး ပိုဆန်တာတွေ့ရပါတယ်၊ ဆရာဆရာမတွေအတုယူသင့်လှပါတယ်၊
ကျွန်တော်တို့ဆီမှာ အရိုးစွဲနေတဲ့စာသင်ကြားမှူ့က ဆရာပြောတာ လိုက်မှတ်ခြင်း နဲ့ ဆရာ ပြောသမျှလှေနံဓားထစ် ခေါင်းထဲမှတ်ပစ်လိုက်တာမျိုးပိုများတာကို တွေ့ရပါတယ်
ဆရာပြန်ဖြစ်လာတဲ့သူ တွေ ကလဲဒီလိုဘဲစာသင်ခံခဲ့ဘူးတော့ နောင်တစ်ချိန် ကိုယ်တိုင်ဆရာပြန်ဖြစ်တော့. . အဲ့ဒီ့ ပုံစံအတိုင်းဘဲလက်ဆင့်ကမ်း ပြန်သင်နေကြတာကို တွေ့ရပါတယ် . အတော် ကြောက်ဖို့ ကောင်းပါတယ် ခင်ဗျား.
ကလေးတွေရဲ့ မူ ရင်းဦးနှောဏ် ဖွံ့ဖြိုးမူ့ကို နယ်နိမိတ်တစ်ခုမှာ ရပ်ခိုင်းလိုက်တဲ့သဘောမျိုးဖြစ်နေ တာမို့ပါ.
အဖေကတော့ အဲ့ဒီ့စာသင်ကြားမူ့မျိုးကိုရိုက်ချိုးပစ်ပါတယ်. .သူ့တပည့်ဖြစ်ဘူးတဲ့သူတိုင်းသိပါတယ်ခင်ဗျား.သူစာသင်နေစဉ် မှာ ကြိုက်သလိုမေးခွန်းမေးခွင့်ရှိပါတယ်၊ သူမသိရင်မသိကြောင်းရိုးရိုးသားသားဘဲ ပြန်ဖြေပြီး ကျိုးကြောင်းဆက်စပ်ပြီး. ဖြစ်နိုင်ခြေကောက်ချက်ပြန်ဆွဲပြပါတယ်.
ဘယ်လောက်အသက်ငယ်ငယ် အတန်းငယ်နေပါစေ ကလေးတစ်ယောက် ရဲ့ မေးခွန်းကို ဘယ်တော့မှ ပျက်ရယ်မပြုပါဘူး၊လေးစားစွာ ပြန်ဖြေပါတယ်
အဲ့ဒီ့အတွက်ပြန်ရတဲ့ကျေးဇူးကတော့ သူ့တပည့်ရင်းဖြစ်ခဲ့ဘူးသူတွေ. သူ့ရဲ့စာကို အစဉ်တစိုက်ဖတ်ခဲ့သူတွေ အကုန်မဟုတ်ရင်တောင်မှ အတော်များများဟာ ရောက်လေရာ နယ်ပယ်တွေမှာ ခေါင်းထောင်နိုင်ရဲ ကြသူတွေ ဦးဆောင်နေကြသူတွေဖြစ် နေတာကို ထူးဆန်းစွာတွေ့ရပါတယ်၊ အံဘြဖို့ကောင်းပါတယ် . စုတ်ပြတ်နေတဲ့သူ့တပည့်ရင်းမတွေ့ခဲ့ဘူးပါ.
သူ့ရဲ့ဆရာဘဝတစ်လျောက်လုံးမှာ မေးခွန်းပေါင်းများစွာကိုဆင်ခြင်တုံတရားပေါ်အခြေခံပြီး အကျိုးအကြောင်းနဲ့ ချဉ်းကပ်ပြီးပြန်ဖြေခဲ့တာတွေ့ရပါတယ်.
သူ့အဖြေတိုင်းဟာ လုံးဝအတိအကျ မှန်ရမယ် လို့ မဆိုနိုင်ပေမယ့် ကျေနပ်လက်ခံချင်စရာ ကောင်းလှတာတွေကိုတွေ့ရပါတယ်. . . သူ နဲ့ စကားပြောရင်း အမှတ်တမဲ့ကနေ မှတ်မှတ် ရ ရ ဖြစ်ကျန်ခဲ့တဲ့ ကလေးတွေရဲ့ မေးခွန်းလေးတွေ နဲ့ သူပြန်ဖြေခဲ့တဲ့ အကြောင်းအရာလေး နှစ်ခု ကို ပြန်ပြောပြပါရစေ ပထမတစ်ခုက DSAမှာပါ. . .
ဗိုလ်လောင်းတွေကို စာသင်နေစဉ်အတွင်း တရက်မှာ ကျောင်သားတစ်ယောက်က မေးခွန်းတစ်ခုမေးတယ် လို့ဆိုပါတယ်.
ဆရာ . . ကျွန်တော်တို့မြန်မာစကားမှာ ပြော . ပြောနေလေ့ရှိတဲ့ အလောသုံးဆယ်ဆိုတာ ဘာလဲဆရာ ဆိုတော့ သူက. အေး. ငါ ကြားဘူးတာတော့ အလောသုံးဆယ်ဆိုတာ အလယ်သုံးဇော ကိုပြောတာလို့ဆိုတယ်ကွ. .
လူတစ်ယောက်ကသေခါနီးရင် ဇော ခုနှစ်တန် . . ဒါမှမဟုတ် . ဇော ငါးတန် ပြန်လေ့ ရှိတယ်လို့ ကျမ်းဂန်တွေက ဆိုသကွ. . . အဲ့ဒီ့ ဇော ခုနှစ်ခု ရဲ့ အရှေ့ နှစ်ခု နူတ် အနောက်နှစ်ခုနုတ်လိုက်ရင် တတိယဇောကနေ ပဉ္စမ. ဇော အထိ ကို အလယ်သုံးဇော လို့ ခေါ်တာ လို့ဆိုကြတာဘဲ အဲ့ဒီ့ အလယ်သုံးဇော မှာမှ နောက်ဘဝဖြစ်မယ့် ကာမ နိမိတ်ပေါ်တယ်လို့ ဆိုသကွ. . ဥပမာ လူပြန်ဖြစ်မယ်ကွာ. . တိရိစ္ဆာန် ဖြစ်မယ်ကွာ ဒါမျိုးကို ပြောတာ လို့ ကြားဘူးတာဘဲ လို့ ဖြေပြီးချိန်မှာ
နောက်ကျောင်းသားတစ်ယောက်က . ဆရာကလဲ. . ကဲ ကျွန်တော်တို့က ခေါင်းကို သေနတ် မှန်ပြီး ချက်ခြင်းသေပါ ပြီတဲ့ ဘယ်အချိန်သွားပြီး ဇောခုနှစ်တန် ပြန်ချိန် ရှိ မှာ တုန်းဆရာရဲ့ လို့ မေးလိုက်ပါတယ်. .
အဲ့ဒီ့တော့ သူလဲ နည်းနည်း စဉ်းစားသွား ပြီး အေးကွ မင်းပြောတာလဲ ဟုတ်တာဘဲ. . ဒါပေမယ့် ငါတို့ တစ်ချက်စဉ်းစားကြည့်ရအောင်. . ငါတို့သတ်မှတ် ထားတဲ့ အချိန် ဆိုတာ က စက္ကန့် တွေမိနစ်တွေ ကို ပြောနေကြတာ ကိုးကွ. စိတ်တစ်ခု ရဲ့ အမြန်နူန်းနဲ့ အချိန် ကိုပြောရင်တော့ စဉ်းစားစရာတစ်ခုပေါ်လာတာတွေ့တယ်ကွ. .
မင်းတို့ အိက်မက် မက် ဘူးကြတယ်မဟုတ်လား. . မင်းတို့အိမ်မက်ထဲမှာ တောတွေ တောင်တွေ . ကြားထဲမှာ အကြာကြီး ပြေးနေတုန်း . .ရှေ့မှာ လဲ ချောက် ကြီးကခံနေ နောက်ဆုံး မင်းအရမ်း မောနေတဲ့ အချိန် မှာ. .မင်းနာမည် လှမောင်ဆိုပါတော့ကွာ. . . မင်းနာမည် ကို လှမောင်ရေ. . . လှမောင်ရေ ဆိုပြီး တောထဲက ခေါ်သံ ကြား ရတာကိုး မင်းလိုက်ရှာ နေစဉ် အတွင်းမှာ ဘဲ . . မင်းအိပ်နေတဲ့အခန်းတံခါးကို တစ်ယောက်ယောက်က ခေါက်ပြီး မင်းနာမည်ကိုအော်ခေါ်ပြီး နိုးနေ တာမျိုး ကြုံဘူးတယ် မဟုတ်လား. . .
.ကျောင်းသားတွေလဲ ကြုံဘူးပါတယ်ဆရာဆိုတော့မှ.
ကဲ. . အဲ့ဒါဆို စဉ်းစားကြည့်ကြရအာင်. . . . မင်းအိပ်မက် ထဲ မှာ ဖြစ်နေတဲ့ဇာတ်လမ်း နဲ့ တိုက်တိုက်ဆိုင်ဆိုင် အခန်းတံခါးကို တစ်ယောက်ယောက်က လာခေါက်ပေးတာ လား. . . ဒါမှ မဟုတ်. . အခန်းတံခါး ကို စခေါက်တဲ့ အချိန်မှာ မှ. . မင်းက စ ပြီး. . အိပ်မက် မက်တာ လား. . . ဆိုတော့. . ကျောင်းသားတွေ လဲ တွေဝေ သွား ပြီး. . . တံခါးခေါက်မှ စ အိပ်မက်တာ ဖြစ်ဖို့ များတယ် ဆရာ .လို့ ဖြေ ကြ ပါတယ်. . အဲ့ဒီ့တော့မှ အဖေ လဲ. . . အေးကွ ငါလဲ အဲ့ဒီ့လို ဘဲ တံခါးခေါက်မှ စ အိပ်မက် တယ်လို့ ယူဆတယ်. . . ငါ့မှာ တော့ အိပ်မက်ထဲမှာ ပြေးလိုက်ရ တာ. . အချိန် အကြာ ကြီး တော ထဲမှာ အမောဆို့နေ ပြီ ကွ တကယ်တမ်း အပြင်မှာက စ တံခါးခေါက်တဲ့ အချိန်နဲ့ မင်းနိုး တဲ့ အချိန်က ခဏလေး ဘဲ မဟုတ်လား. .
အဲ့ဒီတော့ စိတ် ရဲ့ အချိန်သတ်မှတ်မှူ့ မြန်ဆန်မှူ့ ဟာအံဘြစရာမကောင်းဘူးလား. ဇော ရှိမရှိ . .ရုပ်ခနွာဘဲ အရင်ပျက်စီးသွားတာလား... နာမ် ကရော ကျန်နေသေးလား. . စဉ်းစားမယ်ဆိုရင်တော့ အများ ကြီးဘဲကွ . တကယ်တမ်းနားလည်တဲ့ . ဆရာတော်ကြီးတွေ . တရားထိုင်နေတဲ့သူတွေကတော့ ဒီ့ထက်ပို ရှင်းအောင်ပြောနိုင်ကြမှာပါ. ဒါပေမယ့် အခု လောက်ဆိုရင် မင်းတို့ နည်းနည်း တော့ စိတ်ရဲ့ ခန့်မှန်းခြေသဘောလောက်ကို စဉ်းစားနိုင်လောက်ပြီ လို့ ဆရာ ယူဆပါတယ်ကွာ. . လို့ ပြန်ဖြေ ခဲ့ပါတယ်တဲ့ ခင်ဗျား..(ဒီအဖြေဟာ အတိအကျ မှန်တယ်လို့ မဆိုဝံ့ သော်လဲ. . ကလေးတွေရဲ့ ဦးနှောက်ကပိတ်နေတဲ့တံခါးတွေ ကို ဖွင့် ပေးဖို့သူအားထုတ် ခဲ့တာတော့ သိပ်သေချာပါတယ်ခင်ဗျား)
နောက်ဖြစ်ရပ်တစ်ခုကတော့ ရန်ကုန်တက္ကသိုလ်မှာ ရသစာပေ သင်နေတုန်းဖြစ်တဲ့ဖြစ်ရပ်ပါ. . ၁၉၇၆ လောက်လို့ယူဆရပါတယ်
အဲ့ဒီ့နေ့ . . ငါကအတန်းတစ်ခုလုံး ကို ရသစာပေအကြောင်းသင်နေတာကွ. . ရသစာပေရဲ့သဘော၊ ရသ မြောက်အောင်ဖွဲ့နွဲ့ရေး နိုင်ရင် ဖတ်တဲ့သူ မှာ မျက်ရည်ကျစေနိုင်တယ်၊ ကျက်သီးဖြန်းဖြန်း ထစေနိုင်တယ် စသဖြင့်ပေါ့ ကွာ... ငါလဲ စိတ်ပါလက်ပါ သင် နေတုန်း နောက်နားက အကောင်တစ်ကောင် က စပ်ဖြီးဖြီးနဲ့ထလာတာကိုး ဒီကောင်တွေ အုပ်စုလိုက်ကွ. . ဘေးကနေ မြောက်ပေးတဲ့ကောင်ကလဲမြောက်ပေးနေကြပုံရတယ်ကွ . . မင်းပြော. . ငါပြော ဆိုပြီး လုပ်နေကြ တော့ . . ငါက ဘာဖြစ်လို့တုန်း ဆိုတော့. . ဒီကောင်က. . ဆရာ မသိလို့မေးချင်တာလေး ရှိလို့ပါဆိုတော့ ငါက လဲ အေး မေးလကွာ ဆိုတော့. . .
ဆရာခုနက သင်သွားတဲ့ အထဲမှာ ရသစာပေ ဆိုတာ . . ရသမြောက်အောင်ရေးနိုင်ရင် ကျက်သီးဖြန်းဖြန်းထ အောင် ခံစားရတယ်လို့ ဆိုပါတယ်. . ပြောရင်း ရယ်နေသေးတယ်ကွ. . .ပြီးမှ. . ကျွန်တော်လဲ အပြာစာအုပ်တွေ ဖတ် ရင် ကျက်သီးဖြန်းဖြန်းထအောင်ခံစားရပါတယ်ဆရာ. . အဲ့ဒီ့ အပြာ စာအုပ်တွေကိုရော ရသစာပေထဲ ထည့် လို့ ရ ပါသလား တဲ့. . တော်တော်ကြောက်ဖို့ကောင်းတဲ့မေးခွန်းဟေ့. .
တတန်းလုံး . လဲ ဝေါကနဲ့ ဖြစ်သွား ပြီး တဟားဟား ဝိုင်းရယ်ကြ ကောင်မလေးတွေကလဲ အဲ့ဒီ့တော့ မှ ကမန်းကတန်း အဲ့ဒီ့ကောင်ကိုလှည့် ပြီး ကြည့် ကြရတော့တာကိုး..ဒီအကောင်ကလဲ စပ်ဖြီးဖြီးနဲ့ ဆက်ရပ်နေတာဟေ့. . . ငါအဲ့ဒီ့မှာ ဘယ်လိုဖြေလိုက်လဲ သိလားလူလေး. .
အေးကွ. . . . မင်းပြောမှ . လွန်ခဲ့တဲ့ ၂ လလောက်က ချောက်မြို့က အကြော်သည် ကြီးဆီငါ ရေးလိုက်တဲ့ စာလေးကို သွား သတိရတယ်. . . .ငါရေးလိုက်တဲ့စာ ကို ဖတ်ပြီးပြီး ချင်း အဖွားကြီးက ချုံးပွဲ ချ ငိုတော့တာဘဲဟေ့. . . . သူ့သားက ရန်ကုန်မှာ အလုပ်လုပ်နေတာ တစ်နှစ်လောက်ရှိပြီကိုး. စာထဲမှာ ပါ တာက . .
အဒေါ်ကြီး ခင်ဗျားသား ပြီးခဲ့တဲ့အပတ်က ကားတိုက်လို့ ဆုံးသွား ပြီ. .ရန်ကုန်မှာဘဲ အကျဉ်းချုံး ပြီး သင်းဂြိုလ် လိုက်ရတယ် ဆိုပြီးရေးလိုက်ရတာကိုးကွ. .
အဲ့ဒီ့စာက ရသမြောက်လွန်းလို့ငိုတာလား. . သူ့သားဆိုတဲ့ စိတ်အခံ ရှိ လို့ငိုတာလားဆိုတော့ . . ဒီကောင်က သူ့သားဆိုတဲ့စိတ်အခံ ရှိ လို့ ငိုတာပါ ဆရာတဲ့. .
အေး . . အဲ့ဒါဆိုရင် မင်းခုနက အပြာ စာအုပ်တွေ ဖတ်ပြီးကျက်သီးဖြန်းဖြန်းထတာက. . ဟိုက အဖွဲ့ အနွဲ့ က တော်တော်ရယ် . မင်း စိတ်အခံ ကြီးကိုက ကြီးလွန်းနေလို့ ကျက်သီးဖြန်းဖြန်းထနေ တာ လဲ ဖြစ်နေပါအုန်းမယ်ကွာ ဆို တော့ မှ တတန်းလုံး တဟားဟားဝိုင်း ရယ်ကြပြီး. . သူ့ဘေးကကောင်တွေကလဲ . . ဟုတ်တယ်ဆရာ ဟုတ် တယ် ဒီကောင့် စိတ်အခံ ကို က ကြီးနေတာ မတရားကြီး နေတာ ဆရာ ရဲ့ ဆိုပြီး ဝိုင်းပြီး အော်ကြ ဟစ်ကြနဲ့ ပေါ့ကွာ... အဲ့ကောင်လဲ စပ်ဖြီးဖြီး နဲ့ ငုပ် ဆို ပြန်ထိုင်သွားပါလေရောဟေ့. . . ပြီးတော့ စာတောင်ကောင်းကောင်းဆက်သင်လို့ မရတော့ပါဘူးကွာ. . တခန်းလုံး တဝုန်းဝုန်းဖြစ်နေကြတာကိုး. . လို့ ရယ်ရင်း ကျွန်တော့ကို ပြန်ပြောပြဘူးပါတယ်ခင်ဗျား...
ဒီလောက်ဆိုရင်သူ့ရဲ့စာသင်ကြားခဲ့တဲ့ ပုံစံ ကို တစ်ချို့ ကိုယ်တိုင်မမြင်ဘူးလိုက်ပေမယ့် ခန့်မှန်းခြေကို တော့ ဆဝါးမိလောက်ပြီလို့ ယူဆမိပါတယ်ခင်ဗျား. . .
**********
မေမြို့အကြောင်းကို ပြန်စဉ်းစားလိုက်တိုင်း ခပ်ဝါးဝါး ပုံရိပ်တွေဘဲဖြစ်နေ တာ တွေ့ရပါတယ်. . .
တခါတရံ အိမ်ရှေ့မှာမနက်အစောကြီး သံပြိုင်ဟစ်ကြွေးသံတွေနဲ့ပြေးသွားတဲ့ ဗိုလ်လောင်းတွေရဲ့ .
ဘာလုပ်နေလဲ လေ့ကျင့်နေတယ် .ဘယ်သူ့အတွက်လဲ ပြည်သူ့အတွက်ဘဲ. . . ကျွန်တော်တခါတစ်လေသူတို့အော်တဲ့အတိုင်း လိုက်အော်နေတတ်တာလေးတွေရေးရေးမှတ်မိပါတယ်. .
မြိုပတ်လမ်းပေါ်က ခြံကြီး တစ်ခြံ . .၂ ထပ်အိမ်ကြီးရဲ့အောက်ထပ်ကိုငှါးပြီးကျွန်တော်တို့မိသားစုနေခဲ့ တာပါ. . နောင်တစ်ချိန် အနှစ် ၃၀ ကျော်လောက်ကြာမှ ကျွန်တော်ပြန်ရောက်တော့. . ဘာကိုမှ မမှတ်မိတော့ပါခင်ဗျား. . ခန့်မှန်းခြေတောင်မသိနိုင်တော့ပါ
အိမ်ရှေ့ ညာဘက်ခြံထောင့်မှာ သလဲသီးပင် နဲ့ ပဲစောင်းရားသီးနွယ်တွေ အိမ်နောက်ဖက်မှာ မက်မန်းပင်နဲ့ ရေတွင်း၊ ရေတွင်းဘေးမှာ တော့ အခင်းလိုက်ဖြစ်နေတဲ့ပူစီနံတွေ . အိမ်ရဲ့ခေါင်းရင်းဘက်မှာ. . ကော်ဖီပင် တစ်ပင်. .ပုံဖော်ကြည့် လိုက်တော့ အကုန်ဝိုးတိုးဝါးတားရယ်. .
အမှတ်မိဆုံးတစ်ခုကတော့ တရက်မှာ . ဘယ်သူပေးလိုက် မှန်းမသိတဲ့ . စတော်ဘယ်ရီသီးတွေ အင်ဖက်ကြီးနဲ့ထုပ်ပြီး . ကျွန်တော်တို့မောင်နှမတွေလက်ထဲကိုရောက်လာတယ်ခင်ဗျ... . ကျွန်တော်က အငယ်ဆုံးဆိုတော့ . . သူတို့ ၂ယောက်က အသီးအကောင်းလေးတွေစားပြီး . . အပုတ်ကလေးတွေ အရိလေးတွေကို ကျွန်တော့ ပါးစပ်ထဲ စားစား ဆိုပြီး ထိုးကျွေးသွားတာပါဘဲ. . ကျွန်တော်ကလဲ ပါးစပ်ထဲ ထည့် သမျှ အကုန်စားပါတော့တယ်(ငယ်ငယ်ကတည်းက အ တဲ့ကောင် ပါခင်ဗျား)
အဲ့တာရဲ့အကျိုးဆက်ကတော့. . ဝမ်းသွားတာလုံးဝမရပ်တော့ဘဲ ၂ ရက်မြောက်နေ့. သွေးဝမ်း အဖြစ်ပြောင်းသွားချိန်မှာတော့. ကျွန်တော်ကသေလူဖြစ်သွားခဲ့ပါပြီ. . စစ်ဆေးရုံ က ကုတင်ပေါ်မှာ အောက်က ပလပ်စတစ် အစိမ်း လေး ခင်းပြီးကျွန်တော့ကို တင်ထားပါတယ်. . ကျွန်တော်သွားသမျှဝမ်းအားလုံးက သွေးခဲ အမဲလေးတွေ ဘဲ ဖြစ်သွားခဲ့ပါပြီ. . အဖေက ဝင်ကြည့်လိုက် အမေက ဝင်ကြည့်လိုက် နဲ့ အဖေ ငိုသလားဆိုတာသေချာ မမှတ်မိပေမယ့် . အမေကတော့ ကျွန်တော့ ကို ကြည့်ပြီး ငိုနေတာမှတ်မိပါတယ်. . . နောင်တစ်ချိန်အဖေပြန်ပြောပြခဲ့တာကတော့. .
အဲ့ဒီ့နေ့က . .
လူလေးပြောတဲ့စကားတွေအဖေ ကောင်းကောင်းမှတ်မိတယ်. .
. . ဖေဖေ့ . . ကျွန်တော်နေကောင်းရင် . . ပြောင်ဖူး ဖုတ်တွေ အများ ကြီးစားမယ်နော် တဲ့ . . ငါကလည်း စားရမှာပေါ့ လူလေးရယ် လို့ပြောလိုက်. . ကြက်သားကင်တွေလဲစားမယ်နော်ဆိုတော့ စားရမှာပေါ့ သားရယ်ပြောလိုက်. . ငါ့ကွာ မင်းကိုကြည့် ပြီး မျက်ရည်တွေ ဘယ်ကဘယ်လိုစီးကျလာမှန်းမသိဘူး . . လူလေးမမြင်အောင် ဟိုဘက်လှည့်သုတ်လိုက် စကားပြန်ပြောလိုက်လုပ်နေရတယ်. . မင်းကတော့ ဗိုက်တအားဆာနေတော့ မင်းသိသမျှ ကောက်ညှင်းပေါင်းတို့ နံပြားတို့ ကြက်ကျော်တို့ ပါးစပ် ကနေပြောနေတော့တာဘဲ. . .
နောက်ဆုံးအသံတောင် ကောင်းကောင်းမထွက်တော့ဘူး . . မှိန်းပြီးမျောသွားပါလေရော. . . မတင်ကြိုင်ကတော့ တရှုံရှုံ ငိုနေပြီကွ. . ဝမ်းကိုက်ပျောက်ဆေး ကလဲ ကောင်းကောင်း မှ မပေါ်သေးတာ. လူလေးကိုငါတို့ လက်လွတ်ရပြီလို့ စိတ်ဒုံးဒုံး ချလိုက်ရတော့တာကိုးကွ. . .
သားမျောပြီး နောက်တစ်ရက်မှာမှ ယူနီဆက်က ဦးဆောင်ပြီး နယ်လှည့် ဆေးကုအဖွဲ့ ရောက်လာတာဟေ့. . သူတို့ဆီမှာ ပါလာတဲ့ဆေး အသစ်တစ်မျိုးနဲ့မှ မင်းကို ဆေးထိုး ဆေးတိုက်ပြီး မင်းအသက်ပြန်ရှင်လာရတာကွ လူလေးရ လို့ အဖေ ပြန်ပြောပြ ပါတယ် ခင်ဗျား .
အဲ့ဒီ့စကားကိုပြောပြ ချိန်မှာတော့ ကျွန်တော့ အသက် ၃၅ကျော်ကျော် လောက်ရှိပြီး. . အဖေ့ ခြေထောက်ကို နှိပ်ပေးနေရင်းပြောဖြစ်တာပါ. . ကျွန်တော်လဲ သူပြောတဲ့စကားတွေကို နားထောင်ရင်းကြည်နူးသလိုလို ငိုချင်လာသလိုလို ဖြစ်သွားတာ မှတ်မိ ပါသေးတယ်.
(ကျွန်တော်တို့ငယ်ငယ်တုန်းက . . မက်ထရိုဆိုတဲ့ဆေး မရှိဘူးဗျ. . . သာလာဆပ်ဖ် တို့ သာလာဇိုးလ် တို့ ဝမ်းပျက်ရင် သောက်ရတာ ကောင်းကောင်းမှတ်မိပါတယ်. . .၁၉၈၀ နောက်ပိုင်းလောက်မှ မက်ထရိုဆိုတဲ့ဆေး ပေါ်လာတယ်လို့ထင်ပါတယ်. . )
မေမြို့ရယ် အဖေ ရယ် ကျွန်တော်ရယ်တွဲရက်မှတ်မိတာလေးတွေကတော့. . အဖေ့ရဲ့ စက်ဘီး ဘားတန်းရှေ့ က နေ ကဏှာမငြိမ်ဘဲ . . လှုပ်စိလူပ်စိ လိုက်စီး လို့. . ဟိတ်ကောင် ငြိမ်ငြိမ်နေကွ. စက်ဘီးမှောက်လိမ့်မယ်လို့ အဖေ ပြောတာပါဘဲ. .ကျွန်တော်ကလဲ သူပြောတုန်းခဏ ပါဘဲ ပြီးရင် ပြန်ရွ ပြီး အဖေ့ ရင် ခွင် ထဲ ကို ကိုယ်လုံးပြန်တိုးလိုက် ရှေ့ ကို ယိမ်းလိုက်လုပ်နေမိတာ ပါဘဲ.
ကောင်းကောင်းမှတ်မိတဲ့နေရာ ကတော့ ထောက်/ပို့ ပန်းခြံ အလည်က အုတ်ကန် အဝိုင်းလေးမှာ .ရေအောက်က ဖားလောင်းလေးတွေ ငြိမ်နေတာ ကို တုတ်နဲ့သွားသွားထိုးပြီးဆော့တာပါဘဲ. . သူတို့ရေကူးသွားရင်ကျွန်တော်ပျော်နေမိတာပါဘဲ
နောက်တစ်ခုမှတ်မိတာက ဘူတာရုံဘေးကပ်ရက် ကွက်လပ်ကြီးမှာ အမှိုက်ပုံ နဲ့တွဲပြီး . ပေ၂၀ဝပတ်လည်လောက်ရှိတဲ့ ဖရုံခင်းကြီးဖြစ်နေတာပါ. . . ပိုင်ရှင်မရှိ ဘဲ အရိုင်းပေါက်နေတာမျိုးပါ အဲ့ဒီ့နားကလမ်းလျှောက်ပြန်လာရင် ကျွန်တော် က လမ်းပေါ်ကကောင်းကောင်းမသွားတော့ဘဲ အဲ့ဒီ့ ဖရုံခင်းကြီးထဲဝင်ပြီး. . အသီးလိုက်ရှာ ရင်းဆော့တာကိုကောင်းကောင်း မှတ်မိပါတယ်. .တစ်ရက်မှာ ဖရုံသီး ကြီး တစ်လုံးကို ခလုတ်တိုက်လဲပါတယ်
. . ကျွန်တော် က. . အဖေရေ . ဒီမှာ ဖရုံသီးအကြီးကြီးဗျ ဆိုပြီး လမ်းမပေါ်မှာ ရပ်နေတဲ့ အဖေ့ ကို လှမ်းအော် ပြော လိုက်တာပါ. .အဖေ က ဝင်လိုက်လာပြီး . . ဖရုံသီးကြီးကိုထမ်းပြီးမှ. အိမ်ကို ပြန်လာကြတာပါ. .အိမ်ရောက်သည်အထိ တလမ်းလုံးကျွန်တော် ခုန်ပေါက်ပြီးပျော်နေမိတာပါဘဲ
အိမ်အဝင်ကတည်းက အမေရေကျွန်တော် ရှာတွေ့လာတာဗျဆိုပြီး. . အမေ့ ကိုကြွားတော့ အဖေရောအမေရော သိပ်တော် တဲ့ကောင်ကွာဆိုပြီး တယောက်တလဲ မြောက်မြောက်ပြောကြတော့တာပါဘဲ. ကျွန်တော်လဲ သွားအဖြဲသားနဲ့မြောက်ကြွမြောက်ကြွ ဖြစ်သွားတာ ကောင်းကောင်းမှတ်မိပါတယ်ခင်ဗျား. .ခုချိန်ထိ အဲ့ဒီ့စိတ် က သိပ်အကင်းမသေသေးပါ (ဤ ကား စကားချပ်တည်း) အရမ်းမြောက်မပေးကြနဲ့လို့ ပြောတာ. . ကွေးနေအောင် က မိမှာစိုးလို့ ဗျို့. .
၁၉၇၁ လောက်မှာ ရန်ကုန် ကိုရောက်လာပါတယ် . . အဲ့ဒီ့နောက်ပိုင်မှာတော့ .အဖေနဲ့ ကျွန်တော်ကြားထူးဆန်းတဲ့ ဆက်ဆံမှူ့မျိုးသိပ်မမှတ်မိပါ. . သာမန် သားအဖ ဆက်ဆံမှူ့မျိုးလောက်ပါဘဲ. . .
၁၉၈၀ ခုနှစ်လောက် ရန်ကုန်နဲ့အနီးဝန်းကျင်မှာ လူငယ်တော်တော်များများ ကရာတေး ပိုးဝင်ပြီး ရူးကြပါတော့တယ်ခင်ဗျား. . . ကရာတေးကလပ်တွေလဲအလျို အလျို ပေါ်လာကြတာတွေ့ရပါတယ်. . မှတ်မိသလောက်ကတော့. . ဟိုင်ကာရီ၊ တိုက်ဂါး၊ယူနိုက်တက်၊.. . စသဖြင့်ပါ အတော်များပါတယ်
ကျွန်တော်လဲ ဆော့ချင်တော့ လမ်းထဲက အဖေ့တပည့်လိုနေတဲ့ ကိုမြင့်ကွယ်ဆီမှာ ကရာတေး သွားသင်ပါတယ်. .ရူမ်းဘောင်းဘီနဲ့ ဘဲသင်ရပြီး. . ကီ(ကရာတေးဝတ်စုံ)မရှိပါ မဝယ်နိုင်ပါ. . အိမ်ရဲ့စီးပွားရေး အခြေနေကလဲ အဆင်းဘက်ချည်းဘဲပြနေတော့ မတောင်းဆိုဝံ့ခဲ့ပါ.၊ ပန်းဆိုးတန်းကုန်တိုက်ကိုရောက်တိုင်းကျွန်တော် အဲ့ဒီ့ ကရာတေးကစားတဲ့ ဖျဉ်ကြမ်း ဝတ်စုံလေးကိုသွား သွားပြီးငေးကြည့်ဘူးပါတယ်. . ၅၅ကျပ်ပါ. .
တရက်ကျတော့ ကျွန်တော် မပူစာရဲရဲနဲ့. .
အဖေ ကျွန်တော်က ရူမ်းဘောင်းဘီကြီးနဲ့ ကရာတေးဆော့ရတာအောက်တယ်ဗျ . ဆိုတော့. . သူက သားက ဘာနဲ့ဆော့ချင်လို့လဲဆိုတော့ ကျွန်တော်က ကုန်တိုက်မှာ ရှိတဲ့အကြောင်း၅၅ကျပ် ဘဲ ရှိတာ ဆိုတဲ့အကြောင်းတွေ သူများတွေက ကီနဲ့ဆော့တဲ့အကြောင်းတွေ ဝေဝေဆာဆာ ပြောပါတော့တယ်. . .
သူက ဘာမှပြန်မပြောတော့ဘဲ စဉ်းစားနေတော့.ကျွန်တော်လဲ ဆက်မပြောတော့ပါဘူး. ကျွန်တော်စိတ်ညစ်သွားတာတော့သူသိ သွား ပုံရပါတယ်
ဒီလိုနဲ့ တပတ်လောက်ကြာတော့ . .ညနေဖက် ပြန်လာ ချိန်မှာ. . အင်းကျီနဲ့ ဘောင်းဘီ ကို အဝတ်ခါးပတ် နဲ့ ပြန်ချည် ပြီး တွဲ လောင်းလေးကိုင်ရင် အိမ်ပြန်လာပါတယ် ကျွန်တော့ ကို ရော့ဆိုပြီးပေးတော့ . .ရင်ထဲမှာ ကြည်နူးလိုက်ပုံများ ဗျာ မပြောတတ်အောင်ဘဲ. ချက်ခြင်းဝတ်ကြည့် ပြီး အပြင် ပြန်ထွက်လာပြီး အဖေ့ရှေ့ မှာ. . ဝူရှ် တွေ ယားစ် တွေ လုပ်ပြလိုက်မိပါသေးတယ်. . . အဖေကတော့ ကျွန်တော့ကိုပြုံး ကြည့်နေတာပါဘဲ
၁၉၈၆ လောက်ထိ ကျွန်တော်ကရာတေး ကို အပြင်းအထန်ဆော့ပါတယ်. . . နောက်ဆုံး ခါးပတ် အညိုကနေ အနက် ဖြေခါနီး မှာ. . သူ နဲ့ ကျွန်တော် စကားပြောဖြစ်ပါတယ်. . . .
နေပါဦးလူလေးရ အခု မင်း ကရာတေးဆော့တာ အတော် ကြာနေပြီနော်ဆိုတော့. . ကျွန်တော်လဲအလိုက်အထိုက်ဘဲ ဟုတ်တယ်ပေါ့. . အဲ့ဒါဆော့ ရင် အမြင့် ဆုံးမင်းဘာဖြစ်မှာ လဲ လို့မေးပါတယ်. . ကျွန်တော်လဲ ကြောင်သွားပြီး. . အာ. . . အဖေ ကလဲ မသိဘူးလေဗျာ လို့. ပြန်ဖြေလိုက်တော့ သူပြောလိုက်တဲ့စကားက. . ကျွန်တော် . . တော်တော်နင်ပြီးခံစားလိုက်ရပါတယ်ခင်ဗျား. . . မင်း. . ကရာတေးတွေ ဘာတွေ ဆော့ အရမ်းတော်လာလို့ အမြင့် ဆုံး ဖြစ်လာရင် သက်တော်စောင့်ဘဲဖြစ်မှာ ပေါ့ ကွ. . . ဘယ်လိုလုပ်ပြီး အဲ့ဒီ့သက်တော်စောင့် က. . စောင့်ရှောက်ပေးနေရတဲ့ ခေါင်းဆောင်ဖြစ်မှာ တုန်း . .ဦးနှောက်ကို ခါးထောင်းကြိုက်ထား မှ အဲ့ဒီ့ ခေါင်းဆောင်နေရာကိုရောက်မှာပေါ့ လူလေးရ. . ဆိုပြီးကျွန်တော့ကိုပြောချ လိုက်ပါတယ်ခင်ဗျား. .
ကျွန်တော်လဲစဉ်းစားနိုင်တဲ့အရွယ်ကို ရောက်နေပြီမို့. .သူပြောတဲ့နေ့ကစပြီး .ကရာတေး ဆော့နေတာကို လုံးဝရပ်ပစ်လိုက်ပါတော့တယ်ခင်ဗျား. . ကိုမြင့် ကြွယ်က ခါးပတ်လာဖြေ ဖို့ပြောတော့ ကျွန်တော် လဲ ဟိုလိုလို ဒီလိုလို လုပ်ပြီးရှောင်နေလိုက်ပါတော့တယ်. . . . အခုဒီစာကို သူဖတ်မိရင်တော့ ရယ်မလားမပြောတတ်ပါ. .
သိပ်မကြာခင်မှာဘဲ အဖေ့ ဟောပြောပွဲ တွေရဲ့ လူငယ်အပိုင်းမှာ စကားတစ်ခု တိုးလာတာတွေ့ရပါတယ် . ...လူခါးထောင်းကျိုက်ရင်ကူလီဖြစ်မယ်. . . ဦးနှောက်ခါးထောင်းကျိုက်မှ ခေါင်းဆောင်ဖြစ်မယ် လို့ဆိုပါ သတဲ့ခင်ဗျား. .
ကျွန်တော့အကြောင်း လို့ သူမကြေငြာခဲ့ပေမယ့် . . ကျွန်တော့ ဆီက မြစ်ဖျားခံလာတာ သူ နဲ့ကျွန်တော်ဘဲ သိပါတယ်ခင်ဗျား
အဖေနဲ့ ကျွန်တော့ အကြောင်းလေးတွေကိုသတိရလာလို့ ပါ ခင်ဗျား. . သီးခံကြပါ
နောက်ဖြစ်ရပ်တစ်ခုကတော့. . ကျွန်တော်လူပျိုပေါက်ဝင်ချိန်မှာစပြီးမျက်နှာ မှာ ဝက်ခြံ အဖု ပေါက်စလေးတွေ အများကြီးပေါက်လာပါတယ်. . . ညှစ်ပြီးရင် အသားပြန်မပြည့် ဘဲအပေါက်တွေ ဖြစ်ပြီးကျန်ခဲ့ပါတယ်. .
ငယ်ငယ်ကတည်းက စိန့်ဂျွန်း. ယောက်ကျားလေးကျောင်းမှာ ဘဲ နေခဲ့တော့ ရုပ်ဆိုးခြင်းအကျည်းတန်ခြင်းဆိုတာတွေ သိပ်နားမလည်နိုင်ခဲ့ဘူးဗျ ယောက်ကျားလေး အပေါင်းသင်းအချင်းချင်းကြားမှာ သတိပြုစရာလဲ လိုမှ မလိုဘဲကိုး. . . ကျွန်တော် ပထမနှစ်ရောက်တဲ့ အချိန်မှာ. ၁၀ တန်းကကောင်မလေးတစ်ယောက်ကို လမ်းမှာ မိတ်ဆွေ လိုက်ဖွဲ့ ဖို့ကျိုးစားပါတယ် ငန်းနေတာက တော့ကြာပြီပေါ့ဗျာ. . အဲ့ဒီ့ပထမဆုံး စကားလိုက်ပြောချိန် . ကျွန်တော့ရဲ့စကား၂ ခွန်းမြောက်လောက်မှာ. . မိန်းခလေးက ရုတ်တရက်လှည့်ပြီး .
ကိုယ်ရုပ်ကိုယ်လဲ မှန်ထဲ ပြန်ကြည့် လိုက့်အုံး. . ကိုယ့်ရုပ်ကိုယ်မှ အားမနာ. . ဆိုပြီးပြောချလိုက်တာကိုးဗျ. . ကျွန်တော့ဗျာ ရှက်လိုက်တာဆိုတာ. . တစ်ကိုယ်လုံး ထူပူပြီး ဘာမှ ဆက်မပြောနိုင်ဘဲ. ရပ်ကျန်ခဲ့ရတာကိုးဗျ. .
ကိုယ့် ကိုယ်ကို သတ်သေ ဖို့လောက် ထိ စိတ်ဓာတ်ပျက်ပြီး ရှက်သွားတာမျိုး မဟုတ်ပေမယ့်. . ဟာ. . . ငါ့ရုပ်က သူများလို မဟုတ်ပါ့လားဆိုတဲ့ အသိ က ရုတ်တရက်ဝင်လာတာကိုးဗျ. .
မိန်းခလေးကတော့ သူ့ဖာသာသူ ပြောရိုးပြောစဉ် မိန်းခလေးတစ်ယောက်ရဲ့. . အမူ အကျင့် အတိုင်းပြောလိုက်တာမျိုးဖြစ်ကောင်းဖြစ်ပေမယ့်. . ကျွန်တော့ အဖို့မှာ တစ်သက်လုံးမကြားခဲ့ဘူးတဲ့စကားမျိုးကို ကြားလိုက်ရတာကိုးဗျ. .လန့်ပြီး ဂိန် သွားတာပေါ့ဗျာ
အဲ့ဒါနဲ့ မှန်ကိုသတိထားကြည့်မိတဲ့ အချိန်မှာ သူများနဲ့ မတူ တဲ့ ကိုယ့်ရဲ့ မျက်နှာက အားနည်းချက်တွေကို တစ်ခုပြီးတစ်ခု မြင်လာတော့တာဘဲဗျို့. . .
ဟား. . . ငါအတော် အတိတ်ကံ အားနည်းတာဘဲ ဆိုပြီး. . . ကိုယ့်ဖာသာကိုယ် ကြိတ်ပြီး ဒီပရက်ရှင်ဝင်လာတော့တာကိုး. . . စိတ်ဓာတ်ကျတာမျိုးမဟုတ်ပေမယ့် . . သူများနဲ့မတူ တဲ့ ရုပ်ရည်. . ကြည့်လို့ အဆင်မပြေတဲ့ ရုပ်ရည် ငါ့ မှာ ရှိတယ်လို့ တထစ်ချ တွက်တော့တာကိုး
.
ကျွန်တော့ရဲ့မိုက်မဲမူ့နောက်တစ်ခုကတော့ မိန်းခလေး ယောက်ကျားလေးရောယှက်နေတဲ့ ဂိမ်းပွဲ တစ်ခုကို ဝင်ဆော့လိုက်မိခြင်း ပါဘဲ. . ပါဆယ် ဂိမ်းတို့ ဘာတို့မှာ အများနဲ့ ရောဆော့လို့သိပ်မသိသာပေမယ့်. . ယောက်ျားလေးလုတမ်း ဆော့တဲ့ အချိန်မှာ ငုတ်တုတ်မေ့တော့တာကိုးဗျ. .
ဆော့နည်းက .ဥပမာ လူ ၂၁ ယောက်ဆော့ရင် မိန်းခလေး ၁၁ ယောက် ယောက်ကျား လေး ၁၀ ယောက် က မတ်တပ်ရပ်ပြီး မိန်းခလေးတစ်ယောက် ယောက်ကျားလေးတစ်ယောက်. . တစ်ယောက်ခြားဝိုင်းလိုက်တယ်ဗျာ . မိန်းခလေးရဲ့ ညာဘက်မှာ ယောက်ကျားလေးတစ်ယောက်က ရှိကိုရှိနေရမယ် . . ကက်ဆက်ဖွင့်လိုက်တဲ့အချိန်မှာ. . ခုနက ညာဘက်မှာ ယောက်ကျားလေး လွတ်နေတဲ့ မိန်းခလေး အပိုတစ်ယောက် ကစပြီး သူ သဘောကျ ပြီးဆွဲချင်တဲ့ယောက်ကျားလေး တစ်ယောက် ကို သွားဆွဲ . . သူ့ညာဘက်ကို ပြန်ခေါ်လာပြီးမတ်တပ်ရပ် လိုက်ရင် ယောက်ျားလေး လွတ်ပြီးကျန်ခဲ့တဲ့မိန်းခလေးက လဲ နောက်ယောက်ျားလေးတစ်ယောက်ကို အမြန်သွားဆွဲရတာပေါ့ဗျာ.. . .ကက်ဆက် မရပ်မခြင်းထိပေါ့. . အကုန်လုံး တရုန်းရုန်းနဲ့ သူ့ဂျိတ် ကလေးတွေနဲ့သူ ဆွဲ လိုက်ကြ ပြေးကြ လွှားကြနဲ့ ဖြစ်ပြီး ရယ်ကြမောကြ ဖြစ်နေ တဲ့ အချိန်မှာ..ကျွန်တော် မှားပြီဆိုတာသိလိုက်ပါရဲ့ဗျာ. . . ပွဲကို အားနာလို့ ဆက်ရပ်ပေးနေ ရင်း ရှက်လာတာ ဆိုတာ အဲ့ဒီ့နေရာကနေ အရှင်လတ်လတ် ပျောက်သွားချင်တာပါဘဲ ပွဲ သာပြီးသွားရော . . ကျွန်တော့ ကို တစ်ယောက်မှ လက် ဆွဲမသွားဘူးဗျို့. ..ကစားပွဲ နဲ့ ကျွန်တော်ဟာ ဘာမှ မဆိုင်သလို ဒီအတိုင်းကြောင်တောင်တောင်ကြီးမတ်တပ်ရပ်နေခဲ့ရတာကိုး . . . အဲ
ဇာတ်လမ်းက အဲ့ဒီ့ မှာ စတော့တာဘဲ. . အဲ့ဒီ့ပွဲက ပြန်လာတဲ့ အချိန်မှာ . ရှက်ခြင်းက အိမ်အထိ ပါလာပါလေရော. . ကြိတ်ပြီး အလိုလို မျက်ရည်ကျ လာတာမျိုးပေါ့ဗျာ. . ကိုယ်ကဘဲ လူစဉ်မမှီ သလိုလို အတွေးတွေ ဝင် လာတော့တာပေါ့ . . ဒီလိုဖြစ်ပြီး ၃ ရက်လောက်အကြာမှာ . အဖေ ကျွန်တော့ ကို စကားခေါ်ပြောပါတယ်. .
လူလေး မင်းကိုမင်း ရုပ်ဆိုးတယ်ထင်နေတာလားကွ. လို့မေးတော့ . . ကျွန်တော်က . . ဟာ. . . အဖေက လဲ ထားလိုက်ပါ. . ကျွန်တော် အိုကေပါတယ်ဗျ. ဆို ပြီးရယ်ရယ်မောမော ဘဲ ပြန်ပြောလိုက်ပါတယ်. .
လူလေးကိုပြောရအုန်းမယ်ဆိုပြီး. . . အင်းဂလိပ်လို စရွတ်ပါလေရော. . . The most beautiful world is the. .ဘလာဘလာပေါ့ဗျာ ဆို ပြီး.ရွတ်ပြပြီး. . ပြန်ရှင်းပြပါတယ်. အဓိပ္ပါယ် က. . . ကမ္ဘာ့ အလှ ဆုံးတွေကို လုပ်သွား ဖန်တီးသွားတဲ့သူတွေက ရုပ်အဆိုးဆုံး လူတွေ ကွ သားရ . မင်းသိရဲ့လား ဆိုတာက စတည် ပြီး. . . .
ကလေး၂ ယောက်တစ်ချိန်ထဲ မွေး လာတယ်ဆိုပါစို့ကွာ. . . တစ်ယောက်က ချစ်စရာကောင်းတယ်ကွာ နောက်တစ်ယောက် က ကြည့်ရဆိုးတယ်. .
လူအား လုံးက ချစ်စရာကောင်းတဲ့ ကလေး ကိုဘဲ. . . တစ်ပုံ့ပုံ့ လုပ်ကြတော့တာကိုးကွ. . .ဟိုရုပ်ဆိုးဆိုးကလေးကို ဘယ် ချီချင်ပွေ့ချင်ပါ့မတုန်း
လူတွေရဲ့သဘောက မွေးသည်က သေသည် အထိ အသက်ရှင်သွား ချိန်မှာ အလိုချင် ဆုံး အတောင့်တဆုံး က လူအများရဲ့ အသိအမှတ်ပြုခံချင်ခြင်းနဲ့. . ကြိုဆိုခံချင်ခြင်းဘဲ မဟုတ်လားကွ
ရုပ်ချောတဲ့ကလေး က . . သူဘာမှ မလုပ်လဲ ပတ်ဝန်းကျင်က သူ့ကို ကြိုဆိုနေတော့တာ ကိုး. . သူ ထွေထူးပြီးကြိုးစားစရာမလိုဘူးလေ. . အဲ့ဒီ့တော့ သူ့ရဲ့ ပင်ကို စွမ်းရည် ကိုမြှင့်တင်ဖို့မေ့ လျော့ လာတယ်. . အဲ့ဒီ့မှာတင် ပညာရေးတစ်ပိုင်းတစ်စ နဲ့ရပ် . . ဆင်ခြင်တုံတရားအားနည်းလာတော့ ဘေးကမြောက်ပေး ဟုတ်ယောင်ယောင်ထင် ဆေးစွဲ. . ဟေးလားဝါးလားနဲ့ ဖြစ်သွားတတ်ကြတော့တာကိုး. . .ဘေးမှာ မိဘသားချင်းတွေ ရံနေကြ တုန်းမှာ ဘာ မှ မသိသာပေမယ့် . . အဲ့ဒီ့ အရံတွေလဲ ဖြုတ်လိုက်ရော . ဘဝမှာ ဘာလုပ်ရမှန်းမသိဖြစ်ကျန်ခဲ့ပြီး ဘဝပျက်တော့တာဘဲ လူလေးရေ. . ..
အဲ့ဒီ့ အချိန်မှာ . . လူ့အသိုင်းဝိုင်းက ကြိုဆိုခြင်းမခံ ရတဲ့ အကျည်းတန်တဲ့ ကလေးက သူ့ကို လူတွေ ကြိုဆိုချင်အောင် အသိအမှတ် ပြုချင်အောင် သူ့ရဲ့ အရည်အသွေး ကို အစွမ်းကုန်မြှင့် တင်တော့တာကိုးကွ. . အဲ့ဒီ့ မှာ ကလေး နှစ်ယောက်က အပြတ် အသတ် ကွာ သွားတော့တာဘဲ .
တကယ်တမ်း လူ့လောကကြီးကတောင်းဆိုနေတာ က . . အရည် အချင်းရှိတဲ့လူ ကွ. . ရုပ်ချောတဲ့သူမဟုတ်ဘူး... . . မင်းနားလည်လား စိန်ခေါ်ခံနိုင်တဲ့ ယောက်ကျားမျိုးကိုဘဲ လူ့လောက ကလိုချင်တာ ကွ. .. စသဖြင့်ပေါ့ဗျာ . . ကျွန်တော့ကို non stop လွှတ်တော့တာပါဘဲ ခင်ဗျား. . ၂ နာရီလောက်ကြာပါတယ်
ကျွန်တော်လဲ သူပြောလိုက်လို့ ဒီပရက်ရှင် အရှင်းကြီး ချက်ခြင်း ပျောက်သွားတယ်လို့ မဆို နိုင်ပေမယ့်. . စိတ်တော်တော် သက်သာရာ ရသွားတာတွေ့ရပါတယ်. . . နောက်ပိုင်းမှာ တော့ လောကဓံ ကို ရင်ဆိုင်လာနိုင်တဲ့ သာမန် ယောက်ကျားတစ်ယောက်ပြန်ဖြစ် လာတယ်လို့ ကိုယ့် ကိုယ်ကို ယူဆမိပါတယ်ခင်ဗျား. .
ကျွန်တော့ကို အဲ့ဒီ့စကားပြောပြီး
သိပ်မကြာခင်မှာ ဘဲ. . အဖေ့ ရဲ့ ကလေးတွေ ကို အားပေးတဲ့ ဆောင်းပါးလေးတစ်စောင် ထွက်လာပါ တယ် . .အဲ့ဒီ့ ထဲက နာမည်ကြီး စာကြောင်းလေးတစ်ခုကတော့ အခု ခင်ဗျားတို့ ကြားဘူးနေတဲ့. . စကားလေးပါ. . ဘာတဲ့. .
ခပ်ငယ်ငယ်မှာ စန်းပွင့်လွန်း ရင် ဘဝ မှာ လာဒ် တိတ် တတ် တယ်. . ဆိုတဲ့ စာသားလေးပါဘဲခင်ဗျား. .
(မှတ်မိသမျှတွေရေးနေတော့ . . အကြောင်းအရာတွေကတော့ ဟိုရောက်ဒီရောက်ဘဲဗျို့ . ကျွန်တော့အကြောင်းတွေချည်းစွတ်ရေးနေမိလို့ . ဒီ တစ်ပိုင်းကိုတော့ တောင်းပန်သဗျာ)
ဆက်ပါအုန်းမည်
ဆရာမြိုင်
[မှတ်မိမှတ်ရာ စုစည်းမှု့များ ဘလော့ဂ်မှကူးယူပါသည်။ဘလော့ဂ်ဂါအားကျေးဇူးတင်ပါသည်။]
No comments:
Post a Comment