#ထိုနေ့ကမီးမလာပါ
#မိုးမိုး (အင်းလျား)
“အဲဒီနေရာက ကူးလို့ မရဘူး၊ ဟိုနားက ကူးရမယ်”
သူငယ်ချင်း စိမ်း ဆွဲခေါ်ရာသို့ လိုက်ခဲ့ရင်း မြရီသည် ဆေးမပြယ့်တပြယ် ဖြစ်နေသော မျဉ်းကျားဝါဝါကို လှည့်ကြည့် လှည့်ကြည့် လုပ်နေမိသေး၏။ စိမ်းက တစ်လ နှစ်လနေမှ ရန်ကုန်တစ်ခေါက် ရောက်သည် ဆိုသော်လည်း အရာရာကို သိနေပါလားဟု အထင်ကြီးစိတ်လည်း ဝင်မိလေသည်။ စိမ်းကပဲ သိနေတာလား။ မြရီကပဲ ဘာကိုမှ မသိအောင် ဖြစ်နေတာလားတော့ မဆန်းစစ်မိတော့။ ကိုယ်လုံးကိုယ်ထည် ပါးပါးလျားလျား ခြေသလုံးမှာ သနပ်ခါး အဖွေးသားနှင့် လမ်းပြရဲမေလေးက ကားတွေကို တားပေးမှ စိမ်းက မြရီလက်ကို ဆွဲပြီး ဗိုလ်ချုပ်ဈေးဘက်ကို ကူးသည်။ သည်နေရာက ကူးတော့လည်း ပိုအဆင်ပြေသား။ မိန်းမလှတို့ ကျက်စားရာ အရပ်ဟု တင်စားကြသော ဗိုလ်ချုပ်ဈေးကြီး၏ အလယ်ဗဟို တည့်တည့်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လေသည်။
တက္ကသိုလ်ကျောင်းသူ ဘဝတုန်းက ဗိုလ်ချုပ်ဈေးတို့ ရုပ်ရှင်ရုံတို့ ဆိုသည်မှာ အားလပ်ချိန်တိုင်း ကျင်လည်ကျက်စားရာ နေရာများ ဖြစ်ခဲ့ဖူးပါ၏။ အပူအပင် ကင်းသော ဘဝမှာ ဘယ်နေရာသို့ သွားရ သွားရ လွတ်လပ်ပျော်ရွှင်ကာ သာယာလှပ၍ နေ၏။ အပေါင်းအသင်းများနှင့် ဆံညှပ်လေး နှစ်ချောင်း၊ နှုတ်ခမ်းဆိုးဆေး တစ်တောင့်ကို အကြောင်းပြုကာ ဗိုလ်ချုပ်ဈေးမှာ လှည့်ပတ်ပြီး ရှောက်သီးသုပ်နှင့် ကြာဆံဟင်းခါး စားရသည်ကိုပင် စိတ်ကြည်မွေ့၍ နေခဲ့ဖူးလေ၏။
လုံချည်စိမ်း သုံးထည်၊ အင်္ကျီဖြူ လေးထည်ခန့်ကို လည်ပတ်အောင် ဝတ်နေရသော ကျောင်းဆရာမ ဘဝ။ ကလေးသုံးယောက်ကို ကျောင်းစရိတ် ဖူလုံအောင်၊ စာမေးပွဲ မှန်မှန်အောင်အောင် ကြိုးပမ်းဖြည့်ဆည်း ပေးနေရသည့် ဘဝ။ လခသုံးရာကျော် ရသော ခင်ပွန်းသည်နှင့်အတူ တွက်ချက်သုံးစွဲနေရသော ဘဝတွင် စနေနေ့ ဗိုလ်ချုပ်ဈေး ရှုခင်းနှင့် ကွေကွင်းခဲ့သည်မှာ ကြာလေပြီ။
တစ်ခါက သူငယ်ချင်း ကျောင်းဆရာမက အဖော်ခေါ်သဖြင့် ကျောင်းမှဆင်းပြီး ကြိမ်ခြင်းတစ်ဘက် ဆွဲကာ ဗိုလ်ချုပ်ဈေးထဲ ရောက်ခဲ့ရ၏။ ဝါသနာရှိရင်းစွဲမို့ အလှကုန်တွေ ရောင်းသော ဆိုင်ရှေ့မှာ ခပ်ကြာကြာ ငေးကြည့်နေမိသည်။ ပေါင်ဒါ၊ မိတ်ကပ်ကလည်း မဝယ်တာ ကြာပြီ။ သူငယ်ချင်းက လက်ကိုင်ပဝါ နှစ်ထည်ကို ဈေးဆစ်၍နေစဉ် တစ်ချိန်က ခုံမင်နှစ်သက်စွာ သုံးစွဲခဲ့ဖူးသော မက်စ်ဖက်တာ နှုတ်ခမ်းဆိုးဆေးဆောင့်ကို မျက်စိကျလာ၏။
“အဲဒီ နှုတ်ခမ်းဆိုးဆေးဘူးလေး ခဏပြပါ”
အရောင်က မြရီကြိုက်သော လိမ္မော်ရောင် ဖျော့ဖျော့၊ ငွေစုငွေချေးက လဆန်းရက်ကမှ ထုတ်ချေးထားသော ငွေငါးရာကို သတိရသည်။ “မြအတွက် အင်္ကျီစလေး ဘာလေး ဝယ်ပါဦး” ဆိုသော မောင့်စကားကိုလည်း ကြားယောင်လိုက်သည်။ ကလေးတွေအတွက် ဖိနပ်ဖိုးတွေ၊ အင်္ကျီဖိုးတွေကိုလည်း စိတ်တွက်ဖြင့် နှုတ်လိုက်သည်။
“အဲဒါ ခြောက်ဆယ့်ငါးကျပ်”
ဈေးသည်က ရှိုးကေ့စ်ထဲကို လက်လှမ်းဖို့ပင် စိတ်မကူးဘဲ မြရီ၏ ယူနီဖောင်းစိမ်းကို မျက်စိထောင့်ကပ် ကြည့်ကာ ခပ်လေးလေး ဆိုသည်ကို မြင်ရတော့ ရင်ထဲက အောင့်တောင့်တောင့် ဖြစ်သွား၏။ သို့သော် ခြောက်ဆယ့်ငါးကျပ် ဟူသော အသံကြောင့် မျက်နှာပျက် သွားမိသည်မှာလည်း အမှန်ပင်။
ဈေးသည်ကလည်း ယူမလားဟု ထပ်မမေး။ မြရီကလည်း ပြန်မကြည့် ဖြစ်တော့ပေ။
ဗိုလ်ချုပ်ဈေး၏ အလယ်ဗဟို တည့်တည့်မှာ လမ်းကို ပိတ်ဆို့မတတ် ရပ်နေ၊ ထိုင်နေကြသော လူငယ်လေးတွေကို ရှောင်ရှားပြီး ရုံထဲ ဝင်ခဲ့ရ၏။ မြရီ ယူနီဖောင်းနှင့် မဟုတ်သည့်တိုင် အင်္ကျီပုံက ရိုးသည်။ ဆံပင်ပုံစံကလည်း ခေတ်မမီ။ လက်ကိုင်အိတ်၊ ထီး၊ ဖိနပ်က အစ စိမ်းနှင့် တခြားစီ ဖြစ်၍ နေလေသည်။ ထိုကြောင့်ပင်လား မသိ။ အသက်အရွယ်ချင်း အတူတူ စိမ်းကို လူတွေက လှည့်ကြည့်ကြသည်။ စိမ်းက မြရီထက် တစ်လ နှစ်လ ကြီးသော်လည်း ဆံပင်ကို ခေတ်မီမီ အတိုဖြတ်၍ ကောက်ထားသည်။ ပြည့်ဖြိုးသော ခန္ဓာကိုယ်ပေါ်မှာ နိုင်ငံခြား ဘလောက်စ်နှင့်။ ပါတိတ်လုံချည်နှင့် ဖိနပ်က တစ်မိုက်ခန့် မြင့်သေးသည်။ လက်ကိုင်အိတ်က ဘယ်လောက်တန်သည်လည်း မြရီ မသိ။ ခြေသည်းလက်သည်း အရှည်ထားနိုင်၏။ ဘွဲ့ရပြီးကတည်းက မန္တလေးမှာ အခြေချ နေထိုင်သော်လည်း ရန်ကုန်သူ တစ်ပန်းရှုံးသည်။
ကျောင်းမှာတုန်းကတော့ စိမ်းနှင့် မြရီ အတွဲညီလှသည် မဟုတ်။ မြရီက စာဂျပိုးတွေနျင့် တွဲတတ်၍ စိမ်းက မြရီကို ကြည့်မရသလို မြရီကလည်း သံရုံးဧည့်ခံပွဲတွေကို အကြောင်းပြပြီး လုပ်တတ်သော ကပွဲတွေမှာ စိမ်း လိုက်ပါတတ်တာ သိရပြီး ခပ်ရှောင်ရှောင် နေခဲ့ကြသည်။ ရတနာဆောင်မှာ စိမ်းသည် ထင်ရှား၏။ မြရီကတော့ အညာသူချင်း အတူတူ ငွေကြေး နောက်ခံချင်း ကွာခြားသည့် စိမ်းကို ဘယ်နေရာမှာမှ မယှဉ်သာခဲ့ပေ။
အံ့ဩစရာ ကောင်းသည်မှာ စိမ်းသည် ကျောင်းမှ ထွက်လာပြီးသည့် နောက်ပိုင်း မြရီဆီကို အဝင်အထွက် များလာခြင်းပင်။ မြရီသည် ကျောင်းကတည်းက တွဲလာသော မောင်နှင့် အိမ်ထောင်ကျသည်။ မွေးဇာတိဖြစ်သော စစ်ကိုင်းကို ပြန်မရောက် ဖြစ်တော့။ စိမ်းက သူ့အိမ်ကလည်း သဘောတူ၊ သူကိုယ်တိုင်ကလည်း သဘောကျသော ကိုမောင်မောင်ဦးနှင့် လက်ထပ်သည်။ သူတို့နှစ်ယောက်လုံး ကုန်သည်ကြီး မျိုးရိုးများ ဖြစ်ကြသည်။ ယခုလည်း အရောင်းအဝယ် လုပ်ငန်းများဖြင့် စီးပွါးဖြစ်ကြ၏။
မထင်မှတ်သော တစ်နေ့မှာပင် စိမ်းသည် မြရီဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာသည်။ ကလေးနှစ်ယောက် မွေးပြီးသော စိမ်းသည် အနည်းငယ် ဝလာသည်က လွဲ၍ ကျောင်းတုန်းကလိုပင် လှဆဲ။ လက်ဆောင်တွေ တထုပ်တပိုင်းနှင့် လာလည်သော စိမ်းကို မြရီတို့ မိသားစုက အံ့ဩဝမ်းသာစွာ ကြိုဆိုခဲ့ကြသည်။ စိမ်းသည် ရန်ကုန်လာလျှင် စခန်းသာတို့၊ သမ္မတဟိုတယ်တို့မှာ တည်းသည်။ ဇနီးမောင်နှံနှစ်ယောက် အတူ တည်းခိုသော်လည်း စိမ်းက သူငယ်ချင်းနှင့်သာ ဟိုဟိုဒီဒီ သွားချင်သည်တဲ့။ ပြီးတော့ စိမ်းသည် ပစ္စည်းဥစ္စာ ချမ်းသာလာ၍ တစ်ဘက်က ပြည့်စုံသော်လည်း အပေါင်းအသင်းနှင့် ပတ်သက်လျှင် ယုံကြည်စိတ်ချရသူ ပါးလျားသည်ကို ထုတ်ဖော်ပြောလာ၏။
“လူတွေက ကိုယ့်ထက်သာရင် မနာလိုသူတွေက များတယ်”
မြရီသည် သူ့အတွက် အန္တရာယ် မရှိ၊ စိတ်ချယုံကြည် ရမည်ဟု ကိုးစားပုံ ရသည်။ ရန်ကုန်ရောက်လျှင် မြရီဆီကိုသာ ပြေးလာတော့သည်။ ကျောင်းတုန်းက ပွေဖော်ပွေဖက်တွေ။ ယခုအခါ အရာရှိကတော်၊ ဆရာဝန်ကတော်၊ စိန်ပွဲစား၊ အိမ်ပွဲစားတွေနှင့် အလွမ်းသင့်ပုံ မရတော့ပေ။
သူ့ အရောင်းအဝယ်ကိစ္စ၊ အတွင်းရေး အပြင်ရေးများ အတွက် မြရီကိုသာ အဖော်ပြု တိုင်ပင်လေသည်။ မြရီကလည်း ဘာမျှ မကူညီနိုင်စရာ အကြောင်း မရှိ။ စိမ်းအတွက် တစ်ပြားတစ်ချပ်မျှလည်း ဧည့်ထောက်ခံပြီး ကုန်ကျစရာ မလို။ စိမ်းကသာ လိုသမျှထက် ပိုကာ ပေးကမ်းသွားသည်မို့ အားနာ၍ မဆုံးနိုင်အောင် ရှိရသည်။
ယခုလည်း ဗိုလ်ချုပ်ဈေး မရောက်တာ ကြာပြီမို့ လိုက်ခဲ့ပါဆိုတော့ မြရီမှာ လကုန်ရက်မို့ အိမ်သုံးစရိတ် အစိတ်ပင် ပြည့်အောင် မရှိသော်လည်း ချက်ချင်း အဝတ်အစားလဲ၊ ခြစ်ခြစ်ခြုပ်ခြုပ် စုထားသော ငွေလေးတစ်ရာကို ကောက်ထည့်ပြီး ကောက်ကာငင်ကာ လိုက်လာခဲ့ရသည်။ မြရီနှင့် စိမ်းကတော့ ရွှေဟင်္သာနှင့် ကျီးကန်း သဖွယ်တည်း။ သို့သော် မြရီမှာ သိမ်ငယ် အားငယ်ခြင်း မဖြစ်မိ။ သူငယ်ချင်း၏ အလှအပနှင့် ပြည့်စုံကြွယ်ဝမှု အတွက် ဝမ်းသာပီတိ ဖြစ်ရသည်။
“ဒီဘက်က သွားမယ် မြရေ၊ ရွှေဆိုင်ကို ဝင်စရာ ရှိလို့”
ဗဟိုရုံထဲကို ခြေလှမ်းစ ပြုသော မြရီသည် စိမ်း ဦးဆောင်ရာ အရှေ့ဘက်တန်းသို့ ပါလာခဲ့ရပြန်သည်။
“ဘာဝယ်ဦးမလို့လဲ စိမ်းရဲ့”
“ဝယ်မလို့ မဟုတ်ဘူး၊ ရောင်းမလို့ မြရေ၊ ဈေးချောင်ချောင်ရလို့ လက်စွပ်တစ်ကွင်း ဝယ်ထားတာ အိမ်ကလူတောင် မသိဘူး၊ အဲဒါ ပြန်ရောင်းခဲ့မယ်၊ ပြီးတော့ ဝယ်ထားတဲ့ ပစ္စည်းတစ်ခုလဲ တန်မတန် ဈေးဖြတ်ခိုင်းရမယ်”
စိမ်းသည် လခစား မဟုတ်သော်လည်း သူ့အကြံအဖန်နှင့်သူ ငွေဝင်အောင် ရှာတတ်သူ ဖြစ်၏။ သူ ခေါ်သွားသည့် ရွှေဆိုင်မှာ နေရာကျဉ်းသော်လည်း နာမည်ကြီး ရွှေဆိုင်။ ရန်ကုန်မြို့၏ အထက်တန်းလွှာများ ယုံကြည်အားထားရာ။
“ဝယ်ပြီးသား ပစ္စည်းကို ဈေးဖြတ်ခိုင်းတော့ ဘာထူးမှာလဲ စိမ်းရဲ့”
“အို မြရီကလဲ သိပ်ရိုးတာပဲကိုး၊ မတန်ဘူးထင်ရင် မြန်မြန် ပြန်ထုတ်ပစ်ရမယ်၊ ကိုယ်ဝယ်ထားတဲ့ ဈေးထက် ပိုတန်နေရင်လဲ ဈေးမြှင့်ပြီး ပြန်ရောင်းရတာပေါ့ကွ၊ တစ်လောက မိပင်စီရယ် လက်စွပ်တစ်ကွင်း ကိုယ့်ကို အချိုသတ်ပြီး ရောင်းလိုက်တာ ခံလိုက်ရတာပဲ၊ အတင်း ပြန်ရောင်းတာတောင် နှစ်ထောင်ရှုံးတယ်”
ပင်စီမှာ စိမ်းနှင့် ဘာသာတူ အတန်းတူ သူငယ်ချင်း ဖြစ်၏။ ယခု အရာရှိကတော်။ သူကိုယ်တိုင်ကတော့ အလှပြင်ဆိုင်တစ်ဆိုင် ဖွင့်ထားသည်။ ယခင်က အလွမ်းသင့်ခဲ့သူ အချင်းချင်း၊ ယခုတော့ ငွေကြေးနှင့် ပတ်သက်၍ စိတ်ဝမ်းကွဲကြလေပြီ။ သို့သော် အပေါ်ယံအားဖြင့်တော့ ပေါင်းဆဲ။ ဝင်ထွက် သွားလာဆဲ။ မြရီက စိမ်းနောက် တကောက်ကောက် လိုက်ရင်း သူနှင့် အလှမ်းကွာခဲ့ပြီ ဖြစ်သော ဗိုလ်ချုပ်ဈေး ရှုခင်းကို ငေးမောလာရသည်။
ရွှေဆိုင်သူဌေးက စိမ်းကို သိဟောင်း ကျွမ်းဟောင်းများလို ပြုံးရွှင်စွာ ဆီးကြိုသည်။
“ထိုင်ပါ၊ ဘာအလို ရှိပါသလဲ”
စိမ်းက ဝင့်ဝင့်စားစားဖြင့် ရွှေချိန်ခွင်ရှေ့က ကုလားထိုင်မှာ စွေ့ခနဲ ဝင်ထိုင်လိုက်၏။ မြရီက နောက်နားမှ ခပ်ရို့ရို့။
“အဲဒါလေး ကြည့်ပေးစမ်းပါ၊ ဆယ့်ငါးတဲ့၊ တန်ရဲ့လားလို့”
ဆိုင်ရှင်က မှန်ဘီလူးငယ် ထုတ်ကာ မီးတိုင်အောက်မှာ ထိုးကြည့်သည်။ လှည့်ပတ် စစ်ဆေးသည်။ စိန်လော့ကက်သည် မီးရောင်အောက်မှာ အရောင် တဖျတ်ဖျတ် လက်နေ၏။
“မဆိုးဘူး တန်ပါတယ်၊ မများပါဘူး၊ ဝယ်မှာလား၊ ရောင်းမှာလား”
“ဝယ်ပြီးသားလေ၊ ဒါလေးတော့ ပြန်ထုတ်မလားလို့”
စိမ်းက လက်စွက် တစ်ကွင်းကို ထုတ်ပြပြန်သည်။ မြရီသည် အဖိုးတန် ပစ္စည်းတွေ အိတ်ထဲထည့်ပြီး ရဲရဲဝံ့ဝံ့ လျှောက်သွားနေသော စိမ်းကို အံ့ဩ၏။ တစ်ယောက်ယောက်ကများ နောက်က လိုက်ပြီး အလစ်သုတ် သွားမှဖြင့်ဟု တွေးပူလာသည်။
“ခြောက်ထောင်လောက်တော့ တန်ပါတယ်၊ ကိုယ်က ပြန်ရောင်းမယ် ဆိုရင်တော့ ရှစ်လောက် ကိုးလောက် စပြီးခေါ်ပေါ့”
ဆိုင်ရှင်က ကြည့်ရှုစစ်ဆေးပြီး ပြောသည်။ စိမ်းသည် သူ့ပစ္စည်းတွေကို ပိုက်ဆံအိတ် အတွင်းအိတ်ထဲ ပြန်ထည့်လေသည်။
“ခု ရွှေဈေးက ဘယ်ဈေးလဲ”
“လေးထောင့်သုံးရာ၊ ဘာဝယ်ဦးမလဲ၊ ကြည့်လေ”
“ဆွဲကြိုးလေး တစ်ကုံး အပ်ခဲ့မယ်”
“ဘယ်ပုံ ကြိုက်သလဲ၊ ကြည့်ပါ”
ဆိုင်ရှင်က ဆွဲကြိုးတွေ လေးငါးကုံး ထုတ်ပြသည်။
“မြရေ ဘယ်ပုံလေး ကောင်းသလဲ၊ ကြည့်ပါဦး”
စိမ်းက လှည့်မေးသဖြင့် မြရီသည် သူ့မျက်စိထဲမှာ တွေ့သော ကြိုးလေးကို စေတနာဖြင့် ရွေးချယ် ပေးလိုက်လေသည်။ စိမ်းသည် မြရီ ပြောသည့် ပုံအတိုင်း အပ်သည်။ ဘောက်ချာရေးပြီး စရန်ငွေ တစ်ထောင်ကို ထုတ်ပေးလိုက်၏။
“ကျွန်မက တစ်ရက် နှစ်ရက်နေရင် ပြန်မှာ၊ မီပါ့မလား၊ မမီရင်လဲ ရှေ့လထဲ လာမှ ရွေးမယ်”
“မီအောင် ကြိုးစားပေးပါ့မယ်၊ မမီလဲ နောက်လပေါ့”
စိမ်းတို့ နှစ်ယောက်သည် ရွှေဆိုင်မှ ထွက်လာခဲ့ကြ၏။ ပန်းချီ ပန်းပုဆိုင်များကို ကျောခိုင်းခဲ့သည်။ စိမ်းသည် အေရုံဘက်ကို လှည့်ဝင်သည်။ အဝင်အစပ်နားတွင် သင်္ဘောပစ္စည်းဟု ခေါ်ကြသော ဖိနပ်၊ သားရေအိတ်၊ ဘလောက်စ်တွေ ရောင်းသော ဆိုင်တွေရှိ၏။ စိမ်းသည် တစ်မိုက်ခန့် မြင့်သော ဖိနပ်တစ်ရန်ကို နှစ်ရာဖြင့် ဈေးဆစ်၍ ဝယ်လေသည်။
“ရန်ကုန်ရောက်မှ အင်္ကျီအပ်ရတယ်၊ အင်္ကျီ လေးငါးထည်တော့ ချုပ်သွားဦးမှ”
စိမ်းက ဘယ်နေရာမှာ ဘာရနိုင်သည်ကို သိပြီးသား။ မြရီက သူ့နောက်က တကောက်ကောက် လိုက်ရ၏။ စိမ်းက ဘီရုံ အင်္ကျီချုပ်ဆိုင်တွေကို ကျော်သွားသည်။ ဂါဝန်တွေရောင်းသော ဆိုင်ရှေ့မှာ မြရီက လှည့်ကြည့် လှည့်ကြည့် လုပ်နေသည်ကို မြင်သွားသည်။
“မြ ဘာလိုချင်လို့လဲ”
“သမီးဖို့ ဂါဝန် တစ်ထည်လောက် တယ်မလားလို့”
မြရီ ရပ်ကြည့်နေသော ဆိုင်မှာ ဂါဝန်တွေ အစီအရီ ချိတ်ထားသည်။ တစ်ဆိုင်လုံး ဂါဝန်အင်္ကျီတွေဖြင့် ပြည့်နေလေသည်။ သို့သော် စိမ်းက မြရီလက်ကို ခပ်တင်းတင်း ဆွဲခေါ်လိုက်သည်။
“လာပါ၊ ဂါဝန်ကောင်းကောင်း ရှိတဲ့ဆိုင် ကိုယ်ပြမယ်”
မြရီသည် ဖော့ရှန် ရောင်စုံလေးတွေဖြင့် မျက်စိပသာဒ ဖြစ်အောင် ချုပ်ထားသော ဂါဝန် ပုံဆန်းလေးတွေကို နောက်လှည့်ကြည့်ရင်း စိမ်းခေါ်ရာ နောက်သို့ ပါသွားရ ပြန်လေ၏။
စိမ်း ခေါ်သွားသည့် ဆိုင်ကိုရောက်တော့ မြရိ အံ့ဩရပြန်လေသည်။ စောစောက လှသည်ဟု ထင်ခဲ့သော အင်္ကျီလေးတွေနှင့် အသွေးအမွေးချင်းက တခြားစီပါလား။ စိမ်းပြသောဆိုင်မှာ ကလေးအင်္ကျီပုံစံ အမျိုးမျိုး အရွယ်ရွယ်အစားစားကို တွေ့ရ၏။
စိမ်းက မြရီ၏ သမီးအရွယ်နှင့် တော်မည့် အင်္ကျီလှလှလေး တစ်ထည်ကို ရွေးပေးနေသည်။
“အဲဒါ ဘယ်လောက်လဲ”
“တစ်ရာ့နှစ်ဆယ်ပါ”
ဈေးသည်က စိမ်းကို တလေးတစား ဖြေသည်။ နောက်ထပ် အင်္ကျီတွေကိုလည်း ဆွဲချပြသေးသည်။ မြရီက စိမ်းလက်ကို လှမ်းဆွဲရ၏။
“တော်ပြီ စိမ်း မပြခိုင်းနဲ့တော့”
မြရီသည် သမီးနှင့် လိုက်ဖက်မည့် ထိုအင်္ကျီလေးကို ငွေတစ်ရာ့နှစ်ဆယ် ပေး၍ မဝယ်နိုင်ပါ။
“နေပါဦး မြရဲ့၊ အိမ်က သမီးတွေအတွက်ပါ တစ်ထည် ဝယ်သွာမလို့၊ နှစ်ထည်ယူမယ်၊ တစ်ရာစီပဲ ထားနော်”
“အို နေ နေ စိမ်း၊ မြ နောက်မှ ဝယ်မယ်”
စိမ်းက မြရီကို လှည့်မကြည့်။ ဈေးသည်နှင့် အလျှော့အတင်း လုပ်နေရသည်။ နောက်ဆုံး တစ်ရာ့တစ်ဆယ်နှင့် ဈေးတည့်ကြသည်။
“မြ ဘယ်အရောင် ယူမလဲ၊ သမီးအတွက်တော့ အဝါလေး ယူမယ်”
“ဟင့်အင်း စိမ်းရယ်၊ မြက ဟိုဆိုင်က ဂါဝန်လေးပဲ ဝယ်မလားလို့”
ဈေးသည်က မြရီကို မျက်လုံးစွေ၍ ကြည့်လေပြီ။
“ယူပါ မြရဲ့၊ စိမ်းက လက်ဆောင် ဝယ်ပေးချင်လို့ပါ”
“အို နေပေစေ စိမ်းရယ်၊ စိမ်း ပေးတာတွေ များပြီ”
စိမ်းသည် ရာတန်နှစ်ရွက်နှင့် ဆယ်တန်နှစ်ရွက်ကို ခပ်သွက်သွက် ထုတ်ပေးကာ အင်္ကျီနှစ်ထည်ကို သူ့ဈေးဝယ်အိတ်ထဲ ထည့်လိုက်လေ၏။
မြရီမှာ စိမ်းကို အားနာလို့ မဆုံးနိုင်။ မြရီက စိမ်းနောက်သို့ အဖော်လိုက်ပါ ကူညီရခြင်းအတွက် တစ်စုံတစ်ရာ ရကောင်းစေဟု မမျှော်လင့်။ စိမ်းမှာ ယုံကြည်စိတ်ချရပြီး သူ့အပေါ် ဖြောင့်မတ်စွာ ဆက်ဆံမည့် အဖော်ကောင်းတစ်ယောက် လိုရှာပေမည်ဟု နှလုံးပိုက်ကာ လိုက်နေရခြင်း ဖြစ်၏။ မရွှေစိမ်းကတော့ ဘာကိုမျှ တွေးမနေ။ ရှေ့မှ ဦးဆောင်ကာ ရွေ့လျားနေ၏။ စိမ်း (မြရီ?) က သူ ကျွမ်းဝင်ခြင်း မရှိသည့် နေရာများကို လိုက်လံ မှတ်သားနေရသည်။
စီရုံ၏ ဗဟိုလမ်းမပေါ်မှာ ပါတိတ်လုံချည်ဆိုင်တွေ ရှိသည်။ ဆိုင်တိုင်းလိုလိုက စိမ်းကို အရေးတယူ ခေါ်ငင်ကြသည်။ စိမ်းက မြန်လည်းမြန် သွက်လည်းသွက်သည်။ ပါတိတ်လုံချည် နှစ်ထည်ကိုလည်း ကြိုက်ဈေးဆစ်၍ ဝယ်လိုက်သေးသည်။ ပြီးတော့ ဖော့ရှန်တွေရောင်းသော ဆိုင်ဘက်ချိုးကာ ပါတိတ်နှင့် လိုက်ဖက်သည့် ဖော့ရှန်တွေ ဝယ်သည်။
“မြကော တစ်စလောက် ဖြတ်ပါလား”
“ဟင့်အင်း၊ ဟင့်အင်း၊ နေပေစေ စိမ်း”
ကျောင်းစိမ်းနှင့် တွဲဝတ်ရသော အင်္ကျီအဖြူတွေ ဝါစပြုနေသည်ကို သတိရသော်လည်း စိမ်းနှင့်အတူ ဝယ်၍ မဖြစ်။ ပိုက်ဆံ ထုတ်ပေးလျှင် အားနာရဦးမည်။
စိမ်းသည် နှင်းဆီဘော်လီဆိုင်ဘက် ပြန်လှည့်ကာ ဘရာစီယာ နှစ်ထည်ဝယ်သည်။ ပြီးတော့ ခါးသေးဗိုက်ချပ်စေသည့် ကော့ဆက်ဘောင်းဘီ တစ်ထည် အပ်သည်။ စိမ်းလုပ်သမျှကို မြရီက အထူးအဆန်းသဖွယ် ငေးမောနေရသည်။ ပြီးတော့ နောက်ဘက်တန်း အပေါ်ထပ်ကို သွားကာ အင်္ကျီအပ်သည်။ စိမ်းက သူ့ခန္ဓာကိုယ်နှင့် မလိုက်အောင် ဖျတ်ဖျတ်လတ်လတ် နေသော်လည်း မြရီက မောလာသည်။
“မောပြီလား မြ၊ ကိုယ့်မှာလဲ ဒီတစ်ရက်ပဲ ဈေးလာနိုင်လို့ လုပ်ချင်တာလေးတွေ အပြတ်လုပ်နေရတာ၊ လာကွာ၊ အမောပြေနားရင်း တစ်ခုခု စားရအောင်၊ ကိုယ်လိုချင်တာတွေကတော့ မကုန်သေးဘူး”
“ရပါတယ် စိမ်းရယ်၊ စိမ်းလိုချင်တာတွေ စုံအောင်ဝယ်၊ မြကို အားမနာနဲ့”
အလုအယက် ခေါ်ငင်နေကြသော ရွှေရင်အေးဆိုင်တွေကို ဖြတ်ကာ လက်သုပ်နှင့် ဟင်းခါး ရောင်းသောဆိုင်မှာ ထိုင်ကြသည်။ မြရီက ဈေးကို တစ်ခါတစ်ရံလာလျှင် လမ်းဘေးမှ အသုပ်ဆိုင်မှာပဲ ဝင်ထိုင်တတ်သည်။ သည်?ကြီးထဲမှာ အသုပ်တစ်ပွဲ သုံးလေးကျပ်ပေးပြီး မစားနိုင်သည်မှာ ကြာပြီ။
“ဟော ကြည့်စမ်း စိမ်း၊ အမယ် မြရီကော ဘယ်လိုက ဘယ်လို အကြောင်းအပေါင်း သင့်လာကြသလဲ ဟင်”
ဟင်းခါးခွက်ကို လက်နှိုက်စဉ်မှာပင် နောက်က အသံကြား၍ လှည့်ကြည့်လိုက်ရာ ခင်ထားရီကို တွေ့လိုက်ရလေသည်။ ခင်ထားရီသည်လည်း မြရီတို့နှင့် အတန်းတူ။ သို့သော် ရန်ကုန်သူမို့ အဆောင်မှာ မနေ။ မြို့ထဲကနေ ကိုယ်ပိုင်ကားဖြင့် ကျောင်းတက်သူ ဖြစ်၏။ ယခုတော့ ကလေးတစ်ယောက်အမေ မုဆိုးမ။ လွန်ခဲ့သည့် တစ်နှစ်ခန့်က သူ့ယောက်ျား ဆုံးသွားသည်။ မြရီတို့တောင် အသုဘ လိုက်ပို့ရသေးသည်။ ငယ်ငယ်ရွယ်ရွယ်နှင့် မုဆိုးမ ဖြစ်ရသော ခင်ထားရီကို သနား၍ မြရီပင် မျက်ရည်မဆည်နိုင် ဖြစ်ခဲ့ရသေးသည်။ သူ့ယောက်ျားကလည်း ရာထူး အသင့်အတင့်ရှိသူ တစ်ယောက်ဆိုတော့ ခင်ထားရီတစ်ယောက် အတော်လေး အခြေအနေ ပျက်ရှာမှာပဲဟု ထင်ခဲ့မိ၏။ ယခုတော့ ခင်ထားရီကို ကြည့်ရသည်မှာ တောက်တောက်ပပ ပြောင်ပြောင်လက်လက် ပို၍ပင် လှနေ နုနေသေးတော့။
“ဟေး ခင်ထားရီ၊ မတွေ့ရတာ ကြာပါပကောကွာ၊ လာ သူငယ်ချင်း အသုပ်စားရအောင်”
ခင်ထားရီသည် မြရီဘေးက နေရာလွတ်မှာ ဝင်ထိုင်လိုက်သည်။ သူ့အမူအရာက စိမ်းနှင့် မြရီ နှစ်ယောက် တွဲလာသည်ကို ဘဝင်ကျပုံ မရ။ သည်နှစ်ယောက် ဘာဆိုင်လို့တုံးဟု ထင်ပုံရသည်။
စိမ်းက အသုပ်တစ်ပွဲ ထပ်မှာသည်။
“စိမ်းတို့ကတော့ လှလို့ ဝလို့ပါပဲလားကွာ၊ ခု ဘယ်မှာလဲဟင်၊ မန္တလေးမှာပဲလား”
ခင်ထားရီကသည် မြရီကိုကျော်၍ စိမ်းသို့ လောကွတ် လုပ်နေလေသည်။
“ဟုတ်တယ်၊ ရန်ကုန်ကိုလဲ မကြာမကြာ ရောက်ပါတယ်၊ မင်းကော ဘာလုပ်နေလဲ”
“ကိုယ်လား၊ ဗိုလ်ချုပ်ဈေးမှာ အမြဲရှိတယ်၊ အရောင်းအဝယ် ဆိုပါတော့ ဟင်း ဟင်း”
သူတို့ အချင်းချင်းတော့ ချက်ချင်း နားလည် သဘောပေါက်ဟန် ရှိ၏။
“ဒီလိုဆို ပြီးမှ မင်းကို ပစ္စည်းတစ်ခု ပြရဦးမယ်”
“ဟုတ်လား၊ ကိုယ်လဲ အလုပ်မဖြစ်တာနဲ့ အတော်ပဲ”
လက်သုပ်နှင့် ဟင်းခါးကို ခပ်မြန်မြန်ပင် စားလိုက်ကြရလေ၏။ ပြီးတော့ ခင်ထားရီ ခေါ်ရာနောက်သို့ လိုက်ကြရသည်။ စားသောက်ဆိုင်တန်းက ထွက်ပြီး စီရုံဘက်ကို ဖြတ်တော့ ဆေးပဒေသာဆိုင်ရှေ့မှာ လူတွေ ရှုပ်ရှက်ခတ်နေသည်ကို မြင်ရလေသည်။ မိုးတိုးမတ်တတ် စကားပြောသူက ပြော၊ ငုတ်တုတ်ထိုင်သူကာ ငိုင်သူက ငိုင်နှင့် လူတွေ ကြည့်ရသည်မှာလည်း တစ်စုံတစ်ခုကို တိုးတိုးတိတ်တိတ် ကြံစည်နေသလိုပင်။ ခင်ထားရီကို လှမ်းနှုတ်ဆက်သူက မရှား။ အလုပ်ဖြစ်မလားဆိုပြီး လိုက်မေးသူက မေး၏။ စိမ်းကိုလည်း စူးစူးဝါးဝါး ကြည့်သူက ကြည့်သည်။ ကျောက်ပွဲစားတွေဟု သိရသော်လည်း မြရီမှာ သူတို့ရှေ့ လမ်းလျှောက်ရတာကိုပင် ရှိုးတိုးရှန့်တန့် ဖြစ်ရလေသည်။
ခင်ထားရီက အလှကုန်နှင့် သားရေအိတ်လေး တချို့ ခပ်ကျဲကျဲ တင်ထားသော ဆိုင်တစ်ဆိုင်သို့ ခေါ်သွားသည်။ စိမ်း၏ ပစ္စည်းကို တောင်း၍ကြည့်၏။
“သူများ ရောင်းခိုင်းတာပါ ခင်ထားရီရယ်၊ ရောင်းထည် မဟုတ်ဘူး၊ အိမ်ထည်ပဲ၊ ပစ္စည်းသန့်ပါတယ်၊ သူတို့က ကားဝယ်မှာမို့လို့ ထုတ်ရောင်းတာ”
စိမ်းသည် စောစောကပင် ဈေးချောင်ချောင်နှင့်ရလို့ ဝယ်ထားတာဟု ပြောသော လက်စွပ်ကို ထုတ်ပြလိုက်လေသည်။ မြရီကို စိတ်မချ၍ စိမ်းက ခင်ထားရီ မသိအောင် လက်ကုတ်လိုက်သည်။ မြရီမှာ အလိုလိုနေရင်း မျက်နှာပူလာ၍ တစ်ဘက်လှည့်နေရ၏။
“သူတို့က ဘယ်လောက် လိုချင်တာလဲ စိမ်းရဲ့”
ခင်ထားရီက လက်စွပ်ကို လှည့်ပတ်ကြည့်ရှုပြီး မေး၏။
“လိုချင်တာတော့ ရှစ်လောက်ပဲ၊ ကိုယ့်ကိုယုံလို့ ပေးလိုက်တာ ကိုယ်လဲ ပွဲခ မယူပါဘူး စိတ်ချ၊ ခုနစ်ခွဲလောက် ရရင် ကိုယ် ထားခဲ့မယ်”
“ပစ္စည်းကတော့ မဆိုးပါဘူး စိမ်းရယ်၊ ခုနစ်ခွဲတော့ များတယ်။ စိမ်းလဲ သံသယရှင်းအောင် ကိုယ် ဈေးကွက် တင်ကြည့်ပေးမယ်”
ခင်ထားရီသည် သူ့သားရေအိတ်ထဲမှ မှန်ဘီလူးငယ်လေးကို ဆွဲထုတ်ပြီး လက်စွပ်ကို ကြည့်နေပြန်သည်။
“ကြည့်ချင်လဲ ကြည့်လေ၊ သိပ်ကြာလို့တော့ မဖြစ်ဘူး၊ ဝင်ဒါမီယာက ကိုယ့်အဒေါ် တစ်ယောက်က မှာထားလို့ သွားပြမလားလို့ စိတ်ကူးနေတာ”
“စိမ်း ဘယ်မှာ တည်းသလဲ”
“စခန်းသာမှာ”
“ခဏစောင့်နော် ကိုယ် အခု ပြန်လာမယ်”
ခင်ထားရီသည် စိမ်းတို့ကို ထားခဲ့ကာ ခပ်သုတ်သုတ် ထွက်သွား၏။ မြရီသည် သူတို့နှစ်ယောက်၏ ချိုသာသော စကားလေးတွေကို ပြန်တွေးနေမိသည်။ ဪ သည့်နောက်ကွယ်မှာ စီးပွါးရေး သဘောတွေ၊ အရှုံးအမြတ် သဘောတွေ များစွာ ပါနေတာပါပဲလား။ ထို့ကြောင့်လည်း စိမ်းက မည်သူ့ကိုမှ မယုံနိုင်တာ ဖြစ်ရမည်။ သူ့ အပေါင်းအသင်းတွေ အကြောင်းကို သူသာလျှင် အသိဆုံး ဖြစ်ပေလိမ့်မည်။
မြရီကတော့ ကျောင်းဆရာမ လုပ်နေသည့်တိုင် စကားကို သူတို့လောက် ချိုချိုသာသာ ညင်းညင်းသွဲ့သွဲ့ မပြောတတ်။ စာသင်ရာမှာလည်း ဆန္ဒနှင့် စေတနာကသာ ရှေ့ရောက်ပြီး ခုနစ်သံချီလိုက်ရမှ အားရတော့သည်။ တစ်ခါတစ်ရံတော့လည်း နှုတ်နဲ့ အလုပ်လုပ်ရပါကလားဟု ကောင်းစွာ စကားဆိုတတ်ဖို့ သုဂတောဂါထာကို ပုတီးစိပ်ပြီး နှလုံးသွင်းရလေသည်။
နာရီဝက်အကြာတွင် ခင်ထားရီ ပြန်ရောက်လာသည်။
“ကိုယ် ဈေးကွက်တင်ကြည့်တယ် စိမ်းရဲ့၊ အားလုံးက ခြောက်ပဲ ပေးနေကြတယ်၊ ရွှေဝတ်မုံက ဒေါ်သင်းကြည်ကတော့ သူ့သမီးလေးဝတ်ဖို့ ခြောက်ခွဲရရင် ယူထားလိုက်မယ်တဲ့”
“ခြောက်ခွဲတော့ နည်းတယ်ကွာ၊ ကိုယ်ကလဲ သူများကိစ္စ ဆောင်ရွက်ပေးရတာ၊ ခုနစ် ရအောင်လုပ်ပေး သူငယ်ချင်းရယ်”
“ကိုယ် သေသေချာချာ လိုက်မေးပြီးပြီ စိမ်းရဲ့၊ ကိုယ်တို့ဆီ ပစ္စည်းတစ်ခု ရောက်လာရင် ဈေးကွက် အရင် တင်ကြည့်လိုက်တာပဲ၊ ဈေးမရလို့ ပြန်သွားရတယ် ဆိုတာလဲ မရှိစေရဘူး၊ ခြောက်နဲ့ဖြတ်တာ မများပါဘူး စိမ်းရဲ့၊ ဒါက သူ့သမီးကိုယ်တိုင် ဝတ်မှာမို့ ခြောက်ခွဲပေးတာ၊ တင်ရောင်းရင် ခြောက်ပဲ ရမှာပဲ”
“အင်းလေ၊ ကိုယ်လဲ ဝင်ဒါမီယာအိမ် အချိန်မရလို့ မသွားတော့ပါဘူး၊ ခင်ထားရီလဲ စားရအောင် ထားခဲ့ပါတော့မယ်၊ ပွဲခကကော”
“ထုံးစံအတိုင်း နှစ်ကျပ်ပါပဲကွာ၊ ကိုယ်လဲ ဒီနေ့ တစ်နေ့လုံး ဒီတစ်ခုပဲ ဖြစ်သေးတာ”
“ဒီလိုဆိုလဲ လုပ်လိုက်လေ”
“ပွဲခက ဘယ်သူ ပေးရမှာလဲ”
မြရီက စိတ်ဝင်စားလာ၍ မေးမိသည်။
“စိမ်းက ပေးရမှာ၊ စိန်တွေ ရွှေတွေ ရောင်းရင် ရောင်းသူက ပေးရတယ်၊ အိမ်တွေ တိုက်တွေ ဝယ်ရင် ငှားရင် ဝယ်သူက ပေးရတယ်”
“တစ်ရာကို နှစ်ကျပ်လား”
“ဟုတ်တယ်၊ စိမ်းက ခင်ထားရီကို ပွဲခ တစ်ရာ့သုံးဆယ် ပေးရမယ်၊ ဒါပေမယ့် သူများဝယ်တယ် ဆိုတာလဲ ဟုတ်ချင်မှ ဟုတ်မှာပါ၊ ဒီကောင်မ တစ်ဘက်လှည့် ဆွဲထားတာ ဖြစ်ရမယ်”
မြရီသည် အံ့ဩနေ၏။ ခင်ထားရီမှာ မုဆိုးမ ဆိုသော်လည်း တစ်နေ့တည်းမှာ ငွေတစ်ရာ့သုံးဆယ်တောင် ဝင်သွားပါကလားဟု တွေးခဲ့၏။
“ဒါဆိုလည်း ဘာလို့ ရောင်းခဲ့သလဲ စိမ်းရယ်၊ ဝင်ဒါမီယာမှာပဲ သွားရောင်းလိုက်ပါလား ခုနစ်တောင် ရချင်ရမှာ”
စိမ်းက ခပ်အုပ်အုပ်လေး ရယ်လိုက်လေသည်။ မြရီ ပခုံးကိုလည်း လှမ်းဖက်သည်။
“ဒါကြောင့် ကိုယ် မြရီကို ချစ်တာ။ ဒီမှာ ဝင်ဒါမီယာမှာ ဘယ်က အဒေါ်မှလဲ မရှိဘူး၊ ဘာလက်စွပ်မှလဲ မှာမထားဘူး၊ ဒါကို မြသာ မသိရှိရမယ်၊ ခင်ထားရီက သိလိုက်သမှ နောလို့၊ ဒါကြောင့် ခြောက်ခွဲနဲ့ တင်ထားတာပေါ့၊ ကိုယ်ကလဲ ဒီပစ္စည်းကို ငါးထောင်နဲ့ အချောင်ရထားတာ၊ မရောင်းနိုင်စရာ ဘာရှိလဲ မြရယ်၊ အိမ်ပြန်ဖို့ မလောပါနဲ့ဦး၊ မင်းရဲ့ မောင်တော်ဘုရားက ကိုယ်နဲ့သွားရင် စိတ်ချပြီးသားပါ၊ ကိုယ်တို့ ဗိုလ်ချုပ်ဈေးကို နောက်ထပ် နှစ်ပတ် သုံးပတ် ပတ်ဖို့ရနေပြီကွ ဟား ဟား၊ မင်းကော ဘာလိုချင်သလဲ ပြော”
“အို နေပါစေ စိမ်းရယ်၊ စိမ်း အမြတ်ရတယ်ဆိုလို့ ကိုယ် ဝမ်းသာလိုက်တာ”
ခင်ထားရီသည် ပိုက်ဆံအိတ်ပိုက်ကာ ပြန်ရောက်လာပြီး စိမ်းကို ရာတန် ၆၅ ရွက် ထုတ်ပေးလေသည်။ မြရီ အံ့ဩရပြန်သည်။ သည်ရာတန်တွေကို စောစောက ခင်ထားရီ မှန်ဘီလူးလေး ထုတ်သဉ်က မြင်လိုက်ရသည်ပဲ။ ဒါကို စိမ်းလည်း မမြင်ဘဲ နေမည်မဟုတ်။ သို့သော် စိမ်းသည် အပြုံးမပျက်ပင် ခင်ထားရီအတွက် ပွဲခကို ထုတ်ပေးပြီး တစ်ယောက်နှင့် တစ်ယောက် ဖက်လှဲတကင်း နှုတ်ဆက်ကာ လမ်းခွဲခဲ့ကြလေ၏။
မြရီသည် ဗိုလ်ချုက်ဈေးကြီး အကြောင်းကို နည်းနည်းပါးပါး ရိပ်စားမိလာ၏။ စိမ်းနာက်က တကောက်ကောက် လိုက်ရပြန်သည်။ စိမ်းက အေရုံ အလှကုန်တန်းကို ဝင်သည်။ သူဝယ်နေကျ ဆိုင်ကိုသွားသည်။ ခြောက်ပေပတ်လည်ခန့် ရှိမည်ထင်ရသော ဆိုင်ခန်းလေးထဲမှာ တန်ဖိုးအားဖြင့် မခန့်မှန်းနိုင်သော အဖိုးတန် ပစ္စည်း သေးသေးလေးတွေ ပြည့်နေလေသည်။
“အစ်မကြီး မလာတာ ကြာပြီနော်၊ ရေမွှေး အကောင်းစားတွေလဲ ထပ်ရောက်တယ်၊ အစ်မကြီး မှာထားတဲ့ ပင်ကရို ၂၇ လဲ ရပြီ”
“ဟုတ်လား၊ ဘယ်ဈေးလဲ”
“လေးရာ အစ်မရဲ့၊ အစ်မ လိုချင်တယ်ဆိုလို့ ချန်ထားတာ”
မြရီ ငေးမောရပြန်သည်။ ကျောင်းတုန်းက ပင်ကရိုမိတ်ကပ်ကို သုံးဖူးသည်။ ယခုတော့ သနပ်ခါးနှင့်ပဲ မိတ်ဖွဲ့ပြီး ပွဲလေးလမ်းလေးရှိလျှင် ဟန်းနီး ကရင်မ်ပတ်လေး ဖို့ရ၏။ မိတ်ကပ် တစ်တောင့်ကို လေးရာဆိုတော့ မြရီလခ တစ်လခထက် ကျော်နေသည်။
“မများလွန်းဘူးလားဟယ်၊ အရင် သုံးရာ့ငါးဆယ်ပဲ ရှိပါတယ်”
“နံပါတ် ၂၇ က သိပ်ရှားတယ် အစ်မရဲ့၊ ကုမ္ပဏီကလဲ နောက်ထပ် မထုတ်တော့ဘူး”
“သုံးပြီးသားတော့ မဟုတ်ပါဘူးနော်”
“မဟုတ်ပါဘူး၊ ဘူး အသစ်ပါ၊ ရော့ ကြည့်လေ အစ်မ၊ ဪ အန်တီ ဘာယူမလဲ လာလေ၊ ဟောဒီက အစ်မကြီး နည်းနည်းလောက် ဖယ်ပေးပါနော်”
နောက်က ဈေးဝယ်သူအသစ် ရောက်လာ၍ မြရီကို ဖယ်ခိုင်းနေပါလားဟု သိရကာ စိတ်ထဲက အောင့်သက်သက်ဖြင့် ကိုယ်ကို ရို့ပေးလိုက်ရသည်။ အေးလေ ဈေးသည်ဆိုတော့ တကယ်ဝယ်မည့်သူကို လက်လွတ်သွားမှာ စိုးရှာမှာပဲဟု ခွင့်လွှတ်လိုက်သည်။ ကျောင်းဆရာမ တစ်ယောက်နှင့် ငွေကြေးပြည့်စုံသူ တစ်ယောက်၏ တန်ဖိုးကို သည်လိုနေရာမှာ ယှဉ်နေလို့လည်း ရမည်မဟုတ်ပေ။ သည်နေရာသည် ဗိုလ်ချုပ်ဈေးတည်း။
“သုံးရာ့ငါးဆယ် ထားကွာ”
“ဟာ မလုပ်ပါနဲ့ အစ်မရာ၊ ကြည့်လေ အန်တီ ဘာယူမလဲ”
ဈေးသည်သည် နှစ်ဖက်ခွ၍ ဂရုစိုက်နေရ ရှာလေသည်။
“လုပ်မနေနဲ့ သုံးရာ့ငါးဆယ်ပဲ ပေးမယ်၊ ဟိုဘက်က မီကိုလိုင်နာလဲ ပေးဦး”
“ယာ့ဒလီပေါင်ဒါ ဘယ်လောက်လဲကွယ့်”
တစ်ဖက်က ဝယ်သူ၏ အသံ။
“အစ်မ လိုချင် အစိတ်တော့ တိုးပေး အစ်မရယ်၊ မီကိုက ၄၅ ကျပ်ပါ၊ ယူလေ အန်တီ ၆၅ ကျပ်”
မြရီသည် ဈေးသည်ကိုကြည့်ပြီး ခေါင်းထဲမှာ မူးနောက်နောက် ဖြစ်လာသည်။ စိမ်းကတော့ မိတ်ကပ်ဘူးကို သေသေချာချာ စစ်ဆေးကြည့်ရှုနေသည်။
“အင်းလေ တစ်ဘူးဆိုလဲ လိမ်းရောပဲ၊ အရင်ဘူးက သားကဆော့ပြီး ညှစ်ထုတ်လိုက်လို့ မြရေ”
စိမ်းက သွားတိုက်ဆေးဘူး အငယ်စားခန့်ရှိသော မိတ်ကပ်ဘူးကို ယူရင်း ငွေသုံးရာခုနစ်ဆယ့်ငါးကျပ် ထုတ်ပေးသည်။ နောက်ထပ် လိုင်နာဘူးတွေ၊ နှုတ်ခမ်းဆိုးဆေးဘူးတွေ ပြခိုင်းသည်။ ဟိုအန်တီကြီးကတော့ ကိုယ်လိမ်းပေါင်ဒါဘူးကို ဈေးမတည့်၍ မဝယ်ဘဲ ပြန်လှည့်သွားသည်။
စိမ်းဝယ်သည့် တစ်ကိုယ်တော် အလှပစ္စည်းတန်ဖိုးက ခြောက်ရာခန့် ရှိလေသည်။
“မြ မောနေပြီလားဟင်”
“ကိစ္စမရှိပါဘူး စိမ်းရယ်၊ လိုချင်တာ စုံအောင်သာ ဝယ်ပါ၊ ကိုယ့်ကို အားမနာပါနဲ့”
“သားရေအိတ်လေး တစ်အိတ်လောက် ဝယ်ချင်သေးတယ်”
“ဝယ်လေ စိမ်း”
မနက် ၁၀ နာရီလောက်ကတည်းက ဈေးကို ပတ်နေသည်မှာ ယခု ၁၂ ထိုးပြီ။ စိမ်းက နောက်ရက်တွေမှာ ဈေးလာဖို့ အချိန်မရှိတော့သည် ဖြစ်၍ လိုသမျှ ကျုံးဝယ်နေသည်။ သူပြောသလို ငွေထောင့်ငါးရာကလည်း အမြတ် ထွက်နေပြီဆိုတော့ ပို၍ ဝယ်အား ရှိနေ၏။
စိမ်းက အချက်အချာကျသော သားရေအိတ်ဆိုင် သုံးလေးဆိုင်ကို လှည့်၍ ကြည့်ရှုစုံစမ်းလိုက်သေး၏။ ဘယ်ဟာက မြန်မာဖြစ်အိတ်၊ ဘယ်ဟာက နိုင်ငံခြားအိတ် ဆိုတာကို တန်းခနဲသိသည်။ ဈေးစနည်းနာပြီးမှ အေရုံထဲက သားရေအိတ်ဆိုင်ကို ပြန်ဝင်သည်။
“အဲဒီအိတ် ဘယ်လောက်လဲ”
“သုံးရာပါ”
မြရီလည်း သည်သားရေအိတ်မျိုးကို မျက်စိကျနေသည်မှာ ကြာပြီ။ သူများတွေ ကိုင်ထားတာ မြင်တော့ ခန့်လိုက်တာဟု အောက်မေ့မိသည်။ ကျောင်းက ဆရာမများပြောပြ၍ အနည်းဆုံး သုံးရာပတ်ဝန်းကျင်မှာ ရှိသည်ဟုလည်း သိထားပြီးဖြစ်သည်။ စိမ်း ကိုင်ကြည့်တာ မြင်တော့လည်း သဘောကျမိ၏။ သို့သော် စိမ်းရှေ့မှာ လိုချင်ကြောင်းပြလျှင် မသင့်ဟု ယူဆကာ ဘာမျှမပြောဘဲနေသည်။
“နှစ်ရာ့ငါးဆယ် ထားပါ၊ ဈေးကျနေပြီပဲ”
“တစ်လောက ကျတာ မှန်တယ် အစ်မရေ၊ ခု ပြန်တက်နေတာ သုံးရာ့နှစ်ဆယ်တောင် ဖြစ်သွားသေးတယ်၊ အစ်မမို့လို့ ပိုမပြောတော့တာ”
တခြားဆိုင်တွေမှာလည်း ဈေးမေးပြီးသားမို့ စိမ်းသည် ထပ်ဆစ်မနေတော့ဘဲ ငွေသုံးရာ ထုတ်ပေးလိုက်လေသည်။
“တခြားအိတ်တွေကော ကြည့်ပါဦးလား အစ်မ”
ဈေးသည်က စေတနာပိုနေပြန်သည်။
“မြကော ပိုက်ဆံအိတ်လေး တစ်အိတ်လောက် ယူပါဦးလား”
မြရီက အလျင်အမြန် ခေါင်းခါပြလိုက်မိ၏။ အပွင့်လေးတွေနှင့် ဇစ်ဆွဲအိတ်လေးကို ကြည့်ရင်း ဒါလေးဆိုရင်တော့ ဖောင်တိန်တွေ မျက်မှန်တွေလည်း ထည့်လို့ရ၊ လခထုတ်တဲ့နေ့ဆိုလည်း ပိုက်ဆံများများထည့်လို့ အတော်ပဲနေမှာဟု တွေးနေမိသည်ကို သတိရကာ ရှက်သွားမိသည်။
“တစ်ခုလောက် ယူစမ်းပါ မြရယ်၊ စိမ်းမှာ မြ အဖော်ပါလာလို့ အလုပ်ဖြစ်တာ၊ တစ်ခုလောက်တော့ အမှတ်တရ ဝယ်ပေးချင်တယ်ကွာ၊ ယူစမ်းပါ၊ ဒီအိတ်လေး မြ ကြိုက်သလား”
စိမ်းသည် မြရီ စိတ်ထဲက မှန်းနေသော အိတ်လေးကို ဆိုက်ဆိုက်မြိုက်မြိုက် လှမ်းဆွဲလိုက်လေသည်။
“တော်ပါတော့ စိမ်းရယ်၊ စိမ်း ပေးတာတွေက များပြီ၊ မြမှာ ပိုက်ဆံအိတ် ရှိပါတယ်”
တကယ်တော့ မြရီကိုင်ထားသည့် အိတ်လေးက လမ်းဘေးမှာ ၁၀ နှင့် ပုံရောင်းသော ယိုးဒယားအိတ်လေးမျှသာ ဖြစ်သည်။
“ဒီတစ်ခုတည်းပါကွာ၊ ပေးချင်လွန်းလို့ပါ၊ ဒါ ဘယ်လောက်လဲ”
စိမ်းသည် ဈေးသည်ဘက် လှည့်မေးသည်။
“ရောင်းဈေးပဲ ပြောလိုက်မယ် အစ်မ၊ ၈၅ ကျပ်”
အိတ်ကလေးသေးသေးကို ၈၅ ကျပ်ဆို၍ မြရီ လန့်သွားသည်။ သူ့မှာပါသည့် ရာတန် တစ်ရွက်ကို ထုတ်ပေးမည်ပြုပြီးမှ လက်တွန့်သွားသည်။
သို့သော် စိမ်းက ဈေးမဆစ်တော့ဘဲ ခပ်သွက်သွက် ထုတ်ပေးလိုက်သည်။
“အားနာလိုက်တာ စိမ်းရယ်”
“သူငယ်ချင်းချင်း အားနာစရာစကား မပြောပါနဲ့ကွာ၊ ကိုယ် ရန်ကုန်လာတိုင်း မြကိုချည်းပဲ ဒုက္ခပေးနေရတာ၊ မြမှာ ကျောင်းပိတ်ရက်လေး တစ်ရက်တလေ အားတာ အိမ်မှာ နေချင်မယ်ဆိုတာ သိတာပေါ့၊ လျှော်စရာ ချုပ်စရာတွေ ပစ်ထားခဲ့ရတယ် ဆိုတာလဲ သိတာပဲ၊ ဒါပေမယ့် ကိုယ်တစ်ယောက်တည်းလဲ ခုလို လျှောက်မသွားချင်ဘူးလေ၊ တခြား သူငယ်ချင်းတွေကလဲ မြ သိတဲ့အတိုင်းပဲ၊ ကိုယ့်ထက် လည်တဲ့သူချည်းပဲ၊ ဟင်း ဟင်း”
“စိမ်း သုံးနိုင်စွဲနိုင်တာကို မြ ဝမ်းသာပါတယ်။ ဒါပေမယ့် မများလွန်းဘူးလား စိမ်းရယ်”
“တစ်ခါတလေပါ မြရာ၊ ကိုယ်ရှာတာ ကိုယ် သုံးပစ်တာပဲ။ ကိုမောင်မောင်ဦးက အိမ်အတွက် တာဝန်ယူထားတာပဲ၊ ကိုယ် မပူရတော့ဘူး”
တကယ်တော့လည်း မြရီကသာ ပူပင်နေပေမယ့် စိမ်းမှာ သူပြောသလိုပင် ပြည့်စုံပြီးသား ဖြစ်၏။ မန္တလေးမြို့ပေါ်မှာ တိုက်ကြီးတာကြီးနှင့်။ ကိုမောင်မောင်ဦးကလည်း အထက်မြန်မာပြည် တစ်ခုလုံးကို အခြေပြုကာ အရောင်းအဝယ် လုပ်သည်။ မိဘလက်ထက်ကတည်းက ချမ်းသာသူများမို့ အထူး ရုန်းကန်စရာလည်း မရှိ။
“စိမ်း ဘာလိုချင်သေးလဲ ကြည့်နော်၊ မြကို အားမနာနဲ့”
ညနေ သုံးနာရီထိုးပြီမို့ မောင်နှင့် ကလေးတွေတော့ မျှော်မှာပဲဟု တွေးမိသည်။ ထမင်းတစ်လုံးကိုတော့ လျှပ်စစ်နှင့်ချက်ရသည်မို့ မောင် ချက်ထားလိမ့်မည်။ ဟင်းချက်စရာ တစ်ခုခုတော့ ဝယ်သွားချင်သည်။ သားငါးနှင့် ဟင်းသီးဟင်းရွက်တွေ ရောင်းသောဘက်ကို နောက်ဆုံးမှဝင်မည်ဟု စိတ်ကူးသည်။
“ဈေးသစ်ဘက် ခဏ သွားမလားလို့”
“သွားလေ စိမ်း”
စိမ်း၏ ပစ္စည်းတွေကို ဝိုင်းကူကိုင်ရင်း ဈေးသစ်ဘက် ကူးကြရ၏။
ဈေးသစ်မှာ လင်းလင်းချင်းချင်းရှိ၍ ဗိုလ်ချုပ်ဈေးထက် ပိုပြီး လျှောက်လို့ကောင်းသည်။ ဗိုလ်ချုပ်ဈေးမှာ မီးမလာသည့်ရက်က များ၍ အင်္ကျီစဝယ်လျှင် လိုချင်သည့်အရောင် မရတတ်။ စိမ်းသည် ဈေးသစ်မှာလည်း ကျွမ်းကျင်စွာ လှည့်ပတ်သွားလာ၏။ မိန်းလမ်းဘက်ကို တိုက်ရိုက်ကူးပြီး စိတ်ကြိုက်လုံချည် သုံးလေးထည် ဝယ်သည်။ ပြီးတော့ အင်္ကျီစ ထပ်ရှာရပြန်သည်။
ဈေးသစ်ကထွက်တော့ စိမ်းကိုယ်တိုင်လည်း ခြေကုန်နေပြီ။ မြရီလည်း ဟင်းချက်စရာဝယ်ဖို့ စိတ်မကူးတော့ဘဲ အိမ်ရောက်မှ ဖြစ်သလို စီမံတော့မည်ဟု ဆုံးဖြတ်လိုက်၏။
“ကိုယ့်ပစ္စည်းတွေကို စခန်းသာမှာ အရင်ဝင်ထားမယ်၊ ပြီးမှ မြကို လိုက်ပို့ပေးမယ်လေ”
“နေပါစေ စိမ်း၊ စိမ်းကို လိုက်ပို့ပြီး ကိုယ့်ဘာသာ ပြန်ပါ့မယ်”
“အို မြတစ်ယောက်တည်း ဖြစ်ပါ့မလား”
“ကိုယ် တစ်ယောက်တည်း သွားနေကျပါ စိမ်းရယ်၊ ကိုယ့်ပုံက ရိုးတာကြီးဆိုတော့ ဘယ်သူကမှလဲ စိတ်မဝင်စားဘူး၊ စိတ်ချ”
စိမ်းသည် လေးဘီးတစ်စင်းကို မြရီပြန်မည့် ကြည့်မြင်တိုင်အထိ ဈေးပြောကာ ငှားလေသည်။ သူ့ကို စခန်းသာ ဟိုတယ်မှာ အရင်ချပေးရသည်။
“ကိုယ်တို့ သန်ဘက်ခါ ပြန်မယ်၊ ကိုယ်အပ်ထားတဲ့ ဆွဲကြိုးလေးရယ်၊ အင်္ကျီတွေရယ် ရွေးပေးထားစမ်းပါကွာ၊ ပြီးတော့ နောက်ထပ်ဝယ်တဲ့ အစတွေကို ထပ်အပ်ပေးထားပါ၊ ဆိုင်က ကိုယ့်ကိုယ်တိုင်းကို သိတယ်နော်”
စိမ်းက ကားပေါ်မှာပင် သူ့ကိစ္စများအတွက် ကုန်ကျမည့်ငွေကို မြရီလက်ထဲ အပ်ထားခဲ့သည်။
“ကိုယ် လုပ်ထားလိုက်ပါ့မယ်၊ စိမ်း နောက်တစ်ခေါက် ဘယ်တော့လာမှာလဲ”
“တစ်လလောက်တော့ ကြာလိမ့်မယ်၊ ကိုမောင်မောင်ဦးကတော့ မကြာမကြာ ရောက်ပါတယ်၊ မြကြိုက်တဲ့ ဝက်အူချောင်းလဲ ပေးလိုက်ဦးမယ်၊ ဒါပေမယ့် ကိုမောင်မောင်ဦးလာရင် ကိုယ်ရောင်းတာ ဝယ်တာတွေ မသိစေနဲ့နော်၊ ကိုယ့်ပစ္စည်းတွေလဲ သူ့ကိုမပေးလိုက်နဲ့”
“စိတ်ချပါ”
စိမ်းသည် စခန်းသာ ဟိုတယ်ရှေ့မှာ ဆင်းနေရစ်သည်။ မြရီ တစ်ယောက်တည်း ကြည့်မြင်တိုင်ကို ဆက်စီးလာခဲ့ရ၏။
အိမ်ရောက်တော့ မှောင်စ ပျိုးလေပြီ။
မောင်နှင့် ကလေးများသည် မြရီကို လည်ပင်းဆန့်၍ မျှော်နေကြသည်။ မောင်က ထမင်းတစ်လုံးချက်ကာ ဟင်းကျန်လေးများနှင့် ငါးပိရည်ကို အားကိုးကာ စားသောက်ပြီးကြလေပြီ။
“မြတို့ ဘယ်တွေ သွားနေကြသလဲ”
“မပြောနဲ့တော့ မောင်ရေ၊ ဗိုလ်ချုပ်ဈေး တစ်ဈေးလုံး ပြဲပြဲစင်နေတာပဲ၊ အဲဒါနဲ့တင် တစ်နေကုန်တာ”
“ဗိုလ်ချုပ်ဈေးထဲတင် တစ်နေကုန်ရအောင် ဘာတွေများ ဒီလောက် ဝယ်နေလို့လဲ မြရဲ့”
“တစ်ဈေးလုံး ကုန်မတတ်ပဲ မောင်၊ ဒီမှာ သမီးဖို့တောင် ဂါဝန်တစ်ထည် ဝယ်ပေးလိုက်သေးတယ်၊ တစ်ရာ့တစ်ဆယ်တောင် ပေးရတယ် မောင်ရဲ့”
သမီးငယ်သည် ဝမ်းသာအားရ ထခုန်လေတော့သည်။
“အဲဒီ အန်တီစိမ်းက သိပ်လှတာပဲနော် မေမေ၊ မေမေနဲ့ သူငယ်ချင်းသာ ဆိုတယ် ငယ်ငယ်လေးလိုပဲ”
“အမယ်လေး၊ ညည်းက ဂါဝန်ရတာနဲ့ ဖားနေလိုက်တာ”
မြရီသည် ဈေးထဲ လျှောက်ခဲ့ရသည်မှာ ပင်ပန်းလွန်းသဖြင့် ထမင်းလည်း မစားနိုင်တော့။ ခြေကုန်လက်ပန်းကျကာ ပစ်လှဲလိုက်မိသည်။ မနက်ဖြန် တနင်္ဂနွေနေ့မို့ တော်ပါသေးရဲ့။
စနေ ဗိုလ်ချုပ်ဈေးရှုခင်းသည် မြရီအိပ်မက်ထဲမှာ အရောင်တွေ ပြိုးပြက်နေလေ၏။
*******
( ဇာတ်သိမ်းပိုင်းဆက်ရန်) 👇👇👇
No comments:
Post a Comment