Monday, 6 May 2019

ဓနုဖြူတွင် ( ဇာတ်သိမ်း)

#ဓနုဖြူတွင်


( ဇာတ်သိမ်း)


#ချစ်ဦးညို 


“ထိုးဝါးတွေ ... ထိုးဝါးတွေ -  ဟေ့”


အရာအထောင်သော ထိုးဝါးတံများ အရှုပ်အရှုပ် အထွေးထွေး ဖြစ်နေကြသည်။ သူတို့ ထိုးဝါးထောက်၍ ထိန်းရန် ကြိုးစား နေကြချေသည်။


“ရေနက်သဗျို့ - ထိုးဝါး မမီဘူး ..."

“ဟုတ်တယ်ဗျို့၊ ထိုးဝါးထောက် မရဘူး ...”

“ခတ်တက်သမားတွေ၊ ခတ်ပြီး ထိန်းကြစမ်းဟေ့"

“မရဘူး ... ခတ်လို့ မရဘူး၊ လှေမပါဘူးဗျ”

“ခတ်လို့ မပါဘူး။ ကလိုင်ကြီးတွေကြောင့် လှေလည်နေပြီဗျ”


ရေကြောင်း ကမ္ဘာပျက်သွားပြီးလား ထင်ရသည်။ ဗြောင်းဗြောင်းဗြင်းဗြင်း မိုးသံများသည် ကမ္ဘာပျက် ကြွေးကြော်သံကြီးပင် ဖြစ်ပေမည်။


“ဝဲဝိုက်ကလိုင် ... ဝဲဝိုက်ကလိုင် ... အင်း ... မနိုင်ခိုင်းမက်၊ ပဲ့တက်မစား၊ ထိုးဝါးမမီ၊ ခတ်ချီမပါ၊ ရေကြီးရာတွင် ...”


မြစ်ရေပြင်သည် ဖူးဖူးရောင် ထလာချေပြီ။


တပ်တော်ကြီး၏ လှေများလည်း ဦးပဲ့နံချင်း အထွေးထွေး အယှက်ယှက် ဖြစ်ကုန်ကြပြီ။ ထိုးဝါး ခတ်တက် ... ပဲ့တက် ... အားလုံး အချည်းနှီး ဖြစ်သွားကြပြီ။ အချို့ လှေများကား ပြောင်းပြန် လည်ထွက်ကာ၊ ကမ်းကို ပဲ့ပိုင်းဖြင့် ထိုးဆိုက် နေကြသည်။ ဦးပိုင်းကာ မြစ်ပြင်ဘက်။


“ငသံဒုတ် ... ငသံဒုတ်” 

“ကျုပ် ဒီမှာဗျို့၊ ပဲ့နင်း” 

“သံချိတ်တွေ ထုတ်တော့ဟေ့” 

“ထုတ်ထားပြီးပြီဗျို့” 


ဝုန်းကနဲ အသံတသံနှင့် အတူ ကျွန်ုပ်ရှေ့မှ လူရိပ်တခု ဖြတ်သွားကာ ရေထဲ ကျသွားသည် ငသံဒုတ်။


သင်း - လွင့်ကျသွားပြီဟု ထင်ကာ ရင်ထဲမှာ ထိတ်သွားသည်။ 


သို့သော် ငသံဒုတ်သည် ရေထဲတွင် ပြန်ပေါ်လာသည်။ သူ့လည်ပင်းတွင် အုန်းဆံကြိုးခွေ။ သူ့လက်ထဲတွင် သံချိတ်၊ ဪ ... သံချိတ်နှင့် ကုတ်ဖို့ပေကိုး၊ သူ့နောက်မှ လှေတပ်သား နှစ်ယောက် သုံးယောက် သံချိတ်များ ကိုယ်စီဖြင့် ရေထဲသို့ တဝုန်ဝုန်း ခုန်ချ သွားကြသည်။ အခြား လှေများလည်း ထိုအတိုင်း။ လှိုင်းထန်နေသော မြစ်ရေထဲတွင် သံချိတ် ကိုယ်စီဖြင့် လှေတော်သား ရဲမက်များ မြုတ်ချည် ပေါ်ချည်။


“ဝဲတွေကို သတိထားကြပော့နော်”


မိုးမုန်တိုင်းသံကို ကျော်လွန်တိုင်အောင် ငသံဒုတ် အသံကုန် အော်နေသည်။ စူးစူးဝါးဝါး သူ့အသံကား မုန်တိုင်းသံကို ဖောက်၍ ပေါ်လာပေသည်။


“ကမ်းဘက် ကူးကြပော့ ..."


ကြက်သီးမွေးညင်း ထဖွယ် မြင်ကွင်းပေတည်း။


ကြိုးကို လည်မှာပတ်၊ သံချိတ်ကို လက်တဘက်ဖြင့် ကိုင်မြှောက်၊ ကျန်လက်တဘက်ဖြင့် ကူးခတ် နေကြသော ရဲမက်တို့သည် လှိုင်းလုံး ဝဲကတော့နှင့် ကလိုင်ကြီးများးကို ပကတိ ရဲဝံ့စွာ တိုက်ပွဲ ဝင်နေကြချေသည်။


ခံတွင်းကို ဟလျက် ရှေ့မှဆီးကြို နောက်မှလိုက်လံ၊ ဘေးမှပူးညှပ် လာကြသည့် ဝဲကတော့ကြီးများကို ရဲမက်တို့သည် လွတ်အောင်ရှောင်လျက် ကမ်းဆီသို့သာ အရအမိ ကူးခတ်နေကြ တော့သည်။


“ငသံဒုတ် နောက်မှာ ... နောက်မှာ ...”


ကျွန်ုပ် သံကုန် အော်မိသည်။


ငသံဒုတ်၏ နောက်တွင် ဝဲကြီးတခု ပေါ်လာသည်။ ကျွန်ုပ် အော်သံကို ကြားသလား မသိ။ ဝဲကြီး သူ့နှင့် လက်တဖောင်စာ အရောက်တွင် သူ ရေထဲသို့ ငုတ်သွားသည်။ သူ ငုတ်သွားရာနေရာတွင် ဝဲကြီးသည် တဒီးဒီး လည်ပတ်သွားသည်။ ထို့နောက် ကတော့ချွန်စောက် အနက်ကြီး လျှောက်သွားကာ လှိုင်းလိပ်များ ပလုံထိုး ထသွားသည်။ ငသံဒုတ်ကား ဘေးဘက် ခပ်လှမ်းလှမ်းတွင် ဘွားကနဲ ပေါ်လာလေသည်။ ရက်စက်သော ဝဲကြီး၏ ခံတွင်းမှ သူ လွတ်ကင်းသွားပြီ။


ကမ်းအနီးသို့ ရဲမက်များ ရောက်သွားကြသည်။


“ကိုင်းပင်တွေဆီကို ပစ်ပော့၊ ကမ်းပေါ် ရောက်တဲ့ လူကလဲ ကိုင်းပင်တွေမှာ မြဲမြဲချည်စမ်း” 

“ငလုံး ... ကြိုးလှမ်းပစ် ပေးလိုက် ...”

“သံချိတ်ကို မိအောင်ဖမ်းဟေ့ ... ရောင်းရင်း ...”


ကမ်းမှာ အပြိုင်းအရိုင်း ပေါက်နေသည့် ကိုင်းပင်များးတွင် သူတို့ကြိုးများ ချည်ကြသည်။ သံချိတ်ဖြင့် မြေပေါ်သို့ ပေါက်ကာ တုပ်ဆွဲကြသည်။ ထိုအချိန်မှာပင် တာရိုးလေး တခုစာလောက် ရှိသော လှိုင်းကြီးတလုံး မြစ်ပြင်ဆီမှ တဟဲဟဲ အော်မြည်ကာ ထိုးဝင်လာသည်။ လှိုင်းလုံးကြီးသည် ဦးစွာ လှေများကို ကျောကုန်းပေါ်တွင် မြှောက်တင် ပုတ်ခတ် လိုက်ပြီးနောက် ကမ်းစပ်ဆီသို့ အရှိန်ပြင်းစွာ ပြေးဆောင့်လိုက်သည်။ ထို့နောက် အားပါးတရ ဆော့ကစား လိုက်ရသော ဘီလူးကြီး တကောင်၏ ရယ်မောသံမျိုးဖြင့် တအုန်းအုန်း အော်ကာ ကမ်းဆီမှ ပြန်ခွာသည်။ လှိုင်းခေါင်းများ ဖွေးကနဲ တက်သွားသည်။ ကမ်းနှင့် လှိုင်းရိုက်သံ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ထို့နောက် မြစ်ပြင်ဆီသို့ လှိုင်းလုံးကြီး ပြန်ထွက်သည်။


ရဲမက်တို့ စောစောလေးကမှ ချည်တုပ်ဆွဲငင် ထားကြသည့် ကြိုးများအားလုံး ထောင်းထောင်း ကျိုးပြတ် လွင့်စဉ် သွားကြလေသည်။


“ဦးသွင်းပဲ့ဆုတ်၊ ချိတ်ကုတ်မမြဲ၊ ရေထဲကူးသန်း၊ မြုပ်မွန်းစုတ်ဖွား၊ ကြိုးဖျားငင်နွှဲ၊ ခုန်ဆွဲဘောင်ကိုင်း၊ ကမ်းယံခိုင်း၍”


လှေတော်သားတို့၏ တိုက်ပွဲတခု ရှုံးနိမ့်သွားချေပြီ။


သူတို့အားလုံး ... ရေအောက်ကို မြုပ်သွားကြပြီးနောက် ဗရုန်းသုန်းကားပင် ပြန်ပေါ်လာ ကြသည်။ ဆံပင်တွေ ဖရိုဖရဲ၊ စုတ်တိစုတ်ဖွား၊ ရေမွန်းသဖြင့် ဖြီးဖြီးဖြားဖြား အသံမ်ား ပေါ်လာသည်။ ထိုရဲမက်များထဲတွင် ... 


ငသံဒုတ် တယောက် မပါလာ။ 


မြစ်ပြင်ဆီသို့ ပြန်ဆုတ်သွားသော လှိုင်းအောက်တွင် ပါသွားလေပြီလား။


လှေဝမ်းနှင့် ရိုက်ကာ နှစ်မြုပ်သွားရှာပြီလား။ 


“ငသံဒုတ် ... ငသံဒုတ်ရေ ...” 


နှလုံးအိမ်ကို ခြစ်ခြုတ်၍ ကျွန်ုပ် သံကုန်ဟစ်အော် နေမိသည်။ 


“ငသံဒုတ်ရေ ...”


အသံတွေ တုန်နေသည်။ 


ကျွန်ုပ်၏ အော်သံသည် မိုးသက်မုန်တိုင်းသံကို ဖောက်ထွင်းရန် မစွမ်းသာတော့။ တဖြောင်းဖြောင်း ကျနေသော မိုးသံများက ကျွန်ုပ်၏ အော်သံကို ဟားတိုက် ဖုံးလွှမ်းသွားချေသည်။


ရေထဲမှ တယောက်ပြီး တယောက် ပေါ်လာကြသည်။ လူလုံး မသဲကွဲတော့။ ထိုအချိန်မှာပင် ညဥ့်အမှောင်က စတင် ဝါးမျိုလာသည်။ အမှောင်ထုသည် ရန်သူကို စစ်ကူပေးပြန်ပြီ။


တပ်တော်ကြီး တခုလုံး ဖရိုဖရဲ။ လှေတိုင်းလိုလိုပင် ကမ်းကို ပဲ့ဖြင့် ကပ်ထား ကြရသည်။ အရုပ်ဆိုးလွန်းသော စခန်းဆိုက်ပွဲ။ မလှမပ စခန်းဆိုက်ပွဲ။


မုန်တိုင်းကား အစာဝသွားချေပြီ။ မိုးပေါက်သံတို့သာ တလောကလုံးကို ကြီးစိုးနေသည်။ ဝလင်စွာ သုံးဆောင် ဝါးမျိုသွားသော မုန်တိုင်း၏ ဝမ်းဗိုက်ထဲတွင် ငသံဒုတ် ပါသွားပြီးလား ...။ ငသံဒုတ်ရယ် ... မင်း ... ပါသွားပြီလား။


မိုးပေါက်များက ကျွန်န်ုပ်၏ မျက်နှာကို ထိမှန်နေဆဲပင်။ 


သေးငယ်စွာသော မျှော်လင့်ချက်ဖြင့် ကျွန်ုပ် အော်မိသေးသည်။ သို့သော် ... ကျွန်ုပ်၏ အသံသည် အက်ကွဲတုန်ယင် ရှိလွန်းလှပေသည်။


“င ... သံ ... ဒုတ် ... ရေ”


* * *


“ပဲ့နင်း ... ကိုရင်ပိုက် လှေ” 

“ရှိတယ်ဟေ့ ...” 

“ပဲ့နင်း ... ကိုရင်သာခြုံ လှေ”

“ရှိတယ် ...”

“ပဲ့နင်း... ကိုရင်ငတေ”

“... ... ...”

"ပဲ့နင်း ... ကိုရင်ငတေ”

“... ... ...”

“ဟေ့ ... ထူးသံ မရဘူး။ ငတေ ... ဟေ့ ... ငတေ”

“ငါတို့ ဒီမှာဟေ့ ...”

“ဟာ ... မြစ်လယ် ရောက်နေပါလား၊ အသံကား အဝေးကြီး၊ ကိုရင်ပိုက် ခင်ဗျားလှေနဲ့ ကပ်ပြီး သွားခေါ်ခဲ့ဗျို့၊ ကျုပ်လှေက ဒီမှာ ညပ်နေပြီ ထွက်လို့ မရတော့ဘူး ...”

"အေး ... ငါ သွားခေါ်မယ် ... ဒီကလဲ လှေချင်းဆက်ပြီး ကပ်ထားဦး”


မြစ်လယ်ဆီမှာ ရောက်နေသော ပဲ့နင်းငတေ၏ လှေကို သွားခေါ် ကြတော့မည်။ ကိုယ့်လှေပေါ်က ပဲ့နင်းလက်ထောက် တယောက် ပျောက်ဆုံးနေသည့် အရေးကိုတော့ သင်းတို့ မသိကြလေရော့ သလား။ ကျွန်ုပ် သည်းမခံနိုင်တော့။ ကိုယ်တွင် ပတ်ထားသည့် ကြိုးများကို ပြန်ဖြေလိုက်သည်။ ကြိုးမှာ ရေနူးကာ ကျစ်ကျစ်ပါအောင် တုပ်ချည်ဓိလျက်သား ဖြစ်နေသည်။ ကျွန်ုပ်၏ လက်များမှာလည်း မိုးရေ၊ မြစ်ရေဖြင့် တညနေလုံး၊ တညချမ်းလုံး စွတ်စိုထုံကျဉ် နေသောကြောင့် ကြိုးထုံးကို ဘယ်လိုမှ ဖြေမရ။


ထို့ကြောင့် အသံကိုသာ အားကိုးရ ပေတော့မည်။


“ကိုရင်ပိုက် ... ဗျို့ ... ကိုရင်ပိုက်”


ကိုရင်ပိုက်မှာလည်း သူ့လှေသားများးကို အဆက်မပြတ် အမိန့်ပေး နေရသောကြောင့် ကျွန်ုပ် အသံကို မကြားချေ။ မိုးသံကလည်း တခဲနက် ညံလွန်းနေသည်။


“ကိုရင်ပိုက် ... ရဲမက် ... တွေ ... ပော့ ... တယောက်ယောက် လာစမ်းပါ”

“ငသံဒုတ် မရှိတော့ဘူး ... ငသံဒုတ် မရှိတော့ဘူးကွ” 

“ဘာတွေ အော်နေတာလဲ ကိုရင်ဩ” 


မိုးသံထဲတွင် ကျွန်ုပ်၏ အော်သံ ဗလုံးးဗထွေးကို သူ သဲ့သဲ့ ကြားဟန် တူသည်။ ကိုရင်ပိုက်သည် ပဲ့စင်ဘက်မှ ပေါင်းမိုးထဲသို့ ဝင်လာလေသည်။


“ငသံဒုတ် ... ငသံဒုတ် ...” 

“ငသံဒုတ် ... ဘာဖြစ်သလဲ”


ကျွန်ုပ်တို့ နှစ်ယောက်စလုံး မျက်နှာချင်းဆိုင် ရှိကြသော်လည်း၊ မိုးသံကို ကျော်လွန်နိုင်အောာင် သံကုန် အော်နေကြရသည်။


“ငသံဒုတ် ... ပျောက်သွားပြီ။ သူ့ကို ရှာပါ” 


သူ့ထံမှ တော်တော်နှင့် အသံထွက်မလာ။ 


“ကျုပ်ပြောတာ ကြားလား၊ ငသံဒုတ် မရှိတော့ဘူး”

“ကျုပ် ဘာမှ မတတ်နိုင်ဘူး”

“ဘာ”

“ဟိုမှာ ငတေနဲ့ သူ့လူတွေ အများကြီး မြစ်လယ် ရောက်နေတယ်၊ သူတို့ကို သွားကယ်ရမယ်”

“ခင်ဗျား ငသံဒုတ်ကို ကယ်ရမယ်”

“ဒါလောက် မည်းမှောင်နေတဲ့ အချိန်ကြီးမှာ ငသံဒုတ်ကို ဘယ်လိုလုပ် ရှာမလဲ၊ ခင်ဗျား ရူးနေသလား ကိုရင်ဩ”

“ခင်ဗျား ရူးနေတာ ... ကိုယ့်လက်ထောက်ရဲ့အသက်ကို ...”

“ကျုပ် ဘာမှ မတတ်နိုင်ဘူး”


သူ လှည့်ထွက် သွားသံကို ကြားလိုက်ရသည်။ ဘာတွေ ဆက်အော် နေမိမှန်း ကိုယ့်ကိုယ်ကို မသိတော့။ မိုးပေါက်တို့ ထိမှန်ကာ အေးစက် ကျိန်းစပ်နေသော ပါးပြင် နှစ်ဘက်တွင် ပူနွေးသွားသည် ဟုလည်း ထင်သည်။ ဒေါသနှင့် သောကတို့၏ အဆုံးစွန်သော ပေါက်ကွဲခြင်း နောက်ဝယ် ကျွန်ုပ် တကိုယ်လုံး ပျော့ခွေ ကျသွားသည်။ အခိုက်အတန့်မျှ သတိလစ်သွား သလိုလို၊ ကျွန်ုပ် သတိပြန်ရသော အခါ လှိုင်းနှင့် လေကား ငြိမ်သက် သွားချေပြီ။ အဆီးအတားမဲ့ သွန်ကျနေသော မိုးသာ ကျန်တော့သည်။ မိုးပေါက်ကြီးများကား ကြီးမားလှဘိခြင်း။ ကောင်းကင်ပေါ်တွင် မြစ်တစင်း ရောက်နေကာ အလုံးအရင်းလိုက် ပြန်ကျလာ နေသလား ထင်ရသည်။


“လှေဝမ်းထဲက ရေခပ်ထုတ်တဲ့ ကောင်တွေ၊ တချက်မှ မရပ်နဲ့”


ကိုရင်ပိုက်၏ အမိန့်သံက အမှောင်ထဲမှ ပေါ်လာသည်။


တဗွမ်းဗွမ်း ရေခပ်ထုတ်သံများ ကြားမှ ... 


“စိတ်ချဗျို့ ... ပဲ့နင်းကြီး၊ လက်နဲ့ ခပ်ထုတ်ရုံ မကဘူး။ ပါးစပ်နဲ့ပါ ရေစုပ်ယူပြီး ထွေးပစ်နေတာ”


ရယ်သံများ ပေါ်လာသည်။ ကျွန်ုပ်ကား မရယ်နိုင်။ ငသံဒုတ် မရှိတော့သည့် အဖြစ်ကို သင်းတို့၏ မသိကြသေး။ သင်းတို့၏ ပဲ့နင်းလက်ထောက် မရှိရှာတော့သည့် အဖြစ်ကို သင်းတို့ မသိကြသေး။


“ကိုရင်ငတေ ... ကျုပ်တို့ လာနေပြီ ... အသံပြု”

“ဒီမှာ ... ဒီမှာဗျို့"


လှေနံချင်း ဒုတ်ကနဲ ဆောင့်သံ ကြားလိုက်ရသည်။ ပဲ့နင်းငတေ၏ လှေနှင့် ကပ်မိပြီ။


“ထိုးဝါးတွေ ပေးထား၊ ဒီဘက်ကလဲ ထိုးဝါးကို ကိုင်ပြီး ဆွဲယူမယ်”

“ရော့ဗျို့ ... ထိုးဝါးတွေ လာပြီ ...”

“ဟ ... ဟ ကြည့်လုပ်ဦး ... မင့်အမေ့လင် ညက မှောင်မည်းနေတာ လူကို ထိုးမိမယ်။ ဘာမှ မမြင်ရဘူး ...”

“ဟေ့ကောင် ... ထိုးဝါးက ဘယ်သွားပေး နေတာတုံး၊ လက်က ဒီမှာဟ၊ ဪ ... ဒီနှမပေးနှယ် ...”

“မင့်အဘကြီး နှမပေး ရမှာလား၊ မှောင်ထဲမှာ ရမ်းသမ်း ပေးရတာ၊ မှောင်လိုက်တာကလည်း လွန်လို့ မင့်ကြီးတော် မီးနေခန်းလိုပဲ”

“ဟာ ... ဒီမအေ။ စကားတယ်ရှည် ... ပေးစမ်း ထိုးဝါး”

“ဆွဲဟေ့ ...”

“ဆွဲပြီဟေ့ ...”


မုန်တိုင်း ကင်းသွားပြီး ဖြစ်သောကြောင့် သူတို့ စိတ်လက်ပေါ့ပါး နေကြသည်။ သို့သော် ... ကျွန်ုပ်ကား အင်အား တစက်တလေမျှ မကျန်တော့ချေ။ သူတို့တွေ၏ အော်သံများထဲတွင် ငသံဒုတ်၏ “စိန္တကျော်သူ” ဟူသော အသံကို ကြားရလေမည်လားဟု ...။


ကိုရင်ပိုက် ငသံဒုတ် မရှိတော့ဘူးဗျ ... မရှိရှာတော့ဘူး။ အသံကား ထွက်မလာ။ သူ မရှိတော့မှ သူ့ဂုဏ်များက ပို၍ ထင်ရှား လာကြသည်။ ကျွန်ုပ်နှင့် တရွာတည်းသား မောင်းထောင်ရွာသား။ ကျွန်ုပ်၏ အဘကိုလည်း အင်မတန် ချစ်ရှာသူ။ အဘ ဦးဇေယျ ... အဘ ဦးဇေယျဟု ခေါ်တတ်သူ။ ကျွန်ုပ်နှင့်အတူ သာမဏေဘောင် ဝင်ခဲ့သူ။ ပထမ ကျော်အောင်စံထား ဆရာတော်ထံ၌ အတူ ပညာသင်ယူခဲ့သူ။ သို့သော် ငသံဒုတ်ကား စာပေလင်္ကာတွင် အထုံ ညံ့ဖျင်းရှာသူပင်။ သာမဏေဝတ်ဖြင့် တဝါမျှ မရမီမှာပင် လိင်ပြန်ကာ ရွာမှ ပျောက်သွားခဲ့သည်။ သူဝါသနာ ပါသည်က အင်းအိုင် ချောင်း မြောင်း။ ရေကူး လှေလှော်။ ဟံသာဝတီ(ပါ)မင်း၏ ဘထွေးတော် - သတိုးမင်းခေါင် ထံတွင် ကျွန်ုပ် သံတော်ဆင့် အရာဖြင့် အမှုထမ်းနေသည့် အချိန်ကျမှ သူနှင့် ပြန်ဆုံဖြစ်သည်။ ထိုအချိန်တွင် သူသည် လှေတော်သား ဖြစ်နေပေပြီ။


ကျွန်ုပ် ကဝိလက္ခဏာသတ်ပုံ သံပေါက်ကျမ်းကို ရေးသားသော အချိန်တွင် သူသည် မုဆိုးဖိုသို့ ထွက်ခွာ သွားခဲ့သည်။ ထိုအချိန်တွင် ထပ်မံကွဲကွာ သွားပြန်သည်။ ဟံသာဝတီပါမင်း အကွပ်မျက် ခံရပြီး၊ သတိုးမင်းခေါင်လည်း အနိစ္စ ရောက်ပြီးချိန်တွင် ကျွန်ုပ်လည်း အင်းဝသို့ မပြန်တော့ပဲ ရသနာသိင်္ဃသို့ ထွက်ခဲ့သည်။ ထိုအခါကျမှပင် သူ့ကို ပဲ့နင်းလက်ထောက် အဖြစ် ပြန်တွေ့ ရတော့သည်။


စင်စစ် - ငသံဒုတ်ကား မထင်မရှား ရဲမက် တဦးမျှသာပင်။ 


သို့သော် သူ၏ ကြုံလှီ သေးကွေး ခန္ဓာကိုယ်၊ မည်းနက်သော အသားအရေ အောက်တွင် နှစ်လိုဖွယ် ကောင်းသည့် တစုံတရာ ရှိနေသည်။ ထိုအရာကား သူ၏ အသည်းနှလုံးပင် ဖြစ်သည်။ သူကား လောကကို၊ လူတွေကို အမြဲ ဣဋ္ဌာရုံ မြင်တတ်လေသူ။ တယောက်ယောက်ကို အမြဲတမ်း၏ တခုခု ကူညီချင်နေသူ။ သူ့အလုပ် လှေတော်သား ဘဝကို စိတ်ဝင်တစား တက်ကြွ မြတ်နိုး တတ်လေသူ။


မထင်ရှားသော ငသံဒုတ်သည် လှိုင်းအောက်တွင် မထင်မရှား ပျောက်ကွယ် သွားခဲ့ချေပြီ။


အလောင်းမင်းတရား၏ လှေတော်သား ရဲမက်တယောက် အဖြစ်၊ ဟံသာဝတီသိမ်း တိုက်ပွဲသို့ လိုက်ပါချင်ရှာ လွန်းသူ။ ယခုမူကား ... ဟံသာဝတီပွဲကိုမှ မဝင်ရသေး၊ စခန်းထောက် ဓနုဖြူ ဆိပ်ကမ်း အရောက်မှာပင် ... သူ ... သူ ...ငသံဒုတ်။


“ဪ ... ဓနုဖြူ ... ဓနုဖြူ ... ရောက်ခဲ့ပြန်ပေါ့၊ အင်း - အယင်က တခါမှ မရောက်ဖူးတော့လဲ ဘာကိုလွမ်းရမှန်း မသိ”


ဓနုဖြူဆိပ်ကမ်း အကပ်တွင်မူ ရေရွတ်ခဲ့သော အရွှန်းအပြက် စကား။


သူ့ စကားတို့သည် နိမိတ်ပြစကား ဖြစ်ခဲ့ချေပြီလား။


“ကျုပ်တို့ လာပြီဗျို့၊ ငတေရဲ့ လှေလဲ ပါလာတယ်”


ကိုရင်ဝိုက်၏ အော်သံက မွန်းကျပ်နေသော ကျွန်ုပ်၏ သောကထဲသို့ ဝင်လာသည်။ “ငတေရဲ့ လှေတော့ ပါလာပါရဲ့။ ငသံဒုတ်တော့ ပါမလာတော့ဘူး မဟုတ်လားဗျ” ဟု ကျွန်ုပ် လွှတ်ကနဲ အော်လုနီးပါး ဖြစ်သွားလေသည်။


“ဆာလိုက်တာဗျို့ ...”


ရဲမက်တယောက် ထအော်သည်။ ဟုတ်ပေသည်။ မုန်တိုင်း လေပြင်းဒဏ် အောက်တွင် တညနေလုံးလုံး တမိုးချုပ်လုံးလုံး အလူးအလဲ ခံရသော ရဲမက်တို့တွင် ညနေစာ မရှိတော့။


“ဟုတ်သက္ဗာ ... အခုမှ ဆာလိုက်တာ” 

“ဗျို့ ... ပဲ့နင်းကြီး ... ဟမင်း ဆာသယ်ဗျို့ ... ဟမင်း မကျွေးတော့ဘူးလား” 

“တပ်တော်ကြီး တခုလုံး ဒီလောက် ဖြစ်နေတာ ဘယ်က  ပာမင်း အဲလေ ... ထမင်း ရမှာတုံး ပြိတ္တာရဲ့”


ကိုရင်ပိုက်က လှမ်းဟောက်သဖြင့် ရယ်ကြသည်။ အသံတွေသာ ကြားနေရသော်လည်း တယောက်ကို တယောက် မမြင်။ သည်းသည်းထန်ထန် ရွာနေဆဲ မိုးပေါက်များနှင့် အမှောင်ထု ကြားတွင် မမြင်မစမ်းပဲ အော်ဟစ် ပြောနေ ကြရလေသည်။


“ထမင်း ဆာတယ် ... အမေရေ ... ထမင်း ဆာတယ်ဗျို့” 


ရဲမက် တယောက်က ပျစ်ပျစ်ချွဲချွဲ ထအော်ပြန်သည်။ 


ကမ်းပေါ်မှ အသံ တသံက ပြန်အော်သည်။ “အော်မနေနဲ့ ... ငါ့သားရေ၊ မင်း အမေတော့ မရှိဘူး။ ဆာယင် ကမ်းပေါ် တက်ခဲ့။ ဒီမှာ မင့်အဘ ငါ ရှိတယ်။ ရွှံ့နှစ်တွေ ကျွေးမယ်”


ဝါးကနဲ ရယ်ကြသည်။


ကျွန်ုပ် ခေါင်းကို ဆတ်ကနဲ ထောင်လိုက်ဓိသည်။ ရင်ထဲမှာ ဒိတ်ကနဲ ဖြစ်သွားသည်။ တကိုယ်လုံးလည်း ဖြန်းကနဲ ဖြစ်သွားသည်။


ကမ်းပေါ်မှ အော်လိုက်သည့် အသံကား ငသံဒုတ်၏ အသံ။ သင်း အသံမှ သင်းအသံ စစ်စစ်။ မအောင့်အည်း မဆီးတားနိုင်။ ကျွန်ုပ် သံကုန် အော်မိတော့ပြီ။


“ငသံဒုတ်လား ... ငသံဒုတ်လားဟေ့ ...”

“စိန္တကျော်သူလား။ ဟုတ်တယ်ဗျို့ ... ကျုပ် ငသံဒုတ်”

“ငသံဒုတ်၊ မင်းကွာ ... မင်း ... မင်း”

“ပဲ့နင်းကြီး တယောက်လောက် လွှတ်ပေးစမ်းပါဗျို့။ ကျုပ် ဒီမှာ နုံးထဲမှာ နစ်နေတယ်။ ထလို့ မရဘူး။ အော်နေတာလဲ ကြာပြီ။ ဘယ်ယောက်ဖမှ မကြားကြဘူး”


ကိုရင်ပိုက်က ရဲမက်တယောက်ကို ကမ်းပေါ်သို့ လွှတ်လိုက်သည်။ ရဲမက်သည် အထပ်ထပ် လှေနံချင်း ဆက်ထားသော လှေများပေါ်မှ ကူးဖြတ်ကာ ကမ်းပေါ်သို့ တက်သွားရသည်။


တယောက် တယောက် မမြင်ရသောကြောင့် အသံပေးကာ မေးစမ်း နေကြရသည်။


သို့ဖြင့်ပင် ငသံဒုတ် ပြန်ရောက်လာ လေသည်။


ကျွန်ုပ် သူ့ကို ပြေးဖက်လိုက်သည်။


“ငသံဒုတ်ရယ် ... မင်းသေပြီလို့ ငါ ထင်နေတာ။ ငါ ဝမ်းသာလိုက်တာ”

“အား ... စိန္တကျော်သူ၊ ကျုပ်ကို မဖက်နဲ့။ တကိုယ်လုံး နုံးတွေ ရွှံ့နှစ်တွေနဲ့ မြင်မကောင်းဘူး။ ကြည့်ပါလား၊ အဲလေ ... ဒီလောက် မှောင်နေတာ ကြည့်လဲ မြင်ရမှာမှ မဟုတ်ပဲ။ ဟဲ ... ဟဲ” 

“နေပါဦး။ မင်းက ဘယ်လိုလုပ်ပြီး ကမ်းပေါ် ရောက်နေတာလဲ၊ နုံးထဲ ဘယ်လိုလုပ် နစ်သွားတာလဲ”

“လှိုင်းလုံးကြီး တချက် ပုတ်လိုက်ပါရော၊ အဲဒီ အချိန်မှာ ကျုပ်က သံချိတ်ကို နုံးထဲမှာ တအား စိုက်ထား ပြီးသားဗျ။ လှိုင်းက အရိုက်မှာ သံချိတ်ချည်ထားတဲ့ ကြိုးစကို ဆွဲကိုင်ထားတော့ ကျုပ်တကိုယ်လုံး ကုန်းပေါ် လွင့်သွားတာပေါ့။ လူကို အမြောက်ဆန် ကျနေတာပဲ။ တကတည်း လွင့်တက်သွားပြီး စွပ်ကနဲ နုံးထဲ ဝင်သွားတာပဲဗျာ။ ခေါင်းနဲ့ စိုက်ကျယင်တော့ ကိစ္စအချောပဲ။ ကံကောင်းလို့ ခြေထောက်နဲ့ ကျတာ။ ကတည်းဗျာ လူကို အရှင်လတ်လတ် မြေမျိုတာပဲ။ ရင်ဘတ် အထိကို မြုပ်ဝင် သွားတာဗျ။ လှုပ်လို့လဲ မရ၊ ရုန်းလို့လဲ မရ။ အဟီး ... ကျုပ်က ရေမှာသာ မကြောက်တာကိုး၊ နုံးနဲ့လဲ တွေ့ရော ခွေးဝဲစား ဖြစ်တော့တာပဲ။ အော်လိုက် ရတာလဲ အသံကို ပြာလို့၊ လည်ချောင်းတွေကို နာလို့။ ဘယ်အဖေမှ မကြားကြဘူး။ အရေးထဲဗျာ၊ မှက်တွေ ခြင်တွေကလဲ သူတို့ အမေလင် ကျနေတာပဲ။ ဝိုင်းတွယ် လိုက်ကြတာ ...။ လူကို သွေးတောင် မရှိတော့ဘူး ထင်တာပဲ။ ပဲ့နင်းကြီး၊ တငုံလောက်တော့ ပေးဗျာ။ ကျုပ် တကိုယ်လုံး ကိုင်ရိုက် ထားသလို ဖြစ်နေပြီ။ ချမ်းလိုက်တာကလဲ မြီးညောင့်ရိုးကို ကျိန်းနေပြီ”


ငသံဒုတ်က သွားချင်း တထပ်ထပ် ရိုက်သံဖြင့် ရှင်းပြရှာသည်။ 


“မအေပေး။ လူတကာ လိုက်စနေတဲ့ ကောင်။ ဒါမှ မှတ်မယ်။ ရော့ - အရက်။ အကုန်မျို မပစ်နဲ့ဦး”

“အချမ်းပြေပေါ့ဗျာ။ တဗူးလောက်ပါပဲ။ အား ... အရက်ကလဲ ပြင်းပါ့ဗျာ”

“မသေကောင်း မပျောက်ကောင်း၊ ငသံဒုတ်ရယ်။ ငါက မင်း ဝဲထဲ ရောက်သွားပြီ မှတ်တာ”

“ဝဲထဲ ရောက်လို့ကတော့ ပျော်စရာကြီးပဗျာ။ အခုဟာက။ ဗျို့ - စိန္တကျော်သူ ... နောက်ကို ရတုလေး ဘာလေး စပ်ရင် ကျုပ်ကို မှက်တွေ ဖြုတ်တွေ ကိုက်တဲ့အကြောင်း ထည့်စပ်စမ်းဗျာ”

“ခွေးမသားရဲ့၊ မင်း တယောက်တည်းများ အဲဒီ မှက်တွေ ခြင်တွေက ဝိုင်းချစ် နေကြတယ် ထင်သလား။ ဒီမှာ တပ်တော်ကြီး တခုလုံး ဖူးဖူးထနေပြီ”

“ဟုတ်လား၊ ကောင်းသဗျာ။ လှေတော်သားတို့ရဲ့ အလှူဒါနကြီးပေါ့။ ဟား ... ဟား ... ဟား”

“ဟား ... ဟား ... ဟား ... ဟား”

“ကိုင်း - ပြိတ္တာမြူး မြူးမနေကြစမ်းနဲ့။ လှေချင်းကပ်ပြီး ကမ်းကို ဆိုက်ထားနိုင်အောင် လုပ်ကြရဦးမယ်။ တချို့ လှေတွေက မြစ်ထဲမှာ မျောနေတုန်း”

“လုပ်လိုက်ဟ”


အော်သံ၊ ခေါ်သံ၊ မေးသံ၊ ဖြေသံများဖြင့် ဆူညံသွား ပြန်သည်။ မိုးကလည်း တဝုန်းဝုန်း ရွာကောင်းဆဲ။ မိုးထဲမှာပင် လှေချင်းကပ်၍ ကမ်းသို့ အရအမိ ဆိုက်ကြရသည်။ ကမ်း ဆိုစေကာမူ၊ စင်စစ် ကုန်းမြင့်မြေလပ် အလျင်းမရှိသော ရွှံ့စေး၊ နုံးမြေအတိ ပြီးသော ရွှံ့တောကြီးပင် ဖြစ်လေသည်။


“ကိုရင်ဩ ... ခင်ဗျားက ဒီနေရာမှာပဲ ရပ်နေသလား၊ ဘာလုပ် နေတာလဲ”


အနီးသို့ ရောက်လာသော ကိုရင်ပိုက်၏ အသံကို ကြားလိုက်ရသည်။ ကျွန်ုပ်မှာ သူ့ကို ဘာပြန်ပြောရမှန်း မသိ။ ငသံဒုတ် ကိစ္စကြောင့် သူ့ကို အော်ဟစ် ကျိန်ဆဲ ဓိသည်များကို တွေးမိပြီး စိတ်မကောင်း ဖြစ်နေမိသည်။


“ကိုရင်ဩ ...”

“ဗျာ ...”

“ပေါင်းမိုးထဲ ဝင်လေဗျာ"

“ကြိုးဖြေလို့ မရဘူးဗျ”

“ဘယ်လို”

“ပေါင်းမိုးနံရံနဲ့ ကျုပ်ကိုယ်ကျုပ် ချည်တုပ်ထားတာ။ ဖြေလို့ မရတော့ဘူး”

“ဪ ... ဖြစ်ရလေဗျာ။ မှန်းစမ်း”


သူက ကျွန်ုပ် ကိုယ်ပေါ်မှ ကြိုးများကို ဖြေပေးသည်။ ခက်ခက်ခဲခဲ ကြိုးဖြေယင်း - 


“စောစောက ဖြစ်ခဲ့တာတွေ မေ့လိုက်ပါဗျာ။ ကိုရင့်ကို ကျုပ် နားလည်ပါတယ်။ ငသံဒုတ် သောကကြောင့် ခင်ဗျားစိတ်တွေ ထိန်းမရ ဖြစ်သွားတာပါ။ အခုလဲ ငသံဒုတ် ပြန်ရောက်လာပြီ မဟုတ်လား”


ကျွန်ုပ် အားယူ၍ ပြောရ လေတော့သည်။


“ကျုပ်ကို ခွင့်လွှတ်ပါဗျာ။ အမှန်တော့ ကိုရင်ဟာ လုပ်သင့်တဲ့ ကိစ္စကို လုပ်သွားတာပါ”

“ကဲပါဗျာ။ ပြီးတာတွေ ပြီးသွားပါပြီ။ ကဲ - ကြိုး ဖြေပြီးပြီ။ ကိုရင် အထဲဝင်တော့”


လှေဝမ်းထဲမှ ရေစပ်စပ်ကို နင်းဖြတ်ကာ သူ့နောက်မှ တိတ်ဆိတ်စွာ လိုက်ခဲ့တော့သည်။ ပေါင်းမိုးအောက် ရောက်သောအခါ ကိုရင်ပိုက်က ကျွန်ုပ်လက်ကို စမ်း၍ လက်ထဲသို့ ဗူးးသီးခြောက်ဗူး တဗူး ထည့်ပေးသည်။ 


“မလုပ်လို့ မဖြစ်ဘူး။ လုပ်လိုက် ကိုရင်ဩ။ ခုချိန်မှာ ဗိုက်ထဲ ဒါ ထည့်မထားရင် ချမ်းလွန်းလို့ သွေးခဲသွားမယ်”


ဗူးကို နှုတ်ခမ်း၌ တေ့ကာ စောင်းချ လိုက်ရလေသည်။


“ဟေး ... အညာသား ပဲစား ... ငသံဒုတ်”

“ဘဝတုံး၊ အောက်သား ငါးပိစား ငလုံးရေ”

“အံမာ အောက်သား ငါးပိစားတဲ့။ တို့အောက်ပြည် အောက်ရွာ အကြောင်း သိပြီလားကွ"

“သိပါပြီ ခင်ဗျာ။ သိပါပြီ ခင်ဗျာ။ အောက်မိုး အောက်လေ ပီသပါပေတယ်”


သည်မျှလောက်သော မိုးရေထဲ အမှောင်ထဲတွင် သူတို့မို့ နောက်ပြောင်နိုင်အား ကြပါပေသည်။


“လွမ်းရတဲ့ထဲ အချမ်း ကပ်သေးသက္ဗာ ...”

“အံမာ ... ငဖြိုးသာလေး မင်းက လွမ်းသတဲ့လား”

“လွမ်းရတယ် ရောင်းရင်းရေ။ ပုဆိုးတန်းတင်ခါနီး တပ်ထွက်လာတာ ခမျာလေး ... ခုလို မိုးရွာနေတုန်း ဘယ်လိုများ နေရှာပါလိမ့်မလဲ”

“လုပ်ပေးကွ အရေးထဲ ရည်းစားရောဂါ ထတဲ့ ကောင်က ရှိသေးတယ်။ ဦးဩရေ။ ခင်ဗျားများ စာစပ်ယင် အဲဒီကောင်ရဲ့ ရောဂါပါ ထည့်စပ်လိုက်ဗျာ”

“မင်းနှမ အကြောင်းပါ ထည့်စပ်ခိုင်း ပါလားကွ”

“မဖြစ်ဘူးလေ။ ငါ့နှမကို ပဲ့နင်းကြီး ဦးပိုက်နဲ့ ပေးစားဖို့ ရည်ရွယ်ပြီးသား”


အမှောင်ထဲမှ ရဲမက်တို့၏ အသံများသည် ကျွန်ုပ် ရင်တွင်းသို့ ခွန်အားကြီးတွေ ခုန်ပေါက်ပြေးဝင် လာကြချေသည်။ အလွမ်းရှင်ကို ကျွန်ုပ် အကယ်ပင် စာနာဓိပေသည်။ သူ ဘယ်အရပ်ကနည်း၊ သူ့ချစ်သူ ဘယ်သူနည်း၊ အကယ်ပင် ထိမ်းမြားအံ့ ဆဲဆဲတွင် သူ တပ်ထွက်ခဲ့ရ လေသလား။


သည်းထန်သော မိုးနှင့် ပိန်းပိတ်သား အမှောင်တို့ အောက်မှ မမြင်စွမ်းသာသော မြင်ကွင်းသည် လှေတော်သား ရဲမက်တို့၏ အသံများဖြင့်ပင် ရုပ်သွင် ထင်ရှားနေသည်။ အကျပ်ကျပ် အညပ်ညပ် အခြားမလပ် ရှိနေသော လှေချင်း မှီတွဲ၍ ကမ်းဆီသို့ ဆွဲယူပုံများ၊ တယောက်နှင့် တယောက် ဆိုမနာ ဆဲမနာ နောက်ပြောင်ကြပုံများ။ ရွှံ့နွံ နုံးတော ကမ်းစပ်တွင် ဖြစ်သလို ဆိုက်ကပ်ကြရပုံများ။ ထို့နောက် ငဖြိုးသာတို့လို အချမ်းနှင့် အလွမ်းကို သိသိမှတ်မှတ် ခံစား နေကြရှာသော ရဲမက်ငယ်များ။


ပဲ့စင်ဆီမှ ငသံဒုတ်က တချက် အော်လိုက်ပြန်သည်။ 


“မွေးမေရေ ... သား သိပါပြီ ခင်ဗျ။ အောက်ပြည် အောက်ရွာ အောက်မိုး အောက်လေ ပီသပါပေတယ်ဗျ ..."


“ဘယ်တွင်မလပ်၊ လှေချင်းကျပ်၍ ၊ ကမ်းရပ်မှီတွဲ၊ ဆိုဆဲမနာ ...” “ရွှံ့စေးထူထပ်၊ မြေလပ်ကုန်းခင်၊ မမြင်မြောက်တောင်၊ ညဥ့်မှောင်ရီနက် ...”

“ညဥ့်နေ့မစဲ၊ ဖြန့်ကြဲဆွတ်ရွှမ်း၊ အလွမ်းရှိဟောင်း၊ အချမ်းလောင်းခဲ့၊ သိန်းသောင်းလူမျိုး၊ မရွှင်ညှိုးသည်။ အောက်မိုးအောက်လေ ပီတော့၏”


“တကယ် ပြောတာပါကွာ၊ တကယ်ပါ”


ရဲမက်ငယ်က ပခုံးပေါ်မှ မှက်ကြီး တကောင်ကို ဖြန်းကနဲ လက်ဝါးနှင့် ရိုက်ယင်း သူ့စကားကို ဆက်လေသည်။


“တို့ရဲမက် လှေတော်သား ဘဝ ခုလို ကြမ်းတမ်း ခက်ခဲတာကိုတော့ သူက သိမှာ မဟုတ်ဘူး၊ သူက အထင်လွဲနေတာ”

“အေး ... ဟုတ်တယ်၊ ငါ့ချစ်သူကလဲ ဒီလိုပဲ စကားနာ ထိုးတာပဲ”

“ပော့ကောင်တွေ၊ ဟေ့ကောင်တွေ စကားအဟုတ် လုပ်ပြီး ပြောမနေနဲ့နော်၊ တကယ်ကော ရည်းစား ရှိလို့လား”

“ရှိတာပ ရောင်းရင်း ... သူနဲ့ ငါက သူအပျိုဖော် မဝင့်တဝင် ကတည်းက ချစ်ခဲ့ကြတာ၊ သူလေး ကြက်တောင်စည်းအရွယ် ကတည်းက”

“တူလိုက်လေ ရောင်းရင်းရာ၊ ငါ့ကောင်မလေး ကလဲ ငယ်ချစ်ပဲကွ၊ မိန်းမသူ ဆိုတော့ စိုးရိမ်စိတ်နဲ့ အထင်လွဲ ရှာတာမျိုးပကွာ"

“စစ်ချီ ထွက်လာတာကိုကွာ၊ စစ်ထဲမှာ ပျော်လို့တဲ့၊ သူ့ကို မချစ်လို့၊ ပြီးတော့ စစ်ကို ယိုးမယ်ဖွဲ့ပြီး ရောက်လေရာ ဇာတိရပ်ရွာက မိန်းကလေးတွေနဲ့ ပျော်ချင်လို့တဲ့၊ ကိုင်း - မခက်လား”

“အေးလေကွာ၊ တို့များမှာ သူတို့ အထင်လွဲ ခံရတာက တဘက်၊ စစ်ခရီးမှာ ဒုက္ခ ရောက်ရတာက တဘက်နဲ့“

“အဲဒီတော့ မင်းတို့က တပ်တော်နဲ့ လိုက်ရတာကို စိတ်ခါးလျား ကြတယ်ပေါ့လေ”

“မဆိုင်လိုက်လေကွာ၊ လှေတော်သား ရဲမက်ဘဝနဲ့ လိုက်ရတာက အရသာ တမျိုး၊ ခုလို ... ချစ်သူ ရည်းစားတွေ အကြောင်း ပြောယင်း လွမ်းနေရတဲ့ အရသာက တမျိုးကွ”


ဖြန်းကနဲ ခြင်ရိုက်လိုက် ပြန်သည်။


ကျွန်ုပ် ပြုံးလိုက်မိသည်။ ညွတ်နူး စာနာသော ဝေဒနာသည် နှလုံးသွေးနှင့်အတူ တကိုယ်လုံးသို့ ခွေလှည့်ပတ် နေချေသည်။ ဪ ... လှေတော်သားတို့ ဘဝ။


“လင်းရောင် သမ်းလာပြီးပော့”


ပေါင်းမိုးထဲမှ ထွက်ခဲ့သည်။


ပျို့အန်လာသော အရုဏ်၏ အလင်းကြောင့် မြစ်ပြင်သည် ရဲရဲနီလာသည်။


ယခုမှပင် ဝန်းကျင်ကို သဲကွဲစွာ မြင်ရတော့သည်။


ကမ်းစပ်မှ ရွှံ့နွံ စေးပျစ် နုံးခင်းများ၊ ညက မုန်တိုင်းဒဏ်ကြောင့် ဖရိုဖရဲ ဖြစ်နေကြသော ကိုင်းပင် ကျူပင်များ။


ရဲမက်တိုင်း၏ မျက်နှာပြင်၊ လည်ပင်းနှင့် ပခုံးလက်ပြင်များးကား မြင်မကောင်း။ မှက်၊ ခြင်၊ ဖြုတ်တို့ ဒဏ်ကြောင့် အပိန့် အပိန့်ကြီးများး ဖူးထ နေကြတာ တယောက်ကို တယောက် ကြည့်ယင်း ရယ်နေကြသည်။


“အောက်ပြည် အောက်ရွာ ... မိုးသက် လေပြင်း မုန်တိုင်း ... တဲ့။ အောင်မယ်လေး ... ကြားဖူးထားတဲ့ အတိုင်းပါပဲဗျို့”


ပဲစင်ပေါ်မှ ငသံဒုတ်သည် သံရှည်ဆွဲ၍ အော်နေသည်။ 


“ကိုင်း ... ပဲ့နင်းကြီးရေ ... ကျုပ် အိပ်တော့မယ်ဗျာ။ မိုးလဲ သောက်ပြီ။ မုန်တိုင်း ထပ်ကျလဲ မနှိုးနဲ့တော့ဗျို့ ...။ ရေအောက်အထိ တခါတည်း အိပ်လိုက်သွားတော့မယ်။ မျက်လုံးတွေ ဖွင့်မရတော့ဘူးဗျ”


ငသံဒုတ် ပဲ့စင်ပေါ်မှာပင် ခွေလှဲချလေသည်။ 


မိုးတိမ်တို့ကား မှိုင်းဝေရီနေဆဲ။


မုန်တိုင်း၏ နှုတ်ဆက်သံ လေပြည်ရိုင်းက တသွင်သွင် မြူးနေဆဲ။


လှေတော်သားတို့ကား တမျှော်တခေါ် လှေများပေါ်တွင် အတုံးအရုံး လဲလျောင်း အိပ်ပျော် နေကြရှာသည်။ အချို့ လှေများသည် ကမ်းထက် ရွှံ့မြေပေါ်တွင် မေးတင်လျက်သား။ အချို့ လှေများမှာ ပဲ့ချင်း ဦးချင်း ပြောင်းပြန် ထိကပ်လျက်သား။ အချို့ နေရာများတွင် လှေသုံးစင်း အစု။ လေးစင်း အစု။ 


တပ်တော်ကြီးကား၊ နံနက် မိုးသောက်မှပင် အနားရပေတော့သည်။ 


ကောင်းကင်သို့ မော့်ကြည့်လိုက်မိသည်။ 


တိမ်စမျှင်တို့သည် မြင့်မားစွသော အထက်ဆီတွင်၊ တဟုန်ထိုး ပျံသန်း နေကြလေသည်။ မိုးသားတိမ်တိုက်တို့ ထွက်ပြေး ဆုတ်ခွါခန်း။ 


ရွှံ့နံ့သင်းသော မိုးသက်လေကိုပင်၊ ကျွန်ုပ် တနှစ်တခြိုက် ရှိုက်သွင်းလိုက်မိသည်။ ကွန့်မြူး လှုပ်ခတ်နေသော လိပ်ပြာ တကောင်၏ အရောင်စုံ တောင်ပံကို မြင်ရသယောင်။ ထိုလိပ်ပြာကား ကျွန်ုပ်၏ ရင်တွင်းတွင် ရှိနေလေသည်။ 


ကညစ်နှင့် ပေကို နောက်မှ ကိုင်ရတော့မည်။ 


ယခု လောလောဆယ်မူ နှုတ်မှပင် ...။ 


“ဓနုဖြူတွင်၊ ထွက်သိုက်ဝင်လျှင်၊ စက်ရှင်ရွှန်းတောက်၊ စံကွန်းထောက်က၊ တောင်မြောက်အုံ့မှိုင်း၊ ရှေ့အတိုင်းလျှင်၊ မှီခိုင်းကမ်းရပ်၊ တင်းကျမ်းစပ်မျှ၊ မလပ်ဆိပ်ခင်း၊ လေပြင်းလှိုင်းရိုက်၊ ဝဲဝိုက်ကလိုင်၊ မနိုင်ခိုင်းမက်၊ ပဲ့တက်မစား၊ ထိုးဝါးမမီ၊ ခတ်ချီမပါ၊ ရေကြီးရာတွင်၊ ရှုပ်လာလှေချင်း၊ ဦးသွင်းပဲ့ဆုတ်၊ ချိတ်ကုတ်မမြဲ၊ ရေထဲကူးသန်း၊ မြုပ်မွန်းစုတ်ဖွား၊ ကြိုးများငင်နွှဲ၊ ခုန်ဆွဲဘောင်ကိုင်း၊ ကမ်းယံခိုင်း၍၊ လှေတိုင်းပဲ့ပန်း၊ စခန်းမလှ၊ ဆိုက်ကြရသည်၊ ချုပ်ညမှိုင်းဝေ ရီတော့၏။ 


တစုလူရှင်၊ အတင်တင်တိ၊ ဘယ်တွင်မလပ်၊ လှေချင်းကျပ်၍၊ ကမ်းရပ်မှီတွဲ၊ ဆိုဆဲမနာ၊ ညစာဝေးလံ၊ မြစ်ယံကမ်းမှေး၊ ရွှံ့စေးထူထပ်၊ မြေလပ်ကုန်းခင်၊ မမြင်မြောက်တောင်၊ ညဥ့်မှောင်ရီနက်၊ ဗိုလ်ရဲမက်တို့၊ စိတ်စက်ကွဲပြို၊ ရှိသည်ကိုလည်း၊ တိမ်ညိုယှက်စေ့၊ မိုးလုံးဝေ့၍၊ ညဥ့်နေ့မစဲ၊ ဖြန့်ကြဲဆွတ်ရွှမ်း၊ အလွမ်းရှိဟောင်း၊ အချမ်းလောင်းခဲ့၊ သိန်းသောင်းလူမျိုး၊ မရွှင်ညှိုးသည်၊ အောက်မိုးအောက်လေ ပီတော့၏။ 


ယခုမူပင်၊ သို့ဖြစ်အင်ကို၊ ပန်းရင်မသည်း၊ မြိတ်စို့စည်းက၊ နောင့်ချည်းကြင်ချစ်၊ မေတ္တာရစ်သား၊ ကျစ်လျစ်စောင့်ကြပ်၊ ပြစ်မစပ်မူ၊ တပ်အပ်မသိ၊ ပျော်ဖွယ်ရှိ၍၊ ဇာတိသူ့ခွင်၊ စစ်မှာရွှင်ဟု၊ မှတ်ထင်လေနိုး၊ စိုး၍လောင်လျှင်၊ သို့ရာတွင်ကို၊ နေဝင်မိုးသောက်၊ နှင်ခြောက်မဆုတ်၊ မှက်ခြင်ဖြုတ်လည်း၊ ကိုက်စုပ်သွေးရဲ၊ ဆုပ်၍ကြဲသို့၊ ထူးကဲခြင်ရန်၊ ကာတန်မလုံ၊ ဆင်းရဲပုံခဲ့၊ စေးချုံပိတ်ပေါင်း၊ ကိုင်းအောင်းဘောင်ကျူ၊ ထပ်တူမှိုင်းဝေ၊ မိုးလေဆော်မြူး၊ လွမ်းစေနူးသည်၊ ကြားဖူးသည်နှင့် ညီတော့၏။ ။”


ဤ ပိုဒ်စုံရတုကို ပေပေါ်မှာ ရေးစီပြီးမှပင်၊ လှေတော်သားတို့ကို ဖတ်ပြရတော့မည်။ ငသံဒုတ် ကိုလည်း သူ အိပ်ရာက နိုးမှပင် ရွတ်ပြတော့မည်။ အခုတော့ သူ အိပ်ရှာပါစေ။ သူတို့ အိပ်ရှာပါစေ။ သူတို့ အိပ်ကြရှာပါစေ။ 


ကျွန်ုပ်ထံမှ မယ်ဘွဲ့၊ မောင်ဘွဲ့၊ သစ္စာတိုင်သံများကိုချည်း မျှော်လင့် နေကြကုန်သော ရွှေနန်းတော်ထွက် မင်းညီမင်းသားများနှင့်တကွ၊ ကျွန်ုပ်၏ စာဆိုနှလုံးသားကို နားလည်သော အလောင်းမင်းတရားပြီး ကိုယ်တော်တိုင်၊ ဤ “ဓနုဖြူတွင်” ချီ ရတုကို သဘောပေါက် လက်ခံနိုင်ကြ ပေလိမ့်မည်။ 


ပြီးတော့ ကဗျာထဲ စာထဲတွင်၊ သူ့အကြောင်းကို ထည့်စပ်စမ်းပါဟု အမြဲ ပြောတတ်ရှာသော ငသံဒုတ်ကိုလည်း ပြောပြရဦးမည်။ 


“ဒီရတုထဲမှာ မင်းအကြောင်း၊ ငါ့အကြောင်း၊ ကိုရင်ပိုက်အကြောင်း ဆိုပြီး သီးခြားတော့ မပါနိုင်ဘူးပေါ့ကွာ၊ ဒါပေမယ့် ဒီရတုကို မင်း ဖတ်ကြည့်ရင် မင်း၊ ငါ အပါအဝင် ဟောဒီ လှေတပ်တော်ကြီး တခုလုံးက ရဲမက် လှေတော်သားတွေရဲ့ နှလုံးသားတွေ အားလုံး ပါဝင် နေလိမ့်မယ်။ ဒီ “ဓနုဖြူတွင်” ချီ ရတုဟာ အမှန်တော့ ရိုးရိုးလေးပါ၊ ရိုးရိုးလေးပါ ငသံဒုတ်ရယ် ...”။ 


------------


ချစ်ဦးညို 


(စစ်သူကြီးဒလဗန်းနှင့် အခြားဝတ္ထုရှည်များ (၁၉၈၆))


[ မြန်မာဝတ္ထုတိုများပေ့ဂ်ျမှကူးယူပါသည်။ပေ့ဂ်ျအားကျေးဇူးတင်ပါသည်။]


No comments:

Post a Comment