Friday, 31 May 2019

ဆရာဦးအောင်သင်း အပိုင်း ( ၁၂)

#ဆရာဦးအောင်သင်း


 အပိုင်း ( ၁၂) 


#အောင်မြိုင်သင်း 


အခုရေးမယ့် အကြောင်းအရာလေးကတော့


ကျွန်တော်သိခဲ့တဲ့ အဖေ့ရဲ့ အကြောင်းအရာတွေ များစွာ ထဲက 


လူ့ ကျန်းမာရေးအတွက် ထွေထူးပြီး ဆန်းလှသည် မဟုတ်သော်လဲ သူ့ရဲ့  စဉ်းစားချဉ်းကပ်ပုံလေး က သတိပြုချင်စရာ ကောင်းလှတာမို့ ကျွန်တော်က ပြန်လည်ဖောက်သည်ချခြင်းလို့သာ ဒီအပိုင်းတိုလေးကို အသိအမှတ်ပြု ဖတ်ကြစေလိုပါတယ်ခင်ဗျား 


မနက်က ဖေ့ဘွတ်ခ် ဖွင့်တော့ စတေးတပ် ကလေးတစ်ခုတွေ့ရပါတယ်. မိတ်ဆွေ တစ်ယောက်  ရေးထားတာက . . 


နေသိပ်ပူနေပြီကိုယ့်သူငယ်ချင်းများ.  .ရေချိုးတာဂရုစိုက် ကြပါ.ဒီအချိန်မျိုးမှာ   လေဖြတ်တတ်တယ်. သေတတ်တယ်   ဆိုတဲ့ သတိပေးစကားလေးပါ. .  ဘယ်သူတင်လိုက်မှန်းမသိ ပြန်ရှာတော့လဲမတွေ့ ဖြစ်သွားလို့ပါ. . ဒါကြောင့်ဒီတစ်ပတ်တော့ ကျန်းမာရေးရူထောင့် လေးနဲ့ အသားပေး ပြီး အဖေ့ရဲ့ အမှတ်တရလေးကိုပြန်ပြောပြပါရစေခင်ဗျား


ကျွန်တော်တို့မြန်မာလူမျိုးတွေအတွက် နေပူမှာရေမချိုးနဲ့ ဆိုတဲ့ စကားဟာ. . နားယဉ်နေပြီးသားစကားပါ. . အထူးသဖြင့်အညာဘက်ကလူတွေအတွက်နွေရောက်ပြီဆို . ဒီ ကျန်းမာရေး သတိပေးချက်ဟာ.  မကြာခဏ တစ်ဦးနဲ့တစ်ဦးသတိ ပေးနေကြဖြစ်နေလေတော့ လူတိုင်းလိုလိုလဲ ကြားဖူးနားဝရှိကြ ပါလိမ့်မယ်....


ကျွန်တော် အခုပြောမှာကလဲ ဒီအကြောင်း မို့ သိပ်ထူးဆန်းတဲ့ အကြောင်းအရာလို့မထင်စေချင်ပါ


သို့သော်.. ဒီအကြောင်းအရာ ဒီ သတိပေးချက်ကို. . အကျိုးအကြောင်းနဲ့ စဉ်းစားပြီးချည်းကပ်တတ်တဲ့ ဦးအောင်သင်းရဲ့.  စဉ်းစားပုံလေး ကိုသာ.  ပြန်လည် မျှဝေ လိုခြင်း ဖြစ်ပါတယ်. . 


ကျွန်တော်တို့ ငယ်စဉ် ကတည်းက မိသားစုထဲမှာ. .မကြာခဏကြားရတဲ့စကားလေးတစ်ခုကတော့


ဒီနှစ်.အညာမှာ  အပူ ကြီးလွန်းလို့ အဖေအမေတို့ရဲ့  မိတ်ဆွေတွေ ရေချိုးမှားပြီး လေဖြတ်သွားတာတို့ ..ပျက်စီးသွားတာတို့ဆိုတဲ့ အကြောင်းတွေ ဘဲဖြစ်ပါတယ်. . နှစ်တိုင်းလိုလို ဒီစကားသံမျိုး ကြားရ ပြီးတဲ့နောက်ပိုင်း အဖေ နဲ့ ကျွန်တော် စကားစမည်ဆိုရင်း မှတ်ထားမိတဲ့  စကားလေးပါ . . 


နွေရောက်ပြီဆိုအဖေ့ရဲ့ ရေချိုးခြင်းအကြောင်း စကားသံလေးတွေ အလိုလို ခေါင်းထဲရောက်လာတယ်ဗျို့. .


အဖေပြောလေ့ရှိတာက. .


 ဒီမှာလူလေးရဲ့


ငါတို့ အစဉ်အဆက်ကတည်းက ဒီစကား ဒီအဆုံးအမ တွေရှိတယ်. .  နေပူကြီးထဲကလာ ရင်ချက်ချင်းရေမချိုးရဘူး. . ရေသောက် အေးအေးဆေးဆေး နား ပြီးချွေးတိတ်မှ .  . ရေချိုး.ဒါမှမဟုတ်.ရေကို ငုံပြီး ရေချိုးရင်ဘာမှ မဖြစ်ဘူး စသဖြင့်ပေါ့ကွာ. . 


ဒါနဲ့.  .ငါလဲ. တော်ရုံတန်ရုံဆို ဒီအတိုင်းလိုက်နာဖြစ်ပါတယ်. .


သို့သော်.. နေကလဲသိပ်ပူ.  အပြင်ကပြန်လာ... . ချွေးတိတ်အောင်.  စောင့်မယ်ဆို ဘယ်လောက်တောင်ကြာအောင်စောင့်ရမှာလဲ. ရာသီဥတုက ဆက်တိုက်ပူနေ ရင် ချွေးကလဲ မတိတ်နိုင် ဘယ်လိုလုပ်ရေချိုးမလဲ


ကိုယ်ကလဲ အပြင်ကိုဆက်သွားစရာရှိနေပြန်. ကိုယ်ကလဲ ရေမိုးချိုးပြီးမှ.  ဆက်သွားချင်. ဒါမျိုးဖြစ်နေတဲ့အချိန်မျိုးမှာ. .ရေမချိုးဘဲနေနိုင် တာ အကောင်းဆုံးဖြစ်ပေမယ့်  ငါကတော့ ငါ့စဉ်းစားပုံနဲ့ ငါ. . ရေချိုးနေတာ ခုထိတော့ ဘာမှ မဖြစ်သေးဘူးကွ. . 


မင်းအတွက်လိုအပ်မယ်ထင်ရင် တော့မှတ်ထားပေါ့ကွာ.  . မမှတ်ထားလဲ ဘာမှ မဖြစ်ပါဘူး လို့ဆိုသဗျ


ဒီလိုကွ. . အခုပျက်စီးသွား တဲ့သူ (မကွေးမှာ နေပူလွန်းလို့ ဧရာဝတီမြစ်ထဲမှာ နေ့ခင်း ဘက် ရေဆင်းချိုးပြီးနောက် ဆုံးပါး သွားရတဲ့ သူ့မိတ်ဆွေ အကြောင်းပြောပြရင်း ) ဘာကြောင့် သေသွားသလဲဆိုတာ ငါပြောပြမယ်


မင်းစဉ်းစားကြည့်.  ငါတို့ရဲ့ ခန္ဓာ ကိုယ် အရေပြားမှာ ချွေးပေါက်ကလေးတွေရှိတယ်ကွ. . ဒီချွေးပေါက်ကလေးတွေက... ငါတို့ရဲ့ ခန္ဓာ ကိုယ်ကြီးရဲ့ အပူအအေးကို ထိန်းချုပ်ပေးနေတာကွ.   . အပြင်မှာ.အရမ်းပူနေတဲ့ အချိန်မှာ. . ဒီချွေးပေါက်ကလေးတွေက ပတ်ဝန်းကျင်ရဲ့ အပူကို ခုခံပေးနိုင်ဖို့.  . ဖွင့်ပေးနေတာမျိုး ပိတ်ပေးထားတာမျိုး တခုခု အလုပ်လုပ်နေကြပုံရတယ်ကွ. . .အဲ့ဒီ့အချိန်မျိုးမှာ.  . မင်းက  အပူနဲ့ ဆန်ကျင်ဖက် ဖြစ်တဲ့ အအေးကို ရုတ်တရက် လောင်းချလိုက်တော့.  . ရှော့ဖြစ်ကုန်တာဖြစ်မယ်ကွ


ငါတို့ငယ်ငယ်က သံဖြူ ပုံးကို မီး အပူပေးပြီး ရေအေးနဲ့လောင်းချလိုက်ရင်.  . အပူအအေးရုတ်တရက်အပြောင်းအလဲမှာ သံဖြူ ပုံးက ကွေးကောက်ပြီး လိန် သွားသမို့လားကွ.   . . အဲ့ဒီလိုဘဲ ငါတို့ရဲ့ ခန္ဓာ ကိုယ် ကလဲ အပူအအေးရုတ်တရက်အပြောင်းအလဲမှာ.  လိန်ပိန် ပျက်စီးတတ်တဲ့သဘောရှိမယ်ကွ အဲတာကြောင့်.ငါ့မိတ်ဆွေလဲ ပူလွန်းတဲ့အချိန်မှာ ရေထဲ ရုတ်တရက်ဆင်းလိုက် ရင်းဖြစ်သွားတာဖြစ်နိုင် တယ်လို့ဆိုပါတယ်


ဒါ့ကြောင့်မို့.. ငါလဲ ရေချိုးတော့မယ်ဆိုရင် အမြဲတမ်း သတိထားပြီး.  လုပ်တဲ့အလုပ်ကလေးရှိတယ်. . မင်းလဲ သတိထားမိရင်တွေ့မှာပါ. . နွေဘက်နေ့လည်မှာလဲ. ဘယ်လောက်ပူပူ ငါရေချိုး ချင်ရင် ချိုး နေတာ   ဘာမှ မဖြစ်ခဲ့ဘူး


ဒီလိုကွ


ငါက ရေမချိုးခင်မှာ.  ရေ ကိုတဝ သောက်တယ်. ခန္ဓာ ကိုယ်ထဲကို အအေးဓာတ် အရင်ကြိုထည့်ထား တဲ့သဘောပေါ့ကွာ . . ပြီးရင် ငါစဉ်းစားတာက ငါ့ရဲ့ ဦးဏှောက် ကသာ.  ရေကိုထိချင်စိတ် စိုချင်စိတ် အေးချင်စိတ်ဖြစ်နေတာ. ငါ့ရဲ့ ခန္ဓာ ကိုယ်နဲ့ အရေပြားက အပူအတွက်သာ အသင့်ဖြစ်နေတာ အအေး ကို လက်ခံဖို့ အဆင်သင့်မဖြစ်လောက်သေးဘူး လို့တွက်တယ်


ဒီတော့. . ငါက ငါ့အရေပြားတွေကို.    အအေးလာတော့မယ်ဆိုတာ.ကို ကြိုပြီးသတိပေးဖို့ တာဝန်ရှိတယ်လို့ ဆုံးဖြတ်လိုက်တယ်. . ဒါမှ ငါ့အရေပြားတွေက.   .ရေထိတဲ့အချိန်မှာ. . ရေကို လက်ခံနိုင်တဲ့ အရေပြားတွေဖြစ်နေမှာပေါ့


လူလေးသတိထားမိမှာပါ. . ဘယ်အချိန်မဆို. . ငါရေချိုးရင် ချက်ချင်းတန်းမချိုးဘူး


ခန္ဓာ ကိုယ်ကို.အအေးလာတော့မယ်လို့ ကြို ပြီးသတိပေးလေ့ရှိတယ်. တခြားရာသီတွေမှာ. ခြေထောက်ကို ရေ လေးငါးဆယ်ခွက်လောက်လောင်းပြီးမှ ရေချိုးလို့ရပေမယ့်. . နွေရာသီ. ..နေ့လည်နေ့ခင်းရေချိုးတော့မယ်ဆို ခြေထောက်ကို တိုက်ရိုက်ရေမလောင်းဘူး...ရေတစ်ဖလားလောက်ယူ. လက်ဖဝါးလေးနဲ့ ရေဆွတ်ပြီး ငါ့ ခန္ဓာ ကိုယ်အနှံ့ ရေစက်ကလေးတွေနဲ့ လိုက်တောက်ပေး တယ်ကွ. . ရေလာတော့မယ်လို့ ငါ့အရေပြားတွေကို သတိပေးတာကွာ


ပြီးရင် တံခေါက်ကွေး.  ချိုင်းကြား.  တွေကို ရေဆွတ် ပြီး ပွတ်ပေးလိုက်တယ် နောက်ဆုံးမှ. . ရေ နည်းနည်းအပါနဲ့.   ကိုယ်ဇက်ပိုးကို.  ကိုယ်ပြန်ပြီး.    တဖြောင်းဖြောင်းအသံထွက်အောင် ရိုက်ပြီးခဏ ငြိမ်နေလိုက်တာ ပါဘဲကွာ


သုံးလေးမိနစ်လောက်ဆို.   .  ချွေးတိတ်သွားပြီး.  . ရေချိုးလဲ ဘာမှမဖြစ်တော့ဘူးလူလေးရေ. .


 အဲ.ချွေးတိတ် ပြီးလို့ နေ့လည်ဖက် ရေချိုးရမှာမျိုးဆိုရင်တော့. . ရေကို မစို့မပို့ တော့မချိုးမိစေနဲ့.  . ရေစချိုးတော့မယ်ဆိုရင်. . ခြေထောက်က ပေါင်ရင်းလောက် ကစပြီးခြေထောက်တစ်ချောင်းလုံး.  ရေနိုင်နိုင်လောင်းပြီးမှ ရေကိုဝအောင်သာ ချိုးပေတော့. . ဘာမှ မဖြစ်ပေါင်ကွာလို့ပြောပါတယ်ခင်ဗျား. .


ကိုင်း. . . ကိုယ့်ဘော်ဒါကြီးများ.  အခုအချိန်မှာ. ရာသီဥတု နဲ့ နိုင်ငံရေးရေချိန်က.    အပူပေါ်အပူဆင့်နေလေတော့ကာ.  .ရေချိုးမမှားရ လေအောင် သတိသာထားကြပေတော့ဗျို့.  


အဲ. . . နိုင်ငံရေးမှာ ရေချိုးမှားပြီး.  .အပူရှပ် ကွေးကောက် သွားတဲ့.   သူတွေက လဲ မျက်စေ့ရှေ့တင် များသားကလား. .😃😃😃😃


ကိုယ့် ကိုယ်ခန္ဓာ ပူလို့ရေချိုးမှားရင် တစ်ဦးတစ်ယောက်ထဲသာ.  ပျက်စီးသွားမှာဖြစ်ပေမယ့်.    နိုင်ငံရေးရေချိုးမှားရင်တော့. .ပြန်လည်ပြု ပြင်ခါစ တတိုင်းပြည်လုံး.ပျက်စီးပြီး  အရင်တွင်းဟောင်းကြီး ထဲပြန်ဆင်းသွားကြမှာ.   .သိပ် သေချာနေတာမို့. .  . 


နွေရာသီရဲ့ အပူ အောက်မှာ ရေချိုးမမှားရအောင်.သတိနဲ့ ချင့်ပြီး ရေ ချိုးကြပါ . 


နိုင်ငံရေးရဲ့ အပူရှိန် အောက်မှာလဲ ရေချိုးမမှား ရလေအောင် ဉာဏ်ကလေးနဲ့ ချင့်ပြီး မှ ရေချိုးကြဖို့ မေတ္တာရှေ့ထားပြီ့း တိုက်တွန်းလိုက်ပါရစေခင်ဗျား. ..


ကဲ.  ကဲ. .  နိုင်ငံရေး အပူမရှပ်စေဖို့.Nld ကိုသာမဲပေးစို့😃😃😃😃😃😃


(😃😃😃😃😃😃 အဆုံးကျမှ ဘလိုင်းကြီး မဲဆွယ်နေတာကိုးလို့ ဝိုင်းမဆဲကြနဲ့နော် . 


ကျန်းမာရေးအတွက်ဘိုးတော်ပြောခဲ့တဲ့စကားလေးကိုလဲ ခေါင်းထဲထည့်ထားကြပါအုန်း. . နောက်မှ မဲဆွယ်တာကို edit ပြန်လုပ် ပါ ရစေတော့ ခင်ဗျား. . 


ကိုင်း. .  . .ကိုယ့်ဘော်ဒါကြီးများ. အပူပြင်းလှတဲ့  ဒီနွေရာသီကို ဦးအောင်သင်းပြောခဲ့တဲ့ ကျန်းမာရေး သတိလေးနဲ့ ဘေးကင်းစွာ ရင်ဆိုင်နိုင်ကြပါစေခင်ဗျား)


************


အဖေရေးခဲ့သမျှ ဆောင်းပါးတွေစာတွေထဲမှာ. . ကျွန်တော်ပြန်စဉ်းစားမိတိုင်းငြိနေတဲ့ စာလေးတစ်ပုဒ်တော့ရှိတယ်ခင်ဗျ.

အဖေ့စာတွေကိုရင်းနှီးစွာဖတ် ဖူးထားသော မိတ် ဆွေများအတွက် ဒီစာဟာ အသစ် ဖြစ်နိုင်မည်မဟုတ်သော်လဲ မဖတ်ဘူးသေးတဲ့ မိတ်ဆွေများအတွက်ကိုသာ ရည်ရွယ်ရေးသားမိတယ်လို့ဘဲမှတ်စေလိုပါတယ်ခင်ဗျား


သူ့ရဲ့ အက်ဆေးလေးကတော့. စစ်သားနတ်ရုပ်နှင့်မျက်လုံးတစ်စုံ လို့ထင်ပါတယ်. .


မျက်လုံးတစ်စုံကို အကျယ်မချဲ့လိုသော်လဲ. . စစ်သားနတ်ရုပ်ကလေးကိုတော့ ဆွေးနွေးရင်း ပြန်ပြော ရေးပြပါရစေ

သူရေးတဲ့စာလေးအရတော့ မေမြို့စစ် တက္ကသိုလ်မှာ အလုပ် လုပ်ရင်း အနီးနားက ရွာတွေကို ခရီးရှည်၊ ခရီးတိုသွားရင်းတွေ့ခဲ့တဲ့ အတွေ့အကြုံလေးဖြစ်ဟန်တူပါတယ် (၁၉၆၅ - ရ၀ လို့ယူဆပါတယ်). 

အခုချိန်မှာ အဲ့ဒီ့ စစ်သားနတ်ရုပ်ကလေး ရှိမရှိမသိနိုင်တော့သော်လဲ. သူရေးခဲ့တဲ့သူ့အတွေးလေး နဲ့ ရူထောင့် ကိုသာ အတိုချုပ်..ပြန်လည်တင်ပြလိုက်ပါရစေ 


တစ်ရက်မှာ 

သူတို့ ခရီးသွားရင်း. ရွာတစ်ရွာရဲ့ ထိပ်ကိုရောက်တော့. သစ်ပင်ကြီးတစ်ပင်အောက်မှာ. ရိုင်ဖယ် သေနတ်ကိုင်ထားတဲ့ အင်္ဂလိပ်စစ်သားနတ်ရုပ်ကလေးနဲ့ နတ်ကွန်းလေးတစ်ခုတွေ့ရပါသတဲ့. . အရှေ့မှာလဲ. . အနောက်တိုင်းအစားအစာ ဖြစ်တဲ့ ပေါင်မုန့် တွေ လက်ဖက်ရည်တွေ အချိုတွေကိုဆက် ကပ်ထားသလိုမျိုးလဲမြင်ရပါသတဲ့. .

ဒါနဲ့သူလဲ သိပ်ထူးဆန်းသွားပြီး. . ဘယ်လိုဖြစ်တာတုန်း. . ဒေသခံနတ်ဖြစ်တဲ့ ရူမ်းမောင်နှမလဲမဟုတ် မင်းကြီးမင်းလေး လဲမဟုတ်၊ ကိုးမြို့ရှင်လဲမဟုတ် ဘာနတ်ဖြစ်နေတာပါလိမ့်ဆိုတဲ့အတွေးနဲ့စပ်စုမိတော့


ရွာခံတွေပြန်ပြောပြမှသိလိုက်ရတာက ဒုတိယ ကမ္ဘာ စစ်အတွင်း ဂျပန် တပ်တွေမြန်မာပြည်ကို ဝင်လာတဲ့အချိန်မှာ. .

အင်္ဂလိပ်စစ်သားလေးတစ်ဦးဟာ.. မျက်စေ့လည်လမ်းမှားရင်း သူ့တပ်တွေနဲ့ ကွဲပြီး ဒီရွာကလေးကိုရောက်လာခဲ့ပါသတဲ့. . . ရွာခံတွေကလဲ ဒီ စစ်သားကလေး ခိုကိုးရာမဲ့ ဒုက္ခ ရောက်နေတယ်ဆိုတာသိပြီး .ဝိုင်း သနားကြလေတော့... . . 

ဟိုအိမ်က ထမင်းခေါ်ကျွေး. . ဒီအိမ်က ထမင်းခေါ်ကျွေးကြရင်း . . သိုသိုသိပ်သိပ်. နဲ့ ဒီစစ်သားကလေးကို . စောင့်ရှောက်ပေးထားကြပါသတဲ့. .


အဲ့ဒီ့စစ်သားကလေးကလဲ. . သူ့အပေါ် တစ်ရွာလုံးက. စောင့်ရှောက်ပေးထားမှန်းသိလေတော့. . သူကလဲ သူ့ဗဟုသုတတွေနဲ့ ရပ်ရေးရွာရေး ကျန်းမာရေးကအစ တက်တက်ကြွကြွ. နဲ့ပြန်လည် ကူညီပေးရင်း ရွာနဲ့တသားထဲ ကျသွားပါသတဲ့ခင်ဗျား. .


ဒီလိုနဲ့ နေတုန်း တစ်နေ့မှာ. ဘယ်သူသတင်းပေးလိုက်မှန်းမသိဘဲ ဂျပန်တပ်တွေက ဒီရွာမှာ အင်္ဂလိပ်စစ်သားတစ်ယောက်ရှိတယ်ဆိုတာကြားပြီး ရွာထဲဝင်လာ မရရအောင်လိုက်ဖမ်း နောက်ဆုံးတော့ ဒီကလေးကိုဂျပန်တွေဖမ်းမိသွားပါသတဲ့ 


ဂျပန်တွေကလဲ ဒီကလေးကို. ဖမ်းဆီး ထိမ်းသိမ်းလိုက်တာမျိုး မလုပ်ဘဲ. ရွာထိပ်က အဲ့ဒီ သစ်ပင်အောက်မှာတင်ပစ်သတ်ထားခဲ့ပါသတဲ့ခင်ဗျား. 


အဲ့ဒီ့ဖြစ်ရပ်လဲဖြစ်လိုက်ရော. . တရွာလုံး.ယူကျုံးမရဖြစ်ကြ၊ စိတ်မကောင်းဖြစ်ကြ၊ ပူဆွေးကြ သနားကြ နဲ့ တစ်ရွာလုံးအတော့်ကို စိတ်ထိခိုက်ကြတယ်လို့ဆိုပါတယ်


ဒီကလေးခင်မျာ ဘယ်မှ သွားစရာလာစရာလဲ ရှိတာမဟုတ်ဘူး. သူ့အတွက်နေစရာ၊စားစရာလေး တစ်ခုခု ငါတို့ဖန်တီးပေးထားမှဖြစ်တော့မယ်ဆို ပြီး. . အဲ့ဒီသစ်ပင်ကြီးအောက်မှာဘဲ. . နတ်ကွန်းလေးလုပ် . ပြီးမှ


အင်္ဂလိပ် စစ်သားလေးရေ. . မင့်မှာလဲ သွားစရာလာစရာရှိမှာမဟုတ်ဘူး. . ငါတို့တရွာလုံးလဲ ပူဆွေးလှပါပြီ


အဲ့ဒီတော့ . မင်းငါတို့ရွာမှာဘဲနေ. ကြားလား၊ မင်းအတွက် မင်းကြိုက်တတ်တဲ့အစားအစာလေးတွေ ငါတို့နေ့တိုင်း ပို့ပေးမယ်ကြားလား၊ ကဲ. . ဒီမှာဘဲနေပေတော့ဆိုပြီး. အဲ့ဒီညောင်ပင်(သစ်ပင်) အောက်မှာဘဲ နေ့တိုင်းအစားအစာလေးတွေ ကို ဒီကလေးအတွက် ရည်ရွယ်ပြီး လာကျွေးကြပါသတဲ့ခင်ဗျား


နောက်ကျတော့ တစ်ရွာလုံးဝိုင်းဝန်းပြီး စစ်သားရုပ်ကလေးဖြစ်အောင် ပံ့ပိုးကြ ကူညီကြ ဒီလိုနဲ့ ကာလရွေ့လျားပြီး အနှစ်နှစ်ဆယ်လောက်ကြာတဲ့အချိန်မှာတော့.မူရင်း စပြီး သနားလို့နေရာပေးခဲ့စဉ်ကလိုမဟုတ်တော့ဘဲ. 


အဲ့ဒီ. သစ်ပင်၊ နတ်ကွန်း အောက်နားမှာ မရိုမသေမလုပ်မိကြစေနဲ့ အပေါ့အလေးမစွန့်မိကြစေ နဲ့ နတ်ကိုင်လိမ့်မယ်. မစောင့်ရှောက်ဘဲနေလိမ့်မယ်ဆိုပြီး .အချင်းချင်း ဟိုခြောက် ဒီခြောက်. ဟိုကြောက် ဒီကြောက်ဖြစ်လာကြရင်း.အနှစ်နှစ်ဆယ်လောက်လဲကြာ ရော စစ်သားလေး ခမျာ လဲ အဲ့ဒီရွာမှာ တစ်ရွာလုံးကပြန်ပြီး ကြောက်လာရ တဲ့ အင်္ဂလိပ် နတ်ဖြစ်သွားပါလေရော တဲ့ခင်ဗျား.. .


ကိုယ်သနားလို့တင်တဲ့နတ်ကို ကိုယ်ပြန်ကြောက်လာရတဲ့ သဘောမျိုးလေးဝေ့ပြီးရေးသွားတာတွေ့ရပါတယ်

အဲ့ဒီ့နောက် အဖေ ဆက်ရေးတာကတော့ မေမြို့မှာဘဲ ရင်းနှီးခဲ့ဟန်တူတဲ့သူ့ရဲ့တပည့်ကောင်မလေးတစ်ယောက်နဲ့ ရန်ကုန်လှည်းတန်းဈေးနားမှာ ရုတ်တရက် ဆုံပါသတဲ့ သူက အဲ့ဒီ့ကလေးကို အမှတ်တမဲ့ နူတ်ဆက်လိုက်ပြီး အတန်းရှိလို့ ကမန်းကတန်းကျောင်းထဲကိုဝင်လာခဲ့ရ ပါ သတဲ့. .


သို့သော်လဲ အဲ့ဒီ့မိန်းခလေးရဲ့ သူ့ကို အားကိုးတကြီးလှမ်းကြည့်လိုက်တဲ့အကြည့် တစ်ခုခုပြောချင်နေပုံရတဲ့ မျက်ဝန်းတစ်စုံကိုတော့ဘယ်လိုမှမေ့ဖျောက်လို့မရဘဲ ဖြစ်နေပါသတဲ့


ဒီလိုနဲ့နောက် တစ်လလောက်အကြာမှာ ပတ်သက်ရာပတ်သက်ကြောင်းမိတ်ဆွေ တစ်ယောက်နဲ့စကားစပ်လို့ပြောမိရင်းက. . အဲ့ဒီကောင်မလေးဟာ... နေမကောင်းလွန်းလို့ ရန်ကုန်မှာဆေးလာကုရင်း အမှတ်မထင်အဖေနဲ့တွေ့ခဲ့တာဖြစ်ပြီး ရန်ကုန်မှာဘဲ ဆုံးသွားပြီဆိုတဲ့အကြောင်းကို အဖေ သိလိုက်ရပါသတဲ့. . အဲ့ဒီ့သတင်းကို ရုတ်တရက်သိလိုက်ရချိန်မှာ ဖြစ်ရလေခြင်းဆိုပြီး အဖေ့ရင်ထဲမှာ ဖြေမဆည်နိုင်အောင်.. ရင်နာ ခြင်းကြီးစွာဖြစ်ရပါသတဲ့.ခင်ဗျား . ဒီကလေးခမျာ ရေမြေခြားမှာ ဘယ်လောက်တောင် အားငယ်လိုက်ရှာ မလဲ သူ့ဆရာကို ရုတ်တရက်တွေ့လိုက်ရတော့ ဘယ်လောက်တောင် အားကိုးတကြီးဖြစ်ရှာ လိုက်လေမလဲလို့ တွေးလိုက်မိတိုင်း ကိုယ့်ကိုယ်ကို ခွင့်မလွှတ်နိုင်လောက်အောင်ဖြစ်မိပြီး မျက်ရည်မဆည်နိုင်အောင်ကျ မိပါသတဲ့ခင်ဗျား


ဒီစာအဆုံးသပ်.အဖေ့ရဲ့နောက်ဆုံး ဝေဖန်ချက်ကလေးကတော့ လူတွေဟာ. . ကိုယ်ကအားကိုးနေရတဲ့သူတွေထက် ကိုယ့်ကိုယ်အားကိုးပြီးနေနေရတဲ့သူတွေ ရဲ့ . ထိခိုက်ပျက်စီးသွားခြင်း၊ ကျဆုံးသွားခြင်းတွေ အပေါ်မှာပိုပြီးရင်နာ တတ်တဲ့သဘောရှိတယ်လို့ ယူဆတဲ့သဘောနဲ့.သူ့ဆောင်းပါးလေးကိုအဆုံးသပ်သွားတာမျိုးပါ. .


အခုကျွန်တော်ရေးပြတာ ဟာ သူ့ရဲ့ အာဘော်အတိအကျမဟုတ်ပါ. . အနီးစပ်ဆုံးကိုသာ.တင်ပြလိုက်ရခြင်းဖြစ်ပါတယ် ကျွန်တော် ဒီအက်ဆေးလေးကိုကြိုက်လွန်းလို့. . အဖေ့ကို သတိတရ မေးရင်းစပ်စုဖြစ်ပါတယ်.


အဖေ. . အဖေ ရေးတဲ့ ဒီအက်ဆေးထဲမှာ အထဲမှာ မက်ဆေ့ရှ်က နှစ်ခုဖြစ်နေတယ်နော်. . ဒါပေမယ့် အဖေက ကိုယ်တင်တဲ့သူကိုကိုယ် ပြန် ကြောက်လာရတယ်ဆိုတဲ့ ပထမ မက်ဆေ့ရှ်ကို လူတွေသိပ်မသိစေဘဲ မှိန်ထားပြီး. . ဒုတိယ မက်ဆေ့ရှ် လူတွေက ကိုယ့်ကိုယ်အားကိုးတဲ့သူတွေကို ပိုသနားတတ်တဲ့သဘောရှိတယ်ဆိုတာ ကို ဘဲ ပိုပြီး အရောင်တင်ထားသလိုဘဲနော် လို့ ဝေဖန်ချက်ပေးမိ တော့.


အဖေကရယ်ရင်း 


ဟ. . လူလေးရ. အဲ့ဒီ့လိုမရေးရင် ငါ့အက်ဆေးကို မင်းတောင်မှ မြင်လိုက်ရမှာမဟုတ်ဘူးတဲ့ အခုတောင်ဖြတ်ခံထားရတာအများကြီးဘဲကွတဲ့. .သဘောကျစွာ ရယ်ရင်းပြောပါတယ်ခင်ဗျား. 


ကျွန်တော်လဲ ရယ်ရင်း ဟုတ်တော့လဲ ဟုတ်သား အဖေရဲ့. . နို့ နေပါအုန်း. စစ်သားနတ်ရုပ်ကိုတွေ့တဲ့အချိန်နဲ့ ဒီလောက်နှစ်တွေကြာပြီးမှ ဘယ်လိုလုပ်ပြီး. ဒီလိုအတွေးကို ဆက်စပ် စဉ်းစားမိ တာတုန်းဆိုတော့.


သူကရယ်ရင်း.


နေအုန်းကွ. . .ဒီအက်ဆေးမရေးခင် ငါ ပထမ စပြီး စဉ်းစားမိတဲ့အကြောင်းက ငါတို့မြန်မာတွေ ကိုးကွယ်နေတဲ့နတ်ထဲက မနှဲလေး အကြောင်းကွ. 


ငါ့ကို ငါ့ ကျောင်းသားကလေးတစ်ယောက် က မေးတာက စတာဘဲကွ သူက(မနှဲလေး) ဘယ်လိုလုပ်ပြီးနတ်ဖြစ်လာတာလဲတဲ့ .. သူဆိုလိုချင်တာက ကလေးလေးတစ်ယောက်ကကဘယ်လိုလုပ်ပြီးနတ်ဖြစ်နေတာလဲဆိုတာမျိုးပေါ့ကွာ

ငါ အဲ့ဒီ့ကလေးကို ရှင်းပြခဲ့တာက .


ငါတို့စဉ်းစားကြည့်ကြရအောင်ကွာ. . 

မိသားစုကြီးတစ်ခု၊ ဆွေမျိုးစုကြီး တစ်စုထဲမှာ သိပ်ချစ်စရာကောင်းတဲ့ကလေးလေးတစ်ယောက် ရှိမယ်ကွာ. . စကားပြောတတ်ခါစ. တွတ်တီးတွတ်တာ. ပြောတတ်ခါစ ကလေးလေးတစ်ယောက်က တစ်စုံတစ်ခုသော အကြောင်းအမျိုးမျိုးကြောင့်. ပျက်စီး ဆုံးပါးသွားပြီဆိုပါစို့ကွာ. . 


ကျန်ခဲ့တဲ့သူ့မိဘတွေ ၊ သူ့သားချင်းတွေ ဘယ်လောက်တောင် ရူးနေအောင်ခံ စားကြ ရမလဲ ၊ ရင်နာကြမလဲ မင်းတို့စဉ်းစားကြည့်ပေါ့ကွ .


အဲ့ဒီတော့. ပထမပိုင်း မိဘတွေ သားချင်းတွေက ကိုယ့်ကိုယ်ကို စိတ်ပြန်ဖြေနိုင် ဖို့အတွက်. .ဆုံးပါးသွားတဲ့ ကလေးလေးကို ရည်စူးပြီး အိမ်မှာ နေရာလေးတစ်ခုပေးမယ်ကွာ...


အဲ့ဒီ့ကလေးလေးရဲ့ ဝိညာဉ် ရှိနေသလိုမျိုးခံစားပြီး ကလေးလေး ကြိုက်တတ်တဲ့ ဘဲဥလေးတွေသွားကျွေးမယ်ကွာ ကိုယ့်ဖာသာကိုယ် မျက်ရည်မဆည်နိုင်ဘဲ စိတ်ဖြေကြ မယ်ကွာ.. 


ဒီလို လုပ်ရင်းကနေ နှစ်ပေါင်းများစွာလဲကြာ လာရော နောက်လူတွေ လက်ဆင့်ကမ်းရင်းကမ်းရင်း မနှဲလေးကိုင်လိမ့်မယ်နော. . ဆိုတဲ့စကားပေါ်လာပြီး အားလုံးက ပြန်ကြောက်လာရတဲ့ နတ်ဖြစ်လာတာဘဲ ဖြစ်ဖို့များတယ်ကွ. 


.ဟော အခု လို နှစ်ရှစ်ရာ တစ်ထောင်လောက်လဲရောက်လာရော. ... ငါတို့ရဲ့ ရိုးရာနတ်ကြီး ပါဖြစ်သွားတော့တာဘဲ မဟုတ်လားကွ


ငါစဉ်းစားမိတဲ့အတွေးကိုပြောတာပါ.. အတိအကျမှန်တယ်လို့ မပြောဝံ့ပေမယ့် ဒီလိုဘဲဖြစ်ဖို့များတယ်လို့ ငါယူဆတယ်


အဲ. . နောက်အတွေးစ တစ်ခုကတော့ ဒီလိုကွ.


ငါတို့မြန်မာပြည်လွတ်လပ်ရေးပြီးနောက်ပိုင်း ပြည်ပစစ်တွေ ကျူးကျော်စစ်တွေ ဆက်တိုက်ဖြစ်တယ်မဟုတ်လား. 

ငါတို့ရဲ့တပ်မတော်သားတွေ ဟာ. အင်မတန်သနားစရာကောင်းတယ်ကွ. . တိုင်းပြည်ချစ်စိတ်. ကာကွယ်လိုစိတ်တစ်ခုထဲနဲ့ အသက်ပေးသွားတာ.. ခြေပြတ်လက်ပြတ်တွေဖြစ်သွားတာတွေက ဒီအတိုင်းကိုမြင်နေရတာကိုးကွ. 


ဒါကိုငါတို့ပြည်သူတစ်ရပ်လုံးကလဲ သိနေလေတော့. .တပ်ကသူတွေဆို အလိုလို ချစ်နေကြ ကြင်နာကြ. နေရာပေးကြသကွ. ရှေ့တန်းမှာ ထိခိုက်ဒဏ်ရာ ရပြီး တော်ရုံဂီလာနဖြစ် လာတဲ့သူတွေကိုလဲ နောက်တန်း. ဘာမှ မဆိုင်တဲ့ အရပ်ဖက်ဌာနတွေမှာ အရာရှိပိုင်းတွေမှာ နေရာတွေပြန်ပေး၊ဦးစားပေးတာတွေ လုပ် ကြသကွ. .


ပထမပိုင်း တော့ အရပ်ဖက်ဝန်ထမ်းတွေက သူတို့ စိတ်ထဲမှာ ဒီလို စစ်ပြန် အရာရှိကြီးတွေကို လေးစားစိတ်၊ ချစ်စိတ်၊ သနားစိတ်ရှိနေကြလေတော့. အမှတ်တမဲ့နဲ့ အသုံးဝင်သည်ဖြစ်စေ မဝင်သည်ဖြစ်စေ နေရာပေးပြီးလေးစားစွာ ဆက်ဆံကူညီ ခဲ့ကြရတာကိုးကွ. . 

ဟော. . အခုလို အနှစ် သုံး၊လေး ဆယ်လောက်လဲရောက်ရော. .


သူတို့တွေကနတ်ဖြစ်သွားပြီဟေ့. ငါတို့ကိုယ်တိုင် ချစ်လွန်းသနားလွန်းလို့နေရာပေးခဲ့တဲ့သူတွေကို ငါတို့ကိုယ်တိုင်တောင် ပြန်ကြောက်လာရတဲ့ အဆင့်ကိုရောက်လာရပြီးမဟုတ်လားကွ. အဲ့တာတွေကိုပါ ငါထည့်ရေးရရင်တော့လားကွာ. . အောင်သင်းဆိုတဲ့ကောင် နတ်ကွန်းပေါ်ရောက်နေမှာလား.. . ဘယ်ဘဝကိုရောက်သွားမယ်မှန်းတောင်မသိတော့ဘူးဟေ့ . ဆိုပြီး ရယ်ရင်း မောရင်း ကျွန်တော့ကိုရှင်းပြသွားပါတယ် 

ခင်ဗျား. 


.လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က အဖေ့ကိုမေးခဲ့တဲ့မေးခွန်းလေးကို စိတ်ထဲမှာ ပြန်စဉ်းစားမိရင်းဒီဆောင်းပါးလေးကိုရေးဖြစ်ပါတယ်ခင်ဗျား 


ကျွန်တော်ကိုယ်တိုင်လဲ တစ်ခါတစ်ရံ

တစ်ချို့ သောအရာရှိကြီးတွေရဲ့ အုပ်စုလိုက်ရွေ့လျား သွားလာနေတဲ့ လမ်းကြောင်းကားအစုတွေကို တွေ့လိုက်မိတိုင်း၊ တပ်မတော်က အပွင့်အခက်တွေနဲ့ အရာရှိကြီးတစ်ဦးဦးက ရှေ့ဆုံးက ရင်ကော့လမ်း လျှောက် သွားချိန်မှာ. . . ဘေးနားက ကုပ်ကုပ်ကုပ်ကုပ် နဲ့ တွဲလျက် ပါ လာလေ့ရှိတဲ့. လူအုပ်စုအဖွဲ့တွေကိုမြင်ရမိလိုက်တိုင်း. 


.. ကျွန်တော့ အာရုံထဲမှာ ရိုင်ဖယ် သေနတ်ကလေး ကိုင်ထားတဲ့ စစ်သားနတ်ရုပ်ကလေးတစ်ရုပ်က သူ့အလိုလို ပေါ်လာလေ့ရှိတယ်ခင်ဗျ.


တစ်ချိန်ထဲမှာဘဲ ကျွန်တော့် မျက်နှာကြီး တစ်ခုလုံး ပြုံးပြုံးကြီးဖြစ်သွားလေ့ရှိတာကို ကိုယ်ကိုတိုင် ပြန်လည် သတိထားမိကြောင်း ကိုယ့်ဘော်ဒါကြီးတွေကို ပြန်ပြီး ဖောက်သည်ချလိုက်ပါရစေတော့ခင်ဗျား


ဆရာမြိုင်


ပြီးပါပြီ။


ရွှင်လန်းချမ်းမြေ့ပါစေ


[ မှတ်မိမှတ်ရာစုစည်းမှုများဘလော့ဂ်မှကူးယူပါသည်။ဘလော့ဂ်ဂါအားကျေးဇူးတင်ပါသည်။]



No comments:

Post a Comment