Friday, 31 May 2019

ဤသို့ပင်မျှော်လင့်မိပါသည် #မစန္ဒာ

#ဤသို့ပင်မျှော်လင့်မိပါသည် 


#မစန္ဒာ


သုဝဏ္ဏသာမ သတို့သားသည် မျက်မမြင် မိအိုဖအိုတို့အား လုပ်ကျွေးပြုစုသူ ဖြစ်သည်။ အဆိပ်လူးသော မြားက ရင်ဝတွင် စူးဝင်ခဲ့သော်လည်း သစ္စာတန်ခိုးကြောင့် မြားဆိပ် လျှောကျကာ အသက်ချမ်းသာခဲ့သည်။ ရွှေအိုးလည်း ရသည်။ မိဘနှစ်ပါးလည်း မျက်စိ အလင်း ရခဲ့လေသည်။

သုဝဏ္ဏသာမ အကြောင်းကို အဘွားအား သူ့အမေက ပြောပြခဲ့သည်။

အဘွားက အမေ့အား ပြောပြသည်။

အမေက သူတို့အား ပြောပြခဲ့သည်။

သူတို့ကတစ်ဖန် သူတို့၏ သားသမီးများကို ပြောပြေကြလေသည်။

သူတို့၏ သားသမီးများကလည်း နောင် လာမည့် မျိုးဆက်သစ်လေးများကို ပြောပြကြပေလိမ့်မည်။

ဤသို့ပင် မျှော်လင့်မိပါသည်။


* * * 


“စိန်ဗေဒါ”

“ဗျာ … အဘွား”

“ရော့ … ခေါက်ဆွဲတစ်လုံး သွားဝယ်စမ်း”


အဘွားက မတ်စေ့လေး တစ်စေ့ ပစ်ပေးလိုက်သည်။ စိန်ဗေဒါက မတ်စေ့ဖြူဖြူလေးကို လက်နှစ်ဖက်နှင့် မိအောင် ဖမ်းရမ်း ခါတိုင်းလိုပင် ပြုံးမိ ရယ်မိလေသည်။ ခါတိုင်းလိုပင် ပြောမိလေသည်။


“အဘွားရဲ့ … အဘွား ပိုက်ဆံတစ်မတ်နဲ့ ဘယ်လိုလုပ်ပြီး ခေါက်ဆွဲ ဝယ်ရမလဲ”

“နင်က တစ်မတ်နဲ့ မဝယ်လို့၊ ဘယ်လောက်နဲ့ ဝယ်ချင်လို့တုံး”

“အဘွားကလည်း … ဆီချက်ခေါက်ဆွဲ ဆိုရင် သုံးကျပ်၊ ခေါက်ဆွဲကြော် ဆိုရင် ငါးကျပ်”


စိန်ဗေဒါ၏ စကားကို ကြားတော့ အဘွားက ခါတိုင်းလိုပင် စိတ်ဆိုးလေသည်။


“ကြံကြံရယ်မှ ဖန်ဖန်၊ ခေါက်ဆွဲတစ်လုံးများ ငါးကျပ်တဲ့၊ ဟဲ့ … စိန်ဗေဒါ၊ ငါးကျပ် ဆိုတာများ နင်က နည်းနည်းနောနော ပိုက်ဆံ အောက်မေ့နေသလား၊ ဆန်တစ်အိတ် ရတယ်ဟဲ့၊ ဆီတစ်ပုံး ရတယ်ဟဲ့၊ မသေမချင်း မှတ်ထား၊ နောက် ငါ့ကို ပေါက်ကရတွေ လာ လာ မပြောနဲ့၊ မိမြရင် … ညည်းသားကို ဆုံးမထားဦး ဟင်း … ”


အဘွားက ဒေါနှင့်မောနှင့် ကြိမ်းမောင်းသည်။ စိန်ဗေဒါလည်း ဘာမှ ပြန်မပြောတော့ဘဲ သူ့ခေါင်းကို သူကုတ်ရင်း ပြုံးစပ်စပ်နှင့် ငြိမ်နေလေသည်။


“သွား … ဟိုဘက်လမ်းထိပ်က ‘ကိုအကျုံး’ ဆိုင်ကို သွား”

“ကိုအကျုံး ဆိုင်”

“အေး … ခေါက်ဆွဲပြုတ် စပယ်ရှယ် တစ်လုံး၊ မကျော့ ဝယ်ခိုင်းလိုက်တာလို့ ပြော”


မှုန်ရီ မွဲသီနေသော မျက်လုံးများကို အတင်းပြူးကြည့်ရင်း အဘွားက အော်သည်။ စိန်ဗေဒါက နေရာမှ လေးတွဲ့စွာ ထသည်။


“ကိုအကျုံး ဆိုင် မထွက်ရင်ကော အဘွား”

“ထွက်မှာ ထွက်မှာ စိတ်ချ၊ ဒီတရုတ်က အင်မတန် စီးပွားရှာကောင်းတာ၊ ဆိုင်တစ်ရက် မထွက်ရရင် တစ်ရက် အသက်တိုတယ် ထင်တတ်တာ”


နေပူပူ မိုးရွာရွာ ကိုအကျုံး ဆိုင်မထွက်သောနေ့ မရှိ။ မန်ကျည်းသား စဉ်းတီတုံးပေါ်မှ ဝက်သားများကို ဓားနှင့် တတောက်တောက် စဉ်းနေရင်း သူ့ဆိုင် လာသမျှ လူများကို ရွှေသွားတဝင်းဝင်း ခေါင်းတညိတ်ညိတ်နှင့် ရယ်ပြနေတတ်သည်။ စားသူ၏ အကြိုက်ကို အင်မတန် သိသည်။ မှတ်လည်း မှတ်မိသည်။ ငရုတ်ကောင်း မကြိုက်ဟု ပြောထားသူကို နောက်တစ်ခါ ငရုတ်ကောင်း မပါစေရ။ ဘဲသားနှင့်မှဟု ဆိုလျှင် ယောင်၍မှ ဝက်သား မပါစေရ။ ယခုလည်း မကျော့မေ အဝယ်ခိုင်းလိုက်တာဟု ပြောလျှင် သူ မကြိုက်သော ကြက်သွန်မြိတ်များ လုံးဝ ပါလာစေမည် မဟုတ်ပေ။ သူ ကြိုက်သော တရုတ်ငံပြာရည်ကိုကား အနည်းငယ် ပိုထည့်ပေးလိုက်မည် ဖြစ်သည်။


“ကိုအကျုံးက ခင်စရာတော့ ကောင်းပါတယ်၊ ဒါပေမဲ့ သူ့မိန်းမကို ငါးပိငံပြာရည် မစားရဘူး ဆိုပြီး ချုပ်ချယ်တာတော့ မကောင်းပါဘူး”


အဘွားက ပက်လာက်ကုလားထိုင် နောက်ကျောကို မှီချလိုက်သည်။ ကုလားထိုင် လက်ရန်းတွင် ချိတ်ထားသော ပယင်းပုတီး ဝါဝါလေးကို ဖြုတ်ယူပြီး တစ်လုံး၊ နှစ်လုံး စ၍ စိပ်သည်။ သို့သော် စိပ်ပုတီးဆီသို့ အာရုံမရောက်သေးချေ။


“ငါးပိနံ့ကတော့ နံတာပေါ့လေ၊ ဒါပေမဲ့ ကိုယ် မကြိုက်ရင် ကိုယ် မစားနဲ့ပေါ့၊ သူများ ကြိုက်လို့ စားတာကိုတော့ စားပစေပေါ့၊ ငါလည်း ငါးပိနံ့ မကြိုက်ပါဘူး၊ မုန်းတာပဲ၊ ဒါပေမဲ့ သမီးတို့အဖေ ငါးပိ စားချင်တော့ ကျိုပြုပေးရတာပဲ၊ ဘယ်တတ်နိုင်မှာလဲ၊ လင်ရယ် မယားရယ်လို့ ဖြစ်နေပြီပဲဟာ၊ ကိုအကျုံး မိန်းမကြီးကတော့ ပုသိမ်သူ၊ ငါးပိတောထဲမှာ ကြီးလာတာ၊ လင်ရတော့မှ ငါးပိမစားဘူး၊ နံတယ် ဆိုတော့ ခက်သားလားဟယ်၊ တစ်ခါတလေ စားချင်လွန်းလို့ ခိုးစားပြန်တော့လည်း ကိုအကျုံးက အနံ့ရပြီး ‘ချောက်ကန်းမ ချောက်ကန်းမ’ နဲ့ ဆဲပြန်ရော၊ နေပါဦး၊ သူ့နာမည် ဘယ်သူပါလိမ့်”


မျက်ခိုးများရိုက်ကာ မှုန်ရီနေသော မျက်လုံးများကို လက်နှင့် ပွတ်ယင်း အဘွားက စဉ်းစားသည်။


“မလှစိန်လား၊ မငွေစိန်လား၊ တစ်ခုခုပါပဲ၊ မတင်လှ ထင်တယ်၊ အယ် မဟုတ်သေးပါဘူး၊ ငါ့နှယ် ပါးစပ်ဖျားမှာတင် မေ့နေပြန်ပါပြီ၊ မနုစိန် မနုစိန်များလား၊ ဒါလည်း မဟုတ်သေးပါဘူး၊ ဟဲ့ မမြရင် ခဏ လာစမ်း”


“ရှင် အမေ … လာပြီ”


အသံက မီးဖိုချောင်မှ ထွက်လာသော်လည်း လူက ချက်ချင်း ရောက်မလာပေ။ ခဏနေတော့ အဘွားက လည်ကို ဆန့်ကြည့်ကာ ထပ်၍ အော်သည်။


“ဟဲ့ မြန်မြန်လာစမ်း ဆို”

“ထမင်းရည် ငှဲ့နေလို့ပါ အမေရဲ့၊ လာပါပြီ လာပါပြီ”


မီးဖိုချောင်မှ ကတိုက်ကရိုက် ထွက်လာသော သမီးဖြစ်သူကို အဘွားက အလိုမကျစွာ ကြည့်ပါသည်။ သူက စိတ်မြန်သည်။ လာ ဆိုလျှင် ချက်ချင်း ရောက်မှ။ သွား ဆိုလျှင် ချက်ချင်း ထမှ ကျေနပ်သည်။ နှောင့်နှေးကြန့်ကြာနေလျှင် မကြိုက်ပေ။


“မြရင်ရယ်၊ လူငယ်ပီပီ သွက်သွက်လက်လက် သွားစမ်း လာစမ်းပါအေ၊ တကတည်း”

“ဩော် အမေရယ်၊ ကျွန်မ လူငယ်မှ မဟုတ်တော့တာ၊ အသက်ပဲ ငါးဆယ်ကျော်လို့ ခြောက်ဆယ်နား ကပ်နေပြီ၊ ခေါင်းပဲ တစ်ဝက်ဖြူနေပြီဟာကို”


သမီးဖြစ်သူ၏ စကားကို ကြားတော့ အဘွားသည် ကိုအကျုံးမိန်းမ၏ အမည်ကို မေးရန် မေ့သွားသည်။ အတိတ်ကာလသို့ ဝဲလှည့် ကျက်စားနေတတ်သော စိတ်သည် ပစ္စုပ္ပန် အခြေအနေသို့ ဖျတ်ခနဲ ပြန်ရောက်လာသည်။


“နေပါဦး၊ သမီးက ခြောက်ဆယ်တောင် ရှိတော့မယ် ဟုတ်လား၊ ဒါဆို အမေကရော”

“အမေက ရှစ်ဆယ်ကျော်ပြီလေ၊ အခုလာမယ့် သီတင်းကျွတ်ဆိုရင် အမေ့အသက် ရှစ်ဆယ့်ငါး”

“ဟုတ်လား၊ ကြီးလှပေါ့ဟ”


အဘွားက အရေခွံများ ရှုံ့တွကာ ပိန်ခြောက်နေသော သူ၏ လက်ကလေး တစ်ဖက်ကို ထောင်၍ ကြည့်သည်။ အရေခွံက ရှုံ့တွနေသော်လည်း အကြောတွေက အသွယ်သွယ် အပြိုင်းပြိုင်း ထောင်ထနေကာ သစ်ကိုင်းခြောက်ကြီးနှင့် တူနေလေသည်။


“အမေက သိပ်ကုသိုလ်ကောင်းတာ အမေရဲ့”

“ဘာကောင်းလို့တုံး အေရယ်”

“ဒီအသက်အရွယ်ထိ ကြီးကြီးကျယ်ကျယ် နေမကောင်းများ ဖြစ်ဖူးလို့လား၊ ခုထိလည်း နားမလေးသေးဘူး၊ ရှေ့သွားတွေ ကျိုးပေမဲ့ အံသွားတချို့ ကျန်သေးတယ်၊ တစ်နေ့တုန်းက အမာစိန် လာပေးတဲ့ ပဲကြီးလှော်တောင် ဝါးလို့ ရသေးတယ် မဟုတ်လား”

“မျက်စိတော့ မှုန်ပါတယ် အေ”

“အဲဒါက မှုန်ရုံတင်ပါ အမေရာ၊ မျက်မှန်သာ တပ်လိုက်ရင် အသေအချာ မြင်ရမှာ၊ အမေက မျက်မှန်မှ မတပ်ချင်ဘဲ”

“တပ်ချင်ပါဘူးအေ … မျက်နှာပေါ် ချိတ်ထားရတာ ရှုပ်ကရှုပ်သနဲ့၊ စိတ်ညစ်စရာ”


အဘွားက သက်ပြင်းချသည်။ သတိပေးသူ ရှိလျှင်တော့ သူ့ကိုယ်သူ အိုမင်းမစွမ်း ရှိနေပြီကို သတိရတတ်သည်။ သို့သော် ခဏနေလျှင် ဘယ်လိုက ဘယ်လို ပြန်ပြီး မေ့သွားလေသည် မသိ။ သူ့ကိုယ်သူ သန်သန်မာမာ ဖျတ်ဖျတ်လတ်လတ် ရှိသည်ဟု ပြန်ပြီး ထင်သွားတတ်လေသည်။ စိတ်ကလည်း မြန်သူမို့ ဖျိုးခနဲ၊ ဖျတ်ခနဲ၊ ဇိုးကနဲ ဇတ်ခနဲ ထချင်ထိုင်ချင်သည်။ သို့သော်လည်း စိတ်သာရှိ၍ ခန္ဓာကိုယ်က မလိုက်နိုင်လေတော့ ကိုယ့်ကိုယ်ကိုယ် မနိုင်ဘဲ ခဏခဏ လဲပြိုတတ်လေသည်။ လဲပြန်လျှင်လည်း မိမိကိုယ်မိမိ ဒေါသဖြစ်ကာ “ဒီလောက်ကလေးမှ မလုပ်နိုင်တော့ဘူးလား၊ သေစမ်း၊ သေစမ်း” ဟု ရေရွတ်မိတတ်လေသည်။


“အမေ ညနေ ခေါက်ဆွဲပြုတ် သောက်ချင်လို့လား”

“အေး”

“စိန်ဗေဒါ သွားဝယ်တယ်နော် အမေ”

“ညည်းသား စိန်ဗေဒါက အင်မတန်ကို လျှာရှည်တယ်၊ ခေါက်ဆွဲတစ်လုံးများ ငါးကျပ် ပေးရမလေး ဘာလေးနဲ့ ပေါက်ပေါက်ရှာရှာ”


အဘွားက ပြောရင်းဆိုရင်း ပစ္စုပ္ပန်အခြေအနေကို မေ့သွားပြန်လေသည်။


“အမေက မတ်စေ့လေး တစ်စေ့ ပေးလိုက်ပြန်ပြီ ထင်တယ်၊ ဟုတ်လား”

ဒေါ်မြရင်က ပြုံးရင်း ရယ်ရင်း မေးသည်။ သူ့ကို အဲသည်လို ပြုံးလျှင် ရယ်လျှင် အဘွား နည်းနည်းမှ မကြိုက်။


“ခေါက်ဆွဲတစ်လုံး ဝယ်တာများ မတ်စေ့ မပေးလို့ ဘာစေ့ ပေးရမတုံးအေ့၊ ငါ ပြောလိုက်ရ ဟင်း … ”

“ကဲပါ အမေရယ်၊ အမေ့ဟာ အမေ ပေးချင်တာ ပေးပါ၊ ထမင်းအိုး တူးမှာစိုးလို့ ခဏနော် အမေ”


မီးဖိုချောင်ဘက်ကို ပြန်လျှောက်သွားသော သူ့သမီးကို အဘွားက ငေးကြည့်နေရစ်သည်။ ဒီသမီးက သူ့အဖေနှင့် အတော်တူသည်။ သူက အသားညိုကာ ပိန်ပြီး ပါးလျားသည်။ သူတို့အဖေက အသားဖြူပြီး ဝသည်။ သမီးကလည်း အဖေနှင့် တူကာ ဖြူဖြူဝဝကြီး ဖြစ်လေသည်။ ယောက်ျား‘ဝ’ တုန်းက ဗိုက်ရွှဲရုံသာ ရွှဲသည်။ မိန်းမ ‘ဝ’ တော့ ဗိုက်တင်မက တင်ပါးနှစ်ဖက်ကပါ အဆီစုပြီး ကောက်လာသည်။


“ကြည့်ပါဦး တင်ပါးနှစ်ဖက်က လိမ့်လိမ့် လိမ့်လိမ့်နဲ့ ‘ဝ’ လိုက်တဲ့ ကောင်မ”

အဘွားက စိပ်ပုတီးကို လက်ထဲတွင် ဆုပ်ကိုင်ကာ စဉ်းစားပြန်သည်။


“မိမြကြည်က ငါနဲ့ တူပြီး သွယ်တယ်၊ အဖေဆီက အသားဖြူတာပါ ယူလိုက်တော့ အတော်လှတယ်၊ ‘မြရင်မ’ ကျမှ ပကတိ ဖအေချွတ်စွပ်၊ သူ့အဖေလိုပဲ စကားပြောရင် တိုပြတ်ပြတ်နဲ့ မျက်နှာထားက ဆိုးသေး”


သမီးတို့အဖေကလည်း မျက်နှာထား တင်းသည်။ ပီယဝါစာ ချိုချိုသာသာ စကားများကိုလည်း မပြောတတ်ချေ။ ပထမဆုံးအကြိမ် သူ အိမ်ကို စ၍ လာလည်စဉ်က အဘွားသည် ခန်းဆီးကြားမှ ချောင်းကြည့်ရင်း “ဟင် … မျက်နှာထားကြီးက ရှစ်ခေါက်ချိုးကြီးနဲ့ ကြောက်စရာကြီး၊ အဲဒါကြီး ငါ ယူရမှာလား၊ အမေတို့က ရက်စက်လိုက်တာ” ဟု ဝမ်းနည်းပန်းနည်းနှင့် မျက်ရည်ကျခဲ့ရသေးသည်။ သို့သော် ဒီလူကြီးက မျက်နှာထားသာ ဆိုးသည်။ သဘောက မဆိုးလှပေ။ သူ့အပေါ်တွင်လည်း ကြင်ကြင်နာနာ ယုယုယယ ရှိခဲ့လေသည်။

တစ်ခါတော့ သူက “ကိုကိုက လူကြီးတွေ ပေးစားလို့သာ အကျော့ကို ယူတာ၊ ကိုကို့ဟာကိုကို ဆိုရင် အကျော့ကို ကြိုက်မှာ မဟုတ်ပါဘူး” ဟု အားငယ်စိတ်၊ အငုံ့စိတ်ကလေးနှင့် စကားနာထိုးမိတော့ “ဒါက အကျော့ ထင်တာကိုး၊ ကျုပ်ကဖြင့် အကျော့ တစ်ခါတုန်းက ချိတ်လုံချည် အဝါလေး ဝတ်လို့ ပုသိမ်ထီးလေး ဆောင်းပြီး ဈေးသွားတာ လှမ်းမြင်လိုက်ဖူးကတည်းက စွဲနေခဲ့ရတာပါဗျာ” ဟု ခပ်ရိုးရိုး ပြုံးကာ ခပ်ရိုးရိုးပင် ပြောခဲ့သည်။ သူ့အပြော၊ သူ့အပြုံးက ရိုးသော်လည်း အဘွားသည် သူ့ရင်ခွင်တွင် ပါးအပ်ကာ တသိမ့်သိမ့် ကြည်နူးခဲ့ရလေသည်။ 


“ဟောတော့် … အဘွားက တစ်ယောက်တည်း ရယ်နေတယ်တော့်”

ကောလိပ်စိန်၏ ရယ်သံကို ကြားရသည်။ သူ ဘယ်အချိန်က ရှေ့သို့ ရောက်လာသည်ကို အဘွား မသိလိုက်။


“ကောလိပ်စိန်လား”

“ဟုတ်ကဲ့ အဘွား”

“အမာစိန်ကော”

“အိမ်ရှေ့အိမ်မှာ တာတူးတို့ ညီအစ်ကိုနဲ့ တူတူပုန်းမလို့တဲ့၊ နေရစ်တယ်”

“ကလေးကို ညည်း ကျောင်းထားပြန်ပြီလား”

“မထားပါဘူး အဘွားရဲ့”

“အေး … ငယ်ငယ်လေး ရှိသေးတာ ကလေးကို အတင်း ကျောင်းမထားရဘူးနော် သိလား”

“ဟုတ်ကဲ့ပါ အဘွားရဲ့”


အမာစိန် နှစ်နှစ်ပြည့်ခါစလေးတွင် ဒေါ်မြရင် နေမကောင်း၍ ဆေးရုံတက်ရသည်။ ဒီတော့ ဆေးရုံကို ထမင်းပို့ရ၊ ညစောင့်ရနှင့် အလုပ်ရှုပ်ရသည့် အထဲတွင် အမာစိန်ကို နေ့ခင်း ထိန်းပေးမည့်သူ မရှိ၍ အတော်ကလေး ကသီလင်တ ဖြစ်ခဲ့သည်။ ထိုစဉ်က အဖေကလည်း ပင်စင် မယူသေးချေ။ အကြီးမ နှစ်ယောက်ဖြစ်သော ရွှေနှင်းဆီနှင့် ရွှေလိပ်ပြာတို့က နံနက်ပိုင်း နေ့တစ်ဝက်ကျောင်းမို့ သူတို့ ညီမလေးကို ညနေပိုင်း ထိန်းနိုင်ကြသော်လည်း နံနက်ပိုင်းတွင် အဘွားနှင့် အမာစိန် နှစ်ဦးတည်း ကျန်ခဲ့လေသည်။ အမာစိန်က ကုလားထိုင်ပေါ် ကုတ်တက်လိုက်၊ စားပွဲပေါ် ဖက်တက်လိုက်၊ ခုန်ချလိုက်နှင့် မျောက်ရှုံးအောင် ဆော့သည်။ အဘွားကလည်း မျက်စိ မှုန်မှုန်မွှားမွှားနှင့်မို့ သူ့ကို လိုက်မဆွဲနိုင်။ ဒီတော့လည်း မတတ်နိုင်တော့ဘဲ နှစ်ခါလည်ကျော်ကျော် ကလေးငယ်ကို နေ့ကလေးထိန်းကျောင်း ပို့ရလေသည်။ ကျောင်းသွားရခါနီးလျှင် အမာစိန်က အဘွား၏ခြေထောက်ကို ဖက်ကာ အော်ငိုသည်။ အဘွားကလည်း သူ့‘မြစ်’ ကလေးကို ဖက်ကာ “ကြံကြီးစည်ရာတော်၊ ဒီအရွယ်ကလေးကိုများ ကျောင်းထားမတဲ့၊ စကားတောင် ရေလည်အောင် မတတ်သေးတဲ့ ကလေးကို ကျောင်းပို့မတဲ့၊ ကောလိပ်စိန် ကောင်မနော် … နင့်ကို ငါ လုပ်မိတော့မယ်” ဟု ကြိမ်းလေသည်။ တော်ပါသေးသည်။ ဒေါ်မြရင် ကြာကြာ နေမကောင်း မဖြစ်လိုက်ဘဲ ထူထူထောင်ထောင် ဖြစ်လာ၍ အမာစိန်၏ ကျောင်းကိစ္စလည်း တစ်ခန်းရပ်ခဲ့သည်။ ယခု အမာစိန် လေးနှစ် ပြည့်ခါနီးပြီမို့ ‘မူကြို’ ထားရန် စကား စသည်ကိုပင် အဘွားက စကားစ မခံတော့ချေ။ ကျောင်းသွားရခါနီး ဝမ်းပန်းတနည်း ရှိုက်ကြီးတငင် ငိုခဲ့သော အမာစိန်ကလေး၏ ငိုသံသည် သူ့နားထဲ စွဲနေသည်။


“ညကျရင် တီဗီမှာ နွဲ့နွဲ့စန်းအငြိမ့် လာမယ်တဲ့ သိလား အဘွား၊ အိမ်ရှေ့အိမ်မှာ သွားကြည့်ရအောင်လေ”

“ကြည့်ချင်ပါဘူးအေ၊ အရုပ်ကလေးတွေက သေးသေးမွှားမွှားလေးတွေ လှုပ်နေကြတာ၊ ငါက မျက်စိမှုန်က မှုန်သနဲ့၊ ဘာမှ မမြင်ရပါဘူး”

“အဘွားကလည်း မြင်သလောက်တော့ မြင်ရပါတယ်၊ ဆိုဗီယက်ပြန် နွဲ့နွဲ့စန်း အဘွားရဲ့ သိပ်ကောင်းတာ”

“အို ... မမြရင်တို့၊ မကောလိပ်တို့လောက် ကောင်းနိုင်ပါ့မလား အေ”


အဘွား၏စိတ်က အတိတ်ဆီသို့ ဝဲပျံသွားပြန်သည်။ မမြရင်က အငြိမ့်မင်းသမီးဟု ဆိုသော်လည်း လုံးဝ မကလက်ပေ။ ဣနြေ္ဒလေးနှင့် ပြုံးကာ ဣနြေ္ဒလေးနှင့် ကတတ်၍ မောင်နှင့်နှမ သားနှင့်အမိ အတူကြည့်၍ ရသည်။ အပြာနုနု၊ အဝါနုနု အချိတ်စစ် ပိုးစစ်လေးများကို မျက်စိအေးအောင် ယဉ်ယဉ်လေး ဝတ်ကာ တရုတ်ယပ်တောင်လေးကို လက်ထဲတွင် လှည့်ပြီး နုနုညက်ညက်ကလေး ‘က’ သွားပုံကို ယခုထိ မြင်ယောင်သေးသည်။ ‘မြရင်လေး ကျွန်မခေါ်သံလိုလို လေဘာတီလေး ကျွန်မခေါ်သံလိုလို၊ သောတရှင် သိင်္ဂီနားမှာ ကြားရပြန်သကို’ ဟူသော အသံသာသာ ကြည်ကြည်လေးကို ယခုထိ ကြားယောင်မိသေးသည်။


“အဘွားကလည်း ပွဲကြိုက်တယ်လည်း ဆိုသေးရဲ့ ကြည့်ရအောင်ပါ ဆိုမှ”

“ပွဲကတော့ ကြိုက်တာပေါ့အေ၊ ဒါပေမဲ့ မျက်စိက မှုန်တိမှုန်မွှားနဲ့”


မျက်စိသာ ကောင်းလို့ကတော့ ၈၀ ကျော် အဘွားကြီးသည် အခုထိ ဇာတ်စင်အောက်က မော့နေဦးမည် ဖြစ်သည်။ သမီးဦး ဖြစ်သူ မြကြည်ကို မွေးစဉ်ကမူ ဆိုင်းသံ တခြိမ့်ခြိမ့် ကြားနေရသော ပွဲခင်းထဲသို့ ခုနစ်ရက် မလည်သေးဘဲနှင့် သွားကြည့်မည် တကဲကဲ လုပ်၍ တစ်အိမ်သားလုံး ဝိုင်းဆွဲထားရလေသည်။ ‘မမြရင်’ ကို မွေးခါနီးကျတော့ ဗိုက်ကြီးတကားကားနှင့် ပွဲခင်းထဲသို့ ရောက်နေလေသည်။ ဆစ်ခနဲ ဆစ်ခနဲ ရစ်ပြီး နာလာသော ဝမ်းဗိုက်ကို လက်နှင့် အသာအုပ်၍ ကိုင်ရင်း ဖျာပေါ်တွင် ပေပြီး ထိုင်နေသည်။ ‘မကစေချင် ရက်သတ်လို့၊ လက်ထပ်စို့ ကိုကိုရယ် … ခုလို သဘောမကြီးရင် ဘယ်နည်းမှ မဖြစ်နိုင်ပါတယ်’ ဟု ဝမ်းနည်းသံ၊ ခနဲ့သံလေးနှင့် ဆိုပြီး ဝဲခနဲ ကလိုက်သော မမြရင်ကို မျက်တောင်မခတ် ငေးကြည့်နေမိသည်။


ဗိုက်အနာက တဖြည်းဖြည်း စိပ်လာသောအခါမှ တကျွတ်ကျွတ် စုတ်သပ်ရင်း ကော့လန် ကော့လန်နှင့် ပြန်ခဲ့ရသည်။ အရပ်ဝမ်းဆွဲသည် ဒေါ်တင်အိကို သူ့အိမ်ရှေ့တွင်ရပ်ပြီး အော်ခေါ်ခဲ့သည်။ ပွဲခင်းထဲက ပြန်လာမှန်း သိသော ဒေါ်တင်အိက တဖျစ်တောက်တောက် ဆူပူရင်း လိုက်လာလေသည်။ ဆူလွန်းမက ဆူတော့ သူကလည်း စိတ်တိုတိုနှင့် “ကလေး မွေးခါနီး ပွဲကြည့်တော့ ဘာဖြစ်သလဲ၊ မွေးတာက အောက်က မွေးတာ၊ ကြည့်တာက မျက်စိက ကြည့်တာ၊ တခြားစီပဲဟာ” ဟု မကြားတကြား ပြန်ပြောမိသေးသည်။ မျက်စောင်းကို မသိမသာ ခဲမိသေးသည်။ သို့သော်လည်း အခန်းထဲသို့ ရောက်သည်နှင့် ရေမြွှာက ပေါက်လေတော့ “အမေလေး လုပ်ပါဦး အမေအိရဲ့” ဟု ကြောက်လန့်တကြား အော်မိသည်။ ဒေါ်တင်အိ လက်ကို အားကိုးတကြီးနှင့် ဖမ်းကိုင်ထားမိလေသည်။ အလုပ်လုပ်ရမည့် လက်ကို သူက အတင်းဆွဲထားတော့ ဒေါ်တင်အိခမျာ သူ့လက်ကို သူ အတော်လေး ရုန်းယူခဲ့ရသည်။


“မကျော့မေရေ … သမီးကလေးတော့ ရှင့်အကြိုက် လေဘာတီကလေး၊ မမြရင်ကလေး”


ဝမ်းမှ ကျွတ်ခါစ သမီးကလေးကို လက်နှစ်ဖက်နှင့် မြှောက်ကိုင် ဒေါ်တင်အိက ပြောသည်။ ခဏနေတော့ သမီးတို့အဖေက အနှီးဖြူဖြူနှင့် ထုပ်ထားသော သူ့သမီး နီတာရဲလေးကို အသေအချာ အနားကပ်ကြည့်ကာ “ဟေ … ငါ့သမီးကလေးလား၊ လေဘာတီကလေးလား၊ မမြရင်ကလေးလား” ဟု ချော့မြှူလေသည်။ ထို့ကြောင့် သမီးပေါက်စ နီတာရဲကလေးအတွက် နေ့သင့်နံသင့် တွက်ချက်ပြီး အမည် ရွေးချိန်ပင် မရလိုက်။ မမြရင်ဟူသော အမည်က တစ်ခါတည်း တွင်သွားခဲ့ရလေသည်။ 


“ငယ်ငယ်တုန်းကတော့ ကြိုက်လိုက်တဲ့ပွဲ၊ ညည်းအမေ နာမည်တောင် မမြရင် ဖြစ်နေတာ ကြည့်၊ ကံကောင်းပေလို့ မမြရင် နောက်တစ်ချီ ကတာများ စောင့်ကြည့် နေမိရင်တော့ ပွဲခင်းထဲ အမွေးပဲ”


“အဘွားကလည်း အမေ့နာမည် မမြရင် ထားပါဦး၊ သမီးကျတော့ ကြည့်ပါဦး ‘ကောလိပ်စိန်’ တဲ့၊ နောက်ပြီး စိန်ဗေဒါတဲ့၊ ဟော အမေကလည်း သူ့မြေးတွေကျတော့ ရွှေနှင်းဆီတဲ့၊ ရွှေလိပ်ပြာတဲ့၊ အမာစိန်တဲ့”


“အေးလေ ဘာဖြစ်သေးတုံး၊ ကိုယ်ကြိုက်လို့ ကိုယ် လိုက်မှည့်တာပဲဟာ”

“အဘွားကသာ ဘာဖြစ်တုံး လုပ်နေ၊ သမီးအသိ၊ စိန်ဗေဒါ အသိတွေ အိမ်လာလည်ရင် အဖေတို့ အမေတို့က ဟဲ့ စိန်ဗေဒါ၊ ဟဲ့ ကောလိပ်စိန်နဲ့ ခေါ်လိုက်ရင် သူတို့က ရယ်ကြရော”


“အောင်မာ … ကောလိပ်စိန် နာမည်ရတာများ ညည်းက နာအံ့ ထင်သေးလား၊ ဟိုက ဇာတ်ကနေပေမဲ့ ဣနြေ္ဒက လွှတ်ရှိတာ၊ အပျိုကြီးဘဝနဲ့ အရိုးထုတ်သွားတာကိုသာ ကြည့်၊ ညည်းလို ဆယ့်ခြောက်နှစ်နဲ့ လင်နောက်လိုက်တဲ့ ဆတ်စလူးစိန် မဟုတ်ဘူး”


“အဘွားက လုပ်ပြီး၊ သမီး ယောက်ျားယူတော့ နှစ်ဆယ်ကျော်ပါပြီ”


ကောလိပ်စိန်က ရှက်စနိုး ပြောသည်။ အဘွားကြီးသည် ဒီ ကောလိပ်စိန်ကို ကြည့်ရင်း ဟို ကောလိပ်စိန်ကို သတိရသည်။ မာဃလုလင်ဇာတ်တွင် ငှက်မွေးဖြူလေးများ ပါသော ဝတ်ရုံကို ခြုံ၊ ဗျိုင်းဖြူခေါင်းစည်းပုံလေး ဆောင်းကာ ဗျိုင်းမလေး သုဇိတာ အဖြစ် သရုပ်ဆောင်သွားသော ‘ကောလိပ်စိန်’ ကို ယခုထိ မမေ့။ မိုးကလေးညိုညိုတွင် ဘဝဟောင်းက ခင်ပွန်း ကိုမာဃကို လွမ်းသည့်အကြောင်း ပြောပြီး လွမ်းချင်းတစ်ပိုဒ် ကောက်၍ ဆိုလိုက်သော ကောလိပ်စိန်နှင့် အတူရောပြီး လွမ်းခဲ့ရသည်။ မျက်ရည် ဝဲခဲ့ရသည်။


“အဲဒီ ကောလိပ်စိန်က နောက်ပိုင်းကျတော့ ဇာတ်မကတော့ဘူး ဆို၊ ဟုတ်လား အဘွား”

“အင်း”


အဘွားက ခေါင်းညိတ်သည်။ ဟုတ်သည်။ ကောလိပ်စိန်သည် နောက်ပိုင်း၌ လုံးဝ ဇာတ်မကတော့ပေ။ ဇာတ်သဘင်လောကမှ အပြီးအပိုင် အနားယူသွားခဲ့သည်ကို ယခုမှ ပြန်ပြီး တရေးရေး တွေးကြည့်မိသည်။


“သဘင်သည် အလုပ် ဆိုတာ လူတွေကို ငရဲရောက်အောင် လှည့်ဖြားပြီး ပို့ဆောင်တဲ့ အလုပ် ဆိုပြီး အဲဒီအလုပ်ကို စွန့်လွှတ်လိုက်တာ ဆို ဟုတ်လား၊ အဘွား”

“အင်း … မေ့တေ့တေ့ ဖြစ်နေပါပြီ”


အဘွားက သက်ပြင်းချသည်။ ဟိုတစ်စ သည်တစ်စ ပြန့်နေသော မှတ်ဉာဏ်များကို အတင်းပြန်၍ ဆွဲစုပြီး စဉ်းစားသည်။


“ဟုတ်တယ် အဘွားရဲ့၊ ဘုန်းကြီးတစ်ပါးက အဲဒီအလုပ်ကို အလှူခံလို့ လှူလိုက်တာတဲ့၊ စာအုပ်ထဲမှာ ဖတ်ဖူးတယ်”

“ဘာဖြစ်လို့ အလှူခံတာလဲ”

“ဩော် အဘွားကလည်း သဘင်သည် အလုပ် ဆိုတာ လူတွေ ငရဲကျအောင် လှည့်ဖြားပို့တဲ့ အလုပ်မို့တဲ့လေ”

“ဘာဖြစ်လို့လဲ”

“ရုပ်လှလှလေးနဲ့ ‘က’ ၊ အသံသာသာလေးနဲ့ ‘ဆို’ တော့ ကြည့်တဲ့လူတွေဟာ သာယာတိမ်းမူးပြီး ဘုရားအလုပ်ကို မေ့တာပေါ့၊ ဟုတ်ဘူးလား၊ ဒါပေမဲ့ အဘွားရယ် … လူ ဆိုတာ အလကား ထိုင်နေရင်းတောင် ဟိုလူ့ကို အမြင်ကပ်လိုက်၊ ဒီလူ့ကို မုန်းလိုက်နဲ့ ဖြစ်နေတတ်တာ ပွဲကြည့်နေတုန်း ဆိုရင်တော့ သာယာတယ်၊ တိမ်းမူးတယ် ဆိုပေမဲ့ လောဘတွေ ဒေါသတွေတော့ နည်းဦးမှာပါနော်၊ သာမန်လူသားတစ်ယောက် အနေနဲ့ ပြောတာလေ”


ကောလိပ်စိန်၏ နောက်ပိုင်းစကားများကို အဘွားက သတိမထားမိတော့ပါ။ အစပိုင်းက စကားကသာ အဘွားနားထဲသို့ ဝင်သွားသည်။ ရင်ထဲတွင် စူးခနဲ ဖြစ်သွားသည်။


“ဘုရားအလုပ်၊ တရားအလုပ်ကို မေ့တာပေါ့ ဟုတ်လား၊ အင်း ဘုရား ဘုရား”


ငရဲ ကြောက်သော စိတ်ကြောင့် နှလုံးသားက ခပ်မြန်မြန် ခုန်လာသည်။ ‘အဆို’ ၊ ‘အက’ ၊ ‘အလှ’ တို့တွင် သာယာတိမ်းမူးခဲ့ပုံကတော့ ခုအသက်၊ ခုအရွယ် အထိပင်။ မျက်စိကို စုံမှိတ်ပြီး ရွှေတိဂုံစေတီတော်ကို အာရုံပြုကြည့်လျှင် ပြတ်ပြတ်ထင်ထင် မရှိလှ။ ဦးဖိုးစိန်တို့၊ ကောလိပ်စိန်တို့၊ မမြရင်တို့ကိုများ စဉ်းစားကြည့်လျှင် အတွေးမျက်စိတွင် ထင်ထင်ရှားရှား ရှိလှသည်။ ဦးဖိုးစိန်ကြီး ခြေဆတ်၍ ‘က’ ပုံ၊ ကောလိပ်စိန်က ပန်းပွားရှည်ရှည် တပ်ထားသော လင်းကွင်းကို ဝဲကာ ဝိုက်ကာ တီးရင်း အိုးစည်ယိမ်းကို ဦးဆောင်ပြီး ကပုံ၊ မမြရင်ကလေး ပါးစပ်ကို ယပ်တောင်နှင့် မသိမသာလေး အုပ်ပြီး သီချင်းဟစ်ဆိုလိုက်ပုံတို့ကို အသေးစိတ် မြင်ယောင်သည်။ သတိရသည်။


“အင်း ဆိုတဲ့သူ၊ ကတဲ့သူတွေက တရားရကုန်ကြပြီ၊ သူတို့အဆို သူတို့အကကို ကြည့်ခဲ့ရတဲ့ ငါကတော့ ခုထိ ဒါတွေကို စွဲလမ်းတုန်းပါလား”


လက်ထဲမှ ပုတီးကို ခပ်တင်းတင်း ဆုပ်ထားမိသည်။ ထင်ယောင်၊ မြင်ယောင်နေသော အလှ၊ အပ၊ အနံ့၊ အသက်များကို မျက်စိထဲမှ အတင်းဖျောက်ကာ သံဗုဒ္ဓေ ဂါထာကို စ၍ ရွတ်လေသည်။ ကိုယ့်ကိုယ်ကိုယ်လည်း အိုမင်းမစွမ်း ဖြစ်နေပြီကို သတိရသည်။


“သေဖို့ရာ နီးလှပါပြီ၊ သင်္ချိုင်းကုန်းမှာ ခြေတစ်ဖက် မကဘူး၊ နှစ်ဖက်လုံးရောက်ပြီး စုံလုံး ရပ်နေပါပြီ၊ လှဲချဖို့ပဲ လိုတော့တယ်၊ ဒီကြားထဲက ဘုရားအာရုံ၊ တရားအာရုံ မပြုနိုင်ဘဲ လွတ်လိုက်တဲ့ စိတ်၊ မိုက်လိုက်တဲ့ ငါ”


အဘွားက ခေါင်းရင်းခန်းမှ ဘုရားစင်လေးကို လှမ်း၍ကြည့်မိသည်။ ရွှေရောင် ဝင်းနေသော ရုပ်ပွားတော်လေးကို ခပ်ဝါးဝါး ဖူးမျှော်ရသည်။ ရုပ်ပွားတော် ရှေ့ရှိ ကြေးသွန်းအိုး နှစ်လုံးထဲတွင် စိန်ခြယ်ပန်းများ ဝေဝေဆာဆာ ပွင့်နေသည်။ ပန်းအိုးများ၏ အရှေ့ဘက်တွင် ရှင်ဥပဂုတ္တကိုယ်တော်ရုပ်တု ရှိမည်ကို သိသော်လည်း သဲသဲကွဲကွဲ မမြင်ရ။


“ဘုရား ဘုရား သူတို့တွေလည်း အကုန် သေကုန်ကြပြီပဲ”


အဘွားချစ်သော မမြရင်၊ စိန်ဗေဒါ၊ ဦးဖိုးစိန်၊ ကောလိပ်စိန် တစ်ယောက်မှ မရှိတော့သည်ကို ဝင်းခနဲ သတိရသည်။ သူတို့သာလျှင် မဟုတ်သေး၊ သူ၏ ဘဝခရီးဖော်၊ သမီးတို့ အဖေပင် ဂျပန်ခေတ်က ဗုံးမှန်ပြီး သေဆုံးခဲ့ပြီ မဟုတ်ပါလား။ သဂြိုဟ်စရာ အလောင်းပင် မည်မည်ရရ ကောက်မရအောင် အပိုင်းပိုင်း အတစ်တစ် ဖြစ်ခဲ့ရသည်ကို သတိရပြီး ရင်ထဲတွင် ဆို့လာသည်။


“ရှင့်ကိုတော့ မအိုခင်၊ အနာခင် သေခြင်းက နှိပ်စက်ခဲ့တယ်၊ ကျုပ်ကတော့ အိုခြင်း ပြီးလို့ နာခြင်း၊ သေခြင်းတွေကို အစီအစဉ်အတိုင်း ရင်ဆိုင်ရဦးမယ်၊ ကျေးဇူးရှင်ကြီးရဲ့”


အဘွားက ရင်ထဲမှ ညည်းတွားရင်း ဝမ်းနည်းစိတ်ကို မျိုချသည်။ မျက်စိကို စုံမှိတ်ပြီး ဝင်သက်ကို မှန်မှန်ရှူသည်။ ထွက်သက်ကို မှတ်သည်။ နှာသီးဖျားကို ပွတ်၍ ပွတ်၍ သွားသော ထွက်လေ ဝင်လေကို စူးစိုက်၍ ရှုမှတ်ရင်း ခေါင်းထဲတွင် အတန်ငယ် ကြည်လင်လာသည်။


“ဟောဒီမှာ ဝယ်ခဲ့ပါပြီဗျာ၊ အဘွားရဲ့ တစ်မတ်တန် စပါယ်ရှယ် ခေါက်ဆွဲ”


စိန်ဗေဒါ၏ အသံကို ကြားသောအခါမှ မျက်စိကို အသာဖွင့်ကြည့်သည်။ စိန်ဗေဒါက သူ့လက်ထဲမှ တစ်လုံးချိုင့်လေးကို မြှောက်ပြရင်း


 “စားတော့မလား အဘွား” ဟု ပြောသည်။

“နင် ဘယ်က ဝယ်ခဲ့တာလဲ”

“ဟိုဘက် လမ်းထိပ်က ကိုအကျုံးဆိုင်ကလေ”

“ကိုအကျုံးက ဒီမှာ ဆိုင်ထွက်လို့လား”

“ထွက်ပါတယ် အဘွားရဲ့၊ ကျွန်တော့်ကိုတောင် ဝက်သား စဉ်းရင်းကနေပြီး ရွှေသွားကြီး တဝင်းဝင်းနဲ့ ရယ်ပြနေသေးတယ်၊ နောက်ပြီး သူ့မိန်းမကြီး ငါးပိ ခိုးစားလို့တဲ့၊ ‘ချောက်ကန်းမ ချောက်ကန်းမ’ နဲ့ ဆဲနေတယ်”

“စိန်ဗေဒါရယ် တော်ပါတော့”


အဘွားက ရယ်သည်။ အတည်ပေါက် ပြောနေသော စိန်ဗေဒါအား ချစ်စနိုးကြည့်သည်။ ကိုအကျုံး၏ ဆိုင်သည် ရန်ကုန်တွင် မရှိသည်ကိုရော သူ့ထက် အသက် ၃၀ လောက် ကြီးသော ကိုအကျုံးခမျာ လူ့ရပ် လူ့ပြည်တွင် အသက်ထင်ရှား မရှိနိုင်ပြီကိုလည်းကောင်း ကြည်ကြည်လင်လင် သတိရသည်။


“ဟော … အဘွား သတိရ သွားပြီ”

“အေး”

“ကိုအကျုံး ခေါက်ဆွဲ မဟုတ်ပေမဲ့လည်း ကောင်းပါတယ် အဘွားရဲ့”

“ကောင်းလည်း စား၊ မကောင်းလည်း စားပါပဲ ငါ့မြေးရယ်၊ လျှာကြောတွေကလည်း အရင်လို ထက်ထက်မြက်မြက် မရှိတော့ပါဘူး”


အဘွားက တရားသံနှင့် အေးဆေးစွာ ပြောသည်။ သူ့ဘေးမှ ထသွားသော ကောလိပ်စိန်ကို ကျေးဇူးတင်စွာ ကြည့်မိသည်။ ကောလိပ်စိန်၏ စကားတစ်ခွန်းသည် တွေဝေထိုင်းမှိုင်းနေသော သူ့ဦးနှောက်ကို ဖျတ်ခနဲ လင်းသွားစေလေသည်။


“အင်း … အခုတော့ သတိရနေတာပဲ၊ ဒါပေမဲ့ နက်ဖြန်ကျလို့ ခေါက်ဆွဲပြုတ် စားချင်ပြန်ရင် ကိုအကျုံးဆိုင် ခိုင်းမိဦးမှာပဲ၊ ငါ့ဦးနှောက်တွေလည်း အကုန်ရောထွေးပြီး အပြားလိုက်ကြီး ဖြစ်နေပြီ ထင်ပါရဲ့ …” 


အဘွား တွေး၍ ကောင်းဆဲမှာပင် အမာစိန် ရောက်လာသည်။ အဘွား၏ ခြေသလုံးကို သူ့လက်ကလေး နှစ်ဖက်နှင့် ဝင်နှိပ်သည်။ စားပွဲပေါ်က ခေါက်ဆွဲချိုင့်ကို မြင်သောကြောင့် ဖြစ်သည်။


“ဘွားဘွားကြီး”

“အင်း”

“ခေါက်ဆွဲ စားသေးဘူးလား”

“စားသေးပါဘူးကွယ်”

“ဘွားဘွားကြီး စားရင် တမီးလည်း စားမယ်နော်”

“အေး အေး စားရမယ်”

“အများကြီး စားမယ်နော်”

“အေး အေး”

အမာစိန်က “ဟေး ခေါက်ဆွဲ စားရမယ်” ဟု အော်ကာ ထွက်ပြေးသွားသည်။ အဘွားက ဆက်၍ တွေးသည်။


“အင်း … လူတွေ လူတွေ၊ လျှာ အရသာလေးကို တပ်မက်လိုက်ကြ၊ မျက်စိ အရသာလေးကို မက်လိုက်ကြ၊ နားအရသာလေးကို မက်လိုက်ကြ ဘုရား ဘုရား”


ဒုက္ခရဲ့ အရင်းခံ ဒီခန္ဓာတဲ့။ အပူက ပေးတဲ့ ဒုက္ခ။ အအေးက ပေးတဲ့ ဒုက္ခ။ ဒုက္ခမှန်သမျှကို ဒီခန္ဓာကြီးက ခံယူနေရတယ်။ မအိုချင်ဘူး ဆိုလည်း မရ၊ သူက အိုတယ်။ မနာချင်ဘူး ဆိုလည်း မရ၊ သူက နာတယ်။ ကိုယ် မဖြစ်ချင်တာတွေကို သူက ဖြစ်တယ်။ ဟော … ပြောရင်းဆိုရင်း ဗိုက်က နာလာပြီး၊ မနာပါနဲ့လို့ တားလို့ မရဘူး။

ရစ်ပြီး နာလာသော ဗိုက်ကို အဘွားက လက်နှင့် မသိမသာ ထောက်ထားသည်။ အိမ်သာသို့ မသွားချင်သေး၍ ပေပြီး ထိုင်နေသည်။ သည်နေ့ ဝမ်းသွားပြီး ပြီလား၊ မသွားရသေးဘူးလား စဉ်းစားသည်။ မနက်က သွားမိသလိုလို၊ မသွားမိသလိုလိုနှင့် စိတ်ထဲတွင် မသေချာချေ။


“စိန်ဗေဒါ”

“ခင်ဗျာ … အဘွား”

“ငါ မနက်က အိမ်သာတက်သလားဟဲ့”

“အဟီး … အဲဒါတော့ ကျွန်တော် မသိဘူး”


စိတ်ထဲတွင် တစ်ခုခု မသေချာလျှင် ချက်ချင်း မေးတတ်မြဲ ဝါသနာမို့ မေးလိုက်သည်။ စိန်ဗေဒါ ရယ်တော့မှ အဘွားလည်း သူ့ကိုယ်သူ ပြုံးမိလေသည်။


“အေး … ဟုတ်သားပဲ၊ နင် ဘယ်သိမလဲ”


အဘွားက နှုတ်ခမ်းရှုံ့ရှုံ့လေး နှစ်လွှာကို စုကာ ပြုံးသည်။ အံဆွဲထဲမှ စက်ကလေးတစ်ခု ထုတ်ကာ တတီတီ နှိပ်နေသော စိန်ဗေဒါအား အတန်ကြာအောင် ငေးကြည့်နေသည်။ ရစ်ပြီးနာသော ဗိုက်ကလည်း ခဏငြိမ်သွားသည်။


“ဟိုနေ့က စာအုပ်ကလေး ဆက်ပြီး ဖတ်ပြပါဦး ငါ့မြေးရဲ့”

“အနာဂတ် သာသနာလား အဘွား”

“အေး အေး”


စိန်ဗေဒါက စက်ကလေးကို အံဆွဲထဲ ပြန်ထည့်ကာ ဘုရားစင်အောက်ရှိ စာအုပ်စင်မှ စာအုပ်တစ်အုပ် ဆွဲယူလာသည်။ အဘွားဘေးတွင် တင်ပျဉ်ခွေ လာထိုင်ပြီး စာအုပ်ကို ဖွင့်သည်။


“ဟိုနေ့က အနတ္တလက္ခဏ သုတ်တော် ဖတ်ပြီးပြီနော် အဘွား”

“အေး”

“ဒီနေ့ ပဋိစ္စ သမုပ္ပါဒ် တရားတော် ဖတ်ပြမယ်နော်”

“အေး”

“ဘဝကြောင့် ဇာတိ ဖြစ်ရ၏။ ဇာတိကြောင့် ဇရာမရဏလည်း ဖြစ်ရ၏။ ဝမ်းနည်းမှု၊ ငိုကြွေးမှု၊ ကိုယ်ဆင်းရဲမှု၊ စိတ်ဆင်းရဲမှု ပြင်းစွာ ပင်ပန်းလည်း ဖြစ်ကြရ၏ … တဲ့”


စိန်ဗေဒါက အစီအစဉ်အတိုင်း မဖတ်ဘဲ သူ့မျက်စိနှင့် တန်းရာကို ပထမ ဖတ်ပြသော်လည်း အဘွား စိတ်ကြည်လင်တုန်းမို့ နားထဲသို့ ချောမောစွာ ဝင်သည်။ ဦးနှောက်ထဲအထိ ရောက်သည်။


“အဝိဇ္ဇာကြောင့် သင်္ခါရ ဖြစ်တယ်တဲ့၊ ဥပမာဆိုရင် မျက်လုံးနှစ်ဖက် ပျက်နေသူသည် လမ်းပြမည့်သူ မရှိလျှင် တစ်ခါတစ်ရံ လမ်းမှန်ဖြင့် ခရီးသွားမိ၏။ တစ်ခါတစ်ရံ လမ်းမှားဖြင့်လည်း ခရီးသွားမိ၏။ ထို့အတူ သံသရာ၌ ဉာဏ်မျက်စိ ကင်းသော လူဖျင်းသည် ရံခါ ကောင်းမှုကို ပြုမိ၏။ ရံခါ မကောင်းမှုကိုလည်း ပြုမိလေသည် တဲ့”


အဘွားသည် မျက်စိလေး မှေးကာ စူးစိုက်နားထောင်သည်။ သံသရာ၌ ကျင်လည်ကြကုန်သော လောကသားတို့အား ပိန်းပိန်းပိတ်အောင် အမှောင်ချထားလေ့ ရှိသော အဝိဇ္ဇာ အမှောင်ထုကို လှစ်ခနဲ မြင်လိုက်သည်။


“အဝိဇ္ဇာ ဖုံးပြီး ဉာဏ်မျက်စိ ကင်းတဲ့ ဟောဒီက လူအိုမ၊ အဖျင်းမကြီးကို ကယ်တော်မူပါ ဘုရား”


အဘွားက စိတ်ထဲက ရေရွတ်သည်။ အရေးထဲ ဗိုက်က နာလာပြန်သည်။ ဒီတစ်ခါတော့ အိမ်သာ မသွား၍ မဖြစ်တော့။ စိန်ဗေဒါကို ‘ခဏနေဦး’ ဟူသော သဘောနှင့် လက်ကာ၍ ထားပြီး ပက်လက်ကုလားထိုင် လက်ရန်းကို ထောက်ကာ ထသည်။ သို့သော် လက်အားက မသန်။ လူအားကလည်း မရှိတော့။ တစ်ကိုယ်လုံး ကြွမလာပေ။ အောက်ဘက်တွင် ခဲဆွဲထားသလို လေးလံနေသည်။


“အင်း အိုပြီ အိုပြီ”

အဘွားက နှုတ်ခမ်းရှုံ့ရှုံ့လေးကို စုကာ အားယူယင်း ထရန် ကြိုးစားပြန်သည်။

“အဘွား ထမလို့လား၊ ကျွန်တော် ထူပေးမယ်လေ”


စိန်ဗေဒါက အဘွားကို ဆွဲထူသည်။ အဘွားက အားယူသည်။ ထိုစဉ်တွင်ပင် ခေါင်းထဲ၌ ရိပ်ခနဲ ဖြစ်သွားပြီး လူက ပြန်ပြီး လန်ကျသွားသည်။ ပက်လက်ကုလားထိုင် ဖျင်သားနှင့် သူ့ကျောပြင် ပြန်၍ ထိလိုက်သည်ကို သိသော်လည်း ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်။ တရိပ်ရိပ် မူးပြီး မိုက်ခနဲ ဖြစ်သွားသည်။ စိန်ဗေဒါ၏ အော်သံကိုတော့ ဝေဝေဝါးဝါးနှင့် သဲ့သဲ့မျှ ကြားလိုက်ရလေသည်။


“အမေရေ၊ အမေ ဟောဒီမှာ အဘွား ဘာဖြစ်လဲ မသိဘူး၊ လာပါဦး။ အစ်မရေ … ကောလိပ် လာကြပါဦးဟ”


*******


( ဇာတ်သိမ်းဆက်ရန်) 👇👇👇



No comments:

Post a Comment