#တိုက်ရေယာဉ် ( ၁၀၃)
( အပိုင်း - ၂)
#မောင်သော်က
#ပင်လယ်ပြင်သို့ထွက်ခဲ့ပြီ။
နိုဝင်ဘာလ၏ ရာသီဥတုသည် သာယာသည်။ သာမန်အားဖြင့် ပင်လယ်ပြင်တွင် လှိုင်းလေ မရှိနိုင်။ ရန်ကုန်မြစ်ဝမှ ထွက်၍ ထားဝယ်အလွန် မလိကျွန်းအထိသာ ပင်လယ်ပြင်ကို ဖြတ်ရန် ရှိသည်။ မလိကျွန်းရောက်လျှင် တနင်္သာရီ ကမ်းရိုးတန်းနှင့် ကျွန်းများ ကြားတွင်သာ မြိတ် ရောက်သည်အထိ ဆက်လက်ခုတ်မောင်းသွားရန် လိုသည်။ မလိကျွန်း ထိပ်တွင်လည်း တိုက်ရေယာဉ် ၁၁၀ က ကျွန်တော့်သင်္ဘောကို စောင့်ကြိုနေမည်ဖြစ်သည်။
သင်္ဘောမထွက်မီ နှစ်ရက် အလိုတွင် တိုက်ရေယာဉ် ၁၁၀ ၏ စစ်ရေယာဉ်မှူးထံမှ ဖြစ်နိုင်လျှင် သူ့ ဇနီးဖြစ်သူအား စစ်ရုံးတွင် ခွင့်တောင်း၍ တင်ဆောင်ခေါ်ယူ လာစေလိုကြောင်း ကြိုးမဲ့ကြေးနန်းဖြင့် အကြောင်းကြားသည်။ မူလ အနေအထားတွင် သင်္ဘောပေါ်တွင် အမျိုးသမီး တဦးကို တင်ဆောင် ခေါ်ယူရန် ဟူသည်မှာ မလွယ်ပါ။ လူအပို ကိုးယောက်ကို တင်ဆောင် ခေါ်သွားရမည်ဟု ညွန်ကြားချက် ရရှိသည့်အခါ ဗိုလ်ကြီး ဂွမ်စိန်၏ ဇနီးကို တင်ဆောင်ရန် လုံးဝ မဖြစ်နိုင် တော့သည်ကြောင့် သူ့ကိစ္စကို ကျွန်တော် လုံးဝ ထည့်မစဉ်းစားတော့ပါ။ ဗိုလ်ကြီး ဂွမ်စိန် ကံ ကောင်းသွားသည်လော၊ ကံ ဆိုးသွားသည်လော ကျွန်တော် အတပ်မပြောနိုင်ပါ။ စောစာစီးစီး မုဆိုးဖို ဖြစ်ရမည့်ကိန်းတော့ လွဲသွားပါသည်။
နံနက်စာ ထမင်းစားချိန်အမီ သင်္ဘောပေါ် ကျွန်တော် ရောက်ခဲ့သည်။ သင်္ဘောမှာ ထွက်ခါနီးသည်ကြောင့် ပစ္စည်းများ တင်ချ လွယ်စေရန်အတွက် ဆိပ်ခံ ဗောတံတားတွင် ကပ်လျက်သား ချည်နှောင် ထား၏။ ဗောတံတားထိပ်မှ ကျွန်တော် ဆီးကြည့်လိုက်သည်တွင် တိုက်ရေယာဉ် ၁၀၃ သည် ပုဇွန်တောင် ချောင်းဝဘက်ဆီသို့ ဦးတည်လျက် လှိုင်းအထတွင် ရွရွကလေး ဦးဆတ်မော့သည်ကြောင့် တာလွတ်ရန် တာစူနေသော ပြိုင်မြင်း တကောင်အလား ပင်လယ်ထွက်ရန် စိတ်အားသန်နေပုံ ရသည်။
နံနက်စာကိုသင်္ဘောတွင် စားသောက်ကြသည်။ ဗိုလ်စောဦး၊ ဗိုလ်သန်းလွင်နှင့် ကျွန်တော်တို့ သုံးဦးသာ အတူစားကြ၏။ ထမင်းစားနေရင်း ဆိပ်ခံဗောပေါ်တွင် ရပ်နေသည့် ကိုယ်ဝန်အရင့်အမာနှင့် အမျိုးသမီး တဦးကို သတိပြုမိသည်။ အမျိုးသမီးသည် ထဘီအပြာကို ဝတ်ဆင်ထားသည်လည်း ဖြစ်ခြင်းကြောင့် ရေတပ်မှ အရပ်သူစာရေးမတဦး ဖြစ်ရမည်ဟု ကျွန်တော်သိသည်။
“အဲဒီ အမျိုးသမီးက ဘယ်သူလဲဗျ ဗိုလ်စောဦး”
ဗိုလ်စောဦးသည် စားသောက်ရာမှ သမင်လည်ပြန် လှည့်ကြည့်ရင်း
“ဪ ... အဲဒါက တပ်သားစက်ဂွမ်ရှိန်ရဲ့ ဇနီးပါ၊ သူက ရေတပ် စစ်လက်နက်တပ်မှာ လုပ်တယ်လေ၊ သူ့ယောကျာ်းကို လာနှုတ်ဆက်တာပါ”
အခွင့်သင့်သည်ကြောင့် ဇနီးသည်တဦးက သူ့လင်တော်မောင် ပင်လယ် ထွက်မည်ကို ဆိပ်ကမ်းတွင် လာရောက် နှုတ်ဆက်ခြင်း ဖြစ်သည်။
ကျွန်တော်သည် အိမ်တွင် ကျန်ရစ်ခဲ့သော ဇနီးနှင့် သားသမီးတို့ကို ဖျတ်ခနဲ သတိရမိသည်။ ထိုအချိန်၌ ကျွန်တော့်တွင် သားတယောက်၊ သမီးတယောက် ထွန်းကားပြီးခဲ့သည့်ပြင် ဇနီးသည်တွင် တတိယ သမီးကို ကိုယ်ဝန်ဆောင်လျက် ရှိနေပေပြီ၊ ဗိုလ်ကြီးစောဦး ၏ အိမ်ထောင်နှင့် မိသားစု အခြေအနေကိုမူ ကျွန်တော် သိပ်မသိ။ ဗိုလ်သန်းလွင်မှာမူ လူပျို အရာရှိငယ် တဦးသာ ဖြစ်သည်။
ထမင်းစားသောက်ပြီးသည့်နောက်တွင် ဗိုလ်စောဦးနှင့် ဗိုလ်သန်းလွင်တို့က သင်္ဘောကို လှည့်ပတ်စစ်ဆေး ကြည့်ရှုကြသည်။ သင်္ဘောသား အားလုံးကို တန်းစီစေ၍ တဦးစီ အမည်ခေါ်ကာ စစ်ဆေးသည်။ ထို့နောက် သင်္ဘောထွက်ရန် အသင့်ဖြစ်ကြောင်းကို ဗိုလ်စောဦးက ကျွန်တော့်ထံ သတင်း ပို့သည်။ ကျွန်တော်က သူ့အား လူ တန်းဖြုတ်ခွင့် ပေးပြီး သင်္ဘောဆိပ်ကမ်းမှ ခွာရန်အတွက် အသင့်ပြင်ဆင်ရန် အမိန့်ပေးလိုက်၏။
စက်ခန်းရဲဘော် အသီးသီး၊ ကုန်းပတ် ရဲဘော်အသီးသီးတို့သည် မိမိတို့၏ အလုပ်တာဝန်ကိုယ်စီ ရှိရာတွင် ဝင်ကြသည်။ ရေယာဉ် စက်မကြီး များသည် အသက်ဝင်နိုးကြားလာသည်။ ခေါင်းတိုင်မှ ဖြူဖွေးသော မီးခိုးများသည် တလူလူ လွင့်လျက် ရှိသည်။ သင်္ဘော၏ ဦးကြိုး၊ ပဲ့ကြိုး၊ ခါးကြိုးများကို ဖြုတ်ပြီးသည်နှင့် တပြိုင်နက် သင်္ဘောသည် ရေတပ်ဆိပ်ခံဗေတံတားမှ ခွာခဲ့တော့သည်။
၁၉၅၆ ခု၊ နိုဝင်ဘာ၂၈ ရက်နေ့ ၁၃း၁၅ နာရီ ဖြစ်သည်။
ဆိပ်ကမ်းမှ ခွာသည်နှင့် ဆိပ်ကမ်းမှ ခွာကြောင်းကို ကြိုးမဲ့ကြေးနန်းဖြင့် အစီရင်ခံရန် ကြိုးမဲ့ကြေးနန်း ဆက်သွယ်ရေး တပ်သားအား က/န ( ကြေးနန်း ) ရေးပေးလိုက်သည်။ ဆက်သွယ်ရေး တပ်သား၏ အမည်မှာ ခင်မောင်လတ် ဖြစ်သည်။ ကျွန်တော်က သူ့အား
“ဟေ့ ... ခင်မောင်လတ်၊ မင်း သင်္ဘောမထွက်မီက ရာသီဥတု ခန့်မှန်းချက် သတင်း တောင်းခဲ့သေးသလား” ဟု မေးလိုက်သည်။
“ကျွန်တော် သွားတောင်းတယ် စီအို၊ မလာသေးဘူးလို့ ပြောတယ်၊ ခဏနေမှ ကျွန်တော် ထပ်တောင်းကြည့်မယ်၊ ဒါမှမဟုတ် ညနေ အသံလွင့်ချိန်မှာ ဖမ်းပေးပါမယ်”
“အေး ... ကောင်းပြီ၊ ရရင် ငါ့လာပြော၊ ဘာမှတော့ သိပ်ထူးမှာ မဟုတ်ပါဘူး”
ကျွန်တော်သည် သူ့ကို ပြောဆဲ ကိုယ့်ဘာသာ ကိုယ်ပြောရင်း မှတ်ချက်ပေးပါသည်။
နိုဝင်ဘာ၏ ရာသီဥတု ဆိုသည်မှာ ပင်လယ်ပြင်တွင် ထူးခြားချက် မရှိ။ လှိုင်းလေငြိမ်သက်မြဲဟု သိရှိနေကျ ဖြစ်သည်။
ကျွန်တော်သည် ပဲစင်ထက်တွင် အတန်ကြာ နေပြီးမှ ဗိုလ်စောဦးကို လွှဲထားခဲ့ကာ အဝတ်အစား လဲလှယ်၇န် အောက်ထပ် အရာရှိရိပ်သာ အခန်းတွင်းသို့ ဆင်းလာခဲ့သည်။ အရာရှိ ရိပ်သာအခန်းမှာ
ပဲ့စင်အောက် တည့်တည့်တွင် ရှိ၍ ကျဉ်းမြောင်းသော အခန်းငယ်ကလေး ဖြစ်သည်။
အိပ်စင် နှစ်စင်ရှိသော်လည်း သာမန်အားဖြင့် ရာသီဥတု ကောင်းလျှင် ကျွန်တော်တို့ မအိပ်ကြ။ ပူအိုက် ပိတ်လှောင် နေသောကြောင့် ပဲ့စင်၏ နောက်ဘက် ကုန်းပတ်ပေါ်တွင်သာ ခေါက်၍ရသော အိပ်စင်ဖြင့် အိပ်လေ့ ရှိကြသည်။ အရာရှိ ရိပ်သာ အခန်းမှာ ကျပ်ရသည့်အထဲ ရေခဲသေတ္တာကြီး တလုံးကလည်း ရှိသေးသည်။ ရိပ်သာခန်းတွင် မီးခံသေတ္တာငယ် တလုံးရှိသည်။ အရေးကြီးသော စာရွက်စာတမ်းများနှင့်တပ်ဆောင်ငွေကို သိမ်းဆည်းရာ ဖြစ်သည်။ အရာရှိများ အတွက် ထုတ်ပေးထားသော ဒသမ ၄၅ ခြောက်လုံးပြူး နှစ်လက်သည်လည်း မီးခံသေတ္တာ တွင်း၌ပင် ရှိသည်။ အရာရှိရိပ်သာနှင့် မီးဖိုစားသောက်ဆောင် တို့ကို တံခါးတချပ်ဖြင့် ပိတ်ကာထားသည်။
ရှေ့ဦးပိုင်းအခန်းတွင်ရဲဘော်များ အိပ်ကြသည့် အိပ်ခန်းနှင့် အိမ်သာခန်းတို့ ရှိသည်။ အရာရှိရိပ်သာခန်းတွင်းဝယ် အိမ်သာငယ်တလုံး သီးသန့် ရှိသည်။ ရေချိုးခန်း ဟူ၍တော့ မရှိ။ ရေချိုးလျှင် အရာရှိနှင့် ရဲဘော် အားလုံး ကုန်းပတ်နောက်ပိုင်းတွင်သာ ချိုးကြသည်။ အရာရှိရိပ်သာ၏ နောက်ဘက် ပဲ့ပိုင်းသည်
စက်ခန်းမကြီး ဖြစ်၏။ စက်ခန်းနောက်ဘက်တွင် ပစ္စည်း သိုလှောင်ခန်းသာ ရှိတော့သည်။ သင်္ဘောမှာ သေးငယ်လှသည်။ နေရထိုင်ရ ကျပ်တည်း ပြွတ်သိပ်လှသည်။ ကျဉ်းမြောင်းလှသည်။ အရာရှိနှင့် ရဲဘော်များမှာ မလွှဲမရှောင်သာ ဒူးတိုက် ပေါင်တိုက် နေရသည်။
သို့သော်လည်း ဤမျှ သေးငယ် ကျဉ်းမြောင်းသော တိုက်ရေယာဉ်များ ပေါ်တွင်ပင် အရာရှိနှင့် ရဲဘော် များသည် ဘေးအန္တရာယ်အမျိုးစုံ၊ ဒုက္ခမျိုးစုံကို ပျော်ပျော်ကြီး ခံယူရင်း တိုင်းပြည်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြသည်။ ရေယာဉ်လေး မည်မျှပင် သေးငယ်စေကာမှု ပင်လယ်ကူးရန် ရဲရဲဝံ့ဝံ့ ထွက်ခဲ့ကြတော့သည်။
အောက်ထပ် ကုန်းပတ်တွင် အဝတ်အစား လဲလှယ်ပြီး အထက် ကုန်းပတ်သို့ ကျွန်တော် ပြန်တက်လာခဲ့သည်။ အဝတ်အစား လဲသည်ဆိုရာတွင် ခြေအိတ်၊ ဖိနပ် များကို ချွတ်ပြီးနောက် ခြေညှပ်ဖိနပ် လဲလှယ်စီးခြင်း၊ အအေးဒဏ် ကာကွယ်ရန် အလို့ငှာ အပေါ်မှ အနွေးထည် ဂျာကင်အနက် ထပ် ဝတ်ခြင်းသာ ဖြစ်ပါသည်။ ကိုယ်အောက်ပိုင်းတွင် ဘောင်းဘီတို အဖြူကိုသာလျှင် ဝတ်ဆင်ထားပါသည်။
ဗိုလ်စောဦးနှင့် ဗိုလ်သန်းလွင် တို့ကို အဝတ်အစား လဲလိုလျှင် လဲကြရန် ပြောလိုက်ပြီး ပဲ့စင်တွင် ကျွန်တော်က တာဝန်ယူလိုက်သည်။
သင်္ဘောသည် သီလဝါကို ကျော်ဖြတ်ခဲ့ပြီ ဖြစ်သည်။ ဗိုလ်စောဦးတို့ အောက်ဘက်သို့ ဆင်းသွားကြသည်။ ကျွန်တော်က မှန်ပြောင်းကို လည်တွင် ချိတ်ကာ ရှေ့တွင်ရှိသည့် ရေကြောင်းပြ ဗော်ယာကို မျှော်ကြည့်မိသည်။ သင်္ဘောကုန်းပတ် ရှေ့ပိုင်း အမြောက်ကြီးတွင် ရဲဘော် တစုထိုင်နေကြသည်။ သူတို့၏ ဦးခေါင်းပိုင်းကို ပဲ့စင်ထက်မှ မြင်နိုင်သည်။ အမြောက်ကြီး နှစ်လက်စလုံး၏ အောက်ခြေခုံက “ပ” သဏ္ဌာန်ရှိ သံမဏိပြားဖြင့် ဝိုင်းကာ ထားသည်။ အမြောက်ပစ်လျှင် လွင့်စင် ထွက်မြဲဖြစ်သော ယမ်းတောင့်ခွံများကို ထန်းသိမ်းထားရန်နှင့် လှိုင်းလေကြီးလျှင် လူးလိမ့်ကျမသွားစေရန် အတွက် အတားအဆီး တခု အနေဖြင့် တပ်ဆင်ထားခြင်းဖြစ်၏။ အမြောက် ရှေ့ပိုင်းတွင် ရဲဘော်များ ရိပ်သာသို့ ဆင်းသည့် အံဖုံး တံခါးနှင့် လှေကားရှိသည်။ ထိုရှေ့တွင်မူ ကျောက်ဆူးသာလျှင် ရှိတော့သည်။
သင်္ဘောဦးအလံတိုင်သည်ရေကြောင်းပြ ဗော်ယာတခုကို တည့်မတ်စွာ ချိန်ထားပြီး တက်မကိုင်က ရေယာဉ်လမ်းကြောင်းကို ထိန်းကိုင်ထား၏။ စင်ရော်ငှက် တအုပ်သည် သင်္ဘော၏ ဂယက်တွင် ပေါ်လာသည့်ငါးများကို ထိုးသုတ်စားရန်အတွက် သင်္ဘောနောက်မှ ထပ်ကြပ်မကွာ လိုက်ပါပျံဝဲလာကြသည်။
ထိုစဉ်တွင် ကျွန်တော့် နားတွင်း၌ ဂီတာသံနှင့် တေးဆိုသံ တခု ဝင်လာသည်။There's a river called the river of on return' ပြန်လမ်းမရှိသော မြစ် ဟူသည့် အင်္ဂလိပ် သီချင်းပင် ဖြစ်သည်။ ထိုအချိန်က သီချင်းမှာ ပေါ်ခါစ ဖြစ်သည်။ river of on return' ဇာတ်ကားတွင် မင်းသမီးချော မာရီလင်မွန်ရိုး သီဆိုထားခြင်းကြောင့် နာမည်ကြီး သီချင်းအဖြစ် ရေပန်းစားနေချိန်ဖြစ်၏။ ယခု သင်္ဘောဦးအမြောက်စင်ဝိုင်း အတွင်းမှနေလျက် ဂီတာတီးကာ ဆိုနေသူမှာ ကြိုးမဲ့ကြေးနန်းဆက်သွယ်ရေး တပ်သား ခင်မောင်လတ် ဖြစ်သည်။
“ဟေ့ကောင် ခင်မောင်လတ်၊ နိမိတ်မရှိ နမာမရှိနဲ့ ဘာသီချင်းတွေ ဆိုနေတာလဲကွ”
ဟု ကျွန်တော်က ပဲ့စင်ထက်မှနေ အော်ဟစ်လိုက်ရာ သီချင်းဆို တိတ်သွားတော့သည်။ သူသည် လူငယ်ကလေး ကပြားလေး တဦးဖြစ်သည်။
လူငယ်ကြိုက် သီချင်းကို သူ့ဘာသာ အပျင်းပြေ ဆိုခြင်းသာ ဖြစ်၏။ ကျွန်တော်ကလည်း အတိတ်နိမိတ်ကို စွဲလမ်းစွာ ယုံတတ်သူ တဦးမဟုတ်ပါ။ သို့သော် ဤ သီချင်းစာသားနှင့် ဤချိန်ခါသည် ပနံမရ၊ အထာမကျ ဟူ၍ စိတ်က အလိုလို ထင်မိခြင်းကြောင့် သူ့အား ကြိမ်းမောင်းလိုက်ခြင်းသာ ဖြစ်သည်။
ထိုအချိန်တွင် ဗိုလ်စောဦးလည်း ပဲ့စင်ထက် ပြန်ရောက်လာပြီ ဖြစ်ခြင်းကြောင့် ကျွန်တော် အမှတ်မထင် ဒေါသဖြစ်သွားသည်ကို သူက သတိပြုမိသည်။ ကျွန်တော်က ...
“ဘာလဲမသိဘူးဗျာ၊ ဒီပြင် ဆိုစရာ သီချင်းတွေ ရှိရဲ့သားနဲ့ ဒီလိုအချိန်မျိုးမှာ ဒီသီချင်းမှ ရွေးဆိုရတယ်လို့”
ဟု ဒေါသဖြစ်ခြင်းကို အရှက်ပြေကာကွယ် ပြောမိ၏။ ဗိုလ်စောဦးကမူ ပြုံး၍သာလျှင် နေသည်။ သူက ...
“ကဲ ... စီအို အနားယူပါဦး၊ ချိုင်းနားဘေကာ ရောက်ရင် ကျွန်တော် ပြောပါမယ်” ဟု ဆိုသည်။
ကျွန်တော်သည် ပဲ့စင်ထက်မှဆင်းခဲ့ပြီး အထက်ကုန်းပတ်အလယ်ရှိ တခုတည်းသော ပဲ့အိမ်အတွင်းသို့ ဝင်ခဲ့သည်။ ပဲ့အိမ်တွင်းတွင် ကြိုးမဲ့ကြေးနန်း ဆက်သွယ်ရေး စက်နှင့် ရေကြောင်းသုံး မြေပုံ ( Chart) များထား၍ ရေကြောင်း ရေးဆွဲထားသော စားပွဲငယ် တခုရှိသည်။
ထို ပဲ့အိမ်ငယ်မှာ မိုးလေ လုံခြုံရာ နေရာဖြစ်သည်။ ပဲ့အိမ်တွင်း၌ တက်မကိုင် ဘီးနှင့် သံလိုက်အိမ်မြောင် တခုရှိသော်လည်း ကျွန်တော်တို့က အသုံးမပြုကြ။ ပဲ့စင်ထက်မှ တက်မကိုင်ဘီးနှင့် သံလိုက်အိမ်မြောင်ကိုသာ သုံးကြသည်။
ကျွန်တော်သည် လိုအပ်သော မြေပုံကို ရွေးထုတ်ယူပြီး သွားရမည့် ခရီး၏ ဦးတည်လမ်းကြောင်းကို ရေးဆွဲတွက်ချက်နေမိသည်။ ကျွန်တော် သွားလိုသည်မှာ ထားဝယ်စွန်း ရှပ်မော်အလွန်မှ မလိကျွန်းဆီသို့ ဖြစ်သည်။ သို့သော် လမ်းခရီးတွင် Moscos Islands ခေါ် လောင်းလုံဘုတ်ကျွန်းစုတစုကို ညအခါတွင် ဖြတ်၇မည်။ သို့ကြောင့် ကျွန်တော်က ညခရီးစဉ် စိတ်ချစေရန် အတွက် ကမ်းခြေရှိ ကျွန်းစုများနှင့်ဝေးနိုင်သမျှ ဝေးကွာစေရန် ချိုင်းနားဘေကာမီးပြမှ ဦးတည်ရေကြောင်း ၁၃၅ ဒီဂရီတွင် ပုံမှန်ရေကြောင်းထား ရေးဆွဲလိုက်သည်။ ထိုသို့ ရေးဆွဲနေစဉ် ကျွန်တော့် မျက်စိတွင် သင်္ဘော၏ ယာဘက် ဦးဆီ၌ မီးပြဗောတခုကို မြင်မိသလို ရှိ၏။ ဖဲယားဝေး ( လမ်းသာယာ ) မီးပြဗောပင် ဖြစ်၏။ ဤတွင် တစုံတရာကို သတိရကာ ပဲ့စင်ထက်သို့ ပြန်တက်ခဲ့သည်။
“ဗိုလ်စောဦး၊ လော့(ဂ)လိုင်း (Log Line ) ချဖို့ ပြင်ဗျာ”
“ခုပဲ ချတော့မယ်လား စီအို၊ ချိုင်းနားဘေကာ မီးပြသင်္ဘောကျမှ ချမလားလို့”
( Log Line ) ဆိုသည်မှာ ရေမိုင်နှုန်း တိုင်းထွာသော ကိရိယာ ဖြစ်သည်။ သင်္ဘော၏ စက်အရှိန်က ခုတ်မောင်းပေးသည့် မိုင်နှုန်းသည် ရေတွင် တကယ်ပေါက်သော မိုင်နှုန်းနှင့် ကိုက်ညီလေ့ မရှိပါ။ သင်္ဘောစက် ပန်ကာလည်ပတ်မှုက ရေမိုင် ၁၀ မိုင်နှုန်း ပေါက်သည်ဟု တွက်ဆထားသော်လည်း လှိုင်းလေ အခြေအနေပေါ်တွင် တကယ်ပေါက်သော မိုင်နှုန်းက တည်နေသည်။
ရေနှင့်လေက သင်္ဘောနောက်မှ တွန်းပို့နေလျှင် ၁၀ မိုင်မက ခရီးပေါက်သည်။ ရေနှင့်လေက ဦးဘက်ဆီမှ တိုက်၍ ဆန့်ကျင်နေပါလျှင် သင်္ဘောစက်က ၁၀ မိုင်ဆိုသော်လည်း ၈ မိုင် ၉ မိုင်မျှသာ ခရီးပေါက်လေ့ရှိသည်။
ထို့ကြောင့် ရေမိုင်နှုန်းကို တွက်ယူရာ၌ သင်္ဘောစက်မကြီးပန်ကာလည်ပတ်မှုကို အားကိုးသည်ထက် ရေမိုင်တိုင် ကိရိယာကို အားကိုးသည်က ပိုမို မှန်ကန်သည်။ ကျွန်တော့်အား လွှဲပြောင်းပေးသည့် ဗိုလ်ကြီး ဝင်းသိမ်းမောင်က သင်္ဘောရှိ ရေမိုင်တိုင်း ကိရိယာသည် မမှန်။ တခါတရံ ကပ်နေသည်ဟု ပြောကြားခဲ့သည့်အတွက် ရေမိုင်တိုင်းကိရိယာကို စမ်းသပ်ရန် အမိန့်ပေးလိုက်ခြင်း ဖြစ်သည်။ စက်အရှိန်ကိုလည်း လော့(ဂ)လိုင်း ချရန် လျှော့လိုက်သည်။
ဗိုလ်ကြီးစောဦးသည် သင်္ဘောပဲ့ပိုင်းသို့ သွားပြီး လော့(ဂ)လိုင်း ချခြင်းကို ကြီးကြပ်နေသည်။ သူက ချပြီးကြောင်း သတင်းပို့သည်နှင့် တပြိုင်နက် ကျွန်တော်က စက်အရှိန်ကို ခုတ်မောင်းမြဲ နှုန်းအထိ ရောက်အောင်တင်လိုက်သည်။ စက်အရှိန် တင်၍ ငါးမိနစ်မျှပင် မကြာသေးချေ။
လော့(ဂ)လိုင်း ပြတ်သွားပြီဖြစ်ကြောင်း ကျွန်တော့်အား သတင်းပို့လာသည်။ လော့(ဂ)လိုင်း ပြတ်သည်မှာ အရေးကြီးတန်သလောက် မကြီးသော်လည်း စာရေး၍ အစီရင်ခံရဦးမည့် ကိစ္စတခုဖြစ်သည်။ နိုင်ငံတော်၏ ပစ္စည်းတခု ရေတွင်ကျ၍ ဆုံးရှုံးခြင်း မဟုတ်ပါလော။
လောလောဆယ်တွင်မူ ကျွန်တော်က က/န ဖြင့် အစီရင်ခံရပေမည်။ လော့(ဂ) လိုင်းချရာတွင် ပြတ်သွားကြောင်း က/န ဖြင့် ကြိုတင်အစီရင်ခံရန် အတွက် စောစောက ဂီတာတီးနေသည့် တပ်သား ခင်မောင်လတ်အား အခေါ်ခိုင်းလိုက်ရာ မျက်စိမျက်နှာပျက်လျက် ရောက်လာသည်။
“မင်းက ဘာဖြစ်နေတာတုံး ခင်မောင်လတ်”
“ကျွန်တော် လှိုင်းနည်းနည်းမူးလို့ပါ စီအို၊ ဘာမှ မဖြစ်ပါဘူး” ဟု ဆိုသည်။
“ဘာကွ လှိုင်းမူးတယ် ဟုတ်လား၊ ဒါ ပင်လယ်မှ မရောက်သေးတာ၊ ရန်ကုန်မြစ်ဝပဲ ရှိသေးတယ်၊ မင်းက ဘာကြောင့် လှိုင်းမူးနေရတာလဲ၊ နောက်ပြီး ဘယ်မှာလဲလှိုင်း၊ ရော့ ဒီ က/န ကို အခုပို့လိုက်” ဟု ဆိုကာ က/န ကိုသူ့အား ပေးလိုက်သည်။သူသည် ဒယီးဒယိုင်ဖြင့် ရေဒီယိုဆက်သွယ်ရေးစက် ရှိရာသို့ ထွက်သွားသည်။
ကျွန်တော်သည် ဇာတိအားဖြင့် အထက် အညာသား၊ တိကျစွာ ပြောရလျှင် ရွှေဘိုသား ဖြစ်သည်။ ရွှေဘိုမြို့ ဆိုသည်မှာ ချောင်းနား၊ မြစ်နား မနီးသည့် ကုန်းခေါင်ခါင် မြို့၊ လှေ သမ္ဗာန် သင်္ဘောဆိုသည်ကို ငယ်စဉ်က မမြင်ဖူးခဲ့။ လှိုင်း ဆိုသည်မှာလည်း မတွေ့ဖူးခဲ့။
ကျွန်တော်ရေတပ်ဝင်စက လှိုင်းနှင့် လှိုင်းမူးခြင်း ဝေဒနာကို ဝါရင့်ရေတပ်သားကြီးများ ပြောသံ ကြားရသည်နှင့်ပင် ကြောက်ခဲ့ရသည်။ နောင် ကိုယ်တိုင် ပထမဆုံး ပင်လယ်ထွက်ရသည့်အခါလည်း စိုးရိမ်စိတ်ကြီးစွာနှင့် ထွက်၍သာ လာခဲ့ရသည်။ ပင်လယ်ပြင်ရောက်သည်တွင် ကျွန်တော့်ထက် ဝါရင့်သော သင်္ဘောသားများ တယောက်ပြီးတယောက် လဲကျလျက် လှိုင်းမူးခြင်း၊ အော့အန်ခြင်း ဝေဒနာ ခံစားနေရသည်ကို မြင်ရသည့်အခါတွင်လည်း ပို၍ ကြောက်နေခဲ့သည်။
“ငါဘယ်တော့မူးမလဲ၊ ဘယ်တော့ အန်မလဲ” ဟူသော စိုးရိမ်စိတ်နှင့် ရခိုင်ပြည် စစ်တွေမြို့ရောက်သည်အထိ လှိုင်းမမူးတော့မှ “ အင်း ... ငါ လှိုင်းမမူးတတ်ပါလား” ဟု မိမိကိုယ်ကို သိရတော့၏။ ရေယာဉ် တစင်းပေါ်တွင် လုံးဝ လှိုင်းမမူးတတ်သူ အနည်းအကျဉ်းတော့ ပါစမြဲဖြစ်သည်။ အချို့မှာ ခဏသာလျှင် လှိုင်းမူးလျက် ရက် အနည်းငယ်အတွင်း မမူးတော့ဘဲ အကျင့်ရသွားသည်။ အချို့မှာ ပင်လယ်ထွက်တိုင်း လှိုင်းမူးသည်ချည်းသာ ဖြစ်၏။ လှိုင်း မရှိပါဘဲလျက် ရေပြာကို မြင်ကာမျှနှင့် မူးသူလည်း ရှိသေးသည်။ ခင်မောင်လတ်လို လူစားမျိုးကမူ နောက်ကျိသော ရေဝါတွင်ပင် လှိုင်း မူးနေပေပြီ။
“ချိုင်းနားဘေကာ ရောက်ပြီ စီအို”
ဗိုလ်စောဦးက သတင်းပို့ချိန်မှာ ညနေ ၁၇၃၀ နာရီခန့်တွင် ဖြစ်၏။
“ဦးတည်ရေကြောင်း ၁၅၃ ဒီဂရီ မောင်းဗျာ၊ စက်မကြီးကိုလဲ ရီဗော်လူးရှင်း ( တစ်မိနစ်လျှင် ပန်ကာလည်ပတ်နှုန်း ) ၁၃၀ဝ မှာထား၊ မိုင်နှုန်းကိုတော့ ၉ မိုင်နှုန်းထားတွက်ဗျာ၊ ချာတ် ( Chart – ရေကြောင်းသုံး မြေပုံ ) အိတ်သရီး ဇီးရိုးပေါ်မှာ ကျွန်တော် ကိုး(စ) ( Course – ဦးတည်ရေကြောင်း ) ဆွဲထားခဲ့ပြီးပြီ”
“ဟုတ်ကဲ့ စီအို”
“ကိုး(စ)ပေါ် ရောက်ရင် ထမင်းစားကြစို့ဗျာ၊ ဘရစ်ဂ်ျပေါ် ( Bridge - ပဲ့စင် ) မှာ ဗိုလ်သန်းလွင် ထားခဲ့၊ ခင်ဗျား နဲ့ ကျွန်တော် အတူစားနှင့်ကြမယ်”
ကျွန်တော်နှင့် ဗိုလ်စောဦးတို့ ညစာ စားကြသည်။ ထမင်းစားသည့်နေရာမှာ ကုန်းပတ်ထက် ပဲ့စင်၏နောက်ဘက်တွင် ရှိသည့် စားပွဲတွင် ဖြစ်၏။ စားပွဲဘေးတွင် ကုလားထိုင်နှစ်လုံး ချသာရုံမျှသာ နေရာရှိ၏။ ဘေးတဖက်တချက်တွင် ခေါက်၍ရသော အိပ်စင် နှစ်စင် ရှိသည်။
ထိုအိပ်စင်တွင်ပင် ကျွန်တော်တို့ အိပ်ကြရသည်။ အရာရှိတဦးမှာ အစဉ် ပဲ့စင်ထက်တွင် ရှိနေရသောကြောင့် ထိုအရာရှိတာဝန်ပြီးဆုံးလျှင် ဆင်းလာလျက် နောက်တာဝန်ကျ အရာရှိကို နိုးကာ သူ့ အိပ်ရာတွင် ဝင်အိပ်ကြရသည်။ သင်္ဘောမှာသေး၍ ကျဉ်းမြောင်းလှသည့်အတွက် ကျွန်တော်တို့ သုံးဦးမှာ ပင်လယ် ခရီးတလျှောက် ဤ နေရာတွင်ပင် အိပ်၊ ဤ နေရာတွင်ပင် စားကာ၊ ဤ နေရာတွင်ပင် အလုပ်လုပ်ကြရသည်။ဖြစ်သလို နေထိုင်စားသောက်ကြရ၏။ ထမင်း စားပြီးသောအခါ ဗိုလ်သန်းလွင် ခေတ္တဆင်းလာကာ ထမင်းစားသည်။ သူ့ ကိုယ်စား ဗိုလ်စောဦးက ပဲ့စင် တာဝန်ယူသည်။
ဗိုလ်သန်းလွင် စားသောက်ပြီးသည့်နောက်တွင် သူ အိပ်ချင်လျှင် ဝဲဘက် အိပ်စင်တွင် အိပ်ရန် ကျွန်တော်က ပြောသည်။ ညအခါ ပင်လယ် ခရီးတွင် နိုးနိုးကြားကြား ရှိနေစေရန်အတွက် စောစောက အိပ်ရေးဝအောင် အိပ်ထားကြရပေသည်။ ည ၈ နာရီမှ ၁၂ နာရီအထိ ဗိုလ်စောဦးက တာဝန်ယူရမည် ဖြစ်သည်။ ၁၂ နာရီမှ နံနက် ၄ နာရီ အထိ ဗိုလ်သန်းလွင်က တာဝန်ယူရမည်ဖြစ်သည်။ ကျွန်တော့် တာဝန်မှာ နံနက် ၄ နာရီမှ နောက်တနေ့နံနက် ၈ နာရီအထိ ဖြစ်သည်။ ဗိုလ်သန်းလွင်က မအိပ်ချင်သေး၍ ကျွန်တော်နှင့် အတူ ထိုင်စကားပြောနေကြသည်။ သူ ဘိလပ်တွင် ရှိစဉ်က အင်္ဂလိပ် ရေတပ်သင်တန်းတွင် တက်ခဲ့ရာ သူ သင်တန်းတက်သည့် သင်္ဘောမှာ လေယာဉ်ပျံတင် သင်္ဘောကြီး ဖြစ်သည်။
သူ သင်တန်းတက်ခဲ့သည့် သင်္ဘောနှင့် ယခုလက်တွေ့ တာဝန်ထမ်းဆောင်ရသည့် သင်္ဘောမှာ ဆင်နှင့် ယုန်ငယ်ပမာ မနှိုင်းယှဉ်သာလောက်အောင် ကွာခြားလွန်းလှသည်။
စကားပြောနေစဉ် ကြိုးမဲ့ကြေးနန်း သတင်းပို့ရန် အချိန် ကျရောက်လာသည်ကြောင့် ကျွန်တော်က သတင်းကို ရေးသည်။ ရေတပ် ပင်လယ်သွား သင်္ဘောများသည် နံနက် ၈ နာရီနှင့် ည ၈ နာရီတွင် အချိန်မှန် သတင်းပို့ရသည်။ သတင်းတွင် မိမိရောက်ရှိနေသည့် တည်နေရာ၏ လက်တီကျု၊ လောင်ဂျီကျု၊ သင်္ဘော ဦးတည် ခုတ်မောင်းရာ အရပ်၏ ဒီဂရီ၊ ရေယာဉ်မိုင်နှုန်း၊ ရာသီဥတု အခြေအနေ စသည်တို့ကို ဖော်ပြရသည်။ ကျွန်တော်က သတင်းရေးပြီးနောက် ကြိုးမဲ့ကြေးနန်း ဆက်သွယ်ရေး တပ်သားအား အခေါ် ခိုင်းလိုက်သည်။ သူ တော်တော်နှင့် ရောက်မလာ။ ရောက်လာသည့်အခါတွင်လည်း သူသည် လုံးဝ ဣနြေ္ဒ မဆည်နိုင်လောက်အောင် လှိုင်းမူးနေပြီ ဖြစ်သည်။
“ရော့ ခင်မောင်လတ်၊ ဒီ က/န ကို ရန်ကုန် ပို့လိုက်”
“ဟုတ်ကဲ့ စီအို”
သူက ဒယီးဒယိုင်နှင့် က/န ကို လှမ်းယူသည်။
“ဒါထက် စောစောက လော့(ဂ)လိုင်း ပြတ်သွားတဲ့ သတင်းကော ပို့ပြီးပြီလား”
“မပို့ ... မပို့ ရသေးဘူး စီအို”
“ဘာပြုလို့”
“ရန်ကုန် စတေးရှင်းက ခေါ်လို့မရသေးဘူး စီအို၊ အလုပ်ရှုပ်နေတယ်”
“ဟ ... မင်းဟာ ကြာလှချည်လားကွ၊ ရော့ ဟောဒီက က/န ကိုပါ တပါတည်း ပို့လိုက်၊ ဘာလဲ မင်းက အလုပ် မလုပ်နိုင်အောင် လှိုင်းမူးနေပြီလား၊ အခုမှ ပင်လယ် ရောက်ခါစ ရှိသေးတယ်”
“မမူးပါဘူး စီအို”
သူက ဟန် မနည်းလုပ်ကာ ပြောသည်။
“မမူးပါဘူးသာ ဆိုတယ်၊ မင်း ကြည့်ရတာ မသာရုပ် ပေါက်နေတော့တာပဲ၊ အဲဒီ က/န နှစ်စောင်လုံး (Pass ) ဖြစ်အောင်လုပ်၊ (Pass) မဖြစ်ရင် မင်း မအိပ်နဲ့ ဟုတ်ကဲ့လား”
“ကောင်းပါပြီ စီအို၊ ကျွန်တော် သေသေချာချာ စောင့်ပြီး ပို့ပါ့မယ်”
ခင်မောင်လတ်သည် သတင်း စာရွက်ကို ယူကာ အလေးပြုပြီး ကြိုးမဲ့ကြေးနန်းခန်းဆီသို့ ထွက်သွားသည်။ ကျွန်တော်က မကျေမနပ်နှင့် သူ လှည့်ထွက်သွားရာ အတန်ကြာ ကြည့်နေပြီးမှ
“တော်တော်ခက်တဲ့ ကောင်ပဲ၊ လှိုင်းကလေးကဖြင့် မဖြစ်စလောက်နဲ့ ဒါကို မူးရတယ် ရှိသေးတယ်” ဟု ဗိုလ်သန်းလွင်ကို ပြောလိုက်သည်။ဗိုလ်သန်းလွင်ကမူ သူ အမူ ထမ်းဖူးသည့် လေယာဉ်တင် သင်္ဘောကြီးကို သတိရအောက်မေ့နေမည်လား မပြောတတ်ပေ။
“ကဲ... ကဲ၊ ဗိုလ်သန်းလွင် လဲ အိပ်၊ ခင်ဗျားက ၁၂ နာရီမှာ ထရဦးမှာ”
ဗိုလ်သန်းလွင် သူ့ နောက်ဘက်ရှိ လွတ်နေသော အိပ်ရာဆီသို့ လျှောက်သွားကာ အိပ်ရာဝင်တော့သည်။
ကျွန်တော်က ည အမိန့် စာအုပ်တွင် ညလိုက်နာရမည့် အမိန့်ကို ရေးသားနေသည်။ ဤအမိန့်ကို အရာရှိများ ဖတ်ကာ လက်မှတ်ရေးထိုးကြရသည်။ အမိန့်မှာ ပုံစံကျ အမိန့်မျိုးသာ ဖြစ်သည်။ နောက်ဆုံး အပိုဒ်တွင် “မသင်္ကာဖွယ်ရာ တစုံတခု ရှိသော်၊ အရေးအကြောင်း ရှိခဲ့သော် စစ်ရေယာဉ်မှူးကို အချိန်မရွေး နှိုး၍ သတင်းပို့ပါ” ဟူသတည်း။
ထို့နောက် ကျွန်တော်လည်း ယာဘက် အိပ်စင်တွင် အိပ်ရာဝင်ခဲ့တော့သည်။ နံနက် ၄ နာရီတွင် ကျွန်တော် တာဝန်ယူရပေဦးမည်။ ပဲ့စင်ထက်တွင် ဗိုလ်စောဦး တာဝန်ကျနေသည်။
အိပ်ရာဝင်ခဲ့သည် ဆိုသော်လည်း တော်တော်နှင့် အိပ်မပျော်ပါ။ ထွေရာလေးပါး စိတ်ကူးက သွားနေသည်။ မြိတ်သို့ ရောက်သော် ကျွန်တော် ထမ်းဆောင်ရမည့် စစ်ဆင်ရေး တာဝန်များကို တွေးလျက် စိတ်ပူပန်နေမိသည်။ သောင်းကျန်းသူ နှိမ်နင်းရေးနှင့် တခြားနိုင်ငံမှ ငါးခိုးသင်္ဘောများကို လိုက်လံရှာဖွေ ဖမ်းဆီးရေးတို့ ဖြစ်သည်။ မြိတ်ကျွန်းစုများတွင် တကျွန်းဝင် တကျွန်းထွက်နှင့် ကင်းလှည့်တာဝန်ကိုထမ်းဆောင် ရပေဦးမည်။ မနက်ဖြန် နံနက် (Tavoy Island ) ခေါ် မလိကျွန်းတွင် တိုက်ရေယာဉ် ၁၁၀ နှင့် တွေ့ဆုံရပေမည်။
တိုက်ရေယာဉ် ၁၁၀ ၏ စစ်ရေယာဉ်မှူးဖြစ်သူ ဗိုလ်ကြီး စောဂွမ်စိန်ထံမှ နယ်အခြေအနေ သတင်းများကို ယူရမည်။ သူ့ ဇနီးကို ခေါ်မလာနိုင်သည့်အတွက်လည်း သူ့ကို ရှင်းပြ တောင်းပန်ရဦးမည်။ လူ အဆမတန် တင်ဆောင်လာရခြင်းကို ထောက်ရှု၍ သူ နားလည် သဘောပေါက်လိမ့်မည် အောက်မေ့ရသည်။
ဪ ... ပုလဲ ... ပုလဲ။ ကျွန်တော် မြိတ်ကျွန်းစုသို့ ထွက်မည်ဆိုတော့ ရန်ကုန်ရှိ ကျွန်တော့် အသိမိတ်ဆွေ တချို့က ပုလဲ ကောင်းကောင်းရလျှင် ဝယ်ခဲ့ပါဟု ငွေကျပ် ၆၀ဝ ခန့်ပေးလိုက်သည်။ ကျွန်တော်သည် ပုလဲ ကောင်း မကောင်းကို သိသူလည်း မဟုတ်။
မိန်းမကို ပုလဲ ဝယ်၍ ဆင်နိုင်သည်လည်း မဟုတ်သည့်အတွက် တွေ့လျှင် ဝယ်ခဲ့ပါမည်ဟုသာ ပြောကာ သူတို့ ငွေကို သင်္ဘောရှိ မီးခံသေတ္တာတွင် ထည့်ထားခဲ့သည်။ မီးခံသေတ္တာတွင် တပ် ဆောင်ငွေ ကျပ် ၄၀ဝ၀ ကျော်မျှ ရှိသည်။ မီးခံသေတ္တာသော့ကို ကျွန်တော့်လည်ပင်းတွင် ဆွဲထားသည်။ ယခု အိပ်ရာဝင်တော့လည်း လည်ပင်းမှသော့ ခုခုလု ဖြစ်နေသောကြောင့် သတိရမိခြင်း ဖြစ်သည်။
ပင်လယ်တွင် လှိုင်းမမူးတတ်သူများ အလွန် အိပ်ကောင်း၊ စားဝင်ဖြစ်ကြသည်။ လှိုင်းက ဘယ် ညာ ယိမ်းနွဲ့အောင် သင်္ဘောကို လှုပ်နေသည်မှာ ပုခက်တွင်းတွင် ကလေး တဦးအား သိပ်နေသလို ခံစားမိသည်။ ကုန်းပတ်ထက် လေအေးဒဏ်ကိုတော့ စစ်သုံး သက္ကလတ် စောင် တထည်ခြုံကာ ကာကွယ်ထားရသည်။ မည်မျှကြာအောင် အိပ်ပျော်နေသည်မသိ။ တစုံတရာသော် အသံဗလံများက ကျွန်တော့်အား အိပ်ရာမှနိုးစေသည်။ အသံမှာ စောစောက ကျွန်တော်တို့ ထမင်းစားသည့် စားပွဲ ကုလားထိုင်များ နေရာ ရွှေ့ကာ ကျွမ်းထုးခုံမှောက် လဲကျသံ ဖြစ်သည်။ယင်းကို တပ်ကြပ်မောင်အေးက ကြိုးများဖြင့် ချည်နှောင်နေသည်ကို မသဲမကွဲ တွေ့ရသည်။ မောင်အေးမှာ အလုပ်တာဝန်ကို မခိုင်းမစေရဘဲသူကိုယ်တိုင် ကျေပွန်စွာ လုပ်ကိုင် ဆောင်ရွက် တတ်သည့် တပ်ကြပ် တဦး ဖြစ်သည်။ စောစောက ဗိုလ်သန်းလွင် အိပ်နေသည့် အိပ်စင်ဆီသို့ ကြည့်လိုက်ရာ ဗိုလ်သန်းလွင် မဟုတ်တော့ဘဲ ဗိုလ်ကြီး စောဦး ဖြစ်နေသည်ကို တွေ့ရခြင်းကြောင့် ည ၁၂ နာရီ ကျော်ပြီ ဖြစ်သည်ကို သိလိုက်ရသည်။ လေသည် အရှေ့မြောက် အရပ်မှ တိုက်နေခြင်းကြောင့် ကျွန်တော်တို့ အိပ်စင်မှာ လေကြောင်း ကျသည်။ အတန်လည်း အေးလာသည် ဖြစ်ခြင်းကြောင့် စောင်ကို ခေါင်းမြီးခြုံကာ ပြန်အိပ်ချလိုက်သည်။ သို့သော် ကောင်းစွာ အိပ်မပျော်တော့။
သင်္ဘောပေါ်မှ တာလပတ် ရွက်ဖျင်များ၏ တဖျတ်ဖျတ်မြည်သံသည် ပိုမို ပြင်းထန် လှုပ်ခါကာ တခါတရံ သေနတ်သံ တမျှပင် မြည်သည်။ အိပ်ချင်စိတ်က ဖိစီးလိုက်၊ အသံဗလံများက လန့်နိုးစေလိုက်နှင့် ဖြစ်သည်။ ဤလေမှာ ပင်လယ်တွင် သာမန်လေသာ ဖြစ်သည်။ လှိုင်းမှာလည်း သာမန်လှိုင်းသာ ဖြစ်သည်။ ပဲ့စင်ထက်တွင် တာဝန်ကျ အရာရှိ ကြပ်မတ်မှုနှင့်ပင် ရေကြောင်းကို ကောင်းစွာထိန်းသွားနိုင်သည့် အခြေအနေပင် ဖြစ်သည်။ ကျွန်တော် ပြန်အိပ်ပျော်သွားသည်။
“စီအို ... စီအို ... ခဏ ထပါဦး”
မည်မျှ ကြာသည်ထိ အိပ်ပျော်သွားသည် မသိ။ ဗိုလ်သန်းလွင်က ကျွန်တော့်အား လှုပ်နိုးတာ့မှ ကျွန်တော် အိပ်ပျော်နေရာမှ နိုးလာသည်။
သင်္ဘောမှာလည်း ကျွန်တော် အိပ်ပျော်မသွားမီက အခြေအနေထက် ပို၍ လှုပ်ရှား လူးလွန့်နေသည်ကို သတိပြုမိ၏။ ရေလှိုင်းသံတို့မှာ ပိုမို ကျယ်လောင်လာသည် ထင်ရသည်။
“ကျွန်တော် မတတ်နိုင်တော့ဘူး စီအို၊ လှိုင်း သိပ်မူးနေလို့ စီအို ခဏ ဝင်ပေးပါလား”
ပင်လယ်လုပ်သက် နုသေး၍ အတွေ့အကြုံ အားဖြင့်လည်း လေယာဉ်တင် သင်္ဘောကြီး အတွေအကြုံမျှသာ ရှိသေးသော အရာရှိငယ် တဦးသည် ဤမျှ ဗြောင်းဆန်အောင် ကျွမ်းထိုးမှောက်ခုံ လူးလှိမ့်နေသည့် ရေယာဉ်ငယ် တစင်းပေါ်တွင် လှိုင်းမူးသည်မှာ မဆန်းပါ။ အချိန်မှာ ည ၂ နာရီသာသာမျှ ရှိသေးသည်။
“က ... ဒါဖြင့် ကိုယ့်အိပ်ရာ ဝင်အိပ်၊ ဂျူတီကို ကိုယ်ဆက်ယူလိုက်တော့မယ်”
ကျွန်တော်သည် ဂျာကင် အင်္ကျီ အနက်ကို ဝတ်လျက် ဘောင်းဘီတို အဖြူနှင့်ပင် ပဲ့စင်ထက်သို့ တက်ခဲ့သည်။ ပဲ့စင်ထက်တွင် တက်မကိုင်နေသူ၏ မျက်နှာကို သံလိုက်အိမ်မြှေင်တွင် ထွန်းထားသည့်မီးမှ ပြန်သည့်ရောင်ပြန်ဟပ်မှုကြောင့် မသဲမကွဲမြင်ရသည်။
သူကိုင်နေသည့် ဦးတည်လမ်းကြောင်းကို ကြည့်လိုက်ရာ ၁၅၀ ဒီဂရီခန့်တွင် ရှိနေပါသည်။ ဤလှိုင်း ဤလေတွင် တက် ကို ထိန်းပုံ မဆိုးပါဟု ဆိုရမည်ဖြစ်သည်။ မှောင်တွင်းဝယ် မျက်စိကျင့်သားရလာတော့မှ တက်မကိုင် ရဲဘော်ကို ကြည့်လိုက်ရာတွင် တပ်သား အောင်မြင့် ဆိုသူဖြစ်နေသည်ကို တွေ့ရသည်။ အမှန်အားဖြင့် တပ်သား အောင်မြင့်မှာ ကျွန်တော့် သင်္ဘော လူအင်အား စာရင်းမှ မဟုတ်ပါ။ မြိတ်သို့ ခရီးကြုံလိုက်သော ရဲဘော်တစုအနက်မှ တဦးဖြစ်သည်။ သို့သော် တာဝန်ဇယား ရေးဆွဲစဉ်က သူတို့ကိုပါ ထည့်သွင်းတာဝန်ပေးရန် ပြောထားသောကြောင့် တာဝန်ယူနေခြင်း ဖြစ်သည်။
သူနှင့် ကျွန်တော်သည် အထက်မြန်မာပြည် မုံရွာမြို့တွင် ဟင်္သာ စစ်ရေယာဉ်၌ အတူ အမှုထမ်းခဲ့ဖူးသည့် ကျွန်တော့်ရဲဘော် တပည့်ဟောင်း တဦးဖြစ်သည်။ တက်မကိုင် စိတ်ချရသူ တဦးဖြစ်၏။ သူ့ ဘေးနားတွင် ရပ်နေသည့် တာဝန်ကျ အကြပ်မှာ တပ်ကြပ်မောင်အေး ဖြစ်သည်။ သူလည်း ခရီးကြုံစီးတဦးဖြစ်၏။ ကျွန်တော့်နှင့်မူ အတူ အမှုမထမ်းခဲ့ဖူး။ သို့သော် ဗိုလ်ကြီးစောဦးနှင့် အလွန်ရင်းနှီးသည့် ရဲဘော်တဦးဖြစ်ကြောင်း သိရသည်။
“အောင်မြင့် ပါလားဟေ့၊ မင်း ဘယ်တုန်းက ဂျူတီ ဝင်သလဲ”
“ကျွန်တော် ၂ နာရီက ဝင်တယ်၊ အခု နာရီ ဝက်သာသာ ရှိသွားပြီ”
ကျွန်တော်က သင်္ဘော လှုပ်ရှားမှုနှင့် လေတိုက်ပုံနှုန်းကို သတိထား အကဲခတ်ရင်း
“အင်း ... လေကတော့ စောစောကထက် အတော်လေး ထန်တာပဲ” ဟု ဆိုလိုက်သည်။
“ဟုတ်တယ် စီအို၊ မိုးလင်းခါနီးရင် ပိုထန်လာစမြဲပါပဲ”
သင်္ဘောဦးဆီမှလှိုင်း တလုံးက ပင့်တင်လိုက်သည်တွင် ရေမှုန်ရေမွားများသည်ကျွန်တော်တို့၏ မျက်နှာဆီသို့ တက်စဉ်သည်ကြောင့် ကျွန်တော်တို့မျက်နှာများကို ရေစိုသွားစေသည်။
“စီအို ... မတ်ခွက်ထဲမှာ လက်ဖက်ရည် နည်းနည်းတော့ ရှိသေးတယ်၊ အေးတော့ နေပြီ၊ သောက်ဦးမလား စီအို”
တပ်ကြပ်မောင်အေးက မတ်ခွက် တခုကို လှမ်းမြှောက်ပြရင်း ပြောသည်။ ည တာဝန်ကျများသောက်ရန် အတွက် ဖျော်ပေးထားသော ကရားအတွင်းမှ ငှဲ့ဟန်ပြုရင်းမေးသည်။
“ကောင်းသားပဲကွ၊ နည်းနည်းတော့ ထည့်လိုက်လေ”
လက်ဖက်ရည်မှာအေးစက်နေသော်လည်း အိပ်ချင်စိတ်များကို ပြေစေပါသည်။ပူပူသာသောက်လိုက်ရသော် အချမ်းလည်း ပြေစေပါသည်။
ကျွန်တော်သည် လက်ဖက်ရည်မတ်ခွက်ကို တဖက်က ကိုင်၊ တဖက်က ရွက်တိုက်ကို ကိုင်ထားသည်။ဤသည်မှာ ဘဝအတွေ့အကြုံက ပေးသည့် အလေ့အကျင့်ဖြစ်သည်။ ကျွန်တော်တို့ ရေတပ်ဆောင်ပုဒ်မဟုတ်သော်လည်း ဆောင်ပုဒ်သဖွယ် ဖြစ်ခဲ့သည့်စကားရပ်တခုကို ကမ္ဘာ့ရေကြောင်းသွားသင်္ဘောသားတိုင်း ကျင့်သုံးကြသည်။ ယင်းမှာ “ တိုင်းပြည်အတွက် လက်တဖက်သာလျှင် လုပ်ကိုင်ပါ၊ ကျန်တဖက်ကကိုယ့်အသက် အတွက် နီးရာကို ဖက်တွယ်ထားပါ” ဟူသတည်း။ မှန်ပေသည်။လက်တဖက်က တစုံတရာကို ဖက်တွယ် မထားသော် လိမ့်ကျ လဲကျသွားနိုင်သည်။အဆင်မသင့်လျှင် ပင်လယ်တွင်းသို့ ကျသွားနိုင်သည်။
သို့ကြောင့်တိုင်းပြည်တာဝန်ကို လက်တဖက်အားဖြင့်သာ ထမ်းဆောင်ခြင်းမှာ ကျွန်တော်တို့ တွင်ကျင့်သားရလာခဲ့သည်။ တပ်ကြပ်မောင်အေးသည် ကျွန်တော့်ခွက်တွင်းသို့လက်ဖက်ရည် ငှဲ့ပေးနေစဉ်ပင် ဘယ်ညာ ယိမ်းထိုးနေသည်ကြောင့် လက်ဖက်ရည်အတော်များများ ကုန်းပတ် ကြမ်းပြင်ထက် ဖိတ်ကျသွားသည်။
တိုက်ရေယာဉ် ၁၀၃ သည် အမှောင်ထုတွင်းသို့ ထိုးဝင်နေသည်။ သင်္ဘောဦးဆီမှ ပြေးတက်လာသည့် ရေပန်းရေမွားများမှာလည်း တစထက် တစ ကြိမ်ဖန် ပိုများလာကာ ရေအစိုင်အထု ပိုကြီးလာသည်။ နံနက် ၄ နာရီ ထိုးခါနီးတွင် လေသည်( အရှေ့မြောက် )အရပ်မှ တိုက်နေရာမှ (အရှေ့ အရှေ့မြောက်) အရပ် ဆီသို့ ဝေ့လာကာ အနည်းငယ်လည်း ပိုပြင်းထန်လာသည်။ရွက်တိုင် ဆိုင်းကြိုးများမှာ လေထိုးသည့် အသံများကို တရွီရွီ မြည်စပြုလာသည်။ နံနက် ၃ နာရီနှင့် ၄ နာရီအတွင်း အချိန်သည် အမှောင်ထု အသိပ်သည်းဆုံး အချိန်ဖြစ်သည်။ နောက်ပိုင်း ကုန်းပတ်ပေါ်တွင် လေးပင်သော အရာများ လဲကျသံ၊ ရွေ့လျားသံများ ကြားနေရသည်။
“ဟေ့ နောက်က လဲကျစရာ၊ လွင့်ကျစရာ ရှိတာတွေ ဆိုင်းကြိုးနဲ့ သေသေချာချာ တုပ်ထားသလား”
“ကျွန်တော် စောစောကပဲ အိုင်စီအီး ရေစုပ်စက်ကိုထပ် ကြိုးချည်ထားပါသေးတယ်၊ ရှေ့ပိုင်း ကုန်းပတ်မှာတော့ ဘာမှ လွင့်ကျစရာ မရှိပါဘူး”
တပ်ကြပ် မောင်အေးက ပြောသည်။
“အေး ... ရှေ့ပိုင်းက ကျလဲ ဘိုဖာ အမြောက်ကြီးပဲ ရှိတာပဲ”
ကျွန်တော်က နောက်ဖြစ်အောင် နောက်လိုက်မိသေးသည်။ ကံ ကောင်းသည်မှာ ပဲ့စင်ထက်တွင် ရှိနေကြသူ သုံးဦးစလုံးသည် လှိုင်းမမူးကြ။ တစုံတယောက် လှိုင်းမူးခြင်း၊ အန်ခြင်းဖြစ်လျှင် ကျန်လူများ အလိုလို စိတ်ဓာတ်ကျလေ့ ရှိသည်။ တခြားသူ အန်သံကြားလျှင် ကိုယ်ပါ လိုက်အန်ချင်သည်။ ထို့ပြင် အန်ဖတ်နံ့သည် ချဉ်စူးလှ၏။ နဂိုက မအန်ချင်သူပင် အန်ဖတ်နံ့ကြောင့် တခါတရံ အန်တတ်သေးသည်။ သင်္ဘောပေါ်ရှိ တခြား ရဲဘော်များသည် အိပ်ချင်စိတ်နှင့် လှိုင်းဒဏ်ကြောင့် လောကကြီး တခုလုံးကို အရေးမထားဘဲ အိပ်မောကျနေကြစဉ်တွင် တာဝန် ကျသူများသည် ပဲ့စင်ထက်တွင် ရဲရဲဝံ့ဝံ့ တာဝန် ထမ်းဆောင် နေကြသည်။
နံနက် ၃ နာရီသာသာတွင် စက်ခန်းတွင် တာဝန်ကျနေသည့် တပ်ကြပ်/စက်က စက်မကြီး တလုံးမှာ အပူရှိန်များလာခြင်းကြောင့် ယာယီ ပြင်ဆင်ရန် ရပ်လိုက်ရမည်ဖြစ်ကြောင်း သတင်းပို့လာသည်။ ကျွန်တော်သည် စက်အကြောင်း နားမလည်သော်လည်း သူ အားရှိစေရန် စက်ခန်းတွင်းသို့ ဆင်းလိုက်သွားသည်။ ကုန်းပတ်ထက်တွင် လေအေးနှင့် ဆားငန်ရေ သင်းပျံ့နေသလောက် စက်ခန်းမှာ ဒီဇယ် စက်ဆီနံ့နှင့် အပူရှိန်က များလှသည်။ ကျွန်တော်က စက်မကြီးတလုံးကို ယာယီပြင်ဆင်မှုပြုရန် ရပ်ထားခိုင်းလိုက်ပြီး ကျန် စက်မကြီးများနှင့် တမိနစ် ပန်ကာလည်ပတ်နှုန်း ၁၀ဝ၀ ပေးရန် ပြောကြားခဲ့ပြီး ကုန်းပတ်ပေါ် ပြန်တက်လာသည်။ စက်ခန်း တာဝန်ကျ ရဲဘော် တဦးဖြစ်သူ တပ်သား စက်/ဂွမ်ရှိန် ဆိုသူမှာ ထောင့်တနေရာတွင် ခွေခွေကလေး လှိုင်းမူးနေ၏။ ကျွန်တော့်အား သတင်းလာပို့သူမှာ တပ်ကြပ်/စက် အောင်မြင့် ဖြစ်သည်။
နံနက် ၄ နာရီ ထိုးပြီးသည်တွင် လေသည် ပိုမို ပြင်းထန်လာသည်နှင့်အမျှ လှိုင်းသည် ပိုမို သောင်းကျန်းလာတော့သည်။ နံနက်မိုးသောက်ယံ ချဉ်းသည်နှင့်အမျှ လှိုင်းသည်လည်း အင်တန်အင်မျှ ကြီးလာလျက်၊ သင်္ဘောသည်လည်း အင်တန်အင်မျှ လှုပ်၏။ လေသည် ညံသက်မသွား၊ ထန်သည်ထက်သာ ထန်လာ၏။ အအေးဓာတ်သည်လည်း သီသီမျှ ပိုကဲ၍ အေးလာသည်။ ကျွန်တော့် ခန့်မှန်းခြေအရမူ ရေပြင်လေသည် တစ်နာရီလျင် ၃၀-၃၅ မိုင်ခန့် ရှိမည်ဟု ခန့်မှန်းမိတော့သည်။
-------------------
မောင်သော်က
( အပိုင်း-၃ ဆက်ရန်)
(PS:Ko Kyaw Thura Facebook မှ ကူးယူဖော်ပြပါသည်။)
August 25, 2018
[ ရှဥ့်ညိုလေးဘလော့ဂ်မှကူးယူပါသည်။ဘလော့ဂ်ဂါအားကျေးဇူးတင်ပါသည်။]