#ဂြိုဟ်မွှေသည့်စာ
( ဇာတ်သိမ်းပိုင်း)
#ကျော်အောင်
ဂျွိုက်တစ်ယောက် အရှေ့တိုင်းမှာ အနေကြာခဲ့ပြီ။ အနှစ်နှစ်ဆယ်ကလို ရှေ့နေ၏ ဂုဏ်သိက္ခာတွေ ဘာတွေ စဉ်းစား မနေတော့။ ယခု ပျော့ပျောင်းလာပြီ။ သူသည် ကြမ်းပြင်ကို စိုက်ကြည့်သည်။ ချက်ချင်းပင် စိတ်ကို ပိုင်းဖြတ်လိုက်သည်။ တစ်စုံတစ်ခု လုပ်ရတော့မည်။ တရားတာ မတရားတာ ဘေးဖယ်ထား။ လက်စလီကို ကယ်ရမည်။ သို့ပေမယ့် တစ်ခု ထစ်ငေါ့ဖို့ ရှိသည်။ ပြောလို့ ဖြစ်ပါ့မလား။
"မင်း ယောက်ျား အခြေအနေက ဘယ်လိုလဲ" လက်စလီမှာ မျက်နှာ ရဲတက်သွားသည်။
"သတ္တုတွင်းမှာ ရှယ်ယာတွေ အများကြီးပါ။ ရော်ဘာခြံ နှစ်ခု သုံးခုလောက် မှာလည်း ရှယ်ယာတွေ ရှိသေးတယ်။ ဒီလောက်ငွေတော့ သူ တတ်နိုင်ပါလိမ့်မယ်"
"ဘာအတွက် ငွေလိုတယ် ဆိုတာတော့ ပြောရလိမ့်မယ်"
"အခုအထိ ကျွန်မကို ချစ်နေတုန်းပါပဲ၊ ကျွန်မအတွက် ဆိုရင် သူ အနစ်နာခံမှာပေါ့။ စာကို သူကြည့်ဖို့ လိုသေးသလား"
ဂျွိုက်မှာ မျက်မှောင်ကုတ်နေသည်။ လက်စလီက ဆက်ပြောသည်။
"ရောဗတ်ဟာ ရှင့် မိတ်ဆွေဟောင်းကြီးပဲ။ ကျွန်မအတွက် ပြောနေတာ မဟုတ်ပါဘူး၊ ရှင့်မိတ်ဆွေ လူရိုးကြီးရဲ့ အတွက်ပါ၊ ကြင်နာတတ်တဲ့ ရှင့်မိတ်ဆွေ အတွက်ပါ"
ဂျွိုက်က ဘာမျှ ပြန်မဖြေ။ ပြန်ရန် ဟန်ပြင်သည်။ လက်စလီက နှုတ်ဆက်သည်။
"ဒုက္ခ အများကြီး ပေးရတာ ဝမ်းနည်းပါတယ်ရှင်၊ ကျေးဇူး သိပ်တင်ပါတယ်"
ဂျွိုက်သည် ရုံးခန်းသို့ ပြန်ရောက်လာသည်။ အလုပ် လုပ်ချင်စိတ် မရှိ။ စဉ်းစားမိရာ စဉ်းစား နေမိသည်။ ခဏကြာလျှင် တံခါးခေါက်သံ ကြားရသည်။ ထိုအသံကို သူ မျှော်နေခြင်းပင် ဖြစ်သည်။ ချက်ချင်းပင် ဟွန်ချိဆင်း ဝင်လာသည်။
"ကျွန်တော် လက်ဖက်ရည်သောက် ထွက်တော့မလို့ ခင်ဗျ"
"အေးပါ၊ သွားပေါ့"
"ကျွန်တော့်ကို ဆရာ ပြောစရာများ ရှိသေးသလား"
"မရှိပါဘူး။ မစ္စတာရီနဲ့ ချိန်းလိုက်သေးသလား"
"ချိန်းလိုက်ပါတယ် ဆရာ။ သုံးနာရီမှာ လာပါလိမ့်မယ်"
ဟွန်ချိဆင်းသည် ပြန်လှည့်ထွက် သွားသည်။ တံခါးဖွင့်တော့မလို လုပ်ပြီးမှ ပြန်လှည့်ကာ "ကျွန်တော့် မိတ်ဆွေကို ဘာပြောချင်သေးသလဲ ဆရာ"
"ဘယ်က မိတ်ဆွေလဲ"
"မစ္စက် ကရော့စဗီက ဟမ်မွန်ဆီ ရေးတဲ့စာလေ ဆရာရဲ့"
"အိုး ငါ မေ့သွားတယ်ကွာ၊ ဟုတ်ပါရဲ့။ အေး အဲဒီအကြောင်း မစ္စက် ကရော့စဗီကို ပြောပြတော့ သူက မရေးပါဘူးတဲ့။ ဒါဟာ လိမ်တာ ဖြစ်မှာပေါ့တဲ့"
ဂျွိုက်သည် အိတ်ထဲမှ စာကို ထုတ်ကာ ဟွန်ချိဆင်း လက်ထဲသို့ ထည့်လိုက်သည်။ ဟွန်ချိဆင်းက ဘာမျှ မသိသလိုပင်။
"ဒါဖြင့် ကျွန်တော့် မိတ်ဆွေက ဒီစာကို လက်ထောက် အစိုးရရှေ့နေ လက်ထဲ ထည့်လိုက်မယ် ဆိုရင် ကန့်ကွက်စရာ ဘာမှ မရှိဘူးပေါ့"
"မရှိပါဘူး။ ဒါပေမဲ့ အဲဒီလို လုပ်လိုက်တော့ မင်းမိတ်ဆွေမှာ ဘာ အကျိုးရှိလဲ"
"ကျွန်တော့် မိတ်ဆွေကတော့ သူ့ဘက်က တရားဥပဒေ လမ်းကြောင်းကို မှန်ကန်အောင် လုပ်ပေးဖို့ ရည်ရွယ်တာပါပဲ"
"အေး ... ဒါပေမဲ့ အဲဒီလို လုပ်မယ့်သူ ဆိုရင် ငါနဲ့ တွေ့မှာပဲ ချိဆင်း၊ ငါက ဝင်ပြီး နှောင့်ယှက်ရမှာပဲ"
သူတို့နှစ်ယောက် မျက်လုံးချင်း ဆုံမိကြသည်။ မပြုံးကြ။ သို့သော် တစ်ယောက်ကို တစ်ယောက် နားလည်လိုက်ကြသည်။
"ကျွန်တော် နားလည်ပါတယ် ဆရာ။ အမှုကို ကြည့်လိုက်တော့ ဒီစာဟာ ကျွန်တော်တို့ အမှုသည်ကို နစ်နာစေမှာ အမှန်ပဲ"
"တရားဥပဒေနဲ့ ပတ်သက်လို့ မင်း အမြော်အမြင်ကြီးပုံကို ငါ ချီးကျူးတယ် ချိဆင်း"
"ဒီတော့ ကျွန်တော့် မိတ်ဆွေက တစ်ဆင့် တရုတ်မဆီက စာကို ရအောင်ယူဖို့ စိတ်ကူးတယ်၊ ဒါဆိုရင် အတော်လေး ဟန်သွားမယ်"
ဂျွိုက်သည် မင်နှိပ်စက္ကူပေါ် စိုက်ကြည့်နေသည်။
"မင်း မိတ်ဆွေက ကုန်သည် မဟုတ်လား၊ ဒီတော့ ဘယ်လို အရောင်းအဝယ် လုပ်ကြမတဲ့လဲ၊ ဘယ်နည်းနဲ့ စာကို ယူလို့ ရမလဲ"
"သူ့ဆီမှာ စာမရှိပါဘူး ဆရာ၊ တရုတ်မဆီမှာသာ စာက ရှိတာပါ၊ သူက ခပ်တုံးတုံးပါ ဆရာရယ်၊ ဒီစာ ဘယ်လောက် တန်ဖိုးကြီးတယ် ဆိုတာ သူ မသိပါဘူး။ ကျွန်တော့် မိတ်ဆွေက ပြောပြမှ သိရတာပါ"
"ဈေးက ဘယ်လောက်တဲ့လဲကွ"
"ဒေါ်လာ တစ်သောင်းတဲ့ ဆရာ"
"ဟာ လက်စလီမှာ ဘယ့်နှယ်လုပ်ပြီး ငွေတစ်သောင်း ရနိုင်ပါ့မလဲကွ၊ မင်းတို့စာက အတု ကြီး ဖြစ်နေမှာပါ"
ချိဆင်းကား မတုန်လှုပ်။ ငြိမ်ပြီး ရပ်နေသည်။
"ဗီတောင် ရော်ဘာခြံမှာ မစ္စတာ ကရော့စဗီရဲ့ ရှယ်ယာ ရှစ်ခုရှိတယ် ဆရာ၊ ဆီလန်တန်မြစ် ရော်ဘာခြံမှာ သူ့ရှယ်ယာက ခြောက်ခု ဆရာ။ ဒါတွေ အပေါင်ထားရင် ငွေချေးမယ့် မိတ်ဆွေ ကျွန်တော် ရှာပေးနိုင်တယ် ဆရာ"
"ဟာ ... မင်းက အသိမိတ်ဆွေ တယ်များတာကိုးကွ ချိဆင်း၊ အေး ပြောလိုက်၊ ဒီလောက်တော့ မပေးနိုင်ဘူးလို့၊ ငါးထောင်ပဲ ပေးနိုင်မယ်"
"တရုတ်မက စာကို မရောင်းချင်ပါဘူး ဆရာ၊ ကျွန်တော့် မိတ်ဆွေက ချော့ပြီး ပြောရတာပါ၊ အဲဒီ ဈေးထက် လျှော့လို့တော့ ရနိုင်မယ် မထင်ဘူး ဆရာ"
ဂျွိုက်သည် သုံးမိနစ်ခန့် စကားမပြောဘဲ နေသည်။ ချိဆင်းကား ခေါင်းငုံ့ပြီး ငြိမ်နေသည်။ သူ့တပည့် အကြောင်းကို သိသည်။ ချိဆင်းသည် လူရည်လည်သည်။ သည်ငွေထဲက သူ့ဝေစု ဘယ်လောက် ရလေမည် မသိ။
"တစ်သောင်း ဆိုတာတော့ များတယ်ကွာ"
"မစ္စတာ ကရော့စဗီက ပေးမှာပေါ့ ဆရာ၊ ဒါမှ သူ့မိန်းမ ကြိုးမိန့် မကျမှာ"
ဂျွိုက်သည် ခေတ္တမျှ စဉ်းစားနေသည်။ အခု ပြောနေတာထက် ဘာတွေများ ပိုပြီး သိနေသလဲ။ သူတို့ဘက်က အတော်အတန် လေ့လာထားပြီး ဖြစ်မည်။ ခိုင်လုံတာတွေ ရှိနေမည်။ မရှိဘဲနှင့် သည်မျှ မတောင်းရဲ။ သည်ငွေမှာလည်း ကရောစဗီအဖို့ များသည်။
"တရုတ်မက ဘယ်မှာလဲကွ"
"ကျွန်တော့်မိတ်ဆွေ အိမ်မှာ ဆရာ"
"ဒီကို လာမှာလား"
"သူ့ဆီ ဆရာသွားရင် ပိုကောင်းမယ် ဆရာ။ ဒီညပဲ ကျွန်တော် ခေါ်သွားနိုင်တယ် ဆရာ၊ အဲဒီမှာ ချက်ချင်း စာကို ထုတ်ပေးမှာပဲ။ ချက်တွေ ဘာတွေ သူက နားမလည်ဘူး ဆရာ။ ငွေမှပဲ ဖြစ်မှာ"
"ချက်နဲ့ ပေးဖို့လည်း ငါ မစီစဉ်ပါဘူးကွာ၊ ငွေစက္ကူတွေ ယူခဲ့မှာပါ"
"တစ်သောင်းထက် လျော့လို့တော့ ရနိုင်မယ် မထင်ဘူး ဆရာရေ့"
"အေးပါကွယ်၊ ငါ နားလည်ပါတယ်"
"ကျွန်တော့် မိတ်ဆွေကို အကြောင်းကြားထားလိုက်မယ် ဆရာ"
"အေး ကောင်းတယ်၊ ညဆယ်နာရီမှာ တို့ကလပ်ရှေ့က မင်းစောင့်နေ"
ဂျွိုက်သည် ကလပ်သို့ လာခဲ့သည်။ ရောဗတ် ကရော့စဗီကို ရှာရန် ဖြစ်သည်။ မျှော်လင့်သည့်အတိုင်း တွေ့သည်။ လူရှုပ်သဖြင့် လက်တို့ ခေါ်ခဲ့သည်။
"စကား တစ်ခွန်း နှစ်ခွန်းလောက် ပြောချင်လို့"
ခဏလေးကြာမှ လွတ်လွတ်လပ်လပ် တွေ့ရသည်။
"ကဲ ... ရဲဘော်ကြီးရေ၊ မမျှော်လင့်တာကလေး တစ်ခု ဝင်ပြီး ရှုပ်နေပြန်ပြီ။ ခင်ဗျား မိန်းမက ဟမ်မွန်ဆီကို စာရေးပြီး ခေါ်တယ်၊ အဲ သူသေမယ့် ညမှာ အိမ်ကိုလာခဲ့ဖို့ ခေါ်တယ်၊ အဲဒီ စာတစ်စောင် ရှိနေတယ်"
"မဖြစ်နိုင်ဘူး၊ ဟမ်မွန်နဲ့ မဆက်ဆံပါဘူးလို့ ပြောခဲ့တာပဲ။ ဟမ်မွန်နဲ့ မျက်နှာချင်း မဆိုင်တာ အတော်ကြာပြီ"
"ဒါပေမဲ့ အဲဒီ စာက ရှိနေတယ်လေ၊ ဟမ်မွန်နဲ့ ညားနေတဲ့ တရုတ်မ လက်ထဲမှာ ရှိနေတယ်။ ခင်ဗျားမိန်းမ ကလည်း ခင်ဗျားကို မွေးနေ့လက်ဆောင် ပေးချင်လို့ ပစ္စည်းတစ်ခု မှာဖို့ ဟမ်မွန်ကို ခေါ်တာတဲ့၊ မမျှော်လင့်တာတွေ ဖြစ်ကုန်တော့ အဲဒါကို အစစ်ခံဖို့ မေ့သွားတယ်။ အခုတော့ အစစ်ခံတဲ့အတိုင်း ဆက်ပြီး ထွက်ရတော့မှာပဲ။ ခုမှ ပြန်ပြီး အဲဒါထွက်ရင် တစ်မျိုးဖြစ်မယ်။ ဒါကလည်း ဖြစ်တတ်တဲ့ သဘာဝကိုဗျ"
ကရော့စဗီသည် စကားမပြောတော့။ ခေါင်းရှုပ်သွားပြီ။ ဘာတွေ ဖြစ်နေမှန်း သူ မသိတော့ပြီ။ အတော်တုံးတဲ့ အဘိုးကြီးပဲ။ သိပ်နားဝေးတာပဲ။ ဂျွိုက်သည် ရှေ့နေ ဖြစ်လေရာ ခပ်တုံးတုံး အမှုသည် ဆိုလျှင် စိတ်မရှည်ချင်။ သို့ပေမဲ့ ကရော့စဗီကိုမူ သနားသွားသည်။ ရှေ့နေဆိုပေမဲ့ သူ့မှာလည်း ကြင်နာတတ်သည့် နှလုံးသား ရှိသည် မဟုတ်လား။ ယခုလည်း လက်စလီက သူ့အတွက်ကား ရှိပါစေ။ သို့သော်လည်း သူ့ယောက်ျား လူရိုးကြီးအတွက် ကူညီပါဟု အသနား ခံထားသည် မဟုတ်လား။
"အဲဒီ စာကို အစိုးရရှေ့နေ တွေ့သွားရင် အမှုအတွက် ခက်မယ်။ ခင်ဗျားမိန်းမက လိမ်ပြောခဲ့တာကိုး၊ ဘာကြောင့် လိမ်ပြီး ထွက်ဆိုရတယ် ဆိုတာ ချေပရမယ်။ ရှင်းရမယ်။ ဟမ်မွန်ဟာ အိမ်ထဲကို သူ့ဘာသာသူ ဝင်လာတာက တစ်မျိုး ဒါမှမဟုတ်ဘဲ အိမ်ရှင်က ဖိတ်လို့ လာရတာ ဆိုရင် အမှုကြောင်း တစ်မျိုး ဖြစ်သွားမယ်"
ဂျွိုက်သည် ဆက်မပြောသေးဘဲ ခဏစောင့်နေသည်။ ဘယ်လို ဆက်ပြောရမလဲ။ ဘယ် ရှေ့နေပဲဖြစ်ဖြစ် ဒီနေရာမှာတော့ ပွင့်ပွင့်လင်းလင်း ပြောရမှာပဲ။
"ဒီမှာ ရောဗတ်၊ ခင်ဗျားဟာ ကျွန်တော့် အမှုသည် ဖြစ်ရုံသာ မဟုတ်ဘူး၊ ရင်းနှီးတဲ့ မိတ်ဆွေလည်း ဖြစ်တယ်။ ကျွန်တော် ပြောချင်တာက အဲဒီစာကို ကျွန်တော်တို့ လက်ဝယ်ရောက်အောင် ယူထားမှ ဖြစ်မယ်၊ ငွေလည်း အတော်ကုန်မယ်။ ဒါပဲ ပြောချင်တယ်"
"ဘယ်လောက်လဲ"
"ဒေါ်လာ တစ်သောင်း"
"များလှပါလား၊ ကျုပ်စည်းစိမ် အကုန်လုံး နီးပါးပဲ"
"အခု တစ်ခါတည်း ရနိုင်ပါ့မလား"
"ရနိုင်ပါတယ်၊ သတ္တုမိုင်း ရှယ်ယာရယ်၊ ရော်ဘာခြံက ရှယ်ယာရယ် ပေါင်းရင် ရပါတယ်"
"ဒါဖြင့် ပေးရမယ်လေ"
"နေပါဦး၊ တကယ် လိုအပ်လို့လား"
"ခင်ဗျားမိန်းမ ကွင်းလုံးကျွတ် လွတ်စေချင်ရင်တော့ လိုတယ်"
"ဒါပေမဲ့" ထစ်နေတယ်။ စကားလုံး ရွေးမရ။ သူ့မျက်နှာမှာ မည်းတက်သွားပြီး "နေပါဦး၊ သူ့ကို အပြစ်ရှိတယ် ပြောကြမှာတဲ့လား၊ အဆိပ်ရှိတဲ့ မြွေဆိုးကို သတ်တာ အပြစ်ရှိရောတဲ့လား"
"ကြိုးပေးမှာတော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ လူသေစေမှုနဲ့ နှစ်နှစ် သုံးနှစ်တော့ ထောင်ကျမှာပေါ့"
ကရော့စဗီ၏ မျက်နှာမှာ ပုံပန်းပျက်နေပြီး ကြောက်စရာ ကောင်းလာသည်။
"သုံးနှစ် ဟုတ်လား"
ကရော့စဗီ ဘာမှ နားမလည်နိုင်။ မှောင်အတိ မည်းနေသည်။ သူ့လက်များ တုန်ခါနေသည်ကို ဂျွိုက် မြင်ရသည်။
"ကျုပ်ကို ဘာလက်ဆောင် ပေးမလို့တဲ့လဲ"
"သေနတ်အသစ် တစ်လက် ပေးချင်တယ်လို့ ပြောတယ်"
ရောဗတ် မျက်နှာမှာ ပိုပြီး နီရဲလာသည်။
"ဘယ်တော့ ငွေပေးရမလဲ"
သူ့အသံမှာ အစ်နေသည်။ မမြင်နိုင်သည့် လက်များက သူ့လည်စေ့ကို ညှစ်သဖြင့် ထွက်လာသည့် အသံမျိုးဖြင့် မေးနေသည်။
"ဒီည ဆယ်နာရီ၊ ညနေ ခြောက်နာရီလောက် အိမ်ကို ယူလာခဲ့ပေါ့"
"အဲဒီ မိန်းမက လာယူမှာတဲ့လား"
"မဟုတ်ဘူး၊ ကျွန်တော်က သွားပြီး ပေးရမှာ"
"အင်းလေ၊ ငွေ ယူခဲ့မယ်၊ ကျုပ်လည်း လိုက်ခဲ့မယ်"
ဂျွိုက်က သူ့ကို တစ်ချက် ကြည့်လိုက်သည်။
"လိုဦးမလား၊ ကျွန်တော့်ကို လွှဲထားပြီး မဟုတ်လား"
"ပေးရမှာက ကျုပ်ငွေဗျ၊ ကျုပ်လည်း လိုက်မှာပေါ့"
သူတို့ ခွဲခဲ့ကြသည်။ ညဆယ်နာရီတွင် ကလပ်မှာ ဆုံကြသည်။
"ငွေ ပါတယ်နော်၊ ကဲ ဒါဖြင့် သွားကြစို့"
ကားနှင့် ထွက်ခဲ့ကြသည်။ အမှောင်ရိပ် တစ်ခုတွင် စောင့်နေသော ဟွန်ချိဆင်းကို ရပ်ခေါ်ခဲ့သည်။ တရုတ်တန်း တစ်နေရာတွင် ရပ်ကြသည်။ ထို့နောက် ဟွန်ချိဆင်း ခေါ်ဆောင်ရာ လိုက်ခဲ့သည်။ ချိဆင်းသည် ဆိုင်တစ်ဆိုင်ထဲသို့ ဝင်သွားပြီး ရွှေဆွဲကြိုး စွပ်ထားသော ဂင်တိုတို တရုတ်ကြီး တစ်ယောက်နှင့် စကားပြော နေသည်ကို သူတို့ မြင်ရသည်။ တရုတ်ကြီးက ချိဆင်းအား သော့တစ်ချောင်း ပေးလိုက်သည်။ ထို့နောင် ဆိုင်ဘေး တံခါးပေါက်ကလေး တစ်ခုမှ အထဲသို့ ဝင်ခဲ့သည်။ လှေကားတစ်ခု တက်ရမည်။ ချိဆင်းက မီး ခြစ်ပြကာ အပေါ်သို့ ခေါ်သွားသည်။ ပထမထပ်မှာပင် တံခါးတစ်ခုကို သော့ဖွင့်ကာ အထဲသို့ ဝင်ကြသည်။ အထဲတွင် အလင်းရောင် မရှိ။ လေက ထိုင်းမှိုင်းသည်။ အသက်ရှူ ကျပ်သည်။ ဘိန်းနံ့လည်း ရသည်။ ခဏကြာလျှင် စောစောက ဆိုင်ထဲတွင် မြင်ခဲ့သည့် ဂင်တိုတို တရုတ်ကြီး တက်လာပြီး နှုတ်ဆက်သည်။ မကြာမီပင် တရုတ်မ ရောက်လာမည်ဟု ဆိုသည်။
လက်ဖက်ရည်နှင့် မုန့်များ ရောက်လာသည်။ ကရော့စဗီက မသောက်။ သူတို့ချင်း တိုးတိုး ပြောကြသည်။ ကရော့စဗီနှင့် ဂျွိုက်တို့မှာ ငြိမ်နေသည်။ ခဏကြာလျှင် တရုတ်မ ရောက်လာသည်။ ဂျွိုက်သည် တရုတ်မကို စူးစိုက်ကြည့်သည်။ ကြားဖူးသည်မှာ ကြာပြီ။ သို့သော် ယခုမှ မြင်ဖူးသည်။ အရွယ် မငယ်လှ။ ဝတုတ်တို ဖြစ်သည်။ နှုတ်ခမ်းနီ ပါးနီဆိုးကာ မျက်ခုံးမွေး ဆွဲထားသည်။ ထုံထိုင်းထိုင်း မျက်နှာမျိုး။ သို့သော် ကြံ့ခိုင်သည့် စိတ်ဓာတ်ပိုင်ရှင်မျိုးဟု ထင်ရသည်။ ရွှေဆွဲကြိုး၊ ရွှေလက်ကောက်၊ ရွှေနားကပ်၊ ရွှေဘီးတို့ ဆင်ယင်ထားသည်။ ဟွန်ဒါဆင်းက တစ်စုံတစ်ရာ ပြောလိုက်လျှင် သူတို့နှစ်ယောက်ကို ကြည့်သည်။
"စာပါတယ်နော်" ဂျွိုက်က မေးသည်။
"ပါပါတယ် ဆရာ"
ကရော့စဗီကမူ ဘာမျှမပြော။ ဒေါ်လာ ငါးရာတန် အရွက်နှစ်ဆယ်ကို ချိဆင်းအား ထုတ်ပေးလိုက်သည်။ ချိဆင်းက တရုတ်မကြီးအား ပေးလိုက်သည်။ ထို့နောက် တရုတ်မကို တစ်စုံတစ်ရာ ပြောလိုက်သည်တွင် တရုတ်မလည်း ရင်ညွှန့်ကြားမှ စာရွက်တစ်ခုကို အသာဆွဲယူကာ ပေးလိုက်သည်။ ချိဆင်းက ကြည့်ပြီးမှ "အဲဒီ စာပဲ ဆရာ ဟုတ်တယ်" ဟု ထောက်ခံသည်။ ပြီးတော့ သူ့ဆရာ ဂျွိုက်ထံသို့ လှမ်းအပေးလိုက်တွင် ကရော့စဗီက ဖြတ်ယူလိုက်သည်။ "ကျုပ် ကြည့်ပါရစေဦး"
ဂျွိုက်က လက်လှမ်းပြီး "ကျွန်တော်လည်း ကြည့်ဦးမယ်လေ" ဟု ဆိုသည်။ ကရော့စဗီက အသေအခချာ ခေါက်ကာ အိတ်ထဲသို့ ထည့်လိုက်သည်။ ပြီးမှာ "ဟင့်အင်း၊ ကျုပ် သိမ်းထားမယ်လေ၊ ဒီစာက အများကြီး ပိုက်ဆံ ကုန်လိုက်တဲ့စာ မဟုတ်လားဗျ"
ဂျွိုက်က စကားမဆက်တော့။
ချိဆင်းက သူ့ဆရာအား "ဒီည ကျွန်တော့်ကို လိုသေးသလား ဆရာ" ဟု မေးသည်။ "မလိုတော့ဘူး၊ နေရစ်ခဲ့ပေါ့" ချိဆင်းမှာ ဝေစုခွဲရဦးမည် မဟုတ်လား။
"ကဲ ... သွားကြမယ်" သူတို့က လမ်းပြသည်။
လမ်းပေါ် ရောက်သည့်အခါ ...
"အဲဒီ စာကို ဘာလုပ်မလို့လဲ" ဟု ဂျွိုက်က မေးသည်။
"သိမ်းထားရမှာပေါ့"
ကရော့စဗီသည် ဂျွိုက်၏ ကားနှင့် မလိုက်တော့။ "ကျုပ် လမ်းလျှောက် လိုက်ဦးမယ်" ခဏမျှ ဆိုင်းနေသည်။ ပြီးမှ "ဒီမှာ ဂျွိုက်၊ ကျုပ် စင်ကာပူ သွားတဲ့ ညကလေ ဟမ်မွန် သေတဲ့ည မဟုတ်လား။ ကိစ္စတစ်ခုက စင်ကာပူမှာ အသိတစ်ယောက်က သူ့သေနတ် အသစ်ကို ပြန်ရောင်းမယ် ဆိုလို့ သွားတာ၊ ကဲ သွားမယ်"
ကရော့စဗီသည် အမှောင်ထဲသို့ ဝင်သွားလေသည်။
အမှုတွင် အခက်အခဲ မရှိဘဲ ပြီးဆုံးမည်မှာ သေချာသည်။ တရားသူကြီးကို ကူညီသည့် အဆက်ဆာ လူကြီးများကလည်း ရည်ရွယ်ထားပြီး ဖြစ်သည်။ လက်စလီက ရိုးရိုးလေးပင် ဖြစ်သမျှ ဇာတ်ကြောင်းကို အစစ်ခံသည်။ အထစ်အငေါ့ တစ်ကွက်မျှ မရှိ။ လက်ထောက် အစိုးရရှေ့နေကလည်း ကြင်နာတတ်သူ ဖြစ်သည်။ ဤအမှုကို စစ်ရန်ပင် စိတ်မပါလှ။ မေးစရာ ရှိသည်တို့ကို တာဝန်အရ ဝတ်ကျေတန်းကျေ မေးသည်။ သူ လျှောက်လဲ နေသည်မှာ တရားခံဘက်က လျှောက်လဲသလို ဖြစ်နေသည်။ အဆက်ဆာ လူကြီးများကလည်း ငါးမိနစ်သာ စဉ်းစားကာ ဆုံးဖြတ်ချက် ပေးသည်။ တစ်ရုံးလုံးအပြည့် နားထောင်နေကြရာ ဆုံးဖြတ်ချက်ကို ကြားရလျှင် လက်ခုပ်တီးကာ ဩဘာပေးကြသည်။ တရားသူကြီးက မစ္စက် ကရော့စဗီကို လက်ဆွဲ နှုတ်ဆက်သည်။ ယခုမူ သူသည် အနှောင်အဖွဲ့မှ လွတ်မြောက်ခဲ့ပြီ။
မစ္စက် ဂျွိုက်ကမူ ဟမ်မွန်၏ စရိုက်ကို အဆိုးဆိုသည်။ ရွံရှာမုန်းတီးဖွယ် စရိုက်ဟု ဆိုသည်။ ကရော့စဗီ လင်မယားတို့လည်း ချစ်ခင်နှစ်သက်လေရာ အမှုအပြီးတွင် နားနားနေနေ သူတို့အိမ်မှာ နေကြပါဟု ဖိတ်ခေါ်ထားသည်။ အမှု မစစ်ခင် ကတည်းက လွတ်မည်မှာ သေချာသည်ဟု အားလုံးက တွက်ထားကြသည်။ ပြီးမှ ပြန်ဖို့ စီစဉ်ကြတာပေါ့ဟု ဆိုသည်။ လက်စလီတစ်ယောက် သူ့အိမ်ပြန်ဖို့ မလွယ်လှဟု ယူဆသည်။ မည်မျှ သတ္တိကောင်းစေ လူတစ်ယောက်ကို ပစ်သတ်ခဲ့ရာ အိမ်ကြီးသို့ကား ပြန်ဖို့ လိပ်ပြာ သန့်နိုင်ပါ့မလား။
အမှုစစ်ပြီးချိန်မှာ နေ့လယ် ဆယ့်နှစ်နာရီခွဲ ဖြစ်သည်။ အိမ်ပြန်ရောက် ကြသည်တွင် နေ့လယ်စာ စားပွဲတစ်ခု တခမ်းတနား ပြင်ဆင် ထားသည်ကို တွေ့ရသည်။ ကော့တေး အရက်စုံလည်း စပ်ထားသည်။ မစ္စက် ဂျွိုက်၏ မီလျှံဒေါ်လာ ကော့တေးမှာ နာမည်ကျော် အစပ်အဟပ် ဖြစ်သည်။ မလေးကျွန်းဆွယ် တစ်လျှောက်လုံး သူ့အစပ်အတိုင်း သောက်ကြသည် ဟူ၏။ ယခုလည်း မစ္စက် ဂျွိုက်က လက်စလီ၏ ကျန်းမာရေးအတွက် ဆုတောင်းကာ သောက်သည်။ ရှေ့နေကတော်သည် စကားများသည်။ ဗလစ် ဗလစ် နေအောင် ပြောတတ်သည်။ ဖျတ်လတ်သည်။ တက်ကြွသည်။ ယခုလည်း အရှိန်ရကာ ပျော်နေသည်။ ဝမ်းသာကာ ပျော်နေသည်။
ကျန်ပရိသတ်ကမူ ငြိမ်နေသည်။ ငြိမ်နေသည်မှာလည်း ခပ်ကောင်းကောင်းပင်။ သူတို့ ပင်ပန်းလှပြီ။ သူ့ယောက်ျား ဂျွိုက်ကမူ ဘာစကားမျှ ပြောစရာ မရှိတော့ပြီ။ ရောဗတ်နှင့် လက်စလီတို့ကား အမှုအခင်း ရက်ကြာရှည်သဖြင့် စိတ်ပင်ပန်းနေကြသည်မို့ စကားပြောနိုင်ကြဟန် မတူ။ နေ့လယ်စာ စားကြတော့လည်း ရှေ့နေကတော်ပင် ရှေ့ဆောင်ကာ ပြောဆိုနေသည်။ စားပြီးတော့ ကော်ဖီပွဲ ရောက်လာသည်။
"ကဲ အားလုံး အနားယူကြဦး၊ တော်ကြာမှ လက်ဖက်ရည် သောက်ကြမယ်၊ ပြီးရင် နှစ်ယောက်စလုံးကို ပင်လယ်ကမ်းခြေ လိုက်ပို့မယ်" ရှေ့နေကတော်ကြီးသည် မြူးကြွနေသည်။
ရောဗတ်သည် နေ့လယ်စာကို အိမ်မှာ စားခဲသည်။ တစ်ခါတစ်ရံမှသာ အိမ်ပြန်ကာ စားတတ်သည်။ ယခု ရုံးသို့ ပြန်ရမည်။
"ကျွန်တော် လိုက်နိုင်မှာ မဟုတ်ဘူး၊ ခြံကို ပြန်ရမယ်၊ ချက်ချင်းပဲ ပြန်ရမယ် ခင်ဗျ"
"အိုး ဒီနေ့တော့ မပြန်နဲ့ဦးပေါ့" မစ္စက် ဂျွိုက်က ပြန်အော်သည်။
“မဖြစ်ဘူး ခင်ဗျ၊ ဒီနေ့ပဲ ပြန်ရပါ့မယ်။ ခြံကို ပစ်ထားရတာ ကြာပြီ ခင်ဗျ၊ ဆိုတော့ အရေးကြီးတဲ့ ကိစ္စလေးတွေ ကလည်း ရှိနေပါသေးတယ်။ လက်စလီကိုတော့ ခေါ်သာ ထားလိုက်ပါတော့ ဘယ်လို လုပ်ကြမယ်လို့ မဆုံးဖြတ်ရသေးတဲ့ အထိပေါ့ ခင်ဗျာ။ မစ္စက် ဂျွိုက်ကို ကျွန်တော် အများကြီး ကျေးဇူးတင်ပါတယ် ခင်ဗျာ”
ရှေ့နေကတော်ကြီးက ပြန်လည် ပြောဆိုကာ တားမည် ဟန်ပြင်နေသည်။ သို့သော်လည်း သူ့ယောက်ျား ဂျွိုက်က သူ့ကို ဟန့်လိုက်သည်။
“သူ သွားမယ်ဆိုတာ သွားပါစေကွယ်၊ ဒါမှလည်း စခန်းက သိမ်းလို့ရမယ် မဟုတ်လား”
သူ့ယောက်ျား ရှေ့နေကြီး လေသံကို မစ္စက် ဂျွိုက် မကြိုက်လှ။ ထို့ကြောင့် ဖျတ်ခနဲ လှည့်ကြည့်လိုက်သည်။ ပြီးမှ ပါးစပ်ကို ပိတ်ထားလိုက်ပြီး ငံ့လင့်နေလိုက်သည်။ ကရော့စဗီ၏ အသံကို သူ ကြားရသည်။
“ကျွန်တော် မနေနိုင်တာကို ခွင့်လွှတ်ပါ မစ္စက် ဂျွိုက်၊ မမှောင်ခင် ခြံကို အရောက်ပြန်ရမယ် ခင်ဗျ”
ပြောပြောဆိုဆိုပင် ကရော့စဗီသည် စားပွဲမှ ထလိုက်သည်။
“ကိုယ် သွားတော့မယ် လက်စလီ၊ လိုက်ပို့ပါလား”
“ပို့တာပေါ့လေ”
သူတို့နှစ်ယောက်သည် ထမင်းစားခန်းထဲမှ အတူတွဲကာ ထွက်သွားကြသည်။
“ဒါတော့ မဟုတ်သေးဘူး၊ နည်းနည်းတော့လည်း အစဉ်းစားဥာဏ် ရှိဦးမှပေါ့၊ ခုနေဆိုတာ လက်စလီတစ်ယောက် သူနဲ့ နေချင်ဦးမှာပဲ၊ ဘာလို့ ခွဲသွားရတာ တဲ့လဲ”
ရှေ့နေကတော်ကြီး မကျေမနပ် ဖြစ်သည်။
“အရေးကြီးလို့သာ ထွက်သွားတာပေါ့၊ မလိုအပ်ဘဲ ဘယ်သွားပါ့မလဲကွယ်”
“အင်းလေ၊ လက်စလီအတွက် အခန်းပြင်လိုက်ဦးမယ်၊ အနားယူရမယ်၊ ပြီးတော့မှ ပျော်စရာ မြူးစရာတွေ ဖန်တီးပေးရမယ်”
ရှေ့နေကတော်ကြီး ထွက်သွားလျှင် ဂျွိုက်သည် ထမင်းစားခန်းထဲတွင် တစ်ယောက်တည်း ကျန်ခဲ့သည်။ ထိုစဉ်မှာပင် ကရော့စဗီ၏ မော်တော်ဆိုင်ကယ် စက်သံကို ကြားရသည်။ သူ ထွက်သွားပြီ။ ထိုအခါတွင်မှ စားပွဲမှထကာ ဧည့်ခန်းဆီသို့ လာခဲ့သည်။
မစ္စက် ကရော့စဗီသည် အခန်းအလယ်တွင် တစ်ယောက်တည်း ရပ်နေသည်။ အဝေးဆီသို့ ငေးမောနေသည်။ သူ့လက်ထဲတွင်မူ စာတစ်စောင်။ သည်စာကို ဂျွိုက် သိသည်။ သူ ဝင်သွားတော့ လက်စလီက သူ့ကို တစ်ချက် လှည့်ကြည့်သည်။ လက်စလီ၏ မျက်နှာမှာ သွေးမရှိတော့။ ဖြူဖပ် ဖြူရော် ဖြစ်နေသည်။
“သူ သိတယ်”
တိုးတိုးပင် လက်စလီက ဆိုသည်။
ဂျွိုက်သည် သူ့ဆီ လျှောက်သွားကာ လက်ထဲကစာကို ဆွဲယူလိုက်သည်။ ပြီးတော့ မီးခြစ်ကာ စာကို မီးရှို့လိုက်သည်။ မီးလောင်နေသည့် စာကို လက်စလီ ကြည့်နေသည်။ မီးအပူက လက်ကို ဟပ်သည့်အခါ ဂျွိုက်သည် စာကို လွှတ်ချလိုက်သည်။ ကြမ်းပြင်ပေါ်တွင် တွန့်ခွေ ကောက်ကွေး သွားသော ပြာမည်းမည်းကို သူတို့နှစ်ယောက်စလုံး ကြည့်နေကြသည်။ ထိုအခါတွင်မှ ဂျွိုက်သည် ပြာများကို ခြေထောက်ဖြင့် နင်းချေလိုက်သည်။
“သူ ဘာသိတာလဲ”
လက်စလီသည် ဂျွိုက်ကို ကြာရှည်ကြာမြောက် စိုက်ကြည့်နေသည်။ သူ့အမူအရာမှာ တစ်မျိုး ပြောင်းသွားသည်။ စိတ်ပျက်တာလား၊ စိတ်အားလျော့တာလား၊ စက်ဆုပ်တာလား မပြောတတ်တော့ပြီ။
“ဟမ်မွန်ဟာ ကျွန်မ ချစ်သူဆိုတာ သူ သိတယ်”
ဂျွိုက်ကား တုတ်တုတ်မျှ မလှုပ်။ ဘာမျှလည်း မေးရန် မကြိုးစား။
“ဟုတ်တယ်၊ ဟမ်မွန်နဲ့ ကျွန်မ ချစ်နေတာ ကြာပြီ။ သူ စစ်ထဲက ထွက်လာပြီး ဒီကို ရောက်လာကတည်းက ကျွန်မတို့ ချစ်ကြတာပဲ။ ဒါပေမဲ့ ခိုးကြောင်ခိုးဝှက် ချစ်ကြရတာ ဆိုတော့ ဂရုစိုက်ရမယ်၊ မရိပ်မိဖို့ အရေးကြီးတယ် ဆိုတာ နှစ်ယောက်စလုံး နားလည်ထားကြတယ်။ ချစ်နေကြပြီ ဆိုတော့ သူ့ကို စိတ်ကုန်ဟန် ဆောင်ရတယ်။ ရောဗတ်ရှိရင် သူ မလာဘူး၊ တစ်နေရာ ထွက်ပြီး ပုန်းလျှိုးကွယ်လျှိုး တွေ့ရတယ်။ တစ်ပတ် နှစ်ခါ သုံးခါ တွေ့ကြတယ်။ ရောဗတ် တစ်ယောက် စင်ကာပူသွားတဲ့ ညဆိုရင် ညဥ့်နက်မှ သူ ရောက်လာတယ်။ အခိုင်းအစေတွေ အိပ်မှ ရောက်လာတယ်။ ဒီတော့ ဘယ်သူမှ မရိပ်မိကြဘူးပေါ့”
“ဒါနဲ့ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတော့ သူ့ဘက်က ဖောက်လာတယ်၊ ဘာဖြစ်တယ်တော့ မသိဘူးပေါ့၊ ကျွန်မကို မကြည်သာတော့ဘူး၊ ဂရုမစိုက်တော့ဘူး၊ သူ့ကို မယုံနိုင်စရာတွေ ပေါ်လာတယ်။ သူ့ကို မေးတော့ မဟုတ်ပါဘူးတဲ့၊ ချစ်ပါတယ်တဲ့၊ စိတ်မပြောင်းပါဘူးတဲ့။ ကျွန်မလည်း ဒေါသထွက်လာတယ်၊ ခဏခဏ ရန်ဖြစ်ကြတယ်။ ဆူကြပွက်ကြ ပြောကြဆိုကြပေါ့။ ကျွန်မက မုန်းသွားပြီလို့ ထင်မိတယ်။ အဲဒီတုန်းက ခံစားရတာတွေဟာ သိပ်ဆိုးတယ်။ ဘယ်ဝေဒနာနဲ့မှ မတူဘူး။ ငရဲပြည် သွားရသလိုပဲ ရင်ထဲမှာ ပူလောင်နေတယ်။ အချစ်မီးကြောင့် ပူလောင်တာမျိုး ထင်ပါရဲ့၊ သူ့ဘက်က စိမ်းကားတဲ့ အမူအရာပြလေ ကိုယ့်ဘက်က သူ့ကို စွဲလမ်းလေပဲ”
“ဒုက္ခပါရှင်၊ ချစ်ဒုက္ခပါပဲ။ သူ့ကို ချစ်မိတာကိုး၊ ကိုယ့်ဘက်က ဂုဏ်သိက္ခာတွေ အကုန်စွန့်ပြီး သူ့ကို ပေးထားပြီ မဟုတ်လား။ သူဟာ ကျွန်မဘဝ သခင်ပဲ။ အဲဒီလိုကို စဉ်းစားမိတယ်၊ ခုတော့ တရုတ်မ တစ်ယောက်နဲ့ ညားနေတယ်တဲ့။ အတူနေကြတယ်တဲ့။ မယုံနိုင်ဘူး၊ နောက်တော့ မျက်မြင်ကိုယ်တွေ့ကျမှ ယုံတယ်။ တရုတ်မက သူ့ထက် အသက်ကြီးတယ်၊ ပတ်ဝန်းကျင်က သိနေကြတယ်၊ ကျွန်မနဲ့ ရင်ဆိုင်တွေ့တဲ့အခါ တရုတ်မက ရန်သူလို ကြည့်တယ်၊ ဒီကောင်မဟာ ငါ့ချစ်သူ မယားငယ်ပေါ့လေ၊ သူကလည်း ကျွန်မချစ်သူရဲ့ မယားငယ်ပဲ မဟုတ်လား၊ ဘာထူးလဲ”
“ဒါနဲ့ သူ့ကို ခေါ်လိုက်တာပဲ၊ ဖြေရှင်း ခိုင်းတာပဲ၊ အဲဒီ စာပေါ့ရှင်။ ရှင် မြင်သားပဲ၊ ဘာဖြစ်ကုန်တယ် မသိတော့ဘူး၊ မတွေ့တာလည်း ဆယ်ရက်လောက် ရှိပြီ။ နောက်ဆုံး တွေ့တုန်းကအထိ ပွေ့ဖက်နမ်းရှုပ်လို့ပဲ”
လက်စလီ အသံမှာ တိုးတိုးသက်သာ ဖြစ်သည်။ သို့သော် အရှိန်ကား မပျက်။ ပြောပြီးလျှင် လက်နှစ်ဖက်ကို ယမ်းနေသည်။
“အဲဒီ စာပေါ့၊ ဂြိုဟ်မွှေတဲ့ စာပဲ။ အလျင်တုန်းက မရိပ်မိအောင် အလွန် ဂရုစိုက်ကြတာ၊ ခုမှပဲ သတိလစ်သွားတယ်။ ကျွန်မဆီက စာဆိုရင် ဖတ်ပြီးတော့ ဆုတ်ပစ်လိုက်တာပဲ။ ဒီတော့ နောက်ဆုံးရေးတဲ့ စာကို ပစ္စလက္ခတ် ထားလိမ့်မယ်လို့ ဘယ်ထင်ပါ့မလဲ။ ကျွန်မ ခေါ်တဲ့အတိုင်း လာတယ်၊ တရုတ်မအကြောင်း ပြောတယ်။ သူက ငြင်းတယ်၊ ဒီကိစ္စ သားပုပ်လေလွင့် ပြောကြတာပါတဲ့၊ ကျွန်မကတော့ မယုံဘူး၊ ဒေါသလည်း ထွက်တယ်၊ သူ့ကို မုန်းတယ်၊ အစိမ်းလိုက် ဝါးစားချင်တယ်။ သူ့ကို ပက်ပက်စက်စက် ပြောတယ်၊ လုပ်တယ်၊ ကိုင်ဆောင့်တယ်”
“သူက ကျွန်မကို မချစ်တော့ဘူးတဲ့၊ စိတ်ကုန်ခန်း လာပြီတဲ့၊ စော်ကားတဲ့ စကားပဲ။ နောက်ထပ် မကြည့်ချင်တော့ဘူးတဲ့၊ ပြီးတော့ တရုတ်မနဲ့ ချစ်နေကြတယ် ဆိုတာလည်း ဟုတ်တယ်တဲ့။ တရုတ်မနဲ့ သိတာ ကြာပြီတဲ့။ စစ်မဖြစ်ခင်က သိကြတာတဲ့၊ သူ့ကိုသာ အချစ်ဆုံးပဲ၊ ကျန်တာတွေက အပျော်သဘောပဲ ဆိုတယ်။ ဒီတော့ ဘာတွေ ဖြစ်ကုန်သလဲ မသိတော့ဘူး၊ စိတ်တွေ ထိန်းမရတော့ဘူး၊ ခြောက်လုံးပြူးဆွဲပြီး ပစ်ထည့်လိုက်တယ်။ အော်တယ်၊ သူ ထိပြီဆိုတာ သိတယ်၊ ဝရန်တာဘက် ထွက်ပြေးတယ်။ သူ့နောက်လိုက်ပြီး ပစ်တယ်၊ ခြောက်ချက် ဆက်ပစ်တယ်။ နောက်ဆုံး ကျည်ဆန်ကုန်မှ၊ ကလစ်ကလစ်လို့ မြည်လာမှ ရပ်တယ်”
ပြောပြီးလျှင် လက်စလီသည် မောလာသည်။ သူ့မျက်နှာမှာ အသွင် ပြောင်းနေသည်။ သူ့မျက်နှာမှာ လူတစ်ယောက် မျက်နှာနှင့် မတူ။ လူစိတ် ပျောက်နေသည်ဟု ထင်စရာပင်။ ရက်စက် ကြမ်းကြုတ်မှု၊ ဒေါသ၊ နာကျင်မှုတို့ကြောင့် ပုံပြောင်းနေသည်။ သူလို သွယ်လျလျ မိန်းမတစ်ယောက်က ယခုလို ကြမ်းတမ်း ခက်ထန်သည့် အပြုအမူမျိုး ပြောဆိုပြုမူသည် ဆိုသည်မှာ ယုံစရာပင် မရှိ။ ဂျွိုက်သည် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်သည်။ သူ့မျက်နှာကို မြင်နေရသည်ကပင် ဂျွိုက်အဖို့ စက်ဆုပ်လှပြီ။ ထိုမျက်နှာမှာ လူ့မျက်နှာ မဟုတ်၊ မျက်နှာဖုံး စွပ်ထားသည့် မျက်နှာတစ်ခုသာ ဖြစ်သည်ဟု ဂျွိုက် ထင်သည်။ တစ်ဖက်ခန်းမှ ခေါ်သံ ကြားရသည်။ ရင်းနှီးသည့် အသံမျိုး။ ရှေ့နေကောတ်ကြီး မစ္စက် ဂျွိုက်၏ အသံ။
“လာဟေ့ လက်စလီ၊ မင်းအတွက် အခန်းက အသင့်ပဲ။ အိပ်ချင် နေပြီလား”
ယခုမူ လက်စလီ၏ မျက်နှာ ဟန်ပန် အမူအရာသည် ပြောင်းသွားပြန်ပြီ။ တွန့်ကြေနေသော စက္ကူကို လက်ဖြင့် သပ်ချလိုက်သလို ပြန့်သွားသည်။ ချစ်စရာ လက်စလီ၊ သနားစရာ လက်စလီသည် ပြေပြစ်တင့်တယ်ကာ အပြစ်ကင်းစင် နေပြီ။ နည်းနည်းတော့ ကြုံလှီ ဖျော့တော့နေသည်။ သို့သော်လည်း အပြုံးပန်းများ ပွင့်လျက်။ ယခုမူ လက်စလီသည် အမျိုးကောင်းသမီး တစ်ယောက် ဖြစ်နေချေပြီ။
“လာပြီ ဒေါ်ရိုသီရေ၊ ဒုက္ခ ပေးရတာ ဝမ်းနည်းပါတယ်ကွယ်”
(The Letter by Somerset Maugham)
————–
ကျော်အောင်
အင်္ဂလိပ် ဘာသာဖြင့်
https://www.dropbox.com/s/b9t9vrjfewq3kd2/TheLetter.pdf?dl=1
[ မြန်မာဝတ္ထုတိုများ ပေ့ခ်ျမှ ကူးယူပါသည်။ ပေ့ခ်ျအား ကျေးဇူးတင်ပါသည်။]
No comments:
Post a Comment