#လေထန်ဖုန်း-( စာပေကြော်ငြာစတိတ်ရိုးပွဲတော်အဆက်)
#မင်းလူ
ကျွန်တော်သည် ၁၉၉၈ သြဂုတ်လထုတ် သောင်းပြောင်းထွေလာရယ်စရာ မဂ္ဂဇင်းထဲတွင် “စာပေကြော်ငြာ စတိတ်ရှိုးပွဲတော်” ဆိုသော ၀တ္ထုတစ်ပုဒ် ရေးခဲ့ပါသည်။ ကျွန်တော်ချစ်သော၊ခင်သော၊လေးစားသော စာပေနယ်သားများကို ဇတ်ကောင်များလုပ်၍ ကလူကျီစယ်ခဲပါသည်။ (ထို ၀တ္ထုကို သဘင်ဂျာနယ်တွင် ဆရာဆန်းထွန်းက ရုပ်ပြကာတွန်းအဖြစ် ထပ်ဆင့် တင်ဆက်ခဲ့ပါသေးသည်။)
ကျွန်တော်၏ရည်ရွယ်ချက်မှာ မတွေ့ဆုံဖြစ်တာကြာပြီဖြစ်သော ဆရာ ဆရာမများကို သတိရသောကြောင့် လည်း ဖြစ်၏။ စက္ကူဈေးတွေတက်၊ကုန်ကျစားရိတ်တွေကြီး၊ စာအုပ်တွေ အရောင်းကျသဖြင့် လေးလံထိုင်းမှိုင်း သုန်မှုန်နေသော စာပေလောကသားတို့ စိတ်ပြေလက်ပျောက်မချိပြုံးကလေးဖြစ်ဖြစ် ပြုံးနိုင်ကြပါစေဆိုသော စေတနာလည်းဖြစ်၏။
ကျွန်တော့်ရည်ရွယ်ချက်သည် အထိုက်အလျောက်တော့ အောင်မြင်ပါသည်။ စာဖတ်ပရိသတ်များကကော ၀တ္ထုထဲ ပါဝင်သော ဇတ်ကောင်များကပါ သဘောကျနှစ်သက်ကြသည်ဟု အယ်ဒီတာ ဆရာကောက် က ပြောပါသည်။ (တကယ်ဟုတ်မဟုတ်တော့ မသိပါ။ နောက်ကို စာမူတောင်းလို့ကောင်းအောင် လည်ဆယ်ခြင်းလည်း ဖြစ်နိုင်ပါသည်။)
ပြဿနာလုံးဝ မရှိတော့မဟုတ်။ နည်းနည်းပါးပါးတော့ မကျေနပ်သံလေးတွေ ထွက်လာခဲ့ပါသည်။ တခြား မဟုတ် တချို့စာရေးဆရာတွေက ၀တ္ထုထဲတွင် သူတို့အခန်းတွေ နည်းသည်ဟု ဆိုသည်။ တချို့ ကျတော့လည်း သူတို့လို နာမည်ကြီးတွေကို ဇတ်ပို့ဇတ်ရံလောက်သာ နေရာပေးသဖြင့် နည်းနည်း စိတ်ခုသွားကြသည်ဟု ကြားသိရပါသည်။
ဒါ့အပြင် တချို့က “ ဒီလောက် ခင်မင်နေတဲ့လူတွေ ဖြစ်လျက်နဲ့ ငါတို့ကျတော့ ဘာကြောင့်ထည့်မရေး ရသလဲ” ဟု မချိတင်ကဲပြောကြသည်။ စာရေးဆရာမလေး ဂျူးဆိုလျှင် ခရီးလွန်နေသဖြင့် စတိတ်ရှိုးပွဲတော် မနွဲပျော်လိုက်ရလေခြင်းဟု ယူကြုံးမရဖြစ်ပြီးလျှင် ပရိုဗီမင် အလုံးသုံးဆယ် တစ်ခါတည်းသောက်ချလိုက် သည်ဟု သတင်းကြားရပါသည်။ စာရေးဆရာမလေး မိုနိုဆန်းကလည်း “ ဒို့များ တက္ကသိုလ်မှာတုန်းက အလှဘုရင်မ ရွေးပွဲမဏာမ အဆင့်မှာ အရန်အဖြစ်အရွေးခံရဖူးပါတယ်။ အတန်းထဲမှာ မိန်းကလေး ဆယ်ယောက်ရှိတာ န၀မ ချိတ်ခဲ့တယ်လေ၊ဒို့ရဲ့ အဓိကပြိုင်ဖက် ခင်ဖြူက တုတ်ကွေးမိလို့ နှုတ်ထွက်သွား တာကိုး” ဟု ဖုန်းဆက်ပြီး လှမ်းပြောသည်။
နဂါးစာပေမှ ကိုထွန်းဦးကလည်း မန္တလေးမှ ဖုန်းလှမ်းဆက်ပြီး သူသည်လည်း စာပေလောကသားတစ်ဦး ဖြစ်ကြောင်း၊ အထက်မြန်မာနိုင်ငံ အတွက် စာနယ်ဇင်းများကို အကြီးအကျယ် ဖြန့်ဖြူးပေးနေသော နာမည်ကြီး တစ်ဦးဖြစ်ကြောင်း၊ တကယ်လို့ သီချင်းစာသားထဲ ထည့်စပ်ဖို့ အခက်အခဲရှိလျှင်တောင် “နဂါးဆွန်နား အခြားဟဲ” ဆိုတာလောက်တော့ ထည့်ပေးသင့်ကြောင်း အရေးဆိုလာ၏။
နောက်တစ်ခုကတော့ ပန်းချီဆရာများ၏ စောဒကတက်မှုပင် ဖြစ်၏။ ကျွန်တော်၏ ၀တ္ထုထဲတွင် စာရေးဆရာ၊ ကဗျာဆရာ ၊ ကာတွန်းဆရာ၊ အယ်ဒီတာတွေ စုံလင်သော်လည်း ပန်းချီဆရာများထဲမှ မမွှေး တစ်ယောက်သာ တစ်ခန်းလောက် ဖျတ်ခနဲပါခဲ့သည်။ ကျွန်တော်သည် ပန်းချီဆရာများနှင့် အတော်လုံးလုံး ထွေးထွေး နေခဲ့ဖူးသဖြင့် သူတို့ကို ၀တ္ထုထဲမှာ နေရာမပေးမိခြင်းအတွက် စိတ်မကောင်းဖြစ်ရပါသည်ဟု ဆိုပါသည်။
ထိုအကြောင်းကို ဖွင့်ဟပြောသူမှာ ဆရာမောင်ဒီဖြစ်၏။ သူနှင့်ကျွန်တော်မှာ ညီအစ်ကိုတမျှ ခင်မင်သူများ ဖြစ်၏။ ထို့ကြောင့်နောက်ဆက်တွဲ အဖြစ် ရေးသားဖော်ပြရမည်ဟု အကျပ်ကိုင်လေသည်။ တစ်ခုရှိတာ ဆရာဒီသည် ပန်းချီဆွဲရာမှာ သရုပ်မှန်ရော၊မော်ဒန်ပါ လက်ဖျားခါလောက် သူဖြစ်၏။ပညာမာနလည်း ကြီးသည်။ တော်ရုံလူကို အထင်မကြီးတတ်။ ကျွန်တော့်ကို ဆိုလျှင်လေးခွတစ်လက်နှင့် လျှောက်လက်တည့် စမ်းတတ်သော နွားကျောင်းသားလေလောက်သာ သဘောထားသူဖြစ်၏။ ထို့ကြောင့်.............
“မင်းရေးမယ်ဆိုရင် သီချင်းကိုတော့ ငါ့ဘာသာစပ်ထားတဲ့ ကိုယ်ပိုင် သီချင်းကိုပဲ သုံးမှရမယ်၊ မင်းကို စိတ်မချဘူး” ဆိုပြီး အသင့်ရေးလာသည့် သီချင်းစာရွက်ကို ပေးပါသည်။ ထိုသီချင်းမှာ..
“လိုင်းလိုင်းလိုင်းလိုင် လိုင်လိုင်လိုင်လိုင်းလိုင်း လိုင်းလိုင်းလိုင်းလိုင် လိုင်လိုင်လိုင်လိုင်းလိုင်း
သင့်အတွက်တာ မောင်ဒီ၊ကဗျာရေးသည်၊နှစ်သက်စရာ ဂုဏ်ရည်၊ ရေးဆွဲတဲ့ ပန်းချီ၊ မောင်ဒီ ရင်ခုန်နေတဲ့ မောင်ဒီ၊ ပျိုနုနေဆဲ မောင်ဒီ ၊ လေညှင်းလေးတောင် တေးဖွဲ့လို့သီ မန်ကျည်းဖျော်ရည်”
“ဟင်... မန်ကျည်းဖျော်ရည်က ဘယ်လိုလုပ်ပါလာတာလဲ ဆရာဒီရဲ့” ဟု ကျွန်တော်က မေးလိုက်သော အခါ ဆရာဒီက
“ငါက မြစ်ခြေသားလေကွာ ၊ ဒါ့ကြောင့် အညာအငွေ့အသက်ပါအောင် ထည့်လိုက်တာ”
အော်.....ဒါကြောင့် မြန်မာပြည်မှာ ဆရာဒီရယ်လို့ နာမည် ကျော်ပေတာကိုး...။
နောက်ပြဿနာတစ်ခု ။ ထူးခြားသည့်ဇတ်လမ်း တစ်ပုဒ်တွေ့ပြီဆိုလျှင် အရင်ဦးအောင် လိုက်တတ်ကြသော ဗွီဒီယိုသမားများ၏ ထုံးစံအတိုင်း ဒါရိုက်တာ မောင်ပြည့်ဝ (ပန်းဝေသီ) ရောက်ရှိလာပြီး
“အဲဒီ ၀တ္ထုကို ဗွီဒီယိုရိုက်ချင်တယ်ဆရာ၊ ရိုက်ခွင့်ရမယ် ဆိုရင်တော့ ဗွီဒီယို လောကမှာ မှတ်တိုင်တစ်တိုင် စိုက်လိုက်နိုင်မှာပဲ” ဟု လာစည်းရုံးသည်။ ကျွန်တော်က မှတ်တိုင်စိုက်သော ကိစ္စမှာ လွယ်လွယ်လေးမဟုတ် ကြောင်း၊ စည်ပင်သာယာတို့၊ ခရီးသည် ပို့ဆောင်ရေး အဖွဲ့အစည်းတို့က ခွင့်ပြုဖို့လည်း လိုသေးကြောင်း ပြောပြီး ငြင်းလိုက်ရပါသည်။
သို့တိုင်အောင် လူပိန်သလောက် အသံပြဲသော မောင်ပြည့်ဝ သည် သူ့စိတ်ကူးကို လက်ဖက်ရည်ဆိုင် တွေမှာ အော်ကြီးဟစ်ကျယ် ပြောခဲ့သဖြင့် ထိုသတင်းက ပျံ့သွားသည်။
ထိုအခါ ကျွန်တော့်ထံသို့ မအိ ရောက်လာလေသည်။ စာပေ ကြော်ငြာ စတိတ်ရှိုးပွဲတော် ၀တ္ထုကို ဗွီဒီယို ရိုက်မည်ဟုသတင်းကြားကြောင်း၊ မိမိအနေနှင့်မူ ကိုယ်တိုင်ပါဝင် သရုပ်ဆောင်ဖို့ လုံးဝမဖြစ်နိုင်ကြောင်း၊ မိမိသည် မဟေသီ မဂ္ဂဇင်းမှာ ဆရာဟိန်းလတ်နှင့် အင်တာဗျူးလုပ်ပြီးကတည်းက ဗီဒီယိုရိုက်ဖို့မပြောနဲ့ ဓါတ်ပုံအရိုက်ခံဖို့တောင် အကြီးအကျယ်စိတ်ကုန်သွားကြောင်း၊ တစ်ခုတော့ တောင်းပန်လိုကြောင်း၊ ဗွီဒီယို ရိုက်ဖြစ်ခဲ့လျှင် မိမိနေရာတွင် အိန္ဒြာကျော်ဇင်ကို ထည့်သွင်းအသုံးပြုစေလိုကြောင်း တစ်နာရီလောက် ကြာအောင်ပြောသွားပါသည်။
ပန်းချီမမွှေးကျတော့ တစ်မျိုးဖြစ်၏ ။ ဗွီဒီယို ရိုက်ဖြစ်ခဲ့လျှင် သူ့နေရာမှာ သရုပ်ဆောင်ဖို့ သရုပ်ဆောင် တစ်ယောက်ကို အစားထိုးတာမျိုး ခွင့်မပြုနိုင်ကြောင်း ၊ သူကိုယ်တိုင် ပါဝင်သရုပ်ဆောင်မည် ဖြစ်ကြောင်း ပြောလာပါသည်။
“ ဘာကြောင့်လဲဆိုတော့ ကျွန်မလဲ သရုပ်ဆောင်လိုင်းပြောင်းမလို့ ဆုံးဖြတ်ထားလို့ ၊ ပန်းချီ ရေးရတာ သိပ်မစားသာတော့ဘူး ”
“ ကောင်းပါတယ် ခင်ဗျား အရပ်အမောင်းက စိုးမြတ်နန္ဒာနဲ့ မတိမ်းမယိမ်းပဲ ” ဟု ကျွန်တော်က အလိုက်အထိုက် ပြောလိုက်ရာ သူ အားတက်သွားပြီး ......
“ ဟုတ်တယ် ၊ မောင်မျိုးမင်းကလည်း ဒီအတိုင်းပြောတယ် ၊ အခု သူရိုက်မယ့် ဗွီဒီယိုကားမှာတောင် ၀င်ပြီး သရုပ်ဆောင်ဖို့ သဘောတူပြီးသွားပြီ ၊ မမေ့ရက်ဘူး အချစ်ဦးရယ် ဆိုတဲ့ တရုတ်ကားကို ပြန်ရိုက်မှာလေ ”
“ ခင်ဗျားက ဘယ်နေရာမှာ သရုပ်ဆောင်မှာလဲ ”
“ ကျန်ကျောင်းတို့ အမေနေရာက ”
“ အင်း ကောင်းပါတယ် ၊ ခင်ဗျားနဲ့ လိုက်ပါတယ် ”
“ အမေနေရာဆိုပေမယ့် ဇတ်ရဲ့ အဓိက သရုပ်ဆောင်ပဲလေ ၊ ဇတ်ကားနံမည်ကိုတောင် ကံကောင်းလို့မသေ ကျန်ကျောင်းတို့ အမေလို့ ပေးထားတယ် ”
“ ဒါဆို ခင်ဗျားသားနေရာက ဘယ်သူ သရုပ်ဆောင်မှာလဲ ”
“ ပန်းချီ ကိုမျိုးမြင့် ”
“ ဟင်.... သူ့အရွယ်ကြီးနဲ့များ မင်းသားအဖြစ် သရုပ်ဆောင်မယ်ဆိုတော့ ကြည့်လည်း လုပ်ကြပါဦးဗျာ ”
“ ဒါကတော့ သူက ပရိုဂျူဆာကိုး အစ်ကိုရဲ့ ၊ သူကြိုက်တဲ့ ဇတ်ရုပ်နေရာ ယူမှာပေါ့ ”
“ သြော်...ဒီလိုလား ”
ပန်းချီကိုမျိုးမြင့်သည် ကျွန်တော်နှင့်လည်ပင်းဖက် ပေါင်းလာသော သူငယ်ချင်းဖြစ်၍ သူ့အကြောင်း ကောင်းကောင်းသိသည်။ သူ့အနေနှင့် မင်းသားလုပ်မည်ဆိုလျှင် လုပ်နိုင်သည့် အခြေအနေရှိသည်။ အ၀တ်အစားကို သပ်သပ်ရပ်ရပ် ၀တ်တတ်သည် ။ အသားကလည်း ဖြူသည်။ ရုပ်ရည်ကလည်း မဆိုးလှ ၊ ရုပ်မြင်သံကြားမှာ ပြသွားသည့် တစ်ရာ့တစ်ကြိမ်မြောက် ချစ်ခွင့်ပန်ခြင်း ဇတ်ကားထဲက ဂျပန်မင်းသားနှင့် ခပ်ဆင်ဆင် တူသည်။
သူသည် ဒီက ပန်းချီလောကမှာ ထိပ်တန်းအဆင့်ရောက်နေတာတောင် အားမရသေးပဲ စင်ကာပူမှာ အလုပ်သွားလုပ်နေသူ ဖြစ်၏။ ကျွန်တော်တို့ကတော့ မိသားစုရှေ့ရေး ၊ သူ့မိခင်အိုကြီးကို ပြုစုစောင့်ရှောက် နိုင်ရေးအတွက် စွန့်စွန့်စားစား သွားလုပ်တာပဲလိုဆိုပြီး ချီးကျူးမိသေးသည် ။
ခုမှပဲ သူ့အကြံကိုသိရတော့သည်။ လက်စသပ်တော့ သူက မင်းသားလုပ်ဖို့ အရင်းအနှီးရအောင် ငွေသွားရှာ တာကိုး။
“ ဒါဆို သူ့မိန်းမ မထားကကော မင်းသမီး လုပ်ဦးမှာလား ”
“ မထားက အဲဒီလောက် မကြောင်ပါဘူး ၊ ပါရမီဖြည့်ဘက် တစ်ယောက်အနေနဲ့သာ ပံ့ပိုးပေးမှာပါတဲ့ ။ သူ့ ယောက်ျား မင်းသားဖြစ်သွားပြီဆိုရင်တော့ စိတ်အေးရပါပြီတဲ့ ။ အဲဒီ အခါကျရင်တော့ စင်ကာပူက ကွမ်ရင်မယ်တော်ကျောင်းမှာ သီလရှင်ဘ၀နဲ့ပဲ အေးအေးချမ်းချမ်းနေပြီး အရိုးထုတ်တော့မယ်တဲ့ ”
“ သာဓုဗျာ ၊ သာဓု သာဓု ၊ ကိုမျိုးမြင့်တစ်ယောက် အောင်မြင်ပါစေလို့ပဲ ဆုတောင်းရတော့မှာပဲ ”
ဆရာမောင်ခိုင်မာတို့ ဇနီးမောင်နှံ ကျွန်တော့်အိမ်လာလည်မည်ဟု တယ်လီဖုန်းသတင်း ရလိုက်သော အခါ ကျွန်တော်အတော်ကလေး ပြာသွား၏။ ဆရာခိုင်ကို ၀တ္ထုထဲမှာ “ ရာသီတိုင်းမှာ မောင်ခိုင်မာ ” ဟု ရေးခဲ့သည်။ သူသည် နေမကောင်းဖြစ်နေတဲ့ကြားက တကူးတကန့်လာမှာဆိုတော့ အကောင်းတော့မဖြစ်နိုင် ။ ပြဿနာ ရှာဖို့လာခြင်းသာ ဖြစ်ရမည်။
သူစိတ်ပြေအောင် ဘယ်လိုဖားရပါ့မလဲ ။ အပူတပြင်းစဉ်းစားပြီး လက်ထဲမှာ ပူပူနွေးနွေးရှိနေသေးသော သောင်းပြောင်းထွေလာ မဂ္ဂဇင်းမှရသည့် စာမူခကလေးဖြင့် အားဆေးတစ်ပုလင်း အမြန်ပြေးဝယ်ထား ရပါသည်။
သူတို့လင်မယား ရောက်လာသောအခါ ပျာပျာသလဲ ဆီးကြိုရသည်။ အိမ်းဦးခန်းသို့ခေါ်သွားပြီး ပက်လက် ကုလားထိုင်မှာ ထိုင်ခိုင်းရသည်။ ပြီးတော့ ကြိုတင်စီစဉ်ထားသည့်အတိုင်း အရင်ဦးအောင် ပြောလိုက်ရ၏။
“ အစ်ကို နေမကောင်းဘူးတဲ့ သတင်းကြားပါတယ် ။ကျွန်တော်လဲ သတင်းလာမေးမလို့ပါပဲ၊ ဒါပေမယ့် အစ်ကိုရာ ကျွန်တော်လဲ ဒီရက်ပိုင်းအတွင်း ဘယ်လိုဖြစ်တယ် မပြောတတ်ဘူး။ အရမ်းချူချာတာပဲ၊ တုတ်ကွေးမိတယ်၊ နမိုးနီးယားဖြစ်တယ်၊သွားနာတယ်၊ခါးကိုက်တယ်၊ အဆစ်အမြစ်တောင် ယောင်ပြီး လမ်းတောင် ကောင်းကောင်းမလျှောက်နိုင်ဘူး” ဟု သတိရသမျှ ရောဂါတွေ လျှောက်ပြောပြီး အပြစ်လွတ် အောင်ကြိုးစားကြည့်လိုက်၏ ။ ဆရာခိုင်သည် ရှူတည်တည်ကြီးလုပ်၍ နားထောင်နေရာမှ ဟိုက္ကူကဗျာ တစ်ပုဒ်ကို လက်တန်းစပ်ပြီး အသံနေအသံထားဖြင့် ကောက်ကာငင်ကာ ရွတ်ဆိုလိုက်လေ၏။
“ လူကြီးတွေ စော်ကား
ရောဂါဘယ ထူလို့ပွား
ဟေ့ကောင် မှတ်ပြီလား ”
ကျွန်တော်သည် “ ဟဲ ဟဲ အစ်ကိုကြီးကလဲ ” ဆိုပြီး သွားဖြီးလိုက်ရ၏ ။ သူ ထပ်ဆင့်နဘေ မထပ်နိုင်ခင်မှာပင် အားဆေးပုလင်းကို အလျင်အမြန်ထုတ်၍
“ အစ်ကို့အတွက် ကျွန်တော်ဝယ်ထားတာ ” ဆိုပြီး လက်ထဲ ထည့်ပေးလိုက်သည်။ သူသည် ကျွန်တော့်ကို သိပ်ယုံကြည်ဟန် မရှိသေး။ အားဆေးပုလင်းကို အစစ်ဟုတ်မဟုတ် ၊ အင်ထုထားခြင်း ဟုတ်မဟုတ် သေချာစွာစစ်ဆေးပြီး ကျေနပ်သွားတော့မှ ခေါင်းတစ်ချက်ညိတ်လိုက်သည်။ ပြီးတော့ ဟိုက္ကူ ကဗျာတစ်ပုဒ်ကို အသံနေအသံထားဖြင့် ရွတ်ဆိုပြန်၏။
“ လူပင်ငယ်သော်ငြား
ဆရာသမား သိတတ်သား
အပြစ်လွတ်စေဗျား” ဟု ဆိုပြီး မျက်နှာထားကိုပြင်ပြီး တဟားဟား ရယ်လေတော့သည်။
“ ဟဲ ဟဲ တော်တော် လန့်သွားသလားကွ ”
ဒီတော့မှ ကျွန်တော့်ကို အတည်ပေါက်နှင့် ခြောက်နေခြင်းဖြစ်ကြောင်း သိလိုက်ရလေသည်။သူ၏ ရှင်မက ပြုံးတုံးတုံးလုပ်ရင်း ၀င်ပြောသည်။
“ တကယ်ဆိုရင် သူကတောင် မင်းကိုကျေးဇူးတင်ရဦးမယ်၊ သူ့မှာနေမကောင်းဖြစ်နေပြီးကတည်းက တမှိုင်မှိုင် အတွေတွေ မရယ်နိုင် ၊ မပြုံးနိုင်ဖြစ်နေတာကြာပြီ ၊ မင်းဝတ္ထုကိုဖတ်ပြီးတော့မှ လန်းလန်းဆန်းဆန်း ဖြစ်လာတာ ” ဟု ချီးကျူးလိုက်ပြီး ဆက်လက်၍
“ ၀တ္ထုထဲမှာ ချစ်ဦးညို မိန်းမ ပါလာတော့ တို့ကိုလဲ ဇတ်ကောင်လုပ်ပြီး ထည့်ရေးဦးမလားလို့ ရှာကြည့်ရ သေးတယ် ”
ရှင်မသည် ကဗျာဆရာကတော်ပီပီ ၀င်္က၀ုတ္တိလင်္ကာဖြင့် ပြောလိုက်ခြင်းဖြစ်ကြောင်း ကျွန်တော် သိသည်။ သူဆိုလိုတာက ဆရာချစ်ဦးညို၏ ဖယောင်းတိုင်ကြီးတောင် ၀တ္ထုထဲပါသေးတာ ၊ သူ့လိုမျက်နှာဖုံးရှင် တစ်ယောက်အနေဖြင့် ဘာကြောင့်မပါရသနည်းဟု မေးခွန်းထုတ်လိုက်ခြင်းဖြစ်သည်။ သူသည် ဆရာမောင်ခိုင်မာ၏ “ ရှင်မရေ ” ဆိုသော ကဗျာစာအုပ်မှ မျက်နှာဖုံးရှင် ဖြစ်နေတာကိုး။
“ ကျွန်တော်လဲ အစ်မကို ထည့်ရေးမလို့ပါပဲ ။ ဒါပေမယ့် အစ်မရဲ့ ဘော်ဒီဝိတ်နဲ့ဆိုရင် ကျမ်းလေးမှာစိုးလို့ ချန်ထားခဲ့ရတာပါ။ ဆရာခိုင်ရဲ့ ရှင်မ ကဗျာစာအုပ် မျက်နှာဖုံးမှာပါတုန်းကတောင် ရိုးရိုးဆယ့်ခြောက်ချိုး ဆိုက်နဲ့ မဆန့်လို့ ဆယ်ချိုးဆိုက်ကြီးပြောင်းရိုက်ရတယ် မဟုတ်လား ” ဟု ပြေရာပြေကြောင်း ပြောလိုက်ရ၏။
ထိုစဉ်မှာပင် ကျွန်တော်တို့ထိုင်နေသော အိမ်ဦးခန်းလေးသည် တသိမ့်သိမ့်လှုပ်လာသည်။ အလိုလိုကမှ အသည်းငယ်တတ်သော ဆရာခိုင်မှာ
“ ဟာ..ဟာ လုပ်ကြပါဦး ၊ ငလျင်လှုပ်တယ်ထင်တယ် ”
ဟု သူ့ရှင်မလက်ကို လှမ်းကိုင်ပြီး အလန့်တကြားပြေလိုက်သည်။ တကယ်တော့ ငလျင်လှုပ်တာ မဟုတ်ပါ ။ “ လည်ပင်းအထိ စောင်ခြုံထားတဲ့အခါမှာတော့ လှနေတုန်းပဲ ” ဟု တင်စားချီးမွန်းခဲ့ဖူးသော ကျွန်တော်၏ ချစ်ဇနီးသည် ဆရာခိုင့်အတွက် နို့ဖျော်ပြီးလာပို့ခြင်းသာ ဖြစ်ပါ၏။ ဆရာခိုင်၏ ရှင်မနှင့် ကျွန်တော်၏ လေဒီမင်းလူတို့သည် ဂျပန်နပမ်းသမားကြီးများ မျက်နှာချင်းဆိုင် တွေ့ဘိသကဲ့သို့ တစ်ဦးကို တစ်ဦး အကဲခတ်ကြပြီးမှ အသိအမှတ်ပြုသည့်အပြုံးဖြင့် အပြန်အလှန် နှုတ်ဆက်လိုက်ကြ၏ ။
ဆရာခိုင်ကလည်း ကျွန်တော့်ဇနီးကို တစ်ချက်မော့ကြည့်ပြီးနောက် ခပ်သဲ့သဲ့ရယ်၍....
“ ဟင်း...ဟင်း.... မင်းကဗျာစာအုပ်ထုတ်တဲ့အခါကျရင်တော့ မဂ္ဂဇင်းဆိုက် ရိုက်ရလိမ့်မယ်ထင်တယ် ” ဟု ၀ိုက်လက်သီးတစ်လုံးနှင့် တုံ့ပြန်လိုက်လေ၏။
ဆရာခိုင်တို့ ပြန်သွားပြီးနောက် ကျွန်တော့်ခေါင်းထဲ အတွေးတစ်ခု ၀င်ရောက်လာသည်။ ကျွန်တော့် ၀တ္ထုထဲ ထည့်ရေးခဲ့သော ဆရာ ဆရာမ အများစုမှာ သူတော်ကောင်းများဖြစ်၍ ခန္တီပါရမီနှင့် ပြည့်စုံကြသော်လည်း သူတို့ထဲမှာ စုန်းပြူးတစ်ယောက်နှစ်ယောက်လောက် ရှိကောင်းရှိနိုင်သည်။
မတော်တဆ သူတို့ထဲမှ တစ်ယောက်ယောက်က ကျွန်တော့်ကိုဇတ်ကောင်လုပ်ပြီး မဟုတ်က ဟုတ်ကတွေ ပြန်ရေးလာလျှင် ခက်မည်။မြတ်ဆိုင်တို့ ၊ တာရာမင်းဝေတို့က ယုံရတာမဟုတ် ။ သူတို့ဦးနှောက်တွေကလည်း ကျွန်တော့်လိုပင် ပေါက်ကရအတွေးမျိုး ထွက်တတ်သည်။
ဒီလို စဉ်းစားမိသောအခါ “ မဖြစ်ချေဘူး ၊ သူတို့ကျေနပ်အောင် တစ်ခုခုတော့ လုပ်မှပဲ ” ဆိုပြီး မိမိကိုယ် မိမိ ပြန်နှိပ်ကွပ်သည့် ၀တ္ထုတစ်ပုဒ်ကို အောက်ပါအတိုင်း ရေးလိုက်ရပါသည်။(ကိုယ့်ဟာကိုယ် ရေးတာဆိုတော့ ဇတ်နာပြီး သနားအောင်ကြည့်လုပ်လို့ ရတာပေါ့လေ။)
****......****
ရုံးတော်၏ နောက်ဖက် သီးသန့်ခန်းလေးထဲတွင် သုခမိန်ကြီး ပေါင်စိန်သည် အ၀တ်အစားလဲနေသည်။ သူ၏ ဦးခေါင်းတစ်ဘက်တစ်ချက်တွင် တပ်ဆင်ထားသော အင်တာနာနှစ်ချောင်းကို နေသားတကျ ရှိမရှိ မှန်ထဲတွင် ကြည့်နေစဉ် ရုံးအပြင်ဘက်မှ ဗုံတီးသံများကို ကြားလိုက်ရ၏။ ထို့ကြောင့်ဘေးမှာ ရပ်နေသော ကုန်းစွန်းကို မေးလိုက်သည်။
“ အခု ဗုံတီးနေတာ ဘယ်သူလဲ ”
“မိုးဇော်ဗိုလ် ဖြစ်မှာပေါ့”
“တယ်...ဘာကြောင့် ပေါ့ပေါ့ဆဆပြောရတာလဲ ၊ သေချာအောင် သွားကြည့် ”
သုခမိန်ကြီးက ငေါက်လိုက်တော့မှ ကုန်စွန်းလည်း ခပ်သုတ်သုတ် ထွက်သွားသည်။ ခဏအကြာတွင် ပြန်ဝင်လာပြီး.....
“ ဟာ ...အများကြီးပဲ စာရေးဆရာတွေ ၊ စာရေးဆရာမတွေ ဗုံကို အလုအယက် တီးနေကြတာ ၊ ကုမ္ပဏီဖွင့်ပွဲမှာ လက်ဆောင်ပစ္စည်းဝေလို့ ၀ိုင်းလုနေကြတဲ့ အတိုင်းပဲ ”
“ သူတို့က ဘယ်သူ့ကို တရားစွဲချင်လို့တဲ့လဲ ”
“ ဟို... မျောက်ညီနောင် လေးဖော်ထဲက အငယ်ဆုံးကောင်ကို တရာစွဲချင်လို့တဲ့ ”
“ သြော စာပေနယ် ၊ ရုပ်ရှင်နယ်မှာ ခြေရှုပ်နေတဲ့ မျောက်ညီနောင် လေးဖော်လား ”
“ ဟုတ်ပါတယ် ”
“ ကဲ...ဒါဆို ကျန်စိန်ဝင်းကို တရားခံသွားဖမ်းခိုင်းလိုက် ၊ ပြီးရင် ရုံးဖွင့်မယ် ”
လေထန်ဖုန်းတရားရုံးတွင် လူစုံပြီ ၊ သုခမိန်ကြီး ပေါင်စိန် ၊ ကုန်းစွန် ၊ ကျန်စိန်ဝင်း ၊ ၀မ်ခ ၊ မာလတ် ၊ ဆွေလုံ ၊ ကောက်ဟူ အားလုံးနေရာယူပြီး ကြပြီ ။ သုခမိန်ကြီးက ခေါင်းညိတ်လိုက်သောအခါ သူတို့ထဲတွင် အသံအပြီဆုံး ၊ အပြာဆုံးဖြစ်သည့် ၀မ်ခက.....
“ ရုံးတော်ဖွင့်ပြီ ” ဟု အော်လိုက်သည်။ (ဤနေရာတွင် တရုတ်ပြည်သူ့တရားရှင် ဇတ်လမ်းတွဲထဲကလို ရုံးအမှုထမ်းများက “ ၀ူ ...၀ယ် ” ဟု မအော်ကြပါ ။ သုခမိန်ကြီးမှာ အားကစား ၀ါသနာပါသူဖြစ်သဖြင့် အောက်ပါအတိုင်း အော်ဖို့အမိန့်ထုတ်ထားသောကြောင့် )
“ ဟာလေ ဟာလေး ဟားလေ ၊ ဟာလေ ဟာလေး ဟာလေး”
“ ကဲ ...တရားလိုတွေကို ဆင့်ခေါ်လိုက် ”
စာရေးဆရာ ၊ ဆရာမများ တန်းစီဝင်လာကြသည်။ ပေါင်စိန်ကြီးကို ဂါရ၀ပြုပြီးနောက် ဘေးတစ်ဘက်မှာ ကပ်ရပ်နေလိုက်ကြ၏။
“ တရားခံကို ခေါ်ခဲ့ ”
သုခမိန်ကြီးက အမိန့်ပေးလိုက်သောအခါ မျောက်ညီနောင်လေးဖော်ထဲက အငယ်ဆုံးဖြစ်သော တရားခံ မျောက်လူကို လက်မောင်းတစ်ဖက်တစ်ချက်ဆီမှ ချုပ်နှောင်ပြီးခေါ်လာသည်။ ကြမ်းပြင်ပေါ်တွင် ဒူးထောက် ခိုင်းလိုက်၏။
“ အခု ရုံးရှေ့မှာ ဒူးထောက်နေတာ ဘယ်သူလဲ ”
ဟုသုခမိန်ကြီးက မေးလိုက်၏။ တရားခံကမော့ကြည့်သည် ။ပြီးတော့ အံ့သြသွားသည်။ ထို့နောက် စပ်ဖြဲဖြဲ ဖြစ်လာ၏။ သုခမိန်ကြီးဆိုလို့ လန့်နေတာ လက်စသတ်တော့ ပေါင်စိန်ဆိုတာ အားကစား ဆောင်းပါးရှင် ဆရာစိန်မျိုးမြင့်ကြီးပါလားဟု သိသွားသောကြောင့် ဖြစ်၏။ ပြီးတော့ ရုံးအဖွဲ့သားတွေက လည်း တစ်ခြားလူတွေ မဟုတ် ။
ကုန်းစွန်းဆိုတာ မောင်ရွှေစွန် ၊ ကျန်စိန်ဝင်းဆိုတာ မောင်စိန်ဝင်း(ပုတီးကုန်း) ၊ ၀မ်ခဆိုတာ ပေဖူးလွှာ အယ်ဒီတာဟောင်း မောင်သုခ ၊ မာလတ်ဆိုတာ သောင်းပြောင်းထွေလာ အယ်ဒီတာချုပ်၊ ဆွေလုံဆိုတာ ကီဝီ၊ ကောက်ဟူဆိုတာ ကောက်နွယ်(ကနောင်) အားလုံးဘော်ဒါတွေချည်းပါလား ။ ထိုအခါ နည်းနည်း အကြောက်ပြေသွားသည်။
( ဇာတ်သိမ်းဆက်ရန်) 👇👇👇
No comments:
Post a Comment