Friday, 15 March 2019

သြာ်_ဒါနဲ့စကားမစပ် #သင်္ကြန်မှာ_သင်္ကြန်သီချင်းစစ်စစ်

#သြော်_ဒါနဲ့စကားမစပ်


#သင်္ကြန်မှာ_သင်္ကြန်သီချင်းစစ်စစ်


#သုမောင်

  

   သြော်… ဒါနဲ့ စကားမစပ်၊ အဲ… ပထမဦးဆုံး စပြီး တောင်းပန်ချင်တာလေးတစ်ခု ရှိတယ်။ အဲဒါက ဒီအပတ်မပြောခင်မှာ သင်္ကြန်ပြီးတဲ့နောက်ပိုင်း နှစ်ပတ်၊ သုံးပတ်လောက် သုမောင်ကြီး ပြတ်သွားတယ်။ ပြတ်သွားတယ်ဆိုတာက အရက်ပြတ်သွားတာ ပြောတာမဟုတ်ဘူး။ ဒီစကားမစပ် အစီအစဉ်လေး ပြတ်သွားတာကို ပြောတာပါ။ ဘာကြောင့်လဲဆိုတော့ သင်္ကြန်ပြီးတဲ့နောက်ပိုင်း ခဏအနားယူရတယ်။ အရင်လိုနော် ပေါ့ပေါ့ပါးပါး သွက်သွက်လက်လက် အခြေအနေမရှိတော့လို့။ အသက်က စကားပြောလာပြီလေ။ ၅၈ နှစ်ဆိုတော့ ခဏအနားယူရတယ်။ အဲဒီအတွက်ကြောင့် ပြတ်သွားရတာကို တောင်းပန်ရတာပါ။ ဒါက တစ်ချက်။


   နောက်တစ်ချက်က အခု အသံနည်းနည်းနာနေတယ်။ သတိထားမိမှာပေါ့။ အရင်အပတ်တွေက ပြောတဲ့အသံနဲ့ အခု အသံနဲ့ နည်းနည်းကွာလာတယ်နော်။ အဲဒါဘာကြောင့်တုံးဆိုတော့ ရိုးရိုးသားသားပြောမယ်နော်။ မသောက်လို့၊ မသောက်လို့ပါ။ အရက်မသောက်လို့ပါ။ အရက်မသောက်လို့ဆိုတာ လုံးဝမသောက်တာတော့ မဟုတ်ပါဘူး။ နည်းနည်းပါးပါးတော့ သောက်တာပေါ့။


   ငယ်ငယ်တုန်းကတော့ သောက်တယ်၊ သောက်တယ်၊ ဆိုတယ်၊ ဆိုတယ်၊ သောက်တယ် အသံမပျက်ဘူး။ ကြားဖြတ်ပြောပြဦးမယ်။ ဗဟုသုတပါ။ အရက်သောက်တာကလေ အသံမပျက်ဘူးဗျ။ လည်ချောင်းလေး နွေးသွားတဲ့အတွက်ကြောင့် အသံတောင် ပိုကောင်းသေးသဗျ။ အဲ… တစ်ခုတော့ရှိတာပေါ့။ အရက်မူးသွားရင် လျှာလိပ်တယ်။ စာသားတွေ မေ့တယ်။ ဒါကတော့ မကောင်းဘူးပေါ့နော်။


   ဆိုးတာက စီးကရက်ဗျာ၊ စီးကရက်၊ ဆေးလိပ်။ အဲဒါကကျတော့နော် အဆုတ်ကို ဒါရိုက်ထိတာ၊ လည်ချောင်းကို ထိတာဆိုတော့ အသံပျက်တယ်။ အဆုတ်ကိုထိတော့ အမောမခံနိုင်ဘူး။ ဆေးလိပ်က ပိုပြီးတော့ ဆိုးတယ်။ ဒါကြောင့်လည်း ဆေးလိပ်ကို တကမ္ဘာလုံးက ဆန့်ကျင်နေကြတာ။ ကဲ… ထားပါတော့။ စကားမစပ် ပြောတာပါ။


   အဲတော့ ငယ်ငယ်တုန်းကတော့ သောက်တယ်။ သောက်ပြီးတော့ ဆိုတယ်၊ သီချင်းဆိုတယ်၊ သောက်တယ်။ ဘာမှမထူးဘူး။ ဒါ ပြီးခဲ့တဲ့သင်္ကြန်တွင်းကို ပြောတာ။ အခုသင်္ကြန်မှာ သင်္ကြန်လေးရက်လုံးလုံး သီချင်းဆိုရပါတယ်။ ခုထိနားလို့ မရသေးဘူး။ မန္တလေးပရိသတ်က ကြိုက်တုန်း၊ လက်ခံတုန်းဆိုတော့ သီချင်းက ဆိုနေရပါသေးတယ်။ ပြီးတော့ တစ်ခါ မန္တလေးနှစ် ၁၅၀ ပြည့်အထိမ်းအမှတ်ပွဲတုန်းကလည်း ဆိုရပြန်သေးတာပဲ။ ဒီကြားထဲမှာလည်း ဇေယျာရွှေမြေ ဘောလုံးကလပ်အသင်းက ဖိတ်တယ်။ သူတို့နဲ့လိုက်ပြီး လိုက်ဆိုရပြန်ရော။


   စကားမစပ် အစီအစဉ်ပျက်ကွက်တာ၊ အဲဒီလို သီချင်းတွေ ဆက်တိုက် လိုက်ဆိုရတဲ့ ပွဲဆက်တွေ များနေတဲ့အတွက် အသံကလည်း နာလာတယ်။ ငယ်ငယ်တုန်းကတော့ ဘယ်လောက်ဆိုဆို အသံမနာဘူး။ ဒါ အသက်အရွယ်နဲ့လည်း ဆိုင်တယ်။ စောစောက ပြောသလို ဆိုတယ်၊ ဘီယာလေးသောက်လိုက်၊ အရက်ကလေး သောက်လိုက်၊ ဆိုလိုက်၊ သောက်လိုက်၊ ဆိုလိုက်၊ သောက်လိုက် အခုကျတော့ ဆိုလိုက်၊ သောက်လိုက် လုပ်လို့မရဘူး။ အသက်က စကားပြောလာပြီ။ နည်းနည်းသောက်ရင် မူးလာတယ်ဗျာ။ အရက်ကို ကြိုက်တယ်။ ကြိုက်တုန်းပဲ။ သို့သော်လည်း ခံနိုင်ရည်မရှိတော့ဘူး။


   အဲတော့ အရက်သိပ်မသောက်ဘဲနဲ့ ဆိုရတဲ့အခါကျတော့ အသံတွေနာတယ်။ အသံတွေ အက်တာပေါ့လေ။ အဲဒီအတွက်ကြောင့် စကားမစပ် တောင်းပန်ရတာပေါ့လေ။


   အဓိက ပြောချင်တာက အခု သင်္ကြန်ပြီးပြီ။ သင်္ကြန်ပြီးပြီဆိုတော့ တစ်တိုင်းပြည်လုံးပေါ့နော်… မောကုန်ကြပြီ။ သက်ကြီးရွယ်အိုတွေ၊ တရားရိပ်သာဝင်တဲ့သူတွေ၊ ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်တွေကိုတော့ ထားလိုက်တော့။ သင်္ကြန်ရေကစားကြတဲ့ ပျော်ကြပါးကြတဲ့ ပုဂ္ဂိုလ်တွေ၊ အခု အကုန်လုံး ပျော်လို့ပါးလို့ပြီးတော့ ပက်လက်တွေ လန်ကုန်ကြပြီ။ မောကုန်ကြပြီ။ သုမောင်ကြီးလည်း မောသွားပြီ။


   အဲဒီအချိန်မှာ အရေးကြီးတဲ့စကားကို ပြောရတော့မယ်။ ထုံးစံအတိုင်း သုမောင်ကြီး ၁၅ နှစ်မြောက် မန္တလေးသင်္ကြန်ကို ရောက်ပါတယ်။ ထုံးစံအတိုင်းပဲ မန္တလေး မြို့မငွေငန်းနဲ့ လှည့်ပါတယ်။ မန္တလေးသင်္ကြန်ကို ဖွင့်ပါတယ်။ ရပ်ကွက်တွေ၊ မဏ္ဍပ်တွေကို လှည့်ပါတယ်။ 'မြူမှောင်ဝေကင်း၊ ငွေအဆင်းဆန္ဒ' ကျက်သရေရှိရှိ မင်္ဂလာရှိရှိ လုပ်ခဲ့ပါတယ်။


   သို့သော် အသက်က စကားပြောလာပြီပေါ့နော်။ ကြားဖြတ် ပြောလိုက်ဦးမယ် စကားမစပ်။ ငယ်ငယ်တုန်းက အမေက ပြောတယ်။


   "သားရေ… လောကကြီးသုံးပါး ဘာမြင်သလဲ" တဲ့။


   ဘယ်သိမှာတုံး ကလေးကို။ အမေက ခြင်ထောင်ထဲမေးတာ။


   "အမေ ကျွန်တော်တော့ ခြင်ထောင်ပဲ မြင်တယ်" လို့။


   "မဟုတ်ဘူးသားရဲ့။ လောကကြီးသုံးပါးမှာ အနိစ္စရယ်၊ ဒုက္ခရယ်၊ အနတ္တရယ် မြင်တယ်" တဲ့။ အမေက သင်တယ်။


   ဟော… အမေအသက်ကြီးလာတဲ့အခါကျတော့၊ ကွယ်လွန်ခါနီးပေါ့လေ။ အသက် ၈၀ ကျော်အမေ့ကို တစ်လှည့်ပြန်ပြီးတော့ ခြင်ထောင်ထဲမှာ အမေ့ကို ကျွန်တော်က ပြန်မေးရတယ်။


   "အမေရေ… လောကကြီး သုံးပါးမှာ ဘာမြင်သလဲ"


   ဆိုတော့ ကျွန်တော့်အမေက ပြုံးပြီးတော့ ပြန်ဖြေတယ်။


   "ပိုက်ဆံမြင်တယ်၊ ပိုက်ဆံမြင်တယ်၊ ပိုက်ဆံမြင်တယ် သားရေ" တဲ့။


   ဟုတ်လိုက်တာဗျာ။ ကျွန်တော် လောဘကြီးတာ မဟုတ်ပါဘူး။ ချမ်းသာချင်တာ မဟုတ်ပါဘူး။ သူဌေးကြီးဖြစ်ချင်တာ မဟုတ်ပါဘူး။ မတော်လောဘရှိတာ မဟုတ်ပါဘူးနော်။ လောကကြီးသုံးပါးမှာ ဒီအရွယ်ရောက်လာတော့ သားတွေသမီးတွေ၊ မြေးတွေမြစ်တွေအတွက် ငွေရေးကြေးရေးလောက်တော့ တောင့်တောင့်တင်းတင်းကလေး လှူနိုင်တန်းနိုင်လောက်အောင် ထားခဲ့ချင်တယ်။


   အဲဒီအခါကျတော့ ခုချိန်ကျမှ ငယ်ငယ်တုန်းကပေါ့နော် မိုက်ခဲ့တာ၊ လျှမ်းလျှမ်းတောက်တဲ့အချိန်မှာ အရက်တွေသောက်၊ မူးရူးသောက်စား စုရဆောင်းရမှန်းမသိ၊ လုပ်ချင်တာတွေ လုပ်ခဲ့တော့ ခုချိန်မှာ သုမောင်ကြီး မမွဲတာဘဲ ကံကောင်း။ အခုအချိန်ကျမှ သားသမီးကံလေး ကောင်းလို့ မဆင်းရဲတာ။ နို့မဟုတ်ဆို မွဲပြီ။ ဟော… ခုတော့ ပိုက်ဆံလေးဘာလေး ရှာချင်လာတယ်။ ရှာချင်လာတဲ့အခါကျတော့ ခု ဒီနှစ်သင်္ကြန်မှာလည်း အရင်လို ငွေငန်းနဲ့လှည့်၊ ဆုတော်ငွေလေးဘာလေးရ၊ အရင်တုန်းကဆို ဆုတော်ငွေရရင် မြို့မအသင်း ပြန်လှူလိုလှူပေါ့လေ။


   ခုတော့ ဒီလိုမဟုတ်တော့ဘူး။ ရတာလေး အိတ်ထဲထည့်၊ အိမ်က မိန်းမအေးဘုံကို ပြန်ပေး။ ဒီ့အပြင်ကို နီးစပ်ရာသူငယ်ချင်းတွေဆီ လိုက်လက်တို့ရတာ။ သန်းမြတ်စိုးတို့၊ ဇော်ဝမ်းတို့ကို 'ဟေ့… ငါ့လည်း ခေါ်ကြပါဦးကွာ' တခြားမဏ္ဍပ်တွေမှာ ရှိရင်။ ဆုတော်ငွေလေးဘာလေး ရလိုရငြားပေါ့။ ဆိုတော့ကာ ခေါ်ရှာကြပါတယ်။ သူငယ်ချင်းတွေက ဖိတ်ကြပါတယ်။ ဟိုမဏ္ဍပ်သွားဆို၊ ဒီမဏ္ဍပ်သွားဆိုပေါ့။

ပြောချင်တာက ဘာလဲဆိုတော့ သုမောင်လာမယ်ဆိုတော့ မဏ္ဍပ်တွေက Welcome ပေါ့။ ပိုက်ဆံတွေ ရပါတယ်။ တော်တော်လေး ပေးကြပါတယ်။ ပြီးတော့ မဏ္ဍပ်တစ်ခုကို သွားတွေ့တာ ထူးထူးခြားခြား ပြောချင်ပါတယ်။ အဲဒီ မဏ္ဍပ်တစ်ခုမှာ ထူးထူးခြားခြား ဘာသွားတွေ့သလဲဆိုတော့ လူအုပ်ကြီးက ပိတ်ကျပ်ညပ်ပြီး ဆူညံကခုန် သောင်းကျန်းနေတာပေါ့။ ဟစ်ဟေ့ပ်၊ ရော့ခ်၊ ပေါ့ပ် စသည်ဖြင့် ဆိုပြီး ကခုန်သောင်းကျန်နေကြတာပေါ့။


   ဒါကို အတူသွားကြတဲ့ သား ဖိုးသောကြာက တွေ့ပြီး မျက်နှာပျက်သွားတယ်။ မြန်မာသံပဲ ဆိုတဲ့လူ၊ ဒီလိုနေရာမျိုးကို အဖေက ခေါ်လာရကောင်းလားဆိုတဲ့ မျက်နှာနဲ့ ကျွန်တော့်ကို မျက်စောင်းထိုးတယ်။ ကျွန်တော်လည်း မတတ်နိုင်ဘူးပေါ့လေ။ ကိုယ်ကလည်း ဖိတ်တဲ့နေရာ သွားရတာ။ ပိုက်ဆံလိုချင်တော့ သွားရတော့တာပေါ့။


   လုံခြုံရေးအစောင့်အရှောက်နဲ့ သွားရတာပေါ့။ ပရိသတ်က ကောင်းရှာပါတယ်။ 'ဖိုးသောကြာရေ၊ ဖိုးသောကြာရေ' ဆိုပြီး ဝိုင်းနှုတ်ဆက်။ 'လေးလေးသုမောင်ကြီး၊ လေးလေးသုမောင်ကြီး' ဆိုပြီး နှုတ်ဆက်နဲ့။ ပြီးတော့ သူတို့ကပဲ လမ်းရှင်းပေးကြတော့ စင်ပေါ်ရောက်သွားပေါ့။ စင်ပေါ်ရောက်တော့ စင်ပေါ်မှာဗျာ… အရက်ကောင်တာနဲ့၊ စည်ဘီယာပန့်နဲ့ဗျာ။ အဲဒီအထဲက ကျွန်တော့်သားက ဒုတိယအကြိမ် မျက်စောင်းထိုးပြန်ပြီပေါ့ဗျာ။ အဖေ သောက်တော့မှာပဲ ဆိုပြီးတော့ပေါ့။ ကျွန်တော်ကလည်း မျက်စောင်းထိုးပြီ။ သားကို မဟုတ်ဘူး။ ဘီယာပန့်ကိုဗျ။ ဘီယာတစ်ခွက်တလေ သောက်ချင်တာကိုးဗျ။


   အဲဒီပေါ်မှာက မိန်းကလေးအုပ်စုက အများဆုံး၊ ယောက်ျားလေးအုပ်စုက နည်းတယ်ဗျ။ ခွက်ကိုယ်စီနဲ့ သောက်နေလိုက်ကြတာ။ သောက်ကြပေါ့ သင်္ကြန်ကိုး။


   အဲဒီမှာ ဘာသွားတွေ့လဲဆိုတော့ ဒီမိန်းကလေးအုပ်စုထဲက တစ်ယောက်ဟာ မှတ်မိသေးတယ်။ စကတ်… စကတ် မဟုတ်ဘူးဗျ။ ဘောင်းဘီအတို အဝါရောင်လေး၊ အပေါ်က အင်္ကျီကလည်း အတို အဝါရောင်လေးပါပဲ။ တိုတော့ ဗိုက်သားကပေါ်လို့။ ပေါင်သားပေါ်လို့ ဖြူဖြူချောချောလေးပေါ့ဗျာ။


   အဲဒီကောင်မလေးက မိုက်ကရိုဖုန်း ကိုင်ပြီး ကုန်းကုန်းပြီး အော်တယ်။ ဘာအော်သလဲဆိုတော့ 'အားလုံး… အားလုံး' အောက်က 'ဟေး'၊ 'ပျော်တယ်မလား'၊ 'ပျော်တယ်' ဒါ ထုံးစံဗျ။ ပရိသတ်ဆိုတာ အပေါ်ကပြောရင်၊ အောက်ကလည်း ပြန်ပြောမှာပဲ၊ ဒီမိန်းကလေးကို ကျွန်တော် မသိပါဘူး။ နာမည်တော့ ရှိပုံရပါတယ်။ အဆိုတော်ပေါက်စလား၊ မော်ဒယ်လ်လား၊ ထားပါတော့လေ။ တစ်ယောက်ယောက်တော့ ဖြစ်မှာပေါ့လေ။


   ကျွန်တော် စော်ကားတာ မဟုတ်ပါဘူး။ အနုပညာသည်တွေ အားလုံးအတွက်၊ ကျွန်တော့်ရဲ့ မျိုးဆက်သစ် သားသမီးတွေအားလုံးအတွက် ဒီစကားကို ပြောတာပါ။


   အဲဒီတော့ 'ပျော်ကြလား'၊ 'ပျော်ပါတယ်၊ ပျော်တယ်'၊ 'မြူးကြလား'၊ 'မြူးတယ်'၊ 'ဆိုကြမလား'၊ 'ဆိုမယ်'။ ဒါ အတိုင်အဖောက်က ဒါ ထုံးစံနော်။ အပေါ်ကလည်း သောက်ထားတာကိုး။ အောက်ကလည်း သောက်ထားကြတာကိုး။


   ဒါဟာ ဂုဏ်ယူစရာကိစ္စ မဟုတ်ဘူးဗျ။ အဲဒါ ထားလိုက်ဦး။ 'ဆိုကြမလား' 'ဆိုမယ်'၊ 'လိုက်ဆိုမှာလား' 'လိုက်ဆိုမယ်'။ အဲဒီလို အတိုင်အဖောက်လုပ်နေတဲ့ကြားထဲက နောက်ဆုံးတစ်လုံး ဘာဖြစ်လာသလဲဆိုတော့ 'မူးကြမလား'၊ 'မူးမယ်' တဲ့ဗျာ။ မူးကြမလားလို့ မေးလိုက်တဲ့ ကလေးက မိန်းကလေးဗျာ။ အောက်က ပြန်အော်တာက ယောက်ျားလေးတွေ။ စဉ်းစားကြည့်ပါ။ ကောင်းသလား။ ဒီလောက်ထိတော့ မဖြစ်သင့်ဘူးလို့ ကျွန်တော် ထင်ပါတယ်။


   အဲဒီမယ် ကျွန်တော့်သားက ကျွန်တော့်ကို မျက်စောင်းထိုးရုံတင် မကတော့ဘူး။ ပခုံးကိုင်ပြီးတော့ 'အဖေ ပြန်ကြစို့'။ ဒီလိုနေရာမျိုးကို သူ မဆိုချင်ဘူး။ ဆိုလိုတာက ကျွန်တော့်သားမှာ သိမ်ငယ်စိတ်လည်း ဝင်သွားပုံရတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုနေရာမှာ သူ ဆိုနေကျ 'သင်္ကြန်လေညင်းလုလင် မြူးရွှင်တော့လေ' ဆိုပြီး သူ လုပ်လို့မရတော့ဘူးလို့ သူ ထင်သွားပုံရတယ်။


   ဒါပေမဲ့ ကျွန်တော် မကြောက်ပါဘူး။ ကျွန်တော် ပရိသတ်အထာကို သိတယ်။ အဲလိုလည်း ဖြစ်လည်းဖြစ်ရော ထုံးစံအတိုင်း အပေါ်ကနေပြီးတော့ ဒီမိန်းကလေးကလေ ကျွန်တော်တော့ နားမလည်ဘူးပေါ့လေ။ ရော့ခ်လား၊ ဟစ်ဟော့လား၊ ပန့်လား တစ်ခုခုပေါ့လေ။ အင်္ဂလိပ်သီချင်းတစ်ပုဒ်၊ မြန်မာသီချင်း မဟုတ်ဘူးနော်၊ အင်္ဂလိပ်သီချင်းတစ်ပုဒ် ဆိုတယ်။ အောက်က လိုက်မဆိုပါဘူး။ ကတယ်။ ဟစ်ဟော့လိုလို၊ ရော့ခ်လိုလို ရှိတ်ကြ၊ ဆွဲကြ၊ ရုန်းရင်းဆန်ခတ်ပေါ့လေ။ အောက်က ကလေ၊ သားက နောက်ကို တစ်လှမ်းချင်း ဆုတ်သွားလေပေါ့လေ။ အဲ… ပြီးလည်းပြီးရော အဲဒီလို လှုပ်ရှားနေတဲ့အချိန်မှာ ကျွန်တော်တို့ကို ဖိတ်ထားတဲ့ပုဂ္ဂိုလ်က မျက်နှာ တော်တော်ပျက်နေပြီး-


   "အစ်ကိုကြီး ဆိုတော့မလား" တဲ့။


   "အေး… ဆိုတော့မယ်ကွာ။ ငါတို့လည်း ပြန်ချင်နေပြီ"


   လို့ဆိုပြီး ပြောတဲ့အခါကျတော့ အဲဒီမိန်းကလေးကို လက်သွားတို့ပြီး ကျွန်တော့်နာမည် ကြေညာခိုင်းလိုက်တယ်။


   မိန်းကလေးကလည်း ကြေညာလိုက်တယ်။


   "ခုချိန်ကစပြီးတော့ အကယ်ဒမီသုမောင်က သီဆိုပါလိမ့်မယ်"


   "ဟေး…"


   ဆိုပြီး အောက်က အသံထွက်လာတယ်။ ကျွန်တော်သိတာပေါ့။ ဘာအော်အော်၊ ပြန်အော်မယ့်ပရိသတ်လေ။ သင်္ကြန်တွင်းလေ၊ ပျော်နေကြတယ်လေ။ မူးမူးမမူးမူး ပျော်မှာပဲကိုး။ အဲတော့ ပျော်နေကြတဲ့အချိန်မှာ ကျွန်တော်သုမောင်ကြီးသည် ထုံးစံအတိုင်း ပုဆိုးနဲ့တိုက်ပုံနဲ့ ထွက်သွားတော့လည်း အောက်က 'ဟေး' ဆိုပြီး လက်ခုပ်တီးတာပါ။

 အဲဒီတော့ ကျွန်တော်က နှစ်ချက် ရှိပါတယ်။ တစ်ချက်က ပရိသတ်ကို ဖမ်းစားဖို့၊ နောက်တစ်ချက်က ကျွန်တော့်သားကို တွဲခေါ်ပြီး ဖမ်းစားဖို့ တစ်ပြိုင်တည်း ကျွန်တော် ဆုံးဖြတ်ပြီးတော့ ကျွန်တော် 'ပြည်တော်ဝင်' ကို ကောက်ဆိုလိုက်ပါတယ်။ အောက်က ဆူညံနေတာနော်။ အပေါ်က တီးတီးမတီးတီး၊ အောက်က ဝုန်းဒိုင်းကြဲ ကနေတဲ့အချိန်မှာ၊ အင်္ဂလိပ်လို ကနေတဲ့အချိန်မှာ ကျွန်တော်က ပြည်တော်ဝင်သီချင်းကို ကောက်ဆိုချလိုက်တယ်။


   "ချစ်ခင်ကြတဲ့ အားလုံးမိတ်ဆွေ… နေ့တိုင်းပဲ သတိရတယ်လေ…"


   ဟောဗျာ… ဒီလောက်အေးတာကြီး။ ဆိုချလိုက်တော့ စောစောကနေတဲ့၊ ရှိတ်ဆွဲနေတဲ့၊ ဟစ်ဟော့ကနေတဲ့ ကလေးတွေက အဲဒီကနေတာကိုပဲဗျာ… စလိုးမိုးရှင်းနဲ့ ဟော… 'ချစ်ခင်ကြတဲ့' ဆိုပြီးတော့ လုပ်ချလိုက်တယ်။ အဲဒီအချိန်မှာ ကျွန်တော့်သားသည် မျက်နှာ နည်းနည်းအကြောလျော့သွားပြီး သူ လုပ်လို့ရသွားပြီ ဆိုတာကို သိသွားပါတယ်။


   ဒါကို ကျွန်တော် ဘာကြောင့် အထူးပြုပြောရသလဲဆိုရင် ဒီမြင်ကွင်းကလေးသည် ဘာကိုပြသလဲဆိုတော့ မူးတာ၊ မမူးတာသည် အဓိက မဟုတ်ပါ။ သင်္ကြန်တွင်းမှာ အားလုံး ပျော်ကြတယ်။ မြန်မာလူမျိုးတွေဟာ မရိုင်းစိုင်းတတ်ဘူးဆိုတာကို ပြတယ်။ တစ်ချက်။


   နောက်တစ်ချက်က ပျော်ချင်လို့သာ ပျော်နေကြတာ။ 'မူးကြမလားဟေ့၊ မူးမယ်' ဆိုတာ အပေါ်က 'မူးကြမလားဟေ့' အော်လို့သာ အောက်က 'မူးမယ်' ပြောရတာ။ 'ဘုရားဖူးကြမလားဟေ့' ဆိုရင်လည်း 'ဖူးမယ်' လို့ အောက်က အော်မှာပဲဆိုတာ ဒါ ရှင်းနေတာပဲ။ ဒါ မြန်မာလူမျိုးတွေရဲ့စရိုက်ဗျ။ ဒါ ရှင်းသွားပြီဗျ။ ဟစ်ဟော့၊ ရော့ခ်၊ ရှိတ်လုပ်နေတဲ့အချိန်မှာ 'ချစ်ခင်ကြတဲ့' အဲဒီဟာကိုပဲ အောက်ကရှိတ်ကိုပဲ စလိုးမိုးရှင်းလုပ်ချလိုက်တာဟာ မြန်မာလူမျိုးတွေရဲ့စရိုက်ဗျ။ အဲတော့ ကျွန်တော်ပြောချင်တာက ပရိသတ်ကို အနုပညာသည်သည် ဘယ်တော့မှ အထင်မသေးပါနဲ့။ သောတရှင်တို့ခင်ဗျာ။ ကျွန်တော် ပြောပြမယ်နော်။ များသောအားဖြင့် သတိထားကြည့်ကြပါ။ စတိတ်ရှိုးတွေမှာလေ 'လက်ခုပ်တီးကြပါ။ အားပေးကြပါရှင့်'ဆိုရင် မကောင်းဘူးဗျ။ ဒါ ပရိသတ်ကို စော်ကားတာဗျ။ လက်ခုပ်က ကိုယ်တီးချင်မှ တီးမှာပေါ့။ မကြိုက်ရင် ဘယ်တီးမလဲဗျ။ လက်ခုပ်တီးစရာအကြောင်း မရှိဘူးဗျ။ အဲသလို မလုပ်ကောင်းပါဘူး။ လုပ်တဲ့အပေါက်က လက်ခုပ်တီးခိုင်းတဲ့ အပေါက်။ ဒီသဘောပဲဗျ။


   'မူးကြမလားဟေ့၊ မူးမယ်' ဆိုတာ အောက်က အားနာလို့ လိုက်ပြောကြတာဗျ။ အဲဒီ အားနာလို့လိုက်ပြောတယ်ဆိုတဲ့ ကြားထဲကပဲ 'မူးကြမလားဟေ့'ဆိုတာကတော့ တော်တော့်ကို ဆိုးတဲ့ကိစ္စပါပဲ။ အဲဒါကြောင့်မို့လို့ ဒီသင်္ကြန်တွင်းမှာမှ မဟုတ်ပါဘူး။ အနုပညာသည်တွေဟာ အထူးသဖြင့် အဆိုတော်တွေဟာ စတိတ်ပေါ်ရောက်လို့ရှိရင် ပရိသတ်ကို လေးစားကြပါ။ အထင်ကြီးကြပါ၊ ပရိသတ်ကို အထင်မသေးပါနဲ့။ ပရိသတ်သည် အနုပညာသည်ကို အမြဲတမ်း လေးစားပြီးသားပါ။


   တစ်ခုရှိတယ်။ သူတို့မကြိုက်ရင်… ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ ဆိုးတယ်နော်။ မကြိုက်ရင် ဆဲတာ။ ဆဲတာဗျ။ အောက်ကနေ အခုခေတ် ပရိသတ်လူငယ်တွေ အလွန်ကောင်းပါတယ်။ မဆဲဘူး။ သူတို့မကြိုက်လို့ရှိရင် အောက်ကနေ လက်မလေးတွေ ပြောင်းပြန်အောက်ကို စိုက်ပြတယ်။ ဒီလောက်ပါပဲ။ အော်မချပါဘူးဗျာ။ အဲလောက် လေးစားစရာကောင်းတဲ့၊ ချစ်စရာကောင်းတဲ့ပရိသတ်ကို အပေါ်က အနုပညာသည်တွေက မစော်ကားကြပါနဲ့။ ဒီလောက်တော့ဖြင့် ဒီအဘိုးကြီးသုမောင်က ဒီနေရာကနေ ပြောခွင့်ရှိတယ် ထင်ပါတယ်။


   ကျွန်တော်တို့ တစ်ကမ္ဘာလုံးမှာ တစ်နှစ်ကို ရက်ပေါင်း ၃၆၅ရက် ယေဘုယျရှိပါတယ်။ အဲဒီ ၃၆၅ ရက်လုံးလုံးမှာ သီချင်းဆိုပွဲ ၃၆၅ ပွဲ ရှိပါတယ်လို့ သတ်မှတ်ထားလိုက်ကြဗျာ။ အဲဒီမယ် ဆိုကြပါ၊ ဟစ်ဟော့သီချင်းတွေ၊ ခေတ်အလျောက် ခေတ်ပေါ်သီချင်းဖြစ်ဖြစ်၊ မြန်မာသံသီချင်းဖြစ်ဖြစ်၊ ခေတ်ဟောင်းသီချင်းဖြစ်ဖြစ်၊ ရေဒီယိုသီချင်းဖြစ်ဖြစ်၊ သီချင်းကြီးပဲဖြစ်ဖြစ် သူ့နေရာနဲ့သူ၊ သူ့အထာနဲ့သူပေါ့နော်။ ဘုရား တရား သီချင်းဖြစ်ဖြစ်ပေါ့နော် ဆိုကြပါ၊ ဆိုကြပါဗျာ။ ၃၆၅ ပွဲ ဆိုနိုင်တဲ့ကြားထဲမှာ အစွန်းထွက်ကလေးဖြစ်တဲ့ လေးရက်၊ ငါးရက်ပဲ ထားပါတော့။ ငါးရက်မှာ ရက်ပေါင်း ၃၆၀ ရက်ကိုတော့ ဆိုချင်တဲ့ သီချင်းတွေ ဆိုကြပါ။ အစွန်းထွက်ကလေးဖြစ်တဲ့ ငါးရက်ကလေးကိုတော့ သင်္ကြန်တွင်းလေးမှာတော့ဖြင့်နော် မြနန္ဒာလောက်ဖြစ်ဖြစ်၊ တူးပို့လောက်ဖြစ်ဖြစ်နော် လူတိုင်းရကြပါတယ်ဗျာ။ အဲဒါလေးကိုတော့ နာမည်ကြီး အဆိုတော်တွေက ကျွန်တော် နာမည်တပ်ပြောပါတော့မယ်။


   ဖြူဖြူကျော်သိန်း၊ ဇော်ဝင်းထွဋ်တို့၊ လေးဖြူတို့… စသည်ဖြင့် ကျွန်တော့်ညီလေးတွေ ညီမလေးတွေ၊ သားလေးတွေ သမီးလေးတွေတို့က သည်းညည်းခံပြီးတော့ ဒီသုံးလေးရက်လေးတော့ ဆိုပေးကြပါကွယ်တို့ရယ်။ အဲ Version ပြောင်းပေါ့ကွာ။ တူးပို့နဲ့မဟုတ်ရင်တောင်မှ ဒရမ်ဘိနဲ့ ပေါ့ကွာ။ ပြောင်းပြီးတော့ ဒီသုံးလေးငါးရက်လေး။ ရက်ပေါင်း ၃၆၀ လုံးလုံး ကြိုက်တာလုပ်ပြီးတော့ လေးငါးရက်ကိုတော့ ဒီတူးပို့ကလေးကို ဗားရှင်းပြောင်းပြီးတော့ပဲဖြစ်ဖြစ် လုပ်ပေးကြပါလို့ ဒီအဘိုးကြီး ဦးသုမောင်က တောင်းပန်ချင်ပါတယ်။


   ကိုဝင်းဦးတစ်ခေတ်မှာလည်း ကိုဝင်းဦး လျှမ်းလျှမ်းတောက်တုန်းကလည်း မန္တလေးမြို့မနဲ့တွဲပြီးတော့ မန္တလေးမှာ ကန်တော့ပါရဲ့နော်။ သံဃာတော်တွေတောင် သစ်ပင်ပေါ်က တက်ကြည့်လို့ သစ်ကိုင်းတွေကျိုးကျ၊ ခြေလက်ကျိုး၊ ခေါင်းကွဲတဲ့အဖြစ်ထိနော်။ အဲဒီအချိန်တုန်းကလည်း ဒီတူးပို့ပဲ၊ ဒီ မြူမှောင်ဝေကင်းနဲ့ စခဲ့တာပါပဲ။ သုမောင်ကြီးလည်း ၁၅ နှစ်လုံးလုံး လုပ်ခဲ့တာပါပဲ။ ဒီတူးပို့ပါပဲ။ အဲဒီ သုမောင်ကြီးတို့ခေတ်တုန်းကဆိုရင် ခေတ်ပြိုင်တွေ ဘယ်သူတွေရှိသတုံး ဆိုရင် ပလေးဘွိုင်းသန်းနိုင်ကြီးရှိတယ်၊ ဘိုဘိုဟန်ကြီးရှိတယ်၊ စိုးပိုင်တို့ ရှိတယ်၊ LPJ သိန်းတန်တို့ရှိတယ်။ ဟော… သူတို့လည်းလေ အဲဒီ သင်္ကြန်တွင်းလေးမှာတော့ တူးပို့ကြတာပါပဲဗျာနော်။


   ဆိုလိုတာက အခု လေးဖြူတို့၊ ဇော်ဝင်းထွဋ်တို့ မဆိုးဘူးပြောတာ မဟုတ်ဘူးနော်၊ သူတို့က နာမည်ကြီးလွန်းလို့ သူတို့ကို ခေါင်းတပ်ပြောရတာပါ။ ပြောချင်တာကတော့ ဒီနေ့ခေတ်ပေါ်လူငယ်လေးတွေအနေနဲ့ တတ်နိုင်သမျှ သင်္ကြန်တွင်းလေးမှာတော့ သင်္ကြန်သီချင်းလေးတွေကို ဆိုပေးကြပါ။ တကယ်လို့ဖြစ်နိုင်ရင်တော့ သင်္ကြန်သီချင်းအသစ်ကလေးတွေ၊ ကိုယ့်ဟာကိုယ် ဖန်တီးပြီးတော့ တူးပို့ထက်သာအောင်၊ ငါတို့ 'တူးပို့' ထက်သာတဲ့ သီချင်း၊ 'မြနန္ဒာ' ထက် သာတဲ့သီချင်း လုပ်ပြနိုင်တယ်ကွဆိုပြီးတော့ ဒီလေးရက်ကလေးကို ကြိုးစားပေးကြစေချင်တယ်နော်။ ဒါ ဦးသုမောင်ကြီး စေတနာနဲ့ပြောတာပါ။ မကျေနပ်လည်း ချောင်းရိုက်ကြပေါ့ကွာ။ ဒါပဲရှိတာပဲ။ နောက်တာနော်။ အဲဒီ ဘိုဘိုဟန်ကြီးတို့လည်း ဒီလိုပဲလုပ်ခဲ့တာပဲ။ ပလေးဘွိုင်းသန်းနိုင်တို့လည်း ဒီလိုပဲ။ ဒါ သင်္ကြန်အတွေ့အကြုံလေးပေါ့နော်။


--------------


သုမောင်


[ အဝေးရောက်မြို့သာသား ဘလော့ဂ်မှ ကူးယူပါသည်။ ဘလော့ဂ်ဂါအား ကျေးဇူးတင်ပါသည်။]


No comments:

Post a Comment