#စိတ်ဈေး
#သန်းမြင့်အောင်
ရူးတယ်ဆိုတာ တကယ်တော့ နာမည်သာဆိုးတာ ဘယ်လောက် အနေအထိုင် လွတ်လပ်တယ် မှတ်သလဲ။ တကယ်တော့ ခုချိန်မှာ ရူးနေတာ အကောင်းဆုံးပဲ။ ရူးရတဲ့ဘဝလောက် ပျော်စရာကောင်းတာ ရှိဦးမလား။
လောကမှာ အဓိကကျတာက အမြဲတမ်း စိတ်ချမ်းသာပြီး ပျော်ရွှင်နေဖို့ပဲ မဟုတ်လား။
ဒီတော့ ရူးတယ် အပြောခံရတာ နာစရာမှ မဟုတ်ဘဲ။ ငါ့ဘဝကြီး လွတ်လပ်တော့မယ်၊ ပျော်ပျော်ရွှင်ရွှင် နေရတော့မယ် ဆိုတဲ့ နိမိတ်လက္ခဏာ ပဲလို့ သဘောထားလိုက် ပါတယ်။ ဒါပေမယ့် တစ်ခု စိတ်မကောင်းစရာ ကောင်းတာက ကျွန်မ အမှန်တကယ် မရူးသေးတဲ့ အဖြစ်ပါပဲ။
ကိုယ်ရည်သွေး တီးလုံးတွေ ကြားမှာ ကိုယ်ပိုင်သံစဉ် ရှာနေခဲ့တာ ဒီဆိုင်ကို စရောက်ကတည်းက ဆိုပါတော့။ မိသားစုရဲ့ ရုတ်ခြည်း ပြောင်းလဲသွားတဲ့ မွန်းကြပ်မှုတွေကြောင့် တစ်ထောင့် တစ်နေရာက လိုအပ်တဲ့ ကွက်လပ်ကို ဖြည့်ဆည်းဖို့ ဈေးထဲမှာ သည်ဆိုင်ကလေးကို စဖွင့်မိတဲ့ နေ့ကစလို့ စိတ်အကျဉ်း ကျခဲ့ရတာ ပါပဲ။
ဖေဖေ ရုတ်တရက် ကျန်းမာရေး ချို့ယွင်းလာလို့ စီးပွားရေး ကျပ်တည်းတဲ့ မိသားစုကို ဖေ့ဖေ့အစ်မ သုံးလေးဝမ်းကွဲ တော်တဲ့ ဒေါ်လေးရီက ဈေးထဲက သူ့ရဲ့သုံးခန်းတွဲ ဆိုင်ကြီးရဲ့ ထောင့်တစ်နေရာမှာ ဈေးလာရောင်းဖို့ ခေါ်တုန်းက မျက်ရည်လည်အောင် တုန်ယင်လှိုက်လှဲစွာ ဝမ်းသာခဲ့ရပါတယ်။ မိတ်ဟောင်း ဆွေဟောင်း တချို့နဲ့ ရပ်ဆွေရပ်မျိုးတွေ ကတော့ ငယ်စဉ်က ဖေဖေတို့ မိသားစုရဲ့ ဆပ်မကုန်တဲ့ ကျေးဇူးတွေ ရှိတဲ့ ဒေါ်လေးရီ တစ်ယောက် သည့်ထက်မက ကူညီသင့်တယ်လို့ ဝေဖန် ပြောဆိုကြပေမယ့် ကျွန်မတို့ မိသားစု အတွက်ကတော့ ဒေါ်လေးရီဟာ ရှာမှ ရှားတဲ့ မဟာ ကယ်တင်ရှင်ကြီးလို့ မှတ်ယူပြီး ကျေးဇူး အထပ်ထပ် တင်နေမိတာ အမှန် ….။
အထိအတွေ့ နည်းပါးလွန်းသဖြင့် စိမ်းနေသော အဒေါ် လုပ်သူ၏ ပထမဆုံး ဈေးနေ့က နှုတ်ဆက်စကားကို ကျွန်မ ဘယ်တော့မှ မေ့နိုင်တော့မည် မဟုတ်ပါ။
"နို့ ... နေပါဦး၊ ညည်းက ကဗျာဆိုလား ဝတ္တုဆိုလား ရေးသေးဆို"
"ဟုတ်ကဲ့ ... ဝါသနာပါလို့ နည်းနည်းပါးပါး ရေးစမ်း ကြည့်တာပါ"
"ပိုက်ဆံကော ရရဲ့လား"
"နောက်တော့ နည်းနည်းပါးပါး ရမယ် ထင်တာပါပဲ"
"ညည်းဟာကလဲ နည်းနည်းပါးပါးချည်း ပါလား။ အေးလေ ညည်းအဖေကြောင့် ငါက ညည်းတို့ သားအမိတွေ သနားလို့ ဈေး ပေးရောင်းထားတာ၊ ဈေးသည်နဲ့ တူအောင်တော့ နေပေါ့အေ၊ ရုံးစာရေးမ လိုလို၊ စာရေးဆရာမ လိုလို၊ ကောလိပ်ကျောင်းသူ လိုလို ဟန်ကြီး တစ်ခွဲသားနဲ့ သူများ အမြင်ကတ်အောင်တော့ လုပ်မနေနဲ့ပေါ့၊ နောက်ပြီး အဲဒီစာတွေ၊ ကဗျာတွေကိုလည်း စိတ်ကူးယဉ်ပြီး ရူးနေရမယ့် အချိန် မဟုတ်တော့ဘူး။ ငါ့ မျက်စိနောက် နေရင်တော့ ငါ့စည်းကမ်းအတိုင်း နေရမှာနော်။ ညည်းအမေ ကြည့်ရတာလဲ သားသမီးတွေကို နိုင်နင်းမယ့်ပုံ မပေါ်ပါဘူး"
မြတ်စွာဘုရား မြင်မြင်ချင်း ဆောက်နဲ့ ထွင်းသလို ဆွေမျိုးသားချင်း တစ်ယောက်ရဲ့ ကြိုဆိုမှုက နွေးထွေး လှချည်လား။
* * *
ဈေးမှာ အနေကြာလာတော့ သူများ အမြင်ကတ်အောင် မနေနဲ့ဟု ကျွန်မကို ဆုံးမခဲ့သော ဒေါ်လေးရီမှာ ဆိုင်ပတ်ဝန်းကျင်တွင် မည်သူနှင့်မျှ မသင့်မြတ်ကြောင်း သိထားရခြင်းအတွက် ကျွန်မ ထူးပြီး အံ့ဩ မနေတော့ပါ။
အများအမြင်တွင် ကြွားလုံး ကြီးတတ်သူ၊ ကိုယ်ရည်သွေးလွန်းသူ ဖြစ်နေသော ဒေါ်လေးရီနှင့် အနီးကပ် နေရသော ကျွန်မသည်ပင် အနေကြာလာမှ ဆိုင်နီးချင်းများ၏ ပကတိ ခင်မင်မှုကို ရရှိကာ ဘဝတူ ဈေးသည်များနှင့် ထိတွေ့ခွင့် ရပါတော့သည်။
"မဝေက ကျွန်မတို့ ဈေးမှာ မိသားစုလို ဖြစ်နေပြီ ဆိုတော့ ဈေးသူ ဈေးသားတွေ စုပေါင်းပြီး လုပ်တဲ့ ဘုံကထိန်မှာ အမာခံ အလှူရှင် ဝင်လိုက်ပါလားဟင်"
တစ်နေ့ ဆိုင်နီးချင်း အချို့နှင့်အတူ မျက်နှာစိမ်း သုံးလေးယောက် ကျွန်မဆိုင်သို့ လာ၍ စည်းရုံးကြခြင်း ဖြစ်သည်။
"အမာခံ အလှူရှင် ဝင်တော့ ဘယ်လို လှူရမလဲ"
"ဒီလိုပါ … ကျွန်မတို့ ဈေးမှာ အမာခံ အလှူရှင်အဖြစ် ရပ်တည်နေကြတဲ့ ဈေးသူဈေးသား ငါးရာကျော် ရှိပါတယ်၊ တချို့ကလဲ ကထိန်ရာသီ ရောက်မှ သင်္ကန်း၊ ထီး၊ ဖိနပ် စသည်ဖြင့် တတ်နိုင်သလောက် လှူကြပါတယ်။ အမာခံတွေကတော့ နေ့စဉ် ချွေးနည်းစာထဲက တစ်နေ့ကို တစ်ကျပ် တစ်ကျပ် လှူပြီး တစ်နှစ်ပြည့်တော့ အဲဒီ ငွေတွေနဲ့ မတည်ပြီး အလှူခံမဏ္ဍပ်က ထပ်ပြီး ကောက်ခံရရှိတဲ့ ငွေတွေနဲ့ စုပေါင်းပြီး မြို့နယ်ထဲက စာသင်သံဃာ အများဆုံးရှိတဲ့ ကျောင်းမှာ စုပေါင်း ဘုံကထိန် ခင်းကြတာပါ"
"အလှူငွေတွေ အများကြီး ရမှာပဲနော်"
"နှစ်စဉ် တစ်သိန်း ပတ်ဝန်းကျင်လောက်ကို လှူရပါတယ်၊ အမာခံ အလှူရှင်တွေ အားလုံးဆီက နေ့စဉ် တစ်ကျပ် တစ်ကျပ်ကို ဆိုင်တိုင်ရာရောက် လိုက်ကောက်ခံပေးတဲ့ လုပ်အား ကုသိုလ်ရှင်လဲ ရှိပါတယ်၊ ဒီငွေတွေကို ဘဏ္ဍာရေးမှူးက စနစ်တကျ ဘဏ်မှာ အပ်နှံပြီး ထိန်းသိမ်းပေးပါတယ်၊ ဒါကြောင့် မဝေလဲ ပါဝင်ပါလို့ မေတ္တာရပ်ခံတာပါ"
"အို … ပါရမှာပေါ့ရှင်၊ ဒါ ဝန်လေးတဲ့ ကိစ္စမှ မဟုတ်ဘဲ ... ကျွန်မကတောင် ကျေးဇူး တင်ရဦးမှာပါ"
အမှန်တကယ်လည်း ကျွန်မ ကျေးဇူး တင်မိပါသည်။ တစ်ချိန်တည်း တစ်ပြိုင်တည်း အလုံးအရင်းနှင့် လှူနိုင်ရန် ခက်ခဲသော ကျွန်မအတွက် ဤကုသိုလ်သည် ရတောင့်ရခဲပင်။ "မလှူတတ်ရင် ဈေးရောင်း" ဆိုသကဲ့သို့ပင် ဆိုင်ခုံပေါ်မှ တစ်ကျပ်တစ်ပြား လက်လှမ်း လိုက်ရုံမျှဖြင့် ကထိန်ဒါယိကာမ အမည်ခံရ ပေတော့မည်။ သို့ဖြင့် ကျွန်မ၏ အမည်နှင့် နေရပ် လိပ်စာများကို ရေးယူနေစဉ် အသက် လေးဆယ်ကျော်ခန့် မျက်နှာစိမ်း တစ်ဦးဖြစ်သော
"ဟေ့ ... ညည်းက မြရွက်ဝေ ဆိုပြီး စာရေးနေတာ မဟုတ်လား"
"ရှင် …"
ကျွန်မ အံ့အားသင့်သွားသည်။ အလွန် ကျဲပါးလွန်းသော ကျွန်မ၏ ကလောင် အမည်ကို ပြောနိုင်သောသူက ပြုံး၍ ...
"ဟုတ်ပါတယ် ညည်း မြရွက်ဝေပါ၊ ကျုပ်တို့ မြို့နယ်က ထုတ်တဲ့ အောင်မြေ မဂ္ဂဇင်းထဲမှာ `အမေ´ ဆိုတဲ့ ဝတ္တုလေးကို ညည်းရေးခဲ့တာ မဟုတ်လား၊ မြမြဝေဆိုတဲ့ ညည်းနာမည် အရင်းရယ်၊ နေရပ်လိပ်စာ ရယ်ကြောင့် ကျုပ် သိလိုက်တာပေါ့၊ အဲဒီ မဂ္ဂဇင်းက ကျုပ်တို့ အပေါင်းအသင်း မြို့ခံလူတွေ လုပ်ကြတာလေ၊ ဒါကြောင့် ကျုပ်မှတ်မိ နေတာပေါ့၊ ကျုပ်က စာမရေးတတ်ပေမယ့် စာဖတ်ပါတယ်၊ စာရေးဆရာတွေကိုလည်း လေးစားပါတယ်၊ အတော်ပဲ ညည်းလဲ ကျုပ်တို့ဈေးမှာ စာပေသမား တစ်ယောက်၊ လူမှုရေးကိစ္စ၊ ဘာသာရေးကိစ္စ တွေမှာ တတ်နိုင်သလောက် ဝိုင်းကူဖို့ တိုက်တွန်းရမှာပဲ"
ထိုအချိန်မှ စ၍ စိတ်ရင်း ကောင်းသလောက် စည်းရုံးရေး ထက်မြက်သော ကထိန် အတွင်းရေးမှူး ဦးမြတ်ငြိမ်းတို့ မိသားစုသည် နောက်သောအခါ ကျွန်မနှင့် စိတ်တူကိုယ်တူ လေးစား အားထားဖွယ် လူမှုရေး လုပ်ဖော်ကိုင်ဖက် တစ်ယောက်အဖြစ် ရင်းနှီးကျွမ်းဝင် လာခဲ့ပါတော့သည်။
လက်ရှိ ရောင်းနေသော ဆိုင်လေးအား ပေါက်ဈေးဖြင့် ဝယ်ယူလိုက်နိုင်သော နောက်ပိုင်းတွင် ဒေါ်လေးရီ၏ လောင်းရိပ်အောက်မှ လွတ်မြောက်ခဲ့သော်လည်း သူ၏ မြင်ကွင်းစိမ်းထဲတွင်တော့ ကျွန်မမှာ အများနှင့်အတူ ရောနှော စီးမျောဆဲ …။
"အခုမှ ဘုန်းကြီးရူးနဲ့ လှေလူး တွေ့နေကြတာလေ၊ ငါတို့ သားသမီးများတော့ ပညာကြိုးစား၊ ကိုယ့်တက်လမ်း ကိုယ်ရှာ၊ ပြီးတော့ အဆင့်မြင့်မြင့်နေ၊ ကိုယ့်ထမင်း ကိုယ်စားပြီး ကြီးတော်နွား ကျောင်းတဲ့ ဝါသနာမျိုး ပါလာလို့ကတော့ ရိုက်သတ်ပစ်မယ် မှတ်"
"ခုဆို သားအလတ် အင်ဂျင်နီယာက ဆောက်လုပ်ရေးမှာ အလုပ်ဝင်နေပြီလေ"
"သမီး ဆရာဝန်က ကချင်ပြည်နယ်ဘက် သွားရမှာမို့ မနေ့တုန်းက အနွေးထည်ချည်းပဲ ဗိုလ်ချုပ်အောင်ဆန်း ဈေးက ရှစ်ထည် ဝယ်ခဲ့ရတယ်၊ ဒါတောင် အများကြီး သယ်မသွားနိုင်လို့"
"အငယ်ဆုံးကောင်က ဒီနှစ် ကောလိပ်တက်ရမှာ ဆိုပြီး ဟမ်း(န်)ချိန်း ပူဆာလို့ သွားဝယ်ပေးပါတယ်၊ မြို့ထဲ ရောက်တော့ နာရီကိုပါ နောက်ဆုံးပေါ်နဲ့ လဲပေးမှ ပြန်မယ်ဆိုလို့ ဝင်လဲပေးလိုက်ရ ပါရောလား"
"အံမယ်လေး … ပြော … မပြောချင်ဘူး၊ နေ့ခင်း နေ့လယ် ဈေးကွဲတုန်းများ တစ်ရေးတစ်မောလောက် မှေးရမလား မှတ်တယ်၊ ဝိုင်းကြီးဝိုင်းငယ် ဖွဲ့ပြီး ဟီလာတိုက်နေ လိုက်ကြတာ တန်း ပုလိပ် ရိုက်တာ ကျနေတာပဲ၊ ဆူညံနေတာပဲ၊ ဟင်း အပျိုမတွေမို့သာပဲ"
ဆိုသည့် ဒေါ်လေးရီ၏ ပီယဝါစာများကတော့ ပတ်ဝန်းကျင်တစ်ဝိုက် ပျံ့လွင့်ရိုက်ခတ်ပြီ …။
* * *
"လူကြည့်တော့ စိန်နားကပ်နဲ့၊ ဈေးဝယ်တော့ စီးစီးပိုးပိုး သူပိုင်းခိုင်းလို့လဲ ပိုင်းရသေးတယ်၊ အခု ရှင်ယူမလား၊ မယူဘူးလား ချက်ချင်းပြော"
"ယူမှာပေါ့၊ နှစ်ယောက်တည်း စားတာ ဆယ့်ငါးကျပ်သားဆို တော်ပြီ၊ ဒီလောက်ကြီးတော့ မယူနိုင်ဘူး"
"ဟင် … နှစ်ဆယ်သားတည်း ရှိတာ၊ ဒါကို ထပ်ပိုင်းတော့ အတုံးအတစ်ကလေးတွေ ဖြစ်ပြီး ဘယ်သူက ဝယ်တော့မှာလဲ …"
"ဒါတော့ မသိဘူး၊ နှစ်ဆယ်သားတောင် မကုန်နိုင်၊ မခမ်းနိုင်ကြီးတော့ မဝယ်နိုင်ဘူး"
"မကုန်ရင် နေ့ဖို့ ညစာ ထားပေါ့၊ ငါးကျပ်သားလေး ပိုရမှာများ၊ ကပ်စေးနှဲလိုက်တာ၊ နှမ်းစေ့လောက် စားမှာလား၊ နားဖာကလော်နဲ့ စားမှာလား"
"အဲဒါ ညည်းအပူ မပါဘူး၊ ပိုက်ဆံပေး ဝယ်တာ၊ ငါ ဝယ်ချင်သလောက် ဝယ်မယ်၊ အဲဒီ အတုံးကို ထပ်မပိုင်းနိုင်ရင် ဟော့ဟိုထဲက အသေးလေးတစ်တုံး ပိုင်းလိုက်"
"အံမယ် - အံမယ် … သဘောကျ … ကျသေးတော့၊ လက်ညှိုးလေး တထိုးထိုးနဲ့ ဟိုဟာပိုင်းလိုက် ဒီဟာပိုင်းလိုက်နဲ့၊ ပြီးရင် ကကျီကကြောင် လုပ်ဦးမယ်၊ ဟိုဟာတော့ မရဘူး၊ ဒါပဲရမယ်"
နံနက်ပိုင်း ဈေးစည်ချိန် ခြံစည်းရိုး သံဆန်ခါ တစ်ချပ်သာ ခြားသော ကျောကပ်လျက် ငါးတန်းမှ ဆူဆူညံညံ အသံကြောင့် လှမ်းအကြည့် -
"ဟာ"
မျက်နှာကို ကပျာကယာ ပြန်လွှဲလိုက်ရသည်။ မိတုတ်တို့ကတော့ လုပ်ပြီ။ မိတုတ် ဆိုတာက ဈေးထဲမှာ နာမည်တစ်လုံးနဲ့ နေတာ၊ ဗြန်းဗြန်းကွဲ မိတုတ်တဲ့။ မိတုတ် စကားသုံးခွန်း ပြောရင် တစ်ခွန်းက သူ့ကိုယ်တွင်းကိုယ်ပ ကြေညာစာတမ်း တစ်ခု ပါတတ်စမြဲ။ လူချင်း ယှဉ်ပြီဆို ထဘီကို အလျင် ဆွဲလှန်ပြီး ပါးစပ်ထဲ တွေ့သမျှ ဖရုဿဝါစာတွေ တန်းစီ ရွတ်တော့သည်။
သည်လို မိန်းမမျိုးတွေကြောင့် ဈေးသည်ကို လူအထင်သေးပြီး ဈေးသည်အစ … ဇာတ်သမအလယ်၊ …သည် အဆုံးဆိုတဲ့ အသုံးအနှုန်းမျိုးတွေ ပေါ်ပေါက်လာတာ ဖြစ်မှာ။ အခုနောက်ပိုင်း ဈေးမိဈေးဖများက ဆုံးမထား၍ မိတုတ် နည်းနည်း ငြိမ်နေရာမှ ယခု တစ်စခန်း ထလာပြန်ပြီ။
"ဟင် - မိုက်ရိုင်းလိုက်တာ၊ မရောင်းနိုင်ရင် ကောင်းကောင်း ပြောပါလား"
"ကောင်းကောင်း ပြောလို့ မတန်တဲ့ ဟာမျိုးကို ဒီလိုပဲ ပြောရတယ်ဟေ့၊ ကဲ - ညည်းလို ကောင်မမျိုးကို မရောင်းဘူး၊ မရောင်းဘူး၊ ကဲ - မှတ်ပြီလား"
"မရောင်း နေပေါ့၊ ပိုက်ဆံပေး ဝယ်တာ၊ ဘယ်မှာ ဝယ်ဝယ်၊ ပါးရိုက်ဝယ်လို့ ရတယ်၊ နင့် တစ်ဆိုင်တည်း ရှိတာ မဟုတ်ဘူး"
"ဟုတ်လား၊ ဘယ်မှာရလဲ ပြောစမ်းပါ၊ ငါလိုက်ပြီး ရိုက်ဝယ်ချင်လို့၊ ငါတို့ ဈေးမှာတော့ ဘယ်ဆိုင်မှ ဒါမျိုးမရဘူး၊ နင့်လို ကောင်မမျိုး နင်းပြီးတော့တောင် ဆွဲဖြဲပစ်လိုက်ဦးမယ်"
"စကားပြောတာ တရားမလွန်နဲ့နော်၊ ငြိမ်နေလို့ အကောင်းမမှတ်နဲ့"
"မခံလို့ ညည်းက ဘာလုပ်ချင်တုန်း၊ ကဲ - လာခဲ့လေ"
မိတုတ်က ဆိုင်ပေါ်က ခုန်ဆင်းဟန် ပြင်တော့၊ ဘေးချင်း ကပ်လျက်က ကန်စွန်းရွက်သည် မိစိန်က လှမ်းဆွဲထားလိုက်ပြီး -
"ဟာ တော်ကြပါတော့၊ အစ်မတို့ ရန်ဖြစ်နေတာနဲ့ သူများတွေပါ အရောင်းအဝယ် ပျက်တယ်၊ ဟိုအစ်မကြီး ကလဲ မဝယ်နိုင်လဲ ပြန်ပါတော့၊ တောင်းပန်ပါတယ်၊ အစ်မတို့ ဖြစ်တာ ကျွန်မဗန်းရှေ့ လူတွေ အုံနေတော့ ကျွန်မလဲ မရောင်းရတော့ဘူး၊ စိတ်ညစ်ပါတယ်"
"မဝယ်နိုင်တာ မဟုတ်ဘူးဟေ့၊ မဝယ်ချင်တာ၊ ဈေးထဲ လာရတာလဲ ငါးစိမ်းသည် ကြောက်ရ၊ ကန်စွန်းရွက်သည် ကြောက်ရနဲ့၊ ကန်စွန်းရွက်ကလေး ဝယ်မလား မှတ်ပါတယ်၊ တော်ပြီ၊ ဒီနားက ပစ္စည်းတော့ မစားချင်တော့ပါဘူး၊ တကတည်းတော်၊ အသီးအရွက်တို့ သားငါးတို့ ရောင်းကြပေလို့ပဲ၊ စိန်ရွှေများ ရောင်းနိုင်ရင် ဘယ်လို နေကြမလဲ မသိဘူး"
ဝယ်သူ မိန်းမက မကျေမနပ်နှင့် စူပွစူပွ လုပ်ရင်း ထွက်သွားတော့၊ နောက်မှ ကန်စွန်းရွက်သည် မိစိန်က လှမ်းအော်သည်။
"အေးဟေ့ - ငါတို့က ကန်စွန်းရွက် ရောင်းပေမယ့် ကြက်သား စားနိုင်တယ်၊ နင်တို့လို စိန်နားကပ် ပန်ပြီး ကန်စွန်းရွက် စားတာ မဟုတ်ဘူးဟေ့"
ရှုပ်ကုန်ပြီ။ စကားတွေ တောင်ရောက် မြောက်ရောက်နှင့် ပြောချင်ရာတွေ စွတ်ပြောကုန်ကြသည်။ ထိုမိန်းမက ခပ်လှမ်းလှမ်း ရောက်မှ -
"အဲဒါကြောင့် စုတ်ပြတ်သတ် နေကြတာပေါ့"
ဟု ပြန်ပြောသွားတာ သူတို့ ကြားလိုက်ဟန် မတူ။ ပြီးတော့ ဆက်ပြောသွားလေသည် -
"ဈေးသည်ပီပီ အရှက်ကို မရှိကြဘူး" တဲ့။
သည်လို သိမ်းကြုံး အပြောခံလိုက် ရတော့။ ကျွန်မရင်ထဲ ကျဉ်သွားသည်။ သည်စကားလေး တစ်ခွန်းကို ခင်နှောင်း တစ်ယောက်များ ကြားလိုက်ရရင် ငိုချလိုက်မည် ထင်သည်။
"အရှက်ကြီးတဲ့ ဈေးသည်မျိုး ရှင် မမြင်ဖူးသေးလို့ပါ"
ဟု ရင်ထဲက ပြန်ပြောရင်း၊ တစ်နေ့က ခင်နှောင်း ဖြစ်ပုံကို ပြန်မြင်ယောင် လာသည်။
သူ့ညီမလေး မိခက် အပြင်ထွက်သွားလို့ ခင်နှောင်း တစ်ယောက်တည်း ဆိုင်မှာ ရှိနေတဲ့အချိန် ကောင်လေး တစ်ယောက် ဈေးလာဝယ်သည်။
"ပုဇွန်ခြောက် ဘယ်ဈေးလဲ"
လို့ ကောင်လေးက မေးတော့ ခင်နှောင်းက -
"နှစ်ဆယ်ပါ"
လို့ ပြန်ဖြေတယ်။
ကောင်လေးက ပုဇွန်ခြောက်တစ်ကောင်ကို မြည်းကြည့်ရင်း …
"တစ်ပိဿာ ပေးပါ"
ဆိုတော့ ခင်နှောင်းက တစ်ပိဿာ ကောက်ချိန်တာပေါ့။ ချိန်နေတုန်းမှာ ကောင်လေးက သူ့အိတ်ထဲက ဆယ်တန် နှစ်ရွက်ကို ထုတ်ပြီး ကိုင်ထားတယ်။ သည်ပိုက်ဆံဟာ သူ့ကိုပေးဖို့ ဆိုတာ သိလိုက်တော့ ခင်နှောင်း အကြီးအကျယ် တုန်လှုပ်သွားတယ်။
သူပြောတဲ့ နှစ်ဆယ်ဆိုတာက တစ်ဆယ်သား ဈေးကို ပြောတာ။ ကောင်လေးက တစ်ပိဿာ ဈေးနဲ့ မှားပြီး ဝယ်နေပြီ ဆိုတာ သူသိလိုက်တယ်။ သည်မှာတင် သူမရဲ့ မပြတ်သားတဲ့ အပြောအဆို မှားယွင်းမှုအတွက် သူမ အားနာရှက်ရွံ့ နေပြီ။ တစ်ချိန်တည်းမှာပဲ ဝယ်သူကောင်လေး ရှက်သွားမှာကိုလဲ အားနာတဲ့အတွက် ပြန်ပြင်ပြီး ပြောမထွက်ဘဲ လက်ထဲက ပုဇွန်ခြောက်ထုပ်ကြီး ကိုပဲ ကြိုးနဲ့ အထပ်ထပ် ရစ်ပတ်နေပြီး ဘာဆက်လုပ်ရမှန်း မသိ ဖြစ်နေတုန်း သူ့ညီမလေး ပြန်ရောက်လာတယ်။
လိုတာထက် ပိုပြီး ကြိုးတွေ ရစ်ပတ်နေတဲ့ အစ်မ လက်ထဲက တစ်ပိဿာ ထုပ်ကြီးရယ်၊ ဝယ်သူ လှမ်းပေးနေတဲ့ ငွေနှစ်ဆယ်ရယ်ကို အကဲခတ်မိတော့ မိခက်က …
"အစ်ကို နားကြားလွဲပြီနဲ့ တူတယ်၊ တစ်ဆယ်သားကို နှစ်ဆယ်၊ တစ်ပိဿာကို နှစ်ရာပါ" ဆိုတော့ ကောင်လေးက …
"ဟာ ... ဒုက္ခပါပဲဗျာ၊ ကျွန်တော် ဈေးဝယ်ကျင့် မရှိလို့ပါ၊ တောင်းပန်ပါတယ်နော် အားလဲ နာပါတယ်၊ ဒါဆို အစိတ်သားလောက်ပဲ ယူပါရစေနော်၊ ပိုက်ဆံ မလောက်တော့လို့ပါ"
လို့ ပျာပျာသလဲ တောင်းပန်တော့ ...
"ရပါတယ်အစ်ကိုရယ်၊ ကြိုက်သလောက် ယူပါ၊ ကျွန်မ ပြန်ပြင် ထုပ်ပေးပါ့မယ်၊ မမနှောင်း ပေး ဒီကို"
ဆိုပြီး မိခက်က ပေါ့ပေါ့ပါးပါးလေးပဲ အိတ်ကိုသွန်ပြီး အစိတ်သား ပြန်ချိန်ပေးလိုက်တယ်။ အဲသည် အချိန်မှာ ခင်နှောင်းက အားနာပြီး ဆိုင်ခုံထဲ ဝင်သွားတာ ပြန်ထွက်မလာတော့ဘူး။ လူရှင်းမှ မိခက်က အထဲကို ငုံ့ကြည့်တော့ မျက်ရည်တွေ ဝိုင်းပြီး တုန်တုန်ယင်ယင်နဲ့ …
"ရှက်လိုက်တာ ရှက်လိုက်တာ"
လို့ နှုတ်ခမ်း လှုပ်ရုံလေး အသံမထွက်ဘဲ ရေရွတ်နေတာ တွေ့ရတယ်။ အဲသည်တော့ ညီမလုပ်သူက …
"ရှက်ရမှာက မမနှောင်း မဟုတ်ဘူး သူ"
လို့ ဆိုတော့ …
"သူ ရှက်သွားရင်လဲ ငါ့အပြစ်ပဲပေါ့၊ သိပ်အားနာစရာ ကောင်းတာပဲ၊ သူနောက်နေ့ ဈေးလာဝယ်ရင် အဲဒီ မျက်နှာကို ငါကြည့်ရဲတော့မှာ မဟုတ်ဘူး၊ နင်ပဲ ရောင်းနော်"
ကဲ … ခင်နှောင်းက အဲသည်လောက်ကို ရှက်တတ်၊ အားနာတတ်တာ၊ သူ့အမေကို သူပြောပြောနေတဲ့ စကားတစ်ခွန်း ရှိတယ်။
"အမေရယ်၊ မိနှောင်းလေ အလကား နေရင်း ရှက်နေတာပဲ၊ဘာမှန်းလဲ မသိဘူး၊ လူတိုင်းကို ရှက်တယ်၊ စကားလဲ မပြောရဲဘူး" တဲ့။
အဲဒါ သူ့အမေက ကျွန်မကို ပြန်ပြောပြတာ။
ပြီးတော့ …
"သမီး ညီမလေးက သိပ် အရှက်အကြောက် ကြီးလွန်းတော့ လူရာလဲ မဝင်ဘူးပေါ့ကွယ်၊ ဈေးရောင်းတာတောင် မိရိုးဖလာ လုပ်ငန်းမို့ အိမ်မှာလဲ (သူ)တို့ညီအစ်မ နှစ်ယောက်တည်းမို့ အဒေါ့်ကိုလဲ ရောဂါသည်မို့ မအေကိုညှာပြီး လာရောင်းကြတာ၊ သမီးတို့က ပျော်တတ်ပါးတတ်၊ ဗဟုသုတ ကလဲ စုံတော့ ခင်နှောင်းကို လူမကြောက်အောင်၊ လူတောထဲ ဝင်အောင်၊ ပြောရဲဆိုရဲ ရှိအောင် သွန်သင် ကြစမ်းပါ၊ စီးပွါးရေး လုပ်နေတာ ဒီလောက်ရှက်တတ် ကြောက်တတ်နေလို့ ဘယ်ဖြစ်ပါ့မလဲကွယ်"
တဲ့။ အဲသည်လို ကျွန်မကို ခင်နှောင်းအမေက လိုလိုချင်ချင် တိုင်ပင် အပ်နှံတော့ ကျွန်မကလဲ ခင်နှောင်းကို ရင်းနှီးအောင်ပေါင်းပြီး တတ်သမျှ မှတ်သမျှလေးတွေနဲ့ သွန်သင်ရတာပေါ့။ ဒါကို ဒေါ်လေးရီက ဘာပြောတယ် မှတ်သလဲ …
"နောက်မှပေါ်တဲ့ ရွှေကြာပင်ကလဲ လူကြီးရောဂါ ထနေပြန်ပြီ၊ ဒါလဲ အရူးတစ်မျိုးပဲ"
တဲ့။ ဟုတ်ပါတယ် ကျွန်မ ရူးနေတယ်ပဲ ထားပါ။ အရူး စိတ်ချမ်းသာတော့ ကမ္ဘာလောကကြီး ငြိမ်းချမ်းတာပေါ့။
* * *
( ဇာတ်သိမ်းဆက်ရန်) 👇👇👇
No comments:
Post a Comment