#ပြန်ပေး
( ဇာတ်သိမ်း)
#သော်တာဆွေ
ဘုရားလူကြီး ဦးထွန်းမြတ်
သင်၏ သား၊ ဂျော်နီခေါ် နီတွတ်ကို ငါတို့ဖမ်းထားသည်။ ငွေ (၁၅၀၀) (တစ်ထောင့် ငါးရာကျပ် တိတိ) နှင့် ရွေးယူမှ အသက်နှင့် ပြန်ရမည်။ ငါတို့ကား တောခိုနေသော နောက်ဆုံးပေါ် ‘အင်တီကပ္ပလီနစ်ပါတီ’ များ ဖြစ်သည်။ ငါတို့အဖွဲ့သည် အသစ်စက်စက်များ ဖြစ်နေ၍ သင် ကြားဖူးလိမ့်ဦးမည် မဟုတ်။ ငါတို့သည် အာဖရိကတိုက် ကပ္ပလီနိုင်ငံကြီး တစ်ခုမှ ဝါဒကို လက်ကိုင်ပြု၍ ဖွဲ့စည်းထားသော ပါတီမဟုတ်။ မျက်နှာကြီးများကို ဖော်လန်ဖားကာ ကပ်၍ ပလီနေသော စားဖားများကို ချေမှုန်းရန် တည်ထောင်ထားသော ပါတီဖြစ်သည်။ နို့ ... ပြီး ကိုယ်ကျိုးလုံးဝ ဖက်သူများလည်း မဟုတ်။ တိုင်းပြည် လူထုအတွက်သာ ‘ဘုရားစူး ဒီမိုကရေစီ’ အခွင့်အရေးကို ရအောင် ဦးလည်မသုန် လည်ကုပ်ကျိုးကျိုး၊ ပုဆိုးပြဲပြဲ ရဲရဲကြီး ဆောင်ရွက်နေသည်။ ငါတို့အဖွဲ့ အစိုးရ ဖြစ်သောအခါ၌ မီးခွက်မှုတ်ခြင်း၊ သူများမယားကို အလစ်သုတ်ခြင်း၊ နိုင်ငံတော်၏ ငွေအပျောက်ရှင်းခြင်း စသည်တို့ကို လူသိနတ်ကြား သတင်းစာများထဲ၌ ပါအောင်လုပ်ခြင်းဖြင့် တိုင်းပြည်၏မျက်နှာကို ကတ္တရာစီး မသုတ်၊ လူထုအားလုံး ချမ်းသာအောင် ပြုလုပ်မည့်သူ၊ သာသနာတော်ကြီး ထွန်းကားအောင် သည်ပိုးမည့်သူ အစစ်အမှန်ကား ငါတို့သာလျှင် ဖြစ်သတည်း။
သို့သော် ယခုအခါ၌ ငါတို့ကိုယ်တိုင်မှာ ဘိုင်ကျနေ၍ သင့်သားကို ထောက်ပြီး ငွေတောင်းရခြင်း ဖြစ်သည်။ တိုင်းပြည်ကို ချစ်လျှင် ဘုရားလူကြီးပီပီ သာသနာတော်ကို တကယ်တမ်း ကြည်ညိုလျှင် တိုင်ကျိုးပြည်ကျိုး သည်ပိုးနေသည့် ငါတို့ အ-က-န-တ တပ်ဖွဲ့ကြီးအတွက် ရံပုံငွေအဖြစ် ငါတို့တောင်းသော ငွေကို ဦးလည်မသုန် ပေးလော့။ ဆစ်မယ်မကြံနဲ့ မလျှော့ဘူး။ ငါတို့အဖွဲ့မှာ ပြောင်းတော့မည်ဖြစ်၍ အချိန်သိပ်ပြီး မစောင့်နိုင်ပါ။ ယနေ့ ညသန်းခေါင် (၁၂နာရီ တိတိ) သည် နောက်ဆုံးအချိန် ဖြစ်သည်။ ဤအချိန်အတွင်းမှ ငါတို့ တောင်းသောငွေ ငါတို့လက်ထဲသို့ မရောက်လျှင် ငါတို့၏ လုပ်ငန်းစဉ် စည်းမျဉ်းတစ် (ဃ) (ဠ) အရ သင့်သား မာလကီးယားပြီ မှတ်ပေတော့။
ငွေပို့ရန်ဌာနမှာ မြို့မှ အုတ်တွင်း ကုန်းလမ်းမကြီးအတိုင်းလာခဲ့၍ တစ်မိုင်ခန့် ရောက်လျှင် လက်ယာဘက် လမ်းနံဘေး၌ မြှုံးစုတ်တစ်ခုကို တွေ့ရမည်။ ထိုနေရာမှ အနောက်စူးစူးသို့ ချိုးဆင်းခဲ့ပါ။ ဖိုခုံလောက်ဆိုင်နေသော ပျဉ်းမပင်ကြီး သုံးပင်အောက်သို့ ရောက်သောအခါ တောင်ဘက်က အပင်ကြီးအောက်တွင် ငါးထောင်သော ပုံးနှုတ်ခမ်းပြုတ်ကို တွေ့ရမည်။ ထိုပုံးထဲ၌ ငွေကို ထည့်ခဲ့ပါ။ နက်ဖြန် သင့်သား သင့်အိမ်သို့ ပြန်ရောက်ရမည်။
ရဲကို လက်တို့လျှင် လည်းကောင်း၊ သို့မဟုတ် တစ်နည်းနည်းနှင့် ရီးတီးယားတား လုပ်ရန် ကြံစည်လျှင် လည်းကောင်း သင့်သားနှင့် သင် အိုးစားကွဲရုံမက သင့်ကိုပါ ငါတို့ လာ၍ သတ်ပစ်မည်။ အထူး သတိချပ်ရန်မှာ ငွေကို တစ်ပြားတစ်ချပ်မျှ အလျော့မခံ၊ မှန်ကန်သော ငွေစက္ကူ အသစ်စက်စက်များ ဖြစ်ရမည်။
နောက်ဆက်တွဲ သတိ - ထောင့်ငါးရာနော် (၁၅၀၀) တိတိ။
(ပုံ) ဗိုလ်ကွက်တောင်
အ-က-န-တ
ကျွန်တော်၏ လက်မှတ်မှာ ကိုကွက်ကြီးက ကျွန်တော့်ကို ခေါ်သောနာမည်နှင့် သူ့နာမည်ကို တွဲ၍ ထိုးလိုက်ခြင်း ဖြစ်ပါသည်။
ကျွန်တော်ရေးသော စာကို မိတ်ဆွေ သဘောကျ၊ မကျ မသိရသော်လည်း ကိုကွက်ကြီးကမူကား ...
“စာ ... စာ ... စာရေးတာ။ အဲ ... အဲဒီလို နိုင်ငံရေး ခြောက်လုံး လှန့်လုံးတွေနဲ့မှပေါ့” ဟု ချီးမွမ်းဩဘာ ထောမနာပြုပါသည်။
သို့သော် ကျွန်တော့်စာကို ဖတ်၍ အဆုံးသို့ ရောက်သောအခါ၌ အနည်းငယ် စိတ်လေးဟန်ဖြင့် ...
“ကို ... ကိုတောင် ... ထောင့် ... ထောင့်ငါးရာက များလို့ လျှော့ ... လျှော့ပါဆိုရင် လျှော့လိုက်ပါဗျာ။ နို့ ... နို့မို့ အချိန်ကြာနေပါဦးမယ်။ ဒီ ... ဒီကောင်လေးကို ...”
ကျွန်တော်သည် သူ့စကားကို ဆုံးအောင် နားမထောင်ဘဲ ...
“အို... ကိုကွက်ကြီးကလည်း စိတ်ပျက် လွယ်လိုက်တာဗျာ။ ဒီစာ မနက်ရောက်အောင် သွားပေး။ သန်းခေါင်မကျော်ခင် ငွေရ။ နောက်တစ်နေ့ ပြန်ပို့လိုက်။ ကိစ္စပြီးရောပေါ့ဗျ။
နက်ဖြန်တစ်နေ့တည်း ကျန်တော့တာ သည်းခံပါဦးဗျာ”
“ခံ ... ခံပါတယ်ဗျာ။ နက်... နက်ဖြန်ကျရင် သူ... သူက မင်းကလေးနတ် လုပ်မယ်။ ကျုပ် ... ကျုပ်ကို ကျားလုပ်ရမယ် ပြောထားတယ်ဗျ”
“ဒါတော့ ခင်ဗျာ့ဟာ ခင်ဗျား အစက ထွင်ထားတာပဲဗျာ။ သူကျေနပ်အောင် လုပ်လိုက်ပါဦး။ ဒီကနေ့ ကျန်တော့တာပဲ ဆင်ပြောင်ကြီး အမြီးကျမှ မတစ်ပါနဲ့”
“ဒီ ... ဒီတစ်နေ့တော့ ကောင်းပါပြီဗျာ”
ကိုကွက်ကြီးမှာ နီတွတ်ကို အကြီးအကျယ် စိတ်ပျက်ဟန် ရှိပါသည်။ ထို့နောက်၌ ကျွန်တော်တို့ အိပ်ရာဝင်ကြပါသည်။
* * *
နံနက်မလင်းမီ လေးနာရီခန့်တွင် ကျွန်တော်သည် အိပ်ရာမှ ထ၍ ညက ရေးထားသော စာကို ယူကာ မြို့သို့ ထွက်ခဲ့ပါသည်။ ဝေလီဝေလင်း အချိန်၌ ဦးထွန်းမြတ်၏ နေအိမ်ဆီသို့ ရောက်၍ သတင်းစာ တစ်စောင်ကို ဝယ်ကာ စာကို သတင်းစာထဲ ညှပ်ပြီး သတင်းစာရောင်းသူကဲ့သို့ သံတံခါးကြားမှ ပစ်သွင်းခဲ့ပါသည်။
ထို့နောက် ကျွန်တော်သည် ဈေးဖွင့်ချိန်ကို စောင့်၍ ဝယ်ခြမ်းစရာ ရှိသည်တို့ကို ဝယ်ပြီး ကျွန်တော်၏ စခန်းသို့ ပြန်ခဲ့ပါသည်။
(၁၀) နာရီခန့်တွင် လိုဏ်ဂူသို့ ပြန်ရောက်ခဲ့ရာ ကိုကွက်ကြီးနှင့် နီတွတ် နှစ်ယောက်စလုံးကို မတွေ့ရဘဲ ထမင်းအိုး ချက်ပြီးသားဖြင့် ထုံးနနွင်း ရေဖျော်ထားသော ခွက်ကို မြင်ရသဖြင့် ထမင်းချက်ပြီးမှ သူတို့နှစ်ယောက် မင်းကလေးနတ်နှင့် ကျားလုပ်၍ ကစားနေကြသည်ကို တွေးမိကာ အေးဆေးစွာပင် ဆေးတံသောက်ရင်း အစုစု ကုန်ကျသော စာရင်းကိုတွက်နေပါသည်။
သို့သော် ကျွန်တော် စာရင်းတွက်ပြီးသည့် တိုင်အောင်မှ သူတို့ပေါ်မလာသဖြင့် ထမင်းလည်း ဆာလှပြီ ဖြစ်သောကြောင့် အပြင်ဘက်သို့ ထွက်၍ မျှော်ရာ၊ ခေတ္တမျှအကြာတွင် ကျွန်တော့်ရှေ့ တည့်တည့်၌ ရှိသော ချုံပုတ်မှာ လှုပ်ရှားလာပြီး လူစင်စစ်မှ ကျားဖြစ်နေသော ကိုကွက်ကြီးသည် စိတ်မချမ်းသာသော မျက်နှာကြီးနှင့် ပေါ်ထွက်လာပါသည်။ သူ့နောက် မလှမ်းမကမ်း၌ကား ရှာပန်းထည် ခေါင်းစည်းနှင့် ကျောက်တုံးပေါ်တွင် ငုံ့စုံ့ပစ်ကြီး ထိုင်ချလိုက်သောအခါ နီတွတ်သည် ပြုံးစိစိမျက်နှာနှင့် ကိုကွက်ကြီး၏ နောက်တည့်တည့် မလှမ်းမကမ်းတွင် ရပ်၍ နေပါသည်။
ကိုကွက်ကြီးသည် ကျားရောင် ကျားသွေးနှင့် ကျောက်တုံးပေါ် ငုတ်တုတ်ကြီး ထိုင်ပြီး မသက်မသာမျက်နှာ တစ်ဆို့ဆို့ အသံကြီးနှင့် သူ့ဟာသူ လုပ်ထားသော ကျားမြီးကို ရှက်သယောင် လက်ဖြင့်ကိုင်ကာ ...
“ကို ... ကိုတောင်။ ဆင် ... ဆင်ပြောင်ကြီး အမြီးကျမှ တစ်ဆိုတာ ဖြစ်သွားပြီ ...”
ကျွန်တော်က ဖြတ်၍ ...
“ဘာ ... ဆင် ... ဆင်ပြောင်ကြီး အမြီးကျမှ တစ်တာလဲဗျ။ အခု ခင်ဗျားကိုင်နေတာ ကျားမြီးပါလား”
“မ ... မ ... မဟုတ်ဘူးဗျာ။ လွန် ... လွန် ... လွန်းတော့ ကျုပ် သည်းမခံနိုင်ဘူး။ ဒီ ... ဒီငွေ မရချင် နေပါစေတော့။ ဒီ ... ဒီမှာ ကြည့်ပါဦးဗျာ။ ကျုပ်လက်ဖဝါးတွေ၊ ဒူးတွေ သွေးချင်းချင်းနီနေပြီ”
ဟု ဆိုပြီး ပွန်းပဲ့နေသော သူ့ဒူးများနှင့် လက်ဖဝါးကို ပြပါသည်။
ကျွန်တော်က ကြည့်ပြီး ...
“နေပါဦး ကိုကွက်ကြီးရဲ့။ ဒါလောက်တောင် ဘာဖြစ်လာကြတာလဲ”
“ဟာ ... မပြောပါနဲ့တော့။ ကျုပ် ... ကျုပ်ကို ကျားလုပ်ခိုင်းပြီး စီးတာ ... ခ ... ခဏလည်း မဟုတ်၊ မယ် ... မယ်ဥကို မတွေ့ တွေ့အောင် ရှာ ... ရှာရမယ်တဲ့။ ကျုပ် ... ကျုပ်က ကြာတော့ လေးဖက် မသွားနိုင်တော့ဘူး ပြောတော့ ... အ ... အ ... မယ် ကျား... ကျားဆိုတာ ကိုးကုန်း ကိုးကုန်း နှံ့အောင် သွားရမယ်။ ဒီ ... ဒီလိုမသွားရင် သူ ... သူက ငိုမယ်။ ကျုပ် ... ကျုပ်လည်း လူတွေ ကြားကုန်မှာစိုးလို့ တတ်နိုင်သလောက် ကြိုးစားပါသေးတယ်။ နောက် ... နောက်ဆုံးကျတော့ မ ... မတတ်နိုင်တော့တာနဲ့ ... နင် ... နင်တို့ငွေ မရလည်းနေရော ... သွားလေရော့ဟယ်ဆိုပြီး ခြေ ... ခြေနဲ့ ကန်လွှတ်လိုက်တယ်”
“နို့ ... ဒီကောင်ကလေး အခု ဘယ်ရောက်သွားလဲ”
“ဒါ ... ကျုပ်အပြစ်ပါပဲ၊ ကိုတောင်ရယ်။ သူ ... သူ အိမ်ပြန်ပြေးပြီ”
ကျွန်တော်သည် ခပ်တည်တည်အသံနှင့် ...
“အင်း ... ဒီမှာ ကိုကွက်ကြီး ခင်ဗျားတို့ အမျိုးထဲမှာ နှလုံးရောဂါ ဖြစ်တတ်ကြသလား”
“ကဲ ... ဒါဖြင့် ခင်ဗျာ့နောက်ကို ပြန်လှည့်ကြည့်လိုက်စမ်း”
ကိုကွက်ကြီးသည် ကျွန်တော်ခိုင်းသည့်အတိုင်း လှည့်ကြည့်လိုက်ရာ သူ့နောက်၌ ပြုံးစိစိနှင့် ရပ်နေသော နီတွတ်ကို မြင်သောအခါတွင် ရှက်အမ်းအမ်းကြီး ဖြစ်သွားပြီးမှ ...
“ဟေ့ ... ဟေ့ ... မင်း မပြန်မပြေးဘူးလားကွ”
နီတွတ်သည် ဣနြေ္ဒရရနှင့် သွက်လက်စွာပင် ...
“ဘယ်ကို ပြန်ရမှာလဲဗျ”
“မင်းတို့ အိမ်ကိုလေ”
“အိမ်ကို ဘာလို့ ပြန်ရမှာလဲဗျ။ ဖေဖေကလည်း မကောင်းဘူး။ ဒေါ်လေးကိုလည်း မုန်းတယ်။ ဦးလေးတို့နဲ့ နေတာ ပျော်တယ်ဗျ”
ဤတွင် ကျွန်တော်က ...
“ကဲ ... တို့နဲ့ပျော်ရင် ကောင်းကောင်းနေကွာ။ ဦးလေးကွက်ကြီးကို သိပ်မညှဉ်းနဲ့ကွာ”
“ကျွန်တော့်ကို သူက ခြေနဲ့ကန်တာ ဦးလေးတောင်ရဲ့”
“အေး ... သူလည်း စိတ်တိုလာလို့ လုပ်မိတာ။ တစ်ယောက်နဲ့တစ်ယောက် စိတ်မဆိုးကြနဲ့ကွာ”
“ကျွန်တော်ကတော့ ဆိုးပါဘူးဗျာ။ သူကသာ ကျားမြီးတိုတာပါ အဟစ် ... ဟိ”
ဤအချိန်တွင် ကိုကွက်ကြီးသည် သူ့ကျားမြီးကို သူ ကိုင်နေတုန်း ဖြစ်ပါသည်။
“အေး ... အေး ... ကိုကွက်ကြီးကလည်း ကျားမြီးမတိုအောင် ကဲ ... ဖြုတ်ပစ်လိုက်။ ရေချိုးပြီး ထမင်းစားကြရအောင်”
ကျွန်တော်သည် မလှမ်းမကမ်း၌ ရှိသော စမ်းချောင်းကလေးသို့ သွား၍ ရေမိုးချိုးပြီး နံနက်စာ စားကြပါသည်။ ထမင်းစားပြီးကြသော အခါ၌ နီတွတ်မှာ တစ်မနက်လုံး မင်းကလေးနတ် လုပ်၍ ကမြင်းရသဖြင့် မောပန်းကာ အိပ်ပျော်သွားပါသည်။ ဤအခိုက်တွင် ကျွန်တော်နှင့် ကိုကွက်ကြီးသည် လုပ်ငန်းပြီးသလောက် ဖြစ်၍ ငွေရဖို့သာ ရှိတော့သည် ဖြစ်သောကြောင့် နှစ်ယောက်အား ဝေစုခွဲကြရန် စိုက်ထုတ် ကုန်ကျထားသော စာရင်းအရပ်ရပ်ကို ရှင်းကြပါသည်။
ကျွန်တော်တို့ နှစ်ယောက်ရှိ ရင်းငွေမှာ ကိုကွက်ကြီးတွင် ဘိုပါတီကပ်၍ လက်ဝဲနည်းနှင့် လယ်ရှင်ကို အပျောက်ရှင်းထားသော ငွေ (၂၀၀) ကျွန်တော့်မှာ သမဓမ္မနည်းနှင့် ဖိုးတေ၏ ကြက်ကို ခဲခွံ့တိုက်၍ နိုင်ထားသော ငွေ (၈၀)၊ ပေါင်း (၂၈၀) မျှသာ လက်ကျန် ရှိပါတော့သည်။
ယခု ရတော့မည့် ငွေ (၁၅၀၀) ကို ဆရာစားနှင့် တပည့်တို့ မည်သို့မည်ပုံ ခွဲဝေမည်ဟု စီမံပြီးနောက် ကျွန်တော်သည် ချိန်းဆိုထားသော နေရာကို စောင့်မျှော်ရန် ထွက်ခဲ့ကာ ပို့လာသူသည် ကျွန်တော့်ကို မမြင်ရန် ထို ပျဉ်းမပင်ကြီး သုံးပင်မှ တစ်ခေါ်လောက် ဝေးသော မန်ကျည်းငုတ်တိုပေါ် တက်၍ ပုန်းအောင်းနေလိုက်ပါသည်။
တစ်နာရီမျှ အကြာတွင် မြင်းစီးလူရွယ် တစ်ယောက်သည် မြင်းကို ကဆုန်စိုင်း၍ ရောက်လာကာ ကျွန်တော် ညွှန်ကြားထားသော ပုံးနှုတ်ခမ်းပြုတ်ထဲသို့ သူ့အိတ်ထဲမှ ထုတ်လိုက်သော အရာတစ်ခုကို ထည့်ပြီးနောက် အလျင်အမြန် ပြန်ပြေးပါတော့သည်။
ကျွန်တော်သည် ရုတ်တရက် မသွားသေးဘဲ နာရီဝက်မျှ ကြာအောင် အရိပ်အခြည်ကို ကြည့်နေပြီးမှ မန်ကျည်းပင်ပေါ်မှ ဆင်း၍ ထိုဆီသို့ သွားပါသည်။ အားရဝမ်းသာစွာနှင့် ပုံးစုတ်ထဲသို့ နှိုက်၍ ယူလိုက်သောအခါတွင် ကျွန်တော်တို့ မျှော်လင့်နေသော ငွေထုပ်မဟုတ်ဘဲ ‘ဗိုလ်ကွက်တောင် အ-က-န-တ’ ဟု လိပ်စာတပ်ထားသော စာအိတ်ကို တွေ့ရသဖြင့် မည်ကဲ့သို့ အကြောင်းပြန်စာ ပေနည်းဟု စိတ်ထဲ၌ ချောက်ချားကာ ထိုနေရာတွင် မဖတ်ဝံ့သေးဘဲ ကျွန်တော်တို့ တည်းဂူဌာနသို့ သုတ်ခြေတင်ခဲ့ပါသည်။ အဆင်သင့်ပင် ကိုကွက်ကြီးကို တွေ့ရ၍ ...
“ကိုကွက်ကြီးရေ ငွေတော့ မရသေးဘူးဗျို့။ အကြောင်းပြန်စာ လာတယ်။ ဈေးဆစ်တာပဲလား။ ဒါမှမဟုတ်ရင် ငွေမလွယ်သေးလို့ စောင့်ခိုင်းတာလား မသိဘူး”
ကိုကွက်ကြီးသည် သူ့ ဒူးနှင့် လက်တို့တွင် စီးတော်ကျား လုပ်ရသော ဒဏ်ရာတို့ကို ပရုတ်ဆီသုတ်ရင်း စိတ်မရှည်နိုင်ဟန်ဖြင့် ...
“ဟာ ... ဆိုင်း ... ဆိုင်းတော့ မဆိုင်းနိုင်ဘူး ကိုတောင်ရာ။ လျှော့ ... လျှော့ဆိုရင်တော့ ဆစ် ... ဆစ်သလောက်သာ လျှော့မှာပဲ”
သို့သော် ကျွန်တော်တို့ နှစ်ယောက် စာအိတ်ကို ဖောက်ကြည့်လိုက်သော အခါတွင် ...
ဗိုလ်ကွက်တောင်။
အင်တီ ---- ကပ္ပလီနစ်ပါတီ
ပေးပို့သော စာချွန်တော်ကို ရရှိ၍ ကျွန်တော်မျိုးကြီး ငထွန်းမြတ်က ရိုသေစွာ သနားတော်မြတ် ခံပါသည် ဗိုလ်မင်းခင်ဗျား။
ဗိုလ်မင်း ကြီးမှူးသော အင်တီ-ကပ္ပလီနစ် ပါတီကြီးသည် တိုင်းကျိုး ပြည်ကျိုးကို သက်စွန့်ကြိုးပမ်း ဆောင်ရွက်ရန် ကျွန်တော်မျိုး၏သား ငနီတွတ်ခေါ် ဂျော်နီကို ထောင်၍ ရိက္ခာတော်အတွက် ငွေတောင်းခြင်းကို အထူးတလည် ချီးကျူးရုံမက ကျွန်တော်မျိုးကပင် အင်မတန် ကျေးဇူးတင်လှပါသည် ခင်ဗျား။ အကြောင်းမှာ (ဗိုလ်မင်းတို့အတွက် ဝမ်းသာစရာကြီး ဖြစ်နေ၍ မအောင့်နိုင် မအည်းနိုင် ဖော်ပြပါရစေ) ယခုအိမ်၌ ရှိနေသော နီတွတ်တို့အမေ မွေးစားခဲ့သည့် ခင်ခင်ကို ကျွန်တော်မျိုးကြီး ကြံနေသည်မှာ ကြာမြင့်လှပါပြီ။ သို့သော် ခင်မှာ ကျွန်တော်မျိုးကြီးကို ကြိုက်ပါလျက် သားဖြစ်သူ နီတွတ်ကို သောက်မြင်ကပ်သဖြင့် ‘ဒီကလေးကို တခြား ပို့ပစ်လိုက်မှ ဘဘကြီးကို ကျွန်မ ချစ်နိုင်မည်’ ဟု ‘ဂေါ်ရ်မာန်’ ပေးနေခဲ့ပါသည်။
ကျွန်တော်မျိုးကြီးလည်း အသက်အရွယ် အလျောက် ဗဟုသုတ ပြည့်စုံနေပြီဖြစ်၍ မယားရှိလျှင် သားသမီး တစ်ဒါဇင်မက ရနိုင်သည်ကို သိရှိပြီးဖြစ်သောကြောင့် ဒီသားကို မခင်တွယ်နိုင်ဘဲ ခင်၏ အလိုအတိုင်း ကောင်လေးကို အိမ်မှ ‘အောက်’ ပစ်လိုက်ရန် အကြိမ်ကြိမ် ကြံစည်ကြိုးစားခဲ့သည်။ သို့သော် ဒီသတ္တဝါကလေးမှာ အရွယ်နှင့် မလိုက်အောင် အကျင့် ဆိုးလှသဖြင့် ဘယ်ဆွေမျိုး ဘယ်ဘုန်းကြီးကျောင်း ကမှ လက်မခံဖြစ်နေရာ ကျွန်တော်မျိုးကြီးမှာ ‘သီးရက်နှင့် မစားရ၊ နီးရက်နှင့် မညားရ’ ဖြစ်နေသော ခင်ခင်၏ တစ်နေ့တခြား ရေတက်ငါးလို ကြီးထွားနေသော ကိုယ်လုံးကြီးကို ကြည့်ကာ နေ့စဉ်နှင့်အမျှ စိတ်ဒုက္ခ ရောက်နေခဲ့ပါသည်။
ယခုမှပင် ကျွန်တော်မျိုးကြီးမှာ ပရံပရ ဘဝကျိုးပေး ကံဇာတာပေါ်၍ ဗိုလ်မင်းတို့၏ အကြံမဟာတော်နှင့် နီတွတ်ကို ခေါ်သွားကြရာ ထိုည၌ပင် ကျွန်တော်မျိုးကြီးက ခင့်အား ‘ငါ နီတွတ်ကို တခြားပို့လိုက်ပြီ’ ဟု ပြောကာ အိုကေလိုက်ရပါသည်။ ဗိုလ်မင်း၏ ကျေးဇူးကား၊ ကျွန်တော်မျိုးအပေါ် ကြီးမားလှပေစွ။ ဗိုလ်မင်းတို့ ပါတီသည် ဤကိစ္စနှင့် တိုင်းကျိုးပြည်ကျိုး ဆောင်ရွက်ရာ မရောက်စေကာမူ တိုင်းပြည်လူထုတွင် တစ်ယောက် အပါအဝင်ဖြစ်သော ကျွန်တော်မျိုး၏ ကောင်းကျိုးကို ဆောင်ရွက်လိုက်တာ အမှန် ဖြစ်နေပါပြီ။ သာဓု ... သာဓု။
ဤနေရာတွင် သာဓုတစ်ခု ကျန်နေပါသည်။ အကြောင်းမှာ ဗိုလ်မင်း၏စာ ရောက်လာသောအခါ၌ ကျွန်တော်မျိုးကြီးမှာ ရင်သွေးဟူက ချစ်မဝဖြစ်၍ ငနဲမကလေးကိုလည်း အိုကေရထားပြီး ဖြစ်သောကြောင့် ဗိုလ်မင်း၏ စာကို သူ့အားပြကာ နီတွတ်ကို ပြန်ခေါ်လိုကြောင်း ပြောပါသည်။ အမှန်မှာ ဗိုလ်မင်း တောင်းထားသော ထောင့်ငါးရာ မများပါ။ အင်မတန် လျော်ကန်ပါသည်။ ကျွန်တော်မျိုးကြီးလည်း ခင့်ထံမှ ဤမျှ အရေအတွက်ရှိသော မေတ္တာကို ရထားပြီးဖြစ်၍ ထိုမျှမကသော ငွေကို ဗိုလ်မင်းတို့၏ ရန်ပုံငွေအတွက် အလွန်ပင် လှူဒါန်းချင်လှ ပါသည်။ သို့ရာတွင် ခင်ခင့်ကို တိုင်ပင်ကြည့်သော အခါ၌ ယခုအချိန်တွင် ကျွန်တော်မျိုးကြီးမှာ တောက လယ်ထောက်ခများလည်း မရ၊ ထိန်းသိမ်းထားသော ဘုရားဘဏ္ဍာတော် ငွေများကိုလည်း သော့ကိုင်နှစ်ယောက် သဘောတူ မြင်းလောင်းပစ်၍ ခါလီကျနေသဖြင့် (ရိုးသားစွာ ဟုတ်တိုင်း မှန်ရာ အစီအရင်ခံခြင်း ဖြစ်ပါသည်) ခင့်အား ဟိုပထမညက ကတိပေးထားသော ရွှေခြေချင်း (၈၀၀) ကျပ်တန်ကို ဝယ်ရန်ပင် ငွေမလောက်ဖြစ်၍ ဆူဆူအောင့်အောင့်နှင့် ဆိုင်းငံ့နေရပါသောကြောင့် ‘ခင်က ရှင့်သားကို ချစ်လို့ ပြန်ခေါ်ချင်ရင် ကောင်ကလေးချည်းတော့ လက်မခံနိုင်ဘူး။ ကျွန်မအတွက် ရွှေခြေချင်း ဝယ်ဖို့ လိုနေတဲ့ ငွေ
(၂၅၀) အဆစ်ပါမှ လက်ခံမည်’ ဟု ပြောပါသည်။
ထို့ကြောင့် ကျွန်တော်မျိုးကြီးမှာ ရင်သွေးကိုလည်း မပစ်ရက်၊ မယားကလေးကလည်း အသစ်စက်စက်နှင့် အခက်တွေ့ နေပါသောကြောင့် ခင်ပြောသည့်အတိုင်း နီတွတ်ကို ငွေ(၂၅၀) နှင့်အတူ ပြန်ပို့တော်မူရန် ဗိုလ်မင်းထံ ရိုသေထိပ်မိုး ဦးညွှတ်ကျိုး၍ ရှိခိုး အသနားတော်မြတ် ခံပါသည်။ ကျေးဇူးရှင် ဗိုလ်မင်းခင်ဗျား ...
ဗိုလ်မင်းတို့၏ အင်တီကပ္ပလီနစ် ပါတီကြီးမှာ တိုင်းပြည်ကို အကြီးအကျယ် ချစ်ခင်လျက် လူထုကောင်းစားရေးကို ဘုရားစူး ဒီမိုကရေစီ စနစ်အရ အထူးတလည် ဦးလည်မသုန် ဆောင်ရွက်နေကြောင်း ယုံကြည်သည့် အားလျော်စွာ လူထုထဲတွင် တစ်ယောက်အပါအဝင် ဖြစ်သော ကျွန်တော်မျိုးကြီး၏ ကောင်းကျိုးဆန္ဒကို မဖြစ်ဖြစ်အောင် တတ်နိုင်သောနည်းနှင့် ဆောင်ရွက်လိမ့်မည်ဟု အားထားပါကြောင်း ...
အထူး သတိပြုတော်မူရန်မှာ ခင့်အတွက် ရွှေခြေချင်းဝယ်ရန် လိုငွေမှာ ၂၅၀ိ (နှစ်ရာ့ငါးဆယ်ကျပ် တိတိ) ဖြစ်ပါသည် ခင်ဗျား။ ထိုငွေမပါလျှင် နီတွတ်ကို အိမ်နားမသီရဟု ခင်ခင်က ပြောပါသည်ခင်ဗျား။ ကျွန်တော်မျိုးကြီးမှာ ဗိုလ်မင်းမှတစ်ပါး အခြားအားထားရန် မရှိပါခင်ဗျား။ ကျန် သာဓုတစ်ခုကို ခေါ်လိုက်ပါရစေ ခင်ဗျား။ တိုင်းကျိုး ပြည်ကျိုး သည်ပိုး ရွက်ဆောင်နိုင်ပါစေ။ သက်တော် ရာကျော် ရှည်ပါစေ ...
(ပုံ)
ငထွန်းမြတ်
နောက်ဆက်တွဲ သတိပြုတော်မူပါဦးခင်ဗျား။
ကျွန်တော်မျိုးကြီး မယားကလေးက ငွေ (၂၅၀) ကို တစ်ပဲလျော့လျှင် လည်းကောင်း၊ စက္ကူခေါက်ရိုးနွမ်းလျှင်သော် လည်းကောင်း၊ လုံးဝ လက်မခံနိုင်ဟု ထပ်မံ ပြောပြန်ပါသည် ခင်ဗျား။
(အမိုက်ကလေးကို သည်းခံတော်မူပါခင်ဗျား)
နို့ ... ပြီး သူဝယ်မည့် ခြေချင်းမှာ ဝယ်သူနှစ်ယောက် ဆိုင်နေ၍ ငွေကို ယနေ့ညသန်းခေါင် မတိုင်မီ ရမှ ဖြစ်မယ်လို့ နှုတ်ခမ်းစူပြန်ပါသည် ခင်ဗျား ...။
ဪ ... ဒုက္ခ ... ဒုက္ခ။
(ပုံ) ငထွန်းမြတ်
သားနှင့်မယားအတွက် အခက်တွေ့နေသူ
လူထုထဲက တစ်ယောက်
ကျွန်တော်နှင့် ကိုကွက်ကြီးသည် ဤစာကို ဖတ်ပြီး တစ်ယောက်နှင့်တစ်ယောက် ကြောင်တက်တက်ကြီး ကြည့်နေကြပါသည်။
ဤစဉ်တွင် ကျွန်တော်တို့၏ လိုဏ်ဂူကလေးထဲမှ မီးခိုးလုံးများ ထွက်လာသဖြင့် နှစ်ယောက်သား လန့်ဖျပ်ကာ “ဟာ ... မီးတွေဟ ... မီးတွေ” ဟု အော်ပြီး အထဲသို့ ပြေးဝင်ကြပါသည်။
တကယ့်ကို ဆိုးကိုဆိုးတဲ့ ဂြိုဟ်ကောင်ကလေး။ အကြောင်းသော်ကား ကျွန်တော်တို့၏ အိပ်ရာ၊ စောင်၊ အဝတ်အစားတို့ကို မီးလောင်နေလျက် လူလွန်ထီးကြီး၏ သားကလေးမူ ဂူနံရံရှိ ကျောက်ကမူစွန်းကလေးပေါ်မှ နေကာ ကျွန်တော်တို့ ပြေးဝင်လာသည်ကို ...
“ဟယ် ... သိင်္ဃိုပြည်သား ဘီလူးနွားတို့” ဟု သူ့ကိုယ်သူ ဟာနုမာန်မျောက် လုပ်၍ အော်နေသဖြင့် ကျွန်တော်လည်း စိတ်ပေါက်ပါက်နှင့် အောက်သို့ဆွဲချကာ အပြင်ဘက်သို့ ကန်ထုတ်လိုက်ပါတော့သည်။
ကိုကွက်ကြီးနှင့် ကျွန်တော်သည် အပြင်းအထန် မီးကို သတ်ကြရာ ငါးမိနစ်အတွင်း၌ မီးငြိမ်း၍ သွားပါသော်လည်း အထဲတွင် အတော်လောင်ပြီးမှ အပြင်သို့ မီးခိုးထွက်သည် ဖြစ်သောကြောင့် ကျွန်တော်တို့၏ ရှိစုမဲ့စု အဝတ်အစားတို့မှာ အကောင်းတစ်ခုမျှ မကျန်တော့ပါ။ မီးငြိမ်းပြီးကြသောအခါ၌ ကိုကွက်ကြီးသည် ဒေါသအမျက် ချောင်းချောင်းထွက်ကာ ...
“ဟာ ... ကို ... ကိုတောင် ... ဒီ... ဒီကောင်လေး ... သတ် ... သတ်ပစ်မယ်ဗျာ”
“သတ်ပစ်လို့ အပိုပဲဗျ။ ကိုကွက်ကြီးရ။ သူ့အဖေကလည်း မပူတဲ့ပြင် ဝမ်းတောင် သာဦးမယ်။ ကျွန်တော်တို့သာ တော်ကြာ လူသတ်မှုနဲ့ ဒုက္ခရောက်ကြမှာ”
“ဒါ ... ဒါဖြင့် ... ပြန် ... ပြန်ပို့ပစ်လိုက်ဗျာ”
“ပို့တော့ကော ဟိုလူကြီး ရေးလိုက်တဲ့စာထဲမှာက သူ့ချည်း လက်မခံဘူး။ ငွေ (၂၅၀) ပါမှ ဆိုတယ် မဟုတ်လား”
“ကိစ္စ ... ကိစ္စအေးအောင် ငွေရောဘာရော ပေးလိုက်ပါ ကိုတောင်ရာ”
“နို့ ... အခု ကျုပ်တို့မှာ ရှိတာက ဘယ် (၂၅၀) ပြည့်တော့မလဲ (၂၀၅)ထဲ ရှိတော့တာ”
“လို ... လိုတာ ... ဟော့ဒီလက်စွပ် ရောင်းပေးလိုက်ဗျာ” ဟု ဆိုပြီး ကိုကွက်ကြီးသည် သူ့လက်မှ ရွှေငါးမူးသားခန့် ရှိသော ဂနိုင်လက်စွပ်ကြီးကို ပြပါသည်။
ဤနေရာ၌ မိတ်ဆွေသည် ကျွန်တော်၏ ကိုယ်စား ဖြစ်ဘိမူ မည်သို့ လုပ်မည် မသိသော်လည်း ကျွန်တော့်သဘော၌ ဤကိစ္စကို ဤသို့ပြုမှ အေးတော့မည်ဟု ယူဆမိသဖြင့် ...
“ကဲ ... ကိုကွက်ကြီး၊ ဒါဖြင့် ဆိုင်တွေ မပိတ်ခင် မြို့သွားပြီး ခင်ဗျားလက်စွပ် ခင်ဗျားပဲ ရောင်းထားနှင့်ပေတော့။ ကျွန်တော်နဲ့ ကောင်လေးတော့ ညမှောင်မှ လာခဲ့တော့မယ်။ ခင်ဗျား အလျောင်တို့ဆိုင်က စောင့်နေတာပေါ့ဗျာ”
ကိုကွက်ကြီး ထွက်သွားပါသည်။
ညမှောင်၍ ကျွန်တော်က ကောင်ကလေးကို မြို့သို့ သွားရန် ခေါ်သောအခါ သတ္တဝါကလေးသည် ကျွီကျွီမည်အောင် ငိုလျက် သူ နောက်မပြုမူတော့ပါ ကြောင်းနှင့်၊ ကျွန်တော်တို့စကားကို နားထောင်ပါမည့်အကြောင်း သူ့အဖေကြီးနှင့် ဒေါ်လေးထံ မပြန်လိုကြောင်း၊ ငြင်းဆန်နေသဖြင့် ကျွန်တော်ပင် အခက်တွေ့ကာ နောက်ဆုံးမှ အကြံရ၍ သူ့ကို ချော့မော့ပြီး ...
“ဟာ ... နီတွတ်ရ မင့်ကို ပြန်ပို့မလို မဟုတ်ဘူးကွ။ တို့က မင့်အဖေဆီက အပြီး တောင်းပြီးသား။ အခုသွားရမှာက တို့ အဝတ်အစားတွေ မီးလောင်ကုန်လို့ အသစ်ဝယ်ရအောင်နဲ့ မင်းတို့အိမ်ကလည်း မင့်အဝတ်အစားတွေ ယူရအောင်ကွ” ဟု လှည့်ပတ်ပြောမှ ကောင်ကလေးသည် ရှောရှောရှူရှူနှင့် ကျွန်တော့်ကျောကို ပိုး၍ လိုက်တော်မူပါသည်။ အင်း ... ဒုက္ခနှယ်များဗျာ။
အဆင်သင့်ပင် လက်စွပ်ရောင်းပြီး အလျောင်ဆိုင်၌ စောင့်နေသော ကိုကွက်ကြီးကို တွေ့ရ၍ ထမင်းဆာလှသည်နှင့် ညစာစားပြီးမှ သွားကြပါသည်။
သူကောင်းဖြစ်ရပ် ဦးထွန်းမြတ်အိမ်သို့ ည (၁၀) နာရီခန့်တွင် ရောက်၍ စောစောစီးစီး ဇနီးချွတ်ကရီကလေးနှင့် စက်တော်ခေါ်နေသော သူတော်ကောင်းကြီးကို တံခါးခေါက်၍ နှိုးလိုက်ပါသည်။
“ဘယ်သူလဲ”
“ကျုပ်တို့ပါ”
“ဘာ ... ကျုပ်တွေလဲ”
စားမာန်ခုတ်သံနှင့် ဟောက်လိုက်ပါသည်။
“မဟုတ်ဘူး။ နီတွတ်ကို ပို့ရအောင် လာတာပါ”
“ဪ ... ဗိုလ်မင်းတို့ပါလား။ ဒါထက် ခင့်အတွက် ငွေ(၂၅၀) ကော ပါရဲ့လား”
“ပါ ... ပါတယ်ဗျာ။ တံခါးသာ ဖွင့်စမ်းပါ”
“ဪ ... ကြွပါ ... ကြွပါ”
သူ့အသံမှာ သားရေပြား ဆီဆွတ်သလို ပျော့ပျောင်းသွားပါသည်။
ကျွန်တော် ပထမ လုပ်ငန်းစ,စဉ်က ချိန်းဆိုထားသော ပျဉ်းမပင်ကြီးအောက်ရှိ မှိုတွင်းက ငါးထောင်သည့် ပုံးနှုတ်ခမ်းပြုတ်ထဲမှ ဦးထွန်းမြတ်၏ ငွေ (၂၀၀၀) တိတိကို ထုတ်ယူရန် အကြံကြီးခဲ့ပါသည်။ ယခုမူ အသက်(၆၀) ကျော် နှုတ်ခမ်းမွေး ကားကားနှင့် မွတ်တားကြီး ဦးထွန်းမြတ်၏ မျက်မှောက်တွင် အသက် (၁၈) နှစ်ခန့်ရှိ သူ့ဇနီး လတ်လတ်ဆတ်ဆတ်ကလေး ခင်ခင်သည် ကျွန်တော်တို့၏ မရှိမဲ့ ရှိမဲ့ ငွေ (၂၅၀) ကို သေချာစွာ ရေတွက်ယူနေပါသည်။
ခင်ခင် ကျေနပ်၍ နီတွတ်ကို လက်ခံရန် သဘောတူပြီ ဖြစ်သောကြောင့် ကျွန်တော်တို့ နှစ်ယောက်သည် စိတ်အေးသက်သာစွာ လစ်တော့မည်အပြုတွင် နီတွတ်သည် ကိုကွက်ကြီး၏ ခြေထောက်ကို ဖက်ကာ သူ့ကို မထားခဲ့ပါရန် အော်ကြီးဟစ်ကျယ် ငိုပါတော့သည်။
ကိုကွက်ကြီးမှာ အကြံရကျပ်ကာ ‘ဘယ့်နှယ်တုန်း’ ဟူသော အမူအရာနှင့် ဦးထွန်းမြတ်ကို ကြည့်လိုက်မှ အဘိုးကြီးသည် အလိုက်သိစွာပင် မျှော့တွယ် တွယ်နေသော သူ့သား နီတွတ်ကို ဖျတ်ခနဲ ဆွဲယူလိုက်ပါသည်။
သူ့ခြေထောက်က လွတ်သွားသည့်တိုင်အောင်မှ ကိုကွက်ကြီးသည် စိတ်မချနိုင်သေးဘဲ ...
“ခင် ... ခင်ဗျား ... ဘယ်လောက်ကြာအောင် ဆွဲထားနိုင်မှာလဲ”
အဘိုးကြီးသည် ကြိုးစားပမ်းစား ချုပ်ကိုင်ဟန်ဖြင့် ...
“ကျုပ် ... ငယ်ငယ်တုန်းကလို မသန်တော့လို့ သိပ်ကြာကြာကြီး ဆွဲမထားနိုင်ပေမယ့် (၁၀)မိနစ်လောက်တော့ ...”
“အို ... ဒီလောက်ဆို တော်လောက်ပါပြီ”
မွေးကတည်းက စကားထစ်ခဲ့သော ကိုကွက်ကြီးသည် ဤ နောက်ဆုံးစကား၌ မထစ်တော့ရုံမက နှုတ်သွက်လှသော ဦးထွန်းမြတ်ကြီး၏ စကားကိုပင် စကားကြောဖြတ်၍ ထားပြီး၊ မိုးပြိုပဟေ့ ဆိုသော ယုန်ကလေးကဲ့သို့ တစ်ဟုန်တည်း လစ်လေရာ ...
ထိုညသည် ကြယ်တာရာ မရှိ။ ပကတိမှောင်၍ နေပါသည်။ ကိုကွက်ကြီးသည် ဗိုက်ရွှဲကြီးနှင့် ဘုတ်ထိုင်းကြီး ဖြစ်ပါသည်။ ကျွန်တော်သည် ကျောင်းသားဘဝက ဒုန်းပွဲမှန်သမျှ ပထမချည်း ဆွဲခဲ့ပါသည်။
သို့သော် ဤပြေးပွဲ၌ကား နီတွတ်တို့ အိမ်ပေါ်မှ ကျွန်တော်နှင့်အတူ ခုန်ချလိုက်သော ကိုကွက်ကြီးသည် မြို့ပြင်ဘက်သို့ ရောက်လာသောအခါ ကိုက်တစ်ရာမျှ ကျွန်တော့်ရှေ့က ကြောနေပါသတည်း။
----------------
သော်တာဆွေ
Hnin Shwe Sin at 7/15/2016 02:06:00 am
Friday, 15 July 2016
[ အလင်းရောင် ဘလော့ဂ်မှ ကူးယူပါသည်။ ဘလော့ဂ်ဂါအား ကျေးဇူးတင်ပါသည်။]
No comments:
Post a Comment