#ဂြိုဟ်မွှေသည့်စာ
( ဒုတိယပိုင်း)
#ကျော်အောင်
ဂျွိုက်သည် သူ့စာရေး၏ မျက်လုံးများကို တည့်တည့် စိုက်ကြည့်လိုက်သည်။ ဟွန်ချိဆင်း၏ မျက်လုံးတွင် ပရိယာယ် တစ်ပုဒ်ကို ရှာသည်။ သူကား ခါတိုင်းလိုပင် သပ်သပ်ရပ်ရပ် ဝတ်ထားသည်။ လည်စည်း အနက်တွင် ပုလဲနှင့် ပတ္တမြားချိတ်တစ်ခု ထိုးထားသည်။ ဘယ်ဘက် လက်သူကြွယ်၌ကား စိန်လက်စွပ်တစ်ကွင်း ဝတ်ထားသည်။ ကုတ်အင်္ကျီအဖြူ အပေါ်ဘက် အိတ်ထောင့်၌ ရွှေရောင် ဖောင်တိန် တစ်ချောင်းနှင့် ရွှေရောင် ခဲတံ တစ်ချောင်းတို့ ချိတ်ထားသည်။ လက်မှာမူ ရွှေလက်ပတ် နာရီ။ ဟွန်ချိဆင်းသည် ချောင်းတစ်ချက် ဟန့်လိုက်သည်။
"ကရော့စဗီ အမှုပဲ ဆရာ၊ ဒီအမှုမှာ တစ်မျိုးတစ်မည် ပြောင်းလဲသွားနိုင်တဲ့ အခြေအနေ တစ်ခု၊ အကြောင်း တစ်စုံတစ်ရာကို ကျွန်တော် တွေ့ထားတယ် ဆရာ"
"ဘယ်လို အခြေအနေ၊ ဘယ်လို အကြောင်း တစ်စုံတစ်ရာလဲကွ"
"ကျွန်တော် သိထားတာ တစ်ခုက တရားခံက သေသူကို ပေးတဲ့ စာတစ်စောင်ပဲ ဆရာရဲ့"
"ဒါများ ထူးဆန်း သလားကွာ၊ ခုနစ်နှစ်တောင် သိကျွမ်းလာကြတယ် ဆိုတော့ မစ္စက် ရောဗတ်က ဟမ်မွန်ဆီကို စာတစ်ကြောင်း လောက်တော့ ရေးဖူးမှာပေါ့"
သူ့စာရေး အကြောင်းကို ကောင်းကောင်းသိသည်။ ဥာဏ်ကောင်းသည်။ အကင်းပါးသည်။ သို့ဖြစ်ရာ တမင်ပင် လှီးလွဲကာ ပြောလိုက်ခြင်း ဖြစ်သည်။
"အဲဒီလိုလည်း ဖြစ်နိုင်ပါတယ် ဆရာ၊ မစ္စက် ကရော့စဗီဟာ သေတဲ့လူနဲ့ မကြာခဏ အဆက်အသွယ် လုပ်မယ်၊ ထမင်းစားဖို့ ဖိတ်မယ်၊ တင်းနစ် ကစားရအောင် ဖိတ်မယ်၊ အဲဒီလိုရော မဖြစ်နိုင်ဘူးလား ဆရာ။ စာတစ်စောင် ရှိနေတယ် ဆိုတာကို ပထမဆုံး ကျွန်တော် သိလိုက်ရတော့ အဲဒီလို တွေးမိတယ်၊ ဒီမှာ ဆရာ၊ စာတစ်စောင် ရေးထားတယ်၊ အဲဒီ စာက ဟမ်မွန် သေတဲ့နေ့မှာ ရေးတဲ့စာပဲ"
ဂျွိုက်သည် မျက်တောင် တစ်ချက်မခတ်ဘဲ ဟွန်ချိဆင်းကို ကြည့်နေသည်။ အပြုံးရိပ်များ သမ်းလာသည်။
"ဒီကိစ္စ မင်းဆီ ဘယ်လို ရောက်လာတာလဲ"
"ကျွန်တော့်မိတ်ဆွေ တစ်ယောက်က တစ်ဆင့် သိရတာပါ ဆရာ"
ဘာလိုချင်သည်ကို ဂျွိုက် သိလိုက်သည်။
"ဆရာ မှတ်မိမှာပေါ့၊ မစ္စက် ကရော့စဗီရဲ့ အစစ်ခံချက်မှာ သေသူနဲ့ အဆက်အသွယ် မရှိခဲ့ တာ ကြာပြီတဲ့"
"စာက မင်းဆီမှာ ပါလာသလား"
"မပါပါဘူး ဆရာ"
"ဘာတွေ ရေးထားသလဲ"
"ကျွန်တော့် မိတ်ဆွေက မိတ္တူတစ်စောင် ပေးလိုက်တယ်။ ဆရာ ဖတ်ကြည့်ပါလား"
ဟွန်ချိဆင်းသည် အတွင်းအိတ်ထဲမှ ပိုက်ဆံအိတ် ဖောင်းဖောင်းကို ထုတ်ကာ ထိုအထဲမှ စက္ကူပါးတွင် ရေးထားသည့် စာကို ရှာပြီး ဂျွိုက် ရှေ့သို့ ထိုးပေးလိုက်သည်။ စာက ဤသို့ ဆိုသည်။
ဒီည ရောဗတ် မရှိဘူး၊ ရှင့်ကို တွေ့မှဖြစ်မယ်၊ ဆယ့်တစ်နာရီမှာ စောင့်နေမယ်။ ကျွန်မ စိတ်ရှုပ်လှပြီနော်၊ မလာဘူး ဆိုရင်တော့ နောက် ဘာတွေ ဖြစ်ကုန်မယ်ဆိုတာ တာဝန်မခံနိုင်ဘူး။ ကားကို အိမ်ထဲအထိ မယူခဲ့နဲ့။
လက်စလီ
ကူးထားသည့် လက်ရေး လက်သားမှာ ညံ့သည်။
"ဒီစာကို မစ္စက် ကရော့စဗီ ရေးတယ်လို့ ဘာကြောင့် မင်း စွပ်စွဲနိုင်သလဲ"
"ကျွန်တော့်ကို သတင်းပေးတဲ့ လူရဲ့ သမာဓိကို ယုံကြည်လို့ပါ။ ဒါကိုလည်း ချက်ချင်းပဲ မှန် မမှန် ဆိုတာ သိနိုင်မှာပါ။ မစ္စက် ကရော့စဗီကို မေးလိုက်ရင် ဒီစာမျိုး ရေးခဲ့တယ် မရေးခဲ့ဘူး ရှင်းလင်း သွားမှာပါ"
ဂျွိုက်သည် ဟွန်ချိဆင်းကို တစ်ချိန်လုံး စိုက်ကြည့်နေသည်။ ယခုမူ တပည့်ကျော်၏ မျက်နှာ၌ ပြောင်လှောင်သည့် အပြုံးရိပ်များ ပေါ်လွင် လာသလားဟုပင် ထင်ချင်လာသည်။
"ဒီစာမျိုး မစ္စက် ကရောစဗီ ရေးတယ်ဆိုတာ မဖြစ်နိုင်ဘူး"
"အဲဒီလို သဘောထားတယ် ဆိုရင်တော့ ကိစ္စက ပြတ်သွားမှာပဲ ဆရာ၊ ကျွန်တော့် မိတ်ဆွေက ဒီစာအကြောင်း ပြောပြရတာ ကလည်း ဆရာ့ဆီမှာ ကျွန်တော် ဝင်လုပ်နေတာ သိလို့ပါ။ အစိုးရ ရှေ့နေဆီ အမှုမတင်ခင် ဒီစာမျိုး ရှိနေတယ် ဆိုတာကို ဆရာ သိအောင်လို့ အကြောင်း ကြားတာပါပဲ ဆရာ"
"ဘယ်သူ့ဆီမှာ မူရင်းရှိသလဲ" ဂျွိုက်က ခပ်ပြတ်ပြတ် မေးလိုက်သည်။
"မစ္စတာ ဟမ်မွန် မသေခင်က သူနဲ့ ပေါင်းသင်းနေတဲ့ တရုတ်မ တစ်ယောက် ရှိတယ်ဆိုတာ ဆရာတို့ သိလာတယ် မဟုတ်လား။ အခု အဲဒီ မိန်းမ လက်ထဲမှာ စာက ရှိနေတယ်"
ဟမ်မွန်သည် တရုတ်မ တစ်ယောက်နဲ့အတူ သူ့အိမ်တွင် နေသည်မှာ တော်ကြာပြီ။ အားလုံးက သိထားကြမည်။ ထို့ကြောင့်ပင် အရပ်က သူ့ကို မလိုမလား ဖြစ်နေသည်။
ခဏကြာမျှ စကားစဲသွားသည်။ ကိစ္စက ပေါ်လာပြီ။ နှစ်ယောက်စလုံးပင် တစ်ယောက် သဘောထား တစ်ယောက် နားလည် လာကြပြီ။
"အေးကွယ်။ ကျေးဇူးတင်တယ် ချိဆင်း။ ဒီကိစ္စကို ငါ ထည့်စဉ်းစားရမယ်"
"ကောင်းပါလေ့ ဆရာရယ်၊ ကျွန်တော့် မိတ်ဆွေနဲ့ အဆက်အသွယ် လုပ်လိုက်ရမလား"
"သူနဲ့တော့ အဆက်အသွယ် မပြတ်စေနဲ့ပေါ့"
"ဟုတ်ကဲ့ ဆရာ"
ရှေ့နေစာရေးသည် အေးဆေးစွာပင် အခန်းထဲက ထွက်သွားသည်။ ဂျွိုက်သည် စဉ်းစား ချိန်ဆ နေသည်။ မိတ္တူကို တစ်ခေါက် ပြန်ဖတ်ကြည့်သည်။ မသင်္ကာချင်စရာတွေ ဝင်လာသည်။ စိတ်နောက်ကျိရသည်။ ဖျောက်ဖျက်လို့ မရ။ စာ၏ အဓိပ္ပါယ်မှာ ရှင်းနေသည်။ ဒီစာကို ဘာ့ကြောင့် ရေးသည်ကို လက်စလီ ဖြေရှင်းနိုင်ရမည်။ သို့ဖြစ်ရာ စာကို အိတ်ထဲ ထည့်ပြီး ထိုင်ရာမှ ထကာ ဦးထုပ်ကို ကောက်ကိုင်လိုက်သည်။ အခန်းအပြင် ထွက်လာသည့်အခါ ဟွန်ချိဆင်းသည် သူ့စားပွဲတွင် ရေးမှတ်စရာ ရှိသည်တို့ကို ရေးမှတ်နေလျက် တွေ့ရသည်။
"ခဏ အပြင်ထွက်မလို့ဟေ့ ချိဆင်း"
"ဆယ့်နှစ်နာရီမှာ ဂျော့ရီ လာဖို့ ချိန်းထားတယ် ခင်ဗျ၊ ဘယ်သွားမယ်လို့ ပြောလိုက်ရမလဲ ခင်ဗျ"
ဂျွိုက်က ပြုံးကြည့်လိုက်သည်။
"ဘယ်သွားမယ် မသိဘူးလို့သာ ပြောလိုက်ကွာ"
ထောင်သို့ ဦးတည်မည်ကို ဟွန်ချိဆင်း ရိပ်မိကြောင်း သူ သိသည်။ အခင်း ဖြစ်ပွားသည်မှာ စီလန်ဒါတွင် ဖြစ်သော်လည်း ထိုအရပ်တွင် မျက်နှာဖြူ အမျိုးသမီး တစ်ယောက်ကို ချုပ်နှောင်ရန် အကျဉ်းထောင် မရှိသဖြင့် မစ္စက် ကရော့စဗီကို စင်ကာပူသို့ ခေါ်လာခဲ့ရခြင်း ဖြစ်သည်။
သူ စောင့်နေသည်။ အခန်းထဲသို့ လက်စလီ ဝင်လာသည်။ သူ့ကို ချစ်စဖွယ်ပင် ပြုံးပြီး နှုတ်ဆက်သည်။ လက်ကလေးတွေက သေးသေးသွယ်သွယ်။ သပ်သပ်ရပ်ရပ် ရိုးရိုးကလေး ဝတ်ဆင်ထားသည်။ ဆံပင်ကိုလည်း သေသပ်စွာ ဖြီးထားသည်။
"နေကောင်းရဲ့လား"
"ရှင့်ကို မမျှော်လင့်မိဘူး၊ နေကောင်းပါတယ်၊ ဒီနေရာက အနားယူလို့ ကောင်းတယ်ရှင့်" ခပ်ပြုံးပြုံး မျက်နှာပေးကို တွေ့လိုက်ရသည်။
အစောင့်များ ထွက်သွားပြီးနောက် နှစ်ယောက်ထဲ ရှိနေသည်။
"ထိုင်လေ" လက်စလီကပင် စ၍ ဆိုသည်။ ဂျွိုက်သည် ကုလားထိုင်တစ်ခု ဆွဲယူလိုက်သည်။ ဘယ်က ဘယ်လို စရမှန်း မသိ။ သူ့အမှုသည်မှာ စိတ်အေးချမ်းသာ အမူအရာ ရှိနေရာ ပြောရမည့် စကားကို မထွက်ဖြစ်။ လက်စလီသည် လှသည်ဟု မဆိုနိုင်။ သို့သော် မြတ်နိုးစရာ၊ နှစ်သက်စရာ ကောင်းသည်။ ရည်မွန်သည်။ ယဉ်ကျေးသည်ဟု ဆိုနိုင်သည်။ အမျိုးကောင်းသားတို့ ဝန်းကျင်တွင် ကြီးပြင်းခဲ့ရသဖြင့် အတုအယောင်တွေ ကင်းသည့် စရိုက်မျိုး ဟူ၍လည်း ထင်သည်။ ဘယ်လို ပတ်ဝန်းကျင်က မွေးဖွားလာသလဲဟု သိချင်သည့် စိတ်မျိုးပင် ပေါ်လာသည်။ ခန္ဓာကိုယ်မှာ သွယ်လျသည်။ ချူချာသည်ဟုပင် ထင်ရသည်။ သူ့တွင် ရုန့်ကြမ်းသည့် အမူအရာ မရှိ။
"ဒီညနေ ရောဗတ် လာမယ်လားလို့"
သူ့အသံမှာ သာယာသည်။ အေးဆေး တည်ငြိမ်သည်။
"သူလည်း စိတ်ဒုက္ခ ရောက်ရှာမှာပဲ၊ သနားပါတယ်ရှင်၊ မကြာခင် ပြီးသွားမယ် ထင်ပါရဲ့"
"အခုမှ ငါးရက်ပဲ ရှိပါသေးတယ်"
"ကျွန်မ သိပါတယ်၊ မနက်တိုင်း အိပ်ရာက နိုးတဲ့အခါ အင်း တစ်ရက်တော့ ကုန်သွားပြန်ပြီလို့ တစ်ကိုယ်ချင်း ပြောမိတယ်။ ငယ်ငယ်က ကျောင်းမှာတုန်းကလိုပေါ့။ ကျောင်းပိတ်ရက် နီးနီး လာတဲ့ အခါမျိုးမှာလိုပေါ့"
"ဒါနဲ့ မေးပါရစေဦး၊ ကိစ္စ မဖြစ်ခင်က ဟမ်မွန်နဲ့ အဆက်အသွယ် မရှိခဲ့ဘူးလို့ ပြောခဲ့တယ်နော်၊ ဟုတ်လား"
"ဟုတ်ပါတယ်၊ သူနဲ့ နောက်ဆုံး တွေ့တာက မက်ဖာရင်းတို့ တင်းနစ်ပါတီမှာပါပဲ၊ အဲဒီတုန်းက သူ့ကို စကားနှစ်လုံးထက် ပိုပြီး မပြောခဲ့ဘူး။ သူတို့မြို့ထဲမှာ တင်းနစ်ကွင်း နှစ်ခုရှိတယ်။ ကစား ကြတုန်းကလည်း အတူတွဲမိတယ် မထင်မိဘူး"
"ပြီးတော့ သူ့ဆီကို စာမရေးဘူးနော်"
"အို မရေးခဲ့ပါဘူး"
"သေချာတယ်နော်"
"သေချာပါတယ်" အပြုံးရိပ် အနည်းငယ် သမ်းလာသည်။ "သူ့ဆီကို စာရေးစရာ ဘာအကြောင်းမှ မရှိဘူး၊ ရေးရင်လည်း ထမင်းစား ဖိတ်တာတို့၊ တင်းနစ်ရိုက်ရအောင် ချိန်းတာတို့ပဲ ဖြစ်မှာပဲ။ အဲဒါမျိုးလည်း မရေးမိတာ အတော်ကြာပါပြီ"
"တစ်ချိန်တုန်းကတော့ ရင်းနှီးခဲ့ပြီးမှ ဘာဖြစ်လို့ ရုတ်တရက် အဆက်အသွယ် ဖြတ်လိုက်တာလဲ"
လက်စလီသည် ပခုံးသေးသေးလေး နှစ်ဖက်ကို တွန့်လိုက်သည်။
"ဒါတော့ရှင် ပေါင်းသင်းရတာ ငြီးငွေ့သွားလို့ ဖြစ်မှာပေါ့၊ လူတွေဆိုတာ ဒီလိုပဲပေါ့၊ ပြီးတော့ သူနဲ့ ကျွန်မတို့ ဆိုတာက စိတ်ကြိုက်ချင်း မတူတာတွေ အများကြီးပဲ။ ဟုတ်တယ်၊ သူ နေမကောင်းတုန်းကတော့ ရောဗတ်နဲ့ ကျွန်မတို့ နှစ်ယောက်စလုံး ကူညီ ပြုစုခဲ့ပါတယ်၊ နှစ်နှစ် လောက်ကတော့ မတွဲမိကြတော့ဘူး။ သူက သိပ်ကျော်ကြားတယ် မဟုတ်လား၊ ခေါ်ချင်သူတွေ များ၊ ကျွေးချင်သူတွေ များတော့ ကျွန်မတို့ဆီ ရောက်မလာတော့ဘူးပေါ့"
"ဒါပဲနော်၊ သေချာတယ်နော်"
လက်စလီသည် ခဏမျှ တွေဝေနေသည်။ ပြီးမှ ...
"အင်း ... တစ်ခုတော့ ပြောရဦးမယ်၊ တရုတ်မ တစ်ယောက်နဲ့ တွဲနေတယ်လို့ သတင်း ဖြစ်လာတော့ သူ့ကို အိမ်မလာစေနဲ့လို့ ရောဗတ်က ပြောတယ်။ သူ့တရုတ်မကို ကျွန်မ မြင်ဖူးတယ်လေ"
ဂျွိုက်သည် ပက်လက် ကုလားထိုင်တွင် မှီကာ ထိုင်နေသည်။ လက်တစ်ဖက်က မေးကို ပွတ်နေသည်။ မျက်လုံးများကိုမူ လက်စလီမျက်နှာ တည့်တည့်သို့ စူးစိုက်ထားသည်။ သည်အကြောင်းတွေ ပြန်ပြောပြနေစဉ် သူ၏ သူငယ်အိမ် နက်နက်၌ အနီရောင် တစ်ချက် လက်လိုက်သလားဟု ဂျွိုက် ထင်မိသည်။ သူ့စိတ်က ထင်တာလည်း ဖြစ်နိုင်သည်။ အင်း ... မဖြစ်ချေသေးဘူး။ ဂျွိုက်သည် နေရာပြောင်းလိုက်သည်။ လက်နှစ်ဖက်ကို ယှက်ထားသည်။ လက်ချောင်းဆယ်ခု ထိနေကြသည်။ ထို့နောက် စကားလုံးတို့ တသီးတသန့် ရွေးကာ ခပ်ဖြည်းဖြည်း စကားဆိုသည်။
"မင်းလက်ရေးနဲ့ ဂေါ့ဖရီ ဟမ်မွန်ဆီ ရေးတဲ့ စာတစ်စောင် ရှိနေတယ်လို့ တို့ သိရတယ်"
ဂျွိုက်သည် လက်စလီကို စိုက်ကြည့်နေသည်။ လက်စလီကား နည်းနည်းလေးမျှ မရွေ့။ မလှုပ်။ မျက်နှာ အမူအရာ အသွေးအရောင်လည်း မပြောင်း။ သို့သော် ပြန်ဖြေဖို့ကား အချိန်ယူရသည်။
"ဟိုတုန်းကတော့ တစ်ခုခု လုပ်ပေးဖို့ ခိုင်းတော့ ရေးဖူးတယ်။ သူ စင်ကာပူ သွားမယ်ဆိုရင် ပစ္စည်း မှာချင်လို့ ရေးဖူးတယ်"
"အခု ရှိနေတဲ့စာက လာတွေ့ဖို့ ခေါ်တဲ့စာ၊ ရောဗတ် စင်ကာပူ သွားနေတုန်း လာတွေ့ပါလို့ ခေါ်ထားတဲ့စာ"
"ဒါတော့ မဖြစ်နိုင်ဘူး၊ ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ ဒီစာမျိုး ကျွန်မ မရေးခဲ့ပါဘူး"
"အင်းလေ ဖတ်ကြည့်ပါဦး"
ဂျွိုက်သည် အိတ်ထဲမှ စာကို ထုတ်ပေးလိုက်သည်။ ခဏမျှ ကြည့်ပြီး မပွင့်တပွင့် ပြုံးကာ စာကို ပြန်ပေးသည်။
"အဲဒါက ကျွန်မ လက်ရေးမှ မဟုတ်ဘဲ"
"သိသားပဲ၊ ဒါက မူရင်းကို ကူးထားတဲ့ မိတ္တူ"
ထိုအခါတွင်မှ စာကို ပြန်ဖတ်သည်။ ဖတ်နေရင်း သူ့အမူအရာသည် သိသိသာသာ ပြောင်းလာသည်။ တုန်တုန်လှုပ်လှုပ် ဖြစ်လာသည်။ မျက်နှာ အမူအရာမှာ ချောက်ချားလာသည်။ မျက်နှာ တစ်ခုလုံး မည်းတက်လာသည်။ သွယ်လျသည့် ခန္ဓာကိုယ်လေးတွင် အသားဆိုင်တွေ ဘယ်ရောက် ကုန်လေသည် မသိ။ ချက်ချင်းပင် ပိန်ကြုံ့ပျော့တော့ သွားသည်။ အရိုးပေါ် အရေတင် ဖြစ်လာသည်။ နှုတ်ခမ်း အစုံမှာ တင်းစေ့ မနေတော့ဘဲ လျော့ရဲလာသည်။ သွားတွေအားလုံး ပေါ်လာသည်။ မျက်နှာကို ရှုံ့တွကာ မဲ့ရွဲ့ပြနေသလား ထင်ရသည်။ ခဏကြာတော့မှ ဂျွိုက်ကို ခပ်ပြူးပြူး ကြည့်သည်။ ယခုမူ ဂျွိုက်သည် သေခါနီး လူတစ်ယောက်၏ မျက်နှာကို ကြည့်နေရသလား ထင်မိသည်။ ပြီးမှ လက်စလီက -
"ဒါက ဘယ်လို သဘောလဲ" တိုးတိုး မေးသည်။
နှုတ်ခမ်းတွေ ခြောက်နေပြီ။ ခြောက်ကပ်ကပ် လည်ချောင်းထဲကို မနည်းပင် ဖျစ်ညှစ် ထုတ်ယူရသည်။ လူ စကားပြောသည့် အသံနှင့်ပင် မတူတော့။
"ဒါကို မင်းဘက်က ဖြေရမှာပေါ့"
"ကျွန်မ မရေးဘူး၊ ကျိန်တွယ် ပြောရဲပါတယ်။ တကယ်ပါ။ မရေးခဲ့ပါဘူး"
"အေး ... စကားပြောရင် သတိနဲ့ ပြောနော်။ မူရင်းစာမှာ မင်း လက်ရေးနဲ့ တွေ့ရရင် ဘယ်လိုမှ ငြင်းလို့ရမှာ မဟုတ်ဘူး"
"လုပ်ကြံထားတဲ့စာ ဆိုရင်ကော၊ လက်ရေးအတု ဆိုရင်ကော"
"အဲဒီလို ပြောဖို့က ခက်မယ်၊ သက်သေထူနိုင်ဖို့ မလွယ်လှဘူး။ မင်းလက်ရေး အစစ်ပါပဲလို့ သက်သေထူဖို့က လွယ်မယ်"
လက်စလီ တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။ သွယ်လျသည့် ခန္ဓာကိုယ်အနှံ့ တုန်လှုပ် ချောက်ချားခြင်းက ဝင်ပြီး မွှေနှောက်သည်။ နဖူးထက်တွင် ချွေးသီးများ ထွက်လာသည်။ အိတ်ထဲမှ လက်ကိုင်ပဝါ ထုတ်ကာ သုတ်သည်။ စာကို တစ်ခေါက် ပြန်ဖတ်ပြီးနောက် ဂျွိုက်ကို စွေစောင်း ကြည့်သည်။
"ရက်စွဲလည်း မပါဘူး၊ ဒီစာကို ကျွန်မ ရေးခဲ့တယ် ဆိုရင်တောင် မေ့နေပြီ၊ ဟိုတုန်းက ရေးခဲ့တာ ဖြစ်မှာပါ။ ဘယ်တုန်းက ဘာအကြောင်းနဲ့ ပတ်သက်ပြီး ရေးခဲ့တယ် ဆိုတာ စဉ်းစားကြည့်ရ မှာပေါ့"
"ရက်စွဲ မပါဘူးဆိုတာ သိသားပဲ၊ ဒါပေမဲ့ ဒီစာဟာ အစိုးရရှေ့နေ လက်ထဲ ရောက်သွားရင် အိမ်က အခိုင်းအစေ ကောင်လေးတွေကို ပြန်လှန်မေးခွန်းတွေ မေးမယ်၊ စစ်မယ်။ အဲဒီအခါ ဟမ်မွန် သေတဲ့နေ့မှာပဲ ဒီစာကို တစ်စုံတစ်ယောက်က ပို့ပေးရတယ် ဆိုတာ ပေါ်လာမယ်"
မစ္စက် ကရော့စဗီသည် လက်ဝါးနှစ်ဖက်ကို ဖြန်းခနဲ ရိုက်ကာ ကုလားထိုင်ပေါ်တွင် ယိမ်းထိုး လှုပ်ရှားနေသည်။ သတိမေ့သွားပြီလားဟု ဂျွိုက် ထင်မိသည်။
"တကယ်ပါ၊ ကျိန်ရဲပါတယ်၊ ဒီစာကို ကျွန်မ မရေးဘူး"
ဂျွိုက်သည် ဘာမျှ ပြန်မပြောတော့ဘဲ မျက်နှာလွှဲကာ ကြမ်းပြင်ကို စိုက်ကြည့်ရင်း စဉ်းစားနေသည်။ ပြီးမှ ...
"ဒီလိုဆိုရင်လည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ ဆက်ဆွေးနွေးစရာ မလိုတော့ဘူးပေါ့၊ အဲဒီ စာ လက်ဝယ် ရှိနေတဲ့ သူက သက်ဆိုင်ရာ လက်ထဲ ထည့်လိုက်မယ် ဆိုရင်တော့ ဖြစ်ပေါ်လာသမျှ တွေကို ရင်ဆိုင်ဖို့သာ အသင့်ပြင်ထားပေါ့"
သူ့စကားမှာ နောက်ထပ် ပြောစရာ မရှိတော့ဟု အဓိပ္ပါယ် ပေါက်နေသည်။ သို့သော် ထိုင်ရာမှ မထသေး။ စောင့်နေသေးသည်။ အတန်ငယ် ကြာသည်ဟု ဂျွိုက် ထင်မိသည်။ လက်စလီကိုလည်း သူ မကြည့်။ သို့သော် လက်စလီသည် စကားမပြော၊ မလှုပ်မရှား ထိုင်နေမှန်း သူ သိသည်။ အသံတစ်ချက် မပြု။ နောက်ဆုံးတွင် မနေနိုင်တော့ဘဲ ဂျွိုက်က စ သည်။
"ဘာမှ ပြောစရာ မရှိတော့ရင် ငါ အလုပ်ကို ပြန်တော့မယ်"
"ဒီစာ ဖတ်ရတဲ့ လူအဖို့ ဘယ်လို တွေးထင်စရာတွေ ပေါ်လာမလဲ" လက်စလီက မေးသည်။
"စာဖတ်ရတော့ မင်း လိမ်တယ်ဆိုတာ ပေါ်လာမှာပေါ့" ခပ်ပြတ်ပြတ်ပင် ပြောချလိုက်သည်။
"ဘာလိမ်တာလဲ၊ ဘယ်တုန်းကလဲ"
"မင်း အစစ်ခံခဲ့တာက ဟမ်မွန်နဲ့ လွန်ခဲ့တဲ့ သုံးလကစပြီး အဆက်အဆံ မရှိဘူးလို့ ဆိုတယ် မဟုတ်လား"
"အကုန်လုံး ရောထွေးကုန်ပြီ။ အဲဒီတုန်းကလည်း သိပ်စိတ်ညစ်စရာ ကောင်းတာပဲ။ အဲဒီ ညက ငရဲပြည် ရောက်ခဲ့သလား အောက်မေ့ရတယ်၊ ဒီတော့ မေ့တဲ့ဟာလည်း မေ့ကုန်ပြီပေါ့"
"တခြား အဖြစ်အပျက်တွေတော့ အစီအစဉ်ကျကျ အသေးစိတ် ပြောနိုင်ပြီး အရေးကြီးတဲ့ ဒီကိစ္စမှ မေ့နေတယ် ဆိုတာတော့ မဟုတ်သေးဘူး၊ မင်းက ခေါ်လို့ သူ ရောက်လာရတာကို မေ့တယ် ဆိုတာတော့ ..."
"ကျွန်မ မမေ့ပါဘူး၊ ဖြစ်ပျက်ပြီးကြတော့ အဲဒီ အချက်ကို ပြောပြရမှာ မဝံ့မရဲ ဖြစ်နေလို့ပါ၊ ကျွန်မ ခေါ်လို့ ရောက်လာတယ် ဆိုရင်လည်း ရှင်တို့အားလုံး ယုံမှာမှ မဟုတ်ဘဲ၊ အဲဒီမှာတော့ ကျွန်မ မိုက်တယ်ပဲ ပြောကြပါစို့၊ ခေါင်းထဲလည်း ရှုပ်ကုန် ထွေးကုန်ပြီ။ ဟမ်မွန်နဲ့ အဆက်အဆံ မရှိခဲ့ပါဘူးလို့ တစ်ခါပြောထားခဲ့တော့ ဒီအတိုင်းပဲ ဆက်ပြီး ပြောရတော့မှာပေါ့၊ ဒါကိုပဲ ဆုပ်ကိုင် ထားရတော့မှာပေါ့"
ယခုမူ လက်စလီသည် ဣနြေ္ဒ ပြန်ဆည်နိုင်ပြီ။ ဂျွိုက်၏ မျက်လုံးဒဏ်ကိုလည်း ကောင်းကောင်း ခံနိုင်လာပြီ။ ပြုံးပြုံးရွှင်ရွှင် ဖြစ်လာသည်။
"အေး ... မင်းဘက်က အဖြေပေးနိုင်ရမယ်၊ ဒါထက် ပြောစမ်းပါဦး၊ ရောဗတ် မရှိတုန်း ဘာလို့ ဟမ်မွန်ကို ခေါ်ရတာလဲ"
လက်စလီသည် ရှေ့နေကြီးကို စိုက်ကြည့်သည်။ မျက်ရည်စတို့ ပြည့်လျှမ်းနေသည်။ အသံလည်း တုန်နေသည်။
"ရောဗတ်ကို အံ့အားသင့်စေ ချင်လို့ပါ၊ နောက်လမှာ သူ့မွေးနေ့ ရှိတယ်လေ။ သေနတ် အသစ် လိုချင်နေတာ ကျွန်မ သိတယ်၊ သူ့အတွက် သေနတ်တစ်လက် ကျွန်မ ပေးချင်တယ်၊ အဲဒါ ဟမ်မွန်နဲ့ မှာမလို့"
"ဒါပေမဲ့ စာထဲမှာပါတဲ့ အကြောင်း တစ်ပိုင်းတစ်စက အခု မင်း ပြောတာနဲ့ သိပ်မဆိုင်လှဘူး၊ တခြားအကြောင်း ရှိသေးသလား"
"ဟင့်အင်း မရှိပါဘူး" ခပ်မြန်မြန်ပင် ဖြေသည်။
"အဲဒီ စာက မိန်းမတစ်ယောက်က သူနဲ့ သိပ်မကျွမ်းလှတဲ့ ယောက်ျား တစ်ယောက်ကို သေနတ်တစ်လက် အဝယ်ခိုင်းချင်တာနဲ့ လာခဲ့ဖို့ ခေါ်တဲ့ စာမျိုးနဲ့ တူရဲ့လား၊ ဖြစ်နိုင်ပါ့မလား"
"စာထဲမှာတော့ စိတ်လိုက်မာန်ပါတွေ ပါနေတယ်၊ အင်းလေ ဟုတ်ပါရဲ့၊ ရေးပုံက မဟုတ်သေးဘူး ဆိုတာ ကျွန်မ သိပါတယ်" ပြီးတော့ တစ်ချက်ပြုံးသည်။
"ဂေါ့ဖရီ ဟမ်မွန် ဆိုတာလည်း ခပ်စိမ်းစိမ်း မိတ်ဆွေတော့ မဟုတ်ဘူးရှင့်၊ သူ နေမကောင်းတုန်းက အမေ တစ်ယောက်လို ပြုစုခဲ့ရတာ၊ ရောဗတ် မရှိတုန်း ခေါ်ရတာက ရောဗတ်က သူ့ကို အိမ်မလာစေချင်ဘူး မဟုတ်လား"
ဂျိုက်သည် ထိုင်ရာမှ ထကာ လမ်းလျှောက်သည်။ စဉ်းစားသည်။ စကားလုံးများ ရွေးနေသည်။ ပြီးတော့မှ တစ်လုံးချင်း အလေးအနက် ပြောသည်။
"ဒီမှာ လက်စလီ၊ မင်းကို အလေးအနက်စကား ပြောတာပဲ။ ဒီအမှုက ရိုးရိုးစင်းစင်းပဲ၊ ဒါပေမဲ့ တစ်ခုတော့ ဖြေရှင်းဖို့ လိုတယ်လို့ ထင်တယ်၊ ဟမ်မွန် လဲကျသွားတာတောင် မင်းက ကျည်ဆန်ခြောက်တောင့် ကုန်အောင် ပစ်ထည့်သေးတယ်။ အလွန် သိမ်မွေ့နူးညံ့တဲ့၊ ကြင်နာတတ်တဲ့၊ ကြောက်ရွံ့နေတဲ့ မိန်းမသား တစ်ယောက်အဖို့ စိတ်မထိန်းနိုင်ဘဲ ခြောက်ချက်တိတိ ပစ်တယ်ဆိုတာ စဉ်းစားဖို့ ကောင်းတယ်"
"ဒါပေမဲ့ ဒါက ဖြစ်နိုင်ပါတယ်၊ ရုံးက လက်ခံမှာပါပဲ၊ ဂေါ့ဖရီ ဟမ်မွန်ဟာ တကယ်လို့ အများ ပရိသတ်က နှစ်သက် လက်ခံတဲ့လူ ဖြစ်နေပေစေ၊ သူလိုလူဟာ မင်းပြောတဲ့ အမှုမျိုး ကျူးလွန်နိုင်တယ် ဆိုတာ ငါ လျှောက်လဲနိုင်ပါတယ်။ သူဟာ တရုတ်မတစ်ယောက် အိမ်မှာ နေပြီး ပေါင်းသင်း နေတယ်ဆိုတာ သူသေမှ သိရတာ။ ဒါပေမဲ့ ဒီအချက်က သူ့စရိုက်ကို မလိုလားအပ်တဲ့ဘက် ပို့ပေးနေတယ်။ ဟုတ်ပါတယ်။ ဒါကြောင့်လည်း အရပ်က သူ့ကို မလိုလားကြတာကိုး။ ဒီမနက်မှာပဲ မင်းယောက်ျားကို တွေ့ခဲ့တော့ မပူပါနဲ့။ လွတ်မှာပါလို့ ပြောခဲ့သေးတယ်။ ရုံးတော်ကလည်း ဒီလို စီရင်မှာပဲ"
သူတို့ မျက်လုံးများသည် အကြည့်ချင်း ဆုံသည်။ မစ္စက် ကရော့စဗီသည် တုတ်တုတ်မျှ မလှုပ်။ မြွေတစ်ကောင် မြင်သဖြင့် ကြောက်လန့်ကာ အကြောတွေ ဆိုင်းသွားသည့် ငှက်ကလေး တစ်ကောင်နှင့် တူလှသည်။ ဂျွိုက်က လေသံမပြောင်းဘဲ ဆက်ပြောသည်။
"ဒါပေမဲ့ ဒီစာကို တွေ့လိုက်ရတော့ အမှုက တစ်မျိုး လမ်းပြောင်းသွားနိုင်တယ်၊ ငါက မင်း ရှေ့နေ၊ ရုံးတော်မှာ မင်းဘက်က ခုခံလျှောက်လဲ ရမယ့်သူ၊ ဒီတော့ မင်းပြောသမျှကို ကိုင်တွယ် ဆုပ်ကိုင်ပြီး လျှောက်လဲရမှာ။ မင်းကိုယ်စား ချေပရမှာ၊ ဒါထက် ဘာမှ မကန့်ကွက်နိုင်ဘူး။ မင်း ပြောသမျှ ငါ ယုံတယ်။ ဒါမှမဟုတ် မင်းပြောတာတွေကို သံသယ ရှိချင်ရှိမယ်၊ ဒါပေမဲ့ ရုံးတော်မှာတော့ မင်းမှာ အပြစ်မရှိဘူး ဆိုတာတွေကို ခုခံပြောဆို လျှောက်လဲရမှာပဲ၊ သက်သေထူရမှာပဲ"
"ရှေ့နေဆိုတာ ဘေးဘီမှာ သူ့ထင်မြင်ချက်တွေ၊ သူ့ယူဆချက်တွေက တခြား၊ သူ့အမှုသည် တကယ် အပြစ် ရှိတယ် မရှိဘူး ဆိုတာတွေဟာ သူနဲ့ ဘာမှ မဆိုင်ဘူး၊ သူ့ကိစ္စက သူ့အမှုသည် အပြစ်မရှိဘူးလို့ လျှောက်လဲရမှာပဲ"
လက်စလီ၏ မျက်လုံးအစုံတွင် အပြုံးတစ်ချက် တွေ့လိုက်ရသဖြင့် သူ အံ့ဩသွားသည်။ ဆက်၍ ပြောပြန်သည်။
"ဒီတော့ မင်းတို့အိမ်ကို ဟမ်မွန် ရောက်လာတာဟာ မင်းက အလောတကြီး ခေါ်လို့ ရောက်လာတာ။ ဒိန်းဒလိန်း ဖမ်းပြီး ဆင့်ခေါ်လို့ ရောက်လာတာလို့ ငါ ပြောရင် မင်း ငြင်းမလား"
မစ္စက် ကရော့စဗီသည် တွေဝေ စဉ်းစားနေသည်။
"ဒီစာဟာ ဟမ်မွန်ဆီကို မင်း ခိုင်းလိုက်တဲ့ ကောင်လေး တစ်ယောက်က စက်ဘီးစီးပြီး ယူလာတာလို့ သူတို့က သက်သေပြမယ်"
"တစ်ဖက်က လူတွေကို မင်းလို မဆင်မခြင် မိုက်ကန်းကန်းလို့ မထင်နဲ့၊ ဒီစာဟာ သံသယ ဝင်စရာ အများကြီး။ ဒီစာကို မြင်လိုက်တော့ ငါ ဘယ်လို ထင်တယ်ဆိုတာ မပြောသေးဘူး၊ ဒီတော့ ငါ့ကို ပြောပြပါ။ မင်း ခေါင်းနဲ့ကိုယ် အိုးစားမကွဲဖို့ ဘယ်လို လုပ်မလဲလို့ ပြောပြပါဦး"
လက်စလီသည် စူးစူးရွားရွား အော်လိုက်သည်။ ထိုင်နေရာမှ ရုတ်တရက် ထလိုက်သည်။ သူ့တစ်ကိုယ်လုံး သွေးမရှိတော့။ ဖြူဖပ်ဖြူရော် ဖြစ်လာသည်။
"သူတို့ ကျွန်မကို ကြိုးပေးမှာလား ဟင်"
"အေး ... ဟမ်မွန်ကို မင်း ပစ်သတ်တာဟာ ကိုယ့်ကိုယ်ကိုယ် ခုခံဖို့အတွက်လို့ သူတို့ ယုံကြည်ရင်တော့ အပြစ်မရှိဘူးပေါ့။ မယုံကြည်ရင် လူသတ်မှု ဖြစ်မှာပဲ၊ တရားရုံးက ကြိုးပေးဖို့ ရှိတာပဲ"
"ဒါပေမဲ့ ဘာအထောက်အထား ရှိလို့လဲ"
"မသိဘူးလေ။ သူတို့ဘက်က ဘယ်လို တင်ပြမယ် ငါ မသိဘူး။ အဲဒါ မင်းသိတယ်၊ ငါတော့ မသိချင်ဘူး။ သူတို့ဘက်က သံသယ ဝင်လာရင် စုံစမ်းမှာပေါ့။ သက်သေတွေ ထပ်ခေါ်မှာပေါ့၊ ဒေသခံ တိုင်းရင်းသားတွေ ခေါ်စစ်မှာပေါ့။ အဲဒီတော့ ဘာတွေ ပေါ်လာမလဲ"
လက်စလီသည် ရုတ်တရက် လဲကျသွားသည်။ ဖမ်းလို့ပင် မမိလိုက်။ သတိမေ့သွားပြီ။ ဂျွိုက်သည် အခန်းထဲတွင် ရေအိုးရှာသည်။ မတွေ့ရ။ သည်တော့ အသာအယာပဲ ကြမ်းပြင်ပေါ်မှာ ချထားလိုက်သည်။ ပြန်ပြီး သတိလည်လာမည်ကို စောင့်နေသည်။ ခဏကြာလျှင် မျက်လုံးများ ပွင့်လာသည်။ သူ့မျက်လုံးများ ကြောင်နေပြီ။ ဂျွိုက်တစ်ယောက် စိတ်ပူသွားသည်။
"ငြိမ်ငြိမ်လေး နေလိုက်ဦး၊ ခဏကြာရင် ကောင်းလာမယ်" ဒါပဲ ပြောနိုင်သည်။
"ကျွန်မကို ကြိုးမပေးအောင် လုပ်ပေးပါ" တိုးတိုး ဆိုသည်။ ထို့နောက် မချုပ်တည်း နိုင်တော့ဘဲ ငိုကြွေးသည်။ ဂျွိုက်က လေပြည်ထိုးကာ ချော့ရသည်။
"သတိထားမှပေါ့ကွာ၊ အားတင်းစမ်းပါ"
"ခဏလေး အချိန်ပေးပါလေ"
လက်စလီ၏ သတ္တိမှာ အံ့ဩစရာပင် ကောင်းလှသည်။ ခဏလေး အတွင်းမှာပင် တည်တည်ငြိမ်ငြိမ် ဖြစ်လာသည်။ နဂိုနေ ပြန်ရောက်လာသည်။
ကုလားထိုင်တွင် ထိုင်ရန် ဆွဲထူပေးသည်။ ခဏလောက် စကား မပြောပါနဲ့ဦးလားဟု လက်စလီက ဆိုသည်။
"ကောင်းပြီလေ"
အတန်ကြာမှ လက်စလီ စကား စပြောသည်။ ပြောတော့ မမျှော်လင့်တာကို ကြားရသည်။ ပြောရင်း သက်ပြင်းချသည်။
"အားလုံး ရှုပ်ကုန်ပြီ ထင်တာပဲ"
ဂျွိုက်က ဘာမှ ပြန်မပြော။ ထိုအခါ လက်စလီက ဆိုသည်။
"အဲဒီ စာကို ကျွန်မတို့ ရအောင် မယူနိုင်ဘူးလား"
"အဲဒီ အထိတော့ မပြောဆို ကြရသေးဘး။ လက်ဝယ်ရှိတဲ့ လူက ရောင်းမလား၊ မရောင်းဘူးလား၊ ဘယ်လိုလဲ မသိဘူး"
"ဘယ်သူ့ လက်ထဲမှာလဲ"
"ဟမ်မွန်နဲ့ အတူနေတဲ့ တရုတ်မ လက်ထဲမှာ"
လက်စလီ မျက်နှာသည် တစ်ချက် ရဲတက်သွားသည်။
"သူက အတော် လိုချင်လို့လား"
"ငါ့အထင်တော့ ဒီစာဟာ ဘယ်လို တန်ဖိုးရှိတယ် ဆိုတာ သူ သိပုံပဲ။ တော်တော် တန်ဖိုးကြီးကြီး ပေးရမယ် ထင်တာပဲ"
"ကျွန်မလည်ပင်း ကြိုးကွင်းစွပ် ခံရတာ ရှင် ကြည့်ချင်တယ်လား"
"ဟေး ... အဲဒီ သက်သေခံပစ္စည်း တစ်ခုကို လွယ်လွယ်လေးနဲ့ ကိုယ့်လက်ထဲ ရောက်လာနိုင်မယ်လို့ မင်း ထင်နေသလား၊ ကဲ ဘယ်လို လုပ်မလဲ၊ မင်းပဲ အကြံပေးစမ်းပါဦး"
"ဒီတော့ ဘာဖြစ်မလဲ"
"တရားဥပဒေအတိုင်း ဖြစ်မှာပေါ့ကွ"
လက်စလီမှာ ဖျော့တော့လာသည်။ တုန်တုန်ယင်ယင် ဖြစ်လာသည်။
"ကျွန်မ တစ်ကိုယ်လုံး ပုံအပ်ပါတယ်ရှင်၊ တကယ်တော့ မသင့်တာ လုပ်ရမယ်လို့ ရှင့်ကို ပြောဆိုခွင့် ကျွန်မမှာ မရှိပါဘူး"
လက်စလီးသည် ရိုကျိုးသော မျက်လုံးများဖြင့် ဂျွိုက်ကို ကြည့်ကာ အသနားခံသည်။ ထိုမျက်လုံးများကို မမေ့။ လက်မခံခဲ့လျှင် တစ်သက်လုံး နောင်တရလို့ မဆုံးနိုင်တော့ပြီဟု ဂျွိုက် ထင်လာသည်။ ဟမ်မွန်လည်း သေရာက ပြန်ပြီး ရှင်မလာနိုင်။ စာထဲ ပါတာက ဘာဆိုလိုတာလဲ သူ မသိ။ တကယ်တော့ စော်ကားမော်ကား မလုပ်ဘဲ ပြန်လည်ခုခံဖို့ ဆိုသည်မှာ မဖြစ်နိုင်။ သည်လိုဆိုလျှင် တစ်ဖက်သတ် ယူဆရာ ရောက်နေမည်။
( ဇာတ်သိမ်းဆက်ရန်)👇👇👇
No comments:
Post a Comment