Tuesday, 5 March 2019

လိုင်စင်ရ၏ မရ၏ ( ဇာတ်သိမ်းပိုင်း)

#လိုင်စင်ရ၏ မရ၏


( ဇာတ်သိမ်းပိုင်း)


#ယုဒါ


သူက အဆင်မပြေမှု တစ်ခုခုရှိပြီ ဆိုတာနှင့် မျက်နှာထားပြောင်းကာ မီးခိုးကြွက် လျှောက် ပြဿနာ ရှာတတ်သူ တစ်ယောက်တော့ မဟုတ်။  တချို့လူတွေက ကိုယ်ပြဿ နာကို သူ့ပြဿနာဖြစ်အောင် လုပ်တတ်ကြသေး၏။  လူပီသသူတွေက ကိုယ်ပြဿနာ ကိုယ်ရှင်းနိုင်ကြပြီး ထို့ထက်ပို၍ လူ့ကျင့်ဝတ်ကို စောင့်သိတတ်သူတွေက လက်လှမ်းမီ သမျှ ပတ်ဝန်ကျင်မှ ပြဿနာတွေကိုပင် ကူညီဖြေရှင်း တတ်ကြ လေသည်။  အနည်းဆုံး တော့ သူလည်းလူပီသသူ တစ်ယောက်ဖြစ်ချင်သည်။


ဖြစ်နိုင်လျှင်တော့ သူတကာတွေ၏ မပြေလည်မှုတွေကိုလည်း ဖြေရှင်းပေးလိုပါ သည်။  ခုပဲကြည့်စမ်း။  သူ့မျက်စိ ရှေ့မှာ သူ့ထက်ပို၍ ဒုက္ခရောက်နေသူတွေကို သူက ဒီအတိုင်း လက်ပိုက်ကြည့်နေရသည်။  အသက် အရွယ် နှင့် မလိုက် ဘဝတာဝန်ကို ယူနေရ သော ကလေးမလေးတစ်ယောက်လောက်ကိုသာ ငွေသုံးထောင် ပေး၍ ကူညီနိုင်ခဲ့သည်။  တကယ်တော့ ဒါသည်ပင် သူ့အတွက် စွန့်စွန့်စားစား အလှူကြီးတစ်ခု ဖြစ်သည်။  သူလိုချင်သည့်ပစ္စည်းတစ်ခု ရဖို့ ဝေးသည်ထက် ဝေးသွားသော အခြေအနေ တစ်ခုကို သိလျက်နဲ့ သူ စွန့်လွှတ်ခဲ့ခြင်း ဖြစ်သည်။  မိနစ်ပိုင်းမျှသော အချိန်ပိုင်းလေးမှာ ဖြစ်ခဲ့သည့် စိတ် တိုက်ပွဲ က ပြင်းထန်လှသည်။


အဆုံးသတ် မှာတော့ သူကစိတ်ကို ယတိပြတ်ပိုင်းဖြတ်နိုင်ခဲ့သည်။  နိုင်ငံခြားဖြစ် အင်္ကျီမဝတ်ရတော့ သူ ဘာဖြစ်သွား မည်နည်း။  ပြောပလောက်အောင် နစ်နာဆုံးရှုံးသွား စေမည့် အကြောင်း မရှိ။  ကောင်မလေး အတွက်တော့ သူ ပေးလိုက်သည့် ငွေသုံးထောင် က အပြောင်းအလဲ တစ်ခုဖြစ်စေလောက်အောင် ကြီးကျယ် ခမ်းနား ပေလိမ့်မည်။  သူ့မျက် စိအောက်မှာ တွေ့မြင်နေရသော ဘဝများစွာ၏ သုညတွေရှေ့မှာ ဂဏန်း တစ်လုံးလောက် ပင်ဖြစ်စေ သူ ကျေနပ်ချင်ပါသည်။


ဘာပဲဖြစ်ဖြစ် ကျေနပ်ခဲ့ပါသည်။  သူ တောင့်သလိုချင်နေသော အဝတ်အစားသစ် မဝယ်နိုင် တော့သည်ကိုလည်း တစ်စုံတစ်ရာ စိတ်ခံစားမှု ဖြစ်မနေခဲ့။  သူ့စိတ်တွေ အထူးပင် ပေါ့ပါးကြည်လင် နေသေးသည်။  အိမ်ပြန်ရောက်ရောက်ချင်း အမေ့အတွက် ငွေတစ် သိန်းပေးကာ ငွေသုံးထောင် အလှူ လုပ်ခဲ့ကြောင်း ပြောပြတော့ အမေက မျက်လုံးမျက်ဆံ ပြူးလျှက် အံ့သြဟန်ပြလေသည်။  ပြီးတော့မှ အလွန် တစ်ရာ ပြုံးကြည်သာသော မျက်နှာ ဖြင့် 'ဒါမှ အမေ့သားပေါ့' ဟူသော စကားကို နှစ်ထောင်းအားရစွာ ဆိုလေ သည်။


အလုပ်သွားရန် မနက်စောစော နှိုးဖို့အမေ့ကို ပြောထားသော်နည်း အမေ မနှိုးခင် သူနှိုးနှင့်သည်။  သူတို့ ရပ်ကွက်ထဲသို့ မနက်တိုင်းပဲပြုတ်လာရောင်းသော ဈေးသည်၏ 'နေတိုး' ဟူသော အသံက သူ့အတွက် နာရီ နှိုးစက်တစ်လုံး လိုပင်။  ပဲပြုတ်ကို ဘယ်လို ကြောင့် နေတိုးဟု အသံထွက်အောင် သံပြတ်နှင့် အော်ရောင်း သည်တော့ မသိ။  သူသိ တာဖြင့် ထိုပဲပြုတ်သည်မသည် မင်းသားနေတိုး မပေါ်ခင်ကတည်းက ထိုအသံ နှင့်ပင် ပဲပြုတ်အော်ရောင်းနေခဲ့သူ ဖြစ်သည်။  အမေကတော့ မင်းနားက ကြားတာပါ။  အမေ ကတော့ ဖဲဖိုးလို့ပဲ ကြားတယ် ဟု ဆိုသေး၏။  အမေနှင့်သူ ဘယ်လိုပင် ကြားသည် ဖြစ်စေ သူတို့ တစ်ရပ်ကွက်လုံးက ထိုအသံကြာရုံနှင့် ပဲပြုတ်သည်လာပြီဟု သိကြလေ သည်။


သူကတော့ နေတိုးလာရုံဖြင့် အိပ်ရာမှ မထတတ်ပေ။  ထိုအသံကို နား ထောင်းပြီး နာရီဝက်လောက် အိပ်ရာထဲ နှပ်နေပြီး အမေနှိုးမှ ထတတ်သူဖြစ်၏။  ဒီနေ့တော့ အိပ်ရာထဲ နှပ်နေရန် အချိန်မရှိ။  အချိန်ရှိခိုက် လုံ့လစိုက်မှ ဖြစ်ပေ မည်။  မနက်ခုနစ်နာရီ အလုပ်ထဲ အရောက်လာခဲ့ဖို့ သူ့အလုပ်ရှင်က မှာထားခဲ့သည်။  ထိုမှတစ်ဆင့် တစ်နေရာရာသို့ သူ ဆက်သွားရမည်ဖြစ်သည်။  သူ ကမန်းကတန်းမျက်နှာသစ်ကာ အဝတ်အစားလဲ၍ ကားမှတ်တိုင်ဆီ အပြေးအ လွှား ထွက်လာခဲ့၏။  ထုံးစံ အတိုင်း အိပ်ရာထပြီး မကြာခင် အသံပေးတတ်သော ဗိုက်က ဆန္ဒပြလာပြီ ဖြစ်၏။  အမေပြင်ကျွေးမည့် နံနက်စာ ကို စောင့်စားနေဖို့ အချိန်သူ့မှာမရှိ။  မနက်စောစာကို သူ ဖြစ်သလိုပင် စားလေ့ရှိသည်။  ဒါကြောင့်ပဲ လား မသိ။  အဆာခံ၍ အချိန်လွန်မှ စားတတ်သော အကျင့်ကြောင့် ခုတလော လေထိုး လေအောင့် ရောဂါ ရလာသည်။


ဆရာဝန်ကြီးများနှင့် တွေ့ဆုံမေးမြန်းခန်းတွေ လုပ်နေရသူတစ်ယောက် အနေဖြင့် မိမိကိုယ်မိမိ ကျန်းမာရေး စောင့်ရှောက်မှု ရှိသင့်သည်ဆိုတာတော့ သူသိ ပါသည်။  သို့ပေမယ့် ထုံးစံအတိုင်း သူ့မှာ ဆင်ခြေ တွေသာ များနေလေသည်။  ခုပဲကြည့်၊ ထိုဆင်ခြေတွေကြောင့်ပင် လှမ်းနေသည့် ခြေလှမ်းတွေ ယိုင်နဲ့လုနီးပါး ဟန်ချက်ပျက်ကာ သူ့ဝမ်းဗိုက်က ဒုက္ခပေးနေလေပြီ။  အစာတစ်ခုခုပေးဖို့ လိုအပ် နေပြီပေါ့။  လိုင်းကားစီးပြီးမှ စားရမည်ဆိုလျှင် ဒီ့ထက် ပိုဆိုးလာနိုင်သည်။  လွယ် လွယ်ကူကူ ဘာများရနိုင်သနည်း။  သူ လမ်းဘေး ဝဲယာ ကို ဟိုဟိုဒီဒီ ငဲ့စောင်းကြည့် မိစဉ်.....


" အစ်ကိုကြီး "

သူ့နောက်ဆီမှ ကြားလိုက်ရသော အသံတစ်ခုနှင့် ထပ်တူနီးပါး ရောက်လာသော ခြေလှမ်းအစုံ။  သူ ဖျတ်ခနဲ လှည့်ကြည့်လိုက်တော့ ဒန်လင်ဗန်းတစ်ခုကို ခေါင်းပေါ် ရွက်ထားသည့် ကောင်မလေး တစ်ယောက်ကို တွေ့ရသည်။  သနပ်ခါးပိန်းကြား လူးထားသည့် ကောင်မလေးက လင်ဗန်းကို ကိုင်မရင်း

"သမီး ရောင်း တဲ့ မုန့်လေးပေးချင်လို့၊ အစ်ကိုကြီး ဟိုလမ်းကြားထဲက ထွက်လာကတည်းက သမီး လှမ်းမြင် လိုက်လို့ ပြေးလိုက်လာတာ"

"သြော်.... ညည်းကိုး၊ အစ်ကို့ကို အဝေးက မြင်တာတောင် မှတ်မိတယ် လား"


"အစ်ကိုအရပ်က အရှည်ကြီးဆိုတော့ သမီး ပိုမှတ်မိတာပေါ့။  အဲဒီနေ့က စပြီး သမီးတို့ အစ်ကိုကြီးကို နေ့တိုင်းပဲ ကျေးဇူးတင်နေတာ။ အစ်ကိုကြီပေးတဲ့ ပိုက်ဆံနဲ့ အမေ့ကို ဆေးသွားလိုက်တယ်။  နောက်ရက် ကျတော့ အမေပဲပြုတ် နိုင်ပြန်ရောပဲ။  သမီးအမေက ပဲပြုတ်ရောင်းတယ်။  သမီးက ပဲပြုတ်ရယ်၊ ဟောဒီနံ ပြား တွေရယ် တွဲရောင်းတာ။  အဲဒီနေ့ကလေ အစ်ကိုကြီးနဲ့သာ မတွေ့ရင် အမေ သေမလားပဲ။  အမေ ဖျားနေတာ သုံးလေးရက်တောင် ရှိနေပြီဆိုတော့ ဈေးလည်း မရောင်းနိုင်၊ သမီးရော အဘွားရော စိတ်ညစ် နေကြတဲ့ အချိန်ပေါ့ အစ်ကိုကြီးရဲ့"


ကောင်မလေးတစ်ယောက် နံပြားတစ်ချပ်ကို ကတ်ကြေးဖြင့် ကျင်လည်စွာ လှီးဖြတ်ရင်း စကားတွေ ရွှန်းရွှန်းဝေ အောင် ပြောနေပုံကို သူငေးကြည့်နေမိသည်။  ဘာရယ်မဟုတ် သူ ကူညီဖူးခဲ့တဲ့ ကောင်မလေး တစ်ယောက်ဟာ ဘဝတာဝန်တွေ ကို အသက်အရွယ်နဲ့မလိုက် လူပီသစွာ ထမ်းရွက်နိုင်သူလေးပေါ့။  ကောင်မလေး က သူပေးခဲ့သည့် ငွေသုံးထောင်အတွက် ကျေးဇူးတင်ကြောင်းတွေ တခုတ်တရ ပြော နေတော့ သူ့ရင်ထဲမှာ ပီတိတစ်ဖန် ထပ်ဖြစ်လာရသည်တော့ အမှန်။


ကောင်မလေးရယ်၊ တကယ်တော့ ငါဟာ မင်းထင်သလောက် အလှူအ တန်း၊ အပေးအကမ်း ရက်ရောစွာ သဒ္ဓါတရားကောင်းလှသူ တစ်ယောက်တော့ မဟုတ်ပါဘူး။  ဒါပေမဲ့ မင်းအပေါ် အဲဒီနေ့က ထားခဲ့တဲ့ စေတနာကတော့ အမှန်တ ကယ်ပဲ စစ်မှန်ခဲ့ပါတယ်။


ကောင်မလေးကျွေးသော ပဲနံပြားတစ်ချပ်ကို စားလိုက်ရ၍ ခွန်အားတွေ ရုတ်ချည်းတိုးလားသလိုပင် ခံစား လိုက်ရသည်။  လိုင်းကားစီးဖို့ စောင့်နေသော ခရီးသည်များကို အစုအဝေးလိုက် မြင်ရတော့လည်း ခါတိုင်း လို စိတ်ပျက်လက် ပျက် မဖြစ်မိ။  လူတွေကလည်း သူ့ကို ပြိုင်ဘက်တစ်ယောက် ထပ်မံရောက်ရှိလာ သလိုသဘောထားဟန် မရှိ။  အချိန်ကိုက် ထိုးဆိုက်လာသည့် ကားတစ်စီးပေါ်သို့ သူ အလွယ်တကူပင် တက်နိုင်ခဲ့သည်။  အဆင်ပြေချင်တော့လည်း ကားပေါ်မှာ ထိုင်စရာနေရာတစ်ခုပင် ရခဲ့ပါသေးသည်။  ဒီနေ့ အဖို့တော့ သူ အစစ အရာရာ အ ဆင်ပြေလိမ့်မည် ထင်ပါသည်။ 


သူ့စိတ်တွေ အထူးပင် ကြည်လင်လန်းဆန်းနေခဲ့သည်။  မနက်ခင်းပိုင်း အ လုပ်ဝင်ကာစဆိုတော့ လူတွေ ဆီက ရသော ရနံ့တွေသည်ပင် လတ်ဆတ်နေသေး ၏။  ပြီးတော့ လူတိုင်းလိုလိုကပင် သူ့ကို အရေးတယူ ပြုံးပြနေသလိုလို ခံစားလိုက် ရ၏။  ရွှင်ပျနေသော မျက်နှာထားကြောင့် သူတွေက သူ့ကို အသိအမှတ်ပြု နှုတ် ဆက်နေခြင်းလား။  ယခင်နေ့တွေကရော သူ့မျက်နှာမျာ အပြုံးမရှိခဲ့ဘူးလား။  ဖြစ် နိုင်ပါသည်။  သူသိသလောက် သူ မပြုံးရယ်မိသည်မှာ ကြာပြီ။  မနက်မိုးလင်းက မိုးချုပ် အလုပ်အတွက် ကားပေါ်မှာ၊ လမ်းပေါ် မှာသာ အချိန်ကုန်နေရ၍ လူတွေကို ပြုံးပြနှုတ်ဆက်ဖို့ အချိန်ပင် သူ သတိမရခဲ့။  သူ့ထက်ငါ အရင် ဦးအောင် နေရာရဖို့ သာ ကြိုးစားနေခဲ့သည် ထင်ပါသည်။


ခုတော့ ပီတိလေးတစ်ခုကို ခံစာမိရင်း အလိုလိုနေရင်းပင် သူကျေနပ်လို့နေ သည်။  ဒါကြောင့်လည်း သူ့မျက်နှာ မှာ အပြုံးရိပ်ထင်နေခြင်း ဖြစ်လိမ့်မည်။  အံ့သြ စရာတော့ ကောင်း၏။  ထိုအပြုံးလေး တစ်ချက်သည် လူတကာကို ကူးစက်ခံစားစေလျက် သူ့ကိုလည်း တစ်ဖန် ပျော်ရွှင်စေပြန်သည်။  လူတွေကို ပြုံး ပြဖို့ အရင်က သူ ဘာကြောင့်မေ့လျော့ နေခဲ့ပါလိမ့်။  ခုတော့ စိတ်လက်ကြည်သာ အပြုံးရိပ်ထင်နေသည့် သူ့ မျက်နှာကြောင့် လူတွေက စတင်နှုတ်ခွန်းဆက်ကြခြင်း ဖြစ်လိမ့်မည်။


လမ်းပေါ်မှာ၊ ကားပေါ်မှာပြီးတော့ အလုပ်ခွင်ထဲ ရောက်နေသည်အထိ စိတ်နှလုံးရွှင်လန်းနေသော သူ့ကို လူတွေက ခါတိုင်းထက် ပိုဂရုစိုက်ကြသည်ကို သူ အမှန်တကယ် ခံစားနိုင်ခဲ့ပြီ။  အလုပ်စားပွဲမှာ ထိုင်ထိုင်ချင်း....

"ကောင်လေး ဘော့စ် ခေါ်နေတယ်"

ဟု လာခေါ်တော့ သူ စိတ်လက်ပေါ့ပါးစွာပင် ထွက်လာခဲ့သည်။ 'ဘာတွေ ခိုင်းဦး မှာလဲ၊ ဘာပြဿနာတွေ ထပ်တိုးဦး မှာလဲ'  ဟု သူ စဉ်းစားမနေတော့။  ခိုင်းခိုင်း သူ့ ဘက်က စိတ်ပါလက်ပါ လုပ်ပေးဖို့သာ အဆင်သင့် ဖြစ်နေလေသည်။


    "Good Morning"

    "Morning ဆရာ"

"လာ ထိုင်ပါဦး၊ မနေ့က မိုးချုပ်သွားတာနဲ့ မပြောလိုက်ရဘူး"

"ဘာကိစ္စ ရှိလို့လဲ၊ ပြောပါ ဆရာ"


"အလုပ်ကိစ္စ မဟုတ်ပါဘူး။  ဒီမှာ မင်းအတွက် ဆရာ ဝယ်ထားတာ၊ မင်း ဘော်ဒီနဲ့ ကိုက်မယ်ထင်တာပဲ။ ရှပ် အင်္ကျီ အဖြူလေးတွေ။  မင်းလည်း ဟိုပြေးဒီ ပြေးနဲ့ သွားရတာ များပြီ။ အဖြူလေးတွေဆိုတော့ အပူလည်း သက်သာတယ်။  လူကြီးတွေနဲ့ တွေ့ရတာလည်း အဆင်ပြေတာပေါ့ကွာ။  မင်းအတွက် လက်ဆောင် ပေါ့။"


သူ့အလုပ်ရှင်သူဌေးကို အံ့အားသင့်စွာဖြင့် ပြန်ကြည့်မိတော့ သူဌေးက သူ့ ကိုပြုံး၍ ကြည့်နေ၏။  သူဌေးက သူ့ကို စတင်နှုတ်ဆက်ခဲ့၏။  ပြီးတော့ တစ်ခါမှ မပေးခဲ့ဖူးသည့် လက်ဆောင်ပဏ္ဏာတွေပင် ပေးလိုက် သေး၏။  ဒီနေ့ အထူးအဆန်းတွေချည်းပဲ ဖြစ်နေခဲ့ပါလား။

"ကျေးဇူးတင်ပါတယ် ဆရာ"

"မလိုပါဘူးကွာ။  အလုပ်ရှင်နဲ့ အလုပ်သမားဆိုတာလည်း တကယ်တော့ အပြန်အလှန် ကျေးဇူး ရှိသူ တွေပါပဲ။  မင်း အနစ်နာခံ လုပ်ပေးနေတာတွေ ငါ သိပါ တယ်ကွာ။  ရှေ့လာမယ့်လကစပြီး လစာတိုးပေးဖို့ ငါတို့  စီစဉ်ထားတယ်။"


သူ့အလုပ်ရှင် သူဌေး ဘာစိတ်ကူးပေါက်သွားသည်တော့ သူ မသိ။  သူသိတာက သူ ဌေးမျက်နှာ ကြည်သာ နေသလို သူ့မျက်နှာလည်း ရွှင်ပျနေမှာ သေချာခြင်းပင် ဖြစ်၏။  သူ လုံးဝ မျှော်လင့်မထားခဲ့သော လက်ဆောင် ကို သူ့အလုပ်ရှင်ထံမှ ရခဲ့သည့်အတွက် သူ အံ့သြနေမိ သည်။  သူဌေးရှေ့က ထွက်လာတော့ သူ့ခြေလှမ်း တွေပင် ကြမ်းခင်းနှင့် မထိသလို ဖြစ်နေ၏။  လက်ဆောင်ရလာသည့် အဖြူရောင် ရှပ်အင်္ကျီ၏ တံဆိပ် ကို ကြည့်လိုက်တော့ ပို၍ပင် ရင်ခုန် သွားရသည်။  ကြည့်စမ်း..... ဘယ်လောက် ပျော်စရာ ကောင်းလိုက် တဲ့ အဖြစ်အပျက်လေးလဲ ဆိုတာ။

ချက်ချင်း ဆိုသလို သူ သတိရလိုက်မိသူက အမေဖြစ်သည်။  အမေသိရင် ဘယ် လောက်များ ပျော်သွား လိုက်လေမလဲ။  ပြီးတော့ ပါးစပ်ကြီးတစ်ခုလုံးနှင့် အားရပါးရ စကားတွေ ကို အမေပြောပေလိမ့်ဦးမည်။  


"အမေပြောသားပဲ မဟုတ်လားသားရဲ့။  စေတနာသာ အဓိကလို့။  စေတနာအရင်း ခံတဲ့ စိတ်တစ်ခုနဲ့သာ အလုပ်လုပ်။  အကျိုးပေးချိန်တန်ရင် ပေးကိုပေးမှာပဲ။  စိတ်ကောင်း စေ တနာကောင်းထားတယ်။  သူတစ်ဖက်သား ကို ကူညီတယ်ဆိုတဲ့ အလုပ်ကို လူချမ်းသာတွေမှ သာ လုပ်နိုင်တာလို့ တချို့က ထင်နေ ကြတာ။  တကယ်တော့ မဟုတ်ပါဘူး သားရယ်။  အတိုင်းအတာ၊ အချိုးအဆချင်းတော့ မတူနိုင်ဘူး ပေါ့ကွယ်။  လူချမ်းသာတွေမှ လုပ်နိုင်မယ့် အကူအညီမျိုးကို အမေတို့ လုပ်မပေးနိုင်တာလည်း ရှိတယ်။  ဒါပေမယ့် ရပ်ကွက်ထဲမှာ အမေ လုပ်နိုင်တဲ့ ပရဟိတ အလုပ်မျိုးတွေကို ဒေါ်လာသန်းချီ ချမ်းသာတဲ့ သူဌေးကြီး တွေ မလုပ်နိုင် တာလည်းရှိနေသေးတာပါပဲ။ ဖြစ်သင့်တာကတော့ လူတိုင်းလူတိုင်း စိတ်ကောင်လေးတစ်ခု မွေးပြီး ကိုယ်နဲ့ နီးစပ်ရာ ပတ်ဝန်းကျင်အပေါ် စေတနာ ကောင်းထားဖို့ တတ်စွမ်းသမျှ ကူညီ တတ်ဖို့ပါပဲ။  ပတ်ဝန်းကျင်ကို ဘယ်တော့မှ မဲ့မကြည့်နဲ့။  ဖြူစင်တဲ့ အပြုံးလေး တစ်ခု နဲ့ သာ ကြည့်။ ကိုယ့်အတွက် အပြုံးတွေပဲ ပြန်ရလိမ့်မယ်။  ဒါကိုတော့ အမေ့သားယုံကြည်ပါကွယ် "


သနပ်ခါးရေကျဲ လိမ်းထားသော အမေ့မျက်နှာက လှသည် မဟုတ်သော်ငြား ကြည်လင်ငြိမ်ချမ်းသော အပြုံး တွေကြောင့် ကျက်သရေရှိစွာ ကြည့်ကောင်းနေသည်။  ဒါက အမေ၏စိတ်ထားကြောင့် ဖြစ်ပေလိမ့်မည်။  ရပ်ကွက် ထဲ မှာ သူ့အမေ ဒေါ်မြရင်ကို မသိသူဟူ၍ မရှိသလောက် ဖြစ်နေတာက အမေ၏ လူတကာအပေါ် စေတနာ ထား ကူညီ တတ်သော အလေ့အထကြောင့်သာ ဖြစ်သည်။  အမေ့ဆီက အမွေကောင်းတွေကို သူရယူ နိုင်ပါလျက် ဘာကြောင့် ယူရကောင်းမှန်း မသိခဲ့သနည်း။


ကိုယ့်ဘဝ တစ်ခုတည်း အတွက် မျှော်လင့်ကာ အလုပ်လုပ်နေသူဖြစ်လျက် တစ် လောကလုံးက လူတွေကို လုပ်ကျွေး နေရသလို မချိမဆံ့လေးပင်သော မျက်နှာထားမျိုးဖြင့် သူ နေတတ်ခဲ့သည်။  လူတွေ ရယ်မော နေသည်ကို မြင်ရလျှင်ပင် အမြဲလိုလို ညစ်နေသော အခံစိတ်ဖြင့် အလကားပေါ့ပေါ့နေ ပေါ့ပေါ့စား လူတွေဟု အထင်သေး တတ်ခဲ့သည်။  သူ့ ကိုယ်သူသာ အစဉ်ထာဝရ တိုးတက်အောင် ကြိုးစားနေသည့် သူရဲကောင်း ကြီးပမာ အထင် ရောက်ခဲ့သည်။  တကယ်တော့ လူ့ဘဝသက်တမ်းတိုတိုလေးမှာ သူ သက်တမ်းစေ့နီးပါး နေရမည် ဆိုလျှင်ပင် သုံးပုံတစ်ပုံကျော် ကာလတစ်ခုကို ဖြတ်သန်းပြီးပြီမို့ အချိန်တွေ အတော်ကြီး လျှော့ပါး သွားခဲ့ပြီ။


သို့ဆိုလျှင် ကုန်ဆုံးခဲ့သော ဘဝ၏ သုံးချိုးတစ်ချိုး ကာလတွေမှာ လူတွေကောင်း ကျိုးအတွက် သူ ဘာတွေလုပ်ပေးခဲ့ဖူးသနည်း။  သူ့ပတ်ဝန်းကျင်က လူဘယ်နှစ်ယောက် လောက်ကိုများ မည်သို့သော စိတ် ချမ်းသာမှုမျိုး ပေးခဲ့ဖူးသနည်း။  လူတစ်ယောက်၏ ဘဝ ပြောင်းလဲစေလောက်သည့် အကူအညီမျိုးကိုရော သူ ပေးခဲ့ဖူးပြီလား။  သူ့ကြောင့် စိတ် ချမ်းသာပျော်ရွှင် သွားခဲ့ရပါသည်ဆိုသော လူရော ဘယ်နှစ်ယောက်ရှိပြီတဲ့ လဲ။


"ကိုယ့်ကြောင့် လူတစ်ဖက်သား စိတ်ချမ်းသာရတယ်ဆိုရင် သိပ်ကောင်းတာပေါ့ သားရယ်။  ဒါ့ထက် ပိုပြီး ကိုယ့်ကြောင့် လူတစ်ယောက်ရဲ့ဘဝ တိုးတက် ပြောင်းလဲသွား တယ်ဆိုရင် အကောင်းဆုံး ကုသိုလ် တစ်ခု ပဲပေါ့။  ဘယ်နေရာရောက်ရောက် ကိုယ်နဲ့နီးစပ် သမျှ ပတ်ဝန်းကျင်အပေါ်မှာ စိတ်ကောင်း စေတနာ ကောင်းနဲ့ ကူညီလုပ်ကိုင်ပေးပါ သား ရယ်။  ဒါဆို သားဘဝ ဘယ်တော့မှ မနိမ့်ကျပါဘူး။"


အမေ့စကားတွေကို ပြန်ကြားယောင်နေမိလျက် အတွေးစတွေကို ဆန့်ထုတ်ကြည့် မိတော့ အလိုလိုပင် သူ ပြုံးနိုင်လာလေသည်။  သူက ငွေကုန်ခံ၍ ဝယ်သူစရာမလိုသော အပြုံးတွေကို အလကားပေးဖို့ပင် နှမြောတွန့်တို နေခဲ့သူပါလား။  ဒီနေ့တော့ သူဘာ ကြောင့် လူတွေအပေါ် ရယ်ရယ်မောမော ဆက်ဆံ နေခဲ့ပါလိမ့်။  သူ့စိတ်အခံဓာတ်ကိုက ကြည်လင်နေခဲ့သည် ထင်ပါသည်။  တကယ်တော့ အဲဒီ အကြည်ဓာတ် လေး တစ်ခုကို မွေးယူကြည့်ဖို့ သူ မေ့လျော့နေခဲ့ခြင်းသာ ဖြစ်သည်။


ဟုတ်တယ်။  ဒီနေ့ကစပြီး လူတွေကို အပြုံးနဲ့ကြည့်ဖို့ သူ မမေ့မလျော့ ကြိုးစား တော့မယ်။  တကယ်လို့များ သူ ပြုံးပြတဲ့အခါ လူတွေက....။


----------------


စာရေးသူ - ယုဒါ

ရုပ်ရှင်တေးကဗျာ ၂ဝ၁၁ မေလ


Tuesday, April 26, 2011

.

[ ရွှေဇင်ဦးဘလော့ဂ်မှ ကူးယူပါသည်။ဘလော့ဂ်အား ကျေးဇူးတင်ပါသည်။]



No comments:

Post a Comment