#မျောက်နဲ့လေးခွ
#စိုးဘားဒိုင်
ဦးဘထီ လေးခွယူချိန်မှာပဲ မျောက်တွေက သူ့သင်္ဘောသီးတွေအကုန်လုံးကို လက်စသတ်သွားတယ်။ ဒီမျောက်တွေ တောင် ပေါ်ကို တက်လာကတည်းက ဦးဘထီ သားရေလေးခွကို ကျကျ နနပြင်ဆင်ထားခဲ့တယ်။ မပြင်လို့ ကလည်း မရတော့ဘူး။ ဒီမျောက် တွေက ရေတံခွန်တောင်ကနေ နယ်ပြောင်းလာကြတဲ့ မျောက် တွေဆိုတော့ လူနဲ့လည်း တအား ကို ယဉ်ပါးနေကြပြီ။ သူတို့ကို လာကျွေးကြသူတွေ လက်ထဲက နေ လုယူစားသောက်သောင်း ကျန်းနေကြတဲ့ မျောက်တွေဖြစ် နေပြီ။ လူကို မကြောက်တဲ့အပြင် လူတွေသင်ပေးထားသလို တတ် လာကြတာကလည်း လူတောင် မနိုင်တော့တဲ့အထိ ဖြစ်နေတာက လား။
ဒီတောင်ပေါ်မှာ ကားလမ်း ပေါက်ပြီး ပရဟိတကျောင်းတစ် ကျောင်းရောက်လာတာနဲ့အတူ ဒီ မျောက်တွေကလည်း ရွှေ့ပြောင်းလာကြတယ်။ ရေတံခွန်တောင် မှာက မျောက်တွေက အတော့်ကို များလာပြီ။ ဦးဘထီတို့က ဒီ တောင်တစ်ကြောမှာ နေထိုင်လာ ကြတာ ကြာပြီ။ သီးပင်၊ စားပင် တွေ စိုက်စားပြီး ရွာဈေးသွား ရောင်းတယ်။ အခုလို ပရဟိတ ကျောင်းတစ်ကျောင်း တောင်ပေါ် ကို ရောက်လာတော့ လူသွားလူ လာများလာတယ်။ ဦးဘထီရဲ့မိန်း မ ဒေါ်ကြည်အေးက လမ်းသွား လမ်းလာတွေ နားပြီး အမောပြေ တစ်ခုခု အဆာပြေစားသောက်ရအောင် ကော်ဖီထုပ်ကလေး တွေ၊ လက်ဖက်ရည်ထုပ်ကလေး တွေဝယ်ထားပြီး ရေနွေးအိုးတစ် လုံး မီးမပြတ်ထိုးကာ ကော်ဖီမစ်၊ တီးမစ်လေးတွေ ရောင်းတယ်။ အဆာပြေစားလို့ရတဲ့မုန့်ကလေး လည်း နည်းနည်းတင်ထားတယ်။ ကိုယ်တိုင်စိုက်ထားတဲ့ အသီးအနှံ လေးတွေလည်း ခင်းထားတယ်။
ဦးဘထီတို့က အရင်က တည်းက ဒီတောင်ပေါ်မှာနေထိုင် လာကြတဲ့သူတွေဖြစ်လို့သာ အခု လို တောင်တက်လမ်းနံဘေးမှာ နေလို့ရတယ်။ ဒီတောင်ပေါ်မှာ လူနေအိမ်ဆောက်ခွင့်၊ နေထိုင် အခြေချခွင့်မရှိဘူး။ ဘုန်းကြီးတွေ ပဲ သီတင်းသုံးခွင့်ပေးထားလို့ ဘုန်းကြီးကျောင်းလေးတွေပဲ ရှိတယ်။ တချို့ဘုန်းကြီးကျောင်းလေးတွေ က တစ်ပါးထိုင် တဲသာသာလေး တွေပါ။ ဦးဘထီတို့ဆီကို ရွှေ့ ပြောင်းလာတဲ့ ဒီမျောက်တွေဟာ တောင်ပေါ်က ပရဟိတကျောင်း ကြီးပေါ်ကိုတော့ မရောက်ကြ သေးဘူး။ ဒီလမ်းတစ်ဝက်မှာပဲ ကျက်စားနေတုန်းရှိသေးတယ်။ စားစရာရှိနေတော့ ဆက်မသွား ကြသေးတာလည်း ပါတာပေါ့ လေ။ ဒီတောင်တစ်ဝက်မှာပဲ သူ တို့စားစရာ သီးပင်တွေက ရှိနေ တာကိုး။
ခြံတွေမှာ စိုက်ထားတဲ့ သီး ပင်၊ စားပင်တွေဟာ သူတို့စား စရာ၊ သောက်စရာတွေ ဖြစ်နေ တယ်။ သူတို့သောင်းကျန်းလို့ ခြံ သမားတွေလည်း ဘာသီးပင်မှ ဖြစ်ထွန်းအောင် စိုက်လို့မရဘူး။ ဦးဘထီတို့ တဲရဲ့အောက်နား လောက်ဆီမှာ ရေသဖန်းပင်ကြီး တွေရှိတယ်။ အဲဒီရေသဖန်းပင် ကြီးတွေက ရေသဖန်းသီးတွေဟာ ဒီမျောက်တွေအတွက် ပဒေသာ ပင်တွေဖြစ်နေတယ်။ ရေသဖန်း ပင်ပေါ်မှာ ဒီမျောက်တွေ စတည်း ချပြီး တခြားသီးပင်တွေဆီ ခုန်ကူး ကာ စားကြ၊ သောင်းကျန်းနေကြ တယ်။ ဦးဘထီစိုက်ထားတဲ့ ငှက် ပျောပင်တွေဟာ ဘယ်တော့မှ မမှည့်လိုက်ရဘူး။ အရောင်လေး ထိုးပြီဆိုတာနဲ့ ဒီမျောက်တွေ ရောက်လာပြီ။ ငှက်ပျောသီးကို စားကြတဲ့အပြင် စားလို့မရတဲ့ အသီးစိမ်းသေးသေးတွေကို ခြွေ ပစ်တယ်။ ငှက်ပျောခိုင်ကို အုပ်စု လိုက် တွဲခိုဆောင့်ချကြလို့ ကျိုး ကျကုန်တယ်။ ငယ်တဲ့အပင်တွေ ဆို ခေါင်းကျိုးပါလေရော။
ဒီမျောက်တွေက လူတွေနဲ့ ယဉ်ပါးနေတော့ ဦးဘထီတဲထဲကို လည်း ခပ်တည်တည်နဲ့ အုပ်စုဖွဲ့ ဝင်ကြပြီး တွေ့ကရာ အကုန်ဆွဲ ကြတော့တာပဲ။ သူတို့ကို တုတ် နဲ့ ချောက်လို့ကတော့ မကြောက် တဲ့အပြင် တခီးခီးနဲ့ ရန်ပြန်လုပ် ချင်ကြသေးတယ်။ ဒီကောင်တွေ ကြောက်တာက လေးခွဆိုတော့ လေးခွနှစ်လက်ကို ဦးဘထီ သေ ချာပြင်ဆင်ပြီး ဆောင်ထားတယ်။ တဲရှေ့မှာ ဝါးပက်လက်ကုလား ထိုင်ချထိုင်ပြီး လေးခွလက်ထဲ ကိုင်ကာ စောင့်ကြည့်ရတယ်။ ဒီ မျောက်တွေက လူတွေ အလေး ပေးကျွေးမွေးထားလို့ မြောက်ကြွ ကြွတွေဖြစ်နေကြပြီ။ အရောဝင် လို့ မြောက်နေကြပြီ။ ဦးဘထီကို လည်း အဝေးကနေ မထီမဲ့မြင် လုပ်ကြတယ်။ ဒီကောင်တွေ အုပ် ဖွဲ့လာကြပြီဆိုရင် ဘယ်ကောင့် ကို ပစ်ရမလဲ မသိအောင်ဖြစ်ရပြီ။
တစ်ခါတုန်းကလည်း တဲမှာ ဝင်နားပြီး ကော်ဖီသောက်တဲ့ ကောင်လေးရဲ့ဆိုင်ကယ်ပေါ်က ဆိုင်ကယ်ဦးထုပ်ကို ဆတ်ခနဲဆွဲ ယူသွားတယ်။ လိုက်တော့ အပင် တွေပေါ် ပြေးတက်ပြီး ခေါင်းမှာ ဆောင်းပြီး ခုန်ပေါက်ပြတယ်။ တစ်ကောင်က ခေါင်းပေါ်ဆောင်း လိုက်တော့ နောက်တစ်ကောင်က လိုက်လုပြီး ဆောင်းတယ်။ အပင် ပေါ်မှာ ဦးထုပ်တစ်လုံးနဲ့ မျောက် တစ်အုပ် ပွက်လောရိုက်နေတော့ တယ်။ အောက်က လူက ဘယ် လောက်ဟောက်ဟောက်၊ ခြောက်ခြောက် မကြောက်တဲ့အပြင် မထီလေးစား ပြန်ပြောင်ပြကြတယ်။ အပင်ရဲ့ အမြင့်ဆုံးအထိ တက်ပြီး ဆိုင်ကယ်ဦးထုပ်ကို ပစ်ချလိုက်တာ ဦးထုပ်ကွဲပါလေရော။ ဦးဘထီက လေးခွနဲ့ တောက်လျှောက် သမတော့ တွဲခိုခုန်ပေါက်ပြီး ရှောင်ကြတယ်။
အခုလည်း ဦးဘထီရဲ့တဲ ဘေးက သင်္ဘောပင်မှာ သင်္ဘော သီးအရောင်ကလေး ဝါသယောင် ရှိလာလို့ ဦးဘထီက သူ့သင်္ဘော ပင်ကို မျက်စိအလွတ်မပေးဘဲ စောင့်ကြည့်နေရင်း ခံလိုက်ရ တယ်။ ဘယ်လောက်အထိ အ လွတ်မပေးဘဲ စောင့်ကြည့်သလဲ ဆိုရင် မျောက်တွေ ထွက်လေ့ ထွက်ထမရှိတဲ့ ညမှာတောင် အ လွတ်မပေးဘဲ စောင့်ကြည့်တာ။ ဒီကောင်တွေက ပြောလို့ရတာ မဟုတ်ဘူး။ ညဘက် လူအိပ်ချိန် ကို တဲထဲ ခိုးဝင်မွှေနှောက်တတ်တဲ့ ကောင်တွေ။ ဒီကောင်တွေကို ခြောက်လှန့်ချင်ရင် ဒီကောင်တွေ ခပ်ဝေးဝေးရောက်ကတည်းက ခြောက်လှန့်ရတယ်။ အနီးကပ် ခံလိုက်လို့ကတော့ အချိန်မမီ တော့ဘူးလို့သာ မှတ်ပေရော့ပဲ။ သူတို့အဝေးမှာ ရှိကတည်းက လေးခွနဲ့ လှမ်းဆော်ထားရတယ်။ ဒီကောင်တွေ အုပ်စုလိုက်ကြီး ဖြစ်မသွားအောင်လည်း ကွဲနေတုန်း တွယ်ထားရတယ်။ ဒီကောင်တွေ က သူတို့အချင်းချင်းသာ မတည့်လို့ သတ်ပုတ်တာတွေ ရှိချင်ရှိ မယ်။ လူကို ဒုက္ခပေးဖို့ကျတော့ သူတို့အချင်းချင်း သိပ်ကို စည်း လုံးကြတယ်။
ဒီကောင်တွေက အချင်းချင်း အချက်ပြခေါ်ငင်ပြီး ရောက်လာ ကြတာဆိုတော့ တစ်ကောင်ကို အာရုံစိုက်နေချိန် နောက်တစ် ကောင်က အလစ်ဝင်တတ်ကြ တယ်။ ဦးဘထီက သူ့သင်္ဘောပင် လေးကနေ အရောင်ပေးစပြုလာ တဲ့ သင်္ဘောသီးကို ဒီမျောက်တွေ လာမဆွဲနိုင်အောင် စောင့်ကြည့် နေတဲ့ကြားက ဒီကောင်တွေ လာ သောင်းကျန်းသွားတယ်။ ဒီကောင် တွေ ရေသဖန်းပင်ပေါ်ကနေ ရောက်ချလာတာကို သတိလစ် သွားလို့ သင်္ဘောပင်နားရောက် တော့မှ ဦဘထီတွေ့လိုက်တယ်။ လွယ်အိတ်ထဲကနေ လေးခွနဲ့ ခဲလုံးကို နှိုက်တဲ့အချိန် အခိုက်အတန့် ကလေးမှာပဲ ဒီကောင်တွေ သောင်းကျန်းသွားတယ်။ အဝါ သန်းလာတဲ့ သင်္ဘောသီးကို တစ် ကောင်က ခြွေချတယ်။ သင်္ဘော သီး အောက်ကို ပြုတ်ကျသွား တော့ ကွဲပါလေရော။ ကွဲသွားတဲ့ သင်္ဘောသီးကို ဝိုင်းကိုက်ဖဲ့စား သောက်ကြပြီး အပင်ပေါ်မှာ ရှိနေတဲ့ အသီးတွေကိုပါ ဆွဲခြွေချသွား ကြတယ်။ မျောက်အုပ်သောင်း ကျန်းလိုက်တာ တစ်ခဏအတွင်း မှာပဲ သင်္ဘောပင်ပေါ်က အသီး တွေ ပြောင်သွားတော့တယ်။ ဦးဘထီလက်ထဲ လေးခွနဲ့ ခဲရောက် လာတော့ သူတို့က ရေသဖန်းပင် ပေါ်ကို ရောက်သွားကြပြီ။ ဦးဘထီမှာ မကျေမနပ်နဲ့ မျောက်တွေကို အဝေးကနေ လေးခွနဲ့ သုံး၊ လေးချက်ဆော်ပြီး ဒေါသကို ဖြေလိုက်ရတယ်။
‘‘တောက်... ဒီလောက် သတိထားတဲ့ကြားက ဒီကောင်တွေ အခွင့်အရေးရသွားသေးတယ်ကွာ’’
‘‘ကျွန်မလည်း ခဲနဲ့တော့ လှမ်းထုတာပဲ။ သွားတောင် ပြန်ဖြီးပြ လိုက်သေးတယ်’’
ဒေါ်ကြည်အေးကလည်း သူ့ သင်္ဘောပင်လေးမှာ သီးကင်းတစ် လုံးတောင် မကျန်အောင် ဖျက်ဆီးသွားတာကို စိတ်တိုနေတယ်။ စားတာသောက်တာလောက်တင် မဟုတ်ဘဲ ဖျက်ဆီးတာကို ပိုပြီး ဒေါသဖြစ်တာလို့လည်း ဦးဘထီ ကို ပြောနေတယ်။
ဒီမျောက်တွေကလူကို မထီ တော့တဲ့မျောက်တွေဖြစ်နေကြတဲ့ အပြင် မြောက်တောက်တောက် ကောင်တွေဖြစ်နေပြီဆိုတော့ လူ တွေနဲ့စိန်ခေါ်တမ်းကစားနေကြ သလို ထင်ရတယ်။ လေးခွကို လက်ထဲကိုင်ထားပြီးအသင့်လုပ် ထားရင် ဒီကောင်တွေကနည်း နည်းသတိထားသေးတယ်။ လေး ခွကိုဘေးမှာ ချထားတာတို့၊ ကု လားထိုင်မှာချိတ်ထားတာတို့ဆို ရင် မင်းကပဲမြန်သလား၊ ငါတို့က ပဲမြန်သလားစမ်းကြည့်ရအောင် ဆိုတဲ့ ပုံစံမျိုးနဲ့ ရောက်ချလာ တတ်ကြတယ်။ လူနဲ့နီးအောင် ပြေးလာပြီး ပြန်ပြေးတယ်။ ဒါ ကြောင့် ဦးဘထီဟာ သားရေလေး ခွကို လက်ထဲကိုင်ထားပြီး ဒီ ကောင်တွေ ဘယ်အပင်ကနေ ဘယ်လိုရောက်လာမလဲဆိုတာ ချောင်းနေရတယ်။
‘‘ဒီကောင်တွေရောက်လာ ပြီးကတည်းက အလုပ်ပျက်အ ကိုင်ပျက်ဖြစ်ရတာပဲကွာ။ ဒီ ကောင်တွေကိုပဲ စောင့်ကြည့်နေ ရတာစိုက်လည်းမစိုက်နိုင်ဘူး။ မြေတောင်မဆွနိုင်ဘူး။ ဘာလုပ် ကိုင်စားသောက်ရမှန်းတောင်မ သိတော့ပါဘူးကွာ’’
ဦးဘထီကညည်းတယ်။ဒေါ် ကြည်အေးကလည်း ဒီမျောက် တွေကိုမနိုင်ဘူး။ မျောက်တွေက ဒေါ်ကြည်အေးကို ရှိတယ်လို့ကို မထင်တော့ဘူးလို့ ဆိုရမယ်။ ဒီ ကောင်တွေက ဦးဘထီလောက် ကိုသာ နည်းနည်းအာရုံထားတာ။ ဦးဘထီကလေးခွပစ်တာ လက် တည့်တဲ့သူဆိုတော့ သူတို့ခဏ ခဏခံကြရတာကိုး။ ဒါကြောင့်ပဲ ဦးဘထီတစ်ယောက် မျောက် စောင့်တဲ့ အလုပ်ကိုပဲ အာရုံစိုက် လုပ်နေရတယ်။ ယာလည်း ဖြစ် ဖြစ်မြောက်မြောက်မစိုက်နိုင်ဘူး။ ဒေါ်ကြည်အေးကပဲ ယာစိုက်တဲ့ အလုပ်ကို လုပ်နေရသလို ဖြစ်နေ တော့အလုပ်မတွင်တော့ဘူးပေါ့။ ဦးဘထီကတော့ ရေသဖန်းသီး တွေ မြန်မြန်တုံးမှပဲလို့ စိတ်ထဲက ဆုတောင်းနေရတယ်။
ရေသဖန်းပင်ပေါ်က ရေသ ဖန်းသီးတွေကိုသာ အားလုံးခြွေ လိုက်နိုင်ရင်တော့ ဒီကောင်တွေ စားစရာ၊ နေစရာ အသစ်ရှာရမှာ ပဲလို့ ဒေါ်ကြည်အေးက ပြော တယ်။
‘‘မင်းပြောသလိုဆို ရေသ ဖန်းသီးတွေ သွားခြွေပစ်မှနဲ့ တူတယ်။ ဒါမှ ဒီကောင်တွေ တောင်ပေါ် တက်ကြတော့မယ် ထင်တယ်။ ရေတံခွန်တောင်ကို ပြန် ဆင်းရင်လည်း ဆင်းသွားနိုင် တယ်’’
ဦးဘထီက သူရတဲ့ စိတ်ကူး ကို ပြောတယ်။
‘‘ရေသဖန်းပင်က သူများခြံ ထဲက သူများပိုင်တာလေ၊ ရှင် သွားလုပ်လို့ဘယ်ရမလဲ၊ ပိုင်ရှင် က ခွင့်ပြုဦးမှပေါ့’’
‘‘အကျိုးအကြောင်း သွား ရှင်းပြရင်တော့ သူတို့လည်း သဘောပေါက်မှာပဲကွ။ သူတို့ လည်း ဒီမျောက်တွေရောက်လာ တာစိတ်ညစ်နေမှာပဲလေ’’
ဦးဘထီက ပြောပြောဆိုဆို ပဲ အဲဒီခြံဘက်ကို ထွက်လာခဲ့ တယ်။ ခြံမှာက ခြံစောင့်မိသားစု ပဲရှိတယ်။ ပိုင်ရှင်က တစ်လနေ တစ်ခေါက်တောင် ရောက်မလာ ဘူးလို့ ခြံစောင့်က ပြောတယ်။ သူ တို့ကလည်း မျောက်တွေရောက် လာလို့ တော်တော်စိတ်ညစ်နေရ တယ်လို့ ပြောတယ်။
‘‘ကိုဘထီပြောတာ မဆိုး ဘူး။ ဒါပေမဲ့ ဒီကောင်တွေပြောင်း သွားမယ်ဆိုတာက မသေချာဘူး။ ရေသဖန်းသီးတွေအားလုံး ခြွေ လိုက်ပြီးမှ ပြောင်းမသွားတဲ့အပြင် တခြားအပင်တွေကိုပါ လိုက် သောင်းကျန်းရင် ပိုဆိုးမယ် ထင် တယ်နော်’’
‘‘ဒီမျောက်တွေက ခြောက် လည်းမကြောက်၊ လှန့်လည်းမရွံ့ တဲ့ကောင်တွေ၊ လူတွေကို ဂရု မစိုက်တော့တဲ့၊ လူရည်လည်နေ တဲ့မျောက်တွေဖြစ်နေပြီ’’
ဦးဘထီမှာခြံစောင့်ပြောတာ ကိုလည်း သဘောပေါက်သွား တယ်။ ဒါနဲ့ပဲခါတိုင်းလိုပဲ လေးခွ နဲ့ကင်းစောင့်ရုံပဲ ရှိတော့တာပေါ့ လို့ဆုံးဖြတ်လိုက်ရတယ်။ အဲဒီ လိုဖြစ်လာတော့ ဦးဘထီတို့လင် မယားမှာ တဲထဲ ၀င်လာနားပြီး ကော်ဖီသောက်ကြသူတွေကို မ ဖြစ်မနေ ရှင်းပြရတဲ့ အလုပ်တစ်ခု တိုးလာရတော့တယ်။ အဲဒါက တော့ ၀ါးပက်လက်ကုလားထိုင် ပေါ်မှာ ထိုင်ပြီး လေးခွတကိုင် ဖြစ်နေတဲ့ ဦးဘထီကို မကြောက် ကြဖို့၊ လာရောက်အားပေးတဲ့ ဧည့်သည်ကို ရန်မူဖို့လေးခွဆောင် ထားတာမဟုတ်ဘဲ မဖိတ်ခေါ်ဘဲ ရောက်ရောက်လာတဲ့ ဧည့်သည် ဆိုးတွေကို မောင်းဖို့ အဆင်သင့် ပြင်ထားရတာ ဖြစ်ကြောင်း မျောက်တွေ သောင်းကျန်းတာကို ရှင်းလင်းပြောပြရတာပါပဲ။
ဟုတ်တော့လည်း ဟုတ်ပါ တယ်။ ဒီလို လူသူပြတ်တဲ့ နေရာ မှာ၊ လေးခွတကိုင်ကိုင်ရှိနေတဲ့ နေရာမှာ ၀င်ရောက်နားပြီး ၀ယ် ခြမ်းစားဖို့ကို ကြောက်ကြမှာပဲ လေ။ ဧည့်သည်ကို ရှင်းပြပြီးပြီ ဆိုရင် ဦးဘထီတို့လင်မယားပြော လေ့ရှိတဲ့ စကားတစ်ခွန်းရှိတယ်။
‘‘မျောက်က မျောက်ရည် လည်တာ မဟုတ်ဘူး။ လူရည် လည်နေတာ။ ဒီကောင်တွေ လူ ရည်လည်တာကလည်း လူအ တိုင်းပဲ၊ မြောက်ကြွမြောက်ကြွနဲ့ လေးခွစာပေးဖို့ပဲ ကောင်းတဲ့ ကောင်တွေပေါ့’’
ဦးဘထီတို့လင်မယားက တော့ ပရဟိတကျောင်းကို လူသိ ပိုများလာပြီး မျောက်တွေကို အ စားကျွေးမယ့်လူတွေ ပိုလာပါစေ လို့သာ နေ့တိုင်း ဆုတောင်းနေရ တော့တယ်။ ဒီမျောက်တွေ မြောက်နေတာ ငြိမ်ဖို့ဆိုရင် သူတို့ ကို ကျွေးထား၊ ခွံ့ထားမှပဲရမယ် မဟုတ်လား။ ဒီမျောက်တွေက သူတို့ကိုယ်သူတို့ မျောက်ဆိုတာ ကိုတောင် မေ့နေကြပြီလို့ ထင်ရ တဲ့မျောက်တွေ ဖြစ်နေပြီကိုး။ ဦး ဘထီဟာ သူသတိတစ်ချက် လစ် သွားလို့ သူ့သင်္ဘောသီးတွေ ဆုံးရှုံး သွားရတာကိုကြည့်ပြီး ပက်လက် ကုလားထိုင်ပေါ်ကနေ မျောက် တွေကို မေတ္တာပို့နေတော့တယ်။
မျောက်တစ်ကောင်ဟာ ဦးဘထီ လေးခွကိုင်ပြီး ပက်လက် ကုလားထိုင်ပေါ် လှဲနေတာကို လူချောင်းလာချောင်းတယ်။ ဦးဘ ထီနားကို တဖြည်းဖြည်းနဲ့ လူလည်ကပ်နည်းမျိုး ကပ်လာတယ်။ ဒီလောက်ကပ်လာပြီဆိုရင် ဦးဘထီ လေးခွကို ကောက်ဆွဲပြီဆိုတာကို မျောက်တွေက သိနေကြပြီ။ ဦးဘထီဆီက လှုပ်ရှားမှုမတွေ့တော့ လူကြောက် အခွင့်ရရင် ရဲသလို ကုလားထိုင်နားကပ်သွားပြီး လေးခွကို ဆွဲလုပြေးသွားတယ်။ မှေးခနဲ အိပ်ပျော်သွားတဲ့ ဦးဘထီဟာ ရုတ်တရက် တိုက်ခိုက်ခံရသလို လန့်ပြီး ထလိုက်ပေမယ့် လေးခွ ကတော့ မျောက်လက်ထဲ ပါသွား ပါတယ်။ နောက်ထပ် လေးခွတစ် လက်ကို ယူပြီး ဦးဘထီက သူ့ လေးခွပြန်ပစ်ချအောင် လိုက်ပစ် တယ်။
မျောက်က သစ်ပင်အမြင့် ပေါ် တက်သွားပြီး လက်ထဲက လေးခွနဲ့ ဦးဘထီပစ်သလို ဦးဘထီကို ပြန်ပစ်တယ်။ တော်သေးတာ ပေါ့။ မျောက်က လေးခွနဲ့ လောက် စာလုံး တွဲမသုံးတတ်သေးလို့။
----------------
စိုးဘားဒိုင်
[ 7Day News Page မှ ကူးယူပါသည်။ 7DayNews အား ကျေးဇူးတင်ပါသည်။]
No comments:
Post a Comment