#ဂြိုဟ်မွှေသည့်စာ
#ကျော်အောင်
သင်္ဘောဆိပ်ဆီတွင် နေသည် ချစ်ချစ်တောက် ပူနေသည်။ လမ်းပေါ်၌ ကားမျိုးစုံ ဟွန်းပေး ကျော်တက်ကာ ဆူညံနေသည်။ မော်တော်ဘုတ်များလည်း ဝင်လိုက်ထွက်လိုက် အလုပ်ရှုပ်နေသည်။ လန်ချားသမားများမှာ လမ်းတစ်ခုစာ ရအောင် ကားကြားထဲ မနည်းပင် တိုးဝင်ကြရသည်။ ကူလီများကား တစ်ယောက်ကို တစ်ယောက် အော်ဟစ် ဆဲဆို နေကြသည်။ ဈေးသည် မျိုးစုံကလည်း ဆူညံ အော်ဟစ်ကာ ဈေးဝယ် ခေါ်နေကြသည်။
စင်ကာပူသည် လူမျိုး တစ်ရာ့တစ်ပါး ဆုံရာဒေသ ဖြစ်လေသည်။ အသွေးအရောင်ကလည်း စုံသည်။ မည်းကြုတ်ကြုတ် တမီလ်၊ အသားဝါ တရုတ်၊ ညိုတိုတို မလေး၊ အမေရိကန်၊ ဂျူး၊ ဘင်္ဂါလီ လူမျိုးပေါင်းစုံ ဖြစ်သည်။ အသံဝါကြီးများဖြင့် ပြောဆို နှုတ်ဆက်ကြသည်။
အနည်းငယ် မှောင်ရီပျိုးနေပြီ။ ရစ်မလေဂျွိုက်နှင့် နေလာတို့၏ ရုံးခန်းထဲတွင်မူ အေးချမ်းသည်။ နေရထိုင်ရ သင့်တင့် လျောက်ပတ်မှု ရှိသည်။ မစ္စတာဂျွိုက်သည် ရုံးခန်းထဲ၌ တစ်ယောက်တည်း ထိုင်နေသည်။ ပန်ကာမှ ခပ်ဖြည်းဖြည်း လည်နေသည်။ ဂျွိုက်သည် လက်နှစ်ဖက် ယှက်ကာ ထိုင်ရင်း မျက်လုံးများက ဥပဒေ စာအုပ်များ၊ အစီရင်ခံစာများဆီသို့ ရောက်နေသည်။ ဗီရို အပေါ်ဆုံးထပ်တွင်မူ အမှုသည် နာမည်များ ရေးထားသည့် စာမူတွဲများ ရှိသည်။
တံခါးခေါက်သံ ကြားရသည်။
"ဝင်ခဲ့လေ"
တရုတ် စာရေးလေး တစ်ယောက် ဝင်လာသည်။
"မစ္စတာ ကရော့စဗီ ရောက်နေတယ် ဆရာ"
တရုတ်ကလေးသည် အင်္ဂလိပ် စကားကို သပ်သပ်ရပ်ရပ် ပြောတတ်သည်။ သူ့နာမည်မှာ ဟွန်ချိဆင်း။ ဂရေးအင်း၌ ဥပဒေ သင်တန်း တက်ဖူးသည်။ ယခု ရစ်ပလေတို့ ရှေ့နေအုပ်စုတွင် အလုပ်သင်နေခြင်း ဖြစ်သည်။ ကြိုးစားသည်၊ ဆက်ဆံရေး ပြေပြစ်သည်။ စရိုက်ကောင်းသည်။
"ခေါ်လိုက်ပါ"
ဂျွိုက်သည် ဝင်လာသူကို လက်ဆွဲ နှုတ်ဆက်ပြီး နေရာပေးသည်။ ဧည့်သည်၏ မျက်နှာ ပေါ်သို့ အလင်းရောင် ထိုးထားသလို ဖြစ်နေသည်။ ဂျွိုက် နေရာကမူ အမှောင်ဘက်။ ဂျွိုက်သည် ပင်ကိုက စကားနည်းသည်။ အေးအေး နေတတ်သည်။ ဝင်လာသူ ရောဗတ် ကရော့စဗီကို စကား မပြောသေးဘဲ နှစ်မိနစ်ခန့် စိုက်ကြည့်နေသည်။ ကရော့စဗီကား တောင့်တောင့်ခိုင်ခိုင်။ အရပ် ခြောက်ပေကျော်။ သူသည် ရော်ဘာခြံပိုင်ရှင် ဖြစ်သည်။ အပင်ပန်း ခံနိုင်သည်။ အသားမှာ နေလောင်သဖြင့် နီနေသည်။ အင်း။ ဒီကာယဗလနဲ့ဆိုရင် သေးသေးလှီလှီ တမီလ် ကုလားလေး တွေလောက်တော့ ရိုက်သတ်နိုင်မယ့် ပုံပါပဲ။ ဤသို့ ဂျွိုက် တွေးမိသည်။
မျက်လုံး ပြာပြာတွင်မူ တင်းမာခက်ထန်ခြင်း အရိပ်အယောင် မရှိ။ အေးဆေးသည်။ ထိုမျက်လုံးသည် ကြင်နာတတ်သည့် မျက်လုံးမျိုး၊ ယုံကြည် စိတ်ချရသည့် မျက်လုံးမျိုး ဖြစ်သည်။ သူ့မျက်နှာတွင် ရိုးသားမှုမှာ ထင်ရှားပေါ်လွင် နေသည်။ ယခုကား သူ့မှာ စိတ်ဒုက္ခ အကြီးအကျယ် ရောက်နေဟန်မျိုး ရှုံ့တွကာ နဖူးကြောများ တင်းနေသည်။
"ညက အိပ်ရေးပျက်တယ်နဲ့ တူတယ်"
"မအိပ်ရ ပါဘူးဗျ"
ရော်ဘာ တောထဲက ခရီးရှည် ချီတက်လာရသူလို နွမ်းနယ်နေသူဟု ထင်သည်။ ဂျွိုက်က သူ့ကို တစ်ချက် မျက်မှောင်ကုတ် ကြည့်လိုက်သည်။
"စိတ်တင်းမှပေါ့ဗျ၊ ထိန်းမှပေါ့။ ပြီးတော့ ခုနေ ခေါင်းအေးအေး ထားတာ ကောင်းတယ်"
"အိုး ကျွန်တော် ဘာမှ မဖြစ်ပါဘူး"
"ဒီနေ့ ခင်ဗျားမိန်းမနဲ့ တွေ့ပြီးပြီလား"
"ဟင့်အင်း၊ ညနေမှ တွေ့တော့မလို့၊ နေစမ်းပါဦးဗျာ။ ဘာသဘောလဲ။ ဘာလို့ သူ့ကို ဖမ်းချုပ်တာလဲ၊ မဟုတ်တာဗျာ"
"ဒါကတော့ ဒီလိုပဲ ဖမ်းချုပ်ရမှာပဲလို့ ထင်တာပဲ" ဂျွိုက်သည် အသံကို မနည်းပင် ထိန်းကာ လေအေးလေးနှင့် ပြောသည်။
"အာမခံ ပေးရလိမ့်မယ်တော့ ထင်တာပဲ"
"ခုဟာက တော်တော်ကြီးတဲ့ ပုဒ်မနဲ့ ဆွဲထားတာဗျ"
"အလကားပါဗျာ၊ ဘယ်မိန်းမ ဖြစ်ဖြစ် မိန်းမကောင်း မှန်ရင် ဒီလို အခြေအနေမျိုးမှာ ဒီလို လုပ်ကြမှာပဲ။ မိန်းမ ဆယ်ယောက်မှာ ကိုးယောက်က ဒီလို သတ္တိရှိမှာ မဟုတ်ဘူး။ လက်စလီကတော့ ကမ္ဘာပေါ်မှာ အတော်ဆုံး မိန်းမ ဆိုရမှာပေါ့ဗျာ။ သူလေ ယင် တစ်ကောင်တောင် မသတ်ခဲ့ဖူး ဘူး၊ သူ့အကြောင်း ကျွန်တော် အသိဆုံး၊ လက်ထပ်ခဲ့တာ ဆယ့်နှစ်နှစ် ရှိပြီဗျာ။ အဲဒါမှ ကိုယ့်မိန်းမ အကြောင်း ကိုယ်မသိရင် ဘယ်သူ သိမှာတဲ့လဲ။ တောက်၊ တကယ်ပါပဲဗျာ၊ ကျွန်တော်သာ ဒီကောင်မျိုးကိုတွေ့ရင် လည်စေ့ ညှစ်သတ်လိုက်မယ်။ ခင်ဗျားဆိုလည်း သတ်မိမှာပဲ"
"ဒီမှာ ရဲဘော်ကြီးရဲ့၊ အခုကိစ္စမှာ လူတိုင်းက ခင်ဗျားတို့ဘက်မှာ ရှိနေတယ်။ ဘယ်သူမှ ဟမ်မွန်ကို အကောင်း မပြောကြဘူး၊ ခင်ဗျားမိန်းမ လွတ်အောင် လုပ်ကြမှာပဲ။ အပြစ်ရှိတယ်လို့လည်း ဘယ် အမှုလိုက်တွေကမှ စွဲချက်တင်မယ် မထင်ဘူး"
"ဒီကိစ္စ တစ်ခုလုံးက မဟုတ်မဟတ်တာတွေ ပါဗျာ၊ ပထမဥိးဆုံး မကျေနပ်စရာ ကောင်းတာက လက်စလီကို ဖမ်းတဲ့ ကိစ္စပဲ။ ဖမ်းစရာကို မလိုဘူး၊ အမှုစစ်ဦးမယ် ဆိုရင် ခံပါလေဦးရော့၊ စင်ကာပူ တစ်မြို့လုံးက လက်စလီ မမှားဘူးလို့ ပြောကြတာချည်းပဲ။ အေးဗျာ ... ထောင်ထဲ ထည့်ထားတာတော့ မဟုတ်သေးဘူးပေါ့"
"ဒါကတော့ ဥပဒေကိုဗျ၊ ဥပဒေက ဥပဒေပဲ။ ပြီးတော့ သူကိုယ်တိုင် ဒီလူကို ပစ်သတ် ပါတယ်လို့ ဝန်ခံနေတာ။ ခင်ဗျားတို့ လင်မယားအတွက် စိတ်မကောင်းပါဘူး"
"ကိစ္စမရှိပါဘူးဗျာ"
"ဒါပေမဲ့ လူသတ်မှု ကျူးလွန်မိပြီ ဆိုတာကတော့ အမှန် ဖြစ်နေတယ်၊ ဒီတော့ ဥပဒေရှိတဲ့ လူယဉ်ကျေး တိုင်းပြည်မှာ ဆိုရင် အမှုစစ်ဖို့ လိုတယ် မဟုတ်လား"
"အဆိပ်ရှိတဲ့ မြွေဆိုးကို သတ်ပစ်တာမျိုးကို လူသတ်မှုလို့ ခေါ်မလား၊ ခွေးရူး တစ်ကောင်ကို ပစ်သတ်လိုက်သလို လက်စလီ ပစ်သတ် လိုက်တာပဲ ဖြစ်မှာပဲ"
ဂျွိုက်သည် ကုလားထိုင်ကို မှီကာ စဉ်းစားနေသည်။ လက်ချင်း ယှက်ထားသည်။ ခဏမျှ ငြိမ်နေကြသည်။
"ခင်ဗျားရဲ့ ဥပဒေ အကြံပေး အဖြစ် ကျွန်တော် ရပ်ရမှာပဲ၊ ဒါပေမဲ့ တစ်ခုတော့ စိုးရိမ်စရာ အချက်တစ်ချက် ကျန်နေသေးတယ်။ ဒါက ခင်ဗျားမိန်းမက ဟမ်မွန်ကို တစ်ချက်တည်း ပစ်လိုက်ရင် ကိစ္စမရှိဘူး၊ ရိုးရိုး ပစ်သတ် လိုက်တယ်ပေါ့ဗျာ၊ အခုတော့ သူ ပစ်တာက ခြောက်ချက်ဗျ"
"ဒါကတော့ လက်စလီ ရှင်းပြသားပဲ၊ ဒီလို အခြေအနေမျိုးမှာ ဘယ်မိန်းမပဲ ဖြစ်ဖြစ် သူလို လုပ်မိမှာပဲ"
"ဟုတ်တာပေါ့။ သူ့ဘက်က အဖြေကလည်း ခိုင်လုံပါတယ်လေ။ ဒါပေမဲ့ အဖြစ်အပျက် အကြောင်းဆက်တွေကို မျက်ကွယ်ပြုလို့က မရဘူး။ ကျွန်တော်သာ အစိုးရရှေ့နေ ဆိုရင် အဲဒီ အချက်နဲ့ပဲ စွဲချက်တင်မယ်၊ ဒါက သူများ နေရာမှာ ကိုယ်က ဝင်ကြည့်လို့ မြင်ရတဲ့ အမြင်ပေါ့"
"ဟာဗျာ၊ အဲဒါ မဟုတ်တမ်းတရား အကြောင်းပြချက်ပါ"
ဂျွိုက်က သူ့ကို တစ်ချက်ကြည့်ကာ ပြုံးလိုက်သည်။ ကရော့စဗီသည် စိတ်သဘော ကောင်းသူ မှန်သည်။ သို့သော် ဉာဏ်ရှိသူ ဟူ၍ကား မဆိုနိုင်။
"ဒီအချက်က အရေးမကြီးဘူး လို့လည်း ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ဒီအချက်ကို ထည့်စဉ်းစားဖို့ ကောင်းတယ်လို့ ထင်တယ်။ မကြာပါဘူး၊ ကိစ္စ ပြီးသွားမှာပါ၊ ပြီးတော့မှ ခင်ဗျားတို့ ဇနီးမောင်နှံ ခရီး ထွက်လိုက်ကြပေါ့ဗျာ၊ ဒါတွေ မေ့ထားလိုက်ပေါ့။ ဒီအမှုမှာ လွတ်ဖို့ များပါတယ်။ ဒါပေမဲ့ ကရိကထတော့ များတယ်နော်၊ စိတ်လည်း ဆင်းရဲရတယ်၊ အနားယူဖို့တော့ လိုမှာပဲ"
ကရော့စဗီသည် ပြုံးဖော် ရယ်ဖော် ရလာသည်။ ပထမဆုံး အပြုံးပင် ဖြစ်သည်။ ထိုအပြုံးကြောင့် သူ့မျက်နှာမှာ တစ်မျိုး ဖြစ်သွားသည်။ သဘောကောင်း မနောကောင်းကြီး၏ သွင်ပြင်သည် ထင်ရှားလာသည်။
"ကျွန်တော်က ပိုပြီး နားချင်တာပေါ့ဗျာ၊ လက်စလီထက် ပိုပြီး လိုတယ်။ လက်စလီကတော့ အတော် အံ့ဩစရာ ကောင်းလောက်အောင် သတ္တိကောင်းတဲ့ ကောင်မလေးပဲဗျာ"
"အင်း၊ အဲဒီတုန်းက သူ့စိတ်သူ ဘယ်လို ထိန်းထားမယ် မသိဘူး၊ ပြီးတော့ ဒါလောက် ပိုင်းပိုင်းပြတ်ပြတ် လုပ်ရဲလိမ့်မယ်လည်း မထင်မိဘူး"
ရှေ့နေကြီးမှာ အမှုကိစ္စအရ အမှုသည် လက်စလီနှင့် မကြာခဏ တွေ့ရန် လိုအပ်သည်။ ထောင်ထဲ ရောက်နေတော့ စိတ်ကျဉ်းကျပ်ကာ ညစ်ညူးမည် အမှန်။ ကြံ့ကြံ့ခံနိုင်ဖို့ပဲ လိုသည်။
ထောင်ထဲတွင် လက်စလီသည် စာဖတ်သည်။ ကျန်းမာရေး လေ့ကျင့်သည်။ ဇာထိုးသည်။ ဂျွိုက်နှင့် တွေ့သည့်အခါ ဖြီးဖြီးလိမ်းလိမ်း မဟုတ်သော်လည်း လန်းဆန်းသော မျက်နှာ၊ သပ်ရပ်သော အဝတ်နှင့် တည်တည်ငြိမ်ငြိမ်ပင် ရှိနေသည်။ ဆံပင်ကိုလည်း သပ်ရပ်စွာ ဖြီးထားသည်။ လက်သည်းများကိုပင် ညှပ်ထားပြီး အရောင် တင်ထားသည်။ ထောင်ထဲမှာ အနေအထိုင် ဆင်းရဲရသည်ကို ရယ်စရာ လုပ်ကာ ပြောသေးသည်။ သူ့အဖြစ်ကို ပြန်ပြောသည့်အခါ ဖြစ်ရိုးဖြစ်စဉ်ကို စီကာပတ်ကုံး ပြောပြနေသလို ပြောပြသည်။ အကျင့်စရိုက် ကောင်းခဲ့သူ၊ ဆုံးမသွန်သင်မှု အကြား ကြီးပြင်းခဲ့ရသူမို့သာ ခံနိုင်ရည် ရှိသည်ဟု ရှေ့နေကြီး ထင်မိသည်။ လက်စလီမှာ ဟာသရှိသူ ဖြစ်သည်။ ရယ်တတ်မောတတ်နှင့် ကျရာဘဝကို ခံယူတတ်သဖြင့် ဂျွိုက် အံ့ဩရသေးသည်။
လက်စလီကို သိသည်မှာ ကြာပြီ။ စင်ကာပူ ရောက်လျှင် သူ့အိမ်သို့ ဝင်ထွက်ပြီး သူ့ဇနီးနှင့် ရင်းရင်းနှီးနှီး ဆက်ဆံသည်။ စားသောက်သည်။ သူတို့ဂေဟာ ဖြစ်သည့် ပင်လယ် ကမ်းခြေရှိ အိမ်ကလေးတွင် တစ်ပတ်ခန့် ဂျွိုက်တို့ နေခဲ့ဖူးသည်။
ဂေါ့ဖရီ ဟမ်မွန်ကိုလည်း သူတို့ ရော်ဘာခြံမှာပင် တွေ့ဖူးသည်။ သူတို့မှာ ရင်းနှီးသော မိတ်ဆွေများ ဖြစ်ကြသည်။ ထို့ကြောင့်ပင် သူ့မိန်းမ အရေးအခင်း ကဖစ်လျှင် ကရော့စဗီသည် ဂျွိုက်ထံ ပြေးလာခဲ့ခြင်း ဖြစ်သည်။
ထောင်ထဲတွင် ပထမဆုံး အကြိမ် တွေ့စဉ်က ဖြစ်ပျက်ပုံကို ပြန်ပြောပြသည့် အခါ အသေးအမွှားပါ မကျန် တိတိကျကျ ပြောပြသည်။ အားလုံးလိုလို လက်စလီ မှတ်မိနေသည်။ အခင်းဖြစ်ပြီးစက ပြောပြသော အဖြစ်သနစ်နှင့် ယခုတစ်ဖန် ပြန်လည် ပြောပြသည်တို့မှာ ထပ်တူထပ်မျှပင် ဖြစ်သည်။ စီကာပတ်ကုံး ပြောပြရာတွင် သံနေသံထား တစ်ချက်မျှ မပျက်။ တစ်ခါတစ်ရံမှပင် မျက်နှာ ရဲတက် သွားသည်ကို တွေ့ရသည်။
လက်စလီသည် အသက် သုံးဆယ်ကျော်သာ ရှိသည်။ ပိန်ပါး သွယ်လျသည်။ ချောသည် ဟူ၍ကား မဆိုနိုင်။ သို့သော် ချစ်စရာ ကောင်းသည်။ မျက်နှာမှာ ကျက်သရေ ရှိသည်။ အသားဖြူဖြူ သွေးကြောစိမ်းစိမ်း။ သူ့မျက်လုံး၏ အရောင်ကို ရုတ်တရက် ဖမ်းလို့မရ။ ပြာပြာလည်း မဟုတ်။ အေးဆေးသည်။ မာနမရှိ။ အမူအရာမှာ နှစ်လို ချစ်ခင်ဖွယ်ရာ ဖြစ်သည်။ အရှက်ကြီးသည်။ ထို့ကြောင့် အထက်လွှာတွင် မထင်ရှား မကျော်ကြား။
သူ့ယောက်ျားမှာ ခြံစိုက်သူ ဖြစ်ရာ လူသူ အဆက်အဆံ ဝေးသည်။ ခြံမှာပဲ တစ်ယောက်တည်း နေတတ်သည်။ သို့သော်လည်း ဆက်ဆံသမျှကား ပြေပြစ်သည်။ အားလုံးက ချစ်ခင်နှစ်သက် ကြသည်။ ဂျွိုက်၏ မိန်းမကား လက်စလီကို ခင်သည်။ ရင်းနှီးပြီ ဆိုလျှင် သူ့အကြောင်းကို ပိုသိရသည်။ လက်စလီသည် အလွန် စာဖတ်သူ ဖြစ်သည်။
သည်လို မိန်းမမျိုးက လူသတ်မှု ကျူးလွန်သည် ဆိုတော့ ယုံနိုင်စရာပင် မရှိ။
ကရော့စဗီ ပြန်သွားသည့်အခါ ဂျွိုက်သည် အမှုတွဲကို ပြန်လှန်သည်။ သို့သော် လုပ်နေကျမို့သာ လုပ်ခြင်း ဖြစ်သည်။ အမှုကြောင်းက ရှင်းနေသည်။ သည်အမှုမှာ ပီနန်၊ စင်ကာပူ တစ်လျှောက် မလေးကျွန်းဆွယ် တစ်ခုလုံး ပြောဆို စိတ်ဝင်စား နေကြသည့် အမှု ဖြစ်သည်။
လက်စလီ အစစ်ခံသည်မှာလည်း ရိုးရိုးရှင်းရှင်းပင်။ သူ့ယောက်ျားသည် အလုပ်ကိစ္စနှင့် စင်ကာပူသို့ သွားသည်။ အဲဒီ ညက အိမ်မှာ သူတစ်ယောက်တည်း ရှိသည်။ ထမင်းစားပြီးစ ကိုးနာရီ မတ်တင်းလောက်တွင် ဧည့်ခန်းမှာ ထိုင်ကာ ဇာထိုးနေသည်။ ဧည့်ခန်းသည် ဟင်းလင်း ပွင့်နေသည်။ ဝရန်တာနှင့် တဆက်တည်း ဖြစ်သည်။ အိမ်တွင် တစ်ယောက်မှ မရှိ။ အခိုင်းအစေတို့သည် အလုပ်ကိစ္စ ပြီးစီးကာ တန်းလျားသို့ ပြန်ပြီး အနားယူ နေကြပြီ။ ထိုအချိန်မှာ ခြံထဲရှိ ကျောက်စရစ် လမ်းပေါ် ခြေချသံ ကြားရသည်။ ဘွတ်ဖိနပ်သံပင် ဖြစ်သည်။ ဒေသခံများ မဟုတ်နိုင်။ ကားသံလည်း မကြားရ။ သည်အချိန်မှာ ဘယ်က ဧည့်သည် လာသလဲ။ လှေကားမှ တက်လာသံ ကြားရသည်။ ထို့နောက် သူထိုင်နေသော အခန်းတံခါးဝတွင် လူရိပ် ပေါ်လာသည်။ ပထမတော့ ဘယ်သူလဲဟု မသဲကွဲ။ မီးအိမ်က အုပ်ဆောင်း အုပ်ထားသည် ဖြစ်ရာ အလင်းရောင်မှာ သိပ်မပြန့်။ ပြီးတော့ အမှောင်ဘက်ကို ကျောပေး ထိုင်နေမိသည်။
"ဝင်ခဲ့ရမလား"
အသံ ကြားသော်လည်း ဘယ်သူမှန်း မသိသေး။
"ဘယ်သူလဲ"
မေးရင်းပင် စာကြည့် မျက်မှန်ကို ချွတ်လိုက်သည်။
"ဂေါ်ဖရီ ဟမ်မွန်"
"လာလေ၊ တစ်ခုခု သောက်မလား"
ထိုင်ရာမှ ထပြီး ဖော်ရွေစွာပင် လက်ဆွဲ နှုတ်ဆက်သည်။ နည်းနည်းတော့ အံ့ဩမိသည်။ ခြံနီးချင်း ဟုတ်သည်ကား မှန်သည်။ သို့သော်လည်း သူ့ယောက်ျား ရောဗတ်နှင့်ရော သူနှင့်ပါ ရင်းရင်းနှီးနှီး မရှိလှ။ ပြီးတော့ သူ့ကို မတွေ့သည်မှာ အတော်ကြာပြီ။ ဂေါ့ဖရီ ဟမ်မွန်မှာ ရှစ်မိုင်လောက် ဝေးသည့် နေရာမှ ရော်ဘာခြံ တစ်ခု၏ မန်နေဂျာ ဖြစ်သည်။ ဘယ်လိုလဲ။ ခုလို ညဥ့်နက်ကြီးမှ ဘာလို့ ရောက်လာရသလဲ။ လက်စလီ အံ့ဩမိသည်။
"ရောဗတ် မရှိဘူး။ စင်ကာပူ သွားတယ်"
ဘာအကြောင်း ရှိလို့ လာသလဲဟု အဖြေ လိုချင်သည် ထင်သဖြင့် ဟမ်မွန်က "ဝမ်းနည်းပါတယ်၊ ဒီည ကျွန်တော် တစ်ယောက်တည်း အိပ်လို့ မပျော်ဘူး၊ အဖော်လည်း မရှိဘူး။ ဒါနဲ့ ဒီဘက် လျှောက်လာပြီး ခင်ဗျားတို့ ဘယ်လို နေကြသလဲလို့ ဝင်ကြည့်တာပါ" ဟု ဆိုသည်။
"ဘာနဲ့ လာသလဲ၊ ကားသံလည်း မကြားပါလား"
"လမ်းမှာ ထားခဲ့တယ်လေ၊ ခင်ဗျားတို့ နှစ်ယောက်စလုံး အိပ်နေကြပြီ ထင်လို့ပါ"
ဤသည်မှာ သဘာဝကျသည်။ ခြံသမားတို့သည် နံနက်စောစော ထကြရသဖြင့် စောစော အိပ်ကြသည်။ နောက်တစ်နေ့တွင်ကား ဟမ်မွန်၏ ကားကို သူတို့အိမ်မှ နှစ်ဖာလုံ အကွာတွင် တွေ့ရသည်။
ရောဗတ် မရှိတော့ ၀ီစကီ ပုလင်းနှင့် ဆိုဒါ ပုလင်းတို့သည် အခန်းထဲမှာ လွယ်လင့်တကူ မရှိ။ အစေအပါးတို့ကိုလည်း မခေါ်ချင်သဖြင့် လက်စလီသည် ကိုယ်တိုင်ပင် ထကာ ၀ီစကီနှင့် ဆိုဒါတို့ကို ယူပေးလိုက်သည်။ ဧည့်သည်က ကိုယ်တိုင်စပ်သည်။ ထို့နောက် ဆေးတံကို မီးညှိသည်။
မလေး ကိုလိုနီတွင် ဟမ်မွန်၏ အပေါင်းအသင်း များစွာရှိသည်။ ရောက်စတုန်းကတော့ ခပ်ငယ်ငယ်။ ယခု သူလည်း အသက် သုံးဆယ်က အတော်လေး စွန်းလာပြီ။ စစ်ဖြစ်စတွင် အဦးဆုံး စစ်ထဲသို့ ဝင်သည်။ အတော်လေး တိုက်ခဲ့သည်။ နှစ်နှစ် အကြာတွင် ဒူး၌ ဒဏ်ရာ ရသဖြင့် စစ်တပ်မှ ထွက်ခဲ့ရသည်။ သို့သော်လည်း မလေးသို့ ရောက်လာတော့ ဘွဲ့ထူး ဂုဏ်ထူးများ အပြည့်နှင့်ပင် ဖြစ်သည်။ မလေး ကိုလိုနီတွင် ဟမ်မွန်သည် အကောင်းဆုံး ဘိလိယက်သမား ဖြစ်သည်။ အကလည်း ကောင်းသည်။ တင်းနစ် ကစားရာ၌လည်း ဗိုလ်စွဲသည်။ ယခုမူ ဒူးက ဒဏ်ရာကြောင့် မကနိုင်။ တင်းနစ်လည်း မရိုက်နိုင်။ သူ့ကို လူတိုင်းက ချစ်ခင်ကြသည်။ အရပ် ရှည်ရှည်၊ ရုပ်က ဖြူးဖြူး၊ ဆံပင်က ကောက်ကောက်။ သူ့မျက်လုံး တစ်စုံမှာ ပြာလဲ့နေသည်။ တစ်ခုတော့ ချွတ်ယွင်းချက် ရှိသည်။ ယင်းမှာ ဟမ်မွန်သည် မြာပွေလွန်းခြင်းပင် ဖြစ်သည်။ မြာပွေသောကြောင့် တစ်နေ့တွင် ဒုက္ခရောက်နိုင်သည်ဟု ဆက်ဆံသူများက ထင်ကြေး ပေးကြသည်။
ဟမ်မွန်သည် လက်စလီနှင့် စကားလက်ဆုံ ကျနေသည်။ မြင်းပွဲအကြောင်း၊ ရော်ဘာဈေးနှုန်း အတက်အကျ၊ ကျားပစ်ခြင်း။ လက်စလီမှာ စိတ်မပါလှ။ ထိုးလက်စ ဇာပန်း မြန်မြန် ပြီးချင်သည်။ မေမေ့မွေးနေ့ အမီ ပြီးအောင် ထိုးပြီး ပို့ချင်သည်။ ထို့ကြောင့် မျက်မှန်ကို ပြန်တပ်ကာ ဇာပန်းကို ကောက်ကိုင်သည်။
"အဲဒီ ကော်ကိုင်း ထူထူနဲ့ မျက်မှန်ကြီးတွေ မတပ်ပါနဲ့ဗျာ၊ လှပြီး ချောပြီးသား မိန်းမဆိုတာ ရိုးရိုး ဆင်ပြင်တာက ပိုပြီး ကျက်သရေ ရှိပါတယ်"
ဘယ်လို စကားလဲ။ လက်စလီ စိတ်ထဲမှာ ဒီစကားကို မကျေနပ်လှ။ အလျင်က သည်လို ကလက်တက်တက် စကားမျိုး မပြောဖူးခဲ့။ သည်လိုစကား အပြောမခံဖို့ အရေးကြီးသည်။ တခြား စကားမျိုး ပြောမှပေါ့။
"လှတာ ကျက်သရေ ရှိတာတွေ ကျွန်မ ဂရုမစိုက်ဘူး၊ ရှင်က ဒီလို တဲ့တိုးပြောတော့ ကျွန်မကလည်း တဲ့တိုး ပြန်ပြောရမှာပဲ။ ကျွန်မကို ရိုးရိုး ပြင်ဆင်ထားတာ ကောင်းတယ်လို့ ရှင်ပြောတာလည်း ကျွန်မ ဘာမှ ဂရုစိုက်စရာ မလိုဘူး၊ ဟန်ဆောင်တာတွေ ကျွန်မမှာ မရှိဘူး၊ ဒါပဲ"
"ရိုးတယ်လို့ မထင်ပါဘူးလေ၊ သိပ်လှတာပဲလို့သာ ထင်တာပါ"
"ဪ ဒီစကားအတွက် ကျေးဇူး တင်ပါတယ်ရှင်" လက်စလီက ငေါ့လိုက်သည်။ "ဒါပေမဲ့ ဒီလို ထင်ရင်တော့ ရှင် သိပ် ကျပ်မပြည့်ဘူးလို့ ပြောရမလား"
ဟမ်မွန်က တခစ်ခစ် ရယ်သည်။ ပြီးတော့ ထိုင်ရာမှ ထကာ လက်စလီ အနားက ကုလားထိုင်သို့ ပြောင်းထိုင်သည်။
"ကမ္ဘာပေါ်မှာတော့ ခင်ဗျား လက်တွေလောက် လှတဲ့လက်မျိုး မရှိဘူးလို့ ထင်တယ်"
ပြောပြောဆိုဆိုပင် လက်စလီ လက်ကို လှမ်းကိုင်ရန် ဟန်ပြင်သည်။ ထိုအခါ လက်စလီက သူ့လက်ကို ခပ်ဆတ်ဆတ် ရိုက်ချလိုက်သည်။
"အရူးမထနဲ့နော်၊ ကောင်းကောင်း ထိုင်နေ၊ ဒါမှ မဟုတ်ရင် အိမ်ပြန် ပို့ရလိမ့်မယ်၊ စကားကို ကောင်းကောင်း ပြောပါ"
သို့တိုင်အောင် သူကား မလှုပ်။
"ခင်ဗျားကို အရူးအမူး ချစ်နေတယ် ဆိုတာ မသိဘူးလား"
လက်စလီသည် ဣနြေ္ဒမပျက် ခပ်တည်တည်ပင် ထိုင်နေသည်။ စိတ်ကိုလည်း အေးအေး ထားသည်။ "မဟုတ်တာရှင်၊ မဖြစ်နိုင်တာ၊ တကယ်လို့ ဟုတ်ဦးတော့၊ ဒီစကားမျိုး ပြောဖို့ မသင့်ဘူးပေါ့"
သိခဲ့တာ ခုနစ်နှစ်ရှိပြီ။ အံ့ဩစရာပေပဲ။ ခုမှ ဘာလို့ ဒီစကားမျိုး ပြောရတာလဲ။ အစတုန်းက ဘယ်လိုမျှ အရိပ်အယောင် မပြခဲ့။ စစ်ပြီးစက အတွေ့အမြင် များခဲ့ကြသည်။ တစ်ခါတွင်မူ ဟမ်မွန် အပြင်းဖျားသဖြင့် ရောဗတ်က သူတို့အိမ်သို့ ခေါ်လာခဲ့ဖူးသည်။ တစ်ပတ်လောက် နေသွားသည်။ သို့ပေမယ့် ဝါသနာချင်းက တခြားစီမို့ ရင်းနှီးသော မိတ်ဆွေ အဖြစ်သို့ မရောက်ကြ။ သည့်နောက် ခဏတစ်ဖြုတ်သာ တွေ့ကြသည်။
ဟမ်မွန်သည် ၀ီစကီတစ်ခွက် ထပ်သောက်ပြန်သည်။ ဒီမလာခင်ကများ သောက်ခဲ့သေး သလား။ အခြေအနေမှာ မဟန်။
"ကျွန်မသာ ရှင်ဆိုရင် ဆက်မသောက်တော့ဘူး၊ သိလား"
ဟမ်မွန်သည် လက်ထဲက ခွက်ကို ကုန်အောင် တစ်ခါတည်း မော့လိုက်သည်။
"မူးနေလို့ ဒီစကားမျိုး ပြောတယ်လို့ ထင်နေသလား"
"ဒါပဲ ဖြစ်ရမှာပေါ့၊ မဟုတ်ဘူးလား"
"မဟုတ်ဘူး၊ ဒါ လိမ်တာ၊ မင်းကို သိကတည်းက ငါ ချစ်နေတာ၊ ဒါပေမဲ့ ရေငုံနှုတ်ပိတ် နေခဲ့ရတယ်။ အခုတော့ မတတ်နိုင်တော့ဘူး။ ဖွင့်ပြောရပြီလေ။ မင်းကို ငါချစ်တယ်။ ချစ်တယ်၊ ချစ်တယ်၊ မင်းကို ငါချစ်တယ်"
လက်စလီသည် ထိုင်နေရာမှ ဆတ်ခနဲ ထလိုက်ကာ မှီအုံးကို နေရာတကျ ထားပြီး "ဂွတ် နိုက်" ဟု နှုတ်ဆက်လိုက်သည်။
သူကား မထ။ "ငါ မပြန်သေးဘူး"
နောက်ဆုံးတွင် လက်စလီမှာ သူ့စိတ်ကို မထိန်းနိုင်လောက်အောင် ဒေါသ ထွက်လာသည်။
"ရှင် အရူးပဲ။ ရောဗတ်က လွဲပြီး ဘယ်သူ့မှ မချစ်ခဲ့ဘူး ဆိုတာ ရှင် မသိဘူးလား၊ ရောဗတ်ကို မချစ်ခဲ့ရင်တောင်မှ ရှင့်လို လူမျိုးကို နောက်ဆုံးမှ ကျွန်မ ရွေးမှာ သိလား"
"ဘာဖြစ်ဖြစ်ကွာ၊ ရောဗတ်လည်း အခု မရှိဘူး"
"အေးနော်၊ အခုချက်ချင်း ထွက်သွား ဒါပဲ၊ မသွားရင် ကောင်လေးတွေ ခေါ်ပြီး ဆွဲထုတ်ရ လိမ့်မယ်"
"ဘယ်သူ့ကိုမှ ခေါ်လို့ရမှာ မဟုတ်ဘူး။ ဘယ်သူမှ မကြားရဘူး သိလား"
လက်စလီသည် ဒေါသ ထွက်လာသည်။ ဝရန်တာဘက် ထွက်ကာ အိမ်ဖော် ကောင်လေးကို အော်ခေါ်မည် စိတ်ကူးပြီး ထလာခဲ့သည်။ သို့သော် ဟမ်မွန်က သူ့လက်ကို ဖမ်းဆွဲလိုက်သည်။
"လွှတ် လွှတ်၊ ကျွန်မ သွားပါရစေ"
"အိုး ဘယ်ရမလဲ၊ အခု မင်းဟာ ငါ့လက်ထဲ ရောက်နေပြီ"
လက်စလီက အိမ်စေကို အော်ခေါ်သည်။ ချက်ချင်းပင် ဟမ်မွန်က ပါးစပ်ကို ပိတ်လိုက်ပြီး အတင်း ပွေ့ဖက်ကာ အငမ်းမရ နမ်းသည်။ လက်စလီက ရုန်းထွက်သည်။
"မလုပ်နဲ့ ... မလုပ်နဲ့၊ ကျွန်မ သွားပါရစေ"
သည့်နောက် ဘာဖြစ်ကုန်သည် မသိ။ ကြောက်တာရော၊ ရှက်တာရော၊ ဒေါသဖြစ်တာရော ရောထွေးနေသည်။ သူက ချစ်ခွင့်ပန်သည်။ သူ့ လက်မောင်းကြီးများက ရစ်သိုင်းထားသည်။ ရင်ခွင်ထဲက ရုန်းထွက်လို့ မရ။ အားက မမျှ။ ခဏကြာလျှင် သတိမေ့သွားမှာ လက်စလီ စိုးရိမ်လာသည်။ သူ့အနမ်းများက လက်စလီ မျက်နှာပေါ်မှာ ၀ဲပျံနေသည်။ ရှူထုတ်လိုက်သည့် ပူနွေးနွေးလေများ။ ဘယ်လိုမှ ရုန်းထွက်လို့ မရ။ ပါးစပ်က တတွတ်တွတ် တောင်းပန် နေသော်လည်း သူ့မျက်လုံးများမှာ တဏှာမီး ဝင်းဝင်းတောက် နေသည်ကို လက်စလီ တွေ့ရသည်။ အိမ်ခန်းထဲသို့ အတင်းဆွဲခေါ် နေသည်။ သူ့မှာ လူစိတ် မရှိတော့။ ရုန်းရင်း ကန်ရင်းနှင့် ဟမ်မွန်မှာ စားပွဲကို တိုက်ကာ မဟန်နိုင်ဘဲ လဲကျသွားသည်။ သူ့ဒူးက မခိုင်။ သည်အထဲ လက်စလီကို အတင်းဆွဲထား ရသေးသည် မဟုတ်လား။
ထိုခဏမှာပင် လက်စလီသည် သူ့ရင်ခွင်ထဲမှ ရုန်းထွက်ကာ ဆိုဖာကို ပတ်ချာလှည့်ပြီး ပြေးသည်။ သူသည် ချက်ချင်းကုန်းထကာ လက်စလီကို အမိအရ ဖမ်းသည်။ စားပွဲပေါ်တွင် သေနတ် တစ်လက် ရှိသည်။ ရောဗတ် မရှိခိုက် လိုရမည်ရ အိမ်ပ်ခန်းထဲသို့ ယူထားရန် တင်ထားခြင်း ဖြစ်သည်။ အိပ်ရာထဲဝင်လျှင် သေနတ်ကို ယူသွားမည်။ သို့ကြောင့်ပင် စားပွဲပေါ်၌ အလွယ်တကူ ရှိနေခြင်း ဖြစ်သည်။
ယခုမူ လက်စလီသည် ဒေါသကြောင့် မွှန်ထူကာ တုန်တုန်ယင်ယင် ဖြစ်လာသည်။ စိတ်ရိုင်းများ ဝင်လာသည်။ ဘာလုပ်မိသည်ကို မသိတော့။ သေနတ်သံ ကြားလိုက်ရသည်။ ဟမ်မွန် ယိုင်လဲ သွားသည်ကို တွေ့လိုက်ရသည်။ ပြီးတော့ အော်သံ ကြားရသည်။ တစ်စုံတစ်ခု ပြောသည်ဟု ထင်သည်။ သို့သော် လက်စလီ နားထဲတွင် မသဲကွဲ။ ဝရန်တာဘက်သို့ ဟမ်မွန် ထွက်ပြေးသည်။ လက်စလီမှာ ဒေါသဖြင့် မွှန်ထူကာ မထိန်းနိုင် ဖြစ်လာသည်။ သေနတ်ကိုင်ပြီး သူ့နောက်သို့ လိုက်ကာ တစ်ချက်ပြီး တစ်ချက် မရပ်မနား ပစ်သည်။ ကျည်ဆန် ခြောက်တောင့် ကုန်သွားသည် အထိ ပစ်သည်။ ဟမ်မွန်သည် ၀ရန်တာတွင် သွေးအိုင်ထဲ၌ လဲသွားရာမှ လူးလွန့်နေသည်။
အသံကြားသဖြင့် အစေခံများ ရောက်လာသည့် အခါ လက်စလီ၏ လက်ထဲတွင် သေနတ် ကိုင်လျက်၊ ဟမ်မွန်မှာ အသက်ကုန်လျက် တွေ့ကြရသည်။ သူတို့ကို စကားတစ်ခွန်းမျှ မပြောဘဲ စိုက်ကြည့်သည်။ သူတို့ကား ကြောက်ရွံ့ကာ တုန်တုန်ယင်ယင် ဖြစ်နေကြသည်။ လက်ထဲက သေနတ်လည်း လွတ်ကျသွားသည်။ ထို့နောက် ဧည့်ခန်းထဲသို့ ပြေးဝင်ခဲ့သည်။ ထိုမှတစ်ဖန် အိပ်ခန်းထဲ ပြေးဝင်ပြီး အခန်းတံခါးကို သော့ပိတ်လိုက်သည်။
အလောင်းကိုမူ သူတို့တစ်တွေ မတို့ရဲကြ။ တုန်တုန်လှုပ်လှုပ် ဖြစ်ကာ ဘယ်လို ဖြစ်ကြတာလဲဟု တစ်ယောက်ကို တစ်ယောက် မေးနေကြသည်။ သူတို့အထဲတွင် အကြီးဆုံးဖြစ်သည့် တရုတ်ကလေးက ချက်ချင်းပင် သတိရကာ လုပ်စရာ ရှိသည်တို့ကို လုပ်သည်။ သူတို့ဆရာ ရောဗတ်သည် စင်ကာပူသို့ မော်တော်ဆိုင်ကယ်နှင့် သွားသည်။ ကားရုံထဲတွင် ကား ရှိနေသည်။ ကားကို ထုတ်ခိုင်းပြီး လက်ထောက် ခရိုင်ဝန်ထံ သွားကာ တိုင်တန်းရမည်။ အကျိုးအကြောင်း ပြောပြရမည်။ ထို့ကြောင့် ခြောက်လုံးပြူးကို ယူကာ အိတ်ထဲ ထည့်သည်။ လက်ထောက် ခရိုင်ဝန် ရှိသည့် နေရာဒေသမှာ သုံးဆယ့်ငါးမိုင် ဝေးသည်။ သူ့ဆီ ရောက်အောင် တစ်နာရီခွဲ မောင်းရသည်။ အားလုံး အိပ်နေကြသဖြင့် နှိုးသည်။ လက်ထောက် ခရိုင်ဝန် စစ်သား ထွက်လာလျှင် အကြောင်းစုံ အစီရင် ခံသည်။ ခြောက်လုံးပြူးကို ပြသည်။ ခဏကြာလျှင် လက်ထောက် ခရိုင်ဝန်သည် အဝတ်လဲပြီး အပြေး တက်သွားသည်။ ဟမ်မွန်၏ အလောင်းကို ဝရန်တာ၌ တွေ့လိုက်ရသည်။ တန့်သွားသည်။ မျက်နှာကား အေးစက်နေသည်။
"မင်းတို့ သခင်မရော"
တရုတ်ကလေးက အိပ်ခန်းသို့ လက်ညှိုးညွှန်သည်။ စစ်သားသည် လက်စလီ အခန်းသို့ သွားကာ တံခါးကို ခေါက်သည်။ အသံ မကြားရ။ နောက်တစ်ခါ ထပ်ခေါက်သည်။
"မစ္စက် ကရော့စဗီ"
"ဘယ်သူလဲ"
"စစ်သားပါ"
ခဏကြာလျှင် တံခါး ပွင့်လာသည်။ သူ့ရှေ့တွင် လက်စလီ ရပ်နေသည်။ မအိပ်ရသေး။ ညက အဝတ်များကိုပင် မလဲရသေး။ စစ်သားရှေ့တွင် ရပ်ကာ စိုက်ကြည့်နေသည်။
"ခင်ဗျား အိမ်စေလေး လာခေါ်တယ်၊ ဟိုမှာ ဟမ်မွန်ပါလား၊ ဘယ်လို ဖြစ်ကြတာလဲ"
"သူ ကျွန်မကို အဓမ္မကျင့်လို့၊ ဒါနဲ့ ကျွန်မ ပစ်သတ် လိုက်တာပဲ"
"ဘုရား ဘုရား၊ ကဲပါလေ၊ အခန်းထဲက ထွက်ပါဦး၊ ဘယ်နည်းဘယ်ပုံ ဖြစ်တယ်ဆိုတာ အစအဆုံး ပြောပြစမ်းပါဦး"
"အခုတော့ မပြောနိုင်သေးဘူး၊ အချိန်ပေးပါ၊ ကျွန်မယောက်ျား ကိုလည်း အခေါ်လွှတ် ပေးပါ"
စစ်သားသည် လူငယ်တစ်ယောက် ဖြစ်သည်။ ယခုလို အရေးပေါ် ကိစ္စမျိုးတွင် ဘာလုပ်ရမည် မသိ ဖြစ်နေသည်။ အတွေ့အကြုံ မရှိသေး။ သူ့တာဝန် ဝတ္တရားများနှင့် ဆိုင်ရဲ့လား။ သူ မသိ။ လက်စလီကမူ ရောဗတ် ရောက်လာမှ အဖြစ်စုံ ပြောပြမည်ဟု ဆိုသည်။ ရောဗတ် ရောက်လာလျှင်မူ သူတို့ နှစ်ယောက်သား ဇာတ်စုံ ခင်းလေသည်။ ထိုအခါမှ စ၍ ယခုတိုင် သူပြောပြသမျှ အဖြစ်သနစ်တို့သည် ဆယ်ခါ ထပ်ပြောသည့်တိုင် တစ်လုံး တစ်ပါဒမျှ မလွဲ။ အားလုံး ထပ်တူ ထပ်မျှသာ ဖြစ်သည်။
ဂျွိုက်ကမူ ခြောက်ချက်ပစ်သည်ကို သံသယ ဝင်သည်။ တစ်ချက်မဟုတ်၊ ခြောက်ချက်။ လေးချက်မှာ ကပ်ပစ်သည့် ကျည်ဆန်များ ဖြစ်သည်။ ရှေ့နေရှုထောင့် ကြည့်နေခြင်းသာ ဖြစ်သည်။ ငမိုက်သား လဲကျသွားသည့်တိုင် သေနတ်ထဲ ကျန်သမျှ ကျည်ဆန်များကို မကုန်မချင်း ပစ်ထည့်နေပါလားဟု တွေးထင်စရာ ရှိနေသည်။
သည်နေရာတွင်မူ လက်စလီသည် ကောင်းကောင်း မမှတ်မိတော့ဟု ဆိုသည်။ အခြား အချက်အလက်များကိုမူ တိတိကျကျ မှတ်မိနေသည်။ သူ့စိတ်ထဲမှာ ဘာဖြစ်နေမှန်း မသိတော့ပါဟု ဆိုသည်။ ထိန်းမနိုင်လောက်အောင် ဒေါသ ဖြစ်နေသည်။ ယခုလို အေးဆေးတည်ငြိမ်ပြီး ဣနြေ္ဒကြီးသော မိန်းမတစ်ယောက်ထံမှ ထိန်းမရအောင် ဒေါသ ဝှန်တက်နေသည် ဆိုခြင်းမှာ လက်ခံရ ခပ်ခက်ခက်ပင်။
ဂျွိုက်သည် လက်စလီကို ကောင်းကောင်းသိသည်။ စိတ်ထိခိုက် တုန်လှုပ်တတ်သည့် မိန်းမမျိုး မဟုတ်သည်ကို သူ သိသည်။ အမှုဖြစ်ပွားသည်မှ ယနေ့တိုင် တည်တည်ငြိမ်ငြိမ် နေနိုင်သည်က သက်သေခံနေသည်။ အံ့ဩစရာပင်။
ဂျွိုက်သည် ပခုံးနှစ်ဖက်ကို တွန့်လိုက်သည်။
"အင်း ... ဘာဖြစ်လို့လဲ မခံမရပ်နိုင် ဖြစ်ရတာလဲ၊ သတ်ပစ်ရလောက်အောင် ဒေါသကြီး ရတာလဲ၊ ဒီမိန်းမဟာ လေးစားစရာ ကောင်းတဲ့ မိန်းမပါ" ဤသို့ တွေးမိနေသည်။
ထိုခဏတွင် တံခါးခေါက်သံ ကြားရသည်။
"ဝင်ခဲ့လေ" ရှေ့နေစာရေး တရုတ်ကလေး ဟွန်ချိဆင်း ဝင်လာပြီး တံခါးကို ပြန်ပိတ် လိုက်သည်။ ပြီးတော့ ဂျွိုက် ထိုင်နေသည့် စားပွဲသို့ ဦးတိုက် လျှောက်လာသည်။
"ကျွန်တော့်ကို ခွင့်လွှတ်ပါ ဆရာ၊ တစ်ခုလောက် ဆွေးနွေးချင်လို့ပါ"
ဂျွိုက်သည် သူ့တပည့်ကျော် စကားလုံး ရွေးပုံကို သဘောတွေ့ကာ ပြုံးမိသည်။
"ကိစ္စမရှိပါဘူးကွာ၊ ပြောသာ ပြောပါ"
"ဆရာ့ကို ပြောမယ့် ကိစ္စက သိမ်မွေ့တယ် ဆရာ၊ ပြီးတော့ လျှို့ဝှက်ချက်လည်း ဖြစ်တယ်"
"အိုကွာ ပြောမှာသာ ပြောစမ်းပါ"
( ဒုတိယပိုင်းဆက်ရန် ) 👇👇👇
[ မြန်မာဝတ္ထုတိုများ ပေ့ခ်ျမှ ကူးယူပါသည်။ ပေ့ခ်ျအား ကျေးဇူးတင်ပါသည်။]
No comments:
Post a Comment