Tuesday, 5 March 2019

ညချမ်းချိန်ခါဝယ် #ခင်မျိုးချစ်

#ညချမ်းချိန်ခါဝယ်


#ခင်မျိုးချစ်


ညသည် တိတ်ဆိတ်လျက် ရှိသည်။ တိတ်ဆိတ်ပါသော်ကော ... ၁၂နာရီထိုးနေမင့်ပဲ။ နေရာ ကလည်း ရန်ကုန်မြို့ ဆင်ခြေဖုံး ကန်ဘဲ့ဒေသ ခြံမြေထဲတွင် တစ်အိမ်နှင့် တစ်အိမ် ခေါ်၍ မကြား၊ ခပ်ကွာကွာရှိသည့် အိမ်ငယ်ကလေး တစ်အိမ်အတွင်း ဖြစ်သည်။ မိုးရာသီ ဖြစ်၍ မိုးသက်လေ  ညည်းညူသံ ပေါက်ကာ အိမ်အပြင်ဘက် သစ်ပင်ကြိုကြားတွင် လေ၀န်းရစ်ကာခွေ ပြေးလွှားတိုက်ခတ်နေသည်။ မိုးခပ်ဖွဲဖွဲ ရွာလိုက်၊ မိုးသက် လေကျလာလိုက် ဖြစ်သည့်အထဲတွင် ဆန်း၁၀ရက် လကလေးမှာ တိမ်တိုက်ကြားက ရောင်ခြည် သစ် ကလေးများ ကြိုးတိုးကြားတား ထွက်လာလိုက်၊ တိမ်မည်း တိမ်ပုပ်ထဲ ပျောက်သွားလိုက်နှင့် နေရှာ သည်။


မြက်တောများအတွင်းမှ ပိုးမွှားကောင်ကလေးတွေ အော်သံမျိုးစုံ ကြားရသည်။ မိုးသက်လေသံ၊ သစ်ကိုင်း များ အချင်းချင်း ထိမိသံများသည် "ညချမ်းချိန်ခါဝယ်" တီးဝိုင်းအဖွဲ့ကြီးတွင် သူ့ထက်ငါ သာအောင် တီးမှုတ်နေကြသည်နှင့် တူပေသည်။ တစ်ချက် တစ်ချက် အိမ်စောင့်ခွေး နှစ်ကောင် တို့ အိမ်ပတ်လည် ပြေးလွှား ဟောင်ဟိန်းသံများ ကြားရသောအခါ သူခိုးပဲ ကပ်လေသလားဟု ထိတ်လန့်ဖွယ်ရာ ဖြစ်လေသည်။ ခြံအတွင်းရှိ အိမ်ငယ်ကလေးအတွင်း၌ကား မီးရောင် ကင်းမဲ့နေ သော်လည်း လရောက်ကလေး တစ်ချက် တစ်ချက် ထွက်လာသောအခါ မှန်ပြတင်းပေါက်မှ အရောင်သည် အခန်းအတွင်းဘက်ကို အလင်းပေး နေသကဲ့ သို့ ရှိလေသည်။


"ညညများ အသံတွေကလည်း မျိုးကို စုံလို့ပါပဲလား။ ပြီးတော့ လရောင်ကလည်း လင်းလိုက် မှောင် လိုက်၊ အရိပ်ပြနေတဲ့အတိုင်းပဲ။ ညတိုင်း ဒီလိုပဲလား မသိဘူး"

ဟု အိပ်၍မပျော်နိုင်သော ကိုထွေးမောင်သည် လက်ယာနံစောင်းမှ လက်ဝဲနံစောင်းသို့ ပြောင်းရင်း သူ့ ဘာသာ တိုးတိုး ညည်းလေသည်။

သူ အိပ်နေသော ခုတင် ခေါင်းရင်းက မှန်ပြတင်းပေါက်ကလေးမှ အပြင်ဘက်က အလင်း အမှောင် အရိပ်ပြ နေသည်ကို ကြည့်နေမိသည်။


"တို့အိမ်က စုတ်ပေမယ့် မှန်တံခါးနဲ့ ဘာနဲ့ အနိပ်"

ဟု တိုးတိုးပြောရင်း သဘောကျကာ ပြုံးလိုက်သေးသည်။ လရောင်ကလေး တစ်ချက် လက်၍ အလာတွင် သူ့လက်ယာဘက်တွင် အခြား တစ်ယောက် အိပ်ခုတင်ကလေးတစ်လုံးနှင့် အိပ်နေ သော သူ့ဇနီး မရွှေခင်ကို လှမ်းကြည့်သည်။

"သူကော အိပ်ပျော်လေပြီလား မသိဘူး"

ဟု ကိုထွေးမောင် သူ့ကိုယ်သူ မေးနေသည်။

မရွှေခင်၏ ခုတင်တစ်ဖက်တွက် အိပ်နေသော သူတို့ သားကလေး မောင်မောင်၏ ခုတင်မှာ ကလေးပီပီ အအိပ်ကြမ်းသဖြင့် တကျွိကျွိ ဖြစ်နေသည်။


"ကောင်လေးနှယ် ... အအိပ် ကြမ်းရန်ကော။ ခြင်ထောင်ကြိုး ပြတ်ကျနေပြန်ပြီလား မသိဘူး၊   အင်း ... ဒီသားလေးလည်း ရှင်ပြုပြီးလို့ စိတ်တော့ အေးရပြီ၊ ပညာသင်ဖို့ ရှိသေးတယ်။ အခု ငါးတန်း ရောက်ပြီ။ စာတော့ ကြိုးစားသားပဲ။ အခုထိတော့ လိမ္မာတာပဲ၊ နောက်တော့ မပြောတတ် ဘူး။ တို့ သားအမိ သားအဖ သုံးယောက် လည်း ကျောင်းဘော်ဒါခန်းကျနေတာပဲ။ စစ်ခြင်ထောင် အစိမ်း တစ်လုံးစီနဲ့ စီတန်း အိပ်နေ လိုက်တာ ... ရယ်စရာကြီးပဲ"

ကိုထွေးမောင် စိတ်ထဲက ရယ်လိုက်ရာ အသံ ဟီးခနဲ ထွက်သွားသည်။


"အိပ်လို့ကလည်း မပျော်ဘူး၊ ဆေးလိပ် သောက်ဦးမှာပဲ"

ဟု ကြံကာ နံဘေးက စားပွဲပေါ်ကို စမ်းလိုက်သည်။ စားပွဲဝိုင်းအငယ်လေးမှာ ဆေးလိပ်ခွက်၊ စာအုပ်၊ လက်နှိပ်ဓာတ်မီး၊ မှန်အိမ်ငယ်၊ လျက်ဆားပုလင်း၊ ပရုပ်ဆီဘူး၊ တိုလီမိုလီတွေ စုတင်ထား သဖြင့် လရောင် ပျောက်နေသည့် အခိုက်တွင် ကိုထွေးမောင်၏ လက်သည် ဆေးလိပ်ခွက်မှ လွဲ၍ အခြားပစ္စည်း ရှိသမျှကို တစ်ခု စီ စမ်းမိနေသည်။

"လက်ကို မျက်စိ တပ်ထားရမယ့်ပုံပေါ်နေပါပြီ"


ဟု ပါးစပ်က တိုးတိုးရွတ်ရင်း ဆေးလိပ်ခွက် လက်နှင့် တိုက်ချလိုက်ရာ "ခလွမ် ... " ဟူသော အသံ နှင့် တစ်ဖက်ခုတင်မှ

"ဟပ်ချိုး ... ခွီး ... ခွီး ... တကတဲမှပဲတော်၊ ဆေးလိပ်ပြာတွေ မှောက်ကျကုန်ပါပြီ"

ဟူသော မရွှေခင်၏ အသံ ပေါ်လာလေသည်။

ကိုထွေးမောင်သည်

"အိုး ... ဆောရီး ခင်၊ အိပ်ပျော်ပြီလား၊ လန့်နိုးသွားသလား"

ဟု လက်နှိပ်ဓာတ်မီးကို စမ်းရင်း လူးလဲထလေသည်။


ထိုအချိန် တစ်ခဏတွင် မရွှေခင်မှာ စားပွဲကလေးပေါ်က မီးခြစ်ကို ခြစ်ကာ မှန်အိမ်ကလေးကို  လက်လိုက်ပြီး ဖြစ်နေသည်။

"အိပ်လို့မပျော်လို့ပေါ့၊ ကိုထွေးလည်း ... ဟိုဘက် ဒီဘက် လှည့်ပြီး ညည်းညူနေတာ ကြားသားပဲ။ ဆေးလိပ်ခွက် စမ်းလိုက်တာကလည်း လူပေါ်ပြာတွေ ဖိတ်အောင်များ လုပ်ပဲ လုပ်တတ်လွန်း တယ်"

ကိုထွေးမောင်သည် ခုတင်ပေါ် ခြေတွဲလွဲချ၍ ထိုင်ကာ စားပွဲပေါ်က ဆေးလိပ်တစ်တိုကို မီးညှိ ဖွာရင်း

"ကိုထွေးမောင်သည် အိပ်လို့မပျော်တာနဲ့ ဟိုတွေး ဒီတွေး တွေးနေတာ။ ခင်လည်း အိပ်မပျော်ဘူး လား။ ဘာတွေ တွေးနေတာလဲ"ဟု မေးသည်။


မရွှေခင်လည်း ကိုထွေးမောင်နှင့် မျက်နှာချင်းဆိုင် သူ့ခုတင်ပေါ်တွင် ထိုင်ကာ ဆံပင် ပြင်ပတ်ရင်း

"ဘာတွေမှ မတွေးပါဘူး။ အပြင်ဘက်က ငှက်သံတွေ၊ မိုးသံ လေသံတွေ၊ အသံပေါင်းစုံတွေ နား ထောင်ပြီး ညည များ အသံတွေ စုံလို့ပါလား၊ ညတိုင်း ဒီလိုပဲလား မသိဘူးလို့ တွေးမိနေတာပါပဲ။ ပေးစမ်းပါ ... ဆေးလိပ် တစ်ဖွာလောက်၊ ခံတွင်းချဉ်လိုက်တာ ... "

"နေဦး ... အသစ်ညှိပေးမယ်၊ ကိုထွေးက အတိုပဲ ကြိုက်တယ်"


"ခင်ကတော့ ဘာဖြစ်ဖြစ် သောက်တာပဲ"

"ဒါထက် နေစမ်းပါဦး ... ခင်လည်း ညည ကြားရတဲ့ အသံတွေကို အံ့သြနေသလား။ ကိုထွေးလည်း အဲဒီလိုပဲ။ ပညာရှိချင်းဆိုတော့ သဘောချင်း ကိုက်ညီလိုက်တာနော်။ ဟော ... နားထောင်စမ်း၊ ဒီအသံဟာ သစ်ရွက်ပေါ် တင်နေတဲ့ မိုးရေတွေ လေတိုးလိုက်လို့ လျှောကျတဲ့ အသံ၊ ကြားလား ...။ နတ်စောင်း နတ်ညင်းများ အသံညှိလိုက်သလား မှတ်ရတယ်။ ဒါထက် ဆာလိုက်တာ။ ဘာများ စားစရာ ရှိလဲမသိဘူး"

"အမလေး ... ကိုထွေးနှယ်၊ ကဗျာဆန်ချင်တိုင်း ဆန်၊ အာကာလျှံလွင့်တက်ပြီး ဈာန်လျှောကျပဲ ကျနိုင်လွန်းတယ်။ ပြီးတော့ ဘယ်တုန်းကများ နတ်စောင်းနတ်ညင်းသံများ ကြားဖူးလို့လဲ"

"ဒါတော့ ဒီလိုပဲ ပြောရတာပေါ့။ ကြားဖူးမှရယ် ဘယ်ဟုတ်မလဲ။  ကဲ ပါကွယ် ... ဆာတယ်၊ ထမင်း လေး ဘာလေးများ မကျန်ဘးလား"


"စားစရာတော့ ရှိတာပေါ့၊ လာ သွားမယ်၊ ကလေး စောင်ခြုံပေးခဲ့ပါဦး"

"အမယ်လေးဗျာ ... သူ့သားကြီးများ ကလေးတဲ့။ လူကြား ရယ်စရာကြီး"

ကိုထွေးမောင်သည် ပြောပြောဆိုဆိုနှင့်ပင် သူ့သား ခုတင်ဆီ သွား၍ ခြေပစ်လက်ပစ် အိပ်နေသော မောင်မောင်အား နေရာပြင် စောင်ခြုံပေးလေသည်။ မရွှေခင်မှာ မီးအိမ်ကို လက်တစ်ဖက် ဆွဲ၍ အခန်းတံခါး ကို မဖွင့်သေးဘဲ ရပ်စောင့်နေသည်။ ကိုထွေးမောင် လာမှ အခန်းတံခါးကို ဖွင့်သည်။


"ဟောဒီ တံခါးကလေး ... ကိုထွေး ဖွင့်မှ ၇တယ်၊ ခင် ဖွင့်လို့မရဘူး။  လက်တစ်ဖက်က မ၊ တခြားတစ်ဖက်က ဆွဲရတယ်၊ အတော်ဒုက္ခပေးတဲ့ တံခါးပဲ"

ဟု မရွှေခင်သည် သူ့လင်တော်မောင်၏ အစွမ်းသတ္တိကို အလီဘာဘာ၏ ရတနာရွှေဂူကြီး တံခါးကို ဖွင့်နိုင်သည့်အလား ချီးကျူးနေလေသည်။

ကိုထွေးမောင်သည် တံခါးကို လက်တစ်ဖက်က မ၍ လက်တစ်ဖက် က ကလန့်ကို ဆွဲကာ ကြိုးပမ်း လိုက်ရာ တံခါး ပွင့်သွားမှ 

"ဒီလိုပေါ့ ခင်ရာ ... ဒါကြောင့် မဒ္ဒီဒေ၀ီ ပြောတာ မကြားဖူးဘူးလား မိန်းမ၏ တန်ခိုးကာ လင်သာ တည်း။ လင်မရှိ လျှင် အခန်းတံခါးကိုသော်မှ ဖွင့်ခြင်းငှာ မတတ်စွမ်းနိုင်။ အားနွဲ့လှသာ မိန်းမများ ကား အား ... အင်း ... အင်း ... ဟင်း ... "


ရှေ့ဆက်မပြောတတ်၍ ထစ်နေစဉ် မရွှေခင်က

"တော်စမ်းပါ ... မဒ္ဒီဒေ၀ီ ပြောတဲ့ စကားထဲမှာ တံခါးမဖွင့်နိုင်တာတွေ မပါပါဘူး"

ဟု ပြောပြောဆိုဆိုနှင့် အပြင်သို့ ထွက်လာခဲ့လေသည်။

မိုးသက်လေ တစ်ချက် ဝှေ့လိုက်ကာ မိုးဖွဲများ သဲသဲရွာချလာသည်။ သစ်ရွက် ရှဲရှဲသံများ ညံသွား သည်။ လေ၀င်ပေါက် သန်ဆန်ခါကြားထဲက လေအေးများ တိုးဝင်လာသည်။

"ချမ်းလိုက်တာကွာ၊ ခုနေများ ကော်ဖီပူပူကလေး သောက်ရရင်တော့ ဇိမ်ပဲ"

"အစစ်ပဲ ... လေမီးဖိုနဲ့ တယ်လိုက်မယ်လေ"


"ကောင်းသားပဲ"


"ကိုထွေးလည်း ဒီလိုပဲ၊ ငယ်ငယ်က ဆယ်တန်းတုန်းက သင်ခဲ့ဖူးတဲ့ ဒစ်ကင်း ရေးတဲ့ မျှော်တလင့် လင့် ၀တ္ထု ကို ပြန်ဖတ်နေတာ။ မနက်ကျတော့ မထနိုင်မှာစိုးလို့ အိပ်ရာထဲ ၀င်ရတာပဲ။ ကိုထွေးတို့ မှာလည်း အေးအေးဆေးဆေး စာဖတ်နေနိုင်ဖို့ရာကို တကယ့်စည်းစိမ်ကြီးများ တောင့်တသလို တောင့်တ နေရ တော့တာပဲ"

"ဒါတော့ ကိုယ် ကြိုက်ရာ၊ ကိုယ်ပျော်ရာ စည်းစိမ်ပေါ့ လေ ... ဒါဖြင့် အိပ်ချင်လာအောင် အပြင် ဘက် ခြံထဲထွက် တစ်ပတ် လမ်းလျှောက်မလား၊ အခု မိုးတိတ်သွားပြီ"

"ကောင်းသားပဲ"

"ဒါဖြင့် ... သားလေး တစ်ယောက်တည်း မှောင်ထဲ နိုးရင် ကြောက်နေမယ်၊ မီးအိမ် ထွန်းထားခဲ့ မယ်"


"ဇီဇ၀ါပန်းတွေ ဖွေးနေတာပဲ။ မနက်ကျမှ ခူးပြီး ဘုရားတင်ရမယ်"

"နှင်းဆီပင်တွေကလည်း ပွင့်လိုက်တာ"

"ခင့် သစ်ခွပင် အတက်တွေ ထွက်လှပြီ"

"ဘယ်ပန်းခိုင်လို့၊ သိနိုင်တတ်ပြီ ... မငုံ တချို့၊ ငုံ တချို့နှင့်၊ မှုံလို့ရယ်စီ ... ရာသီလင့်ဟန် ရှိကြ တယ်"

"အမယ် ... ကိုထွေးက ကဗျာဆန်နေလိုက်တာ"

"ဒါလောက် သာယာလှပတဲ့ လောကကြီးမှာ နေပြီး မကောင်းမှု ဒုစရိုက်တွေများ လုပ်နိုင်ကြသေး တယ်။ အံ့သြ စရာ မကောင်းဘူးလား"

"အလဲ့ ... ဒါက သံဝေဂကလေးနဲ့ အသွားတစ်မျိုး"


"ကြည့်စမ်း ... လရောင်ကလေး ကြည်သလို ... တို့တစ်တွေရဲ့ စိတ်တွေ ကြည်လင်သန့်ရှင်းနေရင် ဘယ်လောက် ကောင်းမလဲ။ ဟောဒီ ဇီဇ၀ါပွင့်တွေ ဖြူဖွေးနေသလို တို့တစ်တွေ စိတ်တွေ ဖြူဖွေးနေ ရင် ဘယ်လောက် ကောင်းမလဲ"

"မှန်လှပါ ... ကောင်းကြောင်းပါ"

"ခုနေများ ကိုထွေးတို့ကို တခြားလူတွေက အရူးထင်မှာပဲ"

"အနို့ ... ရူးကော မရူးဘူးလား"

"အေးလေ ... နုည်းနည်းတော့ ရူး ထင်ပါရဲ့"


မှန်ပေသည်။ နည်းနည်းတော့ ရူးဟန်တူသည်။ ညဥ့်နက်သန်းခေါင်ထ၍ လရောင်၊ တိမ်ရောင်၊ ပန်းပင် သစ်ပင်များကို ကသိုဏ်းရှုနေကြသည်ကို ထောက်သော် နည်းနည်းတော့ ရူးဟန်တူသည်။ မရွှေခင်သည် သူတို့တစ်တွေ အဟုတ်များ ရူးသလားဟု တွေးမိသည်။

ကိုထွေးမောင်သည် နယ်တွင် အရာရှိကလေးတစ်ဦးအဖြစ် နေခဲ့ရာ သားအမိ သားအဖ သုံးယောက် ချောင်လည်သက်သာစွာ နေခဲ့၏။ တစ်နေ့သော် ဘာစိတ်ကူးပေါက် ဘယ်လို ဖြစ် သည် မသိ။ အလုပ်ထွက်၍ ရန်ကုန်သို့ ဆင်းလာပြီးသော် ရုံးတစ်ရုံးတွင် စာရေးလုပ်သည်။ မရွှေခင် က ကျောင်းဆရာမ လုပ်သည်။


ကိုထွေးမောင်က အလုပ်လုပ်ရင်း သက်ကြီးတက္ကသိုလ်ကို တက်၍  ဥပစာတန်း စာမေးပွဲကို အလွတ် ၀င်သည်။

မရွှေခင် အလုပ်လုပ်သော ကျောင်းမှာပင် သားကလေးကို ထားသဖြင့် သားအမိနှစ်ယောက်က သွားအတူ ပြန် အတူ အဆင်သင့်သည်။

နေရာ အရပ်မှာလည်း မြို့နှင့်ဝေးဝေး ဆင်ခြေဖုံးအရပ်တွင် နေရရာ တစ်နည်းအားဖြင့် အေးချမ်း သည်။

ကိုထွေးမောင်မှာ အိမ်က ၆နာရီက ထွက်ရသည်။ သို့မှသာ သက်ကြီးတက္ကသိုလ်ကို တက်၍ ရုံးကို ဆက်သွား နိုင်မည်။


ညနေဘက် ရုံးဆင်းလျှင် သက်ကြိးတက္ကသိုလ်ကို တစ်ဖန် ပြန်တက်ရပြန်သည်။ ည ၉နာရီ လောက်မှ အိမ် ကို ပြန်ရောက်သည်။

ကိုထွေးမောင်သည် ယခုနှစ် ဘီကွမ်းခေါ် ကူးသန်းရောင်းဝယ်ရေး ဒီပလိုမာ စာမေးပွဲ ၀င်ရမည်။ အောင်လျှင် ဘဏ်တိုက်၊ ကုန်တိုက်များတွင် အလုပ်ကောင်းကောင်း ရမည်။

ထိုအခါ ကျလျှင် မရွှေခင်က ကိုထွေးမောင် လမ်းစဉ်အတိုင်း သက်ကြီးတက္ကသိုလ်ကို တက်၍ ဒီဂရီ တစ်ခု ရအောင် လုပ်မည်။


တို့နှစ်ယောက် တစ်ယောက် တစ်လှည့် ပြန်ကျောင်းနေကြတာပေါ့... ဟု ရယ်စရာ ပြောနေကြ သည်။ ပညာ ရွှေအိုး လူမခိုး ဆိုသော စကားကို သူတို့ ယုံကြည်ကြသည်။ ပညာအားကိုး လုပ်စား လျှင် လူ့အောက်မကျဘူး၊ လွတ်လပ်သည်။ ပိုက်ဆံ မချမ်းသာတာ အရေးမကြီးဘူး။ ဘယ်သူ့ကိုမှ မခယဘဲ လွတ်လွတ် လပ်လပ် အေးချမ်းစွာ နေလိုကြသည်။ လောကစည်းစိမ်တွေ ရရေးအတွက် အနှောင်အဖွဲ့ အမျိုးမျိုး တွေကို ရှာဖွေနေကြသူ ကြားထဲတွင် လွတ်လပ်ရေး နှစ်သက်သူနှစ်ဦးမှာ အရူး ဖြစ်နေသည်။


"မင်းတို့နှယ် ... အသက်လည်း ငယ်ကြတော့တာ မဟုတ်ဘူး။ ဒါလောက် ပင်ပန်းခံပြီး ဘာကြောင့် ပညာရှာနေကြတာလဲ။ ပညာမရှို့ ငတ်လည်း ဘယ်သူမှ မသေကြပါဘူး။ ပညာမရှိဘဲ ကြီးပွား ချမ်းသာကြတဲ့ လူတွေလည်း ဒူနဲ့ဒေးပဲ"

ဟု ပြောကြသူတွေလည်း ရှိသည်။

ဘာပဲဖြစ်ဖြစ်၊ ဘယ်လိုပဲ ပင်ပန်းပေမယ့် သူတို့ ပျော်သည်။


မိုးသက်လေဝှေ့လာသဖြင့် သစ်ပင်ပေါ်မှ မိုးပေါက်များ ကျလာသည်။ ၀ါးရုံပင်ကြားဆီတွင် ပိုးစုန်းကြူးများ လက်နေသည်။

"ကိုထွေး ... ဟိုမှာ ကြည့်စမ်း၊ ပိုးစုန်းကြူးတွေ တစ်သိုက်ကြီးပဲ လှလိုက်တာ"

"ဟုတ်ပါရဲ့၊ အဲဒီနေရာမှာ အသိုက်ရှိဟန် တူတယ်။ ခပ်ဝေးဝေးကများ ကြည့်ရင်း စုန်းတောက် တယ်လို့ ထင်ကြမှာပဲ"

"မိုးကုန်ရင် ဟောဒီ ဂန္ဓမာပင်တွေ အပွင့်တွေ ဝေနေမှာပဲ"


"ခင် သိပ်လက်ဆိပ် ရှိတာပဲနော်၊ အပင်တွေ ဖြစ်လိုက်တာ"

"တပေါင်း၊ တန်ခူးကျရင် ဟောဒီ တရုတ်စံကားအနီပင်က သိပ်ပွင့်မှာ၊ ဟောဒီဂျက်ကရင်းဒါး ခေါ်တဲ့ ငုနီလာပင်ကလည်း ပန်းမွေ့ရာ ခင်းဦးမှာ ... "

"အဲဒါအချိန်ဆိုရင် ကိုထွေး စာမေးပွဲ ဖြေနေပြီ"

"ဟုတ်တယ် ... ခင်တို့ ၀ဋ်ကျွတ်ခါတော့ နီးပါပြီ"

သူတို့နှစ်ယောက် ငုနီလာပွင့်ချိန်ကို အမြဲ မျှော်ကြသည်။ တစ်နှစ်ကုန် ပြောင်းသော် စာမေးပွဲ တစ်ခါပြီး၊ တစ်ဆင့်တက်ကာ မျှော်ကြရသည်။ သူတို့ခြံထဲက အပင်ကလေးတွေ အပွင့်တွေ လုံ့လ ကို အားကိုးရသဖြင့် သူတို့ စိတ်အေးသည်။


"ကိုယ့်ကိုယ်ကိုယ် အားကိုးရသဖြင့် သူတို့ စိတ်အချရဆုံးပဲ"

ဟူသော တရားကို ယုံကြည်သည်။ ကိုယ်တိုင် လက်ဖြင့် ပြုစုပျိုးထောင်သော အပင်ကလေးများ ပွင့်ဖူးသည့်အခါ ၀မ်းသာသလို သူတို့၏ ၀ီရိယကြောင့် ရသော အကျိုးကျေးဇူးကို ခံစားရသော အရသာမှာ ထူးလှပေသည်။ အသီးချင်း တူလျှင် ကိုယ့်အပင်က အသီးက ပိုချိုသည်။ အပွင့်ချင်း တူလျှင် ကိုယ့်အပင်က အပွင့်က ပိုလှသည်။ ကလေးချင်း တူလျှင် ကိုယ့်သားသမီးက ပိုလှ၊ ပိုလိမ္မာ သလို ကိုယ်ထင် ခုတင် ရွှေနန်း ပေါ့။


ဂုတ်ကျားနှင့် အောင်နက်တို့ ဘာများ မြူးလာသည် မသိ။ ခုန်ပေါက် ပြေးရင်း သူတို့နှစ်ယောက် အနီး ရောက်လာကြသည်။ ကိုထွေးမောင်က လက်ဖျောက်တီးကာ

"ငါ့သားကြီးတွေ ဘာများ မြူးလာကြပါလိမ့်ဗျာ"

ဟု နှုတ်ဆက်သည်။ ဂုတ်ကျားနှင့် အောင်နက်လည်း ပတပ်ရပ်ကာ ကိုထွေးမောင်ကို ကစားကြ သည်။

"ဟဲ့ ဟဲ့ ... ဖြည်းဖြည်း လုပ်ပါဟ။ မင်းတို့က လူများ ခွေးခွေးချင်း ကစားသလို နေလို့ ဖြစ်နိုင်ပါ့ မလား၊ တယ်ခက်တဲ့ ကောင်တွေပဲ"

"ကောင်းတယ် ... ခွေးကလေး အရောဝင် ပါးလျက်နားလျက်တဲ့၊ သူတို့များ အရောဝင်ရင် ဒီလိုချည့် ပဲ၊ ခင်တော့ သူတို့ကို ခပ်တည်တည် နေရတယ်၊ မချစ်လို့တော့ မဟုတ်ဘူး၊ သူတို့ အကစား ကြမ်းတာ မခံ နိုင်လို့"


"သူတို့လည်း ကိုထွေးတို့ အဖော်တွေပဲ၊ ကိုထွေးတို့မှာ ဒီသစ်ပင်တွေ တိရစ္ဆာန်တွေ အဖော်လုပ် နေရတာပေါ့။ ဟိုဝေဿန္တရာမင်းကြီးနဲ့ မယ်မဒ္ဒီတို့လို ... မတွေ့ဘူးလား၊ ဟိမ၀န္တာ ချီးမွမ်းခန်းမှာ မယ်မဒ္ဒီက တင်လျှောက် တာလေ"

"ဘယ်လိုများ တင်လျှောက်သတဲ့လဲ ... ဆိုစမ်းပါဦး"

"ဟိုကွာ ... ရွှေနန်းရွှေအိမ် စည်းစိမ်တွေ လွမ်းဆွတ်တဲ့အခါ အခုလို ပိုးစုန်းကြူးတွေ အနီးမှာ မြူးနေတာ တွေကို မှူးမတ်တွေ ခစားသလို ... ဆိုလား ဘာလား ခင် မမှတ်မိတော့ဘူးလား"

"ပြောချင် လိုက်တာလည်း လွန်လို့ ... ဘာတစ်ခုမှဖြင့် မမှတ်မိဘဲနဲ့၊ ခင်လည်း မမှတ်မိပါဘူး။ ကိုထွေး ပြော သလို ၀ိုးတိုးဝါးတားပဲ မှတ်မိတာပဲ"

မိုးဖွဲကလေးများ ကျလာပြန်လေပြီ။ သူတို့နှစ်ယောက် အိမ်တွင်းသို့ ပြန်ဝင်ခဲ့ကြသည်။ နာရီပြန် နှစ်ချက် ခွဲလေပြီ။


"အိပ်ကြမှပဲ မဖြစ်ဘူး"

ဟု သဘောတူ ပြောကြကာ အိပ်ရာဝင်ကြရသည်။

မရွှေခင်သည် အိပ်ရာပေါ်တွင် လျောင်းနေရသော်လည်း အိပ်လို့ မပျော်တော့ချေ။ မြို့ငယ်ကလေး တွင် အစားအသောက် စရိတ် ချောင်လည်စွာ နေရပုံ၊ ရန်ကုန်မြို့ စရိတ်ကြီးပုံ၊ မြို့ငယ်ကလေးတွင် အလုပ်နည်းလှ၍ အချိန်တွေ ပိုနေပုံ၊ ရန်ကုန်မြို့၌ကား ... သွားလာရသည့် အချိန်က မနည်းကုန်ရုံ မက ကိုထွေးမောင်မှာ အလုပ်တစ်ဖက်နှင့် ကျောင်းတက်ရ၊ မရွှေခင်မှာလည်း အလုပ်သွားရ၊ အိမ်မှာ ချက်ရပြုတ်ရ၊ တစ်နေ့လုံးတွင် နာရီဝက်မျှ မနားရ။ ပင်ပန်းလေစွတကား။ ဒါဖြင့် မြို့ငယ် ပြန်သွားပြီး နေမလား ဆိုတော့လည်း မနေချင်။


နယ်မှာ ကိုထွေးမောင် လခနှင့် လောက်ရုံမက ပိုသေးသည်။ အရာရှိငယ်ကလေးပေမင့် သူ့နေရာ နှင့် သူ ဂုဏ်ပါဝါလည်း ရှိတန်သလောက် ရှိပါ၏။ အို ... ဘာလုပ်ဖို့လဲ။ ငါ့သားလေးကို ကျောင်းကောင်းကောင်း ထားချင်သည်။ ရန်ကုန်မှာဆိုတော့ ဗဟုသုတရှာလို့ ကောင်းသည်။ စာအုပ်ကောင်းကောင်း ဖတ်ရသည်။ ကလေးတောင် သူ့အရွယ်နှင့်သူ ကလေးမဂ္ဂဇင်းတွေ ၀ယ် ဖတ်တတ်င်္ပြီ။ ကိုထွေးလည်း နယ်အလုပ်နှင့် မပျော်ပိုက်လှ။ ကိုယ့်မှာ တန်ခိုးအာဏာ ရှိတယ်ဆို ပေမယ့် သူ့ထက်သူ ကိုယ့်အပေါ်က ရှိကြသည်။ 


သူတို့ လွတ်လွတ်လပ်လပ် စိတ်အေးအေး နေချင် တဲ့သူနှင့်တော့ ... မကိုက်လှ။ ဒါကြောင့် အလုပ်ထွက်ပြီး ဆင်းလာခဲ့တာပဲ။ အခု ၄နှစ် ရှိပြီ။ ဒယီး ဒယိုင်နှင့် အချိန်ကုန်သွားတာပဲ။ ဒီနှစ် ဘီကွမ်း အောင်ပြီးရင်တော့ ကျောင်းတက်ရတဲ့ ဒုက္ခလည်း မရှိဘူး။ အလုပ်လည်း ကောင်းကောင်း ရမည်။ ပညာအရည်အချင်း အားကိုးပြီး လုပ်ရတဲ့ အလုပ်က ဘယ်သူ့ကိုမျှ ကြောက်ဖို့ မလိုဘူး။ ကိုထွေးမောင်၏ လိုအင်ဆန္ဒ ပြည့်လု နီးလေပြီ။


၎နှစ် ... ၄နှစ် ... ကသီလင်တနှင့် တရွတ်ဆွဲလာခဲ့ရတဲ့ ၄နှစ်။ တော်ပါသေးရဲ့ ... လူတွေက ပျော်ပျော်နေတတ်လို့။ နာဖျားခြင်း မရှိ။ ကျန်းမာ ကြပေလို့ပဲ။ တစ်ခါ တစ်ခါ ပင်ပန်းလွန်းအားကြီး ပြန်တော့ စိတ်တိုလိုက်တာလည်း လွန်ရော ... မရွှေခင် စိတ်တိုလေ အလုပ်တွေ ကျုံးလုပ်လေ ဖြစ်၍ တစ်ခါ စိတ်တိုလျှင် ခြံထဲ မြက်တွေ ရှင်းသည်။ ထင်းတွေ ခွဲပြီးသည်။ အလုပ်ကြမ်းဟူသရွေ့ ပြီးသည်။ မောလာသည့်အခါ လူသေလို အိပ်ပစ်လိုက်သည်။


လောကကြီးဟာ ဒီလိုပါပဲလေ ... ဘယ်သင်းမှ မတည်မြဲဘူး။ ချမ်းသာလည်း အစဉ် မဟုတ်။ ဆင်းရဲ တာလည်း အစဉ် မဟုတ်ဘူး။ ခုလို အလုပ် ပင်ပင်ပန်းပန်း လုပ်နေရတာကိုသာ တစ်ခါ တစ်ခါ ညည်းမိပေမယ့် ခုလို အလုပ် လုပ်မနေရလျှင် ဘယ်လိုနေမလဲ၊ သိပ်ပျင်းစရာကောင်းမှပဲ။ ကိုထွေး က သူ စာမေးပွဲအောင်ပြီးရင် မရွှေခင်ကို အလုပ်မလုပ်စေဘဲ အနားပေးမည်တဲ့။ မရွှေခင်က အလုပ် မလုပ်တော့ဘဲ မနေနိုင်။ ကိုထွေး တာဝန်တွေ လျော့သွား၍ စိတ်အေးလက်အေး ရှိမှ သူလည်း ဥပစာတန်းတို့၊ ၀ိဇ္ဖာတန်း စာမေးပွဲတွေ တစ်နေ့ တစ်လံခရီးနှင့် စခန်းသွားဦးမည်။ အချိန်တွေ အလကား ကုန်မည့်အစား တစ်ခုခုအတွက် ကြိုးစားနေရတာ ကောင်းတာပဲ။


မရွှေခင်တို့အဖို့မှာ လောကကြီးတွင် စိတ်အေးချမ်းသာမှုကိုသာ လိုချင်သည်။ လူကျန်းမာ၍ စားသောက် နေထိုင်ရေး သက်သောင့်သက်သာ ရှိလျှင် တော်ပြီ။ သူဌေးဖြစ်ဖို့ မလို။ ပိုက်ဆံရှိလျှင် တော်ပြီ။ မှန်ပါသည်။ ပိုက်ဆံရှိရန်မှာ သူဌေးဖြစ်ဖို့ မလိုပါ။

လက်ဖက်ရည် တစ်ခွက် သောက်ချင်လျှင် ပိုက်ဆံတစ်မတ် ရှိလျှင် တော်ပြီ။ ခေါက်ဆွဲ စားချင်လျှင် ငွေတစ်ကျပ် ရှိဖို့ လိုသည်။ တစ်မတ် သုံးချင်သည့်အခါတွင် ငွေတစ်ကျပ် ရှိလီု့ ဘာလုပ်မှာတုံး။ ကိုင်ရတာ ရှုပ်သည်။ မော်တော်ကား ၀ယ်ချင်တော့ မော်တော်ကားဖိုး ရှိရင် ပြီးတာပါပဲ။


သည်လိုစိတ် ရှိ၍လော မသိ။ သူတို့နှစ်ယောက်မှာ လိုချင်တာရှိလျှငသ် ကြံဖန် ရတတ်သည်။ တစ်နေ့ကပင် မရွှေခင်က ဒံပေါက်ထမင်း စားချင်သည်ဟု ညည်းရား နှစ်ရက် သုံးရက် ကြာလျှင် မိတ်ဆွေတစ်ဦးက ဆွမ်းကျွေး ဖိတ်သဖြင့်  ဒံပေါက်ထမင်း စားကြရသည်။ "ကြံဖန် ဖြစ်သည်" ဟူသော စကားမှာ ကိုထွေးမောင် နှင့် မရွှေခင်တို့အဖို့ တကယ် ဖြစ်နေသည်။

မရွှေခင်သည် အမျှင်မပြတ် လျှောက်တွေးရင်း ရယ်ချင်လာသည်။ 


သူတို့ သားအမိ သားအဖ သုံး ယောက်မှာ သူငယ်ချင်း သုံးယောက်ကဲ့သို့ ပျော်ပျော်ပါးပါး နေကြသည်။ ကိုထွေးမောင်မှာ သူ့သား ၁၀နှစ်သားနှင့် ညီအစ်ကိုလို နေသည်။ မရွှေခင်ကတော့ သူတို့ သားအဖကို အစ်မကြီးသဖွယ် နေ သည်။ သူတို့ သားအမိ သားအဖ သုံးယောက် စီတန်းအိပ်နေသည်မှာ ကျောင်းဘော်ဒါခန်းနှင့် တူ လှသည်ဟု တွေးပြီး သူ့ဘာသာ ရယ်မိသည်။ ကိုထွေးမောင်းကား လေထုတ်လိုက်ရ၍လော မသိ၊ အိပ်ပျော်နေလေပြီ။


ကိုထွေးမောင်မှာ အလုပ်တစ်ဖက်၊ ကျောင်းတက်ရ စာမေးပွဲဝင်ရ မောလှသည်ဟု ညည်းနေရင်းပင် ဒီစာမေးပွဲ အောင်ပြီးရင်တော့ ဥပဒေတန်း တက်ဦးမည်ဟု လေသံပစ်နေသည်။ တစ်ခုပြီး တစ်ခု ဆက်၍ ကြိုးစားလုပ်ကိုင်မနေရလျှင် မနေနိုင်သူတစ်ဦး ဖြစ်သည်။

မရွှေခင်ကလည်း ကျောင်းပြန်တက်၊ စာမေးပွဲ ၀င်ဦးမည်။ လူဖြစ်လာတဲ့ ဘ၀မှာ ပျော်ပျော်နေ၊ အလုပ် တစ်ခုပြီး တစ်ခုလုပ်။ ကြိုးစားအားထုတ်နေတာ ကောင်းတာ။ နို့မဟုတ်ရင် လူ့ပြည် နေရတာ ပျင်းစရာကြီးပဲ။


မရွှေခင်သည် လူဖြစ်လာသည့် ဘ၀တွင် အမြဲ တစ်ခုခု ကြိုးစား အားထုတ် လုပ်ကိုင်နေမည်ဟူ သော တရားကို သုံးသပ်ရင်း "ကြိုးစားအားထုတ်မှုသည်သာလျှင် လူ့ဘ၀၏ အရသာ" ဟူသော "ဘရောင်နင်" (Browning)ရေးသော ကဗျာကို သတိရသည်။ ထိုကဗျာကို မှတ်မိသေရွေ့ ပြန်ရွတ် ကြည့်သည်။ မြန်မာလို ပြန်ရလျှင် ကောင်းမှာပဲဟု စိတ်ကူးသည်။ ထိုကဗျာမှာ တစ်ဖက်သားကို အားပေးသော ကဗျာ ဖြစ်သည်။ စာလုံးတိုင်း မှာပင် အင်အားသတ္တိတွေ ဝေဖြိုးနေသည်။ မူရင်း ကဗျာလို စာလုံးတိုင်းမှာ အင်အားသတ္တိတွေ ဝေဖြိုးအောင် ဘယ်လို ရေးရပါ့မည်နည်းဟု စဉ်းစား သည်။

ဖောင်တိန် ကို အားဆေးတွေ ထည့်ရေးရမလား။ စာရွက်ကို ကြက်ဥနှင့် နွားနို့ ရောခေါက်ရမလား ဟု စဉ်းစား ရင်း ရယ်ချင်လာသည်။


"ယခု အိပ်ရင် နှစ်နာရီ သုံးနာရီလောက် အိပ်နိုင်သေးတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ရင် မနက် ထ အားပြည့်ပြီး တာဝန်တွေ လုပ်နိုင်လိမ့်မယ်" ဟု သူ့ဘာသာ ပြောရင်း အိပ်ပျော်သွားလေသည်။


စာရေးသူမှာ အခက်တွေ့ပြီး။ စာဖတ်ပရိသတ်က ဘရောင်နင်၏ ကဗျာ ဘယ်လိုများ အားတွေ၊ သတ္တိတွေ နှင့် ပြည့်စုံသနည်းဟု သိချင်ကြမည်။ မရွှေခင်ကို အိပ်ရာက ပြန်နှိုးရမှာလည်း အားနာ စရာကောင်းသည်။ သို့မို့ကြောင့် စာရေးသူကပင် ၀င်၍ မတတ်တတတ်နှင့် ဘာသာပြန် စပ်ပေး လိုက်ပါသတည်း။


ခွေယိုင်ပန်းလျ

ဗုံးဗုံးကျလည်း

မျက်ရည်စကို

သုတ်စမ်း ဆို၍

ကိုယ့်ကိုယ်ကိုယ်သာ

အားပေးကာနှင့်

မသာနှလုံး၊ မချိပြုံး၍

ဟုံးစုံးမာန၊ တက်ကာကြွသည်

ငါက မထီ မရွံ့တည်း။      ။

ရှုံးနိမ့်လျှောကျ

မြေ၀ယ်ခလည်း

မာနထန်ပြင်း

စစ်ရေးခင်းသည်

စိတ်တင်း မလျှော့စတမ်းတည်း။


--------------


ခင်မျိုးချစ်


Sunday, July 25, 2010


[ ရွှေဇင်ဦးဘလော့ဂ်မှ ကူးယူပါသည်။ဘလော့ဂ်အား ကျေးဇူးတင်ပါသည်။]


No comments:

Post a Comment