#ဧရာဝတီပုံပြင်
#ဂျူး
( ဇာတ်သိမ်းပိုင်း)
အဖေသည် လရောင်ဖြင့် တလက်လက် တောက်ပနေသော ဧရာဝတီမြစ်ရေလှိုင်းကလေးများကို လှည်းကြည့်ရင်း စိတ်ရှည်စွာဖြေ၏။
“မြစ်တစ်ခုကို ရင်ဆိုင်ဖြတ်ကျော်ရတဲ့အခါ လူတစ်ယောက်မှာ စွန့်စားစိတ် ရဲရင့်စိတ် ဂုဏ်ယူချင်စိတ်တွေ ပေါ်လာတယ် သားရဲ့။ အဲဒီစိတ်တွေ ရဖို့ပေါ့။ အဲဒီစိတ်တွေဟာ ပတ်ဝန်းကျင်ကို အဖေတို့ ရင်ဆိုင်ဖို့ အကောင်းဆုံး ခွန်အားတွေ။ အဲဒီအရသာမျိုးဟာ မြစ်ကိုဖြတ်ကျော်အောင်မြင်တဲ့အခါမှသာ ရလာနိုင်တာပဲ။ သားကြားဖူးတယ် မဟုတ်လား။ တောင်ကြီးဖ၀ါးအောက်၊ လှိုင်းကြီး လှေအောက်ဆိုတာလေ။ လူဆိုတာ ကိုယ့်ထက် ခွန်အားကြီးတယ်လို့ ထင်ရသမျှ အရာတွေ အားလုံးကို အနိုင်ယူချင်တာပဲကွ။ အဲဒီနည်းနဲ့ လူတွေဟာ စိတ်ကျေနပ်မှု ရှာကြတယ်”
မျက်တောင် ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားသော သားကို အဖေက ပြုံးပြ၏။
“ဒါတွေကို သားလူကြီးဖြစ်တဲ့အခါ နားလည်လာမှာပါ။ ဒါတွေက အဖေသင်ပေးစရာ မလိုဘူးသားရဲ့။ ယောက်ျားတစ်ယောက် လူလားမြောက်လာရင် အဲဒီစိတ်ဟာ အလိုလိုဖြစ်လာတာပါ။ သားတို့ခေတ်ကျရင် သားဟာ ဧရာဝတီမြစ်ကို ရင်ဆိုင်ရုံတင်မကဘူး။ ပင်လယ်ကိုပါ အောင်နိုင်တဲ့လူ ဖြစ်လာမှာ”
ထိုစကားအတွက် သားသည် ကျေနပ်စွာ ပြုံးလိုက်လေသည်။
“အဖေ…သစ်ဖောင်တွေ အကြောင်း ကျန်သေးတယ်”
ထိုအခါ အဖေသည် ကသာတ၀ိုက်တွင် တွေ့ကြုံရသော သစ်ဖောင်များပါမက ရေကူးတတ်သော ဆင်များအကြောင်းကိုပါ အားရပါးရပြောပြလိုက်သည်။
“ဆင်တွေ ရေမနစ်ဘူးပေါ့”
“တချို့ဆင်တွေတော့ ရေနစ်ဖူးတယ်လို့ အဖေ့သူငယ်ချင်းက ပြောတယ်။ ဆင်တွေက သိပ်ကြောက်တတ်တာတဲ့ သားရဲ့။ တချို့ဆို ရေကူးဖို့ တော်တော်ကြောက်သတဲ့။ ဒါပေမဲ့ အများအားဖြင့် ဆင်တွေ ရေထဲချလိုက်ရင် ရေကူးတတ်တာပါပဲကွာ”
သား၏ မျက်စိထဲတွင် ကြီးမားသော ဆင်ကြီးတစ်ကောင် ရေကူးရမှာ ကြောက်သဖြင့် တကျီကျီအော်ဟစ် တွန့်ဆုတ်နေသည်ကို မြင်ယောင်လာ၏။ ရေကူးကျင်လည်သော သားသည် ဆင်ကြီး၏ အဖြစ်ကို သဘောကျစွာ အသံထွက်ရယ်မောမိသည်။ သို့သော် ဆင်ကြီး ရေနစ်သွားသည်ကို မြင်ယောင်လာသောအခါ သားရင်ထဲမှာ ဆို့နင့်တင်းကျပ်သွား၏။ သား၏ ညီမလေးရေနစ်တုန်းက အဖေသည် လွှားခနဲရောက်လာကာ လက်မောင်းတစ်ဖက်တည်းဖြင့်ပင် ပွေ့ချီဆယ်ယူလိုက်သည်။ ဆင်ကြီးရေနစ်သည့် အခါမှာတော့ ဆယ်နိုင်မည့်သူ မရှိပေ။ ဆင်ကြီးသည် ရုန်းရင်းကန်ရင်း တဖြည်းဖြည်း ရေမွန်းနစ်လျက် ရေထဲ မြုပ်ကာ သေဆုံးသွားပေလိမ့်မည်။
“တတိယမြစ်ကျဉ်းဆုံးတဲ့အခါမှာတော့ ဧရာဝတီဟာ အဖေ့ဧရာဝတီဖြစ်လာပြီကွ”
ထိုအခါ ကျောက်မြောင်းအနီး ပတ်ဝန်းကျင်တွင် ကမ်းစပ်သည် တဖြည်းဖြည်း ကျယ်ပြန့်လာ၏။ မြစ်ပြင်ကျယ်သော်လည်း အဖေသည် မြစ်ကြောင်းကို ကောင်းကောင်းသိသည်။ မြစ်ရေ၏ အရောင်သည် ရွှံ့ရောင်သန်းနေသည်။ သို့သော် နောက်ကျိခြင်းမဟုတ်။ ရေစီးသည် ညင်သာသိမ်မွေ့လာ၏။
“အဖေ စဥ့်အိုးဖောင်တွေနဲ့ တွေ့သေးတယ်လေ”
“သြော် အေး အေး။ စဥ့်အိုးဖောင်ကြီးတွေက ဧရာမဖောင်ကြီးတွေကွ။ ညနေနေရောင်နဲ့ အရောင်ကို လက်နေတာပဲ။ သူတို့က ဖောင်ဖွဲ့တဲ့နေရာမှာ တော်တော်ကို စနစ်ကျတယ်။ စဥ့်အိုးတွေကို သစ်တွေ ၀ါးတွေနဲ့ အတူ ရောထည့်ပြီး ဖောင်ဖွဲ့ထားတာကွ တစ်ခုနဲ့တစ်ခု စီရီပြီး လှတောင်လှတယ်။ ဆိပ်ကမ်းရောက်လို့ ဖောင်ကို တစ်စချင်းဖျက်တဲ့အခါ စဥ့်အိုးတွေ တစ်လုံးပြီး တစ်လုံး ပြေပြီးထွက်လာတာပေါ့။ ပွဲဈေးတွေမှာ ရောင်းဖို့ အောက်ပြည်အောက်ရွာကို ပို့ဖို့ပေါ့ တစ်ခါတစ်ခါ ဟောဒီ ဧရာဝတီကနေ ဖြတ်သွားတာ သား မြင်မှာပါ”
“အေး အဲဒါ ကျောက်မြောင်းနားက နွယ်ငြိမ်းဆိုတဲ့ ရွာကလေးကထွက်တာ။ တစ်ခါလောက် အဖေကူးတို့လိုက်တဲ့အခါ သားကိုခေါ်သွားမယ်ကွာ။ စဥ့်အိုးလုပ်တာ သားကြည့်ဖူးအောင်လို့”
အဖေနှင့်သားသည် ဧရာဝတီ၏ ရေစီးသံကို ခဏနားထောင်ရင်း ငြိမ်သက်သွားကြပြန်၏။ ထို့နောက် အဖေ့ပုံပြင်ဆက်သောအခါ သား ကောင်းကောင်းသိသော ရှိန်းမကား၊ မင်းကွန်း၊ မန္တလေးနှင့် စစ်ကိုင်းသို့ ရောက်လာလေသည်။ ဤတ၀ိုက်က ဧရာဝတီသည် အဖေ့သူငယ်ချင်းဖြစ်သလို သား၏ သူငယ်ချင်းလည်း ဖြစ်သည်။ မြင်းခြံ၊ ပခုက္ကူပြီးသည့်အခါမှာတော့ သားအလွန်စိတ်ဝင်စားသော ပုဂံ၊ ညောင်ဦးသို့ ရောက်သည်။
“အဖေတို့လှေ သောင်တင်တဲ့ အကြောင်း ပြောပါဦးအဖေ”
အဖေ့လှေသည် သုံးကြိမ်တိုင်တိုင် သောင်တင်၏။ ရေကြောင်းကို မည်မျှကျွမ်းကျင်သော လှေသမားဖြစ်စေကာမူ သောင်တင်သည့် အတွေ့အကြုံကို မတွေ့ကြုံဖူးသူမရှိဟု အဖေပြောရင်း ရယ်မောသည်။
“သောင်တင်တော့ ခရီးနှောင့်တာပေါ့ကွာ။ တစ်ခါတစ်ခါ အရှိန်နဲ့ လှေတစ်ခုလုံး သောင်ခုံပေါ် ရောက်သွားတာကွ။ အဖေတို့လှေက ဆင်းပြီး ရေနက်ထဲ ပြန်တွန်းရတာပေါ့။ ပိုပြီးပင်ပန်းတာပေါ့”
မြစ်သည် တစ်နှစ်နှင့်တစ်နှစ် မြစ်ကြောင်း မတူတတ်ပေ။ နုန်းမြေများ တင်ကျန်ပုံချင်းလည်း မတူပေ။ နုန်းသဲတို့ အနယ်ကျမှုပေါ် မူတည်၍ မြစ်ရေစီးပြောင်းလဲသည်။ သောင်အနေအထားပြောင်းလဲသည်။ တချို့မြစ်ကမ်းသည် မြစ်ဖြင့် ဖဲ့စားပြိုပျက်၍ တစ်ချို့မြစ်ကမ်းသည် မြစ်ဖြင့် သောင်ထွန်းကာ ကမ်းပါးပိုတိမ် လာတတ်သည်။ မြစ်၏ ကွေ့ကောက်စီးဆင်းရာ ဦးတည်မှုအပေါ်မှာ မူတည်သည်။
“ရေနံတင် သင်္ဘောကြီးအကြောင်း ပြောဦးလေ အဖေ”
ရေနံတင် သင်္ဘောကြီးတွေသာမက ရေနံတူးစင်များ၊ မျှော်စင်များပါ သားမျက်စိထဲ မြင်ယောင်လာအောင် အဖေ အားပါးတရပြောပြသည်။ ချောက်နှင့် ရေနံချောင်းမှ တစ်ဆက်တည်း အဖေသည် သူမမှီလိုက်သော ရေနံမြေသပိတ် အကြောင်းကိုပါ ပြောလေသည်။
“၁၃၀၀ ပြည့် အရေးတော်ပုံအကြောင်း မဟုတ်လား အဖေ။ ကျနော်တို့ စာသင်ရတယ်”
သားနှင့်အတူ ယောင်နနဖြင့် အဖေ့ပုံပြင်နားထောင်နေသော ညီမလေးသည် ပခုက္ကူမရောက်မီ ကတည်းက အဖေ့ပေါင်ပေါ်မှာ အိပ်ပျော်လျက်ရှိသည်။ သားကတော့ ဧရာဝတီမြစ်အား စုန်ဆင်းအောင်မြင်ခဲ့သော အဖေ့ပုံပြင်ကို ညောင်တုန်းမြို့ရောက်သည်အထိ စိတ်ပါဝင်စားစွာ နားထောင်နေဆဲ။ အဖေ့မျက်နှာမှ အားမာန်နှင့် မျက်လုံးများ၏ ဂုဏ်ယူရိပ်ကို သားသည် အားကျစွာ ငေးမောနေလေသည်။
“ရန်ကုန်ရောက်တဲ့အထိ အဖေတို့ ဘယ်နှစ်ရက်ကြာခဲ့သလဲဟင်”
“ညတွေမှာ ကမ်းစပ်မှာအိပ်ပြီး နားကြတာဆိုတော့ အားလုံးပေါင်း ၁၈ရက် ကြာခဲ့တယ်ကွ”
သားကတော့ ချက်ချင်း ငှက်တစ်ကောင်အဖြစ် ပျံဝဲကာ ဧရာဝတီကို မြင်ချင်လှပါပြီ။
ဧရာဝတီကြောင့် ပျော်ရွှင်ကြည်နူးပြီး ဧရာဝတီကြောင့် မိမိကိုယ်ကို ဂုဏ်ယူဝင့်ကြွားနိုင်သူ လူသားတစ်ယောက်ဖြစ်သော အဖေသည် ဧရာဝတီနှင့် ကင်းကွာပြီး အသက်ရှင် နေထိုင်ရလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဖူးချေ။
အဖေ့မျက်နှာ သည်တစ်ခါလောက် ညှိုးနွမ်းခြောက်သွေ့နေသည်ကို သားတစ်ခါမျှ မမြင်ဖူးပါ။ အဖေ့ချွေးနဲစာ ကူးတို့ခများနှင့် အမေ့ဈေးတောင်းမှ ၀င်ငွေကလေးများကို အနှစ်နှစ်အလလခြစ်ခြုတ်စုဆောင်း ပြီး ဆောက်ခဲ့ရသော လေးပင်အိမ်ကလေးကို ဖျက်သိမ်းလိုက်ရသော နေ့တွင် အမေမျက်ရည်ကျသည်ကို ကြည့်၍ အဖေ တောက်တစ်ချက် ပြင်းပြင်းခေါက်ခဲ့သည်။ သားသည် ဧရာဝတီနှင့် ဝေးရာကို သွားရတော့မည်ဟူသည့် သတင်းကို ဟိုးခပ်စောစောကတည်းက သိထားသော်လည်း ဤသတင်း အတည်ဖြစ်လာလိမ့်မည်ဟု မထင်မိခဲ့ပေ။ တကယ်တမ်း သားတို့ပြောင်းရွှေ့ရမည်ဆိုတော့ သားသည် ရင်ထဲမှာ ဆို့နင့်ဝမ်းနည်းနေ၏။
“ဘာဖြစ်လို့တဲ့လဲဟင် အစ်ကို”
စကားတတ်ခါစ ညီမလေးက သားကို အားကိုးတကြီးမေးတော့ သားက လူကြီးတစ်ယောက်ပမာ ဖြေခဲ့၏။
“ငါတို့တစ်တွေက ဧရာဝတီကို ဖျက်ဆီးကြလို့ပေါ့ဟာ။ ငါတို့မရှိရင် ဧရာဝတီက ပိုလှလာမှာမို့ပေါ့”
ထိုစကားကို သားကိုယ်တိုင် ယုံမိသလား ဆိုတာတော့ သားမသေချာပါ။
“အခုလည်း မြစ်ကြီးက လှနေတာပဲ”
ညီမလေးက သူထင်ရာကို စွတ်ပြောတော့ သားက ညီမလေးကို ခေါင်းညိတ်ပြသည်။
“ဧရာဝတီမြစ်ကမ်းပါးမှာ အိမ်ကလေးတွေ ဆောက်ထားတာ မြစ်ကိုလည်း ရုပ်ဆိုးစေတယ်။ လူရဲ့ အမှိုက်သရိုက်အညစ်အကြေးတွေကြောင့် မြစ်ဟာ ညစ်ပတ်လာတယ်။ မသန့်စင်တော့ဘူး”
အဖေက သားကိုယ်စား ညီမလေးကို ၀င်ဖြေပေးသည်။
“အထက်ပိုင်းက ဧရာဝတီဆိုရင် အခုလိုညစ်ထပ်ထပ်ရွှံ့ရောင် မဟုတ်ဘူး သမီးရဲ့။ ဟောဟို ကောင်းကင်ကြီးလိုပြာလဲ့ကြည်လင်နေတာ”
အဖေ့စကားကို ညီမလေးသိပ်နားမလည်ပါ။
“ညီမလေးတို့ ဘယ်ပြောင်းမှာလဲ”
“ဟို…မှာ မြင်နေတဲ့ ဘုရားကလေးတစ်ဆူ တွေ့လား။ အဲဒီဘုရားနဲ့ တည့်တည့်ကုန်းပေါ်မှာ ငါတို့အားလုံး နေကြရမယ်။ အခုလို သဲမြေမဟုတ်ဘူး။ မြေမာ၊ ကုန်းမြေ”
“မြစ်နဲ့ နီးသလား”
“အဝေးကြီး….အဝေးတကာ့ အ၀းကြီး။ နင် မြစ်ကိုတောင် လှမ်းမြင်နိုင်မှာ မဟုတ်ဘူး”
အဖေသည် တစ်ချိန်လုံး ငြိမ်သက်နေ၏။ အဖေကလည်း မျက်နှာသုတ် ပ၀ါကလေး လည်ပင်းမှာပတ်၍ မျက်ရည်ခိုးခိုးသုတ်နေသည်။ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်နေ၏။
ထို့နောက် အဖေသည် သူ့လက်ဖ၀ါး၊ လက်ဖမိုးနှင့် လက်ဖျံများကို တစ်ခါမှ မမြင်ဖူးသည့် အရာဝတ္တုတွေလို စူးစူးစိုက်စိုက်ကြည့်နေ၏။
“ဟောဒီလက်တွေနဲ့ ငါ နှစ်တွေအကြာကြီး လှော်တက်ကို ကိုင်ခဲ့တယ်။ ငါ့လက်တွေဟာ လှေရွက်တိုက်ဖို့ လှော်တက်ကိုင်ဖို့။ ရွက်ကြိုး အသိမ်းအနှုတ်အတတ် ပဲ့ကိုင်အတတ် အဲဒါတွေ ငါကျွမ်းကျွမ်းကျင်ကျင် လုပ်ခဲ့တယ်။ နှစ်ပေါင်းလေးဆယ်လောက်ရှိခဲ့ပြီ သိလား။ ဘယ်ရာသီမှာ ဘယ်လေကြောင်းနဲ့ ရင်ဆိုင်ရမယ်ဆိုတာ ငါသိတယ်။ ပဲ့ကို ဘယ်လိုကိုင်ရမယ်၊ ရွက် ဘယ်အချိန် တင်ရမယ်ဆိုတာ ငါသိတယ်”
အဖေသည် သူ့လက်သူ ငုံ့ကြည့်ကာ တတွတ်တွတ်ရေရွတ်နေရာမှ အမေ့ကို လှည်းကြည့်လိုက်သည်။
“အေးမြိုင်…နင် မန္တလေးမှာ သိပ်နေချင်သလား”
အမေသည် အဖေ့ကို မျက်လုံးအ၀ိုင်းသားနှင့် ခဏငေးကြည့်ပြီးနောက် ဖြည်းညင်းစွာ ခေါင်းရမ်းပြ၏။ သားက အဖေ့လက်မောင်းကို ခိုတွဲလိုက်သည်။
“ကျနော်လည်း မန္တလေးကို မချစ်ဘူး အဖေ။ ကျနော် ဧရာဝတီကိုပဲ ချစ်တယ်”
အဖေက ခပ်သဲ့သဲ့ပြုံး၏။
နောက်ဆုံးတွင် အဖေသည် သားအတွက် သိပ်အံ့သြစရာ မကောင်းသော ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။
အဖေသည် တချို့ပစ္စည်းများကို မလိုအပ်တော့ဘူးဟု ရှင်းပြကာ ရောင်းချပစ်လိုက်၏။ အိမ်တိုင်တွေ ၀ါးတွေ ထရံတွေ အကုန်ရောင်းချပစ်လိုက်သည်။ အိုးခွက်ပန်းကန်နှင့် အ၀တ်အထည်၊ သား၏ ကျောင်းစာအုပ် စသည့်ပစ္စည်းများကို လှေပေါ်မှာ စနစ်တကျတင်လိုက်သည်။ အဖေ ဘာလုပ်တော့မည်ဆိုတာ ညီမလေး မသိသော်လည်း သား သိသည်။
“ကျမတို့ ဘယ်ပြောင်းမလို့လဲ”
အမေကမေးတော့ အဖေက စဉ်းစဉ်းစားစား မျက်လုံးဖြင့် အမေ့ကိုတစ်လှည့် သားကိုတစ်လှည့် ကြည့်၏။
“မြစ်ကမ်းပါး ရွာတစ်ရွာပေါ့။ အခြေအနေအရပေါ့”
သားသည် လှိုက်ခနဲ ၀မ်းသာသွားသည်။
တစ်ခုသော အရုဏ်တက် နံနက်ခင်းတစ်ခုတွင် အဖေ၏ လှေသည် နေရာဟောင်းမှ အပြီးတိုင်ခွာခဲ့၏။ မြစ်ကမ်းပါးသည် အိမ်အိုအိမ်ဟောင်းများ ရှင်းလင်းသွားသောကြောင့် လှပသာယာနေသည်။ ဆိုက်ကပ်ထားသည့် လှေကြီး လှေငယ်များ၊ သင်္ဘောကြီးများမှာ သက်ဝင်လှုပ်ရှားစပြုနေပြီ။ စိတ်လက်ပေါ့ပါးနေသော သားသည် အမှောင်မပြယ်တပြယ် အလင်းမှိန်ဖျော့ဖျော့အောက်တွင် တွေ့သမျှလှေတွေပေါ်က လူများကို အားရပါးရ လက်ဝှေ့ယမ်းနှုတ်ဆက်နေ၏။ သားသည် ဧရာဝတီကို လက်ပြနှုတ်ဆက်ရမှာ စိုးရွံ့သလောက် လူတွေကို လက်ပြရသည့်အခါ ပျော်ရွှင်တတ်လေသည်။
ကောင်းကင်တွင် တိမ်များ ပြိုစပြုပြီ။ နေ့အလင်းရောင်သည် တိမ်အကွဲ အအက်များကြားမှ ထွက်ပြူစ ပြုလာသည်။ ငှက်ကလေးတချို့ အိပ်တန်းထကာ ပျံဝဲနေပြီ။
လေးပြင်းတစ်ချက် ဝှေ့လိုက်သောအခါ လှေသည် ရုတ်တရက် လွန့်လူးသွား၏။ သား၏ ကိုယ်မှာ ဆက်ခနဲဖြစ်သွားသည်။ သားကို နောက်မှလှည်းကြည့်နေသော အဖေက တက်မကို ကျွမ်းကျင်စွာ ထိန်းချုပ်ရင်းက ပြုံးလေသည်။
“သား ကြောက်သလားကွ”
သားသည် ကြောက်သည်ဟု ၀န်ခံရမှာကို ရှက်သလိုလိုဖြစ်နေသည်။
“ဧရာဝတီဟာ သားရဲ့ သူငယ်ချင်းဖြစ်နေသမျှ မြစ်ကြောင့် သားဘယ်တော့မှ ဒုက္ခမရောက်နိုင်ဘူး။ မြစ်ကိုသာ ရင်းနှီးပစေ… ကြားလား။ မြစ်ကြောင့် သားဘယ်တော့မှ မသေရဘူး”
သားသည် အားတက်ကာ ခပ်သွက်သွက် ခေါင်းညိတ်၏။
“နောက်ပြီး ဧရာဝတီမြစ်ကြီးရှိနေသမျှ သားတို့ဘယ်တော့မှ ထမင်းမငတ်စေရဘူးကွ… ကြားလား”
“ဟုတ်ကဲ့”
ခပ်လှမ်းလှမ်းမှာ စစ်ကိုင်းတံတားကြီးကို လှမ်းမြင်နေရသည်။
“အဖေ…ညတွေ ညတွေမှာ ကျနော့်ကို မြစ်ရဲ့ပုံပြင်တွေ ပြောပြဦးမှာ မဟုတ်လား”
“ပြောပြမှာပေါ့ကွ”
ခဏတိတ်ဆိတ်သွားပြီးနောက် အဖေက ခပ်တိုးတိုးစကားဆက်သည်။
“ဒါပေမဲ့ သား…သားကြီးပြင်းလာတဲ့အခါ သားကိုယ်တိုင် ဧရာဝတီမြစ်ရဲ့ ပုံပြင်သစ်တွေ ဖန်တီးယူရမယ်နော်။ သားကိုယ်တိုင်ပါတဲ့ ပုံပြင်မျိုးပါ့… ကြားလား”
အဖေ့မျက်နှာသည် တည်ငြိမ်ရင့်ကျက်နေသည်။ သားသည် ထိုကတိကို ရင်ထဲ နှလုံးသားထဲက ပေးလိုက်ခြင်းဖြစ်သည်။ သား၏ သားသမီးများကို သားကိုယ်တိုင်ပြန်ပြောမည့် ဧရာဝတီမြစ်ပုံပြင်များသည် အဖေ ပိုင်ဆိုင်သည့်ပုံပြင် မဖြစ်စေရ။ သားကိုယ်တိုင်ပါဝင် ဖန်တီခဲ့သည့် ပုံပြင်များသာ ဖြစ်ရပေမည်။
မိမိကိုယ်တိုင် ပါဝင်မည့် ပုံပြင်သစ်တစ်ခုကို တကယ်ဖန်တီးရန် သား၌ ခွန်အားပြည့်ရှိသည်ဟု သား ယုံကြည်သည်။
---------------
#ဂျူး
[၁၉၉၅ခု၊ သြဂုတ်လ၊ မဟေသီမဂ္ဂဇင်း]
ပထမပိုင်း ⬇⬇⬇
[ စောဇာလီ ဘလော့ဂ်မှ ကူးယူပါသည်။ ဘလော့ဂ်ဂါအား ကျေးဇူးတင်ပါသည်။]
No comments:
Post a Comment