"သီကြိုးကိုယ်တိုင်"
==============
မင်းနဲ့ကိုယ်ဟာ
မွေးနေ့ချင်းမတူတောင်
မွေးရက်မွေးနံတူနိုင်တယ်
မင်းနဲ့ကိုယ်ဟာ
အသွေးအရောင်ချင်းမတူလည်း
သွေးအုပ်စုချင်းတူနိင်တယ်
ဒီလိုပဲ
မင်းနဲ့ကိုယ်ဟာ
မွေးဌာနီချင်းမတူငြား
သေဌာနီချင်းတူတတ်တယ်
မင်းနဲ့ကိုယ်ဟာ
သားငါးအကြိုက်ချင်းမတူပေမယ့်
့အမှားများစရိုက်ချင်းတူနိုင်တယ်
အသီးအရွက်အကြိုက်ချင်းမတူလည်း
ခရီးထွက်အကြိုက်ချင်းတူနိုင်တယ်
ဒီလို
တူတာတွေ့တိုင်း ပျော်ခဲ့သမျှ
ခုမှတမူ
မတူတာတွေ
ဘာလို့ရေတွက်ကြပါလိမ့်
ကိုယ်တို့
မျက်နှာချင်းဆိုင်ပါလျက်
မျက်လုံးချင်းမမြင်နိုင်ကြပါလား
ဘယ်မြင်မလဲ
မျက်နှာလွှဲထားကြတာကိုး
ကိုယ်တို့
လက္ခဏာတွေမတူပေမယ့်
လက်ပါတာချင်းတူတာပဲ
ခွဲမသွားပါနဲ့
ကိုယ်တို့
ကံကြမ္မာချင်းမတူပေမယ့်
ဒါဏ်ရာချင်းတူတတ်တာပဲ
ခွဲမသွားပါနဲ့
"ဘာ...
လူတွေဟာဘယ်သူနဲ့မှလက်ဗွေချင်းမတူဘူး ဟုတ်လား
အင်းပါ
လူဆိုတာ လက်ဗွေချင်းမတူပေမယ့်
မျက်ရည်ချင်းတော့တူတတ်တာပဲ
ဒါကြောင့်ခွဲမသွားပါနဲ့"
လူကလေးဟာ အဲသလိုပန်ကြားရင်း
မြေပြင်အနှံ့မှာ အနေဝေးကွာတဲ့
တခါကလည်ဆွဲတကုံးရဲ့
ရွဲလုံးများကို ရှာစု
ကြိုးနဲ့ပြန်သီလိုက်ပါတယ်
အပျော်နဲ့ရွက်လွှင့်တဲ့လှေလိုပဲ
တံတားပေါ်လူကလေးဖြတ်အပြေး
ဖြန်းကနဲ လည်ဆွဲကြိုးပြတ်
ရွဲလုံးတွေလည်း ရေထဲလွင့်ပါးကျကုန်တယ်
လက်ထဲကျန်တာကြည့်တော့
မျက်ရည်စိုကြာ
ဆွေးမြေ့ကြိုးကိုသာ မြင်ပါသတဲ့ ။ ။
မင်းကိုနိုင်#
No comments:
Post a Comment