ကြောင်ခံတွင်းပျက် နဲ့ ဆက်ရက်တောင်ပံကျိုး
🌀🌀🌀🌀🌀🌀🌀🌀🌀🌀🌀🌀🌀
မောင်သာရ
နိုဝင်ဘာ ၂၇၊ ၂ဝဝ၉
လက်တွေ့ကတော့ brad ရဲ့ခေါင်းထဲမှာ မိန်းမယူချင်တဲ့ စိတ်ကူးစိတ်ရူးမျိုး အလည်ရောက်မလာတာတောင် အတော်ကြာပါပြီ။ အင်း…အရှက်မရှိ မကွယ်မဝှက်တမ်း ဖွင့် ဝန်ခံမယ်ဆိုရင်တော့၊ သည်၂၇နှစ်ဆိုတဲ့အရွယ် လူငယ်တယောက်အနေနဲ့ … အမြီးမပေါက် ဘာမျောက်လဲ မေးရမလို … .မယူချင်ပဲ ဘယ်နေပါ့မလဲနော်။ ရသာရမယ်ဆိုရင် က ယူချင်တာပေါ့။ အနည်းဆုံး အိမ်ထောင်ဘက်အဖြစ် မမျှော်မှန်းမရည်ရွယ်တဲ့တိုင်အောင် girlfriend လို့ခေါ်တဲ့ မိန်းမဖေါ်ကလေးတယောက်လောက်တော့ ဆန္ဒဖြေ ရှိထားနှင့်ချင်တာပေါ့ ။
ဒါပေမဲ့လို့လဲလေ…bradရဲ့လက်ငင်းဘဝအခြေအနေ ညံ့ဖျင်းနိမ့်ကျလိုက်ပုံက … မိန်းမတယောက်ကို သူလိုငါလို ဘုရားကျောင်းမှာလက်ထပ်ပြီး အိမ်ခန်းနဲ့လိပ်စာနဲ့ တရားဝင် အတူနေနိုင်ဖို့ မဆိုထားနဲ့ … မတော်တဆ ကောင်မချောချောကလေးတယောက် ထီပေါက်သလို…ကောက်ရလာခဲ့ရင်တောင်မှ ခေါ်စရာပျော်စရာ နေရာကလေး တနေရာ … ရှာမရနိုင်ဘူးရယ်။
အခု brad နေနေတယ်ဆိုတဲ့ ဆင်းရဲသားရပ်ကွက် မြို့ပျက်မြို့ဟောင်းဘက်က အိမ်ဆိုတာကလဲ brad လို လူပျိုလူလွတ် တစက်ရုံထဲက လုပ်ဖေါ်ကိုင်ဘက် အလုပ်သမားတွေချည့်လေးယောက် စု…ငှါးနေကြတဲ့အိမ်လေ။ ပြီးတော့လဲ သိတယ်နော်။ မိန်းမဖေါ် girl friendဆိုတာကလဲ နှလုံးသည်းခိုက် ချစ်ကြိုက်ရင်းစွဲ ရှိနေကြအုံးတော့၊ ဆိုင်သာဆိုင် မပိုင်သေးတဲ့ လမ်းခုလပ်ဘဝ မဟုတ်လား။ တခါတရံ အခန့်မသင့်ရင် ငွေရေးကြေးရေး အပေးအကမ်းကလေးက ပြာဿဒ်တက် မီးလောင်တတ်သေးတာကပဲ။
အဲ…နားလည်လိုက်လျောမှုနဲ့ မငြိုငြင်တမ်း သူ့ဘဏ်ကဒ်ကလေးတလှည့်၊ ကိုယ့်ဘဏ်ကဒ်ကလေး တလှည့်၊ မျှမျှတတ ထုတ် ဆွဲ သုံးရအောင်ကလဲ… bradရဲ့ ဘဏ်debitကဒ်က ပြဿနာ။ များသောအားဖြင့် အင်္ဂါ ဗုဒ္ဓဟူး ကြာသပတေး ဆိုရင် လူတောထဲ ထုတ် မသုံးရဲတော့တဲ့ အဖြစ်။ ဘဏ်မှာ ငွေလက်ကျန် လုံးဝမရှိတတ်တော့ဘူးလေ။ ထုံးစံအတိုင်း သောကြာနေ့မှာ ဝင်လာတဲ့ လုပ်ခကလေး မဖြစ်စလောက်ကလဲ နှစ်ရက်သုံးရက်ဆို ကုန်ပြီပေါ့။ စိတ်ကျရတယ်။
ပြဿနာအရင်းခံကတော့ အလုပ်ပါပဲ။ အလုပ်သာ ပုံမှန် တပတ်နာရီလေးဆယ်နှုန်းအပြည့် ရနေလို့ ကတော့ brad မကြောက်ပါဘူး။ … မိုး ဒူးနဲ့ တက်တိုက်ရဲပါတယ်။ ဒါပေမယ့် ခုဥစ္စာက ပြတ်တောင်းပြတ်တောင်း ဘာ သေချာတဲ့ အာမခံချက်မှ မရှိဘူး။ မနက်ဖန် အလုပ်ဆင်းရမယ် မဆင်းရဘူး ဆိုတာကိုက သည်ကနေ့ည၈နာရီ အထိ မသေချာဘူး။ ညဘက် ၉ နာရီလောက်မှာ တယ်လီဖုံးဆက် စုံစမ်းကြည့်ပါအုံး…တဲ့။ မှာထားတယ်။ အလုပ်ရှိမှ on call ခေါ်မယ်ဆိုတဲ့သဘော။ မောကြော…။ အလုပ်ရှင်ရဲ့ကိုယ်စားလှယ် work in charge ရဲ့ အပြောကတော့ အားရစရာ တကွက်မှ မရှိဘူး။ အလုပ်သမားလျှော့တဲ့ဦးရေစာရင်းထဲ မပါတာပဲ ဘုရားသခင် ကျေးဇူးတော်လို့ အောက်မေ့ရမယ်…တဲ့။
bradအမြင်ကတော့ အဲ့သည်လို ပြတ်ပြတ်သားသား အလုပ်သမားဦးရေလျှော့တဲ့စာရင်းထဲပါ ယာယီအလုပ်ရပ်ဆိုင်း laid off အဖြုတ်ခံရတာကမှ တမျိုးကောင်းအုံးမယ်ထင်တယ်။ social ရုံးမှာ အလုပ်လက်မဲ့ ထောက်ပံ့ကြေး လျှောက်စားမယ်လေ…။ welfareထောက်ပံ့ကြေးကမှ အခုရနေတဲ့ မစို့မပို့ထက်တော့ ပိုရနိုင်လိမ့်အုံးမယ် ထင်တယ်။ ဒါပေမဲ့ brad မစွန့်စားရဲပါဘူး။ ရမှာကနောက် ငတ်မှာနဲ့ နှင်ချခံရမှာက အရင်၊ သည်တော့ သေချာတဲ့ နို့ပိန်ကလေးပဲ ကပ်တွယ်နေရအုံးမှာပါပဲ။
ကြည့်လေ…။ ပြီးခဲ့တဲ့အပတ်ကများဆိုရင် နှစ်ရက်နဲ့ နေ့တဝက်လား အလုပ်ဆင်းလိုက်ရတယ်။ နာရီ ၂ဝ တည်း။ ကဲ…သည်ပုံသာဆိုရင် ခုသောကြာမှာ ဝင်လာမယ့် လုပ်ခ pay checkထဲက ကိုယ့်အတွက် အချိုးကျပေးရမယ့် အိမ်လခရဲ့ ၄ပုံ၁ပုံကို နုတ်လိုက်ရရင် လက်ထဲ ဘာကျန်တော့မှာလဲ။ ထုံးစံအတိုင်း မပေးမနေရတဲ့ ဆိုင်ပိုင်ရာက အခွန်အကောက်တွေ၊ ကျန်းမာရေး အာမခံကြေးတွေနဲ့ ဘာကြေးညာကြေးတွေ အမြီးကနုတ် ခေါင်းကနုတ် လျှောက်သာနုတ်လိုက်ရလို့ကတော့…အလွန်ဆုံးကျန်လှ သုံးလေးဆယ်ပေါ့။ သည်ငွေကလေးနဲ့ သည်တပတ်လုံးလုံး ဘယ်မှာ ဘာသွားစားမလဲ။ ဘာသွားသုံးမလဲ။
ဒါတောင်နော်…လျှပ်စစ်မီတာခတို့ ဂက်စ်မီတာခတို့ဆိုတဲ့ billကြွေးတွေက ခဏတဖြုတ် ဆိုင်းထားလို့ ရပေသေးလို့။ ပြီး တော်ပါသေးရဲ့…အစောကြီးကတည်းက တန်ရာတန်ရာပဲ ကောင်းတယ် ဆုံးဖြတ်ကြပြီး အိမ်သုံးတယ်လီဖုန်းတို့ tv cableတို့ မသွယ်ခဲ့ကြပေလို့။ ဒါပေမယ့် ကိုယ့်ဘာသာကို တလက်ကိုင် မရှိမဖြစ် သုံးနေရတဲ့ cell phone billကတော့ ပေးရလိမ့်မယ်။ သည်လလာရင် နှစ်လပေါင်းအတွက် ၁၅ဝလောက်များ ကျမလား မပြောတတ်ဘူး။ သည်လမှ မပေးရင် ဖြတ်ခံရတော့မယ်။ စိတ် ဆင်းရဲရပါတယ်။ သည်အပတ်ထဲ အလုပ်မှ လုပ်ရပါ့မလား။ အလုပ် လုပ်ရချိန် နည်းလို့ billကြွေးတွေ အပြည့်မဆောင်နိုင်ရင် ဘယ့်နှယ်လုပ်မလဲ။ bradလဲ စိတ်ပျက်လက်ပျက်နဲ့ ပင့်သက်ပြင်းကြီး ချပြီး၊ ဘတ်စ်ကားပေါ်က စိတ်မပါ့တပါ ဆင်းလိုက်တယ်။
ခြေထောက်တွေက သိနေပြီလေ…။ ခါတိုင်း ဆင်းနေကျမှတ်တိုင်မှာ… ဆင်းလိုက်တယ်။
လျှောက်နေကျ ဆိုင်တန်းplazaဘက်ကို လမ်းဖြတ်ကူးပြီး ဦးတည်လျှောက်လိုက်တယ်။ မရှိတာ ရှိတာ ဘေးချိတ်။ ရှိသမျှကလေးနဲ့တော့ ပိုက်ဆံနည်းနည်းနဲ့ ဗိုက်ပြည့်အောင် စားထားရလို့မယ်။ ထုံးစံအတိုင်း မနက်စောစာ breakfastနဲ့ နေ့လယ်စာ lunchကို တခါတည်း ပေါင်းစားဖို့ ဈေးသက်သာတဲ့ burgerဆိုင်ကို ရွေးလိုက်တယ်။ သည်ဆိုင်မှာက အမဲသားတုံးနဲ့ burger နှစ်လုံးတွဲကို bye 1 get 1 free ဈေးနဲ့ ရောင်းတယ်လေ…။ ပြီး အာလူးကြော်တကော် ပွဲကြီးဆိုရင် တပွဲတည်းနဲ့ကို စူဇကာ ဗိုက်ပြည့်ရော။ နောက် sodaအချိုရည်ကလေးကလဲ သည်ဆိုင်က အကြိမ်ကြိမ် ထပ်ဖြည့်သောက်ခွင့် ပြုတယ်။ ဆိုင် လှမ်းမြင်နေရခါမှ ဗိုက်တောင် ပိုဆာလာသလိုပဲ။ ဟုတ်ပြီ…ချီတက်။
သည်မှာ မkayနဲ့ တွေ့ရတော့တာပါပဲ။ မkay က သူဝင်မယ်လို့ ပိုင်းဖြတ်ထားတဲ့ဆိုင်ထဲက ထွက်လာပြီး ဆိုင်ရှေ့ရပ်ထားတဲ့ ကိုယ်ပိုင်ကားတွေရှိရာကို လျှောက်လာနေတယ်။ နွမ်းနွမ်းလျလျ ကပိုကရိုရယ် တခြား တွေ့ဖူးနေကျ မိန်းမတွေလို အစာပိတ် သောက်လက်စ အအေးခွက်ကလေး ကိုင်ပြီး၊ ရွှင်ရွှင်လန်းလန်း ပြန်ထွက်လာတဲ့ ပုံစံမျိုး မဟုတ်ဘူး။ ဘယ့်နှယ့်…သည်လိုမနက်ပိုင်းမှာ ဈေးဝယ်ထွက် ရုံးတက်အလုပ်သွားကြရင်း လမ်းကြုံဝင်ဗိုက်ဖြည့်လေ့ရှိတဲ့ မိန်းမပေါင်း မြောက်မြားစွာ brad ကြုံဆုံဖူးပါတယ်။ သူ့လို အိပ်ရာထ မျက်နှာသစ်ထားပြီးခါစ မပြင်မဆင် မချယ်မသ မျက်နှာပြောင်ကြီးနဲ့ မဟုတ်ပေါင်။
အော်…အတော်ဘရုတ်ကျချင်တဲ့ ခြေထောက်။ ဘယ် လျှောက်နေပြန်တာတုန်း။ brad
လျှောက်ရင်း လျှောက်ရင်းနဲ့ မkay ဦးတည်ရာ မkayရဲ့ကားနားကို ရောက်လာတယ်။ မkayရဲ့ကားမှန်းလည်း အစက မသိပါဘူး။ မkayက ရပ်ထားတဲ့ကားတံခါးလက်ကိုင်မှာ သော့ထိုးဖွင့်နေတော့မှ…bradကလဲ မမျှော်လင့်ပဲနဲ့ မkayရဲ့ကား ညာဘက်ဘေးမှာ မkay နဲ့ မျက်နှာချင်းဆိုင် ရောက်ရက်သား ဖြစ်နေတယ်။ အမှန်ပြောရရင် တမင်္ဂလာကြည့်ဖို့စိတ်ကူး မရှိပေမယ့်လဲ…သည်တခါတော့ သူစိမ်းမိန်းမတယောက်ကို (သို့မဟုတ်) မkayရဲ့မျက်နှာကလေးကို bradမျက်တောင်မခတ် စိုက်ကြည့်လိုက်မိတယ်။ မkayကလဲ ကားတံခါးဖွင့် ငုံ့ဝင်မယ်လုပ်ရင်း bradကို မျက်ခုံးကလေးတဝက်ပင့် ပြန်ဝင့်ကြည့်လိုက်လေရဲ့။
ဟ! ဘယ်လိုအကြည့်လဲဟ…။ ပြုံးသယောင်ယောင် ညို့သလိုလိုနဲ့။ brad ကျောက်ခဲအသည်းနဲ့ အိပ်ပျော်နေတဲ့ ကျားတောင် ရင်ထဲ တလှပ်လှပ် ခုန်သွားသလိုပဲ။
ရုပ်ကလဲ ဘယ်လို သတ်မှတ်ရမလဲ…။ လှတပတ်နွမ်း ဆိုရမလား။ မျက်လုံးတွေက ငွေမိုးညိုညို…ငိုထားခါစလို…။ မျက်တောင်ရှည်ကလေးတွေကလဲ မကော့ပြန်ပဲ ငိုက်တွဲလို့…။ တပတ်လျှိုလိုလို ကပိုကရို ဗွေထိပ်တက် ထုံးဖွဲ့ရစ်တင်ထားတဲ့ဆံပင်တွေကလဲ နက်မှောင်မှောင်…။ ပြီး အသားရောင်ကလဲ အထက်မြောက်ပိုင်းသူတွေလို အဖြူဖွေးဖွေးမှာ ပန်းသွေး ပြေးနေတာမျိုး မဟုတ်ချည်ဘူး။ ပျားရည်နဲ့ နွားနို့ ဆတူရောမွှေထားတဲ့ အရောင်မျိုး။ brad တွေ့ဖူးပါတယ်။ အသားအရည် ကြည့်ရတာကလဲ ညက်ညောချောမွေ့နေသလိုမျိုးဆိုတော့ bradတွက်လိုက်ပါတယ်။ ဧကန္တ…တောင်ပိုင်းပင်လယ်ထဲက ကျွန်းတကျွန်းသူပဲ ဖြစ်ရမယ်ပေါ့။
brad လည်း သမ္ဘာနုတဲ့သူမှ မဟုတ်ပဲ။ စကားပြောခွင့် မကြုံကြိုက်လိုက်ရလို့သာ လက်တင်သံ စပိန်သံ ဝဲမဝဲ မသိလိုက်ရတာလေ။ ဒါပေမယ့် ရုပ်အရကတော့ သေချာပါတယ်။ hispanicy hispanic ပါပဲ။ pueto ricoသူ Venezuelaသူ ဖြစ်ကောင်းဖြစ်နိုင်တယ်။ သိတယ်နော်…။ အမေရိကန်သူ အဖြူအမဲမကလေးတွေ ငေးကြည့်ရလောက်အောင် လှကြပါပေ့…ဆိုတာ ပူတိုရီကိုသူ ဗယ်နဇွဲလားသူကလေးတွေ အိပ်ရာထ ရေမချိုးရသေးသလောက်ပဲ ရှိတယ်လို့ ကာလသားတွေ ပြောစမှတ် ပြုကြတယ်တယ်မဟုတ်လား။ ခုလဲ ဘာထူးသေးလဲ။ မkayရဲ့ မခြယ်မသ အိပ်ရာထစ မျက်နှာက bradကို ညို့ငင်ဆွဲဆောင် ဖမ်းစားလိုက်ပြီလေ…။
ပင့်ကူအိမ်မှာ ငြိနေတဲ့ယင်လို bradလဲ ရုန်းတော့ရုန်းထွက်ချင်တာပါပဲ။ ဒါပေမယ့် ငြိနေတယ် အနားက တဖဝါးမှ မခွဲနိုင်မခွါရက် ဖြစ်နေတယ်။ အများရဲ့အမြင်မှာကတော့…မkayက သူ့ကားထဲ ရောက်နေပြီး ဖြစ်တဲ့အတွက်… ကားစက်နိုးပြီး မောင်းထွက်သွားနှင့်လို့ရအောင် ရပ်ရှောင်လမ်းပေးထားတဲ့အနေနဲ့ မkayရဲ့ကားနံဘေးမှာပဲ ဟန်ဆောင်ပန်ဆောင် သူ ရပ်နေလိုက်တယ်။ မkayကားခေါင်းရှေ့က ကန့်လန့်ဖြတ်ပြီး စားသောက်ဆိုင်ထဲ မဝင်နှင့်သေးဘူးလေ…။ အမှန်ကတော့ ငြိနေတာပါပဲ။ ကားအထွက်မှာ ကားထဲကမkayကို ဘေးကြည့် နောက်ကြည့် တကြော့ပြန် ထပ်ကြည့်လိုက်ချင်သေးတာလဲ ပါတာပေါ့။ ချစ်ရမယ့်သူကို ဘက်ပေါင်းစုံရှုထောင့်မျိုးစုံက ဓာတ်ပုံရိုက် ငေးစိုက်ကြည့်နေချင်သလိုပေါ့နော်…။ အတော်ပါပဲ။ ယဉ်ကျေးမှု အရကလဲ အမျိုးသမီးကို ပထမဦးစားပေး လမ်းဖွင့်ပေးရမယ် မဟုတ်လား။
ဒါပေမယ့် သည်မိန်းမ ဘာဖြစ်လို့ ကြာနေတာပါလိမ့်။ ကားထဲမှာ ဘာလုပ်နေလို့ပါလိမ့်။ မနက်စောစော နေလဲ မရှိန်သေးတဲ့ခုလိုအချိန်မှာ…မလိုအပ်ပဲ ဖြန့်ပြီးကာထားတဲ့ ကားရှေ့မှန်ရဲ့အတွင်းဘက်က နေကာမြက်ဖျာယင်းလိပ်ကိုလဲ အခုထက်ထိ ဖယ်မပစ်သေးပါလား။ ပြီး ကားကိုလည်း စက်မနိုးသေးဘူး။ ကားထဲမှာ ဘာတွေများ သည်လောက်တောင် ရှုပ်နေလို့ ခါခက်ရှင်းလင်းနေရတယ် မသိပါဘူး။ ကားကလေးကတော့ ချမ်းခိုက်ခိုက်တုန်သလို မေးရိုက်လှုပ်ခါနေတာပါပဲ။
ခက်တာက အထဲမှာ ဘာတွေဖြစ်နေတယ် မသိရဘူး။ အစေ့ပိတ်တင်ထားတဲ့ ကားပြတင်းမှန်တွေ အားလုံးက လုံခြုံရေးရောင်ပြန်ဖလင်တွေ အပြည့်ကပ်ထားတာရယ်။ ပြီးတော့လဲ ရောင်ပြန်က အဆင့်၃ အမှောင်ဆုံး အမျိုးအစား။ အပြင်ကနေ အထဲကို ကြည့်ချင်လို့ကတော့၊ ကိုယ့်ပုံရိပ်ကလွဲပြီး ဘာကိုမှ မမြင်ရနိုင်ဘူး။ ပြီး ရှေ့မှန်ရဲ့အတွင်းဘက်က မြက်ဖျာယင်းလိပ်ကလဲ ငွေသားရောင် ရောင်ပြန်ပဲ။ ရှေ့မှန်တဖက်စွန်းမှာ မီးခြစ်ဆံ တချောင်းစာလောက် ဟနေတဲ့ နေရာလွတ်ကလေးတနေရာတော့ တွေ့ရပါရဲ့။ ဒါပေမယ့် မှန်နား ကုန်း မျက်နှာအပ်ပြီး ချောင်းကြည့်နိုင်ပါမှ မြင်ကောင်း မြင်ရမှာလေ…။ ဘယ်သူက အမိုက်ခံ အထင်မှားခံပြီး ချောင်းကြည့်ရဲမှာလဲ။ မတော် ကားထဲကမိန်းမက မြင်သွားပြီး၊ ဟွန်း နှိပ်ထည့်လိုက်ရင် အရှက်တကွဲ အကျိုးနည်းရမယ့်အဖြစ်။ ပြီး ကားထဲမှာ သည်လောက်ကြာနေပုံ ထောက်တော့ အဝတ်လဲ အလှပြင်နေတာလားမှ မသိ။ မတော်တရော် မူးယစ်ဆေးဝါး သုံးစားနေတာမျိုးဆိုရင်လဲ ဘယ့်နှယ့်လုပ်မလဲ။ အဲဒါက သူ့ကိစ္စ သူ့လွတ်လပ်ခွင့်လေ…။ ကြည့်မိတဲ့ကိုယ့်မှာသာ တရားခံဖြစ်မှန်းမသိ ဖြစ်ရမှာ…။ မကြည့်ရဲပါဘူး။ ခိုးကြောင်ခိုးဝှက် ချောင်းကြည့်တာမျိုးလဲ brad ဝါသနာ မပါလှပါဘူး။
ဒါပေမယ့် ဘယ်လိုပြောရမလဲတော့ မသိဘူး။ သည်မိန်းမကို အနည်းဆုံး တကြော့လောက်တော့ brad ထပ်ကြည့်လိုက်မြင်လိုက်ချင်သေးတယ်။ နောက်ဆုံးအခွင့်အရေးတရပ် အနေနဲ့ ဦးဏှောက်ဖန်ပြင်မှာ ပုံရိပ်ရိုက်ယူထားလိုက်ချင်သေးတယ် ဆိုပါတော့။ ဘာ့အတွက်ရယ်လို့တော့ ရည်ရွယ်ချက် ကြီးကြီးမားမား မရှိတန်ရာပါဘူး…အောက်မေ့တာပဲ။ ခက်တာက လျှပ်တပြက်ကလေး ဆုံလိုက်ရတာလေ…။ သည် တဒင်္ဂ အခိုက်အတန့်မျှနဲ့တော့ စွဲလန်းတယ် မသမုတ်နိုင်ပါဘူးနော်။ ဒါပေမယ့် ထူးခြားချက်တရပ်တော့ ရှိလေရဲ့။ bradရဲ့ဘဝမှာ အရင်က မြင်နေကျ တွေ့နေကျ မိန်းမတွေနဲ့ မတူတာကတော့ အမှန်ပဲ။ ဘာခြားနားနေတယ်တော့ ရိုက်စစ်လဲ brad မပြောတတ်ဘူး။
ကြည့်လေ…၊ သူ့ကို အရင်မောင်းထွက်ခွင့် ပေးတဲ့အနေနဲ့ ခဏရပ်စောင့်ပေးနေတာတောင် ခုထက်ထိ ကားစက်ကို မနှိုးသေးဘူး။ မျက်နှာရှေ့တည့်တည့်က မြက်ဖျာယင်းကိုလဲ မြင်ကွင်းရှင်းသွားအောင် ဖယ်ရမယ့်ကိစ္စ ဖယ်မပစ်သေးဘူး။ သည်လောက်ကြာနေရအောင် ကားထဲမှာ သူဘာလုပ်နေတာလဲ။ ကားထဲကနေပြီးတော့များ သူ့ကို အကဲခတ်ကြည့်နေလေရော့သလား မသိ။ bradရဲ့စိတ်က မရိုးသားတော့ ကိုယ့်စိတ်နဲ့နှိုင်းပြီး ကိုယ့်ကိုယ်ကို ကြံဖန် အထင်ကြီးပစ်လိုက်မိပြန်တယ်။
ဟမ်း…သည်အပေါက်မျိုးတော့ ဘယ်ချိုးလို့ ရလိမ့်မလဲ။ ကိုယ့်သိက္ခာ အကျခံလို့…။ brad သူ့ကားခေါင်းရှေ့ကပဲ မမှုလေဟန်နဲ့ ခပ်အိနြေ္ဒရရ ဖြတ်လျှောက်ပြီး၊ စားသောက်ဆိုင်ထဲ ဝင်ပစ်လိုက်တယ်။ နောက် မkayရှိရာကို လုံးဝပြန်လှည့်မကြည့်ဖြစ်အောင်လဲ စိတ်ကို အမိန့်ထုတ် ချုပ်ချယ်ထားလိုက်တယ်။ သိတယ်နော်…။ ဆိုင်ထဲရောက်တော့ ဟန်ဆောင်လုပ်ထားတဲ့ မာန်ရုပ် အရေခွံ ကျွတ်သွားပြီ။ ဘဝမှန် ပြန်ရောက်သွားပြီ ပြောပါတော့။ သည်တော့ ထုံးစံအတိုင်း ဈေးအသက်သာဆုံးနဲ့ ဆင်းရဲသား အလုပ်ကြမ်းသမားစာအဖြစ် သီးသန့်စီမံထားတဲ့ အမဲသားတုံး angus ဘန်းမုန့်ညှပ် burger အမွှာတပွဲနဲ့ အားလူးကြော်အလိမ် ပွဲကြီးတပွဲကို မှာလိုက် ငွေရှင်းလိုက်တယ်။ ဆိုဒါအချိုရည်ကတော့ သည်ဆိုင်မှာက ကြိုက်သလောက် ပြန်ဖြည့်သောက်နိုင်တယ်။ ပိုက်ဆံထပ်ပေးစရာ မလိုဘူး။ ကိုယ့်အလှည့်ရောက်လို့ ကိုယ်မှာတဲ့မုန့်တွေရောက်လာတော့ လင်ပန်းထဲ ကောက်ထည့်ယူလာပြီး၊ မkayရဲ့ကားက ဝမ်းသာစရာ ထွက်မသွားသေးပါလား။ ဘာရမလဲ…လူကို မမြင်ရဘူးနော်။ ကားကိုပဲ မဲကြည့်နေမှာပေါ့။ ကားကတော့ တလက်နှစ်လက်ပြောင်း ကားအဟောင်းဝယ်ထားပုံ ရတာပဲ။ အရောင်အဆင်းက အစ ရုပ်က အတော်ကျနေပါပြီ။ bradရဲ့ အယူအဆကတော့ ကားဝယ်မစီးနိုင်သေးလဲ နေလေရော့။ သည်လိုကားဟောင်း သည်လောက်မသန့်တဲ့ကားမျိုးတော့ ဘယ်တော့မှ ဝယ်မစီးဘူးလို့ ဆုံးဖြတ်ထားတတ်တယ်။ အမျိုးအစားကတော့ အမေရိကန်ကား chevy caralierပါပဲ။ modelကတော့ ၉၅-၉၆လောက် ဖြစ်မှာပေါ့။ တံခါးနှစ်ပေါက်။ saloon အနီရောင်။ ညာဘက်နောက်ပိုင်း ဘီးဖုံးရွှံ့ကာမှာလဲ တိုက်ထားတာထင်ရဲ့။ နည်းနည်းချိုင့်ဝင်နေပြီး ပွန်းရာခြစ်ရာ ဒဏ်ရာတွေနဲ့။ ပြီး ရှေ့မှန်ပေါ်မှာ ရေသုတ်တံတွေလဲ မပါဘူး။ ဒါကတော့ သည်မှာက သဲကန္တာရ မိုးနည်းတဲ့ဒေသမို့…ဒါမှမဟုတ်…ဖြုတ်အခိုးခံရမှာ စိုးလို့…ထင်ပါရဲ့။ မတပ်ပဲ ဖြုတ်သိမ်းထားသလားမှ မသိ။ brad သိပ်နားလည်လှလို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် အတူနေ ကားရူးတွေ ပြောနေလေ့ရှိတဲ့ ကားအကြောင်း သောင်းပြောင်းထွေလာ ဗဟုသုတတွေအရတော့…သည်ကားရဲ့အခြေအနေမျိုးက ဘာတန်မှာလဲ။ အလွန်ရော အကျွံရော တန်လှ တထောင်လောက်ပေါ့။ ရပ်ကွက်တွေထဲမှာ ပိုင်ရှင်ကလဲ သုံးနေဆဲ…ရောင်ရန် 4sale လို့လဲ နောက်မှန်မှာ ဆိုင်းဘုတ်ရေးထားတတ်တဲ့ ကားမျိုးတွေနဲ့သာတွေ့ရင် သည်မkayရဲ့ကားအခြေအနေက ရာဂဏန်းနဲ့တောင် ရနိုင်မယ်ထင်တယ်။ မkayကို အထင်သေးလို့တော့ မဟုတ်ပါဘူး။ သည်ကားကလဲ မkayရဲ့လက်ထဲမှာကို ဘယ်လောက်ထိ ကြာနေမှန်းမ မသိပဲ။
ဒါပေမယ့် ကားထဲကမိန်းမက ကားပိုင်ရှင် ဆိုတာကတော့ သေချာပါတယ်။ ဘာပြုလို့လဲဆိုတော့ ကားထဲမှာလဲ သူချည့်ပဲလေ။ ပြီးတော့ ကားသော့ကလဲ သူ့လက်ထဲမှာ…။ ပြီး စောစောက သူဝင်ထိုင်လိုက်တဲ့ဘက်ကလဲ ယာဉ်မောင်းထိုင်ခုံ။ နောက် သည်မိန်းမ ဟန်ပန်ပုံစံကြည့်ရတာကလဲ ကိုယ်တိုင်မောင်းမယ့်ပုံပါပဲ။ အဲ…တကွက်တော့ စဉ်းစားစရာ ကျန်သေးရဲ့။ သည်နေရာမှာ အချိန်းအချက်နဲ့ ရပ်ထားပြီး၊ သူ့ယောက်ျားဖေါ်…သို့မဟုတ်…တစုံတယောက်ကို လာစောင့်နေတာများလားမှ မသိ။
ဒါပေမယ့် ဒါလဲ မဖြစ်နိုင်ပါဘူး။ သည်မိန်းမပုံပန်း ကြည့်ရတာ အဲလိုမျိုး ယောက်ျားေါ်တယောက်ယောက်ကို ချိန်းစောင့်နေတဲ့ပုံ မပေါက်ပါဘူး။ ကြည့်ပါလား…ရုပ်က။ မဖီးမလိမ်း မခြယ်မသ။ လန်းလန်းဆတ်ဆတ် တက်တက်ကြွကြွလဲ မရှိ။ အပြင်ကလာမယ့်လူကို လှမ်းမြင်နေရအောင် မျက်နှာရှေ့က နေကာယင်းရွက်ကိုလဲ မရုတ်သိမ်း။ တခါတရံဖြစ်ဖြစ် ကားအပြင်ပြန်ထွက်ပြီး ရှေ့နောက်ဝဲယာလဲ မျှော်မကြည့်။ ပြီး ဝတ်ထားတဲ့ အင်းကျီကလဲ မဟောင်းနွမ်း မတွန့်ကေဘူး ဆိုအုံးတော့။ သစ်သစ်လွင်လွင် ကောင်းကောင်းမွန်မွန် မဟုတ်။
မတတ်နိုင်ပါဘူး။ သည်ခေတ်ကြီးမှာ တစုံတယောက်ကို စောင့်နေရတာမျိုး ဆိုရင်လဲ ဘာခဲယဉ်းတာမှတ်လို့။ လက်ပတ်နာရီကို ကြည့်ပြီး၊ ခါးကြားက cell phoneနဲ့ text message နှိပ်လိုက်ရုံပေါ့။ သည်အရွယ် လူတိုင်းလိုလိုမှာ cell phone ရှိတတ်ကြတာပဲ။ သူ့ဘောင်းဘီခါးပတ်မှာ ညှပ်ထားတာ တွေ့လိုက်ပါတယ်။ သည်လောက်ထိ အကြာကြီး စောင့်မနေရပါဘူး။ ပြီး စောင့်နေတယ်ဆိုလဲ မျက်နှာရှေ့က နေကာယင်းလိပ်ကို ဘာလို့မဖယ်ပစ်ရသေးတာလဲ။ ဘာကြောင့် ဘာရည်ရွယ်ချက်နဲ့ ဆက်ကာမြဲ ကာထားရတာတုန်း။ နေရောင်ထိုးလို့ ကာထားရတယ် ဆိုရအောင်ကလဲ…နေကဖြင့် ခုမှ သူ့ကားရဲ့နောက်ဖက်က တိုက်ကြိုတိုက်ကြားမှာ မေးတင်စ ရှိသေးတယ်။ အဓိပ္ပါယ် မရှိဘူး။
ဒါဖြင့် ဘာလဲ။ ခုထက်ထိ ဘာဖြစ်လို့ ရပ်နေရတာလဲ။ ခုထက်ထိ ဘာပြုလို့ မောင်းထွက်မသွားရသေးတာလဲ။
ကြာလှပြီနော်။ ဆိုင်ထဲမှာ brad တနာရီကျော်ကြာ အချိန်ဆွဲပြီး ထိုင်စားနေတာတောင် စပွဲပေါ်မှာ ပြောင်တလင်းခါနေပြီ။ ခွက်ခွံတွေ စက္ကူအိတ်တွေလဲ အမိုက်ပုံးထဲ သွားထည့်ပစ်လိုက်ပြီးပြီ။ bradနောက် အတော်ကြီးကြာမှ ဝင်လာစားကြတဲ့လူတွေတောင် တချို့စားပြီးကြလို့ ပြန်ထွက်သွားကုန်ကြပြီ။
ဆိုင်ကတော့ အားနာစရာ မျက်နှာပူစရာ မလိုပါဘူး။ ကိုယ်လဲ ပိုက်ဆံပေးပြီး လာဝယ်စားတဲ့လူပဲ။ ကိုယ့်နေပိုင်ခွင့်လဲ ရှိတယ်။ ဆိုင်ကကျယ်တော့ နေရာလွတ်တွေလဲ ရှိသေးတယ်။ ကိုယ်လို အလုပ်ရှိပုံမရ၊ အားနေတဲ့လူတွေ…တချို့ဆိုရင် သူများဖတ်ပြီးလို့ ချန်ထားပစ်ခဲ့တဲ့ သတင်းစာတွေ ကောက်ဖတ်၊ တချို့ဆိုရင် ဝေါဟာရ ပဟေဠိcrossword စာအုပ်လိုက် ရှေ့ချပြီး တရွက်ပြီးတရွက် တကွက်ပြီးတကွက် ထိုင်ဖြည့်နေကြတာပဲ။ ဆိုင်ကလဲ သူ့ဆိုင် အမြဲလူစည်နေတယ် ဆိုပြီး သဘောတောင် ကျနေလိမ့်အုံးမယ်။
( ဇာတ်သိမ်းဆက်ရန်) ⬇⬇⬇
[ မိုးမခမဂ္ဂဇင်း ဝက်ဆိုက်မှ ကူးယူပါသည်။ မိုးမခအား ကျေးဇူးတင်ပါသည်။]
No comments:
Post a Comment