တေ-ဘုမ္မာ
📙📙📙📙
ညိုထွန်းလူ
‘‘ကျုပ်အိမ်ကို လာချင်ရင် အလွယ်လေးပါဗျာ။ ၃၅ -အေ လမ်းအ တိုင်း အရှေ့စူးစူးဆီကိုပေါ့။ အောင်ပင်လယ်ကန်ပေါင်ရိုး ရောက်ခါနီးတော့ ဆီဆိုင်တစ် ဆိုင်ကျော်လိုက်တာနဲ့ တောင်ဘက်ကို ချိုးသွားတဲ့ ကတ္တရာ လမ်းလေးထဲ ဝင်လာလိုက်ရင် လေး၊ငါး၊ ခြောက် အိမ်လောက် အကျော်မှာ ကျုပ်နေတဲ့ စံအိမ် တော်ကို ရောက်ကရောပဲ။ ရပ် ကွက်ထဲမှာ စံအိမ်တော်လို့ မေး လိုက်ရင် လူတိုင်းသိတယ်’’
ဦးစံဒွန်းက သူ့မိတ်ဆွေအ ချို့နှင့် တွေ့တိုင်း အလည်လာဖို့ ဖိတ်ခေါ်လေ့ရှိပြီး အခက်အခဲ မရှိရလေအောင် စံအိမ်တော် လမ်းပြ မြေပုံအညွှန်းကိုပါ တစ်ဆက် တည်း ပြောပြတတ်သည်။ စံအိမ်တော်ဟု ဆိုလိုက်၍ ဝင်းခြံကျယ်ကျယ်ထဲမှာ ဆောက်လုပ်ထား သည့် ဧရာမတိုက်ကြီး တစ်လုံးဟုထင်မှတ်စရာ။ လုံးဝ မဟုတ်ပါချေ။ ဆေးရောင်တွေပြယ်နေ သည့် သွပ်မိုးနံကပ်နှစ်ထပ် တိုက်အိုကလေး တစ်လုံးပါပဲ။ သည်တော့ ဦးစံဒွန်းက သူ့အိမ်ကို စံအိမ် တော်ဟု မတန်မရာ အမည်ပေးရ လောက်အောင် လူနေချုံကြား စိတ်နေဘုံဖျားလားဟု တွေးကောင်းတွေးကြမည်။
အမှန်တော့ စံအိမ်တော်ဆို သည်ကား သူ့နာမည်နှင့် သူ့ဇနီး မအိမ်တင်၏ အမည်နာမ နှစ်ခုမှ စံနှင့်အိမ်ကို လုံးကောက်ယူပြီး ဆိုင်းဘုတ်ချိတ်ထားသည့် ကုန်စုံဆိုင်လေး တစ်ဆိုင်သာ ဖြစ်ချေသည်။ တစ်ချိန်က စံအိမ်တော် ကုန်စုံဆိုင်လေးသည် ဆီ၊ ဆန်၊ ဆား၊ ငါးပိ၊ ဆပ်ပြာ၊ ဖယောင်း တိုင်၊ မီးခြစ် စသဖြင့် စားသောက်ကုန်နှင့် လူသုံးကုန် ပစ္စည်းများကို လက်လီရောင်းချခဲ့သည်မို့ ရပ်ကွက်ထဲမှာ အထူးထင်ရှားခဲ့ သည်။ လက်လုပ်လက်စား အများစုနေထိုင်ကြ၍ တစ်ရပ်ကွက်လုံး စံအိမ်တော်နှင့် မည်သူမျှ မကင်း
နိုင်ခဲ့ကြ။ သို့ရာတွင် လွန်ခဲ့သည့်၁၀ နှစ်လောက်က ဇနီးသည်မအိမ်တင် ဆုံးသွားပြီးနောက်မကြာခင် ကုန်စုံဆိုင်လေးသည် လည်း နိဋ္ဌိတံ သွားရရှာတော့ သည်။
အချိန်ကာလသည် ပုံမှန်အတိုင်း ရွေ့လျားနေသော်လည်း အပြောင်းအလဲ အဖြစ်အပျက် တွေက မြန်ဆန်သည်။ သူတို့ ရပ်ကွက်လေးသည်လည်း အပြောင်းအလဲ သဘောကို မလွန်ဆန်နိုင်။ ကျင်းတွေ၊ ချိုင့်တွေ ပြည့်နေသောမြေလမ်းသည် ကတ္တရာလမ်းဖြစ် သွားပြီ။ တဲအိမ်တွေ နေရာမှာ ဒီ ဇိုင်းပုံစံ အမျိုးမျိုးဖြင့် တိုက်တာ အဆောက်အအုံတွေ အစားထိုး ရောက်လာခဲ့သည်။ ရပ်ကွက်ထဲ နေထိုင်သူ မူလလက်ဟောင်းတွေ နေရာမှာ လူသစ်တွေ အစားထိုး ဝင်ရောက်လာကြသည်။ ရပ်ကွက်ထဲမှာ ကိုယ်မသိတဲ့ သူတွေက ခပ်များများ။ အသစ်ရောက် လာကြသူတွေကလည်း သူ့စံအိမ်တော် ဆိုတာကိုမသိ။ စိတ်လည်း မဝင်စား။ ခက်တာက ဦးစံဒွန်းသည် သူ့စံအိမ်တော်ကို ရပ်ကွက်ထဲမှာ လူသိများနေဆဲဟု ထင်မှတ်နေရှာသည်။ တစ်ခါက သူ့မိတ်ဆွေတစ်ယောက် သူ့လမ်းပြ မြေပုံအ
ညွှန်းအတိုင်း လာရင်းချာချာလည် သွားခဲ့ဖူးသည်။ မေးမြန်းရှာဖွေရင်း သူ့အိမ်နားရောက်၍ ‘‘စံအိမ်တော်တော့ မသိဘူးရှင့်။ ရှင်တို့မေးတဲ့ ဦးစံဒွန်းက နေ့တိုင်း တေဘုမ္မာ သီချင်းဆိုတဲ့ အိမ်ကလူကြီးများ ဖြစ်မလားမသိဘူး’’ဟု ပြောပြီး အိမ်နေရာကို လက်ညှိုးထိုးပြလိုက်တော့မှပဲ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားရရှာ သည်။
ဘယ့်နှယ်ဗျာ ကြံကြံဖန်ဖန် တေဘုမ္မာသီချင်းဆိုတဲ့ အိမ်ရယ်လို့။ တွေးရင်းဖြင့် စိတ်ထဲမှာ ကသိကအောက် ဖြစ်သွားသည်။သို့သော်လည်း ဘာတတ်နိုင်မည်နည်း။ သူနှင့်အတူနေသည့် မြအေးကလည်း သည်သီချင်းကိုပဲ ခဏခဏ ဆိုတတ်သည်ကော။ မြအေးဆိုသည့် အကောင်ကလည်း တစ်နေ့လာလည်း တေဘုမ္မာ၊ နောက်တစ်နေ့လာလည်း တေဘုမ္မာ။ သည်သီချင်းကလွဲ၍ တခြားသီချင်းတွေကိုလည်း ရဟန်မတူ။ ကြာတော့ အဆိုပါတေဘုမ္မာကို အိမ်နီးနားချင်းတွေ ပြောတာမလွန် သူကိုယ်တိုင် အလွတ်ရလုနီးပါးကို ဖြစ်နေပါလေ၏။ နံနက်ခင်းသည် သာသာယာယာ။ တိမ်စိုင်တိမ်လိပ်တွေ ကင်းရှင်းသော မိုးကောင်းကင်ကြီး သည် ပြာလဲ့ကြည်စင်နေလျက်။ ထိုနည်းတူစွာ ကျန်းမာရေးအ တွက် လမ်းလျှောက်ပြန်လာသည့် ဦးစံဒွန်းသည်လည်း လှသောနံနက်ခင်းကဲ့သို့ လန်းဆန်းတက်ကြွ၍နေသည်။ အသက် (၆၅) သို့ရောက်လာသည့်တိုင် သွေးတိုးရောဂါမှလွဲ၍ တခြားကြီးကြီး မားမား ရောဂါမရှိသေး။ နေ့စဉ်နံနက်ခင်း တိုင်းလမ်းလျှောက်ခြင်း ကြောင့် ခန္ဓာကိုယ်သည် ဇရာနှင့် အတူ တိတ်ဆိတ်ဝင်ရောက် လာတတ်သည့် ရောဂါမျိုးစုံတို့ကို အကာအကွယ် ပေးထားသည်။ ထို့အတူ နံနက်ခင်းနှင့်အပြိုင် သန်းသန်းနွယ်၏ အပြုံးလှလှတွေကလည်း သူ၏စိတ်အာရုံကို ပျော်ရွှင်လန်းဆန်းစေသည်။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ဘယ်ကလောက်များ ဟန်ကျလိုက်ပါသလဲ။
‘‘ပန်းထိမ်ငိုပန်းတွေကတော့ လှချက်ကွာ။ ဘုရားတင်ရအောင် သန်းသန်းနွယ်က ပေးလိုက်တာ ငါ့ကောင်ရေ’’
အိမ်ထဲသို့ ဝင်ဝင်ချင်း ပက်လက်ကုလားထိုင်ပေါ်မှာ ဆေးပေါ့လိပ်တိုခဲပြီး တွေးချင်ရာ တွေးနေသည့် မြအေးကို ပြောလိုက်သည်။ ပန်းထိမ်ငိုပန်းသည် ဘုရားစင်မှာ ညှိုးခြောက်သွားလေ့မရှိဘဲ သုံးလေးရက်မက အထားခံသည်။ ရွှေတိဂုံဘုရားပုံတော် ချိတ်ဆွဲထားသည့် ဘုရားစင်မှာ စံပယ်တွေ၊ နှင်းဆီတွေ၊ သပြေပန်းတွေ၊သစ္စာပန်းတွေ၊ ပန်းထိမ်ငိုပန်းတွေစသဖြင့် ပန်းမျိုးစုံတို့ကို ကပ်လှူဦး ခိုက် ကြည်ညိုရသည်မှာ တစ်နှစ်ကျော်ခန့်ရှိပြီ။ ဤသည်ကား သန်းသန်းနွယ်၏ ကျေးဇူးကြောင့်ပေ တည်း။ ဒီကောင်မလေးက သူ့အမေ မရွှေသစ်နှင့် မတူ။ မအေက အူအူအအ ဖြစ်သလောက် သူကတော့ သွက်လက်ချက်ချာ၏။ လူရိပ်လူကဲနပ်၏။ အောင်မယ်မင်း ငါ့လိုလူကိုများ အစ်ကိုကြီးတဲ့ ဗျာ။
ဦးစံဒွန်းမျက်နှာမှာ အလိုလိုနေရင်း ပြုံးစိစိဖြစ်သွားသည်။ တကယ်တော့ သူတို့သားအမိနှင့် ဇနီးသည် မအိမ်တင် မဆုံးခင်ကတည်းက သိကြတာဆိုတော့ ကြာပြီပေါ့။ ရပ်ကွက်ထဲမှာ အိမ်ငှားနေရင်း ကြုံရာ ကျပန်းလုပ်သည်။ အလုပ်အကိုင်ကလည်း လုပ်သလောက် တစ်ခုမျှအ ပေါက်အလမ်းမတည့်။ တစ်ပတ်ကို နှစ်ခေါက်လောက် စံအိမ်တော်သို့ ပိုက်ဆံချေးဖို့ ရောက်လာတတ်သည်။ မအိမ်တင်ကား တစ်ဖက်က ဈေးရောင်းသလို နေ့ပြန်တိုးလည်း ပေးသည်။
အပိုပြောတာမဟုတ်၊ ထိုစဉ်က သူ့ကုန်စုံဆိုင်မှာ အကြွေးတင်သူ၊ နေ့ပြန်တိုး ယူရသူစသဖြင့် တစ်ရပ်ကွက်လုံး မည်သူမျှ စံအိမ်တော်နှင့် မကင်းနိုင်။ ဦးစံဒွန်းသည် မရွှေသစ် စံအိမ်တော်သို့ ရောက်လာတတ်သည့် အတိတ်မြင်ကွင်းကိုဖျတ်ခနဲ ဖမ်းဆုပ်ကြည့်လိုက်သည်။ သူ့မျက်လုံးထဲမှာ မိခင်နောက်မှ မဝံ့မရဲ လိုက်လာသည့် ပေတီးပေ စုတ်ကလေးမလေး တစ်ယောက် ကို တွေ့လိုက်ရသည်။ အဲဒါ ယခုတော့ လှချင်တိုင်းလှနေသည့် သန်းသန်းနွယ်တဲ့လားကွယ်။
မြအေးက ဘာမှမပြောဘဲ သူ့လက်ထဲက ပန်းစည်းကိုယူပြီး မီးဖိုချောင်ထဲသို့ ဝင်သွားသည်။ မကြာခင် တေဘုမ္မာသီချင်းသံက ဧည့်ခန်းထဲသို့ လွင့်ပျံ့လာလေတော့သည်။
‘‘တေ-ဘုမ္မာ အနိစ္စာ ဒုက္ခာအနတ္တာ တရားမရလို့ များလှသံသရာ။ ကာမောဃာ ဘဝေါဃာ ဒိဋ္ဌောဃာ အဝိဇ္ဇောဃာ စိတ်မောဟာ မကင်းတာ အရင်းခံသူ တဏှာ’’
မြအေးထိုင်ခဲ့သည့် ပက်လက်ကုလားထိုင်မှာ ထိုင်ရင်းသက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။ သည်သီချင်းသံ ကြောင့် စောစောက အကြည်ဓာတ်ကလေးတွေ ပျောက်ကွယ် လုလု ဖြစ်သွား၏။ မင်းကလည်း တစ်မျိုးပါပဲကွာဟု အသံတိုးတိုး
လေး ရေရွတ်လိုက်၏။ တစ်ဖန်‘‘အေးလေ ဒီဘဝမှာ တစ်ယောက်နဲ့တစ်ယောက် ဆုံခဲ့ကြတာကလည်း ရှေးကပြုခဲ့ဖူးတဲ့ ရေစက်တွေ ကြောင့်ကိုးကွ။ အခုဘဝမှာ ဆွေမျိုးလည်း တော်စပ်ကြတာ မဟုတ်ဘဲနဲ့ ဆုံချိန်တန်တော့ ဆုံရကြုံရတာကိုး။ မင်းလည်း ရေစက်ရှိလို့ ဆုံရ။ သန်းသန်းနွယ်လေးလည်း ဒီအတိုင်းပေါ့ကွာ’’ဟု ပြောမိပြန်၏။ မီးဖိုချောင်ထဲက မြအေးက တော့ သူ့ရင်ထဲက စကားတွေကို မကြား။ သီချင်းထဲမှာပဲ ဈာန်ဝင် စားနေလျက် ရှိသည်။
‘‘မြေ-ရေ-လေ-မီး ဓာတ်ကြီးအစုပါ။ လွန်တရာ မမြတ်သော အတ္တဘောခန္ဓာ။ မုန်းဖွဲ့၍ မလွတ်ပါ။ သုံးဆယ့်နှစ်ကောဋ္ဌာ။
မိုက်မဲအဝိဇ္ဇာ စိတ်တဏှာ အနိဋ္ဌာဣဋ္ဌာရုံထင်မိမှား ကာယအပုပ်ကောင်ဟာ ဟုတ်ယောင်သာ ရုပ်ဆောင်စွာ ချုပ်နှောင်ကာ သူလှည့်စား - -အားဟာဟာ’’
* * * * *
ဘဝသည် တိုတောင်း၏။ သို့ရာတွင် အဖြစ်အပျက်တွေက များစွာ။ လွန်ခဲ့သောနှစ် အစိတ် လောက်ကဆီသို့ နောက်ကြောင်း ပြန်လျှောက်လိုက်မိသောအခါ မနေ့တစ်နေ့ကလို ပူပူနွေးနွေး ကြီးခံစားရနေပြီး သံသရာခရီးသို့ အရင်ဆုံး ထွက်ခွာသွားနှင့်သည့် မအိမ်တင်ကိုလည်း သတိရလိုက်မိသည်နှင့် သက်ပြင်းရှည်ကြီးချ လိုက်မိသည်။ အဲသည်တုန်းက မြို့ဆင်ခြေဖုံး ရပ်ကွက်ဖြစ်သည့် သည်နေရာလေးက နေချင်စရာ မရှိ။ လမ်းကမကောင်း၊ လျှပ်စစ်မီးဆိုတာ ဝေလာဝေး။ မြို့မြေကွက်အသစ်တွေ ချပေးထားသော် လည်းနေချင်သူ မရှိ။ မြေပိုင်၊ အိမ်ပိုင်ဖြင့် နေထိုင်ကြသူတွေက ခပ်နည်းနည်း။ တွေ့သည့် မြေကွက်မှာ တဲထိုးနေကြသည့် ကျူးတွေက များသည်။ ဆိုက်ကားနင်းသူ၊ ပန်းရန်လုပ်သူ၊လက်သမားနှင့် ပလတ်စတစ်ကောက်သူ၊ ခေါင်းရွက်ဈေးသည်၊ အောက်ခြေလူတန်းစားတို့ ဘဝမျိုးစုံ နေထိုင်ကြသည့်နေရာ။ မြေဈေးနှုန်းက လည်း ဝယ်သူမရှိ၍ ကြိုက်သည့်နေရာမှာ ခေါင်းခေါက်ဝယ်နိုင် သည့် အခြေအနေ။ သည်လိုဖြင့်ရွာကပါလာသည့် ရွှေထုပ်လေးကိုထုခွဲကာ ၆၀ x ၄၀ မြေတစ်ကွက်ဝယ်ပြီး သုံးပင်၊ နှစ်ခန်း အိမ်ကလေးတစ်လုံး ဆောက်လိုက်သည်။ မအိမ်တင်က စီးပွားရေးအမြင် ရှိသည်။ အိမ်ဆောက်ပြီးတော့ ကုန်စုံဆိုင်လေး တစ်ဆိုင်တည်လိုက်သည်။ သည်လိုဖြင့် မနက်လင်းတာနှင့် လင်မယားနှစ်ယောက် ဈေးချိုသို့ စက်ဘီးနှင့်သွားကြ။ ဈေးချိုမှာ ဆိုင်အတွက် လိုအပ်သည့် ပစ္စည်းတွေကို ဝယ်ယူပြီး သူကနိုင်သလောက်တင်ကာ ပြန်နှင့်သည်။ မအိမ်တင်ကတော့ အမှတ်(၁၁)လိုင်းကားနှင့် နောက်မှ လိုက်လာခဲ့သည်။ သူတို့အိမ်နှင့် ဈေးချိုသည် သုံးမိုင်လောက်ဝေးသည်။ နေပူပူ၊ မိုးရွာရွာ ဈေးချိုပိတ်သည့် ဥပုသ်နေ့မှလွဲပြီး တစ်နေ့တစ်ခေါက်စက်ဘီးနှင့် သွားရစမြဲ။ ခရီးဝေးပေမယ့် တောမှာနေထိုင်ခဲ့ရသူဖြစ်၍ စက်
ဘီးနင်းရတာများ ပင်ပန်းသည်ဟု မထင်မိပေ။
လင်မယား နှစ်ယောက်စလုံး တက်ညီလက်ညီ ရှိသည်။ ယနေ့ဝင်ငွေသည် မနက်ဖြန်အတွက် အရင်းဆိုသည့်အတိုင်း သူတို့ကုန်စုံဆိုင်လေးသည် တစ်နေ့ထက် တစ်နေ့ ထည်ထည်ဝါဝါ ရှိလာခဲ့သည်။ သည်ရပ်ကွက်မှာ နေထိုင်ကြသူတွေက လက်လုပ်လက်စားအများဆုံး။ မနက်လင်းသည်နှင့် မြို့ထဲသို့အလုပ်သွားကြပြီးညနေစောင်းအချိန်မှ ပြန်ရောက်လာ ကြ။ အဲသည်အချိန်မှာ သူတို့စံအိမ်တော် ကုန်စုံဆိုင်လေးမှာ ဈေးဝယ်သူတွေဖြင့် စည်ကားနေလျက်။ဆိုင်ကို ရောက်လာသူတွေက လည်း အကြောင်းကိုယ်စီဖြင့်။ အချို့က နေ့ပြန်တိုးပေးဖို့၊ အချို့ကတော့ အဟောင်းပေး အသစ်ယူဖို့။ ဘက်ထရီမီးေ ရာင်အောက်မှာ သူ့ဇော၊ သူ့အမောဖြင့် အလုပ်ရှုပ်နေ သည့် မအိမ်တင်ကို ငေးကြည့်နေမိ သည်။ သည်ဇော သည်အမော တွေကပဲ တစ်နှစ်ပြီး တစ်နှစ်ကြီး ပွား တိုးတက်လာစေခဲ့သည်။ ကံ၊ဉာဏ်၊ဝီရိယ ပေါင်းဆုံလိုက်မိ၍ ဆယ်နှစ်ကျော်အကြာမှာ နံကပ်တိုက်တစ်လုံး ဆောက်နိုင်ပြီး ကပ်လျက်မြေကွက်ကိုလည်း ဝယ်နိုင်သေးသည်။ သူတို့လင်မယားက ကြီးပွားချမ်းသာလာသော်လည်း ဇွဲဝီရိယကိုတော့ မလျှော့။ အရွယ်ကလည်း စိတ်သွားတိုင်း ကိုယ်ပါသည့် အရွယ်ပေကိုး။ အဲသည်တုန်းကတော့ ကိုစံဒွန်းပေါ့။ မအိမ်တင်က ကုန်စုံဆိုင်ထဲမှာပဲ နစ်မြုပ်နေချိန်သူက ဝယ်ထားသည့် မြေကွက်ပေါ်မှာ ဗီဒီယိုရုံထောင်သည်။ နာမည်ကိုတော့ အထူးပေးစရာမလို၊ စံအိမ်တော်ဟုဆိုလိုက်လျှင် အားလုံးသိကြပြီး သား။ ညအချိန်ရောက်သည်နှင့် လျှပ်စစ်မီး မရသေးသည့် သည်ရပ်ကွက်ကလေးထဲမှာ စံအိမ်တော်ကုန်စုံဆိုင်နှင့် ဗီဒီယိုရုံဆီက ထိန်
ထိန်လင်းနေသည့် လျှပ်စစ်မီးရောင်သည် ကမ္ဘာဦးလူသားတို့ နေနှင့် လကို တောင့်တချိန်မှာ ပေါ်ထွက်လာသမျိုးနှယ်။ ကုန်စုံဆိုင်မှာ ဈေးဝယ်လာသူ ဗီဒီယိုလာ ကြည့်သူ အချို့ကတော့ ဘာရယ်မဟုတ် အိမ်မှာ ဖယောင်းတိုင်ဖိုး လည်း အကုန်မခံချင် ညအိပ်ရာဝင်ချိန်လည်း စောသေး၍ လျှပ်စစ်မီးရောင်အောက်မှာ အပန်းဖြေလာကြသူ စသဖြင့် စံအိမ်တော်၏ ညဥ့်ဦးယံမြင်ကွင်းသည် အသက်ဝင်လှုပ်ရှားနေသည်။ အားချိန်နားချိန်ဟူ၍ မရှိ အလုပ်ထဲနစ်မြုပ်နေသည့် သူတို့လင်မယား ကို သားသမီးမရှိဘဲနဲ့ ဘာဖြစ်လို့ အလုပ်တွေ တွန်းလုပ်နေရတာ တုံးဟု မေးသူက မေးသည်။ မှန်ပါသည်။ မေးမည်ဆိုလည်း မေးစရာ။ အိမ်ထောင်သက် ၁၀ နှစ်ကျော်လာသည့်တိုင် သူတို့မှာ ရင်သွေးရတနာ မရှိ။ မအိမ်တင်ကတော့ သည်အရေးကို တွေးလို့တောင် မပူပါ။ သားသမီးဆိုတာ ရတနာတစ်မျိုးပါပဲတော်။ ကိုယ်ကဘယ်လောက်ပဲ လိုချင်နေပေမယ့် ကံထိုက်မှရတာကော ကိုစံဒွန်းရယ်ဟု ဆိုလိုက်တော့ ဘာပြောရမှန်းတောင် မသိတော့ပေ။ သည်မှာပင် ကလေးတွေ တစ်ပြုံတစ်ထွေးကြီးနှင့် မြအေးတို့ လင်မယားကိုပြေး၍ မြင်ယောင်လိုက်သည်။ မြအေးက ပန်းရန်ဆရာ။ သူ့မိန်းမ ငြိမ်းတင်ကတော့ ယောက်ျားနှင့်အတူလိုက်ပြီး ဆောက်လုပ်ရေး လုပ်ငန်းထဲမှာ အလုပ်ကြမ်းလုပ်ရသူ။ မနက်မိုးလင်းသည်နှင့် သူတို့လင်မယား အလုပ်သွားကြပြီ။ ကလေးတွေကိုတော့ အိမ်မှာသည်အတိုင်း ထားခဲ့၏။ကိုစံဒွန်းက တစ်ခါတလေ သားသမီးကို တောင့်တသလောက် မြအေးတို့မှာတော့ မတောင့်တဘဲ ပုစု ခရု ငါးယောက်ကြီးများတောင် ရှိနေပြီ။ ဖအေနှင့် မအေက မှောင်ရီပျိုးစ အချိန်ရောက်မှ အိမ်ကိုပြန်ရောက်ရသည်မို့ သည်ကလေး တွေ အအုပ်အထိန်းမရှိ ဘယ်လိုများနေကြတာပါလိမ့်ဟု တွေးလိုက်သည်။
အမှန်တော့ ကလေးတွေ ပစ်ပြီး အလုပ်သွားကြရတာက မြအေးတို့ လင်မယားသာမဟုတ် ကျူးတဲမှာ နေကြသူတွေအားလုံး ထိုနည်းနှင်နှင်ချည်း ဖြစ်သည်။ သို့ရာတွင် သိပ်ပြီးစိတ်ပူပန်စရာ မရှိ။ အလုပ်မသွားသည့် သူတစ်ယောက်က ကလေးတွေကို ကြည့်ရှုပေးထားသည်။ သူ့ကလေး၊ကိုယ့်ကလေး မခွဲခြားဘဲ ကြည့်ရှုပေးသည်ဆိုတာကလည်း စကားအဖြစ် ပြောလိုက်ရခြင်းသာ။ ကျူးတဲရပ်ဝန်းဒေသမှာ နေထိုင်ကြသည့် ကလေးတွေကလည်း များသမို့ဘယ့်နှယ်လုပ် ဂရုစိုက်ပေးနိုင်မှာ တဲ့တုန်း။ လူကြီးတစ်ယောက် ရှိနေသည်ဆိုသည့် အသိနှင့် ဟန့်လိုက်သည့်သဘောဟု ဆိုရမည်။သို့ဖြင့် ကလေးတွေလည်း လွတ်လပ်စွာ ခုန်ပေါက်ကစားကြရင်း ကြီးပြင်းလာကြသည်။ ကျောင်းနေဖို့ဆိုတာ ဝေလာဝေး။ငြိမ်းတင်ကား မအိမ်တင်ရဲ့ လက်စွဲတော်။ အဝတ်လျှော်၊ ထမင်းချက်နှင့် အိမ်သန့်ရှင်းရေးပါ မကျန် အောက်ခြေသိမ်းအထိ ကျေနပ်လောက်အောင် လုပ်ပေးနိုင်သည်။ သူတို့ပန်းရန်အလုပ်က နေ့တိုင်းမရှိတာကြောင့် စံအိမ်တော်မှာ ဝင်ကူရင်း မနက်လာ ညမှောင်ချိန်ပြန်သည့် အိမ်ဖော်လိုလို ဖြစ်သွားလေတော့သည်။ ဒါက နှစ်ဦးနှစ်ဖက်စလုံး အဆင်ပြေ သည်။ ထောင့်စေ့အောင် တစ်နေကုန် ပင်ပင်ပန်းပန်း အလုပ်လုပ်နေသည့် ငြိမ်းတင်ကိုကြည့် ရင်း သူ့ယောက်ျား မြအေးကို ဒေါ
ပွသွားသည်။ လူက ပိန်ပိန်၊ ခါးရိုးရှည်ကြီးနဲ့ သောက်ပျင်းကြီးမယ့် အလကားကောင်။ ပန်းရန်ဆရာ လည်းဖြစ်၊ စားသောက်ဆိုင်မှာ အကြော်ဆရာ လက်ထောက် လည်း လုပ်ခဲ့ဖူး၍ အလုပ်တကယ်လုပ်ခဲ့လျှင် လူမွေးလူတောင် ပြောင်နိုင်သည်။ ခါးချိုးမလုပ်ချင် တာက ခက်သည်။ ဖက်ကြမ်းဆေး ပေါ့လိပ်ခဲထားပြီး မထုံတက်သေး အမူအရာကား မြအေး၏ ကိုယ် ပိုင်ဟန်လား မပြောတတ်။ အံမယ်..ဒီကောင်က အလုပ်သာ ဟုတ်တိ ပတ်တိမလုပ်ချင်တာ ဗီဒီယို တော့ အလွန်ကြိုက်သည်။ ကိုစံဒွန်း ဗီဒီယိုစပြတုန်းက ရုံဝင်ခလူကြီး တစ်ယောက် ၁၅ ကျပ်၊ ကလေး ၅ ကျပ်ယူသည်။ ထိုအချိန်ကငွေ ၁၅ ကျပ်ဆိုတာ ဆင်းရဲသား တွေအတွက် နည်းတဲ့ငွေမဟုတ်။ ဒါကိုပင် ကိုယ်တော်ချောက ညတိုင်းလိုလိုကြည့်သည်။ ဒွေးလည်း ကြိုက်သတဲ့။ လူမင်း၊ လွင်မိုးနဲ့ မင်းမော်ကွန်းတို့ကိုလည်း သဘောကျသတဲ့။ မင်းသမီးတွေဆို ထက်ထက်မိုးဦး၊ နန္ဒာလှိုင်၊ အိန္ဒြာကျော်ဇင်တို့ကို အကြိုက် ဆုံးတဲ့။ အဲဒါကြောင့် သူကြိုက် သည့် မင်းသား၊ မင်းသမီးပါ သည့် ဇာတ်ကားတွေ မှန်သမျှ မလွတ်တန်း ကြည့်ဖြစ်သတဲ့။ လူပျို၊ လူလွတ်လည်း မဟုတ်၊ ညစဉ် ငွေအကုန်ခံပြီး ဗီဒီယိုစွဲနေ သည့် မြအေးကို နားမလည်နိုင် တော့ပေ။ဘယ်လိုကောင်ပါလိမ့် ဟူ၍လည်း တွေးသည်။ မည်သို့ပင်ဖြစ်စေ ငြိမ်းတင်က နေ့စဉ်အလုပ်တွေ တကုန်းကုန်းလုပ်နေ လျက်၊ မြအေးကလည်း ညစဉ်ညတိုင်း ဗီဒီယိုအကြည့်မပျက်။ ‘‘ဆရာကြီးရယ် ကိုမြအေးက တချို့ယောက်ျားတွေလို အသောက်အစားလည်း မရှိ၊ မိန်းမလည်း မရှုပ်၊ လောင်းကစားဆို ချဲတောင်ထိုးတဲ့ သူမဟုတ်လို့ ဗီဒီယိုလေးကြည့်တာတော့ ကြည့်ပါစေတော်’’ဟု ငြိမ်းတင်က ပြောလိုက်၍ မြအေးအသုံးမကျသည့် အကြောင်း ပြောမည့်စကားတွေ နောက်ပြန်ဆုတ်လိုက်ရသည်။ သူတို့လင်မယား အချင်းချင်း နားလည်မှုရှိထားမှတော့ ကိုယ်က ဘာပြောစရာ လိုတော့မှာလဲ။
အရာရာတိုင်းသည် ကန့်သတ်ချက် ရှိသည်။ ဗီဒီယိုအခွေဈေးနှုန်းတွေက တက်လာတော့ ရုံဝင်ခတွေလည်း ဈေးတက်လာ ခဲ့သည်။ ရုံဝင်ခ လူတစ်ယောက် ၅၀ ယူလိုက်တော့ မြအေးတစ် ယောက် သူ့ဗီဒီယိုရုံအနားသို့ မကပ်နိုင်ရှာတော့။ တစ်လကိုးသီတင်း ပျောက်ချက်သား ကောင်းနေ၍ သူ့ခမျာ ကြည့်ချင်ရှာမှာပဲဟု တွေးရင်းစိတ်မကောင်း ဖြစ်သွားသည်။ ကိုယ်စောင့်နတ်က နှိုးဆော်လေသည်လား မပြောတတ်။ တစ်ရက်တော့ မြအေးသူ့ဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာလေ ၏။
-----------------
( ဇာတ်သိမ်းဆက်ရန်) ⬇⬇⬇
On Fri, 2018-10-12 20:02Issue No.No.1951 Saturday, October 13, 2018
{ 7Day News မှ ကူးယူပါသည်။ 7Day News အား ကျေးဇူးတင်ပါသည်။ }
No comments:
Post a Comment