ကြောင်ခံတွင်းပျက်နှင့် ဆက်ရက်တောင်ပံကျိုး
🌀🌀🌀🌀🌀🌀🌀🌀🌀🌀🌀🌀🌀
( ဇာတ်သိမ်းပိုင်း)
မောင်သာရ
သိတယ်နော်…။ တော်နေကြာ နေကလေးမြင့်လာရင် အပြင်ဘက်မှာက ပူတော့မယ်လေ…။ သစ်ပင်ရိပ်ကလဲ ရှားမှရှား။ ဆိုင်ထဲမှာကတော့ လေအေးစက်ဖွင့်ရက် မဟုတ်လား။ ပြီး အချိုရည်ဆိုင်တွေကလဲ ရေအသေသောက် အပေါ့အပါးသွားဖို့ restroomတွေကလဲ သန့်သန့်ရှင်းရှင်း ကျယ်ကျယ်ဝန်းဝန်း။ သည်တော့ ဘာပူစရာ လိုသလဲ။ မkayရဲ့ကားနဲ့ပြိုင်ပြီး နေရာကမရွှေ့တမ်း brad ကျောကလေးဆန့် ထိုင်ကြည့်နေလိုက်တယ်။
ဒါပေမယ့် bradရဲ့ခေါင်းထဲမှာကတော့ မေးခွန်းတွေ မေးခွန်းတွေ တခုပြီးတခု ဆင့် ဆင့်ပေါ်လာတယ်။ သူ ဘယ်သူလဲ။ သူ ဘာလုပ်နေတာလဲ။ သူ ဘာဖြစ်လို့ သည်နေရာမှာ အကြာကြီး ရပ်နေရတာလဲ။ သူ ဘာပြုလို့ အိမ်မပြန်တာလဲ။ သူ့အသက်အရွယ်က သုံးဆယ်ဝန်းကျင်လောက်တော့ ရှိပြီဆိုတော့…သူ့မှာ လင်ယောက်ျား (သို့မဟုတ်) ယောက်ျားဖေါ်ကော မရှိဘူးလား။ မိဘ သားသမီး စသည်…မိသားစုကော…မရှိဘူးလား။ အတူမနေကြဘူးလား။ သူ ဘာအလုပ် လုပ်သလဲ။ ဘယ်မှာ ဘယ်အချိန် လုပ်သလဲ။ သည်နေ့ကော သူ အလုပ်မသွားဘူးလား။ သူလဲ ကိုယ့်လိုပဲ အလုပ်မရှိဘူးလား။ သူ ဘာလုပ်ကိုင်စားသောက်ပြီး၊ သူ့ဘဝကို သူ ဘယ်လိုရပ်တည်နေသလဲ။ ခုလို အလဟသ အချိန်ကုန်ခံ နေနိုင်ရအောင် သူ ဘယ်က ဘာဝင်ငွေတွေများ ရနေလို့ ရထားလို့လဲ။ သူ ဘယ်တော့မှ အိမ်ပြန်မှာလဲ။ သူ့အိမ်ကကော ဘယ်မှာလဲ။ သူ သည်လိုပဲ နေကုန်အောင် နေနေတော့မှာလား။ သူ မစားမသောက်တော့ဘူးလား။ သူ မအိပ်တော့ဘူးလား။ သူ ရေချိုးသန့်စင် အလှပြင် အဝတ်လဲ စသည်ကော မလုပ်တော့ဘူးလား။ ယုတ်စွအဆုံး ခန္ဓာကိုယ်ရဲ့ဓမ္မတာ ဆီးဝမ်းစသည်ကော မစွန့်တော့ဘူးလား။ …လား…လား…လား…။
ကင်းခြေများလောက် မေးခွန်းတွေသာ မရေမတွက်နိုင် ဖြစ်လာပြီး၊ အဖြေကတော့ တခုမှ ထွက်မလာပါဘူး။ bradလဲ ဗိုက်ပြည့်လာလို့ အိပ်ငိုက်ချင်လာတာနဲ့ လက်လျှော့လိုက်ချင်စိတ် ပေါက်လာပါတယ်။ သည်လောက် ရုပ်ရည်ကလေး သနားကမား လှကြွင်းလှကျန်ကလေးတွေ ရှိနေပါသေးရက်ကယ်နဲ့…သည်လောက် အတွေးရခက် ပဟေဠိဆန်လှတဲ့ မိန်းမ…မပတ်သက် စိတ်ဝင်စားတာပဲ ကောင်းပါတယ်လေ…လို့ လက်လျှော့ လက်နက်ချပြီး အိမ်မှာပဲ ပြန်နားဖို့ brad ထိုင်နေရာက ထလိုက်တယ်။ ပြီး restroom ခဏဝင်မယ်။ ကိုယ်အလေးချိန် လျှော့မယ်။ ပြီးရင် နောက်ဆုံး နှုတ်ဆက်တဲ့အနေနဲ့ ဝင်လာခဲ့တဲ့လမ်းအတိုင်း မkayရဲ့ကားဘေးကပဲဖြတ်ပြီး ဘတ်စ်ကားမှတ်တိုင်ရှိရာ ပြန်မယ်ပေါ့။
သိတယ်နော်…။ မိန်းမများ တရားဝင်မယူရ မချစ်ရမပေါင်းရသေးဘူး။ မျက်စိကျတယ်၊ စိတ်ဝင်စားတယ်ဆိုတဲ့ ပထမဆုံးအဆင့်လောက် ရောက်ရုံရှိသေးတယ်။ ဦးဏှောက်တွေ ခြောက်ခမ်းပြီး ခေါင်းပါ အဆံချောင်ကုန်အောင် လုပ်ပစ်လိုက်တတ်တာလေ…။ အို!ဘုရားသခင်…ကြောက်လှပါပြီ…ကယ်တော်မူပါ။
တော်ပြီ။ ရပ်တန်းက ရပ်။ brad ထိုင်ရာက ထလိုက်တယ်။
ရော်…သူနဲ့ မkayနဲ့က ဓာတ်ချင်း စိတ်ချင်းများ ဆက်နေလေရော့သလား မသိ။ လောကကြီးမှာ တယောက်နဲပတယောက် မမြင်ရ အသံမကြားရပဲနဲ့ စိတ်စိတ်ချင်း ဆက်သွယ်နားလည်နိုင်တယ် သိနိုင်တယ်ဆိုတဲ့ telepathy ရှိတယ်ဆိုတာကို brad လက်ခံယုံကြည်ရတော့မယ် ထင်ရဲ့။ ကြည့်နော်…၊ တိုက်ဆိုင်လိုက်ပုံက အံ့သြစရာကောင်းပါဘိ။ ဆိုင်ထဲမှာ bradလဲ လက်လျှော့ပြီး ပြန်မယ်လို့ ထိုင်ရာက ထလိုက်ရော…။ တပြိုင်တည်းမှာပဲ လှမ်းတိုင်ညှိနှိုင်းထားတဲ့အတိုင်း မkayကလဲ သူ့ကားထဲကနေ တံခါးဖွင့်ပြီး ရုတ်တရက် ထွက်လာပါလေရော။ ကဲ…သည့်ထက်ထူးထူးခြားခြား တိုက်ဆိုင်တာ ဘာရှိအုံးမှာလဲ။ ဒါပေမယ့် bradမှာ ပြဿနာက ပြန်ထိုင်လို့ကလဲ ကြည့်မကောင်း။ မသင့်တော်။ သည်တော့ ချော်လဲရောထိုင် ဆိုသလို…မူလက ကြံစည်ထားတဲ့အတိုင်းပဲ restroomsတွေရှိရာ အိမ်သာဘက် ဆက်ခြေဦးတည်လိုက်ပေတော့ပေါ့။
ဟောဗျ…ဖြစ်ချင်တော့ မkayကလဲ ဆိုင်ထဲ ခပ်တည်တည်ပြန်ဝင်လာပြီး restroomsတွေရှိရာ ရောက်လာပြန်တာပါပဲ။ တမင်္ဂလာကို မျက်နှာချင်းဆိုင် မတွေ့ဖြစ်တွေ့ဖြစ် မြှားနတ်မောင်က ကြံဆောင်ဖန်တီးလိုက်တာနဲ့ တူမနေပေဘူးလား။ မိန်းမနဲ့ယောက်ျား နံရံသာခြားပြီး ဝင်ပေါက်ချင်း ခွဲထားပေမယ့်၊ အိမ်သာတွေကို လာရာလမ်းကတော့ သည်တလျှောက်တည်းပဲလေ…။ ဘယ် ရှောင်တိမ်းလို့ လွတ်တော့မှာတုန်း။
သည်တခါတော့ အလွတ်မခံ နှုတ်ဆက်တဲ့အနေနဲ့ bradက စ ယဉ်ကျေးစွာ ပြုံးပြလိုက်ပါတယ်။ မkayကိုပဲ သူ့ရှေ့ကနေ အရင်လျှောက်ဖို့ ဦးစားပေးတဲ့အနေနဲ့ bradက သူ့ပုံမှန်ခြေလှမ်းတွေကို စိပ်လိုက်ပါတယ်။ မkayကလဲ…မြင်ဖူးပါတယ် မှတ်မိပါတယ် ဆိုတဲ့ အသိအမှတ်ပြု အကြည့်မျိုးနဲ့…မkayရဲ့ ဝသီအတိုင်း မျက်ခုံးကလေး တဝက်ပင့် ပြန်ဝင့်ကြည့်လိုက်ပါတယ်။ ပြီး နှုတ်ကလဲ ညင်ညင်သာသာ thanks ပါ…တဲ့။
ဟုတ်လိုက်သမှ ဟုတ်လိုက်လေကွယ်…။ brad အကဲခတ်မမှား နိမိတ်ဖတ်မမှားခဲ့ပါဘူး။ သမုဒ္ဒရာထဲက islanderကျွန်းတကျွန်းသူ ဖြစ်ရမယ်လို့ သူတွက်ခဲ့တယ်မဟုတ်လား။ ခု ကြည့်လေ…။ thinksတဲ့။ မပီဘူး။ နည်းနည်းဝဲတယ်။
အဲ…ပြန်ထွက်အလာမှာကျတော့ မေးခွန်းတွေတထမ်းကြီးနဲ့ မေးလိုက်မဟဲ့လို့ ပြင်နေတဲ့bradက တခွန်းမှ မမေးရသေးဘူး။ မkayရဲ့ ကိုယ်ရေးကိုယ်တာမို့ မေးသင့်မမေးသင့် ချင့်ချိန်နေတုန်းရှိသေးတယ်။ ကဗျာကသီ အမှီလိုက်ထွက်လာတဲ့ မkayက တကတဲ အာသွက်လျှာသွက်နဲ့ ကောက်ကာငင်ကာ စ မေးချလိုက်လေရဲ့…။
‘စောစောက တွေ့တာဟုတ်…အဲသည်ကတည်းက ရှင်ဆိုင်ထဲဝင်သွားတာ…ခုမှ စားပြီးတယ်ဟုတ်…’
Brad ကြောင်အအနဲ့ ဘာဖြေရမလဲ။ ခေါင်းပဲ ညိတ်ပြလိုက်ဖြစ်တယ်။ ပြီးတော့မှ ထုံးတမ်းစဉ်လာမအတိုင်း နှုတ်ဆက်တဲ့အနေနဲ့ လက်ကို ခပ်လျော့လျော့ ကမ်းပေးရင်း…
‘ကျွန်တော် bradပါ’…
‘ကျမ kayပါ…nice to meet you’…
သဘောလောက် ခပ်ဖွဖွ လက်ဆွဲနှုတ်ဆက်လိုက်ကြတယ်။…
လက်ဆွဲနှုတ်ဆက်ခွင့် ရပြီဆိုတော့မှ bradလဲ ရဲစပြုလာတယ်။ ပြောရဲလာတယ် ဆိုပါတော့။
‘ခွင့်ပြုပါ…ကျွန်တော်သိချင်နေတာကလေးတွေ တခွန်းနှစ်ခွန်း မေးပါရစေ’
မkayက နှုတ်မ်းစေ့ထားရက်နဲ့…‘အင်းဟင်’…လို့ အသံထွက် ခေါင်းဆတ်ခွင့်ပြုတယ်။ ပြီးတော့ မေးလာမယ့်မေးခွန်းမျိုးကို ကြိုသိနေရက်နဲ့ မသိဟန်ဆောင်ထားပြီး၊ လည်တိုင်ကြော့ကလေးကို ငဲ့မော့်နားစွင့်တယ်။ မkayလဲ ငယ်တော့တာမှ မဟုတ်ပဲ။ အူ ဘယ်နှစ်ခွေ မော့်ဝမ်းထဲမှာ ရှိတာလဲဆိုတာ သိတာပေါ့။ သည်စကားမျိုးနဲ့ စလာရင် ဘယ်စကားမျိုးနဲ့ ဆုံးတတ်တယ်ဆိုတဲ့ ယောက်ျားတွေရဲ့သဘောကို နောကျေနေပါပြီ။ ဒါပေမယ့် မိန်းမတို့ဓမ္မတာ နားဝင်ချိုမယ့်စကားတွေ ဆိုတော့လဲ…အရသာခံ ကြားချင်ပါသေးတယ်ဆိုတဲ့…သဘော။ မျက်နှာပေါ်က မပြုံးတုံ့ပြုံးတုံ့အပြုံး မပီမပြင်ကလေးနဲ့ ညှို့ငင်တဲ့အကြည့်ကလဲ လှရက်ပါပဲ။ တချိန်တည်းမှာ ခြေထောက်တွေကလဲ အလှမ်းမပျက် လျှောက်ရက်ပဲနော်…။ ဆိုင့်အပြင်ဘက် ပြန်ထွက်မယ့်ပုံရယ်။
Bradလဲ အပြင်ထွက်မယ့်လူဆိုတော့ ပျော်သွားပါတယ်။ အထွက်တံခါးရွက်ကို တွန်းဖွင့်ကိုင်ပေးထားပြီးမှ မkayနောက်က သူလိုက်ထွက်တယ်။ အပြင်ရောက်တော့မှ မkayရဲ့ကားရှေ့မှာ ခဏရပ်ပြီး သူ့စကား ပြန်ဆက်တယ်။ ဒါပေမယ့် အိုးမလုံအုံပွင့် ဆိုတာမျိုးများ ဖြစ်နေမလားလို့ စ မပြောခင် တချက် ပြုံးလိုက်မိသေးတယ်။ မkayကတော့ လုံးဝ ကြိုတင်မရိပ်မိဟန်နဲ့ပဲ စောင့်နားထောင်နေတယ်။
‘စောစောက ဟောသည်နားမှာ kayကို မြင်လိုက်မြင်လိုက်ရချင်းမှာပေါ့နော်…ကျွန်တော့ခေါင်းထဲ အသိသစ်တခု ရလာတယ်…အော် တချို့မိန်းမတွေဟာ မျက်နှာမှာ ဘာမိတ်ကပ်မှ မချယ်သမပြင်ဆင်ပဲလဲ ရက်ရက်စက်စက် လှတတ်ကြပါကလား လို့…’
သူ့စကားက မပြတ်သေးဘူး။ မkayက ကြည်နူးရွှင်ပျ ခါးကလေးညွတ်ပြီး ဖြတ်အော်တယ်။
‘bingo! … thanks thanks gracias … စကားတတ်တယ်နော်…ရှင်ဟာ အလွန်ချိုမြတဲ့လူပဲ’…
မကေရဲ့ကျေးဇူးစကားကြောင့် bradတောင် မျက်နှာမထားတတ်ဖြစ်လာတယ်။ ရုတ်တရက်လဲ စကား ရပ်သွားတာပေါ့။
‘sorry အနှောင့်အရှက် ဖြစ်သွားတယ်ထင်ပါရဲ့…go on မေးမယ့်စကားသာ ဆက်မေးပါ’…
‘အစ ပထမတော့ kayက လှတာနဲ့ ယောက်ျားတွေရဲ့အကျင့်အတိုင်း ကြည့်မိရုံ ကြည့်မိတာပေါ့နော်…နောက်ပိုင်းကျတော့မှ kayပြုမူနေပုံတွေက ပဟေဠိဆန်လာပြီး စိတ်ဝင်စားစရာကောင်းလာတာနဲ့ ထမပြန်ဖြစ် ဖြစ်ကရော… သြ ဆိုင်ထဲကနေ kayကို ခိုးကြည့်နေမိတဲ့အတွက်တော့ ခွင့်လွှတ်ပါလို့ တောင်းပန်ပါတယ်’
‘တောင်းပန်ဖို့ မလိုပါဘူး…ကျမဖြင့် သတိတောင် မထားမိပါဘူး…ကျမ အရမ်းအိပ်ချင်တာနဲ့ ကားထဲမှာအိပ်ပျော်သွားတယ်…မသိလို့ ပြန်မေးမယ်နော်…စောစောက ရှင်ပြောလိုက်တဲ့အထဲမှာ ကျမက ပဟေဠိ ဝှက်တယ်ဆို…အဲဒါဘာလဲ…ရှင် ဘာကို ဆိုလိုတာလဲ…’
‘kay ညက ကောင်းကောင်း မအိပ်ခဲ့ရလို့လား…’
‘ရှင်ကချည့် မေးနေတာကို…ကျမ ပြန်မေးတာကိုတော့ ရှင်မဖြေသေးဘူးနော်…’
‘ဘာပါလိမ့် kayမေးတာ…’
‘ကျမက ပဟေဠိဝှက်တယ်ဆိုတာလေ…’
‘အော်…kayက ပဟေဠိဆန်တယ်လို့ပြောတာပါ…ကျွန်တော်က kay ပြုမူနေပုံတွေကို မြင်ရပြီး အဖြေရှာမရတာလေ…kay ဘာပြုလို့ ကိုယ့်ကားပေါ်ကိုယ်ပြန်ရောက်ပြီးမှ အိမ် မပြန်တာလဲ…လို့’…
‘ရှင် ကျမကို ခုမှ သိလို့ နေမှာပါ…သည်ဆိုင်က အလုပ်သမားတွေအားလုံးကတော့ သိကြပါတယ်…ကျမမှာ ပြန်စရာ အိမ်မှမရှိပဲ…သည်ကားက ကျမရဲ့အိမ်ပဲ…ကျမ သည်ဆိုင်မှာ အလုပ်လုပ်တယ်…ည၁၂နာရီမှာ အလုပ်ဝင်တယ်…မနက်၉နာရီ ပြီးတယ်…ကားထဲမှာ ပြန်အိပ်တယ်…အဲဒါက ရှင့်ကို စိတ်ဝင်စားစေတာလား…’
‘sorryနော်…kayရဲ့ ကိုယ်ရေးကိုယ်တာတွေကို မေးမိသလို ဖြစ်သွားလို့…’
‘ရပါတယ်…ကျမမှာ လျှို့ဝှက်စရာ မရှိပါဘူး’
စကားဆက်စရာ မရှိတော့ ရပ်သွားကြတယ်။ မkayကလဲ လမ်းခွဲဖို့ ဟန်ပြင်လိုက်တယ်။
‘ဒါပဲလား…ရှင့်ပဟေဠိက…ဒါန့ ရှင့်ကားရော…ဘယ်မှာ ရပ်ထားလဲ…’
ပြီးပါပြီ။ ယဉ်ကျေးတဲ့လူတွေအနေနဲပကတော့ မkayရဲ့စကားက သွယ်ဝိုက်တဲ့နည်းနဲ့ နှုတ်ဆက်လိုက်တာပေါ့။ ကိုယ့်ကားရှိရာကိုယ်သွား၊ ပြန်တော့ဆိုတဲ့အဓိပ္ပာယ်။ bradလဲ သဘောပေါက်ပါတယ်။ ခုမှ တကြိမ်တခါပဲ မြင်ဖူးတွေ့ဖူးကြတဲ့လူချင်း တယောက်အကြောင်းတယောက် သည့်ထက် ပို့သိချင်လို့ မကောင်းတတ်သေးဘူးပေါ့နော်။ သည့်ထက်သည် ပိုသိချင်ရင်တော့ ရှေ့ ခရီးဆက်ရုံသာ ရှိတော့မပေါ့။
ဒါပေမယ့် မkay ကောက်ချက်ချလိုက်တဲ့အတိုင်း brad စကားကောင်းကြောင်း ပြောတတ်ပါတယ်။ bradရဲ့ဘက်ကလဲ ရိုးရိုးသားသား ပြန်ဖွင့်ပြောဖို့သင့်ပြီလေ…။
‘kayမြင်သားနဲ့…ကျွန်တော်က ဘတ်စ်ကားပေါ်က ဆင်းလာပြီး ဈေးသက်သာတဲ့ သည်ဆိုင်မှာ ဝင်စားမယ်လို့ လျှောက်လာရင်းနဲ့ kayနဲ့ သည်နေရာမှာ…တွေ့ကြတာလေ… ကျွန်တော့မှာ ကိုယ်ပိုင်ဆိုလို့ အရုပ်ကားတောင် မရှိပါဘူး…ပြီး အခုလောလောဆယ်တော့ laidoff အလုပ်လက်မဲ့…’
မkayက စိတ်မကောင်းဟန်နဲ့ ခပ်လျော့လျော့ ပြုံးတယ်။ ပြီး bradကို နှစ်သိမ့်တဲ့သဘောလဲ ဖြစ်၊ ခင်မင်ရင်းနှီးလိုစိတ်ရှိကြောင်း ပြရာလဲ ရောက်အောင်…မkayက စ လက်ကမ်းပေးလိုက်ပါတယ်။
‘bye…see your around…have a nice day…’
လက်ဆွဲနှုတ်ဆက်လိုက်ကြတယ်။
ဒါပေမယ့် bradက မkayရဲ့လက်ကို ရုတ်တရက် မလွှတ်ပဲ သူ့ဘယ်ဘက်လက်နဲ့ပါ ထပ်အုပ်ပြီး တဆင့် ထပ်ကွန့်လိုက်တယ်။
‘can I see you again…’
မkayကလဲ သူ့ဘယ်ဘက်လက်နဲ့ပါ ထပ်အုပ်ပြီး၊ ပြုံးပြုံးရွှင်ရွှင် ဖြေတယ်။
‘of course…’
‘where…’
‘right here…’
‘when…’
‘any time…’
‘kay, I’m serious…’
‘I’m serious too…’
‘then, tomorrow…’
‘ok…’
Brad လက်တွေ ဖြေလွှတ်လိုက်ပြီး၊ လူချင်းလဲ ခွဲလိုက်တယ်။
‘bye…’
‘bye…’
----------------
မောင်သာရ
(သရုပ်ဖော်ပန်းချီ – သန်းဌေးမောင်)
[ မိုးမခအွန်လိုင်း မဂ္ဂဇင်းမှ ကူးယူပါသည်။ မိုးမခအား ကျေးဇူးတင်ပါသည်။]
No comments:
Post a Comment