Thursday, 17 January 2019

သည်တန်ဆောင်နှင့် ညီမောင် ( ဇာတ်သိမ်းပိုင်း)

သည်တန်ဆောင်နှင့် ညီမောင်


###############


( ဇာတ်သိမ်းပိုင်း)


#ဝင်းဦး 


ရှေးသရောအခါ ငယ်သူငယ် ချင်းသုံး ယောက်ရှိ လေသည်တဲ့။


တူတူလှ၊ ဆွေမြင့်နှင့် ၀င်းအောင် တို့ပင် ဖြစ်ပါသည် အစ်ကိုလေး။


တူတူလှသည် စက်ရှင် မင်းကြီး၏ သမီးဖြစ်ပြီး ရန်ကုန်မြို့ ချိပ်လမ်းတွင် နေသည်။ ဆွေမြင့်မှာ ကြေးတိုင် ၀န်၏ သားဖြစ်ကာ တက္ကသိုလ် ရိပ်သာလမ်း၌ စံမြန်းသည်။ ညီမောင် ၀င်းအောင် ကား ဒိသာ ပါမောက္ခကြီး ၏သား တေလေ ကလေး ဖြစ်၍ တက္ကသိုလ် ၀င်းခြံ အတွင်းတွင် ကြီးပြင်း ခဲ့ရသည်။ တူတူလှသည် သူမတူအောင် လှသော မိန်းကလေး ဖြစ်ကာ ဆွေမြင့်က အသရေ တင့်ပြီး ချစ်ချင့်စဖွယ် ယောက်ျား ရွယ်ကလေး ဖြစ်၍ ညီမောင်ကား ဆိုးပေတေသည့် နယ်ပယ်တွင် သတင်းပြောင်သည့် မင်းခေါင် ကလေး ဖြစ်ခဲ့ပါသည်။ သို့နှင့် ညီမောင်တို့ သုံးဦး အရွယ်ရောက်၍ တောင်တောင် မြောက်မြောက် တွေးတော တတ်လာ၏။ 


ထိုရော အခါတွင် ဆွေမြင့်က တူတူလှကို ၅၂၈မှ ၁၅၀၀သို့ ပြောင်းချစ် လိုက်ကာ တူတူလှကလည်း ဆွေမြင့်ကို မောင်ဟု ပြောင်းခေါ်လိုက်သည်။ ညီမောင့် ကိုမူ နှစ်ယောက် စလုံးက အတိုင်ပင်ခံ မင်းသား ကလေး မောင်ပုည အဖြစ် ခန့်အပ် လိုက်ပါသည်။ သို့သော် ညီမောင်ကား သက်တော် စောင့်လည်း လုပ်ရ၏။ မာတလိ လည်းဖြစ်ခဲ့၏။ ၀ိသုကြုံ တာဝန်လည်း ထမ်းဆောင်ရသည့် အခါ ရှိသေး၏။


တက္ကသိုလ်ဝင် သင်တန်းကို အသီးသီး အောင်မြင်ကြပြီးနောက် တက္ကသိုလ်သို့ ရောက်ကြသော အခါ ပြဿနာ တစ်ခုသည် ညီမောင်တို့ သုံးဦး သုံးဖလှယ်ကြားတွင် ပေါ်ပေါက်လာပါသည်။ ယင်းမှာ ဘ၀လှေခါး အသွယ်သွယ်တွင် မည်သည့် လမ်းကို ရွေးကြမည်နည်း ဟူသော ပြဿနာပင် ဖြစ်ပါ၏။ အထူးသဖြင့် ဤ ပြဿနာသည် ဘ၀ ခရီးကို ခေါင်းဆောင် လျှောက်ရမည့် ညီမောင်နှင့ ဆွေမြင့် တို့နှစ်ယောက် အတွက် တိုက်ရိုက် သက်ဆိုင် နေပါသည်။ ညီမောင်နှင့် ဆွေမြင့်ကား နှယ်နှယ်ရရ သူငယ်ချင်းများ မဟုတ်ကြ။ အမေရိကန် လူနီရိုင်းတို့ လုပ်လေ့ လုပ်ထ ရှိသကဲ့သို့ (Blood Brother) ခေါ် သွေးညီနောင်များ စစ်စစ်ဖြစ်ကြသည်။ လက်ကောက်ဝတ်တွင် သွေးဖောက်၍ သွေးချင်းနှောကာ သစ္စာ ဆိုခဲ့ကြသော သူငယ်ချင်းများ ဖြစ်ပါသည်။


သို့သော် တွေ့ကြုံဆုံကွဲ ဖြစ်မြဲ ဓမ္မတာကို ဤသူငယ်ချင်းများမှာလည်း မလွန် ဆန်နိုင်ကြပါ။ လူငယ်စိတ်တွေ ဖျောက်၍ လူကြီး ဦးနှောက်တွေနှင့် တွေး ကြသောအခါတွင် နှစ်ဦး သဘောတူ ကိုယ်ကြိုက်ရာ လမ်းကို ကိုယ်ထွင် ခဲ့ကြပါသည်။ ဆွေမြင့်က သူဝါသနာ ပါသော (Aero-Nautical Engineering) လေ ကြောင်း အင်ဂျင်နီယာ အတတ်ကို အင်္ဂလန်သို့ သွား၍ သင်မည်ဟု ဆုံးဖြတ်ပြီး ညီမောင်ကမူ တက္ကသိုလ် ပညာကို ဆုံးအောင် သင်ပြီးမှ စစ်ထဲဝင်မည် ဟူ၍ ဖြစ်ပါ သည်။ တူတူလှကမူ ယောက်ျား ဆိုသည်မှာ ကိုယ်လိုချင်သည့် အသက်မွေးဝမ်း ကျောင်းပညာကို ကိုယ့်ဘာသာဆုံး ဖြတ်ရသည်ဆိုကာ ကန့်ကွက်ခြင်း မရှိ၊ သဘော တူညီခဲ့ပါသည်။ တစ်ခုသာ ညီမောင့်ထံမှ ကတိတောင်း၏။ ဆွေမြင့်နှင့် တူတူလှတို့ အကြောင်း ပါပြီးလျှင် သူတို့နှင့် အတူ ညီမောင်လိုက် နေရမည် ဆိုပါသည်။ ညီမောင့်မှာ အူချာချာနှင့်သာ ရယ်ပစ်ရသည်ချည်း ဖြစ်၏။ သို့နှင့် ဘ၀ရှေ့ရေး အစီအစဉ် များကို ရေးဆွဲကြပြီးနောက် စတင် ကြိုးပမ်းကြရ၏။ ဤတွင် မမျှော်လင့်သော အချိုးအကွေ့ တစ်ခုနှင့် ဘွားခနဲ ရင်ဆိုင်ခဲ့ရပါသည်။


“၀င်းအောင် မင်းကတော့ အမြဲတမ်း ဥာဏ်ကျယ်ကလေး ဖြစ်ခဲ့လို့ အကြံပေးစမ်း ပါဦးကွာ။ ငါတော့ ဦးနှောက်ခြောက်ပြီ”


တစ်နေ့တွင် ဆွေမြင့်သည် ညီမောင့်ထံ ပေါက်လာပြီး စိတ်ပျက် လက်ပျက်ကြီး ပြောလိုက်၏။ ညီမောင်က ယုန်ပညာ ရှိဟန်ဖြင့် အကျိုး အကြောင်းကို မေးသော် ဆွေမြင့်က မျက်ရည်တွေ တ၀ဲဝဲနှင့် ဖြစ်သမျှကို လှစ်ဟလေသည်။ ဆွေမြင့်သည် အင်္ဂလန်တွင် (၇) နှစ်တာမျှ ပညာ သင်ရမည် ဖြစ်သည်။ ထိုမျှအထိ တူတူလှကို သူမခွဲနိုင်ဟု ဆိုသည်။ မိဘတွေကို တူတူလှနှင့် ပေးစားရန် ပြောသောအခါတွင် ငယ်ရွယ်သေး၍ မပေးစားနိုင်ဟု ငြင်းဆန်သည်ဟု သိရသည်။ တစ်ဖန် တူတူလှကို တီးခေါက်ကြည့်ပြန်သော် သူ့မိဘများက အခြား သူတစ်ယောက်နှင့် သဘောတူထားပြီး ဖြစ်၍ ခက်ခဲမည်မှာ မလွဲဟု အကြောင်း ပြန်သည်ဟု ဆို၏။


“ငါတော့ ဘယ်လို လုပ်ရမှန်း မသိပါဘူး သူငယ်ချင်းရယ်။ တူတူနဲ့ ဒီလောက်ထိ ခွဲပြီး သွားရမှာတော့ ငါမသွားချင်ဘူး။ ငါနဲ့ အတူ တူတူကို လက်ထပ်ပြီး ခေါ်သွား ချင်တယ်။ မသွားဘဲ ဘ၀ရှေ့ရေးကို ပစ်ပယ်လိုတဲ့ စိတ်လည်း ငါ့မှာ မရှိပါဘူး။ ငါတော့ ခေါင်း မီးတောက်နေပြီ သူငယ်ချင်း မင်းပဲ ကိုယ်ချင်း စာကြည့်ပါ”


ဆွေမြင့်က ကိုယ်ချင်းစာ ကြည့်ခိုင်းသော်လည်း ညီမောင့်မှာ ရည်းစားသနာ မရှိ၍ ရင်မှာခံစားမှု သိပ်မတွေ့မိ။ သို့သော် ဆွေမြင့်က ကြံစမ်းပါဦးဟု ဆို၍ ညီမောင် အကြံထုတ်ရပါသည်။ ရရှိသည် အကြံဥာဏ်ကိုလည်း တမုဟုတ်ချင်း မိနစ် မဆိုင်းဘဲ ဆွေမြင့်ကို ပြောပြရပါသည်။ ဆွေမြင့်ကား ညီမောင့် အကြံဥာဏ် များကို အကြွင်းမရှိ လက်ခံပြီး လိုက်နာပါမည် ဆို၏။ သို့ရာတွင် ပို့မည့်ပို့ ကူးတို့ ရောက်အောင် ပို့ပါဦးဟု သူငယ်ချင်းကို အပူ ကပ်ပါသည်။ သွေးညီမောင် ဆိုသည်မှာ အသက်ပင် ပေးကြရသည် မဟုတ်ပါလား။ ညီမောင် ခေါင်းညိတ် ရပြန်ပါသည်။


ညီမောင် ဥာဏ်ကျယ်လေး၏ လျှို့ဝှက် စစ်ဆင်ရေးကား ကြယ်စုံ ထွန်းပသည့် တန်ဆောင်မုန်း လပြည့်ညပင် ဖြစ်ပါ သည်။

မီးပုံးနီနီ ကလေးတွေ အိမ်ပြတင်းဝတွင် ချိတ်ဆွဲစ ပြုသည့် ညဥ့်ဦးယံ ကာလတွင် ညီမောင်၏ ဖိုဒ့်ဆီ ဒန်ကားကလေး သည် ချိ(ပ်)လမ်းတွင်းသို့ ညင်သာစွာ လှိမ့်ဝင်လာပြီး တူတူလှတို့ အိမ်အပြင် လမ်းမ နံဘေးတွင် အသာအယာ ထိုးဆိုက်လိုက်ပါသည်။ ကားထဲတွင် ညီမောင်နှင့် ဆွေမြင့်ပါ၏။ ဆွေမြင့်သည် စီးကရက် များကို စိတ်လှုပ်ရှားမှု ဒဏ်ကြောင့် နင်းကန်ဖွာရှိုက် နေရင်းမှာ “ဖြစ်မှ ဖြစ်ပါ့မလား သူငယ်ချင်းရယ်” ဟု စစ်မရောက်ခင်က မြားကုန်ချင် နေသည်။ ညီမောင်က မကြောက်ရန် ကြိမ်းကြိမ်းငေါက်ငေါက် ပြုလုပ် ပေးရသည်။ ဆွေမြင့်သည် သက်ပြင်းကိုသာ အခါခါချ၍ နေလိုက်၏။ များမကြာမီတွင် ညီမောင်၏ အစီအစဉ် အရ ဆလွန်းကား (၁၀) စီးခန့်မျှသည် လမ်းထဲသို့ တစ်ကားပြီး တစ်ကား မောင်းဝင်လာ ကြပြီး ညီမောင်တို့ကား အနီးတွင် ရှေ့ နောက် တန်းစီရပ်ထား လိုက်ကြပါသည်။ 


တစ်ဦးနှင့် တစ်ဦးကိုလည်း မီးဖွင့်၍ အချက်ပြ ကြပါသည်။ ထိုမော်တော်ကားများကို မောင်းလာကြသူများမှာ ညီမောင်၏ သူငယ်ချင်းများ ဖြစ်ကြပါသည်။ သူတို့ သည် ညီမောင်၏ မှာကြားချက် အရ သူကောင့်သားများ ဖြစ်ကြသည့် အလျောက် မိဘ၏ ကားများကို ဆွဲလာကြခြင်း ဖြစ်ပါသည်။ အားလုံး နေသားတကျ ဖြစ် လောက် သောအခါ ညီမောင်လည်း ကားပေါ်မှ ဟန်နှင့် ပန်နှင့်ဆင်းကာ တူတူလှတို့ အိမ်ဝင်းထဲ ၀င်ခဲ့ပြီး ဆင်ဝင်အောက်မှ နေပြီး တူတူလှနှင့် တွေ့လိုကြောင်း ထွက်မေးသူ တူတူလှ၏ မိခင်ကြီးကို ခွင့်တောင်းရသည်။


“အော် အေး သမီးရေ၊ ဟောဒီမှာ မောင်ဝင်းအောင် လာတယ်ဟေ့၊ ၀င်ထိုင်ပါ ဦးလားကွဲ့ မောင်ဝင်းအောင်”


“မထိုင်တော့ဘူး အန်တီ၊ တူတူလှ မိန်းကလေးတွေက မှာလိုက်တာကို ပြောပြီး ချက်ချင်းပြန်မလို့ပါ”


တူတူလှ ဆင်းလာသောအခါ ညီမောင်လည်း တူတူလှကို မျက်ရိပ်ပြပြီး ဆင်ဝင်တိုင်နှင့် ကွယ်နေသော မှောင်ရိပ်ကို ခေါ်ရ၏။

“တူတူ နင်ငါနဲ့ တစ်ခါထဲ လိုက်ခဲ့တော့”


“ဘာတွေ ပြောနေတာလဲဟ”


“နင့်ကို လာခိုးတာ”


တူတူလှသည် မျက်လုံးပြူးသွားကာ

“အို မဟုတ်တာ ဘယ်ဖြစ်မလဲ”


တူတူလှသည် အိမ်တွင်းသို့ လှည့်ဝင်မည် အပြုတွင် ညီမောင်လည်း ကြိုတင် စီစဉ်ထားသည့် အတိုင်း ကိုယ်နောက်တွင် ၀ှက်ယူလာသော စောင်ပါးနှင့် တူတူလှကို အုပ်လိုက်ကာ ပုခုံးပေါ် ထမ်းတင် လိုက်ပါသည်။ တူတူလှက ၀ူးဝူးဝါးဝါး အော်ကာ ရုန်းကန်၏။ ဤတွင် ညီမောင်လည်း ထိတ်ခနဲ ဖြစ်သွားတော့ သည်၌ တူတူလှကို ထမ်းရင်းက ခြံပြင်သို့ ပြေးထွက်ခဲ့မိပါ၏။ ထိုသို့ ပြေးထွက် အလာ၌ အိမ်ပေါ်ထပ် ပြတင်းပေါက်မှ မြင်လိုက်ဟန် တူသော တူတူလှ၏ အမေကြီးက “အမယ်လေး ကျွန်မသမီးကို လူခိုးပြေးလို့ ကယ်ကြပါဦးရှင်” သံကုန် အော်ပါလေသည်။ ညီမောင်လည်း ထူပူ သွားတော့သဖြင့် ဘာကိုမှ မစဉ်းစားနိုင် တော့ဘဲ ရပ်ထားရာ ကားထံသို့သာ အရောက် ပြေးခဲ့ရပြီး အဆင်သင့် ပွင့်နေသော ကားနောက်တံခါးမှ တူတူလှ၏ ကိုယ်ခန္ဓာ ကလေးကို ပစ်သွင်းလိုက်ပြီး နောက် ဒလကြမ်း မောင်းထွက်ခဲ့ပါ၏။


ထိုအခါ ညီမောင်၏ စူးရောက်သော အကြံအစည်အတိုင်း စောစောက ရပ်ထားသော ကားများသည်လည်း တစ်ပြိုင်တည်း စက်နှိုး ထွက်၍ အရပ်ရှစ်မျက်နှာ အနှံ့ မောင်းပြေးကြပါ၏။ ဤသည်မှာ နောက်မှ လိုက်လာသော ကားရှိလျှင် မျက်စိလှည့်ရန် ဖြစ်ပါသည်။ ညီမောင်မှာလည်း မည်မျှ သတ္တိကောင်းသည် ဖြစ်စေ ကာမူ မလုပ်ဖူးသော အလုပ်ကို စွန့်စား လုပ်ရသောကြောင့် တုန်တုန် ရီရီကြီး ဖြစ်၍ နေပါသည်။ ကားကို မောင်းထွက်ပြီးမှ ညီမောင်၏ ကားနှင့် ဆွေမြင့် ပါမလာသည် ကို သိရ၏။ မတတ်နိုင်ပါ။ ယခု အချိန်ကျမှ ပြန်ရှာ၍ မဖြစ်နိုင်တော့ သဖြင့် အခြားကား တစ်စင်းစင်းနှင့် ပါသွားလိမ့်မည်ဟု သက်သာရာ သက်သာကြောင်း တွေးလိုက်ရကာ ကားကိုသာ ဦးတည်ရာ စွတ်မောင်း နေမိပါ၏။


သို့မရပ်ဝံ့ဘဲ ကားကို မောင်းနေရာတွင် တူတူလှသည်လည်း စောင်ခြုံတွင်းမှ ထွက်ပြီး “နင် ငါ့ကို ခွေးကျင့်ခွေးကြံ ကြံတယ်ဟင်၊ သေချင်းဆိုး” ဟု ဆဲဆိုကာ ညီမောင်၏ မျက်နှာပါးပြင်တို့ကို နောက်မှ စိတ်ရှိလက်ရှိ ကုတ်ဆွဲပါလေသည်။ သွေးဖြာဖြာကျသည် အထိ ညီမောင် ကျိတ်မှိတ်ခံရပါ၏။ တူတူလှ၏ စိတ်ထဲတွင် ညီမောင်က သူ့ကို အဓမ္မ ခိုးလာသည်ဟု ထင်နေဟန် တူပါသည်။ ညီမောင်မှာလည်း မောဟိုက် နေသဖြင့် ဘာတစ်ခုမှ မဖြေရှင်းမိ။


ညီမောင်က ကားကို မြို့တွင်း လှည့်လည်မောင်းနေစဉ် အခြားကား များကို ရဲများ တား၍ ရှာဖွေသည်ဟု နောက်မှသိရ ပါသည်။

“ကဲလေ ဖြစ်မိပြီးမှတော့ မထူး ပါဘူး။ ဒီလိုကားကို တစ်ချိန်လုံးလျှောက် မောင်းလို ဘယ်ဖြစ်မလဲ။ သွားချင်တဲ့ နေရာကိုသာ သွားတော့”


တူတူလှက ကြမ္မာကို ရိုးမယ်ဖွဲ့၍ ညည်းတွား ရှာတော့မှပင် ညီမောင်လည်း ကြိုတင် စီစဉ်ထားသည့် အိမ်သို့ ပြန်မောင်းခဲ့ရ၏။ ထိုအိမ်ကျမှပင် မျက်နှာ သေကလေးနှင့် ထိုင်စောင့် နေသော ဆွေမြင့်ကို တွေ့ရပါသည်။ တူတူလှလည်း အကြောင်းစုံကို ရိပ်မိတော့ သဖြင့် ဆွေမြင့်၏ ကျောပြင်ကို ဗျောတင်၍ တီးပါလေ၏။ သူ့ကောင့်သား ဆွေမြင့်ကား ထိုအခါကျမှ သွားဖြဲတော်ရ၍ လာ၏။ မုန်တိုင်းများ ငြိမ်သက်သွားသော အခါတွင် တူတူလှက ညီမောင်၏ မျက်နှာမှ သူ့လက်သဲရာများကို ဆေ ထည့်ပေး၏။


“အမယ် နာမနေနဲ့ ဒါတောင် သနား လို့ နို့မို့လား တူတူက မျက်လုံးပါ ကုတ်ဆွဲ ပစ်လိုက်မလို့” 

ဆွေမြင့်ရော တူတူလှပါ ညီမောင်၏ ဖြစ်အင်ကို ကြည့်ကာ ရယ်ကြပါသည်။ ညီမောင်ကား မရယ်မိဘဲ ငိုင်တွေတွေဖြစ် ၍နေပါ၏။


x x x


နောက်တစ်နေ့တွင် သတင်းစာများ၌ ညီမောင်၏ သတင်းသည် ၆ လိုင်း စာလုံးကြီးများနှင့် ထိပ်ဆုံးက ပါလာပါသည်။ ညီမောင်က တူတူလှကို ခိုးသွား သတဲ့၊ မျက်နှာကြီး သားသမီးတို့၏ စွန့်စားခြင်း ဇာတ်လမ်းတဲ့ ညီမောင်၏ ဓာတ်ပုံနှင့် တူတူလှတို့၏ ဓာတ်ပုံ တို့လည်း ပါလိုက်သေးသည်။ ထိုသတင်းကြောင့် ညီမောင်မှာ ရယ်ရမလို ငိုရအခက်နှင့် သက်တက်တက်ကြီး ဖြစ်၍ နေရပါသည်။ ကျော်တော့ လှေသူကြီး သက်သက်မို့ ညီမောင် တစ်ယောက်တည်း ဒေါသ ဖြစ်မိသေးသည်။ ဆွေမြင့်က “အဟက်ဟက်” ဟု ပဲ့တင် ထပ်သည်။ တူတူလှက “အဟိဟိ” ဟု ကလိ၏။ ညီမောင့်မှာသာ နုံးချိချိ ဖြစ်ရပါသည်။ အိမ်ထဲက အိမ်ပြင်လည်း မထွက်ရဲချေ။ ပြန်လည် အဖမ်းခံရမှာလည်း ကြောက်သေး၏။ ညားခါစ ချစ်သူတို့ကား ညီမောင်၏ ရှေ့မှောက်တွင် ပျော်လို့ရွှင်လို့၊ ကြည်နူးလို့ ထမင်းများပင် တစ်ယောက်ကို ခွံ့ကျွေးလိုက်ကြသေး၏။ ညီမောင့်မှာမူ လက်သဲရာတွေက မြက်ကနဲ မြက်ကနဲ နာကျင် နေရပါသေး၏။ ရက်သတ္တပတ် ခန့်ကြာ ညောင်း၍ လာသောအခါတွင် တည်းအိမ်ရှင်၏ တိုက်တွန်းချက် အရ တရားဝင် ဖြစ်သွားရန် တိတ်တဆိတ် ထွက်ပြီး ရုံးတက်လက်မှတ် ထိုးကြရန် စီစဉ်ကြရပါသည်။ ဘေးရန် ကင်းရှင်းလောက်သည့် တစ်နေ့တွင် ညီမောင်တို့လည်း အသိ သက်သေများပါ ခေါ်၍ ရုပ်ဖျက်ခါ ရုံးတော်သို့ ထွက်၍ လာကြ၏။ စာချုပ် စာတမ်းများလည်း ညီမောင်တွင် အဆင်သင့် ပါ၏။ ရုံးရောက်၍ သက်ဆိုင်ရာ တရားသူကြီးက အကျိုးအကြောင်း မေးသော အခါ ညီမောင်လည်း လက်ထပ်ရန် လာကြောင်း သွက်လက်စွာ ပြောလိုက်ရပါသည်။


“မောင်ရင့် နာမည်က”


“မောင်ဝင်းအောင်ပါ အန်ကယ်လ်”


“အဖေ အမေတွေကကောကွယ်”


ညီမောင်လည်း မိဘ အမည်ကို ဂုဏ်ယူစွာ ပြောလိုက်ပါသည်။ ထိုအခါ တရားသူကြီးသည် အံ့သြသလို ဖြစ်၍ သွားပြီးမှ “မင်း အဖေနဲ့ အန်ကယ်ဟာ ငယ်သူငယ်ချင်းပေါ့ကွယ်။ အင်မတန် ခင်ကြတာ။ ခုလို သိရတာ ၀မ်းသာသဟေ့” ဟု ပြောပြီး လက်ဖက် ရည်များပင် တည်ခင်း ဧည့်ခံလိုက်သေး၏။ ညီမောင်တို့ မှာမူ လက်မှတ် မထိုးမီ ပုလိပ် ဖမ်းမိသွားမည် ကိုစိုး၍ ဖင်တကြွကြွ ဖြစ်၍ နေပါသည်။ တရားသူကြီးမင်းမှာလည်း စာချုပ်ကိုပင် ယူမဖတ်သေးဘဲ စကားတွေ ဖောင်ရင်း အလုပ် ရှုပ်နေပါသည်။ မကြာမကြာ ကပ်လျက် အခန်းငယ် ကလေး အတွင်းဝင်၍ သွားကာ လုပ်လက်စ အလုပ်များကို စီမံခန့်ခွဲ လိုက်သေး၏။ မိနစ် အနည်းငယ်ကြာ သွား၍ ကုလားထိုင် ပြန်ထိုင်သောအခါ တရားသူကြီး မင်းကို ညီမောင်က လာရင်း ကိစ္စ လောဆော်မည်ပြုရာ နောက်ဖက်ဆီမှ ဗြုံးကနဲ တွန်းဖွင့် သံကြားရသဖြင့် ခေါင်းနားပန်းကြီးစွာ လှည့်ကြည့် လိုက်မိပါ၏။


ဤတွင် ညီမောင်၏ ဖခင်ကို မမျှော်လင့်ဘဲ ဘွားကနဲ တွေ့လိုက်ရပါသည်။ ဖေဖေသည် ဒေါသဖြင့် နီမြန်းလျက် ရှိသော မျက်နှာဖြင့် ညီမောင့်ထံ လျှောက်လာကာ “ဟင် အဖေ့နာမည် ဖျက်ဦးကွာ။ ငယ်ငယ်ရွယ်ရွယ်နဲ့ မိန်းမယူ ချင်ဦးကွာ”ဟု ကြိမ်းမောင်းကာ ညီမောင့်ကို လက်သီးနှင့် ထိုးပါလေ၏။ ညီမောင်မှာ လူကြားထဲတွင် ရှက်လှ၍ မျက်ရည်များပင် ကျမိပါ သည်။ ဖေဖေ့ထံ တိတ်တဆိတ် တယ်လီဖုန်း လှမ်းဆက်၍ အကြောင်းကြားသော တရား သူကြီးအားလည်း စိတ်ထဲမှ ဒေါသပုန်ထ နေမိပါသည်။


“မလုပ်ပါနဲ့ အန်ကယ်ရဲ့ ၀င်းအောင်ကို မလုပ်ပါနဲ့”


အံ့အား သင့်နေသော ဆွေမြင့်တို့က အကျိုးအကြောင်း ရိပ်မိ၍ ၀င်ဆွဲမှပင် ညီမောင် ချမ်းသာရာ ရပါသည်။ ပြီးမှ ဆွေမြင့်က ရှင်းပြ၏။ သို့ကျမှ ဖေဖေလည်း “မင်းတို့ဟာကလည်း ရှုပ်ပါ့ကွာ” ဟု ရှက်သံကြီးနှင့် ပြောလိုက်ကာ နေရာမှ ချာကနဲ လှည့်၍ သွားပါသည်။ တံခါးဝ ရောက်မှ ပြန်လှည့်ကာ “မင်း အိမ်ပြန်ခဲ့တော့” ဟု ရယ်ချင်ဟန် ရသော မျက်နှာနှင့် အမိန့် ပေးသွားပါသည်။ ညီမောင် တို့တတွေမှာ ဖေဖေ ထွက်ခွာ သွားပြီးမှ ငိုအားထက် ရယ်အားသန် ဖြစ်ကြရ၏။ 


ညီမောင့်မှာကား အဖေ့ လက်သီးကြောင့် ဒဏ်ရာဒဏ်ချက်တွေ ဆထက်ထမ်းပိုး တိုး၍ ရသွားပြန်ပါလေသည်။ ထိုသည့်နောက် တစ်ပတ်လုံးလုံး ညီမောင် အိမ်ပြန်ရောက်သော အခါ တူတူလှ၏ အမေစက်ရှင် မင်းကြီးကတော်သည် ညီမောင်တို့ အိမ်ရှေ့သို့ သူ့ကားကြီးနှင့် ပေါက်ချလာကာ“ဟဲ့ အမျိုးယုတ် ကလေးရဲ့ မိမဆုံးမ ဖမဆုံးမ ကလေးရဲ့၊ နင့်ကြောင့် ငါ့သမီး ဒီလို ဖြစ်ရတာဟဲ့။ သတ္တိရှိရင် အိမ်ထဲက ထွက်ခဲ့စမ်းဟဲ့” ဟု စသဖြင့် အချိန်မှန် လာ၍လာ၍ ဆဲရေးပါသည်။ ညီမောင်မှာ အိမ်ထဲကလည်း မထွက်ဝံ့၊မိဘ တွေကလည်း ညီမောင့်ကြောင့် အပြော ခံရသည်ဟု အတွင်းမှ ဖိကြိမ်းခံရသဖြင့် လောင်မီးကျလျက် နတ်တို့စက်နှင့် ဖူးစာ ဆုံ၍ နေခဲ့ရပါသည်။


ခြောက်လမျှ ကြာ၍သွား၏။

ဆွေမြင့်တို့လည်း ယောက္ခမအိမ်ပေါ် အစွေ့သား ရောက်၍နေ၏။ ခမည်းခမက်တို့ဟိုဘက်သည်ဘက် ရွှေလမ်း ငွေလမ်း ခင်းကာ အဆင်ပြေ အခြေကျ၍ “သားရေ သမီးရေ” ဖြစ်ကုန်နေကြပြီ။ သို့သော် ညီမောင်ကိုကား အိမ်သို့ အ၀င်မခံကြတော့ချေ။ ဆွေမြင့်နှင့် တူတူလှသည် ညီမောင်ကို တွေ့လိုလျှင် လူကြီးတွေ မသိအောင် ခိုး၍ တွေ့ကြရလေသည်။ ပြီးနောက် ဆွေမြင့်၏ ဆန္ဒအတိုင်း နှစ်ဖက်မိဘက အင်္ဂလန်သို့ လွှတ်ရန် စီစဉ် ကြလေသည်။ တူတူလှလည်း လိုက်ပါမည် ဖြစ်၏။ မသွားမီ တစ်ရက်တွင် သူငယ်ချင်း သုံးယောက် ပြန်ဆုံမိကြပါသည်။


“မင်းကို ဒို့တစ်သက်လုံး မမေ့တော့ဘူး။ ၀င်းအောင် ပထမဦးဆုံး မွေးလာတဲ့ ဒို့သားကလေးကို ၀င်းအောင်လို့ မှည့်မယ် ကြားလား”

ဤသို့ နှုတ်ဆက်ကာ အိမ်မှ ဆင်းသွား ကြသော မောင်နှံစုံကို ကြည့်ကာ ညီမောင် မျက်ရည်ဝဲ ခဲ့ရပါသည် အစ်ကိုလေး။

ပြီးတော့လည်း ထိုတကဏ္ဍသည် ညီမောင်၏ ဘ၀မှ မေ့ပျောက် ပစ်ရမည့် ကဏ္ဍဟု ညီမောင် စွဲမှတ် ယူခဲ့ရပါသည်။ ယခင်တုန်းက ဆိုလျှင် တန်ဆောင်ပွဲတွေ ဆို လျှင် ရှေ့ဆုံးမှ ညီမောင် ပါခဲ့သည်ချည်း ဖြစ်ပါသည်။ ထိုအဖြစ်အပျက် ဖြစ်ပြီးသည် မှစ၍ ညီမောင် တန်ဆောင်တိုင်တွေကို မေ့ပစ်ခဲ့ပါသည် အစ်ကိုလေး။


x x x


ယခု တစ်ဖန်ကြာကြီးကြာမှ အစ်ကိုလေး၏ ဖိတ်ကြားမှုကြောင့် တန်ဆောင်တိုင်ပွဲ ဆင်နွှဲမိမှ အဆွေဟောင်းတို့ နှင့် ပြန်ပြောင်း အကြောင်း ဆုံခဲ့ရပါသည်။ အင်္ဂလန် တွင် ပညာသင်ပြီး အင်္ဂလန်တွင်ပင် အလုပ်လုပ်ကာနေခဲ့ရာမှ ဆွေမြင့်တို့ ပြန်ရောက် ကြောင်းကို ညီမောင် သိပြီး ဖြစ်ခဲ့ပါသည် အစ်ကိုလေး။ သို့သော် ညီမောင် သူတို့ထံ သွားမလည်ခဲ့ပါ။ အစ်ကိုလေး မြင်သည့်အတိုင်း ဆွေမြင့်တို့ မိခင်ကြီးများက ယခုထက်ထိ ညီမောင်ကို ခွင်မလွှတ် နိုင်ကြသေးသော အချက်သည်လည်း တစ်စိတ်တစ်ဒေသ ပါဝင်ခဲ့ပါသည်။ 


ထို့ပြင် ညီမောင်၏ ပုံပြင်သည် ဤမှာပင် ပြီးဆုံးပါသည် အစ်ကိုလေး၊ အစ်ကိုလေး ကြားလိုသည့် အတိုင်း ပျော်ရွှင်စရာတွေသာ ဖြစ်ပါပေသည်။ ညီမောင်တို့ မိုက်ရူးရဲ မဖွယ်မရာ စွန့်စား ခဲ့ကြပုံမှာလည်း ပြုံးမိစရာ ဖြစ်ပါသည်။ ညီမောင်၏ စိတ်ကူး ဥာဏ်သည် မည်မျှ ဇာတ်လိုက် ဆန်ခဲ့သည် ကိုလည်း အစ်ကိုလေး သိရပါပြီ။ ညီမောင် ရွှေဥာဏ်တော် စူးရောက်လွန်း လှ၍လည်း မိဘတစ်တွေက ညီမောင်ကို ယခုထိ ခွင့်မလွှတ်နိုင် ကြခြင်း ဖြစ်ပါသည်။ ထို့ပြင် ၀န်ခံစရာ တစ်ခုလည်း ရှိနေပါသည်။


ညီမောင့် ကိုယ်ကိုလည်း ညီမောင် ယခုထက်ထိ ခွင့်မလွှတ်နိုင်ခဲ့ပါ အစ်ကိုလေး။ ကိုယ်မခူးရက် မပန်ရက်ဘဲ အရိပ် တကြည့်ကြည့် မြတ်နိုးခဲ့ရသည့် ပန်းတစ်ပွင့်ကို တစ်ပါးသူအား ရက်ရက်ရောရော ခူးပေးရက်သော လူမိုက်မျိုးသည် ကမ္ဘာမှာ ညီမောင် တစ်ယောက်သာရှိပါသည် အစ်ကို လေးရေ။ ပြုံးပေဦးတော့ အစ်ကိုလေး။


ညီမောင်၏ ပုံပြင်တွင် ပြုံးစရာ အကွက်တွေ တစ်ပုံတစ်ပင်ကြီး ရှိပါသည်။ သကာဖုံးသည် အသဲနာ တမာတုံး ဘ၀ကိုလည်း အစ်ကိုလေး သနားပြုံး ပြုံးလိုက ပြုံးပါချေပြီ။ လွန်လေပြီးသော အတိတ်ကို ပြန် သဏ္ဍာန် ဆောင်ခြင်းမျှသာ ဖြစ်ပါသည်။ သို့ရာတွင် ၀န်ခံစရာ တစ်ခုကား အကယ် ပင် ကျန်ပါသေး၏။


ထိုအတိတ်ကြောင့် ပင်လျှင် သည်တန်ဆောင်တွင် ညီမောင်သည် အထီးကျန် ဘ၀တွင် ရှိနေဆဲဖြစ်ခြင်း ဖြစ်ပါသည် အစ်ကိုလေး။ 


----------------


ဝင်းဦး


ပေဖူးလွှာမဂ္ဂဇင်းမှတဆင့်ကူးယူဖေါ်ပြပါသည်။


[ ယဉ်သင်းအိ မဂ္ဂဇင်း ဘလော့ဂ်မှ ကူးယူပါသည်။ ဘလော့ဂ်ဂါအား ကျေးဇူးတင်ပါသည်။]



No comments:

Post a Comment