#ပဉ္စမမြောက်ဆောင်းရက်များ
( ဒုတိယပိုင်း)
#ငြိမ်းကျော်
(၂)
အစ်ကိုက ဆေးတံအိုးထဲသို့ ဆေးသိပ်ရင်း လေးလေးနက်နက် စဉ်းစားနေသည်။အမက စိန်ပန်းသုတ်ပန်းကန်ကို စားပွဲပေါ်သို့ချ၍ ကုလားထိုင်တွင်ထိုင်သည်။အကြမ်းပန်းကန်လုံးထဲသို့ လက်ဖက်ရည်ကြမ်းလိုက်ဖြည့်သည်။ထို့နောက် ခေါင်းငုံ့ထားသော ကိုထွေး၏ပုခုံးကို လှမ်းပုတ်သည်။
“ စားစရာရှိတာလည်း စားလိုက်ဦး ကိုထွေး ၊ တွေးတာလည်း တွေးပေါ့ ”
ခေါင်းကိုဖော်ပြဲီး ပြုံးပြလိုက်သည်။အစ်ကိုက သူ့ကို တစ်ချက်မျှ လှမ်းကြည့်သည်။
“ တစ်ခုခု ဖြစ်ပြီလို့တော့ အကိုလည်း ထင်သားပဲ။မင်းတို့ ဦးချစ်လက်ဖက်ရည်ဆိုင်မှာ ဆုံတဲ့နေ့က မင်းတစ်မျိုးဖြစ်နေတာကို အေးအေးကိုတောင် ပြောပြလိုက်ပါသေးတယ်ကွာ”
အစ်မက ထောက်ခံစကား ဝင်ပြောသည်။
“ ဟုတ်တယ် ကိုထွေး မမအေးထင်တာက ကိုထွေးနဲ့ အမွန် စကားများပြီး စိတ်ကောက်လာကြတယ်ထင်တာ ၊ ဟိုနေ့က အမွန်လာတုန်း ကိုလတ်က အမွန်နဲ့ ကိုထွေးရန်ဖြစ်ကြပြန်ပြီလား ၊ စိတ်ကောက်နေကြတုန်းပဲလားလို့ မေးတော့မှ အဲ့ဒီ အကြောင်းကိုသိရတာ။မင်းအိမ်မပြန်တာ တစ်ပတ်ရှိပြီ၊ ဌာနမှာ သူ့ဆရာနဲ့အတူ သစ်ပင်တွေ ခွဲစိတ်ပြီး ညလုံးပေါက် သုတေသနတွေ လုပ်နေလေရဲ့လို့ မမအေးပြောလိုက်တာ ။ဒါနဲ့ ဒီမနက် ကိုထွေးဆီကို သူပေါက်ချလာတယ်ထင်တာ ၊ ဟုတ်လား ကိုထွေး ”
မမအေးကို ခေါင်းညိတ်ဖြေညလိုက်သည်။ကိုလတ်သည် ဆေးတံကို မီးညှိပြီး ပြောလိုက်သည်။
“ တစ်ခါတစ်ခါတော့ မင်းတို့နှစ်ယောက်ကိုကြည့်ပြီး ရယ်ချင်တယ် ၊ မင်းတို့နှစ်ယောက်စလုံး ကိုယ့်ကိုယ်ကို ညာတာမှ တကယ့်ပိပိရိရိ ၊ နှလုံးကွဲထွက်တဲ့အထိ ညာမယ့် ဟန်ဆောင်မယ့် လူစားမျိုးတွေ ။ ခုထက်ထိ မင်းဝန်မခံသေးတာကြည့် အံ့စရာလား ၊ ချီးကျူးစရာလား ငါမပြောတက်ဘုး ။ မင်းတို့နှစ်ယောက်လို လူမျိုးကို တွေ့လည်း မတွေ့ဖူးဘူး ၊ ကြားလည်းမကြားဖူးပါဘူး ကိုထွေးရာ ”
သူတစ်ခွန်းမှ ပြန်မပြောမိ ။ ခန်းဆီးကို ငေးကြည့်နေသည်။ မမအေးက စိတ်ပင်ပန်းလေးလံစွာ နောက်သို့ မှီချလိုက်သည်။သူ့ကို ကရုဏာမျက်လုံးဖြင့်ကြည့်သည်။
“ ကိုထွေးတို့ ပြဿနာက ခေါင်းထဲ အမြဲဝင်နေတယ် ၊ ကျောင်းမှာ စာသင်ရင်းနဲ့လည်း ဒီပြဿနာပဲ တွေးနေတယ် ။ အဲမွန်တယာကို သင်ပုန်းကြီးမှာရေးတာ အမွန်တယာလို့တောင် မှားရေးမိတယ် ”
ကိုလတ်က ပြုံး၍မမအေးကို ကြည့်သည်။ထိုအခါတွင် သူတစ်ခွန်းပြောလိုက်သည်။
“ မဟုတ်သေးပါဘူး မမအေး ပြောပုံကြီးက ကျွန်တော်နှင့် အမွန် ဘာလိုလိုကြီး ၊ အမွန်နဲ့ ကျွန်တော်က ဘာမှဖြစ်တာမှ မဟုတ်တာ ၊ အမွန်သြစတြေးလျကို သွားမယ် ၊ ဒီတော့ အရင်းနှီးဆုံး အခင်မင်ဆုံးတစ်ယောက် အနေနဲ့ ကျွန်တော်စိတ်မကောင်း ဖြစ်ရတယ် ဒါပဲလေ ၊ ဒါပါပဲ မမအေးရာ ”
ကိုလတ်က အောင့်သီးအောင့်သက် အသံဖြင့် ရယ်ပစ်လိုက်သည်။
“ သေပြီး ခုနှစ်ဘဝကုးတဲ့အထိ ဆေးတန်ခိုးပြတုန်းပဲ ဆိုတာမျိုးပါလား ကိုထွေးရ ၊ မင်းနဲ့ အမွန်ဘာမှမဖြစ်ဘူးဆိုတာ အကြွင်းမဲ့ ယုံပါတယ် ၊ ဒါပေမယ့် ဘာမှမဖြစ်ဘူးဆိုတာ မဟုတ်ဘူးလို့လည်း လုံးဝနားလည်ပါတယ်ကွာ ၊ သူများကို မဟုတ်မမှန်တဲ့ စကားပြောတော့မှ မုသာဝါဒကံ ထိုက်တာမဟုတ်ဘူး ၊ ကိုယ့်ကိုယ်ကို မဟုတ်မမှန်ပြောမိရင်လည်း မုသာဝါဒကံ ထိုက်တာနော် ”
ခေါင်းကို ခါယမ်းလိုက်သည် ။ မမအေးက စိန်ပန်းသုတ်ပန်းကန်ကို လှမ်းယူပေးသည်။ဇွန်းတစ်ဝက်ခန့် ခပ်စားပြီး ပန်းကန်ကို ချထားလိုက်သည်။
ထို့နောက် မမအေး လှမ်းပေးသော အကြမ်းပန်းကန်ကို ယုထားရသည်။အသုတ်ကို မဝါးဘဲ မျိုချပစ်ကာ ရေနွေးကြမ်းနှင့် မျောချပစ်သည်။ပန်းကန်လုံးကို စားပွဲမှန်ပေါ်သို့ ချလိုက်ချိန်တွင် ကိုလတ်၏ ရယ်သံတိုးတိုးက ထွက်ပေါ်လာသည်။
“ အေးအေးကို ကိုလတ်မကြာခဏ ပြောဖူးပါတယ် .၊ ကိုထွေးရဲ့ သိုသိပ်လွန်းအားကြီးတဲ့ အကျင့်ဟာ သူ့ကိုပြန်ပြီး ဒုက္ခရောက်စေလိမ့်မယ်ဆိုတာ ၊ မြုံတာက နေရာတကာ ဆယ့်နှစ်နှစ် ၊ဆယ့်သုံးနှစ်သားအထိ ကလေးလို ငိုတက်တာ ၊ အဲ့ဒဲီတုန်းက အမေမဆုံးသေးဘူး ။ အမေဆူလိုက်ရင် ခေါက်လိုက်ရင် ဆူဆူချင်း ၊ ခေါက်ခေါက်ချင်း မျက်နှာမညိုးဘူး ၊ အဲ့ ညအိပ်ပြီ ၊ အားလုံးအိပ်ပျော်ပြီဆိုတော့မှ ကျိတ်ငိုတာ။
သူလိုချင်တဲ့ ပစ္စည်းဆိုရင် ဝယ်ပေးပါလို့ ဘယ်တော့မှ တိုက်ရိုက်ဖွင့်မပြောဘူ ။ ဘယ်ဖောင်တိန်လေးက လှတယ်အကို ၊ ဘယ်စာအုပ်က ဖတ်လို့ ကောင်းမှာပဲ ၊ အဲ့ သလောက်ပြောတာ ၊ ဒီအကျင့်က အခုအသက် နှစ်ဆယ့်ခုနှစ်နှစ် အရွယ်အထိ နေမြဲတိုင်း ”
အကို့စကားတွေက ရင်ဝကို လာမှန်သည်။ကိုယ့်ကိုယ်ကို မှန်ထဲတွင် ပြန်ကြည့်၍ မြင်ရပုံနှင့် တူနေသည်။သည်တော့ ငြိမ်နေလိုက်သည်။မမအေးက ပြုံးစိစိနှင့် သူ့ကိုကြည့်နေသည်။
“ ဒါဟာ စိုးရိမ်စရာကောင်းတဲ့ အကျင့် ၊ အခြေအနေ အခွင့်အခါကို နားမလည်တက်တဲ့ လူတစ်ယောက်ဖြစ်သွားမှာ စိုးရိမ်ရတယ် ”
“ မဟုတ်ဘူး ” ဟု စိတ်ထဲမှာ ယတိပြတ်ငြင်းပစ်လိုက်သည်။
“ ယောကျာ်းလေးပဲ ကိုထွေးရယ် ပွင့်လင်းရဲရမှာပေါ့ ၊ ပွင့်လင်းလို့ မှားတာဖြစ်ဖြစ် မှန်တာဖြစ်ဖြစ် တာဝန်ယူရဲရမှာပေါ့ ၊ မမအေးတော့ အဲ့သလို မြင်တယ် ”
‘ ပွင့်လင်းချင်တာပေါ့ ၊ တာဝန်ယူရဲတာပေါ့ မမအေးရော အကိုရော ကျွန်တော့်ကို နားမှမလည်ကြတာ ‘ ဟု စိတ်ထဲကနေ ငြင်းပစ်လိုက်သည်။
“ ဒီနေ့ ပြောမှဖြစ်မယ့်စကားကို ဒီနေ့မှာပဲ ပြောဖြစ်အောင်ပြောဖို့ ၊မနက်ဖြန်ကျမှ ပြောသင့်တဲ့စကားကို ဒီနေ့မှာ မပြောမိအောင်ဆိုင်းဖို့ ချိန်တက်ရမယ် ကိုထွေး ၊ မြုံလွန်းတဲ့ ဓလေ့ကို ကိုထွေးစွန့်ပစ်သင့်ပြီထင်တယ် ”
‘ ခုတော့ ဆက်မမြုံလို့ မရတော့ဘူးဆိုတာ အစ်ကိုသိဖို့ ကောင်းတယ် ‘ ဟု ရင်ထဲမှာ ဆင်ခြေတက်မိသည်။ တစ်ပြိုင်နက်တည်း အသံမှန်အောင် ထိန်းကာ “ ကျွန်တော် အိပ်ရေးတွေပျက်လို့ ဒီညစောစော အိပ်ချင်တယ် ” ဟု ပြောရင်း ထလိုက်သည်။ ကိုလတ်တို့နှစ်ယောက် ခေါင်းညိတ်ပြသည်။အိပ်ခန်းဝသို့ အရောက်တွင် “ ဟိုနေ့က အမွန် လာတာတောင် ကိုထွေးရဲ့ အဲ့ဒီ အလေ့အထတွေ ပြောပြမိသေးတယ် ” ဟူသော မမအေး အသံကို ကြားလိုက်ရသည်။
*************
ခြင်ထောင်အမိုးတွင် အမွန့်မျက်နှာကို မြင်ရသည်။ခေါင်းထဲတွင် ထွေးရှုပ်လာသည်။ရင်ထဲတွင် ပူလောင်နေသည် ထင်ရသည်။စိတ်ထဲမှာ အလုးလူးအလိမ့်လိမ့် ။ မကွဲပြားသော ဝေဒနာတွေ ဆင့်ကဲ ပေါက်ကွဲလာသည်။
“ ကိုထွေးနူတ်ခမ်းက သိပ်လှတာပဲ ၊ တည်ကြည်တဲ့သဘော ဆုံးဖြတ်တာကို မဖြစ်မနေ လုပ်မယ့်သဘောတွေကို ကိုထွေးနူတ်ခမ်းမှာ တွေ့နေရတယ် ရှင့် ” ဟု အမွန် ဆိုခဲ့သော သူ့ကို နူတ်ခမ်းကို မီးရှို့ပစ်ချင်စိတ်ပေါက်လာသည်။
ဂါထာမန္တယားတစ်ထောင် စုတ်ပြီး ကုမ္ဘဏ်တစ်ကုဋေဖွင့်မှ ပွင့်မည့် ဂမ္ဘီရလိုဏ်ဂူကြ်ီးထက် အဖွင့်ရခက်ခဲသော သူ့နှလုံးသားကို ခုတော့ မကျေမနပ် ဖြစ်ရသည်။မိုးလွန်ခဲ့သည်ကို မသိခဲ့လျက် ခုမှ ထွန်ချဖို့ ကြံရွယ်ခဲ့သော အခိုက်မျိုး ၊ ပြီးတော့ အရာရာကို အပြစ်တင်လိုက်ချင်ပြန်သည်။ကျန်ခဲ့တဲ့ ဆယ်ခုနှစ်လောက်က ဆုံစည်းခဲ့ပါတော့လား ၊ ဆယ်နှစ် မဟုတ်တောင်မှ ကိုးနှစ် ၊ ရှစ်နှစ် ၊ ခုနစ်နှစ် ထားပါတော့ လွန်ခဲ့တဲ့ ခြောက်နှစ်လောက် ဖြစ်ဖြစ် ။ ဒီတုန်းကဆိုရင် သူ့အသက် နှစ်ဆယ့်တစ်နှစ် အမွန့်အသက် တစ်ဆယ့်ခုနစ်နှစ် ၊ ဘာလို့ မတွေ့ မိခဲ့ကြပါလိမ့် ။
ကြုံကြိုက်မယ့် ကြုံကြိုက်တော့ အခုကျမှ ၊ ရင်ကွဲနာ စွဲရမယ့် အခုလို အခါမျိုးမှ ၊ ကျောင်းကိုရောက်လာပုံကိုက မဟုတ်သေးပါဘူး ။သူက ပထမနှစ် ၊ ကိုယ်က ဒုတိယနှစ် ဘာသာရပ်ချင်းကလည်း ကွဲဖြစ်အောင် ကွဲလိုက်သေးသည်။ သူက ဒဿနိက ၊ ကိုယ်က ရုက္ခဗေဒ ဌာနချင်း အရှေ့နှင့် အနောက် တွေ့ဖြစ်ဖို့ မလွယ်လိုက်တာ ။
ယ်။ ဒီတော့ အမွန်နဲ့ သိရတာ သုံးနှစ်တည်း ။ ကာလတွေ ဘာတွေ ထည့်ပြောဖို့ မလိုပါဘူးလေ ။ ညိုညိုတို့ဆိုရင် သိကျွမ်းပြီး သုံးလလားကြာတယ် ၊ ချစ်သူဘဝ ရောက်ကြရော ။လက်ထက်ကြမယ်တဲ့ ။ ကိုယ်ကိုက သတ္တိမရှိလွန်းတာ ။
အမွန့်ကို တွေ့လိုက်ရရင် က္ကနြေ္ဒကြီးတဲ့ ဆရာမကြီး ရှေ့ ရောက်သွားတဲ့ ကျောင်းသားပေါက်စလို စကားမှားလားမှားရဲ့ စကားထစ်လားထစ်ရဲ့ ။အမွန်က စိုက်ပြီးကြည့်တဲ့အခါတိုင်း မျက်လုံးချင်းမှ ရဲရဲ မဆိုင်ဝံ့တာ ။ အမွန့်ကို ကြောက်တာတော့ မဟုတ်ဘူး ။ချစ်တာရော ၊ ခင်တာရော ၊ လေးစားတာရော ၊ မြတ်နိုးတာရော စုံနေလို့ထင်ရဲ့ ။လေးစားတာနဲ့ မြတ်နိုးတာက အာစေးမိထားသလို ဖြစ်စေတယ်နဲ့ တူရဲ့။
အဆုံးမထင်တဲ့ မေးခွန်းတွေ ၊ အတွေးတွေ ဖြာတော့မယ်လို့ စိတ်တင်းထားလေတဲ့ နေ့ကျတော့ သြစတြေးလျကိုတဲ့။ရေခြားမြေခြားနေကြရတော့မှာက တစ်သက်လုံး ၊ တစ်ဘဝလုံး ၊ ထာဝရ ။ဒီသံသရာမှာ ဘယ်ပုံ ဘယ်နည်းနဲ့မှ မဆုံကြတော့မယ့် ဘဝ ။ အမြဲ ခွဲရတော့မယ့် ဘဝ၊ နှစ်ယောက်စလုံး အသက်ရှင်လျက်နေကြပါလျက်နဲ့ သေကွဲကွဲပြီး ခွဲကြရတဲ့ ခွဲခွာလိုက်ရပုံမျိုး။
ခုမှ ဘာလို့ ပြောတော့မလဲ ။နူတ်ခမ်းကို ပိတ်ထားတော့ ။သော့အထပ်ထပ်ခတ်ပြီး ပိတ်ပစ်လိုက်တော့ ။ ဒါပဲ တွေးမိသည်။
အလင်းရောင်ကို မျက်စိက မခံနိုင် ။စာကြည့်မီးတိုင်ကို လှမ်းပိတ်ပစ်လိုက်သည်။မှောင်ထဲတွင်နေရသည်ကို လွတ်လပ်သည်ဟု ထင်ရသည်။တိတ်ဆိတ်ခြင်းကို သဘောကျလာသည်။ဆောင်းအအေးကို မမှုတော့ ။စိတ်ထဲက နေပြီး အမွန့်ကို စကားတွေ အများကြီး ပြောခွင့်ရနေသမျှ ကာလပတ်လုံး အရာရာကို မေ့သွားမည်ပေါ့ ။
*************
( ၃ )
လအထွက် နောက်ကျသည်။အရှေ့ဘက်က သစ်ပင်တွေ ကွယ်နေသောကြောင့် လရောင် အရောက်နောက်ကျသည်။အမှတ်တွင် စိတ်တွေ ပြန့်ကျဲနေသည်။စကားတွေ ပြတ်တိ ပြတ်တောင်း ၊ အထုံးအဆက်တွေ များလွန်းသော ကြိုးနှယ်။
စိတ်ကူးပေါ်လာလျှင် ပြောလိုက်ကြသည်က တစ်ခွန်းစ ၊ နှစ်ခွန်းစ ၊ ထို့နောက် ဟိုငေး သည်ငေး ။ညိုညိုတို့ အိမ်ဘက်က စကားပြောသံတွေ အာရုံတွင်ပေါ်လာသောအခါ ပေါ်လာတက်သည်။သီချင်းသံကို ခပ်တိုးတိုး ကြားချင်ကြားရတက်သည်။တစ်ခါတစ်ရံ ခပ်လှမ်းလှမ်းရှိ ကညင်ပင်ကြီးဆီမှ သစ်ရွက်ခက်သံတွေ ကြားချင်ကြားရတက်သည်။ဆောက်တည်ရာ မရှိသော စိတ်၏ ခြေဦးတည့်ရာကသာ အာရုံရောက်ရာ။အနေရ အထိုင်ရ မကျဉ်းကျပ်ရအောင် စီစဉ်ပေးသော ညိုညိုကို ကျေးဇူးတင်မိသည်။
မနက်ဖြန်တွင် ကျင်းပမည့် ညိုညိုနှင့် ကိုကြည်လွင်တို့ လက်ထပ်ပွဲအတွက် ပြင်ဆင်နေကြသဖြင့် ညိုညိုတို့ အိမ်တွင် ဧည့်ပရိတ်သက်များလှသည်။ထိုအိမ်နှင့် ခေါင်းရင်းဘက် နှစ်အိမ်ကျော်ရှိ ညိုညို့ ညီမဝမ်းကွဲ အိမ်ရှေ့သို့ သူတို့နှစ်ယောက်ကို ပို့ထားသည်။
အိမ်ရှေ့ ခြံကြီးထဲတွင် စားပွဲတစ်လုံး ၊ကုလားထိုင်နှစ်လုံးချပေးသည်။စားပွဲပေါ်တွင် လက်ဖက်ရည်ကြမ်းအိုး အစုံနင့် မုန့်အချိုတစ်ပွဲ ဒူးယားအစီခံ နှစ်ဆယ်ဝင်တစ်ဗူး။စားပွဲအောက်အဆင့်တွင် မဖွင့်ရသေးသော ရမ်အကြီးတစ်လုံး ၊ ဖန်ခွက်တစ်လုံး ၊ ရေခဲတစ်ပန်းကန် ၊ ဆိုဒါလေးလုံး။
“ ကိုကြည်လွင်က အရက်ပုလင်းထုတ်ပေးတာ ကိုက သောက်မယ်လို့ ပြောထားလို့လား ”
သရက်ကိုင်းပေါ်မှ တွဲလွဲကျနေသော ပွင့်တံခြွေပြီးခါစ လက်တံရှည်ပန်းပင်ကို ငေးကြည့်ရင်း ခေါင်းညိတ်ပြလိုက်သည်။
“ ခုကော သောက်မလား ၊ သောက်ရင် အမွန်ထည့်ပေးမယ် ”
“ အမွန်က အရက်မသောက်ရဘူးဆို ၊ စောစောတုန်းက သောက်မယ်လုပ်တော့တစ်မျိုး ခုတစ်မျိုး ”
အမွန့်ကို စောင်းငဲ့ကြည့်လိုက်သည်။နူတ်ခမ်းကို မဲ့၍ပြုံးကြည့်နေသည်။
“ ဘယ်တော့မှ မသောက်ပါနဲ့ ကိုရာ ၊ အမွန်က စေတနာနဲ့ ပြောတာပါ ၊ ကိုက အမွန်ပြောရင် နားထောင်မှာပါ ဟုတ်တယ်နော် ”
အမွန့်စကားကို သဘောကျ၍ တိုးတိုးရယ်လိုက်သည်။
“ ဒီညမှာ အရက်သောက်မယ်လို့ ဘာလို့ပြောခဲ့တာလဲဟင် ၊ ကို့မှာစိတ်ညစ်စရာ ရှိလို့လား ”
သူ့ကိုယ်ပွားတစ်မျှဖြစ်နေသော အမွန်တစ်ယောက်က သူစိမ်းမေးပုံမျိုး မေးတော့ မခံချင်စိတ်ပေါ်လာသည်။
“ စိတ်ညစ်လို့ မဟုတ်ဘူး ။ စိတ်ညစ်စရာဆိုလို့ နှမ်းစေ့တစ်စေ့တောင်မရှိဘူး ၊ပျော်လို့သိလား ပျော်လွန်းလို့ အမွန် ”
အငေါ်တူးလိုက်သော အဖြေမှန်း အမွန်သိလိုက်သည်။ညိုးကျသွားသော မျက်နှာကို ချက်ချင်းပင် က္ကနြေ္ဒဆည်လိုက်သည်။ရယ်ရွှန်းဖွဲ့သော စကားဖြင့် စိတ်ဖြေပေးရန် စိတ်ကူးရသည်။
“ ညိုညို့အတွက်တင် ဘယ်ကမလဲ ၊ ကျွန်တော့်အတွက်ပါ ကျွန်တော်တွေးပြီးပျော်ရတာပေါ့ အမွန်ရာ ၊ ကျွန်တော့်မှာလည်း သူများတွေမသိတဲ့ ပျော်စရာ အကြောင်းတွေ ရှိတယ်မိုလား ”
အမွန်သည် မျက်လုံးအဝိုင်းသားနှင့် သူ့ကိုကြည့်နေသည်။မသဲကွဲသော အတွေးမျိုး တွေးမိပုံပေါ်သည်။သူ့စကားကို ဇဝေဇဝါ ဖြစ်နေဟန်ရှိသည်။နူတ်ခမ်းမပွင့် တပွင့် ။
“ သူများတွေ မသိတဲ့ ပျော်စရာ အကြောင်းဆိုတော့ ၊ အမွန်တောင်မှ မသိခဲ့ဘူးပေါ့ ဟုတ်လား ”
“ သိပ် ဟုတ်တာပေါ့ ”
“ ဘာပါလိမ့် မသိရဘူလား ကို ”
ဆေးလိပ်တိုကို မီးခိုးမှုတ်ထုတ်ကာ မျက်နှာကို မော့ထားပြီ့း့ 
“ ကျွန်တော်လည်း ညိုညိုတို့လို တစ်အိုးတစ်အိမ် ထောင်တော့မလို့  ”
အမွန်မျက်နှာ ပြောင်းသွားသည်။အံ့အားတသင့် မေးမိဟန်တူသည်။
“ အမျိုးသမီးက ဘယ်ကလဲ့ ဘယ်သူလဲ ဟင့့် ကို ”
နောက်မှီ၍ ထိုင်နေသော အမွန်ကိုယ်သည် ရှေ့သို့နည်းနည်းတိုးလာသည်။စားပွဲအစွန်းကို ဘယ်လက်ဝါးဖြင့် လှမ်းထောက်ထားသည်။လရောင်သည် သူ့မျက်နှာပေါ်သို့ လာ၍ ထင်လေ၏။အမွန့်လက်ရာ ပါးပြင်ပေါ်တွင် အရိပ်ကျသွားသည်။
သူ မဖြေတော့ အမွန်ထပ်မေးသည်။
“ ဌာနကပဲလား ”
သူ့မျက်လုံးသည် ခြံဝက ပင်လယ်ကဗွီးရွက်တွေဆီမှာ ။
“ ဘာဖြစ်လို့လဲ အမွန် ”
“ ဌာနမှာ အလှတွေချည်းမဟုတ်လား ၊ အဲ့ဒီ အလှတွေထဲက တစ်ယောက်ယောက်က ကို့ကို ပြုစားလိုက်မှာပေါ့ ၊ ကိုကလည်း စကားတက်တာနဲ့ ဆိုတော့ အနေနီးတဲ့ ဆီကပဲ ဖြစ်မှာပါ ၊ ဟုတ်တယ် မဟုတ်လား ”
အားရပါးရ ရယ်ပစ်လိုကချင်သည်။
“ ပြုစားရအောင် သူတို့က စုန်းမတွေမှ မဟုတ်ဘဲ ၊ ကျွန်တော်စကားတက်တယ်ဆိုတာက ဟုတ်မှမဟုတ်တာ ၊ အနေနီးတာနဲ့ ဒီလိုတွေးတယ်ဆိုတာလည်း မဟုတ်သေးဘူး ”
“ ကဲ ဆိုပါတော့ ၊ ခုလို လသာတဲ့အခါ အမွန်လမ်လျှောက်ဖူးတယ် မဟုတ်လား ၊ ဖိုးလမင်းကြီးက ကိုယ်နဲ့အဝေးကြီးရယ် ၊ ဒါပေမယ့် ကိုယ်သွားလေရာကို ဖိုးလမင်းကြီးက ကိုယ်နဲ့ ထပ်ကြပ်မကွာ လိုက်လာတာပါပဲ မဟုတ်လား ၊ အရှေ့သွားသွား အနောက်သွားသွား ”
အမွန်သည် ပြုံးပြကာ ခေါင်းညိတ်သည်။ သူစကား မဆက်တော့၍ နားမလည်သလို နားလည်သလိုနှင့် ဆက်ပြောမည့်စကားကို နားစိုက်ထားသည်။အတော်ကြာသည်အထိ သူနူတ်ခမ်းမလှုပ်။သည်တော့ မေးရသည်။
“ အဲ့ဒီတော့ ကို့ သတို့သမီးက ဘယ်သူလဲ ကို ”
“ အို့ ဘယ်ကလဲ ကျွန်တော့်သတို့သမီးရှိရမှာလဲ ”
ထောက်ထားသော လက်ကို ရုတ်လိုက်သည်။ကုလားထိုင်နောက်မှီနှင့် ကျောကပ်လိုက်သည်။လက်ပိုက်လိုက်သည်။ နူတ်ခမ်းကို မဲ့ယောင်ပြုထားသည်။သူ့ကို မျက်စောင်းနဲ့ ကြည့်သည်။
“ ဒါနဲ့ ခုနတုန်းကတော့ ညိုညိုတို့လို တစ်အိုးတစ်အိမ်ထောင်မလို့ဆို ”
“ ဟုတ်တယ်လေ ”
“ ဟော့ လုပ်ပြန်ပြီ အမွန်တော့ နားရှုပ်လာပြီ ”
“ ရှင်းရှင်းလေးပါ ညိုညိုတို့လို တစ်အိုးတစ်အိမ်ထောင်မလို့ စိတ်ကုးပြီး ပျော်နေတာ ပြောတဲ့ဥစ္စာ ”
“ အဲ့ဒါကြောင့် မေးတာပေါ့ သတို့သမီးကောလို့ ”
“ အော် အမွန်ရယ် စိတ်ကူးရုံကူးမိသေးတာ ဘယ်မှာသတို့သမီးရှိဦးမှာတဲ့လဲ ”
နူတ်ခမ်းကို လက်ချောင်းလေးတွေနှင့် ကွယ်၍ ရယ်နေသည်။နှလုံးကြည်လင်သော ရယ်သံ ၊ အကြောင့်ကြကင်းသောရယ်သံ ၊ ထိုရယ်သံသည် သူ့စိတ်ဝမ်း ငြိမ်းချမ်းစေချင်သည်မှာ အမှန်တကယ် ၊ တစ်ရံမလပ် ကြားနေချင်သော ရယ်သံလွင်လွင် ။
သို့သော် ရှေ့ကိုတွေးကြည့်တော့ ပျပျမြင်နေရသော လမ်းခွဲတစ်ခု ၊ ထိုလမ်းခွဲကို မျှော်မကြည့်ဖြစ်အောင် စိတ်လွှဲသည်။ မလွှဲလွှဲအောင် ကောက်ကာငင်ကာ စကားဖြင့်ကုရသည်။
“ သင်္ကြန်တုန်းက အမွန့်ကို ရေလောင်းရတာ အားမရသေးဘူး ”
အမွန်က မျက်ခုံးပင့်ကာ ပြန်ပြောသည်။
“ ဒါဖြင့် အခုလောင်းလေ ”
“ ရေတွေ စိုကုန်မှာပေါ့ ”
“ သင်္ကြန်ရေ လောင်းချင်တဲ့သူက လောင်းလို့စိုကုန်တော့ ဘာဖြစ်မှာလဲ ကိုရဲ့ ”
“ အခုအချိန် ရေစိုရင် အအေးမိသွားမှာပေါ့ ”
“ အအေးမိတော့ကော ”
“ အအေးမိတော့ နေမကောင်းဖြစ်မှာပေါ့ ”
“ နေမကောင်းတော့ကော ”
“ နေမကောင်းတော့ ရောဂါရမှာပေါ့ အမွန်ရဲ့ ”
အမွန်က ခေါင်းခါသည်။
“ နေမကောင်းတာ ကြာတော့ သေသွားမှာပေါ့လို့ ကို ပြောရမှာ ”
ရင်ထဲတွင် နင့်ခနဲ ခံစားလိုက်ရသည်။သိသိသာသာ မျက်နှာပျက်သွားမှန်း ကိုယ့်ကိုယ်ကို သတိပြုမိလိုက်သည်။ကြိုတင်သိရလျင် ထိုစကားကို မပြောဘဲ ထားလိုက်ချင်သည်။သူ မည်သို့ ခံစားရမည်ကို အမွန် မှန်းဆမိဟန်ရှိသည်။အရွှင်လန်းဆုံး မျက်နှာပြင်ပြီး စိတ်ပြောင်းရန် ကြိုးစားသည်။
“ သြော့့် သင်္ကြန်အကျနေ့က ကို့ကို ပေးလိုက်တဲ့ ပိတောက်နှစ်ခက်ကော သိမ်းထားတယ်မိုလား ကို”
သူခေါင်းညိတ်လိုက်သည်။ ဆေးလိပ်ကို ကုန်အောင်ဖွာပြီးနောက် တစ်လိပ်မီးညှိလိုက်သည်။နွမ်းနယ်သောစိတ်ကို စိမ်းဖန့်ဖန့် သစ်ရွက်ပေါ် တင်ထားလိုက် ၊ မြက်ခင်းပြင်ပေါ် ချထားလိုက် ၊ လရောင်ထဲတွင် ဖြန့်ချထားလိုက်နှင့် ပင်ပန်းလှချေ၏။
“ ကို ဆေးလိပ်သောက်တာ သိပ်များနေပြီ ”
တစ်ချက်မျှ ငဲ့ကြည့်ပြီး မလှုပ်မယှက်နေလိုက်သည်။
“ ကိုက အမွန့် ကွယ်ရာမှာ နေချင်သလို နေမှာပါ ၊ အမွန့်ရှေ့မှာသာ ခေါင်းညိတ်ပြီး ကွယ်ရာကျရင် ထင်သလို နေမှာပါပဲ ၊ အမွန်လိုက်မြင်နေရတာ မှတ်လို့ ”
သက်ပြင်းချမိသည်။ ဤစကားကို ဧကန်ငြင်းရလိမ့်မည်။
“ ကိုယ်သွားလိုရာကို အမြဲတမ်းလိုက်နေတဲ့ ဖိုးလမင်းကြီးလိုပါ အမွန်ရာ ၊ ကျွန်တော့်မှာ အမွန်ကွယ်ရာရယ် ၊ အမွန့်ရှေ့ ရယ်လို့ မရှိပါဘူး ၊ ဖိုးလမင်းကြီးလိုပဲပေါ့ ဘယ်နေရာ ဘယ်အခါ ဖြစ်ဖြစ် ကျွန်တော့်ရှေ့မှာ ဘေးမှာ နောက်မှာ အမွန်အမြဲရှိနေတယ်။ကြည့်နေတယ်လို့ သိနေတယ်လေ။ ဒီတော့ အမွန့် ကွယ်ရာရယ်လို့ ဘယ်မှာ ရှိနိုင်တော့မလဲ ”
အမွန့်မျက်နှာပေါ်တွင် လရောင်က ရုတ်တရက် ဖယ်သွားသည်။ဆံကေခိုင်ပြေပြေ အထုံးတွင် လရောင် ငြိနေသည်။
လက်မအဖျားကို ဖွဖွကိုက်ထားသော မျက်နှာကို ဝှက်ထားသည်။အနှောက်အသွား လွတ်သင့်သလောက်လွတ်ရန် စကားပြင်ပြောမည်ဟု ကြံဆဲတွင် ကိုကြည်လွင် ရောက်လာသောကြောင့် ခက်ရသည်။ကိုကြည်လွင်က လိမ္မော်ရည် နှစ်ပုလင်း လာပို့သည်။
“ ဒီမယ် ကိုထွေး ကိုထွေးသိပ်ကြိုက်တဲ့ စန္ဒယားချစ်ဆွေ သီချင်းချည်းပါတဲ့ တိတ်ခွေကို ဖွင့်တော့မယ်။လိမ္မော်ရည်သောက်ရင်း နားထောင်ပေါ့ ၊ ချစ်ရေးခက်ခက်ရော ချစ်ရက်ကယ်နှောင်းရော အကုန်ပါတယ် ”
သူထွက်သွားတော့ အမွန်မျက်နှာချင်းဆိုင်သည်။
“ အမွန် အိမ်ပြန်ဖို့ အခ်ျိန် လိုပါသေးတယ်နော် ”
ခေါင်းကို အသာအယာ ညိတ်ပြရင်းနှင့်
“ စောစော ပြန်စေချင်လို့ မေးတာ မဟုတ်ပါဘူးနော် ”
တိုးတိုး ရယ်မိသည်။
“ အမွန်က ရန်စကား အမြဲပဲ ပြောတယ် ”
အမွန် ပြုံးနေသည်။
********
( ၄ )
ဘာသာရပ်ထဲ၌ စိတ်ကို နှစ်ထားဆဲတွင် ခဏသက်သာရာ ရသည်ထင်၏။ ဖြတ်သားတစ်ချို့ကို ဖယောင်းကြွေးထားပြီး တစ်ချို့ကို အနုဖြတ်စက်ဖြင့် ဖြတ်သားချလိုက်သည်။တချို့မှာ မှန်ချက်ပြားပေါ်တွင် အသင့်ရှိပြီး မန်ကရောက်လာသော ပင်စည်တချို့ကို အပုတ်ထိန်း ချဉ်ရည်အက်စစ်တွင် စိမ်ထားလိုက်သည်။
အပင် ခန္ဓာဗေဒနှင့် စပ်လျဉ်း၍ ဆရာစီစဉ်ပေးထားသည့်အတိုင်း ဆောင်ရွက်ရသည်။ဆရာသည် တိကျသော စေ့စပ်သေချာသော သူ့ကို ယုံကြည်စိတ်ချသဖြင့် ဤလုပ်ငန်းကို ဆောင်ရွက်စေခြင်း ဖြစ်ဟန်တူသည်။
စာတွေ့ လက်တွေ့ အတွေ့အကြုံကြွယ်ဝသော ဆရာ၏ သုတေသန လုပ်ငန်းတွင် ပူးတွဲဆောင်ရွက်ခွင့် ရခြင်းသည် စာသင်ခန်းထဲတွင် လေးနှစ်တိုင်တိုင် နေခဲ့ရသည်ထက် တန်ဖိုးရှိသည်ဟု ယူဆသည်။ထို့ကြောင့် လုပ်ငန်းခွင်တွင် မတိမ်းမစောင်းရအောင် သတိထားရသည်။ကြာတော့ ကျင့်သားရလာသည်။ညလုံးပေါက် မအိပ်မနေ သုတေသန ပြုသောအခါတွင် မျက်လုံးစင်းချင်စင်းမည်။အမှားအယွင်း ကင်းလာသည်။
“ ဟေ့လူ ကိုထွေး ၊ မနေ့ညကလည်း တစ်ညလုံး မအိပ်ဘူး ၊ ခုလည်း မနားသေးဘူးဆိုတော့ ခင်ဗျား ဥစ္စာ မလွန်လွန်းဘူးလားဗျာ ”
မိတ်ဆွေ သရုတ်ပြဆရာက ပြောသည်။အသံကျက်မိသဖြင့် မည်သူမှန်းသိ၍ လှည့်မကြည့်ဘဲ သူဖြေလိုက်သည်။
“ အထင်တော့ မကြီးလိုက်ပါနဲ့ဗျာ ၊ သိပ်တော် သိပ်တက်လွန်းလို့ ကြိုးစားနေတယ် မထင်နဲ့နော်၊ တစ်လောကလုံးကို မေ့ထားချင်လို့ လုပ်ငန်းထဲမှာ အာရုံစိုက်ပစ်တာ ၊ ပုတီးစိပ်သလိုပေါ့ဗျာ ”
သူဖြေပုံကြောင့် သရုတ်ပြဆရာက ရယ်လိုက်သည်။
“ ကိုထွေးတောင်မှ တလောကလုံးကို မေ့ထားချင်ပြီ ဘာညာနဲ့ ဖြစ်လာပြီကိုး ”
အဏုကြည့် မှန်ပြောင်းတစ်လက်နှင့် အလုပ်ရှုပ်နေသော ဆရာမတစ်ဦးက ဝင်ပြောသည်။ဆရာမစကားကြောင့် မဟာသိပ္ပံတန်းတက်နေသူ ကျောင်းနေဖက် အမျိုးသမီးတစ်ဦးက ခပ်တိုးတိုးရယ်လိုက်သည်။
“ ဒါပေါ့ ဆရာရယ် လူဆိုတာ စိတ်ညစ်စရာတွေ ဝိုင်းရံထားတဲ့ သတ္တဝါကိုး ၊ ဒီတော့ ကျွန်တော်ဆိုတဲ့ ငထွေးကလည်း ဘာသားနဲ့ ထုထားတာမှတ်လို့ ၊ စိတ်ညစ်စရာ ဆိုတာ ထွက်သက်နဲ့ ဝင်သက်ကြားမှာ ကုဋေတစ်သိန်း ဖြစ်ပျက်ချုပ်တယ်လို့ ပြောကြတာပါပဲ”
ကိုထွေးက ရယ်ပွဲ ဖွဲ့ပစ်သလိုနှင့်ပြောသည်။
သူ့နောက်ဘက်ရှိ စားပွဲတစ်လုံးတွင် အစာကြောနှင့် ရေကြောကို ခွဲခြားရှာဖွေနေသူ ကျောင်းနေဖက်က တစ်ခွန်းဝင်ပြောသည်။
“ ခင်ဗျားဆီ မကြာခဏလာနေတဲ့ အမွန်ဆိုတဲ့ ခလေးမလေးကတော့ လူတစ်ဖက်သားကို စိတ်ညစ်အောင် လုပ်တက်တဲ့ လက္ခဏာတော့ မရှိဘူးလို့ ကျွန်တော်ထင်တယ် ”
“ ဟာ မဟုတ်တာဗျာ အမွန်နဲ့ ကျွန်တော်က ရိုးရိုးပါ ”
ပျာပျာသလဲ ပြောလိုက်ပုံကြောင့် ဓာတ်ခွဲခန်းထဲတွင် ရယ်သံကျဲကျဲ ပေါ်လာသည်။
“ အမွန့်ကို ကျမတွေ့ဖူးတယ် ၊တော်တော် ကျက်သရေရှိတဲ့ အမျိုးသမီးလေးပဲ ”
ကျောင်းနေဖက်စကားကို မကြားယောက် ပြုနေလိုက်သည်။
“ ကိုထွေးထက် အရပ်နည်းနည်းနိမ့်သွားတာက လွဲလို့ ဘာမှ ပြောစရာမရှိဘူး ” ဟု အနုကြည့် မှန်ဘီလုးတွင် မျက်စိတစ်ဖက်မှိတ်၍ ချိန်သားကိုက်နေသော ဆရာမက တစ်ခွန်းဝင်ပြောသည်။
“ နောက်တစ်လ တစ်လခွဲဆို ဝါကျွတ်တော့မှာပါလား ၊ ကျွန်တော်တို့လို အိမ်ထောင်သည်တွေအတွက်တော့ မလိုပါဘူးလေ ၊ လုလွတ်တွေ ဆိုရင်တော့ ဓာတ်ခွဲခန်းထဲချည်း နေရင်တော့ ဘယ်စိုပြေနိုင်တော့မလဲ ”
ဓာတုဗေဒ ဆေးပုလင်းတွေနှင့် အလုပ်ရှုပ်နေသော သရုပ်ပြဆရာမက အရွှန်းဖောက်သည်။ရယ်သံတွေထွက်လာသည်။ရယ်သံမစဲမီ ဆင်နားရွက်တံခါး တွန်းဖွင့်သံ ကြားရသည်။နည်းပြဆရာမတစ်ယောက်။
“ ကိုထွေး တယ်လီဖုန်းလာနေတယ် ”
ပျော်စပြုနေသော ဖယောင်းရည်ထည့်ရာ စက္ကူခွက်ကို ချလိုက်ရသည်။
“ ဟုတ်ကဲ့ ” ဟု ဆရာမကို လှည့်ပြောလိုက်သည်။
စိတ်ထဲတွင် အမွန်ဆက်တာ ဖြစ်မှာပဲ ဟု တွေးမိသည်။
*********
(တတိယပိုင်းဆက်ရန်)
#Typing_Credit_ZawOo
#Photo_ကိုမင်းကိုနိုင်
No comments:
Post a Comment