#ပဉ္စမမြောက်ဆောင်းရက်များ
( ပဉ္စမပိုင်း)
#ငြိမ်းကျော်
( ၁၁ )
ညိုညိုသည် နို့စို့နေသော သမီးကို တစ်ချက်ငုံ့ကြည့်ပြီး ပြောလိုက်သည်။
“ သမီး အခုဝတ်ထားတဲ့ အင်္ကျီ င်္က အမွန့်လက်ရာလေ ၊ သူကိုယ်တိုင်ချုပ်တာ ၊မနေ့က လာပေးသွားတာ ၊ အင်္ကျီလေးငါးခြောက်ထည်ရယ် ၊ ကစားစရာတွေရယ် ၊ သမီးခြောက်လပြည့် လက်ဆောင်လာပေးတာတဲ့ ၊ ဒီနေ့တော့ လာမလာ မဆိုနိုင်ဘူး ”
အင်္ကျီလက်ကို ခေါက်တင်ရင်းပြောသည်။
“ ကျွန်တော်နဲ့ မတွေ့တာတော့ လေးငါးရက်ရှိသွားပြီ ၊ ဟိုနေ့က ဌာနကို လာတယ် ”
ညိုညိုက ပြုံး၍ ပြောသည်။
“ သူ့ဖိနပ်တက်နင်းလို့ ပြတ်တဲ့နေ့ကလား ”
ကိုကြည်လွင် ရေနွေးကြမ်းငဲ့ရင်း ရယ်နေသည်။
“ မြတ်နိုးတဲ့ သဘောတွေပေါ့လေ ”
ကိုကြည်လွင်က မျက်နှာထားတည်တည်နှင့် နောက်သည်။ပြန်မပြောဘဲ ငြိမ်နေလိုက်သည်။ညိုညိုတို့နှစ်ယောက် ပြောစရာစကားမရှိသေးလို့လား ၊ စဉ်းစားနေ၍လားမသိ ၊ အတန်ကြာငြိမ်နေကြသည်။ကိုထွေးက လက်ဖက်ရည် အကြမ်းပန်းကန်ကို ယူသောက်ရင်း အိမ်ရှေ့ဘက်သို့ ငေးကြည့်နေ၏။
“ အမွန်တို့ သွားဖို့နီးပြီတဲ့ ကိုထွေး ”
နင့်ခနဲ ခံစားလိုက်ရသည်။ခေါင်းကိုသာ ညိတ်ပြကာ ညိုညိုကို ကြည့်လိုက်သည်။
“ သူတို့အဒေါ်က အမွန်တို့ နေဖို့ထိုင်ဖို့ နေရာထိုင်ခင်းတွေ ဝယ်ပြုလို့တောင် ပြီးကြပြီတဲ့ ၊မနေ့ညက ညို့ကို ပြောသွားတယ် ”
“ အင်း ”
“ အမွန်တို့ နေမှာ ကင်ဘာရာမှာတဲ့ ”
“ သြော် ဟုတ်လား ”
“ ဒီဇင်ဘာ ဇန်နဝါရီလောက်နောက်အကျဆုံး သွားရလိမ့်မယ် ထင်တယ်ဗျ ”
“ အင်း အင်း ”
“ နောက် သုံးလေးလပဲ လိုတော့တာပေါ့နော် ”
ညိုညိုသည် တစ်ယောက်တည်း ညည်းတွားသလို ပြောသည်။ညိုညို့စကားနောက်ပိုင်းတွင် စကားဝိုင်းဖြစ်မလာတော့ ။ ကိုကြည်လွင်က ကုလားထိုင်နောက်မှီတွင် ဇက်မှီကာ မျက်နှာကြက်ကိုကြည့်နေသည်။ကိုထွေး၏ မျက်လုံးအစုံသည် အိမ်ရှေ့သို့သာ ရောက်နေသော်လည်း ဘာကိုမျှရေရေရာရာ ကြည့်နေပုံမရှိ။
မည်မျှကြာသွားသည်မသိ ညိုညိုသည် အိပ်ပျော်သွားသော သမီးကို အသာပွေ့၍ အိပ်ခန်းအတွင်းသို့ ဝင်သွားပြီး ကလေးကို သိပ်ခဲ့သည်။
ညိုညိုပြန်ထွက်လာချိန်တွင် အပြင်၌ အမှောင်ပျိုးလျက်ရှိသည်။ညိုညိုက မီးချောင်းခလုတ်ကို ဖွင့်သည်။မျက်တောင်တစ်ချက်နှစ်ချက်ခတ်ပြီး မီးချောင်းလင်းလာသည်။သည်တော့မှ ကိုကြည်လွင်က အနေအထားပြင်ပြီးထိုင်သည်။ကုလားထိုင်နှင့် နောက်ကျောကပ်ထားပြီး နံရံနှင့် ခေါင်းကိုထိထားသော ကိုထွေးက ခေါင်းငိုက်လိုက်သည်။
“ ကျွန်တော့်ကို ကိုထွေးစိတ်ဆိုးချင်လည်းဆိုးတော့ ၊ ကျွန်တော်က ကိုထွေးလိုမြုံမထားတက်ဘူး ၊ ပြောစရာရှိတာ ပြောရမှာပဲ ”
ခဏကြာတော့ စကားဆက်သည်။
“ ခင်ဗျား အမွန့်ကို နှိပ်စက်လွန်းတယ်ထင်တယ် ”
ပြင်းထန်သော အပြောကြောင့် ညိုညိုမျက်နှာသည် ကွက်ခနဲ ပျက်သွားသည်။ကိုထွေးထံမှ မျက်လုံးလွှဲပစ်လိုက်သည်။တွက်ဆနားလည်လိုက်သော ကိုထွေးက ချက်ချင်းခေါင်းခါပစ်လိုက်သည်။နုတ်ခမ်းကို စေ့ထားလိုက်သည်။
“ ခင်ဗျား အမွန့်ကို နားလည်သင့်ပါတယ်ဗျာ ”
အံကြိတ်ထားသည်။
“ သစ်ပင်တွေ သစ်ဥသစ်ဖုတွေနားလည်ရုံနဲ့ မဖြစ်ဘူး ၊ လူတွေရဲ့ အကြောင်းတွေကိုလည်း နားလည်အောင် ကြိုးစားရဦးမှာပေါ့ ”
မခံမရပ်နိုင်အောင် ဖြစ်လာ၍လား မသိ ။
“ ကျွန်တော် သိပ်နားလည်တယ် ကိုကြည်လွင် သိပ်ကိုနားလည်တယ် ”
အသံက တော်တော်ကျယ်သွားသည်။အော်လိုက်သံဟုပင် ထင်ရလိုက်၏။ညိုညိုသည် စိုးရိမ်စိတ်ဖြင့် သူ့ကိုကြည့်သည်။ကိုကြည်လွင်က မကျေမနပ် ပြုံးလိုက်သည်။
“ ဒီမယ် ကိုထွေး ”
ကိုကြည်လွင့် ခေါ်သံသည် ရင်ထဲသို့ ဖောက်လာသည် ထင်ရ၏။ ခေါ်သူကို လှည့်မကြည့် ။
“ အမွန်က စပြောတဲ့ ရည်းစားစကားကို ခဗျားနားထောင်ချင်လို့လား ”
ထိုစကားကြောင့် ခေါင်းကို ဆက်ခနဲ ထောင်ထားလိုက်သည်။နူတ်ခမ်းကို သွားဖြင့် ဖိကပ်ထားလိုက်သည်။ရင်တွေခုန်လာသည်။ခေါင်းထဲတွင်ဆူလာသည်။အသက်ရူရ ကျပ်လာသည်ဟုလည်း ထင်ရသည်။
“ မဟုတ်ဘူး ၊ တစ်ခုမှ မဟုတ်ဘူး ၊ ခုမှ ဘာလို့ ကျွန်တော် ပြောရတော့မှာလဲ ၊ အမွန့်ကို ဒုက္ခဝန်ထုပ်ဝန်ပိုးတွေနဲ့ မလွှတ်ချင်ဘူး ၊ လမိုက်ရက်ကျမှ ဗိုင်းငင်လိုက်ရင် ချည်ခင်တွေ ရူပ်ကုန်လိမ့်မယ် ညိုညို ၊ ချုပ်တည်းထားရလွန်းလို့ ရင်တွေ ကွဲထွက်မတက် ခံစားနေရတာကျတော့ ခင်ဗျားတို့ ဘာမှမပြောကြတော့ဘူးတဲ့လား ”
ညိုညိုသည် ကုလားထိုင်လက်တန်းတွင် တံတောင်တင်ပြီး မေးထောက်ကာ သူ့ကိုကြည့်သည်။
“ ဒါဖြင့် လသာတဲ့ ရက်တွေတုန်းက ဘာဖြစ်လို့ ဗိုင်းမငင်ခဲ့တာလဲ ကိုထွေးရယ် ”
သူက ခေါင်းကို တခါခါ ခါသည်။
“ ဗိုင်းငင်မလို့ အပြင်မှာ တိမ်ဖုံးသွားတဲ့နောက် ဘယ်လိုလုပ်ရမလဲ ညိုညို ”
“ ရှင် ”
“ ဟုတ်တယ် ဖွင့်ပြောမယ်ကြံတဲ့နေ့မှ ပြန်မဆုံတမ်းခွဲရမယ်လို့ သိုလိုက်ရတဲ့နောက် ကျွန်တော်အမွန့်ကို စိတ်ဒုက္ခမပေးချင်တော့ဘူး ၊ ဒါပဲလေ ၊ ဒါပဲ ဒါပဲ ”
ကိုကြည်လွင်သည် ကိုယ်ကို ရှေ့ကိုတိုး၍ မျက်လုံးအဝိုင်းသားနှင့်ကြည့်သည်။
“ ဟုတ်တယ် ဖွင့်ပြောမယ်ကြံတဲ့နေ့မှ ပြန်မဆုံတမ်းခွဲရမယ်လို့ သိုလိုက်ရတဲ့နောက် ကျွန်တော်အမွန့်ကို စိတ်ဒုက္ခမပေးချင်တော့ဘူး ၊ ဒါပဲလေ ၊ ဒါပဲ ဒါပဲ ”
ကိုကြည်လွင်သည် ကိုယ်ကို ရှေ့ကိုတိုး၍ မျက်လုံးအဝိုင်းသားနှင့်ကြည့်သည်။
“ ဘယ်တုန်းကလဲ ”
သူက အားယူ၍ပြုံးသည်။
“ တစ်နှစ်က ဆောင်းတွင်းမှာ ခင်ဗျားတို့နှစ်ယောက်နဲ့ ဦးချစ်လက်ဖက်ရည်ဆိုင်မှာ ဆုံဖို့ ချိန်းတဲ့နေ့ ၊ ခင်ဗျားတို့နှစ်ယောက် လက်ထပ်ဖို့ လူကြီးတွေက ရက်သတ်မှတ်ပြီးတဲ့အကြောင်း ပြောသွားတဲ့နေ့ ”
စကားအဆုံးတွင် ကိုကြည်လွင်သည် ပြန်၍ကျောမှီထိုင်လိုက်သည်။ညိုညိုသည် သက်ပြင်းတစ်ချက်ကို ခပ်လေးလေးချလိုက်ကာ ခေါင်းငုံ့လိုက်သည်။မေးကိုထောက်၍ ထားခဲ့သော ညာလက်သည် ကုလားထိုင်လက်တန်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုထားသည်။ထိုအချိန်တွင် တိုင်ကပ်နာရီစက်သံကိုပင် ခပ်သဲ့သဲ့ကြားနေရသည်။
“ ဒီ့အရင်က ပြောခဲ့မိရင်လည်းအကောင်းသား ၊ အင်းလေ ၊ ဒီအချိန်မှာ ဒီလိုဖြစ်ရမယ်ဆိုတဲ့ အကြောင်းကိုက ရှိနေတော့ ဘာတက်နိုင်မှာလဲဗျာ ”
ကိုကြည်လွင့် လေသံသည် တိုးတိုး ။
“ တကယ်လို့ စောစောကသာ အကြောင်းပါခဲ့ကြရင် ခုအချိန်ဆို သားတွေသမီးတွေနဲ့ ၊ အဲ့သလိုဆိုရင် ခုပြဿနာလည်း ကြုံရမှာ မဟုတ်တော့ဘူး ”
ညိုညိုသည် မချိတင်ကဲပြောသည်။
“ ကာလယန္တရားကို ပိုင်ချင်စမ်းလှတယ် ၊ နောက်ကို ပြန်ဆုတ်လို့ရရင် သိပ်ကောင်းမှာပဲ ၊ ဟင့်း့ မောလိုက်တာဗျာ ”
တက်အားသရွေ့ ပြုံးထားသော သူ့မျက်နှာသည် က္ကနြေ္ဒမပျက်ရုံ တစ်မည်သာသာ ၊ ညိုညိုသည် သူ့ကိုငေးကြည့်နေသည်။ကိုကြည်လွင်က ခေါင်းညိတ်လိုက်သည်။တည်ငြိမ်အောင်ကြိုးစားထားသော အသံနှင့်ဆက်ပြောသည်။
“ တကယ်တော့ အမွန်ဟာ ကျွန်တော့်စိတ်ဓာတ်ကို ပြုစုပျိုးထောင်ပေးခဲ့တဲ့ မိန်းကလေးတစ်ယောက်ပါ ၊ ထိန်းသိမ်းခဲ့ရတဲ့ အချိန်တွေမှာ ကျွန်တော်ဘယ်လောက် စိတ်ဓာတ်ကျနေတယ်ဆိုတာ ညိုညိုတို့ ကိုကြည်လွင်တို့ အသိပါ။ကျွန်တော် အမွန့်ကို ကျွန်တော့်အသက်ထက် ချစ်တယ်ဆိုတာ ယုံပါဗျာ ၊ စိတ်နှလုံးသိပ်ဖြူစင်တဲ့ မိန်းကလေးကို စိတ်ထဲက ကျိတ်ပြီး ချစ်မိတာတောင် အပြစ်ကြီးတစ်ခု ကျူးလွန်မိထားသလို ဖြစ်ရတာပါ ၊ မွန်မြတ်တဲ့ သူ့စေတနာကို မဖြူမစင် မရိုးမသား တစ်ဖက်သတ်တွေးမိတာများလား လို့လည်း ကိုယ့်ကိုယ်ကို မေးမိပါတယ် ”
အသံက တိမ်ဝင်သွားသယောင်ယောင် ဖြစ်လာသည်။
“ ထားတော့ ၊ ဒါတွေက ရှေးရှေးက အကြောင်းတွေ ၊ သူ့အဖေကို သိပါချစ်တဲ့ အမွန်က ဒီမှာ နေနိုင်ခဲ့ပါ့မလား ၊ သူပြောခဲ့ပြီးပြီပဲ ၊ ခင်ဗျားတို့လည်း သိပြီးသား ။
ကျွန်တော်ဖွင့်ပြောလိုက်ရင် အမွန့်အသည်းကို အမွန်ကိုယ်တိုင် ထက်ခြမ်းခွဲပါလို့ ပြောတာနဲ့ အတူတူပဲ ဖြစ်တော့မှာပေါ့ ၊ ခု ကျွန်တော် ပြောခဲ့တဲ့စကားတွေ သူပြန်များကြားရရင်တောင် အသည်းခိုက်ရပါလိမ့်မယ် ၊ ဒါပါဗျာ ၊ ဒါပါ ၊ ရှင်းလောက်ပါပျြီ ”
************
( ၁၂ )
ဖန်ခွက်ထဲရှိ လိမ္မော်ရည်ကို ကုန်အောင်သောက်လိုက်ပြီး ပုလင်းထဲက လက်ကျန်ကို ငဲ့ထဲ့လိုက်သည်။အမွန့်ဖခင်သည် ခေါင်းရင်းဘက်ရှိ ပလက်စတစ် ပက်လက်ကုလားထိုင်တွင် ထိုင်နေသည်။ခြေဖျားမှ ကိုယ်အောက်ပိုင်း တစ်ခုလုံးကို စောင်ဖြင့် ထွေးထားသည်။အပေါ်ပိုင်းတွင် ဆွယ်တာအကျီင်္ င်္ ဝတ်ထားသည်။တေဇောဘမ်းနံ့သည် တစ်ခါတစ်ရံ ဝေ့လာတက်သည်။
“ ဦးလေး သက်တော့ နည်းနည်းသက်သာတယ် မဟုတ်လား ”
မျက်မှန်ကို လက်မဖြင့် ပင့်တင်ကာ ခပ်ပြုံးပြုံးဖြေ၏။
“ ဒီလိုပါပဲ ကိုထွေးရာ ၊ ထူးတော့မထူးလှပါဘူး ၊ ခုကောင်းလိုက် ခုမကောင်းလိုက်ဆိုပါတော့ ၊ ရောဂါက မည်မည်ရရ မဟုတ်ပါဘူး ၊ စားမကောင်းတာ ၊ အိပ်မကောင်းတာ ၊ကိုက်တ်ာခဲတာ တစ်ခုခုပေါ့ကွာ ၊ လူကြီးနာဆိုတာ ဒါပဲ ထင်ပါရဲ့ ”
အမွန်က ဖခင်ဖြစ်သူကို လှမ်းကြည့်သည်။
ထိုအခိုက် အမွန့် မိခင်သည် ဖယောင်းတိုင် လေးငါးတိုင်ကို ယူလာပြီး စားပွဲပေါ်သို့ ချလိုက်သည်။ပြီးတော့ ကိုထွေးကို —
“ လိမ္မော်ရည် သောက်လိုက်ပါဦး ” ဟု ပြောသည်။အမွန်က ဖန်ခွက်ကို ယူပြီး ကိုထွေးကို လှမ်းပေးသည်။ဖန်ခွက်ကို လှမ်းယူရသည်။အမွန့် ဖခင်က —
“ ဧည့်သည်ကို ဆေးလိပ်တည်ဦးလေ ” ဟုပြောသည်။ အမွန့်မိခင်က “ ဟုတ်ပါရဲ့ မေ့လို့ ” ဟုပြောကာ ထမည်အပြုတွင် ကိုထွေးက တားသည်။
“ ဟာ နေပါစေ အဒေါ် ကျွန်တော် ဆေးလိပ်ဖြတ်လိုက်ပါပြီ ”
အမွန့်မိခင်က ပြန်၍ထိုင်သည်။
“ ဟုတ်လား ဖြတ်နိုင်ရင်တော့ အကောင်းသားပေါ့ကွာ ၊ နို့မဟုတ်ရင် အလုပ်ပိုတစ်ခုပဲကွ ” ဟု အမွန့် မိခင်က လှမ်းပြောသည်။အမွန်က မသိမသာ ပြုံးကာ သူ့ကိုကြည့်သည်။သူဆေးလိပ်ဖြတ်ခိုင်း၍ ဖြတ်ခဲ့ပုံကို သတိရဟန်တူသည်။
ထိုအပြုံး ထိုအကြည့်ကို သူတစ်ယောက်တည်းသာ သိသည်။သို့သော် မလုံမလဲ ဖြစ်မိတာကြောင့် လိမ္မော်ရည်ကို အကုန်သောက်လိုက်သည်။ဖန်ခွက်ကို ဗန်းထဲသို့ပြန်ထည့်ပြီး နုတ်တည့်ရာ စကားတွေကို ပြောရသည်။
အမွန့်မိခင်က သူတို့ သြစတြေးလျရောက်ရင် မှာစရာရှိတာမှာပါ ၊ ကုညီပါမည် စသည့်စကားတွေ ပြောသောအခါ ‘ ဟုတ်ကဲ့ ‘ မှတပါး အခြားစကားမဆိုဖြစ်။
အမွန်က ထိုအကြောင်းနှင့် စပ်လျဉ်း၍ကား တစ်ခွန်းမျှ ဝင်မပြော ။ မျက်နှာ ခပ်လွှဲလွှဲ ထားပြီး နားထောင်နေသည်။ပြောစရာတွေ ကုန်လာတော့မှ အမွန့်မိခင်နှင့် ဖခင်ကို ပြန်ရန်နူတ်ဆက်သည်။
အမွန်က ပြိုင်တူထ၍ လိုက်လာသည်။ချိတ်ထားသော သော့ကို ဖြုတ်ပြီး သံတံခါးကို ဖွင့်ပေးသည်။ကိုထွေးဆင်းမည့်ခြေပြင်ပြီး ပြန်လည်ရုပ်လိုက်သည်။အမွန်က ပြုံးသည်။ထို့နောက် ပြိုင်တူလှမ်း၍ ဆင်းသည်။
အပြင်တွင် မီးသီးရောင်စုံ လင်းနေသည်။အိမ်တိုင်းလိုလို မီးထွန်းထားသည်။ထို့ပြင် သစ်ပင်များ ရေတိုင်ကီများ ၊ တောင်ပို့ ၊ မြေကြီးပေါ် ဖယောင်းတိုင် အလင်းသားရှိနှင့်သည်။လှေကားခုံနှင့် သုံးလေးလှမ်းအကွာ မြေကြီးအပေါ် ဖယောင်းတိုင်တစ်တိုင်က လဲပြီးမီးငြိမ်းနေ၏။
အမွန်က ကောက်ယူလိုက်ပြီး လှေကားခုံပေါ်ရှိ ဖယောင်းတိုင်မှ မီးကူးကာ မြေပေါ်တွင်စိုက်သည်။ကျုံ့ကျုံ့ထိုင်ကာ ဖယောင်းတိုင် စိုက်ရင်းသု့ကို မော့ကြည့်သည်။
သူပြုံးပြသည်။
“ ဘာလို့ မြေကြီးမှာ ထွန်းတာလဲ အမွန် ”
မတ်တက်ရပ်ပြီး ဖြေသည်။
“ အံမယ် သိရဲ့သားနဲ့ ”
“ မသိလို့ အကောင်းမေးတာပါ ”
“ သြော် မြေကျြီးကိုစောင့်တဲ့နတ်အတွက် မီးပူဇော်တာပေါ့ ”
စံပယ်ရုံကို လွန်လာတော့ ထပ်မေးပြန်သည်။
“ ဘာဖြစ်လို့လဲ ဟင် ”
“ မီးပူဇော်တော့ မြေနတ်က မဖမ်းစားတော့ဘူးပေါ့ ကိုရဲ့ ”
ခြံဝအရောက်တွင် ရပ်လိုက်သည်။
“ ရင်ထဲကို ဖယောင်းတိုင်ထည့်ပြီး မီးထွန်းလို့ရရင် သိပ်ကောင်းမှာပဲနော် ”
အမွန်နားမလည်။
“ ကတ်သီးကတ်သတ်ကိုရယ် ဘာဖြစ်လို့တုံး ”
“ ရင်ထဲက နတ်မဖမ်းစားရအောင် မီးပူဇော်တာမျိုး လုပ်ရရင် ကောင်းမလားတွေးမိလို့ပေါ့ ”
အမွန်သည် တွေခနဲ ဖြစ်သွားသည်။ပင့်သက်တစ်ချက်ရိုက်ပြီး လျော့ရဲရဲ ပြုံးပြသည်။
မတိုင်ပင်ထားပါလျက်နှင့် အရှေ့ကောင်းကင်သို့ ကြည့်မိသည်။ခြံထောင့်ရှိ ထီးရိုးဝါးရုံ ထိပ်ဖျားတွင် ဝိုင်းဝိုင်းစက်စက် ဖိုးလမင်း ။
***********
( ၁၃ )
“ ညိုရယ် အမွန့်ကို နားလည်ပါတယ်နော် ”
“ နားလည်ပြီးသားပါ သူငယ်ချင်းရယ် ”
အမွန့်ပုခုံးကို ဖတ်လိုက်ရင်း ညိုညိုက ပြုံး၍ဖြေလိုက်သည်..။ညိုညို့ အပြုံးတွင် အသနားနေသည်။အမွန့်မျက်နှာကို ငဲ့၍ကြည့်လိုက်သည်။အမွန်ကမော့ကြည့်သည်။ယဲ့ယဲ့အပြုံးကပင် မပီမသ ၊ မျက်တောင်တစ်ချက်နှစ်ချက်ခတ်ပြီး သက်ပြင်းချလိုက်သည်။စေ့စေ့စပ်စပ်ကြည့်နေသော ညိုညိုက မေးသည်။
“ မျက်လုံးတွေ မှိန်နေတယ် ၊ အမွန်ညက အိပ်ရေးပျက်ထားတယ်နဲ့တူတယ် ”
ခေါင်းကို အသာညိတ်ပြသည်။ညိုညိုသည် အမွန့်ပုခုံးကို တင်းနေအောင် တစ်ချက်ဖတ်လိုက်ပြီး လက်ကိုဖယ်လိုက်သည်။
“ သိပ်မတွေးပါနဲ့ အမွန်ရယ် ”
“ မတွေးပါဘူးကွယ် အတွေးတွေက သူ့ဟာသူခေါင်းထဲ ဝင်လာတော့ ဘယ်တက်နိုင်ပါ့မလဲ ”
ညိုညိုခေါင်းထဲတွင် တစ်လောတုန်းက ကိုထွေးပြောခဲ့သော စကားတွေကို ပြန်လည်သတိရသည်။မည်သည့်နည်းနှင့်မျှ အမွန့်ကို ပြန်လည်ပြောပြရန် မသင့်လျော်တော့သော စကားတွေအဖြစ် ယူဆသည်။
“ ကိုကြည်လွင်တို့က ဘယ်အချိန်လောက် ပြန်လာမှာလဲဟင် ”
အမွန်က စတင်ပြီး အကြောင်းအရာကို လွှဲလိုက်သည်။
“ တော်ကြာဆို ပြန်ရောက်တော့မှာပါ ၊ သုံးနာရီလောက် ပြန်ရောက်မယ်လို့ ပြောသွားတာပဲ ၊ခုပဲ နှစ်ချက်ထိုးပြီ ”
တိုင်ကပ်နာရီကို လှမ်းကြည့်လိုက်ပြီး ညိုညိုကဖြေသည်။
“ ကိုထွေးသူငယ်ချင်း ရိုက်တဲ့ကား ကန်တော့ပွဲပေးလို့တဲ့ ၊ ကိုကြည်လွင်ကိုပါ လာခေါ်သွားတာပဲ ”
အမွန်က ခေါင်းညိတ်သည်။
“ ဘယ်သွားစရာ ရှိလို့လဲ အမွန် ”
“ ဖေဖေ့အသိကိစ္စပါ ဟိုမှာ သူတို့အမျိုးတွေရှိလို့ အကူအညီပေးမလို့ ဖြစ်မှာပေါ့ ၊ ခု သွားမှာက အင်းစိန်ကျမ်းစာသင် ကျောင်းဝင်းထဲကိုပါ ”
********
“ စန္တယားချစ်ဆွေသီချင်းတွေ ခုတစ်လော ပြန်လာနေတယ်နော် ကို ”
ဘုရားရှိခိုးကျောင်း၏ ဆင်ဝင်ဘေးသို့ရောက်သောအခါ အမွန်က စပြီးပြောသည်။
“ ခွဲခွဲခြားခြား ခံစားတက်တဲ့အရွယ်မှာ သူ့သီချင်းတွေနဲ့ ရင်ဆိုင်ခဲ့ရတာပဲ အမွန် ၊ သူက နူတ်ခမ်းနဲ့ ဆိုတာမှ မဟုတ်တာ ၊ စွဲလမ်းခဲ့ရတဲ့ မှတ်မှတ်ရရဆိုရင် ချစ်ရေးခက်ခက် ၊ နောက် ခုနသီချင်းရော ၊ ချစ်ရက်ကယ်နှောင်းရော ၊ မေတ္တာအသည်းကလေးများရယ်ရော ၊ အကုန်ပါပဲ ”
အဲ့ဒီတုန်းက အမွန်ငါးတန်းခြောက်တန်းလောက်သာ ရှိသေးတာ ၊ ကို့လိုတော့ ဘယ်ခံစားတက်ဦးမလဲ”
ကိုထွေးမျက်နှာတစ်ချက်ပျက်သွားသည်ကို အမွန်သတိပြုမိလိုက်သည်။စကားမှားသွားသလားဟု တွေးမိလိုက်၏ ၊။ စဉ်းစားမရ။
ကိုထွေးက ပြုံးသည်။ ပြုံးပုံက စိတ်ထင့်စရာ။
“ ကျွန်တော်ရည်းစား ပျက်ခဲ့တဲ့အကြောင်း အမွန့်ကို ကျွန်တော်ပြောခဲ့ဖူးတာနဲ့ ဒီစကားက မပတ်သက်ပါဘူးနော် ”
အမွန်မျက်နှာ ညိုးကျသွားသည်။ ခေါင်းကိုခါလိုက်သည်။
“ အမွန်သတိတောင် မရပါဘူးကိုရယ် ၊ အမွန်အဲ့သလို ရယ်ရွယ်တာ မဟုတ်ပါဘူး ”
ကန်ဆီသို့ ငေး၍ဖြေးဖြေးပြောသည်။
“ နှလုံးသွေးနဲ့ ချစ်တဲ့အချစ်ဆိုတာ နားမလည်တဲ့အချိန်က ရယ်စရာ ဇာတ်ထုပ်ကလေးတစ်ခုပါ ၊ ကိုလတ်ကိုတောင် တစ်ခါပြောဖူးတယ် ၊ ပွဲဈေးတန်းမှာ အရုပ်လှလှလေးတစ်ခု ပူဆာတာမရလို့ ငိုတဲ့ကလေးရဲ့ အဖြစ်မျိုးပါ ၊ အဲ့ဒါပါ အမွန်ရယ် ”
အမွန့်မျက်နှာတွင် ပူပန်ရိပ်တွေ ဖုံးနေလျက် ။
“ အမွန့်စကားအသုံးအနူန်းမှားသွားတာပါ ၊ အမွန်တောင်းပန်ပါတယ် ”
အမွန့်ကိုသနားမိသည်။တောင်းပန်စရာ မဟုတ်ကြောင်း ၊ စိတ်အမှတ်အသား မထားကြောင်း အမွန့်ကို ပြန်ပြောရသည်။
အမွန့်မျက်နှာ ကြည်ကြည်သာသာ ပြန်ဖြစ်မလာသော်လည်း စောစောကလောက်ကား မဟုတ် ၊ လမ်းအလယ်သို့ ရောက်လာတော့ သူပြောသည်။
“ နှလုံးသွေးနဲ့ ရင်းပြီးချစ်တယ်ဆိုတာ ကျွန်တော်နားလည်တာ ဘာမှမကြာသေးပါဘူး ၊ ကျန်ခဲ့တဲ့ အတိတ်က အဲ့ဒီဇာတ်ထုပ်ကလေးကို အဲ့ဒီကျမှ သေသေချာချာ ခွဲခြမ်းကြည့်မိတာ ”
အမွန်ကမေးကို တစ်ချက်ဆတ်ပြီးပြောသည်။
“ ထားလိုက်ပါတော့ အဲ့ဒီ အတိတ်ကို”
“ ဟင့်အင်း ထားလို့ ဘယ်ဖြစ်မလဲ ၊ အဲ့ဒီအတိတ်ကို ဝေဖန်ကြည့်ရဦးမှာပေါ့ ၊ အရုပ်တစ်ရုပ်ကို ပိုင်ဆိုင်ချင်တာမျိုးမှန်း ဝေဖန်ကြည့်မှ သိလာရတာ ”
စကားကို ခဏဖြတ်လိုက်သည်။အမွန်သည် ရေကန်ပတ်လည်က မြက်ခင်းကို လှမ်းကြည့်ရင်း အာရုံစိုက်နေသည်။
“ ပိုင်ဆိုင်မှုဆိုတာ နှလုံးသွေးနဲ့ ချစ်တဲ့ အချစ်အတွက် အဓိကမှ မဟုတ်တာ ”
လမ်းမကြီးပေါ်သို့ ရောက်သောအခါ လျှောက်လာကြသော ခြေတွေရပ်သွားကြသည်။အမွန်က သူ့ကို ကြည့်သည်။နူတ်ခမ်းပြင်လိုက်သည်။တစ်ခွန်းပြန်ပြောသည်။
“ ဟုတ်ပါတယ် ဒါပေမယ့် အမွန်ထင်တယ် ၊ နှလုံးသွေးနဲ့ ချစ်တဲ့အချစ်အတွက် ပိုင်ဆိုင်မှုဆိုတာ အဓိက မဟုတ်ပါဘူး ၊ အဲ့ဒီမေတ္တာက ကွဲကွာရမှာကိုတော့ အတိုင်းအဆမရှိကြောက်တယ် ”
သူပြန်မပြောနိုင် ။ အမွန်က ထပ်မံမပြောတော့ ။
တိမ်အလင်း၏ ရောင်ပြန်ကြောင့် ကန်ရေမျက်နှာပြင် လှုပ်နေသည်ကို မကွဲမပြားမြင်နေရလေသည်။
*********
( ၁၄ )
ဆောင်းဝင်ပုံက မပီမသ။
လေထဲတွင် မြောက်လေအေးကို တစ်ချက်တစ်ချက် ရှုရှိုက်မိသည်။ထိုလေထဲတွင် သရက်ပင်ကို နွယ်တက်လျက်ရှိသော လက်ထပ်ပန်းရနံ့တွေ ပါလာတက်သည်။
ထိုရနံ့သည် ဆွတ်ပျံ့ဖွယ်ဝေဒနာကို အမှတ်တမဲ့ စွဲကပ်လာစေသည်။အတည်တကျ ချထားစရာ ကျောက်ဆူးမရှိသော စိတ်သည်မျောနေသည်။
သတိတရားဆိုသော သတ္တဝါကလည်း ရှောမွေးကဲ့သို့ အဖမ်းရ ခက်လေ၏။ဒုက္ခတောတွင် မျက်စိလည်၍ တဝဲဝဲဖြစ်ခဲ့ရစဉ်က ဒဏ်ရာမျိုးကို တနုံ့နုံ့ ခံစားရသည်။
မြင်နေ ၊ ကြားနေ ၊ သိနေသမျှ အရာရာတိုင်းကို မသိမသိဟု အာရုံပိတ်ကာ ငြင်းနေမြဲ ဖြစ်သည်။လျစ်လျူရှုနိုင်သော အင်အားသတ္တိကို တောင်းဆိုမိသည်။
မရသောအခါ ခန္ဓာကိုယ်တစ်ခုလုံးကို အစိတ်စိတ်အမြွာမြွာ ဆွဲဆုပ်ပစ်ချင်သည်။အသည်းနှလုံးတွေကို မှုန့်မှုန့်ညက်ညက်ကြေသွားစေချင်သည်။ငွေ့ငွေ့လောင်မြိုက်နေသော မီးစတွင် ဟုန်းခနဲထတောက်ကာ ပြာကျသွားစေနိုင်ရာ လောင်စာရည်လောင်းချလိုက်ချင်သည်။
နေစရာ အရပ် ခြားပါးလှချေချည်တကား။
ရင်ထဲတွင်မောတယ်။တလှိုက်လှိုက်လည်း ဖြစ်လာတယ်။အမျိုးအမည်မခွဲခြားတက်သော ရောဂါတစ်မျိုးက နေရာရွှေ့ပြီး စွဲကပ်နေတယ် ထင်တယ်။
သိကျွမ်းရာကစ ခင်မိတယ်။ မင်မိတယ်။ကြည်ဖြူမိတယ်။သဒ္ဒါမိမယ်ဆိုရင်လည်း သမုဒယ အစပျိုးပြီ ထင်ပါရဲ့ ။
ပြီးတော့ စေတနာထားတယ်။ အကြင်နာထားတယ် ။ ဂရုဏာထားတယ် ဆိုတဲ့အခါကျရင် ချစ်မိပြီပေါ့ ။မြတ်နိုးမှုက ဆင့်လာတဲ့အခါ အိပ်မောကျနေတဲ့ နှလုံးသားကို နိုးလိုက်မိပြီးသား ၊ အသားစိုင် အသားခဲထဲမှာ ရှာလို့ ဘယ်လိုမှ မတွေ့နိုင်တဲ့ အချစ်မျိုးက ပိုလို့လေးနက်တယ်။ကွယ်လည်းမကွယ်ပျောက်ဘူး ။
သူရွတ်ပြတဲ့ ကဗျာထဲကလိုပေါ့ ။
ဘဝများစွာ သေခဲ့တာတောင် မြေမှာ မလွှဲသာလို့ မြုတ်နှံရတာ ။စွန့်ပစ်တာမဟုတ်ဘူးကွယ် ။မြေမှာပစ်ခဲ့တာ မဟုတ်ဘူးကွယ် ။
အဲ့င်္ဒီသမုဒယက ဘဝမှာ မျိုးစေ့သဖွယ်ပါခဲ့တာ ထင်ပဟု တွေးမိသည်။ဒဏ္ဍာရီထဲက ဇာမဏီငှက်လိုဖြစ်ရင် သိပ်ကောင်းမှာ ဟုလည်းစိတ်ကူးမိသည်။
ကာလဆိုတာ မထိန်းချုပ်နိုင်လို့ အိုမင်းလာတဲ့အခါ မီးပုံထဲဆင်းလိုက်တယ်လေ။မီးပုံထဲက ပြန်ထွက်လာတဲ့အခါ နုပျိုမြဲပဲတဲ့ ။သည်နည်းနဲ့ ကာလဆိုတဲ့အရာကို မမှုနိုင်တဲ့ ကိုယ်ဖြစ်ရရင်တော့ ကောင်းမှာပေါ့။အစကို ပြန်သွားလို့ ရမှာပေါ့ဟု မဖြစ်နိုင်မှန်းသိသမျှကို အတွေးဖွဲ့သည်။
ယောက်ျားတစ်ယောက်ပေပဲဟု အားတင်းထားလျက်က ခြောက်ခြားလာသည်။
ဘဝကို အကာပြဲ့ပြဲ့ အနှစ်မဲ့မဲ့ဟု ယူဆချင်လာသည်။
စားချင်သည့်အခါ လွယ်လင့်တကု စား၍ရအောင် ၊ မပျက်စီးအောင် အသားကို ကျပ်တင်ကာ ထားသလိုလားဟု နိုင်းကြည့်မိသည်။
နှလုံးအငွေ့ မသေအောင် ထမင်းစားထားရသည်။ရေသောက်ထားသည်။ဆေးသောက်ထားရသည်။နေကာမိုးကွယ်ထားရသည်။အချိန်တန်လျင် ထမင်းစားလို့ရအောင် ထိုမတိုင်မီတွင် သူတစ်ပါးနားလည်အောင် ပြောပြခြင်းငှာ မစွမ်းသော အချစ်မျိုးဖြင့် ချစ်မိသူကို လက်လွှတ်လိုက်ရဦးမည်။
စင်စစ် ရောင်နီမသန်းခင်ကပင် မိုးချုပ်သွားချေပြီတကား ။
**********
( ၁၅ )
ပျော်ပွဲစားမဟုတ်မှန်း အားလုံးသိနေကြမည်ထင်သည်။ကျန်ခဲ့တဲ့ တနင်္ဂနွေက ညိုညိုတို့ အိမ်တွင်။ဒီနေ့ ကိုထွေးတို့ အိမ်တွင်။
ကိုလတ်တို့က အမွန့်ကို ထမင်းစားလာပါဟု ဖိတ်ခြင်းမဟုတ်။ထမင်းချက်စားကြရအောင်ဟု ခေါ်ခြင်းဖြစ်သည်။
ရက်သတ္တနှစ်ပတ်ကျော်လွန်လာလျင် အမွန်တို့ တစ်ပြည်တစ်ရွာသို့ ရောက်တော့မည်ဖြစ်၍ နူတ်ဆက်ထမင်းစားပွဲတစ်ခုကို ကျင်းပခြင်းသာဖြစ်သည်.။သို့သော် နူတ်ဆက်စကားကို သော်လည်းကောင်း ၊ နူတ်ဆက်ရာကျမည့် စကားမျိုးကို သော်လည်းကောင်း ၊ မဟမိအောင် သတိထား၍ နေမိကြသည်။ထို့ကြောင့်ထင်၏ ။ယခင့်ယခင်တုန်းက စားကြဆုံကြပုံနှင့်ကား စိုးစဉ်းမျှမတူ ခြောက်တိခြောက်ကပ်။
ထမင်းပွဲ သိမ်းပြီး၍ ဧည့်ခန်းတွင် မျက်နှာချင်းဆိုင်မိသောအခါ အေးတိအေးစက် ။
သဏ္ဍာန်လုပ်၍ သရုပ်ဆောင်ထားကြသော အမှုအရာမျိုးတွေနှင့် တိုင်တွင်ချိတ်ထားသော ရုပ်သေးရုပ်တွေအလား။
ကိုယ့်အတွေးနှင့်ကိုယ် ဖြစ်သွားတက်သဖြင့် မကြာခဏတိတ်ဆိတ်သွားသည်။စိတ်တွေယောက်ယက်ခတ်နေသည်ကိုလည်း ကိုယ်ချင်းစာ၍ သိနေကြပြန်သည်။
“ ခုမှ ငါးနာရီခွဲ ရှိသေးတာ ၊ တော်တော်မှောင်နေပြီနော် ”
အေးအေးက စကားမရှိ စကားရှာသည်။
“ ဆောင်းတွင်းက ဒီလိုပဲ နေ့တာတိုတာပေါ့ အေးရဲ့ ”
ကိုကြည်လွင်က ကောက်ကာငင်ကာ ဝင်ပြောသည်။
“ ထမင်းဆိပ်တက်လို့လားတော့မသိဘူး တော်တော်အေးလာတယ်ဗျ ”
အမွန်သည် စကားလုံးအနက်ကို ဖမ်းမိဟန်မတူ ။ ပြုံး၍ကားနေသည်။ ကိုထွေးသည် ခေါင်းတစ်ချက်ညိတ်ကာ “ အင်း ဟုတ်တယ် ” ဟု ပြောသည်။မျက်နှာချင်းဆိုင်ထိုင်နေသူ အမွန့်ထံသို့ မျက်လုံးလှန်ကြည့်ပြီး —
“ အနွေးထည်ဝတ်တော့လေ အမွန်အေးမှာပေါ့ ”
“ သိပ်တော့ မအေးပါဘူး ” ဟု အမွန်ပြန်ပြောသည်။
လက်ကမှု ကုလားထိုင်လက်တန်းတွင် တင်ထားသော ဆွယ်တာအင်္ကျီကိုယုသည်။ဝတ်ပြီးတော့ ကိုထွေးကို ပြုံးပြသည်။ထိုအပြုံးကို ကိုထွေးသဘောပေါက်သည်။ထို့အပြင် သူနှင့်တွေ့ဆုံရာ ပထမဦးဆုံးဆောင်းတွင်းက ဆွယ်တာအင်္ကျီကိုမှ ဒီနေ့ မှတ်မှတ်ရရ ရွေးချယ်၍ ယူလာသည်။အပြာနုနု။
တွေ့မြင်ဖူးခါစ အမွန်လိုပါပဲလားဟု တွေးမိသည်။
ရှေ့နှစ်ခါ သည်လိုဆောင်းတွင်း အနွေးထည်ဆွယ်တာ အပြာနုနု သည်အင်္ကျီနှင့် အမွန်ကို သည်နေရာတွင် မြင်တွေ့နိုင်တော့မည် မဟုတ်ပါလားဟု တစ်ပြိုင်နက်တွေးမိသည်။
ဆောင်းတို့၏ သဘောကား နေ့တာတိုလိမ့်မည် အမှန်တည်း။
***********
( ဇာတ်သိမ်းဆက်ရန်) 👇👇👇
#Typing_Credit_ZawOo
#Photo_ကိုမင်းကိုနိုင်
No comments:
Post a Comment