#ဧရာဝတီပုံပြင် –
#ဂျူး
Among the many rivers of Myanmar, the Ayeyarwaddy River (formerly known as Irrawaddy River) is the most important and by far the largest. An about 1,550 km (960 miles) long, with a total drainage area of about 158,700 square miles (411,000 square km), the river also serves as a commercial waterway to the whole nation stretching from the north to the south before meeting the Andaman Sea. People believed that the name “Ayeyarwaddy” meaning “elephant river” came from a Sanskrit word airavati”.
ကလေးများသည် လူကြီးများထက်ပို၍ စိတ်ကူးယဉ် တတ်ကြသည်။ တစ်နည်းအားဖြင့် လူကြီးများထက်ပို၍ စိတ်ကူးဥာဏ်ကွန့်မြူးတတ်ကြသည်ဟု ဆိုရပါလိမ့်မည်။ ထို့ကြောင့်လည်း ကလေးတို့၏ အိပ်မက်သည် လူကြီးတို့၏ အိပ်မက်ထက်ပို၍ လှပဆန်းကြယ်လေ့ရှိသည်။ ထို့ကြောင့်လည်း ကလေးတို့၏ အိပ်မက်ကို လက်မခံနိုင်သော လူကြီးများက ရယ်မောကာ မေ့ပျောက်ပစ်လိုက်ကြခြင်းဖြစ်သည်။ သို့သော် အဖေကတော့ အခြားလူကြီးများလို သား၏ အိပ်မက်ကို မမေ့နိုင်ခဲ့ပေ။
*****
သားသည် အိပ်မက်ထဲမှာ သူ့လက်နှစ်ဖက်မှာ အတောင်နှစ်ဖက်အဖြစ်ပြောင်းလဲသွား၏။ ထိုတောင်ပံများဖြင့် လေကိုခတ်ယူ၍ ကောင်းကင်သို့ တစ်ရှိန်ထိုး ပျံဝဲမြင့်တက်သွားပြီး တိမ်တွေ၏ အပေါ်မှာ ငှက်တစ်ကောင်လိုပင် တောင်ပံဖြန့်ဝဲရင်း လေဟုန်စီးလျက်ရှိသည်။ သား၏ အောက်ဘက်သို့ ငုံ့ကြည့်လိုက်သောအခါ ပါးလွှာနူးညံ့သော တိမ်ငွေ့တန်းများကို ထွင်းဖောက်ပြီး လှပသော မြစ်ကြီးတစ်စင်းသည် ရှည်လျားစွာ၊ ညင်သာစွာ စီးဆင်းလျက်ရှိသည်။ မြစ်ရေ၏ အရောင်သည် ခါတိုင်းလို ညိုညစ်ညစ်ရွှံ့ရောင်မဟုတ်။ တောင်တန်းတွေ၏ အရောင်လို၊ ကောင်းကင်၏ အရောင်လိုပြာလဲ့လျက်ရှိ၏။ သို့သော် ထိုမြစ်သည် ဧရာဝတီမြစ်ဖြစ်သည်။ နောက်ကျိသောအရောင်မဟုတ်ဘဲ ပြာလဲ့နေစေကာမူ ဒါဟာ ဧရာဝတီမြစ်ဟု သေချာသည်။
ဖေဖေကပြုံးလျက် “သားက ဘယ်လိုလုပ်ပြီး ဧရာဝတီမှန်း သိသလဲ”ဟု မေး၏။ သားထံမှ အမျိုးမျိုးသော အဖြေတို့ထွက်လာနိုင်ကြောင်း အဖေမျှော်လင့်ထားပြီးဖြစ်သည်။
“သိတာပေါ့အဖေရဲ့၊ အောက်မှာ စစ်ကိုင်းတံတားကြီးကိုပါ မြင်ရတာကိုး။ တံတားကြီးက ကောင်းကင်ပေါ်က ကြည့်တော့ မှုန်မှုန်သေးသေးလေး အဖေရဲ့။ ဒါပေမဲ့ အဲဒါ စစ်ကိုင်းတံတားပဲ။ ဒီတော့ ဒါဧရာဝတီပေါ့” ဟူသော အဖြေမျိုး။
သို့မဟုတ်…
“ဒုဋ္ဌ၀တီမြစ်စီးဝင်တဲ့ နေရာလေးကို ကျနော် မှတ်မိနေတယ်လေ အဖေရဲ့။ အင်းဝကိုလည်း မြင်ရတယ်။ ဒီတော့ ဒါဧရာဝတီပေါ့” ဟူသော အဖြေမျိုး။
သို့မဟုတ်…
“သပြေတန်း ခံတပ်ကြီးကို သေးသေးကလေးမြင်နေရတာပဲ အဖေရဲ့။ ဒါဧရာဝတိမဟုတ်လို့ ဘာလဲ” ဟူသော အဖြေမျိုး။ စသည်ဖြင့် သားရောက်ဖူးသော ဧရာဝတီပတ်ဝန်းကျင်က တည်မြဲနေသေးသည့် ကြီးမားထင်ရှားသော အရာဝတ္တုများနှင့် နှိုင်းယှဉ်ဆက်စပ်၍ သားဖြေလိမ့်မည်ဟု ထင်ခဲ့သည်။
သို့သော် ကလေးများသည် လူကြီးများတွေးသလို ဘယ်တော့မျှ မတွေးကြပေ။
“အိပ်မက်ထဲမှာ ရေစီးသံကို ကျနော်ကောင်းကင်ပေါ်ကတောင်မှ ကြားနေရတယ် အဖေ။ ဧရာဝတီမြစ်ရဲ့ ရေစီးသံကို ကျနော်ကောင်းကောင်းမှတ်မိတာပေါ့ အဖေရဲ့။ ဒါဧရာဝတီပေါ့”
အဖေသည်ပြုံးလျက် သား၏ ပခုံးကိုလက်သီးဖြင့် မနာကျင်အောင် ခပ်ဖွဖွထိုးလိုက်လေသည်။
ထိုအိပ်မက်မှ နိုးပြီးနောက်… နံနက်မိုးသောက်သောအခါ သားသည် ဘုရားစင်၏ ရှေ့မှာ ဒူးတုပ်ကာ ကျုံ့ကျုံ့လေးထိုင်လျက် အတောင်ပံနှစ်ဖက် ရရှိဖို့အကြောင်း ဘုရားထံမှာ ဆုတောင်းခဲ့၏။
“တောင်ပံရရင် သားက ဘာလုပ်မှာလဲကွ” အဖေက မေးကြည့်သည်။
“ဧရာဝတီမြစ်ကို ဟိုး အစမြစ်ဖျားကနေ ဟိုးအောက်ဘက် ပင်လယ်ထဲအထိ စီးဝင်သွားတာကို မိုးပေါ်ကနေပျံပြီး လိုက်ကြည့်ဖို့ပေါ့ အဖေရ”
ကလေးတစ်ယောက်၏ အတွေးသည် လူကြီးအတွေးထက် ပို၍ ရိုးသားသန့်စင်စွာ အပြစ်ကင်းသည်။ သားကိုယ်ခန္ဓာမှာ အတောင်ပံတွေ ပေါက်လာဖို့ဟူသော ဆုတောင်းသည် သားရဟတ်ယာဉ်တစ်စီး ပိုင်ဆိုင်ဖို့ ဟူသော ဆုတောင်းထက် ပို၍နီးစပ်စွာ ဖြစ်နိုင်ချေရှိသည်ဟု သားကထင်နေလေသည်။
ဧရာဝတီမြစ်အပေါ်မှာ ထူးခြားသော စွဲလမ်းမှုဖြင့် ချစ်ခင်တွယ်တာလျက်ရှိသော သား၏စိတ်ကို အခြားသူများ နားမလည်နိုင်သော်လည်း အဖေကတော့ နှလုံးသားထဲမှ နင့်သည်းစွာ နားလည်နေသည်။ ဘာကြောင့်လည်းဆိုတော့ သားလူမှန်းသိတတ်စအရွယ်ကတည်းက ဧရာဝတီမြစ်ကို သားရင်းနှီးကျွမ်းဝင် လာအောင် တဖြည်းဖြည်းချင်း လေ့ကျင့်သင်ကြားပေးခဲ့သူသည် အဖေကိုယ်တိုင်ဖြစ်နေသောကြောင့်တည်း။
*****
သားအသက် ၂နှစ်အရွယ်တွင် အဖေစတင်မိတ်ဆက်သင်ကြားပေးခဲ့သော ဒေသန္တရပထ၀ီသည် ဧရာဝတီမြစ်အကြောင်းဖြစ်သည်။ အိမ်နောက်ဖေးကပြင်၏ ၀ါးကြမ်းခင်း ခရိုးခယိုင်ပေါ်မှာ ယိုင်တိယိုင်ထိုး လမ်းလျှောက်ခါစ ဘ၀တည်းက သားသည် ဧရာဝတီမြစ်ကို မြင်မြင်နေရသည်။ ဧရာဝတီမြစ်ပေါ်မှာ သွားလာနေကြသော ဖောင်များ၊ လှေများ၊ မော်တော်သင်္ဘောများကို မြင်မြင်နေရသည်။ အမေခါးထစ်ခွင် ချီးပိုးရသည့် အရွယ်ကတည်းက သားသည် ဧရာဝတီမြစ်ရေကို ချိုးဖူးခဲ့သည်။ မိဘများအလစ်တွင် မြစ်ထဲဆင်းရန် ကြိုးစားမှာစိုးသော အမေက ခြိမ်းခြောက်ထားသည့် စကားအရ သားသည် ရေနစ်သေဆုံးခြင်း ဟူသော အဖြစ်ကို နားလည်သိတတ်ခဲ့ရုံမျှမက ကြောက်ရွံ့ထိတ်လန့်ခဲ့ဖူးသည်။ သား မြစ်ရေကို မကြောက်ရန် အမေက အားပေးခဲ့ရ၏။
ဧရာဝတီမြစ်သည် ဖေဖေ့သူငယ်ချင်းဖြစ်သည်။ ထို့ကြောင့် ဧရာဝတီမြစ်သည် သား၏ သူငယ်ချင်းလည်း ဖြစ်သည်။ သားအဘိုးလက်ထက်ကတည်းက ဧရာဝတီမြစ်သည် ဘိုးဘိုးသူငယ်ချင်းလည်းဖြစ်သည်။ အဘိုးနှင့်အဖေသည် ဧရာဝတီမြစ်ကမ်းပါးတွင် ကြီးပြင်းခဲ့သည်။ ဧရာဝတီမြစ်ဖြင့် အသက်မွေး ၀မ်းကျောင်းခဲ့သည်။ ဧရာဝတီမြစ်ကြောင့် သား ထမင်းစားနေရသည်။ သားကသာ မြစ်ကို ခင်မင်ရင်းနှီးမည်ဆိုလျှင် မြစ်သည် သားကို ပြန်လည်ခင်မင်ရင်းနှီးလိမ့်မည်။ သို့သော် မြစ်သည် လူတို့ကို သူ့သူငယ်ချင်းအဖြစ် တဖြည်းဖြည်းချင်း တစ်ဆင့်ချင်းသာ လက်ခံလေ့ရှိသည်။
သား ၃နှစ်သားအရွယ်တွင် အဖေက သားကို ရေးကူးသင်ပေးသည်။ ၄နှစ်သား အရွယ်တွင် ငါးမျှားသင်ပေးသည်။ ၅နှစ်သားအရွယ်တွင် လှော်တက် ခပ်သေးသေးတစ်ချောင်း ပြုလုပ်ပေးပြီး လှေလှော် သင်စပြုသည်။ ၆နှစ်သားအရွယ်တွင် ကျောင်းအားရက်များ၌ အဖေသွားလေရာ အဖေ့လှေပေါ် သား လိုက်ပါခွင့် ရခဲ့သည်။ ထိုအချိန်တွင် မြစ်သည် သား၏ သူငယ်ချင်းဖြစ်နေခဲ့ပြီ။ လှေဝမ်းထဲမှာ ထိုင်လိုက်ရင်း သားလက်ကိုရေပြင်ထဲ အသာနှစ်၍ ထားသည့်အခါ လက်ကို ကျီစယ်သလို မွမွညင်သာ တိုးတိုက်လေ့ရှိသော ဧရာဝတီမြစ်ရေသည် သားအား ရင်းနှီးစွာ စကားဆိုနေသလိုပင် ဖြစ်သည်။ လှော်တက်သေးသေးဖြင့် လှေကို ကူညီလှော်ခတ်နေသည့်အခါ တက်ရေထဲကျသံ၊ ရေထဲမှာ ၀ိုက်၍ လှော်ခတ်လိုက်သောကြောင့် ထွက်ပေါ်လာသောအသံ၊ တက်ကို မှောက်ယူလိုက်သောအခါ တက်၏ ရေစက် လက်ကရေပြင်ပေါ် ကျသွားသော အသံ ထိုအသံများအောက်မှာတော့ ဧရာဝတီသည် သား၏ လုပ်ဖော်ကိုင်ဖက် ရဲဘော်တစ်ယောက်ဖြစ်သည်။ မြင်နေရသော ဧရာဝတီနှင့်အတူ မမြင်ရသေးသော ဧရာဝတီကိုပါ သားရင်းနှီးလာစေသည့် အကြောင်းကတော့ အဖေပြောပြော ပြတတ်သည့် အိပ်ရာဝင် ပုံပြင်များကြောင့် ဖြစ်သည်။
အဖေသည် သားကို စိတ်ကူးယဉ်ပုံပြင်များ မပြောပြချင်။ မင်းသားလေးနှင့် မင်းသမီးလေးကို အဖေ စိတ်မ၀င်စား။ ထို့အတူ ဘုရင့်နောင်တို့ ကျန်စစ်သားတို့အကြောင်းလည်း အဖေရေရေရာရာ မသိ။ သိသည်က ဧရာဝတီ။ ထို့ကြောင့် အဖေသည် သားကို ဧရာဝတီ၏ အစမှ အဆုံးထိအောင် ဒေသန္တရဗဟုသုတအဖြစ် ပြောပြောပြတတ်သည်။ အဖေ၏ ဧရာဝတီပုံပြင်ကို နားထောင်ရင်း ဧရာဝတီ၏ မြစ်ရေစီးသံကို သားမျက်တောင်များ တဖြည်းဖြည်းစင်းကာ အိပ်ပျော်သွားခဲ့ရလေသည်။
သူတို့စိတ်ဝင်စားသော ပုံပြင်တစ်ပုဒ်ကို ထပ်ကာထပ်ကာ နားထောင်၍ အားမရသောစိတ်သည် ကလေးတိုင်းမျာရှိသည်။ အဖေသည် ဧရာဝတီအကြောင်း သားကို ပါးစပ်ညောင်း၍ အာခြောက်သည်အထိ ထပ်ကာထပ်ကာ ပြောပြရသည်။
“လွန်ခဲ့တဲ့ ဆယ်နှစ် လောက်တုန်းက…”
အဖေ့ပုံပြင်သည် သူများတွေလို “ဟိုးရှေးရှေးတုန်းက…”ဟု ဘယ်တော့မျှ မစခဲ့ပေ။ အကြောင်းမှာ ထိုအဖြစ်အပျက်သည် ရှေးတုန်းက အဖြစ်အပျက်မဟုတ်။ လွန်ခဲ့သည် ဆယ်နှစ်ခန့်က တကယ်ဖြစ်ပေါ်ခဲ့သည့် ပုံပြင်ဖြစ်သည်။
“သူငယ်ချင်းလေးယောက်ရှိတယ်။ တစ်ယောက်က သစ်ခုတ်သမား၊ တစ်ယောက်က တံငါသည်၊ တစ်ယောက်က သစ်ဖောင်ဆွဲသလား၊ တစ်ယောက်က ကူးတို့သမားပေါ့”
“ကူးတို့သမားက အဖေနော်”
“အေးပေါ့ကွ”
“သစ်ခုတ်သမားဆိုတာ ဘာလဲ အဖေ”
“မင်းက သိပြီးသားကို မေးချင်သေးတာကိုးကွ။ သစ်ခုတ်သမားဆိုတာ သစ်ပင်ကြီးတွေကို ပစ်စည်အောက်ခြေကနေ ပုဆိန်ကြီးနဲ့ လွှဲလွှဲခုတ်ဖြတ်ပြီး မြေပေါ်ကို ၀ုန်းခနဲကျသွားအောင် ဖြိုပစ်ပေးရတဲ့ လူပေါ့ကွာ”
“သူက ခွန်အားကောင်းတာပေါ့နော်”
“အေးပေါ့ကွ.. ဘယ်လောက်မြင့်တဲ့ အပင်ဖြစ်ဖြစ်၊ ဘယ်လောက် လုံးပတ်ကုတ်တဲ့ အပင်ဖြစ်ဖြစ်၊ ဘယ်လောက် မာကျောတဲ့ လုံးပတ်တုတ်တဲ့ အပင်ဖြစ်ဖြစ်၊ ဘယ်လောက် မာကျောတဲ့ သစ်ပင်ဖြစ်ဖြစ် သူ့ပုဆိန်နဲ့ထိရင် လဲကျရတာပဲ။ သူပေါ့ကွ၊ အဖေတို့ ဧရာဝတီကို စုန်ဆင်းဖို့ပြင်တော့ အဖေ့လှေအတွက် သစ်တွေကို ရွေးခုတ်ပေးခဲ့တာ သူပေါ့”
သို့သော် ဧရာဝတီကို စုန်ဆင်းသည့်ကိစ္စကို ကာလကြာရှည်စွာ ကန့်ကွက်နေခဲ့သူမှာ သစ်ခုတ်သမား ပင်ဖြစ်သည်ဟု သားသိထားသည်။ သစ်ခုတ်သမားသည် ဧရာဝတီ၏ အကြောင်းကို ဖေဖေတို့လောက် မသိပေ။ ဧရာဝတီသည် သူ့သူငယ်ချင်းလည်း မဟုတ်ပေ။
“သူ့ သူငယ်ချင်းက ဘယ်သူလဲ အဖေ”
သားက သိပြီးသားအကြောင်းကို လူလည်ကျစွာ ထပ်သိချင်သေးတော့ အဖေက မျက်မှောင်ကြုတ်ပြ၏။
“သစ်တောပေါ့ကွ။ သစ်တောထဲမှာ သူဘယ်တော့မှ လမ်းပျောက်မသွားဘူး။ တောထဲမှာ ကျေးငှက်တိရစ္ဆာန်တွေ သစ်ကိုင်းတွေရဲ့ အသံကို နားထောင်ပြီး ဘယ်နားမှာ ကျားရှိတယ်၊ ဘယ်နားမှာ ဆင်ရိုင်းတွေ စုနေကြတယ်ဆိုတာ သိရုံမကဘူး။ ဘယ်တော့လေတိုက်မယ်၊ ဘယ်အချိန်မှာ မိုးရွာမယ်ဆိုတာတောင် သိတယ်။ သူ့နားကလည်း သိပ်ပါးတာ။ အဝေးက သစ်ရွက်ခြောက်တွေပေါ်မှာ ဖွဖွနင်းလာတဲ့ ခြေသံဟာ သမင်လား ဆက်လား သူ့နားက ခွဲခြားပြီးသိတယ်။ သူလမ်းလျှောက်ရင်လည်း သိပ်ညင်သာတယ်။ ခြေသံလုံအေင် အဖေတို့ အားလုံးထဲမှာ သူတစ်ယောက်ပဲ ထိန်းပြီး လမ်းလျှောက်တတ်တယ်”
သားသည် အဖေ့သူငယ်ချင်းသူရဲကောင်းကို မျက်စိထဲမှာ မြင်ယောင်ကာ ကျေနပ်အားရလျက်ရှိသည်။ ဆံပင်ရှည်ရှည်လိမ်လိမ်ကောက်ကောက်၊ မုတ်ဆိတ်ကျင်စါယ်ဖားလျားနှင့် လက်ဖောင်းလက်ဖျံတုတ်ခိုင်ကာ သန်စွမ်းမာကျောသော သစ်ခုတ်သမား၏ သွင်ပြင်သည် သား အာရုံထဲ၌ အားကျစရာပင်ဖြစ်သည်။
အဖေတို့လေးယောက်သည် ဧရာဝတီကို စုန်ဆင်းဖို့ စိတ်ကူးရပြီးသည့်နောက် နှစ်နှစ်တိတိ အချိန်ယူခဲ့ ရ၏။ ရိက္ခာအတွက် ပြင်ဆင်ရန်၊ အထက်ပိုင်းမြစ်၏ ရေစီးနှင့် ကျောက်ဆောင်များကို ခံနိုင်မည့် လှေတစ်စင်း ရရှိရန်၊ ရေစီးကြောင်းများ ၀ဲဂယက်များကို လေ့လာရန်ဖြစ်သည်။ မြစ်၏ အထက်ပိုင်းကို အဖေ့ထက်ပို၍ ကျွမ်းကျင်သူမှာ သစ်ဖောင်ဆွဲသမားဖြစ်၏။ ရွှေလီမြစ်ဘေးက ချောင်းငယ်မြောင်းငယ်များထဲမှ သစ်လုံးများကို ရွှေလီမြစ်ထဲရောက်အောင်၊ ရွှေလီမြစ်ထဲမှ သစ်ဖောင်များကို ဧရာဝတီမြစ်ထဲရောက်အောင် ပို့ပေးရသူမှာ သစ်ဖောင်ဆွဲသမားဖြစ်သည်။
“ဟောဒီ ရွှေလီမြစ်ရဲ့ လေးပုံတစ်ပုံဟာ ရေတွေ မဟုတ်ဘူး။ ငါတို့ရဲ့ ချွေးတွေ”
မေးစေ့နှင့် လည်ပင်းမှ ချွေးများကို လက်ဖြင့်သပ်ချရင်း သူမကြာခဏ အော်ဟစ်ပေါက်ကွဲလေ့ရှိသည်။ အထက်ပိုင်း ဧရာဝတီမြစ်ဖျားသည် သူ၏ ဧရာဝတီဖြစ်သည်။
“ဧရာဝတီမြစ်ရဲ့ အစဟာ ဘယ်နေရာလဲကွာ”
အဖေက သားကိုဖျတ်ခနဲ မေးခွန်းထုတ်လျှင် သားချက်ချင်း အဖြေပေးနိုင်၏။
“မြစ်ဆုံပေါ့ အဖေ။ မြစ်ဆုံမှာ ဧရာဝတီက တိမ်တိမ်လေး…။ မြစ်ပြင်ကြမ်းခင်းက ကျောက်တုံးအချောတွေ။ မြစ်ရေက ကျနော်တို့ ဧရာဝတီလို မနောက်ဘူး။ ကြည်နေတာ။ ကျုံးကလာတဲ့ ရေထက် ကြည်တယ်။”
သားအဖြေကို တစ်ခါတစ်ခါ အဖေက ခေါင်းတညိတ်ညိတ်လက်ခံ၏။ တစ်ခါတစ်ခါကျတော့ သားကို ဉာဏ်စမ်းချင်သည်။
“ဒါပေမဲ့ မြစ်ဆုံက ရေကြောင်းခရီးအစမှ မဟုတ်ဘဲကွ။ အဖေမေးတာက လှေသင်္ဘောတွေ သွားနိုင်တဲ့ ဧရာဝတီရဲ့ အထက် အဖျားအကျဆုံ့း နယ်နိမိတ်ကိုပြောတာ”
ထိုမေးခွန်းကိုဖြေသော သား၏ အဖြေသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုပြည့်စုံပြီး ပိုမို၍ ပထ၀ီဝင် ဆန်လာသည်။
“မိုးရာသီမျာဆိုရင် မြစ်ကြီးနား၊ နွေရာသီမှာဆိုရင် ဗန်းမော်ပေါ့ အဖေ”
သို့သော် အဖေတို့လှေသည် သင်္ကြန်အပြီး နွေရာသီ တစ်နံနက်ခင်းမှာပင် မြစ်ကြီးနားဆီမှ စတင် စုန်ဆင်းလာခဲ့သည်။ ရေခဲတောင်တွေဆီမှ စတင်စီးဆင်းပေါင်းဆုံခါစ ရေပြင်သည် နွေနံနက်ခင်းတွင် အေးစိမ့်လွန်း၍ လက်ဖျားတွေ ကျင်လာသည်အထိဖြစ်သည်။ ဧရာဝတီ၏ ရေစီးသံသည် ခပ်သွက်သွက်တိးသော မယ်ဒလင်သံလိုပင် လျင်မြန်၏။ တစ်ခါတစ်ခါ ပြေပြစ်ပြီး အများအားဖြင့် ကြမ်းတမ်းဆူညံသည်။ မြစ်ကမ်းတစ်ဖက် တောင်ကုန်းကမ်းပါးတွေမှာ ငှက်မျိုးစုံ၏ အသံစာစာကို ကြားရသည်။ တောကောင်ကလေးများ ပြေးလွှားသံကို ကြားရသည်။ ကောင်းကင်မှာ မှုန်မှိုင်းလျက်ရှိ၏။ ရေပြင်သည်ကား အနည်းငယ်မျှပင် မပြေပြစ်ဘဲ ရေကြောင်းကျဉ်းကျဉ်းတွင် လှေသည် လှုပ်ခါယမ်းလျက် ရှိလေသည်။ မြစ်သည် အကွေ့အကောက်များလာသဖြင့် အဖေတို့လေးယောက်လုံးသည် ပတ်ဝန်းကျင်ကို အာရုံမထားနိုင်။ သစ်ခုတ်သမားသည်ပင် လှေပေါ်မှာ သတိအနေအထားဖြင့် တောင့်တင်းလျက်ရှိသည်။ သို့သော် သစ်ဖောင်ဆွဲ သမားသည် ဤမြစ်ကြောင်းကို ကောင်းကောင်းသိသည်။ သူသည် အထက်မြစ်ကြောင်းတွင် ဇာတ်လိုက်ဖြစ်၏။ အဖေ့တို့အားလုံး သူ့အမိန့်ကို နာခံရသည်။ သူသည် အထက်မြစ်ကြောင်းတွင် ဇာတ်လိုက်ဖြစ်၏။ အဖေတို့ အားလုံး သူ့အမိန့်ကို နာခံရသည်။ သူသည် ပဲ့ကိုင်နိုင်နင်းလှသည်။ ရေ၀ဲဂယက်ကို သူရှောင်တိမ်းနိုင်သည်။ ထွင်းဖောက်ဖြတ်ကျော်ရဲသည့် သတ္တိရှိသည်။
“ရေထဲမှာ ကျောက်ဆောင်ကြီးတွေကို မြင်တော့ သစ်ခုတ်သမားကြီး လန့်အော်တာကို ပြောဦးလေ အဖေ”
ပြောရပါများလွန်း၍ တစ်ခါတစ်ရံ မသိမသာ ကျော်ချပစ်မိလျှင် နားထောင်ရပါများ၍ အလွတ်ရနေသော သားက အားမလိုအားမရ ထောက်ပေးတတ်၏။ ထိုအခါ အဖေရယ်လေသည်။
မြစ်ကြောင်း ကျဉ်းကျဉ်းကလေးတွင် လှေကလေးတစ်စင်းကို လူလေးယောက် အားသွန်ခွန်စိုက် ထိန်းချုပ်ပဲ့ကိုင် စုန်ဆင်းလာသော မြင်ကွင်းသည် သား၏ မျက်စိအာရုံထဲတွင် ရုပ်ရှင်ပြကွက်တစ်ခုပမာ ခွန်အားကြီးလှသည်။ မြစ်ကမ်းကျောက်လွှာကမ်းပါးများနှင့် တိုက်ခတ်ကွေ့ဝိုက်ပြီး ရေးပန်းများ တဖွားဖွား ဖြူဖွေး အော်ဟစ်နေသောမြစ်၊ လှေ၏ ဦးတည်ရာ ရှေ့တည့်တည့်တွင် မြစ်ကြောင်းကို မြင်ရမည့်အစား ကာဆီးနေသော ကျောက်ဆောင်ကမ်းပါးကြီးကို ချောက်ချားဖွယ်ရာ မြင်နေရသောမြစ်။ ရေလုံးကြီးများ အရှိန်ပြင်းစွာ လှေနံရံပေါ်မှာ ရိုက်ခတ်ကျော်ဖြတ်လာသောမြစ်။ ထိုမြစ်သည် သားသိသည့် ဧရာဝတီမြစ်ဟု မယုံနိုင်စရာပင် ကြမ်းတမ်းခက်ထန်လှသည်။ ထိုမြစ်တွင် ကျောက်ဆောင်နှင့် တိုက်ခိုက်မိပြီး ကျိုးပဲ့သွားရဖူးသော လှေများအကြောင်း သိရသည့်အခါ သားသည် မျက်လုံးကလေးပြူးလျက် ပခုံးလေးကျုံ့လျက် စူးစိုက်နားထောင်နေတတ်သည်။ ထိုမြစ်ကိုမှ အဖေတို့ ရဲ့ရင့်စွာ ဖြတ်ကျော်အောင်မြင်ခဲ့ကြသည်။ ထိုအခါ သား၏ မျက်လုံးများ အရောင်တောက်ပကာ ဖခင်အပေါ် ဂုဏ်ယူအားကျစိတ်များ ၀င်လာခဲ့သည်။
“အဖေတို့ဘာဖြစ်လို့ အဲဒီမြစ်ကို စုန်ဆင်းခဲ့ရတာလဲဟင်”
ထိုမေးခွန်းသည် အမြဲသားမေးနေကျ မေးခွန်းဖြစ်သည်။ အဖေ့အတွက် ထိုမေးခွန်းသည် ဘယ်တော့မှ ငြီးငွေ့စရာ မဖြစ်ခဲ့။ အဖေအမြဲ စိတ်ပါဝင်စားစွာ ဖြေခဲ့သည်။
“အကြောင်းတစ်ခုက ဧရာဝတီကို အတွင်းကျကျ နှိုက်နှိုက်ချွတ်ချွတ် ရင်းရင်းနှီးနှီ သိချင်လို့ပေါ့ကွာ။ အခုဆို ဧရာဝတီရဲ့ ဘယ်နေရာမဆို အဖေ ကျွမ်းကျင်ပြီ”
“နောက်အကြောင်းတစ်ခုကိုလည်း ပြောပြပါဦး အဖေ”
----------------
( ဇာတ်သိမ်းဆက်ရန်) ⬇⬇⬇
ယူပါသည်။ ဘလော့ဂ်ဂါအား ကျေးဇူးတင်ပါသည်။]
No comments:
Post a Comment