Friday, 4 January 2019

ဟေ့...သူငယ်ချင်းရေ ♥ ညိုထွန်းလူ

ဟေ့...သူငယ်ချင်းရေ


♥♥♥♥♥♥


ညိုထွန်းလူ


‘‘ရွာရှိလို့ ရွာကို လွမ်းတာပေါ့ဟ’’ ဟု ပြောလိုက်၍ သူငယ်ချင်းတွေ က ဝိုင်းရယ်ကြသည်။ ယခုလို မြူ နှင်းတို့ဝေစ၊ အအေးဓာတ်လေး တွေ တိုးဝင်စအချိန်မှာလည်း ရွာ ကို လွမ်းသည်။ လေရူးပွေနှောက် ရွက်ခြောက်တွေ တသောသော ကြွေချိန် ဥသြတွန်သည့် နွေဦးကိုလည်း လွမ်းမိသည်။ မိုးဦးသစ်ချိန် မိုးတစ်ပြိုက် အပြေးအဖျန်း ရွာချ ပြီး မြေသင်းရနံ့လေးကိုလည်း လွမ်းမိပြန်သည်။ ဆိုရလျှင် ကျွန်တော့်အတွက်တော့ ရွာသည်လွမ်း စရာတွေချည်း။ လွမ်းလို့ သွားလိုလျှင်လည်း ရွာနှင့် မန္တလေးသည် ဘာမျှမဝေး၊ တစ်နာရီခွဲလောက် နှင့် ရောက်သွားသည်။


တစ်ချိန်တုန်းကတော့ ရွာကို သွားရဖို့မ လွယ်။ ခရီးတွေအဆင့်ဆင့် သွားရ၍ တစ်နေကုန်နီးပါးကြာ သည်။ ယခုတော့ ရွာသည် ခရိုင် ချင်းဆက်လမ်း ဖောက်လိုက်၍သွားရေးလာရေးပွင့်သွားခဲ့သည်။ သည်တော့လည်း လွန်ခဲ့သည့် နှစ် ၂၀ က ကွယ်လွန်သွားခဲ့သည့် အမေ့ကို သတိရသွားခဲ့ပြန်သည်။ အမေသည် တစ်နှစ်တစ်ကြိမ် ကျင်းပသည့် ရွာက ဝါဆိုဘုရား ပွဲကို ရောက်အောင် ပြန်လေ့ရှိ သည်။ ရက်တစ်ပတ်လောက် ကြာ အောင်နေသည်။ မန္တလေးပြန် ရောက်တော့လည်း အမေ့မှာ ရွာအကြောင်း ပြောစရာတွေ အပြည့် အသိပ် ပါလာခဲ့သည်။ ရွာအ ကြောင်း ပြောနေကြသည့် ကျွန်တော့်မိဘနှစ်ပါး၏ စကားဝိုင်း သည် တစ်ရက်တစ်လနှင့်လည်း မပြီးနိုင်၊ စိတ်ကူးရတိုင်း ပြောကြ စမြဲ။ အမေဆုံးခါနီးတော့ ရွာကို ပြန်ချင်သည်တဲ့။ ပြီးတော့ ရွာမှာပဲ သေချင်သည်တဲ့။ အမေပြော လိုက်သည့် ရွာအလွမ်းဝေဒနာက  ကျွန်တော်အား တုန်လှုပ်သွားစေ ခဲ့သည်။ ယခုတော့ အမေဆီမှ ရွာအလွမ်းကို နှလုံးသားချင်း လက် ဆင့်ကမ်းမိခဲ့လေပြီ။ အသက်အ ရွယ်ရလာမှ ရွာလွမ်းစိတ်တွေ ပိုပြီး ကြီးမားခဲ့လေသလား မပြောတတ်  ပါ။ ကိုယ့်အရပ်၊ကိုယ့်ဒေသ၊ ကိုယ့်ဇာတိမြေကို ချစ်မြတ်နိုးခြင်း သည် ကိုယ့်တိုင်းပြည်ကိုလည်း  ချစ်မြတ်နိုးခြင်းပင်ဖြစ်သည်။ ထို ချစ်မြတ်နိုးခြင်းသည်အကြောင်း တိုက်ဆိုင်ပါက ပေါ်ပေါက်လာရ စမြဲ။ သည်တော့လည်း လေး၊ငါး၊ ဆယ်နှစ်ခန့်ဝေးနေသည့် ရွာက ထိန်ပွဲသို့ သွားဖြစ်အောင် သွားခဲ့ လေသည်။


ကိုယ့်ရွာဟဲ့ဟု အလွမ်းစိတ် ကို အမြင့်ဆုံးတင်၍ ပြန်လာခဲ့ ရသော်လည်း တကယ်တမ်းတော့ ကိုယ့်ငယ်သူငယ်ချင်းတွေက များများစားစားမရှိကြတော့။ တချို့ က ကွယ်လွန်အနိစ္စရောက်၊ တချို့ကျတော့လည်း ရေကြည် ရာ မြက်နုရှိရာဆီသို့ ထွက်ခွာသွား ကြ။ မျိုးဆက်ကွာဟမှုကြောင့် ရွာက ကလေးတွေကလည်း ကျွန် တော့်ကို မသိကြတော့။ သည်အတွက်လည်း မည်သို့မျှ မခံစားရ ပေ။ ရွာကထိန်ပွဲလှည့်တာကို ကြည့်ပြီး ရွာ၏အငွေ့အသက်ရနံ့တွေ ၊အရောင်တွေနှင့် ထိတွေ့ခွင့်ရတာနှင့်ပင် ကြည်နူးခဲ့ရသည်။ ရွာက ဆွေမျိုးတွေကို တစ်အိမ်ပြီး တစ်အိမ် သွားရောက်နှုတ်ဆက် သည်။ ရွာအနောက်ဘက်က ထန်း တောသို့လည်း ခဏတစ်ဖြုတ် ရောက်လိုက်သေးသည်။


အဲသည်နောက် တရုတ်ကြီး ဦးရွှေနှင့် ကုလားကိုမူတူး။ သူတို့ နှစ်ယောက်ကတော့ ကျွန်တော် အတွေ့ချင်ဆုံးထဲမှာ ပါသည်။ သူတို့နှင့်မတွေ့ဘဲ ရွာက ပြန်လာ လျှင် ကျွန်တော့်အတွက် တစ်ခုခု လိုနေသလိုလို ထင်နေမိပါလေ ၏။ တရုတ်ကြီးဦးရွှေက မနှစ်က ဆုံးသွားသည်တဲ့။ တရုတ်ပြည်မှာ မွေးပြီး ပြည်ကြီးသားစစ်စစ် ဦးရွှေသည် ကျွန်တော်တို့ရွာမှာပဲ ခေါင်း ချသွားခဲ့လေပြီ။


‘‘ကိုမူတူးကော ရှိသေးလား’’ ကျွန်တော်က မေးလိုက်တော့‘‘ရှိ ပါ့ဗျာ။ အရင်အတိုင်းပဲ။ သူ့တွေ့ ချင်ရင် လွယ်ပါတယ် မောင်။ ည ၉ နာရီလောက်ဆို ကွက်သစ်က ပဒေသာပင်ရှေ့ သွားလိုက်ရုံပဲ ကွ။ ဒီလိုအချိန်မျိုးမှာ သူ့ကို ကုတ် နဲ့ ကော်ထုတ်လို့တောင် မရဘူး ကိုလေးသိန်းဌေးက ပြောရင်း’’ တဟဲဟဲရယ်လိုက်သည်။


ကျွန်တော်တို့ရွာမှာ တရုတ် နှင့် ကုလားဆို၍ ဦးရွှေနှင့် ကိုမူတူးသာရှိသည်။ ဦးရွှေက သွားစိုက် ဆရာ။ ရွာက ဒေါ်သန်းခင် မြို့ကို သွားစိုက်လာရင်း ရေစက်ဆုံကာ သူလည်း ဆံထုံးနောက်သျှောင်ပါ လာရသည်။ ရွာရောက်တော့ သူ့သွားစိုက်လုပ်ငန်းက အဆင်မ ပြေ။ သည်တော့လည်း ခေါက်ဆွဲ ဆိုင်ထောင်သည်။ ရွာမှာ တစ်ခု တည်းသော ခေါက်ဆွဲဆိုင်။ တရုတ်လူမျိုး၏ ပင်ကိုဗီဇက စီးပွားရေးအခွင့်အလမ်းတွေကို ကြည့်တတ်၊ မြင်တတ်သူ။


စီးပွားရှာဖွေဖို့ အကွက်အ ကွင်းကောင်းသည့် အရပ်ဒေသ တွေမှာ အခြေချနေထိုင်ကြသည့် တရုတ်လူမျိုးတွေကို အများအ ပြား တွေ့နိုင်သည်။ ကျွန်တော်တို့ ရွာကတော့ အညာကုန်းခေါင်ဒေ သ။ မိုးကို မျှော်ရပြီး မိုးလေမှန်မှ လည်းဝမ်းဝ၊ခါးလှသည်။သို့ကလို ဆင်းရဲနွမ်းပါးသည့် ရွာကို တရုတ် တွေ ရောက်လာဖို့ နေနေသာသာ စိတ်ကူးထဲမှာတောင် ထည့်မှာမ ဟုတ်။ မည်သို့ပင်ဖြစ်စေ ဦးရွှေ ကတော့ တစ်မူထူးခြားလှသည်။ ဇနီးသည်အားကိုးဖြင့် ဘိသိက် သွန်းစရာမလိုဘဲ ကျွန်တော်တို့ရွာသားအဖြစ်ခံယူလိုက်တော့သည်။


ကုလားကိုမူတူးဇာတိက ညောင် လေးပင် ကျောက်တံခါးဘက်က ဟု သိရသည်။ ရွာအလယ်တန်းကျောင်းအုပ်ဆရာကြီး ဦးကျော်လှနှင့်အတူ ပါလာသည်။ မိဘမရှိ၍ ဆရာကြီးက စောင့်ရှောက်ထား ရသည်ဟု ဆိုသည်။ သုံး၊လေးလ လောက်ကြာတော့ ကိုမူတူးလည်း ကျောင်းစောင့် ဒရဝမ်အလုပ်ရ သွားသည်။ သဘောကောင်း သည်။ ထိုစဉ်က ရွာကျောင်းသည် အလယ်တန်းကျောင်းအဆင့်သာ ရှိသေးသည်။ ညနေ ၄ နာရီ ကျောင်းဆင်းချိန်နီးလာလျှင် ကျွန် တော်တို့အားလုံးကို မူတူးအရိပ် အခြည်ကို ကြည့်ကြသည်။ ကျောင်းရုံးခန်းအပေါ်ထပ်တက် သွားတာကို တွေ့လိုက်ရတော့ ကျွန်တော်တို့အားလုံး ဣနြေ္ဒပျက် ကုန်ပြီ။ ဝရန်တာထောင့်မှာ မော်တော်ကားဘီး သံခွေကြီး ချိတ်ဆွဲထားသည်။ ကိုမူတူးက သည်သံခွေကြီးကို သံချောင်း ဖြင့် အားပါးတရထုနှက်လိုက်၍ ထွက်ပေါ်လာသည့် ဒေါင်ဒေါင် မြည်သံသည် ကျွန်တော်တို့အ တွက် နားဝင်ချိုလှသည်။ ဆရာကြီး ဦးကျော်လှပြောင်းတော့  ဆရာကြီးနောက်သို့ မလိုက်တော့ ဘဲ ရွာမှာပဲ ကျန်ရစ်သည်။ အလယ် တန်းကျောင်းအဆင့်မှ အထက် တန်းကျောင်းအဆင့်သို့ တိုးမြှင့် သော်လည်း ကိုမူတူးသည် ကျောင်းစောင့်ဒရဝမ်အဖြစ် ရှိနေဆဲ။ မုဆိုးမ မတင်အိနှင့် အိမ်ထောင်ကျ လိုက်တော့ အထူးပြောစရာမလို ကိုမူတူးလည်း ကျွန်တော်တို့ရွာသားကြီး လုံးဝဖြစ်သွားသည်။ ကိုမူတူး မတင်အိနှင့်ယူစဉ်က မကျေမနပ်အသံလေးတွေ ထွက်လာ သေးသည်။ တချို့က ကိုမူတူး ဘက်ကနာသည်။ ရိုးရိုးအေးအေး လေးမူတူးကို မတင်အိက ထောင် ဖမ်းသတဲ့။


သြော် ... ဖြစ်ရပုံများနှယ်။ ရွာက မေတ္တာတွေက ကိုမူတူးအ ပေါ်မှာ ပိုနေပါလေ၏။ ကျွန်တော် တို့ရွာက စီးပွားရေးအခြေအနေ မလှသော်လည်း သဘင်အနုပညာ ဘက်မှာတော့ အားကောင်းသည်။ သဘင်သည်တွေ၊ ဆိုင်းသမား တွေ ရှိသည်။ ရွာမှာပင် ဆိုင်းသုံး၊ လေးဆိုင်း ထောင်ထားသည်။ သည်တော့ ရွာဘုရားပွဲမှာ ကိုယ့်ရွာ ကိုယ့်ဆိုင်းနှင့် စည်စည်ကား ကားဖြစ်သွားသည်။ အထူးသဖြင့်တန်ဆောင်မုန်းလ ကထိန်ပွဲမှာ ဖြင့် ရပ်ကွက်တိုင်း ကိုယ့်ပဒေသာပင်ရှေ့မှာ အတီးအမှုတ်၊ အဆို အကတွေနှင့် အပြိုင်အဆိုင် ဧည့်ခံကြလေ့ရှိစမြဲ။ တစ်နှစ်ကထိန်ပွဲမှာတော့ တစ်ရွာလုံး အုတ်အော် သောင်းတင်း ဖြစ်ကုန်ကြသည်။ ကိုမူတူးက သူတို့ရပ်ကွက်က ခင်းထားသည့် ပဒေသာပင်ရှေ့မှာ သီချင်းတွေကို အပီအပြင် ဟဲနေ သမို့ မအံ့သြဘဲ နေပါတော့မလား။သူဆိုလိုက်သည့် သီချင်းတွေက လည်း နန်းတော်ရှေ့ဆရာတင်နှင့်မြို့မငြိမ်းသီချင်းတွေချည်း ဖြစ် သည်။ ကိုမူတူးက စကားပြောလျှင်လေယူလေသိမ်းကွဲချင်မှ ကွဲသော်လည်း သီချင်းဆိုရာမှာတော့ တကယ့်အဆိုတော်ကြီးလားဟု အထင်မှားရလောက်အောင် ကောင်းသည်။ သူက ကထိန်မှာ သီချင်းဆိုဖို့ လွန်ခဲ့သည့် တစ်လလောက်က တည်းက ရွာအနောက်ဘက်က ထန်းတောမှာ တီးဝိုင်းအဖွဲ့ကို ညနေတိုင်း ထန်းရည်တိုက်ပြီး တီးလုံးတိုက်ခဲ့ရသည်တဲ့။ သူ့အနုပညာပိုးက မည်သည့် အချိန်က တည်းက ရှိနေသည်မသိ။ ကျွန်တော်တို့ရွာရောက်မှ အစွမ်းပြခွင့်ရရှာသည်။ အဲဒီတော့မှ သူ့ခမျာသီချင်းဆိုချင်လွန်း၍ ဆရာကြီးဦးကျော်လှ တခြားအရပ်ဒေသသို့ ပြောင်းရွှေ့သွားချိန်မှာ လိုက်မသွားဘဲ ရွာမှာ နေရစ်ခဲ့မှန်း သိကြရတော့သည်။ သီချင်းဆိုနေသည့် ကိုမူတူးကို ကျွန်တော်ငေးကြည့် နေမိသည်။ သူသည် မိုက်ခရိုဖုန်းကို ကိုင်ပြီး မျက်လုံးအစုံမှိတ်ကာအနုပညာဈာန်ဝင်စားနေလျက်။အနားမှာ ထိုင်နေသည့် တရုတ် ကြီး ဦးရွှေကလည်း ပေါင်တဖျပ်ဖျပ်ရိုက်ရင်း စည်းလိုက်နေလျက်။ သို့ဖြင့် ကိုမူတူးသည် သူ့အနုပညာကို ရွာကထိန်ပွဲမှာ သေတ္တာဖွင့် လိုက်ပြီးသည်နယ်တစ်ရိုးမှာဟိုး ဟိုးကျော်သည့် အဆိုကျော်ဖြစ် သွားလေသည်။မည်သည့်နေရာ ကဖြစ်ဖြစ် သီချင်းဆိုဖို့ခေါ်လျှင် ပိုက်ဆံရရ၊ မရရသူမငြင်း။ သူ့ကျောင်းစောင့်တာဝန်ကိုပစ် ပြီးသွားသည်။ အသားမည်းပေ မယ့်အဆိုမှာတော့ဟောဒီကုလား လေးကတော့ ပတ္တမြားသွေးလိုပါ  ပဲခင်ဗျာဟု ပြောကြလျှင်သူသ ဘောကျသည်။ ကွမ်းရည်တွေ ပေနေသည့် သူ့နှုတ်ခမ်းကိုလက် ဖမိုးဖြင့်သုတ်လိုက်ပြီး ပြုံးရယ် ရင်း မိုက်ကရိုဖုန်းကို ကိုင်လိုက် ပါတော့သည်။


အနုပညာပိုးသည် ကူးစက်တတ်သည်လား ကျွန်တော်မသိ ပါ။ တရုတ်ကြီးဦးရွှေက အသံချဲ့စက်ထောင်လိုက်တော့ တစ်ရွာလုံး ပျော်သွားကြသည်။ ထိုအချိန်က အသံချဲ့စက်ဆိုတာ တကယ့်ဧရာမပစ္စည်း။ ရွာတိုင်း ရှိတာမဟုတ်။ အသံချဲ့စက်ဖွင့်ဖို့ကို မြင့် သောင်းက တာဝန်ယူထားသည်။အလှူမင်္ဂလာဆောင်တွေမှာ အငှားလိုက်ဖွင့်ပေးရသော်လည်းသူ့အတွက် လုပ်အားခမယူ။ အသံချဲ့စက်ဖွင့်ခွင့်ရတာကိုပဲ ကျေနပ်နေသူ။ လောကမှာ သူ့လိုလူမျိုး လည်းရှိသေးသမို့ အံ့သြနေမိပါ သလား။ အမှန်တော့ အသံချဲ့စက်ဆရာသည်လည်း  ရွာတွေမှာတော့ ဟိတ်ဟန်ထုတ်နိုင်သည့် ဂုဏ်ထူးတန်းမှာ ရှိနေ၍ ပေါ့သေးသေးမ ဟုတ်ပေ။ အလှူမင်္ဂလာဆောင်တွေမှာ ကိုယ်နားထောင်ချင်သည့်


သီချင်းတွေ၊ဇာတ်လမ်းတွေကို ဖွင့် ပေးဖို့ အသံချဲ့စက်ဆရာအား ဦးခိုက်ကြရသည်။ ‘‘မောင်မြင့် သောင်းရေ ညရှစ်နာရီလောက် ဗုဒ္ဓဝင်လေးတော်တင်ခန်း ဓာတ်ပြားလေးဖွင့်ပေးဦးနော်’’၊ ‘‘ဦးမြင့်သောင်းကြီး ကျုပ်တို့အတွက် စိုးမိုးမေတ္တာဓာတ်ပြား ဖွင့်ပေးရမှာ နော်။ ပြီးတော့ ယုတို့၊ဘခက်တို့ကို လည်း ထပ်ဖွင့်ပြဦး’’။ သည့် နှယ်ရွာခံအမျိုးသမီးတွေကသူ့အ နားလာရောက်တောင်းဆိုသည့် အသံတွေက သူ့အတွက်အထူး ပင်သုတိသြဘာ ဖြစ်ရလေ၏။ ကျေးရွာတွေမှာ နံနက်စောစော ထပြီး အလုပ်သွားကြရ၍စော စောအိပ်ရာဝင်ကြရသည်။ အိပ် ရာထဲမှ ကိုယ်ကြိုက်သည့်သီချင်း တွေ၊ ဇာတ်လမ်းတွေကို နား ထောင်ပြီး စက်တော်ခေါ်ရတာ က အာဂစည်းစိမ်ပါပဲ။ အသံချဲ့စက် အငှားလိုက်ဖွင့်ပေးသူအ တွက် လုပ်အားခမပေးရ၍ တရုတ်ကြီးဦးရွှေတစ်ယောက် တရုတ်ပီပီစီးပွားရေးအကွက်မြင်သူဟု တွေးလျှင်မှားသွားမည်။ ဦးရွှေကလည်း အငှားလိုက်ဖို့ထက် ကိုယ်တိုင်နား ထောင်ချင်၍ အသံချဲ့စက်ထောင် သည်ဆို၍ အံ့သြစရာ။ တစ်ခါတလေ အသံချဲ့စက်စမ်းသည် ဟု အကြောင်းပြကာ ဖွင့်ချင်ဖွင့် တတ်သည်။ သူသည် မန်ကျည်းပင်အောက်က ထန်းပက်လက်ကုလားထိုင်မှာ မြိန့်မြိန့်ကြီးထိုင်ရင်းအသံချဲ့စက်ဆီက ရွှေမန်းဦးတင် မောင်၏ လက်ဝဲသုန္ဒရဇာတ်ထုပ် ထဲမှာ နစ်မျောနေတတ်၏။ ပုဂံမြို့ဟောင်းတစ်နေရာ ဓာတ်ပြားထဲ က စောင်းအိုလုလင်ကိုလည်း သနားနေရှာလေ၏။ အနုပညာကိုခံစားတတ်သည့် တရုတ်ကြီး ဦးရွှေဟုပြောလျှင် သည့်ထက်တောင် ပိုပါသေးသည်ဟု ဆိုချင်ပါသည်။သူကလည်း မခေပါ။ သူ့အနုပညာ အရည်အသွေးကို ရွာကထိန်ပွဲမှာ အစွမ်းပြခဲ့သည်ကိုး။ တစ်နှစ်က ရွာကထိန်ပွဲမှာ အရပ်ဇာတ်ကကြ မည်။ ဆိုင်းနှင့်အသံချဲ့စက်က ရွာမှာ ရှိပြီးသား။ မီးစက်ကလည်း ရွာဘုန်းကြီးကျောင်းက ယူသုံးမှာမို့ ပူစရာမလို။ ဇာတ်ကားလိပ်အချို့နှင့် မင်းသမီးတစ်လက် ငှားလိုက်လျှင် ဇာတ်ကလို့ရပြီ။ အရပ်ဇာတ်ဆိုသော်လည်း ဇာတ်ကြီးတွေနှင့် မခြား။ အော်ပရာပြဇာတ်နှစ်ပါး သွားနှင့် နောက်ပိုင်းဇာတ်ထုပ်ပါ ခင်းပြီး မိုးအလင်းကမည်ဖြစ်၍ တစ်ရွာလုံး စိတ်လှုပ်ရှားနေကြ သည်။ နှစ်ပါးသွားမှာ မြို့က ငှား လာသည့် မင်းသမီးနှင့် အငြိမ့်ခန်း ထည့်ပြီး လူရွှင်တော်နေရာကို ရွာက လူတွေပါဝင်ကြမည်။ ကျသည့် ဇာတ်ရုပ်မှာ သရုပ်ဆောင်ဖို့ အချိုးကျ ပိုက်ဆံထည့်ကြသည်။ အား လုံးသဘောတူညီ၍ အဆင်ပြေ တော့မည့်အချိန်ရောက်ခါနီးမှာ တရုတ်ကြီးဦးရွှေက ဗွေဖောက်ချေပြီ။ အငြိမ့်ခန်းမှာ သူလည်း လူရွှင်တော်လုပ်ချင်သည် ပြော လိုက်၍ အားလုံးဟယ်ခနဲ။ ဒါရိုက်တာ ကိုလေးသိန်းဌေးတစ်ယောက် မျက်လုံးပြူးသွားသည်။


 ‘‘ကိုရွှေရာ လူရွှင်တော်ဆို တာ သူများရယ်အောင်လုပ်ရတာ ဗျ။ စကားပြောတာ မျက်နှာပေး အခံတွေကောင်းမှလေ၊ ခင်ဗျားက ဘာအတွေ့အကြုံမှမရှိဘဲနဲ့ဗျာ’’


ကိုသိန်းဌေးက ညည်းညူ ရင်း မသိမသာဖြင့် ကန့်ကွက် လိုက်သော်လည်း ဦးရွှေကတော့ လူရွှင်တော်ဖြစ်ဖို့ အရေးကို လုံးဝ လက်မလျှော့ချေ။ ဇာတ်ဒါရိုက် တာကြီး ခေါင်းတဗြင်းဗြင်းကုတ် ၍ အကြံအိုက်နေသည့် အဖြစ်ကို ကိုမူတူးက အသာအယာပြုံး၍  ကြည့်နေလျက်ရှိသည်။ သူ့အတွက်က ပူစရာမလို။အရပ်ဇာတ် ကလျှင် နောက်ခံသီချင်းဆယ့်နှစ် ပုဒ်သီဆိုပေးရမည်ကိုး။ ထို့ပြင် ဆိုရမည့် သီချင်းတွေထဲမှာ နောက်ပိုင်းဇာတ်ထုပ်ခင်းချိန် မင်းသားငိုချင်းချရမည့် အခန်းမှာလည်း ငိုချင်းကို အစားဝင်ဆိုပေးရမည်ဖြစ် ၍ သူ၏အနုပညာအရည်အသွေးအားကုန်ပြသမည့် အခွင့်အရေး ကြုံလေသမို့ ရွှင်မြူးနေလျက်ရှိသည်။ ဒါရိုက်တာ ကိုသိန်းဌေး သည် အဆင်ပြေလိုပြေငြား ကိုရွှေ ဇနီးဒေါ်သန်းခင်ကို အကူအညီ တောင်းသည်။ ‘‘ဒွေးလေး ယောက်ျားကို ကြည့်ပြောပါဦး ဗျာ။ စင်ပေါ်တက်ပြီး လူရွှင်တော်လုပ်မှာ ဘယ့်နှယ်လုပ်ဖြစ်မှာတုံး’’


‘‘သိန်းဌေးရယ် ကိုယ့်ရွာ ကိုယ့်အချင်းချင်းတွေပဲ ဥစ္စာ သူ လုပ်ချင်တာကို လုပ်ပါစေဟဲ့။ ငါ့ယောက်ျား စင်ပေါ်တက်ကတာ ကို ငါကလည်း ကြည့်ချင်နေတာ ရယ်။ တစ်ခုတော့ ပြောလိုက်မယ်။ မင်းတို့ဇာတ်ကမှာကို ငါ့ယောက်ျား မပါလို့တော့ အသံချဲ့စက်ရော၊ ပိုက်ဆံရော မထည့်နိုင်ဘူးတော်’’


ချက်ကောင်းကိုင်လိုက်၍ ကိုသိန်း ဌေး မျက်လုံးပြူးသွားလေ၏။ အရပ်ဇာတ်ကဖို့ လိုအပ်သည့် ငွေပံ့ ပိုးပေးသည့် မိန်းစပွန်ဆာကို လက် လွတ်ခံ၍ မဖြစ်ချေပြီ။ ငါ့လခွေးမှ ပဲဟု အသံတိတ်ရေရွတ်ရင်း နောက်ကြောင်းပြန်လှည့်ရသည်။လူရွှင်တော်ပြက်လုံးခွင်တွေ ချ ပေးပြီး ဟန်အမူအရာကအစ သင်ကြားရတာက မလွယ်ရေးချ မလွယ်။ မောရပါဘိသည်။ အရပ်ဇာတ်ကပြမည့်အချိန် ရောက်လာ ပြီ။ ဇာတ်စင်ပေါ်တက်ပြီး သရုပ် ဆောင်သူတွေရော ပွဲကြည့်ပရိ သတ်ပါ ကိုယ့်ဆွေမျိုးတွေချည်း ဖြစ်၍ ပွဲခင်းတစ်ခုလုံး ပွက်ပွက်ညံ နေလျက်ရှိသည်။ အော်ပရာကို အဆိုအကဖြင့် သရုပ်ဖော်ထား သောကြောင့် လက်ခေါက်မှုတ်သံ တွေက တရွှီရွှီ။ ပြဇာတ်လည်း အောင်မြင်သည်။ အလွမ်းဇာတ် ဖြစ်သော်လည်း မျက်ရည်ထွက် သည်အထိ ရယ်သံတွေ ဖုံးလွှမ်း သွားပါသည်။ သို့သော်လည်း ကပြသည့် အစီအစဉ်တွေအားလုံး ထဲမှာ ဦးရွှေတို့အငြိမ့်ခန်းက အ အောင်မြင်ဆုံး။ မင်းသမီးက တစ် ပိုဒ်ကပြီး လူရွှင်တော်တွေ ပြက်လုံး ထုတ်ကြသည်။ ဦးရွှေသည် ခွင်ချ ထားသည့်အတိုင်း ပြက်လုံးထုတ် သည်။ ပြောရမည့် စာသားတွေ မေ့၊ အမူအရာတွေက အိုးနင်း ခွက်နင်း။ သူ့အဖြစ်ကို ကြည့်ရင်း မည်သူမျှ မနေနိုင်ကြတော့။ ပရိသတ်တွေလည်းရယ်။ မင်းသမီးကလည်းတခွိခွိ။ ကဲ...ဘယ့်နှယ် ရှိစ။  လူရွှင်တော်ဆိုတာ ပွဲကြည့် ပရိသတ်ကို ရယ်မောပျော်ရွှင်စေ ဖို့ပဲ မဟုတ်ပါလား။ တစ်ပွဲတည်း နှင့် ပရိသတ်အားပေးမှုကို ရယူသွားသည့် ကိုယ့်ယောက်ျား အောင်မြင်မှုကို ကြည့်ရင်း ဒွေးလေး ဒေါ်သန်းခင်မျက်နှာမှာ အ ပြုံးပန်းတွေဝေနေလျက်။


အတိတ်က အရိပ်တွေ လွင့် ပြယ်သွားခဲ့ပြီ။ ကိုမူတူးတို့ တီးဝိုင်း ဆီသို့ ရောက်သွားခဲ့သည်။ နား ထောင်သည့် ပရိသတ်က ဆယ် ယောက်လောက်သာ ရှိသည်။ အားလုံး ခေတ်ပေါ် အီလက်ထ ရွန်နစ်တီးဝိုင်းဆီသို့ ရောက်သွား ကြဟန်တူပါသည်။ ကိုမူတူးရဲ့ မင်းဂံဘုတ်၊ ကြံကြံဖန်ဖန် ရန်ကုန် သူသီချင်းတွေ၊ နတ်ရှင်နောင်နှင့် လူချွန်လူကောင်းသီချင်းတွေကို  စွဲစွဲလမ်းလမ်း နားဆင်လိုချင်စိတ် နည်းပါးသွားသလို ခံစားမှုတွေ ပြောင်းလဲကုန်ကြပြီလား။


‘‘ကိုရွှေလည်းသေပြီ။ ဘဦးနဲ့မြင့်မောင်တို့၊ ကျော်တင့်တို့လည်း မရှိကြတော့ဘူး။ တင်အိလည်း သင်္ကြန်မတိုင်ခင်လေးက ဆုံးသွား ရှာတယ်။ လွမ်းစရာတွေ၊ လွမ်းရ တာတွေက မရှိသလောက်ပါပဲ မောင်လွင်ရာ’’


သက်ပြင်းတစ်ချက် ရှိုက် ထုတ်လိုက်ရင်း သူ့ကို ငေးမောနေ မိသည်။ ဇရာအိုဘဝဆီသို့ ခြေ လှမ်းတွေ တိုးဝင်နေသည့် လူတစ် ယောက်။ ဆံပင်တွေဖြူဖွေးနေပြီး မျက်နှာပေါ်မှာလည်း အရေးအ ကြောင်းတွေများစွာ။ မှိန်ဖျော့နေ


သည့် မျက်လုံးအစုံက အတိတ်ကာ လဆီသို့ နောက်ကြောင်းပြန်ပြီး အလွမ်းစိတ်တွေ ယှက်သန်းနေ ဟန်တူပါသည်။


ည ၁၁ နာရီလောက်ရှိပြီ။တီးဝိုင်းသိမ်းတော့မည်ဖြစ်၍ သူ့ကို နှုတ်ဆက်ပြီး ပြန်လာခဲ့သည်။  မကြာခင် လက်ရည်တစ်ပြင်တည်း သီချင်းသံကို ကြားလိုက်ရသည်။


‘‘ဟေ့...သူငယ်ချင်းရေ×××တို့ နယ်ပယ်တစ်ခွင်မိုးသက်ကယ် ဆင်ရှစ်ခွင်ကမဲ မိုးရွာမလိုလိုနှင့်ပင် ××× ညီညွတ်ရေးနဲ့ အသက်ရှည်ရှည်ခင်ခင်မင် လက်ရည်တစ်ပြင်တည်း ရှေးကတော့ပိုချစ်ကြတယ်’’


သည်သီချင်းက ကျွန်တော်တို့အနှစ်သက်ဆုံးသီချင်း။ အလွန် အကြူးပြောသည်ဟု အပြစ်တင် ချင်လည်းတင်ပါစေ။ ကိုမူတူးက လည်း မြို့မဦးဖူးအံ့ဟန်အတိုင်းအပီအပြင်ဆိုနိုင်သည်။ လက်ရည် တစ်ပြင်တည်းဆိုတာက စိတ်ချင်း


ဆက်နေသည့်သဘောကို ဖော်ပြ သည်။ တစ်ယောက်နှင့် တစ် ယောက်မေတ္တာစိတ်တွေ ကူးလူး စီးဆင်း၍ လက်ရည်တစ်ပြင် တည်း ရှိနေကြသည်။ အေးမြ သော မေတ္တာကွန်ရက်ထဲမှာ ကျွန် တော်တို့အားလုံး ပျော်ပျော်ရွှင်နေ ထိုင်ခဲ့ကြသည်။ တရုတ်ကြီး ဦးရွှေနှင့် ကိုမူတူးသည် ကျွန်တော်တို့ ရွာသားမဟုတ်သလို ဘာသာနှင့် လူမျိုးလည်းမတူ။


သို့ရာတွင် ရွာကို ကျွန်တော် တို့လိုပဲ ချစ်မြတ်နိုးခဲ့ကြသည်။ ရွာဆိုတာက သူ့ဆွေမျိုး၊ ကိုယ့်ဆွေ မျိုးများဖြင့် ဆက်စပ်ယှက်နွှယ်နေ ကြသည့် မိသားစုအဝန်းအဝိုင်း ကြီးပါ။ သည်လောကဝန်းကျင်ထဲ သို့ သူတို့ရောက်လာကြသည်။ သည်ရွာမှာ ပျော်ပျော်ရွှင်ရွှင် နေ ထိုင်ရင်း ခေါင်းချသွားကြပေလိမ့် မည်။ အိမ်အပြန်လမ်းတွင် သီချင်း သံနှင့်အတူ ကိုမူတူးပြောလိုက် သည့် ‘‘လွမ်းစရာတွေ လွမ်းရတာ တွေက မရှိသလောက်ပါပဲကွာ’’ ဆိုသည့် စကားသံက နှလုံးသား ထဲမှာ ကပ်ငြိပါလာခဲ့သည်။ လွမ်းစရာတွေ၊ လွမ်းရတာတွေတဲ့။ ဟုတ်ပါသည်။ ကျွန်တော်လည်း လွမ်းစရာတွေအတွက် ရွာကို ပြန် လာခဲ့ရသည်ကော။ ကျွန်တော့် မိဘနှစ်ပါးကို သတိရသည်။ ရွာမှာ နေခဲ့ရသည့် ကိုယ့်ငယ်ဘဝကို လွမ်းသည်။ တွေးရင်းဖြင့် ခြေလှမ်း တွေ နှေးသွားသည်။ ရွှန်းရွှန်းမြမြသာနေသည့် လရောင်အောက် မှာ တစ်ယောက်တည်းရှိနေသည့် ကျွန်တော်။ လူသားတွေ၏နှလုံး သားသည် ပကတိဖြူစင်သည်။ သို့ရာတွင် လောဘ ဒေါသတွေ၊ အငြိုးအာဃာတနှင့် မုန်းတီးမှု တွေက ဖုံးလွှမ်းသွားလျှင် အမှန် မမြင်နိုင်တော့။ သည်အရာတွေ ကို မေတ္တာစိတ်ဖြင့် ပွတ်တိုက် ဆေးကြောခွင့်ရလျှင် နူးညံ့သော ကရုဏာ ညှာတာစိတ်တို့ဖြင့် ကြည်လင်ချမ်းမြေ့နေသော နှလုံးသားကို တွေ့မြင်ပါလိမ့်မည်။ ကိုမူတူးက သီချင်းကို နောက်တစ် ကျော့ ပြန်ဆိုလိုက်တော့ တုံ့ခနဲ ရပ်လိုက်ရင်း ငေးငိုင်သွားရသည်။ ကျွန်တော့်စိတ်အာရုံတွေက လွမ်း စရာတွေရှိနေသည့် ဟိုအဝေးဆီ သို့ ရောက်သွားခဲ့ရလေပြီ။


-----------------


ညိုထွန်းလူ


{ 7Day News Page မှ ကူးယူပါသည်။ 7Day အား ကျေးဇူးတင်ပါသည်။ }


No comments:

Post a Comment