Friday, 4 January 2019

တေ-ဘုမ္မာ 📙📙📙📙 ညိုထွန်းလူ

တေ-ဘုမ္မာ


📙📙📙📙


ညိုထွန်းလူ


‘‘အာစရိရာ နေ့တိုင်း ဗီဒီယိုအခွေ သွားဝယ်ရ၊ ဗီဒီယို ပြချိန်ရောက်တော့ မီးစက်နှိုးရ၊ ရုံဝင်ခ ပိုက်ဆံသိမ်းရနဲ့ ပင်ပန်းလှပါတယ်။ကျွန်တော် ဝင်ကူညီပါရစေ။ ပိုက်ဆံပေးစရာ မလိုပါဘူး။ ဗီဒီယိုကြည့်ရရင်ကို ကျေနပ်ပါပြီ’’


မြအေးက ပြောလိုက်၍ တစ်ချက်တွေခနဲ ဖြစ်သွားသည်။ ဒီကောင်ပြောတာ ဟုတ်တော့လည်း အဟုတ်သား။ သူ့မှာနားချိန်မှမရှိ ဘဲ။ သို့ဖြင့် ရှည်ရှည်ဝေးဝေး မစဉ်းစားတော့ဘဲ သဘောတူညီမှုယူကာ နှစ်ဦးနှစ်ဖက် အဆင် ပြေသွားကြပါလေ၏။


 ပြက္ခဒိန်ရွက်တို့သည် တဖြုတ်ဖြုတ် ကြွေကျသွားပြီး တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးသွားသည်။ လျှပ်စစ်မီးတွေ ရလာသည်မို့ ညပိုင်းအလှည့်ကျ မီးပေးသည့်အ ချိန်မှာဖြင့် သည်ရပ်ကွက်လေးမှာ ပျော်ပျော်ရွှင်ရွှင် ဆူဆူညံညံ ရှိလှသည်။ ထို့အတူ စံအိမ်တော်၏ စီးပွားရေးသည် ဒီရေအလား တိုးပွားနေလျက်။ သို့သော်လည်း ဘဝဆိုသည်မှာ မည်သည့်အခါမျှတစ်သမတ်တည်း မရှိ။ ဖြစ်ခြင်း၊ ပျက်ခြင်းတို့ဖြင့် အနိစ္စသဘောဆောင် နေတာကို ကိုစံဒွန်းမေ့လျော့နေ ရှာသည်။ ကြမ္မာဆိုးက သူတို့လင်မယားဆီသို့ သတိမထားမိဘဲ ရောက်လာခဲ့လေပြီ။ မအိမ်တင်တစ်ယောက် မူးလိုက်တာ၊ မူးလိုက်တာ ပြောရင်းလဲကျသွားပြီး အသက်ပါ ပျောက်သွားရသည့်အဖြစ်က မယုံကြည်နိုင်လောက် စရာ။ ဆေးရုံသို့ ပို့ချိန်တောင် မရတော့။ သွေးတိုးကြောင့် ရုတ်တရက် ဆုံးသွားရတာတဲ့။ ခေါင်းမူးလို့၊ နောက်ကျောတွေ တက်လို့ဆိုပြီး ငြိမ်းတင်ကိုနှိပ်ခိုင်း၊ နောက်ကျောကို တံတောင်နှင့် ထောင်းခိုင်းတာကို ပြန်သတိရသည်။ သွေးတိုးရောဂါကြောင့် မှန်းမသိ၊ သာမန်ရောဂါလောက်သာဟု တွေးခဲ့သည်။ ယခုတော့ အရှိုက်ကို ထိုးနှက်လိုက်သလို သူ့ဘဝကြီး တစ်ခုလုံး ပြိုပျက်သွားရချေပြီ။ မအိမ်တင် မရှိမှတော့ စံအိမ်တော်ဆို တာလည်း မရှိတော့။ လေး၊ ငါးလလောက်ကြာတော့ စံအိမ်တော် ကို တံခါးပိတ်လိုက်တော့သည်။ ပြီးမှ စိတ်ကူးတည့်ရာ သွားချင် ရာသွား။ သည်မှာပင် မိတ်ဆွေ တစ်ယောက် အကူအညီနှင့် ဆ လွန်းကားလေး တစ်စီးဝယ်ကာ တက္ကစီဆွဲသည်။ အဝေးရော၊ အနီးရော မော်တော်ကားအော်ဒါ လိုက်မောင်းသည်။ အမှန်က သူ့အဖို့ မအိမ်တင်ကို သတိရမှာစိုး၍ မော်တော်ကား မောင်းခဲ့သော်လည်း အလုပ်ကအကျိုးပေးပြန် သည်။ သေချာတွေးကြည့်လိုက် တော့ လူ့ဘဝဆိုတာ ကံကြမ္မာ၏ လှည့်စားမှုထဲက ရူးသွပ်ခြင်းပါပဲ။ မော်တော်ကား မောင်းတာက စိတ်အာရုံပြောင်းဖို့အတွက်ြ ဖစ်သော် လည်း မော်တော်ကားကလည်း အကျိုးပေးသည်။ သည်မော်တော် ကားနှင့်  နေရာအနှံ့ရောက်ခဲ့၏။ အိမ်ဆိုတာရှိခဲ့သော်လည်း အိမ်ကိုမပြန်ချင်။ မော်တော်ကားနှင့် ရောက်သည့်နေရာမှာ ပျော်အောင် နေဖို့ ကြိုးစားသည်။ ရွာမှာမအိမ်တင်ဘက်ကရော၊ သူ့ဘက်ကရော ဆွေမျိုးတွေရှိပေမယ့် မန္တလေးကို ထွက်လာကတည်းက အဆက်အဆံ မလုပ်၍ ပတ်သက်စရာလည်း အကြောင်းမရှိတော့ပြီ။ မအိမ်တင် မရှိမှတော့ ဘာများတွယ်တာစရာ လိုတော့မှာလဲ။သေတာ၊ ရှင်တာဆိုတာ ထူးဆန်း သည့် ကိစ္စမဟုတ်။ ယခုအချိန်မှာ မအိမ်တင်နောက်သို့ လိုက်ရမည်ဆိုလည်း တွန့်ဆုတ်စရာ အ ကြောင်းမရှိ။ ပျော်ပျော်ကြီးကို လိုက်သွားပါမည်။ ဟော ...ဘာလဲဟဲ့ ကံကြမ္မာရယ်။ သူ့ကိုဆက်လက် အသက်ရှင်သန်ခွင့်နှင့်အတူ စီးပွားရေးကောင်းအောင် လုပ် ပေးနေသည်မို့ ခက်ရပါဘိ။ အ ချိန်ကာလတို့သည် အရွယ်ကို ထုနှက်ထိုးဖဲ့ကာ နုရာမှရင့်၊ ရင့်ရာမှအိုမင်းသွားစေခဲ့သည်။ ကိုစံဒွန်းသည်လည်း ဦးစံဒွန်းဖြစ်သွားကာ မော်တော်ကားကို ရောင်းပြီး မူလဘူတစံအိမ်တော်သို့ ပြန်ရောက်လာခဲ့ရသည်။ အရွယ်ကောင်းသည့်အချိန်မှာ တစ်ယောက်တည်းနေရတာ အရေးမကြီးသော်လည်း အသက်အရွယ်ကြီးရင့်လာတော့ အစစအရာရာ ဒုက္ခရောက်ရသည်။ ကံကြမ္မာသည် သူ့အဖြစ်ကို ကြည့်ရက်ဟန်မတူ။ မြအေးကို သူ့ဆီသို့ ပို့လိုက် လေပြီ။ ငြိမ်းတင်က လွန်ခဲ့သည့် သုံးနှစ်က ဆုံးသွားသည်။ သားသမီးတွေကလည်း အတောင်အလက်စုံ၍ မြအေးကို စွန့်ခွာသွားကြပြီ။ ကျူးတဲတွေပါ အဖျက်ခံလိုက်ရတော့ မြအေးတစ်ယောက် နေစရာ ဘုံပျောက်သွားရပြန်တော့။


‘‘ငါသဘော ပေါက်ပါတယ် ကွာ။ မင်းကလည်း နေစရာမရှိလို့ ငါ့ကို အားကိုးလာမှတော့လည်း ဘယ်ငြင်းနိုင်ပါတော့မလဲ’’


သည်လိုဖြင့် သံယောဇဉ် အတွယ်အတာတွေ ကင်းနေသည့် မုဆိုးဖိုနှစ်ယောက် ပူးပေါင်းသွား မိကြပြန်လေ၏။


* * * * *


‘‘သန်းသန်းနွယ်လေးကို ယူလိုက်တော့မယ်ကွာ။ မင့်သဘော က ဘယ်လိုရှိတုံး မြအေး’’


စကားအဆင်တန်ဆာ မပါရုက်တရက် ဗြုန်းစားကြီး ပြောလိုက် သည့် ဦးစံဒွန်းမျက်နှာမှာ စိတ်လှုပ်ရှားနေသည့် အမူအရာတွေ ပေါ်လွင်နေလျက်။ သူ့ပင်ကိုအ ကျင့်က ပွင့်ပွင့်လင်းလင်း ဟောဟောဒိုင်းဒိုင်း ပြောတတ်သည်မို့ ဘာညာသာရကာတွေနှင့် လိုရင်းမရောက်နိုင်ဘဲ ဝေ့ဝိုက်နေတာမျိုး တွေကို သဘောမကျ။ ပြောလည်းမပြောတတ်။ ခေတ်စကားနှင့် သုံးနှုန်းရလျှင် တဲ့(ဒဲ့)ကစ်တာပဲ ကောင်းသည်။ အစကနဦးတုန်းကတော့ ဇရာရိပ်တွေ တဖြည်းဖြည်း တိုးဝင်လာသည့်အချိန် နေစရာ၊ စားစရာလည်း မပူရ၊ ငွေကြေးဥစ္စာလည်း ဆုပ်ဆုပ်ခဲခဲ ရှိထားတာကြောင့် ဘဝနေဝင်ချိန် ရောက်သည်အထိ အေးချမ်းစွာ ဖြတ်သန်းဖို့ပါပဲ။ သို့သော်လည်း သူ့ဘဝထဲသို့ သန်းသန်းနွယ်လေး ရောက်လာပြန်တော့လည်း သူ၏သံသရာကို သွားမည့်ခရီးလမ်းကြောင်းသည် ရုတ် တရက်ချိုးကွေ့ သွားခဲ့ပြန်လေပြီ။ ဦးစံဒွန်းက ပြောလိုက်သော်လည်း မြအေးမျက်နှာမှာ ထူးခြားပုံ မရ။ဘယ်ဘက်ပါးစောင်ကို ခဲထား သည့် ဆေးပေါ့လိပ်တိုကို ဖြုတ်သည်။ ထို့နောက် ချောင်းမဆိုးချင် ဘဲနှင့် အဟွတ် အဟွတ်ဟု အသံပြုလိုက်သည်။ တစ်ဖန် လက်ထဲက ဆေးပေါ့လိပ်တိုကို ညာဘက်ပါးစောင်ထဲသို့ ထည့်သည်။


‘‘ကျွန်တော်က စောစောကတည်းက ရိပ်မိလို့ တေဘုမ္မာသီချင်းကို နေ့တိုင်းဆိုပြနေတာတောင် အာစရိက သတိမပြုတော့လည်း ခွကျသဗျာ’’


မြအေးစကားကြောင့် စိတ်ထဲမှာ အောင့်သက်သက် ဖြစ်သွားရသည်။ တဏှာညွှန်အတွင်းမှာ သက်ဆင်းရသည့် လူမိုက်ကြီးကို ဖြစ်နေပါရော့လား။


‘‘ယူတာတော့ မဆန်းပါဘူးအာစရိရာ။ အသက်က ကွာလွန်းတော့ ပတ်ဝန်းကျင်ကပြောစရာ ဖြစ်လာမှာပေါ့’’


‘‘ဟာ ... မင်းကလည်း ပတ်ဝန်းကျင်ဆိုတာ ချီးမွမ်းခုနစ်ရက်၊ ကဲ့ရဲ့ခုနစ်ရက်ပါကွ။ အခုပတ်ဝန်းကျင်ဆိုတာက လူစိမ်း၊ သူစိမ်းတွေချည်းမို့ ငါဖြင့် ခေါင်းထဲတောင်ထည့် မစဉ်းစားမိဘူး’’


 သန်းသန်းနွယ်တည်းဟူ သော ဇောအာရုံက သူ့တစ်ကိုယ် လုံးမှာ အကြားအလပ်မရှိ ပူးကပ်တွယ်ငြိထား၍ မည်သည့်အရာ ဖြစ်စေ ဆုံးဖြတ်ချက်အတိုင်း ဇွတ်တိုးတော့မှာကို မြအေးက သတိပြုမိလိုက်သည်။


‘‘သန်းသန်းနွယ်ကိုယူရင် သူ့အမေ မရွှေသစ်လည်း ပါလာရမှာဆိုတော့ ဒီအိမ်မှာနေတဲ့ ကျွန်တော်က ဘာလုပ်ပေးရမှာလဲ။ အာစရိက အဆင်ပြေသွားပေမယ့် ကျွန်တော့်ဘက်က တွေးကြည့်ပေးပါဦး။ တစ်အိမ်တည်းမှာ မုဆိုးမနဲ့ လူလွတ်ကျွန်တော်က ရေရှည် အတူနေဖို့ သင့်တော်ပါ့မလား’’


ဦးစံဒွန်း ငိုင်ကျသွားသည်။ သူ့စိတ်အာရုံတစ်ခုလုံး သန်းသန်းနွယ်ဆို သန်းသန်းနွယ်ပါပဲ ဖြစ်နေ၍ နောက်ထပ်ဆက်စပ်နေမည့် အကြောင်းအရာတွေကို သူမတွေးမိခဲ့။ မြအေးပြောတာလည်း မှန်သည်။ သူ့ခမျာလည်း နေရေးအတွက် ကြိုတင်တွေးပူ ရှာပေလိမ့်မည်။ သန်းသန်းနွယ်တို့ ရောက်လာမှ မြအေးကို အိမ်ပေါ်မှ နှင်ချ၍မဖြစ်။ သည်လိုလုပ်ပြန်ရင် လည်း မတရားရာ ကျသွားနိုင် သည်။ အားလုံးအဆင်ပြေအောင် မည်သို့ဆုံးဖြတ် ရမည်နည်း။ မည်သည့်အကြောင်းကိစ္စမဆို အမေးရှိလျှင် အဖြေရှိသည်။ သူအရှင်းရခက်မည့်အရေးကို မြအေးကပဲ ဖြေရှင်းပေးလိုက်သည်။


‘‘အာစရိကို ကျွန်တော်တစ်ခု တောင်းဆိုပါရစေ။ ဒီလိုပါ။ တကယ်တော့ ကျွန်တော်နဲ့ မရွှေသစ်က လွန်ခဲ့တဲ့ တစ်နှစ်ကျော်က တည်းက ကြိုက်နေကြတာပါ။ ကျွန်တော့်မှာ အလုပ်ကမရှိ၊ နေစရာတောင် အာစရိကျေးဇူး ကြောင့် နေရတာမို့ မရွှေသစ်နဲ့ အိမ်ထောင်ပြုဖို့ဆိုတာ ဘယ်လိုမှ မလွယ်ဘူးလေ။ အခုသန်းသန်း နွယ်ကို အာစရိယူမယ်ဆိုတော့ ကျွန်တော်တို့ နှစ်ယောက်လည်းဒီမှာပဲနေဖို့ အဆင်ပြေသွားမှာ ပေါ့။ အာစရိခွင့်ပြုမယ် ဆိုရင်ပေါ့ဗျာ။ နေခွင့်ရရင်လည်း ကျွန်တော်အလကား မနေပါဘူး။ မရွှေသစ်နဲ့ ထမင်းဆိုင်လေး တစ်ဆိုင် ဖွင့်ဖို့စိတ်ကူးထားပါတယ်’’


ဟေခနဲ ဖြစ်သွားရင်း ပါးစပ်အဟောင်းသားဖြင့် မြအေးကို သူငေးကြည့်နေမိသည်။ အကွက်ကျကျ မြင်တတ်တွေးတတ်သည့် ဉာဏ်ပြေးပုံကိုလည်း မချီးမွမ်းဘဲ မနေနိုင်။ သို့ကလို စိတ်ကူးအတွေးတွေ မြအေးဆီမှာ မည်သည့်အချိန်ကတည်းက ရှိနေသည်မသိ။ ထို့နောက် သန်းသန်းနွယ်နှင့် သူ့အခြေအနေကို တေဘုမ္မာသီချင်းဆို၍ သတိပေးနေတာဆို သည့် မြအေးစကားကိုသတိရပြီး စိတ်ထဲမှာ မခံချင် ဖြစ်သွားခဲ့သည်။


‘‘မင်းက ငါ့ကိုတော့ တေဘုမ္မာဆိုပြပြီး သတိပေးတယ်။ မင်းကကော ဘာထူးမှာလဲမြအေး။ တေဘုမ္မာဆိုတဲ့မင်းကိုယ်တိုင်က အသိတရားဝင်ဖို့ မကောင်းဘူး လား’’


လေသံတင်းတင်းဖြင့် မေးလိုက်သော်လည်း မြအေးကတော့ သူ့ပုံစံအတိုင်းအေးစက်စက်။


‘‘ဟုတ်ပါတယ် အာစရိရယ်။ကျွန်တော်လည်း ကိုယ့်ကိုယ်ကိုယ်ဒီသီချင်းဆိုပြီး အသိပေးပါတယ်။ခက်တာက ကျွန်တော်တို့တစ်တွေ ဟာ ပုထုဇဉ်သာမန် လူသားတွေ ဆိုတော့လည်း သိပင်သိပေမယ့် အသိခေါက်ခက် အဝင်နက်ကြ တာကိုးဗျာ’’ဟု ပြောလိုက်သည်။


ဦးစံဒွန်းသည် ဖူးခနဲ သက်ပြင်းချလိုက်ရင်း အပြင်ဘက်သို့ ငေးကြည့်နေမိသည်။ တော်သလင်းလကုန်ခါနီး နေရောင်ခြည် သည် အစွမ်းကုန် ပူပြင်းနေလျက်ရှိသည်။ မကြာခင် ဝါလကင်းလွတ် သီတင်းကျွတ်လကို ရောက်တော့ မည်။ အဲသည်အချိန်မှာတော့ သူတို့နှစ်ယောက် အသိခေါက် ခက် အဝင်နက်သည်ပဲ ပြောပြော သမုဒယ ဇာတ်လမ်းစရတော့မှာမို့ တွေးရင်းဖြင့်  ရင်ထဲမှာ နွေးခနဲဖြစ်သွားတာကိုတော့ မည်သူမျှ သိမည်မထင်။


ဤသို့ဖြင့် မကြာမီ အချိန် ကာလမှာ စံအိမ်တော်သည်လည်း ယခင်အနေအထား မဟုတ်တော့ ဘဲ အသွင်ကူးပြောင်း၍ လင်မ ယားနှစ်စုံတွဲဖြင့် စိုပြည်သာယာ ကြည်လင်နေပါဘိသည်။ ဦးစံဒွန်းအတွက် မယားအလှကလေး နှင့် နှစ်ပါးသွား ထွက်ချိန်ဖြစ်သမို့ ယခင်ကြားနေကျ မြအေးဆီက တေ ဘုမ္မာ သီချင်းသည်လည်း အော်တိုမစ်တစ် ပျောက်သွားရရှာလေသည်။ မြအေးက ပြောသည့်အတိုင်း ကတိတည်သည်။ မရွှေသစ်နှင့် အိမ်အောက်ထပ်မှာနေ ပြီး ထမင်းဆိုင်ဖွင့်သည်။ ဦးစံဒွန်းတို့ကတော့ အိမ်အပေါ်ထပ်မှာ ပေါ့။ သန်းသန်းနွယ်တည်းဟူ သော အချောအလှကလေး သည်နွယ်မျှင်နွယ်တန်းလို သူ့နှလုံးသားအား ရစ်ပတ်တုပ်နှောင်ထားသမို့ သူ့ခမျာ နွယ်လေးရေ နွယ်လေးရေဟု  တနွယ်တည်း နွယ်နေလျက်ရှိချေသည်။ အို.. အစ်ကိုကြီးကလည်း နွယ်လေးစိတ်ဆိုးပစ်လိုက် မှာနော်ဟူသော ခရာတာတာ ပလီပလာနွဲ့တဲ့တဲ့ အသံကလေးကဖြင့် အိုဟိုဟို ...ဘယ်လိုပြောရမှန်း တောင် မသိ။ ချိုသော၊ ဆိမ့်သောအရသာထူးများ သုံးဆောင်ရသ ကဲ့သို့နှယ်တည်း။ ပတ်ဝန်းကျင် က ဇရာအိုနှင့် ကညာပျိုဟု ပြာချင်ပြောလည်း သူအရေး မစိုက် တော့ပါ။ သွားလေသူဇနီးဟောင်း မအိမ်တင်ကိုလည်း သတိမရတော့ပါ။ သူ့အတွေးထဲမှာ ဘာမဆို နွယ်လေးအတွက် ဆိုတာတွေချည်း စိုးမိုးနေလျက် ရှိသည်။ နွယ်လေးက စကိုင်းနက် ဆိုလိုက်တော့ နေ့တောင်မကူး၊ စကိုင်းနက်စလောင်း ကို တပ်ဆင်ပြီးပြီ။ ဟော... လက် ကိုင်ဖုန်း လိုချင်ပြန်သတဲ့။ တစ်လုံးမဟုတ်၊ နှစ်လုံးမှ ဖြစ်မတဲ့။ တစ်လုံးက အမ်ပီတီ၊ ကျန်တစ်လုံးကတော့ အူရီးဒူးနဲ့ တယ်လီနောအတွက်တဲ့။ ပြောလို့တောင်မဆုံးသေး နောက်ဆုံးပေါ် အမျိုး အစားဆမ်ဆောင်းတံဆိပ် လက်ကိုင်ဖုန်းနှစ်လုံး နွယ်လေးဆီသို့ ရောက်လာ ပြန်ချေတမုံ့။


ဦးစံဒွန်း၏ နွယ်လေးသည် အလှပြင်လိုက်၊ တစ်နေကုန် ဖုန်းပွတ်လိုက်၊ စကိုင်းနက်ကလာသည့် တီဗီဇာတ်လမ်းတွေကြည့်လိုက်၊ တစ်ခါတစ်ရံ ရှော့ပင်းထွက်လိုက်ဖြင့် နေ့စဉ် နေ့တိုင်း မအားလပ်အောင် ရှိနေချေသည်။ ကုသိုလ်ကံများ ကောင်းလိုက်ပုံ ကဖြင့် မအိမ်တင် ရှာဖွေစုဆောင်း ထားခဲ့သော ပစ္စည်းဥစ္စာများသည် အသက်ငယ်ငယ် ဖြုန်းချင် သုံးချင်ရှာသည့် သန်းသန်းနွယ်အတွက် ရည်ရွယ်ထားခဲ့လေသလားဟူ၍ ထင်မှတ်ရသည်။


လူ့ဘဝဆိုသည်ကား ဇာတ်သဘင်၏ တင်ဆက်ကပြ ဖျော်ဖြေမှုနှင့်အလား တူညီစွာ။ ညဥ့်ဦးပိုင်းတွင် အရွှင်အမြူးဖြစ်စေ မည့် အော်ပရာဖြင့် စတင်လိုက်သည်။ ပြဇာတ်ရောက်ပြန်တော့ ငိုရ၊ရယ်ရ၊ လွမ်းရဖြင့်။ အဲသည်နောက် နှစ်ပါးသွား ထွက်ချိန်မှာ ဖြင့် မင်းသားနှင့် မင်းသမီးတို့၏ သမုဒယကွန်ရက်ထဲမှာ ပျော်စ ရာ၊ ကြည်နူးစရာ အကောင်းဆုံးကို ရောက်သွားခဲ့ပြီ။ သို့ရာတွင် နှစ်ပါးသွား ပြီးဆုံးသည်နှင့် ငိုချင်းချ၍ အပူတိုက်သည့် နောက်ပိုင်းဇာတ်ထုပ်က ပုံမှန်အတိုင်း ရောက်လာရစမြဲ။ ဦးစံဒွန်းခမျာ လည်း နွယ်လေးနှင့် တစ်နှစ်ကျော်ကျော် နှစ်ပါးသွား ထွက်နေဆဲရှိ သေး နောက်ပိုင်းဇာတ်ထုပ် ခင်းရဖို့ အကြောင်းဖန်လာ ပါလေတော့၏။ တကယ်တော့ အသက်အရွယ်ကလည်း ကွာခြားပြီး ကျလူဖြစ်နေသည့် သူ့ကိုသန်းသန်းနွယ်က စွန့်ခွာသွားခြင်းသည် ထူးဆန်းသော ကိစ္စမဟုတ်ပေ။ သည်နှယ်အဖြစ် မျိုးကြုံရတတ်တာကို ဦးစံဒွန်းက မသိမဟုတ် သိပါသည်။ သန်းသန်းနွယ်သည် သူနှင့် သက်တူရွယ်တူ ယောက်ျားလေးတွေကို စိတ်ဝင်စားမှာ သေချာသည်။ အမှန်တကယ် ချစ်မြတ်နိုးသူကို တွေ့ခဲ့လျှင် သန်းသန်းနွယ်ကို ဇနီးအဖြစ်မှ စွန့်လွှတ်ပေးဖို့အထိ တွေးထားခဲ့သည်။ ယခုတော့ဖြင့် သန်းသန်းနွယ်သည် ခြေရာဖျောက်ကာ ပျောက်ခြင်းမလှ ပျောက်သွားခဲ့ပြီ။ သန်းသန်းနွယ် ယူသွားသည့် ရတနာပစ္စည်းတွေ အတွက်လည်း အနည်းငယ်မျှ ပူပန်ခြင်းလည်း မရှိပါ။ ဖေ့စ်ဘွတ်ခ်မှာ လူဆိုး၊ လူကောင်းမှန်း မသိ၊ သမီးရည်းစားဖြစ်၍ အချိန်းအချက်ပြု၍ လိုက်သွားလျှင်တော့ ရှေ့အရေးကို မတွေးရဲတော့။ပုံမတော် ပစ္စည်းယူ လူသတ်သွားတာမျိုး၊ သည်လိုမဟုတ်လျှင် လည်း နယ်စပ်အထိ ခေါ်သွားပြီးနိုင်ငံခြားသို့ ရောင်းစားတာမျိုး တွေ ကြုံရနိုင်သည်ကော။ ဦးစံဒွန်းသည် မယားပျောက်ပူပုံပွား ကာ အကြံဉာဏ်လေး ရလိုရငြားမြအေးကို တိုင်ပင်သည်။ မရွှေသစ်ကတော့ အစကတည်းက သမီးကိုကြောက်ရသည်မို့ ဘာတစ်ခုမျှ သိပုံမရ။ နည်းနည်းတော့ ထူးဆန်းသည်။ မရွှေသစ်မျက်နှာ တွင် သမီးတစ်ယောက်လုံးပျောက်


သွားသော်လည်း ခံစားမှုမရှိတာ ကို သတိထားမိသည်။ ဦးစံဒွန်း သည် မရွှေသစ်မျက်နှာကို စေ့စေ့မကြည့်ရဲ။ မရွှေသစ် အမူအရာက မယားတစ်ယောက်လုံး ပျောက်သွားတာက တော်ညံ့လို့ပေါ့ဟု အပြစ်တင်နေသယောင်ဟု မလုံမလဲဖြင့် တွေးလိုက်မိသည်။


‘‘စောင့်ကြည့်ရုံပဲရှိတာပေါ့ အာစရိရယ်။ လိုအပ်ရင် ရဲစခန်းကို တိုင်ချက်ဖွင့်ပြီး သတင်းစာထဲမှာ လူပျောက် ကြော်ငြာထည့်ရမှာပေါ့’’ဟု ပြောလိုက်သည့် မြအေးကို သူငေးကြည့်နေမိသည်။ ပြီးမှခေါင်းငိုက်စိုက်ချကာ အိမ်အပေါ်ထပ်သို့ တက်သွားတော့သည်။ သူ့ရင်အုံတစ်ခုလုံး ငရဲမီးမျိုချမိ သလို ပူလောင်နေလျက် ရှိသည်။ တွေးချင်ရာ လျှောက်တွေးရင်း မအိမ်တင်ကိုလည်း မဆီမဆိုင် သတိရမိပြန်၏။ မွေးဖွားခြင်းမှ သေဆုံးခြင်း မှတ်တိုင်သို့ မရောက်ခင် အတောအတွင်း မိန်းမတစ်ယောက်နှင့် သေကွဲကွဲခဲ့ရပြီး သည်တစ်ယောက်ကတော့ ရှင်ကွဲကွဲခဲ့ရသည့် သူ့အဖြစ်ကား ဆိုးလှပါ၏။ နွယ်လေးရယ် ... မင်းဘယ်ဆီမှာလည်းကွယ်ဟု ရင်ထဲမှ တမ်းတမိပြန်၏။ အသံထွက် တမ်းတတာမျိုးတော့ မလုပ်ရဲပါ။ အများအမြင် မှာ မယားတရူးဟု ထင်သွားလျှင် ခက်ရချည့်။ မြအေးသည် အိမ်အပေါ်ထပ်ဆီက ညဥ့်မိုးချုပ်သည့် တိုင်အိပ်စက်မပျော်နိုင်ဘဲ ခေါက် တုံ့ခေါက်ပြန် လျှောက်နေသည့် ဦးစံဒွန်း၏ ခြေသံတွေကို နားထောင်ရင်း ငါ့အာစရိတော့ ခက်ပါပြီဟု တွေးလိုက်ရှာသည်။


‘‘မိုက်မဲအဝိဇ္ဇာ စိတ်တဏှာ အနိဋ္ဌာ-ဣဋ္ဌာရုံထင်မိမှား ကာယအပုတ်ကောင်ဟာ ဟုတ်ယောင်သာ ရုပ်ဆောင်စွာ ချုပ်နှောင်ကာ သူလှည့်စား။ တရားကွာ မှားရှာ များသတ္တဝါ ဘဝအနေကာ ဖြစ် ပျက်သံသရာ ....’’


တစ်နေ့သ၌ စံအိမ်တော်ဆီ မှ တေဘုမ္မာသီချင်းကို ပြန်လည်နားဆင်ရသဖြင့် အိမ်နီးနားချင်း တွေ အံ့သြနေကြသည်။ ဟုတ်ပါ သည်။ သောတရှင်လိုရာမဟုတ်၊အဆိုရှင် အကြိုက် တေဘုမ္မာသီ ချင်း လွင့်ပျံ့လာခဲ့လေပြီ။ သို့သော် လည်း သည်တစ်ခါတော့ သီချင်းဆိုသူက ပြောင်းလဲသွားသည်။ ဦးစံဒွန်းကိုယ်တိုင် သည်သီချင်းကို သီဆိုနေသည်ကော။


‘‘ကာမဂုဏ် ရမ္မက်ဆိုးကိုဖျက်ချိုးနိုင်မှသာ ဖြစ်ရာဘဝသံ သရာ ပညာပါရမီကြီးရင့်အောင်ဖို့ပါ။ အတီတာ မိုက်စမိုက်ပင် ပျိုးလို့ မိုက်ဆိုးခဲ့တာ။ ယခုလည်းမိုက်ဆဲမှန်စွာ ရှေ့ကိုတိုးလို့ တံပိုးမိုက်ဦးမှာ အဆုံးသတ်သင့်တာ...’’


မြအေးသည် ဦးစံဒွန်း၏ တေဘုမ္မာသီချင်းကို နားထောင်ရင်း ငါ့အာစရိတော့ သည်သီချင်းကို နေ့စဉ်သီဆိုရင်း သီချင်းအဓိပ္ပာယ်ကို နားလည်ကာ တရားရလောက်ကောင်းရဲ့ဟု တွေးသည်။တစ်ဖန် မယားပျောက်ရှာဖွေဖို့ လမ်းစမတွေ့တာကြောင့်  ထင်မိထင်ရာ တေဘုမ္မာသီချင်းကို ဟဲလေသမို့  သူ့မျှော်လင့်ချက်ကို ချက်ချင်းဖျက်သိမ်းလိုက်သည်။ ဘဝတဏှာထဲမှာ ဝဲလှည့်နစ်မွန်းနေရသည့် ပုထုဇဉ် လူသားတို့ခမျာ အသိနောင်တရဖို့က မလွယ်ကူလှပါ။ သီချင်းထဲကလိုမိုက်ပင်ပျိုး၍ ရှေ့ကိုတိုးကာ မိုက်ကြပါဦးမည်။ သည်တော့ ဦးစံဒွန်းသည်လည်း စိတ်ထွက်ပေါက် တစ်ခုအနေဖြင့် တေဘုမ္မာကို သီဆိုနေဆဲ။ အကယ်၍ သန်းသန်းနွယ် ပြန်ရောက်လာလျှင်တော့ တေဘုမ္မာသည် အလိုလိုရပ်တန့်သွားမှာ သေချာသည်။ ခက်တာကသန်းသန်းနွယ်သည် ဘယ်ဆီဘယ်ဝယ်ရောက် နေလေသည် မသိ။


* * * *


ညိုထွန်းလူ


On  Fri, 2018-10-19 18:27Issue No.No.1958 Saturday, October 20, 2018


{ 7Day News မှ ကူးယူပါသည်။ 7Day News အား ကျေးဇူးတင်ပါသည်။ }


No comments:

Post a Comment