သည်တန်ဆောင်နှင့် ညီမောင်
###############
#၀င်းဦး
သည် တန်ဆောင်တွင် ပျော်ရွှင်စရာ အချစ် ပုံပြင်ကလေး တစ်ပုံ ပြောစမ်းပါဟု အစ်ကိုလေးက ဆိုသည်။ “အချစ် ဆိုတာမှာ ကြည်နူး စရာတွေ အပြည့် ရှိပါသေးတယ် ဆိုတဲ့ အကြောင်းကို လှလှကလေး ဖွဲ့ပြစမ်းပါ” ဟုလည်း အစ်ကိုလေးက တဖွဖွ တိုက်တွန်းသည်။
ညီမောင် ပြောခဲ့သမျှ ပုံပြင်တွေမှာ ချစ်သဲတွေ မွမွကြေကြ ရသည်နှင့် အဆုံးသတ်ခဲ့ သည်ချည်း ဖြစ်၍ အချစ်ကို မျက်မှန်စိမ်းကြီး တပ်ကြည့်လေ့ ရှိသူဟု အစ်ကိုလေးက သမုတ်ချင် ဟန်ရ၏။ မသိ မဟုတ်၊ ညီမောင် ကျော်လွှားခဲ့ ရသော ဘ၀လမ်း ခရီးကြမ်းကို အစ်ကိုလေး သိ၏။ မမှန်မဟုတ်၊ ညီမောင် ငိုပြခဲ့သော မျက်ရည် စီးချောင်းသည် နှလုံး သည်းပွတ်မှသာ စီးယို ထွက်သော သောက မျက်ရည်တို့ အကယ်တိ အစစ်အမှန် ဖြစ်ခဲ့သည်။ သို့သော်လည်း အစ်ကိုလေးက ပြည်ဖုံးကား တစ်ခါချ၍ ပျော်စရာ ပျော်စရာ ကလေးများ အကြောင်း ပြောပါဦးဟု တိုက်တွန်းလာသည်။
“မျက်လုံးက ပြုံး၊ နှုတ်ခမ်းကလည်း ပြုံးပြီး၊ ပျော်ရွှင်စရာနဲ့ အဆုံးသတ်တဲ့ ပုံကို သည်တန်ဆောင်မှာ ညီမောင် ပြောစမ်း”
အစ်ကိုလေးက ထပ်ကာ တလဲလဲ တိုက်တွန်းသဖြင့် ပြောရဦးမည်။ အဆုံးသတ်သော အခါ ကျလျှင်သာ ညီမောင်ကို အစ်ကိုလေး အပြစ်မတင် စေလိုပါ။
သို့သော် အစ်ကိုလေး ပြုံးရမည် မုချဟု ညီမောင် အာမခံ ရဲသည်။ တစ်ခုသာ ရှိပါသည် အစ်ကိုလေး၊ အစ်ကိုလေး၏ အပြုံးသည် သနား ပြုံးကြီး ပြုံးနေမှာကိုတော့ ညီမောင် မြင်ယောင်ပါသေးသည်။
x x x
တန်ဆောင် ဆီမီးတွေ ထိန်ထိန်ငြီး နေသည့် ရွှေတိဂုံ ရင်ပြင်သို့ အစ်ကိုလေးတို့ ဖိတ်၍ ညီမောင် လာခဲ့ရသည်။ ဘန်ကောက် လုံချည် တိုက်ပုံ အင်္ကျီတွေနှင့် ဖြစ်၍နေ သော ညီမောင်ကို အစ်ကိုလေးတို့ကပင် မမှတ်မိချေ။ ရင်ပြင်တော်ပေါ် ပုဆိုး လျှောကျပြီး ချော်လဲမည် ကိုလည်း ညီမောင့်မှာ စိုးရိမ်စိတ် ဖြာနေမိသည်။ သည်အ၀တ် အစားတွေ ၀တ်ပြီးသည် ပတ်ဝန်းကျင်ကို မရောက် ဖြစ်သည်မှာ ပြန်လည် တွက်စစ် ကြည့်လျှင် ၁၃ နှစ်၊ ၁၄ နှစ်လောက်ပင် ရှိပြီဖြစ်ကြောင်း အစ်ကိုလေးလည်း သိ သည် မဟုတ်လား။
ဘ၀တစ်ခု စွန့်လျှင် ညီမောင်သည် အရိုးရော အရင်းပါ စွန့်တတ်ပါသည်။ ညီမောင်လို လူမျိုးများသည် မဇ္စျိမ ပဋိပဒါကို နားမလည်သော သူမျိုး ဖြစ်ကြပါသည်။ ရင်ကို ဖွင့်မထား တတ်သောကြောင့် သိုသိပ်စရာ တွေကိုလည်း ပြန်မထုတ်တတ်ဘဲ သေတစ်ပန် သက်တစ်ဆုံး သိမ်းထား တတ်ကြသော သူများလည်း ဖြစ်ပါပေသည်။ ထို့ကြောင့်ပင် သူများ တကာတွေ တစ်ကြိမ်မျှ သာမက ကျသော အိပ်မက်များကို အခါခါပြန်မက်မိ ကြခြင်းဖြစ်ပါသည်။ အစ်ကိုလေး။
ထို့ကြောင့်ပင် သည်ပုံပြင်မျိုးကို ဂဃနဏ တစ်လုံးမကျန် ပြန်ပြောနိုင်ခြင်း ဖြစ်ပါသည်။ ညီမောင်တွင် အမြဲအစဉ် ခြောက်လှန့်နေသော အိပ်မက် ဆိုးကြီးများ ရှိနေ ခဲ့ပါသည်။ သည်းခံပါအစ်ကိုလေး။ အိပ်မက်ဟု ဆိုသော်လည်း ယခုပြောမည့် အကြောင်းမှာမူ အစ်ကိုလေး လိုချင်သော ပျော်ရွှင်စရာတွေ တင်းပြည့် ပါပါသည်။ စိုးရိမ်ဖွယ်ရာ မရှိပါ။
“ဟောဒီ အဆိုတော် နာမည်က ၀င်းအောင်တဲ့။ သူက သူများထက် ထူးခြားတယ်။ သီချင်းကို တစ်နှစ်မှ တစ်ခါပဲ ဆိုတယ်။ ဆိုတော့လည်း ကျွန်တော်တို့ ၀ိုင်းနဲ့မှ ခင်ဗျ။ ဆိုပြန်ရင်လည်း ခဲတစ်လ လောက်တော့ ကျတာချည်းပဲ”
အစ်ကိုလေးက သူတို့ တီးသော တန် ဆောင်းတွင်းသို့ ညီမောင် အရောက်တွင် ဤသို့ မိတ်ဆွေ သင်္ဂဟများနှင့် မိတ်ဆက် ပေးပါသည်။
“ကဲ ကဲ လူများလွန်းလို့ ဖိုးဝင်း အောင်ရာ တစ်ပုဒ်လောက် ဆိုလိုက်စမ်းပါ။ ဒါမှ လူရှင်းသွားအောင် ဟုတ်လား”
“၀ိုင်းခေါင်းဆောင် မောင်ကိုကိုကလည်း ညီမောင့်ကို နောက်ပြောင် ပြန်ပါသည်။ အစ်ကိုလေးတို့ အဖွဲ့နှင့် တွေ့မှဖြင့် ဆယ့်နှစ်ရာသီ ပျော်စရာတွေချည်း ဖြစ်ပါသည်။ ညီမောင့်ကို အစ်ကိုလေး တို့က စ၍ ပြောင်၍ ကောင်းသည်ဟု စွဲမှတ် ထားကြရကား လူရှေ့မရှောင် သူရှေ့မရှောင် ဆိုနေ ပြောနေကျ ဖြစ်ပါသည်။ ထို့ကြောင့်ပင် တကယ်ဟု ထင်မှတ်၍ စန္ဒရားခုံ အနီးတွင် ထိုင်နေသော အဆိုတော် ကလေး တစ်ယောက်က နေရာ ဖယ်ပေးရာ ညီမောင့်မှာ မသိမသာ ပြုံးရပါသေးသည်။ ပြီးမှ
“ဖိုးဆိုချင်ပဲ အစ်ကိုလေးတို့ရာ။ ဆိုမှပေါ့။ ဘုရားပေါ် ရောက်ပြီး ပြန်သာ ဆင်းသွားရော ဘုရား မဖူးဖြစ်ဘဲ နေမှာစိုးလို့ ညီမောင့် မွေးနံဒေါင့်မှာ သွားဦးချပြီး ပြန်လာခဲ့မယ်” လို့ ပြောရကာ မျက်စေ့ မှိတ်ပြပြီး ပြန်ထွက်ခဲ့ရပါ၏။
ရင်ပြင်တော်ကား လူသူ အများနှင့် ပြည့်ကျပ် အပ်ချစရာ မရှိသလောက် ဖြစ်၍ နေလေသည်။ ကြုံတောင့် ကြုံခဲ မသိုး သင်္ကန်း ဆင်နွှဲမည့် သူများမှာလည်း တက်လာမစဲ တသဲသဲပင် ဖြစ်ပါလေသည်။ပိုးဖဲ ကတ္တီပါ၊ နိုင်လွန်၊ တာဖီတာတို့ကို ဝေဆာ သိုက်မြိုက်စွာ ၀တ်စားဆင်ယင် လာကြသော သူများသည် ကုန်းတော်မှ အပြန်တွင် ဇာတ်လမ်း တစ်ပုဒ်စီ ယူဆောင် သွားကြမည့် သူများသာ များလှ၏။ ဘာသာရေးပွဲ ဆိုသည်မှာ ဖရဏာပီတိ ကြည်နူးစိတ်တွေ အိပြီး တစိမ့်စိမ့် ဆင်းကာ ဘ၀င် သိမ့်ရမည့် ပွဲသာ ဖြစ်ပါသည်။ “ပျော်သည် ပျော်သည် သူနဲ့ တွေ့လို့ ပျော်ရသည်။ သူနဲ့ တွေ့လို့ ပျော်ရသည်” ဟူသော သီချင်းမျိုး ဆိုကာ ပန်းမွေ့ရာ ရွှေကော် ဇောရောနှော၍ ထိုင်ကောင်းသော ပွဲမျိုး မဟုတ်ပါ။ ယခုမူ လူအုပ်သည် တဟေးဟေး တ၀ါးဝါး ပျော်ကြသည်သာ ဖြစ်ပါသည်။ ပျော်စရာကို ရှာရမည့် အခါကြီး ဟုသာ ထင်မှတ်နေပါ၏။ ထိုအထဲတွင် ညီမောင်သည်လည်း တစ်ယောက် အပါအ၀င် ဖြစ်၍ နေခဲ့ရပါ၏။ ကြုံတုန်း ကြုံခိုက်ကျမှ ဘုရားကို ရိုသေ ကိုင်းရှိုင်းသည် ဟူ သည်ကား ကောင်းလှသော စိတ်မျိုး မဟုတ်ကြောင်း ညီမောင် သိပါသည်။ သိလျက်နှင့်ပင် ကြမ္မာ ငင်ချင်သော ညီမောင်သည် မွေးနံဒေါင့်တွင် ၀င်၍ ၀တ်ပြုလိုက်မိ၏။
အော်ကျယ်ဟစ်ကျယ် ဘုရား ရှိခိုးသော ဘေးက ဦးသူတော်ကြောင့် ညီမောင်လည်း ဆက်လက်၍ အာရုံ မပြုတော့ဘဲ နေရာမှ ထလိုက် ရပါသည်။ ထိုအခါကျ မှပင် ညီမောင်၏ ရင်သည် ထိတ်ကနဲ ခုန်၍ သွားကာ ခြေလှမ်း မရွေ့မိဘဲ ရှေ့သို့ ငေးငေးကြီး ကြည့်နေမိပါသည်။
“၀င်းအောင် မဟုတ်လားဟင်။ သူငယ်ချင်း နေနိုင်လိုက်တာကွာ။ မင်းနှယ် ဒို့ရန်ကုန်မှာ ပြန်ရောက်နေတာ သိရက်နဲ့ လာမတွေ့ဘူး”
“ဟုတ်ပါရဲ့ ကိုဝင်းအောင်ကလည်း တူတူတို့မှာလေ၊ သားသားတွေ သုံးယောက်တောင် ရနေပြီ သိလား။ ကိုယ့်တူတော် မောင်တွေ လာကြည့်စမ်းပါဦး”
ကိုယ့်မျက်နှာကို မြင်မှပင် ၀မ်းသာ အယ်လဲ နှုတ်ဆက်ကာ ချဉ်းကပ် လာကြသူ မောင်နှံစုံကို ညီမောင် မည်သို့ စကား ပြန်ရမှန်း မသိဘဲ ကြောင်အအ ဖြစ်၍ နေပါ သည်။ သူတို့ကား ညီမောင်၏ အချစ်ဆုံး သူငယ်ချင်း လင်မယား ဖြစ်သည်။ သူတို့နှင့် မတွေ့တော့သည်မှာလည်း ၁၀ နှစ်၊ ၁၂ နှစ်ခန့်ပင် ရှိ၏။ ညီမောင့် ဘ၀တွင် မေ့ထား ခဲ့ရသည့် အစိတ်အပိုင်းတွင် သူတို့လည်း ပါဝင်ခဲ့၍ ညီမောင် မေ့ထားခဲ့ ရသည်မှာ ကြာပြီ။ ယခုမှ ပြန်တွေ့သော အခါ ညီမောင်မှာ ၀မ်းသာ ၀မ်းနည်းကြီး ဖြစ်၍ နေပါသည်။ ဆွေမြင့်နှင့် တူတူလှကား ယခင်ကထက် အနည်းငယ် အသားတက်၍ ၀ဖြိုးသယောင် ရှိနေကြသည်မှ အပများစွာ ပြောင်းလဲခြင်း မရှိကြချေ။
“မင်းတို့ အင်္ဂလန်က ပြန်ရောက်တယ် ဆိုတာ ကြားပါတယ်ကွာ။ ငါလည်း ပရိယေသန ၀မ်းစာ အတွက် အလုပ်များ နေလို့ပါ။ မကြာခင် လာခဲ့ဦးမယ် စိတ်ချ”
ဆွေမြင့်နှင့် တူတူလှသည် ညီမောင်ကို အကဲခတ်သလို ကြည့်လိုက်ကြပြီးမှ “၀င်းအောင်ကြီး ခုထက်ထိ တစ်ကိုယ်ထဲပဲ လားဟ” ဟု စူးစမ်းသမှု ပြုကြလေသည်။ ညီမောင်က ခေါင်းညိတ်ပြသော အခါ တူတူ လှက “မိန်းမ ခိုးပေးတာမှ တော်တဲ့ လူတွေဟာ ကိုယ့်အတွက်ကျ မစွံတတ်ဘူး ဆိုတာ မှန်နေတာပေါ့”ဟု ရယ်ရယ်ရွှင်ရွှင် ကလေး ပြောလိုက်ပါသည်။ သည့်နောက် သူတို့ လင်မယားသည် တစ်ယောက် မျက်နှာတစ်ယောက် ပြန်ကြည့်ပြီး အသံထွက် အောင် ရယ်လိုက်ကြပါလေသည်။ ညီမောင်မှာလည်း ရောယောင် သွေးသောက် ပြုံးနေလိုက်ရ၏။
“တို့တတွေရဲ့ ဘ၀ကို ပြောင်းပေးလိုက်တဲ့ တန်ဆောင်တိုင်ပွဲကို မင်း သတိ အမြဲရနေမှာပဲ မဟုတ်လား ၀င်းအာင်”
ဆွေမြင့်က ညီမောင်ကို မေး၏။ ညီမောင်လည်း ခေါင်းညိတ် ပြလိုက်ရသည်။
တူတူလှက ၀ဲယာသို့ မျက်လုံး ကစားလိုက်ပြီးလျှင် “ဘယ်သူမှ မပါရင် တူတူတို့နဲ့ ရင်ပြင်ပေါ် လျှောက်ပါ ဦးလား ကိုဝင်းအောင်”ဟုမေးစမ်းပြီး အဖော် ခေါ်လေသည်။
ညီမောင်လည်း သူတို့ လင်မယား နှစ်ယောက်နှင့် အတူ ဖြည်းဖြည်း သာသာ လမ်းလျှောက်ရ ပြန်ပါ၏။ လမ်းလျှောက် ကြရာတွင် တူတူလှသည် အလည် ကနေပြီး ကလေးငယ်သဖွယ် ဆွေမြင့်နှင့် ညီမောင်၏ လက်ဖျား ကလေးမျာကို တစ်ဖက် တစ်ချက်စီ ကိုင်ဆွဲ၍ လာပါသည်။ တစ်ချိန်လုံးမှာလည်း ဆွေမြင့်က တစ်လှည့် တူတူလှက တစ်လှည့် “မှတ်မိသေးရဲ့လား ၀င်းအောင်၊ မှတ်မိသေးတယ်နော်” အစ ချီကာ ချီကာဖြင့် ရှေးဟောင်း နှောင်းဖြစ်တွေ မှောက်သွန် အန်ချပြော လာကြပါသည်။
ထိုရောအခါ ညီမောင်မှာလည်း သူတို့ အငွေ့ ပတ်ပြီး လန်းဆတ် ကြည်မွေ့၍ နေမိပါ၏။ သို့နှင့် ညီမောင် တို့သုံးယောက်သား အစ်ကို လေးတို့ရှိသည့် တန်ဆောင်းရှေ့သို့ တစ်ပတ်ကျော့ ရောက်၍ လာ၏။ အစ်ကိုလေးသည် ညီမောင်ကိုသာ မြင်ပြီး ညီမောင်၏ အဖော်သစ်များကို မမြင်သဖြင့် “ဟေး ၀င်းအောင် ငါ့ညီလာ သီချင်းဆိုဟေ့ အလှည့်ရောက်ပြီ” ဟု ရွှင်ရွှင်မြူးမြူး လှမ်းအော်ခေါ်ရာ၊ ဆွေမြင့်နှင့် တူတူလှသည် “အမယ် ၀င်းအောင်ကြီးက အဆိုတော်တွေ ဘာတွေ ဖြစ်လို့ပါလား။ ကိုယ်တို့လည်း နားထောင်မယ်ဟေ့” ဟု ညီမောင်၏ ဆန္ဒကိုပင် မမေးတော့ဘဲ တန်ဆောင်းတွင်း လိုက်ဝင်ကြပါ၏။ ဤတွင် ညီမောင်လည်း “ဂီတညီနောင်၊ ဗိုလ်က လေးတင့်အောင်နဲ့ မောင်ကိုကို ဆိုတာပါပဲ” ဟု ငယ်သူငယ်ချင်း များနှင့် မိတ်ဆက်ပေး ရပါသည်။ ပြီးနောက် သီချင်းဆိုရန် ဟန်ပြင်ရ၏။
“၀င်းအောင်ရေ မင်းရသေးရင် ငါတို့ ကောလိပ်တုန်းက နေ့ကျောင်းသား အသင်းနဲ့ ဆီမီး ပူဇော်တုန်းက သီချင်းကို ဆိုပါလားကွာ”
ဆွေမြင့်က ကောက်ခါ ငင်ခါ တိုက်တွန်း၍ တူတူလှက ခြွင်းချက်မရှိ ထောက်ခံသဖြင့် အစ်ကိုလေးကို နောက်မှလှိမ့်လိုက် ပေးရန် ပန်ကြားပြီး ညီမောင်လည်း သီချင်းဟောင်းကို ညည်းရပါသည်။
“သီတင်းဝါ လကုန် ကျွတ်ခဲ့ပြီ မီးထွန်း ပွဲတော်သည် ရာသီ မြန်မာပြည်၊
သြော် မြို့ရွာတိုင်းမှာ”
မေ့နေသော အပိုဒ်များတွင် တူတူလှက ထောက်ပေးသေး၏။
“နေ့ကျောင်းသူများ နေ့ကျောင်းသားများ ပါရမီ၊ ဒါနသီလ ဒွန်တွဲလို့သာ အတည်၊ နန်းနိဗ္ဗာန် မှန်းကာ ရည်ရွယ်ကြတော့သည်။ ယူနီဗာစတီ တက္ကသိုလ် ကျောင်းတော်ဆီ စံနမူနာ ရှေ့ဆောင် ပြပါမည်”
ဆိုလိုက်တော့လည်း ကိုမောင်ကို၏ ကျွမ်းကျင်သော အတီးကြောင့် ဖြောင့်ဖြူး၍ အာတွေ့သယောင် ရှိ၍ နေပါသည်။ ဆွေမြင့်နှင့် တူတူလှကား ရှေးက အကြောင်းစုံ တွေကို စားမြုံ့ပြန် နေကြဟန် တူ၏။ ငြိမ်ချက်သား ကောင်းလှပါသည်။ ညီမောင်မှာ မူကား မရေရာသော ဝေဒနာ တစ်မျိုး ရင်ထဲတွင် တလှပ်လှပ် ပေါ်၍ နေပါ၏။ အနေရ အထိုင်ရလည်း ကျပ်လှပါသည်။ လူပုံ အလယ်မှာ တင့်တောင့်တင့်တယ် ထည်ထည်ဝါ၀ါ မနေသည်မှာ ကြာပြီဖြစ်၍ ပရိသတ်၏ အာရုံစိုက်ရာ အလယ်ဗဟို ဖြစ်နေ မှန်းရိပ်မိသော အခါ စည်းဝါတွေပင် ချွတ်ယွင်းလုလု ဖြစ်၍ ဖြစ်၍ သွားမိသေး၏။ ထိုအခါများတွင် ဘေးကထိုင်၍ အားပေးနေသော အစ်ကိုလေးက ပြုံးပြ၍ အားပေး၏။ ဆွေမြင့်ကလည်း ညီမောင်၏ လက်တစ်ဖက်ကို နွေးနွေး ဆုပ်ကိုင်ထား ပါ၏။ သည်သူငယ်ချင်းကား ယခုအထိ ညီမောင့် အပေါ် အချစ် မပြယ်ရှာသေးပါ။ ဝေးသော်လည်း သွေးအေးသည် မဟုတ်ကြောင်း ဆွေမြင့်၏ လက်ဖ၀ါးမှ သွေးပြန်ကြောတို့က သွေးတိုး မြန်မှုဖြင့် သက်သေ ပြပါသည်။ ထိုအခိုက် “ဟင့်”ကနဲ ရှိုက်သံတစ်ချက် ကြားလိုက်ရသဖြင့် ညီမောင်လည်း ရပ်ပစ်လိုက်ကာ လှည့်ကြည့်မိ၏။ တူတူလှသည် မျက်ရည် ကလေးစို့စို့နှင့် မော့ကြည့်၏။
“ဟော လုပ်ပြီ။ မိရွှေတူတို့ ကတော့ ၀မ်းသာတဲ့ မျက်ရည်တွေ ထွက်ပြန်ပြီ”
ဆွေမြင့်သည် အားသော လက်တစ်ဖက်နှင့် သူ့ဇနီးချောကို ပုခုံးကလေး ဖက်ကာ တယုတယ မာန်လိုက်၏။ ညီမောင်ကမူ တူတူလှ၏ သဘောကို ငယ်ငယ်ကတည်းက သိပြီး ဖြစ်၍ ပြုံးရုံသာ ပြုံးနေလိုက် ရလေသည်။ တူတူလှကမူ ရှက်ကိုး ရှက်ကန်းဖြင့် ဆွေမြင့်ကို တစ်လှည့် ညီမောင့်ကို တစ်လှည့် မျက်လွှာ ခတ်ရင်း ကြည့်လိုက်ကာ
“မောင်တို့ တူတူတို့ဟာ ကိုဝင်းအောင်နဲ့ ရေစက်ကို ဆုံတယ်နော်။ ဟိုးငယ်ငယ်က တန်ဆောင်မုန်း လပြည့်နေ့က အကြောင်းကို ပြန်တွေးကြည့်တော့ တူတူ ကြည်နူးမိတယ်။ အဲဒီတုန်းကသာ မတော်တဆ မောင်နဲ့ တူတူ ကွဲသွားခဲ့ရင် ဒုက္ခပဲ”ဟု ကြောင်စီစီကလေး ပြော၍ နေပြန်၏။
“အေးလေ ခုတော့ မကွဲတဲ့ အပြင်၊ ၀င်းအောင်ကြီး ကျေးဇူးကြောင့် မောင်တို့ ဒီအခြေ ရောက်လာတာပဲ မဟုတ်လား”
တူတူလှက ညီမောင်ကို ရှက်သလိုလို မျက်စောင်းထိုး လိုက်ပြန်၏။ ညီမောင်က မလုံမလဲ “အဟဲ”ကနဲ ရယ်လိုက်သော အခါ ဆွေမြင့်က ညီမောင်ခေါင်းကို တစ်ချက်ပုတ် လိုက်လေသည်။ အစ်ကိုလေးတို့ကား ညီမောင်တို့ သုံးယောက်၏ ချစ်ခင် ယုယပုံကို အားပါးတရ ငေးကြည့် နေကြလေသည်။
ထိုအခိုက် “ဟဲ့ သားနဲ့ သမီးတို့၊ ငါ့မြေးတွေက အောက်မှာမီးပွဲ လှည့်ကြည့်ချင်လို့တဲ့ တပူပူ၊ တဆာဆာနဲ့ဟာ မင်းတို့က ဒီရောက်နေကြတာကိုး” ဟူသော အပြစ်တင် သံနှင့် အတူ တန်ဆောင်းတွင်းသို့ လူကြားထဲမှ တိုးဝှေ့ ၀င်လာကာ ပြောလိုက်သော အသံကြောင့် အားလုံးသည် အသံ လာရာသို့ လှည့်ကြည့်ကြ၏။ ညီမောင် တစ်ယောက်သာ ခေါင်းမမော်ဘဲ နေမြဲတိုင်း နေလိုက်ပါသည်။ ကြည့်စရာ မလိုဘဲ ၀င်လာသူ မည်သူမှန်း ညီမောင် သိပါသည်။
“မေမေ ဒါသမီးတို့ သူငယ်ချင်း ကိုဝင်းအောင်လေ၊ မမှတ်မိတော့ဘူးလား”တူတူလှက ပြောလိုက်သံကို ညီမောင် ကြားရ၏။
“သိပါအေ့ ကဲ လာသွားမယ်။ မောင်ဆွေမြင့်ရေ မင်းသား အငယ်က မီးပန်းတွေလည်း ၀ယ်ခဲ့ ပါတဲ့ကွယ်။ ကဲသွားမယ်”
မော်မကြည့်သော်လည်း မကျေမချမ်း မျက်စောင်း တစ်ချက် ထိုးလိုက်သည့် ဒဏ်ကို ညီမောင် ခံလိုက်ရမှန်း နားလည် လိုက်ပါ၏။ ဆွေမြင့်ရော တူတူလှပါ နေရာမှ ဖြေညှင်းစွာ ထကြ၏။ ပြီးနောက် ဆက်ဆက် လာလည်လှဲ့ပါရန် အထပ်ထပ် ဖိတ်ကြားပြီး တန်ဆောင်းတွင်းမှ လှည့်ကြည့် လှည့်ကြည့်နှင့် ထွက်ခွာ သွားကြပါ သည်။ သည်ကနေ့ကျမှ တစ်ပတ် ပြန်လည် လာသည့် ရာဇ၀င် တစ်ပတ် နွမ်းပေကိုး။
ကိုမောင်ကိုက စန္ဒရားကြောင့် ရှောက်တဂိုးဂိုး တဂွမ်းဂွမ်း လုပ်ပစ်လိုက်မှ ညီမောင်လည်း ငိုင်နေရာမှ ဗြုံးကနဲ ထကာ အစ်ကိုလေးဘက် လှည့်၍ “ပြန်ဦးမယ် အစ်ကိုလေး”ဟု တုံးတိကြီး နှုတ်ဆက်လိုက်ရသည်။ အစ်ကိုလေးက “ဇာတ်လမ်း တစ်ပုဒ်တော့ ရှိနေတယ်နဲ့ တူတယ်။ ဟုတ်လား ညီမောင်”ဟု တိုးတိုးမေး၏။ ညီမောင် ဆိတ်ဆိတ် နေခြင်းဖြင့် ၀န်ခံ လိုက်ပါသည်။
“ကဲ ဒါဖြင့် သည်တန်ဆောင်မှာ ညီမောင်က အစ်ကိုလေးကို အချစ်ပုံပြင် တစ်ပုံ ပြောပြပါလားကွာ၊ တစ်ခုတော့ ရှိတယ်၊ ပျော်ရွှင်စရာနဲ့ အဆုံးသတ် ရမယ်နော်”
ညီမောင် ဗြုံးကနဲ ရယ်ပစ် လိုက်မိပါသည်။ ပြီးမှ ဣနြေ္ဒ ပြန်ဆည်ရကာ “ပြောပါ့မယ် အစ်ကိုလေးရယ်၊ အစ်ကိုလေး တစ်ယောက်တွင် မကဘူး၊ အားလုံး နားထောင်ရပါစေ့မယ်” ဟု ရယ်သံ မပျောက်သေးဘဲ ပြောခဲ့ပြီး တန်ဆောင်းမှ ထွက်ခဲ့ပါသည်။ ထိုညတွင် ညီမောင် အိမ်ပြန် မရောက်ပါ။ ဦးနှောက်ကို အရည်ဖျော်ရင်း ညီမောင် သူရာခန်းတွင် မိုးစင်စင် လင်းခဲ့ရပါသည် အစ်ကိုလေး။
x x x
( ဇာတ်သိမ်းပိုင်းဆက်ရန်) ⬇⬇⬇
[ ယဉ်သင်းအိ မဂ္ဂဇင်း ဘလော့ဂ်မှ ကူးယူပါသည်။ ဘလော့ဂ်ဂါအား ကျေးဇူးတင်ပါသည်။]
No comments:
Post a Comment