Sunday, 27 January 2019

ပဉ္စမမြောက်ဆောင်းရက်များ (တတိယပိုင်း)

#ပဉ္စမမြောက်ဆောင်းရက်များ


(တတိယပိုင်း)


#ငြိမ်းကျော် 


 ကျယ်ဝန်းသော ဧည့်ခန်းကို ကျဉ်းသည်ထက် ကျဉ်းလာသည်ဟု ထင်နေ၏။ရောက်နေကျအိမ် ၊ မြင်နေကျ အပြင်အဆင်တွေကို မျက်လုံးစိမ်းနေမိသည်။အထူးသဖြင့် အမွန့်နောက်ဘက်က နံရံတွင် ချိတ်ဆွဲထားသော ပန်းချီကားကို အာရုံတွင် မနှစ်မခြိုက် ဖြစ်နေမိသည်။

 ကျောက်ဆောင် တစ်ခက်မျှမရှိသော သဲသောင်ပြင် အနောက်ဘက်တွင် ပင်လယ်ပြင် ၊အပေါ်မှာက အပြာရောင်ကောင်းကင် ၊အပြာရောင်ရေပြင်သည် အဆုံးမမြင်ရသော အဝေးဆုံးတွင် ဆုံးလိမ့်မည်ဟု တွေးထင်ရသည်။ရေပြင်နှင့် အပြာရောင်ခြားထားသော သဲသောင်အစပ်မှာ ကမ်းမမြင် လမ်းမမြင် အဝေးတကာ့ အဝေးဆုံး တစ်နေရာသို့ အာရုံကို ပြန့်သွားစေသည် ဟု ခံစားရသည်။

 ခြောက်သွေ့လွန်းသော ၊ တမ်းတစရာကောင်းသော ၊ လူသူကင်းမဲ့သော ဝေဒနာမျိုးကို လှုပ်နိုးနေသည်ဟု ခံစားရ၏ ။ တစ်စုံ ၊ နှစ်စုံမျှသော ခြေရာပင် မထင်ရာ သဲသောင်ပြင်ကို ပို၍ မကြည့်ချင်ဆုံး ။

 “ ကို နည်းနည်း ပိန်သွားတယ်နော် ၊ မျက်နှာကျနေတယ် ”

 မှန်လို အရိပ်တကြည့်ကြည့်စကား။ 

 “ အမွန်လည်း သိသိသာသာ ပိန်သွားတာပဲ ”

 အမွန့်နူတ်ခမ်းသည် ကြည်နူးပြုံးကို သိသာစေသည်။

 “ ဟိုနေ့က အမွန်လာတာ ကို့ မိတ်ဆွေက ပြန်မပြောပြဘူးလား ”

 ခေါင်းညိတ်၍ ဖြေလိုက်သည်။ထိုနေ့က ကံဘဲ့လက်တွေ့ သုတေသန ဌာနသို့ ရောက်နေသည်။ကိစ္စအရေးကြီးသောကြောင့် ဌာနသို့ မဝင်ဘဲ ကံဘဲ့သို့ တန်းသွားလိုက်သည်။သုံးနာရီထိုးပြီးတော့မှ ဌာနသို့ သွားသည်။ဤတွင် အမွန်ရောက်လာကြောင်း သိရသည်။သိသိချင်း စိတ်ပူမိသည်။ ထိုနေ့က တစ်နေ့လုံးမိုးသည်းလှသည်။ထို့ကြောင့် ဖုန်းဆက်မည် စိတ်ကူးမိသော်လည်း အလုပ်တွေ များသောကြောင့် ပျက်ကွက်သွားသည်။

 နေက်နေ့တွင် အမွန့်ထံ သွားချင်သွားမည်၊ ဖုန်းဖြစ်ဖြစ် ဆက်မည်ဟု တွေးထားသော်လည်း အစီအစဉ် လွဲသွားသည်။ စံရိပ်ငြိမ်နှင့် ဌာနမှာ အိမ်ဦးနှင့်ကြမ်းပြင်သာသာ ။ သို့တစေ ညဆယ်နာရီထိုးမှ ပြန်ရသဖြင့် မသွားဖြစ်။


နောက်နေ့ညနေတွင် စောစောပြန်ပြီး အမွန့်ဆီ သွားမည် ကြံသော်လည်း မသွားဖြစ်ခဲ့ ။ထိုနေ့ည တစ်ညလုံး ဒီနေ့ညနေ လေးနာရီ ထိုးခါနီးတွင် အမွန့်ထံမှ ဖုန်းလာတော့မှ သွားဖြစ်သည်။

“ ကျွန်တော် တွေးပူတော့ ပူမိတယ်၊ အဲ့ဒီနေ့က မိုးကလည်း ကောင်းလိုက်တာ အဲ့ဒါနဲ့ အအေးမိပြီး ဖျားတာ အဟုတ်လား ”

အနွေးထည်ကို ဆွဲစေ့ရင်း ခေါင်းတစ်ချက် ခါလိုက်သည်။

“ ဟင့်အင်း ကို့ဆီလာတဲ့နေ့ ၊ အဲ့ဒီနေ့ မနက်ကတည်းက အမွန်ဖျားနေတာ ”

“ သြော် အမွန်ရယ် ၊ ဖျားနေရက်နဲ့များ ၊ ကိစ္စက ဘာကိစ္စများမိုလို့တုန်း ”

စာနာစိတ်ဖြင့် ညည်းကာမေးလိုက်သည်။

အမွန့်မျက်နှာသည် စောစောကလောက် မနွမ်းတော့ ။ မျက်လုံးအစုံသည်လည်း စောစောကလောက် မညိုးတော့ ။နူတ်ခမ်းသည်လည်း စောစောကလောက် မခြောက်ကပ်တော့။

“ ဘာကိစ္စမှ မရှိပါဘူး ၊ ကို အမွန့်ဆီ မလာတာ ကြာလို့ ဘာများဖြစ်နေသလဲလို့ သိချင်လို့ပေါ့ ”

ပြောပုံလေးက ကလေးလေးလို ၊ လေသံအဆုံးတွင် မေးငေါ့ဟန်အတန်မျှ ပါသည်။အမူအရာက စိတ်ကောက်သလို စကားနာထိုးသလို ။

“ ဒါနဲ့များ ဖုန်းဆက်ရင် ဖြစ်ရဲ့သားနဲ့ ၊ အမွန်ကလည်း မိုးတစိမ့်စိမ့်ထဲမှာ ဘာလို့လာရတာလဲ ”

“ ဆက်ချင်ပါဘူး ကိုယ့်ခြေထောက်နဲ့ ကိုယ်လာတာ ၊ သူ့ခြေထောက်နဲ့ လာတာကျနေတာပဲ ”

ဆိုဖာနောက်မှီတွင် ကိုယ်တစ်စောင်းမှီကာ မျက်နှာကို တစ်ဖက်သို့ ငဲ့လိုက်သည်။

“ နေမကောင်းရင် မိုးရွာရွာ ၊ နေပူပူ ဘယ်မှ မသွားရဘူး၊ မလာရဘူး ”

“ သွားတော့ လာတော့ ဘာဖြစ်လဲ ”

နေမြဲတိုင်း နေရာက ဆိုးမြဲအတိုင်းလေသံဖြင့်ပင် ဆိုပြန်သည်။

“ ခုလို ဖျားတာပေါ့ ” မျက်စောင်းတစ်ချက်ကို မြင်လိုက်ရသည်။

“ သူဖျားတာ ကျနေတာပဲ ” ပြုံးလိုက်မိသည်။

“ သြော် နေမကောင်းတဲ့သူကလည်း ရန်တွေ့တော့လည်း တက်တက်ကြွကြွ တွေ့နိုင်သားပဲ ”

သည်တော့မှ သူမပြုံးဘဲ မနေနိုင်။မျက်နှာချင်းဆိုင် တည့်တည့်ထိုင်သည်။

“ ရန်တွေ့မှာပေါ့ ကို ပြောတဲ့စကား ၊ ကို့ဆီလာတဲ့လူကပဲ အပြစ်ဖြစ်ရသေးတယ် ”

“ ဒီလိုရည်ရွယ်တာ မဟုတ်ပါဘူး အမွန်ရာ ”

“ ဒါဖြင့် ကို့ဆီလာတာ ကိုက မကြိုက်လို့ပေါ့ ဟုတ်လား ”

“ သြော့့် ခက်ပါလား ၊ နေမကောင်းလို့ စိတ်တိုနေတိုင်း ရန်ချည်းတွေ့ဖို့ပဲ စဉ်းစားနေတာကိုး ”

မျက်ခုံးတွန့်၍ သူ့ကိုကြည့်သည်။မျက်နှာကို ခပ်တည်တည်ထားသည်။တမင်မှန်းသိနေသည်။

“ ရန်တွေ့တာ မဟုတ်ပါဘူး ၊ ကို့ဆီကို အမွန်လာတော့ ကို့ စုန်းပျိုမလေးတွေက ‘ ကိုထွေး နှမ လာပြီဟေ့ ၊ တို့ ဝေးဝေးနေကြစို့ ၊ ဒီလို နူတ်သီးကောင်း လျှာပါး ကောင်မလေးကို ယောက်မတော်ဖို့ မဖြစ်လို့ ကိုထွေးကို ရှောင်ကြဟေ့ ’ လို့ ပြောမှာစိုးလို့လား ”

မည်သို့ ပြန်ဖြေရမည် မစဉ်းစားတက်တော့ ။

“ ပြော အမွန်၊ ပြော ပြော ၊အဒေါ် ဦးလေးတို့ကလည်း ဒီလောက် ခေါင်းမာတဲ့ မသံမဏိကို အဲ့ဒီနေ့က တားသင့်ပါတယ်ဗျာ ”

သူ့ကို တစ်မျိုးတစ်မည် ခေါ်သံကြောင့် ပြုံးစိစိ ဖြစ်သွားသည်။

“ အဲ့ဒီနေ့က အမေတို့ ကိစ္စရှိလို့ မြို့ထဲကို သွားနေကြတဲ့ ဟာ ”

ထင်တော့ထင်သည်။

အကယ်၍ ဖခင်နှင့် မိခင်တို့သာ ထိုနေ့က အိမ်တွင်ရှိနေလျင် သွားခွင့်ပြုမည်မဟုတ်။သမီးဖြစ်သူ၌ နှာစေးချောင်းဆိုး ဖြစ်လာလျင် အအေးမိမည်စိုး၍ အိမ်အပြင် ခြံဝင်းထဲသို့ပင် ဆင်းခွင့်မပေးတက်ကြောင်း သိခဲ့ဖူးသည်။

“ ကောင်းပါတယ် ”

“ ကောင်းမှာပေါ့ ”

“ ခုတော့ပိုပြီး ဖျားတာပေါ့ ”

“ ကောင်းတာပေါ့ ”

“ ဘာကောင်းတာလဲ ၊ ပြီးတော့ စွာလောင် စွာလောင် လုပ်သေးတယ်၊ တော်တော်ခက်ပါတယ် ”

ကျုံ့ကျုံ့ထိုင်နေရာမှ ခြေထောက်ချ၍ ထိုင်သည်။ ထဘီကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်သည်။ မျက်လွှာချထားကာ လက်နှစ်ဖက်ကို တင်းတင်းဆုပ်ထားသည်။

“ ဘာ ခက်စရာ ရှိတာမှတ်လို့ ၊ ဟို အရင့် အရင်ကတော့ အမွန်က ညီမလေးပါတဲ့ ၊ ကျွန်တော့်ကို နားအလည်ဆုံး ညီမလေးပါတဲ့ ၊ ကျွန်တော့်စိတ်ကို အဘက်ဘက်က ဖေးမဖော်ရတဲ့ ညီမလေးပါတဲ့ ၊ ခုတော့ အဲ့ဒီ ညီမက ဌာနလိုက်လာတာတောင် မိုးကို အပြစ်တင်သလိုလို ၊ အဖျားကို အပြစ်တင်သလိုလိုနဲ့ ဟင့်း့ ”

လွန်လေပြီးသော အခါက စကားတွေကို သူသတိရလျက်ရှိကြောင်း ဖော်ပြသည် ထင်၏။အမွန့်နည်းတူ ကိုထွေးက မှတ်မှတ်သားသား ရှိနေသည်။

လွန်ခဲ့တဲ့ သုံးနှစ်ကျော်ကျော်တုန်းက ပထမနှစ်ဝက် အစမ်းစာမေးပွဲ ဖြေပြီးသည့် နောက်တစ်နေ့ ။မာလာစားသောက်ဆိုင် ၊ အအေးဆိုင် ၊ အနောက်ဘက်စွန်း ၊ အမွန် ၊ညိုညို ၊ ကိုကြည်လွင် နှင့် သူ။

ညိုညိုနှင့် ကိုကြည်လွင်တို့ ချစ်သူဖြစ်ကြခါစ မကြာလှသေး ။ကိုကြည်လွင် ခေါ်သွား၍ ညိုညိုတို့ ရှိရာဆီ လိုက်ပါသွားဖြစ်သည်။ထို့နောက် အမွန်နှင့် သိကျွမ်းရသည်။ထိုနေ့က အမွန့်မျက်လုံးတစ်စုံကို ခုတိုင် လတ်တလော မြင်လျက်ရှိသည်။

ရိုးသားသော ၊ ကြည်လင်သော ၊ လှပသော ၊ သိက္ခာရှိသော ၊ တစ်ကြိမ်မြင်ပြီးလျင် မေ့ပစ်နိုင်ခြင်း မစွမ်းသော အမွန့်မျက်လုံး ။

ပေါ်လွင်သော ၊ ဝိုင်းစက်သော ၊ တပ်မက်ခြင်းကို မဖြစ်စေသော အမွန့်မျက်လုံး ။

က္ကနြေ္ဒကြီးသော်လည်း စိတ်နှလုံးမြင့်မြတ်ခြင်းကို ဖော်ပြနေသော အမွန့်မျက်လုံး ။အကြင်နာမျက်လုံး သည်မျက်လုံးအစုံကြောင့်လားမသိ ခင်မိသည်။အားပျက်စရာ မဝေခွဲနိုင်စရာ ပြဿနာတွေနှင့် ကြုံလာရလျင် ကိုကြည်လွင်နှင့် ညိုညိုတို့ တစ်ယောက်ယောက်ကို ပြောပြစမြဲ။သည်တွင် အမွန့်နားတွင် ကြားစကားတွေ တိုးလာသလို ပြောစရာ စကားတွေလည်း များလာရသည်။

တတိယနှစ်အရောက်တွင် စိတ်ညစ်စရာတချို့ ဖြစ်ပေါ်လာသည်။ကိုလတ် မကျန်းမမာဖြစ်လာသည်။ဆေးရုံတွင် သုံးလေးလကြာသည်။ငွေကုန်ကြေးကျ များခဲ့သည်။ကိုလတ် ကျန်းမာရေးအတွက် အကြွေးတင်ရသည်။ထို့ကြောင့် စာမေးပွဲကြေးနှင့် ကျောင်းလခ ပြဿနာတက်ရလေသည်။ကိုကြည်လွင် သိ၍ ညိုညိုပါ သိသွားသည်။နောက်တစ်နေ့ စာမေးပွဲကြေးနှင့် ကျောင်းလခငွေသွင်းပြီး ပြေစာကို ကိုကြည်လွင် လာပေးသည်။

အားနာလွန်း၍ စိတ်အနေရခက်သည်။အားနာစိတ်ဖြင့် အပြစ်စကားဆိုမိသည်။ကိုကြည်လွင်က သူသွားသွင်းခြင်း မဟုတ်ကြောင်း ၊ အမွန်ငွေသွားသွင်းခြင်းဖြစ်ကြောင်း ၊သို့တစေ ကိုကြည်လွင် ဆောင်ရွက်ပေးသည့် အနေမျိုးဖြင့် ဖြစ်စေချင်ကြောင်း ၊ အမွန် ကုညီလိုက်သည်ဟု ကိုထွေး မသိစေချင်ကြောင်း စသည့်စကား ဖွင့်ပြောသည်။

သည်တော့မှ မျက်နှာထားပင် ခက်ရချေတော့သည်။သုံးလေးရက်ကြာသောအခါ သူငယ်ချင်း သုံးလေးယောက်ထံမှ ငွေရှာယူလာသည်။အမွန့်ကို သွားတွေ့ပြီး ထိုငွေကို ပြန်ပေးသည်။အမွန့်မျက်နှာပေါ်တွင် စိုးရိမ်စိတ်တွေ ပေါ်နေသည်။အမွန်ခေါင်းခါသည်။ အမွန့်လွယ်အိပ်ထဲသို့ ထည့်မည်ပြုသော်လည်း ကိုယ်နှင့်ကပ်၍ ဖယ်သည်။

“ ဟင့်အင်း ၊ အမွန် ပြန်မလိုချင်ဘူး ” ဟု ငြင်းသည်။

ကြိမ်ဖန်များစွာ ပြန်ပေးနေသောကြောင့် အမွန့်မျက်နှာထား ပြောင်းသွားသည်။

“ အမွန့် သဘောထားကို တစ်မျိုးမြင်နေတယ် မဟုတ်လား ၊ အဲ့သလို ထင်နေရင်တော့ အမွန် မငြင်းတော့ပါဘူး ၊ ကို့လက်နဲ့ အဲ့ဒီ လွယ်အိတ်ထဲ ပြန်ထည့်လိုက်တော့ ”

ဟု ပြောကာ လွယ်အိတ်ကို စာသင်ခုံပေါ်သို့ တင်ပေးလိုက်သည်။ထိုစကားကြောင့် လက်တုန့်သွားသည်။ရင်ထဲမှာ အမျိုးအမည် မခွဲခြးတက်သော ဝေဒနာတစ်ခုကို ခံစားလိုက်ရသည်။ ထိုဝေဒနာသည့့် 

“ မောင်နှမ အရင်းတွေလို့လည်း တစ်ခါတစ်ခါ ပြောတယ် ၊ လက်တွေ့မှာတော့ သူစိမ်းထက်ဆယ်ဆစိမ်းသေးတယ် ” ဟု တစ်ချက်တည်းပြောချလိုက်သော အမွန့််စကားကြောင့်လား ၊ ပထမဆုံး သုံးလိုက်သော ‘ ကို ’ နာမ်စားကြောင့်လား ၊ မကွဲမပြား။

မည်သို့ပင် မကွဲပြားစေ အမွန့်ကို တွယ်တာသော သံယောဇဉ်အလင်းအမျှင်သည် ထိုနေ့ ၊ ထိုအချိန် ၊ ထိုနေရာတွင် ခိုင်ခိုင်ဖွဲ့နှောင်ခဲ့ပြီဖြစ်ကြောင်း သတိပြုမိလိုက်သည်။

“ ဒီအထိ မတွေးပါနဲ့ အမွန်ရာ ၊ ကျွန်တော့်စိတ်ကို အမွန်အသိဆုံးပါ ”

မျက်လွှာတစ်ချက် မပင့်။

“ အမွန့် အစ်ကိုတဲ့ အဲ့ဒီအစ်ကိုက မကြာခင်ပဲ မဟာသိပ္ပံတန်းကြီးတက်ရတော့မယ် ၊ ဌာနမှာ ဆရာအလုပ်လည်း ရတော့မယ် ၊ ပြီးတော့ စုန်းဖြူ ၊စုန်းညို ၊ စုန်းပြာလှလှလေးတွေနဲ့ဆိုတော့ ”

နုတ်ဖျားအသံထက် ရင်ထဲက အသံကို နှလုံးကျက်မိလိုက်သည်။

“ လာတာကို အပြစ်ပြောနေတာ မဟုတ်ပါဘူး အမွန်ရယ် ”

ချင်ချင်း ပြန်မဖြေသေး ၊ မျက်လွှာကို ပင့်၍ကြည့်သည်။မဲ့ပြုံးတစ်ချက်ကို မပီမသ တွေ့ရသည်။မည်သည့်အကြောင်းကြောင့်မသိ ၊ ဘာတွေမှန်း မဆိုနိုင် ၊ နုတ်ခမ်းကို ဆက်ခနဲ တွန့်ပစ်လိုက်သည်။ဘာစိတ်ကူးဖြင့်ကား မဆိုနိုင် ၊ ဟင်းခနဲ တစ်ချက်ရယ်ကာ သက်ပျင်းချသည်။

“ အချိန်အခါကလည်း မိုးတွေကြားထဲ ၊ အခြေအနေကလည်း ဖျားနေလို့ ပြောတာပါ ”

ရယ်စရာစကား မဟုတ်ပါဘဲနှင့် အသံထွက်အောင်ရယ်နေသည်။သူ့စကားကို အမွန်မည်သို့ သဘောထားနေကြောင်း နားမလည်နိုင်တော့။

“ ဒါဖြင့် ကို့စကားရဲ့ အဓိပ္ပာယ်က အချိန်အခါနဲ့ အခြေအနေကို ကြည့်တက်ရမယ်လို့ ဆိုလိုတာပေါ့ ”

“ အင်းပါ့ အဲ့ဒါ ပြောတာ ”

အမွန်ပြုံးပုံမှာ ထိတ်လန့်စရာကောင်းသည်ဟု ထင်ရသည်။

“ သြော် သွားချင်လို့သွားတယ် ၊ လာချင်လို့လာတယ် ဆိုပေမယ့် အချိန်အခါနဲ့ အခြေအနေကို နားလည်တက်ရမယ် ဆိုပါတော့ ”

“ အင်း ဆိုပါတော့ ”

အမွန့်မျက်လုံးကို တစူးတစိုက် ကြည့်မိသည်။

“ သြော် ဟော့့် ဟော် အချိန်အခါနဲ့ အခြေအနေကို တွက်ဆနားလည်တက်ရမယ် ဆိုပါတော့ကိုရယ် ၊ ဟုတ်လား ”

လှိုက်ခနဲ ခံစားလိုက်ရသည်။နှလုံးသွေး ခုန်သံသည် သည်းလှသော မိုးသံထက် မြည်လွန်း ကျယ်လောင်လွန်းသည်ဟု ထင်ရ၏။


***********


( ၅ )


ဟားခါးတွင် ရှိခဲ့စဉ်က ရောက်လာသော အမွန့်စာသည် အသည်းညှာကို လှုပ်ခါထိစေသည် အမှန် ၊ စကားတွေက ရင်၌လာ၍ ဟပ်သည်။

ခုချိန်ဆိုရင် မြောက်ပိုင်းချင်းတောင်မှာ အအေးပြင်းထန်နေပြီ ထင်တယ် ၊ အနွေးထည်ကို အမြဲဝတ်ထားပါ ၊ အမွန့်စကားကို နားထောင်လို့ အရက်မသောက်ဘဲ နေမှာမိုလို့ အအေးဒဏ်ကို ခံစားရမှာပါ ၊ ဒီတော့ ကော်ဖီနဲ့ ရေနွေးကို သောက်နော် ၊ ညအိပ်ရာဝင်ရင် စောင်တွေအများကြီးခြုံအိပ်ပါ ၊ ရေမချိးပါနဲ့ ၊ရေနွေးပတ်တိုက်ပါ ၊ အစားအသောက်လည်း ဆင်ဆင်ခြင်ခြင် စားပါ ၊

ပြီးတော့ ကို ခုသွားတဲ့အလုပ်က သစ်ခွပင်တွေ စုဆောင်းဖို့ဆိုတော့ အမြင့်တွေဘာတွေ တက်ရမှပဲ ၊ ကို ကိုယ်တိုင် မတက်ပါနဲ့ ၊ အတင့်မရဲပါနဲ့ ၊ ထိခိုက်အနာတရဖြစ်မှာ အမွန်သိပ်စိုးရိမ်နေတယ် ကိုရယ် ၊ အစစအရာရာ သတိကြီးပါကွယ် ။

ကလေးတစ်ယောက်ကို ယုယသောစကားမျိုး ၊ မောင် ပေါက်စနကလေးလို မျက်ခြည်ပြတ်မခံသော စကားမျိုး ။

တစ်ခါတစ်လေတော့ ရယ်မိသည်။ပူတက်လွန်းသည် ထင်၏။ သို့ရာတွင် အကြင်နာတရား၌ အတိုင်းအဆမရှိသည်မှာ သူ့ကိုယ်တွေ့ သူယုံပြီးသား ။

သွားတာလာတာလည်း အဖော်မပါဘဲ မသွားပါနဲ့ ။ မိုးမချုပ်ပါစေနဲ့ကို ။တောတွေ တောင်တွေဝိုင်းနေတဲ့ နေရာဆိုတော့ ကျားတွေဘာတွေ ရှိမှာ ။ ပြီးတော့ အတွေးတွေလည်း သိပ်မများနဲ့ဦး ၊တောင်ကမ်းပါးဘေးကပ်ပြီး လမ်းလျှောက်တဲ့အခါ အငေးလွန် အတွေးလွန်ပြီး ချောက်ထဲချောကျမှာ အမွန်စိုးရိမ်တယ်သိလား ။

စိတ်မဖြောင့်နိုင်မှန်း သိနေရသည်။သူ အတွေးမိခဲ့သည်တို့ကို အမွန် ကြံဖန်တွေးပုံက အံ့သြစရာ ။အံ့သြရင်းနှင့် စိတ်မကောင်းဖြစ်ရသည်။အထိခိုက်ဆုံးမှာ ကိုလတ်တို့စာနှင့် ညိုညိုတို့စာထဲတွင် ပါဝင်မြဲဖြစ်သော အမွန့်အကြောင်းကို ဖတ်ရသောအခါ့ 

“ တို့က အမွန် သိပ်စိတ်မပူပါနဲ့ ၊ ကိုထွေးက သူငယ်နှပ်စားမှ မဟုတ်တာလို့ ပြောတော့ အမွန်က ဘာပြန်ပြောတယ် မှတ်လဲ။

ကိုကိုလတ်တို့ မမအေးတို့ မသိပါဘူး ၊ ကိုထွေးဟာ ကလေးပါတဲ့ ၊ နေချင်သလိုနေ စားချင်သလို စားတဲ့သူ ။အမွန်ဒီမှာ မရှိတော့တဲ့အခါဆိုရင် စိတ်ကတော့ ကိုထွေးဆီ ရောက်နေမှာတဲ့ ၊ ခက်ပါတယ်ကွာ ။

သြတြေးလျဆိုသော အသံကို ကြားလိုက်ရလျင် အသဲမှာ ကျဉ်သွားသည်။

အမွန်နှင့် သူ့အကြားတွင် သည်အမည်ကိုလည်းကောင်း ၊ သညိအမည်နှင့် ပတ်သက်သော အကြောင်းတို့သည်လည်းကောင်း မသိကျိုးကျွန်ပြုမိလျက်သား ရှိခဲ့သည်။မနှစ်က ဆောင်းတွင်းမှာ ထိုအကြောင်းကို ပထမဆုံးသိလိုက်ရသည်။ပြီးတော့ ချစ်စကားဆိုမည် ကြံသည့်နေ့။

တစ်ဦးနှင့် တစ်ဦး ထာဝရခွဲရမည် ဟူသောအသိကို ကြားသည့်ရသည့်နေ့။ မိုးအလွန်တွင် ထွန်မချဖြစ်အောင် ကြိုးပမ်းယူရသည့် စိတ်တို့ဖြင့် မဖွင့်ဟတော့ပါဘူးဟု ဆုံးဖြတ်လိုက်ရသည်။တင်းလိုက်ရသော အကြေကွဲဆုံးနေ့။

ထိုနေ့က အစပြု၍ အမွန်သည် ဟန်အဆောင်နိုင်ဆုံး မိန်းခလေးတစ်ယောက်ဖြစ်လာသည်ထင့်။သူသည်လည်းမထူး အမွန်နည်းတု မကြာမီ ရင်ဆိုင်ရတော့မည့် ရေခြားမြေခြားဘဝနှင့်စပ်၍ တစ်ခွန်းမှမဟမိကြ။

မပြောဖြစ်အောင် သတိထားနေခဲ့ကြသည်။စကားမစပ်အောင် ကြိုးစား၍ နေခဲ့ကြသည်။လျှောက်လွှာတင်လိုက်သည့် အကြောင်း ၊ လျှောက်လွှာတင်ပြီး ရက်ပိုင်းအတွင်း သက်ဆိုင်ရာက ခေါ်ယူမေးမြန်းသည့်အကြောင်း ၊ ကုန်ဝယ်စာအုပ်မှအစ နိုင်ငံသားအခွင့်အရေးဆိုင်ရာများ စွန့်လွှတ်လိုက်ရသည့်အကြောင်း ၊ သြစတြေးလျနိုင်ငံမှ စစ်ဆေးမေးမြန်းချက်များ ရောက်လာသည့်အကြောင်း စသည့်အကြောင်းတို့ကို ညိုညိုတို့ထံမှ တစ်ဆင့်သာ သိခဲ့ရသည်။

သူ့ကို ထိုအကြောင်းများနှင့် ပတ်သက်၍ စကားရိပ်ပင် အမွန်မဆိုခဲ့။

ကွေကွင်းရမည်ကို အမှန်သိနေကြလျက်နှင့် မသိလိုက်မသိဘာသာ အားတင်းထားရခြင်းမှာ ဆင်းရဲခြင်းတစ်မျိုးဟု သူထင်သည်။တကယ်တမ်း ရင်ဆိုင်ရမည့်အခါ နှလုံးကွဲမထွက်အောင် ၊ သည်းခြေပေါက်မထွက်အောင် ၊ မည်သို့မည်ပုံ ရဲဝံ့ထားရမည်ပ။မည်သို့မည်ပုံ အသင့်နေရမည်ပ။စိတ်ကူးကြည့်ရုံမျှနှင့်ပင် စိတ်ကမခိုင်။ ရင်ကမနိုင်တော့။

“ ကိုထွေးမြန်မြန်ပြန်လာမှပဲ ၊ နို့မဟုတ်ရင်တော့ ညိုညိုတို့ နားကွဲမလား ထင်ရတယ်ရှင့် ၊ ဘယ်သူနေပါ့မလဲ ၊ အမွန်ပေါ့ ”

‘ ညိုရယ် ကိုထွေးချင်းတောင်ကို သွားတာ တစ်လခွဲကြာမှာသိသားပဲ ၊ ဘယ်နေ့ပြန်လာမယ်ဆိုတာကို ဧကန်သိလျက်နဲ့ ခဏလောက်မတွေ့ကြတာတောင် အမွန်ဒီလို ခံစားရရင် အမွန်ဟိုကိုသွားတဲ့အခါ ကိုထွေးဘယ်လို ဖြစ်ကျန်နေခဲ့မလဲ မတွေးရံပါဘူး ’ တဲ့ ၊နောက်ပြီးပြောသေးတယ်။

‘ အမွန်ကသာ ကိုထွေးကို သံယောဇဉ်ကြီးနေတာ ၊ ကိုထွေးက အမွန့်လောက် သံယောဇဉ်ကြီးပါ့မလား’ တဲ့ ။ဒီစကားကို ညိုရော ကိုကြည်လွင်ရောပါ ပြန်ဖြေလိုက်ကြပါတယ် ။ကိုထွေးသိနိုင်ပါတယ်။

နှလုံးတွင် အောင့်၍သွားရသည်။

ညိုညိုတို့ အဖြေပေးသည့် စကားကို တွက်ဆမိပါသည်။အမွန့် ထိုသံသယအတွက် ကိုယ်တိုင်ဖြေရန် လိုသည်ထင်၏။ထိုအဖြေတွင် မကြေငြာသင့်တော့သော ကြေညာချက်ထွက်မသွားရန် ဆင်ခြင်ရမည်ဟု တွေးထားသည်။ထိုစာကို ကလေးမြို့မှ ပြန်ရောက်တော့မှ ရေးမည်ဟု ဆုံဖြတ်လိုက်သည်။လောလောဆည်တော့ တစ်ပတ်တစ်စောင် စာရေးပါဟု အမွန်မှာလိုက်သည့်အတိုင်း သာမန်စာကိုသာ ရေးလိုက်သည်။

ထိုစာထဲတွင် လုပ်ငန်းခွင်အကြောင်း ၊ ပါးရဲအလှပျိုဖြူများအကြောင်း ၊ ရှေ့အပတ်ထဲတွင် တီးတိန်သို့ တက်မည့်အကြောင်း စသည်တို့။

ထို့အပြင် လာမည့် ဒီဇင်ဘာ ၂၄ ရက်နေ့သည် အမွန့်မွေးနေ့ဖြစ်ကြောင်း ၊ထိုနေ့အမီ ပြန်ရောက်နိုင်မည်ဖြစ်ကြောင်းများ ရေးခဲ့သည်။အမွန့်ပြန်စာကို တီးတိန်ရောက်ပြီး ငါးရက်ကြာမှ ရသည်။လိပ်စာကို တည်းမည့်နေရာသို့ တင်ကြိုပေးထားခြင်းကြောင့် စာရောက်မြဲရောက်လာသည်။အတူပါလာသူ ဆရာတစ်ဦးက ပြုံးလေသည်။

‘ ကို ရေးတဲ့စာတွေက လေးငါးရွက်တည်း တိုနံ့နံ့နဲ့ ။ အမွန်ဖတ်ရတာ အားမရလိုက်တာ။အလုပ်ကိုလည်း လုပ်နော် ၊ပါးရဲလှလှလေးတွေချည်းလျှောက်ကြည့်မနေနှဲှု့ဦး ၊ကိုပြန်လာရင် သစ်ခွပန်းမျိုးစုံ မြင်ဖူးတော့မှာ ။

ကိုတတိယစာထဲမှာ ရေးလိုက်တဲ့ အမွန့်ကို အမြဲသတိရဖြစ်နေအောင် အမွန်သဘောအကျဆုံး ပန်းမျိုးဖြစ်တဲ့ သစ်ခွကိုမှ ကျွန်တော်ရွေးပြီး သုတေသနလုပ်ဖို့ ကွင်းဆင်းတာဆိုတာ အမှန်စကားလို့ အမွန်ယုံကြည်ပါတယ်။

ဒါထက် ကိုရေ ချင်းတောင်မှာရော ဖိုးလမင်းကြိီးသာနေသလားကွယ် ၊ ရှေ့နောက်ဝဲယာ သွားလေရာမှာ ဖိုးလမင်းကြီးက လိုက်ပါနေမြဲပဲတဲ့လားကိုရယ် ၊ အဲ့ဒီ ဖိုးလမင်းကြီးမှာ ဆုတ်ရက်လည်းမရှိဘူး ၊ကွယ်တဲ့ရက်လည်းမရှိဘူး ထင်ရဲ့ ဟုတ် မဟုတ် အမွန့်ကိုဖြေ ’

ဆိုလိုချက်ကို သူသိသည်။ကလေးမြို့မှ မထွက်မီ တစ်ပတ်အလိုတွင် အမွန့်ထံ စာရေးလိုက်သည်။ပြန်လာပြီ ဖြစ်ကြောင်း ၊ထို့ကြောင့် ပြန်စာမရေးရန် ၊ ရထားဖြင့် ပြန်မည်ဖြစ်၍ ရန်ကုန်ဘူတာကြီးသို့ မည်သည့်ရက်တွင် ရောက်မည်ဖြစ်ကြောင်း ၊ အပြန်တွင် မန္တလေးတက္ကသိုလ် ဝင်စရာရှိကြောင်း စသည်စသည် ရေးပြီးမှ့ 

‘ အမွန်ဖြေခိုင်းတဲ့ အဖြေကို ကျွန်တော်ဖြေမယ် ၊ ချင်းတောင်မှာရော လမ်းတစ်လျှောက်မှာရော ဆုတ်ကွယ်ရက်ကင်းတဲ့ ဖိုးလမင်းကြီးက အမြဲသာနေလျက်ပါ ၊ကျွန်တော့်မှာ ထွက်သက် ဝင်သက် ရပ်မသွားသရွေ့ အဲ့ဒီ ဖိုးလမင်းကြီးကို အစဉ်ပဲ မြင်နေရမှာပါ အမွန်၊ အမှန်မို့ ယုံကြည်ပါအမွန် ‘

ချင်းတောင်၏ ဆောင်းရက်များက ပူပြင်းလှချေသည်။

***********


( ၆ )


အမွန့်ရင်ခွင်ထဲတွင် သမီးလေးသည် နှစ်နှစ်ခြိုက်ချြိက် အိပ်မောကျနေသည်။

“ အမွန့်တူမက ဆယ်ရက်သမီးမို့ပဲ ၊ ဆယ်လသမီးဆိုရင် ဘယ်လောက်အစားကြီးမလဲမသိဘူး ၊ နို့သိပ်စို့တာ ”

ညိုညိုကိုပြုံး၍ ကြည့်နေသည်။အသားညို ပိန်ရှည်ရှည် ညိုညိုသည် အသားဝါပြည့်ပြည့်ဖြိုးဖြိုး ဖြစ်လာသည်။ရွှင်ရွှင်လန်းလန်းအမူအရာ ပီတိမျက်နှာနှင့် ။စိတ်ချမ်းသာစွာနှင့် ။

“ အမွန်ကတော့ တူ တူမတွေကို ချီရင်း အပျိုကြီး လုပ်နေတော့မယ်လေ ”

“ ဆိုပါတော့ ”

ညိုညိုကရယ်နေသည်။

အပ်ချုပ်စက်ပေါ်တွင် စုပုံတင်ထားသော အနှီးတွေကိုယူပြီး ပုခက်နှင့် အနီးဆုံးကုလားထိုင်တွင် ထိုင်သည်။အမွန်က သူနှင့်မျက်နှာချင်းဆိုင် ထိုင်သည်။

“ ညို ကြားဖူးတယ် တစ်သက်လုံး တစ်ယောက်တည်း နေသွားကြတဲ့သူတွေဟာ သူတစ်ပါးထက် ကိုယ့်ကိုယ်ကို ပိုချစ်ကြလို့တဲ့ ”

အမွန့်နုတ်ခမ်းတစ်ဖက်တွင် ပြုံးစိစိဖြစ်နေသည်။ညိုညိုပေါင်ပေါ်မှ အနှီးသုံးလေးထည်ကိုယူ၍ ကူခေါက်ပေးသည်.။ ညိုညိုသည် အမွန်ဖြေမည့်စကားကို စောင့်နေသည်။အမွန်မဖြေသေးတော့ 

“ ဘယ့်နှယ်လဲ အမွန်ကော ဒီလိုပဲလား ”

သည်တော့ ခေါင်းခါသည်။

“ သူတစ်ပါး စိတ်ဆင်းရဲမှာကို ငဲ့ကွက်ပြီး တစ်ယောက်တည်း နေသွားရတဲ့သူတွေ ရှိပါလိမ့်ဦးမယ် အညိုရယ် ”

ညိုညိုသည် ဆက်ပြောမည့် စကားကို နားစွင့်လျက့့် 

“ ပြီးတော့ ချစ်သူ မရှိကြရှာလို့ ဖြစ်ချင်ဖြစ်ကြမှာပေါ့ အညိုရဲ့ ”

“ ဒီလိုဆို မွန့်မှာကော ချစ်သူမရှိသေးလို့ဘဲပေါ့ ဟုတ်လား ”

နှစ်ယောက်သားပြိုင်တူရယ်မောကြသည်။ အမွန်က ရယ်သံနှော၍ ဆိုသည်။

“ အို ညိုမသိဘူးလား အမွန့်မှာ ချစ်သူရှိတာပေါ့ ”

ညိုညိုသည် အရယ်ရပ်လိုက်ပြီး တအံ့တသြကြည့်သည်။ပုခက်ကြိုးကို ဖြည်းဖြည်းဆွဲသည်။

“ တကယ် ”

“ တကယ်ပေါ့ ညိုရဲ့ ”

ညိုညိုသည် အမွန်လှမ်ပေးသော ခေါက်ပြီးသား အနှီးတွေကို ယူလိုက်ရင်းမေးသည်။

“ ဘယ်တော့ လက်ထက်ကြမလဲ ”

“ မသိဘူး ”

“ ဟင် ဒါဖြင့် မရေမရာကြီးပေါ့ ”

“ ဘယ်ဟုတ်မလဲ ညိုရဲ့ သိပ်ရေရာ သိပ်သေချာတာပေါ့ ”

“ ဘာလဲ လူကြီးတွေ သဘောမတူလို့လား ”

အမွန်ခေါင်းခါသည်။ နူတ်ခမ်းကို တွန့်ပစ်သည်။

“ မဆိုင်ပါဘူး တူတူမတူတူ ချစ်သူက ချစ်သူပေါ့ ၊ ဒါပေမယ့် လူကြီးတွေ မသိကြသေးဘူး ”

“ ဖွင့်ပြောလိုက်ပါလား ”

အမွန်ခေါင်းခါသည်။

“ ဘာလဲ သူ့ဘက်က ဆင်းရဲလို့လား ”

“ သူ့ဘက်က ဆင်းရဲတာ မဟုတ်ဘူး သူဆင်းရဲနေတာ ”

“ သူ့မိဘတွေက စွန့်ပစ်ထားလို့လား ”

အမွန်ခေါင်းခါပြန်သည်။ ညိုညိုသည် နားမလည်စွာ ငေးကြည့်သည်။

“ မဟုတ်ပါဘူး အမွန့်ကို သူချစ်မိတဲ့နေ့ကစပြီး သူစိတ်ဆင်းရဲနေတာကို အမွန်ပြောတာ ”

ညိုညို မျက်နှာထားပြောင်းသွားသည်။

အမွန့်ဆိုလိုချက်ကို နားလည်လိုက်သည်။အမွန့်ရင်ထဲတွင် အနာတရဖြစ်နေပုံကို စာနာသိ သိလိုက်သည်။ကိုထွေးမျက်နှာကို ရိပ်ခနဲမြင်လိုက်သည်။ရင်ထဲတွင် ဆို့နစ်နစ်ကြီး ခံစားလိုက်ရ၍ စကားစပြတ်သွားသည်။နှစ်ယောက်စလုံး ငိုင်တွေတွေ ဖြစ်သွားသည်။

ခဏကြာတော့ အမွန်ကိုကြည့်မိသည်။မချိတင်ကဲ မျက်လုံးဟု နားလည်သည်။

“ သူငယ်ချင်းရယ် မင်းဘဝကို အမွန်အားကျလိုက်တာကွယ် ”


**********

“အညှာကိုပါစားနော် ”

ခရမ်းသီးနှပ်ကို ကိုထွေး၏ပန်းကန်ထဲသို့ ခပ်ထည့်ရင်း အမွန်ကပြောသည်။ကိုကြည်လွင်နှင့် ညိုညိုတို့နှစ်ယောက်က ပြုံးသည်။ကိုထွေးကို နားမလည်၍ ပြုံးလိုက်သည်။

“ အညှာက အမျှင်တွေနဲ့ပဲဟာ စားလို့ဘယ်ကောင်းပါ့မလဲ ”

အညိုက ထမင်းလုပ်ကို တစ်ချက်နှစ်ချက်သာ ဝါးပြီးမျိုချလိုက်သည်။

“ အညှာကို စားရင် လူပြုစားတာ မခံရဘူးတဲ့ ၊ ကောင်းကောင်းစားရတယ်ကိုရဲ့ ”

ကိုကြည်လွင်သည် ထမင်းစားရင်း တဟင်းဟင်းရယ်သည်။ညိုညိုသည် ကိုထွေးကို ပြုံးစိစိနှင့်ကြည့်သည်။ကတ်သီးကတ်သပ်ပြောတက်သော အမွန့်စကားကြောင့် ကိုထွေးမှာ နားရှုပ်သွားသည်။

“ ကျွန်တော့်မှာ မုန်းတဲ့သူမှ မရှိတာ ၊ ဘယ်သူက ပြုစားမလဲ အမွန်ရဲ့ ၊ ပြီးတော့ ပြုစားတယ် ဘာတယ်ဆိုတာ အမွန်ယုံတယ်ပေါ့လေ ”

သည်တော့ ရယ်ကျဲကျဲနှင့်ကြည့်ကာ အမွန်ဖြေသည်။

“ အစကတော့ အမွန်မယုံပါဘူး ၊ ခုတော့ ယုံချင်တယ် ၊ ပြုစားတယ်ဆိုတာကလည်း မုန်းတာမှမဟုတ်ဘဲ ချစ်ရင်လည်းပြုစားတက်တယ်တဲ့ ၊ နောက်ပြီးကို့ပတ်ဝန်းကျင်မှာက လှတဲ့စုန်း ချောတဲ့စုန်း ၊ ခရာတဲ့စုန်းမကလေးတွေ အများကြီး ၊ ကို့ကို ပြုစားသွားမှာ စိုးရတယ်ရှင့် ”

ညိုညိုသည် သဘောပေါက်သွားသောကြောင့် သီးလုမတက် ရယ်လိုက်သည်။ကိုကြည်လွင်သည် ပလုတ်ပလောင်းနှင့် ရယ်နေသည်။ကိုထွေးက ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားသည်။အမွန့်မျက်လုံးကိုကြည့်ရင်း ရောနှောရယ်မောနေမိသည်။ရွှင်ပျသော အမွန့်မျက်နှာကိုမြင်တော့ ချမ်းမြေ့လှသည်။ကြည်နူးပြုံးတွေက ဇွန်းသံပန်းကန်သံတွေကြားထဲ ပျံဝဲနေသည်။


***********


( စတုတ္ထပိုင်းဆက်ရန်)


#Typing_Credit_ZawOo


#Photo_ကိုမင်းကိုနိုင်

No comments:

Post a Comment