Thursday, 31 January 2019

ကြာင်ညိုပါးရယ်စားတတ်လှတယ် #နုနုရည် (အင်းဝ)

#ကြောင်ညိုပါးရယ်စားတတ်လှတယ်


 #နုနုရည် (အင်းဝ)


ဖိုးအေကြီးရေ.. ဖိုးအေကြီး။ သြော်.. ဒီအဖိုးကြီးကလဲ၊ နားလေးပလေးနဲ့ ခေါ်မကြား အော်မကြား..။ အေ.. ဖိုးအေကြီး.. မြန်မြန်လာစမ်းပါ၊ မြန် မြန်၊ မြန် မြန်...၊ တကတည်းတော် ခေါ်လိုက်ရတာ၊ ဘာလုပ်နေတာလဲ၊ အိမ်ရှေ့မှာ။ ဟင်း.. ပက်လက်ကုလားထိုင်ပေါ်မှာ တရေးနှပ်နေတာ မဟုတ်လား..။ အလကား အဖိုးကြီး၊ ဒီမှာ.. ကိုယ့်မြေးလေးအတွက်တော့ လာပြီး ကူပြု လုပ်မယ် ကိုင်မယ်မရှိဘူး။ တော်ဟာလေ.. ကျုပ်လောက်ကို မြေးလေးကို မချစ်ဘူး၊ ကျုပ်သိတယ်။ ဘာ... ချစ်ပါတယ်ကွာလဲ..။ ချစ်ရင်လာ၊ ရော့ ဒီမှာ.. အုန်းသီး၊ ဒီမှာ အုန်းခြစ်၊ အုန်းနို့ညှစ်ပေး.. ကျုပ်ကို...။ မြေးလေးအတွက် အုန်းနို့ကျောက်ကျော ကြိုရအောင်။ ဘာသက်ပြင်းချတာလဲ၊ ဘာ.. မျက်နှာကြီး မဲ့သွားတာလဲ။ ဟင့်အင်း မပြောနဲ့..၊ မပြောနဲ့။ တော့်ပါးစပ်ကြီး ဟမလာနဲ့။ မနေ့က ကျုပ် နွာနို့ထမင်းတွေ သွန်ပစ်ရတာကို တော်ပြောမလို့ မဟုတ်လား။ မပြောရဘူး၊ မပြောရဘူး၊ ကျုပ်.. ကျုပ် အော်ငိုပစ်လိုက်မှာနော်၊ အော်ငိုပစ်လိုက်မှာ....။


အဲ...အဲ.. ဒီလိုမှပေါ့၊ ဖိုးအေကြီးရယ်။ လိမ္မာစမ်းပါ။ ကျုပ်အလိုကို လိုက်စမ်းပါ။ ကျုပ်ပြောတာကို နားထောင်စမ်းပါ။ ကဲ.. လုပ်..လုပ်။ အုန်းသီး မြန်မြန်လေးခြစ်..။ ဟီ..ဟိ၊ တော့်မြေးလေးက အုန်းနို့ကျောက်ကျောများဆို အငမ်းမရ ကြိုက်တဲ့ဟာလေး။ ကျောက်ကျော တဗန်းများဆို အငမ်းမရ ကြိုက်တဲ့ဟာလေး။ ကျောက်ကျောတဗန်းများ သူနဲ့တင် တ၀က်ကုန်ရစေရဲ့။ တော်နဲ့ ကျုပ်နဲ့ကတော့ ကျန်တာပေါ့နော်။ ဆွမ်းတော် ပန်းတော်လေးလဲ တင်ပေါ့။

အင်း.. နေဦး၊ တော်အုန်းနို့ ညှစ်နေတုန်း ကျုပ်ဝက်သားလုံးကြော်လေး အရင်နွှေးလိုက် ဦးမယ်။ တော့်မြေးက ကျောက်ကျောမစားခင် ထမင်းအရင် လွေးချင် လွေးမှာ။ ထမင်းမစားလဲ ၀က်သားလုံးကြော်ကို ဒီအတိုင်း တစွပ်စွပ် နှိုက်စားနေတတ်တာ....။ ၀က်သားကြိုက်လေး..။ ကျုပ်နမ်းတိုင်း သူ့ပါးစပ်က အမြဲ ၀က်သားနံ့တသင်းသင်းနဲ့။ အဟင်း.. ကျုပ်ကလဲ ကျုပ်မြေးကြိုက်တတ်မှန်း သိလို့ ကြောင်အိမ်ထဲ ၀က်သားလုံးကြော်ပန်းကန် မပြတ်စေရပါ ဘူးတော်..။ ကျုပ်အိမ်ဆိုင်ကလေး တည်တာတောင် စီးပွါးရေးထက် ကျုပ်မြေးစားချင်တဲ့ သွားရည်စာ စားနိုင်အောင်လို့ တည်တာ သိပြီလား။ အရာအားလုံးဟာ ကျုပ်မြေးအတွက်၊ ကျုပ်ချစ်တဲ့ မြေးလေး ဖိုးသဲ (ခေါ်) ရန်ကျော်ဦးအတွက်....။

ဖိုးအေကြီးရေ... တကယ်တော့ မြေးလေး ဖိုးသဲဟာ ကျုပ်တို့ရဲ့ မြေးဆိုလဲ မြေး..၊ သားဆိုလဲ သားပါပဲနော်..။ ဟုတ်တယ်မဟုတ်လား။ မွေးကတည်းက ကျုပ်ရင်ခွင်ထဲရောက် ခဲ့တာ။ ကျုပ်တိုက်တဲ့ နို့ဘူးတလှည့်၊ နို့မထွက်တဲ့ ကျုပ်နို့ပိန်ကို စို့ရင်း ကြီးပြင်းခဲ့တာ။ သိပ်ကို သနားစရာကောင်းတဲ့ မြေးကလေးပါနော်.. ဖိုးအေကြီး။ မွေးမွေးချင်း မအေက ပစ်ပြီး သေမင်း ခေါ်ရာနောက် ကောက်ကောက်ပါရတော့...။ အို.. ဖိုးအေကြီးရယ် ကျုပ်ကို မငေါက်ပါနဲ့တော်၊ တော် မပြောစေချင် မပြောပါဘူး။ သမီး အမိုက်မအကြောင်း ကျုပ်လဲ မပြောချင်ပါဘူး။ သူမိုက်တာကိုးတော့။ မိဘ မနှစ်မြို့တဲ့ဟာကို ယူပြီး မိဘရင်ကွဲအောင် စုံကန်တော့ ဒီလိုမျိုး... အေးလေ.. ဖိုးအေကြီး အုန်းနို့ရမလား၊ ၀က်သားလုံးကြော်အိုး ချလိုက်တော့မနော်။ ဟေ..ဟေ.. ကောင်းလိုက်တာ၊ ၀က်သားလုံးလေးတွေ နီရဲပြီး မွှေးကြွပ်နေတာပဲ...။ ကျုပ်သားအကြိုက်..။ ကျုပ်သားဖိုးသဲအကြိုက်။ ဘယ်လောက်များ ကြိတ်လိုက်မလဲ မသိဘူး။ အေး.. ဒါပေမယ့် မကြိုတ်ခင်မှာတော့ ထုံးစံအတိုင်း ဘွားဘွားနဲ့ ဘိုးဘိုးကို သုံးခါစီ မွှေးရဦးမယ်နော်..။ သုံးခါ။

ဖိုးအေကြီးရယ်...။ ကျုပ်ကို မျက်လုံးပြူးကြီးနဲ့ မကြည့်ပါနဲ့။ ကျုပ်ဘာပြောလို့လဲ။ ကျုပ်ဘာလုပ်လို့လဲ။ ကြည့်... သက်ပြင်းကြီးက ချရပြန်ပြီ။ ခက်တာပဲ... တော်ဟာလေ..။ ဖိုးသဲတို့ ဖိုးအေဟာလေ..။ တော် အဲလို မျက်လုံးကြီးပြူးတာ ဘာနဲ့တူလဲသိလား။ ဟို.. ဟို.. မကောင်းဆိုးဝါးနဲ့ တူတယ်တော့် သိရဲ့လား။

ကဲပါတော်... ကျုပ်ဆီကို ကြောင်အိမ်ထဲက သကြားပုလင်း လှမ်းလိုက်စမ်းပါဦး။ အင်း သကြား များများလေး ထည့်မှ။ သားလေးက ချိုမှ ကြိုက်တာ။ ပုလင်းဖွင့်ပြီး သကြားကို ကော်စားတာ။ ပုလင်းပိတ်ကို သေချာမပိတ်တော့ ပုရွက်ဆိပ်တွေက တက်ရော။ တော့်မြေးလုပ် တာလေ... တော့်မြေး။ ဟင်... ဖိုးအေကြီး ပုလင်းပိတ်လဲ ကျပ်လို့၊ ပုလင်းထဲလဲ သကြားသိတ် မလျော့ဘူး။ တော့်မြေး.. သကြားမစားပြန်ဘူးထင်တယ် ဖိုးအေကြီးရေ။ သြော်.... ကျုပ်သိပြီ၊ ကျုပ်သိပြီ..။ ခွေးကလေး.. ကျုပ်ဆိုင်က သကြားလုံးတွေချည်း ယူစားနေတာ ဖြစ်ရမယ်၊ သိလား ဖိုးအေကြီး။ အင်း.. ချောင်းဆိုးမှာတော့ စိုးရတယ်၊ သွားနာမှာလဲ စိုးရတယ်၊ ဒါပေမယ့် စားပါစေတော်.. သူကြိုက်တာ စားပါစေ။ သူစားနေတာ ကြည့်နေရရင် ကျုပ်စိတ်ချမ်းသာ နေတာပဲ။ တော်လဲ ကျုပ်လိုပဲ မဟုတ်လားဟင်...။ ဖိုးအေကြီး သားလေးဖိုးသဲကို ချစ်တယ် မဟုတ်လားဟင်...၊ ဖိုးအေကြီး ချစ်တယ်မဟုတ်လား... ပြောလေ ပြော။ အို ကျုပ်တို့ နှစ်ယောက်စလုံး သားလေးကို သိပ်ချစ်ကြပါတယ်နော်။ သွားလေသူ သူ့မအေနဲ့ နောက်မိန်းမ ယူဖို့ ကြိုးစားနေတဲ့ သူ့ဖအေတို့တောင်မှ ကျုပ်တို့လောက် သားလေးကို မချစ်နိုင်ပါဘူး... နော့ ဖိုးအေကြီးရယ်....။

ဟင်း.. ဟင်း.. ဖိုးအေကြီးရေ မှတ်မိသေးလား။ သားလေး ငါးလမှာ တော်ပုခက်ဝယ်ပြီး ပြန်လာတာလေ။ ခုလို မိုးတွင်းကြီးပဲနော်။ မိုးတွေ တဝေါဝေါ ရွာနေတဲ့ထဲမှာ တော် အသားပုခက်ကြီး ထမ်းပြီး ၀င်လာတာလေ။ နှစ်လမ်းကျော် လက်သမားအိမ်ကနေ ကိုယ်တိုင် ထမ်းယူလာတာ။ မြေးကိုထည့်ပြီး လွှဲသိပ်ချင်ဇောနဲ့... အိမ်ထဲအ၀င် ခြေချော်ပြီး ဟီ ဟီ.. မိုးရေထဲမှာ တော် ပစ်လဲတာလေ။ အမယ်လေး.. မြေးဇော.. မြေးဇော။ သူ့မယ် မနာနိုင်ဘူး။ ရွှံ့တွေပေသွားတဲ့ ပုခက်ကို သေချာဆေး၊ အ၀တ်နဲ့ခြောက်အောင် ပွတ်တိုက်ပြီး၊ ပုခက်ဆင်တာ။ ပြီးတော့ မိုးရေစိုကြီးနဲ့ ပုခက်ထဲကမြေးကို အကြာကြီးရပ်ကြည့်၊ ကျေနပ်နေ လိုက်တာ။ နောက်နေ့ကျ ဆေးသောက်ရတာပဲ မဟုတ်လား။

နောက်ပြီးတော့လေ... ဖိုးအေကြီး၊ သားလေးအခါလည်ကျော်... အပူကြီးပြီး တက်သွား တုန်းကလေ၊ မှတ်မိတယ်မဟုတ်လား။ အဲဒါကတော့ ကျုပ်.. ကျုပ်၊ တော်မဟုတ်ဘူး။ သားလေး ဖျားနေတာကို တော်နဲ့ထားခဲ့ပြီး၊ အိမ်ဆိုင်အတွက် ရောင်းစရာကုန်လို့ ကျုပ်ဈေးသွား ၀ယ်နေတုန်းလေ။ သားလေးက အပူကြီးပြီး တက်တာ..။ ကျုပ်က ဈေးခြင်းတောင်းကြီး ရွက်ပြီး ဘတ်စ်ကားပေါ်က အဆင်း။ လမ်းထိပ်မှာ.. လမ်းထိပ်မှာ...။ ဟိုးတလောက ဆုံးရှာတဲ့ မခင်လှလေ..၊ အဒေါ်ရေ. အဒေါ့်မြေး တက်နေလို့ ဆိုတဲ့အသံလဲ ကြားလိုက်ရော၊ ကျုပ်ဘာကိုမှ မမြင်တော့ဘူး။ ဈေးတောင်းရွက်ကြီးနဲ့ အိမ်ကို ပြေးတာ၊ မှောက်လျက်လဲပြီး ဒူးကြီးကွဲ သွားတာ၊ သွေးတွေ ရွှဲလို့။ ဒါပေမယ့် နာရကောင်းမှန်း မသိပေါင်တော်။ ဈေးခြင်းတောင်း မှောက်တာလဲ ကောက်ရကောင်းမှန်းမသိဘူး။ သားလေးဆီကို ကျုပ်အရောက် ပြေးချလာ တာပဲ။

အဲ..... နေဦး ဖိုးအေကြီး၊ ဟိုနေ့ကိုကော၊ တော်မှတ်မိတယ် မဟုတ်လား၊ သားလေးက စကားဝူးတူးဝါးတား ပြောတတ်ခါစ၊ 'ဖွား' လို့ စခေါ်တဲ့နေ့လေ။ အမယ်လေး ကျုပ်တို့နှစ် ယောက် ကြည်နူးလိုက်ကြတာ၊ နားထောင်လို့ မ၀ နိုင်ပါဘူးတော်.... နော်၊ ကျုပ်လေ.. ၀မ်းသာလုံးဆို့ပြီး၊ အိပ်လို့တောင် မပျော်ဘူး။ သိလား။ အမယ်... တော့်ကို 'ဖိုး' လို့ ခေါ်တတ် သွားတဲ့ နေ့ကလဲ တော်ပျော်ပြီး၊ ည အိပ်မပျော်ဘူး မဟုတ်လား။ ဖိုးအေကြီးရယ်... ကျုပ်မြေးလေးက ငယ်ငယ်လေး ကတည်းက သနားစရာ၊ ချစ်စရာပါတော်။ ကျုပ်မြေးလေး ဟာလေ... ကျုပ်မြေးလေးဟာ အပြစ်ကင်းပါတယ်တော်၊ အပြစ်ကင်း... ဟင့်...၊ ဘာလဲဟင် ဘာလဲ၊ ဖိုးအေကြီး...။ အို ဟုတ်ပါ့တော်၊ ကျောက်ကျောအိုးကြီး ပွက်ပွက်ဆူနေတာကို၊ ကျုပ်မေ့နေတာ။ အင်း.. ဟုတ်တယ်၊ ဟုတ်တယ်၊ တော်ပြောတာ။ ပျက်သွားလေး.. သားလေး မစားလိုက်ရဘဲ နေလိမ့်မယ်၊ ဟုတ်တယ်... သားလေး မစားလိုက်ရပဲ နေလိမ့်မယ်။ စိတ်ချ ဖိုးအေကြီးရေ့၊ မပျက်စေရဘူး။ မပျက်စေရဘူး။ ဟော.. ဒီမှာကြည့် ရပြီ။ ဟောဒီ လင်ပန်းလေး ထဲ လောင်းထည့်။ အအေးခံတာ ခဏလေးစောင့်၊ ခဏလေးပဲစောင့်။ အင်း.. စပွဲပေါ်မှာ တခါတည်း တင်ထားလိုက်မယ်။ ကျောက်ကျောဗန်း မ, ရအောင်၊ အ၀တ်စုတ် လှမ်းစမ်းပါဦး၊ ဖိုးအေကြီးရဲ့။

ကဲ....ရော့၊ ဟောဒီမှာ ကျောက်ကျောဗန်း။ ဟောဒီမှာ ၀က်သားလုံးကြော်ပန်းကန်။ ထမင်းကတော့ စားမယ်ဆိုမှ ခူးပေးလိုက်ရုံပဲ။ ကဲ.. အားလုံး အဆင်သင့် ဖြစ်ပါပြီတော်။ အားလုံးအဆင်သင့်။ အဲ... နေဦး၊ နေဦး ကျောက်ကျောစားဖို့ သူ့ခက်ရင်းလေး ချထားလိုက် ဦးမှ။ ဟင်... ဖိုးအေကြီး၊ ကျုပ်မြေးလေး ခက်ရင်းလေး သံချေးတွေ တက်လို့။ သူ ခက်ရင်းနဲ့ မစားတာ ကြာပြီလားဟင်။ ဖိုးအေကြီး၊ ကျုပ်.. ကျုပ်က..ကလေးကို ကျောက်ကျော လုပ်မကျွေးမိတာ ကြာပြီထင်ပါရဲ့ ဖိုးအေကြီးရယ်၊ နော်။ ဟုတ်လားဟင်၊ ဖိုးအေကြီး၊ ဟုတ်လား။

ဟင်... ဘာရယ်၊ ဖိုးအေကြီး၊ ကလေးပြန်လာရင် ပြောနေလိမ့်မယ်။ ကျုပ်ထမီ လဲထားဖို့လား၊ ခေါင်းက ဆံပင်တွေလဲ ရှုပ်ပွနေလား။ ဟုတ်တယ်၊ ဟုတ်တယ်။ ကလေးလေးကလေ သူ့အဘွားကို သိပ်လှစေချင်တာနော်...။ သနပ်ခါးတုံး မနိုင့်တနိုင်နဲ့ သွေးပြီး ကျုပ်ကို လာလိမ်းပေးရတာနဲ့။ နှုတ်ခမ်းနီ ဆိုးခိုင်းရတာနဲ့။ မျက်ခုံးမွေး ဆွဲခိုင်းရတာနဲ့။ မီးဖိုထဲ ကျုပ်အလုပ်ရှုပ်နေတုန်း ပြေးလာပြီး ကျုပ်ပါးအိုးမဲ ပေနေတာကို သုတ်ပေးရတာနဲ့။ အို ဖိုးအေကြီးရယ်... ကျုပ်မြေး အမောပြေလေးရဲ့ အလိုကျ နေမှာပေါ့။ ကဲ.. တော် ဒီမှာ စားပွဲကို စောင့်နေ၊ ကြောင်လာမယ်နော် သိလား....။

ဖိုးအေကြီးရေ.. ဖိုးအေကြီး၊ ကျုပ် ဇင်းမယ်လုံချည် အစိမ်းလေး မတွေ့ပါလား။ ဘယ်သေတ္တာထဲ မြင်မိတုန်း။ ကျုပ် ဟောဒီသေတ္တာ အောက်ဆုံးမှာ... သေချာထားတာတော့။ မှန်း... ဒီ စက္ကူအိတ်က ဘာလဲ။ သြော်... တွေ့ပြီ.. ဖိုးအေကြီးရေ့ တွေ့ပြီ။ ဟင်... ကျုပ်ထမီကြားထဲက ဘာလဲ...။ ကြည့်စမ်း... ကြည့်စမ်း၊ တော်တော် ဥာဏ်သွားတဲ့ အဖိုးကြီး၊ ဟင် ကျုပ်မြေးဓါတ်ပုံတွေကို ဒီထဲမှာ လာဖွက်ထားတယ်။ ကျုပ်မှာဖြင့် ပျောက်လို့ လိုက်ရှာနေတာ။ တော်က ဘယ်အချိန်ကများ ကျုပ်ခေါင်းအုံးအောက်ကနေ ခိုးသွားရ တာတုန်း။ တော်တယောက်ထဲ ကြည့်ချင်တာပေါ့လေ... တော်က.. ဘယ်ရမလဲ...။

ဟီ ဟိ ဒီမှာကြည့်စမ်း ဖိုးအေကြီး။ ချစ်စရာကောင်းလိုက်တဲ့ သားလေးရယ်။ ဒီပုံက ခြောက်လသားမှာ ရိုက်ထားတာ။ ၀တုတ်ပြဲလေး။ ဟောဒီပုံက အခါလည် ကျော်ပြီ။ ဒါက သုံးနှစ်သား၊ ဖိုးအေကြီး ကြည့်ပါဦး၊ ဒီအင်္ကျီနဲ့ ဘောင်းဘီဝတ်စုံလေးကို၊ ဒီဝတ်စုံလေး ၀တ်ပေးနေတဲ့ အချိန်လေ...၊ ဟိုခွေးတိရစ္ဆာန် ရောက်လာတာ မှတ်မိလား။ တော့်သမက်လေ တော့်သမက်။ မွေးကတည်းက ပျောက်သွားတဲ့ အကောင်က ခုမှ သူ့ကလေးတဲ့၊ သူ့သားတဲ့..၊ ပြန်ခေါ်ဖို့ လာတာတဲ့။ ကျုပ်တို့က မပေးဘူးဆိုတော့ ခဏလေး ချီဦးမယ်ဆိုပြီး သူခေါ်လာတဲ့ ကားပေါ်တင်ပြီး မောင်းပြေးတာလေ။ မိုက်ရိုင်းတဲ့ကောင်။ အို..... သားလေးငိုသံ၊ ကျုပ်နားထဲ က မထွက်ပါဘူး။ ကျုပ်ဆီကို လက်ကလေး လှမ်းလှမ်း ပြီးတော့လေ။ တော်နဲ့ ကျုပ်နဲ့ ကားနောက်ကို အတင်း ပြေးလိုက်ကြတာလေ။ မမီတော့မှ အဖိုးကြီးနဲ့အဖွားကြီး လမ်းမပေါ် ငိုကျန်နေခဲ့ရော....။

အဲဒီတုန်းကတခါ ကျုပ်အူတွေ အသည်းတွေကို နှုတ်ယူသွားသလို ခံစားခဲ့ရတယ်နော်။ မြေးလေးကို ပြန်မရခင် နှစ်ညလုံးလုံး ရင်ဘတ်ကြီး စည်းပြီး ကျုပ်လေ အရူးမကြီးလိုပဲနော်.. ဟီဟီ။ မြေးလေး လွမ်းဖျားဖျားပြီ သင်းကို ဘယ်လိုမှ မခင်တော့မှ ဟိုကောင် တော့်သမက် ပြန်လာပို့တာလေ..။ မှတ်မိတယ် မဟုတ်လား၊ ဟင်...။ အိမ် ရှေ့က အသံလေး စကြားရတာလေ။ 'ဘွား' ရေတဲ့။ 'ဘိုးဘိုး' တဲ့။ တခါတည်း ဘွားအေ ရင်ခွင်ထဲမှာ မျက်နှာလေး ဖြည်းဖြည်းချင်း လန်းလန်းလာလိုက်တာ။ ဟောဒီ ဓါတ်ပုံထဲက အရွယ်မှာပေါ့။

အို... ဖိုးအေကြီး၊ ဘာလို့ ဆွဲလုရတာလဲ၊ ဓါတ်ပုံတွေကို....။ ကျုပ်ကြည့်နေတယ်လေ..။ ပေးစမ်း တော့်လက်ထဲက ဓါတ်ပုံတွေ။ ပေးလေ၊ ပေးနော်...၊ မပေးရင် ကျုပ်ဓါးနဲ့ ခုတ်မှာ။ ပေး... ပေး...။ အို ကြည့်စမ်း၊ ဒီပုံက သားလေး ခြောက်တန်းရောက်တဲ့နှစ်မှာ ရိုက်ထားတာ။ တကယ့် လူပျိုကြီး ကျနေတာပဲတော်။ ဖေါင်တိန်ကြီးကို အိတ်မှာ ချိတ်လို့။ လွယ်အိတ် အကြီးကြီးကိုလဲ လွယ်ထားလိုက်သေး။ ဒီပန်းပွါးတွေနဲ့ လွယ်အိတ်အစိမ်းကို လိုချင်လှချည်ရဲ့ ဆိုလို့ ကျုပ်မှာလေ... ၀ယ်ပေးရတာ၊ ဒီလွယ်အိတ်ပေါ့... ဒီလွယ်အိတ်... ဒီလွယ်အိတ်...။

တော်.. တော် မဟုတ်လားဟင်၊ အဖိုးကြီး။ ကျုပ်ဆီကို ရွှံ့တွေ၊ သဲတွေ၊ သွေးတွေ စေးကပ် ပေကျေံနေတဲ့ လွယ်အိတ်ကို ယူပြေးလာတာလေ။ အဲဒီလွယ်အိတ်က ကျုပ်အူတွေ.. အသည်းတွေကို နှုတ်ယူလိုက်တာ၊ နှုတ်ယူလိုက်တာလေ...။

သားလေးရေ...။ သား....၊ အဘွားရဲ့ မြေးလေးရေ၊ လူ့လောကမှာ မရှိတော့ဘူးတဲ့လား။ အို ဖယ်ပါ ဖိုးအေကြီးရဲ့၊ ကျုပ် အော်ပါရစေ။ ကျုပ်တို့ မြေးအဖွားဟာ နှစ်ညပဲ ခွဲခဲ့ဖူးတာ.. တော်သိပါတယ် ဖိုးအေကြီးရဲ့....။

ဘာ... ဘာ ပြောတယ်၊ ဖိုးအေကြီး မြေးလေးက မသေဘူး၊ ကျောင်းက ပြန်လာတော့ မယ်၊ ဟုတ်လား၊ တကယ်နော်... တကယ်...၊ အို ဟုတ်တာပေါ့၊ သားလေးကျောင်းကအပြန် စားဖို့ ဒီမှာတွေ... ကျုပ်ကိုယ်တိုင် လုပ်ထားပြီးတော့၊ ဟင်း..ဟင်း.. မေ့တတ်လိုက်တဲ့ကျုပ်...၊ ကျုပ်တို့ မြေးလေး မသေဘူးနော်..။ ဖိုးအေကြီး၊ ကျောင်းသွားနေတာနော်... ဖိုးအေကြီး။ ဖွ.. ဖွ.. ကျောင်းကအပြန်မှာ ဘာကားမှလဲ တိုက်မသွားဘူးနော်။ ဟင့်အင်း... တိုက်မသွားပါဘူး...။ သေချာပါတယ်..။ ကျုပ်မှ မမြင်ရတာ...။ ဒါ ကျုပ်မြေး ဘာမှ မဖြစ်လို့ပေါ့ ဖိုးအေကြီးရဲ့...။

ဟော... မိုးတွေတောင် မှောင်လာပါပကောလား...၊ ဖိုးအေကြီးရေ...၊ တော့်ရဲ့ ထီးကောက်ကြီး မြန်မြန်ယူခဲ့...။ မြေးလေးကို သွားကြိုရအောင်..။ ကလေးပြန်လာတော့မယ်။ လာလေ...ဟောတော်.. ကြည့်စမ်း၊ ကျက်သရေမရှိတဲ့ ဒီမျက်ရည်တွေက ဘာဖြစ်လို့ ကျနေတာတုန်းလို့...။ လာစမ်းပါ.. မြန်မြန်....၊ သားလေးက ပြန်လာတော့မယ်... ဖိုးအေကြီးရဲ့...။


----------------------


နုနုရည် အင်းဝ။

Maung Aye Win at 10:51 PM


Monday, November 10, 2008


[ မာယာအွန်လိုင်း မဂ္ဂဇင်း ဘလော့ဂ်မှ ကူးယူပါသည်။ မာယာအား ကျေးဇူးတင်ပါသည်။]


Wednesday, 30 January 2019

ဆရာအို ပြဿနာ (သိန်းဖေမြင့်)

ဆရာအို ပြဿနာ (သိန်းဖေမြင့်)


------------------------------------


အချိန်မှာ ကျွန်ုပ်တို့၏ ရန်ကုန်တက္ကသိုလ် နွေရာသီ ကျောင်းပိတ်ချိန် တစ်နေ့သော နံနက်ခင်း ဖြစ်လေသည်။ 

ကျွန်ုပ်သည် ပင်စင် ယူခါနီးပြီ ဖြစ်သော ကထိက ဆရာအိုကြီး တစ်ဦး ဖြစ်ပေ၏။ ကျွန်ုပ်သည် မည်သူကမျှ မပညပ်မီကပင် ကိုယ့်ဘာသာ စည်းကမ်း သတ်မှတ်ပြီး ကျောင်းသို့ ၉-နာရီ မှန်မှန် ရောက်အောင် လာလေ့ရှိသည်။ ကျောင်းသားတွေ အတွက် ကျောင်းပိတ်ပြီး ဖြစ်လျက် ဆရာများအတွက် ကျောင်းမပိတ်သေးသော ရက်များ၌ပင်လျှင် ဤအချိန်ဇယားကို စည်းကမ်းကြီးစွာနှင့် စောင့်ထိန်းလေ့ ရှိသည်။ 

ကျွန်ုပ်သည် နေအိမ်မှ ကျောင်းသို့ ခြေလျင် လျှောက်ရခြင်းကိုလည်း နေပူမရှောင် မိုးရွာမရှောင် ကျင့်သုံးသော အလေ့ လုပ်ထားပေသည်။ ကျွန်ုပ်၏ ကျန်းမာရေး အခြေအနေ ကောင်းသည်မှာ ဤအလေ့ကြောင့် တစ်ကြောင်း ဖြစ်သည်။ လူငယ် ဆရာတွေက မော့စ်ဖစ်ခ်ျ၊ ဘဲလော့က်စ်ဗစ်တာ စသော ကားကလေးများ ဝယ်နိုင်အောင် လခထဲမှသော်၎င်း၊ စာမေးပွဲ အဖြေလွှာ ဖျက်ခထဲမှသော်၎င်း အပတ်တကုတ် ကြိုးစား၍ ငွေစုနေကြချိန်တွင် ကျွန်ုပ်မှာ ပင်စင်ယူလျှင် ကိုယ့်ဝင်းကိုယ့်ခြံ ကိုယ့်အိမ်ကလေးနှင့် နေနိုင်အောင် စုဆောင်းနိုင်ပေသည်။ ပင်စင်ယူပြီးလျှင် ခြံမြေထဲမှာ သစ်ပင်စိုက်ရင်း ရုက္ခဗေဒ သုတေသန လုပ်ရန် စိတ်ကူးထားပေသည်။ ရုက္ခဗေဒသည် ကျွန်ုပ် သင်ကြား ပြသနေရသော ဘာသာရပ်ကား မဟုတ်ပါ။ ဝါသနာအလျောက် လေ့လာနေသော အပျော်လုပ်ငန်း တစ်ခုသာ ဖြစ်လေသည်။ 

ကျွန်ုပ်သည် တက္ကသိုလ် ရိပ်သာလမ်းမကြီးကို ဖြတ်ပြီး အင်းလျားလမ်းထဲသို့ ဝင်လာလေသည်။ ဝင်လာမိသည်နှင့် တစ်ပြိုင်နက် အင်းလျားလမ်းတွင် နေထိုင်ကြသော ဘူမိဗေဒ ပါမောက္ခ ဒေါက်တာ သာလှ၊ မြန်မာစာ ပါမောက္ခ ဦးအေးမောင်၊ ရူပဗေဒ ပါမောက္ခ ဒေါက်တာ မောင်မောင်ခ၊ ပိဋကတ် တိုက်မှူး ဦးသိန်းဟန် (ဇော်ဂျီ)၊ မော်ကွန်းထိန်း အရာရှိ ဦးယုခင်နှင့် ဘာသာပြန်နှင့် ထုတ်ဝေရေး ဦးဝန် (မင်းသုဝဏ်) တို့သည် အားလုံးပင် ကျွန်ုပ်ထက် ငယ်သူများ ဖြစ်ကြောင်း ဗြုန်းကနဲ သတိရသွားလေသည်။ 

ကျွန်ုပ် ကူးဖြတ်ခဲ့ရသော တက္ကသိုလ်ရိပ်သာ လမ်းမကြီးနှင့် ပုဂံလမ်းမှာ ခြားနားလှသည်။ ပုဂံလမ်းထဲ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် ငြိမ်သက် အေးချမ်းခြင်း အရသာကို ထူးထူးခြားခြား ခံစားလိုက်ရ၏။ နဂါးဘတ်စ်ကားနှင့် ပရိုက်ဗိတ် ကားသံများသည် ပျောက်ကွယ်သွားသည်။ ပူရှိန်ကောင်းစ တောက်ပ ဝင်းထိန်သော နေခြည်များမှ ကင်းလွတ်ခဲ့ပြီး ပုဂံလမ်းပေါ်သို့ ဖြာဆင်းနေသော သစ်ပင်ရိပ်ကြီးများ အောက်သို့ အေးကနဲ ဝင်ရောက်လာခဲ့လေသည်။ လမ်း၏ ဟိုဘက်သည်ဘက်မှ ထင်းရှူးပင်ကြီးများသည် ကျွန်ုပ်အား ထီးမိုးပေးရကြသည်နှင့် တူ၏။ ခြံစည်းရိုးများပေါ်မှ ကော်ထွက်နေကြသော တရုတ်စကား အကိုင်းအခက်များသည် ငွေဖြူစကား ပန်းရိပ်များဖြင့် ကျွန်ုပ်အား လက်ဝှေ့ယမ်းကာ နှုတ်ဆက် နေကြသည်နှင့် တူပေ၏။ ကျွန်ုပ်သည် အစပထမ၌ ထင်းရှူးပင်ကြီးများကို ရုက္ခဗေဒ အမြင်ဖြင့် လေ့လာကြည့်မိ၏။ မျိုးစေ့ကို လျှို့ဝှက် သိုလှောင်သော အပင်မျိုးနှင့် မျိုးစေ့ကို တမင် ဖော်ပေးထားသော အပင် ၂ မျိုး ရှိရာ ထင်းရှူးပင်မှာ ဒုတိယအမျိုး ဖြစ်ကြောင်းနှင့် ရန်ကုန်သည် ထင်းရှူးပင်၏ မူလ ပေါက်ဖွားရာ အရပ် မဟုတ်ကြောင်း သတိရနေလေသည်။ တရုပ်စကားပင်၏ မျိုးစု၊ မျိုးခွဲ၊ မျိုးစပ် စသော ရုက္ခဗေဒ ဇယားကို သူ့ အခေါ်အဝေါ်နှင့်တကွ မှတ်မိအောင် လေ့လာကြည့်သည်။ ကျွန်ုပ်မှာ လူငယ်များလို မှတ်ဉာဏ် မကောင်းတော့ချေ။ ထိုးထွင်းဉာဏ်၊ တီထွင်ဉာဏ်တို့ကား ပိုမို ထက်မြက်လာသည်ဟု ထင်ပါသည်။ 

အချို့ ငုပင်များသည် ပုဂံလမ်းပေါ်၌ ရွှေဝါပန်းကုံးများကို သွယ်ချထားကြပြီး အချို့ ငုပင်များကမူ နီလာပန်းကုံးများ သွယ်ချထားကြ၏။ ကျွန်ုပ်သည် ငုရွှေဝါ ငုနီလာတို့ကိုကား ရုက္ခဗေဒ အမြင်ဖြင့် ကြည့်၍ မရတော့ပါ။ အလှကြည့်သာ ကြည့်မိပါတော့၏။ စိန်ပန်းပင်များသည်လည်း ပင်လုံးကျွတ် ပွင့်ကုန်ကြလေပြီ။ နီရဲဝင်းထိန်သော ပတ္တမြားပန်းများပေတည်း။ 

ကျွန်ုပ်သည် နွေဦးပန်းများ၏ အလှတွင် ကြည်နူးနေရာမှ အတန်ကြာတော့ ယစ်မူးသွားလေပြီ။ စကားပန်း ငွေဖြူ၊ ငုရွှေဝါ၊ ငုနီလာနှင့် စိန်ပန်း ပတ္တမြားတို့သည် ကျွန်ုပ် မနော အကြည်ဓာတ်တွင် ရောင်စုံရိုက်ခတ်ပြီး တဖျတ်ဖျတ် နေကြလေပြီ။

ပုဂံလမ်းသည် အခါတိုင်းလိုပင် ယာဉ်အသွားအလာ နည်းသည်။ ယနေ့မူ လူသူလေးပါးပင် အသွားအလာ မရှိ။ ထို့ကြောင့် တိတ်ဆိတ် ငြိမ်သက်လှပေ၏။ ထိုအခိုက် မြောက်ဘက်မှ မျက်နှာတူရူ ဆော်သွင်းလာသော လေညင်းသည် ကျွန်ုပ်၏ ရင်ခွင်တွင် တိုးဝှေ့ ကစားပြီး ကျွန်ုပ်၏ ပါးစပ်များကို နမ်းရှုတ်လိုက်လေသည်။ လတ်ဆတ် ထုံသင်းလှသော လေညင်းပေတည်း။ ထိုအချိန်တွင် ပုဂံတစ်လမ်းကို ကျွန်ုပ် တစ်ဦးတည်း ပိုင်နေသည်ဟု ကျွန်ုပ် ထင်မှတ်လိုက်ပေ၏။ 

ကျွန်ုပ်မှာ ပင်စင် ယူရခါနီး ဆရာအိုကြီး ဖြစ်သဖြင့် တစ်ခါတစ်ခါ ဒူးဆစ်များ ကိုက်ခဲတတ်သည်။ သို့ရာတွင် ကျွန်ုပ် ခြေလှမ်းများမှာ ခပ်မှန်မှန်ပင် ဖြစ်၏။ ထိုင်နေသောအခါ ခါးမှာ အနည်းငယ်ပင် ကိုင်းနေပါပြီ။ သို့ရာတွင် ကျွန်ုပ်သည် ခပ်မတ်မတ်ပင် လမ်းလျှောက်ပေသည်။ ကျွန်ုပ်၏ ဆံပင်များမှာ ဖြူကုန်ပါပြီ။ သို့ရာတွင် သေသပ်စွာ ဖြီးထားပါ၏။ မျက်လုံးများမှာ အနီးကြည့်အတွက် ခပ်မွဲမွဲ ဖြစ်သဖြင့် မျက်မှန် ဆောင်ထားရ၏။ အဝေးကြည့်အတွက်ကား မျက်မှန် မလိုပါ။ 

ပုဂံလမ်းသည် လမ်းတိုကလေး ဖြစ်ပြီး ဟိုဘက်ထိပ်မှ သည်ဘက်ထိပ် တောက်လျှောက် မြင်နိုင်သည်။ ကျွန်ုပ်သည် စကား ငွေဖြူ၊ ငုရွှေဝါ ငုနီလာနှင့် စိန်ပန်း ပတ္တမြားတို့တွင် ပျံဝဲကာ အလှဝတ်ရည်များ သောက်သုံးနေသော မျက်လုံးများကို ရှေ့လှမ်းပြီး တည့်တည့် လွှတ်လိုက်လေသည်။ လမ်းတစ်လျှောက်လုံး ငွေဖြူရောင် ရွှေဝါရောင် နီလာရောင်နှင့် ပတ္တမြားရောင်များ ကွန့်မြူးယှက်သန်းနေသည်။ ကျွန်ုပ်သည် ပုဂံလမ်း တစ်ခုလုံးကို ကျွန်ုပ် တစ်ဦးတည်း ပိုင်သည်ဟု ထင်မှတ်ခဲ့၏။ ယခုတော့ ကျွန်ုပ် တစ်ဦးတည်း ပိုင်သည် မဟုတ်ကြောင်း တွေ့ရသဖြင့် ဝန်တိုခြင်းဖြင့် စိတ်အနှောင့်အယှက် ဖြစ်မိလေသည်။ ပုဂံလမ်းကို ကျွန်ုပ်နှင့် ပူးတွဲ၍ ပိုင်သူမှာ မိန်းမပျိုလေး တစ်ဦး ဖြစ်နေ၏။ 

ရုတ်တရက်သော် စိတ်အနှောင့်အယှက် ဖြစ်သွားသော်လည်း ရှေ့က သွားနေသူ မိန်းမပျိုအား နောက်မှ ခြေ ၄-၅ လှမ်း လိုက်ရင်း စူးစိုက်ကြည့်မိသောအခါ စိတ်ဝင်စား သွားလေသည်။ 

သူမ လမ်းလျှောက်သွားပုံမှာ ကြည့်၍ ကောင်းလှသည်။ ဖျတ်ဖျတ်လတ်လတ် လျှောက်သွားသော်လည်း ကြော့ရှင်း ယဉ်ကျေးမှု မပျက်စေခြင်းမှာ ထူးခြား၏။ 

ဤမိန်းမပျိုသည် ဘယ်က လာသနည်း။ ဆရာမကလေး လော၊ ကျောင်းသူ လော။ ကျွန်ုပ် သို့လောသို့လော တွေးကာနေသည်။ မိန်းမပျိုသည် အောက်သူလော၊ အညာသူလော၊ ရခိုင်လော၊ ရှမ်းလော၊ ထားဝယ်သူလော၊ မြိတ်သူလော။ 

သို့ကလို တွေးတောကြည့်နေရာမှ မနုဿဗေဒခေါ် အင်သရို ပိုလိုဂျီ အတိုင်းအထွာ စံချိန်များနှင့် တိုင်းထွာ ကြည့်လိုစိတ်များ ပေါ်လာလေသည်။ အင်သရိုပိုလိုဂျီ အမျိုးအစား ဇယားများတွင် သွင်းကြည့်လျှင် ဘယ်လို နေပါလိမ့်မည်ဟု စဉ်းစားရန် စမိသည်။ သို့ရာတွင် ထိုသို့ စဉ်းစား၍ မရပါ။ ငုရွှေဝါ ငုနီလာတို့အား ရုက္ခဗေဒ အမြင်ဖြင့် ဆင်ခြင်မရခဲ့သည့် အတိုင်းပင် ဖြစ်ပါသတည်း။ ရှင်းနေသော လမ်းပေါ်တွင် ထိုမိန်းမပျိုအား မြင်လိုက်ရသည်မှာ ပွင့်ချပ်အာခါစ ကြာပန်းကြီး စိုက်ထိုးထားသော ပန်းအိုးကို ထီးထီးကြီး မြင်လိုက်ရသည်နှင့် တူနေ၏။ 

သူမ၏ အရပ်အမောင်းမှာ နွဲ့နွဲ့နှောင်းနှောင်း ဖြစ်၏။ သို့ရာတွင် ကိုယ်လုံးကိုယ်ထည်ကား တောင့်တင်း ကျစ်လစ်သည်ပင် ဖြစ်၏။ ကျွန်ုပ်သည် ကျောင်းဆရာ ဖြစ်ရုံမက အသက်အရွယ်လည်း ကြီးပေပြီ။ သို့ရာတွင် မိန်းမပျို၏ အိစက် ဖောင်းကြွသော တင်သားနှင့် သေးသွယ် ဝိုင်းကျစ်သော ခါးတို့ပေါ်တွင် မျက်စိ မကစားဘဲ မမေနိုင်ပါ။ ရှေ့ကသာ ဆီးပြီး ကြည့်ရလျှင် ထင်ရှားစွာ ဖောင်းမို့နေသော သူမ၏ ရင်သားများကို မြင်ရလိမ့်မည်ဟု စိတ်ဆန္ဒ မဖြစ်ဘဲလည်း မနေနိုင်ပါ။ မယ်တက္ကသိုလ်၊ သို့မဟုတ် မယ်ဗမာတို့များ ထဘီဝတ်ထားခြင်း ဖြစ်လေသလော။ 

ခပ်မှန်မှန် လှမ်းနေသော ကျွန်ုပ်၏ ခြေလှမ်းများသည် ခပ်မြန်မြန် ဖြစ်လာလေ၏။ 

နောက်ကနေပြီး အကဲခတ်ရခြင်းဖြင့် ထိုမိန်းမပျိုသည် အသက် ၂၀-ကျော်လောက်တွင် ရှိမည်ဟု ခန့်မှန်းရလေ၏။ ကျွန်ုပ်နှင့် အသက် ၃၀-ကျော် ကွာရပေမည်။ ကျွန်ုပ်သည် ထိုခဏ၌ သူမနှင့် ကျွန်ုပ် အသက် ကွာခြားခြင်းကို မေ့စ ပြုလေပြီ။ 

မိန်းမပျိုသည် ဘယ်သို့သော ပန်းကို ပန်သည်။ ဘယ်သို့သော ဆင်ယင်ထုံးဖွဲ့ နည်းများကို သုံးသည်။ ဘယ်အရောင် ဘယ်ပုံရှိသော အင်္ကျီနှင့် ဘယ်အဆင်အသွေးရှိသော ထဘီတို့ကို ဝတ်ဆင်သည် စသည်ဖြင့် ကျွန်ုပ် စာမဖွဲ့တတ်အါ။ ခေတ်သိပ်မမှီသော အဖိုးကြီး ဖြစ်သဖြင့် ဆင်ယင်ထုံးဖွဲ့မှု၌လည်း အသေးစိတ် စိတ်မဝင်စားပါ။ သို့ရာတွင် ကျွန်ုပ် တစ်ခုတော့ ပြောချင်သည်။ သူမ၏ အဆင်းရူပကာနှင့် သူမ၏ ဆင်ယင်ထုံးဖွဲ့မှုတို့သည် စကား ငွေဖြူ၊ ငုရွှေဝါ၊ ငုနီလာ စိန်ပန်း ပတ္တမြားတို့နှင့်ကား အပြန်အလှန် အရောင်ဟပ်၍ များစွာ ပနံရနေပေသည်။ 

မြောက်ဘက်မှ ဆော်သွင်းလာသော လေညင်းသည် ကျွန်ုပ်၏ ရင်ခွင်မှာ ဝှေ့ကစားသလို၊ မိန်းမပျို၏ ရင်ခွင်မှာလည်း ဝှေ့ကစား ခဲ့ပေလိမ့်မည်။ လေညင်းသည် ကျွန်ုပ်၏ ပါးကို နမ်းရှုပ်သလို သူမ၏ ပါးကိုလည်း နမ်းရှုပ်ခဲ့ပေလိမ့်မည်။ ယင်းသို့ ဆင်ခြင်မိသည်နှင့် တစ်ပြိုင်နက် ကျွန်ုပ်၏ ကိုယ်စိတ်နှစ်ပါးသည် လေကဲ့သို့ ပေါ့ပါးသွားလေသည်။ ထိုင်နေလျှင် ခပ်ကိုင်းကိုင်း ဖြစ်တတ်သောခါး၊ လျှောက်လျှင် မတ်မတ်ထားပြီး လျှောက်ရသောခါး၊ ကျွန်ုပ်၏ ထိုခါးသည် စစ်ရေးပြနေသော ခါးကဲ့သို့ မတ်သွားသည်။ ကျွန်ုပ်၏ ဆံပင်ဖြူတို့သည် မည်းနက်လာကုန်၏။ ကျွန်ုပ်၏ မွဲမွဲခြောက်ခြောက် မျက်လုံးတို့သည် ကြည်လင် ထွန်းတောက်လာကုန်၏။ ကျွန်ုပ်သည် ဆရာအိုကြီး မဟုတ်တော့ဘဲ ကျောင်းသားကလေး ဖြစ်သွားတော့၏။ 

ကျွန်ုပ်က မြန်မြန်လျှောက်ပြီး လိုက်သော်လည်း သူမသည် မှန်မှန်သာ လျှောက်၏။ တစ်ဘက်တစ်ချက် နိမ့်တုံမြင့်တုံ ဖြစ်နေသော သူမ၏ တင်သားများမှာ ဆန်ကော ဝိုင်းသလို လည်နေပေရာ ကြည့်မငြီးအောင် ဖြစ်၏။ ကျွန်ုပ်မှာ အထွေအထူး လုပ်ရန် စိတ်ကူးသည့်ပြင် မပေါက်သော်လည်း သူမ၏ တင်သားများကို လက်ဖဝါးဖြင့် အသာအယာ ပွတ်ပွတ် စမ်းလိုက်ချင်စိတ်ကား ပေါက်လာပါသည်။ ပါးလွှာသော အင်္ကျီနှင့် သေးငယ်သော ဇာဘော်လီ ကြိုးများ ကြားမှ ထွင်းဖောက် ပေါ်လာသော ဝါဝင်းသည့် ကျောပြင်မှာ ရွှေတလင်းပြင်နှင့် တူလေ၏။ ကျွန်ုပ်သည် သူမအား မီလာပြီး ဘေးတိုက် လျှောက်နေလေပြီ။ 

ကျွန်ုပ်သည် သူမဘက်သို့ ငဲံကြည့်လိုက်သောအခါ သူမသည် တစ်ချက်လောက်သာ ကျွန်ုပ်ဘက်သို့ လှမ်းကြည့်လိုက်ပြီး ရုတ်ခြည်းပင် မျက်လွှာချသွားလေသည်။ သူမ၏ ခြေလှမ်းများသည်ကား မတုံ့ပါ။ နောက်တစ်ကြိမ်လည်း ထပ်မကြည့်ပါ။ 

ကျွန်ုပ်ကသာ သူမအား ထပ်ထပ် ကြည့်နေသည်။ သူမသည် မျက်တောင်ကော့ကော့ နှာတံပေါ်ပေါ်နှင့် ဖြစ်သည်။ ဘေးတိုက် မြင်လိုက်ရသော ရင်သားမှာ တင့်ထွား ထင်ရှားလှပေသည်။ ကျွန်ုပ်သည် သူမအား ဘေးတိုက် ကြည့်ရရုံဖြင့် အားမရ၊ ရှေ့ကနေပြီး ကြည့်ချင် မြင်ချင် ပြန်လေသည်။ 

ကျွန်ုပ်သည် ခပ်သွက်သွက် ကျော်တက် လျှောက်သွား၏။ ပေတစ်ရာလောက် ရှေ့က လျှောက်သွားမိသောအခါ လမ်းဘေးသို့ ကပ်လိုက်၏။ ခြံစည်းရိုးမှ တိုးထွက်နေသော ကြက်သွေးရောင် ပန်းစက္ကူကိုင်းများကို ဆွဲချိုးမည်ကဲ့သို့ ဟန်ဆောင်နေလေသည်။ ကျွန်ုပ်သည် ပန်းမှာ စိတ်ဝင်စားသည် မဟုတ်ပါ။ မိန်းမပျို အပေါ်မှာသာ စိတ်ဝင်စားနေပါသည်။ 

သူမမှာ လှပ ပြုံးချိုသော မျက်နှာရှိ၏။ နီရဲသော နှုတ်ခမ်းကလေးများမှာ ပန်းချီဆရာ ဆေးဖြင့် ရေးပြီးတွင် ကျွန်ုပ်၏ မျက်လုံးများသည် သူမ၏ နှုတ်ခမ်းများပေါ်တွင် ကြာရှည် မနေပါ။ ဖောင်းကြွ ပြည့်ဖြိုးသော ရင်သားများနှင့် သွယ်တန်း အိစက်သော ပေါင်လုံးများဆီသို့သာ ဆင်းသွားကြကုန်၏။ 

ကျွန်ုပ် ဣနြေ္ဒမဲ့စွာ ကြည့်နေသော်လည်း မိန်းမပျိုသည် ရှိုးတိုးရှန့်တန့် လုံးဝ မဖြစ်ပါ။ ကျွန်ုပ်က တပ်မက်ခြင်းဖြင့် စူးစိုက်၍ ကြည့်နေသည်ကိုပင် သတိမူမိရှာပုံ မပေါ်ပါ။ မျက်လွှာချ၍ ရှေ့သို့ လျှောက်နေသည်။ ရွှေပေးလို့ မရသော ဣနြေ္ဒမျိုးပင်တည်း။ 

မိန်းမပျိုက ကျွန်ုပ်ရှေ့သို့ ရောက်သွားပြန်လေပြီ။ ကျွန်ုပ်သည် ဆွဲထားသော ပန်းစက္ကူကိုင်းကြီးကို လွှတ်လိုက်သည်။ ပန်းပွင့်အချို့ ကြွေကျသွားလေ၏။ ကြွေကျသော ပန်းပွင့် အနည်းငယ်ကို ကောက်ယူကာ သူမနောက်သို့ ကောက်ကောက်ပါအောင် လိုက်ပြန်လေသည်။ 

တစ်ဖက်တစ်ချက်တွင် မြင့်တုံနိမ့်တုံ ဖြစ်ကာ ဆန်ကောဝိုင်းနေသော တင်သားများကို လက်ဝါးဖြင့် အသာအယာ ပွတ်ပွတ် စမ်းလိုသောစိတ် ပေါ်လာပြန်ပါပြီ။ ရွှေတလင်းပြင်နှင့်တူသော သူမ၏ ကျောပြင်ပေါ်တွင် ကျွန်ုပ်၏ ပါးကို ကပ်ထားလိုသည်။ သည်မျှမကသေး။ သည့်ထက် ပိုကဲ၍ သူမ၏ သေးသွယ် လုံးကျစ်သော ခါးကို ဖက်၍ ညှစ်လိုက် ဖျစ်လိုက်ချင်တော့သည်။ သူမသည် ကျောင်းသူ ဖြစ်၏။ ကျွန်ုပ်ကား ကျောင်းသား ဖြစ်၏။ 

ကျွန်ုပ်က သူမ၏ သေးသွယ် လုံးကျစ်သော ခါးကို ဖက်လျက် သူမကမူ ကျွန်ုပ်၏ ဘယ်ဘက် လက်မောင်းအုံကြီးပေါ်တွင် ခေါင်းမှီလျက် နှစ်ယောက်သား ညုကာတာကာ ယုယကာ ပိုက်ထွေးကာဖြင့် လျှောက်သွားနေကြသည်။ သူမမှာ အသက် ၂၀ ကျော်ကျော် ရင့်ကျက်သော မိန်းမပျိုလေး၊ ကျွန်ုပ်မှာကား အသက် အစိတ်ကျော်ကျော် ရင့်ကျက်သော လူပျိုကလေး။ ရွှေချောင်းထဲက မြရေယာဉ်မှာ ပတ္တမြားလှေကို စီးပြီး ငွေရွက် လွှင့်နေကြလေသည်။

သို့သော် ပုဂံလမ်းထိပ် စစ်ကိုင်းလမ်းပေါ်သို့ ရောက်ခါနီးသောအခါ ရွှေချောင်းမှာ ဆုံးသွားပြီး မြရေယာဉ်မှာ ရပ်စဲသွားလေသည်။ ပတ္တမြားလှေသည် ပေါက်ကွဲပြီး ငွေရွက်သည် လဲကျသွားလေသည်။ 

ပုဂံလမ်းထိပ် စစ်ကိုင်းလမ်းပေါ်တွင် လူငယ်တစ်ဦးသည် အရှေ့မှ အနောက်သို့ လျှောက်သွားလေသည်။ မိန်းမပျိုသည် ထိုလူငယ်အား မြင်လိုက်သောအခါ 'ဟလို' ဟု အော်ကာ နှုတ်ဆက်လိုက်လေသည်။ လူငယ်သည် သူမအား ပြုံးရွှင်စွာဖြင့် 'ဟလို'ဟု တုံ့ပြန်လိုက်သည်။ လှောင်အိမ်တစ်ခုစီမှာ လှောင်ထားရာမှ လွှတ်လိုက်သော ဟင်္သာငှက်မောင်နှံလို မြူးသွားကြပြီး တစ်ဦးထံ တစ်ဦး ချဉ်းကပ်သွားကြလေသည်။ ကျွန်ုပ်ရှေ့မှာ လျှောက်သွားနေသော မိန်းမပျိုတွင် ရွှေပေးလို့ မရသော ဣနြေ္ဒသည် မရှိတော့ပါ။ ကျွန်ုပ်နှင့် စိတ်ကူးယဉ် အိပ်မက်ထဲတွင် ဖက်ကာမှီကာ ယုကာယကာ လျှောက်သွားနေသော မိန်းမပျိုသည် တကယ့် အဖြစ်မှာတော့ ထိုလူငယ်နှင့် ဖက်ကာမှီကာ ယုကာယကာ လျှောက်သွားကြတော့မည်ဟု ထင်ရပါလေသည်။ 

ကျွန်ုပ်ကား ပထမသော် နှမြော ဝမ်းနည်းသလို ဖြစ်မိ၏။ နောက်ခဏ၌ကား မိန်းမပျိုနှင့် လူငယ်တို့သည် ရွယ်တူရွယ်တန် ကျောင်းသူ ကျောင်းသားကလေးများ ဖြစ်ကြောင်း သတိရလာလေသည်။ ကျွန်ုပ်၏ မတ်မတ်ထားအပ်သော ခါးသည် ကိုင်းသွားလေသည်။ သန်သန်နှင့် မြန်မြန်လျှောက်လာနေသော ခြေထောက်များသည် ချည့်နဲ့ပြီး လေးကွေးသည်။ ပိနေအောင် ဖြီးထားသော ဆံပင်များသည် ပွထလာကာ ဖြူဆွတ်ခြင်းကို တန်ခွန် လွှင့်ပြနေကြသည်နှင့် တူ၏။ 

သူငယ်နှင့် မိန်းမပျိုတို့သည် တစ်ဦးဆီ တစ်ဦး မြူးတူးခုန်ပေါက်၍ မြန်မြန် လျှောက်သွားပြီးနောက် နီးကပ်နေမှ အရှိန်သတ်လိုက်ကြသည်။ တစ်ဦးနှင့် တစ်ဦး ကိုယ်ထိလက်ရောက် ဖက်ယမ်းခြင်း ကိုင်တွယ်ခြင်း မရှိ။ သို့ရာတွင် သူတို့၏ အပြုံးနှင့် မျက်လုံးများကား ဖက်ယမ်းနမ်းရှုပ် နေကြပေသည်။ 

လူငယ်က ကျွန်ုပ်ထံသို့ လှမ်း၍ ... 

"ဂွတ်မောနင်း ဆရာ"ဟု ရင်းနှီးခင်မင်စွာ နှုတ်ဆက်သည်။ ပြီးတော့ "ဆရာ ... ဒီနေ့ နဲနဲ နောက်ကျတယ် ဆရာ"ဟု ပြောသေး၏။ 

ကျွန်ုပ်၏ မျက်စိများသည် မွဲခြောက်သွားကြဟန် တူ၏။ လူငယ်၏ မျက်နှာကို ကြည့်သည်။ သူကား ကျွန်ုပ်၏ တပည့် ဖြစ်ကြောင်းကို သိပါ၏။ သို့ရာတွင် ဘယ်သူဘယ်ဝါ ဖြစ်သည်ဟု နာမည် နာမနှင့်တကွ တပ်အပ် သတိမရတော့ချေ။ ကျွန်ုပ်သည် တပည့်အား ရှက်ပြုံးနှင့် ကြည့်ပြီး ... 

"အေး နဲနဲ နောက်ကျသွားတယ်။ ပန်းကလေးတွေ ကောက်နေရလို့"ဟု ပြောစရာ မရှိ ပြောလိုက်လေသည်။ မဖူလုံသော အကြောင်းပြချက် ဖြစ်၏။ ကျွန်ုပ်၏ အတွင်းဖောက်ပြန်မှုကို တပည့်များ မိသွားသဖြင့် ကျွန်ုပ်မှာ အခြေပျက်နေပါပြီ။ ရှက်စိတ်ဖြင့် ပူထူနေသည်။ မိန်းမပျိုနှင့် ကျွန်ုပ်၏ တပည့်တို့သည် တစ်ယောက် တစ်ယောက် ပြုံးကြည့်ရင်း ရှေ့မတိုး နောက်မဆုတ် ရပ်နေကြ၏။ သူတို့သည် ကျွန်ုပ်၏ စိတ်ဖောက်ပြန်ပုံကို သိပြီး ကျွန်ုပ်အား လှောင်ပြောင်သော အားဖြင့် ပြုံးနေခြင်း ဟုတ်ဟန် မတူပါ။ သူတို့ အချင်းချင်း တွေ့ကြရ၍ ဝမ်းသာလုံး ဆို့ကာ ပြုံးရုံသာ ပြုံးပြီး ကြည့်နေကြဟန် တူပါသည်။ 

ကျွန်ုပ်သည် သူတို့အား ကျော်ပြီး ခပ်မြန်မြန် လျှောက်လာခဲ့သည်။ "ပန်းပွင့်တွေ ဘာလုပ်ဖို့ ကောက်လာသလဲ ဆရာ"ဟု တပည့်ကျော်က ထပ်ဆင့် မေးပြန်လျှင် ကြံဖန် ပြောနေရဦးမည်။ ရူပဗေဒနည်းအရ ပန်းပွင့်အရောင်ပေါ် အလင်းဂယက် ရိုက်ပုံကို လေ့လာလို၍ဟု ပြောမည်လော၊ ရုက္ခဗေဒနည်းအရ ပန်းပွင့်ကို ကြည့်၍ မျိုးဆက် ပြန့်ပွားပုံကို လေ့လာရန် ဖြစ်သည်ဟု ပြောမည်လော။ တစ်ခုခု ကြံဖန် ပြောနေရပေလိမ့်မည်။ မိန်းမပျိုကို ရှေ့က ဆီးကြည့်ချင်၍ ပန်းခူးချင်ယောင် ဆောင်ခဲ့ရသည့် အဖြစ်ကို ကျွန်ုပ် ကြံဖန် ဖုံးဖိမနေချင်တော့ပါ။ ကျွန်ုပ်သည် ရှေ့သို့သာ တွင်တွင် လျှောက်သွား၏။ တပည့်ကျော်ကတော့ ကျွန်ုပ်သည် ကျောင်းနောက်ကျသဖြင့် မြန်မြန်လျှောက်ခဲ့သည့် အကြောင်းရင်းမှာကား မိန်းမပျိုနှင့် ကျွန်ုပ် ၂-ယောက်ထဲ ပူးတွဲကာ ပုဂံလမ်းကို ပိုင်လိုက်ရသည့် တခဏ၌ စိတ်ဖောက်ပြန်မိခြင်းသာ ဖြစ်ပါသည်။ 

ကျွန်ုပ်၏ အခန်းထဲ ရောက်ပြီး ကုလားထိုင်ပေါ် ထိုင်မိသောအခါ ဒူးတွေ ကိုက်နေသည်ကို သတိရမိလေသည်။ ၅၀-ကျော်ကတည်းက ဒူးဒုက္ခ ပေးလာခဲ့သည်။ သည်တော့ အိုခြင်းတရားကို ပိုပြီး စဉ်းစားမိသည်။ သို့ကလို အိုပါလျက် ပုဂံလမ်းပေါ်မှာ မိန်းမပျိုကလေး တွေ့သောအခါ နုပျိုစိတ်တွေ ဝင်ပြီး တက်ကြွလာကာ ဘာကြောင့်လဲဟု စဉ်းစားနေမိပြန်သည်။ ကျွန်ုပ် သီးသန့် ချွတ်ယွင်းချက် ဖြစ်လေသလော။ ပုထုဇ္ဇနော ဥမတ္တကောတွေမို့ လူ့သဘာဝ ဖြစ်လေသလော။ သို့တည်းမဟုတ် ပုဂံလမ်း၏ စကားငွေဖြူ၊ ငု ရွှေဝါ၊ ငု နီလာနှင့် ပတ္တမြားရောင်စုံ ယှက်သန်းသော နွေဦးအလှနှင့် မိန်းမပျို၏ နုပျိုလန်းဆတ်သော အလှတို့ကပင် ကျွန်ုပ်အား သွေးသစ်သားသစ် အားသစ်လောင်းပေပြီ။ နုပျိုသော စိတ်ကူးတွင် ယစ်မူးပျော်မြူးစေလေသလော။ ကျွန်ုပ်ကား မဖြေတတ်အောင် ရှိနေပါသည်။ အိမ်မှ တစ်လ နီးပါး ထွက်ခွာကာ ဥပုသ် စောင့်နေသော အိမ်က ဟာမကြီး ပြန်လာလျှင် သည်အကြောင်း မေးကြည့်ရ ကောင်းလေမည်လား။ အိမ်ကဟာမကြီးကတော့ ကလေးကလား စကားတွေ မပြောစမ်းပါနှင့်ဟု ပြောကာ ဆီးပိတ်လိမ့်မည်လား မဆိုနိုင်ပါ။ ကျွန်ုပ်မှာတော့ ပြဿနာ ဖြစ်နေပါသတည်း။ 

-----------

သိန်းဖေမြင့်



အလင်းရောင်

ကျွန်တော်တကယ်သေပါမည် #ဖေမြင့်

#ကျွန်တော်တကယ်သေပါမည်


#ဖေမြင့်


ဆေးရုံကဆင်းပြီး နောက်တနေ့ မှာပင် အမေ့ထံသို့  ကျွန်တော်သေဆုံးပြီဖြစ်ကြောင်း ကြေးနန်းရိုက်လိုက်သည်..။


̎ကျော်ကျော်ဆုံးပြီ ̎ ။ဒါပဲ။


အမေနှင့်ကျွန်တော် ဘယ်တုန်းကမှမတည့်ပါ။ မတည့်ရုံမက တခါတလေမှာ တယောက်ကိုတယောက် သေသေချာချာပင်မုန်းကြသည်ဟုဆိုရပါလိမ့်မည်။


ကျွန်တော့်မှာ အမေတယောက်ထဲရှိပေမယ့်  အမေ့မှာက သားသမီးလေးယောက်ရှိသည်။ ကျွန်တော့်အထက်က အစ်ကိုနှစ်ယောက်၊ အစ်မတယောက်။ ကျွန်တော်ကအငယ်ဆုံး။ သို့ သော် အစ်ကိုတို့ ၊အစ်မတို့ က အမေ့မှာမူလကရှိခဲ့သူများဖြစ်သည်။ အဖေနှင့်ရသည်က ကျွန်တော်တယောက်ထည်း။


ယခု အဖေမရှိတော့။ အဖေ ဆုံးသွားပါပြီ။ ကျွန်တော် ကိုးနှစ်သားမှာအဖေဆုံးခဲ့သည်။ အဖေရှိစဉ်ကတော့ အမေ့အိမ်မှာ အဖေနှင့်ကျွန်တော်က တဖွဲ့ ဖြစ်သည်။ သို့ သော် အပယ်ခံအဖွဲ့ ။ အဖေနှင့်ကျွန်တော်က သားအဖလိုသာမက ရဲဘော်ရဲဘက်လို သူငယ်ချင်းလိုလည်းချစ်ကြသည်။ အဖေက ကျွန်တော့်ကိုသူ သွားလေရာ နေရာတကာခေါ်သည်။ အရက်ဆိုင်မှာ သူကအရက်သောက် ၊ ကျွန်တော်က မြေပဲလှော်ဝါး။ တခါတရံ အမဲကြော်ဘာညာ စားရသည်။ အပေါင်းအသင်းစုံ၍ ခါတိုင်းထက်ပျော်သည့်အခါမျိုးတွင် ကျွန်တော့်ကိုပါ အရက်နည်းနည်းပါးပါး အချိုရည်နှင့်ရော၍ တိုက်တတ်သည်။


̎ ငါ့သား နှစ်ပက်လောက်တော့ချနိင်တယ် ̎ အဖေဂုဏ်ယူသောစကား။


တခါတလေ အရက်ဆိုင်မှ အိမ်မပြန်ဘဲ ဖဲဝိုင်းသို့ ရောက်သွားတတ်သည်။ တစ်ညကျွန်တော်တို့ သားအဖ ဖဲဝိုင်းမှာမိုးလင်းသည်။


ကျွန်တော်က ဝိုင်းဘေးမှာအိပ်လျက်။ မနက်ဝေလီဝေလင်း အိမ်ပြန်လာပြီးနောက် အမေ့ကို တံခါးမဖွင့်ခိုင်းရဲသဖြင့် ဖိနပ်ချွတ်မှာ အသာငြိမ်ထိုင်ပြီး အမေတို့  အိပ်ရာအထကို စေါင့်ရသည်။


အမေက အိမ်ရှေ့ တံခါးဖွင့်ပြီးနောက် ̎ အော်၊ လူလိမ္မာသားအဖရောက်နေကြပြီလား၊ ဘာလို့ ပြန်လာကြသေးလဲ ̎ ဟု သိမ်သိမ်မွေ့ မွေ့ အစချီသည်။


ထို့ နောက် တဖြေးဖြေးအရှိန်တက်ကာ အာကြမ်းလျှာကြမ်းဖြစ်လာပြီး အသုဘ၊ ကာလနာ၊ အမျိုးယုတ်၊ ခေါင်းမျိုး စသည်ဖြင့် ဝေါဟာရမျိုးစုံလင်စွာ


ဆဲဆိုကြိမ်းမောင်းသည်။ ထို့ နောက် အဖေ့ဆီိသို့ ပြေးသွားပြီး ပါးစပ်ကဆဲ၊ ဆံပင်ကို ဆောင့်ဆွဲ၊ ကျောကိုထုထောင်း ရိုက်ပုတ်လုပ်သည်။ အဖေက တခုခု ပြောတော့မလိုပြောတော့မလိုနှင့်ဘာမှမပြော။ ငုတ်တုတ်ကြီးထိုင်ကာ အမေလုပ်သမျှ စင်းခံသည်။ အဖေ့ကို စီမံပြီးသောအခါ ကျွန်တော့် အလှည့်။ ဘမျိုးဘိုးတူလေး၊ အမျိုးကောင်းလေး စသည်ဖြင့် အဖေ့ဂုဏ်ထူးဝိသေသအမျိုးမျိုး ကျွန်တော့်ကို လွှဲပြောင်းပေးအပ်သည်။


ကျွန်တော့်ဘဝတလျှောက်လုံးတွေ့ ရလတ္တံ့ သော အကုသိုလ်ကံအမျိုးမျိုး ၊ မကောင်းသောဘေးဆိုးအမျိုးမျိုးကို ကြိုတင်နိမိတ်ဖတ်သည်။ ကျိန်စာတိုက်သည်။ ပြီးလျှင် သည်မျှနှင့်မကျေနပ်သေးဘဲ ဝါးခြမ်းပြား၊ လက်ဝါး အစရှိသည့် လက်နက်ကိရိယာမျိုးစုံဖြင့် ရိုက်နှက်ခြင်းပြုလေသည်။ အဖေက အစပိုင်းတွင်ကြည့်နေပြီး အမေ့တုတ်များလာပြီဆိုသည့်အခါမှ ကျွန်တော့်ကိုအတင်းဆွဲယူပွေ့ ပိုက်ကာ ̏ မင်းက ရှာကျွေးနေရတယ်ဆိုပြီး ဒီလောက်ဗိုလ်မကျနဲ ၊့ ဒို့ သားအဖ ဆင်းသွားမယ်̏̎


ဟု အော်ပြောပြီး ကျွန်တော့်ကိုခေါ်ကာ အိမ်အောက်ဆင်းထို်င်သည်။ အမေက ̏ ကောင်းတယ်၊သွားကြ၊ မြန်မြန်ဆင်းသွားကြ၊ တသက်လုံးပြန်မလာကြနဲ့ ̎ ဟု တခွန်းနှစ်ခွန်းအော်ဟစ်ပြောဆိုပြီးနောက် တဖြည်းဖြည်း ဒေါသအရှိန်ပြေကာ ပါးစပ်ကဗျစ်တောက်ဗျစ်တောက်ပြောရင်း ပွဲပြီးလေသည်။


သည်လိုပွဲမျိုးက ကျွန်တော်တို့ သားအဖဘဝမှာ မကြာခဏကြုံတွေ့ နေကျဖြစ်သည်။


တခါမှာတော့ အဖေနဲ့ အမေ သေသေချာချာရန်ဖြစ်သည်။ သေတ္တာထဲက အမေ့ဆွဲကြိုးပျောက်သွားသည့် ကိစ္စ္စနှင့်ပါတ်သက်၍ဖြစ်သည်။ ခါတိုင်းလည်း ပိုက်ဆံပျောက်သည့်ကိစ္စနှင့်ပါတ်သက်၍ မကြာခဏစကားများတတ်သည်။ စကားများသည် ဆိုသည်မှာလည်း ထုံးစံအတိုင်းအဖေက တခွန်းနှစ်ခွန်း ဖြစ်ပြီး အဓိကအမေ့ဆူသံ ဆဲသံများချည်းဖြစ်သည်။ သည်တခါ၌ ပို၍ပြင်းထန်သည်။ အမေက ရပ်ကွက်လူကြီးတွေခေါ်ပြီး ရှင်းမယ်၊ကွာမယ်လုပ်သည်။


အဖေက လူကြီးအခေါ်မစေါင့်၊ သူ့ ဘာသာဆင်းသည်။ သို့ သော်သူ့ ချည်းမဟုတ်။ ကျွန်တော့်ကိုပါခေါ်သည်။


̏ ငါ့သား ဒီိမှာနေရင် ဒီမိန်းမနှိပ်စက်လို့ သေလိမ့်မယ်၊ သူ့ သားသမီးတွေကဝိုင်းနှိပ်စက်မယ်၊ အဖေနဲ့ လိုက်ခဲ့ ̎ အမေက ̏ သားလေး မေမေနဲ့ နေခဲ့၊


သူနဲ့ လိုက်သွားရင် သားထမင်းငတ်လိမ့်မယ်၊ ငါ့သား လူဆိုးလူမိုက်လုံးလုံးဖြစ်မယ် ̎ ဆိုပြီး ကျွန်တော့်ကိုပွေ့ ဖက်ထားသည်။ ̏ သားအဖေ နဲ့ လိုက်ခဲ့ ၊


အဖေ နဲ့ နေရင်မုန့့်မျိုးစုံစားရမယ်၊ သားလိုချင်တဲ့သံပတ်ပေးရတဲ့ကားလေးလဲဝယ်ပေးမယ်၊ ̎ ။ အဲဒီတုံးက ကျွန်တော်ခြောက်နှစ်သားခန့် ရှိမည်။ အမေ့လက်ထဲက ကျွန်တော် ရုန်းထွက်မည်ပြုတော့ အမေကငုံ့ ကြည့်ပြီး ̏ လိုက်သွားမလို့ လား ̎ မေးသည်။ ကျွန်တော်ခေါင်းညိတ်ပြတော့


̏ အေး ကောင်းတယ်၊ မွဲချင်တဲ့ ခွေးပြာပုံမှာ လှိမ့်ဖို့ လိုက်သာသွား၊ အရက်သမားသားဖဲသမားသား အရက်သမားဖဲသမားဖြစ်မှာပဲ ̎ ဆိုပြီး တွန်းထုတ်လွှတ်လိုက်သည်။


အဲဒီတုန်းက အမေဘယ်လောက်မုန်းလိုက်လေမည်မသိ။


ကျွန်တော်တို့ သားအဖ အဖေ့အမေအိမ်မှာ တလလောက်ကြာပြီးသည့်နောက် အမေ့အိမ်ပြန်ရောက်ခဲ့ကြသည်။ သည်နောက်လည်း မကြာခဏ ရန်ဖြစ်လိုက်၊ အမေက ဆူလိုက်ဆဲလိုက်။


သို့ သော် သားအဖ နှစ်ယောက်တွဲ၍ကား အိမ်ကနောက်တခေါက် မဆင်းဖြစ်တော့ပါ။ အဖေသာ တခါတလေ လေးငါးရက်၊ တခါတရံ တလကိုးသီတင်း ဆိုသလို ပျောက်သွားလိုက်၊ အိမ်ပြန်လာလိုက်၊ နှင့်ဆုံးပါးသွားသည်အထိ ဖြစ်သည်။


အမေက ကျွန်တော့်ကို ကျောင်းမှန်မှန်တက်ဖြစ်အောင်ကား ဂရုစိုက်တတ်သည်။ မနက် ကျောင်းမသွားမီ လိုအပ်သမျှပြင်ဆင်ပေးသည်။ မုန့် ဖိုးပေးသည်။ ဈေးဆိုင်တဖက်နှင့်ဆိုတော့ မနက်ပိုင်းဆိုလျှင် အမေ့မှာပျာယာခတ်၍ နေသည်။ အမေ့မှာ ဈေးထဲတွင် ကုန်ခြောက်ရောင်းသည့်ဆိုင်လေးတဆိုင် ရှိသည်။ အိမ်မှာလည်း ကုန်ပစ္စည်းတချို့ သိုလှောင်သည်။ အမေ့အရင်ယောက်ျားက ကုန်သည်ဖြစ်၍ အတော်အတန်ချမ်းသာသည်ဟု ဆိုသည်။ ̏ ငါတသက်လုံး စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာနေလာတာ၊ နင်တို့ သားအဖ လက်ထက်ကျမှစိတ်ဆင်းရဲရတယ် ̎ ဟု အမေအမြဲ ပြောတတ်သည်။ အမေ့ဆိုင်ကို ကျွန်တော် သွားလေ့မရှိပါ။ သူ့ သားတွေ၊ သမီးတွေကတော့ အမေနှင့်အတူ လုပ်ကြကိုင်ကြသည်။


ဈေးမှာ အလုပ်ကူလုပ်ရင်း မုန့် မျိုးစုံတွေစားကြသည်။ သူတို့ က တဖွဲ့ ဖြစ်သည်။ သူတို့ က တခါတခါကျွန်တော့်ကိုလည်း ဟိုဟာဒီိဟာ ခိုင်းချင်သည်။ အဖေက ပြောထားသည်။ ̏ ဒီကောင်တွေ ခိုင်းတိုင်းမလုပ်နဲ့ ̎ ကျွန်တော်က အဖေ့စကားနားထောင်သည်။ သူတို့ ခိုင်းလျှင် ဘယ်အခါမှမလုပ်။ သူတို့ က ခိုင်းမရလျှင် ရိုက်ချင်ပုတ်ချင်သည်။ အဖေ့ ကိုတိုင်ပြောမယ် ခြိမ်းခြောက်ထားသဖြင့် မလုပ်ရဲ။ သို့ သော် သူတို့ ကလည်း အမေ့ကိုတိုင်သည်။ အမေ့တိုင်လျှင် အမေကဆူသည်၊ ပူသည်၊ ရိုက်သည်။ ဘယ်လောက်ပင် ရိုက်ရိုက် ကျွန်တော်ကလည်း ခေါင်းမာသူဖြစ်သည်။ သူတို့  ခိုင်း၍ကတော့ ဘယ်အခါမှမလုပ်။ အမေခိုင်း၍လည်း ကျွန်တော်မလုပ်။ အရိုက်သာ ခံလိုက်သည်။ အမေ ဘာမှမတတ်နိုင်။ သည်ကောင်လေးကို ဘယ်လိုမှပြော၍ မရနိုင်၊ ရိုက်လျှင်လည်း အသားနာရုံသာရှိသည် ဟုသဘောပေါက်သွားသည်။ သို့ သော် သဘောသာပေါက်သော်လည်း အမေ့ပါးစပ်၊ အမေ့လက်က အကျင့်မပျောက်သဖြင့် ကျွန်တော့်မှာ အဆဲခံရမြဲ၊ အရိုက်ခံရမြဲသာ ဖြစ်လေသည်။


အဖေတယောက် အားကိုးရှိသဖြင့်သာ တခါတခါသက်သာရာရခဲ့သည်။ သို့ သော် အမြဲတမ်းတော့လည်း သူမကယ်နိုင်။ သူကလည်း အမေ့ကိုကြောက်ရသည်။ ပိုက်ဆံလိုလျှင် အမေ့ထံကတောင်းရသည်။ အမေ့ဆီက အဆဲအဆိုခံပြီးမှ ပိုက်ဆံရမြဲဖြစ်သည်။ တကယ်တော့ အဖေလည်း အလုပ်အကိုင်မရှိသူမဟုတ်။ အရေးပိုင်ရုံးမှာ စာရေးဖြစ်သည်။ သို့ သော် အဖေသည် ရာထူး၌မြဲသည်ဟူ၍ မရှိ။ မကြာခန ရာထူးမှအချခံရသည်။ သို့ သော် အလုပ်ပြုတ်နေချိန်ဖြစ်စေ၊ အလုပ်ရှိနေချိန်ဖြစ်စေ၊ အိမ်တွင်ကား စွဲစွဲမြဲမြဲနေလေ့မရှိပေ။ အပေါင်းအသင်းလာခေါ်လျှင် တနေကုန်တနေခန်း လိုက်ပါသွားမြဲဖြစ်သည်။ အိမ်မှာ မပြောမဆိုဘဲ ညအိပ်ညနေ လိုက်ချင်လိုက်သွားသည်။ သည်လိုနှင့် တနေ့ သ၌ သူငယ်ချင်းအပေါင်း အသင်းများနှင့် တနေရာမှအပြန်အရက်မူးမူးနှင့် ဘတ်စ်ကားတွယ်စီးရာမှ လိမ့်ကျကာ အဖေသေဆုံးခဲ့ရသည်။


ထိုအချိန်က အမေသည် အိပ်ခန်းထဲတွင် ကျွန်တော့်ကိုဖက်၍ငိုသည်ကို ကျွန်တော်အမှတ်ရသည်။ ကျွန်တော်လည်းငိုသည်။ သို့ သော် ငိုရင်းကပင် အမေဖက်ထားသော လက်ကိုဖြုတ်၍ ကျွန်တော်ထွက်လာခဲ့သည်။


+ + + + + + + + + + + + + + + + + + + + ++


အဖေ မရှိသည့်နောက် အမေ့အိမ်မှာ ကျွန်တော်တယောက်ထည်းသမားဖြစ်လာသည်။ အမေတို့ သားအမိတွေက ကျွန်တော့်ကို သူတို့ ပုံစံသွင်းချင်သည်။ အများ နှင့်တယောက်ဖြစ်သော်လည်း ကျွန်တော်ဘယ်တော့မှ အလျှော့မပေးခဲ့။ ̏ဒီိကောင်လေးဟာ သူ့ အဖေလိုပဲငါ့ကိုဒုက္ခပေးမယ့် ဂြိုလ်ကောင်လေး၊ ထုံပေပေနဲ့  သူလုပ်ချင်ရာလုပ်မယ့်လူစားမျိုး ̎ ။ အမေအမြဲပြောသည်။


အမေ့သားသမီးတွေ အမေနှင့် ဈေးသွားကြ၊ ပိုက်ဆံတွေ ရေတွက်ကြသည်။ ကျွန်တော့်ကို ပိုက်ဆံသေတ္တာနား အကပ်မခံ။ သူတို့ မုန့် ဘိုးလိုလျှင် လိုချင်သလောက် နှိုက်ယူနေကြသော်လည်း ကျွန်တော်ကတော့ အမေပေးသလောက်သာရသည်။ သို့ သော် အမေပေးဖို့ မေ့နေလျှင်လည်း ကျွန်တော်ဘယ်တော့မှ မတောင်း။ ဗိုက်ဆာလျှင်တော့ သူတို့ လစ်တုန်းအိုးထဲရှိတာ အကုန်ကျွန်တော်နှိုက်စားပစ်သည်။ သည့်အတွက်ပြဿနာ မကြာခဏပေါ်သည်။ ညဖက်ကျ သူတို့ လူစုက ဆူဆူညံညံအော်ဟစ်ပြီး စာဖတ်ကြသည်။ ကျွန်တော်ကတော့ သူတို့ ဝိုင်းမဝင်။ တထောင့်မှာထိုင်ပြီး စာရေးသလို ဂဏန်းတွက်သလိုနှင့် အချိန်ကုန်သည်။


အမေက သူ့ အလုပ်နဲ့  သူရှူပ်နေသဖြင့် စာဖတ်သည့်ကိစ္စကို ကြပ်မတ်မနေနိုင်။ တခါတလေ ခေါင်းခေါက်ရုံ၊ ကျောပြင်ကို လက်ဝါးနှင့်ဗြန်းကနဲ တချက်ရိုက်ရုံ ဗျစ်တောက်ဗျစ်တောက် ဆဲဆိုရေရွတ်ရုံလောက်ဘဲတတ်နိုင်လေသည်။


++++++++++++++++++++++++++++++


သည်လိုနှင့် သူတို့ တတွေ တက္ကသိုလ်ရောက်သူရောက်၊ ဆယ်တန်း(ခ) နှင့်အောင်ပြီး အလုပ်ထွက်လုပ်သူလုပ်သည့်အချိန်တွင် ကျွန်တော်ရှစ်တန်းမအောင်ဘဲ အိမ်ကထွက်ခဲ့သည်။ ထွက်ပြေးခြင်းတော့မဟုတ်။


ကမ်းရိုးတန်းသွားနေသည့် သူငယ်ချင်းအဖေမော်တော်တွင် အလုပ်သင်အနေနှင့်လိုက်မည်ဟု အမေ့ကိုပြောပြီး ထွက်လာခဲ့ခြင်းဖြစ်သည်။ အမေက မတားပါ။ တား၍မရနိုင်ဆိုသည်ကို သူသဘောပေါက်ပြီးဖြစ်လိမ့်မည်။ မော်တော်နှင့်နှစ်နှစ်လောက်လိုက်နေသည့်အတွင်း မြို့ သို့ ပြန်ရောက်သည့် အခါများတွင်လည်း အမေ့အိမ်သို့  ဆယ်ခါတခါဆိုသလိုသာ ကျွန်တော်ဝင်တော့သည်။ အမေကလည်းတွေ့ လိုက်လျှင် စကားကောင်းကောင်းပြောသည်မရှိ။ ဆဲလိုက်၊ ဆိုလိုက်၊ ဆူပူလိုက်ချည်းသာဖြစ်သည်။ ကျွန်တော့်ဘာသာ ကျွန်တော် လွတ်လွတ်လပ်လပ် နေထိုင်သမျှ၊ လုပ်ကိုင်သမျှအားလုံးမှာ သူ့ အတွက်ဆဲစရာ၊ ဆိုစရာချည်းဖြစ်သည်။ ကျွန်တော်တို့ လုပ်ခဲ့သည့် မဟုတ်တရုတ်ကိစ္စမှန်သမျှလည်း ဘယ်ကဘယ်လိုစုံစမ်းထားသည်မသိ၊ သူသိထားနှင့်သည်ချည်းဖြစ်သည်။ သည်လိုနှင့် ထမင်းတလုတ်အတွက်ကိုယ့်ဘာသာ ရှာဖွေတတ်လာသည့်အချိန်တွင် အမေ့အိမ်၊ အမေ့ဆိုင်ကို ကျွန်တော်ဝေးဝေးကရှောင်လာခဲ့ပါသည်။


မော်တော်မှာ နှစ်နှစ်ကြာပြီး ကုန်းပေါ်ကျွန်တော်ပြန်ရောက်သည်။ သို့ သော် ရေမော်တော်မှကုန်းမော်တော်သို့ ရောက်ခြင်းသာဖြစ်သည်။ သံတွဲ ရန်ကုန် အဝေးပြေးလိုင်းကားတစီးမှာ ကျွန်တော်ယာဉ်နောက်လိုက်လုပ်ကာ တောင်ကုတ်တောင်ကြားလမ်းတလျှောက် လမ်းအိပ်၊လမ်းစားဘဝနှင့် သုံးနှစ်နီိးပါး ကျင်လည်ခဲ့သည်။ ယာဉ်နောက်လိုက်ဘဝနှင့်တဖြည်းဖြည်း သင်မောင်းမောင်းရင်း ယာဉ်မောင်းသူ မဖြစ်တဖြစ်အချိန်တွင် သူဌေးကပြည်မြို့ တွင် ဝပ်ရှော့ထောင်သဖြင့် ကျွန်တော်အကူစက်ပြင်ဘဝသို့  ကူးပြောင်းသွားခဲ့သည်။ ပိုင်ရှင်နှင့်ကျွန်တော် အပြန်အလှန်နားလည်မှုရှိကြသဖြင့် ဝပ်ရှော့အလုပ်မှာ ကျွန်တော်ပျော်ပိုက်ခဲ့သည်။ တခါတလေ အမေတို့ ကိုသတိရသည်။ သို့ သော် ကျွန်တော့်မျက်စိထဲမှာ အမေပြုံးနေသည်ကို မမြင်ရ။ ဒေါသထွက်နေသော မျက်နှာနှင့် ဆဲသံ၊ ဆိုသံတွေကိုသာ မြင်ယောင်ကြားယောင်သည်။


သံတွဲရန်ကုန် ကူးသန်းနေသည့် ကုန်သည်များထံမှ အမေတို့ သတင်းများမကြာခဏကြားရသည်။ ကျွန်တော့် ပါးစပ်ကမမေး၊ သူတို့ ဘာသာပြောကြခြင်း ဖြစ်သည်။ အမေ့ဆိုင် ရောင်းကောင်းလှသည့်အကြောင်း၊ အမေတို့ အိမ်အသစ်ဆောက်နေကြသည့်အကြောင်းတွေ ကြားရသည်။ အမေ့သားကြီးက မြို့ မှာဘဲ ကျောင်းဆရာလုပ်နေသည်။ သမီးက ဘွဲ့ ရပြီးအိမ်မှာ အမေနှင့် ကူလုပ်နေသည်။ သားအငယ်က ပြည်တို့ ၊ရန်ကုန်တို့ တက်ပြီး အမေ့ဆိုင်အတွက် ကုန်ပစ္စည်းဝယ်ရသည်ဟုဆိုသည်။ ကျွန်တော့်ထံသို့ ကား ယောင်၍၊ မှား၍မှ တခေါက်တခါရောက်မလာ။ သို့ သော် ကျွန်တော်ဝမ်းမနည်းပါ။ ကျွန်တော်လည်း အဆက်အဆံမလုပ်ချင်။ သူတို့ လည်း ကျွန်တော်နှင့်အဆက်အဆံမလုပ်ချင်သည့်သဘောသာဖြစ်သ ည်။ ကျွန်တော့်အဖို့  ကိုယ့်ဘဝကိုယ်လျှောက်နေခြင်းသာ အကောင်းဆုံးဖြစ်သည်။ သူတို့ ဘာသာသူတို့  ချမ်းသာချမ်းသာ၊ဆင်းရဲဆင်းရဲ ကျွန်တော့်အပူမဟုတ်။ ကျွန်တော်က အထီးကျန်တကောင်ကြွက်၊ တကောင်ကြွက် ဆိုသည်မှာ အဖေါ်မယ့်ပေမဲ့ လွတ်လပ်သည်။ တာဝန်ကင်းသည်။ ကျွန်တော် သည်အတိုင်းခံယူသည်။


++++++++++++++++++++++++++


သို့ သော် တကောင်ကြွက်အထီးကျန်ခြင်းဆင်းရဲကို ဆေးရုံတက်သည့်အချိန်တွင် ကျွန်တော်ကောင်းကောင်းခံစားရသည်။ တိုက်ဖွိုက်ရောဂါဖြင့် ဆေးရုံ ကုတင်ပေါ်တွင် တလကျော်မျှပက်လက်လန်၍နေစဉ် ကျွန်တော့်ကိုသတင်းမေးမည့်ဆွေမျိုးသားချင်း တကောင်တမြီးမျှမရှိပါ။ အဖျားကြောင့်ဖြစ်သော ဝေဒနာများနှင့်အတူ အလွန်အမင်းအားငယ်ဝမ်းနည်းခြင်းနှင့်ပြင်းစွာသောဒေါသကို ကျွန်တော်အစဉ်ခံစားနေရသည်။ တော်ပါပြီ။ အလုပ်ရှင် နှင့် လုပ်ဖေါ်ကိုင်ဖက်ဝပ်ရှော့လုပ်သားများက သွေးသားရင်းချာပမာပြုစုစေါင့်ရှောက်ကြသဖြင့်သာလျှင် ကျွန်တော်နာလန်ထူနိုင်ခဲ့ခြင်းဖြစ်သည်။


ဆေးရုံတက်နေဆဲ ကျွန်တော့်အမမင်္ဂလာဆောင်သည့်သတင်းကို ကျွန်တော်တဆင့်စကားကြားရသည်။ ကျွန်တော့်လိုအကောင်ကိုသည်ကိစ္စမျိုး အသိပေးကောင်းသည်ဟုပင် သဘောထားဟန်မတူ။ ရှိပါစေလေ။ ကျွန်တော် ဒါကိုဂရုမစိုက်။ သို့ သော် အမေရင်းတယောက်လုံးရှိပါလျက်နှင့် ကျန်းမာစဉ်မှာလည်း ကြင်နာယုယစွာဆက်ဆံပြောဆိုဖေါ်မရ၊ လနှင့်ချီ၍ ဖျားနာနေစဉ်မှာလည်း ထူမပြီးဆေးလေးတခွက်၊ ရေလေးတပေါက် တိုက်ဖေါ်မရသည့် အဖြစ်ကိုမူ ကျွန်တော်အလွန်နာသည်။ တော်ပြီ ၊ ကျွန်တော့်ဘဝမှာ မိဘဆိုတာမရှိ၊ ဆွေမျိုးဆိုတာမရှိ၊ နောင်ကိုသည်လူတွေနှင့် လုံးဝဆက်ဆံစရာမလိုတော့။ အားလုံးကိစ္စ ပြတ်ပြီ။


သို့ နှင့်ဆေးရုံကဆင်းပြီး နောက်တနေ့ မှာပင်ကျွန်တော်သေပြီဆိုသည့်အကြောင်း ဘေးလူတယောက်က အကြောင်းကြားလိုက်သည့်ပုံစံမျိုးဖြင့် သံတွဲသို့  ကြေးနန်းရိုက်လိုက်သည်။


+++++++++++++++++++++++


နောက်တနေ့ ညမှာ သံတွဲကားနှင့်အမေရောက်လာသည်။ အလုပ်ရုံထဲမှ တယောက်ကပြောနေသံကြားရသည်။ ̏ မသေပါဘူး အဒေါ်၊ ကျော်ကျော်ဖျားလို့  ဆေးရုံတက်ရတယ်။ တလကျော်လောက် ကြာတာပေါ့၊ တနေ့ ကဘဲ ဆေးရုံကဆင်းတယ်၊ အိမ်ပေါ်မှာ ̎


̏ အမယ်လေးဟဲ့ ငါ့သားလေး မသေဘူးတဲ့  ̎ အမေ ငိုသံပါကြီးနှင့်ပြောကာ အိမ်ပေါ်ဒရောသောပါးတက်လာသည်။ ကုလားထိုင်ပေါ်မှာ ထိုင်နေသော ကျွန်တော့်ထံပြေးလာပြီး ̏ အမယ်လေး သားရယ်၊ မသေကောင်း၊ မပျောက်ကောင်း၊ အမေ့မှာ ငါ့သားလေးမရှိတော့ဘူးဆိုပြီး ငိုလိုက်ရတာ၊ ဆေးရုံတက်ရတယ် လို့ တော့ကြားတယ်၊ ဒါပေမဲ့ ကောင်းလို့ ဆင်းသွားပြီလိုလို ၊ ဒီလောက်ဖြစ်မယ်မှန်းမသိဘူး၊ ̎ ဆိုပြီးကျွန်တော့်လက်မောင်းဖက်ကာ ရှိုက်ကြီးတငင် ငိုလေသည်။ အမေသည်လောက်သည်းသည်းထန်ထန်ငိုသည်ကို ကျွန်တော်တခါမှမတွေ့ စဖူး။ ငို၍ဝတော့မှ အမေကဆိုသည်။


̏ ဒီကြေးနန်းဘယ်သူရိုက်သလဲ မသိဘူး ̎


ကျွန်တော်ကုလားထိုင်မှထပြီး ဝရန်တာမှာရပ်ကာ လမ်းဘက်ကြည့်နေသည်။


̏ တယောက်ယောက် နောက်ပြောင်ပြီး ရိုက်လိုက်တာဖြစ်မယ်၊ ဘယ်ကောင်လဲ စုံစမ်းကြည့်ဦးမှ ̎ အနီးရှိလုပ်ဖေါ်ကိုင်ဘက် တယောက်ကပြောသည်။


̏ ဟုတ်ပါရဲ့ဟယ်၊ ဘယ်သေနာကောင် ကမြင်းကျောထပြီး ရိုက်လိုက်သလဲ မသိဘူး၊̎ အမေငိုသံ ပျောက်သွားပြီ။ ̏ အဒေါ့်မှာ မနေ့ က ကြေးနန်းရောက်ကတည်းက မစားနိုင်၊ မအိပ်နိုင်၊ တညလုံးငို၊ သမီးကလဲ မောင်လေးဟာ သမီးတို့ ကိုတသက်လုံးအထင်လွဲပြီး သေသာသေရော၊


သူတို့ စေတနာကို နားမလည်သွားရှာဘူးဆိုပြီးငိုလိုက်တာ၊ သူ့ အကိုတွေဆိုတာလဲ အားလုံးဝမ်းနည်းပက်လက်နဲ့  ၊ အဒေါ့် မှာဆိုင်ကိစ္စတွေဘာတွေလဲ ဘာတခုမှ မမှာကြားနိုင် ၊ အကုန်လုံးပစ်ထားခဲ့ ပြီး ဖုတ်ပူမီးတိုက်ပြေးလိုက်လာရတာ၊ အဲဒီကြေးနန်းရိုက်တဲ့ အကောင်ကိုတွေ့ ရင် သတ်တောင်သတ်ချင်တယ်။ ̎


̏ ဟုတ်လား၊ သတ်ချင်ရင်သတ်လေ၊ ကြေးနန်းရိုက်တာကျွန်တော်ပဲ ̎ ကျွန်တော်အသံမာမာနှင့်ပြောလိုက်သည်။


̏ ဘာပြောတယ်၊ နင်ရိုက်တာ ဟုတ်လား ̎ အမေ အံ့လည်းအံ့သြ၊ ဒေါသလည်းထွက်သွားသည်ထင်သည်။


̏ ဟုတ်တယ် ၊ ကျွန်တော်ရိုက်တာ၊ အမေတို့ က ကျွန်တော့်ကို သားရယ်လို့ မှ သဘောထားတာမဟုတ်ဘဲ၊ အိမ်အောက်မှာလာမွေးတဲ့ ခွေးဝဲစားတကောင်လို တသက်လုံး ဆက်ဆံလာတာမဟုတ်လား၊ အခု သေပြီဆိုတော့မှ ငိုကြီးချက်မနဲ့  ၊ကျုပ်ဆေးရုံမှာ သေမလိုဖြစ်နေတုန်းက ခင်ဗျားတို့ လာရကောင်းမှန်း မသိဘူးလား။ ̎


အမေ့မျက်နှာအကြီးအကျယ်တင်းမာသွားသည်။ ̏ ဒီမှာ ၊ ဟဲ့အကောင်၊ ငါ့ကို ဒီလောက်ဝေးဝေးလံလံကြီးက ဒုက္ခပေးလိမ်ညာခေါ်ပြီးတော့ နင်ကငါ့ကို ကြိမ်းမောင်းနေရသလား ဟဲ့၊ ဒါ နင့်အမေ ၊ နင့်ကို တသက်လုံးလူဖြစ်အောင် မွေးလာတဲ့ မိန်းမဟဲ့  ၊


ငါ့တသက်လုံး နင့်ကြောင့်ဘယ်လောက်ဒုက္ခရောက်ခဲ့သလဲ ၊အသုံးမကျတဲ့  နင့်အဖေလိုကောင်မျိုးကို ပေါင်းနေခဲ့ရတာနင့်ကြောင့်ဟဲ့၊ နင့်ကြောင့်၊ သိရဲ့လား၊ ဘယ်လောက်ဘဲ ဘာတွေလုပ်ပေးလုပ်ပေး ကျေးဇူးမသိတတ်တဲ့ အကောင် ၊ နင်ဆေးရုံတက်ရရင်တက်ရတယ်ပြောပါလား ၊ ကိုယ်ကဖြင့် အမေကိုအမေလိုသဘောမထား ၊ရန်သူလိုဆက်ဆံနေပြီးတော့ ၊ ငါ တယ်လေ၊ ဆေးရုံဆင်းလာစမို့ ၊ မဟုတ်ရင်ပါးကိုဘယ်ပြန်ညာပြန်ရိုက်ပစ်တယ် ၊ ̎


̏ ရိုက်လေဗျာ၊ ရိုက်ပါလား ၊ သေသွားတော့ကောဘာဖြစ်သေးလဲ ၊အဲ့ဒီအခါကျခင်ဗျားငိုလေ ̎


̏ ငိုမယ်၊ ဟေ့ အားကြီးငိုမယ်၊ နင့်အတွက် မျက်ရည်ကုန်ပြီဟဲ့၊ နင်သေလို့  ငါငိုပြီးပါပကောလား ၊ သေပြီးတဲ့ နောက်တောင် သင်္ချိုင်းကုန်းကနေ ငါ့ကိုဒုက္ခပေးမယ့် အကောင်၊ ငါပြန်မယ်၊ ငါ့ကိုနှိပ်စက်ရလို့  နင်ကျေနပ်ပြီ မဟုတ်လား၊ နောက်ဆို နင့်ဟာနင်သေသေကျေကျေ၊ ခွေးပဲစားစား၊ လင်းတပဲစားစား၊ ငါ့ကို ကြေးနန်းလဲ မရိုက်နဲ့ ၊ စာလဲမရေးနဲ့ ၊ နင်နဲ့ ငါ နဲ့ သေခန်းရှင်ခန်းပြတ်ပြီ ၊ ဒီနေ့ ကစပြီး နင်ငါ့သား မဟုတ်တော့ဘူး ၊ ̎ ပြောပြောဆိုဆို အမေသူ့ အထုတ်သူဆွဲပြီး ဆင်းသွားသည်။ ကျွန်တော်ဘာပြောရမှန်းမသိ ။ အောက်ကလူတွေ ဝိုင်းပြီးပြောကြဆိုကြတားကြသံ ကြားရသည်။ မရ ။ ကားဂိတ်မှာအိပ်ပြီး မနက်ကားနှင့် လိုက်မည်ဟုပြောသံကြားရသည်။


ကျွန်တော် ပက်လက်ကုလားထိုင်မှာ ခြေပစ်လက်ပစ်ထိုင်ချလိုက်သည်။ အမေငိုတုန်းက အာဃာတနှင့်ကြည့်နေခဲ့ သော ကျွန်တော့်မျက်လုံးများမှာ မျက်ရည်တွေအလိုလို စီးကျလာသည်။ ကျွန်တော်မငိုခဲ့ဖူးတာကြာပြီ။ ကျွန်တော့်ဘဝမှာ ငိုစရာအကြောင်းမရှိဟုမှတ်ထားခဲ့သည်။ ယခုတော့ ကျွန်တော်အမေ မတော်တော့ဘူးဟု ဆုံးဖြတ်ခဲ့သော ကျွန်တော့်အမေသည် ကျွန်တော်မထင်သည့်ပုံစံနှင့်ဖြတ်တောက်သွားခဲ့ချေပြီ။ ယခုနေ အမေသာကျွန်တော့်အတွက် ရင်ကွဲပက်လက်ငိုနေဦးမည်ဆိုက ကျွန်တော်တကယ်ပင်သေလိုက်ချင်ပါသည်။


++++++++++++++++++++++


အမေပြန်ပြီး နောက်နေ့ ကစ၍ ကျွန်တော်အင်အားသိပ်မရှိသည့်ကြားက ဝပ်ရှော့ အလုပ်တွေ တတ်နိုင်သမျှဝင်လုပ်သည်။ အလုပ်ရှင်နှင့်စက်ပြင် အပေါင်းအသင်းများက ပြန်ဖျားမှာစိုးသဖြင့် တားကြသည်။ ကျွန်တော့်အဖို့ ကား ဖျားနာရုံမက သေလျှင်လည်းအကြောင်းမထူးတော့ ။ ကျွန်တော်သေလျှင် ဝမ်းနည်းမည့် တဦးတည်းသောကျွန်တော့်အမေသည် နောက်ဆုံးငိုကြွေးခြင်းဖြင့် ငိုကြွေးသွားခဲ့ချေပြီ။


သို့ သော် တပါတ်ခန့် အကြာတွင် အမေ့ထံမှလူကြုံနှင့် စာတစေါင်ရောက်လာသည်။


̏ သား အမေ့ထံပြန်လာပါ ̎ ။


မျက်ရည်တပေါက် အမေ့စာပေါ် တောက်ခနဲကျသွားသည် ။


+++++++++++++++++


ဖေမြင့်


၁၉၈၆ခုနှစ်- ချယ်ရီ မဂ္ဂဇင်း


[ အလင်းနစ်ဘလော့ဂ်မှ ကူးယူပါသည်။ ဘလော့ဂ်ဂါအား ကျေးဇူးတင်ပါသည်။]



အိုမင်းရင့်ရော်တော့အမေ့မေ့အလျော့လျော့နဲ့ပါ - #လူထုဒေါ်အမာ

#အိုမင်းရင့်ရော်တော့အမေ့မေ့အလျော့လျော့နဲ့ပါ


ရေးသူ- #လူထုဒေါ်အမာ


အမေ့ကို တနေ့က လူငယ်တဦးက အမေဒီအသက်ဒီအရွယ်ထိအောင် စာတွေ ရေးသားနေတာကို ကျွန်တော်ဖြင့် အားကျလိုက်တာ။ ကျွန်တော်ဖြင့် အမေ့လို ရေးနိုင်ချင်လိုက်တာလို့ ပြောတော့ အမေက သူ့စကားကြောင့် ၀မ်းသာရမလိုလို စိတ်ကြီးဝင်ရမလိုလို ဖြစ်မိသေးတယ်။


ဒါပေမယ့် အမေက စာကို မနေနိုင်သေးလို့သာ ရေးနေတာပါ။ စာက လူချင်းတူတူ၊ သူချင်းမျှမျှ ထိုက်ထိုက်တန်တန် စာမျိုး မထွက်တော့ပါဘူး။ အမေက အသက်ကြီးလှပြီ ဟုတ်လား။ အဲဒီတော့ မေ့တာ လျော့တာတွေက သိတ်များလာပြီပေါ့။

အမေ ဒီဇင်ဘာလထဲတုန်းက သေကောင်ပေါင်းလဲဖြစ်လို့ ဆေးရုံတက်ခဲ့ရတဲ့အခ အမေ့အသက်ကို သေမင်းလက်က ၀ိုင်းလုရတယ်။ ဆရာဝန်ကြီးတွေကို အမေက ကျေးဇူးတင်စကား ရေးသားခဲ့တယ်။ အဲဒီအထဲမှာ အမေဆေးရုံပေါ်တုန်းက ချောင်းကလည်း ဆိုးနေလို့ ရင်ခေါင်းအထူးကု ဆရာဝန်ကြီး ဦးဝင်းနိုင်လည်း ကုပေးရရှာတယ်။ ဒါကို အမေက သူ့နာမည်မေ့ထားခဲ့မိလို့ အမေ့မှာ စိတ်မကောင်းလိုက်တာ။ အားနာလိုက်တာ။


သူက တခြားဆရာဝန်ဆိုရင်လည်း တော်သေးရဲ့။ ခုတော့ အိမ်ချင်းကပ်နေတဲ့ ဆရာဝန်ဖြစ်ပြီး၊ သူ့သားလေးနှစ်ယောက်က အမေတို့အိမ်ကို မိုးလင်းတာနဲ့ လာကစားကြတာ။ သူ့ဇနီးကဆိုရင် (မန္တလေးသူ၊ မန္တလေးသားများ) ဆိုတဲ့ အမေရေးသားတဲ့ စာအုပ်ထဲမှာပါတဲ့ မိုက်သူကြီးဦးမောင်ကြီးရဲ့ မြေးပါ။ ကိုယ်နဲ့ ဒီလောက်နီးစပ် ရင်းနှီးနေတာ ဖြစ်ပေမယ့် သူ့ကို မေ့ထားခဲ့တယ်လေ။


အဲဒီတော့ အမေပြောချင်တာကတော့ ငါ့သားတို့ သမီးတို့ လုပ်ချင်တာရှိရင် ငယ်ရွယ်တုန်းမှာ ပြီးမြောက်အောင် လုပ်ကြ။ အသက်ကြီးလာပြီဆိုရင် ၆၀ ကျော်လောက်က စပြီး ဇရာက ဖိစီးလာတယ်။ ငြင်းမရလောက်အောင် သိသာလာတာတွေက ဆံပင် စဖြူလာတယ်။ မျက်စိမှုန်လာတာတွေ ဖြစ်လာတယ် မဟုတ်လား။ နို့ပေမယ့် ကိုယ်က ဆံပင်လေးဆိုးလို့ မျက်မှန်လေးတပ်လို့ဇရာကို အံတုပါတယ်။ အဲဒီလို တုသာတုတယ် ဇရာကတော့ မှန်မှန်ကြီး ၀င်လာတာပါပဲ။


မျက်စိတို့ ဆံပင်တို့သာမက နားကပါ အကြားချို့တဲ့လာတယ်။ လူရဲ့ သတိ၊ အမှတ်အသားကလဲ နည်းနည်းချင်း လျော့ပါးပျက်စီးလာတယ်။ အဲဒီချို့ယွင်းချက်တွေဟာ ရပ်တယ်မရှိ၊ နားတယ်မရှိ ကိုယ့်ခန္ဓာကိုယ်ထဲ မှန်မှန်ကြီး ၀င်လာတာပါပဲ။


လူက လူအိုလူမင်း ဖြစ်လာတာနဲ့အမျှ လွှင့်မပစ်ရသေးတာကလွဲလို့ ဘာကမှ ဟုတ်တိပတ်တိ မကောင်းတော့ပါဘူး။ ဒါကြောင့် အမေက သားတို့ သမီးတို့ကို လုပ်စရာရှိတာ အရွယ်ကောင်းတုန်း အရွယ်ရှိတုန်း မအိုမင်းခင် လုပ်ကြဖို့ ပြောရတာပါ။


လူဆိုတာ စကားပီနားကြား လူတယောက်ရယ်လို့ ဖြစ်လာတယ်ဆိုရင် ပညာရှာတဲ့အရွယ်မှာ ပညာကို မရ အရရှာတယ်။ ပြီးတော့ ဒီလူ့လောကမှာ ငါကြီးလာရင် ငါဘာဖြစ်ချင်တယ်။ ငါဘာလုပ်ချင်တယ်ဆိုတဲ့ စိတ်ကူးရည်မှန်းချက် ရှိရမယ်။ အဲဒီအတိုင်းလည်း မဖြစ်မနေ ကြိုးစား လုပ်ရတယ်။


လုပ်တဲ့အခါမှာ အခက်အခဲတွေတော့ ရှိမှာပေါ့။ ဒါပေမယ့် ဒီအခက်အခဲတွေကို ရင်ဆိုင်ရတယ်။ ကျော်လွှားရတယ်။ တိုက်ပွဲဝင်ရတယ်။ ရှုံးတဲံအခါလဲ ရှုံးတယ်။ ကိုယ်က နိုင်တဲ့အခါလဲ နိုင်တယ်။ နိုပေမယ့် ဘ၀ဆိုတာ ဒါပဲ။ ကိုယ်သွားချင်တဲ့ဆီ ရောက်အောင် ဒီလို ဒရွတ်သီနဲ့ သွားရတာပါပဲ။


ဘ၀ဆိုတာ တိုက်ပွဲလို့ ကြီးတဲ့လူတွေက ပြောလေ့ရှိတယ်။ သိပ်ဟုတ်တာပေါ့။ အမေတို့များ အသက်က ကြီးလို့ ထင်ပါရဲ့။ တိုက်ပွဲပေါင်းလဲ မရေမတွက်နိုင်ခဲ့ဘူး။ ကိုယ်ရှုံးနိမ့်ခဲ့တာတွေလဲ အများကြီးမှ အများကြီးပါ။ အခုနေ ပြန်စဉ်းစားရင် မှတ်တမ်းတင်လို့တောင် ကုန်မယ်မထင်ဘူး။ အမေအ့ကို တချို့က ခေါင်းမာတယ်လို့ ဆိုတယ်။ ဟုတ်လေသလားလို့ မပြောတတ်ဘူး။ နို့ပေမယ့် ခေါင်းမမာရင် ဖတ်ကနဲ ဖတ်ကနဲ လန်ကျတဲ့အခါ ပြန်မထနိုင်ရင် လူတကာက နင်းချေသွားလို့ လူ့နင်းပြားဘ၀နဲ့ပဲ ရှိတော့မှာပေါ့။


ငါ့သားတို့ သမီးတို့ အမေ ပြောချင်တာက ဘ၀ကို ရင်ဆိုင်တဲ့အခါ အဲဒီ တိုက်ပွဲကိုလည်း မင်းတို့ တွေ့ကြ ကြုံကြမှာ အမှန်ပဲ။ တိုက်ပွဲမှာ ကိုယ်က ရှုံးရရင်၊ ရှုံးရလေခြင်း မအောက်မေ့ပါနဲ့။ ငါလိုလူတွေ အများကြီး ဒီလိုရှုံးရာက လူလဲထရတာပဲလို့ သိလိုက်ပါ။ ပြီးတော့ ဆက်လျှောက်ပါ။ အမေဖြင့် အသက်ရှည်လွန်းလို့ တိုက်ပွဲတွေက ပိုများသလား။ ငါက ခေါင်းမာလို့ပဲ ပိုခံရသလားလို့ အောက်မေ့မိပါရဲ့။ ဒါပေမယ့်လည်း အဲဒါလည်း မဟုတ်ပါဘူး။ အမေ့လောက် အသက်မကြီးပေမယ့် အမေ့ထက်ပိုများတဲ့ တိုက်ပွဲတွေကို ရင်ဆိုင်နေရ၊ ကျော်လွှားနေရတဲ့လူတွေ အများကြီး ရှိတာပါ။ ဒါဟာ လူ့ဘ၀ပါပဲ။ ဒါ့ကြောင့် အမေက နောက်ဆုံးစကားအနေနဲ့ လုပ်စရာရှိတာတွေကို သတ္တိနဲ့ပဲ လုပ်ကြ။ ကိုယ်ကရှုံးရင်လဲ ပြန်ထကြ၊ ငယ်တုန်းရွယ်တုန်း ကိုယ့်မှာ အားမာန် အပြည့်ရှိတုန်း လူ့ဘ၀ရဲ့ အခက်အခဲမှန်သမျှကို ရင်ဆိုင်ကြ၊ ကျော်လွှားကြပါ။ ဒါဟာ ဘာမှ မဆန်းပါဘူး။ လူတိုင်းလူတိုင်းဟာ တမျိုးမဟုတ်တမျိုး ကြုံတွေ့နေကြရတာချည်းပါပဲ။ အဲ.... အိုလာရင် လူစွမ်းလူစ ပိုပိုပြီး တုံးလာတယ်။ နောက်ဆုံးကျတော့ အားလုံးကို လက်မြှောက်လိုက်ရတဲ့ဘ၀ ရောက်လာလိမ့်မယ်။ ဒါ့ကြောင့် အချိန်အရွယ်ရှိတုန်း လုပ်စရာရှိတာတွေကို လုပ်ကြပေရော့လို့ အမေပြောလိုက်ပါရစေ။


-------------------


ဒေါ်အမာ။

[ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ အမှတ် ၂၈၊ နိုဝင်ဘာ၊ ၂၀၀၉ မှ ကူးယူဖော်ပြပါတယ်။]


နိုဝင်ဘာလ ၂၉ ရက်၊ ၂၀၁၀ ခုနှစ်မှာ ကျရောက်မယ့် အမေ လူထုဒေါ်အမာ (၉၅) နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အတွက် အမေ့စာ၊ အမ့စကားတွေကို အမှတ်တရအဖြစ် ဖော်ပြခြင်း ဖြစ်ပါတယ်။

Maung Aye Win at 6:28 AM

.

[ မာယာအွန်လိုင်း မဂ္ဂဇင်း ဘလော့ဂ်မှ ကူးယူပါသည်။ မာယာအား ကျေးဇူးတင်ပါသည်။]



Tuesday, 29 January 2019

ပဉ္စမမြောက်ဆောင်းရက်များ ( ဇာတ်သိမ်းပိုင်း)

#ပဉ္စမမြောက်ဆောင်းရက်များ


( ဇာတ်သိမ်းပိုင်း)


#ငြိမ်းကျော် 


( ၁၆ )


လေငြိမ်သဖြင့် အင်းလျားကန်၏ရေမျက်နှာပြင်တို့သည် လှိုင်းကျပ်ခွပ်တို့ အိပ်မောကျလျက် ရှိသေးသည်။စိမ့်၍အေးနေသည်။ နှာသီးဖျား နားရွက်ဖျားနှင့် လက်တွေက အအေးဒဏ်ကို ခံစားနေရသည်။

ရင်ထဲမှာတော့ ဆန့်ကျက်ဘက်။

အပြင်ဘက်မှာ ဆောင်းမှ တကယ့်ဆောင်း ။ရင်ထဲမှာဖြင့် နွေခေါင်ခေါင် ။နွေအစစ်။မနက်ဖြန် သည်လိုအချိန်တွင် ဝေးကြ ၊ ရပ်ဝေးမြေခြားသို့ ထွက်ခွာသွားတော့မည့်သူ ။ တစ်ဦးနှင့်တစ်ဦး အပြီးအပိုင် ကွဲကွာသွား၍ လမ်းခွဲထွက်ရတော့မည့်သူ ။

သူ အခု ရပ်နေရာ ခြေရာတွင်ဆိုလျင် မနက်ဖြန်သည်အချိန်၌ နှင်းစက်ဖျက်၍ ပျက်ပြီးသား ဖြစ်ချိမ့်မည်။မှတ်သားဖွေရှာရ မလွယ်ဖြစ်တော့မည်။

“ ကြည်နူးစရာ ကောင်းတယ်နော် ကို ”

ခေါင်းညိတ်ပြလိုက်သည်။

“ စိတ်ငြိမ်းချမ်းမှု အခိုက်အတန့်တော့ ရစရာပဲ ၊ ဟုတ်တယ် မဟုတ်လား အမွန် ”

သူ့ဆီသို့ အမွန့်မျက်လုံး ရောက်မလာမီအတွင်း အမွန့်ကို ကြည့်နေမိသည်။ပါးပေါ်က သနပ်ခါးတွေကို မြင်နေရသည်။

နှာတံစင်းစင်းကို ကြည့်မိသည်။

နီတွေးတွေး နူတ်ခမ်းကို ကြည့်မိသည်။

ပါးချိတ်ပေါ်က အကြောစိမ်းစိမ်းလေးတွေကို မြင်နေရသည်။

နဖူးပေါ်သို့ ကျနေသော ဆံစလေးတွေ နားသယ်စလေးတွေကို ကြည့်လိုက်မိသည်။

တစ်ပတ်လျှိုဆံပင်ကို ကြည့်မိသည်။ဆံပင်ကို လက်ယာပုခုံးပေါ်မှ ရင်ညွန့်ပေါ်တွင် ဖြတ်ကျော်တင်ထားသည်။သည်လို သတိရအောင်ကြည့်ရင်းနှင့် တွေ့မြင်ဖူးခါစ ပထမဆောင်းကို သတိရနေမိသည်။သည်လို သတိရအောင် အပြာနုရောင် ဆွယ်တာအင်္ကျီက လှုံ့ဆော်နေသည် ထင်၏။

“ အမွန်နဲ့ ကိုသိတာ ငါးနှစ်ရှိပြီနော် ၊ ကို မှတ်မိလား ”

အမှတ်တမဲ့မေးသော အမွန့်ကို ချက်ချင်းပင် ခေါင်းညိတ်ပြကာ ဖြေလိုက်သည်။

“ မှတ်မိတာပေါ့ ကျွန်တော့်စိတ်ထဲတော့ မနေ့လားလို့ ထင်မိတယ် ”

မပွင့်တပွင့် ပြုံးလေ၏။စိတ်အနေ ကျဉ်းလာသောအခါ ပြုံးတက်သော အပြုံးမျိုးဟု မှတ်မိနေသည်။ထိုသို့ပြုံးလျင် သက်ပြင်းချလေ့ ရှိသည်ကိုလည်း သိနေသည်။သိနေသည့် အတိုင်းပင်။

“ အချိန်ကာလဆိုတာ ဒီလိုပဲ တိုတောင်းတယ်ထင်တယ် ၊ ဘဝဆိုတာလည်း အဲ့သလိုလို့ပဲ အမွန်ထင်တယ် ”

လေးလေးနက်နက် စဉ်းစားထားပုံရသည်။

“ ဟုတ်တယ် အမွန် အဲ့ဒီ အခိုက်အတန့်လေး အတွင်းမှာပဲ ရယ်ရတာတွေ ငိုရတာတွေ ပတ်လည်ဝိုင်းနေမှာပဲနော် ၊ တစ်ခါတစ်ခါတော့ အသက်ရှင်မှုကို သံသယလည်း ဖြစ်လာတယ်။ဘာအဓိပ္ပာယ်နဲ့လည်းလို့ မေးမိတယ်။ ယုံကြည်ချက်တွေ ဘာတွေနဲ့ ကိုယ်လုပ်ချင်တာလုပ်ဖို့ တစ်ခါတစ်လေတော့ အသက်တစ်ရာမက နေချင်တယ်။တစ်ခါတစ်ခါကျတော့ တစ်စက္ကန့်တောင် မနေချင်ဘူး ။အမွန်သိပါတယ် ”

မျက်လုံးချင်း တည့်တည့်ဆိုင်နေသည်။

စိုက်၍ကြည့်နေသည်။ ပြီးတော့ မျက်လွှာချထားလိုက်သည်။

“ ကို စိတ်ဓာတ်ကျနေသလား ဟင် ”

ကိုထွေး ခေါင်းခါသည်။

“ အမွန်ပြောတဲ့ စကားတွေကို မေ့ပစ်ရာ ကျမှာပေါ့ ၊ မဟုတ်ဘူလား ”

တိုးတိုးရယ်လိုက်သည်.။ အမွန်ကြည်နူးနေပုံ ရသည်။

“ အသက်ရှင်နေသမျှ ကာလပတ်လုံးမျှော်လင့်ချက် တစ်ဝက်ရထားပြီးသား ကိုရာ ”

ခေါင်းကို ညင်သာစွာ ညိတ်ပြသည်။အမွန်က နူတ်ခမ်းကို လျှာဖျားဖြင့်သိမ်းပြီး ဆက်ပြောသည်။

“ ကိုရယ် မျှော်လင့်ချက်ဆိုတာ ရေရာတယ်ပဲဖြစ်ဖြစ် မရေရာဘူးပဲ ဖြစ်ဖြစ် ၊ မျှော်လင့်ချက်ပဲပေါ့ ၊ လုံးဝမျှော်လင့်ချက် မရှိတဲ့သူ ၊နည်းနည်းလေးမှ မရှိတဲ့သူနဲ့စာရင်တော့ အပုံကြီးသာသေးတာပေါ့ ၊ကို သိပြီးသားပါ ”

“ ဒီ စကားကို ထပ်တလဲလဲကြားရတဲ့အတွက် ကျွန်တော်ဝမ်းသာပါတယ် အမွန် ၊ အမြဲကြားချင်ပါတယ် ”

အမွန့်နူတ်ခမ်းသည် ဆတ်ခနဲ တွန့်ကျသွားသည်။မျက်နှာလွှဲလိုက်သည်။

“ အမြဲ ဟုတ်လား ကို ”

မေးခွန်းနှင့်အတူ လှည့်ကြည့်လိုက်သူ အမွန့်ကို ခေါင်းညိတ်ပြလိုက်သည်။

အမွန်က တွေပြီးကြည့်နေသည်။နောက်တော့ ခေါင်းခါပြသည်။

“ မနက်ဖြန်ဆိုရင် အမွန်တို့ ခွဲကြပြီပဲ ”

စကားတစ်ဝက်တွင် အသံက တိမ်ဝင်သွားသည်။နင့်ခနဲဖြစ်သွားသော ရင်ကို ကိုထွေး ဇွတ်တင်းပစ်ရသည်။

“ မခွဲပါဘူး အမွန့်ကို ပြောပြီးသားပဲ ၊ ဖိုးလမင်းကြီးပါလို့ မှတ်မိတယ်မိုလား ”

အားတက်သရော အပြုံးကို မြင်လိုက်ရသည်။

“ အမွန်မှတ်မိပါတယ် ကို ၊ ဒါပေမယ့် အမွန်စိတ်မဖြောင့်ဘူး သိလား ၊ ဒီတော့ အမွန်စဉ်းစားတယ် ၊ ကို့ဆီမှာ တစ်ယောက်ယောက်တော့ အမွန့်ကိုယ်စား ထားခဲ့ဖို့ ”

“ ဘာပြောတယ် အမွန် ၊ ဘယ်သူ့ကို ကျွန်တော့်ဆီမှာ ထားခဲ့မှာလဲ ”

“ မနက်ဖြန်သွားမယ့်သူက အမွန်အတုပါ ၊ ကို့ဆီမှာ အမွန်အစစ်ကို ထားခဲ့မှာ ၊ သိပ်ချစ်တဲ့ မောင်နှမတွေဆိုတော့ မျက်ကွယ်ပြုနိုင်ရိုး မရှိပါဘူး ”

စကားတွေကို အဖုံးအဖိနှင့် ပြောတက်ပါကလားဟု သတိပြုလိုက်သည်။ဆတူခံစားရမည်ကလည်း သိမိကြသည်။

နေရှိန်တက်လာ၍ နှင်းကွဲစ ပြုလာသည်။နှင်းကွဲလာတော့ ပီပီသသ မြင်စမှတ်ပြုလာရသည်။


***********


“ ဒီနေ့ တစ်မျိုးကြီးပဲကွယ် ၊ ပေါ့ရှပ်ရှပ်နဲ့ လေပြင်းပြင်းတိုက်လိုက်ရင်တောင် လွင့်သွားမလား ထင်ရတယ် ”

တန်းလျားနောက်မှီတွင် တံတောင်ဆစ်တင်ထားရင်း တိုးတိုးဆိုသည်။ပြန်မပြောနိုင်အောင် ပင်ပန်းမိသည်။ခေါင်းကိုသာ ခါပြလိုက်သည်။ခဏကြာမှ ပြန်ဖြေနိုင်သည်။

“ ကျွန်တော်လည်း အမွန့်လိုပါပဲ ၊ ကျွန်တော် စိတ်ထိခိုက်နေတာ အမွန်နားလည်မှာပါ ၊ အမွန့်ကို ကျွန်တော့်အမေရဲ့ နို့ကိုစို့တဲ့ နှမရင်းတစ်ယောက် ဖြစ်စေချင်ပါတယ်ဗျာ ၊ ကျွန်တော့်စိတ်ထဲကတော့ ဒီအတိုင်းပါ ၊ ယုံပါ ”

“ ယုံပါတယ် ကိုရယ် ၊ အစ်ကိုအရင်းလို အမွန်နှလုံးသွင်းခဲ့တာပါ ၊ ဒါကြောင့်လည်း ကိုလို့ အမွန်ခေါ်တာပါ ၊ ဒါကို ကိုကလည်း ယုံပါ ”


တစ်နှစ်က ဆောင်းတွင် ကြားသိခဲ့ရသော ထာဝရခွဲခွာခြင်းသည် မနက်ဖြန် နံနက်တွင် အစပြုတော့မည်ဟု သိရှိခံစားလာရသည်။

လျှောက်လွှာတင်သည်။ နိုင်ငံသား အခွင့်အရေးများ ရုပ်သိမ်းခြင်း ခံရသည်။ပစ္စည်းပစ္စယများ ရောင်းချလိုက်သည်။ထွက်ခွာခွင့် လက်မှတ်ရသည်။ပြင်ဆင်မှုများ ပြုလုပ်နေသည်။စသည့် သတင်းတွေကို ညိုညိုထံမှ ကြားသိခဲ့ရသည်။

ခုတော့ ထိုသတ္တိက မဖြစ်စလောက်။အထုအထည်က ပိုးမျှင်သာသာ ။

“ သိပ်ပြီး သံယောဇဉ်ရှိတဲ့ ကို့အတွက် အမွန်နောက်ဆံတင်းတာတော့ အမှန်ပါပဲ ၊စိတ်ဓာတ်ခိုင်မာစေချင်တယ် ကို လုပ်နေတဲ့အား မပျက်စေချင်ဘူးလေ ၊ တစ်နေ့မှာ ကိုမျှော်လင့်ထားသမျှ အောင်မြင်လာမှာပဲလို့ အမွန်တထစ်ချ ယုံကြည်တယ် ၊ မြှောက်ပြောတာ မဟုတ်ဘူး ကိုက သိပ်ကြိုးစားတဲ့ လူတစ်ယောက်ပဲဟာ ၊ ပြီးတော့ နားလည်မှု ရှိပြီးသား ၊ အားမငယ်စေချင်ဘုး ကိုရာ နော့့် ”

ဝမ်းနည်းစိတ်နှင့် ခေါင်းညိတ်မိသည်။

သဲလမ်းကို စိုက်၍ကြည့်ရင်း သူပြုံးသည်။ပြန်ပြောခါနီးတွင် မျက်လုံးချင်းဆုံသည်။

စိတ်ပျံ့၍ သွားသောအခါ မျက်စိရှေ့က စာကြည့်တိုက်နံရံကို လည်းကောင်း မိမိကိုယ်ကို လည်းကောင်း ၊ ဖြတ်သန်းသွားလာကြသူ တစ်ယောက်စ နှစ်ယောက်စကို လည်းကောင်း သစ်ရွက်ခတ်သံကိုလည်းကောင်း အာရုံတွင် ကွယ်ပျောက်သွားသည်။

သို့သော် ဖွင့်ပြောချင်သော စကားတွေထဲက တစ်ခွန်းကို ပြောဖြစ်အောင် ကြိုးစားရသည်။

“ အမွန်နဲ့ ကျွန်တော် သဘောတူညီချက်ကလေးတစ်ခုတော့ လုပ်ချင်တယ် ”

အံအားတသင့် လှည့်ကြည့်သည်။မျက်တောင်ကို တဖျပ်ဖျပ်ခတ်ပစ်လိုက်ပြီး ပြုံးပြသည်။

“ ဘာကိုလဲ ကို ၊ ကို ဘာလုပ်ချင်လဲ ပြောလေ ”

ထိုစကားကို အားကိုး၍ တစ်လုံးချင်းပြောလိုက်သည်။

“ ဒီလိုပါ အမွန်ဖြစ်ဖြစ် ကျွန်တော်ဖြစ်ဖြစ်ပေါ့ဗျာ ၊ တစ်ချိန်မှာ ဘယ်သူပဲ အိမ်ထောင်ရက်သားကျကျ အရင်ဆုံး အိမ်ထောင်ကျတဲ့သူ ပေးထားခဲ့ဖူးတဲ့ လက်ဆောင်ပစ္စည်းတွေထဲက တစ်ခုခုကို ပြန်ပေးကြေး ဖိတ်စာပို့စရာ မလိုဘူးလေ၊ တစ်ခုခု ပြန်ပို့ပေးရင် အဲ့ဒီ အဓိပ္ပာယ်နဲ့ပေါ့ ၊ ဘယ့်နှယ်လဲ ”

စကားအဆုံးတွင် အမွန်ရယ်လိုက်သည်။ဟက်ဟက်ပက်ပက် ရယ်နေသဖြင့် သူနားမလည်သလို ဖြစ်သွားရသည်။ရယ်သံနှင့်အတူ ပြောသည်။

“ အမွန့်အဖို့တော့ ကို့လက်ဆောင်ထဲက ဘာတစ်ခုမှ ဒီတစ်သက် ပြန်မပို့ဘူး ကို ၊ မောင်နှမ အချစ်တွေထဲက ဘယ်သူ့ကိုမှ ခွဲဝေမပေးဘူး ၊ ကိုရေ အမွန့်ကို ယုံ ” သူက ပြုံးလိုက်သည် ။ ချက်ချင်းပင် ပြောလိုက်သည်။

“ ကျွန်တော့မှာ အမွန့်စကားမျိုးပဲ ပြောစရာ ရှိပါတယ် ၊ အမွန့်ကို စိတ်ဆင်းရဲစေမယ့် ယောက်မကို ကျွန်တော်လည်း ဘယ်ရှာပါ့မလဲ ”

“ အမွန့်ကို စိတ်ချမ်းသာစေမယ့် ယောက်မကို တွေ့ရင်ကော”

ကောက်ကာငင်ကာ မေးလိုက်သောကြောင့် ရယ်မိသည်။စကားကို ပြင်လိုက်ရသည်။

“ မှားလို့ ဘယ်ယောက်မကိုမှ မရှာပါဘူး အမွန်ရဲ့ ”

ယုဒသန်မျှော်စင်တွင် နေကွယ်ခဲ့ချေပြီ ။


**********


ဗာဒံရွက်တွေ စိမ်း၍ ဝေ၍ကောင်းနေတုန်းပင် ဖြစ်လေသည်။

နေမျက်စောင်းသည် မြားဆိပ်ပင်ကြီးနှင့် တောင်ပိန္နဲပင်ကြားမှ ထိုးကျလျက်ရှိသည်။ပတ်ဝန်းကျင် တစ်ခုလုံးသည် အေးချမ်းတိတ်ဆိတ်၍နေသည်။သည်အချိန် သည်အခါမျိုးတွင် တက္ကသိုလ် ပရဝဏ်သည် ငြိမ်သက်စမြဲ ဖြစ်သည်တည့်။

ဘယ်အပင်ပေါ်က လာမှန်းမသိနိုင်သော ဒေါက်စရစ် ပန်းနံ့တွေ ဝေ့လာတက်သည်။တောအုပ်ကလေး၏ အလည်မှ စားသောက်ဆိုင်သည် ဤအချိန်မှ ပို၍လှသည်။လွမ်းဆွတ်ဖွယ် ရစ်ဆိုင်းလာသည် ထင်ရ၏။

“ နွေပေါက်လာရင် ဂျပန်ဖိနပ် မစီးနဲ့နော် ၊ ပူလို့ မျက်စိကို ထိခိုက်မှာ စိုးရတယ် ၊ သားရေဖိနပ်ဆိုရင် စိုပြီးတော့ အအေးမိမယ် ”

ခေါင်းညိတ်ပြသည်။ရေနွေးကြမ်းငှဲ့ပေးရင်းက ထပ်ပြောသည်။

“ ဆံပင်ကို တစ်လတစ်ခါညှပ် ၊ လက်သည်းကို တစ်ပတ်တစ်ခါညှပ် ၊ အမွန်နဲ့ သိစကလို ဆံပင် ဘုတ်သိုက်သိုက် မနေနဲ့နော် ၊ သပ်သပ်ရပ်ရပ် နေပါ ကိုရယ် ”

စိုးရိမ်စိတ်ကို မြင်နေရသည်။

သည်းပွတ်အထာကို အကွယ်အကာမဲ့မြင်နေရသည်။

“ အရက်လည်း မသောက်နဲ့နော် ၊ ဆေးလိပ်လည်း ပြန်ပြီး မသောက်ပါနဲ့ ကို ရယ် ၊ ပြီးတော့ အစားအသောက်လည်း မှန်စေချင်တယ် ၊ နေပု မိုးရွာမရှောင် ကိုးချောင်းကိုးရှင်း သွားလာတာလည်း မလုပ်စေချင်ဘူး ကို ၊ စိတ်မလေပါနဲ့ ကိုရယ် ”

ဘယ်ဘက်လက်မောင်းပေါ်တွင် တင်ထားသော လက်ခုံကို အကြောင်းမဲ့ ငေးကြည့်ရင်း နားထောင်နေမိသည်။

သူတစ်ပါး မကဲ့ရဲ့ဘူး ၊အမွန် အထင်မမှားဘူး ဆိုရင် လက်ခုံလေးကို အသာအယာ ဆွဲယူကာ နမ်းလိုက်ချင်သည်။အကြင်နာဆုံး အနမ်းဖြင့် နူတ်ဆက်ချင်၏။

ပြီးတော့ သူ့ကိုယ်နံ့လေးစွဲနေမည့် လက်ထဲက လက်ကိုင်ပဝါကို တောင်းယူကာ သိမ်းထားချင်သည်။ကိုယ့်ကိုယ်နှင့်မကွာ ဆောင်ထားချင်သည်။မိန်းမမြတ်ကိုယ်စား ကိုယ်ပွားတစ်ခုခု မှတ်ယူချင်သည်။အလွမ်းပြေ။

“ စိတ်ငယ်စရာဆိုလည်း ဘာမှမတွေးပါနဲ့ကွယ် ”

မြင့်မြတ်သော အချစ်၏သဘောသည် ဒါပါပဲဟု တွေးသသည်။တစ်ယောက်၏ သဘာဝကို တစ်ယောက်က နားလည်ခြင်းသာဖြစ်သည်ဟု ယုံကြည်သည်။နားလည်မှုက ချစ်ခြင်းနှင့်တကွ အရာခပ်သိမ်းကို ဖန်တီးနိုင်စွမ်းသည်ဟု သိလာရသည်။

“ နောက်ပြီးတော့ စိတ်ညစ်ညစ်နဲ့ တွေ့ကရာတွေ လျှောက်မလုပ်နဲ့နော် ”

စကားသံ၏နောက်ကွယ်မှ အနက်ပွားမှန်သမျှကို မှန်းဆသိမြင်လိုက်ပါ၏။တစ်လောကလုံးတွင် နားအလည်ဆုံး ၊ အကြင်နာဆုံး ၊ အတွယ်အတာထားဆုံး မိန်းမတစ်ယောက်နှင့် တစ်သက်တစ်ခါ ဆုံခဲ့ရပါ၏။ချမ်းမြေ့ခဲ့ရပါ၏။အားတက်ခဲ့ရပါ၏။ကြည်ျနူးခဲ့ရပါ၏။

သို့သော် တစ်ခဏခွဲခွာကြတော့မည်က တစ်ဘဝလုံး။

အသက်ရှင်နေသမျှ ကာလပတ်လုံး ချစ်သည်ဆိုသော စကားကိုမျှ ပြောခွင့်မရခဲ့သော ဆုံစည်းကြပုံများ။

“ ကို ဒီကပြန်ရင် အိပ်ပျော်အောင် အိပ်”

“ တွေးစရာကင်းရင်တော့ အိပ်ပျော်မှာပေါ့ ”

“ မနက် ကိုလတ်တို့ မမအေးတို့ အမွန့်ဆီလာတဲ့အခါ ကို လိုက်မလာပါနဲ့ ၊ အမွန့်စကားကို ကို နားထောင်မယ် မဟုတ်လား ၊ လိုက်မပို့ဘူး ”

တုန်လှုပ်သွားရသည့်အလျောက် နားလည်လိုက်သည်။အမွန့်ကို မော့ကြည့်လိုက်သည်။သူ့ကို မျက်တောင်မခတ်ကြည့်နေသည်။မျက်လုံးထဲက အသံတို့ ကြားနေရသည်။ကောင်းကင်တွင် အလင်းရောင် ပြယ်သွားပြီ။


*******


( ၁၇ )


နှလုံးသည်းပွတ်ကို အစိုးမရ၊ စိတ်ကိုအစိုးမရ ၊ ကိုယ်ကို အစိုးမရ ၊ ဆောက်တည်စိတ်သည် စိုးစဉ်းမျှ မငြိမ်သက်။

တစ်ညလုံး သည်အတိုင်း။

ညနေက အမွန့်ကို သူအိမ်ဝအထိပို့ပြီး သူအိမ်ပြန်သည်။အိမ်ရောက်တော့လည်း အနေရ အထိုင်ရ စိမ်းဆတ်ဆတ်ဖြစ်နေသည်။

ကိုလတ်နှင့် အမတော် အေးအေးတို့က အလိုက်သိစွာ တစ်စုံတစ်ရာမေးမြန်းခြင်းမပြု။ထမင်းတစ်ဝက်တစ်ပျက် စားသည်ကိုလည်း မမေးမြန်း။

ရှစ်နာရီကျော်ကျော်တွင် ကိုလတ်တို့ ရုံးကကားရောက်လာသည်။ညအယ်ဒီတာတစ်ယောက်က အရေးပေါ်ခွင့်တင်သွားသဖြင့် လူစားဝင်ရန်လာခေါ်ခြင်းဖြစ်သည်။ကိုလတ်အထွက်တွင် သူပါလိုက်မည်ဟု ပြောလိုက်သည်။အေးအေးက မနက်ဖြန် အမွန်တို့ကို လိုက်ပို့ရန်ကိစ္စနှင့် ပက်သက်၍ပြောသည်။အမွန့်စကားကို ပြန်လည်ပြောပြလိုက်သည်။

ဒီည အိမ်မှာအိပ်လျင် မနက်ဖြန်နံနက်တွင် လေယာဉ်ပျံအသံကို ကြားရမည်ဖြစ်၍ ဌာနသို့သွားလိုကြောင်း တစ်ဆက်တည်းဖြေသည်။

သို့နှင့်ဌာနတွင် လုပ်လက်စတွေကို ဆက်လုပ်ကြည့်သည်။သူငယ်ချင်းနှင့်အတူ ဓာတ်ခွဲခန်းထဲတွင် အချိန်ဖြန်းလိုက်သည်။သန်းခေါင်ကျော်တော့မှ ခဏနားလိုက်သည်။စိတ်ပင်ပန်းလွန်း၍လားမသိ လှဲချင်သည်။စားပွဲဘေးတွင် စာအုပ်တွေကို ခေါင်းအုံးလုပ်ကာ မှေးမိသည်။တွေးစရာ အစအနတွေက စုပြုံရောက်လာကြပြန်သည်။

ဆယ့်နှစ်လအတွင်း ဒီကိုပြန်လာမယ်ဆိုရင် ပြန်လာနိုင်တဲ့ အခွင့်အလမ်းလည်း ရှိနေသားပဲ ။ပြန်များလာရင် သိပ်ကောင်းမှာပဲ။

အမွန့် မိဘတွေကလည်း ခက်လိုက်တာ ။ငါးနှစ်ကြာနေဖို့လောက် လျှောက်သင့်တာ ။ခုတော့ အပြီးအပိုင် လျှောက်ထားတာကိုး။

စီးပွားရေးသမားတွေကိုး ငွေကလွဲလို့ ဘာမှမြင်တာမှ မဟုတ်တာ ။ကိုယ့်ပြည်ကိုယ့်ရွာကို မချစ်ခင်တဲ့ လူစားတွေပဲ။

ဒီအထဲမှာ အမွန်တော့မပါပါဘူး။အမွန်က ဒီလိုမဟုတ်ဘူး ။အမွန်က အပြစ်မဲ့တဲ့သူပါ။အမွန်က ရုပ်သေးရုပ်လေး တစ်ရုပ်ပါဟု တွေးမိသည်။

အတွေးတွေက ရင်ထဲမှာမွှေနှောက်လွန်းလှသည်။မေ့ပျောက်ကြည့်တော့မရ။အမွန့်မျက်နှာက တရစ်ဝဲဝဲ။ကိုယ်နေလှုပ်ရှားနေပုံက ပြတ်ပြတ်ထင်ထင်။အသံတွေ ။ အပြုံးတွေ ။ အကြည့်တွေ ။ အားလုံးကို မေ့ပျောက်၍ မစွမ်းတော့။မတမ်းတဖြစ်အောင် စိတ်တင်းတော့လည်း မရပြန်။

စိတ်မလွင့်ပါးအောင် နည်းပြတန်းအဖြေလွှာတွေကို အမှတ်ပေးရန် ဖတ်ကြည့်သည်။စိတ်မစူးစိုက်။အလုပ်ဝင်ပြီး လေးငါးရှစ်လအတွင်း လုပ်ငန်း၌ အာရုံမချုပ်နိုင်သည်မှာ ရက်ပိုင်းအတွင်းသာ ဖြစ်သည်။စောင်းပါးရိပ်ခြည်မျှသာ သိနေသော သူငယ်ချင်းက သူ့ကိုနားလည်နေသည်။နံနက်လေးနာရီထိုးသောအခါ လုပ်ငန်းကို ခေတ္တရပ်လိုက်သည်။လှည်းတန်းထိပ်သို့ သွား၍ တစ်ခုခုစားသောက်ရန်ပြောသည်။အိပ်ချင်စိတ်မရှိတော့ ခေါင်းညိတ်ပြလိုက်သည်။


**********


အလင်းရောင်သည် အရှေ့ဘက်တွင် မေးတင်လိုက်သည်။အပေါ်က စီး၍ကြည့်ရတော့ အနေအထားတွေ အားလုံးလှနေသည်။အင်းဝစားသောက်ဆိုင် စင်္ကြန်အမိုး ၊ အုပ်ကြွပ်တန်း ၊ အင်းဝဆောင်မျက်နှာစာ တစ်ပိုင်းတစ်စကို သစ်ပင်တွေ ကြားထဲက မြင်နေရသည်။

ကံကော်တောအုပ်ကို စွေတစောင်းမြင်နေရသည်။ပိဋကတ်တိုက်ကို ထက်ဝက်ပိုင်းမြင်နေရသည်။ရှေက ကံကော်ပင်များ ၊ အဓိပတိလမ်းတစ်လျှောက်က ရေတမာပင်များ အပန်းဖြေရိပ်သာ တောအုပ်အလည်က ယုဒဿန်ဘုရားရှိခိုးဆောင်နှင့် မျှော်စင်ကို ကွက်တိကွက်ကြားမြင်ရသည်။

ဝန်းကျင်တစ်ခုလုံးတွင် ကျရောက်လျက်ရှိသော အလင်းရောင်သည် နာမကျန်းသူ၏ အသားအရေကဲ့သို့ ဖျော့တော့လှသည်။မြူငွေ့ကြောင့် ထင်ရ၏ ။ပြာပြာမှိုင်းမှိုင်း အမြင်ဟူသမျှသည် မောစရာချည်း။

မျက်နှာတွင် အုပ်၍ထားသော လက်ဖဝါးနှစ်ဖင်စလုံးသည် အအေးကြောင့် ကျဉ်နေ၏။

ခုအချိန်ဆိုရင့့် ခုအချိန်ဆိုရင့့် 

အတွေးနှင့်စိတ်ကူးကြည့်မိသည်။စိတ်မကူးရဲတော့ ။မျက်လုံးကို စုံမှိတ်ထားလိုက်သည်။အာရုံကြောတွေ အားလုံးရုတ်ခြည်းပင် အိပ်မောကျသွားစေချင်၏။ယောက်ယက်ခတ်လွန်းသောစိတ်ကို ဖြစ်သည့်နည်းနှင့် ထူးခတ်ထားချင်၏။

မျက်လုံးဖွင့်ကြည့်သောအခါ နှင်းမှုန်ံတွေ ဆိုင်းလာသည်ကို တွေ့ရ၏ ။ ဝရန်တာတွင် ထောက်ထားသည့် တံတောင်နှစ်ဖက်ကို ရုပ်လိုက်သည်။ခါးကိုမတ်လိုက်သည်။ချွေးငွေ့ငွေ့ပြန်နေသည်ကို သတိပြုလိုက်သည်။တိုက်ပုံအင်္ကျီထဲက လက်ကိုင်ပဝါကို ထုတ်ယူကာ မျက်နှာသုတ်လိုက်သည်။ထိုစဉ် ငြိမ်သက်လွန်းကာ ငြိမ်သက်လျက်ရှိသော ပတ်ဝန်းကျင်တွင် ကားဂီယာ ခွေးသွားစိပ်ချင်း ပွတ်တိုက်သံတစ်ချက် ကြားရသည်။

အမှတ်တမဲ့ လှမ်းကြည့်သောအခါ မာဇဒါကား အစိမ်းနုနု အရှိန်ပြင်းပြင်းနှင့် တက်လာသည်။သင်္ဘောမဲဇလီပင်တွေကြားက မြင်ရသည်။ကားတွေထားရာနေရာသို့ ရောက်သောအခါ တုံခနဲ ရပ်သွားသည်။

တံခါးနှစ်ဖက်စလုံး ပြိုင်တူပွင့်သွားသည်။လူနှစ်ယောက်ထွက်လာသည်။သူ့ဆီသို့ မော့ကြည့်လိုက်ကြမှ ကိုကြည်လွင်နှင့် ကိုလတ်တို့နှစ်ယောက်မှန်း သိလိုက်သည်။ကိုလတ်က —

“ ဟေ့း့ ကိုထွေး လာ လာ မြန်မြန်လာ ”

ဟု အမောတကော လှမ်းခေါ်သည်။ကြောင်ပြီးကြည့်နေရာမှ” ဘာလဲအစ်ကို ဘာလဲ ” ဟု မေးလိုက်သည်။

သူ့အသံကြောင့် ဓာတ်ခွဲခန်းထဲက သူငယ်ချင်းဖြစ်သူက ပြေးထွက်လာသည်။အနားရောက်တော့ အောက်သို့လှမ်းကြည့်သည်။

ကိုကြည်လွင်က–

“ ဘာလဲ မမေးနဲ့ ၊ ဆင်းလာခဲ့ ဆင်းလာစမ်းပါ ” ဟု လှမ်းအော်ပြီးပြောသည်။

ဒီတော့မှ “ ကဲ သူငယ်ချင်းရေ ၊ တစ်ခုခုပဲ ငါသွားမယ် ” ဟု ပြောကာ အပြေးဆင်းလာသည်။

လှေကားထစ်ကို ဘယ်ပုံဘယ်နည်း နင်းမှန်းမသိ ၊ လက်တန်းကို လက်ဖြင့် လျှောကာ ထိန်းကာ ဆင်းလာခဲ့သည်။ကားဆီသို့ အရောက်ပြေးလာခဲ့သည်။

သူအနားမရောက်မီ ကိုလတ်က ကားထဲသို့ဝင်ပြီး စက်နိုးထားသည်။ကိုကြည်လွင်က နောက်ခန်းထဲသို့ ဝင်ထိုင်သည်။ကိုထွေးသည် ကိုလတ်ဘေးသို့ ဝင်ထိုင်ပြီး တံခါးကို တအားဆွဲပိတ်သည်။

ကိုလတ်သည် ကားခေါင်းကို အနောက်ဘက်သို့ ဦးတည်လိုက်သည်။အဓိပတိလမ်းပေါ်သို့ ရောက်သောအခါတွင် လက်ယာဘက်သို့ ချိုးလိုက်သည်။ဘွဲ့နှင်းသဘင် လမ်းဆုံသို့ အရောက်တွင် ဘယ်ဘက်သို့ ကွေ့လိုက်သည်။သစ်ပင်တွေ တရိပ်ရိပ် ကျန်နေခဲ့သည်။

ပြည်လမ်းအရောက်တွင် လက်ယာဘက်သို့ အရှိန်မလျှော့ဘဲ ချိုးလိုက်သည်။တံတားဖြူ အလွန်တွင် စက်ရှိန်ကို လျှော့ပစ်လိုက်ရသည်။

နှင်းပြိုချေပြီ။

“ ကျွန်တော်နားမလည်ဘူးဗျာ ၊ ဘာဖြစ်လို့လဲ့ ဘာလဲ ”

ရှေ့မီးကို ဖွင့်လိုက်ရင်း ဖြေသည်။

“ အမွန်က ခေါ်ခိုင်းလို့ ”

“ ဗျာ ”

အံ့သြသွားသည်။

ကိုကြည်လွင်ဘက်သို့ စူးစမ်းသော မျက်လုံးများဖြင့် လှည့်ကြည့်သည်။

“ ကျွန်တော့်ကို သူပြောတော့ လိုက်မပို့ရဘူးတဲ့ ”

“ ဟုတ်တယ် ကိုထွေး ၊ အဲ့ဒါ ကျွန်တော်တို့တောင် မသိဘူး ၊ မနက်က သုံးနာရီကျော်ကျော်လောက် အမွန်တို့အိမ် ကျွန်တော်တို့သွားမှ သိတာဗျ ၊ အဲ့ ကျွန်တော်တို့လည်းရောက်ရော ခင်ဗျားကိုတွေ့ချင်တဲ့ အကြောင်းပြောတယ် ၊ ခင်ဗျားကို သွားခေါ်ပေးဖို့ပြောတယ် ။

ဒါနဲ့ ခင်ဗျားတို့အိမ် ကျွန်တော်ရောက်လာတာ ၊ ကားငှားရတာ တော်တော်နဲ့ အဆင်မပြေလို့ လေးနာရီလောက်ကျမှ ရောက်တယ်ဗျာ ၊ မမအေးနဲ့တွေ့တော့ ခင်ဗျားဌာနမှာ ရှိမယ်လို့ သိရတယ်။ပြန်ထွက်မယ်လုပ်တော့ မမအေးက ငါးနာရီလောက်ကျမှ အစ်ကိုပြန်လာမယ် ၊မမအေးကို လာခေါ်ပြီး အမွန်တို့အိမ်သွားမယ်ဆိုတာသိရလို့ အစ်ကို့ကို စောင့်ရတယ် ။

အစ်ကို့ကားလည်း ရောက်ရောက်ချင်း အမွန်တို့အိမ်ဝင် ၊မမအေးကိုထားခဲ့ ၊ခင်ဗျားဆီလာတော့ ဘယ်သူမှ မတွေ့ဘူး ”

ကိုကြည်လွင်အသံက လှိုက်မောသံ ပါနေသည်။ကိုလတ်က ရှေ့တည့်တည့်သို့ အာရုံစိုက်ထားသည်။မှန်တွင်အငွေ့ပြန်သောကြောင့် မှုန်သွားသည်။လက်တစ်ဖက်က စတီယာရင် ဘီးကိုထိန်းပြီး ကျန်တစ်ဖက်က အပြင်ကိုထုတ်ပြီးမှန်ကို ပွတ်သည်။

ရေသုတ်လက်တံကို ဖွင့်ထားသော်လည်း မှန်အတွင့်အပြင်ကို ပွတ်နေသည်။အင်းလျားလေးအကွေ့ကို လွန်လာခဲ့သည်။

“ ကိုကြည်လွင်တို့ လာတဲ့အချိန် ကျွန်တော်က လှည်းတန်းထိပ်ကိုရောက်နေတယ် ”

“ ခင်ဗျားသွားတက်တဲ့ နေရာအနှံ့ပဲ ၊ စမ်းချောင်းက ကီဝီအိမ်တို့ ၊ ကိုကျော်တို့အိမ်လည်းရောက်တယ် ၊ သမိုင်းက ကိုဇော်တို့အိမ်လည်းရောက်တယ် ၊ ကျောက်မြောင်းက ကိုစန်းမြင့်တို့အိမ်ရော ၊ သင်္ဃန်းကျွန်းက ဝဏ္ဏတို့အိမ်ရော အစုံပဲဗျာ ။

အစ်ကို သတိပေးလို့ ဝင်ဒါမီယာက ရုပ်ရှင်စတီဒီယိုလည်း ရောက်ခဲ့သေးတယ် ၊ ခြောက်နာရီထိုးတော့ လက်လျှော့ပြီး အမွန်တို့အိမ်ပြန်သွားရတာပေါ့ ၊ လေဆိပ်ရောက်ပြီးတော့ အချိန်ရသေးတာနဲ့ ဒီကိုတစ်ခေါက်ပြန်လာတာ ၊ လူကိုသေချင်စော်နံသွားတာပဲ ”

ကိုကြည်လွင်ကို တစ်ချက်ကြည့်ပြီး ခေါင်းငုံ့ထားလိုက်သည်။ရင်ထဲတွင် ထိတ်ထိတ်ပျာပျာ ဖြစ်လာသည်။နှလုံးသွေးတွေ ဆူလာသည် ထင်ရ၏။

ကိုလတ်က သူ့ကိုငဲ့ကြည့်ပြီး ပြုံးသည်။ကားစက်သံမှတစ်ပါး စကားမဆိုမိကြ။ပင့်သက်တစ်ချက် ရှိုက်မိသည်။နူတ်ခမ်းကို တင်းတင်းစေ့ထားမိသည်။

“ ဒီနေ့ ဆိပ်ကမ်းမှာ ကျွန်တော်တာဝန်ကျတာ မနည်းကြီးပြောယူရတယ် ၊ဒါ့ကြောင့် ခင်ဗျားနဲ့ မနေ့က မတွေ့ဖြစ်တာ ၊ နို့မဟုတ်ရင်တော့ ဘယ်မှာရှိတယ်ဆိုတာ သိရမှာ ၊ မနေ့က သူများအလှည့်မှာ တာဝန်အစားယူလိုက်ရတယ်လေ ”

ခေါင်းကိုသာ ညိတ်ပြလိုက်ရသည်။စိတ်ကစောနေသည်။အမွန့်ထံသို့ စိတ်ရောကိုယ်ပါ ချက်ချင်းရောက်သွားချင်သည်။ကားအချိန်နှေးကွေးလွန်းသည် ထင်ရ၏။

“ မီမှ မီပါ့မလားမသိဘူး ”

စိတ်မောသံနှင့် သူ့ကိုယ်သူပြောသလိုပြောသည်။ကိုကြည်လွင်က လက်ပတ်နာရီကို ကြည့်ပြီး —

“ ခုမှ ခုနှစ်နာရီဆယ်မိနစ်ဆိုတော့ မီပါတယ်ဗျာ ၊ လေယာဉ်က ခုနှစ်နာရီလေးဆယ်ငါးကျမှ ထွက်မှာပါ ”

ရှစ်မိုင်ကုန်းအဆင်းတွင် ကိုလတ်က ကားအရှိန်အနည်းငယ်မြှင့်ပြီး မောင်းရင်းတိုးတိုးရယ်သည်။ရယ်သံတွေ ၊ ယူကျူံးမရသံတွေ ၊ အားမလိုအားမရ ဖြစ်သံတွေ ရောနေသည် ထင်ရ၏။ကိုထွေးက နားမလည်သော အကြည့်နှင့် လှည့်ကြည့်သည်။

“ ဒီမယ် ကိုထွေး ၊ ရာဇဝတ်ဘေး ပြေးမလွတ်ဘူးတဲ့ သိလား ၊ ရာဇဝတ်မှု တစ်ခုခုကို ကျူးလွန်မိပြီဆိုရင် တရားခံကိုယ်တိုင် ဖြောင့်ချက်ပေးလို့ပဲ ဖြစ်ဖြစ် ၊ တရားခံပေါ်ရတာချည်းပဲ ။ အဲ့သလို ကိုထွေး ၊ အချစ်ဆိုတဲ့ ပြစ်မှုကို ကျူးလွန်လိုက်မိပြီဆိုရင်လည်း တရားခံအစစ်ပြေးဖို့ လွတ်ရိုးထုံးစံမရှိပါဘူးကွာ ”

ပြန်မပြောနိုင်အောင် ဖြစ်ရသည်။

မင်္ဂလာဒုံ လေယာဉ်ကွင်း ၊ လမ်းခွဲသို့ ရောက်တော့မှ တစ်ခွန်းသာ ပြန်ပြောနိုင်သည်။

“ ပြောသမျှ အလုံးစုံကို ကျွန်တော်ရင်ဆိုင်နိုင်ပါတယ် အစ်ကိုရယ် ၊ ပြောကြပါ ပြောနိုင်ပါတယ် ”

ရှေ့တွင် နှင်းထုတွေတားဆီးနေတာကို ကားမှန်ထဲမှ လှမ်း၍မြင်နေရသည်။

“ အမွန်လည်း ခင်ဗျားကို တွေ့မှတွေ့ပါ့မလားလို့ စိတ်စောနေမှာပါပဲ ကိုထွေး ၊ ခင်ဗျားကို တွေ့လိုက်ရရင်တော့ သူသိပ်ဝမ်းသာမှာပါပဲ ”

သစ်ပင်တွေ နောက်မှာကျန်နေရစ်ခဲ့သည်။

လေဆိပ် အဆောက်အအုံထဲသို့ ဝင်ကာ အုတ်တိုင်ဖြူဖြူလေးတွေကို လွန်လာခဲ့သည်။


*********


ကားရပ်လျင်ရပ်ချင်း ကိုထွေးက ချက်ချင်းဆင်းသည်။သူ့နောက်က ကိုကြည်လွင်က ကပ်လျက်ပါလာသည်။လူသွားလူလာ အဖြတ်အသန်းများလှသဖြင့် မျက်လုံးအဝေ့အဝှိုက် ညာဘက်ရွှေ့ကာ အမွန့်ကိုကြည့်ရသည်။အသင့်ဖွင့်ထားသော မှန်တံခါးဆီသို့ မရောက်မီကပင် ရှာမိသည်။

မှန်အကာတွေကြောင့် ခန်းမကြီးထဲရှိ လူတွေကို မြင်နေရသည်။အတွင်းသို့ ခြေလှမ်းမိသောအခါ ရင်တွေပိုပြီးခုန်လာသည်။တွန်းလှည်းတွေနှင့် ပစ္စည်းပစ္စယတွေ သယ်ယူနေကြသော အမှုထမ်းများ လေယာဉ်အရာရှိများ ၊ လုံခြုံရေးတာဝန်ခံများ ၊ ခရီးသည်တို့ကို လိုက်ပို့သူများ ၊ နိုင်ငံခြားသားများ လေဆိပ်အမှုထမ်းများ သွားလာလှုပ်ရှားလျက်ရှိသည်။

စုရုံးပြီး စကားရပ်ပြောနေကြသူများ ၊ အပေါ်ထပ်နှင့် အောက်ထပ် တက်ဆင်းနေကြသူများ ၊ ဘဏ်တိုက်ခွဲ ပတ်လည်တွင် အလုပ်လုပ်နေကြသူများ ။

လူတွေ ကွယ်နေသောကြောင့်လား ၊ ပူလောင်နေသောကြောင့်လားမသိ။အမွန့်ကို မတွေ့ ။

ကိုကြည်လွင်က သူ့ကိုဆွဲခေါ်ကာ —

“ ဟိုမှာ ဟိုမှာ ” ဟု ပြောသည်။

ကိုကြည်လွင် လက်ညိုးညွှန်ရာသို့ လှမ်းအကြည့်တွင် အမွန့်ကို ညိုညို အေးအေးတို့နှင့်အတူ တွေ့ရသည်။အမွန်သည် သူ့ကို လှမ်းမြင်သည်။

မြင်သည့်ခဏတွင် သူရှိရာသို့ ပြေးလာသည်။သူက အမွန့်ထံသို့ ခပ်မြန်မြန်လျှောသွားလိုက်သည်။

လမ်းတစ်ဝက်တွင် အမွန်သည် လေယာဉ်မှုးတစ်ဦးနှင့် တိုက်မည့်တော့မည်နှယ် ဖြစ်သွားသည်။ခြေကိုတုန့်ကာ ရှောင်လိုက်ပြီး ခပ်သုတ်သုတ်လျှောက်လာ၏။မျက်နှာချင်းဆိုင်တွေ့မိတော့ အမွန်ပြုံးလေ၏။

“ ကို့ ရောက်လာတယ်နော် ”

ရင်တွေခုန်လွန်းသောကြောင့် ရုတ်တရက် မဖြေနိုင် ။ ပြုံးပြဖို့ပင် အတော်အားယူရသည်။

“ အမွန် သိပ်ကို တွေ့ချင်လွန်းလို့ပါ ”

သူခေါင်းညိတ်လိုက်သည်။အမွန်က ကိုယ်ကိုလှည့်ကာ ညိုညိုတို့ရှိရာ ခြေဦးတည့်သည်။သူ့ဘယ်ဘက်ဘေးတွင် ကပ်ပြီး အမွန်လိုက်လာသည်။

ပခုံးစွန်းချင်း လက်ဖဝါးချင်း ရံခါထိမိသည်။

အမွန်သုံးနေကျ ရေမွှေးရနံ့သည် ထုံထုံပျံ့ပျံ့။

အပေါ်ထပ်လှေကား၏ ဘယ်ဘက်လှေကားသို့ ရောက်သော် သူ့ကိုညိုညိုနှင့် အေးအေးတို့က ပြုံးပြသည်။

ထိုအချိန်တွင် ကိုလတ်သည် သူတို့အပါးသို့ ရောက်လာ၏ထို့နောက် အမွန့် မိခင် နှင့် ဖခင်တို့ ရောက်လာကြသည်။

စကားတစ်ခွန်းနှစ်ခွန်းပြောရသေးသည် ။မိတ်ဆွေတစ်စု ရောက်လာသောကြောင့် အရှေ့ဘက်ခန်းမဆီသို့ ရောက်သွားပြန်သည်။

ကိုကြည်လွင်အနီးသို့ လူဝင်မှုကြီးကြပ်ရေး အရာရှိတစ်ယောက် ရောက်လာသည်။စကားစမြည်ပြောပုံကိုထောက်လျင် တစ်ဌာနတည်း လုပ်ဖော်ကိုင်ဖက်များ ဖြစ်ဟန်ရှိ၏။ထိုအရာရှိ ခေါ်ရာဘက်သို့ ကိုကြည်လွင် လိုက်သွားသည်။ခန်းမထဲတွင် စကားသံတွေ ၊ အိတ်ဆောင်ရေဒီယိုမှ သီချင်းသံတွေကို ကြားနေရသည်။

ကိုလတ်က ခြေထောက်ကို ရွှေ့လိုက်သည်။အေးအေးနှင့်ညိုညိုတို့က ဟိုလိုဟိုလို ဒီလိုလိုနှင့် အရှေ့ဘက်သို့ လျှောက်သွားကြသည်။ထိုအချိန်တွင် အာရုံတွေ ထွေပြားလာသည်လားမသိ။နားထဲတွင် အသံတွေ တိတ်ဆိတ်သွားသည်။

အမွန့်ကို ငေးကြည့်နေမိသည်။မနေ့က ဆွယ်တာအင်္ကျီနှင့် ။အမွန်အသက်ရှုမြန်နေသည်ဟု ထင်ရ၏။ ရင်ညွန့်သည် မို့လာလိုက် ။နိမ့်သွားလိုက်။

“ ကျွန်တော် ဘယ်လိုဖြစ်နေတယ်ဆိုတာ အမွန်သိပါတယ်နော် ”

အစွန့်စားဆုံး စကားလုံး ။ညိုးနေသော အမွန့်မျက်နှာသည် ကြည်လင်လာသည်ထင့် ။နှစ်နှစ်ကာကာ ပြုံး၍ခေါင်းညိတ်သည်။

“ သိတာပေါ့ ကို ရယ် ၊ အမွန်လည်း ကို့လိုပါပဲ ”

စကားတစ်ဝက်တစ်ပျက်တွင် ရှိုက်သံက ရောယှက်လာသည်ကို အမှတ်ထားမိလေသည်။

မေးကြောလေးတွေ တင်းလာသည်အထိ အံကြိတ်ထားသည်။မျက်တောင်ကို တဖျပ်ဖျပ်ခတ်ကာ ခေါင်းငုံ့ပစ်လိုက်သည်။

“ ကို ”

ခေါ်သံ၏ နောက်ကွယ်တွင် ခံစားမှု အတိုင်းအတာကို ချင့်တွက်နားလည်မိသည်။

“ ဘာလဲ အမွန် ၊ အမွန် ဘာပြောချင်လဲ့ ပြောလေ အမွန် ”

အမွန့်နှာသီးဖျားလေးတွေ လှုပ်ရှားလျက်ရှိသည်။

နူတ်ခမ်းသည် မသိမသာ တုန်နေသည်။

သက်ပျင်းတစ်ချက် ချလိုက်သည်။

ပျောက်သွားမည်စိုးသောကြောင့် အကြာကြီးစိုက်ကြည့်သည်။ပြီးတော့ အသံကို ထိန်းပြုကာ ခပ်ဖြည်းဖြည်းဆို၏။

“ ကို ပြောချင်တဲ့ စကားရှိရင် အမွန့်ကို ပြောလိုက်ပါတော့ကွယ် ၊ အမွန်ကြားချင်တယ် ၊ ပြီးတော့ ပြန်လို့လည်း ပြောချင်တယ် ကိုရယ် ”

ရင်တွေ ကွဲထွက်မတက် ခံစားလိုက်ရသည်။ စကားအဆုံးတွင် နှလုံးသွေးအခုန်သည် ဆူပွက်တော့ မတက်။

သည်းပွတ်ထဲတွင် ငဲ့ညှာခြင်း ၊ ထောက်ထားခြင်း ၊ စာနာခြင်းတွေ တစ်စစီပြိုကျလာ၏။

ကိုက်ထားမိသော နူတ်ခမ်းကို လွှတ်လိုက်သည်ည။ အားတင်းလိုက်သည်။ ပြောဖို့စကားကို ဆုံးဖြတ်လိုက်သည်။နူတ်ခမ်းကို ပြင်လိုက်သည်နှင့် အမွန့် မျက်နှာလှုပ်ရှားလာသည်။

အလှဆုံး မျက်လုံးအစုံကို သူကြည့်လိုက်စဉ့့် 

“ မျက်လုံးတစ်ကြည့် ၊ အပြုံးတစ်ချက်နဲ့ ရင်ထဲရှိတာကို တစ်ယောက်က ပြောတယ် ၊ ဒီစကားကို တစ်ယောက်ကလည်း နားလည်တယ် ။ နားလည်လို့ မျက်လုံးတစ်ကြည့် အပြုံးတစ်ချက်နဲ့ပဲ ပြန်ပြောတယ် ။နားလည်လိုက်ကြပြီပဲ မဟုတ်လား ။နူတ်က ဖွင့်ဟတဲ့ စကားဆိုတာ လိုသေးရဲ့လား အမွန်ရယ် ”


စကားအဆုံးတွင် အမွန်သည် မျက်လုံးကို အသာမှိတ်လိုက်သည်။သက်ပြင်းရှည်တစ်ချက် ချလိုက်ရင်း မျက်လွှာဖွင့်သည်။

ထို့နောက် ပြုံးသည်။ ခေါင်းတစ်ချက် ညိတ်သည်။


သူ့ကို ကြည့်သည်။


*********


( ၁၈ )


ကားဦးသည် ဆောင်းလေအအေးထုကို အရှိန်ပြင်းစွာ ထိုးဖောက်လျက်ရှိသည်။

ကားစက်သံကို ဂျက်လေယာဉ် အင်ဂျင်သံက လွှမ်းမိုးနေသည်။လျှိုတွေ ၊ ချိုင့်ဝှမ်းတွေ ၊ တောအုပ်တွေ ၊ လမ်းကွေ့တွေကို ပီပီသသ မြင်နေရသည်။

သူ့မျက်လုံးထဲတွင် တရိပ်ရိပ် မြင်နေရသည်။

နှင်းကွဲ သွားချေပြီ။

သို့သော် မှုန်ဝါးဝါး ဖြစ်လာပြန်သည်။

သူ့မျက်လုံးထဲတွင် နှင်းတွေ ဝေလာလေ၏။


------------------


ငြိမ်းကျော်


[ ရွှင်လန်းချမ်းမြေ့ပါစေ]


( ပထမပိုင်း) 👇👇👇

#Typing_Credit_ZawOo


#Photo_ကိုမင်းကိုနိုင်

ပဉ္စမမြောက်ဆောင်းရက်များ ( ပဉ္စမပိုင်း)

#ပဉ္စမမြောက်ဆောင်းရက်များ


( ပဉ္စမပိုင်း)


#ငြိမ်းကျော် 


( ၁၁ )


ညိုညိုသည် နို့စို့နေသော သမီးကို တစ်ချက်ငုံ့ကြည့်ပြီး ပြောလိုက်သည်။

“ သမီး အခုဝတ်ထားတဲ့ အင်္ကျီ င်္က အမွန့်လက်ရာလေ ၊ သူကိုယ်တိုင်ချုပ်တာ ၊မနေ့က လာပေးသွားတာ ၊ အင်္ကျီလေးငါးခြောက်ထည်ရယ် ၊ ကစားစရာတွေရယ် ၊ သမီးခြောက်လပြည့် လက်ဆောင်လာပေးတာတဲ့ ၊ ဒီနေ့တော့ လာမလာ မဆိုနိုင်ဘူး ”

အင်္ကျီလက်ကို ခေါက်တင်ရင်းပြောသည်။

“ ကျွန်တော်နဲ့ မတွေ့တာတော့ လေးငါးရက်ရှိသွားပြီ ၊ ဟိုနေ့က ဌာနကို လာတယ် ”

ညိုညိုက ပြုံး၍ ပြောသည်။

“ သူ့ဖိနပ်တက်နင်းလို့ ပြတ်တဲ့နေ့ကလား ”

ကိုကြည်လွင် ရေနွေးကြမ်းငဲ့ရင်း ရယ်နေသည်။

“ မြတ်နိုးတဲ့ သဘောတွေပေါ့လေ ”

ကိုကြည်လွင်က မျက်နှာထားတည်တည်နှင့် နောက်သည်။ပြန်မပြောဘဲ ငြိမ်နေလိုက်သည်။ညိုညိုတို့နှစ်ယောက် ပြောစရာစကားမရှိသေးလို့လား ၊ စဉ်းစားနေ၍လားမသိ ၊ အတန်ကြာငြိမ်နေကြသည်။ကိုထွေးက လက်ဖက်ရည် အကြမ်းပန်းကန်ကို ယူသောက်ရင်း အိမ်ရှေ့ဘက်သို့ ငေးကြည့်နေ၏။

“ အမွန်တို့ သွားဖို့နီးပြီတဲ့ ကိုထွေး ”

နင့်ခနဲ ခံစားလိုက်ရသည်။ခေါင်းကိုသာ ညိတ်ပြကာ ညိုညိုကို ကြည့်လိုက်သည်။

“ သူတို့အဒေါ်က အမွန်တို့ နေဖို့ထိုင်ဖို့ နေရာထိုင်ခင်းတွေ ဝယ်ပြုလို့တောင် ပြီးကြပြီတဲ့ ၊မနေ့ညက ညို့ကို ပြောသွားတယ် ”

“ အင်း ”

“ အမွန်တို့ နေမှာ ကင်ဘာရာမှာတဲ့ ”

“ သြော် ဟုတ်လား ”

“ ဒီဇင်ဘာ ဇန်နဝါရီလောက်နောက်အကျဆုံး သွားရလိမ့်မယ် ထင်တယ်ဗျ ”

“ အင်း အင်း ”

“ နောက် သုံးလေးလပဲ လိုတော့တာပေါ့နော် ”

ညိုညိုသည် တစ်ယောက်တည်း ညည်းတွားသလို ပြောသည်။ညိုညို့စကားနောက်ပိုင်းတွင် စကားဝိုင်းဖြစ်မလာတော့ ။ ကိုကြည်လွင်က ကုလားထိုင်နောက်မှီတွင် ဇက်မှီကာ မျက်နှာကြက်ကိုကြည့်နေသည်။ကိုထွေး၏ မျက်လုံးအစုံသည် အိမ်ရှေ့သို့သာ ရောက်နေသော်လည်း ဘာကိုမျှရေရေရာရာ ကြည့်နေပုံမရှိ။

မည်မျှကြာသွားသည်မသိ ညိုညိုသည် အိပ်ပျော်သွားသော သမီးကို အသာပွေ့၍ အိပ်ခန်းအတွင်းသို့ ဝင်သွားပြီး ကလေးကို သိပ်ခဲ့သည်။

ညိုညိုပြန်ထွက်လာချိန်တွင် အပြင်၌ အမှောင်ပျိုးလျက်ရှိသည်။ညိုညိုက မီးချောင်းခလုတ်ကို ဖွင့်သည်။မျက်တောင်တစ်ချက်နှစ်ချက်ခတ်ပြီး မီးချောင်းလင်းလာသည်။သည်တော့မှ ကိုကြည်လွင်က အနေအထားပြင်ပြီးထိုင်သည်။ကုလားထိုင်နှင့် နောက်ကျောကပ်ထားပြီး နံရံနှင့် ခေါင်းကိုထိထားသော ကိုထွေးက ခေါင်းငိုက်လိုက်သည်။

“ ကျွန်တော့်ကို ကိုထွေးစိတ်ဆိုးချင်လည်းဆိုးတော့ ၊ ကျွန်တော်က ကိုထွေးလိုမြုံမထားတက်ဘူး ၊ ပြောစရာရှိတာ ပြောရမှာပဲ ”

ခဏကြာတော့ စကားဆက်သည်။

“ ခင်ဗျား အမွန့်ကို နှိပ်စက်လွန်းတယ်ထင်တယ် ”

ပြင်းထန်သော အပြောကြောင့် ညိုညိုမျက်နှာသည် ကွက်ခနဲ ပျက်သွားသည်။ကိုထွေးထံမှ မျက်လုံးလွှဲပစ်လိုက်သည်။တွက်ဆနားလည်လိုက်သော ကိုထွေးက ချက်ချင်းခေါင်းခါပစ်လိုက်သည်။နုတ်ခမ်းကို စေ့ထားလိုက်သည်။

“ ခင်ဗျား အမွန့်ကို နားလည်သင့်ပါတယ်ဗျာ ”

အံကြိတ်ထားသည်။

“ သစ်ပင်တွေ သစ်ဥသစ်ဖုတွေနားလည်ရုံနဲ့ မဖြစ်ဘူး ၊ လူတွေရဲ့ အကြောင်းတွေကိုလည်း နားလည်အောင် ကြိုးစားရဦးမှာပေါ့ ”

မခံမရပ်နိုင်အောင် ဖြစ်လာ၍လား မသိ ။

“ ကျွန်တော် သိပ်နားလည်တယ် ကိုကြည်လွင် သိပ်ကိုနားလည်တယ် ”

အသံက တော်တော်ကျယ်သွားသည်။အော်လိုက်သံဟုပင် ထင်ရလိုက်၏။ညိုညိုသည် စိုးရိမ်စိတ်ဖြင့် သူ့ကိုကြည့်သည်။ကိုကြည်လွင်က မကျေမနပ် ပြုံးလိုက်သည်။

“ ဒီမယ် ကိုထွေး ”

ကိုကြည်လွင့် ခေါ်သံသည် ရင်ထဲသို့ ဖောက်လာသည် ထင်ရ၏။ ခေါ်သူကို လှည့်မကြည့် ။

“ အမွန်က စပြောတဲ့ ရည်းစားစကားကို ခဗျားနားထောင်ချင်လို့လား ”

ထိုစကားကြောင့် ခေါင်းကို ဆက်ခနဲ ထောင်ထားလိုက်သည်။နူတ်ခမ်းကို သွားဖြင့် ဖိကပ်ထားလိုက်သည်။ရင်တွေခုန်လာသည်။ခေါင်းထဲတွင်ဆူလာသည်။အသက်ရူရ ကျပ်လာသည်ဟုလည်း ထင်ရသည်။

“ မဟုတ်ဘူး ၊ တစ်ခုမှ မဟုတ်ဘူး ၊ ခုမှ ဘာလို့ ကျွန်တော် ပြောရတော့မှာလဲ ၊ အမွန့်ကို ဒုက္ခဝန်ထုပ်ဝန်ပိုးတွေနဲ့ မလွှတ်ချင်ဘူး ၊ လမိုက်ရက်ကျမှ ဗိုင်းငင်လိုက်ရင် ချည်ခင်တွေ ရူပ်ကုန်လိမ့်မယ် ညိုညို ၊ ချုပ်တည်းထားရလွန်းလို့ ရင်တွေ ကွဲထွက်မတက် ခံစားနေရတာကျတော့ ခင်ဗျားတို့ ဘာမှမပြောကြတော့ဘူးတဲ့လား ”

ညိုညိုသည် ကုလားထိုင်လက်တန်းတွင် တံတောင်တင်ပြီး မေးထောက်ကာ သူ့ကိုကြည့်သည်။

“ ဒါဖြင့် လသာတဲ့ ရက်တွေတုန်းက ဘာဖြစ်လို့ ဗိုင်းမငင်ခဲ့တာလဲ ကိုထွေးရယ် ”

သူက ခေါင်းကို တခါခါ ခါသည်။

“ ဗိုင်းငင်မလို့ အပြင်မှာ တိမ်ဖုံးသွားတဲ့နောက် ဘယ်လိုလုပ်ရမလဲ ညိုညို ”

“ ရှင် ”

“ ဟုတ်တယ် ဖွင့်ပြောမယ်ကြံတဲ့နေ့မှ ပြန်မဆုံတမ်းခွဲရမယ်လို့ သိုလိုက်ရတဲ့နောက် ကျွန်တော်အမွန့်ကို စိတ်ဒုက္ခမပေးချင်တော့ဘူး ၊ ဒါပဲလေ ၊ ဒါပဲ ဒါပဲ ”

ကိုကြည်လွင်သည် ကိုယ်ကို ရှေ့ကိုတိုး၍ မျက်လုံးအဝိုင်းသားနှင့်ကြည့်သည်။


“ ဟုတ်တယ် ဖွင့်ပြောမယ်ကြံတဲ့နေ့မှ ပြန်မဆုံတမ်းခွဲရမယ်လို့ သိုလိုက်ရတဲ့နောက် ကျွန်တော်အမွန့်ကို စိတ်ဒုက္ခမပေးချင်တော့ဘူး ၊ ဒါပဲလေ ၊ ဒါပဲ ဒါပဲ ”

ကိုကြည်လွင်သည် ကိုယ်ကို ရှေ့ကိုတိုး၍ မျက်လုံးအဝိုင်းသားနှင့်ကြည့်သည်။

“ ဘယ်တုန်းကလဲ ”

သူက အားယူ၍ပြုံးသည်။

“ တစ်နှစ်က ဆောင်းတွင်းမှာ ခင်ဗျားတို့နှစ်ယောက်နဲ့ ဦးချစ်လက်ဖက်ရည်ဆိုင်မှာ ဆုံဖို့ ချိန်းတဲ့နေ့ ၊ ခင်ဗျားတို့နှစ်ယောက် လက်ထပ်ဖို့ လူကြီးတွေက ရက်သတ်မှတ်ပြီးတဲ့အကြောင်း ပြောသွားတဲ့နေ့ ”

စကားအဆုံးတွင် ကိုကြည်လွင်သည် ပြန်၍ကျောမှီထိုင်လိုက်သည်။ညိုညိုသည် သက်ပြင်းတစ်ချက်ကို ခပ်လေးလေးချလိုက်ကာ ခေါင်းငုံ့လိုက်သည်။မေးကိုထောက်၍ ထားခဲ့သော ညာလက်သည် ကုလားထိုင်လက်တန်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုထားသည်။ထိုအချိန်တွင် တိုင်ကပ်နာရီစက်သံကိုပင် ခပ်သဲ့သဲ့ကြားနေရသည်။

“ ဒီ့အရင်က ပြောခဲ့မိရင်လည်းအကောင်းသား ၊ အင်းလေ ၊ ဒီအချိန်မှာ ဒီလိုဖြစ်ရမယ်ဆိုတဲ့ အကြောင်းကိုက ရှိနေတော့ ဘာတက်နိုင်မှာလဲဗျာ ”

ကိုကြည်လွင့် လေသံသည် တိုးတိုး ။

“ တကယ်လို့ စောစောကသာ အကြောင်းပါခဲ့ကြရင် ခုအချိန်ဆို သားတွေသမီးတွေနဲ့ ၊ အဲ့သလိုဆိုရင် ခုပြဿနာလည်း ကြုံရမှာ မဟုတ်တော့ဘူး ”

ညိုညိုသည် မချိတင်ကဲပြောသည်။

“ ကာလယန္တရားကို ပိုင်ချင်စမ်းလှတယ် ၊ နောက်ကို ပြန်ဆုတ်လို့ရရင် သိပ်ကောင်းမှာပဲ ၊ ဟင့်း့ မောလိုက်တာဗျာ ”

တက်အားသရွေ့ ပြုံးထားသော သူ့မျက်နှာသည် က္ကနြေ္ဒမပျက်ရုံ တစ်မည်သာသာ ၊ ညိုညိုသည် သူ့ကိုငေးကြည့်နေသည်။ကိုကြည်လွင်က ခေါင်းညိတ်လိုက်သည်။တည်ငြိမ်အောင်ကြိုးစားထားသော အသံနှင့်ဆက်ပြောသည်။

“ တကယ်တော့ အမွန်ဟာ ကျွန်တော့်စိတ်ဓာတ်ကို ပြုစုပျိုးထောင်ပေးခဲ့တဲ့ မိန်းကလေးတစ်ယောက်ပါ ၊ ထိန်းသိမ်းခဲ့ရတဲ့ အချိန်တွေမှာ ကျွန်တော်ဘယ်လောက် စိတ်ဓာတ်ကျနေတယ်ဆိုတာ ညိုညိုတို့ ကိုကြည်လွင်တို့ အသိပါ။ကျွန်တော် အမွန့်ကို ကျွန်တော့်အသက်ထက် ချစ်တယ်ဆိုတာ ယုံပါဗျာ ၊ စိတ်နှလုံးသိပ်ဖြူစင်တဲ့ မိန်းကလေးကို စိတ်ထဲက ကျိတ်ပြီး ချစ်မိတာတောင် အပြစ်ကြီးတစ်ခု ကျူးလွန်မိထားသလို ဖြစ်ရတာပါ ၊ မွန်မြတ်တဲ့ သူ့စေတနာကို မဖြူမစင် မရိုးမသား တစ်ဖက်သတ်တွေးမိတာများလား လို့လည်း ကိုယ့်ကိုယ်ကို မေးမိပါတယ် ”

အသံက တိမ်ဝင်သွားသယောင်ယောင် ဖြစ်လာသည်။

“ ထားတော့ ၊ ဒါတွေက ရှေးရှေးက အကြောင်းတွေ ၊ သူ့အဖေကို သိပါချစ်တဲ့ အမွန်က ဒီမှာ နေနိုင်ခဲ့ပါ့မလား ၊ သူပြောခဲ့ပြီးပြီပဲ ၊ ခင်ဗျားတို့လည်း သိပြီးသား ။

ကျွန်တော်ဖွင့်ပြောလိုက်ရင် အမွန့်အသည်းကို အမွန်ကိုယ်တိုင် ထက်ခြမ်းခွဲပါလို့ ပြောတာနဲ့ အတူတူပဲ ဖြစ်တော့မှာပေါ့ ၊ ခု ကျွန်တော် ပြောခဲ့တဲ့စကားတွေ သူပြန်များကြားရရင်တောင် အသည်းခိုက်ရပါလိမ့်မယ် ၊ ဒါပါဗျာ ၊ ဒါပါ ၊ ရှင်းလောက်ပါပျြီ ”


************


( ၁၂ )


ဖန်ခွက်ထဲရှိ လိမ္မော်ရည်ကို ကုန်အောင်သောက်လိုက်ပြီး ပုလင်းထဲက လက်ကျန်ကို ငဲ့ထဲ့လိုက်သည်။အမွန့်ဖခင်သည် ခေါင်းရင်းဘက်ရှိ ပလက်စတစ် ပက်လက်ကုလားထိုင်တွင် ထိုင်နေသည်။ခြေဖျားမှ ကိုယ်အောက်ပိုင်း တစ်ခုလုံးကို စောင်ဖြင့် ထွေးထားသည်။အပေါ်ပိုင်းတွင် ဆွယ်တာအကျီင်္ င်္ ဝတ်ထားသည်။တေဇောဘမ်းနံ့သည် တစ်ခါတစ်ရံ ဝေ့လာတက်သည်။

“ ဦးလေး သက်တော့ နည်းနည်းသက်သာတယ် မဟုတ်လား ”

မျက်မှန်ကို လက်မဖြင့် ပင့်တင်ကာ ခပ်ပြုံးပြုံးဖြေ၏။

“ ဒီလိုပါပဲ ကိုထွေးရာ ၊ ထူးတော့မထူးလှပါဘူး ၊ ခုကောင်းလိုက် ခုမကောင်းလိုက်ဆိုပါတော့ ၊ ရောဂါက မည်မည်ရရ မဟုတ်ပါဘူး ၊ စားမကောင်းတာ ၊ အိပ်မကောင်းတာ ၊ကိုက်တ်ာခဲတာ တစ်ခုခုပေါ့ကွာ ၊ လူကြီးနာဆိုတာ ဒါပဲ ထင်ပါရဲ့ ”

အမွန်က ဖခင်ဖြစ်သူကို လှမ်းကြည့်သည်။

ထိုအခိုက် အမွန့် မိခင်သည် ဖယောင်းတိုင် လေးငါးတိုင်ကို ယူလာပြီး စားပွဲပေါ်သို့ ချလိုက်သည်။ပြီးတော့ ကိုထွေးကို —

“ လိမ္မော်ရည် သောက်လိုက်ပါဦး ” ဟု ပြောသည်။အမွန်က ဖန်ခွက်ကို ယူပြီး ကိုထွေးကို လှမ်းပေးသည်။ဖန်ခွက်ကို လှမ်းယူရသည်။အမွန့် ဖခင်က —

“ ဧည့်သည်ကို ဆေးလိပ်တည်ဦးလေ ” ဟုပြောသည်။ အမွန့်မိခင်က “ ဟုတ်ပါရဲ့ မေ့လို့ ” ဟုပြောကာ ထမည်အပြုတွင် ကိုထွေးက တားသည်။

“ ဟာ နေပါစေ အဒေါ် ကျွန်တော် ဆေးလိပ်ဖြတ်လိုက်ပါပြီ ”

အမွန့်မိခင်က ပြန်၍ထိုင်သည်။

“ ဟုတ်လား ဖြတ်နိုင်ရင်တော့ အကောင်းသားပေါ့ကွာ ၊ နို့မဟုတ်ရင် အလုပ်ပိုတစ်ခုပဲကွ ” ဟု အမွန့် မိခင်က လှမ်းပြောသည်။အမွန်က မသိမသာ ပြုံးကာ သူ့ကိုကြည့်သည်။သူဆေးလိပ်ဖြတ်ခိုင်း၍ ဖြတ်ခဲ့ပုံကို သတိရဟန်တူသည်။

ထိုအပြုံး ထိုအကြည့်ကို သူတစ်ယောက်တည်းသာ သိသည်။သို့သော် မလုံမလဲ ဖြစ်မိတာကြောင့် လိမ္မော်ရည်ကို အကုန်သောက်လိုက်သည်။ဖန်ခွက်ကို ဗန်းထဲသို့ပြန်ထည့်ပြီး နုတ်တည့်ရာ စကားတွေကို ပြောရသည်။

အမွန့်မိခင်က သူတို့ သြစတြေးလျရောက်ရင် မှာစရာရှိတာမှာပါ ၊ ကုညီပါမည် စသည့်စကားတွေ ပြောသောအခါ ‘ ဟုတ်ကဲ့ ‘ မှတပါး အခြားစကားမဆိုဖြစ်။

အမွန်က ထိုအကြောင်းနှင့် စပ်လျဉ်း၍ကား တစ်ခွန်းမျှ ဝင်မပြော ။ မျက်နှာ ခပ်လွှဲလွှဲ ထားပြီး နားထောင်နေသည်။ပြောစရာတွေ ကုန်လာတော့မှ အမွန့်မိခင်နှင့် ဖခင်ကို ပြန်ရန်နူတ်ဆက်သည်။

အမွန်က ပြိုင်တူထ၍ လိုက်လာသည်။ချိတ်ထားသော သော့ကို ဖြုတ်ပြီး သံတံခါးကို ဖွင့်ပေးသည်။ကိုထွေးဆင်းမည့်ခြေပြင်ပြီး ပြန်လည်ရုပ်လိုက်သည်။အမွန်က ပြုံးသည်။ထို့နောက် ပြိုင်တူလှမ်း၍ ဆင်းသည်။

အပြင်တွင် မီးသီးရောင်စုံ လင်းနေသည်။အိမ်တိုင်းလိုလို မီးထွန်းထားသည်။ထို့ပြင် သစ်ပင်များ ရေတိုင်ကီများ ၊ တောင်ပို့ ၊ မြေကြီးပေါ် ဖယောင်းတိုင် အလင်းသားရှိနှင့်သည်။လှေကားခုံနှင့် သုံးလေးလှမ်းအကွာ မြေကြီးအပေါ် ဖယောင်းတိုင်တစ်တိုင်က လဲပြီးမီးငြိမ်းနေ၏။

အမွန်က ကောက်ယူလိုက်ပြီး လှေကားခုံပေါ်ရှိ ဖယောင်းတိုင်မှ မီးကူးကာ မြေပေါ်တွင်စိုက်သည်။ကျုံ့ကျုံ့ထိုင်ကာ ဖယောင်းတိုင် စိုက်ရင်းသု့ကို မော့ကြည့်သည်။

သူပြုံးပြသည်။

“ ဘာလို့ မြေကြီးမှာ ထွန်းတာလဲ အမွန် ”

မတ်တက်ရပ်ပြီး ဖြေသည်။

“ အံမယ် သိရဲ့သားနဲ့ ”

“ မသိလို့ အကောင်းမေးတာပါ ”

“ သြော် မြေကျြီးကိုစောင့်တဲ့နတ်အတွက် မီးပူဇော်တာပေါ့ ”

စံပယ်ရုံကို လွန်လာတော့ ထပ်မေးပြန်သည်။

“ ဘာဖြစ်လို့လဲ ဟင် ”

“ မီးပူဇော်တော့ မြေနတ်က မဖမ်းစားတော့ဘူးပေါ့ ကိုရဲ့ ”

ခြံဝအရောက်တွင် ရပ်လိုက်သည်။

“ ရင်ထဲကို ဖယောင်းတိုင်ထည့်ပြီး မီးထွန်းလို့ရရင် သိပ်ကောင်းမှာပဲနော် ”

အမွန်နားမလည်။

“ ကတ်သီးကတ်သတ်ကိုရယ် ဘာဖြစ်လို့တုံး ”

“ ရင်ထဲက နတ်မဖမ်းစားရအောင် မီးပူဇော်တာမျိုး လုပ်ရရင် ကောင်းမလားတွေးမိလို့ပေါ့ ”

အမွန်သည် တွေခနဲ ဖြစ်သွားသည်။ပင့်သက်တစ်ချက်ရိုက်ပြီး လျော့ရဲရဲ ပြုံးပြသည်။

မတိုင်ပင်ထားပါလျက်နှင့် အရှေ့ကောင်းကင်သို့ ကြည့်မိသည်။ခြံထောင့်ရှိ ထီးရိုးဝါးရုံ ထိပ်ဖျားတွင် ဝိုင်းဝိုင်းစက်စက် ဖိုးလမင်း ။


***********


( ၁၃ )


“ ညိုရယ် အမွန့်ကို နားလည်ပါတယ်နော် ”

“ နားလည်ပြီးသားပါ သူငယ်ချင်းရယ် ”

အမွန့်ပုခုံးကို ဖတ်လိုက်ရင်း ညိုညိုက ပြုံး၍ဖြေလိုက်သည်..။ညိုညို့ အပြုံးတွင် အသနားနေသည်။အမွန့်မျက်နှာကို ငဲ့၍ကြည့်လိုက်သည်။အမွန်ကမော့ကြည့်သည်။ယဲ့ယဲ့အပြုံးကပင် မပီမသ ၊ မျက်တောင်တစ်ချက်နှစ်ချက်ခတ်ပြီး သက်ပြင်းချလိုက်သည်။စေ့စေ့စပ်စပ်ကြည့်နေသော ညိုညိုက မေးသည်။

“ မျက်လုံးတွေ မှိန်နေတယ် ၊ အမွန်ညက အိပ်ရေးပျက်ထားတယ်နဲ့တူတယ် ”

ခေါင်းကို အသာညိတ်ပြသည်။ညိုညိုသည် အမွန့်ပုခုံးကို တင်းနေအောင် တစ်ချက်ဖတ်လိုက်ပြီး လက်ကိုဖယ်လိုက်သည်။

“ သိပ်မတွေးပါနဲ့ အမွန်ရယ် ”

“ မတွေးပါဘူးကွယ် အတွေးတွေက သူ့ဟာသူခေါင်းထဲ ဝင်လာတော့ ဘယ်တက်နိုင်ပါ့မလဲ ”

ညိုညိုခေါင်းထဲတွင် တစ်လောတုန်းက ကိုထွေးပြောခဲ့သော စကားတွေကို ပြန်လည်သတိရသည်။မည်သည့်နည်းနှင့်မျှ အမွန့်ကို ပြန်လည်ပြောပြရန် မသင့်လျော်တော့သော စကားတွေအဖြစ် ယူဆသည်။

“ ကိုကြည်လွင်တို့က ဘယ်အချိန်လောက် ပြန်လာမှာလဲဟင် ”

အမွန်က စတင်ပြီး အကြောင်းအရာကို လွှဲလိုက်သည်။

“ တော်ကြာဆို ပြန်ရောက်တော့မှာပါ ၊ သုံးနာရီလောက် ပြန်ရောက်မယ်လို့ ပြောသွားတာပဲ ၊ခုပဲ နှစ်ချက်ထိုးပြီ ”

တိုင်ကပ်နာရီကို လှမ်းကြည့်လိုက်ပြီး ညိုညိုကဖြေသည်။

“ ကိုထွေးသူငယ်ချင်း ရိုက်တဲ့ကား ကန်တော့ပွဲပေးလို့တဲ့ ၊ ကိုကြည်လွင်ကိုပါ လာခေါ်သွားတာပဲ ”

အမွန်က ခေါင်းညိတ်သည်။

“ ဘယ်သွားစရာ ရှိလို့လဲ အမွန် ”

“ ဖေဖေ့အသိကိစ္စပါ ဟိုမှာ သူတို့အမျိုးတွေရှိလို့ အကူအညီပေးမလို့ ဖြစ်မှာပေါ့ ၊ ခု သွားမှာက အင်းစိန်ကျမ်းစာသင် ကျောင်းဝင်းထဲကိုပါ ”


********


“ စန္တယားချစ်ဆွေသီချင်းတွေ ခုတစ်လော ပြန်လာနေတယ်နော် ကို ”

ဘုရားရှိခိုးကျောင်း၏ ဆင်ဝင်ဘေးသို့ရောက်သောအခါ အမွန်က စပြီးပြောသည်။

“ ခွဲခွဲခြားခြား ခံစားတက်တဲ့အရွယ်မှာ သူ့သီချင်းတွေနဲ့ ရင်ဆိုင်ခဲ့ရတာပဲ အမွန် ၊ သူက နူတ်ခမ်းနဲ့ ဆိုတာမှ မဟုတ်တာ ၊ စွဲလမ်းခဲ့ရတဲ့ မှတ်မှတ်ရရဆိုရင် ချစ်ရေးခက်ခက် ၊ နောက် ခုနသီချင်းရော ၊ ချစ်ရက်ကယ်နှောင်းရော ၊ မေတ္တာအသည်းကလေးများရယ်ရော ၊ အကုန်ပါပဲ ”

အဲ့ဒီတုန်းက အမွန်ငါးတန်းခြောက်တန်းလောက်သာ ရှိသေးတာ ၊ ကို့လိုတော့ ဘယ်ခံစားတက်ဦးမလဲ”

ကိုထွေးမျက်နှာတစ်ချက်ပျက်သွားသည်ကို အမွန်သတိပြုမိလိုက်သည်။စကားမှားသွားသလားဟု တွေးမိလိုက်၏ ၊။ စဉ်းစားမရ။

ကိုထွေးက ပြုံးသည်။ ပြုံးပုံက စိတ်ထင့်စရာ။

“ ကျွန်တော်ရည်းစား ပျက်ခဲ့တဲ့အကြောင်း အမွန့်ကို ကျွန်တော်ပြောခဲ့ဖူးတာနဲ့ ဒီစကားက မပတ်သက်ပါဘူးနော် ”

အမွန်မျက်နှာ ညိုးကျသွားသည်။ ခေါင်းကိုခါလိုက်သည်။

“ အမွန်သတိတောင် မရပါဘူးကိုရယ် ၊ အမွန်အဲ့သလို ရယ်ရွယ်တာ မဟုတ်ပါဘူး ”

ကန်ဆီသို့ ငေး၍ဖြေးဖြေးပြောသည်။

“ နှလုံးသွေးနဲ့ ချစ်တဲ့အချစ်ဆိုတာ နားမလည်တဲ့အချိန်က ရယ်စရာ ဇာတ်ထုပ်ကလေးတစ်ခုပါ ၊ ကိုလတ်ကိုတောင် တစ်ခါပြောဖူးတယ် ၊ ပွဲဈေးတန်းမှာ အရုပ်လှလှလေးတစ်ခု ပူဆာတာမရလို့ ငိုတဲ့ကလေးရဲ့ အဖြစ်မျိုးပါ ၊ အဲ့ဒါပါ အမွန်ရယ် ”

အမွန့်မျက်နှာတွင် ပူပန်ရိပ်တွေ ဖုံးနေလျက် ။

“ အမွန့်စကားအသုံးအနူန်းမှားသွားတာပါ ၊ အမွန်တောင်းပန်ပါတယ် ”

အမွန့်ကိုသနားမိသည်။တောင်းပန်စရာ မဟုတ်ကြောင်း ၊ စိတ်အမှတ်အသား မထားကြောင်း အမွန့်ကို ပြန်ပြောရသည်။

အမွန့်မျက်နှာ ကြည်ကြည်သာသာ ပြန်ဖြစ်မလာသော်လည်း စောစောကလောက်ကား မဟုတ် ၊ လမ်းအလယ်သို့ ရောက်လာတော့ သူပြောသည်။

“ နှလုံးသွေးနဲ့ ရင်းပြီးချစ်တယ်ဆိုတာ ကျွန်တော်နားလည်တာ ဘာမှမကြာသေးပါဘူး ၊ ကျန်ခဲ့တဲ့ အတိတ်က အဲ့ဒီဇာတ်ထုပ်ကလေးကို အဲ့ဒီကျမှ သေသေချာချာ ခွဲခြမ်းကြည့်မိတာ ”

အမွန်ကမေးကို တစ်ချက်ဆတ်ပြီးပြောသည်။

“ ထားလိုက်ပါတော့ အဲ့ဒီ အတိတ်ကို”

“ ဟင့်အင်း ထားလို့ ဘယ်ဖြစ်မလဲ ၊ အဲ့ဒီအတိတ်ကို ဝေဖန်ကြည့်ရဦးမှာပေါ့ ၊ အရုပ်တစ်ရုပ်ကို ပိုင်ဆိုင်ချင်တာမျိုးမှန်း ဝေဖန်ကြည့်မှ သိလာရတာ ”

စကားကို ခဏဖြတ်လိုက်သည်။အမွန်သည် ရေကန်ပတ်လည်က မြက်ခင်းကို လှမ်းကြည့်ရင်း အာရုံစိုက်နေသည်။

“ ပိုင်ဆိုင်မှုဆိုတာ နှလုံးသွေးနဲ့ ချစ်တဲ့ အချစ်အတွက် အဓိကမှ မဟုတ်တာ ”

လမ်းမကြီးပေါ်သို့ ရောက်သောအခါ လျှောက်လာကြသော ခြေတွေရပ်သွားကြသည်။အမွန်က သူ့ကို ကြည့်သည်။နူတ်ခမ်းပြင်လိုက်သည်။တစ်ခွန်းပြန်ပြောသည်။

“ ဟုတ်ပါတယ် ဒါပေမယ့် အမွန်ထင်တယ် ၊ နှလုံးသွေးနဲ့ ချစ်တဲ့အချစ်အတွက် ပိုင်ဆိုင်မှုဆိုတာ အဓိက မဟုတ်ပါဘူး ၊ အဲ့ဒီမေတ္တာက ကွဲကွာရမှာကိုတော့ အတိုင်းအဆမရှိကြောက်တယ် ”

သူပြန်မပြောနိုင် ။ အမွန်က ထပ်မံမပြောတော့ ။

တိမ်အလင်း၏ ရောင်ပြန်ကြောင့် ကန်ရေမျက်နှာပြင် လှုပ်နေသည်ကို မကွဲမပြားမြင်နေရလေသည်။


*********


( ၁၄ )


ဆောင်းဝင်ပုံက မပီမသ။

လေထဲတွင် မြောက်လေအေးကို တစ်ချက်တစ်ချက် ရှုရှိုက်မိသည်။ထိုလေထဲတွင် သရက်ပင်ကို နွယ်တက်လျက်ရှိသော လက်ထပ်ပန်းရနံ့တွေ ပါလာတက်သည်။

ထိုရနံ့သည် ဆွတ်ပျံ့ဖွယ်ဝေဒနာကို အမှတ်တမဲ့ စွဲကပ်လာစေသည်။အတည်တကျ ချထားစရာ ကျောက်ဆူးမရှိသော စိတ်သည်မျောနေသည်။

သတိတရားဆိုသော သတ္တဝါကလည်း ရှောမွေးကဲ့သို့ အဖမ်းရ ခက်လေ၏။ဒုက္ခတောတွင် မျက်စိလည်၍ တဝဲဝဲဖြစ်ခဲ့ရစဉ်က ဒဏ်ရာမျိုးကို တနုံ့နုံ့ ခံစားရသည်။

မြင်နေ ၊ ကြားနေ ၊ သိနေသမျှ အရာရာတိုင်းကို မသိမသိဟု အာရုံပိတ်ကာ ငြင်းနေမြဲ ဖြစ်သည်။လျစ်လျူရှုနိုင်သော အင်အားသတ္တိကို တောင်းဆိုမိသည်။

မရသောအခါ ခန္ဓာကိုယ်တစ်ခုလုံးကို အစိတ်စိတ်အမြွာမြွာ ဆွဲဆုပ်ပစ်ချင်သည်။အသည်းနှလုံးတွေကို မှုန့်မှုန့်ညက်ညက်ကြေသွားစေချင်သည်။ငွေ့ငွေ့လောင်မြိုက်နေသော မီးစတွင် ဟုန်းခနဲထတောက်ကာ ပြာကျသွားစေနိုင်ရာ လောင်စာရည်လောင်းချလိုက်ချင်သည်။

နေစရာ အရပ် ခြားပါးလှချေချည်တကား။

ရင်ထဲတွင်မောတယ်။တလှိုက်လှိုက်လည်း ဖြစ်လာတယ်။အမျိုးအမည်မခွဲခြားတက်သော ရောဂါတစ်မျိုးက နေရာရွှေ့ပြီး စွဲကပ်နေတယ် ထင်တယ်။

သိကျွမ်းရာကစ ခင်မိတယ်။ မင်မိတယ်။ကြည်ဖြူမိတယ်။သဒ္ဒါမိမယ်ဆိုရင်လည်း သမုဒယ အစပျိုးပြီ ထင်ပါရဲ့ ။

ပြီးတော့ စေတနာထားတယ်။ အကြင်နာထားတယ် ။ ဂရုဏာထားတယ် ဆိုတဲ့အခါကျရင် ချစ်မိပြီပေါ့ ။မြတ်နိုးမှုက ဆင့်လာတဲ့အခါ အိပ်မောကျနေတဲ့ နှလုံးသားကို နိုးလိုက်မိပြီးသား ၊ အသားစိုင် အသားခဲထဲမှာ ရှာလို့ ဘယ်လိုမှ မတွေ့နိုင်တဲ့ အချစ်မျိုးက ပိုလို့လေးနက်တယ်။ကွယ်လည်းမကွယ်ပျောက်ဘူး ။

သူရွတ်ပြတဲ့ ကဗျာထဲကလိုပေါ့ ။

ဘဝများစွာ သေခဲ့တာတောင် မြေမှာ မလွှဲသာလို့ မြုတ်နှံရတာ ။စွန့်ပစ်တာမဟုတ်ဘူးကွယ် ။မြေမှာပစ်ခဲ့တာ မဟုတ်ဘူးကွယ် ။

အဲ့င်္ဒီသမုဒယက ဘဝမှာ မျိုးစေ့သဖွယ်ပါခဲ့တာ ထင်ပဟု တွေးမိသည်။ဒဏ္ဍာရီထဲက ဇာမဏီငှက်လိုဖြစ်ရင် သိပ်ကောင်းမှာ ဟုလည်းစိတ်ကူးမိသည်။

ကာလဆိုတာ မထိန်းချုပ်နိုင်လို့ အိုမင်းလာတဲ့အခါ မီးပုံထဲဆင်းလိုက်တယ်လေ။မီးပုံထဲက ပြန်ထွက်လာတဲ့အခါ နုပျိုမြဲပဲတဲ့ ။သည်နည်းနဲ့ ကာလဆိုတဲ့အရာကို မမှုနိုင်တဲ့ ကိုယ်ဖြစ်ရရင်တော့ ကောင်းမှာပေါ့။အစကို ပြန်သွားလို့ ရမှာပေါ့ဟု မဖြစ်နိုင်မှန်းသိသမျှကို အတွေးဖွဲ့သည်။

ယောက်ျားတစ်ယောက်ပေပဲဟု အားတင်းထားလျက်က ခြောက်ခြားလာသည်။

ဘဝကို အကာပြဲ့ပြဲ့ အနှစ်မဲ့မဲ့ဟု ယူဆချင်လာသည်။

စားချင်သည့်အခါ လွယ်လင့်တကု စား၍ရအောင် ၊ မပျက်စီးအောင် အသားကို ကျပ်တင်ကာ ထားသလိုလားဟု နိုင်းကြည့်မိသည်။

နှလုံးအငွေ့ မသေအောင် ထမင်းစားထားရသည်။ရေသောက်ထားသည်။ဆေးသောက်ထားရသည်။နေကာမိုးကွယ်ထားရသည်။အချိန်တန်လျင် ထမင်းစားလို့ရအောင် ထိုမတိုင်မီတွင် သူတစ်ပါးနားလည်အောင် ပြောပြခြင်းငှာ မစွမ်းသော အချစ်မျိုးဖြင့် ချစ်မိသူကို လက်လွှတ်လိုက်ရဦးမည်။

စင်စစ် ရောင်နီမသန်းခင်ကပင် မိုးချုပ်သွားချေပြီတကား ။

**********


( ၁၅ )


ပျော်ပွဲစားမဟုတ်မှန်း အားလုံးသိနေကြမည်ထင်သည်။ကျန်ခဲ့တဲ့ တနင်္ဂနွေက ညိုညိုတို့ အိမ်တွင်။ဒီနေ့ ကိုထွေးတို့ အိမ်တွင်။

ကိုလတ်တို့က အမွန့်ကို ထမင်းစားလာပါဟု ဖိတ်ခြင်းမဟုတ်။ထမင်းချက်စားကြရအောင်ဟု ခေါ်ခြင်းဖြစ်သည်။

ရက်သတ္တနှစ်ပတ်ကျော်လွန်လာလျင် အမွန်တို့ တစ်ပြည်တစ်ရွာသို့ ရောက်တော့မည်ဖြစ်၍ နူတ်ဆက်ထမင်းစားပွဲတစ်ခုကို ကျင်းပခြင်းသာဖြစ်သည်.။သို့သော် နူတ်ဆက်စကားကို သော်လည်းကောင်း ၊ နူတ်ဆက်ရာကျမည့် စကားမျိုးကို သော်လည်းကောင်း ၊ မဟမိအောင် သတိထား၍ နေမိကြသည်။ထို့ကြောင့်ထင်၏ ။ယခင့်ယခင်တုန်းက စားကြဆုံကြပုံနှင့်ကား စိုးစဉ်းမျှမတူ ခြောက်တိခြောက်ကပ်။

ထမင်းပွဲ သိမ်းပြီး၍ ဧည့်ခန်းတွင် မျက်နှာချင်းဆိုင်မိသောအခါ အေးတိအေးစက် ။

သဏ္ဍာန်လုပ်၍ သရုပ်ဆောင်ထားကြသော အမှုအရာမျိုးတွေနှင့် တိုင်တွင်ချိတ်ထားသော ရုပ်သေးရုပ်တွေအလား။

ကိုယ့်အတွေးနှင့်ကိုယ် ဖြစ်သွားတက်သဖြင့် မကြာခဏတိတ်ဆိတ်သွားသည်။စိတ်တွေယောက်ယက်ခတ်နေသည်ကိုလည်း ကိုယ်ချင်းစာ၍ သိနေကြပြန်သည်။

“ ခုမှ ငါးနာရီခွဲ ရှိသေးတာ ၊ တော်တော်မှောင်နေပြီနော် ”

အေးအေးက စကားမရှိ စကားရှာသည်။

“ ဆောင်းတွင်းက ဒီလိုပဲ နေ့တာတိုတာပေါ့ အေးရဲ့ ”

ကိုကြည်လွင်က ကောက်ကာငင်ကာ ဝင်ပြောသည်။

“ ထမင်းဆိပ်တက်လို့လားတော့မသိဘူး တော်တော်အေးလာတယ်ဗျ ”

အမွန်သည် စကားလုံးအနက်ကို ဖမ်းမိဟန်မတူ ။ ပြုံး၍ကားနေသည်။ ကိုထွေးသည် ခေါင်းတစ်ချက်ညိတ်ကာ “ အင်း ဟုတ်တယ် ” ဟု ပြောသည်။မျက်နှာချင်းဆိုင်ထိုင်နေသူ အမွန့်ထံသို့ မျက်လုံးလှန်ကြည့်ပြီး —

“ အနွေးထည်ဝတ်တော့လေ အမွန်အေးမှာပေါ့ ”

“ သိပ်တော့ မအေးပါဘူး ” ဟု အမွန်ပြန်ပြောသည်။

လက်ကမှု ကုလားထိုင်လက်တန်းတွင် တင်ထားသော ဆွယ်တာအင်္ကျီကိုယုသည်။ဝတ်ပြီးတော့ ကိုထွေးကို ပြုံးပြသည်။ထိုအပြုံးကို ကိုထွေးသဘောပေါက်သည်။ထို့အပြင် သူနှင့်တွေ့ဆုံရာ ပထမဦးဆုံးဆောင်းတွင်းက ဆွယ်တာအင်္ကျီကိုမှ ဒီနေ့ မှတ်မှတ်ရရ ရွေးချယ်၍ ယူလာသည်။အပြာနုနု။

တွေ့မြင်ဖူးခါစ အမွန်လိုပါပဲလားဟု တွေးမိသည်။

ရှေ့နှစ်ခါ သည်လိုဆောင်းတွင်း အနွေးထည်ဆွယ်တာ အပြာနုနု သည်အင်္ကျီနှင့် အမွန်ကို သည်နေရာတွင် မြင်တွေ့နိုင်တော့မည် မဟုတ်ပါလားဟု တစ်ပြိုင်နက်တွေးမိသည်။

ဆောင်းတို့၏ သဘောကား နေ့တာတိုလိမ့်မည် အမှန်တည်း။


***********


( ဇာတ်သိမ်းဆက်ရန်) 👇👇👇


#Typing_Credit_ZawOo


#Photo_ကိုမင်းကိုနိုင်

ပဉ္စမမြောက်ဆောင်းရက်များ ( စတုတ္ထပိုင်း)

#ပဉ္စမမြောက်ဆောင်းရက်များ


( စတုတ္ထပိုင်း)


#ငြိမ်းကျော် 


“ ကို အရင်ဆင်း ”

အဓိပ္ပာယ်ကို အပြည့်အဝနားလည်တော့ ငြင်းရသည်။

“ ဟင်းအင်း အမွန် အရင်ဆင်းပါ ”

အမွန်ကလည်း သူ့နည်းတူ ။

“ ရှေ့အရင်ရောက်နေတဲ့သူက အမွန်ပဲဥစ္စာ ၊ အမွန်အရင်ဆင်းပေါ့ ”

ညိုညိုသည် သူတို့နှစ်ယောက်တွယ်ကပ်နေပုံကို သဘောကျ၍ ပြုံးကြည့်နေသည်။ကိုကြည်လွင်သည် ရွှတ်နောက်နောက်စကားကိုဆိုသည်။

“ ခု ရန်မဖြစ်နဲ့ဦးလေ ”

အမွန့်မျက်စောင်းကို ဖျက်ခနဲတွေ့လိုက်ရသည်။

“ ကိုကြည်လွင်နော် ၊ဘာတွေ လျှောက်ပြောနေတာလဲ ၊ ညိုညို့လူကို မဆုံးမဘူးလား ”

ညိုညိုက ပါးစပ်ကို လက်ဝါးဖြင့်ကာ၍ တခစ်ခစ်ရယ်ရင့်း့ 

“ ညို့လူကိုတော့ ညိုကဆုံးမမှာပါကွာ ” ဟု ပြောသည်။ထိုစကားကြောင့် အမွန်နူတ်ခမ်းစုပစ်လိုက်သည်။ကိုထွေးမျက်နှာက ရှက်အမ်းအမ်းဖြစ်နေသည်။

ထို့ကြောင့် ယောင်ယမ်းပြီး လှေကားပေါ်မှ ဆင်းလိုက်သည်။သူ့နောက်တွင် အမွန်ဆင်းလိုက်သည်။ခြံဝရောက်သည်အထိ ညိုညိုတို့ ဇနီးမောင်နှံ၏ ရယ်သံကိုကြားနေရသည်။မြေနီလမ်းတစ်လျှောက်တွင် တစ်ယောက်နှင့်တစ်ယောက် စကားမဆိုမိကြ။ ပြည်လမ်းသို့ရောက်မှ ကိုထွေးက စကားစပြောသည်။

“ သုံးဘီးကား စောင့်စီးကြတာပေါ့ ၊ ဟီးနိုးကားတွေက သိပ်ကျပ်တယ်၊ တနင်္ဂနွေဆိုပေမယ့်လည်း ခါတိုင်းနေ့တွေလိုပဲ အမွန်တက်နိုင်မှာ မဟုတ်ဘူး ”

ရှက်ပြုံးမျက်နှာ မပြေနိုင်သေးဟန်တူ၏။ခေါင်းကို ခပ်ငုံ့ငုံ့ထားပြီး ခါသည်။

“ လမ်းလျှောက်သွားကြရအောင် ”

“ ဝေးတော့ အမွန်လျှောက်နိုင်ပါ့မလားလို့ပါ ”

“ ခြောက်မိုင်နဲ့ စံရိပ်ငြိမ် ဘာဝေးတာမှတ်လို့ ”

သူခေါင်းညိတ်လိုက်သည်။အမွန့်စကားကို ပယ်လေ့မရှိသောကြောင့် အမွန်က မပွင့်တပွင့် ပြုံးပြသည်။လက်ဝဲဘက် လက်တစ်ကမ်းအကွာမှ သူနှင့်ယှဉ်လျှောက်လာသော အမွန်ကို အင်းလျားကန်ပေါင်ဘက်သို့ အရောက်တွင် လှည့်ကြည့်သည်။

အင်္ကျီ င်္လက်ပျက်နှင့် ဒီအကျီ င်္ကို ဝတ်တောင့်ဝတ်ခဲ ၊ ထဘီအပြာနု ၊ တစ်ထွာကျော်ကျော် ဆံမြိတ်စ ၊ ဆံထုံးအရင်းတွင် ဖယောင်းပန်း တစ်ပွင့်။

လှည့်ကြည့်နေမှန်း အမွန်သိပုံရသည်။

သူ့ကို မော့ကြည့်သည် ။ အမွန့်ပါးမို့မို့နှစ်ဘက်တွင် သနပ်ခါးပါးကွက်ပါးပါးကို မြင်ရသည်။အမွန်ပြုံးလေသည်။

“ ထမင်းစားလို့ မြိန်တယ်နော် ”

ခေါင်းညိတ်၍ ဖြေလိုက်သည်။

“ အမွန်ဟင်းချက်ကောင်းလို့ပါ ”

“ မြှောက် မြှောက် စံရိပ်ငြိမ် ထိပ်ကျရင် အမွန် လက်ဖက်ရည်တိုက်ပါ့မယ် ”

အမွန်သည် တဟင်းဟင်း ရယ်၍ လိုက်ပါလာသည်။

တံတားဖြူသို့ ရောက်ခါနီးတွင့့် 

“ ကို ဒီနေ့ တော်တော် ပျော်နေတယ်ထင်တယ် ” ဟု ဆိုသည်။

“ ဘာဖြစ်လို့လဲ ” ဟု မေးသောအခါ “ တစ်နေ့လုံး ရယ်စရာတွေ ပြောနေလို့ ” ဟု အမွန်ဖြေသည်။ဤတွင့့် 

“ ဒီနေ့ တစ်နေ့တည်း မဟုတ်ပါဘူး အမွန်ရာ ၊ ပျော်နေတာ သုံးလေးနှစ်လောက်ရှိပြီ ၊ သိပ်မပျော်တော့တာတော့ တစ်နှစ်ကျော်လောက် ရှိသွားပြီ ” ဟု စကားမှားသွားသည်။အမွန်သတိပြုမိပုံရသည်။မျက်နှာညိုးသွားသည်။

“ အလုပ်တွေ ပိလွန်းလို့ မပျော်နိုင်တာပါ ” ဟု ဖာထေးမိလိုက်သော်လည်း အမွန့်မျက်နှာက စောစောကလို မလန်းလာတော့ ။


နှစ်ဦးကြားတွင် အသံတိတ်သွားသည်။ စီးပွားရေး တက္ကသိုလ် အဆောက်အုံလေးသို့ ရောက်ခါမှ အမွန်စကားစသည်။

“ ရှေ့လဆယ့်တစ်ရက်ဆိုရင် ကို့ မွေးနေ့ရောက်ပြီနော် ”

သင်္ကြန်အကြိုမတိုင်မီ တစ်ရက်သည် သူ့မွေးနေ့ ။

“အသက်တစ်နှစ်ကြီးတာဟာ သေမင်းဆီ သဝဏ်လွှာတစ်စောင်ပို့ရသလိုပဲ ”

“ ကိုရယ် သေစကားမပြောပါနဲ့ ”

ပျာပျာသလဲ တားမြစ်သည်။ထို့ကြောင့် စိတ်ဖြေစကားဆိုရသည်။

“ နောက် အနှစ်လေးငါးဆယ်ကြာရင် ရှောင်မရမယ့် တရားတွေကို ပြောတာပါ ”

အမွန်မျက်မှောင် ကြုတ်လိုက်သည်။

“ ဝမ်းနည်းစရာ အနာဂတ်မှန်သမျှကို မေ့မေ့ပျောက်ပျောက်နဲ့ နေနေရတာ ကောင်းမယ်ထင်တယ် ကိုရယ် ”

နွေဆည်းဆာ၏ လေပြေတွင် အသည်းကို မွှန်းတက်သော သင်တုန်းဓားတွေ ဆင်ထားသည် ထင်ရလေ၏။


********


( ၇ )


မိုးစွေတောင်ကုန်း၏ အရှေ့ဘက်ကမ်းပါးစွန်းတွင် ထိုင်လိုက်တော့မှ အသက်ရှု၍ပိုကောင်းလာသည်။သစ်ဝါးရနံ့တွေရသည်။အမြင့်ဆုံးသို့တက်လာသောအခါ မြက်ခင်းပြင်ကို တွေ့ရသည်။လေပြေက တဝေ့ဝေ့။

မျက်လုံးရှေ့တွင်တားဆီးထားသော အရာမရှိ။အပေါ်မှ ဆီး၍မြင်ရသောအမြင် အရှေ့တွင် တောင်ပူစာနှစ်လုံး ၊ချိုင့်ဝှမ်းတစ်ခု ၊ တဲအိမ်သုံးလေးလုံး ၊ ဥယျာဉ်စိုက်ခင်းတွေ။

ထိုရှေ့တွင် ပြည်လမ်း ထိုရှေ့တွင် လယ်ကွင်း ၊ ထိုရှေ့တွင် ကုန်းမြင့် ၊ ကုန်းမြင့် မျက်နှာပြင်သည် မင်္ဂလာဒုံလေယာဉ်ပြေးလမ်း။ထိုရှေ့တွင် အပြာရောင်ကောင်းကင်ပြင်ကျယ်။

“ ဒီနေရာလေးဟာ တော်တော်အေးချမ်းတဲ့ နေရာလေးနော် ”

အမွန်သည် နဖူးပြင်မှ ဆံစမျှင်ကို ဖယ်လိုက်ရင်းပြောသည်။

“ မြို့ရဲ့အမြင့်ဆုံးနေရာပေါ့ အဘက်ဘက်ကိုမြင်နေရတယ် ”

“ ကိုတို့နေတဲ့အပိုင်းနဲ့ အနောက်ဘက်ပိုင်းက တစ်မျိုးစီနော် ”

“ အရှေ့ဘက်က မြေည်ီတယ် ဒီဘက်က ကုန်းမြင့်တွေချည်းပဲ ၊ ကုန်းမြင့်ဆယ့်နှစ်ခုနဲ့ ဒီမြို့ကိုတည်တာလို့ လူကြီးတွေက ပြောတာကြားဖူးတယ် ”

သူ့ကိုငဲ့စောင်းကြည့်သည်။

နေခြည်သည် အမွန့်ညာဘက်ပါးပြင်ပေါ်သို့ ကျလာသည်။

“ ရုက္ခဗေဒသမားက မြို့သမိုင်းကို ပြောပြတော့မယ် ”

ကြည်နူးဖွယ် အခနဲ့စကားကြောင့် ပြုံး၍ခေါင်းညိတ်ပြလိုက်သည်။

“ ဒါပေမယ့် မြို့သမိုင်းက လွမ်းစရာကြီးပါ အမွန်ရယ် ”

မျက်လုံးအဝိုင်းသားနှင့် အံ့သြသွားပုံရသည်။

“ ပြောပြပါလားဟင် သိရအောင်လို့ ”

နားစွင့်နေသော အမွန်ကို လှည့်ကြည့်သည်။တည်ကြည်သော အမွန့်မျက်နှာတွင် သိလိုစိတ် အရိပ်အရောင်တွေ မြင်ရသည်။ထို့ကြောင့် ဆေးပေါ့လိပ်ကို တစ်ဖွာနှစ်ဖွာသာ သောက်လိုက်သည်။

“ မြို့သမိုင်းကို မပြောခင် နေရာတွေကို ပြောပြမှ အမွန်နားရှင်းမှာ ၊ လှိုင်မြစ်အနောက်ဘက်က မွန်မြို့ဟောင်းပေါ့ ၊ အစကဒီလို ၊ သထုံဘုရင်ရဲ့ သမီးတော် တစ်ပါးရှိတယ်တဲ့။မွန်မင်းသမီးတစ်ပါးဆိုပါတော့ ။

တစ်နေ့မှာ ဘိုးတော်ဘွားတော် စံမြန်းတဲ့ ဘောလယ်မြို့ဟောင်းကို အကန်တော့ သွားတယ်တဲ့ ၊ သုံးလေးလကြာတော့ သထုံနေပြည်တော်ကို ပြန်တယ်တဲ့၊ အပြန်မှာ သထုံကလာတဲ့ အထောက်တော်တွေနဲ့ ဒီမြို့မှာ ဆုံမိကြတယ် ၊ အကြောင်းက သထုံကို ဂျွမ်းသပုန်တွေ တိုက်နေလို့တဲ့ ၊ ဒီတော့ မင်းသမီးလေးအဖို့ သထုံကို ဆက်သွားဖို့ ခက်သွားတာပေါ့ ၊ ဒါနဲ့ လှိုင်မြစ်အရှေ့ဒီနေရာမှာ တစ်ထောက်နားရတာပေါ့ ၊ အဲ့ဒီတုန်းက မြို့နယ်ငယ် ၊ မြို့သိမ်လေးတစ်ခုတဲ့ ၊ တောင်ကုန်းတွေ မရှိဘူးတဲ့ ၊ စည်မျက်နှာပြင်လို မြေညီသတဲ့”

ဒူးနှစ်ဖက်ကို လက်ချိတ်၍တုပ်ထိုင်ကာ ထိုင်လိုက်ရင်း အမွန်ခေါင်းညိတ်သည်။

ဘောလယ်ကို ဂျွမ်းစစ်သည်တွေ ဝိုင်းထားသတဲ့ ၊ ဒီမြို့ရဲ့မြို့စားမင်းသားလေးက ဂျွမ်းစစ်သည်တွေ မထိုးဖောက်နိုင်အောင်လို့ မြို့ကိုကာကွယ်ရတယ် ၊ သထုံက ခမည်းတော် မယ်တော်တို့အတွက် ပူပင်သောကရောက်ပြီး နာမကျန်းဖြစ်လာတဲ့ မွန်မင်းသမီးလေးကိုလည်း ပြုစုနေရတာပေါ့ ၊ ဆယ့်နှစ်နှစ်ကြာပြီး မွန်မင်းသမီးလေးက သထုံကို ဆက်သွားဖို့စီစဉ်တယ် ၊ အဲ့ဒီအချိန် မွန်မင်းသမီးလေးနဲ့ မြို့စားလေးတို့ဟာ ဖွင့်ဟလို့သာ တစ်ယောက်ကိုတစ်ယောက် မကြေညာတာ ချစ်မြတ်နိုးမှုခြင်း ၊ အကြင်နာခြင်း ၊ မေတ္တာခြင်း ထပ်တူထပ်မျှ ဖြစ်ခဲ့ကြပြီတဲ့ ၊ ဒါနဲ့ ”

“ အင်း ဒါနဲ့ ဆက်ပါဦး ကို ”

“ မင်းသမီးလေး ရောက်လာတယ် ဆိုရင်ပဲ ခမည်းတော်က ဝမ်းသာလွန်းလို့ ထူထူထောင်ထောင် ဖြစ်လာတယ် ၊ သိပ်ချစ်တဲ့ သားအဖကိုး ၊ မင်းသားတစ်ပါးနဲ့ စုလျားထိမ်းမြားဖို့ စီစဉ်တယ် ၊ မင်းသမီးလေးက ခမည်းတော်ကို စိတ်ချမ်းသာရေးအတွက် ခေါင်းညိတ်လိုက်တယ် ။

ဒီသတင်းကို မြို့စားလေးကြားသတဲ့ ၊ဆယ့်နှစ်နှစ်ကာလအတွင်း ယာယီတဲနန်း ဆယ့်နှစ်နေရာ ဆောက်လုပ်ပေးခဲ့တဲ့ နေရာတွေကို အလွမ်းပြေသွားပြီး ကြည့်လေ့ရှိသတဲ့ ၊ မင်းသမီးလေးရဲ့ လက်ထက်ပွဲသဘင် ကျင်းပတဲ့နေ့မှာ အဲ့ဒီ ဆယ့်နှစ်နေရာကို ကြည့်ပြီး သစ္စာဆိုတယ်တဲ့ ။

သူ့ကိုယ်ထက် ၊ သူ့အသက်ထက် မင်းသမီးလေးကို ချစ်မြတ်နိုးပါတယ်တဲ့ ၊ ဒီသစ္စာမှန်ပါရင် အဲ့ဒီ ဆယ့်နှစ်နေရာကို မမှတ်မိအောင် လျှိုမြောင်တောင်ကုန်းတွေ ဖြစ်ပါစေသတဲ့ ၊ ဒါနဲ့ ဒီမြို့ဟာ အဲ့ဒီ ကုန်းမြင့် ဆယ့်နှစ်ခု ဖြစ်လာတာတဲ့ ၊ ကြားဖူးတာလေ ”

အမွန်သည် အဝေးသို့ ငေး၍ နားထောင်နေသည်။

“ မင်းသမီးလေးနဲ့ မြို့စားလေးကော ထက်တွေ့သေးသတဲ့လား ”

သူခေါင်းခါဖြေသည်။

“ မတွေ့နိုင်ကြတော့ဘူးလေ ၊ ဘာပြုလို့ဆို မင်းသမီးလေး လက်ထပ်ပွဲ ကျင်းပတဲ့ နေ့မှာ မြို့စားလေး ရင်ကွဲနာကျပြီး သေသွားတယ်တဲ့ ”

သို့သော် မြို့သမိုင်းထဲက အကြောင်းအရာ အချို့သည် မိုးစွေတောင်ကုန်းပေါ်သို့ တွယ်တက်လာသည်ဟု တွေးလောက်ဖွယ်တည့်။

နုတ်ခမ်းအဝသို့ စကားသံတွေ ထွက်မလာဖြစ်ကြ ။


************


လှိုင်မြစ်ရေးရေးကို အနောက်ဘက်တွင် မြင်နေရသည်။သစ်ရွက်စိမ်းလွင်ပြင်ကြီးကို အနုအရင့် ကွဲ၍ တွေ့နေရသည်။ နေခြည်သည် သစ်ရွက်တွေပေါ်မှ ရှပ်၍ ပြေးနေသည်။အမွန့်မျက်နှာသည် ပျောင်းနွဲ့သော နေရောင်နှင့် မျက်နိုးဖွယ် မျက်နှာလှလှ ၊ မင်္ဂလာရှိစွာသော မိန်းမချော မျက်နှာ ၊ မျက်ခြည်ပြတ်မခံနိုင်အောင် မြင်စမ်းချင်စွသော မိန်းမမြတ်မျက်နှာ ။

လမ်းအကွေ့သို့ ရောက်လာသည်။

လမ်းအနိမ့်ပိုင်းဖြစ်၍ နေရောင်သည် အမွန့်ကိုယ်ပေါ်မှ လွဲထွက်သွားသည်။ ပြန်လည်မြင့်တက်လာသော တစ်ဖက်ကွေ့သို့ ရောက်သော် နေရောင်ခြည်သည် အမွန့်ဆံစအပေါ်မှအစ တဖြည်းဖြည်း အောက်သို့ကျလာသည်။လမ်းအလယ်သို့ ရောက်လာချိန်တွင် အမွန်သည် တစ်စုံတစ်ရာကို သတိရဟန်ဖြင့်ပြောသည်။

“ ကို ဒီလ ရှု့မဝ ဖတ်ပြီးပလား ”

“ အင်း ဘာဖြစ်လို့လဲ ”

“ ကြည်အေးကဗျာ ဖတ်လိုက်တယ်မဟုတ်လား ”

ခေါင်းသာ ညိတ်ပြလိုက်ရသည်။ ဝိုးတဝါးဖြစ်နေသည်။မျက်မှောင်ကြုတ်ထားပြီး စဉ်းစားသည်။ဖြေလိုက်စဉ်က ဖယ်လိုက်ရသော ဆေးလိပ်ကို ပြန်ပြီးခဲထားသည်။

“ သိမြင်ခြင်းဆိုတဲ့ ကဗျာလေ ၊ အမွန်သိပ်ကြိုက်တာပဲရှင့် ၊ အစက ‘ မောလိုက်တာကွယ် ’ ဆိုတာက စတယ်၊ ပြီးတော့ ဆင်းရဲဝေဒနာကင်းတဲ့ အအိပ်မျိုးနဲ့ အိပ်ချင်တယ်တဲ့ ၊ဒုတိယပိုင်းမှာကျတော့ အဲ့ဒီလို အိပ်တဲ့အခါမှာလည်း မောင်က အပြစ်ပြောမလား ၊ ခွင့်လွှတ်မလားဆိုတဲ့ သောကတွေနဲ့ အိပ်မက်မမက်ချင်ပါဘူးတဲ့ ”

အမွန့်အသံတွင် မသိမသာ လှုပ်ခါနေသည် ထင်ရ၏။မျက်နှာနေ မျက်နှာထားကတော့ စိုးစဉ်းမျှတော့ ပြောင်းနေသည်။မြေညီလမ်းပေါ်ရောက်ပြီး သုံးလေးလှမ်း လှမ်းလာတော့မှ့ 

“ နောက်ဆုံးအပိုဒ်ဟာ စိတ်အထိခိုက်ဆုံးပဲ ၊ အဲ့သလို အိပ်ခြင်းမျိုးတွေနဲ့ အိပ်ပြီးလို့နိုးလာတဲ့အခါကျရင် ဖြူဖွေးတဲ့ ပွင့်ဖတ်လေးတွေနဲ့ ပွင့်တဲ့ စံပယ်ပွင့်သစ်လို ဖြစ်ချင်ပါတယ်တဲ့ ၊ အဆုံးအပိုဒ်ကို အမွန်အလွတ်ရနေပြီ ၊ ကိုနားထောင်မလား ”

ကြည်နူးစွာ ခေါင်းညိတ်ပြလိုက်သည်။

“ ငြိတွယ့့် အို အစပိုဒ်က စပြီးနားထောင်တာကောင်းပါတယ် ၊ဒီလို ကို့ 

နိုးပြေသောအခါ ၊ ဖြူလွှာပွင့်လှစ်

သစ်စပယ်သို့ ၊ ငြိတွယ်ပန်းလျ

ဘဝတစ်ရာ ၊ အခါများစွာ

သေဆုံးပါလည်း ၊ မြေမှာမပစ်

မွေးဖွားသစ်ခဲ့ ၊ ချစ်သက်ပါလှည့် ကြင်နာလှည့်ကွယ်

မောင့်ရဲ့သစ္စာ ၊မြင်ခဲ့ပါပြီ့ 

တဲ့ ထိခိုက်စရာပဲနော် ကို ”

အမွန်မျက်မှောင်ကြုတ်၍ နူတ်ခမ်းစေ့လိုက်သည်။

“ ဘဝတစ်ရာ ၊ အခါများစွာ ၊ သေဆုံးပါလည်း ၊ မြေမှာမပစ်တဲ့ ၊ မြေမှာမပစ်ဆိုတဲ့စကားလုံးက ကျွန်တော့်ရင်ကို စူးဝင်လာတယ် အမွန်ရယ် ”

သူ့စကားကြောင့် အမွန်လှည့်ကြည့်သည်။

နေခြည်မကွယ်သေးသော်လည်း အမွန့်မျက်နှာတွင် မှိုင်းညိုရောင်ဆိုင်းနေသည်။တစ်ယောက်ကို တစ်ယောက် ပြုံးကြည့်ဖို့ အားယူကြသော်လည်း မပီသ။ထို့ကြောင့် မျက်နှာချင်းလွှဲလျက်ပြီး လမ်းအတိုင်းမျက်နှာမှုလိုက်သည်။ကိုထွေးတို့နေထိုင်ရာ အိမ်ခေါင်တွင် နေရောင်ခြည်၏ နူတ်ဆက်အတို့အထိကို လှစ်ခနဲတွေ့လိုက်ရသည်။အပြာရောင်ကောင်းကင်သည် အဆုံးမရှိသော ခရီး၏ လမ်းပြတစ်ဦးပေတကား ။

*******


( ၈ )


အနောက်ဘက်ဝရန်တာရှိ ယင်းကြိုးလိပ်ကို ဖြေချလိုက်ပြီး ဆေးတံကို ပါးစပ်မှ ချွတ်သည်။စားပွဲတွင် တင်ပါးလွှဲမှီကာ ကိုထွေးကိုကြည့်သည်။စောစောက စကားကို ကိုလတ်ဆက်တော့မည်ဟုသိလိုက်၍ ‘ ကိရတိကားနှင့် ဗဟု၏ အိန္ဒိယပရဆေးပင်များ ’ စာအုပ်ကို လက်ထဲမှ ချလိုက်သည်။

အေးအေးက ကျောင်းခေါ်ချိန်စာရင်းစာအုပ်နှင့် အလုပ်များနေရာမှ ကိုလတ်ဘက်သို့တစ်ချက်ငဲ့ကြည့်၏ ။ ကိုထွေးသည် ပက်လက်ကုလားထိုင်ပေါ်တွင် နောက်မှီလိုက်ပြီးငြင်းသည်။

“ ခုန အစ်ကိုပြောလိုက်သလို ခဲမှန်ဖူးတဲ့ စာသူငယ်လို ကျွန်တော်ဖြစ်ခဲ့တာကြောင့် ဖြစ်ချင်ဖြစ်မယ် ၊ အချစ်ဆိုတာ ဘာမှန်းမသိခဲ့အရွယ်တုန်းက ကျွန်တော်ရည်းစားပျက်ခဲ့တာကို ခုထိအကြောက်လွန်နေတာလား ကျွန်တော်မသိဘူး ၊ ဒါပေမယ့် အဲ့ဒီတုန်းက ကိစ္စက ဈေးတန်းမှာ အရုပ်ကလေးတစ်ရုပ်ပူဆာတာ မရလို့ ငိုနေတဲ့ ကလေးလိုပါ ၊ ခု အမွန်နဲ့ တွေ့တဲ့အချိန်မှာ အဲ့သလို သဘောမျိုး မဟုတ်တော့ဘူး ၊ အမွန့်ကို ကျွန်တော် ချစ်ရင်ချစ်မယ် ၊ ပိုင်ဆိုင်ဖို့တော့ ဟုတ်ချင်မှ ဟုတ်မယ် ”

ကိုလတ်ခေါင်းတခါခါနှင့် ရယ်နေသည်။

“ ပိုင်ဆိုင်ဖို့ ဟုတ်ချင်မှဟုတ်မယ်ဆိုတဲ့စကားကို ကိုထွေးပြောတဲ့အချိန်ဟာ အမွန်တို့သြစတြေးလျကို အပြီးအပိုင် ထွက်ခွာသွားဖို့ သတင်းကြားပြီးတဲ့နောက်မှ မဟုတ်လား ”

အဖြေမပေးတက်အောင် တွေသွားရသည်။

ထိုစကားကြောင့် ရင်ထဲတွင် ဆက်ခနဲ လှုပ်သွားရသည်။သူပြန်လည် မပြောဆိုနိုင်မှ ကိုလတ်က ရယ်သံစွက်၍ တစ်ခွန်းပြောသည်။

“ အမွန့်ကို ကျွန်တော်ချစ်နေရင် ချစ်နေမယ်တဲ့ ၊ ခုထိ မင်း ဒီစကားမျိုးပြောနေတုန်းပဲ ၊ ပါးစပ်က အဲ့သလို မျက်နှာမှာက အထင်းကြီး ”

“ အမွန့်ကို ကျွန်တော်ချစ်နေတယ်လို့ပဲ ထားပါတော့ အစ်ကို ”

“ ရော့့်  ခက်ပါပေါ့ ထားပါတော့ပဲ ရှိပါသေးလား ”

သူပြုံးမိသည်။ အေးအေးက တစ်ချက်ရယ်လိုက်ပြီ့း့ 

“ ကိုလတ်ဟာ သတင်းစာ အယ်ဒီတာလုပ်ဖို့ မကောင်းဘူး ၊ ဆွဲချလိုပဲ အတင်းပဲ ဖြောင့်ချက်ပေးခိုင်းနေတော့တာပဲ ” ဟု ပြောလိုက်သည်။ ကိုလတ်က –

“ မဟုတ်ပါဘူးအေးရယ် ၊ ရေလာအောင်ပေးထားရတဲ့ မြောင်းခမျာမှာ ဆင်းလာမယ့်ရေကို အမျှော်လင့်ကြီး မျှော်လင့်ပြီး အတိမ်ကောခံရတဲ့ မြောင်းအတွက်ကို ကိုလတ်စိတ်မကောင်းလွန်းလို့ ဒီစကားပြောရတာ ”

ဟု ပြန်ဖြေသည်။

သူ့စကားအဆုံးတွင် ကိုထွေးကို လှမ်းကြည့်၏ ။ကိုထွေး ခေါင်းမဖော် ၊အတန်ကြာတော့မှ စကားသံ ထွက်လာသည်။

“ ချစ်တာတစ်ခုတည်းနဲ့ဆိုရင် အမွန့်ကို ကျွန်တော်ပြောရဲပါတယ် အစ်ကို ”

ကိုလတ်နဖူးကြောတွေ တင်းလာသည်အထိ စဉ်းစားလိုက်သည်။

“ ဒါဖြင့် ဘာဖြစ်လို့ ”

“ သိပ်တည်ကြည်တဲ့ မျက်နှာကို မြင်လိုက်ရင် ပြောမထွက်ဘူး ၊ တစ်မျိုးပဲအစ်ကို တစ်မျိုးပဲ ”

ခေါင်းကို ဆတ်ဆတ်ခါပစ်လိုက်သည်။ပင့်သက်ကိုမှုတ်ထုတ်ပစ်လိုက်သည်။

“ သတ္တိနည်းတာပေါ့ကွာ ”

“ မဟုတ်ဘုးအစ်ကို စိုးရိမ်တာ ဖြစ်ချင်ဖြစ်မယ်၊ ဘာဖြစ်လို့ဆိုရင် ဖြစ်နိုင်ပါ့မလား ဆိုတဲ့အတွေးဟာ ကျွန်တော့်ရင်ထဲမှာ အမြဲရှိနေတယ် ”

“ ငါ ကောင်းကောင်း နားမလည်တော့ဘူးကွာ ”

ကိုလတ်စကားအဆုံးတွင် ကိုထွေးသည် မဲ့ပြုံးပြုံးလိုက်သည်။

“ အမွန်နဲ့ ကျွန်တော် မတူဘူးမတန်ဘူးလို့ ထင်တယ် ”

အေးအေးသည် –

“ ဘာမတူမတန်စရာ ရှိလို့လဲ ကိုထွေးရာ ”

ဟု ချက်ချင်းပြောရင်း စားပွဲဝိုင်းဆီသို့ ထလာသည်။ကိုလတ်က ခေါင်းခါသည်။

“ ကျွန်တော် ဖွင့်ပြောပြီးတဲ့နောက်မှသာ ခုလိုရာသက်ပန်ကွဲရမယ်ဆိုရင် အမွန်ရူးမတက်ခံစားရလိမ့်မယ် ၊ ပြီးတော့ အပြစ်ကင်းတဲ့ အမွန့်ရဲ့ဘဝမှာ အမည်းစက်တစ်စက် ထင်ဖူးထားတဲ့ ကျွန်တော်နဲ့လည်း ဘယ်လိုမှ မဖြစ်နိုင်ပါဘူး ”

ကိုလတ်သည် ပို၍ နားမလည်ဖြစ်လာသည်။

“ ဘာ အမည်းစက်လဲ ကိုထွေး ”

“ အချစ်ဦးဟာ ဒီလောက်သဘောထား မသေးဘူးလို့ မမအေးထင်တယ် ကိုထွေး ”

အေးအေးကို ခေါင်းညိတ်ပြရင်း သူဖြေသည်။

ဒီအကြောင်းတွေ အကုန်လုံး အမွန်ကြားပြီးသားပါ မမအေး ၊ အမွန် သဘောထားမသေးဘူးလို့ ကျွန်တော် အကြွင်းမဲ့ ယုံကြည်ပါတယ် ၊ အမွန်ဟာ အခွင့်လွှတ်ဆုံးပါ ၊ ကျွန်တော့်ကို ဒီကမ္ဘာမှာ နားအလည်ဆုံး မိန်းခလေးပါ ၊ ကျွန်တော့်ကို အကြင်နာဆုံး သံယောဇဉ်အကြီးဆုံးပါ ၊ ပြီးတော့ ကျွန်တော့်ကို အချစ်ဆုံးလို့လည်း ကျွန်တော်ယုံတယ် ”

အသံတိမ်ဝင်သွားသည်။ဆက်ပြောရန် ကြိုးပမ်းယူသော်လည်း မရတော့ ။ အံကို တင်းအောင်ကြိတ်ထားမိသည်။ အေးအေးသည် စိုးရိမ်စိတ်ဖြင့် သူ့ကို ကြည့်လိုက်သည်။ကိုလတ်သည် ဆေးတံကောက်ယူပြီး မီးညှိလိုက်သည်။ကိုထွေးသည် အိမ်အပြင်သို့ ငေးကြည့်ရင်း အံတင်းထားရာမှ တဖြည်းဖြည်း လျှော့ချနေသည်။

မိုးချူန်းသံကို မကြားရသော်လည်း လျှပ်ရောင်သည် ယင်းလိပ်ကြားမှ တစ်ခါတစ်ခါ ဝင်လာသည်။


********


( ၉ )


ကိုထွေးဆီကို စာရေးလိုက်သည်။ရေးစရာအကြောင်းဆိုတာကလည်း တစ်ပတ်လျင်တစ်ခု ၊ နှစ်ခုတော့ ရှိစမြဲ ။

သူငယ်ချင်းတွေနှင့် အရက်သွားသောက်သည် ဟူသော သတင်းကြားရလျင် နောက်နေ့၌ အမွန်စာရေးဖြစ်သည်။ပညာရေးနှင့် ပတ်သက်၍ မကျေနပ်မှုတွေ ၊ ဒေါသတွေ ပေါက်ကွဲလာပြီဆိုလျင် နောက်တစ်နေ့၌ အမွန်စာရေးဖြစ်သည်။

စိတ်အားငယ်နေသည်ဟု ကြားသိရပါက အမွန်စာရေးဖြစ်သည်။ကိုထွေးသည် အမွန့်စာကို ဖတ်ပြီးသောအခါ ပြန်စာရှည်ကြီးကို ရေးမြဲဖြစ်လေသည်။ယခုသော် ရေးစရာတွေ ပြည့်နေတော့ စာတစ်လုံးမျှ ထွက်မလာ ၊ ကိုထွေးနှင့် ပတ်သက်၍ အရာရာကို မှတ်မှတ်ရရသတိပြုမိသည်။ပြောပုံ ၊ ဆိုပုံ ၊ နေပုံ ၊ ထိုင်ပုံ ၊ အသံ ၊ အမှုအရာတွေ ၊ သိကျွမ်း၍ သုံးလေးလကြာသောအခါ ခင်မင်ရင်းနှီးလာသည်။

ကိုထွေး ၊ ကိုကြည်လွင် ၊ ညိုညိုနှင့် သူတို့လေးယောက်သည် အစဉ်သဖြင့်ဆုံနေကျ ။ တရင်းတနှီးဖြစ်လာပြီး တစ်နှစ်ကျော်ကျော်တွင် ကိုထွေးအတွက် ရင်မောစရာတွေ ခံစားလာရ၏။ကိုထွေး၏အကို အထိန်းအသိမ်းခံရချိန်တွင် မြွေပူရာကင်းမှောင့်ဆိုသလို ကိုထွေးအတွက် အဘက်ဘက်က မပြေမလည်ဖြစ်ချိန် ၊ စိတ်ဓာတ်ကျလွန်းသောကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်ပစ်ဖို့ ကိုထွေးစိတ်ကူးပေါက်မိသည့်အချိန်။

ထိုအချိန်တွင် ကိုထွေးစိတ်ဓာတ်၊ သဘောထားအလုံးစုံကို သူ နားလည်လာရပေသည်။နားလည်မိသည်နှင့်အမျှ ဖေးမအားပေးစကားတွေပြောရန် ကြိုးစားရလေသည်။အားပေးစကားတွေ သူပြောသောအခါ အားတက်သရောမျက်နှာနှင့် ခေါင်းညိတ်တက်သောကိုထွေးကို ကြည့်၍စိတ်ချမ်းသာရသည်။ဖြေသိမ့်စကားတွေဖြင့် ကိုထွေးစိတ်ဓာတ်ကို ပြုစုပျိုးထောင်ပေးရသည်။

အမွန့်စကားဆိုလျှင် နားထောင်တက်သောကြောင့်လားမသိ ကိုထွေးလန်းဆန်းလာသည်ကို တွေ့မြင်ရသောအခါ ဝမ်းမြောက်ပီတိဖြစ်မိသည်။ထိုပီတိသည် အလုံးစုံသော သဒ္ဓွါတရားတွေကိုပါ တိတ်တဆိတ်ခေါ်ယူခဲ့သည်လား မဆိုနိုင် အကြင်နာပိုရလေတော့သည်။

တစ်နေ့နေ့တွင် ကိုထွေးထံမှ ကြားရလိမ့်မည်ဟု တထစ်ချတွက်ထားသော ကိုထွေး၏စကားလုံးတွေကို စိတ်ကူးဖြင့် တင်ကြိုကြားယောင်ပြုကြည့်သည်။ထိုအခါတွင် သူက ပြန်ပြောရမည့် စကားလုံးတွေကို စိတ်ထဲက ပြောကြည့်မိသည်။သို့သော် တစ်နေ့နေ့ဆိုသော ကာလအပိုင်းအခြားသည် အကန့်အသတ်နှင့် ရှိမလာခဲ့။မတိကျ မသေချာခဲ့ ။ စောင့်ရင်းနှင့် မောခဲ့ရချေသည်တကား။

သူသိမှာပေါ့ ။ဒီက ဘယ်လောက်ချစ်တယ်ဆိုတာကို သိရဲ့သားနဲ့ မျိုသိပ်ထားနိုင်လွန်းတယ်။သူ့မျက်လုံးတွေကတော့ မကြာခဏ ပြောနေတယ်။ကိုယ့်ကို ဖွင့်ပြောရမှာ ဝန်လေးနေတယ် ထင်ပါရဲ့ ။လိပ်ပြာမရဲဘူးနဲ့ ထင်တယ်။ဒီလောက်တောင် တစ်ယောက်ကို တစ်ယောက်နားလည်နေကြပြီပဲဟာ ။

“ အမွန်ရယ် အမွန့်ကို ကျွန်တော်ချစ်တယ်ဗျာ ” လို့ ဖွင့်ပြောတော့ ကိုယ်က စိတ်ဆိုးမှာတဲ့လား ။အပြစ်ပြောမှာတဲ့လား။ရန်တွေ့မှာတဲ့လား ။ အဲ့လိုများပြောလာရင့့် 

“ မောင့်ကိုလည်း အမွန်သိပ်ချစ်တာပေါ့ မောင်ရယ် ” လို့ ချက်ချင်း ပြန်ပြောမှာပေါ့ ။

“ မောင် ” လို့လည်း သူအခေါ်မခိုင်းခင် ဦးအောင် ခေါ်ပစ်လိုက်မှာပေါ့ ။ ဒါမှ သူ့ ‘ ကျွန်တော် ကျွန်တော် ‘ ဆိုတာကြီး ပျောက်သွားမှာ ။

ဒီလို စိတ်ကူးထွေလာတော့သည်။ဆင်းရဲခြင်းသာ အဖတ်တင်သည်။တစ်ခါတစ်ရံတော့ ဒီစိတ်ကူးတွေကို ကိုထွေးဆီ ရေးပြလိုက်ချင်သည်။တကယ်တွင် ရေးဖို့ ခွန်အားမရှိ။မိန်းခလေးဟူသော အသိကို အဘယ်သို့ ဖျောက်ဖျက်ရဲမည်ပ။တွေးကြည့်တော့ အများကြီး ။

ကိုထွေးသည် အမွန့်နည်းတုပင် တွယ်တာမိကြသည့်အချိန်မှ ယခုအထိ အသေးအဖွဲကလေးတွေကိုမျှ မေ့ထားခြင်းမရှိ ။တခြားမကြည့်နှင့် နူတ်ဆက်စကားမဆိုဘဲ ပြန်တက်ခြင်းကိုပဲ ကြည့်တော့ ။စွဲမြဲမှတ်သား သတိထားပုံမပျောက်။

ထိုအလေ့အထသည် လွန်ခဲ့သော သုံးနှစ်ကျော်က ရယ်စရာ မောစရာသဘော ၊ နောက်တော့ အနက်တစ်မျိုးဖြင့် လေးနက်လာသည်။တွေ့ဖန်မြင်ဖန်များလာတော့ နှောင်တွယ်သော အဓိပ္ပာယ်အသစ်ဖြင့် ပြောခဲ့ကြသည်။

ယခုအခါ ရှေ့တွင် မြင်နေရပြီဖြစ်သော မှိုင်းပျပျညောင်ညိုပင်သည် သည်းခြေကို ခိုက်စေတက်သော ညောင်သီးစိမ်းတွေဖြင့် ဝေဆာနေရော့သလားဟု မှန်းမိသည်။

စာရေးစက္ကူပေါ်တွင် စာတစ်လုံးတစ်လေမျှ မှင်နှင့် ထင်မလာ။


***********


( ၁၀ )


“ကိုက သိပ်ခက်တာပဲ ၊ ဘာလို့များဖိနပ်သွားဝယ်ရတာလဲ ၊ ပင်အပ်တွယ်ထားတဲ့ဟာ စီးလို့ရသားနဲ့ ” အပန်းဖြေရိပ်သာ အဆောက်အအုံ၏ အုတ်ခုံမှအဆင်းတွင် ညည်းသံနှင့် ဆိုသည်။စောစောတုန်းက ကိုထွေးနင်းမိလို့ သူ့ဖိနပ်ပြတ်ခဲ့သည်။သူက —

“ ကျွန်တော်ဝယ်လာတာကို မစီးချင်ရင် အဲ့ဒီစကားကို ဆက်ပြောပေါ့ ”

ဟု မကြည့်ဘဲ ပြောလိုက်သည်။စင်္ကြန်အရှည်ကို ဖြတ်အထွက်တွင် – –

“ မစီးချင်လို့ ပြောတာမှ မဟုတ်တာ ၊ ကိုကလည်း စိတ်ကောက်တာက အရင်ပဲ ” ဟု ပြုံး၍ပြောလိုက်သည်။

“ ကျွန်တော် စိတ်မကောက်ပါဘူး အမွန် ၊ ငြင်းတယ်လို့ ထင်လို့ စိတ်မကောင်း ဖြစ်သွားတာပါ ”

အမွန်ခေါင်းခါသည် ။နှစ်နှစ်ချြိက်ခြိုက်ပြုံးလိုက်ရင်း သူ့ကို ငဲ့စောင်းကြည့်သည်။

“ ဖိနပ်ဆိုတာ သွားစရာကို ညွှန်းတဲ့ပစ္စည်း ဖြစ်နေလို့ အမွန်ပြောမိတာပါ ”

အမွန် မျက်နှာလွှဲလိုက်ရသည်။

မိုးသားအစွန်းတွင် တွန်းထွက်လာသော နေရောင်ခြည်သည် မြက်ခင်းပြင်ပေါ်သို့ ခပ်စွေစွေ ကျနေ၏။ယုဒသန်ဘုရားရှိခိုးကျောင်း၏ မြောက်ဘက်အခြမ်းသို့ အလင်းရောင် ထင်နေ၏။မျှော်စင်၏ ဆင်ဝင်ရှေ့က ဝါးရုံသည် တစ်ရွက်တစ်လေမျှ လှုပ်ခက်ခြင်းမရှိ။


********


( ပဉ္စမပိုင်းဆက်ရန်) 👇👇👇

#Typing_Credit_ZawOo


#Photo_ကိုမင်းကိုနိုင်