#သဒိုး
(တတိယပိုင်း)
#ခင်ခင်ထူး
(၇)
သားယောက်ျားကလေး ရပြီဆိုကတည်းက ဒိုးကလေး မျက်နှာမော်ပြီ။ သူ့တစ်သက် ဘယ်မိန်းမကိုမှ မက်ရေ စက်ရေ ကြိုက်လှချေရဲ့ မရှိခဲ့ရာက ကြိုက်မိတဲ့ မိန်းမကိုလည်း သူတကာတွေ ဘာပြောနေနေ ပေါင်းခဲ့တယ်။ ဓာတ်တော်ပြောပြော ကလိန်စေ့ပြောပြော ဒိုးကလေးက မမှုဘူး။ ရွာတကာက မေးငေါ့ တာလည်း သူအသိပဲ။ ဘယ့်နှယ်မှ မနေပေါင်။ ကိုယ်ချစ်လို့ယူတဲ့ မယား ဘယ်သူတွေက ကြားထဲက နာစရာပါလို့လဲ ထင်ခဲ့သူကိုး။ ပန်းညိုကို ယူတယ်။
ပန်းညို လုပ်ကျွေးတာ စားခဲ့တယ်။ ရေသီနားခို တယ် ပြောပြော ဒိုးကလေးကဖြင့် နေတတ်လိုက်တာမှ။ နောက်တော့ သူကိုယ်တိုင် ယောက္ခမကြီးနဲ့ သဒိုးအလုပ် လုပ်ခဲ့တော့တာ။ ဒါလည်း အပြောမလွတ်ဘူး။ အကုသိုလ်မ ကို ယူတော့ အကုသိုလ် အထုပ်ကို ရွက်ရပြီပေါ့တဲ့။ ပြောသာ ပြောကြတာပါ။ ဘယ်သူကမှ အကုသိုလ် တစ်ပဲသား ခွဲဝေယူခဲ့ကြ တာ မဟုတ်ပါဘူး။ ထမင်းတစ်လုတ် ရေတစ်မှုတ်လာကမ်း ကြတာ မရှိဘူး။ ဒိုးကလေးကို ကြည့်ကြတဲ့ အကြည့်ကိုက မတူသလို မတန်သလို မျက်လုံးတွေလို့တောင် ထင်မိ တယ်။
သည်အလုပ်က နာမည်ဆိုးသလောက် စီးပွားကျ ဖြစ်သလားဆိုတော့ မဖြစ်ဘူး။ ပိုတယ် လျှံတယ်လို့ လည်း မရှိခဲ့ဘူး။ ပန်းညို အမဲသားလည်း ရောင်းတယ် ဆိုတာကလည်း အမဲတစ်ကောင်လုံး တောင်းထဲ ထည့်ရောင်း ရတာမှ မဟုတ်တာ။ သူတကာ အမဲပေါ် ၀က်ပေါ်ရယ်လို့ လာအပ်တာကို ပေါ်ခရယ်လို့ ပေးတဲ့ ဝေစု လောက် ရတာပါ။ မပေါ်ရတဲ့နေ့ ဘာဝင်ငွေမှကို မရှိတာ။ ပေါ်ခ အမဲတွဲ၊ ကလီစာ တွဲကလည်း အကုသိုလ် နဲ့ ချိန်ရင် အရင်းထဲကတောင် ပါသေးတာပါ။
ဒိုးကလေးကတော့ မိုးလင်းရင် ချောက်ဘက်သွားရပြီ။ ပန်းညိုက ခံတောင်းပက်လက်နဲ့ ချိန်ခွင် တစ်လက် ခေါက်ချိုး ထည့်ပြီး လင်မယားနှစ်ယောက် ချောက်ထဲ ဆင်းကြရပြီ။ ယောက္ခမက သမီးထုပ် လာတဲ့ ထမင်း အဆာပြေ စားပြီး သားအဖသုံးယောက် နွားဆွဲလာမယ့်၊ ကျွဲဆွဲလာမယ့်လူ မျှော်ရပြီ။ လာတဲ့နေ့ ငွေဝင်တယ်။ မလာတဲ့နေ့ ငွေမ၀င်ဘူး။ လာတဲ့ ကျွဲ၊ နွားဆိုတာကလည်း အမျိုးမျိုး။ နအို နမင်း ဆွဲလာတာ ရှိသလို ခိုးနွား ဆွဲလာကြတာလည်း ရှိတယ်။ အလည်လွန်လာတဲ့ နွားအစပျောက်ရ တာလည်း ရှိတယ်။ ကျေးစွန်ရွာဖျားဆိုတော့ တရားဥပဒေကလည်း ရုတ်တရက် ရောက်နိုင်တာ မဟုတ်ဘူး။ ပေါ်ပြီးသား အမဲ ရွာတကာ လည်ရောင်းတော့လည်း ဘယ်ရွာက ဘယ်သူ့နွား သိနိုင်တာ မဟုတ်တော့ဘူးကိုး။
"စဉ်းစားကြည့်တော့ ငါ့အလုပ်ကို ခိုးရာပါ လက်ခံရတော့ ငါလည်း ခိုးခြင်း ငါးပါးမြောက်တယ် ... ကျွဲနွားပိုင်ရှင် က လာစုံစမ်းတော့လည်း နွားအရောင် အသွေးကအစေ တလွဲပြောရတယ် ... ညာရတယ် ... သတ်လည်း သတ်ရသေးတယ် ... အရက်ကလည်း သောက်မှ လက်ငြိမ်တယ် ကံငါးပါးမှာ လေးပါး ပျက်ရပြီ ကော ပန်းညိုရဲ့ ... ကာမေသုမိစ္ဆာ တစ်ပါးကျန်တော့သာပါလားဟာ မကောင်းလိုက်တာ ..."
မကောင်းလိုက်တာ ဆိုပေသိ ဒိုးကလေးက ပျော်နေတာပါပဲ။ အရင်က မယားတင်ရှိတာ၊ ခုက သားကလေး ဒိုးကောင်း ပါ ရှိနေပြီ။ သည်သားမွေးကတည်းက ဒိုးကလေးဘ၀ ပိုပြည့်စုံသွားတယ် တောင် ထင်မိတယ်။ ချစ်လိုက် ရတာ တုန်လို့။
မီးနေရက်တွေ မီးတွင်းရက်တွေတုန်းက ပန်းညို ရွာစဉ်မလှည့်နိုင်တော့ ပန်းညိုရဲ့ ညီမ၀မ်းကွဲ တစ်ယောက် က လှည့်ရောင်းပေးရတယ်။ ကလေး မတီမတာ ရင်ခွင်အပ်နဲ့ဆိုတော့ ပန်းညို ညီမ ၀မ်းကွဲ ပုတေးကို အားကိုး ရတာပါ။ ပုတေးကလည်း လင်နဲ့ပါ။ ပုတေးနဲ့ ဒိုးကလေး အလုပ်သဘာဝ ဆက်စပ် ရာက အ၀င် အထွက် အထိအတွေ့ များလာတော့ ကျောပုတ် ခေါင်းပုတ် ဖြစ်လာတာကို ပန်းညိုက မကြိုက်တာတွေ ဖြစ်လာတယ်။ သည်တော့ ပုတေးကို ဟင်းတစ်ချက် စာပေးပြီး ပြန်လွှတ်၊ ပန်းညိုပဲ ခံတောင်း ခေါင်းပြန်ရွက် ရတာပါပဲ။ ပုတေး ကို ပြန်မောင်းထုတ်လိုက်တော့ ဒိုကလေး မကျေနပ်ချင်ဘူး။
"နင့်နှယ်ဟာ ... ပုတေးက ကိုယ့်ကူနေသဲ့ဟာ .. မကောင်းထင်ရတယ်လို့ ..."
"တော့်မှာ ကံငါးပါး ပြည့်သွားမှာစိုးလို့တော်ရေ့ ငါးပါးသီလ တစ်ပါးတော့လုံမှ နို့မို့ ခွေးဖြစ်တော့မယ်"
"ခွေးဖြစ်တော့ လည်း ပေါ်လိုက်ရုံပေါ့ဟာ ..."
သည်ကိစ္စ သည်လောက်နဲ့ ပြီးသွားလို့ တော်သေးရဲ့ အောက်မေ့ရတာပါ။ ပန်းညိုက ရွာတကာ လည်လို့ ကလေး နို့ဆာချိန် နို့ရည်များ "ရင်"က သက်ရင် အမဲမြန်မြန် ကုန်ပါစေ ဆုတောင်းမိရတယ်။ ကလေးအပ်ခဲ့တဲ အိမ်ကလည်း မိခင်နို့ယိုတဲ့ အိမ်ပါ။ နို့တိုက်ထားနေကျပါ။ ဒါပေမယ့် မအေဆိုတော့ နို့ယိုရင် သားကို သတိရတယ်။ ပန်းညိုက တစ်ခါတစ်ခါ ဘ၀များ ပင်ပန်းလိုက်တာ အောက်မေ့မိတယ်။
ပန်းညို အရင်လင်သား ရွှေတော်တက်သလို တစ်မိသားစုလုံး ရွှေတောတက်ချင်စိတ်တောင် ၀င်လာ မိတယ်။
ဒိုးကလေးက လက်မခံပါဘူး။ ရွှေတော သွားပြီး သူဘာလုပ်တတ်မှာတဲ့တုန်း။ ခုအလုပ်က ကျွမ်းကျင်နေပြီ။ ရွှေတောက အလုပ်ကြမ်းဆိုတော့ ငှက်တော ခွေးတော တိုးရတာနဲ့ ပြီးရတာ၊ သဒိုး အလုပ်က သူမှလုပ်လို့ ဖ်ြစတယ်လို့လည်း မာနခ့သေးတာပါ ပါတယ်။ ဒိုးကလေးက ရွှေတော မလိုက် ချင်တာ မလိုက်ချင်ဘူး မပြောဘူး။ နင့်လင်ကြီး အောက်မေ့လို့လားလို့ သေသူနဲ့ ပြန်ပေးစားနေလို့ နောက်ထပ် မပြောဝံ့တော့ပါဘူး။ ဒါပေမယ့် တစ်ချက်တော့ ပြန်ပက်လိုက်သေးတာပါ။
"တော်သေရင် နတ်စိမ်းဖြစ်မစိုးလို့ ပြောသာ တော်ရေ့ ... ကျုပ်ကို မတရားမပြောနဲ့ ... တော် လုပ်ချင် မှ လုပ် ... တော်မှ လုပ်နိုင်ရင် ကျုပ်က ရောင်းနိုင်ပါ့ ... ဘိုးကြာပေါ့် သမီး ဆယ်ရွယ် ခါးစောင်းတင် လာတဲ့ မိန်းမပါ ..."
ဒိုးကောင်း ရှစ်လသားအရွယ် ရောက်လာတော့ ကံကြမ္မာက တစ်မျိုးလှည့် ပြန်တယ်။ ဘိုးကြာပေါ် တစ်ယောက် ချောက်ထဲမှာပဲ အမဲရိုး၊ ကျွဲရိုးတွေကြား ဆုံးရှာတော့ ဒိုးကလေးက ယောက္ခမရာထူး ဆက်ခံရတာပါ။ အရက်ကလည်း မနက်ရေ ညရေ ဖြစ်လာပြီ။ သားဒိုးကောင်းကိုတော့ တုန်နေအောင် ချစ်ရှာတာလား။ သျှောင်ပွကြီးနဲ့ အင်္ကျီချွတ်ကြီးနဲ့ သားကို ချီဟယ် ပွေ့ဟ်ာနဲ့ ဆိုတာတော့ ၀တ်မပျက် ဘူး။ တစ်ရက်မှာတော့ အကုသိုလ်ချောက်ကြီးထဲက ရုန်းတတ်ဖို့ အခြေအနေပေါ်လာ ပြန်တယ်။
ဒိုးကလေးမှာ သားယောက်ျားကလေး ရပြီကြားလို့ ကုက္ကိုကုန်းက ဘိုးပျားအုံဘွားမှုံတို့က မြေးကလေး မြင်ချင်တယ် ဖြစ်လာကြတယ်။ ယောက္ခမ သဒိုးကြီးလည်း မရှိတော့ဘူးဆိုတော့ သားနဲ့ ချွေးမ မြေးကလေးကိုပါ ပြန်ခေါ်ချင်ချင် ဖြစ်လာကြတယ်။ မြေးကလေးကတော့ အဓိကပေါ့။ ကိုယ့်မှာ မြေနဲ့ ယာနဲ့ ရှိပါလျက်နဲ့ တစ်ဦးတည်းသောသား ဒိုးကလေး "သဒိုး" ဖြစ်နေတာ စိတ်မချမ်းသာကြဘူး။ သည့်ထက် မြေးကလေးရှေ့ရေး ရင်လေးမိကြတာလည်း ပါမှာပေါ့။ ချွေးမ ပန်းညိုမတော့ တယ်မကြည် သာချင်ကြဘူး။
ကုက္ကိုကုန်းသားဘိုးစုံက ရွာကို ပြန်စေချင်ကြောင်း လာပြောတော့လည်း ဒိုးကလေးက မိဘနှစ်ပါးကိုလည်း သူ့ကို တုန်နေအောင် ချစ်ရှာခဲ့ကြတာပါလားဆိုတာကိုလည်း သိပြီ။ အဖေနဲ့ အမေ အိုမင်းတွင်းဆုံး ကျနေပြီဆိုတာလည်း သိပြီ။ မြေးကလေး ချီချင်ရှာမှာပေါ့။ သီလကောင်းလို့ အသက်ရှည်သေးရင် မြေးရှင်ပြုကလေး မီချင်ရှာမှာပေါ့။
"မင်းတို့အတွက် ရယ်လို့ လက်သမား ညွှန့်မောင်ခေါ်ပြီး အိမ်နောက်ဘက်မယ် တဲရာကလေး ကောင်း ကောင်း ထိုး နေကြပါရော့လား ငဒိုးရဲ့ ... ခမျာများ ကြီးကြပါပြီကွာ ... မျက်စိ မမှိတ်ခင် မင်းတစ်လှည့် စောင့်ရှောက် စေချင်သာပဲ ... အမယ်ကြီးက ယဲ့ယဲ့ကျန်တော့သာ ... မင်းအဖေကတော့ မာပါရဲ့ ..."
"ဘိုးစုံရာ ... ကျုပ်ကလည်း အမိုက်ကြီးကမ်းကုန်ဆိုတာ မျိုးပါလားဗျာ အဖေတို့ အမေတို့မှ မခေါ်ရင် ကျုပ်ကလည်း ကုက္ကိုကုန်း ခြေမလှမ်းဘူးဆိုတဲ့ မာနနဲ့ ပေနေသာပါ ... ကျုပ်မှားခဲ့တယ် ... ခက်သာက ပန်းညို က ရှိသေးတယ် ... သူဘယ်မျက်နှာနဲ့လိုက်မှာတုန်း ... လိုက်လာလို့ ကြည်သာရင်တော်ရဲ့ ... မကြည်သာ ရင် ကျုပ်တို့ ညောင်ကားယား ပြန်ပြေးရမှာဗျ"
"မဟုတ်သာ ငဒိုးရာ မိဘများ အရွယ်တွေလည်း ရကြပါပြီကွာ ... ဒါတွေလည်း မရှိတော့ပါဘူး ... ခေါ်မှတော့ ခွင့်လွှတ် လို့ ခေါ်ကြသာပေါ့ကွ ... မင်းနှယ် ... အသစ်မလုပ်ချင်ပါနဲ့ ... မင်းအသက် မင်းပြန်တွက်လေ ... မငယ် တော့ဘူးကွ ... နာစရာကို လွမ်းစရာနဲ့ ဖြေကြပါပြီကွာ ... ပြန်ကြပါ ... ဘကြီးလည်း ရှိပါတယ် ..."
လျှောင်ကြီးဗွေ ဒိုကလေးက ချောက်ထဲက သစ်ပင်ကိုင်း တစ်ကိုင်းမှာ စောင်ပုခက်ချိတ်ထားတာကို လှမ်းကြည့်တယ်။ ပုခက်ထဲမှာ ဒိုးကောင်းက အိပ်လို့။ ဘိုးအေဘွားအေတွေက မင်းကို မျှော်ကြ ပတဲ့ ငါ့သားရေ လို စိတ်ထဲက ရေရွတ်လိုက်တယ်။ ဘိုးစုံ ပြန်တော့လည်း ဒိုးကလေးရင်တွေ တလှပ်လှပ်နဲ့ ကျန်ခဲ့ လေရဲ့။
(၈)
ညောင်ကားယား က လှည်းကြမ်းတစ်စီးနဲ့ သားအဖတစ်တွေ ထွက်လာကြတော့ နေတောင် မှည့်နေပါ ပြီ။ ပန်းညို က လတ်လတ် လောလောကလေးဝတ်လို့။ သားကို ပေါင်ပေါ်တင်ပြီး လှည်းရံတိုင် ကိုင်ရင်း လှည်းဆွဲရာ ပါနေရသလို ငေါင်ငေါင်ကြီး လိုက်နေရှာတာပါ။ သဘော မတူပါဘူးရယ်လို့ သုံး၊ လေးနှစ် ပစ်ထား တဲ့ ယောက္ခမရွာ လိုက်လာရတာဆိုတော့ မျက်နှာငယ်ရဦးတော့မှာပဲလို့ တွေးမိလို့ပါ။
ဒိုးကလေး ကတော့ ပြောတာပါပဲ။ အဖေတို့ အမေတို့လည်း အသက်ကြီးကြပါပြီ။ တို့အားမကိးု ဘယ်သူ့ အားကိုး မှာတုန်း၊ ဟိုတုန်း ဟိုခါက စိတ်ရှိလို့ ပြောခဲ့ဆိုခဲ့ ပစ်ထားခဲ့တာမှန်ပေသိ ခုတော့လည်း ဒါတွေ မရှိလောက် တော့ပါဘူးတဲ့။ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူတို့သား အရက်သမား သဒိုးဖြစ်သွားရ တာ ညည်းကြောင့် ဆိုတာတွေ လာတော့မှာကိုး။
မဟုတ်ဘူးလား ဆိုတော့လည်း ဟုတ်ပါရဲ့။ တံငါနား နီး တံငါ၊ မုဆိုးနာနီး မုဆိုး ဆိုတာလို သဒိုး နားနီး သဒိုး ဖြစ်ရတာ ကို ငြင်းမဖြစ်ဘူး။ ဒါပေမယ့် ပန်းညို တစ်ခုတော့ ၀မ်းသာမိတယ်။ သူ့မိသူ့ဘလက်ထဲ ပြန်ရောက်ရင် တောင်သူနားနီး တောင်သူဖြစ်ရမှာကို တွေးမိပြီး ၀မ်းသာတာပါ။ ဒိုးကလေးတင်မကဘူး သူလည်း အသားသည်ဘ၀က လွတ်ရတော့မှာကို လည်း ၀မ်းသာတယ်။ သူတို့ သား ယူမိမှာတော့ ယောက္ခမ မိဘ ဘာပြောပြော ဘာဆိုဆို ခါးစည်းခံရုံ ပေါ့လို့ပဲ တွေးတယ်။
လှည်းပေါ်မှာ ပန်းညိုတို့ ပိုင်ဆိုင်သမျှ စားအိုးစားခွက်ကလေးတွေ၊ အ၀တ်အစား တစ်ပွေ့နဲ့ စောင်ထုပ် ခေါင်းအုံးထုပ် လောက် ပါတာပါ။ ဂုံနီအိတ်ဟောင်းနဲ့ လိပ်လာတဲ့ ဘိုးကြာပေါ့် လက်ကျ သားလှီးဓား သားဖျင်ဓား တွေလည်း ပါရဲ့။ ဒိုးကလေးအဖို့ရာတော့ ယောက္ခမအမွေပေါ့လေ။
ဒါလည်း ပန်းညိုက မယူခဲ့ဖို့ ပြောပါသေးတယ်။ ကုက္ကိုကုန်းကို အကုသိုလ်မပါ စေချင်တော့လို့ပါ။ မိဘများ ရှေ့ ဓားတပြပြ လုပ်နဲ့ လုပ်မစားစေချင်တော့လို့ပါ။ အကုသိုလ်အလုပ်ကို ညောင်ကားယားက ချောင်ထဲ ထားပစ်ခဲ့ပါတော့ လို့ အတန်တန် ပြောခဲ့တာပါ။ ဒိုးကလေးက ဇွတ်ယူလာခဲ့တယ်။ ဒိုးကလေး စိတ်ကူး က ကုက္ကို ကုန်း ကနေ ဟိုရွာသည်ရွာ သဒိုးလိုက်လုပ်ဦးမယ်ပေါ့လေ။
"ဘယ့်နှယ့် ထားခဲ့ရမယ်လို့ဟာ နင့်နှယ် ... မလုပ်ချင်ကာမှနေရော ဓါးတွေ မထားရက်ခဲ့နိုင်ပေါင်ဗျာ ... ကျုပ်ယောက္ခမ အမွေ ပါ ... ငါက ကုက္ကိုကုန်း ရောက်လို့ ယာထွန်ကိုင်းထွန် ထလုပ်မယ့်ကောင် မဟုတ် ဘူးဗျာ ... အခြေအနေ မဟန်ရင် ဓါးထုပ်ဖွင့်သင့် ဖွင့်ရမှာပဲ"
ပန်းညို ကတော့ ဒိုးကလေးကို ကြည့်ပြီး သက်ပြင်းချရုံကလွဲလို့ ဘာတတ်နိုင်မှာတဲ့လဲ၊ သည်လိုနဲ့ ဓါးတွေ ပါလာ တာပါ။ လှည်းပေါ်မှာတော့ ကိုယ့်အတွေးနဲ့ ကိုယ်ခြောက်ကပ်ကပ်ကြီး။ ဒိုးကလေးလည်း ရွာပြန် ၀င်ရတော့မှာ ဆိုတော့ ရွာက ကြည်သာကြပါ့မလား၊ မျက်စောင်းတထိုးထိုး နှာခေါင်းတရှုံ့ရှုံ့နဲ့ နေကြမလား။ တစ်ရွာလုံး သူတော်ကောင်းတွေချည်း စုနေကြတာ မဟုတ်ပေသိ လူ့သဘာဝ သူတစ်ပါး ကို လက်ညှိုး ထိုးဖို့ တော့ လွယ်ကြတာကိုး။
"ကိုကြီးဒိုးတို့ မမညိုတို့က ကုက္ကိုကုန်းကို အပြီးပြောင်းကြတာလား ... ကိုကြီးဒိုး မိဘများက ချမ်းသာ ကြဆို ... မြေးတော့ အမွေတွေ ရချေသေးပေါ့ဗျာ ... ကျုပ်ကို ကိုကြီးဒိုး "နသတ်" ဘ၀က လွတ်သာ ၀မ်းသာသာ ... ကုက္ကိုကုန်း ရောက်မှတော့ သဒိုး မလုပ်ပါနဲ့တော့ဗျာ"
လှည်သမား ငသန်း က ညောင်ကားယားသားဆိုတော့ ဒိုးကလေးတို့နဲ့ ခင်လို့ လိုက်ပို့တာပါ။ ငသန်းက သူ့စိတ်ထဲ ရှိတာ ပွင့်ပွင့်လင်းလင်း ပြောချလိုက်တာကို ဒိုးကလေး စိတ်မဆိုးသာဘူး။ ငသန်းပြောတာ လမ်းကျ နေတာကိုး။
"မိဘများက အချမ်းသာကြီး မဟုတ်ပါဘူးကွာ တော်ရုံ တောင်သူပါပဲ ... မြေနဲ့ ယာနဲ့ လှည်းနဲ့ နွားနဲ့တော့ ရှိပါရဲ့ ... ဒါပေသိ မိဘအမွေ တစ်သက်လုံး ထိုင်စားလို့ ဖြစ်သာမှမဟုတ်သာ ... ငါ့အလုပ် ငါလုပ်ရမှာပေါ့ကွ ..."
"ငါကလည်း အဲသဟာပြောသာပဲ ငသန်းရယ် ... နင့်အစ်ကို ကို မလုပ်စေချင်တော့ပါဘူး ... ငါလည်း ရွာရိုး ကိုးပေါက် မလျှောက်ချင်တော့ဘူး ဟဲ့ အဖေ့ခမျာ သေကျွတ်ကျွတ် သွားခဲ့ပြီး ... လင် ကိုလည်း ရှင်ကျွတ် ကျွတ် စေချင်တာရယ် ..."
(၉)
ကုက္ကိုကုန်း လှည်းဝင်တော့ ရွာက ထူးသဟဲ့ ဆန်းသဟဲ့၊ လာကြပဟဲ့ မရှိကြပါဘူး။ ပုံမှန်ပါပဲ။ မိဘများဆီ သားသမီး တွေ ပြန်လာကြပြီဆိုတာမျိုးလောက်ပဲ ရှိကြတာပါ။ ဘိုးပျားအုံနဲ့ မယ်ကြီးမှုံတို့ ကတော့ လှည်းရောက်လာတော့ ပျော်ကြရှာတယ်။ သုံး၊ လေးနှစ်လောက် ပျောက်သွားတဲ့ သားမျက်နှာကို စေ့စေ့ကြည့်ကြတယ်။ သည်သုံးလေးနှစ်အတွင်းမှာ သျှောင်ကြီးဗွေကြီးနဲ့ လူက ညှင်းသိုးသိုး၊ မျက်နှာ တင်းတိတ်ဖတ် တွေနဲ့ မီးကျွမ်းအိုးရောင် ပေါက်နေတဲ့ သားကို ကြည့်ပြီး ဖြစ်ရလေ အောက်မေ့ကြရုံပေါ့။ ရောက်လာတာ ကို ၀မ်းသာတာက သပ်သပ်ပါ။ သားလူချောက ရုပ်ကြမ်းပြီး ဖြစ်သွားတာ သပ်သပ်။ ရွာက ထွက်သွား တုန်းက ဆံပင်စုစည်းနဲ့ ကတ္တီပါဖိနပ်နဲပ ကောင်က ပြန်လာတော့ တာယာဖိနပ်မြီးတို နဲ့ ကိုး။ မအေ ကတော့ ပြောရှာပါရဲ့။
"င့ါသားမလည်း ရုပ်ကြီး ကြမ်းလာလိုက်သာကွယ် ... မအေ့ဝမ်းထဲက ပါလာတဲ့ရုပ်ဆိုလို့ တစ်စိုး တစ်စိ တောင် မကျန်တော့ ပါလားဟဲ့ ... ငါဖြင့် တစ်ညတည်း နွားချောတစ်ကောင် လူချောတစ်ယောက် မွေးခဲ့သာ ... ခုတော့ ပုန်းမကြည် အိုးဟောင်းလိုပါကော ..."
"ကျုပ်က ရွာတကာလှည့်ကတဲ့ ဗလာမင်းသားမှ မဟုတ်သာကိုး အမေရဲ့ လုပ်ကိုင်စားရသာ ဆင်းရဲ တော့ ရုပ်မငဲ့ နိုင်ဘူး ... အမေ့ပဲကြည့်လေ ... ဟိုတုန်းကလို ဟုတ်သေးရဲ့လားလို့ ... ခင်ဗျားနှယ် ..."
ရောက်ရောက်ချင်း ဆိုသလိုပဲ ဒိုးကလေးက မအေကို ပြန်ပြောနေသေးတာပါ။ မအေကတော့ သားဆိုး ငဒိုး ကို ဘာမှ ပြောမနေတော့ပါဘူး။ ပါလာတဲ့ မြေးကလေး လှမ်းယူချင် ပွေ့ချင်ပေသိ ချွေးမလက်ထဲ မို့ လှမ်းမယူ ဘူး။ ရောက်လာသကောရယ်လို့ ချွေးမ ကို စကားတစ်ခွန်း မပြောဘူး။ မျက်နှာလွှဲနေလိုက် လေရဲ့။
လှည်းပြန်သွားတော့ ကိုယ့်ပစ္စည်းကလေးတွေ အိမ်နောက်ဖေး ဆောက်ထားတဲ့ တဲထဲသွင်းကြ ရပြီ။ ပန်းညို က ၀မ်းသာရှာတယ်။ အိုးသစ် အိမ်သစ်ရယ်လို့ သဘောထားတယ်။ တောင်သူ ယောက္ခမ မိဘများ ကျေနပ်အောင် ပြုစုမယ်လို့ ခံယူထားတယ်။ အခုစကားမပြော နောင် ပြောလိမ့်မပေါ့ ။ အခု မကြည်သာ နောင်ကြည်သာ ရမပေါ့။ ကိုယ့်မိကိုယ်ဘလို အောက်မေ့ပြီး ခြေဆုပ်လက်နယ်ပြုစုမယ်။ သားလေးကို သည်ရွာကျောင်း မှာပဲ ထားမယ်။ ပထမလင်က ကျန်ခဲ့တဲ့သား ကိုရင်ကလည်း စိတ်ချရပြီ။ ကုက္ကိုကုန်း ပြောင်းကြမယ် ဆိုတော့ ဦးပဉ္ဇင်းကြီးက သူ့တပည့် ကိုရင်ကို မထည့်ဘူးတဲ့။ သားကိုရင် ကလည်း မလိုက်တော့ ဘူးတဲ့။ ပန်းညိုကလည်း စိတ်ချပါတယ်။
ညစာ စားပြီးတော့ သားအဖသုံးယောက် အိမ်ရှေ့ပြင်မှာ ထွက်ထိုင်ကြတယ်။ ကုက္ကိုကုန်းညက လမင်းကြီး သာလို့။ နေရာသစ်မှာပေသိ ပန်းညို စိတ်ချမ်းသာလိုက်တာ။ သားညှီနံ့ကင်းတဲ့ လေသန့် ရှင်းကို အခုညက စပြီး ရှူရပြီရယ်လို့ စိတ်ချမ်းသာ တာပါ။ ရွာက ဒိုးကလေး သူငယ်ချင်းတချို့ ရောက် လာကြတယ်။ စကား တွေ ပြောကြတယ်။ အားပေးကြတယ်။ ညဥ့်နက်တော့ ပြန်သွားကြရော။ အခုတော့ ပန်းညိုတို့ဘ၀ ညောင်ကားယား မှာနေရတဲ့ ဘ၀မျိုး မဟုတ်တော့ဘူး။ လူနဲ့သူနဲ့ အသိုင်း အ၀ိုင်းနဲ့ ဖြစ်လာပါပကောရယ်လို့ ၀မ်းသာ လိုက်ရတဲ့ဖြစ်ချင်း။ ညအိပ်ကြလို့ ဒိုးကောင်း တစ်ရေးအနိုး လူးလှိမ့်ငိုတော့ ဘွားအေကြီး မယ်မှုံ မနေနိုင်ဘူး။ မီးတိုင်ခွက်ကလေးနဲ့ ရောက်လာတယ်။
"ငါ့မြေး လေများနာရော့လား ... လင်းနေမြစ်ကလေး ၀ါးခွံ့စမ်း ... အိမ်ဘက်လာယူလှည့် ..."
သည်စကား ကြားတော့ ပန်းညိုရင်ထဲ လှိုက်အောင် ခံစားခဲ့ရတယ်။ ဒိုးကောင်းကို အကြောင်းပြုလို့ ဘ၀သစ် တစ်ခု စရတော့မယ်လို့ တွေးမိလို့ပါ။ ပန်းညိုကတော့ နောက်တစ်ရက်မကူးခင် ညတွင်းချင်းမှာ ပဲ ယောက္ခမ အိပ်ပေါ် တက်ခွင့်ရခဲ့ပြီ။
နောက်တစ်နေ့ မိုးလင်းတာနဲ့ ပန်းညိုမ အစွမ်းပြတော့တာပါ။ တစ်အိမ်လုံး တစ်ဝိုင်းလုံး လှည်းကျင်းတယ်။ သစ်တိုသစ်စ တုံးတိုတုံးစတွေ သပ်သပ်ရပ်ရပ် ဖြစ်အောင် စီတယ်။ ဗြုတ်စဗျင်းတောင်းတွေ တစ်နေရာပုံပြီး တင်းနေရာတင်း၊ တောင်းနေရာတောင်း နေရာတကျ ထားတယ်။ တစ်သက်လုံးက ဂျွတ်တက်နေတဲ့ အိုးတွေ ခွက်တွေ တိုက်တယ်။ အဝတ်ဟောင်းတွေ စုပြီး ဖွပ်လျှော် ထားတာများ ဝင်းထရံလေးဘက် ပတ်လည်ပြည့် ကရော။ သည်ကြားထဲက ယောက္ခမ မီးဖိုချောင် ရှင်းရင်း ဝင်ချက်လိုက် ပြုတ်လိုက်သေးတာပါ၊ နွားတင်းကုပ်များ သန့်ရှင်းထား လိုက်တာ လူဝင်အိပ်လို့ ရတယ်။ ပန်းညို အလုပ်လုပ် နေတော့ မြေး ဒိုးကောင်းကို ဘွားအေကြီး မယ်မှုံက လက်က မချဘူး။ သဂျိုးပဂျိုး (သွားကျိုးပါးကျိုး) နဲ့ အိုအိုအေးအေးကလေး ချော့နေသေးတာပါ။
“ဒိုးကလေး မိန်းမများ အိမ်ကဓားတွေ ဘယ်အချိန် သွေးထားသလဲ မသိဘူး။ တော်ရုံယောက်ျား သွေးသာထက် ရှသေးဗျာ၊ ဝိုင်းထောင့်ကို ထွန်တုံး မ,ရွှေ့တာများ လူပိုမခေါ်ဘူး။ အာဂမိန်းမဟ”
ဘိုးပျားအုံ ကတောင် ချီးကျူးရတဲ့ အထိ ပန်းညိုကလည်း ရောက်ရောက်ချင်း တစ်ပတ်ဆယ်ရက် ခါးကျိုးအောင် တွန်းလုပ် ပစ်လိုက်တော့ ခြံဝင်းရော အိမ်ပါ သန့်ရှင်း သွားလိုက်တာ လက်လက်ထလို့။ အမဲသားသည်မ စကားမပြောဘူးလို့ တင်းထားကြပေမယ့် တင်းမဖြစ်တော့ပါဘူး။ မလွှဲမကင်းသာတော့ ပြောကြရပြီ။ ပန်းညို ကလေး နို့လာတိုက်ဦးဟဲ့တို့၊ အမေ့ လက်ဖက်ကလေး နှပ်ပေးစမ်းတို့၊ အဖေ့ ရေနွေးတစ်အိုး ခပ်ပေးစမ်းတို့က စလိုက်တာ နောက်ပိုင်း သမီးလို့တောင် ခေါ်ကြပါပြီ။ ယာချိန် ကိုင်းချိန်များတော့ ရွာကတောင် အံ့ဩရတဲ့အထိ အလုပ်ကို ကန်သင်းကျိုး လုပ်ရှာတော့ ဒိုးကလေး မိဘများက သနားတောင် လာကြတယ်။ နွားနဲ့ ဖက်ရုန်းရင်တောင် ဖြစ်မယ့်ဟာမ လို့တောင် ရွာကို ပြောသေးတာပါ။ ဒိုးကလေး ကတော့ သားနဲ့မယား ထားခဲ့ပြီး အလုပ်ရှိ ရှိသလို ဓားထုပ်ထမ်း ထွက်နေကျပါ။ သဒိုးအလုပ် ဆိုတာ ကြုံရာလူ ခိုင်းမဖြစ်တော့ ကုက္ကိုကုန်းအထိ လိုက်လာကြပြီး အလုပ်အပ်ကြတာတွေ ရှိတာကိုး။ ရွာဆယ်ရွာ တစ်နေ့မဟုတ် တစ်နေ့ အမဲပေါ် ဝက်ပေါ် ရှိတာဆိုတော့ ဒိုးကလေး လက်မလည်ဘူး။ အလှူများရှိရင် ပိုတောင် အလုပ်များသေးတာ။ မအေ့ခမျာ သည်အလုပ်က လွတ်အောင် ရွာခေါ်ကာမှ လုပ်နေကျ အလုပ်ကို မဖြတ်တော့ စိတ်ဆင်းရဲ ရှာတယ်။ မလုပ်ဖို့ အတန်တန် တားပေမယ့် ဒိုးကလေးက မရပါဘူး။
“အခင်းထဲ ပန်းညို လုပ်ပါလိမ့်မဗျာ၊ အမေတို့ တောင်သူ အလုပ်က တစ်နှစ်နေနေ တစ်နှစ်ဆန်းဆန်း ကြာလွန်းလှဗျာ။ ကျုပ်အလုပ်က လက်လှည့် သုံးရသာ အမေရ။ ငရဲကြီးရင် ခင်ဗျားတို့ ခွဲတမ်းမပါပါဘူး။ ကျုပ်လုပ်သာ ကျုပ်ခံမှာပါ”
“ငါ့သားရယ် ကျက်သရေမရှိတဲ့ အလုပ်မို့ မလုပ်စေချင်လို့ ပြောသာပါ။ တို့မှာ မျိုးရိုးလည်း မရှိခဲ့ပေါင်ကွယ်။ မင်းနှယ် ကျွဲပေါ် နွားပေါ်မှ စားရသာ မဟုတ်ပါဘူး။ သားမယား ငရဲစာ မကျွေးချင်ပါနဲ့”
“ငရဲစာသော ငအုံစာသော ရှောင်နေလို့ ဖြစ်သာ မဟုတ်ဘူး။ ကျုပ် အလုပ် မလုပ်တော့လည်း မလုပ်လို့၊ လုပ်တော့လည်း တစ်ပြစ်ပါလားဗျာ၊ အမေတို့သာ ပုတီးစိပ်ကြပါ။ နိဗ္ဗာန်မဂ်ဖိုလ် ကူးကြပါဗျာ။ ကျုပ်များတော့ မပူပါနဲ့”
တစ်လက နှစ်လ၊ နှစ်လက ခြောက်လ၊ ခြောက်လက တစ်နှစ် ဖြစ်လာတော့ ပန်းညိုကိုတောင် အသနား ပိုကြရပါပြီ။ အိမ်အလုပ်အခင်း အလုပ်များတော့ ဗျန်းဗျန်းကွဲကိုး။ ငှါးထားတဲ့ သူရင်းငှါးကတောင် လက်ဖျားခါ ရတော့တာ ကြည့်လေ။ ယောက္ခမတွေ နေထိုင် မကောင်းရင် ခြေဆုပ်လက်နယ် ပြုစုတယ်။ အညစ်အကြေးကစ သုတ်သင်သေးတာ။ ဝတ်ထားတဲ့ အဝတ်အစား နေ့ကူးမခံဘူး။ ပန်းညိုက ဒန်ဇလုံကြီးထဲ အဝတ်ပေတွေထည့် ခေါင်းပေါ်ရွက်တဲ့ပြီး ရေတွင်းကုန်း သွားလျှော်တယ်။ ဘိုးပျားအုံတို့ မယ်ကြီးမှုံတို့လည်း အခုမှ ထမင်းပွဲ လက်ဆေး နှိုက်ရတဲ့ဘဝ ရောက်တော့တာပါ။ ဒိုးကောင်းကလေး ကလည်း မတ်တတ်ပြေးပြီ ဆိုတော့ ဘိုးအဘွားအေ လက်ထဲက မကျဘူး။ ချစ်လိုက်ကြ တုန်လို့။
ပန်းညို ကိုယ်တိုင်ကလည်း ကုက္ကိုကုန်းမှာ နေရတာ ပျော်ပါတယ်။ ရွာရပ်ကလည်း ခင်မင် လာကြတော့ ပိုလို့တောင် စိတ်ချမ်းသာသေးတယ်။ စိတ်ဆင်းရဲတာ တစ်ခုပဲ။ ဒိုးကလေး ဓားထုပ်ထမ်း ထွက်ရင် မျက်နှာပူတာပါ။ ညည်းတို့ သားအဖ ဖျက်လို့ ငါတို့သား ပျက်ရတယ်လို့ မပြောကြပေသိ တကယ်တမ်း မျက်နှာပူ ရတာက ပန်းညိုကိုး။ လင်ကို အတန်တန် တားရှာပါရဲ့။ မရပါဘူး။ ဘယ်လိုများ အထုံရေစက် ပါသလဲတော့ မပြောတတ်ဘူး။ အကုသိုလ် အလုပ်ကို မက်ရေစက်ရေ ရှိလိုက်ပုံများ။ သူ သဒိုးလုပ်ရာက ပါလာတဲ့ ငွေရယ်လို့လည်း ပန်းညို မသုံးရပါဘူး။ အခုတော့ ယောက္ခမများနဲ့ အတူနေ အတူစား ဆိုတော့ ပန်းညိုတို့လည်း စားအိုးပျောက် ပါပြီ။ အဆိုးဆုံးက ဥပုသ်သီတင်းရက် တွေမှာတောင် ဒိုးကလေးကို ခေါ်မရတာပါ။ ဘုန်းကြီးကျောင်းများ ဘယ်တုန်း ဘယ်ခါကမှ မလိုက်ဘူး။ တစ်ခါတော့ ရွာကျောင်း ဆရာတော် အိမ်ကြွလာတယ်။
“ဒကာဒိုး ... ဘုန်းကြီး အလှူခံစရာ ရှိသယ်။ ဒကာဒိုး လှူနိုင်ပါသယ်။ ကျုပ်က မလှူနိုင်သော အလှူမခံပါဘူး”
“မိန့်ပါဘုရား ... တပည့်တော် လှူနိုင်သာ လှူပါ့မယ် ဘုရား”
“ဒကာဒိုး ဓားတွေ အလှူခံချင်သာပဲ ဘယ့်နှယ့်တုန်း”
ဒိုးကလေးက မထင်တာ ကြားလိုက်ရတော့ ခေါင်းနပန်း ကြီးသွားလေရဲ့။ ဒါ ဘယ်သူ့ လက်ချက်လဲ၊ အဖေလား၊ အမေလား၊ ပန်းညိုလား။ ဘယ်သူပဲ ဖြစ်ဖြစ် ဆရာတော်က အလှူခံ နေပြီကော။ သူ့ဘက်က ပြတ်သားတဲ့အဖြေ ပေးရတော့မှာ ဆိုတော့ ရုတ်တရက် နှုတ်က မထွက်ဘူး။ နဖူးမှာ ချွေးတွေစို့နေတဲ့ ကြားကပဲ ပြန်လျှောက်လိုက်တယ်။
“တပည့်တော် မစွန့်နိုင် မလှူနိုင်သေးပါ ဘုရား”
“မိုက်လက်စ မတုံးနိုင်သေးပါလား ဒကာရဲ့၊ ဒကာ့အလုပ်က လူတွေလည်း စိတ်မချမ်းသာဘူး။ သတ္တဝါတွေလည်း စိတ်မချမ်းသာဘူး ပစ္စုပ္ပန်လည်း မကောင်းဘူး။ သံသရာလည်း မကောင်းဘူး စဉ်းစားပါဦးလေ”
ဆရာတော် ပြန်ကြွသွားတော့ ဒိုးကလေး ငိုင်ပြီး ကျန်ရစ်ခဲ့တယ် ပန်းညိုကတော့ ဆရာတော်ကို ဝတ်ဖြည့်ပြီး အိမ်ရှေ့ ဆင်းလာခဲ့တယ်။ နွားတွေ အစာ ကျွေးချိန် ကျပြီလေး စဉ်းထားတဲ့ ပဲမှော်တောင်း မ,ပြီး နွားစားကျင်းထဲ ဖြန့်ထည့်တယ်။ အပေါ်က ဖွဲနု လိုက်ဖြူးတယ်။ ရေကလေးစပ်စပ်နဲ့ ရောနယ်တယ်။ ချည်တိုင်က နွားတွေဖြုတ်ပြီး နွားစားကျင်းဘက် ဆွဲလာတယ်။ ဒိုးကလေးက ပန်းညို လုပ်ကိုင် နေတာတွေ အကုန်လုံး မြင်နေရတယ်။ တစ်ခါက အမဲသားသည်မ ပန်းညို။ နွားတွေကို ချစ်လိုက်တာ ယုံစရာတောင် မရှိဘူး။ နွားတွေ အစာစားနေသခိုက် နွားချေးစိုတွေ ပျဉ်နှစ်ချပ်နဲ့ သိမ်းလို့။ တောင်သူ့သား ဖြစ်တဲ့သူကတော့ သဒိုးဘဝနဲ့ နေကုန် ရတော့မယ်နဲ့ တူပါရဲ့။
“အစ်ကို ထမင်းစားတော့မလား။ ကျုပ်တော့ တစ်လုပ်တစ်ဆုပ် စားလိုက်ဦးမယ် ... တော့်သား အိပ်တုန်း”
ပန်းညိုက စဥ့်အိုးကွဲမှာ လက်ဆေးရင်း လှမ်းမေးတော့မှ ဒိုးကလေး အတွေးရပ်တော့တယ်။ ဟုတ်သား။ သူလည်း အနောက်ရွာဘက် သွားရဦးမှာနဲ့။
“ခူးပေါ့ဟာ စားကြသာပေါ့”
လင်မယား နှစ်ယောက် ထမင်းစား ကြတော့လည်း စကား မပြောဖြစ်ဘူး။ အတွေး ကိုယ်စီနဲ့ကိုး။
(၁၀)
ငါးနှစ်ဆိုတဲ့ အချိန်ထဲမှာ အရာရာ ပြောင်းလဲ သွားတယ်လို့ မပြောနိုင်ပေသိ တချို့သော အကြောင်းတွေ ကတော့ ပြောင်းလဲ သွားခဲ့တယ်။ သည်ငါးနှစ် အတွင်းမှာ ပန်းညိုက သမီးကလေး တစ်ယောက် ထပ်မွေးတယ်။ မအေ့ နာမည်ရော ဘွားအေ နာမည် ပါယူပြီး “ပန်းမှုံ” လို့ အမည်ပေး လိုက်ကြတယ်။ ပန်းမှုံ နှစ်နှစ်သမီး အရွယ်ရောက်တော့ ဘိုးအေကြီး ဘိုးပျားအုံ ဆုံးတယ်။ ပန်းမှုံ သုံးနှစ်ခွဲလောက်မှာ အမေကြီးမှုံ ဆုံးပြန်တယ်။ ဒိုးကောင်းက ကြီးပြီ။
ဘိုးအေနဲ့ ဘွားအေ ဆုံးကြတော့ နောက်ဖေးတဲကနေ အိမ်ရှေ့အိမ်ကို ပြောင်းကြရပြီ။ နောက်ဖေးတဲကိုလည်း မဖျက်ပါဘူး။ သူရင်းငှါးကြီး ဦးပေတို့ လင်မယား ထားလိုက်ကြတယ်။ ဦးပေ့မိန်းမ ဒေါ်ဂျမ်းက အားကိုးရတာ ပါသလို မိန်းမဖော် ရအောင် ထားတာလည်း ပါပါတယ်။ ဒိုးကလေးက အိမ်မကပ်တာ များပြီကိုး။ တစ်ရွာ လိုက်သွားရင် လေး, ငါးရက် ပေါ်မလာတတ်ဘူး။ အလုပ်က ဘယ်လောက် လုပ်ရတယ် မပြောတတ်ပါဘူး။ ရက်တွေက ညောင်းလွန်း ဆိုတာလို သွားလိုက်ရင် စုန်းစုန်းမြုပ် ကရော။ ဘယ်လောက် အထိလည်း ဆိုရင် မအေ သေတော့လည်း တစ်ရွာကို လူလွှတ်ခေါ် ခိုင်းရတယ်။ ဖအေ သေတော့လည်း အလောင်းမမီဘူး။ ရက်လည်မှ ရောက်လာခဲ့တယ်။ သမီးပန်းမှုံ မွေတုန်း ကတော့ကော ရွာဆယ်ရွာ ဘယ်ရွာ ရောက်နေမှန်း မသိလို့ ကမ္မသကာ သဘောထား ခဲ့ရတယ်။ မီးထွက်မှ ရောက်လာတယ် ပြောပါတော့။ ပန်းညိုကတော့ ချိုသည် ခါးသည် မပြောတော့ပါဘူး။ မိဘတောင် ပြောလို့ မရခဲ့ဘူး ဆိုမှတော့ သူဆိုတာ ဝေးရောပေါ့။
ဒိုးကလေး ရုပ်ကြီးကလည်း ကြမ်းလာလိုက်တာ မပြောပါနဲ့တော့။ တင်းတိပ်တွေက မျက်နှာ တစ်ခုလုံးမှာ ဗျစ်ထူကြီး ထလို့။ အနာများတဲ့ သရက်သီးပုပ်လို ညိုတာညို၊ မည်းတာမည်း။ နှင်းခူတွေက ခြေထောက်မှာ သံကွင်းစွပ် စွပ်မိပြီ။ ဘယ်တော့မှ အင်္ကျီမကပ်တဲ့လူ ဆိုတော့ ရင်ဘတ်နဲ့ ကျောပေါ်က အနာဖေးကြီးတွေ ဆိုတာများ ဂျပ်တည် နေတော့တာပါ။ အင်မတန် သန်လှတဲ့ ဆံအုံကောင်းကောင်း လျှောင်ကြီးဗွေ ကလည်း ကျွတ်ချင်တိုင်း ကျွတ်ကုန်တဲ့ ဆံပင်တွေကြောင့် တစ်ပတ်လျှိုဖို့တောင် ခက်ရပြီ။ မနက်ရေ ညရေ ဆက်နေတော့ ပန်းညိုကလည်း မကပ်ချင်တော့ဘူး။ ပြောလည်း မပြောချင်တော့ဘူး။ လာချင်လာ၊ သွားချင်သွား။ မျှော်လည်း မမျှော်တော့ဘူး။
“အစ်ကိုရယ် သွားသာတော့ သွားရပါသယ်။ ကျုပ်ကလည်း မမျှော်တော့ပါဘူး။ ဒါပေသိ ဘယ်ရပ်ဘယ်ရွာ မှာတော့ ရှိမဟေ့ ဆိုတာလောက်တော့ မှာခဲ့ပါတော်၊ ကျုပ်က အရေးရှိလို့ ဘယ်လိုက်ရမှန်း မသိဘူး။ အလုပ်လုပ်လို့ ပိုက်ဆပ် ဘယ်လောက် ရသလဲ ဆိုသာလည်း ကျုပ် မသိရဘူး။ တစ်ခါမှ ပိုက်ဆပ်ပါသယ် မရှိဘူး။ အစ်ကို ဘာတွေ လုပ်နေသာတုန်း”
“နင် ထမင်းငတ် နေလို့လား၊ ငါ့မိဘက အိုးနဲ့အိမ်နဲ့ လှည်းနဲ့နွားနဲ့ ထားခဲ့သာ မဟုတ်ဖူးလား။ ငါ့လုပ်စာ မျှော်သေးလား ငါ့လုပ်စာက အရက်သောက်လို့ ကုန်ပြီ ... နင်တို့ပဲ အကုသိုလ် ရေစာမိုးစာ မစားချင်ဘူးဆို။ အမဲသားသည် ဘုရင်ကတော် ဖြစ်လို့ ဘဝမေ့တဲ့ မိန်းမ”
မူးမူးနဲ့ နင့်နင့်သီးသီး အပြောအဆို ခံရပြီးတဲ့ နောက်ပိုင်း ပန်းညို၊ ဘာမှကို မမေးတော့ပါဘူး။ ပန်းညို ကိုယ်တိုင်က ပိုင်သမျှ မြေကွက်ကို ယောက်ျား တစ်ယောက်လို ထွန်ဟယ် ယက်ဟယ် မရှိနိုင်ပေသိ၊ နှမ်းချိန် နှမ်း၊ ပဲချိန် ပဲ၊ နေကြာချိန် နေကြာ၊ ဝါချိန် ဝါ သူတကာ ဘာလုပ်သလဲ ကြည့်ပြီး အခင်းနဲ့အိမ် ကူးနေရှာတာပါ။ သူရင်းငှါး လင်မယား ကောင်းလို့ ရာသီချိန် သီးနှံရပေသိ သူလည်း ပင်ပန်းရတာပါပဲ။ ကလေး နှစ်ယောက်က တစ်ဖက်၊ နွား သုံးလေးကောင်က တစ်ဖက်။ တစ်ခါတစ်ခါများ အမဲသားတောင်း ခေါင်းပြန်ရွက်ပြီး ဘဝကို နောက်ပြန်ဆုတ် လိုက်ချင်မိတယ်။
“ကျုပ်က ဘဝများ မမေ့တဲ့တော်၊ ခုလက်ရှိဘဝ ကောင်းလှပေါ့ဟာ တော့်လုပ်စာ ဆိုသာက ကိုယ့်လင်သား တစ်ယောက်က ကောင်းရောင်း ကောင်းဝယ် လုပ်ကျွေးတဲ့ လုပ်စာမျိုး ဘယ်မိန်းမဆို မက်သာကိုးတော့်၊ တော့်အတွက် ပူလို့ပြောသာ ကိုငဒိုးကြီးရေ့ ... ကျုပ်က ကလေးနှစ်ယောက်နဲ့ ရုန်းနိုင်ပ”
သည်လိုများ ပြောရင် ဒိုးကလေးက ဓားထုပ် ထဖြည်ပြီး သွေးတော့တာပါ။ ဓားတွေက အမျိုးမျိုး၊ ခုတ်ဓား၊ ထိုးဓား နွှင်ဓား၊ ဖျင်ဓား၊ ခြစ်ဓား၊ ဓားမြှောင်တွေဆိုတာ ဖိတ်ဖိတ်လက်လို့။ ပြီးရင် ဂုံနီအိတ်စနဲ့ ပတ်ပြီး ဖင်တစ်ချက် ခေါင်းတစ်ချက် အလယ်တစ်ချက် ကြိုးနဲ့စည်းပြီး လာခေါ်မယ့်လူ မျှော်တော့တာ။ လှည်းမျှော်တော့တာ။ ဒိုးကလေး ထွက်သွားရင် တစ်မျိုးတော့ ကောင်းတာပဲလေလို့ သဘောထားလို့ သာကိုး။ ကိုယ်ကပါ တင်းရင် ရန်ဖြစ်ရတော့မယ် ဆိုသာလည်း သိတာ ပါပါတယ်။ သည်အရွယ် ရောက်မှာတော့ ပန်းညို ရန်မဖြစ်ချင်တော့ဘူး။ မအေဖြစ်တဲ့ အမေမှုံ ကတောင် မှာခဲ့သေးတာကော။ မှန်လိုက်တဲ့ စကား။
“ပန်းညို ... ငါ့သမီး၊ ငါ့ဒဏ် ညည်း ခံပေဦးတော့ ... ဒိုးကလေးက မွေးနက္ခတ် မကောင်းဘူး။ လူမှန်း သိကတည်းက မျှော်ခဲ့ရသာ ... အိုကြီးအိုမ အရွယ်အထိ မျှော်ရတာနဲ့ ဘဝပြီးခဲ့ရသယ်။ ညည်းလည်း ဆက်သာမျှော်ရော့”
အမေမှုံ ပြောသလို တကယ်လည်း မျှော်ခဲ့ရတာပါပဲ။ နောင် ဘယ်လောက်တောင် မျှော်ရဦးမှာပါလိမ့်။ ဒိုးကလေး အသက်မငယ်တော့ဘူး။ လူကလည်း တစ်နေ့တစ်ခြား အကြည့်ရ ဆိုးလာလိုက်တာ။ စပါးခင်းထဲက စာခြောက်ရုပ်ကမှ ကျက်သရေ ရှိသေးတယ်။ တစ်ခါက ချောလှချည့် ဆိုတဲ့ ဒိုးကလေး အခုတော့ အလှတွေ အချောတွေ ဘယ်ရောက်ကုန် ပါလိမ့်။ သူသတ်ခဲ့တဲ့ ကျွဲစိမ်ရေ၊ နွားစိမ်ရေတွေများ သင့်ရော့သလား။
---------------
ခင်ခင်ထူး
( စတုတ္ထပိုင်းဆက်ရန်)
TUESDAY, MARCH 13, 2012
[ White Dreams ဘလော့ဂ်မှ ကူးယူပါသည်။ဘလော့ဂ်ဂါအား ကျေးဇူးတင်ပါသည်။]
No comments:
Post a Comment