Tuesday, 9 April 2019

#ဆေးကု၍မရပါ #မစန္ဒာ

#ဆေးကု၍မရပါ


#မစန္ဒာ


မမညို၏ ဆေးခန်း ကလေးသည် တစ်ခုသော ဆင်းရဲသား ရပ်ကွက်၏ အစွန်ဘက် ခပ်ကျကျတွင် တည်ရှိသည်။ ရွှံ့ထူသော မြေပေါ်တွင် မဓမတိုင် ထောင်ကာ ကြမ်းကြဲ စိုက်ထားသော ဆေးခန်း ကလေးသည် ထည်ထည်ဝါဝါ မရှိလှသည်ကတော့ အမှန်ပင်။


မြေနီလမ်းနှင့် ဆေးခန်းကလေး အကြားတွင် ရှိနေသော ရွှံ့နွံများကြောင့် ဆယ်ပေခန့် ရှည်သော သစ်သား တံတားလေး ထိုးထား ရသည်။ တံတားလေး၏ တစ်ဖက် တစ်ချက်တွင် ဗုဒ္ဓံသရဏံ အပင်ရိုင်းများနှင့် ပိန်းပင်များ ရှိသည်။ ခပ်လှမ်းလှမ်း တွင်ကား ခရာခြုံကြီး တစ်ခြုံ ရှိသည်။ ခရာရွက် ချွန်ချွန်များသည် ညနေခင်း နေရောင်ခြည် အောက်တွင် စိမ်းမြစိုလက် နေတတ်သည်။


ဘွဲ့ကလေး တစ်ခု ရထား သော်လည်း အလုပ်အကိုင် မည်မည်ရရ မရှိသေးတော့ ပိုပိုသည် မမညို၏ ဆေးခန်းသို့ ညနေတိုင်း လိုက်သွားရ၏။ မီးရောင်မှိန်မှိန် အောက်တွင် ခြင် တဖျပ်ဖျပ် ခတ်ရင်း လူနာ မျှော်ရသော အလုပ်ကို မလုပ်ချင် သော်လည်း မတတ်နိုင်ပါ။


"မိပိုရယ် ငါတို့ ညီအစ်မ နှစ်ယောက် ဆိုတော့ အပြန် မိုးချုပ် ပေမယ့်လည်း တော်သေးတာပေါ့။ နင် မလိုက်ရင် ငါ့မှာ ချင်းမနားကို မုန့်ဖိုး ပေးပြီး အဖော် ခေါ်နေရတာ ကိုလည်း သိသားနဲ့ ..."


မမညိုက ချော့ရှာသည်။


ပိုပိုက ...


"မမညိုရာ ဒီလောက် မိုးချုပ်စရာ မလိုဘဲ ဒီထက် ပိုရအောင် လုပ်လို့ ရသားနဲ့များ၊ ဒီဆေးခန်း နေရာမှာ ပိုပိုတို့ ညီအစ်မ မုန့်ဟင်းခါး ရောင်းကြရ အောင်လေ၊ ဒီထက် နှစ်ဆ သုံးဆ ပိုရ မရ လောင်းမလား ..." ဟု ကျီစယ်မိရာ (အမှန်ကတော့ အတည် ပြောမိခြင်း ဖြစ်ပါသည်) မမညို စိတ်ဆိုးသွား၍ မနည်းကြီး ပြန်ချော့ ခဲ့ရသည်။


အခုတော့လည်း ညနေ လေးနာရီ ထိုးလျှင် အသင့်ပြင် ထားသော ခြင်းတောင်းလေးကို ဆွဲပြီး မမညို၏ နောက်မှ တစိုက်စိုက် လိုက်ခဲ့ရသော ဘဝတွင် ပိုပို အသားကျ နေပေပြီ။ သူ၏ ခြင်းတောင်းလေး ထဲတွင် ဝတ္ထု (သို့မဟုတ်) မဂ္ဂဇင်း တစ်အုပ်၊ ထိုးလက်စ အင်္ကျီလေးနှင့် ထရိုင်ဇာ ချည်လုံး၊ လက်နှိပ်ဓာတ်မီး တစ်ချောင်း အမြဲ ပါရှိ လေသည်။ ဖယောင်းတိုင်၊ မီးခြစ်နှင့် ခြင်ဆေးခွေတို့ ကိုကား ဆေးခန်းတွင်ပင် ထားပြီး ကုန်လျှင် ကုန်သလို ထပ်သယ်ထား ရသည်။ ထို့အပြင် မမညို၏ ဆေးခန်းအတွက် မီးမွှေးရန် ထင်းရှူးသားလေး များနှင့် မီးသွေးလည်း လိုသေးသည်ဟု ဆိုလျှင် မပြုံးကြ စေလိုပါ။ မမညို၏ ဆေးခန်းက မီး ခဏခဏ ပျက်တတ်သည်။ မီးစက်လည်း မဝယ်နိုင်တော့ ဖယောင်းတိုင်သာ အဆင်သင့် ဆောင်ထား ရသည်။ ဖျတ်ခနဲ မီးပျက် သွားသည်နှင့် ပိုပို ကလည်း မီးခြစ် ကလေးကို ရှဲခနဲ ခြစ်တတ်သည်မှာ သံပတ် ပေးထားသော စက်ရုပ် တစ်ခုလို အချိန်ကိုက်ပင် ဖြစ်နေတတ် လေသည်။


လူနာကို ဖယောင်းတိုင် မီးနှင့် ကြည့်လို့ ရှုလို့ စမ်းသပ်လို့ ရသေး သော်လည်း အပ်တို အပ်ရှည်တွေ ကိုတော့ ဖယောင်းတိုင် မီးနှင့် ပြုတ်၍ မရပေ။ ထိုကြောင့် ဆေးဗီဒို အောက်တွင် အဆင်သင့် ဆောင်ထားသော ထင်းရှူးသားပေါက် ကလေးများကို ဆွဲထုတ်ကာ မီးသွေး မီးဖိုကို အမြန်ဆုံး ရအောင်လည်း မွှေးတတ်နေပြီ ဖြစ်လေသည်။ မီးစွဲငြိ လာသော မီးသွေးတုံးလေး များကို အပူရှိန် ကောင်းလာစေရန် ယပ်တောင်နှင့် တဖျပ်ဖျပ် ခတ်ရင်း ပိုပိုသည် "ငါလည်း ဂျာရစ်တို့ အမေနဲ့ အတူတူပါပဲ" ဟု  တွေးနေမိ တတ်သည်။


ဂျာရစ်တို့ အမေသည် မမညို၏ ဆေးခန်းနှင့် မျက်စောင်းထိုး နေရာလောက်တွင် ပြောင်းဖူး မီးဖုတ် ရောင်းလေသည်။ သွပ်ပြားဟောင်းပေါ် တင်ထားသော မီးကျီခဲ ရဲရဲကလေး များကို ဘယ်ဘက် လက်က တဖျပ်ဖျပ် ခတ်နေရင်း ညာဘက်လက် ကမူ ပြောင်းဖူး ကလေးကို အကျက် ညီစေရန် လှည့်ပေး နေတတ်သည်။ သူ့ ပြောင်းဖူး မီးဖုတ်နံ့က သင်းပျံ့ပြီး မွှေးကြိုင်နေ သဖြင့် အနံ့ရတိုင်း ပိုပို စားချင်စိတ် ပေါက်လာ တတ်သည်။ သို့သော် တကယ် ဝယ်စား ကြည့်လျှင်တော့ စား၍ မကောင်းလှချေ။ ပြောင်းက မာကြမ်းပြီး ရင့်သည်။ ရင့်နေတော့ ကျောက်ခဲလေး တွေလို မာနေ တတ်သည်။ သွားတွေ ညောင်းလာအောင် ဖိပြီး တအား ဝါးနေရ သော်လည်း ချိုသော အရသာ ကိုကား ရှာ၍ မတွေ့ချေ။


"မိပိုရယ် ... ဘာလို့ ဝယ်စား နေရတာလဲ၊ သူ ချောင်း တဟွပ်ဟွပ် ဆိုးနေတာ မတွေ့ဘူးလား။ သူ့မှာသာ တီဘီ ဖြစ်နေရင်တော့ နင့်ကို ကူးပြီသာ မှတ်တော့ ..."


မမညို ထဆူသည်။  မမညို ပြောမှ ပိုပိုလည်း သတိထား ကြည့်မိသည်။ သူ ချောင်းတဟွပ်ဟွပ် ဆိုးနေတတ်သည် ကတော့ အမှန်ပင်။ ခြေချောင်းလေး များလည်း ယောင်အမ်း နေတတ်သည်။


"အစ်မ ချောင်းဆိုး နေတယ်နော်၊ ဆေးမသောက် ဘူးလား ..."


တစ်ခါကတော့ ပိုပို စပ်စုဖူးသည်။


"ဇီယာရွက် အရည်ညှစ်ပြီး သောက်တယ်လေ ..."


သူက ပိုပို့ကို လှမ်းကြည့်ပြီး မပွင့်တပွင့် ပြောသည်။ ဆေးခန်းက ကောင်မလေး ဆေးရောင်းချင်၍ လာပြော တာလားဟု ထင်သွားမည် စိုး၍ ပိုပိုက "ချောင်းဆိုးပျောက် ဆေးလေး ဘာလေး ဝယ်သောက် ပါလား၊ ဆရာဝန်နဲ့ စမ်းကြည့်ပါလား ..." ဟု ပြောချင်သော်လည်း ဆက်၍ မပြောရဲခဲ့ချေ။


ဂျာရစ် ကတော့"အိမ်မှာ ဇီယာပင် စိုက်ထားတယ်ဗျ" ဟု ဝင်ပြောသည်။


"ကျွန်မက အအေး ကြောက်တယ်၊ နည်းနည်း အေးလာရင် ချောင်းဆိုး တာပဲ။ ဒီလိုပါပဲ၊ နောက်တော့လည်း ပျောက်သွား တာပဲ။ ရောဂါက ကြာကြာ မနေနိုင်ပါဘူး။ သူ့ဟာသူ နေရတာ ပျင်းပြီး ပြန်ထွက် သွားရော"


သူက ခပ်ပေါ့ပေါ့ပင် ပြောသည်။ ချောင်းဆိုးခြင်း ဟူသည်မှာ ဆေးကုသရန် လိုအပ်သော ရောဂါလည်း မဟုတ်ဟု သတ်မှတ်ထားပုံ ရလေသည်။ ချောင်းဆိုးခြင်းသည် ရောဂါ မဟုတ်သော်လည်း  ရောဂါကြီး တစ်ခုခု၏ လက္ခဏာ ဖြစ်နိုင်ကြောင်းကို ပိုပိုက တွေးပြီး ပူပင်မိ သော်လည်း သူကတော့ ပူဟန် မတူပေ။ ပြောင်းဖူးဖုတ် အကြွေးစား သွားသူထံမှ အကြွေး တောင်းရန်၊ မီးသွေးဖိုး အကြွေး ဆပ်ရန်၊ နောက်တစ်နေ့ အတွက် ဆန်ဝယ်ရန် စသည် စသည်များ ကိုသာ ပူပန်နေလေ့ ရှိလေသည်။


"သူ့ ပြောင်းဖူးဖုတ်က စားလို့ သိပ်မကောင်းပေမယ့် ဒီနားက ကလေးတွေ ကတော့ စားနေကြ တာပဲ။ သူ့မှာသာ တီဘီ ဒါမှမဟုတ် ကူးစက်ရောဂါ တစ်ခုခု ဖြစ်နေရင် ဒီကလေးတွေ ကူးကုန်တော့မှာပေါ့ ..."


ပိုပိုက မတောက်တခေါက် ဆေးပညာ အသိကလေးနှင့် စဉ်းစားကာ စိတ်မသက်မသာ ဖြစ်နေတတ်သည်။ ခေါက်မုန့် ရောင်းသောဒေါ်မိက ခေါက်မုန့်တွေ ပေါ်ကို ဟတ်ချေးဟု ချေချပြီး တံတွေးတွေ စင်ကုန်တာ မြင်တော့လည်း စိတ်ရှုပ်ထွေး ရပြန်သည်။


သို့သော်လည်း ဒီနားက လူတွေက ရောဂါပြီး စနစ်ကိုက ကောင်းနေ သလား၊ ရောဂါဖြစ်မှန်း မသိကြ တာလား၊ ဖြစ်မှန်း သိလျက်နှင့် မကုကြ တာလားတော့ ပိုပို အသေအချာ မသိ။ တော်ရုံတန်ရုံ နှင့်တော့ ဆေးခန်း မလာတတ်ကြ။


အတော်အတန် ဖျားလို့ ကတော့ ဘယ်ဆရာဝန် ကိုမှ စမ်းသပ်ခ ပေးမနေကြ တော့ဘဲ သူတို့ဟာ သူတို့ ပါရာစီတမောလေး တစ်ပြား နှစ်ပြား၊ ဘာမီတွန်လေး တစ်ပြား နှစ်ပြား ဝယ်သောက်လိုက် ကြသည်သာ ဖြစ်သည်။ အဖျား မကျဘဲ ပြန်ပြန်တက် နေသော အခါများ ကျမှ ဆေးခန်း လာတတ် ကြသည်။ ဒါတောင် ဒီတစ်ခါ ပင်နယ်ဆူလင် သောက်ဆေး ပေးလိုက်လျှင် နောက်တစ်ခါ ဖျားပါက ဆေးခန်း မလာကြ တော့ဘဲ ပင်နယ်ဆူလင် ဝယ်သောက်တတ် ကြသည်။ နောက်ပြီး လေးငါးလုံး သောက်ပြီးရုံနှင့် ရပ်ချင် ရပ်ပစ်တတ် ကြသည်။ မမညိုက ဆေးပတ် လည်အောင် အလုံးရေ ပြည့်အောင် သောက်ဖို့ မနည်း ပြောနေရ လေသည်။


"အဖျားက ပျောက်နေပြီပဲဗျာ၊ အဲဒါကို ဆရာဝန်တွေက ဆေးတွေ ဆက်သောက် ဆက်သောက်တွေ ပြောနေတာ သူတို့ ဆေးများများ ရောင်းရအောင် ပြောနေတာလားမှ မသိတာ ..."

"ဟုတ်ပါ့ဗျာ၊ ဆေးတစ်လုံး တစ်လုံး ဝယ်ရတာ နည်း မှတ်လို့လား ..."


တစ်ခါကတော့ ဈေးထဲတွင် လူနှစ်ယောက် စကားတင်း ဆိုနေကြ သည်ကို ပိုပို ကြားလိုက်သည်။ မမညိုကို ပြောခြင်း မဟုတ်သော်လည်း ပိုပို စိတ်မကောင်း ဖြစ်ရသည်။ မမညိုက သူ့လူနာကို "ဆေးပတ် လည်အောင် ဆက်သောက် လိုက်ပါနော် ..." ဟု ထုံးစံအတိုင်း မှာနေသံ ကြားရလျှင် ပိုပို အနေခက် လာရသည်။ လူနာက သူ ဆေးများများ ရောင်းရအောင် ပြောနေတာ ဟုများ ထင်လေမလားဟု စိုးရိမ်စိတ်နှင့် မျက်နှာတွေ ပူရှိန်း လာတတ်သည်။  ငါးကျပ်တန် နွမ်းနွမ်း၊ ဆယ်တန် နွမ်းနွမ်းလေးများကို ခါးကြားထဲက ထုတ်ပြီး ဆေးဝယ်သူများကို ဆေးလုံးလေးတွေ ရေတွက်ပြီး ရောင်းရတာလောက် စိတ်ပင်ပန်းတာ ကတော့ ရှိမည်ပင် မထင်။


"မရှိ ဆင်းရဲသားများကို ဆေးရောင်း ရသော ဒုက္ခမှ ကင်းဝေး ရပါလို၏ အရှင်ဘုရား"


ညတိုင်း မအိပ်မီ ဘုရားရှိခိုးလျှင် ခါတိုင်း တောင်းနေကျ ဆုများအပြင် ပိုပိုသည် အထက်ပါ ဆုတစ်ခုကို ထပ်ပြီး တောင်းနေမိသည် မှာလည်း အတော် ကြာပေပြီ။


"မိပိုရယ် နင်ကလည်းလေ၊ ရောင်းရတာ ဈေးကြီးတာ ကိုချည်း ကြည့်နေ တာကိုး၊ ဝယ်ရတဲ့ ဈေးလည်း ကြည့်ပါဦး။ ဒီဈေးနဲ့ ဝယ်ထား ရတာမို့ ဒီလောက်နဲ့ ရောင်းရတာပါဟယ်။ မတရား အမြတ် ယူတာမှ မဟုတ်ဘဲ ..."


မမညို အမြတ် မယူကြောင်းလည်း ပိုပို သိပါသည်။ လူနာများကို အလကား ကုမပေးနိုင် သော်လည်း အတတ်နိုင်ဆုံး စေတနာ ထားကြောင်း ကိုလည်း ပိုပို အသိဆုံး ဖြစ်ပါသည်။ တစ်လ တစ်လ စာရင်း ချုပ်လိုက်လျှင် ဆေးခန်း ကလေး၏ အသားတင် ဝင်ငွေ မည်မျှသာ ရှိကြောင်း ကိုလည်း ပိုပို အသိဆုံး ဖြစ်ပါသည်။ ထို့အပြင် မမညိုတွင် အနွေးထည် ကောင်းကောင်းလေး တစ်ထည်မျှ မရှိသည် ကိုလည်း ပိုပိုပင် အသိဆုံး ဖြစ်ပါသည်။


"သိပ် ချမ်းသာပြီး ပိုက်ဆံတွေ ထားစရာ မရှိတဲ့ လူနာတွေ ကိုတော့ မဆိုလို ပါဘူးလေ။ ဒါပေမဲ့ ငါမြင်သမျှ လူတွေကတော့ သူ့ အတိုင်းအတာနဲ့ သူ ကြိုးစားရုန်းကန် နေကြရတာပဲ ..."


မမညိုက အနွေးထည် အသစ် မဝတ်နိုင် သော်လည်း အဟောင်းတွေ ကိုပင် ကျေကျေနပ်နပ် ဆက်၍ ဝတ်လေသည်။


"အင်း ... ဟုတ်တာပဲ၊ ငါတို့မှာ အသစ်မဝယ်နိုင်ပေမယ့် အဟောင်းတွေက အကောင်းတွေပဲရှိသေးတာ။ ဂျာရစ်တို့အမေဆိုရင် ကြည့်စမ်း၊ အအေးမခံနိုင်ဘူးသာဆိုတယ်၊ သူ့အနွေးအင်္ကျီက ပေါက်လို့ ပြဲလို့ ..."


ပြောင်းဖူး ပေါ်သော ရာသီတွင် ဂျာရစ်တို့ အမေသည် ထန်းပင်မြစ်တို့ ကန်စွန်းဥတို့ကို မီးဖုတ် ရောင်းသေးသည်။ သူ့ကို ကြည့်လိုက်လျှင် မီးကျီးခဲ ရဲရဲကို စလူယပ်တောင် ခပ်စုတ်စုတ် ကလေးနှင့် တဖျပ်ဖျပ် ယပ်ခတ်နေတတ် သည်သာ ဖြစ်သည်။ ထို့နောက် ချောင်း တဟွတ်ဟွတ် ဆိုးနေတတ် လေသည်။


ဒီဇင်ဘာလ၏ ချမ်းအေး လှသော ညတစ်ညတွင် ဂျာရစ်သည် သူ၏ အမေကို ဆေးခန်းသို့ ခေါ်လာလေသည်။


"အမေ ဖျားတယ်၊ နောက်ပြီး မောတယ်"


ဂျာရစ်က ခပ်တိုတိုပင် ပြောသည်။ မျက်မှန်း တန်းမိပြီ ဖြစ်သော ပိုပို့ ကိုတော့ အားကိုးဟန်နှင့် လှမ်းကြည့်ပြီး မပွင့်တပွင့် ပြုံးပြသည်။ မမညိုက သူ့အမေကို စမ်းသပ်ကုတင် ပေါ်တွင် လဲလျောင်းစေကာ အသေအချာ စမ်းသပ်သည်။


"အလျင်က ဆရာဝန် ပြဖူးသလား" ဟု မေးတော့ ဂျာရစ်က ခေါင်းခါ ပြသည်။


သူ့အမေ ကတော့ "မောတယ် ဆရာမရယ် ..." ဟု ခပ်တိုးတိုး ပြောလေသည်။


"ခြေထောက်တွေ ယောင်နေတာရော ကြာပြီလား ..."

"ဒီလိုပါပဲ၊ ယောင်လိုက် ကျလိုက်"

"မောတာကရော"

"ဒီလိုပါပဲ၊ မောလိုက် ပျောက်လိုက်"

"ချောင်းဆိုးတာ ကရော ..."

"ဒီလိုပါပဲ၊ ဆိုးလိုက် ပျောက်လိုက် ..."


မမညိုက သက်ပြင်းငွေ့ငွေ့ ချသည်။ ယောင်အမ်း နေသော ခြေဖမိုးကို လက်ညှိုးနှင့် အသာဖိ ကြည့်လိုက်တော့ နိမ့်ဝင်ပြီး အရာထင် ကျန်နေခဲ့သည်။


"ဆေးရုံ တက်ရင် ကောင်းမယ် ထင်တယ် ..."

"မဖြစ်ပါဘူး ဆရာမရယ်၊ အိမ်မှာလည်း အလုပ်တွေ ပုံလို့။ သူ့ထက် အငယ် နှစ်ကောင်လည်း ရှိသေးတယ်၊ ကျွန်မကို ဘယ်သူ ထမင်းပို့ပေး နိုင်မှာလဲ ..."


ဂျာရစ်တို့ အမေက ခေါင်းကို ဖြည်းညင်းစွာ ခါသည်။


"ဒီလိုပဲ ဆေးလေး စား၊ ဆေးလေး သောက်လိုက်ရင် သက်သာ သွားမှာပါနော် ... ဆရာမရယ် ..."

"ပိုဆိုးလာမှာ စိုးလို့ပါ"


မမညိုက သက်ပြင်း ရှိုက်ရင်း ပိုပို့ကို လှမ်းကြည့်သည်။


ဂျာရစ်က "အမေ ကျွန်တော် ပို့ပေးမယ်လေ" ဟု ဝင်ပြောတော့ သူ့အမေက "နင် ပို့ပေးရင်လည်း ထမင်းကို ဘယ်သူက ချက်နိုင်မှာလဲ၊ နင့်အဖေက မိုးလင်းတယ်ဆို အလုပ် ဆင်းရတာ၊ မဖြစ်ပါဘူးကွယ်။ ဆရာမရယ် သောက်ဆေးလေး ဘာလေး ပေးလိုက်ပါကွယ် ..." ဟု ပြောသည်။


"ဒီထက် ဆိုးလာရင်တော့ ဆေးရုံကို သွားဖြစ်အောင် သွားရမယ်နော်။ ဓာတ်မှန် ရိုက်ဖို့၊ ဆီးတွေ သွေးတွေ စစ်ဖို့လည်း လိုတယ်။ ကိုယ့်မှာ ရောဂါရယ်လို့ ဖြစ်လာရင် ဒီရောဂါ ပျောက်ဖို့ထက် အရေးကြီးတာ ဘာရှိဦးမှာလဲ။ ဒီ့ပြင် ပူစရာ ပင်စရာ တွေကို မေ့ထားမှ ဖြစ်မှာပေါ့၊ တော်ကြာ အပ်နဲ့ ထွင်ရမှာကို ပေါက်ဆိန်နဲ့ ပေါက်နေရလိမ့်မယ် ..."


မမညိုက ထုံးစံအတိုင်း တရားဟောသည်။ ဂျာရစ်နှင့် သူ့အမေက ငြိမ်သက်စွာ နားထောင် နေသော်လည်း စိတ်ဝင်စား ဟန်တော့မတူပေ။


"သူတို့တွေ ဆေးဖိုး သိပ်တတ်နိုင်မှာ မဟုတ်ဘူး၊ မမညိုက ဆေးကလေး နည်းနည်းပါးပါး လောက်ကို အလကား ပေးလိုက်ရင် သိပ်ကောင်းမှာပဲ"


ပိုပိုက စိတ်ထဲမှ တွေးရင်း မမညိုအား ငေးကြည့် နေမိသည်။


ပိုပို၏ မျက်လုံးမှ တဆင့် အတွင်းစိတ်ကို ဖတ်လိုက်မိသော မမညိုက သဲ့သဲ့ပြုံးကာ "မိပို ... နင် သိပ်သနား နေသလား" ဟု တိုးတိုးလေး မေးလေသည်။


"ငါ ဆေး တစ်ခါသောက် နှစ်ခါသောက် လောက်တော့ အလကား ပေးလိုက်မယ်လေ ..."


အင်ပါစလင် အပါအဝင် ဆေး သုံးလေးမျိုးကို ပလတ်စတစ် အိတ်ကလေး ထဲသို့ ကိုယ်တိုင် ထည့်ရင်း မမညိုက ပိုပို့နား ကပ်ကာ ပြောသည်။


ဂျာရစ် ကတော့ ဘယ်လိုနေမည် မသိ။ ပိုပို ကတော့ ကြားမှ နေပြီး မမညိုကို အတော် ကျေးဇူးတင် သွားမိသည်။


"ကဲ သောက်ဆေး ပေးတာတော့ ပေးလိုက်မယ်။ ကျွန်မ ညီမလေးက ဒီကလေးကို သံယောဇဉ် ဖြစ်နေလို့ ဒီတစ်ခါတော့ အလကား ပေးလိုက်မယ်နော်။ ဒီဆေး အဖြူပြားနဲ့ အတောင့်လေး ကိုတော့ အိမ်ပြန် ရောက်ရင် ချက်ချင်း သောက်လိုက်၊ အတောင့်လေးက နှစ်ခါသောက်ပဲ ဆိုတော့ နက်ဖြန်ကျရင် ထပ်ဝယ် လိုက်နော်။ တစ်နေ့ လေးလုံး၊ ခြောက်နာရီခြား လေးရက် ဆက်သောက် ရမယ်။ နောက်ပြီး ဆီးဆေးလည်း သောက်ဖို့ လိုတယ်။ ဒါမှ အဖော ကျမှာ၊ ဆီးဆေး သောက်ရင် အားဆေးတို့လည်း တွဲသောက်မှ ကောင်းမှာ။ ဆေးတွေကတော့ ရေးပေးတာပဲ။ ဒါပေမဲ့ မင်္ဂလာဈေး မှာပဲ ဝယ်ရမှာပါ။ ဆေးဝယ်ပြီးတော့ တစ်ခေါက် လာခဲ့လေ၊ ဘာဆေးကို ဘယ်လို သောက်ရမလဲ ကျွန်မ ပြောပြမယ် ..."


မမညိုက ဆေးစာတွေ ရေးပေးသည်။ ဂျာရစ်တို့ သားအမိလည်း ကျေးဇူးတင်စွာဖြင့် ပြန်သွားကြ လေသည်။


"အမှန်ကတော့ သူ့ရောဂါက အတော်ကြီး နေပြီ။ အပ်နဲ့ ထွင်ရုံနဲ့လည်း မရတော့ ပါဘူး။ နှလုံးကလည်း ယောင်နေတယ် ထင်တာပဲ၊ ချက်စ် အင်ဖက်ရှင်လည်း ဝင်နေတယ်။ အဲဒါမျိုးက ဆေး ကောင်းကောင်းစား၊ အစားကောင်း စားပြီး အေးအေးဆေးဆေး အနားယူဖို့ လိုနေတာ"

"ဆေးမစားနိုင် အနားမယူနိုင် ရင်ကော ... ဟင် မမညို ..."


ပိုပိုက အလိုက်ကန်းဆိုး မသိ ဆက်မေးတော့ မမညိုက ပိုပိုအား မျက်မှောင်ကုပ်၍ ကြည့်သည်။ ထို့နောက် "သူ မနားရင် သေမင်းက အတင်း နားခိုင်း လိမ့်မယ်" ဟု ငေါက်ဆတ်ဆတ် ပြောသည်။


မမညိုက ဆေးဝယ်ပြီးရင် လာခဲ့ဟု ဆိုသော်လည်း ဂျာရစ်တို့ သားအမိသည် နောက်ထပ် ပေါ်မလာတော့ပေ။ ပိုပို ကတော့ သူတို့ ဈေးရောင်းနေကျ နေရာလေးကို လှမ်း၍ လှမ်း၍ ကြည့်ရင်း သတိရ နေမိသည်။


တစ်ညနေတော့ ပိုပိုတို့ ညီအမ ဆေးခန်းသို့ အလာတွင် ရေစည်လှည်း တွန်းနေသော ဂျာရစ်ကို တွေ့ရသည်။ လေးလံလှသော ရေစည်လှည်းကို တခြား ကလေး တစ်ယောက်နှင့် အတူ အတင်း အားစိုက်ပြီး တွန်းနေရာမှ ပိုပို့ကို မြင်တော့ မပွင့်တပွင့် ပြုံးပြသည်။


"ဟဲ့ ဂျာရစ်၊ နင့်အမေ သက်သာရဲ့လား ..."

"ဒီလိုပါပဲ"

"ဆေးရုံ မသွားသေး ဘူးလား"

"ဟင့်အင်း"


ဂျာရစ်က ခေါင်းခါသည်။ မမညိုက "ဆေးတွေ ဝယ်သောက်ရဲ့လား" ဟု မေးတော့ ဘာမှ ပြန်မပြောဘဲ မကြားချင်ဟန် ဆောင်နေ လေသည်။


ထို့နောက် ရေစည်လှည်းကို ဆက်၍ မတွန်းတော့ဘဲ "ငါ မနိုင်ဘူးကွာ၊ အဖေ့ကို လွှတ်လိုက်မယ်" ဟု ပြောပြီး အလျှင်အမြန် ပြေးထွက် သွားသည်။ ရေတွေ စိုကာ ကပ်နေသော ပုဆိုးနှင့်မို့ တုပ်၍ လဲတော့မလို ဖြစ်သွား သော်လည်း ပိုပိုတို့အား လှည့်မကြည့် တော့ပေ။


"ဆေးရုံ ကျရင်ကော အဲဒီဆေးတွေ ဝယ်ခိုင်းမှာပဲ မဟုတ်လား မမညိုရာ ..."


ပိုပိုက လှမ်းပြော သော်လည်း မမညိုက ဘာမှ ပြန်မဖြေချေ။ ကျောခိုင်းကာ ထွက်ပြေးသွားသော ဂျာရစ်ကို လှမ်းကြည့်ရင်း ပင့်သက်ကို ရှိုက်၍ နေလေသည်။


"ငါလည်း ဆရာဝန် လုပ်ရတာ စိတ်ညစ် လာပါပြီ မိပိုရယ်"

"ဘာဖြစ်လို့လဲ ဟင်"


ပိုပိုသည် ဘာမှ ဆက်မမေးတော့ဘဲ လမ်ဘေးမှ ခရမ်းရောင် ကန်စွန်းပွင့်လေး များကို ငေးကြည့် နေမိသည်။ ညနေခင်း နေရောင်ခြည် အောက်တွင် အပွင့်လေးတွေ ငုံ့ကာ ငိုက်ကျနေသော ကန်စွန်းပွင့်လေး များသည် ပိုပို့ကို ပြန်မကြည့်ဘဲ မျက်လွှာ ချထားကြသယောင် ရှိလေသည်။ လမ်းပေါ်တွင် စိန်ပြေးတမ်း ကစားနေကြသော ကလေးငယ်များ ကတော့ ပိုပိုတို့ကို ကွေ့ပတ်ပြေးရင်း ပျော်ရွှင်စွာ ဟစ်အော် နေကြသည်။


"အနာသိ ဆေးရှိ၊ ဤဆေးခန်းနှင့် ညှိပါ။ ဤဆေးခန်း ရောက်တော့ ဝေဒနာ ပျောက်ရောပေါ့" တဲ့လေ။


------

မစန္ဒာ


Thursday, December 14, 2017


[ အဆွေတော် ဘလော့ဂ်မှ ကူးယူပါသည်။ ဘလော့ဂ်ဂါအား ကျေးဇူးတင်ပါသည်။]


No comments:

Post a Comment