#မမလေးတို့ပျို့ဦးရင်
( ဇာတ်သိမ်း)
#မဝင့် ( မြစ်ငယ်)
ဦးရင်ကြီးက အသက်သာ ကြီးတာကိုး။ ဘာမှ မသိ နားမလည်ရှာတဲ့ လူရိုး လူအကြီး တစ်ယောက်ကိုး။ လူဝတ်ကြောင်တုန်းက အကျင့် တွေကို မဖျောက်နိုင်ပေဘူး။ ဆိုကြပါစို့ရဲ့။ ဦးရင် ကြီးက အထိတ်တလန့်ဖြစ် တဲ့အခါ၊ ဒါမှမဟုတ် သူ့ရဲ့ ခါးကို ဖျတ်ခနဲ တို့ထိတဲ့ အခါတွေမှာ အော်ဟစ်ယောင်ယမ်းတတ်တဲ့ အကျင့် ရှိတယ်။
သူယောင်တာက ရိုင်း ရိုင်းပျပျစကားသံတွေတော့ မဟုတ်ဘူး။“ဟဲ့...လှလှ” တဲ့။ လှလှဆိုတာ သူအလွန် ချစ်မြတ်နိုးတဲ့သူ့သမီး လှလှ တင့်ကိုခေါ်တဲ့နာမည်လေ။ ကိုရင်ကြီး ဘ၀ရောက်တဲ့ အခါမှာလည်း ထစ်ခနဲဆို “ဟဲ့...လှလှ”ပဲဖြစ်နေတော့ ကျောင်းမှာရှိကြတဲ့ ဦးပဉ္ဇင်း တွေက၊ “ဘုန်းကြီးဆိုတာ လူ တွေလို လန့်တိုင်း မယောင်ရ ဘူး။ သတိနဲ့ ထိန်းရမယ်။ သတိ မနိုင်သေးလို့ယောင် မိရင်တောင်မှ“ဗုဒ္ဓေါ”တို့၊ “ဘုရား”တို့ “တ”ပြီး ယောင် ပေါ့လို့ သွန်သင်ကြတယ်။
ဒီတော့ ဦးရင်ကြီးခမျာ ထိတ်လန့်လို့ ယောင်မိတဲ့ အခါမှာ “ဟဲ့...လှ... ဗုစ်... ဗုစ်...ဗုစ်ဒေါ”တဲ့လေ။ ဒီလို အော်မိပြန်တော့ မျက်နှာငယ် လေးနဲ့ ဟိုကြည့်ဒီကြည့် ဖြစ်ရှာလို့ သနားစရာလည်း ကောင်းပါရဲ့။ ပြုံးလည်းပြုံး မိတတ်ကြပါရဲ့။
ဘုန်းကြီးဘ၀ ရောက် ကတည်းက ဦးရင်ကြီးမှာ အခက်အခဲနဲ့ အသစ်အဆန်း တွေချည်းပါပဲ။ ဒါပေမဲ့ ဦးရင်ကြီးပျော်တယ်။ သူစိတ် ထဲမှာ လိုက်နာမယ်လို့ခံယူ ထားလေတော့ ဘယ်လောက် ခက်ခက် မပင်ပန်းဘူး။ ဒါကြောင့် သူကြိုးစား တယ်။ ကြိုးစားလိုက်တာမှ သွားတာ လာတာ နေတာကစ ဆရာတော်ကြီးလို ဣနြေ္ဒကြီးနဲ့ ပြုမူတော့တာ။ သူ ကြိုက်တတ်တဲ့ ဆေးပေါ့လိပ်ကို မီးဖိုဆောင်ထဲမှာ တိတ်တိတ် ဖွာတတ်တာက လွဲလို့ တကယ်လည်း စည်းကမ်းနဲ့ နေရှာတယ်။
သူ့ရဲ့ ဟန်ပန်က သိက္ခာ ရ ဘုန်းတော်ကြီး တစ်ပါးလို ကြည်ညိုဖွယ်တောင်မှ ဖြစ်နေသေးတော့တယ်။ ဒါကြောင့်လည်း ဦးရင်ကြီး အတွက် အမှား တစ်ခုကို ကျူးလွန်ဖို့ ဖန်တီးလိုက်သလို ဖြစ်ရပြန် တယ်။
မြတ်လေးရုံ တောရ ကျောင်းမှာက ကံ့ကော်ပင် အိုကြီးတွေရှိတယ် မဟုတ် လား။ အဲဒီအရိပ်ကောင်းတဲ့ အပင်ကြီးတွေ အောက်မှာ သံဃာတော်တွေ သီတင်းသုံး ဖို့ ခုံဝိုင်းကလေးတွေ ပြုလုပ် ထားတယ်။ ၀ါတွင်းကာလရဲ့ တစ်ခုသော နေ့လယ် အချိန်မှာပေါ့။
အပင်ပေါ်မှာလည်း ကံ့ကော်ပွင့်တွေက ဖွေးလို့။ပင်အောက်မှာတော့ ပန်းရနံ့ တွေက မွှေးမြလို့။ ဒီလို သာယာလှပတဲ့ ရှုခင်းအောက်က ခုံဝိုင်းလေးပေါ်မှာ ဦးရင် ကြီးက ထိုင်နေတယ်။ မျက်လုံးစုံ မှိတ်ပြီး သူကျက်မှတ် ရတဲ့ သာမဏေ ကျင့်ဝတ်ကို အလွတ်ရွတ်ဆိုကြည့်နေတာ။ ညနေကျရင် ဦးဝိလာသရှေ့ မှာ စာအံပြရမယ်လေ။
ဒီအချိန်မှာပဲ မန္တလေး မစိုးရိမ်စာသင်တိုက်က ဓမ္မာ စရိယတန်းတက်နေတဲ့စာသင် သား ဦးပဉ္စင်းတွေရောက်လာ တယ်။ ဧည့်သည် အာဂန္တု ဦးပဉ္စင်းတွေရဲ့စိတ်ထဲမှာ ရုတ်တရက်ဆိုတော့ ဦးရင် ကြီးကို ကျောင်းထိုင်ဆရာ တော်ကြီးလို့ ထင်မှတ်သွား ကြတယ်။ ဒါကြောင့် ဦးရင်ကြီးခုံ အောက်မှာ ဆောင့်ကြောင့် ထိုင်လက်အုပ်ချီရင်း ပဋိ သန္ဓာရစကားအရ ဆရာ တော်နေကောင်းပါရဲ့လား လျှောက်ထားကြတယ်။
ဦးရင်ကြီးကတော့ ခပ် တည်တည်ပဲ ငေးကြည့်နေ တော့တယ်။ ဦးရင်ကြီးတို့ရဲ့ ဒီလိုမြင်ကွင်းကိုသိမ်ကျောင်း ထဲကထွက်လာတဲ့ ဆရာ တော်ကြီးက လှမ်းမြင်လိုက် တယ်။ ဧည့်သည်အာဂန္တု ရဟန်းတွေဟာ ဆရာတော် ရဲ့ မိတ်ဆွေ စာချဆရာတော် က လွှတ်လိုက်တဲ့ တပည့် တွေ မှန်းဆရာတော်ကြီး သိ တယ်လေ။
“ဟဲ့-ဦးရင်ကြီး လျှောက်စမ်းဟဲ့”
“မှန် မှန်လှပါ ဒီသံဃာ တွေက ဆရာတော်ကြီး မှတ်ပြီး တပည့်တော်ကို”
ဒီတော့မှ ဧည့်သည်ရ ဟန်းတွေလည်း ဆရာတော်ကြီး မဟုတ်ဘဲ တန်းပြီး ကန်တော့မိကြတာ သိသွားတော့တယ်။ ဆရာတော်က အမိန့် ရှိပါတယ်။
“တွေ့လား မောင်ပဉ္စင်းတို့။ တောဖုံးရင် သာသနာ ကွယ်လိမ့်မယ်ဆိုတဲ့ ရှေးက ဆရာတော်တွေရဲ့ အဆိုအမိန့် စကား မှတ်သားဖူးကြရဲ့ မဟုတ်လားကွယ့်။ တောဆိုတာ ၀ိနည်းစည်းကမ်းနားမ လည်ဘဲ အသက်ကြီးမှ ၀တ်တဲ့ တောထွက် ဘုန်းကြီးတွေကို ဆိုသကွယ့်။ မောင်ပဉ္စင်းတို့က စာတတ်ပေတတ် ရဟန်းတွေပဲ။ ၀ိနည်းတော် ကျွမ်းကျင် လိမ္မာပြီးသား မဟုတ်လား။ တို့ဘုရား သာသနာတော်မှာ သိက္ခာနဲ့ ၀ါကို သိပ်အလေး ထားတာကွယ့်။ အသက်အရွယ်က အဓိက မဟုတ်ဘူး။ သိက္ခာ ကြီးပြီး ၀ါရင့်တဲ့သူကို ရှိခိုး ဦးညွှတ်ရမယ်၊ သူ့စကားနား ထောင်ရမယ် မဟုတ်လား။ခုတော့ မောင်ပဉ္စင်းတို့က မမေးမမြန်း ဘဲလုပ်မိတော့ ဒီက တောထွက်ကိုရင်ကြီး မှာအပြစ်ဖြစ်တော့မပေါ့”
“မှန်လှပါ တပည့်တော်တို့ မှတ်သား လိုက်နာပါမယ် ဘုရား။ ကျောင်းပြန်ရောက်မှ အာပတ် ဖြေကြပါမယ် ဘုရား”
ဦးရင်ကြီးခမျာ ကြောက်လိုက်တာလေ။ တစ်နေ့လုံး တွေးမိတိုင်း ချွေးပြန် တော့တာ။ ဆရာတော်ကြီး က သူ့ကို မဆူပေမဲ့ ဒီလိုပဲ နေရင်းထိုင်ရင်း အပြစ်ဖြစ်နေရင် ငရဲကြီးနေတော့မှာလား တွေးရင်းထိတ်လန့်မိတယ် ။ဒီကြားထဲ ဒီအကြောင်း သိသွားကြတဲ့ ကျောင်းက ကိုရင်နဲ့ဒကာတွေက ၀ိုင်းပြီး ရယ်ပွဲဖွဲ့ကြတော့ ဦးရင်ကြီး မျက်စိမျက်နှာ ပျက်ပြီပေါ့။
ဒါကြောင့် ညရောက်လို့ ဆရာတော်ကြီးကို ၀တ်ဖြည့် နှိပ်နယ်ပေးရင်း ဦးရင်ကြီး မှာမရဲတရဲ မေးလျှောက်ရှာတယ်။ မသိလို့ အပြစ် မဖြစ်အောင် ဘယ်လို နေထိုင်ရမယ် ဆိုတာကိုပေါ့။ ဒီတော့ဆရာ တော်ကြီးက ဖြေတယ်။ဆရာတော်ကြီးရဲ့ ဒီမိန့်ကြားမှုဟာ သူ့ဘ၀ အတွက် နေပျော်ဖို့ မမေ့ စတမ်း မှတ်သားရမယ့် စကားတစ်ခွန်းပါ။
“မသိတာပြဿနာ မဟုတ်ပါဘူး။ မသိဘဲနဲ့ သိတဲ့ လူလိုလုပ်ချင်တိုင်း လုပ်မိတာကမှ အပြစ်တွေ ဖြစ်စေတာ။ ကိုယ်မသိတာကိုမသိဘူးလို့နားလည် သတိရှိ နေရင် သူတော်ကောင်းတွေရဲ့ နေနည်းပဲ။ ဒီထက် ပိုကောင်း တာကတော့ ကိုယ်သိသမျှ လေးတွေကိုပဲ နှစ်နှစ်ခြိုက်ခြိုက် ရှောင်သင့်တာရှောင် ဆောင်သင့်တာ ဆောင်ပြီး ကျင့်ကြံ အားထုတ်နေထိုင်သွား ရင်တော့အားလုံးသိနေတဲ့လူ တွေနဲ့မခြားဖြစ်သွားနိုင်တယ်”
အဲဒီကတည်းက သူသိ သမျှ ၀ိနည်းစည်းကမ်းတွေ လိုက်နာသလား မမေးနဲ့။ဆရာတော်နဲ့ ဦးပဉ္စင်းတွေက မစွန့်သေးဘဲ ထန်းလျက် တစ်ခဲတောင် မစားဘူး။သူများလည်း မကျွေးဘူး။သြော်-သူက ကျောင်းရဲ့ ကျက်သရေခန်းလို့ ခေါ်တဲ့ အလှူခံ ပစ္စည်းတွေထားတဲ့ အခန်း သော့ထိန်းလေ။
မြတ်လေးရုံတောရ ကျောင်းမှာဆို ဦးရင်ကြီးရဲ့ နေ့စဉ် တာဝန်တွေက အများသား။ နံနက်အရုဏ်ဆွမ်း ချက်၊ ဆွမ်းကပ်၊ ပြီးတော့ တစ်ကျောင်းလုံး အတွက် ရေနွေး တည်ထားရသေးတယ်။ အရုဏ်ဆွမ်းစား ပြီးတော့ တံမြက်စည်းလှည်း၊ အမှိုက်ကျုံးတယ်။ တစ်နေ့လုံးလည်း အအားနေတယ် မရှိဘူး။ သစ်ရွက်ကြွေရင် ရွက်ခြောက်တွေ ကောက်နေတတ်တာပါ။
ကျောင်းမှာငယ်ရွယ်တဲ့ ကိုရင်တွေ ရှိပေမဲ့ သူတို့က စာသင်စာအံရတာ မဟုတ်လား။ ဦးရင်ကြီးက နောက် ဘ၀ ပညာပါရမီ ကောင်း အောင်ဆိုပြီး ကိုရင်ငယ်တွေ ကို မခိုင်းဘူး။ အလုပ်ဟူ သမျှသူပဲဒိုင်ခံလုပ်တော့တာ။
ဒီတော့မြတ်လေးရုံ တောရကျောင်းမှာ အားလုံးရဲ့ ချစ်ခင်ခြင်းခံရတာ မဆန်း ဘူးပေါ့။ ပြီးတော့လူရိုးကြီး မို့စလို့ နောက်လို့ပျော်စရာ ကောင်းကြတော့ ဆရာတော် ကြီးကတောင်မှ ဦးရင်ကြီး ကို“ကျောင်းပျော်ဆေးကြီး” လို့ပြုံးပြုံးနဲ့မိန့်တော်မူဖူး သေးတာပေါ့။
တစ်ခါကျောင်းကို ဆွမ်းပို့နဲ့ဒါနပြုဖို့ရောက်လာ ကြတဲ့အလှူရှင်တွေနဲ့လည်း ရင်းနှီးခင်မင်လိုက်သေးရဲ့။လူဝတ်ကြောင်ကလာတဲ့သူ ဆိုတော့ ၀င်းဦး၊ တွံတေး သိန်းတန်၊ ဟင်္သာတထွန်းရင် လည်းသိတာမဟုတ်လား။စကားလက်ဆုံကျလို့ အဖြစ် ချည်းပဲ။
ဦးရင်ကြီးနဲ့ ပိုပြီး ရင်းနှီး ကြသူတွေကတော့ ဒီတောရ ကျောင်းနဲ့အနီးဆုံးမှာ နေကြတဲ့ သာယာကုန်းရွာက လူတွေပေါ့၊ ဆရာရင်း ဒကာရင်းတွေ မဟုတ်လား။
ဒီလိုချစ်ခင်ရင်းနှီး ကြပေမဲ့ “ဦးရင်ကြီးအနား ကပ်လို့ကတော့ နှမ်းတစ်စေ့တောင် စားရလိမ့်မယ် မထင်နဲ့” ဆိုတဲ့ ဂုဏ်ပုဒ်ကလည်း နာမည် အကြီးသား။ ဒီလောက်ထိကျောင်းကို လုံအောင် ထိန်းထားတတ် တာပါ။
ဒီလိုနဲ့ တစ်ဦးနဲ့ တစ်ဦး ချစ်ခင်ကြင်နာခြင်း၊ပျော်ရွှင် ခြင်းဆိုတာတွေဟာ လောက အလှတရား ဆိုပေမဲ့ဒါကလည်း မမြဲခြင်းဆိုတဲ့အနိစ္စတရား အောက်မှာ ၀ပ်စင်းကြရတာ မဟုတ်လား။ ဦးရင်ကြီး ဒီမြတ်လေး ရုံ တောရကျောင်း ရောက်လို့ ဆယ့်ငါးနှစ်ကြာတဲ့ အခါဆရာ တော်ကြီးပျံတော်မူပါတယ်။
ဦးရင်ကြီး ငိုလိုက်တာလေ။ သူ့ဘ၀ အဆင့်အတန်း မြင့်အောင်၊ လူဖြစ်ရကျိုး နပ် အောင်လမ်းပြ သွန်သင်ခဲ့တဲ့ ဖခင်သဖွယ် ဆရာတစ်ဆူ မဟုတ်လား။ မြတ်လေးရုံတောရ ကျောင်းက ရွှေကျင်ဂိုဏ်း ဆိုတော့ ဘုန်းတော်ကြီးပျံပွဲ ရယ်လို့ မကျင်းပပါဘူး။ဆရာတော်ကြီးရဲ့ ရုပ်ကလပ်ကို ကျောင်းထောင့် တစ်နေရာမှာ နံ့သာတုံး၊ နံ့သာဆီတွေနဲ့ အဂိ္ဂ ဈာပနပြုလုပ်တယ်။
ဆရာတော်ကြီးရဲ့ ရုပ် ကလာပ်တော်ကို မီးတောက် မီးစတွေ ကူးဝင်သွားတော့ အားလုံး ငြိမ်သက်နေတုန်း ဆွဲဆွဲငင်ငင်ကြီး ငိုချလိုက်တဲ့ ဦးရင်ကြီးရဲ့အသံက ဘုန်း ကြီးပျံပွဲတွေမှာ ဆိုင်းတွေဝိုင်း တွေနဲ့ဧယင်ကျူးတဲ့ မင်းသား မင်းသမီးတွေရဲ့ အသံထက် ငိုချင်စရာ ကောင်းလိုက် တာလေ။
ဈာပနမှာ အသုဘ ကမ္မဋ္ဌာန်း ဘာဝနာပွားဖို့ ကြွရောက်လာကြတဲ့ ကျောင်းထိုင် ဘုန်းကြီးတွေ တောင်မှ မျက်ရည် စို့ကြရ ပါတယ်။ ဒါယကာ ဒါယိ ကာမတွေ ဆိုတာတော့ ဣနြေ္ဒ မဆည်နိုင်၊ ငိုချ လိုက်ကြတော့တာပေါ့။ ဆရာတော်ကြီး မရှိတော့တဲ့ နောက်တော့ မန္တလေးမှာ စာချ ဆရာတော်လေး ဖြစ်နေတဲ့ ဦးပဉ္စင်းလေး “ဦးမာလာ” က ကျောင်းထိုင်တယ်။ ဦးပဉ္စင်းလေးက ပျံတော်မူ သွားတဲ့ ဆရာတော်ကြီးရဲ့ တပည့်ရင်းပေါ့။ဦးပဉ္စင်းလေးက စာတော်သလို ၀ိနည်းလည်း လေးစား လိုက်နာသူမို့ ဆရာတော် ကြီး အားထားခဲ့တဲ့ ပုဂ္ဂိုလ်ပါ။
ဦးပဉ္စင်းလေးကျောင်း ထိုင်တဲ့ အချိန်ကျတော့ ခေတ်ကလည်း ပြောင်းသွားပြီ။ သာယာကုန်းရွာလေးမှာ တောင်မှ အိမ်တိုင်းလိုလိုမှာ ဆိုင်ကယ်တွေတီဗွီ၊ အောက် စက်တွေနဲ့ခေတ်မီကုန်ကြပြီ။ ခေတ်နဲ့ အညီ လူ့အသုံးအ ဆောင်ဇိမ်ခံ ပစ္စည်းတွေကို လှူကြ တန်းကြတော့ ဘုန်းကြီးကျောင်းတွေမှာလည်း ရောက်ကုန်ကြပြီလေ။
ဒါကြောင့်ဦးပဉ္စင်း လေးက အမိန့်ရှိတယ်။
“ဦးရင်ကြီးရဲ့။ ကျုပ်တို့ ထေရ၀ါဒ သာသနာမှာ အထင်ကရ သီတင်း သုံးသွား ကြတဲ့ ဆရာတော်ကြီးတွေ အမိန့် ရှိခဲ့တယ်ဗျ။
“ကျောင်းငြိမ်းချမ်း ချင် ရင် ဒွိ၊ ကပ်၊ တောရှောင်တဲ့။ “ဒွိ”ဆိုတာက ကျောင်းထိုင် ဆရာတော်နှစ်ပါးမထား ဘူး။ တစ်ပါးပဲ ရှိရမယ်လို့ ဆိုတာ။ “ကပ်”ဆိုတာကတော့ ကပိ္ပယတွေနဲ့ ရှုပ်ရှုပ်ထွေးထွေး မနေရဘူးတဲ့။ “တော” ဆိုတာကတော့ ဦးရင်ကြီး တို့လိုတောထွက်ကြီးတွေ ရယ်၊ ပြီးတော့ “တော”နဲ့ တူ တဲ့ ကိလေသာ လောကီနယ် ပယ်က လူ့အသုံးအဆောင် ပစ္စည်းတွေပဲဗျ။ ဘုန်းကြီး ကလူနဲ့တူ၊ ဘုန်းကြီးကျောင်းက လူနေအိမ်နဲ့ တူနေအောင် အသုံးအဆောင် ဇိမ်ခံပစ္စည်း တွေရှိလွန်းရင် မကောင်းဘူးဗျ။ ကျေးဇူးရှင်တောင်မြို့ မဟာဂန္ဓာရုံ ဆရာတော်ကြီး ကလည်း ဒါမျိုးတွေကို ရှုတ်ချ သွားတာဗျ”
“ဟုတ်တာပေါ့ဘုရား။မိန်းကလေးများ သနပ်ခါးလေး လူးထားမှ ပိုပြီးလှသလို ဘုန်းကြီးများ ရောင့်ရဲမှ ပိုပြီး တင့်တယ်မှာပေါ့ ဘုရား”
“ဟဲ့-ကျုပ်တို့ကျောင်း ကတောထွက် ဦးရင်ကြီးက တော့တယ်သိပါလား။ တောထွက်မှာလည်း စွန်းလွန်း ဆရာတော်ကြီးလို ရဟန္တာ ပုဂ္ဂိုလ်ထူးတွေ ရှိသေးတာ ကလား။ ဘယ်သူဖြစ်ဖြစ် စိတ်ကောင်းရှိဖို့နဲ့ ၀ိနည်း ရိုသေဖို့ပေါ့ဗျာ”
ဦးရင်ကြီးက သံဝေဂ စိတ်ရင်းအမှန်နဲ့ ဘုန်းကြီး ၀တ်ခဲ့တာ မဟုတ်လား။ခုဆို အသက်အရွယ်ကလည်း ရ လာ၊ ဆရာကောင်းကိုလည်း ဆည်းကပ်ခွင့် ရခဲ့တော့တ ဖြည်းဖြည်းရင့်ကျက် တည် ငြိမ်လာခဲ့ပါတော့တယ်။ ဒီလိုနဲ့ ဦးပဉ္စင်းလေးရဲ့ တပည့် ဦးရင်ကြီးအဖြစ် ဆယ်နှစ် တိုင်လာတဲ့ အချိန်မှာပေါ့။ ဗျာဓိဆိုတဲ့ နာခြင်းက ဦးရင် ကြီးခန္ဓာမှာဝင် ရောက်မင်းမူ လာခဲ့ပါတော့တယ်။ အသက် ကလည်း ခုနစ်ဆယ့်ငါး မဟုတ်လား။
တစ်သက်လုံးစွဲစွဲမြဲမြဲ သောက်ခဲ့တဲ့ ဆေးလိပ် ကြောင့် ရခဲ့တဲ့ရောဂါလို့ လည်းဆိုရမှာပါ။ အဆုတ် ကင်ဆာတဲ့။ ဒါလည်း ရောဂါ ကျွမ်းမှသိခဲ့ကြရတာပါ။ ဝေဒနာကို လူမသိ အောင်ဖုံးဖိရင်း သူ့တာဝန် တွေကိုမပျက်တမ်းကြိတ် မှိတ်လုပ်ကိုင်ခဲ့တဲ့ ဦးရင်ကြီး ပါ။ ပြင်းထန်တဲ့ဝေဒနာ ကြောင့် စောစောထ ရေနွေး အိုးမတည်နိုင်တဲ့အခါ ကျောင်းက စာသင်သား ဦးပဉ္စင်းငယ်လေးတွေက အပြစ်တင်တော့ တပည့်တော် နောင်မဖြစ်စေရပါဘူးလို့ ပျာပျာသလဲ တောင်းပန်တတ် တဲ့ ဦးရင်ကြီးပါ။
တံမြက်လှည်းရင်း မခံ မရပ်နိုင်လောက်အောင် မော လာတဲ့အခါ အနီးမှာရှိတဲ့ ကိုရင်လေးတွေက ဦးရင်ကြီး ဘာဖြစ်တာလဲ ဘုရားလို့ မေးလျှောက်တာတောင်မှ “ငါလည်းပျင်းလို့ ခဏနား တာပေါ့ကွ” လို့ ရယ်ရယ်မောမော တုံ့ပြန်တတ်တဲ့ဦးရင်ကြီးပါ။
ကျောင်းမှာပြုလုပ်တဲ့ အလှူပွဲအတွက် ဆွမ်းချက်ဖို့ ကျက်သရေခန်းထဲက အိုး ခွက်ပန်းကန်တွေ ထုတ်နေ ရင်း ရင်ဘတ်က စူးစူးအောင့် အောင့်ဖြစ်လာလို့ လုပ်လက် စအလုပ်တွေရပ်တန့်ပြီး ရင် ကို ဖိနှိပ်မိတဲ့အခါ လူပျို ခေါင်း ကိုစည်သူက ဦးရင် ကြီး ဘာဖြစ်တာလဲလို့ ပျာ ပျာသလဲမေးတော့“ မရှိလို့ လုပ်စားတာဖြည်းဖြည်းပေါ့ ကွာ။ တစ်သက်လုံး မိန်းမ မရ မယ့် လူပျိုကြီးကို ဘယ်ရည်းစားက မျှော်နေလို့ လော နေတာလဲ”ဆိုပြီး ပျော်ပျော် ပါးပါးနေပြတဲ့ ဦးရင်ကြီး ပါ။
ကျောင်းထိုင်ဦးပဉ္စင်း လေးက ဦးရင်ကြီးရဲ့အသက် အရွယ်ကိုထောက်လို့ ည အချိန်ဝတ်ဖြည့်တဲ့ အလုပ်တွေ မခိုင်းဘဲထားတာတောင်မှ “ဦးပဉ္စင်းလေး ညောင်း ညာရင် အမိန့်ရှိပါဘုရား၊ တပည့်တော်က လူငယ်တွေ ထက်ပိုပြီး အနှိပ်အနယ် ကောင်းတာဘုရား”
လို့ သိတတ်တဲ့တပည့် ကောင်းဦးရင်ကြီးပါ။
ဒီလိုဦးရင်ကြီးက လုံးဝ မလှုပ်ရှားနိုင်အောင် လဲကျ သွားမှပဲ သူနေမကောင်းတာကို သိလိုက်ကြရတော့ပါတယ်။ ကျောင်းထိုင် ဦးပဉ္စင်းလေးလည်း သိသိ ချင်း ပလိပ်က ဆရာဝန် ဦးစိန်မြင့်ကိုခေါ်ပြီး ကုသ စေခဲ့ပါတယ်။
ဒါပေမဲ့ အခြေအနေ က သိသိသာသာ ဆုတ်ယုတ် သွားခဲ့ပါပြီ။ ဦးရင်ကြီးကလည်း ခါတိုင်း သူလုပ်နေကျ ကျောင်း ရဲ့ ဝေယျာဝစ္စတွေပျက်ကွက် နေလို့အားနာ၊ ကျောင်းထိုင် ဦးပဉ္စင်းလေးနဲ့တကွ စာသင် သားသံဃာတွေကလည်း ကိုယ့်အလုပ်နဲ့ ကိုယ်မို့ ဦးရင်ကြီး အနားမှာ အချိန်ပြည့် မစောင့်ရှောက်နိုင်ကြတာ စိတ်မကောင်းဖြစ်နေကြ တာပေါ့။
ဒီအချိန်မှာ အမှန် တကယ် အကြောင်းကြားဖို့ လိုအပ်တာလည်း တစ်ကြောင်း ကြောင့်မန္တလေးမှာကျောင်း အုပ် ဆရာမကြီးဖြစ်နေတဲ့ ဦးရင်ကြီးရဲ့သမီးကိုလှမ်း ခေါ်လိုက်ရတော့တယ်။ သမီးဖြစ်သူ ဒေါ်လှလှ တင့်ကလည်း ဦးရင်ကြီးရဲ့ ယိုယွင်းသွားတဲ့ ခန္ဓာကိုယ် ဖျော့ဖျော့ကို တွေ့လိုက်ရ တော့ စိတ်မကောင်း ဖြစ်ရှာ တယ်။ ဒါ.. နောက်ဆုံး အချိန် ရောက်တော့မှာ ဆိုတာ တွက်ချက်မိတယ်လေ။
ခက်တာက သူကလည်း ကျောင်းအုပ်တာဝန် တစ်ဖက် မဟုတ်လား။ ဒါကြောင့် ဦးရင်ကြီးနဲ့ အတူ ဒီမြတ်လေးရုံကျောင်းမှာပဲနေပြီး မပြုစုနိုင်ဘူး။ ပြီးတော့ ဦးရင်ကြီး ရောဂါက သိပ်မော ဟိုက်လာရင် မကြည့်ရက်စရာပါ။ ဒါကြောင့် ပစ္စည်း ကိရိယာနဲ့၊ ဆေးဝါးလည်း ပြည့်စုံ၊ ဆရာဝန်ကြီးတွေ လည်းရှိတဲ့ မန္တလေးကိုပင့်သွားဖို့ ကျောင်းထိုင် ဦးပဉ္စင်းလေးထံမှာ လျှောက် တယ်။
ဦးပဉ္စင်းလေးကလည်း ဒေါ်လှလှတင့် လျှောက်တာကို သဘောတူတယ်။ ဟိုမှာက ဆေးဝါး အစုံအလင် ရှိလေတော့ မကျန်းမာတော့တဲ့တိုင် နောက်ဆုံး အသက်ထွက်ရင်တောင်မှ ညင်ညင်သာသာ လေး ဖြစ်နိုင်မယ်မဟုတ် လား။ ဒီလိုတိုင်ပင်ဆုံးဖြတ်ကြပြီး ဦးရင်ကြီးကိုမန္တလေး ပြောင်းရွှေ့ပေးဖို့ ပြင်တယ်။ သူ့ကို မန္တလေးပို့တော့ မယ်ဆိုတာ သိလိုက်တဲ့ ခဏမှာ အသက်ရှင်ခြင်းကို စိတ်အားနဲ့ တင်းခံထားတဲ့ ဦးရင်ကြီးရဲ့ အမူအရာတွေက လုံးဝ ပျက်စီးသွားတယ်။
မီးတောက်နေတဲ့ ထင်းစကိုရေနဲ့ ပက်လိုက် သလို လုံးဝမည်းမှောင်တိတ် ဆိတ်သွားတယ်။ ဦးပဉ္စင်း လေးရဲ့ စေတနာကိုလည်း မငြင်းဆန်ရဲဘူး။ ဦးရင်ကြီးကို မန္တလေး ပို့ဖို့ ကားပေါ်ကိုချီမတင် ချလုပ်ကြတော့ လူပျိုခေါင်း ကိုစည်သူလည်း ပါတာပေါ့။ဦးရင်ကြီးက ကိုစည်သူကို တော့တိုးတိုးလေး ပြောသွား ရှာလေရဲ့။
“ငါ ခုလို ကိုရင်ကြီး ၀တ်ပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားနေခဲ့တာ ဒီ အချိန် အတွက်ကွ။ ငါ့အတွက် ဆေးတွေ ဆရာဝန်တွေ မလို တော့ပါဘူးကွာ”
“ဘယ်ဒီလိုလည်း ဟုတ်ပါ့မလဲ ဦးရင်ကြီးကလည်း။ ဆရာမကြီးတို့ နေတဲ့ တိုက်ခန်းက အထူးကုဆေး ရုံနဲ့ ကပ်လျက်မှာ ရှိတာတဲ့ ဘုရား။ ပြီးတော့ ဆရာဝန် ကြီးတွေကလည်း လူချင်း ခင်နေတော့ ဦးရင်ကြီးကို အိမ်မှာပဲ လာပြီး ဆေးကုပေး မှာဆိုတော့ ဦးရင်ကြီး ကံ ကောင်းပါတယ် ဘုရား”
ကိုစည်သူက တတ်သလောက် မှတ်သလောက် အားပေးနှစ်သိမ့်တယ်။ဒါပေမဲ့ မန္တလေး ရောက် တော့ ဆရာမကြီးတို့ရဲ့တိုက်ခန်းကျဉ်းကျဉ်းလေးမှာ မိသားစုဝင်တွေကိုက ခြောက် ယောက်ရှိတယ်။အိမ်ထဲက သား မြေးတွေရဲ့ ဆူသံညံ သံတွေရယ် အိမ်ဘေးဝဲယာ လမ်းပေါ်ကကား သံစက် သံနဲ့ လူသံတွေက ကျွက် ကျွက်ညံနေတာကိုး။
ဦးရင်ကြီးကို ဧည့်ခန်းလည်းဖြစ် ဘုရားခန်းလို့လည်း ဆိုနိုင်တဲ့ ဆယ့်နှစ် ပေပတ်လည် အခန်းလေး ထဲမှာထားခဲ့ရတော့ ပိုပြီး စိတ်မကောင်းဖြစ်မိတာပေါ့။ နှစ်ပေါင်းများစွာ ကျယ်ကျယ်ဝန်းဝန်း လွတ်လွတ် လပ်လပ်နဲ့ ဘုရားတရားရိပ် အောက်မှာ ငြိမ်းချမ်းစွာ နေခဲ့တဲ့ ဦးရင်ကြီးတော့ နေတတ်မှာ မဟုတ်ဘူးလို့ တွေးမိနေ တာပေါ့။
ကိုစည်သူကတော့ ရွာမှာနေရင်းပဲ ဦးရင်ကြီး သတင်း နားစွင့် နေပါတော့တယ်။ ဒီလိုနဲ့ သုံးရက် လောက် ကြာတော့မြတ်လေးရုံတောရ ကျောင်းကို ဦးရင်ကြီးပြန် ရောက်နေပြီ ဆိုတဲ့ သတင်း ကြားရတယ်။ ဘယ်ဆေးမှ ကုသမခံဘဲ ပြန်ခဲ့တာဆိုပဲ။ ဖြစ်ပုံက ဒီလိုတဲ့လေ။ အမှန်တော့ ဒီလောက် ဆူညံပြီး ကျဉ်းကျပ်လှတဲ့ မြို့ပြလို နေရာမျိုးမှာ ဦးရင်ကြီး တစ်စက္ကန့်တောင်မှ မနေချင်ပါဘဲနဲ့ ရောက်ခဲ့ရတာပါ။ ဒါကြောင့် သမီး ဖြစ်သူကို ဘုန်းကြီးနဲ့ လူနေ အိမ်ဆိုတာ မအပ်စပ်ပါဘူး သမီးရယ်၊ ငါ့ကိုကျောင်းပြန် ပို့ပါလို့ ပြောသတဲ့။
ဒီတော့ သမီးဖြစ်သူ ဆရာမကြီးကလည်း “ဒါဆိုရင် အဖေရယ်။ လူဝတ်လဲ လိုက်ပါတော့။ ကျွန်မတို့မှာ လည်း သင်္ကန်း ၀တ်ထားတဲ့ အဖေ့ကိုပြုစုရတာ တစ်မျိုး ကြီးပဲ။ ကိုရင်ကြီးဘ၀နဲ့ နှစ်ပေါင်း အစိတ်လောက် ၀တ်ခဲ့ရပြီပဲ။ ကုသိုလ်တွေ အများကြီး ရခဲ့ပြီပဲ။ တော် ရောပေါ့” ဆိုပြီး ဦးရင်ကြီး ကို အစိမ်းသက်သက် ဘ၀ ပြောင်းခိုင်းတော့တာကလား။
“ငါကလေ၊ လူ့ဘောင် ကိုစွန့်ပြီး ကိုရင်ကြီးဘ၀နဲ့ နေခဲ့တာ ဒီလိုနေ့ ဒီလိုအချိန်တွေမှာ ရင်ဆိုင်ဖို့ပဲ သမီးရဲ့။ တစ်သက်လုံး ကြိုးစားနေခဲ့သမျှ တကယ့် အချိန်ကျမှနွံ တောထဲ ပြန်ဆင်းရမယ့် အဖြစ်မျိုး ဘယ်တော့မှ မလုပ်ဘူး။ မင်းတို့ ကုပေးတဲ့ ဆေးလည်း ငါမခံယူတော့ဘူး၊ ငါ့ကိုပြန်ပို့ကြတော့”
ဦးရင်ကြီးက ဒီလိုပြောပြီး တရားပဲ မှတ်နေတော့ တာ။ ဆရာတော်ကြီး သင်ပြ ပေးခဲ့တဲ့ကမ္မဋ္ဌာန်းရှုမှတ်နည်း တွေက ခုချိန်မှာဦးရင်ကြီးရဲ့ အကောင်းဆုံးဆေးတွေဖြစ် နေတော့တယ်။
မြတ်လေးရုံ ကျောင်းကို ပြန်ရောက်တော့ ဦးရင်ကြီး ကကျောင်းထိုင်ဦးပဉ္စင်းလေး နဲ့ စာသင်သားဦးပဉ္စင်းငယ် တွေကို လက်အုပ်ချီရင်း တောင်းပန်လိုက်တာတဲ့လေ။
“တပည့်တော်ဘယ် သူ့ ကိုမှ ၀န်မပိုစေဘဲ နေပါ့မယ် ဘုရား။ နောက်ဆုံးထွက် သက်ကိုတော့ ငြိမ်းချမ်းတဲ့ ဒီနေရာမှာပဲ ထွက်ခွင့်ပြုပါ။ တပည့်တော်ရဲ့ဘ၀ကို ဘုရား သား သံဃာတော်တစ်ပါး အဖြစ်နဲ့ပဲ ပြီးဆုံးခွင့်ပြုပါ ဘုရား”
ကျုပ်တို့ကလည်း ဦးရင်ကြီးအတွက်ပိုကောင်းမယ် ထင်လို့ သဘောတူခဲ့ကြ တာပါလေ။ ခုတော့အားလုံး နားလည်ပြီမို့ ငြိမ်းငြိမ်းချမ်း ချမ်းပဲ နေပါတော့ဗျာ
ဦးရင်ကြီးရဲ့ စိတ်ဓာတ်နဲ့ သီလ ဂုဏ်ကြောင့်မြတ် လေးရုံတောရကျောင်းမှာရှိ တဲ့ သံဃာတွေအားလုံးက လည်း ဂရုစိုက်ပြုစုပေးကြတယ်။ ဒီသတင်း ကြားကြ ရတဲ့ ဒါယကာ ဒါယိကာမ တွေကလည်း ကိုယ်စီကိုယ်စီ ပြုစုကြဖို့ရောက်လာကြတယ်။ ကျောင်းရဲ့ မူပိုင်ဆရာ ၀န်လို့တောင်မှ ပြောကြရတဲ့ ဒေါက်တာဦးစိန်မြင့်ကလည်း ဦးရင်ကြီးရဲ့ဝေဒနာ သက် သာစေမယ့်ဆေးတွေ ထိုး ပေးတော့တယ်။ ဒီလိုနဲ့၊ ဆယ်ရက် လောက်ကြာတော့ ဦးရင်ကြီး ဘ၀ထဲက ထွက်ခွာသွားလေ တော့တယ်။
ပြောဖို့ ကျန်သွားတာ တစ်ခု ရှိသေးတယ်။ ဦးရင်ကြီးက ပျံတော် မူခါနီး နာရီပိုင်းအလိုမှာ ကျောင်းထိုင်ဦးပဉ္စင်းလေးကို ပြုံးပြုံးကြီး လျှောက်ထားခဲ့ တဲ့ စကားတစ်ခွန်းပါ။ တပည့်တော်ကတော တော့တောပဲဘုရား။ ဒါပေမဲ့ ရှောင်ရမယ့်တော မဟုတ်ဘူး။ မြတ်လေးရုံကျောင်းမှာ အရိပ်တစ်ခု ဖြစ်ခဲ့တဲ့ တောကြီးဘုရားတဲ့။
--------------
မ၀င့် ( မြစ်ငယ်)
(ရွှေအမြုတေ မဂ္ဂဇင်း၊ဖေဖေါ်ဝါရီလ ၂၀၁၂)
Saturday, July 21, 2012
.
[ News and Library ဘလော့ဂ်မှ ကူးယူပါသည်။ဘလော့ဂ်ဂါအား ကျေးဇူးတင်ပါသည်။]
No comments:
Post a Comment