#မမလေးတို့ပျို့ဦးရင်
#မ၀င့် (မြစ်ငယ်)
“မြတ်လေးရုံ တောရ” ဘုန်းတော်ကြီး ကျောင်းဆီက ကြေးမောင်း ရိုက်သံနဲ့ အုန်းမောင်း ထုသံတွေက တစ်လှည့်စီ တစ်ချက်ချင်း ထွက်ပေါ် လာတယ်။ ဒီတောရ ဘုန်းတော်ကြီး ကျောင်းလေးဟာ မြစ်ငယ်မြစ်ရဲ့ နံဘေးမှာ ရှိတယ်။
တိတိကျကျ ပြောရရင် အင်းဝ ခေတ်က စည်ကားခဲ့တဲ့ ပလိပ် ရွာကြီးရဲ့ အနောက်ဘက် မြစ်ငယ် မြစ်ရေစီး ဧရာဝတီထဲကို ပေါင်းစပ်စီး မ၀င်ခင် နေရာလေးပါပဲ။ တောရ ဘုန်းတော်ကြီး ကျောင်းဆိုပေမဲ့ အင်းဝ ခေတ်လောက် ဆီကတည်းက တည်ရှိခဲ့လို့ ထင်ပါရဲ့။ ကျွန်းလုံး တိုင်တွေနဲ့ ဆောက်ခဲ့တဲ့ ကျောင်းအိုကြီးတွေကို အသုံး ပြုနေဆဲ နေရာလေးပါ။ ကျောင်းဝင်း အတွင်းက မန်ကျည်းပင်အို၊ ကံ့ကော်ပင် အိုကြီးတွေရယ်၊ တိတ်ဆိတ်တဲ့ ကျောင်းအိုကြီးရယ်က ခေတ်ဓလေ့ မပါဘဲ ဣနြေ္ဒ ကြီး မားစွာ ရပ်တည် နေတာကိုက ငြိမ်းချမ်းတဲ့ ရသတစ်ခုကို ဆောင်ပါတယ်။ ဒီကျောင်းထဲက “တုန် ...တုန်...နောင်...ဒိုင်း” ဆိုပြီး စည်းချက်မှန်မှန် ထွက်ပေါ်လာတဲ့ အသံတွေက လွမ်းမောစရာ တစ်စုံ တစ်ခုတော့ ကြုံရပြီလို့ သိသာ နေသလိုပဲ။
အချိန်က ညနေငါးနာရီ ကျော်နေပြီး ကာလက ဆောင်းဥတု အလယ်ဆိုတော့ မှောင်ရီဖျိုးဖျလေး ဖြစ်နေပါပြီ။ ဟုတ်တယ်။ ဆောင်းမို့ ညင်သာတဲ့ နေရောင် ဆည်းဆာအောက်မှာ ကောင်းကင်ထက်က လျှောဆင်းလာတဲ့ နှင်းငွေ့ ပ၀ါဖြူလေးရယ်၊ မြစ်ငယ်မြစ်ထဲက လွင့်တက်လာတဲ့ ရေခိုးရေငွေ့ဖြူဖြူလေး တွေရယ်က ညီညီညွတ်ညွတ် ပေါင်းစပ်ပြီး မြတ်လေးရုံ တောရ ဘုန်းတော်ကြီးကျောင်းရဲ့ စည်းရိုး တစ်ခုလုံးကို ငွေရောင်လဲ့လဲ့ သုတ်လိမ်းထားသလို ပျပျမှုန်မှုန်လေးပေါ့။
ငွေရောင် စည်းရိုးလေးကို တိုးဝှေ့ တိုက်ခတ်သွားတဲ့ မြောက်လေဖြူးဖြူးက လွမ်းစရာ ကောင်းလှတဲ့ အဲဒီ ကြေးမောင်းသံ အုန်းမောင်းသံတွေကို သယ်ဆောင် သွားလိုက်တာ တောရကျောင်းလေးနဲ့ တစ် မိုင်သာသာ ဝေးတဲ့ သာယာ ကုန်းရွာငယ်လေးမှာ နေကြတဲ့ သူတွေဆီ ချက်ချင်း ရောက်သွားတယ်။
သာယာကုန်းရွာနဲ့ တော ကျောင်းလေးရဲ့ ကြားမှာ လယ်ကွင်းတွေရယ်၊ သရက် ခြံတွေရယ်ပဲ ရှိတာကလား ဒီအသံတွေကို အတိုင်းသား ကြားနိုင်တာပေါ့။ အိုး၊ ရွာထဲကလူတွေ ထိတ်လန့် သွားလိုက်ကြတာ များလေ။ အထူးသဖြင့် အတွေ့အကြုံရှိတဲ့ လူကြီးတွေ ပေါ့။ ထုံးစံအရ ဆိုရင် နံနက် အရုဏ်တက်နဲ့ ဆွမ်းစားချိန် တွေမှာ အုန်းမောင်းခေါက်တယ်။ ဘုရား ၀တ်ပြုချိန်နဲ့ စာအံချိန်တွေမှာ ကြေးမောင်းခေါက်လေ့ ရှိတယ်။ ခုလို ကြေးတစ်လှည့် အုန်းတစ်လှန့် ခေါက်ရင်တော့ အရေးပေါ်ပြီ။ တစ်နည်းအားဖြင့် ဘုန်းတော်ကြီးတစ်ပါး ပျံတော် မူပြီဆိုတဲ့ အသိပေး အချက်ပြသံ မဟုတ်လား။
ပြောကြစို့ဆိုရင် ဒီတောကျောင်း ကလေးက လူနေရပ် ရွာနဲ့ နည်းနည်းဝေးတော့ အနီးဆုံးမှာ ရှိတဲ့ သာယာကုန်း ရွာက လူတွေပဲ အစစအရာရာ ဝေယျာဝစ္စ လုပ်ပေးနေ ကြရတာပါ။ ခုလည်း ရွာထဲက လူ ကြီးတွေ ရေးကြီးသုတ်ပျာ မျက်နှာတွေနဲ့ အိမ်အသီးသီးက နေပြီး ဆိုင်ကယ်တွေ၊ စက် ဘီးတွေ ကိုယ်စီထုတ်ရင်း “မြတ်လေးရုံ”ဘက်သွားဖို့ ပြင်ကြပြီ။ ကာလသားခေါင်း ကိုစည်သူကတော့ သူ့အမေ ကျောင်းအစ်မကြီး ဒေါ်ခင် ဆွေကို ပြောနေလေရဲ့။
“ဦးရင်ကြီးတော့ သွားပြီ ထင်ပါရဲ့ဗျာ။ ကောင်းပါတယ်လေ။ မဟုတ်လည်း သွားရတော့မယ့် ခရီးပဲ။ ဒီလို ဆိုတော့ သူ့ဆန္ဒ ပြည့်သွားတာပေါ့”
“ဦးရင်ကြီးက လောဘ၊ ဒေါသ အလွန်နည်းတဲ့ သူပါကွယ်။ သူ့ခမျာ ကိုရင်ကြီး ဘ၀နဲ့ သီလ လုံနေအောင် နေသွားခဲ့တာပါ။ ဘ၀ကူး ကောင်းမယ့် သူတော်ကောင်း ကြီးပါကွယ်”
“ဟုတ်တယ် အမေ။ဦးရင်ကြီးက သဘောကောင်းတယ် ဆိုပြီး ကျွန်တော်တို့လို လူငယ်တွေက စလိုက် နောက်လိုက်နဲ့ နေခဲ့ကြတာလေ။ ခုလို ဖြစ်သွားတော့ စိတ်မကောင်းဘူးဗျာ။ စိတ် မကောင်းဘူး ဆိုတာထက် ဘယ်လို ပြောရမှန်းတောင် မသိပါဘူး။ ရင်ထဲ တစ်မျိုးကြီး ခံစားရတယ်ဗျာ”
ကိုစည်သူရဲ့ ရင်ထဲမှာ အမျိုးအမည် မဖော်ပြနိုင်တဲ့ တစ်စုံတစ်ခုက အရိပ်လိုထင် ကျန်ရစ်နေသလိုပဲ။ သံသရာ လွတ်မြောက်ကြောင်း တရား အသိကို ရှာဖွေနေကြတဲ့ သူတော်ကောင်းတွေကတော့ ဦးရင်ကြီးရဲ့ နောက်ဆုံး ထွက်သက်အတွက် ရင်ဆိုင်သွား တတ်လေခြင်းလို့ လေးစား အားကျ နေကြပေလိမ့်မယ်။
လောကထဲမှာ ကိုစည်သူ တို့လို မရင့်ကျက်ကြသေးတဲ့ လူတွေက ပိုပြီး များပြား လှပါတယ်။ သူတို့လို လူတွေ အတွက်တော့ မွေးဖွားခြင်းနဲ့ ရှင်သန်ခြင်း အပေါ်မှာပဲ အားကျတတ်ကြတာမဟုတ်လား။အပေါ်ယံ လောက ဂုဏ်ပုဒ်တွေကိုပဲ ဖြစ်ချင်လိုက်တာလို့ ချီးမွမ်း တောင့်တတတ်ကြတာ မဟုတ်လား။ သေခြင်းကိုတော့ သတိ မပြုမိတတ်ကြဘူး။
သေခြင်းဆိုတာ ဖြစ်စဉ် တစ်ခုရဲ့နိဂုံးနဲ့ အသစ်ဖြစ်စဉ် တစ်ခုရဲ့ နိဒါန်းကြားက မျဉ်း ကြောင်းလေး တစ်ကြောင်းပါ။ တကယ်တော့ အညတြ တစ်ယောက်ရဲ့ သေဆုံးခြင်းဟာလည်း ရှင်ဘုရင်တစ်ပါး နတ်ရွာစံခြင်းထက် တင့်တယ်နေတတ်တယ်။
သြော်...သူတော် ကောင်း စိတ်နှလုံးနဲ့ ကြည့် ရင်ပေါ့နော်။
သာယာကုန်းရွာက ကလေးလူကြီး အားလုံး ဦးရင်ကြီးဆိုရင် မသိသူ မရှိဘူး။ ဒီရွာသားတွေ အတွက် ဦးရင်ကြီးက မြတ်လေးရုံ တောရကျောင်းရဲ့ ဇာတ်လိုက်လို့တောင်မှ ပြောလို့ရတယ်။ ဦးရင်ကြီးက ဉဏ်ရည်သိပ် မပြည့်တဲ့သူ တစ်ယောက်ပေါ့။ ဦးရင်ကြီးက သာသနာ့ဘောင် စ၀င်ကတည်းက ကိုရင် “သာမဏေ”ပဲ ၀တ်ခဲ့ ရတာ။
ဒါပေမဲ့ ဦးရင်ကြီးက ဟိုလွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ပျံတော်မူ သွားတဲ့ ဆရာ တော်ကြီး အရှင်စန္ဒာသီရိရဲ့ လက်စွဲတပည့်၊ ဆွမ်းစား ကျောင်းဆောင်သော့ကိုင် ကိုရင်ကြီးလေ။ အခုလက်ရှိ ကျောင်း ထိုင်ဆရာတော် ဦးပဉ္စင်းလေးလည်း ဦးရင်ကြီးကို သူ့ ကိုယ်ပွားမျက်စိလို စာသင်သား ဦးပဉ္စင်းနဲ့ ကိုရင်တွေကို ကြည့်ခိုင်း ထားတတ်တာပါ။ ဒီလောက်ထိ အားကိုးရတဲ့ ဦးရင်ကြီးပေါ့။
ဦးရင်ကြီးအကြောင်း ပြောရရင် စိတ်ဝင်စားစရာလည်း ကောင်းရဲ့။ သနားလည်း သနားစရာပါ။ ပြော ကြစို့ဆိုရင် ဦးရင်ကြီးက ဉာဏ်ရည် သိပ်မပြည့်တဲ့သူ တစ်ယောက်ပါ။ ဦးရင်ကြီးရဲ့လူဝတ်နဲ့ တုန်းက နာမည်ကမောင်တင့်တဲ့။ ဦးမောင်တင့်ပေါ့။ ဦးမောင်တင့်ကို ကျောက်ပန်းတောင်းနယ်က ရွာလေးတစ်ရွာမှာ မွေးတယ်။သူက ဉာဏ်သိပ် မကောင်းခဲ့ လေတော့ ဘုန်းကြီးကျောင်း စာလည်း မအောင်ဘူး။အတန်းကျောင်းလည်း မနေခဲ့ဖူးဘူး။
ဦးမောင်တင့်က ဉာဏ် သိပ်မကောင်းသလို ကံလည်း သိပ်မကောင်းခဲ့ ရှာပါဘူး။သူ့ကိုမွေးပြီးတစ်နှစ် အကြာမှာ သူ့အမေ ဆုံးတယ်။ ဒါ ကြောင့် သူ့အဖေရယ်၊ သူ့ အဒေါ်ရယ်နဲ့ လက်ပေါ်မှာ ကြီးပြင်းခဲ့ရတယ်။ သူနဲ့ ညီအစ်ကိုဝမ်းကွဲ သူ့အဒေါ်ရဲ့သားက သူနဲ့တခြားစီပဲ။ ဉာဏ်ကောင်းလိုက်သမရွာမှာ ပထမဆုံးဘွဲ့ရတဲ့ သူဖြစ်ခဲ့တယ်။ မြို့မှာကျောင်းအုပ်ကြီး ဖြစ်ခဲ့တာပါ။ ဦးမောင်တင့်ကတော့ ရွာမှာပဲ ကျန်ရစ်ပြီး အဖေနဲ့ အဒေါ်က ချန်ထားခဲ့တဲ့ ကန်းတောနဲ့ ယာမြေကလေးတွေ ကို လုပ်ကိုင် စားသောက်ရင်း နေထိုင်ခဲ့တာပါ။
ဒါပေမဲ့ ပြောခဲ့ပါပြီလား။ ဦးမောင်တင့်က ဉာဏ်ရည် သိပ်မပြည့်ရတဲ့ အထဲ သဘောကလည်း ကောင်းလွန်းနေတော့ ကိုယ့်ထန်းကိုယ့်လယ်က သူများ ထန်းသူများ လယ်တွေဖြစ်ကုန်တယ်။ ခြံဝန်းကျယ် ကျယ် နှစ်ထပ်အိမ်မြင့်မြင့် ပေါ်က ဆင်းပြီး ထန်းလက်တဲ သေးသေးယိုင်ယိုင်ကလေးနဲ့ နေလိုက်ရတယ်။ ဦးမောင်တင့်ရဲ့ မကောင်းတဲ့ ကံတွေထဲမှာ မိတ်ဆွေကောင်းနဲ့ မဆုံရခြင်း ဆိုတဲ့ ကံကလည်း ပါလိုက် သေးတာကိုး။ ပိုပြီး ဆိုးတာက ဘ၀ရဲ့ အဓိကတွေထဲက တစ်ခုဖြစ်တဲ့ အိမ်ထောင်ရေး အဆင် မပြေခဲ့တာပဲ။
ဦးမောင်တင့်က ဉာဏ်ရည်သာညံ့တာ၊ ရည်းစားထား အိမ်ထောင်ပြုတာတော့ မခေဘူး။ အသက် ဆယ့်ခုနစ် နှစ်နဲ့ မိန်းမယူပြီး သွားပြီ။ဒါလည်း မကောင်းတဲ့ ကံတွေ အကျိုး ပေးချင်လို့များလား။ ဟုတ်တယ်။ ဦးမောင်တင့် အသက် နှစ်ဆယ့်သုံးနှစ် အရွယ်မှာ သားတစ်ယောက် အဖေ မုဆိုးဖိုလေး ဖြစ်ခဲ့တယ်။ သားကြီး တိုးမောင် ငါးနှစ် အရွယ်မှာ ဇနီးသည်က ဒုတိယ ကလေးကို မီးမဖွားနိုင်လို့ ဆုံးခဲ့ရှာတာပါ။ ဦးမောင်တင့်ရဲ့လက် ပေါ်မှာ မချိမဆံ့ ခံစားရင်း ချွေးသီးချွေးပေါက် ကျပြီး သေဆုံးသွားတဲ့ ဇနီးသည်ကို ကြည့်ရင်းကြောက်လိုက်တာ လေ။
ရွာထဲက လူတွေက တော့ ကိုယ့်ဇနီးသေတာပြန်ပြီး သရဲကြောက်နေတဲ့ လူရိုး မောင်တင့်ကို ရယ်စရာ ဖြစ်နေ ကြတယ်။ သူများလယ်က တာကျင်းတူး၊ ထန်းလျက် ကျိုရင်း သားအဖ နှစ်ယောက် ခြောက်ခြောက်ကပ်ကပ်လေး နေကြရှာတဲ့ ဘ၀ကို သနားကြသတဲ့။ ဇနီးဆုံးလို့ တစ်နှစ် မပြည့်သေးဘူး။ ရွာထဲက မြညိုဆိုတဲ့ ကောင်မလေးနဲ့ ၀ိုင်းပြီး ပေးစားလိုက်ကြတယ်။ ဒါလည်း ဦးမောင်တင့် အတွက် ကံဆိုးတာလား၊ ကောင်းတာလား ဘယ်သူ သိမှာလဲ။
ဒေါ်မြညိုနဲ့ နေထိုင်ခဲ့ရတဲ့ အချိန်တွေက ဦးမောင်တင့် အတွက် ပျော်ရွှင်ဖွယ်နေ့ရက် တွေပဲများခဲ့တာပါ။ ဦးမောင်တင့်က ဉာဏ်ရည် နုံ့တာက လွဲရင် ရိုးသားတယ်၊ အကျင့် ကောင်းတယ်။ ဒီတော့ အငှားအလုပ် သမားဘ၀ပေမဲ့ မသိမ်ငယ်ခဲ့ရဘူး။ လူချစ် လူခင်များတယ်။ ဒေါ်မြညိုကလည်း အိမ်ထောင်ထိန်းကောင်းရှာ လို့ သူ့ဘ၀နဲ့ သူတော့နေပျော် ခဲ့တာပါ။
ဒီလိုနဲ့ ဒေါ်မြညိုက မွေးတဲ့ သမီးလေးလှလှတင့် ဆယ်နှစ် အရွယ်မှာ ကြမ္မာဆိုးက ၀င်လာပြန်တယ်။ ဒေါ်မြ ညို ပိုးထိလို့ ဆုံးတယ်။ အဲဒီနေ့က ဦးမောင်တင့်တို့ လင် မယား နှစ်ယောက် ထန်းတော မှာ မရိုးကောက်(ထန်းရည် အိုးကောက်)ပြီး ပြန်အလာ လမ်းမှာ ဒေါ်မြညိုရဲ့ ခြေသလုံးမှာ ဆူးခြစ်လိုက်သလို ပူခနဲ ဖြစ်သွားတယ်။
တကယ်တော့ အညတြ တစ်ယောက်ရဲ့ သေဆုံး ခြင်းဟာလည်း ရှင်ဘုရင် တစ်ပါး နတ်ရွာစံခြင်းထက် တင့်တယ်နေတတ်တယ်။ သြော်...သူတော်ကောင်း စိတ်နှလုံးနဲ့ကြည့်ရင် ပေါ့နော်။ ဘေးမှာကလည်း ဆူး ချုံပုတ်တွေ မဟုတ်လား။ သဲသဲကွဲကွဲ မမြင်ရဘူးလေ။ ဒီ အတိုင်းပဲ ဆူးအမှတ်နဲ့ အိမ် အရောက်ပြန်ခဲ့ကြတာပေါ့။
အိမ်ရောက်လို့ တစ်အောင့်ကြာတော့ ဒေါ်မြညိုမှာ ရင်ထဲကပူတယ်၊ မျက်လုံး တွေ ပြာသွားပြီဆိုပြီး လဲကျ သွားတာ။ ရွာက ကျန်းမာရေး မှူးရောက်လာတော့ ဒေါ်မြ ညိုက ဆုံးပြီ။ ပြောရဦးမယ်။ ဒီတစ်ခါ လည်း ဦးမောင်တင့်လက် ပေါ်မှာပဲ ဇနီးသည်က မချိမဆံ့ ခံစားရင်း အသက် ထွက်သွားရှာတာပါ။
ဦးမောင်တင့်ခမျာ ကြောက်လိုက်တာမှ တောထဲဆိုရင် နေ့ခင်းကြောင်တောင် မှာကိုပဲ တစ်ယောက်တည်း မသွားဝံ့တော့ဘူး။ ဒီတော့ အလုပ်လည်း ကောင်းကောင်း မလုပ်နိုင်တော့ဘူးပေါ့။ ဒီကြားထဲ လူပျိုလေး ဖြစ်လာပြီဖြစ်တဲ့ သားကြီး တိုးမောင်က သူ့သဘောနဲ့သူ စစ်ထဲ ၀င်သွားပြန်တယ်။ ရွာ ထဲကလူတွေ ပြောကြတာတော့ သူကြီး သမီးကို ရည်းစားစကား လိုက်ပြောတာ အဆင်မပြေလို့တဲ့။ ကြိုက်တဲ့ ရည်းစားမရလို့ စစ်ထဲ လိုက်သွားသတဲ့။
ဘာပဲပြောပြော သား သမီးကို လိမ္မာအောင် မဆုံးမတတ်တဲ့ လူရိုးလူအကြီး ဦးမောင်တင့်အတွက်တော့ တိုးမောင် စစ်ထဲဝင်သွားတာ ပိုပြီးကောင်းတာပေါ့လို့ လူ တွေက ဖြေတွေး တွေးပေးကြတယ် တိုးမောင် ဘ၀ကို စစ် တပ်က သွန်သင်တာ အကောင်း ဆုံးပဲလို့ လက်ခံလိုက်ကြတယ်။ ခက်တာက ဦးမောင် တင့်ပဲ။ လောကဓံရဲ့ အဖိ အနှိပ်အောက်မှာ အရူးတစ်ပိုင်း ဖြစ်နေရှာတယ်။ အရွယ် မရောက်သေးတဲ့ သမီးငယ် လေးလှလှတင့်ကတော့ မျက်နှာငယ်လေးနဲ့မို့ သနားစရာပါ။
ကံကြမ္မာရေစီးက ပြောင်းလဲချိန်ကျလာတော့ ဦးမောင်တင့်တို့ သားအဖကို အစ်ကို ၀မ်းကွဲတော်သူ ကျောင်းအုပ်ဆရာကြီးက လာခေါ်တယ်။ သမီးလေးကိုလည်း ကျောင်းထား ပေးမယ်တဲ့။ ဦးမောင်တင့်ကို လည်း စောင့်ရှောက်မယ်တဲ့။
အဲဒီကျောင်း အုပ်ဆရာ ကြီးက မြတ်လေးရုံတောရ ကျောင်းဆရာတော်ကြီး ဦးစန္ဒာသီရိရဲ့ဒကာရင်းပေါ့။ ကျောင်းပိတ်လို့ အားတဲ့ နေ့တိုင်း ဆရာတော်ကြီးဆီ မှာ လာပြီး ကိစ္စအ၀၀ကို ဖြည့် ဆည်းပေးတယ်။ တရားနာ တယ်။ ဒီလိုနေကြတဲ့ဆရာ ဒကာတွေပေါ့။
အစ်ကို ကျောင်းအုပ် ဆရာကြီးက “မြတ်လေးရုံ” ကျောင်းကို သွားတဲ့အခါတိုင်း ဦးမောင်တင့်ကို ခေါ်သွား တတ်တယ်။
စိတ်ရင်းကောင်းတဲ့ သူ ဆိုတော့ ပတ်ဝန်းကျင်ကောင်းကို ရလိုက်တာနဲ့ ကံအကျိုး ပေးကလည်း အဆင့်အတန်း မြင့်သွားတတ်တာ ဓမ္မတာပါ။ ဦးမောင်တင့်လည်း ဟိုတုန်းက တာကျင်းတူးသမား ဘ၀၊ ထန်းသမားဘ၀နဲ့ ဘာမှ မဆိုင်တော့ဘူး။ ရုပ်ဆင်း အင်္ဂါကအစ စိုစိုပြည်ပြည် တင့်တင့်တယ်တယ် ဖြစ်လာ တယ်။
ပြီးတော့ ဦးမောင်တင့် က အလကားမနေဘူး။ သူတို့နေတဲ့ မြို့လေးနားက ချည်မျှင် စက်ရုံကြီးမှာ ညစောင့် အလုပ် ၀င်လုပ်တယ်။ ဒီ အလုပ်ကလည်း သူ့အတွက်တော့ အလွန် သက်သာလှတဲ့ နေရာပါ။ တစ်ခါ သမီးလေး လှလှတင့်ကလည်း လိမ္မာရေးခြား ရှိပြီး စာတော်တာမို့ ဦးမောင်တင့်ရဲ့ ရှေ့အဖို့ အကောင်းချည်း ဖြစ်ဖို့ပဲ ရှိတော့တာပေါ့။
ကြည့်ပါဦး။ အလုပ် ပိတ်ရက်ဆို အစ်ကိုနဲ့ အတူ ဆရာတော် ဘုရားကျောင်းကို သွားကြ၊ ကျောင်းဝေယျာ ၀စ္စ လုပ်ကြ၊ ပြီးတော့ ဆရာတော်ကြီး မိန့်ကြားတဲ့တရားနဲ့ စပ်တဲ့ စကားတွေ ကြားနာကြနဲ့ စိတ်ချမ်းသာလို့။ သြော်...တစ်ခုတော့ ရှိတာပေါ့။ ဦးမောင်တင့်က ဉာဏ်မကောင်းတော့ သူ အစ်ကိုနဲ့ ဆရာတော်ကြီး ဆွေးနွေးပြောဆိုကြတာတွေ၊ ဆရာတော်ကြီး ဟောကြားတဲ့ တရားတော်တွေကို လုံးစေ့ ပတ်စေ့ ဘယ်နားလည်ပါ့ မလဲ။
ဒါပေမဲ့ ဒီအသံတွေက သူအတွက် ငြိမ်းမှု တစ်ခုကို ဖြစ်စေတယ်။ ဆရာတော်ကြီး ဟောတဲ့တရားကို နားမလည်ဘဲ ထိုင်နာနေရလို့လည်း သူ မပျင်းဘူး။ ကျေနပ်နေတယ်။ ပြောကြစို့ဆိုရင် ဆရာ တော်ကြီးက သူ့အစ်ကိုနဲ့မှ ရွယ်တူမို့ သူနဲ့ဆိုရင် ငါးနှစ်လောက်ပဲ ကွာတယ်။ ဒါပေမဲ့ ဆရာတော်ကြီး ရှေ့ ရှိခိုးဦးချလိုက်ရရင် ဖခင် ရင်ခွင် ရောက်လာတဲ့ သား ငယ်လေးလို သူ့ကိုယ်သူ ခံစား ရတယ်။ သူ့အနား ရွှေတောင် ကြီးက အရိပ် မိုးထားသလို အင်အားတွေ ပြည့်လာတယ်။ဆရာတော်ကြီးကို ဒီလောက်ထိ ကြည်ညိုတာပါ။
ဒီလို အေးအေးချမ်း ချမ်းဘ၀လေးနဲ့ ဦးမောင်တင့် အသက် ငါးဆယ်တိုင်ပြီ။သမီး လှလှတင့်တောင်မှ ကျောင်းဆရာမ ဖြစ်ပြီး သူ့လို ကျောင်းဆရာလေး တစ်ယောက်နဲ့ အိမ်ထောင်ကျပြီး မန္တလေးမှာ တင့်တင့်တယ် တယ်နေကြတယ်လေ။
သူ့အတွက် ဘာအပူ အပင်မှ မရှိတော့သလိုပဲ။
ဒါပေမဲ့ မဟုတ်သေး ပြန်ပါဘူး။ စစ်ထဲ ၀င်သွားတဲ့ သားကြီးတိုးမောင်ပေါ့။ အိမ် က ထွက်သွားကတည်းက ဘာအဆက်အသွယ်မှ မလုပ်၊ သေလားရှင်လား မသိဘဲ နေ ခဲ့တဲ့သူက မျက်စိရှေ့ကို “ဓာတ်ငွေ့မီးတောက်”လို ၀ုန်းခနဲ ရောက်လာပါလေ ရော။
သူလာတဲ့ ပုံစံက ကောင်းတဲ့ လမ်းတော့ မဟုတ်ဘူး။ စစ်တပ်က ပင်စင်ယူခဲ့ တာလိုလို၊ နေမကောင်းလို့ ဒီ အတိုင်း ကိုယ်လွတ်ရုန်းထွက် လာတာလိုလိုနဲ့ ရေရေရာရာ မရှိဘူး။ စကားတွေက တောင်ရောက်မြောက်ရောက် ပြောတယ်။ ရောက်စက တည်းက သူ့ကြည့်ရတာ ကျန်းမာပုံ မပေါ်ပါဘူး။ ထင် တဲ့အတိုင်းပါပဲ။ အိမ်ရောက်လို့မှ တစ်ပတ်မပြည့်သေးဘူး။ ငှက်ဖျားထလို့ ဆေးရုံပို့လိုက် ရတယ်။ ငှက်ဖျားပိုးက ဦးခေါင်း ထဲရောက်နေပြီတဲ့။ သတိမရ တစ်ချက်ရတစ်ချက်နဲ့ ဆေး ရုံပေါ်မှာ ငါးရက်လောက်ပဲ ကြာတယ်။ သေဆုံးသွားပြန် ပါလေရော။
သေခါနီး ရုန်းလိုက်ကန် လိုက်နဲ့ ကယောင်ကတမ်း တွေ အော်ဟစ်လိုက်တာလေ။ဦးမောင်တင့်ကတော့ ရုတ်တရက် တစ္ဆေခြောက်သလို ရောက်လာတဲ့ သားရဲ့အဖြစ် ဆိုးကို ငေးကြည့်နေမိတော့ တယ်။ ဒီတစ်ကြိမ်မှာလည်း ဦးမောင်တင့် ကြောက်ရွံ့တုန် လှုပ်မိတယ်။ ဟိုတုန်းကလို သရဲခြောက်မှာကိုတော့ မဟုတ်ဘူး။ “သေခြင်း” ဆို တဲ့ အရာကိုပဲ။
သားအတွက် ရက်လည်ဆွမ်း ကျွေးတော့ မြတ် လေးရုံဆရာတော်ကြီး ကြွ လာတယ်။ ဆွမ်းတရား နာ ရတော့ ဆရာတော်ကြီးက ဦးမောင်တင့်အတွက် ပဋာစာ ရီထေရီမကြီးရဲ့ ဇာတ်တော် နှင့်ယှဉ်ပြီး ဟောပြသွားတယ်။ လင်ကပိုးထိ၊ သားကြီး ကရေနစ်၊ သားငယ်က စွန် ချီ၊ မိဘမောင်ဖွားတွေက မီး လောင်လို့ သေဆုံးတဲ့ အဖြစ် က သူ့ထက် အများကြီး ဆိုး တာပေါ့။ ဒါတောင်မှ မြတ်ဘုရားနဲ့ တွေ့ပြီးသံသရာဘေး ကိုကောင်းကောင်းကြီး မြင်ကာ အကျွတ်တရား ရသွားခဲ့ သေးတာ မဟုတ်လား။
ဦးမောင်တင့်ရင်ထဲ ကျေနပ်သွားတယ်။ တစ်သက်လုံး ကြောက်ရွံ့တတ်တဲ့ အကြောက်တရားတွေလည်း မြူမှုန်လေးတွေ လွင့်သွား သလိုပဲ။ တရားနာနေရင်းက ဘုန်းကြီး ၀တ်ချင်စိတ်တွေ ဖြစ်မိနေတော့တယ်။ ဒီလိုနဲ့ အစ်ကိုဖြစ်သူကို နားပူနားဆာလုပ်၊ ဆရာတော် ကြီးထံ အကြိမ်ကြိမ် ခွင့်ပန် ပြီး ဦးမောင်တင့်တစ်ယောက် သာသနာ့ဘောင် ရောက်ခဲ့ တော့တယ်။
တကယ်တော့ သာသနာ့ နယ်မြေဆိုတာ အနေမ ချောင်သလို အချောင်နေချင် သူတွေအတွက်လည်း မဟုတ် ပါဘူး။ ဆံပင် မုတ်ဆိတ်ကို ပယ်၊ အ၀ါရောင်သင်္ကန်းကို ဆင်မြန်း၊ သပိတ်တစ်လုံးနဲ့ လှည့်လည်ပြီး အလှူခံ စားသောက်ရင်း အသက်ရှင်နေ ကြတဲ့ ဗုဒ္ဓရဲ့ သားရဟန်းတော်တွေဟာ အလုပ် မလုပ်ဘဲနေ ကြသူတွေလို့ အပ်ါယံ ရှပ်ပြီး မမြင်ထိုက်ပါဘူး။
သာသနာတော်မှာ နေ ထိုင်ကြတဲ့ ရဟန်းသာမဏေ တွေမှာ ၀ိနည်းစည်းကမ်းများ နဲ့ ထိန်းချုပ်ပေးထားပါတယ်။ ဘယ်အရာကို ထိန်းချုပ် ကျင့်ကြံရပါသလဲဆိုရင် ကိလေသာကင်းကြောင်း၊ သံ သရာမှ လွတ်မြောက်ကြောင်း တရားတွေ အားထုတ်နိုင်ဖို့ အတွက် ဗုဒ္ဓက ပညတ်ထား ခဲ့တဲ့ စည်းကမ်းတွေပဲ ဖြစ်ပါတယ်၊၊ ဒါကြောင့်လည်း မြတ်လေးရုံ တောရ ဆရာတော်ကြီးက ဦးမောင်တင့်ကို သာသနာ့ ဘောင်နေဖို့ လွယ်လွယ်နဲ့ ခွင့်မပြုခဲ့တာပေါ့။
“မောင်တင့်ရဲ့၊ မင်းက ဘုန်းကြီး ၀တ်ချင်တယ်ပေါ့”
“မှန်လှပါ၊ တစ်သက်လုံးကို ၀တ်တော့မှာ ဘုရား”
“ဟုတ်ကဲ့လားကွ၊ မောင်တင့်ရေ ဘုန်းကြီးဘ၀ များ လွယ်တယ်မထင်လိုက် နဲ့ကွ။ မင်းတို့ လူ့ဘ၀ ဥပုသ် စောင့်လို့ ဥပုသ်ကျိုးလည်း အပြစ်မဖြစ်ပေမဲ့ သင်္ကန်း ၀တ်ထားတဲ့ ရဟန်းများကျ ဒီလို မဟုတ်ဘူးကွ။ လိုက် နာရင် အကျိုးကျေးဇူးများသ လောက် ဖောက်ဖျက်မိရင် တော့ အပြစ်ချည်းပဲ ဒကာ မောင်တင့်ရေ”
“တပည့်တော် တကယ် လိုက်နာမှာပါဘုရား”
“ကဲ...ကဲ... ဒီလိုဆို ရင်တော့ ကိုရင်ကြီး ၀တ် ကြည့်လိုက်ဦး၊၊ မင်းဖြစ်ရဲ့ လားလို့”
ဆရာတော်ဘုရားက သာမဏေတိဿလို့ ဘွဲ့ပေး အပ်ရင်း ကိုရင်ကြီးအဖြစ် ၀တ်ဆင်စေခဲ့တယ်။ ဒါပေမဲ့ ဆရာတော် အပါအ၀င် အားလုံးက သူ့ကို “ဦးရင် ကြီး”လို့ ခေါ်ခဲ့ကြတယ်။
ဦးရင်ကြီးက ငယ်စဉ် ကတည်းက စာပေမတတ်၊ ဉာဏ်ရည်ကလည်း သာမန် လူတွေထက် နိမ့်ဆိုတော့ ရှင်သာမဏေကျင့်ဝတ်ကိုပဲ မနည်းကျက်မှတ်ရတာပေါ့။ ဒါကြောင့်လည်း ကိုရင်ကြီး ၀တ်ပြီးလို့ ရက်ပိုင်း အတွင်းမှာပဲ အဆူအငေါက် ခံခဲ့ရတာလေ။ ဟုတ်တယ်။ ဦးရင်ကြီးတို့များ လတ်လတ် ဆတ်ဆတ် ကိုရင်ကြီးဘ၀မှာ ဆေးပေါ့လိပ်ကြီး တဖွားဖွား ရှိုက်ရင်း ဆရာတော်ရဲ့ရှေ့က ဖြတ်လျှောက်သွားပါလေရော။
“ဟဲ့...ဦးရင်ကြီး”
“ဘုရား”
“သင်္ကန်းဝတ်ကြီး တ ကားကားနဲ့ ဆေးလိပ်ဖွာရင်း စင်္ကြံလျှောက်သွားတာ ကြည့် ရဆိုးသကွာ။ မင်း ဆေးလိပ် မဖြတ်နိုင်ဘူးလား”
“မှန်ပါ။ ဆေးလိပ်က လေးကတော့ နည်းနည်း ကြိုက်....”
“အိမ်း၊ မဖြတ်နိုင်သေး ရင်လည်း လူကြားသူကြားနဲ့ ငါ့ရှေ့ဆိုရှောင်”
အသက်ကြီးမှ သာသ နာ့နယ်မြေကို ကူးခဲ့သူမို့ စရိုက်နဲ့ အမူအကျင့်တွေက ဖျောက် ဖို့ ခဲယဉ်းရှာတာပေါ့။ ဆရာ တော်ကြီးက ဒီလို ဆူလိုက် ပြန်တော့ ဦးရင်ကြီးခမျာ ကြောက်လိုက်တာများလေ။ လူဝတ်ကြောင်ကတည်းက ဦးရင်ကြီး အကြောင်း သိနေ ကြတဲ့ ဦးပဉ္စင်းနဲ့ ကိုရင်ငယ် တွေက စလို့နောက်လို့ ကောင်း ကြပြီပေါ့။
“ဦးရင်ကြီးတော့ ညနေ ကျရင် ချိုချဉ်လုံးပဲ ဘုဉ်းပေး ရမလား၊ ဆရာတော်ရဲ့ကြိမ်လုံးပဲ စားရမလားဟေ့”
“ဟုတ်တယ် ဘုရာ့။ဟိုတစ်ခါ တပည့်တော် အိမ်ခိုးပြန်တုန်းက ဆရာတော် ကြိမ်နဲ့ ဆော်လိုက်တာ သုံး ရက်လောက် ဆေးလူးရတယ် ဘုရား”
“ဦးရင်ကြီးတို့များ၊ မယားတွေ သေတုန်းကလည်းကြောက်၊ သားသေတော့ လည်းကြောက်၊ ကိုရင်ကြီး ၀တ်ပြန်တော့လည်း ဆရာတော်ရဲ့ ကြိမ် ကြောက်ရပြန် ပေါ့ဟေ့”
သူများတွေက ဒီလို ပြောလေ ဦးရင်ကြီးက ကြောက်အား လန့်အားနဲ့ လျှောက်ပြောလေဆိုတော့ တ၀ါးဝါး တဟားဟားနဲ့ ပွဲကျလို့ နေကြပြန်တယ်။ ဗုဒ္ဓ သာသနာတော်မှာ သေချာ လိုက်နာမယ်ဆိုရင် ရှင်သာမဏေ ၀တ်တဲ့ ကိုရင်လေး တစ်ပါးအနေနဲ့တောင်မှ လူ့လောကီစရိုက်နဲ့ တော်တော်လေး ခြားနားတာပါ။
No comments:
Post a Comment