#မစိမ်းသောလမ်း
( ဇာတ်သိမ်း)
#ခင်နှင်းယု
“ကျွန်တော်ကတော့ သိပ်စိတ်ညစ်တာပဲဗျာ ၊ ဆရာက ကိုယ့်ကျေးဇူးရှင် ဖြစ်နေတော့ ပြောလည်း မပြောရဲ၊ ဒီလိုကြာကြာနေရင် ဖြစ်ပါ့မလား၊ ဒေါ်လေးရွှေ ကျွန်တော်တို့အဖြစ်က တစ်အိမ်တည်းနှစ်စုခွဲနေရတာ မမသင်း စိတ်ဆင်းရဲနေပုံရတယ်။ဒေါ်လေးရွှေ သူ့ရုပ်ကိုကြည့်စမ်း အရင်ဆရာရုံးမှာ လုပ်သေးတဲ့ရုပ်နဲ့ တူသေးရဲ့လား ၊ အရင်က မုဆိုးမသာဆိုတယ် အပျိုလိုပဲနော်”
လှကြည်ပြော ပြောစရာ ၊ သူ၏စိုပြေသော ပါးပြင်တို့လည်း ချိုင့်ကျသွားပြီ ၊ ရွှန်းလဲ့သော မျက်လုံးများက အရောင်မွဲလာသလိုပင် ဆံပင်များပင် ဖြူစပြုလာပြီထင်ပါရဲ့။
“ငါက သေတောင် သေချင်သေးတယ် ၊ မိသင်းတစ်ယောက်တည်း ကလေးတစ်ပြုံနဲ့ မကြည့်ရက်လို့၊ ဒီလိုမှမဟုတ်ရင် ဒေါ်လေးတစ်ယောာက်တည်း ကျော်ဟန်အိမ် ဆင်းသွားပြီ”
“ဟုတ်ပါရဲ့ အိမ်ကလည်း အပေါ်ထပ်က ဆရာဆောက်ထားတာဆိုတော့ ထက်ပိုင်းပိုင်းလို့လည်းမရ” လှကြည်က ပြော၏။
“ရပါတယ်တော် ၊ ဘေးက လှေကားတပ်လိုက် ရှင့်ဆရာ ဒါလောက်အဖြစ်သည်းတာ”
မငွေက စိတ်မရှည်ဟန်ပြောလိုက်သည်ကို သင်းသင်းဆက်ကြားလိုက်၏။
“ငါက မမသင်းကို မျက်နှာပူတယ် ၊ ကလေးတွေ သူတို့ညီအစ်ကိုချင်းလည်း မဆော့ရ ၊ သူ့သားမှ သူ့သားဖြစ်နေတော့ ကလေးတွေကလည်း စိတ်မချမ်းသာ ၊ ကိုလတ်ကြီးက သိတက်လာပြီ ဆယ်တန်းအောင်လာတာပဲ ကံကောင်း ။ ငါဖြင့် ကိုလတ်ကြီး စိတ်ညစ်ပြီး စာမေးပွဲကျမှဖြင့် မမသင်း သိပ်စိတ်ဆင်းရဲမှာ ။အောင်လာလို့ တော်ပါသေးရဲ့”
“ကိုလတ်ကြီး အောင်လာတော့လည်း ရှင့်ဆရာ ဦးဖေတင်က ဘာမှလှိုက်လှိုက်လှဲလှဲ အမှုအရာ မပြဘူး ၊ရှင့်ဆ၇ာက ဘယ်လိုလူလဲ” မငွေက မေး၏။
“ငါလည်း ဘယ်သိမလဲကွ”
“မငွေကလည်း လှကြည်ပဲ မေးနေတာပဲ ၊ လောကကြီးမှာ ချစ်တယ်ဆိုတာ လွန်ကဲလာရင် မကောင်းဘူး။ငါးကြော်များ ခြစ်သွားရင် ကောင်းသေးလား ၊ မကောင်းတောာ့ဘူး၊ပထမတော့ အချစ်ဟာ အေးမြပါတယ် ၊ စွန့်လွှတ်တယ် ခွင့်လွှတ်တယ်ဘက် ယိမ်းသွားရင် မေတ္တာဖြစ်သွားပြီး ချမ်းမြေ့တယ် အေးချမ်းတယ်။ပိုင်ဆိုင်ချင်တယ် အလွန်ကို တပ်မက်လာတယ်ဆိုရင် သိပ်ပူတယ်။ဒီအချစ် ကိလေသာ ဖြစ်သွားရော ။ကိလေသာဆိုတာ လက်ခံသိမ်းပိုက်ထားသူကို ပူလောင်စေတဲ့အရာပဲ။ငါတော့ထင်တယ် သူ့သားကို သူ အချစ်လွန်လာတော့ ပတ်ဝန်းကျင်ကိုပါ ပူလောင်လာတယ်။တစ်နေ့ သူ့ကိုယ်သူများ ကျွမ်းသွားအောင်များ လောင်ဦးမလားမသိ။နေရာတကာလိုပါပဲ။ ‘ငါ’ ဟာ လိုအပ်တာထက် ပိုပါလာရင် ဒုက္ခရောက်တာပဲ။အခုက ငါ့သားဆိုတဲ့စိတ်ကများလွန်းတော့ ကိုလတ်တို့နဲ့တောင် အဆင့်မတူဘူးထင်လာတာ ဘယ့်နှယ်ဖြစ်နိုင်မလဲ၊တစ်ဝမ်းတည်းက မွေးလာတာ”
အင်မတန်ငြိမ်သက်၍ စကားတစ်ခွန်းမှမဆို သူတို့ပြဿနာထဲဝင်မပါသော ဒေါ်လေးရွှေသည် သူ၏ထင်မြင်ချက် ပေးလာတော့ သင်းသင်းအံ့အားသင့်သွားသည်။ကြားရသည့် စကားကိုပင် မယုံချင်။ဒေါ်လေးရွှေပြောသကဲ့သို့ ဦးဖေတင် အချစ်က ပူလောင်လှပါကလား။သူသည်နောက်ဖေးချောင် မဝင်တော့ဘဲ ဧည့်ခန်းမှာ မီးမှိတ်၍ တစ်ယောက်တည်း ထိုင်နေမိသည်။ပြတင်းအပြင်တွင် မဲနက်သော တိမ်သားများနောက်မှ လဝန်းရောင်ကို မြင်နေရသည်။
ငယ်တုန်းကတော့ တိမ်တောင်ကြီးတွေ ကောင်းကင်မှာ အထပ်လိုက် ကျောက်ဆောင်ကြီးတွေလို မြင်ရရင် ကောင်းကင်ကျောက်ခက်နန်းကြီးပေါ်မှာ နတ်သမီးလေးတွေ ရှိကြမည်။စမ်းရေယာဉ်များ စီးဆင်း၍ ပန်လေးများနှင့် နတ်သမီးလေးတွေ ရေကစားနေကြသလား ၊ ဒီတုန်းက ကောင်းကင်ပေါ် ပြေးသွားကြည့်ချင်သည်။သြော့့် စိတ်ကူးယဉ် အဖြစ်မို့ ပြေးတက်သွားလည်း ငယ်သူတို့စရိုက် အမိုက်စိတ်ကူး။
ယခုတောာ့ သိတက်ပြီ။အုံ့ဆိုင်းသော မိုးတိမ်မိုးခက်သည် မကြာမီ မိုးစက်အဖြစ် လျှောကျလာမည်ပဲ ဖြစ်သည်။နန်းတော်လို နတ်သမီးသိုက်နန်းလို တိမ်ထွတ်နောက်မှာ ဘာမျှမရှိ ။ ကောင်းကင်လဟာပြင်ပဲ။ဒါကို ဒီအရွယ်ကျမှ ဇာတ်ထုပ်ဆင်၍ စိတ်ကူးယဉ် မရတော့ပါတကား။
ရှေ့ဆက်၍ ဘယ်လိုစခန်းသွားရမည်ကို သူမတွေးတက်တော့ပါ။သားကြီးနောင်ရေးကိုပဲ သူအဓိက တွေးနေမိသည်။သူထိုးခဲ့သော ဆွယ်တာတို့ ရှောစောင်တို့က ပုံစံမကြိုက်လျင် အသစ်ပြန်ထိုးရ လွယ်ပါသည်။ယခု အဖြစ်က့ 
**********
ဖိုးတုတ်သည် သူ့လက်တွန်းလှည်းကို သူ့ဘာသာ နောက်မှတွန်း၍ ကိုထွေးရှိရာ သွားနေသည်။ကိုထွေးသည် ဘိန်းမုန့်များစား၍ ပန်းပင်ဘေးတွင် ထိုင်နေသည်။
“လာ့ လာ ကိုလေးဆီ မြန်မြန်လာ ၊ ညီလေး ရောက်တော့မယ်”
ကိုထွေးခေါ်တော့မှ ဖိုးတုတ်သည် ပြုံးရယ်ကာ ခပ်သွက်သွက်တွန်းနေသည်။
ရွက်လှပင်ဘေးတွင် ပက်လက်ကုလားထိုင်တစ်လုံးနှင့် သင်းသင်းက ကြည့်နေသည်။
ဖိုးတုတ်က တဖြည်းဖြည်းအရှိန်မြန်လာရာမှ လက်တွန်းလှည်းက အုတ်ခဲနှင့်တိုက်ကာ ရုတ်တရက် ရပ်သွားသည့် အရှိန်နှင့် ဖိုးတုတ်သည် လက်တွန်းလှည်းကိုင်းနှင့် ဆောင့်မိကာ လဲသွားသည်။
“ သာ့း့ သား”
သင်းသင်းက အော်ပြေးကာ ဖိုးတုတ်ကို ပွေ့ယူလိုက်သည်။ဖိုးတုတ်နဖူးမှာ လက်တွန်းလှည်းကိုင်း သံစနှင့်ခြစ်မိသွားသည်။ကျယ်ကျယ်လောင်လောင် ဖိုးတုတ်က တအားငိုတော့သည်။ဘိန်းမုန့်တစ်ဖက်နှင့် ကိုထွေးလည်း ပြေးလာသည်။
“ကလေး ဘာဖြစ်လဲ ၊ ငါ့သား ဘာဖြစ်လဲ့ မငွေ”
ဦးဖေတင်၏ မိုးချုန်းသံကြီးပေါ်လာသည် ။သူရုံးဆင်းလာပြီပဲ။
“လက်တွန်းလှည်းတွန်းရင်း လဲသွားတာ”
သင်းသင်းက ကလေးကို ချော့ရင်း ဖြေ၏။
“ကြည့်စမ်း သွေးတွေနဲ့ ၊ ဘာလက်တွန်းလှည်းကြောင့် ဟုတ်ရမလဲ ဒီကောင်နဲ့ ဆော့လို့ ။ ငါ့သားကို မင်းတွန်းတယ်ပေါ့လေ ၊ ပြီးတောာ့ ဒီဘိန်းမုန့်ကို ကြွေးတယ်ပေါ့လေ ၊ ငါ့သားက ဒီမုန့်မျိုးစားတာ မဟုတ်ဘူး”
ဘိန်းမုန့်ကို လက်တစ်ဖက်နှင့်ကိုင်ကာ ကိုထွေးသည် မျက်နှာငယ်လေးနှင့် ငေးကြည့်နေမိသည်။သူ့မျက်လုံးထဲတွင် ထိတ်လန့်နေပုံရသည်။
“အစ်ကိုကြီး မရှက်ဘူးလား ၊ ဘာတွေ လျှောက်ပြောနေတာလဲ”
သင်းသင်းသည် အော်ပြောရင်း ဆေးထည့်ရန် ကလေးကို အိမ်ထဲသို့ ခေါ်သွားသည်။
“ငါ့သားကို ငါဆေးထည့်မယ် မင်းမကိုင်နဲ့”
ဦးဖေတင်အောက်မှအော်၍ ပြေးလိုက်လာကာ ကလေးကို လုယူ၍ အိမ်ပေါ်ထပ် တက်သွားသည်။
သင်းသင်းက နောက်မှ ပြေးလိုက်သွားသည်။ဂွမ်းလိပ်နှင့်ဆေးထားရာ ဗီရိုဆီသို့ ပြေးသွားသည်။
“သွား ငါ့သားကို မထိနဲ့ ၊ ငါ့ဘာသာ လုပ်မယ် ၊ မငွေ့ လာခဲ့”
ဦးဖေတင်သည်ဒေါသတကြီးနှင့် သင်းသင်းကို တအားဆွဲတွန်းပစ်လိုက်သည်။အရှိန်နှင့် ပြေးတက်လာသော မငွေနှင့် တိုက်လဲကာ သင်းသင်းလဲကျသွားသည်။ဖိုးတုတ်က အော်ငိုနေဆဲ။
သင်းသင်းသည် မျက်ရည်တွေ တွေတွေကျနေသည်။ရုတ်တရက် ထမရ။ဖိုးတုတ်ဒဏ်ရာကို တင်ချာတွေ ဦးဖေတင်ထည့်လိုက်၍ အသံကုန်အော်သည်။
“မေမေ့ မေမေ”
သင်းသင်းက ထပြေးလာသည်။
“သွား မလာနဲ့ ခွေးမ ငါကန်လိုက်ရလား”
*********
“ ဘယ်လိုဖြစ်တာလဲ သင်းသင်း”
ဦးကျော်ဟန်က မေးလိုက်၏။
ကလေးသုံးယောက်က ကြမ်းပြင်ပေါ်တွင် ထိုင်နေကြ၏။ဒေါ်လေးရွှေနှင့် သင်းသင်း ကုလားထိုင်ပေါ်တွင် ထိုင်နေကြသည်။သင်းသင်းက ဘာမှမဖြေနိုင် တအိအိ ငိုနေသည်။
“ငါပြောမယ် မောင်ကျောင်ဟန် ၊ မင်းဖြစ်နိုင်ရင် မင်းမိန်းမကို ခွင့်တောင်းပြီး တို့ကို တစ်ခန်းကာပေး”
ဦးကျော်ဟန်သည် နှမနှင့်အဒေါ်အဖြစ်ကို ငေးကြည့်နေမိသည်။ဘာ အဓိပ္ပာယ်ကိုမှ နားမလည်။
“ ငါလည်း သစ်တုံးလို ငြိမ်ခံနေတာပဲ ၊ ခုတော့ သင်းသင်းဆုံးဖြတ်ချက် ငါ ထောက်ခံတယ် ။ငါတော့ ဆားနဲ့ပဲ စားရ စားရ မောင်ဖေတင်နဲ့တော့မနေချင်တော့ဘူး။တကယ်လို့ သင်းသင်းက မပြတ်လို့ သူ့လင်ဆီ ပြန်ရင်လည်းပြန်၊ ငါ မင်းနဲ့အတူနေမယ်။မင်းတို့က ခွင့်မပြုရင် သာသနာ့ရိပ်သာ သွားနေတော့မယ်”
မိဘများ ဆုံးပြီးကတည်းက ဒီ အဒေါ်ပဲ သူတို့ကို ထိန်းသိမ်း၍ ကြီးပြင်းလာသောကြောင့် ဒေါ်လေးရွှေသည် မိခင်လို ဖြစ်နေသည်။အင်မတန်အေး၍ နူတ်ဆိတ်သူက ဒါလောက် ဒေါသဖြစ်ကာ စကားထန်ထန်ပြောသည်ကို ဦးကျော်ဟန် မမြင်ဖူးပေ။
“ဘယ်လို ဖြစ်လာကြတာလဲ ဒေါ်လေးရယ် ၊ ဖြည်းဖြည်းဆေးဆေး ပြောပါဦး”
“မင်း မိန်းမ မသီကိုပါ ခေါ်လိုက် ၊ ငါ တစ်ခါတည်း ပြောပြမယ်၊မသင်းက စကားတစ်လုံးမှ ထွက်မှာမဟုတ်ဘူး”
ဒေါ်လေးရွှေသည် ဖြစ်ကြောင်းရဲ့ကုန်စင်ကို ဖိုးတုတ်နဖူးကွဲသည်အထိ နိဂုန်းသတ်ကာ ပြောပြလိုက်သည်။
“အစကတည်းက တစ်အိုးစီချက်စားကတည်းက မနေတက်မထိုင်တက်ရတဲ့အထဲ ကလေးချော်လဲပြီးကတည်းက ဒီသားလေးကို သင်းသင်းက လက်ဖျားနဲ့ မတို့ရတော့ဘူး၊ ဒီတော့လည်း သင်းသင်းက ဒီဆင်းလာဖို့ ငါ့တိုင်ပင်တော့ ငါလည်း သဘောတူ ဆင်းလာခဲ့တာ”
“ ဟုတ်တယ် ကိုကြီးဟန် သင်းသင်းအိမ်ကိုလည်း မမတ်တော့ပါဘူး၊ သင်းတို့မိသားစု ခဏဖြစ်ဖြစ် တစ်ထောက်နားဖို့ လက်ခံပါ၊မမသီကိုပါ သင်းတောင်းပန်ပါတယ်၊သင်းတို့ အလုပ်တစ်ခုခုလုပ်ပြီး အခြေကျရင် ပြောင်းပါ့မယ်”
“ သားလည်း အလုပ်လုပ်မှာပါ ဦးကြီးဟန် ၊ ဝပ်ရှော့မှာ ပြောပြီးသား ၊ ဦးထိန်ဝင်းဝပ်ရှော့က ညပါ အလုပ်ရှိတယ်တဲ့၊သား နေ့ဘက်ကျောင်းတက်မယ်”
ဒေါနှင့် မာန်နှင့်ပြောနေသော ကိုလတ်ကို ကိုထွေးနှင့် ဒုက္ခိတမဦးတို့က မျက်နှာငယ်လေးများနှင့် ငေးကြည့်နေကြသည်။
“ တို့များလည်း နှစ်ယောက်တည်းပါ တခြားတော့ မသွားပါနဲ့ဦး၊ အိမ်တစ်ခြမ်းကာပေးပါ့မယ် ၊ သင်းသင်းတို့ မိသားစုနေပေါ့။ ဟုတ်တယ် မဟုတ်လား ဒေါ်လေးရွှေ”
ဒေါ်သီကိုယ်တိုင် လိုလိုလားလား လက်ခံစကားပြော၏။
“အောင်မလေး ဖြစ်ပါ့တော် ဟိုမှာလင်မယားဆိုပြီး အပေါ်ထပ်အောက်ထပ် တခြားစီ အိုးခွဲစားပြီးတောင် နေလာရသေးတာ ၊ ဒီ ကလေးမွေးလာမှ မောင်ဖေတင် ဘယ်လိုဖြစ်လဲမသိ့ ”
“ အင့်း့ တွေးရခက်လိုက်တာ အကျင့်စာရိတ္တလည်းကောင်း၊သားငယ်မယားငယ်လည်းမယူ၊ ငွေကြေးလည်း ပြည့်စုံ ၊ ကိုဖေတင်ရယ် ဘယ်လိုများ ဖြစ်ပါလိမ့်။သင်းသင်းရယ် နင်ပြောလို့သာ ကြားရတာ၊ကိုကြီးဟန်ဖြင့် ယုံနိုင်စရာ မရှိဘူး”
“ဟုတ်တယ် အဲ့ဒီ အရည်အချင်းတွေကြောင့် သင်းသင်းအဆင်းရ ခက်နေတာပေါ့၊သူများပြောပြလည်း ယုံနိုင်စရာမရှိဘူး။ဒါကြောင့် စိတ်ဆင်းရဲပြီး ခံနေတာ၊ပြီးတော့လည်း သင်းမှာက ကလေးသုံးယောက်ပါလာတော့ သင်းအလျှော့ ပေးတာပဲ”
“အေးလေ ငယ်လင် ငယ်မယားမဟုတ်တော့လည်း တစ်မျိုးပဲပေါ့၊ခုတော့ ဒီမှာ အေးအေးဆေးဆေးနေကြပေါ့ ၊ တဖြည်းဖြည်းအလုပ်အတွက် ကြည့်းစီစဉ်တာပေါ့”
ဦးကျော်ဟန်သည် သူ့ညီမကို နှစ်သိမ့်စကားပြောလိုက်၏။သူတို့အိမ်တွင် သင်းသင်းတို့ မိသားစုလေး နားခိုရာ ရသွားသည်။ကိုလတ်က အာအိုင်တီ ဝင်ခွင့်ရသည်။ညဘက်မှာ ကားဝပ်ရှော့မှာ အလုပ်ဝင်သည်။သင်းသင်းကတော့ ရှောစောင်ထိုးရင်း ရပ်ကွက်ထဲမှ လေးတန်းကျောင်းသားလေးများကို ကျူရှင်ပေးသည်။
သူသည် ယခုတော့လည်း မောပေမယ့် စိတ်သက်သာသည်။ကိုမော်၏ ရေချမ်းစင်လေးကို တောင့်တမိသလို သားထွေးဖိုးတုတ်ကိုလည်း အစဉ်သတိရသည်။ညဥ့်တိုင်ရောက်လျင် ဖိုးတုတ်ကိုသတိရ၍ သူ့ခေါင်းအုံးတွင် မျက်ရည်တို့ စိုစွတ်ရသည်။
“သားလေး နေလို့မှ ကောင်းရဲ့လား”
*********
အပြင်တွင် မိုးတွေ သည်းထန်စွာရွာနေသည်။ကိုမော်နှင့်သူ လက်ထပ်စက စုံတွဲရိုက်ခဲ့သော ဓာတ်ပုံလေးကို ခုမှ သေတ္တာထဲမှ ထုတ်ယူသည်။အိမ်ရှေ့ခန်းခေါင်းရင်းဘက် နံရံတွင် ချိတ်လိုက်၏။ ဓာတ်ပုံချိတ်ရန် သံချောင်းကို ကိုလတ်က နံရံတွင် ရိုက်ပေးသည်။
ဓာတ်ပုံချိတ်နေသော အမေကိ ဘေးမှကြည့်ရင်း ကိုလတ်သည် ဓာတ်ပုံထဲမှ အဖေ့မျက်နှာကို စေ့စေ့ကြည့်မိ၏။
“မေမေရေ ၊ ဖေဖေက ချစ်စရာ ပြုံးပြုံးကြီးနော် ၊ သိပ်မချောပေမယ့် သဘောကောင်းတယ် ၊ နောက်တစ်ခါ အိမ်မှာမိုးယိုရင် သားကိုယ်တိုင် တက်ဖာမယ်နော်”
သင်းးသင်းသည် သားဘာဆိုလိုသည်ကို နားလည်ပါ၏။ဦဖေတင်အပေါ် တိမ်းညွတ်သည့် ချစ်ခြင်းဆိုသော စိတ်ကလေးကိ တဒင်္ဂမထိန်းလိုက်နိုင်သည့်အတွက် အိမ်မိုးယိုတာတွေ ရေစင်ပြင်ဖို့တွေနှင့် မလုံလောက်သော လစာကို တရားခံရှာလိုက်မိသည့်အတွက် ကိုမော်သူ့ကို ခွင့်လွှတ်နိုင်ကောင်းပါရဲ့။
အမှန်တော့ ရသောလစာနှင့် နေလို့ရပြီပဲ။ပြည့်စုံသည်တော့ မဆိုသာ ။ချို့ငဲ့သည့် အတွက်တော့ အားတင်းရမည်ပေါ့။သူ၏ ပျော့ညံ့သော သတ္တိအတွက် ကိုမော့်ဓာတ်ပုံကို ကြည့်ရင်းသူရှက်လာမိသည်။
“တစ်ပင်လဲလို့ တစ်ပင်ထူတာ ဓမ္မတာမို့ အပြစ်မရှိပါဘူး၊ဒါပေမယ့် ကလေးတွေကြောင့် ၊ မိုးယိုတာကြောင့် တရားခံရှာတာတော့ သတ္တိနည်းရာကျတာပေါ့။ယူပြီးတော့လည်း ကိုယ့်မှာ ကလေးသုံးယောက်ပါတဲ့ မုဆိုးမဆိုတော့ အပျိုမိန်းခလေး လက်ထပ်ပြီးတာထက် အလျှော့ပေးရမယ်။အလျှော့ပေးတဲ့ကြားထဲက ပြဿနာဖြစ်လာတော့ သတ္တိမွေးရတော့မှပေါ့။ ကဲ အခု ထွက်လာခဲ့ပြီ။ရှေ့လည်း ဖြစ်လာသမျှ သတ္တိရှိရှိ ရင်ဆိုင်ရတော့မှာပေါ့”
သူသည် မျက်လုံးကို ဓာတ်ပုံထဲမှ လွှဲဖယ်လိုက်၏။သူ့ကိုယ်သူ စီစစ်ဝေဖန်ရင်း အားပေးမိ၏။ဦးကျော်ဟန်တို့ ရပ်ကွက်က စမ်းချောင်းဘက်ရှိ မြန်မာရပ်ကွက်ဖြစ်သည်။လမ်းပေါ် မိုးရေထဲမှာ ကလေးများ ဘောလုံးကန်နေကြသည်မှာ ရွှဲရွှဲစိုလို့ မိုးကလည်းသည်းလိုက်သည့်ဖြစ်ခြင်း။
ကိုထွေးသည် ရေတံလျှောက်မှ စီးဆင်းကျလာသော ရေတန်းအောက်တွင် အားရပါးရချိုးနေသည်။ကလေးများနှင့်အတူ မကစားနိုင်သူကတော့ သမီးကြီးမဦး ။သူ့အတွက်လက်တွန်းကုလားထိုင် လှည်းဘီးဝယ်ရန် စုငွေလေးကို ယခုအိမ်သစ်ပြောင်းချန် လိုအပ်သည့်ပစ္စည်း ဝယ်ရဦးမည်။
သမီးလေးကို ချော့မော့ပြောရဦးမည်ပေါ့။သမီးလေးက လိမ္မာပါသည်။အို့ အားလုံးလိုပဲ သားတို့ရော သမီးလေးရော လိမ္မာကြသည်။သူ ဦးဖေတင်နှင့် လက်ထပ်တုန်းကတောင် တစ်စုံတစ်ရာ မကျေနပ်သော သူတို့ရင်တွင်း ဆန္ဒလေးများတောင် ထုတ်ဖော်မပြောကြဘဲ ခေါင်းငုံ့နေကြသည်။အရွယ်နှင့် မလိုက် သိတက်နိုင်ကြသည်။
မိုးရေထဲမှာ ကလေးများဆော့ကစားသံ ကြားရလေလေ ကျန်ရစ်သူ ဖိုးတုတ်ကို သတိရလေ ဖြစ်လာရပြန်သည်။မျက်ရည်က မိုးစက်များနှင့်အတူ မှုန်ရီလာ၍ ကလေးများကို သဲကွဲစွာ မမြင်ရ။
“ မမသင့်း့ မမသင်း”
ဖိနပ်ချွတ် ပြေးတက်လာသော လှကြည်၏ အော်သံကြောင့် သင်းသင်းက လန့်သွားသည်။
“ ဘာဖြစ်တာလဲ လှကြည် ၊ ထိုင်စမ်း”
လှကြည်သည် ရှေ့ခန်းဖျာပေါ်တွင် ထိုင်ယင်းပြောပြန်၏။
“ မမဆေးရုံ လိုက်ခဲ့ပါ ၊ ဖိုးတုတ်နဖူးက ဒဏ်ရာကျက်သွားပေမယ့် မမသွားကတည်းက မေမေနဲ့ ငိုနေခဲ့တာ ၊ ခုလည်း ဖျားလို့ ဆေးရုံတင်ရတယ်။ကလေးဆေးရုံမှာ အဖျုားကတော့ ကျသွားပါပြီ။ဆရာဝန်ကြီးကရော ပြုစုတဲ့ ဆရာမကရော ပြောတယ်။သူ့ အမေကို ခေါ်ပေးပါတဲ့”
“ ကိုကြီးက အခေါ်လွှတ်လိုက်တာလား”
သင်းက မျှော်လင့်ချက်နှင့် မေးလိုက်၏။
“ ဆရာမသိဘူး၊ ဆရာ့ကို ဆရာဝန်ကြီးက ပြောတော့ မေမေလုပ်တဲ့သူကို သူ မခေါ်ဘူးတဲ့၊ ကျွန်တော် ဆရာမသိအောင် လာခေါ်တာ ၊ လိုက်ခဲ့ပါ မမရယ် ၊ ဖိုးတုတ် သိပ်သနားစရာ ကောင်းတယ်”
သင်းသင်းသည် သက်ပြင်းချမိ၏။
“ သူ မခေါ်လည်း ငါ့သား ငါခေါ်မယ် ၊ သားကြီးလိုက်ခဲ့”
ကိုလတ်နှင့် သင်းသင်းသည် လှကြည်နှင့်အတူ ဆေးရုံထွက်လာသည်။အလှည့်ကျ ဆရာဝန်နှင့် တွေ့ဆုံပြီး သားကို သွားတွေ့သည်။ဖိုးတုတ်ကို ရင်ခွင်ထဲမှာ တင်းကျပ်စွာ ပွေ့ထားမိ၏။ဖိုးတုတ်က ငိုသည်။
“ မေမေ့  မေမေ့  ဘယ်သွားနေတာလဲ”
“ ခု မေမေ သားကို လာခေါ်တာ ၊ သား မေမေနဲ့ အတူနေရမယ်နော်”
“ ဟေ့ ဘာ လုပ်လာတာလဲ”
ဦးဖေတင်၏အသံ အုံ့မှိုင်းနေသော မိုးတိမ်ထဲမှ မိုးကြိုးသံလို ဟိန်း၍ ထွက်လာသည်။ကိုလတ်သည် ကုတင် တစ်ဖက်တစ်ချက်မှာ ရပ်ကြည့်နေကြသော အမေနှင့်ပထွေးကို ငေး၍ကြည့်နေမိသည်။လှကြည်ရင်ထဲမှာလည်း တထိတ်ထိတ်။
“ သားကျန်းမာရေးအတွက် မိခင်ရဲ့ ပြုစုယုယမှုလိုတယ်။ဆေးရုံကလည်း ဆင်းနိုင်ပြီဆိုတဲ့ ဆရာဝန်ကြီး အကြံပေးချက်အတိုင်း သင်းသင်းသားကို သင်းသင်းလာခေါ်တယ်။မကျေနပ်ရင် သက်ဆိုင်ရာ ရုံးတော်မှာ ရင်ဆိုင်။ဆေးပညာရှု့ထောင့်ကနေ ကိုယ့်သား ကျန်းမာရေးကို ဆုံးဖြတ်မလား၊ တရားဥပဒေနဲ့ ဆုံးဖြတ်မလား၊ ကိုကြီးဘာသာ စဉ်းစား ဒါပဲ”
သင်းသင်းသည် ချာခနဲ လှည့်ထွက်ကာ ကလေးကို ပွေ့၍ ပြင်ပမိုးရေထဲသို့ ပြေးထွက်သွားသည်။ကိုလတ်နောက်မှ လိုက်သည်။အငှားကားတစ်စီးခေါ်ကာ သူတို့အိမ်ပြန်လာကြသည်။
ရုတ်တရက် ဘာလုပ်ရမည် မသိသော ဦးဖေတင်အပါးတွင် လှကြည်တစ်ယောက်တည်းကျန်ရစ်သည်။
မိုးက မစဲသေး။အိမ်ရောက်တော့ သင်းသင်း မောနေသည်။ဒါပေမယ့် မိုးရေစက်တို့ စိုနေသော သားလေးပါးကို ညင်သာစွာ နမ်းရှုပ်လိုက်တော့ ရင်ထဲမှာအေးမြသွားသည်။
နောင်လည်း မောပါစေ။ရေအိုးစင် မရှိတဲ့ လမ်းထက်တော့ နောင် လျှောက်ရမည့် လမ်းခရီးကို သူမကြောက်ပါပြီ.။သူနွမ်းပျော့ အားလျော့လာတိုင်း ဖန်ပြာခွက်နှင့် ကျောက်စက်ရေလို အေးမြမည့် သားတို့ ရှိလာပြီ မဟုတ်ပါလား။
ရွာလိုက်စမ်းပါ့ မိုး။
တိုက်လိုက်စမ်းပါ့ လေ။
ဒီလမ်းကို ဖြတ်ခဲ့ဖူးပါသည်။ ။
-----------------
ခင်နှင်းယု
#Typing_credit_သာထက်ဇော်
( ၂၀.၄.၂၀၁၉)
No comments:
Post a Comment