Sunday, 21 April 2019
မစိမ်းသောလမ်း #ခင်နှင်းယု
#မစိမ်းသောလမ်း
 #ခင်နှင်းယု
 မီးအိမ်ကို သူ့နားသို့ တိုးရွှေ့လိုက်သည်။စားပွဲပေါ်မှ စာအုပ်များကို သိမ်းဆည်းပြီးပြီ။ကလေးများလည်း စာကြည့်ပြီး၍ အိမ်ယာပင် ဝင်သွားကြသည်။သူသည် စားပွဲဘေးတွင်ထိုင်ကာ လက်ထဲမှသိုးမွေးထိုးအပ်နှင့် ထိုးလက်စဆွယ်တာကို ဆက်၍ထိုးနေသည်။
 “ဆွယ်တာက ဘယ်သူ့ဖို့လဲ”
 မနေ့က ဒေါ်လေးရွှေမေးသည်။သားကလည်း ညဥ့်မအိပ်ခင် သူထိုးနေသော ဆွယ်တာကို ကြည့်၍ ဘယ်သူ့ဖို့လဲဟု မေးခဲ့သည်။ခုထိ ဘယ်သူ့မေးခွန်းကိုမှ မဖြေခဲ့။မနှစ်ဆောင်းတွင်းက သမီးကြီးမနှင်းဦးနှင့် သားကိုလတ်အတွက် ဆွယ်တာထိုးပေးခဲ့ပြီးပြီ။အငယ်ဆုံး ကိုထွေးအတွက်က ထိုးပေးစရာမလို။သားငယ်လေးမွေးနေ့တုန်းက သူ့ဦးကြီးဦးကျော်ဟန်က ဆွယ်တာတစ်ထည် လက်ဆောင်ပေးသည်။
 ညဥ့်သည် တိတ်ဆိတ်နေသည်။လျှပ်ပန်းနွယ်များ ပြိုးပြတ်၍ အပြင်တွင် မိုးစိပ်စိပ်ရွာနေသည်။နိုးနေသူဟူ၍ တစ်အိမ်လုံးတွင် သူတစ်ယောက်တည်း။နံနက်ကျ ရုံးမတက်ခင် မဦးကိစ္စလုပ်ရ၍ သူစောစောထရသည်။ဒေါ်လေးရွှေကို အားနာသည်။ဒေါ်လေးသည် ဈေးသွား၍ သားတို့ကျောင်းအမီ သူ့ရုံးအမီ ထမင်းချက်ရသေးသည်။ဒီတော့ သူသည် မဦးဝေယျာဝစ္စ လုပ်ပေးဖို့ စောစောထ တာဝန်ယူရသည်။သမီးဦးလေးသည် အရိုးပျော့ရောဂါ စွဲကပ်နေသူဖြစ်၍ မထနိုင်။ဒီတော့ သမီးကို ပြုစုရန် သူသည် ညဘက်စောစောအိပ်၍ မနက်စောစော ထလေ့ရှိသည်။ဒီဆွယ်တာ စတင်ထိုးသည်မှာ ငါးရက်ရှိပြီ။စသည့်နေ့ကစ၍ သူ စောစောမအိပ်။ခါတိုင်းလည်း မိတ်ဆွေများအပ်သော ရှောစောင်များကို ထိုးပေးနေကျ။ယခုထိုးသည်မှာ ယောက်ျားဝတ်ဆွယ်တာဖြစ်၍ သူ့ကို ဒေါ်လေးက မေးခြင်းဖြစ်သည်။
 ဒေါ်လေးရွှေ တစ်ရေးမနိုးခင် လက်စသတ်မည်ဟု စိတ်ကူးလိုက်၏။ဆွယ်တာမှာ မီးခိုးဖျော့ ၊ အရင်ကလည်းသူသည် အိမ်သားများအတွက် ဆွယ်တာအလှည့်ကျ ထိုးပေးခဲ့သည်။အပြင်မှာ မိုးနည်းနည်းသည်းလာပုံရ၏။ဧည့်ခန်းခေါင်းရင်းဘက်ရှိ ဘုရားခန်းရှေ့မှ တစ်စက်စက် မိုးယိုနေသည်။
 မိုးဦးမကျခင် ပြင်လိုက်ရကောင်းသား။ငွေကို ပြန်တွက်ရသေးသည်။အပေါ်တက်ကြည့်မှ အများကြီးပျက်စီးနေလျင် ငွေမလိုက်နိုင်က အခက်။ဒါကြောင့် မိုးယိုတာကို ဇလုံနှင့် ခံထားလိုက်သည်။
 ဆွယ်တာသည် တစ်ရစ်ပြီးတစ်ရစ် တက်လာခဲ့၏။မိုးယိုသံကလည်း တစ်ပေါက်ပေါက်။မနက်ဖြန်ကျလျှင်တော့ စနေနေ့ ရုံးအားရက် ဒေါ်လေးရွှေများမေးလျှင် ဒီဆွယ်တာ ဘယ်သူ့ဖို့ဟု ပြောလိုက်တော့မည်။
 ဒေါ်လေးရွှေကို ပြောဖို့လွယ်သည်ထား။သားကိုလတ်ကို ဘယ်လိုပြောရပါ့။သားက ခုနှစ်တန်းပဲ ရှိသေးသည်။သားငယ်ကိုထွေးကတောာ့ လောကနှင့် ဘဝကို နားလည်သေးပုံမပေါ်။တစ်ပတ်အတွင်း ဆွယ်တာကို ပြီးအောင်ထိုးရမည်။
************
 “ဒါဟာ လမ်းသစ်မှ မဟုတ်ဘဲ၊ကိုယ်ဖြတ်ခဲ့ဖူးတဲ့လမ်း ၊ မသွားဖူးတဲ့သူသာ လမ်းမှားတက်တယ်။ခလုတတ်တိုက် လဲတက်တယ်။ဒီတော့ ဒေါ်လေးရွှေက ဘာမှ မကန့်ကွက်လိုပါဘူး။ဖြတ်ဖူးခဲ့တဲ့ လမ်းပေါ်မှာသာ သင်းသင်းချော်လဲမှာ ဒေါ်လေးစိုးရိမ်တယ်”
 နောက်နေ့နေ့လည် ဆွယ်တာထိုးနေချိန် ဒီဆွယ်တာ ဘယ်သူ့ဖို့ဟု ဒေါ်လေးကို ပြောပြတော့ သူ့ကို ဒေါ်လေးက ဒါပဲပြောသည်။သားတို့က ကျူရှင်သွားနေကြသည်။
 အိမ်လေးမှာ တိတ်ဆိတ်နေသည်။ဒေါ်လေးကလည်း ဆက်မပြော သူကလည်း ငြိမ်နေမိသည်။မိုးက အပြင်တွင် အုံ့မှိုင်းနေသည်။သူ့ရင်ထဲမှာလည်း လေးတွဲ့မှုန်ရီနေသည်။
 ဖြတ်ခဲ့ဖူးသောလမ်း မှန်ပါသည်။သည်လမ်းကိုလျှောက်၍ သားသမီးသုံးယောက်ပင် ရခဲ့သည်။သားငယ်ကိုထွေး သူ့ဗိုက်ထဲမှာ ခုနှစ်လကတည်းက ကိုမော်သည် လက်တွဲဖြုတ်၍ သွားခဲ့သည်။ဒီလမ်းမှာ ဒီလိုပဲပေါ့။စကားပန်းရနံ့တွေ သင်းတုန်းကတော့ အသက်ရှုကောင်းသည်။
တောင်ကုန်းတက်တော့လည်း လက်တွဲရမည့် ကိုမော်ပါတော့ မောရမှန်းမသိ။ချုံပေါသည့် တောလမ်းပေမယ့် စိန်ပန်းပွင့်ကြွေတို့ ခင်းသောလမ်းလေးကို လျှောက်ခဲ့ရသည်ကိုလည်း ပျော်ပါသည်။ဆူးခြစ်မိ၍ ခြေသလုံးမှာ သွေးစစီးဆင်းလာတော့ ကိုမော်က ဂွမ်းလေးနဲ့ တို့ပေးခဲ့သည်။တောဆိုတော့ စေးပျစ် ၊ ဆူးချုံ ၊ ပန်းရုံနွယ်ပင် အစုံပဲပေါ့။သူဖြတ်ခဲ့သော လမ်းက ကတ္တရာလမ်းပေါ်တွင် မာစီးဒီးနှင့် ဖြတ်ခဲ့ရသည်တော့ မဟုတ်။ဒါပေမယ့် ပျော်သည်။
 စံပယ်ရိုင်းတို့ ပေါသော တောင်ကုန်းလေးအနားတွင်မှ ချစ်လင်မောင်ကြီး သူ့ကိုထားရစ်ခဲ့သည်။ထားရက်လေခြင်းလို့ ဘယ်လို ဆိုရက်ပ။အနိစ္စနွယ်ရှင်က ကိုမော်ကို ဆွဲငင်ရစ်ပတ် ခေါ်ယူသွားပြီ။တောကြီးမှောင်မှောင်တော့ မဟုတ်။နေရောင်ပြပြမှာ မရှင်းလင်း။ဒီတော့ လမ်းကို ရင်သွေးသုံးယောက် လက်ဆွဲ၍ သူဆက်လျှောက်ခဲ့ရသည်။
 သူနားခိုစရာ သုံးပင်နှစ်ခန်းပျဉ်ထောင်အိမ်လေးကို သုံးထပ်သားအမိုးနှင့် ကိုမော်ဆောက်ပေးခဲ့သည်။အိမ်ထောင်သက် ခုနှစ်နှစ်မှာ သူက ကျောင်းဆရာ ၊ ကိုယ်ကစာရေးမအဖြစ်နှင့် ရန်ကုန်ကျောက်မြောင်းဘက်တွင် ဒါလောက် အဖတ်တင်သည်ကိုပဲ ကျေးဇူးတင်ရဦးမည်။ခုတော့ သုံးထပ်သားအမိုးကို ပြင်ရဦးမည် ။ နောက်ဘက်ရေစင်ကလည်း ဆွေးစပြုပြီ။
 ဒေါ်လေးရွှေပြောသည့်အတိုင်း ဖြတ်ခဲ့ဖူးတာတော့ မှန်ပါ၏။ဒါပေမယ့် ဒီလမ်းကို မျက်စိမှိတ်၍ ဇွတ်အတင်း လျှောက်ရမည်လား။မျက်စိမှိတ်မှ မမှိတ်လျင် ကိုမော့်မျက်နှာသည် သူ့မျက်လုံးတွင် ဆီးကာနေ၍ ဒီလမ်းကို လျှောက်ဖြစ်မည်မဟုတ်။
************ 
 “သင်းသင်း ဘာထိုးနေလဲ”
 ဘုရား   ဘုရား ကြားရသော အသံကြောင့် သင်းသင်းတုန်လှုပ်သွားသည်။ရုံးသားများ လက်ဖက်ရည်သောက် ဆင်းသွားကြပြီ။သူသည် အိမ်ကယူလာသော ကော်ဖီဗူးထဲမှ ကော်ဖီသောက်ပြီး နေ့လည်နားချိန်တွင် သိုးမွေးရှောစောင် အပ်ထည်ထိုးသည်။
 ညနေဖယ်ရီကား စောင့်ရင်းလည်း သူ့လက်က စောင်ထိုးမပြတ်။သူရုံးချိန် သိုးမွေးထိုးမိ၍များ မေးလေသလား။
 “ဟုတ်ကဲ့” တုန်ရီစွာ ဖြေမိ၏။မေးသူမှာ  သူ့ရုံးအုပ် ဦးဖေတင်။ဦးဖေတင်သည် စည်းကမ်းကြီးသူ ရုံးသူရုံးသား စာရေးများနှင့် မှန်မှန်နေသည်။ဒါပေမယ့် သဘောကောင်း၍ အေးသည်။ဆက်ဆံရေးကောင်းသည်။
 “ကျွန်မလက်ဖက်ရည်သောက်ပြီးရင် မထိုးတော့ပါဘူး”
 သူက ကြောက်ကြောက်လန့်လန့်ဖြေ၏။
 “အားလပ်ချိန် ထိုးတာပဲဟာ အပြစ်တင်မလို့ မဟုတ်ပါဘူး။ကိုကြီး သတိပြုမိလို့ပါ။ဖယ်ရီစောင့်ချိန် ရုံးအားချိန်တိုင်း သင်းသင်းလက်ကမပြတ် သိုးမွေးထိုးနေတာပဲ”
 သင်းသင်းရင်ထဲတွင် အံ့သြသွားပါသည်။သည်လိုဆိုတော့ ဦးဖေတင်သည် သူ့ကိုမပြတ် ဂရုစိုက်နေပါတကား။
 “ဒီရှောစောင်တွေ အပ်ထည်တွေလား”
 ဦးဖေတင်က သူ့စားပွဲရှေ့တွင် ထိုင်၍မေးသည်။
 “ဟုတ်ပါတယ် ဆွယ်တာက  ကြာတယ် ၊ ရှောစောင်က မြန်တယ် ၊ အပ်တဲ့လူတွေကလည်း ရုံးထဲကပါ မကပါဘူး ၊ အရပ်ထဲကလည်း အအပ်များလို့ သင်းသင်း အားချိန်ထိုးတာပါ”
 “လက်ဖက်ရည်သောက် မဆင်းဘူးလား ၊ ကိုကြီးမှာလည်း ပါလာတယ် သောက်မလား”
 “သင်းသင်းအိမ်က ယူလာပါတယ် ၊ သောက်ပြီးပါပြီ”
 “ဒီရှောစောင်ထိုးတာ ဝင်ငွေတော်တော်ကောင်းလား”
 သင်းသင်းသည် ငုံ့၍ထိုးနေရာမှ ရိုင်းရာကျမည်စိုး၍ ခေါင်းမော်ကာ ဦးဖေတင်ကို ကြည့်မိ၏။ပြီးမှ သက်ပြင်းညင်သာစွာ ချလိုက်မိသည်။
 “ငွေပိုရတော့ သမီးဆေးဖိုးကာမိအောင်လို့ပါ ၊ သင်းသင်းရဲ့ သမီးဦးလေးက အရိုးပျော့ရောဂါနဲ့ မထနိုင်ဘူး ချူချာတယ်”
 “ဆောင်းနီးမှ ကိုကြီးလည်း သင်းသင်းကို ဆွယ်တာအပ်ရဦးမယ်”
 သင်းသင်းက ဘာမှပြန်မဖြေမီ လက်ဖက်ရည်ချိန်ပြီး၍ ရုံးသားများ အခန်းထဲသို့ ပြန်ဝင်လာကြသည်။ဦးဖေတင်ကလည်း သူ့ရှေ့မှထကာ ရုံးခန်းထဲသို့ ပြန်ဝင်သွားသည်။
 သင်းသင်းစိတ်ထဲမှာမလုံ။ဘေးမှ ရုံးမိတ်ဆွေတွေကများ သူ့ကို မသင်္ကာမျက်စိနှင့်များ ကြည့်နေကြလေသလား။အဘယ့်ကြောင့်ဆိုသော် ဦးဖေတင်သည် စကားပြောစရာရှိလျင် ရုံးသားများကို သူ့ရုံးခန်းထဲသို့ ခေါ်၍ ပြောလေ့ရှိသည်။မည်သည့် ရုံးသား၏ စားပွဲမှာမှ သူမထိုင်တက်သောကြောင့် ဖြစ်၏။
 လက်ထဲမှ ထိုးလက်စ ရှောစောင်ကို သိမ်း၍ ရုံးအလုပ်များ ဆက်လုပ်လိုက်သည်။
 နောက်နေ့ လက်ဖက်ရည်သောက်ချိန်တွင် ဦးဖေတင် မင်းစေသည် သူ့စားပွဲပေါ် လက်ဖက်ရည်ခြင်း ချထားခဲ့၍ အပြင်ထွက်သွားသည်။သူ အံ့အားသင့်နေစဉ်  ဦးဖေတင်ရောက်လာသည်။
 “ကဲ သင်းသင်း အကိုကြီးကို လက်ဖက်ရည် ထည့်ပေး၊ သင်းသင်းလည်းသောက်  စမူစာလည်းပါလာတယ်”
 သင်းသင်းသည် ရင်ထဲမှာ တုန်လှ၏။အဖြစ်အပျက်က ထူးခြားပေသကိုး။
 “သိပါတယ်လေ ၊ အတူသောက်ချင်လို့ ၊ အားလပ်ချိန် စကားလည်းပြောချင်လို့ပဲ၊ ထည့်”
 အထက်အရာရှိ၏ အမိန့်ပေပဲ၊သင်းသင်းသည် ဦးဖေတင်ခြင်းထဲမှ ဓာတ်ဗူးကို ထုတ်ကာ စားပွဲပေါ်တွင် လက်ဖက်ရည်ပွဲ ခင်းလိုက်သည်။သူတို့နှစ်ယောက်သည် တိတ်ဆိတ်စွာ လက်ဖက်ရည် သောက်နေမိ၏။
 “ရော့  စမှုဆာလည်း စားလိုက်ပါဦး၊ဒါ ပုဇွန်တောင်က ကိုအေး စမှုဆာ”
 ဦးဖေတင် လှမ်းပေးသည်ကို သင်းသင်းက စားနေမိသည်။သူ့စိတ်ထဲမှာ ကျဉ်းကျပ်လှ၏။
 “အိမ်မှာလည်း လှကြည်တစ်ကောင်နဲ့ ကိုကြီးနဲ့ နှစ်ယောက်ပဲ ရှိတယ်”
 လှကြည်မှာ ဦးဖေတင် မင်းစေဖြစ်သည်။
 “သူကလည်း အိမ်ထောင်မရှိတော့ အိမ်ပဲ ခေါ်ထားလိုက်တယ်၊ကိုကြီးနဲ့ လှကြည် ဘယ်သူအိမ်ထောင် အရင်ကျမလဲ မသိဘူး၊ကိုကြီးဇနီးးဆုံးတာ ဆယ်နှစ်ရှိပြီ ၊ တကယ်လို့ လှကြည်မိန်းမယူလည်း ကိုကြီးအိမ်မှာ နေခိုင်းမယ် စိတ်ကူးတယ် ၊ အိမ်သားလည်းများလာမယ် ၊ မိန်းမဆိုတော့ ဖွယ်ဖွယ်ရာရာ လုပ်တက်တာပေါ့လေ ၊ အခု လှကြည်နဲ့ နေရတော့ ဆရာတပည့် နှစ်ယောက် ဖြစ်သလို စားတာပဲ”
 “ဟုတ်ကဲ့”
 သင်းသင်းက ဟုတ်ကဲ့ တစ်လုံးပဲ ဆိုသည်။ဘာဆိုရမှန်းမသိ။ဆယ်ကျော်သက် ရည်းစားစာ ပေးခံရစက ရင်ခုန်နည်းမျိုးမဟုတ် ။ ယခု သူခေါင်းဖော်၍ မရ။
 “သင်းသင်းကလည်းကွယ် ခေါင်းကြီးငုံ့လို့ ကိုကြီးအကြောင်းပြောတာပဲ နားထောင်နေတာ၊သင်းသင်း အကြောင်းလေးဘာလေး ပြောပါဦး”
 မပြောချင် ၊ ဒီလမ်းတွင် ဒီပန်းခူး၍ ပေးကတည်းက ဘာအပွင့် ပွင့်တော့မည်ဆိုသည်ကို သူသိပါသည်။သင်းသင်းသည်လမ်းကို စိမ်းသည်မှ မဟုတ်။ဒါပေမယ့်လည်း သူသည် ဝတ္တရားအတိုင်းလို ပြောပြလိုက်၏။
 “သင်းသင်းယောက်ျား ကိုမော်ဆုံးတာ ရှစ်နှစ်ရှိပါပြီ၊သားသယ်လေး ဗိုက်ထဲမှာ ခုနှစ်လရှိကတည်းက ဆုံးတယ်။သမီးနှစ်ယောက် သားနှစ်ယောက်နဲ့ ကျန်ရစ်ပါတယ်။သင်းသင်းအဒေါ် ဒေါ်လေးရွှေနဲ့ နေတယ်”
 “သားကြီးက ဘယ်အတန်းရောက်ပြီလဲ”
 “ခုနှစ်တန်းမှာ သားငယ်က သုံးတန်း”
 “သမီးလေးက ရောဂါသည်ပေမယ့် သားတွေရှိတော့ သင်းသင်း အားရှိစရာပါပဲ၊ကိုကြီးမှာသာ ဘယ်သူမှမရှိ တစ်ယောက်တည်းကျန်ရစ်တာ၊ဒါပေမယ့် သင်းသင်းသား ယောက်ျားလေးတွေ အရွယ်ရောက်စဆို မိခင်ရော ဖခင်ရော ဘက်စုံး အုပ်ထိန်းဖို့လိုတယ်”
 အံမာလေးလေး ဦးဖေတင်ကြီးရယ် ၊ သင်းသင်း နားလည်ပါတယ်။ရေတွေလည်း မလာလိုက်ပါနဲ့။ မြောင်းတွေလည်း မပေးလိုက်ပါနဲ့၊သူဘာမှ ပြန်မပြောခင် လှကြည်က လက်ဖက်ရည်ပွဲ လာသိမ်းသည်။
 ဦးဖေတင်ထသွားပြီး ရုံးသားများဝင်လာတော့ သူ့စားပွဲအနားမှာ ခင်ခင်ဝင်းက သူ့အနားကပ်လိုက်၏။
 “ထူးထူးဆန်းဆန်း ဦးဖေတင်ကြီးက သင်းသင်းနဲ့ လက်ဖက်ရည်အတူလာသောက်တယ်ဆို”
 ဘုရာ့း့ဘုရား  ၊ ခေါင်းထဲတွင် မိုးကြိုးပစ်လိုက်သလို မိုက်ခနဲ ဖြစ်သွားပါသည်။ခင်ခင်ဝင်း ဒီမေးခွန်းကို မေးသင့်ပါသည်။အဖြစ်ကလည်း မေးချင်စရာ။
 “ဆင်တော်ရန် ကေသာဖီးရင်လည်း လင်မျှော်ပြန်ပြီတော်လို့ အများပြည်ရွာက ညည်းရှာကြ ၊ အထီးကိုယ်ပင်စရော့သလား ၊ သမီးကိုယ်ညီမကဲ့သို့ အများက မညာတာပါသတော်၊ ကြားရပါတဲ့ စကားလာ”
 ဒီတေးဟောင်းလေးကို အထီးကို သူက စသည်ဟု အပြောမခံရသည်ပဲ တော်သေး။ဒါပေမယ့် ခင်ခင်ဝင်းက မရပ်သေး။
 “တကယ်လို့များ ဦးဖေတင်ကြီးက သင်းသင်းကို စိတ်ဝင်စားတယ်ဆို လက်ခံသင့်တယ်၊ဒီလူကြီးက လူတော်”
 “တော်ပါတော့ အဝင်းရယ် ၊ဘာမဆို ဘာမှမဖြစ်သေးပါဘူး”
 သူသည် မျက်စိပျက် မျက်နှာပျက်နှင့် အော်မိ၏။
************ 
 “မောင်ထွန်းဘော်နဲ့ သင်းသင်း ဒီနေ့ အချိန်ပို ဆင်းရမယ် ဟုတ်လား ၊ အပြန်ကို မပူနဲ့ ကိုကြီးလိုက်ပို့မယ်”
 သူတို့ အချိန်ပိုဆင်း  အလှည့်တွင် ဦးဖေတင်က ဒီလိုပဲ ပြောသည်။ကိစ္စိမရှိ။သူတစ်ယောက်တည်းမှ မဟုတ်။ကိုထွန်းဘော်လည်း အတူပါသည်။ညဥ့်သိပ်မနက်လှပါ။ ၈နာရီလောက် အိမ်ပြန်ရောက်သည်။ကိုထွန်းဘော်ကို အရင်ပို့ပြီးမှ သင်းသင်းကို ပို့သည်။
 အိမ်ကိုချောချောမောမော ပြန်ရောက်တော့ သင်းသင်းသက်ပြင်းချမိသည်။အိမ်ပြန်မပို့ဘဲ တစ်နေရာများ ခေါ်သွားမှဖြင့် သင်းသင်းသည် ဆက်မတွေးရဲဘဲ ကားပေါ်မှ ဆင်းလိုက်၏။
 “ကိုကြီး အိမ်ပေါ်တက်ဦးလေ”
 “တက်မယ် ကိုကြီးကိုယ်တိုင် သင်းသင်းတို့ အိမ်အခြေအနေ လေ့လာချင်လို့ တမင်လိုက်ပို့တာ”
 “ကျေးဇူးတင်ပါတယ် ကိုကြီးရယ်”
 သင်းသင်းက ရှေ့ဆောင်ခေါ်သွားပြီး ဒေါ်လေးရွှေနှင့် မိတ်ဆက်ပေးကာ စကားပြောပြီးမှ ဦးဖေတင် ပြန်သွားသည်။
 သူ့အပြုအမူက လူကြီးလူကောင်း ပီသပေသား ၊ ထိုဆီက သူ့စိတ်ထဲတွင် ဒီလိုပဲ မှတ်ချက်ချမိသည်။
 နောက်နေ့တွင် ရုံးတွင် ဦးဖေတင်သည် သူ့စားပွဲမှာပဲ လက်ဖက်ရည်ပွဲ ကျင်းပပြန်သည်။
 “ဒီနေ့ ခေါက်ဆွဲကြော်ပါတယ် သင်းသင်း ၊ ခက်ရင်းနဲ့ ဇွန်းလည်း လှကြည်ထည့်ပေးထားတယ်”
 လက်ဖက်ရည်ခြင်းကို သင်းသင်းဘက် ထိုးပေးရင်း ပြောလိုက်၏။သူ့ဟန်က ရဲတင်း၍ စိုးပိုင်သည်။သင်းသင်းသည် ခေါက်ဆွဲကြော်နှင့် လက်ဖက်ရည်ပန်းကန်ပြင်ပြီး ဦးဖေတင်ရှေ့ ချလိုက်သည်။သူသည် ရင်ထဲမှ အားယူနေသည်။ပြီးတော့ ရဲဆေးတင်ကာ ပြောလိုက်သည်။
 “ဆိုပါဦး  ၊ ဒါပေမယ့်ကြီးက ထိတ်စရာ”
 ခေါက်ဆွဲကြော်စားရင်း ဦးဖေတင်ကြီးက ပြော၏။
 “ရုံးသူ ရုံးသားတွေက အထင်လွဲစရာ ၊ သင်းသင်းအနေနဲ့လည်း မသင့်တော်ဘူး ထင်တယ်”
 သူသည် လက်ဖက်ရည်ကျိုက်ရင်း ပွင့်ပွင့်လင်းလင်း ပြောလိုက်၏။ရင်ထဲမှာ လှုပ်ရှားရလွန်း၍ ခေါက်ဆွဲကို မတို့နိုင်။
 “သင်းသင်းပြောတာ ဟုတ်တယ်။အရာရှိတစ်ယောက်က စာရေးမတစ်ယောက်အပေါ် မြူဆွယ်ပုံမျိုးနဲ့ ချဉ်းကပ်ရင်တောာ့ မတော်ဘူးပေါ့ ။ကိုကြီးဟာ ဘယ်လိုအရာရှိဆိုတာ ကိုကြီးရာဇဝင်ကို စုံစမ်းနိုင်ပါတယ်။တကယ်လို့သာ  မိန်းခလေးတစ်ယောက်ကို ပျော်ရရုံသာ ကြံတယ်ဆိုရင်တော့ ဒါဟာ မလုပ်သင့် မလုပ်ထိုက်ဘူး။ရှေးဗျူရိုကရက်ခေတ်က အရာရှိဆိုးတချို့ရဲ့ အလုပ်ပါ။ခု  ကိုကြီးက သင်းသင်းအခြေအနေကို လေ့လာပြီးပြိီ။စိတ်ဓာတ်ကိုလည်း အမြဲလေ့လာနေတာပါ။တစ်ခုရှိတယ်လေ။သင်းသင်းနဲ့ ကိုကြီးနဲ့ ဆယ်ကျော်သက်တွေမှ မဟုတ်တော့ ရင်ခုန်သံ ၊ ရင်လှိုင်းသံတွေနဲ့ အတွေးယဉ်နေဖို့ မလိုပါဘူး။ဒါကြောင့် ကိုကြီးက ပြောင်ပြောင်ရှင်းရှင်း သင်းသင်းကို လက်ထပ်ချင်လို့ သင်းသင်းကို ဆက်ဆံနေတာပါ”
 သင်းသင်းသည် မျက်ရည်တွေဝဲ၍ ခေါင်းငုံ့နေသည်။ဤလမ်းကို ဖြတ်ဖူးပါသည် ဆိုပေမယ့် ဒုတိယအကြိမ် ပြန်လျှောက်ရမည်ကို ဒူးတုန်နေသည်။မျက်နှာကို မထားတက် ရဲရဲနီ၍ နေသည်။
 “တစ်နေ့က အိမ်လိုက်ကြည့်ပြီးပြီ။အိမ်ကို အပေါ်ထပ်တစ်ထပ် ထပ်တင်ရင် ကိုကြီး ကောင်းကောင်းနေလောက်ပါတယ်။လှကြည်ကိုလည်း တစ်ပါတည်း ခေါ်ခဲ့မယ်။သင်းသင်းဘက်ကပဲ စဉ်းစားစေချင်တယ်။လူလွတ်မုဆိုးဖို တစ်ယောက်က ပိုင်ရှင်မရှိတဲ့ မုဆိုးမတစ်ယောက်ကို လက်ထပ်ဖို့ ခွင့်ပန်တာ ရိုင်းစိုင်းတဲ့ အပြုအမူမဟုတ်ပါဘူး။လူယဉ်ကျေးဘောင်ကလည်း မလွတ်ပါဘူး”
 သင်းသင်းသည် မျက်ရည်တွေသာ တွင်တွင်ကျနေသည်။
 “မငိုနဲ့လေ ရုံးသားတွေ တစ်ယောက်ယောက်မြင်ရင် အထင်လွဲစရာ ၊ စဉ်းစားဖို့ အချိန်တွေ အများကြီးရပါတယ်”
 “သင်းမှာ ကလေးသုံးယောက်ရှိတာဆိုတာကော ကိုကြီးထည့်စဉ်းစားရဲ့လား”
 “သင်းကို စိတ်ဝင်စားကတည်းက ထည့်စဉ်းစားပြီးပြီ ၊ ဒီအတွက် မပူပါနဲ့ ၊ သားတို့ဘက်ကသာ ပထွေးတစ်ယောက်အနေနဲ့ မမြင်စေချင်ဘူး”
 “သူတို့ကိုတော့ သင်းတာဝန်ယူ အာမမခံနိုင်သေးလို့ သင်း စဉ်းစားပါရစေဦး”
 ထိုနေ့ကတည်းက သူသည် ကိုမော့်ဓာတ်ပုံကို မကြည့်ရဲ၊ ဘာကြောင့် မကြည့်ရဲသည်ကိုလည်း သူ့ကိုယ်သူ ပြန်မမေးရဲ ၊ ဒါပေမယ့် ဦးဖေတင်အတွက် ဆွယ်တာကိုတော့ ထိုနေ့ကတည်းက သူ စတင်ထိုးနေပါသည်။
********* 
 “သားကိုလတ်ကို အပြောရခက်နေတယ် ကိုကြီဟန်”
 သူ့မှာ ပြေးကြည့်၍ တိုင်ပင်စရာဆို သူ့အစ်ကို ဦးကျော်ဟန်သာ ရှိသည်။သူသည် ဦးဖေတင် ပြောသမျှ အားလုံးပြောဆိုပြီးပြီ။ဦးကျော်ဟန်ကလည်း ငေးငေးလေး စဉ်းစားနေသည်။
 “လူတော်တော့ လူတော်တစ်ယောက်ပါပဲ၊ အေးလည်းအေးပါတယ် ၊ သင်းသင်းနှစ်သက်ရင် လက်ခံပေါ့ ၊ ညီမမှာက ကလေးသုံးယောက်နဲ့ စာရေးလစာပဲရှိတာ ။ဒီအချိန် လက်ထပ်ရေးကတော့ စီးပွားရေးလည်း ထည့်တွက်ရတယ်။ဦးဖေတင်က ငွေကြေးလည်း ပြည့်စုံပါတယ်၊ ကိုလတ်ကို ကိုကြီးခေါ်ပြောပါ့မယ်”
 “သူ ရှေ့အပတ်ထဲ သွတ်မိုးနှစ်ထပ် ပြင်ဆောက်ပြီးမှ လက်ထပ်မယ်တဲ့”
 “အေးပေါ့လေ ၊ ဖြစ်လာတဲ့ ကံကြမ္မာကိုတော့ ဘယ်သူကြိုတင်မြင်နိုင်မလဲ၊ အကောင်းဘက်ကပဲ ကြည့်ရမှာပေါ့”
 ကိုကြီးစကားကြောင့် ရင်ထဲတွင် ထင့်တင့်တင့် ဖြစ်သွားသည်။
 ဦးကျော်ဟန်သည် ကိုလတ်ကို ဖွင့်ပြောလိုက်ပါသည်။
 “သားဆယ်တန်းအောင်တော့ ကျောင်းဆက်တက်ဖို့ ပညာရေးအတွက်လည်း လိုသေးတယ်။သားတို့အိမ်ကလည်း  ဗုနုးဗုန်းကျနေတော့ ပြင်ဖို့လည်း လိုတယ်။မေမေက ငယ်သေးတယ် မဟုတ်လား ၊ ခုမှ ၃၅ နှစ်လား ရှိသေးတယ်။တစ်ခြားတစ်ယောက်ယောက်နဲ့ လက်ထပ်တာထက် ဦးဖေတင်လို လူလွတ်တစ်ယောက်တည်းသမားကို ယူတာကောင်းတာပေါ့”
 ဦးကျော်ဟန်ကို ကိုလတ်က ဘာမျှမဖြေ။သူ့ရင်ထဲမှာတော့ ခေါင်မိုးမှ မိုးယိုလို့ အမေလင်ယူသည် ဆိုသည်ကိုတော့ မကျေနပ်။သက်သက်ခေါင်မိုးကြီးကို တရားခံရှာလေသလား။သူကိုယ်တိုင်ပဲ တက်၍ ဓနိနှင့် ဖာထေးလိုက်ချင်သည်။နောက်ဖေးရေစင်ကိုလည်း ဘာဖြစ်သေးလဲ လက်သမားကြီး ဦးဆင်ခေါ် သူနှင့်အတူ ပြင်လိုက်လျှင် ဘယ်လောက်ကျမှာလိုက်လို့ ၊ ဖေဖေနေရာ လူစားလာသည်ကို မကြိုက်။ဒါပေမယ့် သူ မေ့မေ့ကို ဘာမျှမပြောရဲ။
 သူဘာမျှမတတ်နိုင်ပါ။ဦးဖေတင်ကိုပဲ သင့်တင့်အောင် ပေါင်းရမည်ပေါ့။
********* 
 သင်းသင်းဆွယ်တာ ထိုးပြီး၍ ဦးဖေတင်ကို ပေးပြီးပြီ။
 အိမ်လေးကလည်း သပ်ရပ်တောင့်တင်းသွားပါပြီ။သူတို့ပတ်ဝန်းကျင်တွင် သင်းသင်းသည် လင်နှင့်သားနှင့် တင့်တောင့်တင့်တယ်ပေါ့။ဖြတ်ခဲ့ဖူးသောလမ်း မစိမ်းသောလမ်း ၊ ကိုမော်နှင့် လျှောက်ဖူးပြီမို့ တွေ့သင့်တွေ့ထိုက်တာလေးတွေ တွေ့ရဖို့ သူ တွေး၍ မကြောက်ပါ။ရဲရဲပင် လျှောက်မိသည်။ဒါပေမယ့် ငယ်ပေါင်း ကိုမော်နှင့်တုန်းကလို လှိုက်လှိုက်လှဲလှဲ မရှိတာကိုတော့ သတိပြုမိသည်။
 သူတို့နှစ်ယောက်နှင့် သားကိုလတ်က အပေါ်ထပ်မှာ တစ်ခန်းစီအိပ်သည်။သားငယ်ကိုထွေးနှင့် မဦး၊ ဒေါ်လေးရွှေတို့က အောက်မှာအိပ်သည်။ညဦးတိုင်းလိုလို သားကိုလတ်ကို ဦးဖေတင်က အင်္ဂလိပ်စာ ပြပေးသည်။
 အိမ်တော်ပါ ကိုလှကြည်ကလည်း မငွေနှင့် လက်ထပ်ပြီး နောက်ဖေးခန်းတွင် အိပ်သည်။
 သင်းသင်းမှာ ကလေးကိုယ်ဝန်ရှိတော့ ဦးဖေတင်က သူ့ကိုအလုပ်ထွက်ခိုင်းသည်။ဦးဖေတင်လစာ တစ်ခုတည်းနှင့်  လုံလောက်သည်ဟု ဆိုသည်။ဒါပေမယ့် သင်းသင်းသည် ရှောစောင်များ အိမ်မှာလက်ခံထိုးသည်။သမီးမဦးအတွက် ဆေးဖိုးငွေကို ဦးဖေတင်ထံတွင် လက်ဖြန့်မတောင်းချင်။
 “သင်းရေ ဒါ ကလေးအနှီးအတွက် ပိတ်ဖြူစ ၊ နက်ဖြန် ကလေးအတွက်လည်း ပုခက်ရောက်တော့မယ်”
 ကလေးမှ မမွေးသေး ၊ ဦးဖေတင်သည် အားလုံးကြိုတင် စီမံထားသည်။ဦးဖေတင်နှင့် ရသောကလေးကို သူ ဗဟို အမျိုးသမီးဆေးရုံကြီးတွင် မွေးလိုက်ပါသည်။ကလေးက  သားလေး။
 ဆေးရုံမှဆင်းကာ အိမ်ပြန်ရောက်တော့ အိမ်အပေါ်ထပ်တွင် ကိုလတ်မရှိတော့။
 “ကိုလတ်ကို အောက်ချလိုက်ပြီ ၊ ဒီ အပေါ်ထပ်မှာ တို့များနဲ့ တို့သားလေး သီးသန့်နေရတာပေါ့”
 ဘာကြောင့် သီးသန့်ဆိုသော စကားလုံးကို သုံးရပါလိမ့်။ကိုလတ်ကတော့ အောက်ထပ်ဆင်းအိပ်ရ၍ မကျေနပ်သော အမှုအရာကိုမပြ။အောက်ထပ်တွင် ကိုထွေးနှင့် ညီအစ်ကိုနှစ်ယောက် အတူအိပ်သည်။
 “မမဦး ကျွန်တော်တို့ ညီလေး အသစ်တစ်ယောက် ရလာပြီဗျ”
 ကိုလတ်က အားရဝမ်းသာ မဦးကို ပြောပြသည်။မဦးက ကလေးကို မမြင်ရသေးပါ။
 ဦးဖေတင် အစီအစဉ်ကတော့ 
 “ဟိုဘက်ကုတင်မှာ ကိုကြီးအိပ်မယ် ၊ သင်းတို့ သားအမိနှစ်ယောက် အတူအိပ် ၊ ကလေးနည်းနည်းကြီးတော့ ကိုလတ်အခန်းမှာ ပုခက်ဆင်ထားမယ်။ အဲ့ဒီမှာ သိပ်နော်” ဟု ပြောသည်။ သင်းသင်းက ဘာမျှမပြောပါ။
********** 
( ဒုတိယပိုင်းဆက်ရန် ) 👇👇👇
#Typing_credit_သာထက်ဇော်
No comments:
Post a Comment